← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

သရဲနှင်ရဲတပ်ဖွဲ့သည် တစ်ပတ်တိတိ နေ့ရောညပါ အင် အားသုံး၍ ရှာဖွေရေးကိရိယာမျိုးစုံတပ်ဆင်ကာ စောင့်ကြည့်ခဲ့ကြသည်။ သို့သော် ရဲအရာရှိများမှာ ဘာမှမဖြစ်ခဲ့သလို ကိရိယာများမှာလည်း မည်သည့်တုံ့ပြန်မှုမျှ မပြသခဲ့ပေ။

နောက်ဆုံးတွင်မူ ထိုသေဆုံးမှုများကို မတော်တဆမှုအဖြစ်သာ သတ်မှတ်ခဲ့ရတော့သည်။

ဝူပေါ်ထုံမှာမူ သူ့ရင်းနှီးမြှုပ်နှံမှုများ အလဟဿဖြစ်သွားမည်ကို မကြည့်ရက်နိုင်သဖြင့် အလုပ်သမားများကို လုပ်ခလစာ တိုးပေးခဲ့၏။ ငွေမက်သဖြင့် အလုပ်သမားများမှာ တစ်နေ့လျှင် ခြောက်နာရီသာ အလုပ်လုပ်ရန် သဘောတူခဲ့ကြသည်။

ဤနည်းလမ်းမှာ ခဏတာ အဆင်ပြေခဲ့သော်လည်း နှစ်လခန့်အကြာ တစ်နေ့မွန်းလွဲပိုင်းတွင် အလုပ်ဆင်းသွားပြီဖြစ်သော အလုပ်သမားတစ်ဦးသည် ဆောက်လုပ်ရေးခွင်သို့ ပြန်လာပြီး နှလုံးရပ်ကာ အဆောက်အအုံအတွင်း၌ပင် သေဆုံးသွားခဲ့ပြန်သည်။

အလုပ်သမားလေးဦးမှာ မတူညီသော မတော်တဆမှုများဖြင့် သေဆုံးခဲ့ကြရာ ဝူပေါ်ထုံမှာ မည်မျှပင် သတ္တိရှိပါစေ ဆောက်လုပ်ရေးကို ဆက်မလုပ်ရဲတော့ပေ။

သူသည် နည်းလမ်းမျိုးစုံဖြင့် အကူအညီတောင်းခဲ့ပြီး ဆရာကြီးပေါင်းများစွာကို ငှားရမ်းကာ ဖုန်းရွှေကြည့်ခြင်း၊ သရဲနှင်ခြင်း၊ နတ်မေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆရာကြီးများမှာ ငွေအမြောက်အမြား တောင်းယူသွားသည်မှလွဲ၍ ဘာမှမထူးခြားခဲ့ပေ။ သူတို့၏မက်မွန်သားဓားများနှင့် လက်ဖွဲ့များမှာ လုံးဝအသုံးမဝင်ခဲ့ပေ။

ဤကိစ္စကြောင့် သူသည် အလွန်စိတ်သောကရောက်နေခဲ့ရသည်။ ထိုအချိန်မှာပင် သူ့အငယ်ဆုံးသမီးလေးမှာလည်း အငြိုးကြီးတစ္ဆေ၏ဖျားယောင်းမှုကြောင့် လောင်းကစားဝိုင်းသို့ရောက်ရှိကာ ဒုက္ခနှင့် တိုးခဲ့ရပြန်သည်။ ဖြစ်ပျက်သမျှကို အားလုံးသိကြသည့်အတိုင်းပင်၊ သမီးဖြစ်သူကို သူပြန်တွေ့ချိန်တွင်မူ ထိုတစ္ဆေမှာ သေဆုံးနေပြီဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ချန်ကျိုးသည် သူ့သမီးငယ် ဝူရွှမ်ချီကို ကယ်တင်ပေးခဲ့ပြီး ကျိုးအိုက်ကော်၏ထောက်ခံမှုနှင့် ရေပုလင်းကို အစွမ်းထက်ဆေးအဖြစ် ပြောင်းလဲပေးနိုင်သည်ကို မြင်တွေ့ခဲ့ရသဖြင့် ချန်ကျိုးသည်သာ သူ့ကယ်တင်ရှင်ဖြစ်ကြောင်း ဝူပေါ်ထုံ လုံးဝယုံကြည်သွားခဲ့တော့သည်။

ချန်ကျိုးသာ ယခုပြဿနာကို ဖြေရှင်းပေးနိုင်မည်ဆိုလျှင် ကားတစ်စီးမက သူတောင်းသမျှကိုပေးရန် ဝူပေါ်ထုံ ဆုံး ဖြတ်ထားပြီးသားဖြစ်သည်။

နောက်ခန်းတွင် ထိုင်နေသော ဝူရွှမ်ချီသည် နောက်သို့တစ်ချက်ကြည့်ကာ ရှေ့မှသွားနေသော ကားလေးကိုလှမ်းကြည့်လိုက်သည်။

"အဖေ... ဆရာကြီးချန်က သမီးတို့ထက် ပိုမြန်နေသလားလို့"

"မဖြစ်နိုင်တာ၊ သူ့ကားလေးနဲ့ ဒီလောက်အရှိန်တင်တာ..."

ကျိုးအိုက်ကော်သည် နောက်ကြည့်မှန်ကို ကြည့်လိုက်ရင်း စကားစပင် ပြတ်သွားခဲ့သည်။

"ချန်ကျိုး ဘယ်ရောက်သွားတာလဲ"

ဝူရွှမ်ချီသည် ရှေ့ခန်းကြားမှ သူမ၏လက်ချောင်းလေးဖြင့် ရှေ့သို့ ညွှန်ပြလိုက်ကာ

"သူ ရှေ့မှာ အဝေးကြီးရောက်နေပြီ"

ကျိုးအိုက်ကော်သည် ဝူရွှမ်ချီ ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ ချန်ကျိုးကားနောက်ပိုင်းမှာ တဖြည်းဖြည်း ဝေးကွာသွားသည်ကို တွေ့လိုက်ရ၏။ သူသည် ဖုန်းကိုထုတ်ကာ ကျန်းယိုယိုထံသို့ ဆက်လိုက်တော့သည်။

"မင်း ဘာလုပ်နေတာလဲ၊ ဒုံးပျံမောင်းနေတာလား၊ ကောင်းကင်ပေါ် ပျံတက်မလို့လား"

ကျန်းယိုယို အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည်။

"ကျွန်မလည်း ဘာဖြစ်နေမှန်းမသိဘူး၊ ဒီကားက ပုံမှန်ထက် အများကြီး ပိုမြန်နေသလိုပဲ"

ချန်ကျိုး ဖုန်းထဲမှနေ၍ အော်ဟစ်လိုက်သည်။

"လာလေ... ငါ့ကို လိုက်ဖမ်းကြည့်လေ! မင်းတို့ ငါ့ကို မမီပါဘူး၊ ဝါးဟားဟား!"

ကျိုးအိုက်ကော်မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရ၏။

"ကျင်းကျန်းဟိုတယ်ကို သွားကြမယ်၊ ဥက္ကဋ္ဌဝူက အဲဒီမှာ ထမင်းဝိုင်း ပြင်ထားတယ်"

"ဟုတ်ကဲ့"

ကျန်းယိုယိုက တစ်ခွန်းတည်း ဖြေကာ ဖုန်းချလိုက်သည်။

ချန်ကျိုးနှင့် ကျန်းယိုယိုတို့မှာ ဟိုတယ်သို့ အရင်ရောက်သွားကြသည်။ ဝူပေါ်ထုံ၏အမည်ကို ပြောလိုက်သည်နှင့် စားပွဲထိုးက သူတို့ကို သီးသန့်ခန်းသို့ ခေါ်ဆောင်သွားတော့၏။

ခဏအကြာတွင် ဝူပေါ်ထုံတို့ရောက်လာကြသည်။ အားလုံးနေရာယူပြီးသောအခါ ဝူရွှမ်ချီနှင့် ကျန်းယိုယိုတို့က ချန်ကျိုးကို အထူးဂရုစိုက်ကာ ပုစွန်နှင့် ဂဏန်းများကိုအခွံနွှာပေးနေကြပေသည်။

ဝူပေါ်ထုံနှင့် ကျိုးအိုက်ကော်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

ဤမိုက်မဲသော လူသားတို့၏စိတ်ကူးလေးများကို ချန်ကျိုး၏ စူးရှသောမျက်လုံးများက လွတ်အောင်မရှောင်နိုင်ပေ။

"မင်းတို့ ငါ့ဆီက တစ်ခုခုလိုချင်နေတာလား"

ချန်ကျိုး ဂဏန်းလက်မကို ဝါးနေရင်း မေးလိုက်သည်။

ကျိုးအိုက်ကော်က ရယ်မောရင်း "ဥက္ကဋ္ဌဝူရဲ့ အိမ်ရာစီမံ ကိန်းမှာ ဆောက်လုပ်ရေးစကတည်းက အလုပ်သမားတွေ မတော်တဆမှုတွေနဲ့ ခဏခဏ သေနေကြလို့ပါ၊ ကျွန်တော်တို့ သရဲနှင်ရဲတပ်ဖွဲ့က သွားစစ်တာတောင် ယင်စွမ်းအင် ဘာမှမတွေ့ရဘူး၊ ဒါကြောင့် မင်းကို လာကြည့်ပေးဖို့ အကူအညီတောင်းချင်တာ"

"ဟုတ်ပါတယ် ဆရာကြီးချန်၊ တစ်ချက်လောက် ကြည့်ပေးပါဦး၊ ကိစ္စပြီးရင် ကျွန်တော် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါ့မယ်"

ကျိုးအိုက်ကော်က ချန်ကျိုးနားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

"မမေ့နဲ့ဦးလေ၊ မင်းရဲ့ အမည်းရောင်သေတ္တာက သူ့ဆီက လက်ဆောင်ရထားတာနော်"

သူသည် 'သူတစ်ပါးဆီက စားထားရင် ကိုယ့်ဘက်က ပြန်ကူရမယ်' ဆိုသည့် သဘောတရားကို အသုံးချလိုက်ခြင်းဖြစ်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် ဆရာကြီးကိုယ်တိုင် လိုက်ကြည့်ပေးတာပေါ့"

ချန်ကျိုး လွယ်လွယ်ကူကူပင် သဘောတူလိုက်၏။

ဝူပေါ်ထုံ ဝမ်းသာအားရဖြင့် ဝိုင်ခွက်ကို မြှောက်ကာ

"ဆရာကြီးချန်... ဒီခွက်က ဆရာကြီးအတွက်ပါ၊ ကျေးဇူး တင်ပါတယ်!"

ညစာစားပြီးနောက် ကားအကြီးတစ်စီးနှင့် အငယ်တစ်စီးတို့သည် ဝူပေါ်ထုံဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီသို့ ဦးတည်မောင်းနှင်သွားကြပါတော့သည်။

ကျိုးအိုက်ကော် ကြိုတင်အကြောင်းကြားထားသည့် သရဲနှင်ရဲတပ်ဖွဲ့ဝင်များမှာ ရောက်နှင့်နေကြပြီဖြစ်သည်။ ညဉ့် နက်လာသည်နှင့်အမျှ ဝူပေါ်ထုံမှာ ပိုကြောက်လန့်လာကာ အန္တရာယ်တစ်ခုခုရှိမလားဟု ပတ်ဝန်းကျင်ကို မျက်လုံးကစား၍ကြည့်နေရှာ၏။

ဆောက်လုပ်ရေးကွင်း၏ သံတံခါးကြီးရှေ့တွင် ဝူပေါ်ထုံမှာ တည်ငြိမ်ဟန်ဆောင်ရင်း သော့ခလောက်ကို ကြာရှည်စွာ ထိုးဖွင့်နေသော်လည်း ပွင့်မလာခဲ့ပေ။ လူတိုင်း သူတံခါးဖွင့်ပေးမည့်အချိန်ကို စောင့်နေကြပြီး ဝူပေါ်ထုံ၏ အဆင့် အတန်းကြောင့် မည်သူမျှ ဘာမှမပြောဝံ့ကြချေ။

ချန်ကျိုးမှာမူ ဇဝေဇဝါဖြစ်နေ၏။

သော့တစ်လုံးဖွင့်တာ ဒီလောက်တောင်ကြာနေရတာလား။

သူသည် နှာခေါင်းနှိုက်ရင်း ခေါင်းငုံ့ကာ ရှေ့သို့ တိုးသွားလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဝူပေါ်ထုံကိုင်ထားသော သော့မှာ ဤသော့ခလောက်အတွက် မဟုတ်ကြောင်း သူသိလိုက်၏။ ဝူပေါ်ထုံကမူ သော့ပေါက်ထဲသို့ အတင်းထိုးထည့်ရန် ကြိုးစားနေဆဲပင်။

"တော်တော့! မင်း မိုးလင်းတဲ့အထိ ကြိုးစားလည်း ဝင်မှာမဟုတ်ဘူး၊ မင်းကိုင်ထားတဲ့ သော့ကို ကြည့်ဦး၊ ဒါက ဒီသော့ခလောက်အတွက် ဟုတ်လို့လား၊ ဖယ်စမ်း"

ချန်ကျိုးသည် ဝူပေါ်ထုံကို ရက်ရက်စက်စက်ပင် ဘေးသို့ တွန်းထုတ်လိုက်ပြီး လူတိုင်းရှေ့တွင် သော့ခလောက်ကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။

[စနစ်က သော့ဖွင့်ပေးနေပါသည်]

ဂျောက်

ချန်ကျိုးသည် သော့ခလောက်ကိုဆွဲဖြုတ်ကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။ သော့ဖွင့်ရသည်မှာ ဤမျှလွယ်ကူပါပေသည်။

ဝူပေါ်ထုံ သူ့နဖူးမှ ချွေးအေးများကို သုတ်လိုက်ရ၏။ ယခုခေတ်တွင် မည်သူက ညဘက်အပြင်ထွက်ရဲပါသနည်း။ တခြားသူများသာ မလာလျှင် သူလည်း ဤကဲ့သို့ ကျက်သ ရေမရှိသောနေရာသို့ လာမည်မဟုတ်ပေ။

ချန်ကျိုးသည် သံတံခါးကြီးကို လက်နှစ်ဖက်ဖြင့် တွန်းဖွင့်လိုက်သည်။ အမှောင်ထုဖုံးလွှမ်းနေသော ဆောက်လုပ်ရေးကွင်းနှင့် မပြီးသေးသောအဆောက်အအုံများမှာဟင်းလင်း ပွင့်နေသည့် ပါးစပ်ကြီးများကဲ့သို့ပင်။ သားကောင်ကို စောင့်ကြိုနေသည့် ဗိုက်ဆာနေသော သားရဲကြီးများနှင့် တူလှပေသည်။ အပြင်ပန်းကြည့်လျှင် အရာအားလုံးမှာ ပုံမှန်ပင်။

ချန်ကျိုးသည် လုပ်ငန်းခွင်ထဲသို့ လျှောက်လှမ်းဝင်သွားကာ မျက်လုံးကို မှေးကာစူးစမ်းလိုက်သည်။

[စနစ်က Host ၏ နတ်မျက်စိကို ဖွင့်ပေးလိုက်ပါပြီ]

ချန်ကျိုးခြေထောက်အောက်တွင် အနက်ရောင်လိုင်းတစ်ခု ပေါ်လာပြီး အပြင်ဘက်သို့ စက်ဝိုင်းပုံစံ ပြန့်ကားသွားကာ ၎င်းအတွင်း၌ နားမလည်နိုင်သော အနက်ရောင်စာလုံးများ ပျံဝဲနေတော့၏။

သာမန်မျက်စိဖြင့် မြင်ရသည်မှာ အပေါ်ယံမျှသာ ရှိသေးသည်။ ပိုမိုရှင်းလင်းစွာ မြင်လိုသဖြင့် ချန်ကျိုးသည် အမြင့်ဆုံးနေရာကိုရှာကာ မော့ကြည့်လိုက်သည်။

"ကြောင်ကြီး!" ချန်ကျိုး အော်ခေါ်လိုက်၏။

နှစ်တစ်ထောင်ကျားဝိညာဉ်မှာ ချန်ကျိုးရှေ့တွင် ပေါ်လာကာ ပျင်းရိစွာ သမ်းဝေနေသည်။ ကျိုးအိုက်ကော်သည် ရဲအရာရှိ၏လက်ထဲရှိ ယင်စွမ်းအင်တိုင်းကိရိယာကို လှမ်းကြည့်ရာ ကိရိယာမှာ ကျားဝိညာဉ်ထံမှ မည်သည့်ယင်စွမ်းအင်ကိုမျှ ဖော်ပြခြင်း မရှိပေ။ ဤနေရာမှာ တကယ့်ကို ထူးဆန်းနေပြီဖြစ်သည်။

ချန်ကျိုးသည် ဆောက်လုပ်ရေးကွင်းအတွင်းရှိ အမြင့်ဆုံး အဆောက်အအုံကို ညွှန်ပြလိုက်ကာ "ဟိုကိုသွားမယ်" ဟု ဆိုလိုက်၏။

သူသည် လွှားခနဲ ခုန်တက်ကာ ကျားဝိညာဉ်ကျောပေါ်သို့ တက်လိုက်သည်။

"ဝုန်း!"

ကျားကြီးက ဟိန်းဟောက်လိုက်၏။ ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို အရှိန်ယူ နင်းကန်လျက် ကျားဝိညာဉ်သည် ခြေလှမ်းအနည်းငယ်အတွင်းမှာပင် အမြင့်ဆုံးနေရာသို့ ခုန်တက်သွားတော့ရာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သော လူအုပ်ကြီးကို ထားခဲ့တော့သည်။

သူတို့မှာ ကျားဝိညာဉ်ရှိသော်လည်း ကျန်ရှိသောလူများမှာမူ ခြေထောက်ကိုသာ အားကိုးရတော့မည်။

"ကိုယ့်ဘေးကလူကို သတိထားကြ၊ နီးနီးကပ်ကပ်နေ"

ကျိုးအိုက်ကော်က ဦးဆောင်ကာ ကျန်းယိုယိုနှင့်အတူ ချန်ကျိုးရှိရာသို့ လိုက်သွားကြသည်။

ချန်ကျိုးသည် အမိုးပေါ်သို့ ရောက်သောအခါ အောက်သို့ ငုံ့ကြည့်လိုက်၏။ ကြီးမားသော စက်ဝိုင်းပုံစံ အစီအရင်တစ်ခုမှာ ဆောက်လုပ်ရေးကွင်းတစ်ခုလုံးကို ဝန်းရံထားသည်ကို မြင်လိုက်ရသည်။

ထိုစက်ဝိုင်းကြီး၏ အလယ်ဗဟိုမှာပင် သေးငယ်သော စက်ဝိုင်းသုံးခု ထပ်ပါနေသဖြင့် စုစုပေါင်း စက်ဝိုင်းလေးခု ဖြစ်နေသည်။ စာသားများစွာမှာ မျက်နှာပြင်ပေါ်တွင် ပျံဝဲနေကာ မတူညီသော လားရာများသို့ လည်ပတ်နေကြ၏။

[ပူဇော်သက္ကာယမျက်လုံး : မိစ္ဆာဝိညာဉ်များကို နတ်ဘုရားများကဲ့သို့ ကိုးကွယ်ကာ အစီအရင်၏မျက်စိအောက်တွင် ဖိနှိပ်ထားခြင်းဖြစ်သည်၊ ၎င်းတို့၏ကျင့်စဉ်အဆင့်တိုး တက်စေရန် သက်ရှိလူသားတို့၏ အသားနှင့်သွေးတို့ဖြင့် ကျွေးမွေးရသည်၊ အစီအရင်မျက်စိ နိုးထလာသည်နှင့် ပူဇော်မှု စတင်လိမ့်မည်]

ချန်ကျိုးသည် ထိုရှုပ်ထွေးနေသော သင်္ကေတများကို စိုက်ကြည့်နေမိ၏။

ပူဇော်သက္ကာယမျက်လုံး ? အဲဒါက ဘာကြီးလဲဟ။

'ဂြိုဟ်ပေါ်က အစွမ်းအထက်ဆုံး စစ်သည်တော် သုန်းသုန်းယောင် ဖုန်းလာနေပါပြီ! ဂြိုဟ်ပေါ်က အစွမ်းအထက်ဆုံး စစ်သည်တော် သုန်းသုန်းယောင် ဖုန်းလာနေပါပြီ!'

ချန်ကျိုး ဖုန်းမှာ မြည်လာတော့သည်။ သူ ထုတ်ကြည့်လိုက်သောအခါ ကျိုးအိုက်ကော်ဆက်နေခြင်း ဖြစ်၏။

"သုန်းသုန်းယောင်... မင်း ဘယ်မှာလဲ၊ သုန်းသုန်းချီက စစ်ကူတောင်းနေတယ်"

"သုန်းသုန်းယောင် တောင်းဆိုချက်ကို လက်ခံရရှိတယ်၊ အခု စစ်ကူပေးဖို့ လာနေပြီဟေ့! ဝါး ဟား ဟား!"

All Chapters