နဂါးညှိုးရော်မြက်ကို သန့်စင်ခြင်း
Vol. 46 Ch. 630
ဤနေရာတွင် ကျွန်းစုသုံးစုရှိပြီး သူတို့ထဲမှ နှစ်ခုက ပိုကြီးကာ တစ်ခုကမူ သေးငယ်၏။ ကျွန်းသုံးကျွန်းသည် တစ်ကျွန်းနှင့်တစ်ကျွန်း မိုင်တစ်ရာဝန်းကျင်သာကွာပြီး နှစ်ဖက်ညှပ် တိုက်ခိုက်မှု အစီအရင်တစ်ခု ဖွဲ့တည်ထားသည်။ ကျန်းရီနှင့် ဖုန်းလန်က ကျွန်းသုံးကျွန်းနား လှည့်ပတ်သွားပြီးနောက် အသေးဆုံးကျွန်း၌ နေထိုင်ရန် ဆုံးဖြတ်ချက် ချလိုက်၏။
ကျွန်းသုံးကျွန်း၌ အုန်းတောအုပ်များနှင့် တောင်ထွတ်များစွာ ပြည့်နေလေသည်။ သဘာဝဂူများစွာလည်း ရှိပြီး နေထိုင်ရန်အတွက် အလွန်သင့်တော်၏။ ကျွန်း၌ တောရိုင်းတိရိစ္ဆာန် အတော်များသည်။ ထို့ကြောင့် စားနပ်ရိက္ခာ သို့မဟုတ် စွမ်းအင်အတွက် ပူပန်နေစရာ မလိုပေ။
ထို့ကြောင့် စားနပ်ရိက္ခာ သိပ်မလိုအပ်ဘဲ စွမ်းအင်ဆေးလုံးများ နေ့တိုင်းသောက်ရန် မလိုပေ။
စွမ်းအင်ဆေးလုံးသည် အလွန်တန်ဖိုးကြီးပြီး သန့်စင်ရန်အတွက် အတော်ပြဿနာများသည်။ ဖုန်းလန် ကျန်းရီနှင့် အဖွဲ့ ပေါင်းလိုက်လျှင် ဆေးလုံးတစ်ရာ ရှိနိုင်သော်ငြား သူတို့က ဖီးနစ်အော်သံ နယ်မြေတွင် မရှိတော့ပေ။ ဆေးလုံးတစ်လုံး သုံးလိုက်ချိန်၌ သူတို့ပိုင်ဆိုင်မှုထဲမှ တစ်လုံးလျော့သွားပေမည်။ ထို့ကြောင့် သူတို့က ထပ်မစားရဲတော့ချေ။ ထို့အပြင် သူတို့က မသေမျိုးများ မဟုတ်ပေ။ သူတို့လူသား အစားအစာများ မစားလျှင် သူတို့က စိတ်ဆန္ဒ ပြင်းပြနေမှာပဲဖြစ်သည်။
နှစ်ယောက်သားသည် ပိုသေးသည့် ကျွန်းလေးကို ရွေးချယ်လိုက်ရသည်။ အကြောင်းအရင်းမှာ ဤနေရာ၌ ဂူများပိုရှိပြီး ကျောက်တောင်ထွတ်များနှင့် ပြည့်နေသောကြောင့်ဖြစ်သည်။ ကောင်းကင်စိတ်အာရုံဖြင့် မရှာဖွေသ၍ အတွင်း၌ တစ်စုံတစ်ယောက် ပုန်းနေသည်ဆိုတာကို သဘောပေါက်ရန် ခက်ခဲပေလိမ့်မည်။
အနားတွင် ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ် ရှိနေလေရာ ထိုအကြောင်းကို စိုးရိမ်ပူပန်နေစရာ မလိုပေ။ ထိုနတ်ဆိုးဧကရာဇ်သည် ဤအနီးအနားတစ်ဝိုက်ကို မင်းမူစိုးမိုးသူဖြစ်ပြီး သူတို့က ကင်းလှည့်ရန်အတွက် ပင်လယ်နတ်ဆိုးအချို့ကို စေလွှတ်ရန် နတ်ဆိုးဧကရာဇ်ကို အမိန့်ပေးနိုင်သည်။ ရုတ်ရုတ်သဲသဲ ဖြစ်လာလျှင် နတ်ဆိုးဧကရာဇ်က ချက်ချင်းသိပြီး ကျန်းရီကို သတင်းပို့မည်ဖြစ်ကာ သူက ထွက်ပြေးနိုင်ပေလိမ့်မည်။
နှစ်ယောက်သားက သူတို့လုံခြုံကြောင်း သိသွားသည်နှင့် စိတ်အခြေအနေ ကောင်းသွားကာ ကျွန်းပေါ်သို့ ဆင်းသက်ပြီး သူတို့က မသေမျိုး စုံတွဲတစ်တွဲပမာ လက်ချင်းတွဲလျက် တောင်ထွတ်ကြားသို့ ပျံသန်းသွားလိုက်သည်။ နှစ်ယောက်သားက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး နေထိုင်ရန်အတွက် သင့်တော်သော ဂူတစ်လုံးကို ရှာဖွေလိုက်သည်။
“သခင်လေး အဲ့ဒီနေရာ မဆိုးဘူး”
ဖုန်းလန်သည် နုနယ်သော လက်ချောင်းလေးဖြင့် ညွှန်ပြလိုက်ရာ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ သူ၏မျက်လုံးက လက်သွားကာ ခေါင်းညိတ်လိုက်တော့သည်။
“ဒါဆို အဲ့ဒီမှာပဲ”
နှစ်ယောက်သားသည် နတ်ဘုရား သက်တံသဖွယ် ပျံသန်းသွားပြီး အနားရှိ ဧရာမကျောက်တောင်ထွတ်ကို ကွေ့ဝိုက်သွားကာ ကျောက်ထရံနား၌ ရပ်တန့်လိုက်သည်။ ကျောက်ထရံ၏ အလယ်တွင် ဧရာမ ဂူတစ်ခုရှိပြီး ဝင်ပေါက်ကို ကြီးမားသည့် နွယ်ပင်နှင့် ပိတ်ဆို့ထားလေသည်။ နှစ်ယောက်သားက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ဂူက အလွန်ကျယ်ဝန်းကြောင်း အာရုံခံမိ၏။ ထို့အပြင် အတွင်း၌ သုံးကီလိုမီတာကျော်ခန့်ရှည်ရာ ဧရာမနန်းတော်နှင့် တူလှသည်။
ဝှစ်
နှစ်ယောက်သား ပျံသန်းသွားလေရာ မျောက်အုပ်စုနှစ်စုကို ကြောက်လန့်သွားစေပြီး သူတို့ကို တကွဲတပြား ဖြစ်သွားစေ၏။ နှစ်ယောက်သားက အကြည့်ချင်း ဖလှယ်လိုက်ပြီး ကျန်းရီ၏ ဧကရီနန်းတော်က ဖျတ်ခနဲ ပေါ်လာကာ ချင်ယွီကို ထုတ်လိုက်သည်။ သူကဖုန်းလန်ကို စောင့်ကြပ်ခိုင်းထားပြီးနောက် တင်ပျဉ်ခွေချိတ်ထိုင်ကာ ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လျက် အနားအခြေအနေကို စစ်ဆေးလိုက်တော့သည်။
တစ်နာရီခန့် ကြာပြီးနောက် ကျန်းရီသည် ထောက်လှမ်းမှု ပြီးသွားကာ နတ်ဆိုးဧကရာဇ်သည်လည်း လိမ်လိမ်မာမာဖြင့် ပြန်လည်ကုစားနေသည်ကို တွေ့လိုက်ရ၏။ ပင်လယ်ဒေသနား၌ နတ်ဆိုးဘုရင် များစွာရှိပြီး အနည်းဆုံး တစ်ရာကျော်သည်။ သူ့၌ နတ်ဆိုးဧကရာဇ် ရှိပြီဖြစ်သောကြောင့် ထိုနတ်ဆိုးဘုရင်များကို အညံ့ခံစေရန် ပြုလုပ်ဖို့ရာ မရည်ရွယ်တော့ပေ။ နတ်ဆိုးဧကရာဇ် အနားမှာ ရှိနေသောကြောင့် နတ်ဆိုးဘုရင်များ အားလုံးက သူပြောတာကို နာခံပေလိမ့်မည်။
သူ့တွင် မည်သည့်ဝိညာဉ်သားရဲ အဆောင်မျှ မရှိသောကြောင့် နတ်ဆိုးဘုရင်များ အားလုံးကို ယဉ်ပါးအောင် ပြုလုပ်ချင်လျှင်တောင် မဖြစ်နိုင်ပေ။ ထိုနတ်ဆိုးဘုရင်များသည် လူသားအသွင်သဏ္ဌာန် မပြောင်းလဲနိုင်ပေ။ သူတို့၏ ဝိညာဉ်ချိပ်ကိုလည်း မထုတ်ဖော်နိုင်သေးပေ။ ဝိညာဉ်ချိပ်ကို ထုတ်နိုင်လျှင်တောင် ဝိညာဉ်ချိပ် တစ်ရာနီးပါးက သူ၏စိတ်ဝိညာဉ်ကို ဖရိုဖရဲ ဖြစ်စေလိမ့်မည်။
“နှမြောစရာပဲ”
သူက မျက်လုံးဖွင့်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည်။ သူ့ခြေထောက်ကိုရိုက်ပြီး ပြောလိုက်၏။
“ဟုတ်သားပဲ။ ငါသုံးဖို့ မေ့နေတဲ့ အသုံးအဆောင်တစ်ခု ရှိတယ်။ ဒါကိုသာ သန့်စင်လိုက်မယ်ဆိုရင် နတ်ဆိုးဘုရင်တွေအားလုံးကို အညံ့ခံအောင် လုပ်လို့ရမှာပဲ။ သူတို့တွေက လက်အောက်ငယ်သားတစ်စု ဖြစ်လာလိမ့်မယ်”
ဘီး
သူ၏မီးဝိညာဉ်ပုလဲက ဖျတ်ခနဲ လက်လာပြီး လက်ထဲ၌ အနက်ရောင် စေတီတစ်ဆူ ပေါ်လာတော့၏။ ဂူကို ရှင်းလင်းနေသော ဖုန်းလန်နှင့် ချင်ယွီက ချက်ချင်းပင် အာရုံစိုက်မိတော့၏။ ချင်ယွီက မျက်တောင်ခတ်ကာ ပြောလိုက်တော့သည်။
“သခင်လေး ဒါဘာပစ္စည်းလဲ။ အလွန်သန်မာတဲ့ ရောင်ဝါတည်ရှိနေပြီး သာလွန်သူတော်စင် လက်နက်ဖြစ်လောက်တယ်”
“ဟဲ ဟဲ ဒါက သားရဲတစ်ထောင် စေတီလေ”
ကျန်းရီက ပြုံးလိုက်၏။ ထိုသားရဲတစ်ထောင် စေတီကြောင့် သူသည် ကောင်းကင်ကြယ်တာရာမြို့တွင် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့၏။ ထိုစဉ်က တုကုချိုးသည် သားရဲတစ်ထောင်စေတီကို ထုတ်ပြီး အမြင့်ဆုံးအဆင့် သားရဲနတ်ဆိုးဘုရင် အကောင်တစ်ရာကို လွတ်ခဲ့သည်။ သတ်ဖြတ်ခြင်းဆန္ဒသာ ပဉ္စမအဆင့်သို့ မရောက်ခဲ့လျှင် အမြင့်ဆုံးအဆင့် သားရဲဘုရင် အကောင်တစ်ထောင်ကြောင့် သူကြေမွနေမှာ သေချာသည်။
ဤသားရဲတစ်ထောင် စေတီကို ရရှိပြီးနောက် ၎င်းကို မသန့်စင်နိုင်ရခြင်းမှာ တုကုချိုးသည် ထိုစဉ်က မသေဆုံးသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို မီးဝိညာဉ်ပုလဲထဲ ထည့်ထားပြီးနောက် မေ့လျော့နေတော့၏။ အနားတွင် နတ်ဆိုးဘုရင် တစ်ရာနီးပါး ရှိတာကိုမြင်ပြီး သူက ရုတ်တရက် တွေးမိလိုက်တော့သည်။
တုကုချိုးက သေပြီဖြစ်ကာ သားရဲတစ်ထောင် စေတီပေါ်ရှိ စိတ်ဝိညာဉ် ရိုက်နှိပ်မှုကလည်း ပျောက်ကွယ်သွားပြီဖြစ်ရာ ဆိုလိုသည်က အလွယ်တကူ သန့်စင်နိုင်လောက်သည်။ ကျန်းရီသည် သားရဲတစ်ထောင် စေတီ၏ လုပ်ဆောင်ချက်ကို မသိကောင်း မသိနိုင်သော်ငြား ၎င်း၏ အမည်အတိုင်းပင် နတ်ဆိုးသားရဲများကို သေချာပေါက် အောင်နိုင်လိမ့်မည်။ ချင်ယွီကလည်း သားရဲတစ်ထောင် စေတီ၌ အလွန်အစွမ်းထက်သော အရောင်အဝါ တည်ရှိနေပြီး သာလွန်သူတော်စင် လက်နစ်တစ်ခု ဖြစ်လောက်သည်ဟု ဆိုခဲ့သည်။
“နတ်ဆိုးဧကရာဇ် အနားမှာရှိနေတော့ အခုလိုအချိန် ဒီနတ်ဆိုးဘုရင်တွေကို လက်အောက်ခံခိုင်းဖို့ မလိုသေးဘူး”
ကျန်းရီက ထိုအကြောင်းကိုတွေးပြီး သားရဲတစ်ထောင် စေတီကို မီးဝိညာဉ်ပုလဲထဲ ပြန်ထည့်လိုက်၏။ လှည့်ပတ်ကြည့်လိုက်ရာ ဖုန်းလန်နှင့် ချင်ယွီ၏ ရှင်းလင်းမှုကြောင့် အထင်ကြီးသွားတော့သည်။
တစ်နာရီခန့် ကြာပြီးနောက် နှစ်ယောက်သားသည် ဤဂူကို စစ်မှန်သော နန်းဆောင်ခန်းမတစ်ခုအဖြစ် ပြောင်းလဲလိုက်တော့သည်။ သူတို့သည် အခန်းထဲကို အလှဆင်ရန် သူတော်စင် လက်နက်များကို အသုံးပြုပြီး မြေပြင်ကို ကော်ဇောများ ခင်းထား၏။ ပရိဘောဂများတောင် ခင်းကျင်းထားလေရာ အိမ်ကဲ့သို့ ခံစားရစေသည်။ အစီအရင်များ ချမှတ်နိုင်စရာ နည်းလမ်းမရှိတာ နှမြောစရာကောင်း၏။ မဟုတ်လျှင် ဤနေရာက အမှန်တကယ် နန်းဆောင်ငယ်လေး ဖြစ်ပေလိမ့်မည်။
“အစီအရင် ဟုတ်သားပဲ”
ကျန်းရီက ယွင်ဖေးကို ရုတ်တရက် အမှတ်ရသွားသည်။ သူမသည် အစီအရင်များကို ချမှတ်နိုင်သည်လော။ ချက်ချင်းပင် ဧကရီနန်းတော်ကို ကောင်းကင်စိတ်အာရုံဖြင့် ဖြန့်ကျက်လိုက်ရာ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။ ကျန်းရှောင်နူ၊ ချမ်ဝမ်ကွမ်းနှင့် ရှောင်ဖေးကမူ တံခါးပိတ် ကျင့်ကြံနေဆဲဖြစ်သည်။
ဘီး
ဧကရီနန်းတော် ဖျတ်ခနဲ လက်လာပြီး ကျန့်ဝူရွှမ်းနှင့်ယွင်ဖေးတို့က ထွက်လာသောအခါ သူတို့က ခင်မင်ရင်းနှီးစွာ ပြုမူလိုက်သည်။ ကျန်းရီက ယာ့ဇီသားရဲကိုလည်း ထုတ်ပေးပြီးနောက် လက်နောက်ပစ်ထားကာ ပြောလိုက်၏။
“ယာ့ဇီသားရဲ ကျွန်းထဲမှာ နေရင်နေ ဒါမှမဟုတ် အနားက ပင်လယ်ဒေသထဲမှာ လှည့်သွားချင်သွား အဝေးကြီး မသွားနဲ့ ရေအောက်က နတ်ဆိုးဧကရာဇ်ကို ရန်မစနဲ့”
“နတ်ဆိုးဧကရာဇ်”
ယာ့ဇီသားရဲ၏ ခန္ဓာကိုယ်ကြီးက တုန်ယင်သွားတော့သည်။ ပင်လယ်ထဲ၌ စားတော်ပွဲ တည်ရန်အတွက် ပြင်ဆင်ရခြင်းမှာ အမှန်တကယ် ပျော်ရွှင်ဖွယ်ကောင်းသည်။ သို့သော် နတ်ဆိုးဧကရာဇ်ဟူသော စကားကို ကြားသောအခါ မလှုပ်ရဲတော့ချေ။ ကြေးနီခေါင်းလောင်း အရွယ်အစားခန့်ရှိသော မျက်လုံးကြီးများ၌ အကြောက်တရားများ ပြည့်နေလေ၏။
“ဟား ဟား သတ္တိကြောင်တဲ့ပုံကို ကြည့်ပါအုံး။ အဲဒီနတ်ဆိုးဧကရာဇ်ကို ယဉ်ပါးအောင် လုပ်ပြီးပြီ။ မင်းကြိုက်တဲ့နေရာ သွားလို့ရတယ်။ ကျွန်းနဲ့ ဝေးဝေးသာ မသွားနဲ့”
ကျန်းရီက ပြုံးဖြဲပြီး ရယ်မောလိုက်ကာ ဖုန်းလန်နှင့် ချင်ယွီကမူ နှာခေါင်းရှုံ့လိုက်လေ၏။ ကျန်းရီကိုကြည့်စဉ် နှစ်ယောက်သား၏ ချစ်ရည်ရွှမ်းသော မျက်ဝန်းကို တွေ့သောအခါ ယွင်ဖေးက ကျန့်ဝူရွှမ်းနှင့် အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်တော့သည်။
ယွင်ဖေးသည် ကျန့်ဝူရွှမ်းနှင့် လက်ထပ်ပြီးဖြစ်ကာ ဖုန်းလန်နှင့် ချင်ယွီတို့ကို ကျန်းရီ အလိုလိုက်တာကို မြင်နိုင်တာ သဘာဝကျ၏။ သူတို့မျက်ဝန်းထဲရှိ ချစ်ခြင်းတရားတို့က မည်သူမှ မပိုင်ဆိုင်သည့် အရာမျိုး ဖြစ်နေသည်။ သို့သော် ဖုန်းလန်နှင့် ချင်ယွီက အမျိုးသမီးချင်း ချစ်ကြိုက်သည့် ဆက်ဆံရေး ရှိနေလိမ့်မည်ဟု မသိခဲ့ပေ။
“နတ်ဆိုးဧကရာဇ်”
ကျန့်ဝူရွှမ်းက ကျန်းရီကို လက်မထောင်ပြလိုက်သည်။ ယခုတစ်ခေါက် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီး သူသည်လည်း ခွန်အားတက်လာ၏။ ဧကရီနန်းတော်ထဲရှိ ကျင့်ကြံမှုအရှိန်က မြန်ဆန်လွန်းပြီး သူသည် စိတ်ဝိညာဉ် မျောလွင့်ခရီးသွား နဝမအဆင့်သို့ ရောက်နေပြီးဖြစ်သည်။ စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင့်ဆုံးအဆင့်ကိုရောက်ရန် တာအိုပုံစံများကို ဆင်ခြင်ရန်သာ လိုအပ်ပြီး ဗာဂျရာနယ်ပယ်သို့ တက်နိုင်မှာပဲဖြစ်သည်။ တိုက်ပွဲဝင် နတ်ဘုရား မျိုးနွယ်စု၏ တစ်ဦးတည်းသော ဆက်ခံသူအနေဖြင့် သူသည် အသုံးမကျသည့်သူ မဟုတ်ပေ။
ကျန်းရီသည် ကျန့်ဝူရွှမ်းကို လှည့်ပတ်ကြည့်ပြီးနောက် ယွင်ဖေးဘက် လှည့်လိုက်တော့သည်။
“ယွင်ဖေး အစီအရင်တွေကို မင်းရဲ့နားလည် သဘောပေါက်မှုက ဘယ်လိုလဲ။ ငါတို့ဒီမှာ ခဏတစ်ဖြုတ် နေဖို့လိုတယ်။ ဖုံးကွယ်ခြင်း အစီအရင်တစ်ချို့ တည်ဆောက်နိုင်မယ်ဆိုရင် ဒီနေရာက ပိုလုံခြုံသွားလိမ့်မယ်”
သူသည် ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းကို သူတို့ကို ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စု လိုက်နေကြောင်း မပြောခဲ့ပေ။ ယင်းက သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေပြီး ယိုယွင်းစေပြီး ကျင့်ကြံမှုကို ထိခိုက်စေပေလိမ့်မည်။ လက်ရှိ အခြေအနေက သူတို့ဝင်ပါနိုင်သည့် အရာမဟုတ်ပေ။
ယွင်ဖေးက ယုံကြည်ချက်ရှိသည့် အမူအရာဖြင့် ပြုံးလိုက်သည်။
“ကျွန်မကို အပ်ထားလိုက် ပုံရိပ်ယောင် အစီအရင်တစ်ချို့ အလွယ်တကူ လုပ်နိုင်တယ်။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ယောက်တောင် အာရုံမစိုက်မိရင် ဒီနေရာကို ရှာတွေ့မှာ မဟုတ်ဘူး။ အားလုံးက အရှင့်ကြောင့်ပါပဲ။ အဲဒီမြေပုံပေးခဲ့တာကြောင့် ကျွန်မအဲဒီကနေ အကျိုးအမြတ် ရလာတာ”
“ယွင်ဖေးက မယုံနိုင်စရာ ကောင်းလိုက်တာ”
ကျန်းရီက လက်မထောင်လိုက်ပြီးနောက် စုန်းနတ်ဘုရား ရှာဖွေတွေ့ရှိသည့် အစီအရင်များကို ယွင်ဖေးအား ပေးခဲ့ခြင်းအတွက် တိတ်တဆိတ် ကျေနပ်နေမိသည်။ ယွင်ဖေးက ပါရမီထူးပြီး ငယ်ရွယ်စဉ်ကတည်းက လေ့လာခဲ့သူဖြစ်သည်။ သူမ၌ အခြေခံရှိပြီး စိတ်ဝင်စားမှု ရှိနေလေရာ ၎င်းကိုနားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေသည်။
ဝှစ်
ထိုစဉ် ယာ့ဇီသားရဲသည် ပင်လယ်ဘက်ခြမ်းမှ ကြောက်လန့်တကြား ပြန်ပြေးလာ၏။ ပင်လယ်ထဲမှ ပုံရိပ်တစ်ခုလည်း ပေါ်ထွက်လာ၏။ ယင်းက ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်ဖြစ်သည်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ရွှေရောင်မျောလွင့်နဂါး၏ ဒဏ်ရာများ အနည်းငယ် ပျောက်ကင်းနေပြီမှန်း သိလိုက်သည်။ သူက ခေါင်းညိတ်ပြီးနောက် နတ်ဆိုးဧကရာဇ်ကို အသံပို့လိုက်၏။
“မင်းလာစရာ မလိုဘူး။ ပင်လယ်ထဲသွားပြီး အနီးပတ်ဝန်းကျင်ကို အာရုံစိုက်နေလို့ မင်းရဲ့လက်အောက်ငယ်သားတွေကို ပြောလိုက်။ လူသားသိုင်းပညာရှင် ဒါမှမဟုတ် အစွမ်းထက်တဲ့ နတ်ဆိုးဧကရာဇ် ချဉ်းကပ်လာခဲ့ရင် ငါ့ကိုချက်ချင်း အကြောင်းကြား”
“ဟုတ်ကဲ့သခင်”
နတ်ဆိုးဧကရာဇ်သည် ပင်လယ်ထဲသို့ ရေပြန်ငုပ်သွားပြီးနောက် ကင်းလှည့်နေသော နတ်ဆိုးဘုရင်များကို စုဝေးလိုက်သည်။ ကျန်းရီက ကောင်းကင်သိမြင် နားလည်ခြင်းကို ဖြန့်ကျက်လိုက်ရာ နတ်ဆိုးဧကရာဇ်ကို လေ့လာလိုက်ပြီး သူအမှန်တကယ် နာခံကြောင်း သဘောပေါက်လိုက်၏။ ပြီးနောက် မျက်လုံးဖွင့်ကာ ပြုံးလိုက်တော့သည်။
“အားလုံးပဲ စိတ်မပူနဲ့။ အခုကာလအတွင်းမှာ အလွန်လုံခြုံတယ်။ အားလုံးဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းနေကြ။ နဂါးညှိုးရော်မြက်ကို သန့်စင်ပြီး ကောင်းကင်ဧကရာဇ်နယ်ပယ်ကို ရောက်တဲ့အခါ အရှေ့ပိုင်း တော်ဝင်နယ်မြေကို စူးစမ်းဖို့ မင်းတို့အားလုံးကို ခေါ်သွားပေးမယ်”
***