ကျေးဇူးပါ အစ်မအာ့ထောင်
Vol. 10 Ch. 175
ကျီကျောက်သည် အမာရွတ်နဲ့လူကို စိုက်ကြည့်ရင်း မကောင်းသော ခံစားချက်ကို ရရှိခဲ့သည်။
“ရပ်လိုက်” ဝမ်းနည်းခြင်းခန်းမရှေ့တွင် ဒူးထောက်နေသော ဖန်ရွှမ်းချောင်သည် ဝမ်းနည်းခြင်းခန်းမထဲသို့ တစ်စုံတစ်ယောက် ရုတ်တရက် ပြေးဝင်လာပြီး ဖျက်ဆီးပစ်လိမ့်မည်ဟု မျှော်လင့်ထားပုံမရချေ။ သူမသည် စိတ်နှလုံးထိခိုက်စွာ အော်ဟစ်လိုက်သည်။ ကံမကောင်းစွာပဲ ထိုလူများသည် ဝမ်းနည်းခြင်းခန်းမတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ စိတ်ပိုင်းဖြတ်ထာပုံရသည်။
ဖန်ရွှမ်းချောင်သည် ချက်ချင်း ရှေ့ကို ပြေးသွားပေမယ့် အရပ်ပုပုဝဝ မျက်နှာပေါ်တွင် အမာရွတ်နဲ့လူက သူမကို ကန်ထုတ်ပစ်လိုက်သည်။
“ရွှမ်းချောင်” ရှန်းယောင်သည် သူမကို သူ့နောက်တွင်ထား၍ အမြန်ကာကွယ်ပေးလိုက်သည်။ ထို့နောက် သူရှေ့မှ အမာရွတ်နဲ့လူကို အေးစက်စွာ ကြည့်ကာ “မင်း အတိအကျ ဘာလုပ်ချင်တာလဲ” ဟု အံကြိတ်ထားသည့် အသံဖြင့် မေးလိုက်သည်။
“ထွက်သွား”
ထိုလူအုပ်စုသည် ကြမ်းတမ်းစွာ ရောက်ရှိလာပြီး ဝမ်းနည်းခြင်းခန်းမတစ်ခုလုံးကို အပိုင်းပိုင်း အစစဖြစ်အောင် ရိုက်ချိုးခဲ့သည်။ သူတို့ မထွက်သွားခင်မှာ ဖန်ရွှမ်းချောင်ကို ခေါ်သွားချင်ပေမယ့် ရှန်းယောင်က သူတို့ကို တားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
“ရှင်က ဘယ်သူမိုလို့လဲ။ ရှင် ဘာလိုချင်တာလဲ။ နေ့ခင်းကြောင်တောင်ကြီးမှာ ရာဇဝတ်မှု ကျူးလွန်ပြီး အပြစ်မဲ့တဲ့ အရပ်သားမိန်းကလေးကို ဖမ်းခေါ်ဖို့ သတ္တိရှိတယ်လား။ ရှင့်မျက်လုံးထဲမှာ တရားဥပဒေဆိုတာရော ရှိရဲ့လား” ကျီကျောက်က ဖန်ရွှမ်းချောင်ကို အမြန်ဖေးမကူညီခဲ့ပြီး အနက်ရောင်ဝတ်အမျိုးသားတစ်စုကို ထက်ရှသော စကားလုံးများဖြင့် မေးခွန်းထုတ်လိုက်သည်။
လူအုပ်ကို ဦးဆောင်လာသည့် အရပ်ပုပုဝဝ မျက်နှာပေါ်တွင် အမာရွတ်နဲ့လူက သူ့မျက်လုံးတွေကို မှေးကျဉ်းပြီး ကျီကျောက်ကို စိုက်ကြည့်ပြီးနောက် လှောင်ရယ်ရယ်လိုက်သည်။ “ဘယ်ကလာတဲ့ မိန်းကလေးလဲ။ မင်းက အရမ်းထက်ရှတာပဲ၊ ဟမ့်။ စိတ်ဝင်စားစရာပဲ။”
အမာရွတ်နဲ့လူက သူ့နောက်မှ ခန္ဓာကိုယ်ပိန်ပိန်နဲ့လူကို အကြည့်တစ်ချက်ပေးလိုက်သည်။ ခန္ဓာကိုယ်ပိန်ပိန်နဲ့လူက ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားခဲ့ပြီး ကျီကျောက်ထံ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ ထိုလူက သူ၏ ဆိုးယုတ်သည့် လက်တွေကို ဆန့်ထုတ်ပြီး ကျီကျောက်၏ အဝတ်အစားတွေကို ဆုတ်ဖြဲပစ်ဖို့ ကြံစည်ခဲ့သည်။
ရှန်းယောင်က ရှေ့သို့ အပြေးအလွှားတက်ပြီး အဆိုပါ ငဖောင်ရိုး၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။
ခရက်…၊ အဆိုပါလူ၏ လက်ကောက်ဝတ်သည် ရှန်းယောင်ကြောင့် အရိုးကျိုးသွားခဲ့သည်။
“မင်း သေချင်နေတာလား” အမာရွတ်နဲ့လူက သူ့ခါးမှ ဓားကြီးကို ချက်ချင်းဆွဲထုတ်ပြီး ရှန်းယောင်ဆီ ဦးတည်ပြီး ခုတ်ပိုင်းလိုက်သည်။
“ရပ်လိုက်”
အပြေးအလွှားဝင်လာသည့် ချင်မင်ဟုန်က သူ့ကို ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
သူ့နောက်က အစောင့်က သူ့ဓားကို ချက်ချင်းဆွဲထုတ်ပြီး အမာရွတ်နဲ့လူလက်ထဲက ဓားကို သေသေသပ်သပ် ခတ်ထုတ်ပစ်လိုက်သည်။
“တခြားသူတွေရဲ့ ကိစ္စထဲမှာ ဝင်မစွက်ဖက်ဖို့ ငါ မင်းကို အကြံပေးချင်တယ်” အမာရွတ်နဲ့လူ၏ လက်မောင်း ရုတ်ခြည်းဆိုသလို နာကျင်သွားခဲ့သည်။ သူက ချင်မင်ဟုန်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး အံတင်းတင်းကြိတ်ထားသည်။
ချင်မင်ဟုန်က သူ့အင်္ကျီအိတ်ကပ်ထဲမှ တိုကင်တစ်ခုကို ထုတ်ယူပြီး အေးအေးဆေးဆေး ပြောလိုက်သည်၊ “ငါ အနှောင့်အယှက် မပေးချင်ပါဘူး၊ ဒါပေမယ့် ဒီလူနှစ်ယောက်က ငါ့မိတ်ဆွေတွေပဲ။ ဒီသင်္ကေတကို ထောက်ရှုပြီး ခင်ဗျား ထွက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
အမာရွတ်နဲ့လူက သင်္ကေတကို ရှင်းရှင်းလင်းလင်း မြင်ပြီးနောက် သူ စိတ်မပါပေမယ့် နောက်ဆုံးမှာတော့ သူ့လက်တွေကို ဝှေ့ယမ်းပြီး သူ့နောက်ကလူတွေကို ပြန်ဆုတ်ခိုင်းခဲ့သည်။
“အစ်ကိုရှန်း၊ အာ့ထောင်၊ မင်းတို့ အဆင်ပြေကြရဲ့လား” ချင်မင်ဟုန်က အရှေ့သို့ ကမန်းကတန်း ထွက်လာပြီး စိုးရိမ်တကြီး မေးသည်။
“အဆင်ပြေပါတယ်” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်၊ “သခင်လေးချင်၊ အချိန်မီ ပေါ်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။”
“ကျေးဇူးပါ” ရှန်းယောင်က သူ့ကို စိတ်ပါလက်ပါ ဦးညွှတ်အရိုအသေပေးလိုက်သည်။
“ခင်ဗျားတို့တွေ အရမ်းယဉ်ကျေးလွန်းနေပါပြီဗျာ” ချင်မင်ဟုန်က အရေးမကြီးသလို ပြုံးလိုက်သည်။ ထို့နောက် သူက အနီးနားက အရှုပ်အထွေးတွေကို တစ်ချက်ကြည့်ပြီး “ဒီနားလေးမှာ လက်ဖက်ရည်ဆိုင်ရှိတယ်။ ကျွန်တော်တို့ ထိုင်ပြီး စကားပြောကြရအောင်။” ဟု ပြောလိုက်သည်။
“ကောင်းသားပဲ။”
သို့ရာတွင် ဖန်ရွှမ်းချောင်သည် ဝမ်းနည်းခြင်းခန်းမထဲမှ ထွက်ခွာဖို့ ဆန္ဒမရှိပေ။ ရှန်းယောင်က သူမကို ဘယ်လောက်ပဲ ချော့ပြောပါစေ သူမသည် ဝမ်းနည်းခြင်းခန်းမအလယ်မှာ ဒူးထောက်ပြီး တိတ်တဆိတ် ငိုကြွေးနေဆဲပါပင်။
ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး သူမအနားကို လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်၊ “မိန်းကလေးဖန် အခုနတုန်းက လူအုပ်စုရဲ့ မျက်နှာတွေကို မြင်လိုက်တာပဲမလား။ တကယ်လို့ သူတို့သာ ပြန်လာခဲ့မယ်ဆိုရင် ရှင် သူတို့လက်ကနေ တစ်ယောက်တည်း လွတ်နိုင်မယ်ထင်လား။ ဆရာကြီးဖန်က ဆုံးပါးသွားပြီ။ အခုချိန်မှာ ရှင့်အတွက် အရေးကြီးဆုံးက အမှန်တရားကို ရှာဖွေပြီး ရှင့်အဖေအတွက် လက်စားချေဖို့ ရှင်အားတင်းထားရမယ်။”
“ရှင်ဆိုလိုတာက ကျွန်မအဖေက ရာဇဝတ်မှုကြောင့် သတ်သေခဲ့တာမဟုတ်ဘူးလား” ဖန်ရွှမ်းချောင်သည် ရုတ်တရက် ခေါင်းမော့ပြီး ခပ်ဖျော့ဖျော့ မေးလိုက်သည်။
“မိန်းကလေးဖန် ရှင့်အဖေက ဘယ်လိုလူမျိုးလဲဆိုတာ ရှင့်ထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ ရှင့်အဖေက သူများပစ္စည်းကို ခိုးယူမယ့်လူမျိုးလားဆိုတာ ရှင့်ကိုယ်ရှင် ဘာဖြစ်လို့ ပြန်မမေးကြည့်တာလဲ။”
ကျီကျောက်က တိုးတိုးလေး ရယ်ပြီး ချင်မင်ဟုန်ထံ လျှောက်သွားခဲ့သည်၊ “သခင်လေးချင် ရှင့်ဘေးနားက အစောင့်က ကိုယ်ခံပညာ ကောင်းကောင်း တတ်ကျွမ်းတာကို ကျွန်မ မြင်လိုက်ရတယ်။ မိန်းကလေးဖန်ကို ဂရုစိုက်ဖို့ ဒီမှာ နေခိုင်းလို့ရမလား။”
“ရတာပေါ့” ချင်မင်ဟုန်က ဝမ်းသာအားရ သဘောတူလိုက်သည်။
ကျန်းလက်ဖက်ရည်ဆိုင်။
ဒုတိထပ်ရှိ သီးသန့်ခန်းသည် တိတ်ဆိတ်ပြီး ဝင့်ထည်သည်။
ချင်မင်ဟုန်က လုံကျင်းလက်ဖက်ရည်တစ်အိုး အမှာပြုပြီး သူကိုယ်တိုင်ကိုယ်ကျ ရေနွေးတစ်ခွက်လောင်းကာ ရှန်းယောင်ကို ပေးလိုက်သည်။
“ကျေးဇူးပါ” ရှန်းယောင်က တိုးတိုးလေး ပြောသည်၊ “သခင်လေးချင်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သခင်လေးချင် ဖန်မိသားစုရဲ့ ဝမ်းနည်းခြင်းခန်းမကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။”
“ဒါပေါ့၊ ကျွန်တော့်မှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ သိချင်စိတ်သက်သက်နဲ့ ရောက်လာတာပါ။”
“ဆရာကြီးဖန်က ကျွန်တော့်ရဲ့ လက်ဦးဆရာလေ” ချင်မင်ဟုန်က တိုးတိုးလေး ရှင်းပြသည်၊ “ကျွန်တော် ငယ်ငယ်လေးတုန်းက ကျွန်တော့်မိသားစုရဲ့ အကြီးအကဲတွေက ကျွန်တော့်ကို ပညာသင်ပေးဖို့ ဆရာကြီးဖန်ကို ကျွန်တော်တို့အိမ်ဆီ ဖိတ်ခေါ်ခဲ့တယ်။ ဆရာကြီးဖန်က ကျွန်တော့်ကို ဂန္တဝင်ဇာတ်ကောင် သုံးမျိုးနဲ့ အခြေခံအက္ခရာ တစ်ထောင်ကို သင်ကြားပေးခဲ့တယ်။”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆရာကြီးဖန် ထောင်ကျတဲ့သတင်းကို ကြားလိုက်ရတဲ့အတွက် ကျွန်တော် အပြေးလာခဲ့တာပါ။ ကံမကောင်းစွာပဲ… ကျွန်တော်လာတာ ခြေတစ်လှမ်း နောက်ကျသွားခဲ့တယ်” ချင်မင်ဟုန်က သက်ပြင်းကို တိုးတိုးလေးချပြီး သူ့လေသံထဲမှာ သူ့ကိုယ်သူ အပြစ်တင်စိတ်နဲ့ နောင်တများ ပြည့်နှက်နေခဲ့သည်။ “တကယ်လို့ ကျွန်တော်သာ အချိန်မီရောက်လာခဲ့ရင် ဆရာကြီး…”
“ဆရာကြီးရဲ့ ဝမ်းနည်းခြင်းခန်းမကို လာဖျက်ဆီးတဲ့သူတွေကို သခင်လေးချင် သိနေတာလား” ကျီကျောက်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်၊ “အဲဒီလူအုပ်စုက ရက်စက်ပြီး မလောက်လေးမလောက်စားတွေဟုတ်ပုံမပေါ်ဘူး။ ဒါပေမယ့် သူတို့က သခင်လေးချင်ကိုတော့ မျက်နှာသာပေးဖို့ ဆန္ဒရှိကြသေးတယ်နော်။”
“အဲဒီလူအုပ်ကိုဦးဆောင်တဲ့ မျက်နှာမှာ အမာရွတ်နဲ့လူက စွင်းရှင်းလို့ခေါ်တယ်” ချင်မင်ဟုန်က ရှင်းပြပေးသည်၊ “သူက စွင်းမိသားစုဝင်တစ်ယောက်ဖြစ်သလို ဟုန်ရှင်းဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ သူက ကျွန်တော့်ကို အခုတုန်းက ဘာဖြစ်လို့ မျက်နှာသာပေးရတာလဲဆိုတော့ ဒီသင်္ကေတကြောင့်ပဲ။”
ချင်မင်ဟုန်က သူ့အိတ်ကပ်ထဲမှ သင်္ကေတကို ထုတ်ယူပြသခဲ့သည်။ အဆိုပါသင်္ကေတသည် လက်ဖဝါးအရွယ်အစားထက် ပိုမကြီးပေ။ ၎င်း၏ အပေါ်တွင် ‘ချောင်’ ဟု သေသပ်စွာ ရေးထွင်းထားသည်။
“ဟုန်ရှင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းခေါင်းဆောင်ရဲ့ မျိုးရိုးနာမည်က ’ချောင်’ဖြစ်ပြီး သူက ကျွန်တော့်ဦးလေးလည်း ဟုတ်တယ်” ချင်မင်ဟုန်က လိုရင်းတိုရှင်း ရှင်းပြပေးသည်၊ “ခုနတုန်းက စွင်းရှင်းက ကျွန်တော့်ကို မျက်နှာသာပေးခဲ့တာ မဟုတ်ဘူး။ ကျွန်တော့်ဦးလေးကြောင့် သူက ထွက်သွားဖို့ ဆန္ဒရှိတာပါ။”
“သခင်လေးချင်က ဒီလိုအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး” ကျီကျောက်သည် အတော်လေး အံ့အားသင့်သွားခဲ့သည်။
ဒါပေမယ့် သူမ ပိုသိချင်တာက သူမ အိပ်မက်ထဲမှာ စွင်းရှင်းက ရှန်းယောင်ကို လက်လွှဲပေးဖို့ တောင်းဆိုခဲ့တာက ဘာကိုလဲ။
“ကောင်းပြီ၊ ငါ့အကြောင်းကို ထပ်မပြောတော့ဘူး။ ခင်ဗျားတို့အကြောင်းကိုပဲ ပြောကြရအောင်” ချင်မင်ဟုန်က ခပ်ပြုံးပြုံးဖြင့် အကြောင်းအရာကို ပြောင်းလဲလိုက်သည်၊ “ဖန်မိသားစုအိမ်ကို ကျွန်တော် ရောက်လာရတဲ့ အကြောင်းရင်းက ဆရာကြီးဖန်ကို နောက်ဆုံးအကြိမ် တွေ့ဆုံဖို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။”
“ဆရာကြီးဖန်က ကျွန်တော့်ဆရာလေ” ရှန်းယောင်က ခဏလောက် စဉ်းစားပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်၊ “ကျွန်တော်တို့လည်း သူ့ကို အရိုအသေပေးဖို့ အဲ့ကို ရောက်နေကြတာပါ။”
“ကျွန်တော် သိပြီ။”
နှစ်ရက်အကြာ။
ဆရာကြီးဖန်ကို သင်္ဂြိုဟ်ပြီးနောက် ဖန်ရွှမ်းချောင်သည် သူမ၏ ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီး သူမ၏ ဦးလေးဆီ အမှီသဟဲပြုရန် ဘေးနားရှိ ခရိုင်မြို့သို့သွားရန် ပြင်ဆင်ခဲ့သည်။
သူမ မသွားခင် ကျီကျောက်သည် သူမအတွက် ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်တစ်ခု ပြုလုပ်ပေးခဲ့သည်။
“ဒီအရုပ်လေးက ကံကောင်းစေတယ်” ကျီကျောက်သည် သူမလက်ထဲက အရာဝတ္ထုလေးကို ကမ်းပေးပြီး နူးညံ့ညင်သာသော အသံလေးဖြင့် ရှင်းပြပေးခဲ့သည်၊ “ဒါလေးကို တဲရုတဲရုဘိုဇူအရုပ်လေးလို့ခေါ်တယ်။ ဒါပေမယ့် ငါက ဒီအရုပ်လေးကို အဆင့်မြှင့်ပေးထားတဲ့အနေနဲ့ သူ့အောက်နားစလေးတွေမှာ ခေါင်လောင်းသေးသေးလေးတွေ ထည့်ပေးထားတယ်။ နောင်အခါ ဒီအရုပ်လေးကို တံစက်မြိတ်အောက်မှာ ချိတ်ဆွဲထားရင် လေတိုက်တာနဲ့ သာယာတဲ့ အသံလေးတွေမြည်ပြီး နင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေပြီး ပျော်ရွှင်စေလိမ့်မယ်။”
“ကျေးဇူးပါ အစ်မအာ့ထောင်” ဖန်ရွှမ်းချောင်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း အကယ်၍ အစ်မအာ့ထောင်သာ သူမအနားမှာ နေပြီး နှစ်သိမ့်ပေးခြင်း မရှိခဲ့ပါလျှင် သူမ ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် ဝမ်းနည်းပူဆွေးမှုကို ဘယ်သောအခါမှ ကျော်လွှားနိုင်လိမ့်မည် မဟုတ်ချေ။
“ရွှမ်းချောင် နင် အနာဂတ်မှာ ဘယ်လို အခက်အခဲတွေပဲ ရှိပါစေ မကြောက်ရွံ့ပါနဲ့။ သူတို့ကို အပြုံးနဲ့သာ ရင်ဆိုင်လိုက်ပါ။ အခက်အခဲအားလုံးကို နင် သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ။”
“အင်း”