ဘဝရဲ့ စွမ်းအား
Vol. 10 Ch. 177
ရှန်းဟယ်ကျေးရွာ။
လက်ထဲမှာ ပိုက်ဆံရှိရင် အလိုရှိတာလုပ်ဖို့ မခက်ခဲဘူး။
ကနဦး ရန်ပုံငွေ ရှာဖွေပြီးနောက် ယခုအခါ အနောက်တောင်ပေါ်ရှိ မြေကမ္ဘာဘုရားကျောင်းကို စနစ်တကျ တည်ဆောက်လျက် ရှိသည်။ ကြီးကြပ်ရေးမှုးအနေဖြင့် ရှန်းတာ့ရှန်က သဘာဝအတိုင်း အကောင်းဆုံး လုပ်ဆောင်နေပါသည်။
တစ်နေ့လုံး အလုပ်များပြီးနောက် ရှန်းတာ့ရှန်သည် ရှန်းမိသားစုအိမ်ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။ ကျောက်လန်ဟွာသည် သူ့ကို နှင်းမှိုသစ်တော်သီးစွပ်ပြုတ် တစ်ပန်းကန် ချက်ချင်း တိုက်လိုက်သည်။
“အရသာရှိတယ်။”
“ရှင်ပြန်လာတာနဲ့ အပူကင်းစင်ပြီး အဆုတ်ကို စိုစွတ်စေဖို့အတွက် နှင်းမှိုသစ်တော်သီးစွပ်ပြုတ် တစ်ပန်းကန် တိုက်ရမယ်လို့ အာ့ထောင်က အထူးညွှန်ကြားထားတယ်လေ” ကျောက်လန်ဟွာက ဝမ်းသာအားရ ပြောသည်၊ “မြေကမ္ဘာဘုရားကျောင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ။”
“ငါတို့ ဘုရားကျောင်းအိုကြီးရဲ့ အပျက်အစီးအားလုံးကို ရှင်းလင်းပြီးပြီ” ရှန့်တာရှန်က သူ့အင်္ကျီလက်ကို မြှောက်ပြီး သူ့မျက်နှာပေါ်ရှိ ချွေးစက်များကို သုတ်ဖယ်လိုက်သည်။ သူက ရိုးရှင်းသော အပြုံးဖြင့် ပြောသည်၊ “မနေ့က ဦးလေးဟူကျစ်က ရှေးပြက္ခဒိန်စာအုပ်ကို တစ်ချက်ကြည့်ပြီး မနက်ဖြန်မနက်က အချိန်ကောင်းလို့ပြောတယ်။”
“ဒါဆို အဲ့အချိန်ကျရင် အာ့ထောင်ကို ရှင်နဲ့အတူ ခေါ်သွားပေးဦး၊ ဟုတ်ပြီလား” ကျောက်လန်ဟွာက ကမန်းကတန်း မေးလိုက်သည်၊ “စန်းလန်ကိုလည်း အာ့ထောင်နဲ့အတူ ဗျောက်အိုးတွေ ဖောက်ခိုင်းလိုက်မယ်လေ။ လူတိုင်း သဘောတူလောက်လား။”
“ပထမတော့ ဘယ်လိုသဘောတူပါ့မလဲ” ရှန်းတာ့ရှန်က ခေါင်းခါလိုက်သည်၊ “နောက်တော့ ဦးလေးဟူကျစ်က အလှုငွေစာရင်းကို ချက်ချင်းထုတ်ပြလိုက်တယ်လေ။ လူတိုင်းက အာ့ထောင် အများဆုံး လှူထားတာကိုမြင်ပြီး ချက်ချင်း ပါးစပ်ပိတ်သွားကြတယ်။”
“အဲ့လိုပဲဖြစ်ရမယ်လေ” ကျောက်လန်ဟွာက နှုတ်ခမ်းကို မဲ့ပြီး ပြောသည်၊ “တကယ်လို့ ကျွန်မတို့အာ့ထောင်ကသာ အစမပြုခဲ့ဘူးဆိုရင် သူတို့ မြေကမ္ဘာဘုရားကျောင်းကို ပြန်ပြင်ဆောက်ဖို့ ငွေလှူဖို့ ဆန္ဒရှိကြမှာလား။ စန်းလန်က သူတို့ရဲ့ နာမည်ကို ကုသိုလ်အထိမ်းအမှတ်ကျောက်တိုင်မှာ ရေးထိုးခွင့်ရမယ့် အကြံကို ပေးခဲ့ပြီး သူတို့အပြင် သူတို့ရဲ့ နောင်လာနောင်သားတွေအတွက်ပါ အကျိုးရှိစေခဲ့တယ်လေ။”
“အဖေ၊ အမေ ဘာတွေပြောနေကြတာလဲ” အခန်းထဲမှ ထွက်လာသည့် ကျီကျောက်က ရှန်းမိသားစု လူကြီးနှစ်ယောက်၏ ညည်းညူသံကို ကြားလိုက်ရသည်။ သူမသည် ပြုံးရယ်ပြီး သူတို့ဆီ လျှောက်သွားခဲ့သည်။
“ငါတို့ နင့်အကြောင်းပြောနေတာ” ကျောက်လန်ဟွာက သူမကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။ သူကို ကြည့်လေလေ ပိုပျော်လာလေလေ ဖြစ်သည်၊ “အာ့ထောင် နင် အရပ်ပိုရှည်လာတာလား။”
“တကယ်လား” ကျီကျောက်သည် သူမကိုယ်သူမ မသိစိတ်ဖြင့် ကြည့်ကာ ခေါင်းခါလိုက်သည်။
“နင် အခုတလော စန်းလန်ကို ပြုစုဖို့ အလုပ်များနေတာဆိုတော့ ဝိတ်ကျသွားတာလား” ကျောက်လန်ဟွာက စိတ်နှလုံးနာကျင်စွာ မေးလိုက်သည်၊ “လူတစ်ယောက် ဝိတ်ကျသွားပြီဆိုတာနဲ့ အရပ်ရှည်သွားတယ်လို့ထင်ရစေတယ်လေ။”
“အဲ့လိုမျိုးလား” ကျီကျောက်က မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။
“ဒါပေါ့” ကျောက်လန်ဟွာက အဆောတလျင် ခေါင်းညိတ်လိုက်သည်၊ “အာ့ထောင် နင် ဒီည ဘာစားချင်လဲ။ အမေ နင့်အတွက် ချက်ပေးမယ်။”
“အမေ သမီး အမေ့လက်ရာ ဂျုံမုန့်ညက်စွပ်ပြုတ် စားချင်တယ်” ကျီကျောက်က ပြုံးပြီး တိုးတိုးလေး ပြောလိုက်သည်၊ “အမေ့လက်ရာ ဂျုံမုန့်ညက်စွပ်ပြုတ်က အရမ်းအရသာရှိတယ်လို့ သမီးထင်တယ်။”
“ကောင်းပြီ၊ နင်ကြိုက်တယ်ဆိုရင် အမေ နင့်အတွက် အခုပဲ လုပ်ပေးမယ်” ကျောက်လန်ဟွာ ပျော်ရွှင်စွာ ပြန်ဖြေပြီး ချက်ချင်းဆိုသလို မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။
နာရီဝက်အတွင်းမှာပဲ ကြက်ဥပြုတ်နှင့် ကြက်သွန်မြိတ် ဖြူးထားတဲ့ ဂျုံမုန့်ညက်စွပ်ပြုတ် တစ်ပန်းကန် ကျီကျောက်ရှေ့သို့ ရောက်လာခဲ့သည်။
“အရမ်းမွှေးတာပဲ” ကျီကျောက်သည် လေထုထဲ ပျံ့နှံ့နေသည့် ဂျုံမုန့်ညက်စွပ်ပြုတ်အနံ့လေးကို ရပြီး မနေနိုင်ဘဲ တံတွေးတစ်လုပ် မျိုချမိသွားသည်။
“ပူနေတဲ့အချိန်လေး မြန်မြန် စားကြည့်” ကျောက်လန်ဟွာက ကြွေဇွန်းတစ်ချောင်းကို သူမဆီ စိတ်အားထက်သန်စွာ ကမ်းပေးလိုက်သည်။
“ကျေးဇူးပါ အမေ” ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး ချက်ချင်းဆိုသလို ဇွန်းကို လှမ်းယူကာ ဂျုံမုန့်ညက်စွပ်ပြုတ်၏ အရသာကို စိတ်ကျေစွာ ခံစားလိုက်သည်။
“အမေ…”
ထိုအချိန်တွင် မီးဖိုချောင်အပြင်ဖက်ကနေ ဒုတိယမရီး၏ လှမ်းအော်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ “သမီး မွေးတော့မယ်။”
ကျောက်လန်ဟွာက မီးဖိုချောင်ထဲမှ အမြန်ပြေးထွက်သွားသည်။ ကျီကျောက်သည်လည်း ပန်းကန်လုံးကို အလျင်စလို အောက်ချပြီး အမြန်ပြေးလိုက်သွားခဲ့သည်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ လက်သည်အမျိုးသမီးနှင့် သမားတော်တို့ ရောက်လာခဲ့ကြသည်။
အခန်းထဲတွင် ဒုတိယမရီးရှန်းသည် ပြင်းပြင်းထန်ထန် အသက်ရှုရှိုက်နေပြီး သူမ၏ ခန္ဓာကိုယ်အောက်ပိုင်း၌ အသည်းခိုက်မတတ် နာကျင်မှုကို ခံစားနေရသည်။ “ကလေးမွေးရတာ အရမ်းနာတယ်။”
“ဒုတိယမရီး အရင်ဆုံး အသက်ကို ပြင်းပြင်းရှုကြည့်” ကျီကျောက်က အဆောတလျင် အကြံပေးသည်၊ “ညီမရဲ့ စည်းချက်အတိုင်း လိုက်ပြီး အသက်ကို ရှုသွင်းလိုက်။”
“ဟင့်အင်း၊ အာ့ထောင်၊ ငါ အရမ်းနာနေတယ်… အလေးသွားချင်ပေမယ့် မသွားနိုင်တဲ့ ခံစားချက်လိုမျိုးပဲ။ ဝူးဝူး…” ဒုတိယမရီး၏ မျက်နှာပေါ်တွင် နောင်တမျက်ရည်စီးကြောင်း နှစ်ကြောင်း ကျဆင်းလာခဲ့သည်။ “တကယ်လို့ ငါ ဒါကို ကြိုသိခဲ့ရင်၊ ငါ နင်နဲ့ အမေတို့ရဲ့ ပြောစကားတွေကို နာခံမှုရှိရှိ နားထောင်ပြီး သိပ်မစားဘဲနေမှာပါ…”
ဒါကိုကြားတော့ ကျီကျောက်သည် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ “ဒုတိယမရီး အရမ်းတွေးမနေပါနဲ့တော့။ အရေးကြီးဆုံးက အစ်မရဲ့ စွမ်းအင်နဲ့ ခွန်အားကို ထိန်းသိမ်းထားဖို့ပဲ။ သားအိမ်ခေါင်း လုံးလုံးပွင့်သွားတဲ့အခါ အစ်မ တစ်ကြိမ်တည်းနဲ့ လုပ်နိုင်ပါ့လိမ့်မယ်။ အစ်မ သေချာပေါက် ကျန်းမာတဲ့ ကလေးလေးကို ဘေးကင်းကင်းနဲ့ မွေးဖွားနိုင်မှာပါ။”
“အာ့ထောင်၊ အရမ်းနာတယ်… ဝူးဟူး…”
“ဒီမှာ ဂျင်ဆင်းစွပ်ပြုတ် ရပြီ။”
ကျောက်လန်ဟွာသည် ကျိုချက်ထားတဲ့ ဂျင်ဆင်းစွပ်ပြုတ်ကို အိမ်ထဲ အမြန်ယူလာပေးသည်၊ “ဒုတိယမရီး ဘယ်လို ခံစားရလဲ။”
“အရမ်းနာတယ်…” ဒုတိယမရီးရှန်းက ကျောက်လန်ဟွာကို ချက်ချင်းကြည့်ကာ မကျေနပ်ချက်တွေ ဖွင့်ဟလာခဲ့သည်၊ “အမေ ဒါက တကယ်နာတယ်။”
“လိမ္မာတဲ့ကလေးလေး၊ ဒါက အမျိုးသမီးတွေ ကလေးမွေးတဲ့အခါ ပုံမှန်ခံစားရတာမျိုးပဲလေ။ အစပိုင်းမှာတော့ အရမ်းနာပေမယ့် ကလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်တဲ့အခါကျရင် ဒါက အဆင်ပြေသွားပါလိမ့်မယ်” ကျောက်လန်ဟွာက သူမကို အမြန်နှစ်သိမ့်ပေးသည်၊ “အခု နင် စားချင်တာ တစ်ခုခု ရှိလား။ အမေ့ကိုပြော၊ အမေ နင့်အတွက် အခုချက်ချင်း လုပ်ပေးမယ်။”
“သမီး ဘာမှ မစားချင်ဘူး…”
“ဒုတိယမရီး အစ်မ ဘာမှ မစားချင်ဘူးဆိုရင်တောင် ဒီဂျင်ဆင်းစွပ်ပြုတ်ကိုတော့ သောက်ရမယ်” ကျီကျောက်က ဂျင်ဆင်းစွပ်ပြုတ်ကို အေးသွားအောင် လေမှုတ်ပေးပြီး ဒုတိယမရီးကို ကမ်းပေးလိုက်သည်။ သူမကို ဒုတိယမရီးရှန်းကို ညင်သာစွာ ဖျောင်းဖျပေးသည်၊ “ဒီဂျင်ဆင်းစွပ်ပြုတ်က အစ်မရဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးနိုင်တယ်။ အစ်မ ဒါကို ကုန်အောင် သောက်သင့်တယ်။”
“ဒါ့အပြင် အမေက ဒါကို ခရိုင်မြို့ကနေ ဝယ်လာဖို့ ပိုက်ဆံအများကြီးသုံးခဲ့တာနော်။”
“အေးပါဟယ်…”
ဒုတိယမရီးရှန်းသည် ဒါကို သူမ၏ အကျိုးအတွက် လုပ်ပေးနေတာကိုသိပေသည်။ သူမသည် ဂျင်ဆင်းစွပ်ပြုတ်၏ အရသာကို မကြိုက်သော်လည်း သူမကိုယ်သူမ အားပေးကာ တစ်ပန်းကန်လုံး ကုန်အောင် သောက်လိုက်သည်။
“ဒုတိယမရီး မြွေဖြူမယ်ရဲ့ ဒဏ္ဍာရီကို ကြားဖူးလား” ကျီကျောက်သည် ရုတ်တရက် အကြံတစ်ခု ရသွားကာ ဒုတိယမရီးရှန်း၏ အာရုံကို လွှဲသည့်အနေဖြင့် ပုံပြင်ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ ဒီနည်းဖြင့် သူမ၏ နာကျင်မှုကိုလည်း အာရုံလွှဲပေးနိုင်လိမ့်မည်။
“မြွေဖြူမယ်ရဲ့ ဒဏ္ဍာရီလား” ဒုတိယမရီးရှန်းရဲ့ စူးစမ်းချင်စိတ်က ချက်ချင်းထလာခဲ့သည်၊ “အဲ့တာက ဘာလဲ။”
“တကယ်တော့ ဒါက လူနဲ့ နတ်ဆိုးကြားက ကြေကွဲဖွယ်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ” ကျီကျောက်က ဒုတိယမရီးအား ဖေးမပြီး လမ်းကို ဖြည်းညှင်းစွာ ကူလျှောက်ပေးကာ မမောမပန်း ပြောပြခဲ့သည်၊ “ဟိုးရှေးရှေးတုန်းက မြွေဖြူတစ်ကောင် ရှိသတဲ့။ သူက နှစ်တစ်ထောင်ကျော် ကျင့်ကြံအားထုတ်ပြီးတဲ့နောက်မှာ လူသားအသွင်လို ဆောင်နိုင်ခဲ့တယ်…”
ကျီကျောက်၏ အသံသည် နူးညံ့သိမ်မွေ့ပြီး ခံစားချက်အပြည့်ရှိသည်။
မသိလိုက်ဘဲ ဒုတိယမရီးရှန်းသည် ကျီကျောက် ပြောပြသော ဇာတ်လမ်းထဲ မျောပါသွားခဲ့သည်။
“ဆရာတော်ဖာဟိုင်က အရမ်းယုတ္တိမဲ့လွန်းပါတယ်လေ” ဇာတ်လမ်းရဲ့ အထွတ်အထိပ်ကို နားထောင်ပြီးတော့ ဒုတိယမရီးရှန်းသည် ဒေါသတကြီး နှာမှုတ်ပြီး နှုတ်ခမ်းစူလိုက်သည်၊ “ပိုင်စုကျန်းနဲ့ ရှုရှန့်တို့က ရိုးရှင်းစွာ ချစ်မိသွားကြတာလေ။ ဒါ့အပြင် ပိုင်စုကျန်းက သဘာဝကို ထိခိုက်စေတာကို ဘာမှ မလုပ်ဖူးပါဘူး။ ဖာဟိုင်က ဘာဖြစ်လို့ အရမ်းစိတ်တိုစရာကောင်းနေရတာလဲ။”
“ဒုတိယမရီး ဆရာတော်ဖာဟိုင်က စိတ်တိုဖို့ကောင်းတယ်လို့ထင်လား။”
“အင်း” ဒုတိယမရီးရှန်းက ကမန်းကတန်း ခေါင်းညိတ်ပြသည်။ ထို့နောက် သူမက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်၊ “အာ့ထောင် ပြီးတော့ ဘာဖြစ်သွားလဲ။ ပိုင်စုကျန်းကို ဘုံခုနစ်ဆင့်ပြသာဒ်မှာ ချုပ်နှောင်ထားပြီးတော့ ဘာဆက်ဖြစ်သွားလဲ။”
“ဒုတိယမရီး ကုတင်ပေါ်မှာ လှဲပြီး ညီမပြောတာကို ဖြည်းဖြည်းချင်း နားထောင်ပါ…”
ည ၉ နာရီထိုးခါနီးတွင် ဒုတိယမရီးရှန်းသည် နာကျင်စွာ အော်ဟစ်လိုက်သည်။
အိမ်ထဲမှ ကလေးငိုသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ဒုတိယမရီးရှန်းသည်လည်း ပင်ပန်းဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ဒါပေမယ့် သူမ အိပ်မပျော်ခင် တစ်စက္ကန့်မှာ သူမ မွေးလိုက်တဲ့ ကလေးရဲ့ ကျား၊ မ အမျိုးအစားကို မတွေးဘဲ ပိုင်စုကျန်း ဘုံခုနစ်ဆင့်ပြသာဒ်ကနေ လွတ်မြောက်ခဲ့လားဆိုတာကိုပဲ တွေးလိုက်မိပေသည်…
လက်သည်အမျိုးသမီးသည် ကလေးကို သန့်ရှင်းရေးလုပ်ပြီး အနှီးဖြင့် သေချာထုပ်ပိုးပေးခဲ့သည်။
...
ကျီကျောက်သည် သူ့ရဲ့ နုထွေးအိစက်သည့် ပန်းနုရောင် မျက်နှာလေးကိုကြည့်ပြီး သူမ၏ နှလုံးသား အရည်ပျော်ကျသွားတော့မလို ခံစားလိုက်ရသည်။
လူတစ်ဦးသည် အမှန်တကယ်ပင် အခြားလူတစ်ဦးကို မွေးထုတ်ပေးနိုင်လေသည်။
ဘဝရဲ့ စွမ်းအားက တကယ့်ကို မှော်ဆန်လွန်းသည်။