ငွေ ၁၀ လျန်းဆိုရင်ရော ဘယ်လိုလဲ
Vol. 10 Ch. 179
“မင်းတို့နှစ်ယောက် တကယ်ဝယ်ချင်နေတာကို ငါမြင်တယ်။ ဒီဈေးလောက် ဘာဖြစ်လို့ မပေးတာလဲ” ဆိုင်ရှင်က ပြုံးပြီး ကျီကျောက်ကို လက်နှစ်ချောင်း ပြသလိုက်သည်။
“ငွေလျန်း ၂၀ လား” ကျီကျောက်က ချက်ချင်းဆိုသလို မျက်ခုံးပင့်သွားသည်၊ “ဒါက နည်းနည်းဈေးကြီးတယ်။”
“ဧည့်သည်တော်က နားလည်မှုလွဲနေပါပြီ” အပေါင်ဆိုင်ပိုင်ရှင်က အလျင်စလို ရှင်းပြပေးခဲ့သည်၊ “ငါဆိုလိုချင်တာ ငွေလျန်း ၂၀၀ ပါ။ တပြားမှ မလျော့ပါဘူး။”
“ငွေလျန်း ၂၀၀ လား” ကျီကျောက်က ချက်ချင်းဆိုသလို ရယ်မောလိုက်သည်၊ “ဆိုင်ရှင် ရှင် အများကြီး ဈေးဆိုနေတာ မဟုတ်ဘူးလား။”
“ငါတို့ လောင်ထိုက်ရှန်းအပေါင်ဆိုင်က တင်းယွမ်ခရိုင်မှာ နှစ်ရှည်လများ နာမည် တစ်လုံးနဲ့ နေခဲ့တာပါဗျာ” ဆိုင်ရှင်က မသိစိတ်က သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ အပြုံးဖြင့် ရှင်းပြပေးသည်၊ “ငါက ဈေးအများကြီးမဆိုထားပါဘူး။ ပြီးတော့ ဒီကြွေရည်သုတ်ပုလင်းက ဒီဈေးနဲ့ ထိုက်တန်ပါတယ်။ မဟုတ်ရင် ဧည့်သည်တော်တို့နှစ်ယောက်က ဒါကို မြင်မြင်ချင်း ရွေးချယ်မှာ မဟုတ်ဘူးမလား။ ဧည့်သည်တော်တို့ရော အဲ့လို မထင်ဘူးလား။”
ကျီကျောက်သည် အပေါင်ဆိုင်ပိုင်ရှင်က ဤမျှ အမြင်စူးရှလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့ရာတွင် သူမရှေ့တွင်တော့ သူ့အရည်အချင်းက ချို့တဲ့နေပါသေးသည်။
“တောင်းပန်ပါတယ်၊ ဆိုင်ရှင်ပြောတာကို ကျွန်မ သဘောမတူဘူး” ကျီကျောက်က ခပ်ဖွဖွ ပြုံးလိုက်သည်၊ “ဆိုရိုးစကားအတိုင်း အဝယ်မှားလို့ရပေမယ့် အရောင်းမှားလို့တော့ မရဘူးမလား။ ရှင့်လက်ထဲက ကြွေရည်သုတ်ပုလင်းက အရမ်းလက်ရာမြောက်ပေမယ့် ဒီကမ္ဘာပေါ်မှာ ဒီပုလင်းထက် လက်ရာမြောက်တဲ့ ပုလင်း မရှိတော့ဘူးလို့မဆိုနိုင်ဘူးမဟုတ်လား။ ဒီနေ့ ကျွန်မ ဒီပုလင်းကို ငွေလျန်း ၂၀၀ နဲ့ ဝယ်ဖို့ သဘောတူပြီး နောင်မှာ ဒီထက် ပိုပြီး လက်ရာမြောက်တဲ့ အရာတစ်ခုကို တွေ့ရင် ဘယ်လိုလုပ်မလဲ။”
“ဒါက…” အပေါင်ဆိုင်ပိုင်ရှင်က ကျီကျောက်၏ စကားများကြောင့် ခဏတာ အံ့အားသင့်သွားကာ ချေပရန် စကားလုံး ရှာမတွေ့တော့ပေ။
“ဆိုင်ရှင် ကျွန်မတို့ ရှင်နဲ့ စကားကို ကွေ့ဝိုက်မပြောနေတော့ဘူး။ ငွေလျန်း ၂၀ ဆိုရင်ရော ဘယ်လိုထင်လဲ” ကျီကျောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်၊ “ဒီနေ့ ဒီကိစ္စ အဆင်ပြေသွားရင် ကျွန်မတို့တွေ အသိမိတ်ဆွေတွေ ဖြစ်သွားကြမှာပဲလေ။”
“ငွေလျန်း ၂၀၊ ငါ တကယ် လက်မခံနိုင်ဘူး” ဆိုင်ရှင်က ခေါင်းကို တဆတ်ဆတ် ခါလိုက်သည်၊ “ဒါက အရမ်းနည်းလွန်းတယ်။”
“စိတ်မကောင်းစရာပဲ” ကျီကျောက်က ခေါင်းခါကာ ရှန်းယောင်ရဲ့ လက်ကို ဆွဲပြီး ပြန်ထွက်သွားဖို့ပြင်သည်၊ သူမသည် တမင်တကာ တိုးထားသည့် အသံဖြင့် “တကယ်တော့ အဲဒီပီးယန်းဟူပုလင်းက အတုပဲ” ဟု ပြောလိုက်သည်။
“မင်း ဘာဖြစ်လို့ အဲ့လိုပြောတာလဲ” ရှန်းယောင်က ချက်ချင်း သဘောပေါက်သွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ရှင် မေ့သွားပြီလား။ ကျွန်မတို့အကြီးဆုံးဦးလေးရဲ့ ဒုတိယဝမ်းကွဲရဲ့ ဝမ်းကွဲဇနီးရဲ့ နဝမအဒေါ်က တရားသူကြီးအိမ်မှာ အမှုထမ်းနေတယ်မလား။ တရားသူကြီးစွင်းက ပီးယန်းဟူပုလင်းတွေကို စုဆောင်းရတာ အကြိုက်ဆုံးလို့ သူပြောတယ်လေ။ အပေါင်ဆိုင်က တစ်ခုက အတုပဲ။”
“ဒါဆိုရင် မင်း ဘာဖြစ်လို့ ခုနတုန်းက အဲ့တာကို ဝယ်ဖို့ လုပ်တာလဲ” ရှန်းယောင်က သူမ၏ စကားနောက်သို့ လိုက်ပါကာ တိုးတိုးလေး မေးလိုက်သည်။
“ကျွန်မ ဒါကို အပျော်ကစားဖို့ဝယ်တာလေ။ ဒါ့အပြင် ကျွန်မတို့အဖေက ဒါကို သဘောကျတယ် မဟုတ်လား။ ဒါပေမယ့် အခုတော့ ကျွန်မတို့မှာ အခွင့်အရေးမရှိပုံပဲ။ သွားကြရအောင်…”
ကျီကျောက်နှင့် ရှန်းယောင်တို့သည် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
သူတို့က သူတို့အသံတွေ အရမ်းတိုးတယ်လို့ထင်ပေမယ့် နားစွင့်နေတဲ့ အပေါင်ဆိုင်ပိုင်ရှင်က သူတို့ပြောတာတွေကို ကြားလိုက်ရသည်။
“ချစ်ရတဲ့ ဧည့်သည်တော်တို့” အပေါင်ဆိုင်ပိုင်ရှင်က သတိကြီးစွာ ထားခဲ့သည်။ သူသည် ကျီကျောက်ထံသို့ ပျော်ရွှင်စွာ လျှောက်လာခဲ့သည်၊ “ဆိုရိုးစကားအတိုင်း လုပ်ငန်းတစ်ခု အောင်မြင်ချင်ရင် စေတနာကောင်းရမယ်တဲ့။ ဧည်သည့်တော်တို့ရဲ့ နာမည်နဲ့ လိပ်စာ ချန်ထားခဲ့လို့ရမလား။ ငါ သူဌေးကို မေးပေးဖို့ ကူညီပေးမယ်လေ။ တကယ်လို့ သူဌေးက ဒီပီးယန်းဟူပုလင်းကို ဈေးနိမ့်နိမ့်နဲ့ ရောင်းဖို့ သဘောတူတယ်ဆိုရင် ငါ ဧည့်သည်တော်တို့ကို လာရှာပေးမယ် ဟုတ်ပြီလား။”
ကျီကျောက်က ရှန်းယောင်ကို မသိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်စလုံး၏ မျက်ဝန်းထဲတွင် အပြုံးများကို မြင်လိုက်ရသော်လည်း သူတို့၏ မျက်နှာများသည် ဝမ်းနည်းနေဟန်ရှိသည်၊ “ဆိုင်ရှင် ကျွန်မတို့ ရှင့်ကြင်နာမှုကို တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျွန်မတို့မိသားစုနောက်ခံက သာမန်ပဲဆိုတာ ရှင် မြင်နိုင်ပါတယ်။ ဒီငွေလျန်း ၂၀ ဆိုတာက ကျွန်မတို့ရဲ့ ကန့်သတ်ချက်ဖြစ်နေပြီ၊”
“ဒီပီးယန်းဟူပုလင်းနဲ့ ကျွန်တော်တို့မှာ ရေစက်မပါပုံပဲ၊ ထားလိုက်ပါတော့” ရှန်းယောင်က သက်ပြင်းတိုးတိုးချလိုက်သည်၊ “သွားတော့မယ်။”
အပေါင်ဆိုင်ပိုင်ရှင်သည် သူ့စိတ်ထဲ မသက်မသာ ခံစားလိုက်ရသည်။
သူတို့နှစ်ယောက် အပေါင်ဆိုင်မှ ထွက်လာပြီးနောက် လမ်းကြားတစ်ခုထဲ လှည့်ဝင်ကာ ချင်းဟယ်လမ်းမရှည်ကြီး၏ အနောက်ဘက်သို့ ရောက်ရှိလာကြသည်။
ငွေထည်အလုပ်ရုံ။
ကျီကျောက်သည် သူမအိတ်ထဲမှ ပြေစာတစ်စောင်ကို ဂရုတစိုက် ဆွဲထုတ်ကာ ငွေလက်ကောက် တစ်ရံကို ထုတ်ယူလိုက်သည်။
ငွေလက်ကောက်၏ အတွင်းလက်တွင် သေသေသပ်သပ် ရေးထွင်းထားသော စာလုံး ရှစ်လုံး ပါရှိသည်။
ဘဝတစ်သက်တာ ကျန်းမာပြီး ဘေးအန္တရာယ်ကင်းရှင်းပါစေ။
“ဒါက ကျွမ်းကျွမ်းအတွက် မင်း ပြင်ဆင်ထားတဲ့ လက်ဆောင်လား” ရှန်းယောင်က အံ့အားသင့်သွားသည်၊ “အာ့ထောင် မင်း ဒါကို ဘယ်တုန်းက ပြင်ဆင်ခဲ့တာလဲ။”
“လွန်ခဲ့တဲ့ တစ်လလောက်ကလေ” ကျီကျောက်က ငွေလက်ကောင် တစ်ရံကို သေသေချာချာ စစ်ဆေးပြီး အပြုံးဖြင့် မေးလိုက်သည်၊ “ရှန်းယောင် ရှင် ဘယ်လိုထင်လဲ။ ဒါကို ကြည့်ကောင်းတယ်လို့ထင်လား။”
“ကြည့်ကောင်းတယ်” ရှန်းယောင်က စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
“ဒါကို ကျွမ်းကျွမ်း သေချာပေါက် သဘောကျလိမ့်မယ်လို့ထင်တယ်” ကျီကျောက်သည် ကျန်ငွေကို ပေးချေပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် “ကျွန်မတို့ သွားကြမလား” ဟု ဆိုလိုက်သည်။
“ကိုယ်တို့ ဘယ်သွားကြမလို့လဲ။”
“သွားစားကြမယ်။”
စားသောက်ခြင်းသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံးအရာ ဖြစ်သည်။
ဤသည်မှာ ကျီကျောက် ယုံကြည်ထားသော ဘဝဆောင်ပုဒ် ဖြစ်ပေသည်။
သူတို့နှစ်ယောက်သား အနောက်လမ်းဆုံက လမ်းမပေါ်ကို ရောက်လာပြီး ကြက်စွပ်ပြုတ်ဝမ်တန် ပန်းကန်လုံးကြီး နှစ်လုံးကို မှာယူစားသောက်ခဲ့သည်။
“အဲဒီပီးယန်းဟူပုလင်းကို ဝယ်ဖို့ ဘာဖြစ်လို့ အစပြုတာလဲ” ရှန်းယောင်က ကျီကျောက်ကို သိချင်စိတ်ပြင်းပြစွာ စိုက်ကြည့်လိုက်သည်။
“အရင်တုန်းက မားမိသားစုမှာ သခင်မကြီးမားရဲ့ မွေးနေ့ပွဲအတွက် ကျွန်မ ချက်ပြုတ်ပြင်ဆင်ဖို့သွားတုန်းက သခင်မကြီးမားက ပီးယန်းဟူပုလင်းတွေ စုဆောင်းရတာ ကြိုက်နှစ်သက်တယ်လို့ ကြားခဲ့တယ်” ကျီကျောက်က တိုးတိုးလေး ရှင်းပြသည်၊ “ဒါက အိမ်တော်ထိန်းမား ‘မရည်ရွယ်ဘဲ’ ထုတ်ဖော်ပြောလိုက်မိတဲ့ အချက်အလက်ဖြစ်ပေမယ့် အဲဒါက ကျွန်မတို့အတွက် အရမ်းအသုံးဝင်တယ်လို့ကျွန်မထင်တယ်။”
“အပေါင်ဆိုင်မှာ တွေ့ခဲ့တဲ့ ကြွေရည်သုတ်ပီးယန်းဟူပုလင်းက ထိပ်တန်းလက်ရာ မဟုတ်ပေမယ့် သေးငယ်ပြီး လက်ရာမြောက်သလို အလွန်လှပတယ်။”
“တကယ်လို့ ကျွန်မတို့သာ အဲဒီပီးယန်းဟူပုလင်းကို အောင်အောင်မြင်မြင် ဝယ်ယူနိုင်ပြီး သခင်မကြီးမားကို လက်ဆောင်ပေးလိုက်မယ်ဆိုရင် ကျွန်မတို့ဆိုင် အချိန်တိုအတွင်း အောင်မြင်စွာ ခြေကုတ်ရယူနိုင်ဖို့ဆိုတာ သေချာပေါက်ပဲ။”
ယခုအချိန်တွင် ရှန်းတာ့လန်၏ ကြီးကြပ်မှုအောက်တွင် ဟုန်ရှင်းစားသောက်ဆိုင်ရှိ ဆိုင်ငယ်လေးသည် အလွန်လျင်မြန်စွာ တိုးတက်နေသည်။
ကျီကျောက်သည် ဤဆိုင်ကို မည်သို့ လည်ပတ်ရမည်ကို တွေးထားပြီးပြီဖြစ်သည်။
“ရှန်းယောင် ခဏစောင့်ကြည့်လိုက်။ အဲဒီပီးယန်းဟူပုလင်းက အနှေးနဲ့ အမြန်ဆိုသလို ကျွန်မတို့လက်ထဲ ရောက်လာလိမ့်မယ်” ကျီကျောက်သည် သူမ၏ လက်သီးများကို တိတ်တဆိတ် ဆုပ်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“အင်း၊ အာ့ထောင်က အရမ်းအစွမ်းထက်တယ်။”
မျှော်လင့်ထားသည့်အတိုင်း။
နေ့ခင်းဘက်တွင် ကျီကျောက်သည် အပေါင်ဆိုင်ရှေ့မှ မတော်တဆ ဖြတ်သွားသောအခါတွင် အပေါင်ဆိုင်ပိုင်ရှင်က သူမကို စိတ်ပါလက်ပါ ကြိုဆိုနှုတ်ဆက်ခဲ့သည်။
“ငါက အမြင်သိပ်မရှိဘူး။ ဧည့်သည်တော်တို့ ဒီပုလင်းက ချို့ယွင်းချက်ရှိတဲ့ ထုတ်ကုန်တစ်ခုဆိုတာ ဘယ်လိုပြောနိုင်တာလဲဆိုတာ သိခွင့်ရမလား။”
“ဆိုင်ရှင် ဒီပုလင်းရဲ့ အောက်ခြေက လက်မှတ်ကို အနီးကပ် တစ်ချက်ကြည့်ကြည့်လိုက်ပါ” ကျီကျောက်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
ဆိုင်ရှင်အိုကြီးက ပုလင်း၏ အောက်ခြေကို လှန်ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ ထိုအခါမှသာ အောက်ခြေမှာ ရေးထိုးထားတဲ့ လက်မှတ်က တကယ့်ကို ဇောက်ထိုးဖြစ်နေတာကို တွေ့လိုက်ရသည်။
“ငါ သိပြီ” ဆိုင်ရှင်အိုကြီးက ရုတ်တရက် သဘောပေါက်နားလည်သွားပြီး သူတို့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်ခဲ့သည်၊ “ကံကောင်းတာက ဧည့်သည်တော်တို့နှစ်ယောက်ရဲ့ အမြင်စူးရှမှုကြောင့် ဒီသဲလွန်စကို တွေ့ခဲ့ရတယ်။”
မနေ့က ဆိုင်ရှင်အိုကြီးသည် ဒီပီးယန်းဟူပုလင်းကိုဝယ်ဖို့ ငွေ ၆ လျန်း သုံးစွဲခဲ့ပြီး အနည်းဆုံး ငွေလျန်း ၆၀ ဖြင့် ရောင်းချနိုင်မည်ဟု သူထင်ခဲ့သည်။ တကယ်တော့ ဒါက အတုဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။
“ဧည်သည့်တော်တို့၊ ဒီပုလင်းအတွက် ငွေလျန်း ၂၀ ပေးချေဖို့ ဆန္ဒရှိသေးလားမသိဘူး။”
“ဟင့်အင်း” ကျီကျောက်က ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်၊ “ဒီပီးယန်းဟူပုလင်းက ကြည့်ရတာ အရမ်းလက်ရာမြောက်ပေမယ့် ကျွန်မ ဒါကို ဂရုတစိုက် ပြန်စဉ်းစားကြည့်ရဦးမယ်။”
“ဒါဆို ငွေ ၁၀ လျန်းဆိုရင်ရော ဘယ်လိုလဲ။”