← Chapters

ကြက်သားညှပ်ခေါက်ဆွဲ

Vol. 10 Ch. 180

ကြက်သားညှပ်ခေါက်ဆွဲ

Vol. 10 Ch. 180

အဆုံး၌ ကျီကျောက်သည် ပီးယန်းဟူပုလင်းကို ငွေ ၉ လျန်းဖြင့် ဝယ်ယူခဲ့သည်။

ထို့အပြင် သူမသည် လက်ရာမြောက်သော ဘရိုကိတ်သေတ္တာကိုလည်း အထူးဝယ်ယူခဲ့သည်။

ရှန်းကျီးအစာသွပ်မုန့်ဆိုင်။

ကျီကျောက်သည် အဆာပြေမုန့် ၆ မျိုးကို ဆက်တိုက် ရွေးချယ်ပြီး ရှန်းတာ့လန်ကို ထုတ်ပိုးခိုင်းခဲ့သည်။

“အာ့ထောင် ဘယ်ကို အလည်သွားမလို့လဲ” အကြီးဆုံးမရီးရှန်းက မြေပဲစားရင်း သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

“ညီမ အထူးဧည့်သည်တော်တစ်ယောက်အတွက် လက်ဆောင်ပေးချင်လို့ပါ” ကျီကျောက်သည် လိုရင်းတိုရှင်း ရှင်းပြပြီးနောက် မားအိမ်တော်သို့ ထွက်လာခဲ့သည်။

မားထုန်က သူတို့နှစ်ယောက်ကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ အဆုံး၌ ကျီကျောက်သည် သူ့အတွက် အဆာပြေမုန့်အချို့အပြင် ခပ်လေးလေး ပိုက်ဆံအိတ် တစ်လုံးကိုပါ ပေးခဲ့ပေသည်။ အိတ်ထဲတွင် အနည်းဆုံး ငွေ ၄၊ ၅ လျန်းလောက် ပါမယ်လို့ ခန့်မှန်းရသည်။

မားထုန်၏ အကူအညီဖြင့် ကျီကျောက်၏ လက်ဆောင်ကို သခင်မကြီးမားဆီသို့ အောင်မြင်စွာ ပေးပို့နိုင်ခဲ့သည်။

နောက်တစ်နေ့တွင် ခရိုင်တရားသူကြီးသည် အစာသွပ်မုန့်ဆိုင်သို့ ကိုယ်တိုင် ရောက်လာပြီး အစာသွပ်မုန့်အချို့ ဝယ်ယူခဲ့သည်။

ရှန်းကျီးအစာသွပ်မုန့်ဆိုင်၏ စီးပွားရေးသည် နောက်ထပ် အခွင့်ကောင်းတစ်ခုကို ကြိုဆိုလိုက်ရပြန်သည်။

ဤအရာအားလုံးသည် ကျီကျောက်မှ ယူဆောင်လာပေးသော ကံကောင်းခြင်းဖြစ်သည်ကို အကြီးဆုံးမရီးရှန်း မှန်းဆသိရှိပြီးနောက် ကျီးကျောက်ကို ကိုးကွယ်ဖို့ ဆန္ဒရှိမိပေသည်။

“အကြီးဆုံးမရီး ဒီအနီးအနားမှာ ဆီကြိတ်ပေးတဲ့ အလုပ်ရုံရှိလားဟင်” ကျီကျောက်၏ အကြည့်တွေက အကြီးဆုံးမရီးရှန်း၏ လက်ထဲက အရသာ ငါးမျိုး မြေပဲစေ့တွေပေါ် အမှတ်မထင် ကျရောက်သွားသည်။

မြေပဲဆီထုတ်ယူပြီး တုတ်ထိုးအကြော်စုံ သို့မဟုတ် ကြက်သားတုတ်ထိုးကြော်တို့ပြုလုပ်ရန် အသုံးပြုပါက သေချာပေါက် အရသာရှိလိမ့်မည်။

“ဆီကြိတ်ပေးတဲ့ အလုပ်ရုံလား။ ငါတို့ရွာမှာ တစ်ခုရှိတယ် မဟုတ်ဘူးလား။ ရွာလူကြီးတို့ မိသားစုက ဆီကြိတ်တဲ့ အလုပ်ရုံတစ်ခု ပိုင်ဆိုင်ထားတယ်လို့ အမေ့ဆီကနေ ငါ ကြားဖူးတယ်။”

“ဟုတ်ပြီ။”

ကျီကျောက်သည် တိကျသောသတင်းကိုရရှိပြီးနောက် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

သူမ ဘာဆက်လုပ်သင့်လဲဆိုတာကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။

အရင်ဆုံး ဆီကြိတ်ပေးတဲ့ အလုပ်ရုံကိုရှာဖွေရမည်။ ထို့နောက် သူမသည် အရည်အသွေးမြင့် မြေပဲများကို ဝယ်ယူပြီး အသန့်စင်ဆုံး မြေပဲဆီကို ထုတ်ယူရမည်။

ရှန်းဟယ်ကျေးရွာ။

ကျွမ်းကျွမ်းရဲ့ အနှီးကို လျှော်နေတဲ့ ကျောက်လန်ဟွာက ကျီကျောက်ရဲ့ ပြောစကားကို နားထောင်ပြီး အံ့အားသင့်သွားခဲ့သည်၊ “အာ့ထောင် နင် ငါ့ကို လာနောက်နေတာလား။ အဲဒီမြေပဲတွေကနေ ဆီထုတ်ယူလို့ရတယ်တဲ့လား။”

“ရတာပေါ့” ကျီကျောက်က မဆိုင်းမတွ ခေါင်းညိတ်ပြသည်၊ “အမေ အခုအရေးကြီးဆုံး ဆီကြိတ်လို့ရတာကို ရှာဖို့ပဲ။ သမီးတို့ အရင်စမ်းကြည့်လို့ရတယ်လေ။”

“ကောင်းပြီ” ကျောက်လန်ဟွာက ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်၊ “ဒါပေမယ့် အခုကတော့ နောက်ကျနေပြီ။ နည်းနည်းမှောင်နေပြီဆိုတော့ ရွာလူကြီးကို ငါတို့ သွားမနှောင့်ယှက်သင့်ဘူး။ နင် အခန်းထဲပြန်ပြီး ဒီအကြောင်းကို ဘာဖြစ်လို့ ဆက်မတွေးတာလဲ။ နင်နဲ့ စန်းလန်တို့ ဒီအစီအစဉ်ကို အတူဆွေးနွေးလိုက်ကြဦး။ မနက်ဖြန်မနက်ကျရင် အမေ နင့်ကို ရွာလူကြီးဆီ လိုက်ပို့ပေးမယ်။”

“ဟုတ်ကဲ့” ကျီကျောက်သည် ကျောက်လန်ဟွာကို တောက်ပစွာ ပြုံးပြဖို့ကို မမေ့လျော့ခဲ့ပေ၊ “ကျေးဇူးပါ အမေ”

“နင်နဲ့ စန်းလန်တို့ ညစာစားပြီးပြီလား။ မြေအိုးထဲမှာ ကြက်စွပ်ပြုတ်ကို နွေးထားတယ်။ အမေ နင့်အတွက် ခေါက်ဆွဲလုပ်ပေးရမလား။”

“အမေ ကျန်တဲ့ အနှီးတွေကို သမီးပဲ ဆက်လျှောက်လိုက်မယ်။ အမေ အခန်းထဲပြန်ပြီး အနားယူလိုက်တော့နော်” ကျီကျောက်သည် ကျောက်လန်ဟွာ၏ လက်ထဲမှ အနှီးတွေကို လှမ်းယူပြီး ကျောက်လန်ဟွာကို ပင်မအခန်းဆီ သူမကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။

၁ နာရီ အကြာ၊ ရှန်းမိသားစု၏ မီးဖိုချောင်တွင်။

ရှန်းယောင်သည် မီးမွှေးဖို့ကူညီပေးခဲ့သည်။ မီးပြင်းလာသောအခါ မီးဖိုချောင်ထဲမှ ခေါင်းတစ်ဝက်ထွက်ပြီး ကျီကျောက်ကို လှမ်းမေးလိုက်သည်၊ “အာ့ထောင် မီးအဆင်သင့်ဖြစ်ပြီ။”

“ကောင်းပြီ” မုန့်နယ်နေတဲ့ ကျီကျောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

ကျီကျောက်သည် လက်တစ်ဖက်၌ ဂျုံမုန့်ညက်ကိုကိုင်ထားပြီး‌ နောက်တစ်ဖက်၌ ဓားတစ်ချောင်းကို ကိုင်ထားသည်။

သူမရဲ့ ခေါက်ဆွဲလှီးဖြတ်တဲ့လှုပ်ရှားမှုတွေက ချောမွေ့ပြီး သက်တောင့်သက်သာရှိကာ မျက်စိပသာဒ ဖြစ်စေပါသည်။

နာရီဝက်လောက်ကြာတော့ ခေါက်ဆွဲပေါ် ကြက်သားတုံးလေးတွေ ဖြူးပြီး ကြက်သားညှပ်ခေါက်ဆွဲ ပန်းကန်လုံးကို ရှန်းယောင်အရှေ့သို့ ချပေးလိုက်သည်။

“ဒီခေါက်ဆွဲထဲ ငရုတ်ဆီထည့်ရင် ပိုမွှေးလာလိမ့်မယ်” ကျီကျောက်က မွှေးရနံကို ရှုရှိုက်မိသောအခါ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

“အခုတင် အရမ်းမွှေးနေပြီ” ရှန်းယောင်က တူကို ကောက်ကိုင်ပြီး စိတ်မရှည်စွာ တစ်လုတ် ချက်ချင်း စားလိုက်သည်။

ခေါက်ဆွဲသားများသည် နှင်းများကဲ့သို့ ပါးလွှာသော်လည်း စားရတာ အတော်လေး နူးညံ့ပျော့ပြောင်းသည်။

တစ်လုတ်စားလိုက်ရုံဖြင့် စွပ်ပြုတ်အရည်က ပါးစပ်ထဲ လုံးဝပေါက်ကွဲထွက်သွားခဲ့သည်။

အိပ်ငိုက်နေသော ဒုတိယမရီးရှန်းသည် အနံ့ရလိုက်သည်နှင့် ချက်ချင်းဆိုသလို တံတွေးမျိုချလိုက်မိသည်။

“ယောကျာ်း မီးဖိုချောင်ကို မြန်မြန်သွားပေးပါဦး။ အာ့ထောင်က အရသာရှိတာကို ထပ်လုပ်စားပြန်ပြီထင်တယ်။ ကျွန်မအတွက်ပါ တစ်ပန်းကန် ပိုလုပ်ပေးဖို့ ပြောပေးပါဦး” ဒုတိယမရီးရှန်းက ဒုတိယအစ်ကိုရှန်း၏ လက်မောင်းကို အမြန်ဆွဲကိုင်ပြီး အလောတကြီး ပြောလိုက်သည်။

သူမ ကလေးမီးဖွားပြီးနောက် မီးနေသည့် မီးတွင်းကာလမှာသာ မဟုတ်ရင် သူမကိုယ်တိုင် မီးဖိုချောင်ထဲ ပြေးဝင်သွားမိပေလိမ့်မည်။

“ဒါပေမယ့် မိန်းမ မင်း လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ကြက်သားစွပ်ပြုတ် တစ်ပန်းကန်ကြီး သောက်ထားတာ မဟုတ်ဘူးလား။ မင်း ဗိုက်ဆာပြန်ပြီလား။”

“ကျွန်မ အဲဒီလောက် ဗိုက်မဆာပါဘူး။ ကျွန်မ တောင့်တမိရုံပါပဲ” ဒုတိယမရီးရှန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်၊ “အိုင်းယား မြန်မြန်ထပြီး မီးဖိုချောင်ကို တစ်ချက်သွားကြည့်ပေးပါဆို။ အာ့ထောင်က ကျွန်မအတွက် တစ်ပန်းကန် ပြင်ထားပေးပြီးပြီထင်တယ်။”

ဒုတိယမရီးရှန်းမျှော်လင့်ထားသည့်အတိုင်း ကျီကျောက်သည် သူမအတွက် ကြက်သားညှပ်ခေါက်ဆွဲ တစ်ပန်းကန်ကို အမှန်ပင် ပြင်ဆင်ပေးထားခဲ့သည်။

“ဒါနဲ့ပြောရရင် အာ့ထောင်က အရမ်းတော်တာပဲ” ဒုတိယမရီးရှန်းသည် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်၊ “ယောကျာ်း၊ ရှင်မသိလို့နော်၊ ကျွန်မ ကျွမ်းကျွမ်းကို မွေးတဲ့အချိန်တုန်းက သေလုမတတ် နာကျင်ခဲ့တယ်။ ကံကောင်းတာ အာ့ထောင်က ကျွန်မကို တွဲပြီး လမ်းကူလျှောက်ပေးရုံမကဘူး၊ ကျွန်မကို အားပေးနှစ်သိမ့်ပေးတယ်။ သူမက ကျွန်မကို မြွေဖြူမယ်ဒဏ္ဍာရီဆိုတဲ့ပုံပြင်ကိုတောင် ပြောပြပေးသေးတယ်၊ ဒါကြောင့်သာ ကျွန်မ နာကျင်မှုဝေဒနာကို မေ့သွားပြီး ကလေးကို ရှောရှောရှုရှု မွေးဖွားနိုင်ခဲ့တာလေ။”

“ဒါဆို တတိယခယ်မလေးက မင်းနဲ့ ကျွမ်းကျွမ်းတို့ရဲ့ ကျေးဇူးရှင်ပဲ။”

“ဟုတ်တယ်” ဒုတိယမရီးရှန်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်၊ “ယောကျာ်း ကျွန်မတို့ အာ့ထောင်ကို ကျေးဇူးတင်တဲ့ လက်ဆောင် တစ်ခုလောက် ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။”

“ကိုယ်တို့က မိသားစုတွေဆိုတော့ အရမ်းကြီး ယဉ်ကျေးနေဖို့မလိုဘူး၊ ဒါပေမယ့် ကျွန်မတို့အမေက လက်ဆောင်တွေ အများကြီး ပေးတာကို ထူးဆန်းတယ်လို့မထင်ဘူးလေ” ဒုတိယမရီးရှန်းသည် ပေါ့ပါးစွာ နေထိုင်တတ်သော ကိုယ်ရည်ကိုယ်သွေးရှိပုံရသော်လည်း တကယ်တမ်းတော့ သူမသည် အလွန်စေ့စပ်သေချာပါသည်။

“ကောင်းပြီလေ။”

ဒုတိယအစ်ကိုရှန်းတို့လင်မယားသည် ကျီကျောက်ကို ဘယ်လို လက်ဆောင်မျိုးပေးရင် ကောင်းမလဲလို့ စိုးရိမ်နေသကဲ့သို့ ကျီကျောက်သည်လည်း စိုးရိမ်စပြုလာသည်။

သူမမှာ အစီအစဉ်တွေ အများကြီး ရှိပေမယ့် တစ်ခုမှ မကောင်းပါဘူး။ ဒါပေမယ့် ဘယ်အရာပဲဖြစ်ဖြစ် သူမ ချက်ချင်း သဘောမပေါက်နိုင်တာကြောင့်…

သူမမှာ ပိုက်ဆံမရှိတော့ဘူး။

ရှန်းယောင်သည် ရေနွေးဇလုံဖြင့် လှမ်းဝင်လာချိန်တွင် ကျီကျောက်က မျက်မှောင်ကြုတ်ပြီး ပိုက်ဆံရေနေတာကို တွေ့လိုက်ရသည်။ သူသည် မရယ်ဘဲ မနေနိုင်ခဲ့ပေ။ “အာ့ထောင်၊ မင်းလို ငွေရေတွက်ရင်း မျက်မှောင်ကြုတ်နေတဲ့သူမျိုးကို ပထမဆုံး မြင်ဖူးတာပဲ။”

“ရှန်းယောင် ကျွန်မကို မစနဲ့” ကျီကျောက်သည် ကူကယ်ရာမဲ့စွာ ပခုံးတွန့်ပြီး ဒေါသတကြီး ပြောလိုက်သည်၊ “နောက်ဆုံးတော့ စိတ်ကူးတွေက ပြီးပြည့်စုံပေမယ့် လက်တွေ့ဘဝက ကြမ်းတမ်းတယ်ဆိုတာကို ကျွန်မ နားလည်သဘောပေါက်သွားခဲ့ပြီ။”

သူမစိတ်ထဲမှာ အတွေးများစွာ ရှိနေသည်။

ဘယ်အရာကိုပဲလုပ်လုပ် သူမ သေချာပေါက် ပိုက်ဆံ အများကြီး ရှာနိုင်ပေလိမ့်မည်။

ကံမကောင်းစွာပဲ သူမမှာ ပိုက်ဆံမရှိလို့ အစီအစဉ်တိုင်း မအောင်မြင်ခဲ့ပါဘူး။

...

ခြေထောက်ရေစိမ်ပြီးနောက် ကျီကျောက်သည် အများကြီး စိတ်အပန်းပြေသွားသလို ခံစားလိုက်ရသည်။

“ဒီနေ့ အကြီးဆုံးမရီး မြေပဲစားနေတာကိုမြင်ပြီး ကျွန်မ လျှပ်တပြတ် အကြံတစ်ခု ရလိုက်တယ်။ တကယ်လို့ ကျွန်မတို့သာ မြေပဲဆီထုတ်ယူနိုင်မယ်ဆိုရင် အကျိုးကျေးဇူး အများကြီး ရမှာ ကျိန်းသေတယ်။”

“ကံမကောင်းစွာပဲ လက်တွေ့ဘဝက ထင်ထားတာထက် ပိုရက်စက်နေတယ်” ကျီကျောက်သည် ခါးသီးစွာ ပြုံးလိုက်မိသည်၊ “ဆီကြိတ်တဲ့ အလုပ်ရုံဖွင့်ဖို့ဆိုတာ မလွယ်ဘူး။ နောက်ပြီး ကျွန်မ ဟိုဟိုဒီဒီ မေးစမ်းကြည့်ဖူးတယ်။ ဆီကြိတ်တဲ့ အလုပ်ရုံဖွင့်ချင်ရင် ခရိုင်တရားရုံးကို သတင်းပို့ဖို့ လိုအပ်တယ်။”

“အာ့ထောင်” ရှန်းယောင်က ခဏလောက် စဉ်းစားပြီး တိုးတိုးလေး အကြံပေးသည်၊ “မင်း အရင်လုပ်ဖို့ စဉ်းစားထားတာတွေကိုပဲ အရင်ကိုယ်တွယ်ရအောင်။ တကယ်တော့ တစ်ခါတလေမှာ အတွေးများလွန်းတာက လူတစ်ယောက်ရဲ့ ကနဦးဆုံးဖြတ်ချက်တွေကို ထိခိုက်စေနိုင်တယ်။”

“ဟုတ်သားပဲ” ကျီကျောက်သည် ချက်ချင်းဆိုသလို လက်ခုပ်ထတီးလိုက်သည်၊ “ရှန်းယောင် ရှင်ပြောတာ မှန်တယ်။”

လူတစ်ယောက် ဝါးနိုင်တာထက် ပိုဝါးလို့မရဘူး။ ဒါ့အပြင် ဖက်တီးတစ်ယောက်ဆိုလျှင်ပင် တစ်ကြိမ်မှာ တစ်ကိုက်ပဲ စားလို့ရတယ်။

ဆီကြိတ်တဲ့အလုပ်ရုံတစ်ခုဖွင့်ခြင်းသည် သူမအတွက် အလွန်ခက်ခဲသော်လည်း အချမ်းသာဆုံးဖြစ်သည့် ချင်မိသားစုဆိုရင်ရော ဘယ်လိုလဲ။

“ရှန်းယောင် မနက်ဖြန်မနက်ကျရင် ရှင် ကျွန်မနဲ့အတူ သခင်လေးချင်ကို တွေ့ဖို့ လိုက်ခဲ့ပေးပါလား။”

All Chapters