မ.. မကြောက်ပါဘူး
Vol. 10 Ch. 182
“ကျွန်မ…” ကျီကျောက်သည် ဒါကို ဘယ်လိုရှင်းပြရမှန်း မသိပေ။
သူမ၏ ချီတုံချတုံ အမူအရာကြောင့် ရှန်းယောင်၏ နှလုံးသားကို မသိစိတ်က နာကျင်သွားစေခဲ့သည်။
“နောက်ကျနေပြီ။ စောစော အနားယူရအောင်” ရှန်းယောင်သည် သူမ၏ ပခုံးကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။ သူ့အသံက ယခင်အတိုင်း နူးညံ့နေသော်လည်း ကျီကျောက်သည် သူ့အသံထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော အထီးကျန်မှုကို ကြားနေရဆဲပါ။
သို့ရာတွင် သူမသည် အမှန်ပင် ဘယ်လိုပြောရမှန်း မသိချေ။
သူမသည် ၂၁ ရာစုတွင် မျိုးရိုးစဉ်ဆက် အမွေဆက်ခံလာသည့် တော်ဝင်စားဖိုမှုးမျိုးဆက် ဖြစ်သောကြောင့် သူမ၏ အချက်အပြုတ်ကျွမ်းကျင်မှုမှာ အလွန်ကောင်းမွန်သည်။
သူမသည် ပညာတတ်မိသားစုမှ ဖြစ်သောကြောင့် စာကို ရေးတတ်ဖတ်တတ်ရှိပြီး ဘွဲ့တစ်ခု ရခဲ့သည်။
သူမသည် လက်ရေးလှဝါသနာပါသောကြောင့် လက်ရေးလှကို ကောင်းစွာ ရေးသားနိုင်သည်။
“ခဏနေဦး” ကျီကျောက်သည် သူ့ရှေ့ကို အလျင်စလို လျှောက်သွားပြီး သူ ထွက်သွားဖို့ပြင်နေတာကို တားမြစ်လိုက်သည်၊ “ရှန်းယောင် ကျွန်မ ရှင့်ကို မယုံတာ မဟုတ်ပါဘူး။”
“ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မ ရှင့်ကို အရမ်းယုံကြည်တယ်” ကျီကျောက်က သူ့မျက်ဝန်းထဲကို အသေအချာကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်၊ “ကျွန်မတို့ ခံစားချက်တွေကို အချင်းချင်း ဖလှယ်ပြီးကတည်းက ရှင့်အပေါ် ထားရှိတဲ့ ကျွန်မရဲ့ ယုံကြည်မှုက ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ဘူး။ ရှင် ကျွန်မကို ဘာကြောင့် ဒီလောက်ကောင်းအောင် ရေးသားနိုင်တာလဲလို့မေးတယ်။ ကျွန်မ ရှင့်ကို မယုံလို့ မပြောပြနိုင်တာ မဟုတ်ဘူး။ ကျွန်မ ရှင့်ကို ဘယ်လိုပြောရမှန်း မသိလို့ ကျွန်မ ပြန်ဖြေဖို့ တုံ့ဆိုင်းနေတာပါ။”
“ရှင့်လို ထက်မြက်တဲ့လူတစ်ယောက်အနေနဲ့ ဒီအချိန် ရှင့်ရှေ့မှာရပ်နေတဲ့ ကျွန်မက ရှီလျို့ရွာက ကျီအာ့ထောင်နဲ့ အတော်လေး ကွာခြားတာကို ရှင် သတိပြုမိလောက်မယ် ထင်ပါတယ်။ ကျွန်မတို့နှစ်ယောက်က လုံးဝကွဲပြားခြားနားတယ်လို့တောင် ပြောလို့ရတယ်။ ဒါတွေအားလုံးကို ကျွန်မ ရှင်းပြပေးနိုင်တယ်” ကျီကျောက်က တိုးတိုးလေး ပြောလိုက်သည်၊ “ရှန်းယောင် ကျွန်မ ရှင့်ကို ကျွန်မရဲ့ လျှို့ဝှက်ချက်တွေ ပြောပြပေးနိုင်ပါတယ်၊ ဒါပေမယ့် ရှင် တွေးကြည့်ပြီးပြီလား။ ရှင် ဒီလျှို့ဝှက်ချက်တွေကို နားထောင်ဖို့ တကယ်ပဲ အဆင်သင့်ဖြစ်ရဲ့လား။”
ကျီကျောက်၏ အမေးကို ရင်ဆိုင်လိုက်ရတော့ ရှန်းယောင် နှုတ်ဆိတ်သွားခဲ့သည်။
သူက သူ့ကိုယ်သူ အရမ်းသတ္တိကောင်းတယ်လို့ အမြဲထင်ခဲ့သော်လည်း ဒီအခိုက်အတန့်တွင် သူ စိုးရွံ့နေခဲ့သည်။
“အာ့ထောင် မင်း ကိုယ့်ကို မင်းရဲ့ လျှို့ဝှက်ချက်ကိုပြောပြပေးမယ်ဆိုရင် မင်းအပေါ် သက်ရောက်မှု ရှိနိုင်လား။”
“ကျွန်မ မသိဘူး။”
ကျီကျောက်က ဘာမှ မသိသလို ခေါင်းခါပြသည်။
“ရှန်းယောင် တကယ်တော့ ကျွန်မက ဒီမင်းဆက်က မဟုတ်ဘူး။ တကယ့် ကျီအာ့ထောင်က သေသွားပြီ၊ ကျွန်မက ကျီကျောက်ပါ။”
ရွှမ်း…
ကျီကျောက် ထိုသို့ပြောပြီးသည်နှင့် ပြတင်းပေါက်နားမှာ စူးရှသည့် အသံဖြင့် လျှပ်စီးတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အရပ်မျက်နှာအနှံ့ လျှပ်စီးလက်ပြီး မိုးခြိမ်းသံများ ခပ်အုပ်အုပ် မြည်ဟည်းလာခဲ့သည်။
ဒီအချိန်မှာ ကျီကျောက်ဟာ ရုတ်တရက် မူးလဲသွားခဲ့သည်။
“အာ့ထောင်” ရှန်းယောင်က သူမကို အမြန်ထိန်းပွေ့ပြီး စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
ကံမကောင်းစွာပဲ သူ့ကို တိတ်တဆိတ်မှုကသာ စောင့်ကြိုနေခဲ့သည်။
ည ၁၁ နာရီ။
ရှန်းယောင်သည် ကျီကျောက်၏ နံဘေးတွင် ရှိနေပြီး သူမ၏ ညာဖက်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ လုံးဝ လက်မလွှတ်ဝံ့ပေ။
ဒီအခိုက်အတန့်မှာ သူ တကယ် နောင်တရခဲ့သည်။
အာ့ထောင်ရဲ့ လျှို့ဝှက်ချက်ကို သူ ဘာကြောင့် သိချင်နေခဲ့ရတာလဲ။
တကယ်လို့ သူ မစပ်စုခဲ့ဘူးဆိုရင် အာ့ထောင်က မေ့လဲသွားမှာ မဟုတ်ဘူး။
ဒါတွေအားလုံးရဲ့ တရားခံက…
ရှန်းယောင်က သူ့မျက်လုံးတွေကို နာကျင်စွာ မှေးမှိတ်လိုက်သည်။ အာ့ထောင်ကို ဆုံးရှုံးလိုက်ရရင် ဘာဖြစ်သွားမလဲ ဆိုတာကိုတောင် သူ တွေးကြည့်လို့ မရဘူး…။
“ရှန်းယောင်” ကျီကျောက်က မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှန်းယောင်၏ နီမြန်းနေသော မျက်ဝန်းအစုံကို မြင်တွေ့လိုက်ရသည်။ သူမ ချက်ချင်းဆိုသလို ရင်နာသွားခဲ့သည်၊ “ဘာဖြစ်တာလဲ။”
“အာ့ထောင် မင်း နိုးလာပြီလား” ရှန်းယောင်က စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်သည်၊ “မင်း အဆင်မပြေသလို ခံစားရလား။ ဗိုက်ဆာလား။ ရေဆာလား။”
“ကျွန်မ အဆင်ပြေပါတယ်” ကျီကျောက်က ထထိုင်ဖို့ ကြိုးစားလိုက်သည်။
ရှန်းယောင်က သူမ၏ ခါးနောက်မှာ ခေါင်းအုံးကို ချက်ချင်းဆိုသလို ခုပေးလိုက်သည်။
“ကျေးဇူးပါ” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်၊ “ကျွန်မ ပိုကောင်းလာပါပြီ။”
“ကိုယ် တောင်းပန်ပါတယ်” ရှန်းယောင်က အပြစ်ရှိသလို မျက်လွှာချလိုက်သည်။
“ရှင် ဘာဖြစ်လို့ တောင်းပန်နေရတာလဲ” ကျီကျောက်က အံ့အားသင့်သွားခဲ့သည်။
“တကယ်လို့ ကိုယ် မမေးခဲ့ဘူးဆိုရင် မင်း ရုတ်တရက် မူးလဲသွားမှာ မဟုတ်ဘူး” ရှန်းယောင်က ပိုလို့တောင် အပြစ်ရှိသလို ခံစားလာရသည်၊ “အာ့ထောင် ကိုယ် ဒီလို ထပ်မလုပ်တော့ဘူး။”
“ရှင်က အရမ်းမိုက်တာပဲ” ကျီကျောက်က ရယ်ရမလား ငိုရမလားပင် မသိတော့ပေ၊ “ရှင် လုပ်တာ မမှားပါဘူး၊ ဒါကြောင့် ရှင် တောင်းပန်ဖို့ မလိုအပ်ဘူး။”
“ဒါပေမယ့်…”
“ဒါပေမယ့်ဆိုတာ မရှိဘူး” ကျီကျောက်က ခပ်မာမာ ပြောလိုက်သည်၊ “ရှန်းယောင် တကယ်တော့ ကျွန်မ ရှင့်အတွေးကို နားလည်ပေးနိုင်ပါတယ်။ တကယ်လို့ ကျွန်မသာ ရှင့်နေရာမှာဆိုရင် ရှင့်ထက်တောင် ပိုသိချင်မိမှာ သေချာတယ်။”
အမှန်တော့ နာမည်ပျက်နေပြီဖြစ်သော အမျိုးသမီးတစ်ဦးသည် ဤကဲ့သို့ ကမ္ဘာမြေကြီးအား လှုတ်ခတ်သွားစေနိုင်သည့် အပြောင်းအလဲကို အမှန်တကယ် ကြုံတွေ့နိုင်သည်။
“ရှန်းယောင် ကျွန်မ ရှင့်ကို တကယ်ပြောပြချင်တဲ့ ကျွန်မရဲ့ လျှို့ဝှက်ချက်အချို့ရှိတယ်။ ဒါပေမယ့် ကျွန်မ ပြောလို့မရဘူး။ ရှင်လည်း အခုတုန်းက ဖြစ်လာတဲ့ အကျိုးဆက်ကို မြင်တယ်မလား” ကျီကျောက်က သူ၏ ကြီးမားကျယ်ပြန့်သော လက်ဖဝါးကို ညင်သာစွာ ဆွဲယူဆုပ်ကိုင်ပြီး တိုးတိုးလေး ရှင်းပြသည်၊ “အချိန်တန်ရင် ရှင် ဒီလျှို့ဝှက်ချက်တွေကို သေချာပေါက် နားလည်သွားလိမ့်မယ်လို့ ကျွန်မထင်တယ်။”
“ကောင်းပြီ။”
ကျီကျောက်က ချိုမြိန်စွာ ပြုံးပြပြီး အတွင်းဘက်သို့ ရွေ့ကာ သူ့အတွက် နေရာလွတ် အများကြီး ဖယ်ပေးလိုက်သည်၊ “ရှင် ကျွန်မနဲ့ အတူအိပ်ပေးမလား။”
ရှန်းယောင်က စိတ်မသက်မသာဖြစ်စွာ အကြည့်လွှဲလိုက်သည်၊ “ကိုယ့်မှာ ချန်ချန်ကို အိမ်စာတွေ စစ်ဆေးဖို့ ကျန်နေသေးတာကို အခုလေးတင် သတိရမိတယ်။”
“အာ့ထောင် ကိုယ် အရင်သွားလိုက်ဦးမယ်။ မင်းလည်း စောစောအနားယူသင့်တယ်။ မင်း စောင်ကို လုံလုံခြုံဖို့ မမေ့နဲ့နော်။”
“ခဏနေပါဦး။”
ကျီကျောက်က သူ့ကို ထပ်တားပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်၊ “ရှန်းယောင်၊ ရှင်… မစွမ်းဆောင်နိုင်ဘူးလား။”
“ဟမ်…” ရှန်းယောင်က ထိတ်လန့်သွားသည်၊ “အာ့ထောင် မင်း ဘာဖြစ်လို့ ဒီလိုပြောတာလဲ။”
“ဒါက… ကျွန်မ အလိုလို ထင်မိတာပဲလေ” ကျီကျောက်က မသိစိတ်က မှုန်ဝါးဝါး ပြန်ဖြေလိုက်မိသည်။
ရှန်းယောင်က သူမအနားသို့ တိတ်တဆိတ် လျှောက်လာပြီးပြီးနောက် တံခါးကို အမြန်ပိတ်ပြီး ကလန့်ထိုးလိုက်သည်။
ရုတ်ခြည်း သူ ပြန်လှည့်ပြီး ကျီကျောက်ကို သတို့သမီးပုံစံ ကောက်ပွေ့ပြီး ကျယ်ဝန်းတဲ့ နှစ်ယောက်အိပ်ကုတင်ရှိရာဆီ တစ်လှမ်းချင်း လှမ်းလျှောက်သွားခဲ့သည်။
ကျီကျောက်သည် သူမ၏ ရင်ခုန်နှုန်း မြန်ဆန်သွားသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
“အာ့ထောင် မင်းက ကိုယ့်ကို နှိုးဆွဖို့ အစပျိုးလိုက်တာပဲ” ရှန်းယောင်က သူမကို ကုတင်ပေါ် ဂရုတစိုက် ချထားပြီးနောက် သူမ၏ နားရွက်နားသို့ကပ်ကာ ပြောလိုက်သည်။ ရှန်းယောင်က သူမ၏ နားရွက်ကို အသာကိုက်ဆွဲပြီး သူ့အသက်ရှုငွေ့က သူမ၏ နားရွက်ကို ယားကျိကျိ ဖြစ်စေခဲ့သည်။
...
ကျီကျောက်သည် ပခုံးကျုံ့သွားပြီး သူမ၏ တစ်ကိုယ်လုံးက ပို၍ပင် တုန်ယင်လာခဲ့သည်။
ရှန်းယောင်၏ အနမ်းတွေက သူမ၏ နှုတ်ခမ်းပေါ် အခြေကျလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့ရဲ့ အဝတ်အစားတွေက ကြမ်းပေါ်မှာ ရှုပ်ပွနေခဲ့ပေသည်…။
ကျီကျောက်သည် စိတ်လှုပ်ရှားစွာ သူ့ပခုံးကို ပွေ့ဖက်ပြီး သူမ၏ မျက်လုံးတွေကို တင်းတင်းမှိတ်ထားကာ မဖွင့်ဝံ့ပေ။
သူမ၏ ပခုံးကို သူ့လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း ရှန်းယောင်၏ မျက်ဝန်းထဲရှိ အပြုံးရိပ်တို့က နက်ရှိုင်းလာခဲ့သည်။
“အာ့ထောင် မင်း ကြောက်နေတာလား” သူက တမင်တကာ ကျီစယ်လိုက်သည်၊ “အာ့ထောင် မင်း တကယ်ကြောက်နေရင် ကိုယ် ထွက်သွားပေးမယ်လေ၊ ဟုတ်ပြီလား။”
ကျီကျောက်သည် ပိုလို့တောင် စိတ်လှုပ်ရှားလာခဲ့သည်။ သူမ၏ လိပ်ပြာတောင်ပံများကဲ့သို့ မျက်တောင်များ အထိန်းအကွပ်မရှိ တုန်လှုပ်သွားခဲ့သည်။
“ကျွန်မ… ကျွန်မ မကြောက်ပါဘူး…။”
သူမ၏ အသံက သိသိသာသာ တုန်လှုပ်နေခဲ့သည်။
ရှန်းယောင်က သူမ၏ နှာသီးဖျားလေးကို ချစ်ခင်ကြင်နာစွာ ပုတ်လိုကသည်။ ထို့နောက် သူက စောင်ပါးလေးကို ဆွဲယူပြီး ကျီကျောက်ကို ခြုံပေးလိုက်သည်။ သူမကို ကောင်းသောညပါဟု တီးတိုးဆိုပြီး ထွက်သွားလေသည်။
ကျီကျောက်သည် တံခါးပိတ်သံကိုကြားမှသာ သူမ၏ မျက်ဝန်းကို ရဲရဲဖွင့်ရဲပေသည်။
...
အခန်းထဲမှာ သူမ တစ်ယောက်တည်း ကျန်ခဲ့တယ်ဆိုတာကို သေချာအောင် အတည်ပြုပြီးနောက် ကျီကျောက်သည် သူမ၏ ရင်ဘတ်ကို အသာဖိပြီး အသက်ပြင်းပြင်းရှုလိုက်သည်။
အခုမှပဲ သူမ တကယ်ကို နည်းနည်းကြောက်သွားခဲ့သည်…
သို့သော် ရှန်းယောင်၏ တုံ့ပြန်မှုက ဒီလိုဖြစ်နေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။
တစ်ချိန်တည်းမှာပင် ရှန်းယောင်သည် ပင်မအခန်းဘေးရှိ အခန်းငယ်လေးထဲသို့ အမြန်ပြေးပြီး ရေအေးချိုးလိုက်သည်။ ထိုအခါမှသာ သူ့ရဲ့ တောက်လောင်နေသော အပူမီးကို ထိန်းထားနိုင်ခဲ့သည်။
အခုနတုန်းက အာ့ထောင်ရဲ့ စိတ်ခံစားချက်ထဲတွင် ဖုံးကွယ်ထားသော စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုကို သူ အာရုံခံမိသည်။
သူ သူမကို အတင်းအကြပ် မလုပ်ချင်သည့်အတွက် လက်လျော့ပြီး ပြန်ထွက်လာခဲ့တာ ဖြစ်သည်။
သူမျှော်လင့်ထားသည်မှာ သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ချင်းကို ပေါင်းစည်းစေလိုခြင်း ဖြစ်သည်။
ထိုသို့ မဟုတ်ဘဲ အတူနေလိုက်မည်ဆိုလျှင် တပ်မက်မှုလို့ခေါ်တဲ့ တဏှာကြောထဲ မြောပါသည်နှင့် ဘယ်ထူးပါ့မလဲ။