← Chapters

အခန်း (၁၀၆၆-၁၀၇၀)

Vol. 61 Ch. 1066-1070

အခန်း (၁၀၆၆-၁၀၇၀)

Vol. 61 Ch. 1066-1070

အခန်း(၁၀၆၆)

ဘုန်း ဘုန်း ဘုန်း

တစ်ကြိမ်တွင် ခြေတစ်လှမ်းနှုန်းနှင့် မော့ဆေဘာ စစ်သည်တစ်သောင်းဟာ မရပ်တန့်နိုင်သော အရှိန်အဟုန်မျိုးကို သယ်ဆောင်ပြီး လျှင်မြန်စွာ ချီတက်လာကြသည်။ သူတို့၏လမ်းတွင် မည်သည့်အရာကမှ မပိတ်နိုင်သလို ပိတ်နေလျှင်လည်း အမှုန့်ဖြစ်အောင် ချေမွနိုင်သလို ပေါ်ထွက်လာကြခြင်းဖြစ်နေသည်။

မော့ဆေဘာအဖွဲ့သည် မယုံနိုင်စရာကောင်းသည့် အရှိန်နှုန်းနှင့် ချီတက်လာကြလေရာ တစ်ခဏခန့်သာ ကြာပြီးနောက် တိုက်ပွဲနယ်မြေ၏ အပြင်းထန်ဆုံး အပိုင်းသို့ ရောက်ရှိသွားလေသည်။ မော့ဆေဘာအဖွဲ့၏ ဝင်္ကပါရှေ့ဆုံးတန်းမှ စစ်သားများဟာ သူတို့၏ ခုနှစ်ပေခန့်ရှည်သော မော့ဆေဘာများကို တစ်ဖက်မှ ချီတက်လာသည့် အာရပ်မြင်းတပ်များကို ဆောင့်ထိုးလိုက်ကြသည်။

ဟီး...

လေထဲတွင် စစ်မြင်းများ၏အော်သံက ပြည့်နှက်သွားသည်။ မော့ဆေဘာများက ဆင်းသက်လာသည်နှင့် အာရပ်မြင်းတပ် အဖွဲ့ဝင်များဟာ သူတို့၏ဓားမောက်ရှည်များကို မြှောက်လိုက်ကြသည်။ ဖြတ်ကနဲ လက်သွားပြီးနောက် မြင်းနှင့်မြင်းစီးသူများက နှစ်ခြမ်းအခွဲခံရသည်။ အော်ဟစ်သံများက ချက်ချင်းလိုလို ကျယ်လောင်စွာ ထွက်ပေါ်လာလေပြီး လေထဲတွင် ပဲ့တင်ထပ်သွားသည်။ မော့ဆေဘာအဖွဲ့မှ စစ်သားများကမူ တိုက်ပွဲနယ်မြေတစ်ခုလုံးကို အာဏာရှင်တစ်ယောက်လိုမျိုး မင်းမူကာ စုတ်ဖြဲပစ်ရန် ကြိုးစားလေသည်။

စစ်မြင်းများက မြေပြင်ပေါ်တွင် လဲကျလျှက်ရှိသည်။ ထောင်ပေါင်းများစွာသော အာရပ်များ၏ အလောင်းများကလည်း တိုက်ပွဲနယ်မြေတွင် ထပ်မံဖြည့်စွက်ခံရသည်။ သို့တိုင်အောင် မော့ဆေဘာအဖွဲ့၏ အလုံးအရင်းနှင့် လုပ်ကြံသတ်ဖြတ်မှုဟာ အဆုံးမသတ်သေးချေ။ ဒါဟာအစမျှသာ ရှိသေးသည်။

“တောင်”

ရုတ်တရက် မော့ဆေဘာစစ်သည်တစ်သောင်းဟာ တစ်သားတည်းအဖြစ် ပေါင်းစည်းသွားပြီး ဆေဘာများကို မြှောက်လိုက်ကြသည်။ ထိုဆေဘာကြီးများကို ရင်ဘက်နားကပ်ကာ အနီးကပ် စုပ်ကိုင်ထားလိုက်ရင်း တဖန်ရှေ့ဆက်ကြသည်။

ဘုန်း

ဒုတိယမြောက် အာရပ်မြင်းတပ်တစ်သုတ်ဟာ ချီတက်လာသည်။ မော့ဆေဘာ စစ်သည်တစ်သောင်းဟာ တဖန်ပြန်လည် တိုက်ခိုက်လိုက်သည်။ သူတို့၏ဆေဘာကို တစ်ချက်ထိုးသွင်း ခုတ်ပိုင်းလိုက်ရုံနှင့် စီတန်းစွာရှိနေသော အာရပ်စစ်သည်တော်များ အားလုံးကို မွှေနှောက်ရင်း အာရပ်စစ်သည် တစ်သောင်းနီးပါးကို သူတို့၏လက်နက်အောက်တွင် လဲကျသွားစေသည်။ ကပြောင်းကပြန် မွှေနှောက်ခံရသလို လိမ့်တက်လာသည့် ဖုန်လုံးများက လေထဲတွင် ရစ်စိုင်းလာသည့် အချိန်တွင် မော့ဆေဘာအဖွဲ့ဟာ ဆက်လက်ပြီး ချီတက်နေပြီဖြစ်သည်။

“တောအုပ်”

နောက်ထပ် အော်သံတစ်ချက်နှင့်အတူ မော့ဆေဘာစစ်သားများ၏ မြို့ရိုးတစ်ခုလိုမျိုး သိပ်သည်းစွာရှိနေသော ဝန်းကျင်အစုက တဖန်ပြန်လည် ရှေ့သို့ချီတက်ကြသည်။ တားဆီ၍မရသော ဒီရေလှိုင်းကြီးတစ်ခုလိုမျိုးဖြစ်သည်။

ဘုန်း

နောက်ထပ် အာရပ်မြင်းတပ် တစ်အုပ်က အော်ဟစ်ရင်း ထိုအဖွဲ့အောက် ကျရှုံးသွားရပြန်သည်။ သူတို့၏သွေးများက မြေပြင်သို့ စိမ့်ဝင်ကုန်သည်။ မော့ဆေဘာအဖွဲ့ဟာ တဖန်ပြန်လည် ရှေ့ဆက်ပြန်သည်။ သူတို့က အရှိန်ကိုပင် မြန်ဆန်လိုက်သေးသည်။

“လေ”

နောက်ထပ်တဖန်ထပ်ပြီး မော့ဆေဘာအဖွဲ့က အာရပ်စစ်သည် ထောင်ပေါင်းများစွာကို ခုတ်ပိုင်းပြန်သည်။ သူတို့၏ချီတက်သော အရှိန်က နှေးကွေးသွားရိုးထုံးစံ မရှိချေ။ လောကရှိ မည်သည့်အရာကမှ သူတို့ကို မတားနိုင်သလိုပင် ထင်ရသည်။ ရန်သူများဟာ မသေရင် သူတို့က သေရပေလိမ့်မည်။ တတိယမြောက် ရလဒ်က မရှိနိုင်ချေ။ ဒီတိုက်ပွဲတွင် မော့ဆေဘာများ၏ အရှည်က အားသာချက်ကို အပြည့်အဝ ပြနိုင်သွားသည်။ ‘တစ်လက်မပိုရှည်ရင် တစ်လက်မ ပိုအားသာတယ်’ဆိုသော စကားအတိုင်း သရုပ်ဖော်ပြနေသလိုမျိုး မော့ဆေဘာများ၏ ဖွဲ့စည်းပုံက ယခုလိုခုတ်ပိုင်းရာတွင် အားသာချက်ကို ဖော်ဆောင်နိုင်သွားသည်။ အာရပ်များက ပြန်လည်တိုက်ခိုက်ရန် အချိန်မရသေးခင် မော့ဆေဘာများ၏ တိုက်ကွက်များက ကျဆင်းလာပြီးသားဖြစ်သည်။

“မီး”

မော့ဆေဘာအဖွဲ့မှ စစ်သားများက ဆက်လက်ပြီး ရှေ့တိုးသည်။ သူတို့ဟာ လက်နက်ကိုမြှောက်သည်။ ထို့နောက် ခုတ်ချသည်။ သူတို့ဟာ မည်သည့်နေရာသို့ ဖြတ်သွားစေကာမူ သူတို့၏ အော်သံကို တုန့်ပြန်သလို လဲကျသွားသည့် အလောင်းပုံကိုသာ ချန်ထားရစ်ခဲ့သည်။ သူတို့က မိုးခြိမ်းမတက် ပြင်းထန်လွန်းသောအရှိန် ပို၍မြန်သထက်မြန်ကာ အင်အားကြီးသထက် ကြီးသွားသော နှုန်းမျိုးနှင့် တိုက်ပွဲနယ်မြေအနှံ့ ချီတက်နေသည်။ နောက်ဆုံးတွင်...

“နောက်ဆုတ်”

“မြန်မြန်နောက်ဆုတ်ကြ”

မော့ဆေဘာအဖွဲ့၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဟာ နောက်ဆုံးတွင် အာရပ်မြင်းတပ် အဖွဲ့ဝင်များ၏ မျက်ဝန်းအတွင်းမှ ကြောက်လန့်မှုများကို ဆွဲထုတ်နိုင်သွားသည်။ သူတို့ဟာ စတင်ကာ ကြောက်လန့်လာကြသည်။ မော့ဆေဘာအဖွဲ့၏ ကြောက်မက်ဖွယ်ကောင်းသော သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည့် စွမ်းအင်ဟာ ပို၍သာ ကြောက်စရာကောင်းလာလေပြီး ရပ်တန့်၍မရနိုင်အောင် ဖြစ်စေသည်။ သူတို့၏ ချီတက်မှုကို တား၍လည်းမရချေ။ မည်မျှမြောက်များသော စစ်သားများက ထိုထန်များထံ ချီတက်သွားစေကာမူ အားလုံးဟာ အသုံးမကျဖြစ်သွားရသည်။ သူတို့ဟာ ဆက်တိုက်လှမ်းနေသော ခြေလှမ်း၏ အကွာအဝေးကိုပင် မချုံ့သွားခဲ့ချေ။ အရှိန်ကလည်း နှေးကွေးသွားရိုး ထုံးစံမရှိသေးချေ။

မည်သူကမှ နောက်ဆုတ်မည်မဟုတ်သလိုမျိုး တစ်ဖက်သူ မသေမချင်း မရပ်တန့်သလိုမျိုး ဆက်တိုက် ချီတက်နေခဲ့သည်။ သို့သော် အနိုင်ရရန် မျှော်လင့်ချက်မဲ့လာသည့် အချိန်တွင် အာရပ်များအတွက် ကြောက်လန့်မှုဟာ ထိုးနှက်လာပြီဖြစ်သည်။

ဟီး...

စစ်မြင်းသောင်းကျော်က ဟီသည်။ သူတို့၏မြင်းစီးသူများထံမှ ကြောက်လန့်မှုဟာလည်း မြင်းများအပေါ် သက်ရောက်သည်။ သူတို့ဟာ စတင်ပြီး ရုန်းကန်လျှက် ဇာတ်ကြိုးများမှ လွှတ်အောင် ရုန်းကြသည်။ သူတို့ဟာလည်း ထိုမော့ဆေဘာဓားအဖွဲ့၏ လမ်းမှ ထွက်ပြေးလိုသည်။

ထိုအဖွဲ့၏နောက်တွင် နတ်အကျဉ်းထောင်စစ်တပ်၊ နတ်သိုင်းစစ်တပ်နှင့် နဂါးတပ်ရင်း စစ်တပ်များဟာ သံမဏိမြို့ရိုးထံ ချဉ်းကပ်လာနေပြီဖြစ်သည်။

“သေစမ်း ဘယ်လိုကြောင့် ထန်တွေမှာ ဒီလောက်ကြီးမားတဲ့တပ်ကူတွေ ရှိနေတာလဲ”

ဟာကွက်နေရာနားမှ အာရပ်ဗိုလ်ချုပ်တစ်ယောက်က အံ့ကိုကြိတ်ရင်း အံ့အားတကြီး မျက်လုံးပြူးကာ ကြည့်နေသည်။ ထိုမျှကြောက်စရာကောင်းသော ဖိအားဟာ စစ်အစိုးရကို ခစားနေစဉ် အတောအတွင်း မြင်ခဲ့ဖူးသမျှ ရန်သူတိုင်းထက် အပြတ်အသပ် သာလွန်းနေသည်။

ခြိမ်း

အာရပ်စစ်သားများက ဟာကွက်နေရာကို အသည်းအသန် ကျော်ဖြတ်ရန် ကြိုးစားနေရာမှ သူတို့၏ရှေ့တန်းဟာ ဆက်တိုက် ဖြတ်တောက်ခံနေရကြောင်း မြင်ရချိန်တွင်မူ နောက်ဆုံးတွင် စတင်ကာ နောက်ဆုတ်ရပြီဖြစ်သည်။

ဘုန်း

ထိုအခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သော ခရာမှုတ်သံက ထွက်ပေါ်လာသည်။ ဒါဟာ နောက်ဆုတ်ရန် အမိန့်ပေးနေခြင်းဖြစ်သည်။ နောက်ဆုတ်ရန် အချက်ပြမှုဟာ ရုတ်တရက် ဆန်လွန်းစွာ ထွက်ပေါ်လာသည်။ တိုက်ပွဲနယ်မြေတစ်ခုလုံးဟာလည်း ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။

ခြိမ်း

အာရပ်လက်ရွေးစင် သိန်းကျော်ဟာလည်း အလွန်မြန်ဆန်လွန်းသော အရှိန်နှုန်းနှင့် ထန်ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ရန် အသားကုန်ကြိုးစားရင်း ပြေးဝင်လာနေရာမှ ရုတ်တရက်ဆိုသလို နောက်သို့ပြန်လှည့်သည့် အရှိန်နှုန်းဟာ မြန်ဆန်လွန်းနေသည်။ ထိုသို့ဖြင့် သူဟာ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြသည်။

“သတ်”

အခြေအနေဟာ ရုတ်တရက်ဆန်လွန်းသဖြင့် အပြေးအလဲကိုပင် ထန်စစ်သားများဟာ လိုက်မမှီနိုင်တော့လောက်အောင် ကြောင်တောင်တောင် ဖြစ်သွားရသည်။ ထို့နောက် သူတို့အားလုံးဟာလည်း နောက်ဆုတ်သွားသော အာရပ်များနောက်သို့ လိုက်သတ်ကြသည်။

.....

“မျိုးမစစ်တွေ”

ထိုအခိုက်အတန့်တွင် စစ်အစိုးရချွီထေပါးကဲ့သို့ လေထဲတွင် ဓားကိုင်ပြီး ရပ်နေသောလူထက် မည်သူကမှ ပို၍ကြောင်အနေခြင်း မရှိလောက်ချေ။ သူ့ကို မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထိန်းထားသည်။ သူဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ပြစ်ချက်ကို အရရှာပြီး တိုက်ပွဲအတွက် ဦးဆောင်တော့မည့် အချိန်တွင် သူ၏စစ်တပ်ဟာ ရုတ်တရက် နောက်ဆုတ်နေပြီဖြစ်သည်။

သူဟာ အရှေ့မှ တွန်းထုတ်၍လည်းမရ၊ တိုင်းတာရန်လည်း ခက်ခဲလွန်းသော နက်နဲသည့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် အဝေးမှ ချဉ်းကပ်လာသော ပြင်းထန်လွန်းသည့် စွမ်းအင်မုန်တိုင်းကိုကြည့်သည်။ ထို့ပြင် ပြန်လည်သက်သာလာပြီဖြစ်သည့် ဝမ်ချောင်၊ ချန်းချန့်လီ၊ ဝမ်ရန်နှင့် ကောင်းရှန်းကျစ်တို့ကိုကြည့်ရင်း ချွီထေပါးက အံ့ကိုကြိတ်ကာ ရွေးချယ်လိုက်ရသည်။

“ထန် ငါတို့ထပ်တွေ့မှာပါ”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကိုကြည့်ကာ နောက်ဆုံးသောစကားကို ဆိုပြီးနောက် ချွီထေပါးက တိုက်ပွဲနယ်မြေမှ ဆုတ်ခွာရန် ရွေးချယ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က မျက်တောင်တစ်ခတ် အချိန်အတွင်း အဝေးသို့ရောက်သွားပြီဖြစ်သည်။

ချွီထေပါးဟာ ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ကိုကိုင်တွယ်ရုံနှင့်တင် ကြယ်တာရာစွမ်းအင် အများကြီးကို သုံးထားရသည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို အနိုင်ရပါမည်ဟု ယုံကြည်ချက်မရှိတော့ချေ။

ဘန်း

စစ်အစိုးရက အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းမျှသာ ကျန်ရစ်တော့သော အချိန်တွင် လေထုက ဟိန်းသံကို ထုတ်လွှတ်လာသည်။ သူ၏အနောက်တွင် ရွှေရောင်အလင်းတန်း ရှည်ကြီးက ချန်ထားရစ်လေသည်။

“ဘယ်လိုလဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏အနားမှ ရင်းနှီးကျွမ်းဝင်သော အလွန်အမင်း အိုမင်းနေသည့် လူအိုကြီးတစ်ယောက်၏ အသံက ထွက်လာသည်။ လေပြင်းက တစ်ချက်ဖြတ်တိုက်သွားပြီးနောက် ဝူရှန်းရွာသူကြီးက တစ္ဆေတစ်ကောင်လိုမျိုး ပေါ်လာပြီဖြစ်သည်။ သူဟာ တုတ်ကောက်ကိုကိုင်ထားသည်။ သူဟာ ပျောက်ကွယ်သွားသည်။ ချွီထေပါးကိုကြည့်သည်။

သူ၏အရှိန်နှုန်းဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ထက် အနည်းငယ်သာနေသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူဟာ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို ကျင့်ကြံထားသူဖြစ်သည်။ ထို့ကြောင့် သူဟာ အချိန်မှီမရောက်နိုင်ခဲ့ချေ။

“ဒီကောင်က တော်တော်လေးတော့ အင်အားကြီးတယ်။ ငါအရင်က ဒီလောက်လေးစားဖို့ကောင်းတဲ့ ပြိုင်ဘက်မျိုးကို မတွေ့ဖူးသေးဘူး။ ဒါ့အပြင် သူက အဲ့ဒီနယ်မြေအဆင့်ကို ရောက်နေပြီးမှာကိုပဲ စိုးရိမ်ရတယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပြောသည်။

“အာ”

ဝူရှန်းရွာသူကြီးက ကြောင်အသွားသည်။ သူ၏အကြည့်ကတင်းမာသွားသည်။ သူနှင့်မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့ကလည်း သူတော်စင်သိုင်းနယ်မြေအဆင့် အထွတ်အထိပ် အထက်မှနယ်မြေကိုသိသည်။ ထိုနယ်မြေသို့ ထိတွေ့ပြီးသော မည်သူကမဆို ဒဏ္ဍာရီလာ ကျွမ်းကျင်ပညာရှင်ဖြစ်သည်။

“ဒီကိစ္စကို လောလောဆယ် ဘေးဖယ်ထားပြီး ကလေးတွေကိုပဲ ကူညီရအောင်။ သူတို့ရဲ့ အင်အားမျိုးနဲ့ဆိုရင် ဒီလိုအဆင့်မျိုးမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်မျိုးကို တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ခပ်မြန်မြန်ပင် သူ၏အကြည့်ကို ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီထံပို့သည်။

ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က အနောက်ပိုင်းနယ်မြေမှ ပြိုင်ဘက်ကင်း ထင်ရှားသော ပုဂ္ဂိုလ်ကြီးများဖြစ်သော်လည်း ကောင်းရှန်းကျစ်ဟာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်ပြီး အန်းရှီကာကွယ်ရေး စစ်တပ်မှ ကာကွယ်ရေးဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသည့်တိုင်အောင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်အနေဖြင့် သူတို့ထက် အသက်အများကြီး ကြီးသည်။ ထို့ကြောင့် ကောင်းရှန်းကျစ်ဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အရှေ့တွင်မူ ကလေးသာဖြစ်သည်။

ဝှစ်

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ကောင်းရှန်းကျစ်နားသို့ မျောလွင့်နေရင်း ရောက်ရှိသွားသည်။ သူဟာ တစ်ဖက်သူကို မြေပြင်မှ ဆွဲထူလိုက်ပြီးနောက် ကောင်းရှန်းကျစ်၏ပုခုံးကို လက်ဝါးဖြင့်အသာပုတ်သည်။

ဘုန်း

စွမ်းအင်လေပြင်းက ဖြတ်တိုက်သွားသလို ပေါက်ကွဲသွားပြီးနောက်တွင် ကောင်းရှန်းကျစ်၏ ကိုယ်အတွင်းသို့ အလွန်များပြားသည့် မူလစွမ်းအင်များက ပင်လယ်အတွင်းသို့ မြစ်များစီးဝင်လာသလိုမျိုး စီးဝင်သွားလေသည်။

တစ်ချိန်ထဲတွင်ပင် ချန်းချန့်လီ၊ ရှီယွမ်ချင်နှင့် လော့ရှီယွီတို့၏ ကိုယ်အတွင်းသို့လည်း မူလစွမ်းအင်များက စီးဝင်သွားသည်။

“အာ”

လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။

“အင်အားကြီးလိုက်တာ”

သူတို့၏ခန္ဓာကိုယ်အတွင်းတွင် တိုးလာသော အင်အားများကို အာရုံခံမိသည်နှင့်အမျှ ချန်းချန့်လီနှင့် ရှီယွမ်ချင်တို့ကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို မှင်သက်စွာကြည့်ကြသည်။ သူတို့ဟာ ဝမ်ချောင်၏ဆရာကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုနှစ်ယောက်ဟာ အလွန်အမင်း အင်အားကြီးမားသည့် သိုင်းပညာရှင်များဖြစ်သည်ဟု ယူဆရသည့်တိုင်အောင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က သူတို့မျှော်လင့်ထားသမျှကို ကျော်လွန်နေနှင့်လေပြီ။

သူတို့ထဲမှ မည်သူကမှလည်း တစ်စုံတစ်ယောက်၏ မူလစွမ်းအင်ကို နားလည်နိုင်စွမ်းရည်နှင့် ထိန်းချုပ်နိုင်စွမ်းရည်က ထိုမျှအတိုင်းအတာအထိ မြင့်မားနေမည်ဟု မထင်ထားကြချေ။ ထိုလူ၏ အရှေ့တွင် အခြားသော သူတော်စင်သိုင်းနယ်မြေအဆင့်မှ ကျွမ်းကျင်ပညာရှင်များက ကလေးသာသာသာဖြစ်သည်။

“ဘယ်လောက်တောင် အင်အားကြီးမားတဲ့ စွမ်းအင်လဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အနားတွင်ကပ်လျှက်ရှိနေသည့် ကောင်းရှန်းကျစ်က သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့် သိပ်သည်းလွန်းသော မူလစွမ်းအင်များကို ခံစားမိသည်နှင့်အမျှ အခြေအနေကို နားလည်လိုက်သည်။ သူ၏အနားရှိ အကြီးအကဲ၏ ကိုယ်အတွင်းတွင် ပေါက်ကွဲမတက် ပြင်းထန်သည့် မူလစွမ်းအင်များ ရှိလောက်သည်။ ကောင်းရှန်းကျစ်ကပင် ထိုအကြီးအကဲ၏ ကိုယ်ပေါ်မှ သောင်းပေါင်းများစွာသော မူလစွမ်းအင် စုပ်ဝဲများကို ခံစားမိလေသည်။

ထို့ပြင် ယခင်က မည်သူ့ထံတွင်မျှ မခံစားဖူးသည့် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များကို အာရုံခံမိသည်။ ထိုကဲ့သို့သော သောင်းပေါင်းများစွာသော မုန်တိုင်းပေါင်းများစွာ စုဝေးလျှက် တည်ရှိနေသော အနေအထားမျိုးဟာ လူတစ်ယောက်တည်း၏ကိုယ်ပေါ်တွင် မရှိနေသင့်ချေ။

ထိုအခိုက်အတန့်တွင် သူဟာထိုလူနှင့် မဟာမိတ်ဖြစ်နေသည်မှာ ကံကောင်းလွန်းသည်ဟု ခံစားရသည်။ ကံကောင်း၍ သူဟာရန်သူမဟုတ်ချေ။

ဒါက ဝမ်ချောင်ရဲ့ အရန်သင့်အကြံအစည်လား။ သူဟာ ဒီလောက်အင်အားကြီးတဲ့ ကျွမ်းကျင်ပညာရှင်ကို ဘယ်နေရာက သွားရှာထားတာလဲ။

ကောင်းရှန်းကျစ်က အလွန်ခံစားသွားရသည်။ သူဟာ သူ့ကိုယ်သူ အင်အားအလွန်ကြီးပြီဟု ထင်ထားခဲ့သည်။ သို့သော် သူနှင့် ထိုအကြီးအကဲအကြားတွင် ကွာခြားချက်က ကြီးမားလွန်းနေသေးသည်။ ထိုအကြီးအကဲက ချွီထေပါးကို တားလိုက်သည်။ မတားနိုင်ခဲ့လျှင် ထိုအကျိုးဆက်က မျှော်လင့်ကြည့်ရန်ပင် ခက်ခဲလောက်အောင် ဝမ်းနည်းစရာ ကောင်းပေလိမ့်မည်။

ဆရာ့ရဲ့ အန်တိမ ဝိညာဉ်ပင်လယ်သိုင်းက ပိုပြီးအင်အားကြီးမားလာတဲ့ပုံပဲ။

ဝမ်ချောင်ထက် မည်သူကမှ ပိုမပျော်နိုင်ချေ။

သူ၏ဆရာဟာ တန်ထန်း ကွဲကြေသွားပြီးနောက် အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ရသည်။ သို့သော် အန်တိမဝိညာဉ်ပင်လယ်သိုင်းကို ကျင့်ကြံပြီးနောက် ဆရာဖြစ်သူ၏ စွမ်းအားက ထိုးတက်လာခဲ့သည်။ ဝမ်ချောင်က ဆရာဖြစ်သူကို မြင်ချိန်တိုင်းလိုလို သူ၏ဆရာဟာ ထိုသိုင်းအပေါ် နားလည်မှု ပို၍နက်ရှိုင်းလာကြောင်း ခံစားနေရသည်။ ဝမ်ချောင်ကပင် သူ၏ဆရာဖြစ်သူဟာ မည်သည့်အဆင့်တွင် ရောက်ရှိနေပြီဖြစ်ကြောင်းကို မတွေးတောနိုင်ချေ။

ကြည့်ရသည်မှာ တစ်ဖက်သူဟာ ခန္ဓာကိုယ်မှ မူလပြစ်ချက်များကို ကျော်လွန်ပြီးသွားလေပြီ။

အခန်း(၁၀၆၇)

“ချောင်အာ မင်းက စစ်ဘက်ခြမ်းမှာ အမိန့်တွေပေးလိုက်။ ငါတို့က ကျွမ်းကျင်ပညာရှင်တွေကို ကိုင်တွယ်ပေးမယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ရှေ့သို့ကြည့်သည်။ သူ၏အကြည့်က စူးရှသောအလင်းနှင့် တောက်ပနေသည်။ သူဟာ လက်ညိုးလေးကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် ထိုလက်ညိုးထိပ်မှတဆင့် ထွက်လာသည့် စွမ်းအင်အမျှင် ထောင်ပေါင်းများစွာက ထက်ရှလွန်းသော မြှားများအလား အဝေးရှိ ထွက်ပြေးသွားသော အာရပ်မြင်းတပ်ထံ တိုးဝင်သွားသည်။

ဘန်း ဘန်း ဘန်း

ပေါက်ကွဲသံအတွဲလိုက် ထွက်ပေါ်လာပြီးနောက်တွင် မြောက်များလွန်းသော အာရပ်မြင်းတပ် တစ်အုပ်က ပေရာပေါင်းများစွာခန့် အကွာသို့ လွင့်ထွက်သွားရသည်။

“သတ်”

မဟာထန်ဘက်မှ စစ်သားများဟာ လျှင်မြန်စွာနှင့် အရှိန်အဟုန်ကို တည်ဆောက်လိုက်နိုင်သည်။ တပ်ကူအဖြစ် ရောက်လာသည့် လက်ရွေးစင်စစ်သည် ခြောက်သောင်းလုံးဟာ မူလရှိနေပြီးသား ထန်စစ်တပ်နှင့် ကြေးစားစစ်သားများနှင့် ပူးပေါင်းလျှက် ရှေ့သို့အပြေးဝင်ရင်း ရိတ်သိမ်းကြသည်။ ချက်ချင်းဆိုသလိုပင် အာရပ်များဟာ ထန်များထက် မြန်ဆန်သော အရှိန်နှုန်းဖြင့် နောက်ဆုတ်ကြလေသည်။ အလွန်ဝေးကွာသော နေရာသို့ရောက်မှသာ ထန်ဘက်မှအော်သံကြောင့် လိုက်ဖမ်းမှုကို ရပ်တန့်လိုက်ကြသည်။

.....

“မျိုးမစစ်တွေ အပုမူစလင် ဒီစစ်သားတွေကို နောက်ဆုတ်ဖို့ ဘယ်သူကအချက်ပြတာလဲ”

စစ်တပ်နှစ်ဖက်လုံးက နောက်ဆုတ်သွားပြီးသော်လည်း အာရပ်ဘက်မှ အခြေအနေကမူ မတည်ငြိမ်သေးချေ။ အနက်ရောင် အလံလေးခု၏ အောက်ဘက်တွင် ရွှေရောင်သံချပ်ကာနှင့် ချွီထေပါးက အပုမူစလင်ကို ဒေါသအမျက် ထောင်းထောင်းထလျှက် အော်နေသည်။

ချွီထေပါးသည် အာရေးဗီးယားနိုင်ငံတွင် စစ်သွေးကြွလွန်းပြီး မိုက်ရူးရဲဆန်သော လူဖြစ်သည်။ သူဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် တိုက်ခိုက်ရန် စဉ်းစားနေသော အခြေအနေမျိုးတွင် အပုမူစလင်က ရုတ်တရက် ခရာကိုမှုတ်ကာ နောက်ဆုတ်ခိုင်းခဲ့သည်။ ဒါဟာ ချွီထေပါး လက်မခံနိုင်သော ကိစ္စမျိုးဖြစ်သည်။

ဝုန်း

ချွီထေပါးက ထိုသို့ပြောလိုက်ပြီးနောက် လေထဲသို့ အေးစက်သော စွမ်းအင်တစ်ရပ်က ဖြတ်သန်းသွားပြီး အပုမူစလင်ကို ပိတ်လှောင်ထားလိုက်သည်။ ချက်ချင်းဆိုသလိုပင် အားပါးနှင့် အော့စမန်းတို့ အားလုံးကလည်း အလွန်အမင်း တောင့်တင်းသော ခံစားချက်မျိုးကို ရလိုက်ကြသည်။

“ချွီထေပါး ငါတို့ပြောတာကိုနားထောင် ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူး”

အစိုးရအော့စမန်းက ခပ်မြန်မြန်ရှင်းပြသည်။

“ငါမင်းရဲ့ပါးစပ်ကို ဖွင့်ခိုင်းလို့လား”

ချွီထေပါးက အော့စမန်းကို တစ်ချက်ကြည့်သည်။ အေးစက်သောမျက်လုံးက အော့စမန်း၏ နှလုံးသားကို စိမ့်တက်သွားစေပြီး ပြောချင်သမျှစကားလုံးတိုင်းကို မြိုချလိုက်စေသည်။

သူတို့အားလုံးက အစိုးရများဖြစ်သော်လည်း ချွီထေပါးကသာ အင်အားအကြီးဆုံးဖြစ်ကြောင်း မေးခွန်းထုတ်ရန် မလိုအပ်ချေ။ သူ၏ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကတင် လူပေါင်းများစွာနှင့်ယှဉ်ပြီး တစ်ယောက်တည်း တိုက်ခိုက်နိုင်သော စွမ်းရည်ရှိစေသည်။ ထိုအခြေအနေကို မြင်ပြီးနောက် မည်သူကမှလည်း ထိုလူရူးနှင့် မတိုက်ခိုက်ရဲကြချေ။

“ချွီထေပါး ငါမင်းတိုက်ခိုက်တာကို တားလိုစိတ်မရှိဘူး”

ထိုအခြေအနေတွင် တည်ငြိမ်နေသော တစ်ဦးတည်းသောလူက အပုမူစလင်ဖြစ်သည်။ သူ၏အမူအရာကလည်း ခပ်အေးအေးသာဖြစ်ပြီး အကြောက်အလန့် မဲ့နေသည်။ သူဟာ အာရေးဗီးယား၏ စစ်နတ်ဘုရားအရှေ့တွင်ပင် တည်ငြိမ်နေသည်။

“သုံးပေလောက်ထူတဲ့ ရေခဲကို တစ်ရက်တည်းနဲ့ အရည်ဖျော်လို့မရဘူး။ ငါတို့က ထန်တွေနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတွေ ရှိသေးတယ်။ ပိုဆိုးတာက ငါတို့က သူတို့ရဲ့အင်အားကို စမ်းသပ်ရုံပဲဆိုရင် ဒါက ငါတို့ရဲ့ပန်းတိုင် ပြည့်မှီသွားပြီလို့ ပြောရမယ်။ သူတို့က တပ်ကူတွေအများကြီး ရထားတယ်။ နောက်ပြီး မဟာဗိုလ်ချုပ် လေးယောက်အပြင် အခုဆိုရင် အဲ့ဒီအဘိုးကြီးကပါ ပါလာသေးတယ်။ မင်းလည်း သူတို့နဲ့ အချိန်တစ်ခုကြာအောင် တိုက်ခိုက်ပြီးပြီပဲ။ ဒီတော့ သူတို့က အုပ်စုဖွဲ့ပြီး မင်းကိုတိုက်ခိုက်တဲ့အခါ အခြေအနေက ဆိုးဆိုးရွားရွား အဆုံးသတ်သွားလောက်တယ်”

“ဆိုတော့ မင်းက ငါသူ့ကို မနိုင်ဘူးလို့ထင်တာလား”

ချွီထေပါးက မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ သူ၏အမူအရာက ပို၍အေးစက်သွားသည်။

အာရေးဗီးယား စစ်နတ်ဘုရားဖြစ်သော ချွီထေပါးသည် သူ၏လုပ်သက်ဝန်းကျင်တောက်လျှောက် တစ်ကြိမ်မှ မရှုံးဖူးချေ။ အပုမူစလင်စကားများက သူက လက်သင့်မခံနိုင်သော စည်းမျဉ်းကို ဖောက်ဖျက်သလို ဖြစ်နေသည်။

ဝုန်း

ချွီထေပါး၏ စကားလုံးက လေထုအခြေအနေကို ပြောင်းလဲသွားစေပြန်သည်။ ချွီထေပါးသည် အံ့အားသင့်ဖွယ် ကောင်းလွန်းသော အရှိန်အဝါကို ပိုင်ဆိုင်သည်မှာ မှန်ကန်သည်။ သို့သော် အပုမူစလင်ကလည်း နောက်ဆုတ်မည့်လက္ခဏာ မပြချေ။ တစ်ဖက်ဟာ စစ်အစိုးရဖြစ်ပြီး အခြားတစ်ဖက်ကမူ သံမဏိနှင့်သွေး အစိုးရဖြစ်နေသည်။ နှစ်ယောက်လုံးက အာရေးဗီးယား အင်ပါယာမှ ပြိုင်ဘက်ကင်း တည်ရှိမှုကြီးဖြစ်သည်။

အင်အားကြီးမားသော ပုဂ္ဂိုလ်နှစ်ယောက်က စစ်အလံလေးခုအောက်တွင် ထိပ်တိုက်ရင်ဆိုင်နေသောအခါ အော့စမန်းနှင့် အားပါးတို့ကလည်း အလွန်အမင်း မသက်မသာဖြစ်လာကြသည်။

“ချွီထေပါး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းဦး”

“အပုမူစလင် အလောတကြီးမလုပ်နဲ့”

အားပါးက စတင်ကာ ထိတ်လန့်လာသည်။

စစ်တပ်ဟာ အရှေ့ဘက်သို့လာပြီး တာလာ့ရှိထန်များနှင့် ထိပ်တိုက်ရင်ဆိုင်နေချိန်ဖြစ်သည်။ သို့သော် အခြေအနေကသာ ပြောင်းလဲသွားမည်ဆိုလျှင် အာရပ်စစ်သည် လေးသိန်းလုံးက အတွင်းပိုင်း ထိုးနှက်မှုအတွင်းသို့ ပြိုလဲကျသွားလောက်သည်။

“ဒါကငါဆိုလိုချင်တာမဟုတ်ဘူး ဒါပေမဲ့ ချွီထေပါး ငါတို့အရှေ့ဘက်ကို သိမ်းပိုက်ရမယ်ဆိုတဲ့ တာဝန်ကို မမေ့နဲ့။ အရှင်မင်းကြီး ကာလစ်ကလည်း အရှေ့ဘက်တစ်ခုလုံးကို ထိုးဖောက်ပြီး အရှေ့တစ်ပိုင်းလုံးကို စုစည်းရမယ်လို့ အမိန့်ထုတ်ထားပြီးသား”

အပုမူစလင်က တင်းမာစွာပြောသည်။

သူဟာ ချွီထေပါးကဲ့သို့ အင်အားကြီးမားသော ရန်သူများကို အလဲထိုးနိုင်သည့်အခါ ပီတိဖြာနေပြီး ဗိုလ်ချုပ်များကို ခြေထောက်အောက်တွင် ဖိနင်းနိုင်ရုံနှင့် ပျော်မွေ့နေသော လူမျိုးမဟုတ်ချေ။

အပုမူစလင်သည် ဗျူဟာကျကျ လုပ်ဆောင်မှုကို ပို၍စိတ်ဝင်စားသည်။ ထိုအတွက်ကြောင့်လည်း တိုက်ပွဲ၏ အဆုံးသတ်တွင်ပင် ခိုရာစန်းထံမှ မဆုတ်ခွာခဲ့ခြင်းဖြစ်သည်။ ထိုအစား သူဟာ ခိုရာစန်းသို့ မဆုတ်ခွာခဲ့ဘဲ အမှောင်တောအုပ်ထဲတွင်သာ ပြန်လည်တိုက်ခိုက်ရမည့် အခွင့်အရေးကို စောင့်နေခဲ့ခြင်းဖြစ်သည်။

အရာအားလုံးက တိတ်ဆိတ်သွားသည်။ စစ်အလံများအကြားမှ လေထုကပင် တောင့်တင်းနေပြီး အပူချိန်ကပင် ခဲသွားပုံပေါ်သည်။

ချွီထေပါးက အပုမူစလင်ကို စိုက်ကြည့်သည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များက ပြင်းထန်နေ၏။ ကြီးမားပြီး ခြောက်ခြားဖွယ်ကောင်းလွန်းသော နတ်ဘုရား၏ အရှိန်အဝါကပင် တဆတ်ဆတ် တုန်ခါနေသည်။

ထိုနေရာရှိ လူတိုင်းက ထိတ်လန့်နေကြသည်။ အပုမူစလင်၏ အနောက်တွင်ရပ်နေသော ကျစ်ရကဆိုလျှင် သူ၏ခါးမှ သမုဒ္ဒရာလက်စွပ်ကို ညာဘက်လက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။

ဂလု

ကျစ်ရကလည်း သတိလက်လွတ် တံတွေးမြိုချမိသွားသည်။ တစ်ယောက်ဟာ အတော်ဆုံးသော အာရပ်ဗိုလ်ချုပ်ဖြစ်ပြီး ကျစ်ရနှင့်အတူ အန္တရာယ်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးသောသူဖြစ်သည်။ သို့သော် ချွီထေပါးကမူ ခြားနားမှုကို ကိုယ်စားပြုသည်။ ရှု့ထောင့်တစ်ခုမှသာ ကြည့်မည်ဆိုလျှင် ထိုလူဟာ တစ်ဆင့်မြင့်သော အဆင့်သို့ တက်လှမ်းနေပြီးသားဖြစ်သည်။ သူတို့အားလုံးက အတူပေါင်းမည်ဆိုလျှင်ပင် ကျစ်ရအနေနှင့် ချွီထေပါးကို နိုင်ပါမည်ဟု မသေချာချေ။

အပုမူစလင်ကသာ အတည်ငြိမ်ဆုံး စိတ်အအေးဆုံးဖြစ်နေသည်။ သူ၏မျက်ဝန်းက အနည်းငယ် မှေးကျဉ်းသွား၏။ သူ၏ဖြောင့်မတ်မှန်ကန်ကာ တည်ငြိမ်သော မျက်နှာထားက မုန်တိုင်းထန်နေသော မြစ်အလယ်တွင် မားမတ်စွာ ရပ်နိုင်နေသည့် ကျောက်တုံးတစ်တုံးနှင့်တူသည်။

“ကောင်းပြီ”

အချိန်အတန်ကြာပြီးမှသာ ချွီထေပါးက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မှုအား ပြေလျော့လိုက်သည်။ အပုမူစလင်နှင့် ငြင်းခုံမှုဟာ အဓိပ္ပာယ်မဲ့သည်။ ကာလစ်၏ စိတ်ဆန္ဒကသာ ချွီထေပါး၏ တိုက်ပွဲကို ဆာလောင်မှုအား ဖြေသိမ့်လိုက်နိုင်သည်။

“ငါဒီနေရာကို မင်းနဲ့ချန်ထားပေးခဲ့မယ်။ မင်းရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကိုပဲ စောင့်နေလိုက်မယ်”

ထိုစကားများနှင့်အတူ ချွီထေပါးက အာရပ်ဗိုလ်ချုပ် သုံးယောက်လုံးကို ကျော်ဖြတ်ပြီး နောက်တန်းသို့ ဝင်ရောက်သွားသည်။

ဝှစ်

ကျစ်ရ၊ အော့စမန်းနှင့် အားပါးတို့ကလည်း ထိုအခါမှသာ စိတ်အေးပြီး သက်ပြင်းချနိုင်သည်။ ချွီထေပါးက ထွက်သွားပြီးမှသာ သူတို့သုံးယောက်လုံးကလည်း သူတို့၏ လက်ဖဝါးများက ချွေးစေးများရွှဲနေကြောင်း သိလိုက်သည်။ ယခုအခါ အပြင်လူမရှိတော့သဖြင့် အော့စမန်းက သူ၏မိတ်ဆွေဟောင်း အနားသို့ လျှောက်သွားသည်။

“အပုမူစလင် မင်းတော်တော်လေး မိုက်ရူးရဲဆန်သွားတယ်”

သူက အနားသို့ကပ်သွားသည်။

“ချွီထေပါးရဲ့ အကျင့်စရိုက်ကို မင်းမသိတာလည်းမဟုတ်ဘူး။ မင်းသူ့ကို တကယ်ရန်စမိသွားရင် ငါတို့အားလုံး ဒုက္ခရောက်လိမ့်မယ်”

“အဲ့ဒီအချိန်က ငါမင်းကို တကယ်စိုးရိမ်ခဲ့ရတာ”

“စိတ်အေးအေးထားပါ။ ချွီထေပါးက မင်းတို့အားလုံးထင်သလိုမျိုး မိုက်ရူးရဲဆန်တာမျိုး မဟုတ်ပါဘူး။ မမေ့နဲ့ သူကအစိုးရဖြစ်နေတုန်းပဲ။ ဒီတိုင်း သာမာန်ဗိုလ်ချုပ်မှမဟုတ်တာ”

အပုမူစလင်က ထိုသို့ပြောသည်။

အခြားသောလူများက ချွီထေပါးကို ဒီတိုင်း တိုက်ပွဲကို ဆာလောင်လွန်းသော အရူးဟုသတ်မှတ်လောက်သော်လည်း အပုမူစလင်ကမူ မည်သည့် တိုက်ပွဲကို ဆာလောင်သော အရူးကမှ စစ်အစိုးရမဖြစ်နိုင်ကြောင်း နားလည်သည်။

“သွားရအောင် ငါတိဗက်နဲ့ အနောက်ပိုင်းတူရကီတွေဆီက သတင်းရထားတယ်။ သူတို့ သိပ်မကြာခင် ရောက်တော့မယ်”

အပုမူစလင်က ထိုသု့ိပြောသည်။ သူကမြင်းကို တစ်ဖက်သို့လှည့်ပြီး စစ်အလံလေးခုအောက်သို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

.....

စစ်တပ်နှစ်ခုလုံးက နောက်ဆုတ်ရန် အချက်ပြမှုနှင့်အတူ ထန်နှင့်အာရပ်များဟာ သရေကျသော အနေအထားမျိုးနှင့် ရပ်တန့်သွားပြီဟုဆိုရပေလိမ့်မည်။ ထန်များက ခုခံမှုနေရာမှထွက်ပြီး တိုက်ခိုက်ရန် မကြိုးစားသလို အာရပ်များကလည်း ခုခံရေးအားလှိုှုင်းကိုဝိုင်းပြီး ဆက်တိုက် တိုက်ခိုက်ရဲခြင်းမရှိကြချေ။

တိုက်ပွဲက အဆုံးသတ်သွားပြီး နယ်မြေတစ်ခုလုံးကို ရှင်းလင်းခံရပြီးနောက် တာလာ့မြို့အရှင်၏ ဧည့်ကြိုခန်းမအတွင်းသို့ လူတိုင်းက စုစည်းနေကြသည်။ သို့သော် လေထုကမူ အလွန်တင်းကြပ်နေသည်။

“မင်းတို့တွေ အရှုံးကို တွက်ချက်ပြီးပြီလား။ ငါတို့တွေ ဒီတိုက်ပွဲမှာ လူဘယ်လောက် ဆုံးရှုံးသွားလဲ”

ကောင်းရှန်းကျစ်က စားပွဲပေါ်သို့ လက်ကိုတင်လျှက် အနားရှိ လက်ထောက်ကိုမေးသည်။

“ငါတို့ရဲ့ဆုံးရှုံးမှုက မနည်းဘူး။ တစ်သောင်းလောက်ရှိတယ်။ ဒါပေမဲ့ အာရပ်တွေက ပိုများပါတယ်။ သူတို့က ရှစ်သောင်းနီးပါးပဲ။ အားလုံးက လက်ရွေးစင်တွေကြီးပဲ”

လက်ထောက်က တင်းမာစွာပြန်ဖြေသည်။

ထိုလက်ထောက်၏ စကားများက ခန်းမတစ်ခုလုံး၏ လေထုကို ပို၍စိတ်ဓာတ်ကျသွားစေသည်။ အာရပ်များ၏ အရှုံးက သူတို့ထက် ပိုသာနေသည်ဟု ထင်ရသော်လည်း ထန်ဘက်မှ အရှုံး တစ်သောင်းကလည်း မနည်းချေ။

ပို၍အရေးကြီးသည်မှာ ယခုလို အချိန်တို တိုက်ခိုက်လိုက်ရုံနှင့် ထန်ဘက်က ဝူရှန်းမြင်းတပ်၊ သံမဏိမြို့ရိုးစစ်တပ်နှင့် မော့ဆေဘာအဖွဲ့အပြင် အခြားသော တပ်ကူများအားလုံးကိုပင် တိုက်ပွဲအတွင်းသို့ စေလွှတ်ခဲ့သည်။ သို့သော် အာရပ်ဘက်ကမူ မာမဲ့လုနှင့် အခြားသော အရေးပါသည့် စစ်တပ်များက တိုက်ပွဲအတွင်းသို့ မဝင်ရာက်ရသေးချေ။ ထိုအချက်ကတင် ထိုရှစ်သောင်းဆိုသော ဆုံးရှုံးမှုက နည်းပါးသလိုထင်ရစေသည်။

ခန်းမတစ်ခုလုံးအနှံ့ အလွန်အမင်း သုန်မှုန်သော စိတ်အခြေအနေက ကြီးစိုးလာသည်။ လူတိုင်းက ခေါင်းကိုငုံ့ပြီး တိတ်တဆိတ် စတင်တွေးတောနေကြ၏။

ချန်းချန့်လီက တိတ်ဆိတ်မှုကို စတင်ဖြိုခွဲ၏။

“ငါကဒါကို အစိုးရိမ်ဆုံးမဟုတ်ဘူး။ အဲ့ဒီရွှေရောင်သံချပ်ကာနဲ့ အာရပ်အစိုးရက ခိုရာစန်းတွေကခေါ်တဲ့ စစ်အစိုးရ ချွီထေပါးဆိုတဲ့လူ ဖြစ်လောက်တယ်။ ဒီလူက တော်တော်လေးကို အင်အားကြီးလွန်းတယ်။ သူက လက်ဗလာနဲ့ ငါတို့လေးယောက်လုံးကို ရင်ဆိုင်နိုင်တယ်။ နောက်ပြီး အသာစီးတောင် ရနေသေးတယ်။ ငါတို့ကသူ့ကို ကိုင်တွယ်နိုင်မဲ့ နည်းလမ်းတစ်ခုကို မစဉ်းစားဘူးဆိုရင် ဒီတိုက်ပွဲကို နိုင်ဖို့တအားခက်တယ်”

သူတို့လေးယောက်လုံးဟာလည်း ထန်စစ်သည် တစ်သောင်းအပြင် သံမဏိမြို့ရိုးများ၊ မဟာဗိုလ်ချုပ် လေးယောက်လုံးဟာ ထိုလူတစ်ယောက်တည်းနှင့် ဓားတစ်လက်ကို မတားနိုင်ကြောင်း ကောင်းကောင်း နားလည်နေကြသည်။

ချန်းချန့်လီကလည်း ဒီလောကတွင် ထိုမျှအင်အားကြီးမားလွန်းသော သိုင်းပညာရှင်တစ်ယောက် ရှိနေမည်ဟု မထင်ထားမိချေ။ သူ၏ရပ်တန့်၍ မရနိုင်သော အရှိန်အဝါက ချန်းချန့်လီ၏ မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာထင်ကျန်ရစ်နေသည်။

“အဲ့ဒီအာရပ်ကို ငါ့ရဲ့တာဝန်ထား”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ရုတ်တရက်ထပြောသည်။

“ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ဒီလူက သူတော်စင်သိုင်းနယ်မြေ အထွတ်အထိပ်အဆင့်ကို ကျော်ဖြတ်ပြီး သိမ်မွေ့နယ်မြေကို ရောက်ရှိနေလောက်ပြီ။ ဒီအင်အားမျိုးက မင်းတို့တွေ မကိုင်တွယ်နိုင်ဘူး”

“သိမ်မွေ့ဟုတ်လား”

ထိုစကားက လူတိုင်းကို မှင်သက်သွားစေသည်။ ဝမ်ချောင်ကပင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို လှည့်ကြည့်မိသည်။

ဝမ်ချောင်ဟာ ယခင်ဘဝတွင် အလွန်မြင့်သော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပုမူစလင်၏ အဆင့်ပင်မပြောနှင့် ဝမ်ချောင်၏အဆင့်တွင်ရှိသော လူကပင် သိမ်မွေ့နယ်မြေဆိုသော အကြောင်းအရာကို မကြားဖူးချေ။ သူသိသည်မှာ သူတော်စင်သိုင်းနယ်မြေ၏ အထက်အဆင့်က နတ်သိုင်းနယ်မြေအဆင့်ဖြစ်သည်။

သို့သော် ဝမ်ချောင်ကလည်း ဆရာဖြစ်သူ၏စကားကို သံသယမဝင်ချေ။ ကပ်ဘေးအကြိုခေတ်တွင်ပင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဒဏ္ဍာရီလာ တည်ရှိမှုမျိုးဖြစ်သည်။ သူ၏ကျင့်ကြံခြင်း အဆင့်က သိုင်းပညာရှင်ပေါင်းများစွာ မျှော်လင့်နိုင်သည့် အဆင့်အတန်းကို ကျော်လွန်သွားသည်။

“ဆရာ ဆရာဆိုလိုတာက ဒီချွီထေပါးက သူ့ရဲ့အာရုံခံနိုင်စွမ်းတွေ အားလုံးက သိပ်မွေ့လွန်းပြီး နက်နဲလွန်းလို့ ကြယ်တာရာစွမ်းအင်တွေရဲ့ အစစ်အမှန် အနှစ်သာရကို မြင်နိုင်ပြီး သာမာန်လူတွေက မလေ့လာနိုင်တဲ့ ကိစ္စပေါင်းများစွာကို လေ့လာနိုင်နေပြီလို့ ဆိုလိုချင်တာလား”

ဝမ်ချောင်က ရုတ်တရက်ထပြောသည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဝမ်ချောင်ကို အံ့အားတကြီးကြည့်ပြီး ခေါင်းညိမ့်သည်။

“မှန်တယ် သာမာန်သိုင်းပညာရှင်တွေက ကြယ်တာရာစွမ်းအင်ဆိုတာကိုပဲ သိကြတာ။ အဆင့်မြင့်ကနေ အဆင့်နိမ့်အထိရှိတဲ့ စွမ်းအင်အမျိုးအစား သောင်းကျော်ရှိတာကို မသိကြဘူး။ အဲ့ဒီစွမ်းအင်အမှုန်တွေက သာမာန်သိုင်းပညာရှင်တွေ နောက်ပြီး မဟာဗိုလ်ချုပ်တွေတောင်မှ မလေ့လာနိုင် မမြင်နိုင်တဲ့ အရာတွေပဲ။ ဒါပေမဲ့ သိမ်မွေ့နယ်မြေမှာတော့ အရာအားလုံးက ခြားနားသွားပြီ။ သိပ်မွေ့နယ်မြေက ကျွမ်းကျင်ပညာရှင်တွေက မူလနယ်မြေက သိုင်းပညာရှင်တွေကတောင် စိတ်ကူးမယဉ်နိုင်တဲ့ စွမ်းအင်မျိုးတွေကို ထိန်းချုပ်နိုင်ကြတယ်။ ပိုဆိုးတာက သိမ်မွေ့နယ်မြေအဆင့်မှာ လူတစ်ယောက်က လောကရဲ့ စွမ်းအားကြီးမားတဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်သွားတယ်။ နောက်ပြီး အဲ့ဒီစွမ်းအင်ဆိုတာက သာမာန်သိုင်းပညာရှင်တွေ၊ မဟာဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ တစ်ဘဝလုံးစာ မထိတွေ့ဖူးတဲ့ စွမ်းအင်မျိုးတွေလည်း ပါဝင်တယ်”

အခန်း(၁၀၆၈)

ခန်းမအတွင်းရှိ လူတိုင်းကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ စကားလုံးများကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ကောင်းရှန်းကျစ်ကပင် တစ်ဖက်ကထုတ်ပြသည့် သီအိုရီကြောင့် မှင်သက်သွားရသည်။ ဗဟိုပြင်ကျယ်မှ ကြယ်တာရာစနစ်ကို နှစ်ရာကျော် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ပြီး အလွန်အမင်း ခိုင်မာကာ စေ့စပ်သေချာသည်။ ထို့ကြောင့် ကောင်းရှန်းကျစ်ကပင် သူဟာ သိုင်းပညာ လမ်းကြောင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ယုံကြည်ခဲ့သည်။

ကောင်းရှန်းကျစ်လို အင်အားကြီးမားသော လူတစ်ယောက်ကပင် သူတော်စင်သိုင်းနယ်မြေ၏ အထွတ်အထိပ်ကို ကျော်ဖြတ်ပြီး မည်သို့ဆက်ကျင့်ရမည်ဖြစ်ကြောင်း မသိချေ။ ထိုမမြင်ရသော အရန်အတားက ကောင်းကင်ကို အံ့တုနေရသလိုမျိုး လှုပ်ခါ၍မရနိုင်ချေ။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ စကားများကမူ သူ့အတွက် တံခါးသစ်တစ်ချပ် ဖွင့်ပေးသလိုဖြစ်သွားသည်။ သူတော်စင် သိုင်းနယ်မြေ၏ အဆင့်အထက်တွင် နောက်ထပ်တစ်ဆင့်ရှိကြောင်း သိလိုက်သည်။

ချန်းချန့်လီက မနေနိုင်ဘဲ မေးလိုက်မိသည်။

“ဒါဆိုရင် ချွီထေပါးက အဲ့ဒီအဆင့်ကိုရောက်နေပြီလား။ ဒီလိုဆိုရင် ငါတို့သူ့ကိုရှုံးအောင် မလုပ်နိုင်တော့ဘူးပေါ့”

“အဲ့ဒီလောက်ထိတော့ မဆိုးသေးပါဘူး။ ငါမြင်တဲ့အတိုင်းဆိုရင် အဲ့ဒီချွီထေပါးဆိုတဲ့အကောင်က မတော်တဆ သိမ်မွေ့နယ်မြေကို ရောက်ရုံလေးပဲ ရောက်သွားတာ။ သူကသာ သိမ်မွေ့နယ်မြေက စွမ်းအင်တွေကို အမှန်တကယ် ဖမ်းဆုပ်နိုင်နေပြီဆိုရင် သူ့ရဲ့တိုက်ကွက်တွေက ခြားနားတဲ့ သဘာဝတွေကို သယ်ဆာင်လာလိမ့်မယ်။ ဓားချည်က ခမ်းနားပြီး မထည်ဝါနေရင်တောင် စွမ်းအားကတော့ ကြောက်စရာကောင်းနေလိမ့်မယ်”

တုတ်ကောက်ကို မှီပြီးထိုင်နေသည့် ဝူရှန်းရဲ့ ရွာသူကြီးက ရုတ်တရက်ပြောလာသည်။

“အစ်ကိုဝမ်ဖူနဲ့ငါက ရွာမှာဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အချိန်အတန်ကြာ ဆွေးနွေးခဲ့ဖူးတယ်။ ဒီသိမ်မွေ့နယ်မြေဆိုတာက တကယ်တော့ ကျယ်ပြောနက်နဲပြီး လျို့ဝှက်ဆန်းကြယ်လွန်းတဲ့ အာကာသပြင်ရဲ့ သဘောထားတွေအားလုံး ပါဝင်နေသလိုပဲ။ ဒီတော့ အလွယ်တကူ ကျွမ်းကျင်ဖို့က မဖြစ်နိုင်ဘူး။ ဒီချွီထေပါးက အင်အားကြီးကောင်း ကြီးလိမ့်မယ်။ ဒါပေမဲ့သူက သိုင်းပညာရှင်တွေဆိုတဲ့ နယ်မြေအတွင်းမှာပဲ ရှိပါသေးတယ်”

တိဗက်တောင်ပေါ် တြိဂံပုံမြေကွက်လပ်၏ တိုက်ပွဲကို အဆုံးသတ်ပြီးနောက် ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က ဝူရှန်းရွာတွင်သာ ဆက်နေခဲ့ကြသည်။ အကြောင်းအရာတစ်ခုကမူ ဗဟိုပြင်ကျယ် တစ်ခုလုံးကို နှစ်ထောင်ကျော် လှုပ်ခါနိုင်သည့် လျို့ဝှက်ဆန်းကြယ်သည့် ပစ္စည်းတစ်ခုကို ရှာဖွေရန်အတွက်ဖြစ်ပြီး အခြားသော အကြောင်းပြချက်ကမူ သူတို့၏ ဗဟုသုတများကို ဖလှယ်လျှက် လောကအမြင်ကိုသုံးသပ်ရင်း နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်အောင် ကြိုးစားကြရန်ဖြစ်လေသည်။

သိမ်မွေ့နယ်မြေသည် သူတို့နှစ်ယောက် အတွေ့အကြုံများ ဖလှယ်သည့် နယ်မြေတစ်ခုဖြစ်ပြီး သူတော်စင် သိုင်းနယ်မြေ အထွတ်အထိပ်အထက်တွင် ရှိနေသော နယ်မြေထက်ပင် ပို၍အနုစိတ်ကျကာ အထိမခံဖြစ်သေးသည်။

“ဆရာနဲ့ စီနီယာတို့က အဲ့ဒီအဆင့်ကို ထိတွေ့မိနေကြပြီလား”

ဝမ်ချောင်၏မေးခွန်းက လူတိုင်း၏အတွေးကို ဖော်ပြခြင်းဖြစ်သည်။

စစ်ပွဲက လူတိုင်း၏ခေါင်းအထက်တွင် တွဲလောင်းဆွဲလျှက်ရှိနေပြီး အာရပ်ဘက်တွင် မဟာဗိုလ်ချုပ် လေးယောက်ရှိနေသည်။ ထိုလေးယောက်က တိုက်ပွဲအတွင်းသို့ မဝင်ရသေးချေ။ ယခုလို အဆုံးအဖြတ်ပွဲမျိုးတွင် ကြောက်မက်ဖွယ်ကောင်းသည့် သိမ်မွေ့နယ်မြေမှ တည်ရှိမှုများကသာ တိုက်ပွဲကို ကြိုးကိုင်နိုင်လောက်သည်။ မဟာထန်၏ အနိုင်ရနိုင်ချေက ထိုအခါမှသာ ပိုမြင့်လာပေလိမ့်မည်။ သို့သော် ဝမ်ချောင်အတွက်မူ ခြားနားသည့် အခြေအနေဖြစ်နေသည်။

သူ၏ဆရာဟာ ဒဏ္ဍာရီ ဝိညာဉ်ပင်လယ်သိုင်းကို ကျင့်သည်။ ချွီထေပါးနှင့်တိုက်ပွဲတွင် သူက လောက၏ မူလစွမ်းအင်များကို မုန်တိုင်းအဖြစ် စုစည်းနေသော်လည်း ဝမ်ချောင်ကမူ ဆရာဖြစ်သူက ထိုအဆင့်လွန်သိုင်းကြောင့် ခြားနားသောလမ်းကြောင်းသို့ လိုက်ရင်း နောက်ထပ် မြင့်မားသည့် တောင်ထိပ်ပေါ်တွင် ရပ်နေသလို ခံစားချက်မျိုးကို ပေးစွမ်းသည်။ ထိုအတွက်ကြောင့် ဒါဟာ ပို၍မြင့်မားသော ခွန်အားအဆင့်သို့ပင် ရောက်နေလောက်ပြီဆိုသော ခံစားချက်မျိုးကို ရနေသည်။

သူ့ကိုအံ့အားသင့်စေသည်မှာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့၏ မျက်ဝန်းက သုန်မှုန်သွားသည်။ စိတ်ခံစားချက်များကလည်း ရှုပ်ထွေးသွားပုံပေါ်သည်။

“မရောက်သေးဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က သက်ပြင်းချသည်။

“အစ်ကိုဝမ်ဖူရဲ့ ပါရမီနဲ့ သိုင်းပညာလမ်းကြောင်းပေါ်က အတွေ့အကြုံတွေက ဒီအဘိုးကြီးတောင် တစ်ကြိမ်မှ မကြုံဖူးတဲ့ အနေအထားမျိုးပဲ။ သူ့ရဲ့ အရည်အချင်းတွေနဲ့သာဆိုရင် သူ့ရဲ့တန်ထန်းသာ မကွဲအက်ခဲ့ရင် သူက အဲ့ဒီနယ်မြေအဆင့်ကို ရောက်ပြီးနေလောက်ပြီ”

ဝူရှန်းရွာသူကြီးကပြောသည်။

ဝမ်ချောင်က ဆရာဖြစ်သူကို တစ်ချက်ကြည့်ပြီး ရုတ်တရက် နှလုံးသားက လေးလံသွားရသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က နှစ်သိမ့်ပေးသလို ပြုံးနေသော်လည်း ဝမ်ချောင်၏ နှလုံးသားကမူ နာကျင်သွားသည်။ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်က တန်ထန်းကြောင့် ကန့်သတ်ခံရထားကြောင်းကို သိသည်။ သို့သော် သက်ရောက်မှုများက ထိုထက်ပိုဆိုးကြောင်း မသိခဲ့ချေ။ ဝူရှန်းရွာသူကြီး ပြောသော စကားများအရ ဆရာဖြစ်သူ၏ တန်ထန်းပျက်စီးမှုက သူ့အား ထိုသိမ်မွေ့သော အဆင့်သို့ ဘယ်သောအခါမှ မရောက်တော့အောင် တားမြစ်လိုက်သလို ဖြစ်သွားနိုင်သည်။

“ဆရာ ဆရာအဲ့ဒီ ဒဏ္ဍာရီဝိညာဉ်သိုင်းနဲ့သာ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးလား”

ဝမ်ချောင်က တွန့်ဆုတ်စွာမေးလိုက်သည်။

တစ်ရက်တာဆရာဖြစ်လျှင် တစ်ဘဝလုံးစာ ဖခင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဝမ်ချောင်ဟာ သူ၏ဆရာဖြစ်သူကို တန်ထန်း၏ အခြေအနေကြောင့်နှင့် တစ်ဘဝလုံးစာနောင်တရပြီး နောက်ပြန်ဆွဲထားသော အနေအထားမျိုးနှင့် မသေစေလိုပေ။

“ချောင်အာ မင်းရဲ့ဆရာက မင်းရဲ့အတွေးကို နားလည်တယ်။ ဒါပေမဲ့ မင်းရဲ့ဆရာကလည်း ဒီတစ်ဘဝလုံးမှာ တွေ့ကြုံပြီးသမျှ အရာအားလုံးကိုသုံးပြီး ကြိုးစားပြီးပြီ။ မင်းရဲ့ဆရာရဲ့ဘဝက အပျော်ဆုံးသော အခိုက်အတန့်က မင်းနဲ့ရှောင်ယောင်ကို တပည့်အဖြစ် ရခဲ့တာပဲ။ ကျန်တဲ့ကိစ္စတွေ အတွက်ကတော့ ဒီဆရာက ဂရုမစိုက်တော့ပါဘူး”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ခပ်တိုးတိုးရယ်သည်။ ထိုရှု့ထောင့်တွင်မူ သူက ထူးထူးခြားခြား အမြင်ကျယ်နေသည်။

သူဟာ အမြဲတစေ မောက်မာထောင်လွှားပြီး မာနကြီးသောဘဝတွင် နေထိုင်ခဲ့ပြီး လူပေါင်းများစွာ၏ မော်ကြည့်မှုကိုသာခံခဲ့ရသည်။ ထို့ပြင် မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အမဲလိုက်ပြီး လိုက်သတ်ခံခဲ့ရသည့် အနေအထားမျိုးကိုလည်း ကြုံခဲ့ရဖူးသည်။ သို့သော် သူ၏ဘဝက မည်မျှ စိတ်ပျက်စရာကောင်းပြီး ကျေနပ်စရာကောင်းနေခဲ့စေကာမူ အဆုံးသို့ရောက်သည့် အခိုက်အတန့်တွင် သူဟာ သူဂုဏ်အယူရဆုံးသော တပည့်နှစ်ယောက်ကို လက်ခံရရှိနိုင်ခဲ့သည်။ ဒါဟာ သူ့အတွက် ရှားရှားပါးပါး နွေးထွေးမှုကို ခံစားမိတဲ့ အခိုက်အတန့်ဖြစ်သည်။ သူ၏ဘဝတွင် နောင်တရစရာ အကြောင်းမရှိတော့ချေ။

အင်အားကြီးမားသော သိုင်းနယ်မြေက သဘာဝအလျောက်ပင် လူတိုင်းလိုချင်သည့် အခြေအနေမျိုးဖြစ်သည်။ သု့ိသော် မိစ္ဆာဧကရာဇ် လူအိုကြီးမန်အတွက်ကမူ ထိုကဲ့သို့သော စိတ်ဆန္ဒမျိုး မရှိတော့ချေ။

“ဟား ဟား ကျယ်ပြောတဲ့ ပင်လယ်ပြင်ကြီးမှာ ဆွဲဆောင်မှုတွေ အခက်အခဲတွေက အပြည့်ပဲ။ ဒီနိမ့်ကျတဲ့လူက အစ်ကိုကြီးဝမ်ဖူကို လေးစားမိပါတယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပြောသည်။

“အစ်ကိုကြီးဝမ်ဖူရဲ့ တန်ထန်းရဲ့ ပြဿနာအတွက်ကတော့ ငါတို့ရွာမှာ ဆွေးနွေးပြီးပြီ။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်တွေ သိပ်မရှိဘူး။ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့က မေးခွန်းထုတ်ဖို့တောင် မလိုအပ်ဘူး။ ငါသာ ကိုယ်တိုင်မြင်ရတာကြောင့် မဟုတ်ရင် တန်ထန်း ကွဲအက်သွားတဲ့ လူတစ်ယောက်က အင်အားဒီလောက် ကြီးနိုင်လားဆိုတာကို ခက်ခက်ခဲခဲ တွေးရမှာ”

“မဟာတာအိုမှာ လမ်းကြောင်ငါးဆယ်ရှိတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံကတော့ လမ်းကြောင်း လေးဆယ့်ကိုးခုကိုပဲ အသုံးပြုပြီး နောက်ဆုံးတစ်ခုကို အသုံးမပြုဘူး။ ဒီလောကမှာ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ဖြည့်လို့မရတဲ့ ပြစ်ချက်က ရှိပြီးသားပဲ။ အစ်ကိုကြီးဝမ်ဖူရဲ့ ကောင်းချီးပေးမှုနဲ့ ဒီအဘိုးကြီးအနေနဲ့လည်း အဲ့ဒီနယ်မြေကို ထိတွေ့နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီအဘိုးကြီးရဲ့ သက်တမ်းကြောင့် အနုစိတ်လွန်းတဲ့ သိမ်မွေ့နယ်မြေကို အမှန်ကတယ် ရောက်ရှိနိုင်ဖို့ နည်းသွားပါပြီ”

ဝူရှန်းရွာသူကြီးက နွေးထွေးစွာပြုံးသည်။ ထိုနယ်မြေသို့ ထိတွေ့နိုင်သော်လည်း မဝင်ရောက်နိုင်သည့်အတွက် နောင်တရပုံပေါ်သည်။ သို့သော် ဝူရှန်းရွာသူကြီးအနေဖြင့် ရှားရှားပါးပါး ထိုကိစ္စနှင့်ပတ်သတ်ပြီး အမြင်ကျယ်နေပြန်သည်။

ခန်းမအတွင်းရှိ လူတိုင်းကလည်း စိတ်ဓာတ်ကျနေသော အနေအထားမျိုး ဖြစ်သွားကြသည်။ သူတို့ဟာ သိမ်မွေ့နယ်မြေအကြောင်း ကြားသောအခါ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့က ထိုအဆင့်ထိ ရောက်ပြီးကြောင်း မှတ်ယူခဲ့ကြသည်။ မျှော်လင့်ထားစွာပင် နှစ်ယောက်လုံးဟာ မရောက်ရှိကြသေးချေ။

“အခြေအနေက ဘယ်လိုဖြစ်ဖြစ် စီနီယာတို့နှစ်ယောက်ရဲ့ အကူအညီနဲ့ဆိုရင် မဟာထန်အတွက် ကံကောင်းတဲ့ အဖြစ်အပျက်ကြီး ဖြစ်လာဦးမှာပါ။ အနည်းဆုံး ချွီထေပါးနဲ့တော့ ရင်ဆိုင်နိုင်မှာပဲ”

ကောင်းရှန်းကျစ်၏ စကားလုံးများက လူတိုင်းကို တိုက်ပွဲအတွင်းသို့ ပြန်လည်ခေါ်ဆောင်လိုက်သည်။ အာရပ်စစ်သည် လေးသိန်းက သူတို့၏မြို့ကို မျက်စိကျနေပြီး ဆာလောင်စွာ ကြည့်နေသေးသည်။ ဒါဟာ ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ် တည်ရှိနေသေးသည်။

“ငါကိစ္စတစ်ခုကိုပဲ ထည့်ပြောချင်တယ်”

ရုတ်တရက် မည်သည့်ယဉ်ကျေးမှုမှ မရှိဘဲ ခပ်ရိုင်းရိုင်း ဝင်ပြောလာသည့် ငယ်ရွယ်သည့်အသံက ထွက်လာသည်။

“သာ့လွန်ရော့ကျန်းနဲ့ တုဝူစစ်လီတွေက သူတို့ရဲ့စစ်တပ်ကို ယွီစန်းရဲ့ အနောက်မြောက်ပိုင်းကို ဦးဆောင်ပြီး ချီတက်သွားတယ်။ အဲ့ဒီလိုနဲ့သူတို့က အကြီးအသေးပါ့လာကို ကျော်ဖြတ်သွားပြီ။ မျှော်လင့်ထားတဲ့ အတိုင်းသာဆိုရင် သူတို့က သိပ်မကြာခင် တိုက်ပွဲနယ်မြေကို ရောက်လာလိမ့်မယ်။ စစ်တပ်နှစ်ခု ပေါင်းစပ်သွားတဲ့အခါ အားနည်းချက်က ပိုကြီးသွားလိမ့်မယ်”

လူတိုင်း၏အာရုံက ပြောသူထံသို့ ချက်ချင်းလိုလို ရောက်သွားသည်။ ထိုသို့ရောက်သွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်၏ဘေးနားတွင် ထိုင်နေသည့် အကြောက်အလန့်မဲ့သော ငယ်ရွယ်သည့် ဗိုလ်ချုပ်တစ်ယောက်နှင့် အကြည့်ချင်းဆုံသွားသည်။ သူ၏နှုတ်ခမ်းက တင်းတင်းစေ့ပိတ်ထားပြီး မျက်လုံးများကလည်း အေးစက်သည်။ သူဟာ မာနကြီးပုံပေါ်သည်။

မည်သူကမှ မည်သည့်စကားမှ မဆိုကြသော်လည်း အန်းရှီကာကွယ်ရေးစစ်တပ်မှ အရာရှိများကမူ မျက်မှောင်ကျုံ့လိုက်မိသည်။ ထိုလူဝတ်ထားသော သံချပ်ကာအရ ရှင်းလင်းစွာပင် သူ၏အဆင့်က သိပ်မမြင့်ချေ။ ဒီနေရာတွင် ဗိုလ်ချုပ်ကြီးများအားလုံး ရှိနေကြသည်။ ဒုကာကွယ်ရေးဗိုလ်ချုပ်ကပင် ရှိနေကြသည်။ သို့သော် မည်သူကမှ စကားမဆိုကြသည့်တိုင်အောင် ထိုလူဟာ ယဉ်ကျေးမှုမရှိဘဲ ဝင်ပြောသည်။

ကောင်းရှန်းကျစ်က ဖျော့တော့စွာပြုံးရင်းမေးသည်။

“ဝမ်ချောင် ဒီညီအစ်ကိုက ....”

သူဟာ ထိုငယ်ရွယ်သော အရာရှိ၏ ရိုင်းပျမှုကို သိပ်ဂရုမစိုက်ချေ။ သူဟာ တစ်ဖက်သူကို မမြင်ဖူးသော်လည်း ဒီနေရာသို့ ရောက်လာသောလူတိုင်းက ဝမ်ချောင်၏လူဖြစ်ကြောင်းသိသည်။

“စုဟန်ရှန်း”

စုဟန်ရှန်းက ကောင်းရှန်းကျစ်နှင့် အကြည့်ချင်းဆုံသည်။ ကျော်ကြားသော အနောက်ပိုင်းနယ်မြေ၏ ကာကွယ်ရေးဗိုလ်ချုပ်ကြီး တစ်ယောက်၏အရှေ့တွင် ရှိနေသည့်တိုင်အောင် စုဟန်ရှန်းက နောက်တွန့်မည့် လက္ခဏာမပြချေ။

သူ့ရဲ့အကျင့်စရိုက်ကတော့ အရင်အတိုင်း ဆိုးနေတုန်းပဲ။

ဝမ်ချောင်က စိတ်ထဲတွင် ခါးသီးစွာရယ်နေသည်။ သူဟာ စုဟန်ရှန်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဖူးခြင်း မဟုတ်ချေ။ စုဟန်ရှန်း၏ အကျင့်စရိုက်ဟာ ထိုသို့ခေါင်းမာတတ်ကြောင်း သိပြီးသားဖြစ်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကောင်း ကျေးဇူးပြုပြီး တစ်မျိုးမထင်ပါနဲ့။ ဒါကသူ့ရဲ့ပုံစံပဲ။ သူက ဒီစစ်တပ် အချိန်ကိုက်ရောက်လာဖို့ ကောင်းမွန်တဲ့ဘက်ကနေ ဆောင်ရွက်ပေးခဲ့တာပါ”

ဝမ်ချောင်ကရှင်းပြပေးသည်။ ဝမ်ချောင်ဟာ စုဟန်ရှန်းက သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီတို့ကို မည်သို့ အနိုင်ပိုင်းခဲ့ကြောင်း သိပြီးသားဖြစ်သည်။ စုဟန်ရှန်းက ပေါင်းသင်းဆက်ဆံရေးနည်းပြီး အသိုင်းအဝိုင်းကျဉ်းသော နယ်မြေမှ မွေးဖွားလာခဲ့သည်။ ထို့အပြင် လောက၏ လူဆိုးများကျင်လည်သော ဝန်းကျင်အတွင်းတွင် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာက သူ၏ယခင်ဘဝမှ အကြီးမားဆုံးသော ပြစ်ချက်ဖြစ်သည်။ ဝမ်ချောင်က ဘေးဘက်မှသာနေပြီး ထောက်ပံ့ကူညီပေးနိုင်သည်။

“ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ်အနေနဲ့ ဒီလောက်ထိ ရှင်းပြဖို့မလိုပါဘူး။ စွမ်းအင်ရှိတဲ့လူတိုင်းက စိတ်သဘောထား အနည်းငယ်တော့ ဆိုးကြတာပါပဲ။ သူပြောတဲ့စကားကလည်း မှန်တယ်။ သူတို့ပျောက်သွားပြီးကတည်းက သာ့လွန်ရော့ကျန်းနဲ့ တုဝူစစ်လီကို အရိပ်အယောင်တောင် မမြင်ရဘူး။ သူတို့နှစ်ယောက်လုံးက ကောက်ကျစ်တဲ့ မြေခွေးအိုတွေကြီးပဲ။ အာရပ်တွေကို ထည့်ပေါင်းလိုက်ရင် ငါတို့အနေနဲ့ တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေကို သတိအပြည့်တော့ ကပ်ထားရလိမ့်မယ်”

ချက်ချင်းဆိုသလိုပင် ခန်းမက တိတ်ဆိတ်သွားသည်။ ချွီထေပါးတစ်ယောက်ကတင် လုံလောက်နေပြီဖြစ်သည်။ သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီကပါ ရန်သူများနှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် အခြေအနေက ပိုဆိုးသွားပေလိမ့်မည်။

“အာရပ်နဲ့ တိဗက်က စစ်သည်တော်တွေ ပူးပေါင်းပြီးသွားရင်တောင် ထွက်လာမဲ့ စစ်သည်တော်တွေရဲ့ အင်အားက တိုက်ပွဲရဲ့ရလဒ်ကို မပြောင်းလဲစေနိုင်ဘူး။ ဒါကဒီလောက် အရေးမကြီးပါဘူး”

ရုတ်တရက်ထပြောလိုက်သော ဝမ်ချောင်က လူတိုင်း၏အာရုံကို ဆွဲဆောင်သွားပြန်သည်။

“စစ်သည်တော်တွေနဲ့ ပတ်သတ်ရင် အရည်အသွေးက အရေအတွက်ထက် ပိုပြီးအရေးကြီးတယ်။ အာရပ်နဲ့ တိဗက်တွေက လက်ရွေးစင်စစ်သည် လေးသိန်းကျော် ရှိနေပေမဲ့လည်း ငါတို့ဘက်မှာ မဟာထန်ရဲ့ အကောင်းဆုံးသော လက်ရွေးစင်စစ်သည် တစ်သိန်းနဲ့ တစ်သောင်းရှိနေတယ်။ နတ်အကျဉ်းထောင်စစ်တပ်၊ ရွှမ်ဝူစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ ဟိန်းဟောက်ခြင်းကျားစစ်တပ်.... ဒီစစ်တပ်တွေ အားလုံးက မဟာထန်ရဲ့ အင်အားကြီးတဲ့ တပ်သားတွေနဲ့ ဖွဲ့စည်းထားတာ။ နောက်ပြီး ဒီလူတွေအားလုံး ကွင်းထဲဝင်ရသေးလို့လား။ အဲ့ဒါတွေအပြင် စုဟန်ရှန်းက မဟာထန်ရဲ့ လက်နက်ကြီး အလက်ငါးထောင်သယ်လာတယ်။ ဒီလိုနဲ့ ငါတို့ဘက်ကနေ လက်နက်ကြီးအလက် ခြောက်ထောင်ရှိသွားပြီ။ ဆိုတော့ ဒီလိုစစ်တပ်မျိုးနဲ့ဆိုရင် မဟာထန်မှာ ပြိုင်ဘက်ကင်းနိုင်ပြီ”

ဝမ်ချောင်၏အကြည့်က လူအုပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ၏မျက်ဝန်းများက ဆုံးဖြတ်ချက် ပြတ်သားသည်။ အမူအရာတွင်လည်း ယုံကြည်မှုအပြည့်ရှိနေသည်။

နတ်အကျဉ်းထောင်စစ်တပ်၊ ရွှမ်ဝူစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ နတ်သိုင်းစစ်တပ်... မည်သည့်စစ်တပ်ကမဆို မဟာထန်၏ လက်ရွေးစင်အကျဆုံးများထဲမှ ရွေးထုတ်ထားခြင်းဖြစ်နေသည်။ အင်ပါယာတစ်ခုလုံးက အိမ်မက် မက်၍သာ လေးစားနိုင်သည့် အင်အားစုများကို ပေါင်းစည်းထားခြင်းဖြစ်နေသည်။ ထို့အပြင် ထိုအင်အားစုများကို အပြင်ဘက်တွင် မြင်တွေ့ခွင့်ရရန် ခက်ခဲသည်ဟု ဆိုမည်ဆိုလျှင် ချဲ့ကားရာမရောက်ချေ။ ထိုစစ်သားများအားလုံးက အနည်းဆုံး ဆယ်နှစ်ကျော်ခန့် ပျိုးထောင်မွန်းမံခြင်းကို ခံထားရသည်။ ထို့ကြောင့် လက်ရွေးစင်များထဲမှ လက်ရွေးစင်များကို ကောက်နှုတ်ထားခြင်းဖြစ်နေသေးပြန်သည်။ တစ်ယောက်ချင်းစီတိုင်းက အင်အားကြီးမားသည်။ ထု့ိပြင် တိုက်ပွဲနယ်မြေတွင် အတွေ့အကြုံအပြည့်ရှိသည့် အင်အားစု ဖြစ်နေပြန်သည်။

ထို့အပြင် ရပ်တန့်၍မရနိုင်သော ထန်လက်နက်ကြီး အလက်ခြောက်ထောင်ကျော်ကို ထပ်ပေါင်းလိုက်မည်ဆိုလျှင် သူတို့ရင်ဆိုင်ရနိုင်သည့် မည်သည့်အင်အားစုကိုမဆို စုတ်ဖြဲနိုင်လောက်သည်။ သူတို့၏စစ်တပ်မှ အင်အားမျိုးက အာရပ်စစ်တပ်ထက် မနိမ့်ကျချေ။ အချို့သော နယ်ပယ်ပိုင်းတွင်ဆိုလျှင် ကျော်ပင်ကျော်နိုင်လောက်သေးသည်။

“အာရပ်တွေက အင်အားကြီးလောက်ပါတယ်။ ဒါပေမဲ့ မဟာထန်က အင်အားမနည်းဘူး။ ဒီတိုက်ပွဲမှာ ငါတို့က အာရပ်တွေကို နဂါးရဲ့အစစ်အမှန် ဝိညာဉ်က ဘာလဲဆိုတာကို ပြပေးလိုက်မယ်။ အစစ်အမှန် အမျိုးသားတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းအားကို ပြပေးရမယ်”

ဝမ်ချောင်၏ ကျယ်လောင်သည့် အော်ကြွေးသံက လူတိုင်း၏ စိတ်ဝိညာဉ်ကို ဆွဲဆောင်နိုင်သည်။

အခန်း(၁၀၆၉)

ဝမ်ချောင်၏စကားက ခန်းမအတွင်း ဟိန်းထွက်သွားသလို ခန်းမက တိတ်ဆိတ်သွားသည်။ လူတိုင်း၏စိတ်က ထိုစကားများ၏ လွှမ်းမိုးမှုကို ခံရသည်။ ယခုလိုမျိုး စိတ်ဓာတ်ကျပြီး ဖိနှိပ်ခံနေရကာ လေးလံသည့် စိတ်အခြေအနေမျိုးကို ခံစားနေရချိန်တွင် ဝမ်ချောင်၏ အော်ကြွေးသံက အားလုံးကို ပြန်လည်ရှင်သန်အောင် လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။

နတ်အကျဉ်းထောင်စစ်တပ်၊ ရွှမ်ဝူစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်... ထို့ပြင်ချီရှီမှ ထပ်ရောက်လာဦးမည့် တပ်ကူ ဒုတိယတစ်သုတ် ရှိနေသေးသည်။ ဝမ်ချောင်ကပင် မည်ကဲ့သို့သော အင်အားစုမျိုး ထပ်ရောက်လာမည်ဖြစ်ကြောင်း မသိသေးချေ။ ကောင်းရှန်းကျစ်ကပင် ဝမ်ချောင်ခေါ်ထားသည့် အတွင်းပိုင်းမှ မည်သည့်အင်အားစုဟာ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း မသိသေးချေ။

အနည်းဆုံး ကောင်းရှန်းကျစ်အနေနှင့် ရွှမ်ဝူစစ်တပ်နှင့် နတ်အကျဉ်းထောင်စစ်တပ်ကို မကြားဖူးသလို မည်မျှအင်အားကြီးကြောင်း မသိချေ။ သို့သော် ဝမ်ချောင်ကမူ အစီအစဉ်တစ်ခုလုံးကို ကြံစည်ထားသော ကွပ်ကဲသူ ဖြစ်နေသည့်အလျောက် အခြေအနေကို လူတိုင်းထက်ပိုသိသည်။

‘စစ်သားတွေနဲ့ပတ်သတ်ရင် အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်’ ဆိုသော စကားဟာ ဆိုရိုးစကားသီးသန့်မဟုတ်ချေ။ ဝမ်ချောင်၏ တစ်ဘဝလုံး ယုံကြည်ဆွဲကိုင်ထားသည့် လက်တွေ့ဆန်သည့် ဖြစ်ရပ်မှန်ဖြစ်သည်။

ပြန်လည်မွေးဖွားလာခဲ့ပြီးသလို အတွေ့အကြုံ အများကြီးရှိပြီးသော လူတစ်ယောက်အနေနှင့် အရေအတွက် အပြတ်အသတ်သာသော အခြေအနေမျိုးတွင်ပင် အပြတ်အသပ်နိုင်အောင် လုပ်နိုင်ခဲ့ဖူးသည်။ စစ်သားများ၏ အရေအတွက်က အလွန်အရေးကြီးသည်။ သို့သော် စစ်သားတစ်ယောက်ချင်းစီတိုင်း၏ ခြုံငုံအရည်အသွေးက အရေးအကြီးဆုံးဖြစ်သည်။

မဟာထန်သည် စစ်သည်ခြောက်သိန်း အင်အားကို မှီခိုပြီး ပတ်ဝန်းကျင်တိုင်းပြည်တိုင်းကို အုပ်စိုးလျှက် ရွှေခေတ်ကို တည်ဆောက်မွန်းမံနိုင်ခဲ့သည်။ ထိုသို့ဖြင့် စစ်သည်တော်အရေအတွက် အကန့်အသတ်ရှိသော်လည်း အလွန်ကြီးမားသည့် အရွယ်အစားကြီးထိ ချဲ့နိုင်ခဲ့သည်မှာ ထိုစစ်သားများ၏ အရည်အသွေးကြောင့်ဖြစ်သည်။

“ဝမ်ချောင် မင်းမှာဘယ်လိုအကြံရှိလို့လဲ”

ကောင်းရှန်းကျစ်က ရုတ်တရက်ထမေးသည်။

ကောင်းရှန်းကျစ်အတွက် ဒီတိုက်ပွဲက ရှီတိုင်းပြည်သို့ လာရောက်တိုက်ခိုက်ပြီးချိန်ကတည်းက မျှော်လင့်ထားသမျှ အခြေအနေတိုင်းကို ကျော်လွန်နိုင်ခဲ့သည်။ သို့သော် ဝမ်ချောင်က ခြားနားသည်။ သူဟာ ငယ်သေးသည်။ သို့သော် သူ၏ဒီစစ်ပွဲအပေါ် နားလည်နိုင်စွမ်းအားနှင့် တိုက်ပွဲတစ်ခုလုံးကို ခြုံငုံကာ တွက်ချက်နိုင်စွမ်းအား၊ အကြံအစည် ချနိုင်စွမ်းအားအပြင် တပ်ကူများကို ခေါ်ယူနိုင်စွမ်းအားများ အားလုံးက သူ့ထက်သာသည်။

ရောက်လာသောတပ်ကူက ခြောက်သောင်းသာရှိသည်။ သို့သော် အားလုံးက လက်ရွေးစင်များသာဖြစ်သည်။ သံသယဝင်ရန် မလိုလောက်အောင် ဝမ်ချောင်ဟာလည်း တိုက်ပွဲမစတင်ခင်ကတည်းက ပြင်ဆင်ထားသောကြောင့် ဖြစ်ရပေမည်။

“ဟား”

ဝမ်ချောင်က ခပ်တိုးတိုးရယ်သည်။

“အာရပ်တွေက ထင်သလောက် အင်အားမကြီးပါဘူး။ နောက်ပြီး ဒီတိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ငါအာမ မခံနိုင်ပေမဲ့လည်း အနည်းဆုံးတော့ အာရပ်တွေ ဘာကိုပဲလိုချင်လိုချင် သူတို့တွေ တာလာ့ကနေ အထိမနာဘဲ မထွက်သွားနိုင်ဘူးလို့ အာမံခံနိုင်တယ်”

ဝမ်ချောင်၏မျက်ဝန်းအတွင်း ယုံကြည်ခိုင်မြဲစွာ စွဲမြဲလက်ကိုင်ထားသည့် အမှန်တရားကို ဖော်ထုတ်ပြသနေသော အလင်းမျိုးကလက်နေသည်။

.....

တာလာ့သည် မြို့ထဲသို့ အဘက်ဘက်မှ ဝင်ရောက်လာသည့် တပ်ကူများကြောင့် တောင့်တင်းသော အနေအထားမျိုးနှင့် ပြင်ဆင်နေရသော အခိုက်အတန့်မှ တင်းတင်းကြပ်ကြပ် လေ့ကျင့်ရသော အနေအထားမျိုးသို့ ပြောင်းလဲသွားသည်။ လက်ရွေးစင်စစ်တပ်တိုင်းက သံမဏိမြို့ရိုး စစ်တပ်နှင့် ယှဉ်နိုင်သော တည်ရှိမှုမျိုးဖြစ်သည်။ သို့သော် တိုက်ပွဲနယ်မြေတွင် အရေးအကြီးဆုံးက အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

ယခုအခါ တပ်ကူများကရောက်လာသည်။ အာရပ်များကလည်း မတိုက်ခိုက်ရဲချေ။ ထို့ကြောင့် ဝမ်ချောင်အနေနှင့် လက်ရွေးစင်အင်အားစုများကို ကိုင်တွယ်နိုင်သွားသည်။ ထိုသို့ဖြင့် အလွန်အမင်း တင်းကြပ်နေသော အချိန်အတွင်း ရအောင်လေ့ကျင့်ပေးသည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ထိုစစ်တပ်ကို လေ့ကျင့်ရာတွင် တာဝန်ယူထားသည်။ ဗဟိုပြင်ကျယ်မှ အင်အားအကြီးဆုံးသော စစ်သူတော်စင် ဖြစ်ခဲ့ဖူးသူ ဖြစ်သည့်အလျောက် ဝမ်ချောင်အနေနှင့် စစ်တပ်တစ်ခုကို အပြည့်အဝ လေ့ကျင့်ပေးရန် အချိန်အကြာကြီး မယူရချေ။ အရေးပါဆုံးသော အချက်များဖြင့် တိုက်ပွဲအတွက် အချက်အချာကျသော အချက်များကို တင်ပြပေးရင်း လိုချင်သည့် အခြေအနေမျိုးကိုရအောင် လေ့ကျင့်ပေးနိုင်သည်။

.....

ဝမ်ချောင်ဟာ တာလာ့တွင် ညမှောင်သည်အထိ လေ့ကျင့်ပေးနေသလို အဝေးရှိ အာရပ်စခန်းတွင်လည်း အာရပ်ဗိုလ်ချုပ်တိုင်းက စုစည်းနေကြသည်။ သို့သော် ချွီထေပါးမပါချေ။

“မင်းတို့တွေ ဒီတိုက်ပွဲကို ဘယ်လိုထင်လဲ”

သူတို့အားလုံးက အာရပ်ပုံစံ စားပွဲအနားတွင် ရပ်နေကြသည်။ အပုမူစလင်က မတ်တပ်ထရပ်ရင်း အနားရှိ ရဲဘော်ရဲဘက်များကိုကြည့်သည်။

ရွက်ဖျင်တဲဟာ တိတ်ဆိတ်လွန်းနေသလို လူတိုင်းဟာလည်း စားပွဲပေါ်မှ တာလာ့၏ မြေမျက်နှာသွင်ပြင် အသေးစိတ်ကျကျ ဖော်ပြထားသော မြေပုံကိုကြည့်သည်။ အော့စမန်းနှင့် အားပါးတို့၏ မျက်နှာထားများက အရှုပ်ထွေးဆုံးဖြစ်သည်။ မနေ့ကလေးတင် သူတို့ရောက်ရှိခဲ့ကြသည်။ သို့သော် မနေ့ကသာဆိုလျှင် သူတို့က အပုမူစလင်၏ မေးခွန်းနှင့်ပတ်သတ်ပြီး လှောင်မိလောက်သည်။ အားပါးနှင့် အော့စမန်းတို့အနေနှင့် အနိမ့်စား အင်ပါယာများကို ကိုင်တွယ်ရန် မည်သည့်ဗျူဟာမှမသုံးချေ။ ဗျူဟာသုံးခဲသည်။ အာရေးဗီးယား အင်ပါယာဟာ ဗျူဟာများသုံးစရာမလိုသလို မျိုးနွယ်ခြား တိုင်းပြည်များကို စည်းချင်းထိုးရာတွင်လည်း ဝင်္ကပါထုတ်သုံးရန်ပင် မလိုအပ်ခဲ့ချေ။

အကြောင်းမူကား သူတို့၏ အပြတ်အသပ်သာသော အင်အားမျိုးနှင့် ပြင်းထန်လွန်းသည့် စွမ်းအားမျိုးကြောင့် တစ်ဖက်သတ် ဖိနင်းနိုင်နေခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် ဗျူဟာများနှင့် နည်းပညာများက အရေးမကြီးတော့ချေ။ ပြောင်မြောက်ထူးချွန်လွန်းသော ဗျူဟာများရှိနေလျှင်ပင် အဆုံးအစမဲ့သော စွမ်းအားအောက်တွင် ဖြိုလဲခံခဲ့ရသည်။ ခွန်အားကသာ အရေးအကြီးဆုံး ဉာဏ်ပညာဖြစ်ပြီး အကောင်းမွန်ဆုံးသော ဗျူဟာလည်းဖြစ်သည်။

“ဒီအင်ပါယာက ကိုင်တွယ်ရတော့ တော်တော်လေးခက်နေတယ်။ ဆမ်ဆာနှစ်မင်းဆက်ထက်တောင် အင်အားကြီးနေလောက်သေးတယ်။ ငါကိုယ်တိုင်သာမမြင်ရရင် ငါ့အနေနဲ့ ချွီထေပါးနဲ့ အဆင့်ချင်းတူတဲ့ ပုဂ္ဂိုလ်မျိုး အမှန်တကယ် ပိုင်ဆိုင်ထားလောက်တဲ့ တိုင်းပြည်မျိုး ရှိတယ်ဆိုတာကို ယုံကြည်ဖို့ခက်တယ်။ နောက်ပြီး အဲ့ဒါက အဲ့ဒီအဘိုးကြီးပဲ”

အော့စမန်းက ခပ်တင်းတင်းပြောသည်။ သူ၏မျက်နှာတွင် ခံရခက်သော မျက်နှာထားမျိုးက ရှိနေသည်။

“အဲ့ဒါတင်မဟုတ်သေးဘူး သူတို့ခေါ်လာတဲ့ အဲ့ဒီတပ်ကူတွေ အားလုံးက တော်တော်လေး အင်အားကြီးနေတယ်။ နောက်ပြီး အန်းရှီကာကွယ်ရေး စစ်တပ်ရဲ့ သံမဏိမြို့ရိုး စစ်တပ်နဲ့တောင် အဆင့်ချင်းတူလောက်တယ်”

အားပါးက ခပ်တင်းတင်းဝင်ပြောသည်။

“သူတို့ကဒီလောက် အင်အားကြီးနေတော့ စစ်သည်အင်အား တစ်သိန်းလောက်ပဲရှိနေရင်တောင်မှ ငါတို့က ထင်သလောက် သူတို့ကို မဖျက်ဆီးနိုင်လောက်ဘူး”

မာမဲ့လု၏ ဗိုလ်ချုပ်ဖြစ်သည့်အလျောက် အင်ပါယာကြီးတစ်ခုလုံးတွင် အထူးခြားဆုံးသော စစ်တပ်ကို အုပ်စိုးနေရသည့် ဗိုလ်ချုပ်ကြီးဖြစ်သည့် အားပါးကိုယ်တိုင်လည်း တိုက်ပွဲနယ်မြေ အခြေအနေများကို စိတ်ပူခဲသည်။ ထို့ပြင် စစ်တပ်ချင်း အလုံးအရင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများတွင်လည်း သူဟာ ဝင်ပါရန် မလိုအပ်ခဲ့ချေ။ သို့သော် ခုခံရေးအားလှိုင်း၏ အနောက်ဘက်ကမူ အင်အားကြီးလွန်းသဖြင့် အားပါးကိုယ်တိုင်ပင် လျစ်လျူမရှု့နိုင်သော အနေအထားမျိုးဖြစ်သွားသည်။

“ခြုံငုံစဉ်းစားကြည့်ရရင် ငါတို့ရဲ့ အားအသာဆုံး အခြေအနေက ဝင်စီးနိုင်တဲ့ မြင်းတပ်အင်အားစုပဲ”

ကျစ်ရက ခပ်တင်းတင်းဝင်ပြောသည်။

“ထန်ခုခံရေးအားလှိုင်းက ငါတို့ရဲ့စစ်သားတွေကို အင်အားအပြည့် မထုတ်နိုင်အောင် တားနိုင်တယ်။ ဒီတော့ ငါတို့စစ်သားတွေအနေနဲ့ အင်အားအပြည့် ထုတ်ဖို့တအားခက်ခဲလိမ့်မယ်။ ဒါပေမဲ့ သူတို့ကိုလည်း ချုပ်ထိန်းထားပြီးသားဖြစ်နေတယ်။ အဲ့ဒီခုခံရေးအားလှိုင်းသာ မရှိရင် သူတို့ရဲ့ ခုခံနိုင်တဲ့စွမ်းရည်က တအား အားနည်းသွားပြီ။ အတိုချုံ့ဆိုရရင် ငါတို့ကသာ အရင်လက်ဦးမှုယူပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ထိုးစစ် ဆင်နေသမျှ သူတို့ကလည်း ခုခံရေးအားလှိုင်းထဲကထွက်ပြီး တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ ဒီတော့ ငါတို့က ဘယ်နေရာမှာတိုက်ခိုက်ပြီး ဘယ်အချိန်မှာ တိုက်ခိုက်မလဲဆိုတာကို ရွေးလို့ရသွားတယ်”

အရှေ့ပိုင်းအစိုးရ၏ လက်ထောက်အစိုးရ ဖြစ်နေသည့်အလျောက် ကျစ်ရဟာလည်း မြင်းကျောပေါ်တွင် ကြီးပြင်းသော အင်ပါယာမျိုးတွင် မွေးဖွားလာခဲ့သည်မှာ ပထမဦးဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ထိုအင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့် အခြားသော အင်ပါယာမျိုးသာ ဖြစ်နေခဲ့ပါက အလွန်ခက်ခဲလောက်ကြောင်း မျှော်လင့်ကြည့်၍ပင်ရသည်။ ထိုအရာသာ မကသေးချေ ကျစ်ရအနေနှင့် သူတို့တာလာ့တွင် ရင်ဆိုင်ခဲ့ရသည့်ပြိုင်ဘက်ဟာ အာရေးဗီးယားပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံး နံပါတ်နှစ် အင်ပါယာကြီးဖြစ်နိုင်ကြောင်း ခံစားမိနေခြင်းဖြစ်သည်။

“ဒီတိုက်ပွဲက ခန့်မှန်းရ တော်တော်လေး ခက်နေပြီးသား။ ထန်တပ်ကူတွေရဲ့ အစစ်အမှန် အင်အားကို ငါတို့ မဆုံးဖြတ်နိုင်သေးခင် အင်တိုက်အားတိုက် အလုံးအရင်း တိုက်ခိုက်လို့တော့ မရသေးဘူး”

အပုမူစလင်က ဝင်ပြောသည်။

“အခုအနေအထားအရ ငါတို့တွေ တိဗက်နဲ့ တူရကီတွေ ရောက်လာမဲ့အချိန်ကို စောင့်ရမယ်။ ဒီတိုင်းပြည်နှစ်ခုက အရှေ့ဘက်က အင်ပါယာလေးတွေဖြစ်ပြီး ငါတို့အာရေးဗီးယားလောက် အင်အားမကြီးဘူးဆိုပေမဲ့လည်း သူတို့ရဲ့ မဟာထန်အပေါ် နားလည်မှုက မမျှော်လင့်ထားတဲ့ အကူအညီ ဖြစ်လောက်တယ်”

ဒီစစ်ပွဲ၏ အလှည့်အပြောင်း အခြေအနေများကြောင့် ထန်များဟာ သူထင်ထားသလောက် ဖြိုလဲရမလွယ်ကူကြောင်း နားလည်နေပြီဖြစ်သည်။ အာရေးဗီးယားအနေနှင့် ထန်များကို အလုံးစုံချေမွပြစ်ရန် မည်သည့်နည်းလမ်းကိုမဆို သုံးရမည်။ အင်အားတိုင်းကို စုစည်းရမည်ဟု သူက တွေးမိသည်။ သို့မဟုတ်လျှင် ခန့်မှန်းရခက်သော ထန်များကြောင့် အာရေးဗီးယားက အခြေအနေ မကောင်းနိုင်ချေ။

“မင်းပြောတဲ့ တိဗက်တွေ၊ တူရကီတွေကို ငါတစ်ခါမှမတွေ့ဖူးဘူး။ ဒါပေမဲ့ မင်းကဒီလောက်ထိ သူတို့ရောက်လာမှ အဆုံးအဖြတ်တိုက်ပွဲကို စတင်မယ်ဆိုပြီး အတင်းအကြပ် စောင့်ချင်နေရင် ငါတို့တွေဒါကို ချွီထေပါးကို ဘယ်လိုရှင်းပြကြမလဲ”

အော့စမန်းက အပုမူစလင်၏ အရှေ့တွင်ရပ်ရင်း မြေပုံကိုစိုက်ကြည့်သည်။ သို့သော်သူ၏ အသံကမူ ကျယ်လောင်သည်။

ထိုညမှ အစည်းအဝေးပွဲဟာ အပုမူစလင်နှင့် အော့စမန်းတို့အပါအဝင် အခြားသော အာရပ်ဗိုလ်ချုပ်တိုင်းကို စုဝေးရန်ခေါ်လိုက်သည်။ သို့သော် ချွီထေပါးမပါချေ။ နေ့ခင်းပိုင်းအချိန်က ကတောက်ကဆဖြစ်ရပ်က လူတိုင်း၏စိတ်အတွင်း လတ်ဆတ်နေသေးသည်။ ထို့ကြောင့် မည်သူကမှထပ်ပြီး ချွီထေပါးကို ရန်မစဝံ့ချေ။ ချွီထေပါးဟာ အစစ်အမှန် တိုက်ပွဲဝင်အရူးဖြစ်သည်။ သူဟာ တိုက်ပွဲကို ဆာလောင်လွန်းသည်။ နေ့တစ်ဝက်တင် နောက်ဆုတ်ခဲ့ရခြင်းက သူ့ကိုအလွန်အမင်း မကျေမနပ်ဖြစ်စေခဲ့သည်။ အပုမူစလင်ကသာ နောက်ထပ် ရက်အနည်းငယ်စောင့်ပြီး တိဗက်နှင့် တူရကီများ ရောက်လာမှ အဆုံးအဖြတ်တိုက်ပွဲ စမည်ဟု သွားပြောလိုက်လျှင် ချွီထေပါး၏ တုန့်ပြန်မှုကို မျှော်လင့်ကြည့်ရန်ခက်ခဲသည်။

ဒီနေရာရှိ မည်သူကမှလည်း ချွီထေပါး၏ ဒေါသကို မခံနိုင်ကြချေ။

အော့စမန်း၏ စကားလုံးများက ထိုရွက်ဖျင်တဲတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ ချွီထေပါးဟာ နေ့လည်ခင်းကောင်းကင်တွင် ရှိနေသည့် နေမင်းကြီးအလားဖြစ်သည်။ လူတိုင်းဟာ ထိုနေမင်းကို မကြည့်နိုင်သည့်အတွက် ခေါင်းငုံ့၍သာထားရသည်။ သူ၏တည်ရှိမှုကို လျစ်လျူရှု့၍မရချေ။

ချွီထေပါးကသာ ခေါင်းမာစွာ တိုက်ခိုက်မည်ဆိုလျှင် အပုမူစလင်ကပင် သူ့ကိုမတားနိုင်ချေ။ ဒါဟာ ရွက်ဖျင်တဲအတွင်းရှိ လူတိုင်း၏ခန့်မှန်းချက်ဖြစ်သည်။

ဘုန်း

ထိုတိတ်ဆိတ်နေသော အခိုက်အတန့်ကို တိဗက်စခန်း နောက်တန်းမှထွက်လာသည့် ကျယ်လောင်သော မြင်းခွာသံများက ဖြိုခွဲလိုက်သည်။ ရွက်ဖျင်တဲအတွင်းရှိ လူတိုင်းက အသံကြောင့်မှင်သက်သွားသည်။ သူတို့၏စစ်တပ် နောက်ပိုင်းမှ ထိုကဲ့သို့သောအသံမျိုး ပေါ်ထွက်လာမည်ဟု မထင်ထားကြပေ။

“ဖြစ်နိုင်တာက”

ရုတ်တရက် အပုမူစလင်၏ စိတ်အတွင်း အတွေးတစ်ခုဝင်လာသည်။

“သတင်းပို့”

တစ်ချိန်ထဲလိုလို အာရပ်သတင်းထောက်တစ်ယောက်က ရွက်ဖျင်တဲအတွင်းသို့ ဝင်လာပြီး ဒူးတစ်ဖက် ထောက်ချသည်။

“အရှင်အစိုးရတို့ နယ်နမိတ်နားမှာ စစ်သည်တော်တွေ အမြောက်အများ ရောက်လာပါတယ်။ သူတို့ကလည်း ကျွန်တော်တို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေကို သတင်းစကား ပေးပို့လိုက်ပါတယ်။ သူတို့ရဲ့ဗိုလ်ချုပ်က သာ့လွန်ရော့ကျန်းလို့ခေါ်တဲ့ လူပါတဲ့”

“ဘာ”

အပုမူစလင်၏ မျက်နှာက အံ့အားသင့်မှုအပြည့်နှင့် ပြောင်းလဲသွားသည်။

“ဝမ်းသာစရာပဲ”

ရှင်းပြရန် အချိန်မရှိတော့သည့် အပုမူစလင်က ချက်ချင်းထရပ်လိုက်ပြီး ရွက်ဖျင်တဲအတွင်းမှ ထွက်သည်။ သူ၏အနောက်မှ အားပါးနှင့် အော့စမန်းတို့က အကြည့်ချင်းဖလှယ်ပြီး လိုက်သွားကြသည်။

.....

တစ်ချိန်ထဲတွင်ပင် ဖုန်တိမ်စိုင်များအကြားတွင် မြင်းကိုစီးနင်းလျှက် ထွက်ခွာလာသော စစ်သည်တော် တစ်ဖွဲ့ရှိသည်။ သူတို့ဟာ ကျဉ်းမြောင်းသော တံတားလေးကိုကျော်ဖြတ်ပြီး အာရပ်စခန်းထံ အရောက်လာနေကြသည်။

ဒုန်း ဒုန်း ဒုန်း

တံတားကို မြင့်မားသည့် တောင်ပေါ်မြင်းကြီးကိုစီးနင်းလျှက် ကျော်ဖြတ်လိုက်သော အပြာရောင်ဝတ်စုံနှင့်လူဟာ ပညာသင်သားတစ်ယောက်လိုမျိုး ဝတ်ဆင်ထားသည်။

“ဟား ဟား ဟော်ရှု့ ကြည့်ရတာ ငါတို့တွေ သိပ်နောက်မကျဘူးပဲ။ အာရပ်နဲ့ထန်တွေက အဆုံးအဖြတ်တိုက်ပွဲ မစကြသေးဘူး”

သာ့လွန်ရော့ကျန်းက ညကောင်းကင်တွင် ကြယ်များကဲ့သို့ လင်းထိန်နေသည့် အဝေးမှ မီးတုတ်များကိုကြည့်ပြီး အင်္ကျီလက်ကိုခါယမ်းသည်။ သူဟာ မြင့်မားသော တာလာ့၏ မြို့ရိုးများကိုလည်း ကြည့်သည်။

“အရှင်ခန့်မှန်းထားတဲ့ အတိုင်းပါပဲ။ ကြည့်ရတာ ဒီမီးတုတ်တွေနဲ့ တွင်းတွေက အသုံးဝင်ခဲ့တဲ့ပုံပဲ။ ထန်တပ်ကူတွေက နှစ်ရက်လောက် နောက်ကျသွားတယ်”

ဟော်ရှု့ဟွေ့ခမ်းက အရှိန်အဟုန်မြင့်သော တိဗက်တောင်ပေါ်မြင်းကြီးကို စီးနင်းလျှက် လေပြင်းနှင့်အတူ ရောက်လာသည်။

သူတို့က ထန်များနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် စုဟန်ရှန်းဟုခေါ်သော ကောင်ကြောင့် ရှုံးသွားသော်လည်း သာ့လွန်ရော့ကျန်းအနေနှင့် ထိုတပ်ကူများအား နှောင့်နှေးသွားစေရန် တူးမြောင်းနှင့် တွင်းများ၊ ထောင်ချောက်များ ချခင်းထားနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့ရောက်လာခြင်းက နောက်ကျသွားသည်။ ထို့ကြောင့် သူတို့ပတ်ကာ လှည့်လာသည့်တိုင်အောင် အချိန်ရသွားသည်။ ဝေးကွာသောနေရာတစ်ခုလုံးကိုပတ်ကာ လှည့်လာရသည့်တိုင်အောင် တိဗက်များအနေဖြင့် တိုက်ပွဲတွင် မနောက်ကျသွားခဲ့ချေ။

“အရှင် ကြည့်ပါဦး အာရပ်တွေလာနေပြီ”

သာ့လွန်ရော့ကျန်း၏အနားမှ ခပ်ဝဝ လက်ထောက်အရာရှိတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။

ထိုစကားလုံးများက လူတိုင်းကို မြောက်ဘက်ကို လှည့်ကြည့်မိစေသည်။ ထိုနေရာတွင် အစီအစဉ်တကျ ပုံစံမျိုးနှင့် သတိအပြည့်ကပ်ကာ ရွေ့လျားလာသော အာရပ်စစ်တပ်များကို မြင်ရသည်။ ထိုလူများက စတင်ကာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ သူတို့က စောင့်ကြည့်နေသည့် အကြည့်များအောက်တွင် အာရပ်စစ်တပ်များက ဘေးဘက်သို့ ချဲပေးလိုက်သည်။ အနောက်ဘက်မှ အခြားသော အာရပ်စစ်တပ်များကို ဦးဆောင်လာသည့် ထောင်ထောင်မောင်းမောင်းနှင့် ပုံရိပ်တစ်ခုက ထွက်လာသည်။ သူဟာ သူတို့ရှိရာဘက်သို့ လာနေသည်။

“ဟား ဟား မိတ်ဆွေဟောင်း ရောက်လာပြီပဲ။ လာ အပုမူစလင်ကို သွားတွေ့ရအောင်”

သာ့လွန်ရော့ကျန်းက မြင်းကိုရှေ့သို့နှင်ပြီး အာရပ်များထံ ဒုန်းစိုင်းစီးနင်းသွားသည်။

အခြားတစ်ဖက်ခြမ်းတွင် အပုမူစလင်က တိဗက်များကို ဖျော့တော့သော အပြုံးမျိုးနှင့်ကြည့်သည်။

အခန်း(၁၀၇၀)

ဘန်း

အာရပ်နှင့် တိဗက်စစ်တပ်က ဆုံသွားချိန်တွင် နှစ်ဖက်လုံးထံမှ ကောင်းကင်ကိုပင် လှုပ်ခါမတက် အောင်ပွဲခံသံများနှင့် ပေါက်ကွဲသွားသည်။ အောင်ပွဲခံသံများက အမှောင်ထုတစ်ခုလုံးကို ကျော်ဖြတ်ပြီး အလွန်ဝေးကွာသည့်နေရာရှိ တာလာ့မြို့ရိုးထံသို့ပင်ရောက်သည်။

“သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီတို့ စောစောရောက်သားပဲ”

မြို့ရိုးပေါ်မှ ချန်းချန့်လီနှင့် ဝမ်ချောင်တို့က ဘေးချင်းယှဉ်လျှက် ရပ်နေသည်။ သူတို့၏ အဝတ်များက လေတွင်လွင့်နေသလို သူတို့ဟာ အဝေးမှ ထိန်လင်းနေသော မီးတုတ်များ ရှိရာဘက်သို့ လှမ်းကြည့်နေကြသည်။

“ရေလှိုင်းတွေတက်လာပြီဆိုရင် မြေသားကတောင်မှ မတားနိုင်ဘူး။ ရန်သူစစ်တပ်က ရောက်လာတဲ့အခါ စစ်သားတွေက လမ်းကိုပိတ်ဖို့ လွှတ်ရမှာပဲ။ တိုက်ပွဲဆိုတာကလည်း ရှောင်ရှားလို့မရပါဘူး”

ဝမ်ချောင်က ကျောဘက်သို့ လက်ပို့ထားသည်။ သူဟာ အဝေးသို့သာကြည့်နေသည်။ သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီတို့ ရောက်ရှိလာခြင်းက သူ၏နှလုံးသားကို လေးလံစေသော်လည်း သူ၏မျက်လုံးကမူ တည်ငြိမ်နေသေးသည်။

ရောက်လာသင့်တာက ရောက်လာတာပါပဲ။ တိုက်ပွဲက ဒီအနေအထားထိ ရောက်နေမှတော့ ဒီလိုကိစ္စလေးလောက်က သူ့ရဲ့နှလုံးသားကို နည်းနည်းပဲ လှုပ်ခါနိုင်တော့တယ်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် လေ့ကျင့်တာကို ရပ်လိုက်တော့။ စစ်သားတွေကို အနားယူခိုင်းပြီး မနက်ဖြန်မှာ စတင်မဲ့ အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းထားလိုက်”

ဝမ်ချောင်က ရုတ်တရက် အမိန့်ကိုထုတ်လိုက်သည်။ သူဟာနောက်သို့ လှည့်ကြည့်ခြင်းမရှိချေ။

“ဟုတ်ကဲ့”

အနောက်ဘက်မှ အသံတစ်သံထွက်လာသည်။ ထို့နောက် ချောမွေ့စွာဖြင့် ထွက်ခွာသွားသံက တဖန်ထွက်ပေါ်လာသည်။

မုန်တိုင်းမလာခင် လေပြေက တည်ငြိမ်နေသည်။ ဒီပြိုင်ဘက်တိုင်းက ရောက်ရှိလာကြပြီဖြစ်သည်။ အမှောင်ထုဟာ ငြိမ်းချမ်းနေသေးသော်လည်း ဝမ်ချောင်ကမူ ဒီတိုက်ပွဲက ယခုလိုလွန်ဆွဲပွဲတွင် အပြင်းထန်ဆုံးသော စိန်ခေါ်မှုကြီးဖြစ်နိုင်ကြောင်း နားလည်နေသည်။

.....

ညက ခပ်မြန်မြန် ကျော်ဖြတ်သွားသည်။ အရှေ့ဘက်မှ အလင်းကပင် မြောက်တက်လာ၏။

ကောင်းကင်က တဖြတ်ဖြတ်နဲ့ ကျော်ဖြတ်သွားပြီး အပူချိန်က ထိုးကျလာသည်။ အမှောင်နေမင်း တိုက်စားခြင်း စတင်ပြီးချိန်ကတည်းက တာလာ့ရှိ အပူချိန်က နိမ့်သထက်နိမ့်လာသည်။ ယခုအခိုက်အတန့်တွင် တာလာ့အနောက်ဘက်ခြမ်းတွင် ဒီကုန်းမြေကြီးပေါ်တွင် တည်ရှိသည့် အင်အားအကြီးဆုံးသော စစ်တပ်နှစ်ခုက စတင်ကာ စုစည်းနေကြသည်။

ယခုလိုထိပ်တိုက်တွေ့ဆုံမှုက မနေ့ညကတည်းက စတင်ပြီး မိုးသောက်ချိန်အထိ ကြာမြင့်လာသည်။

ဘုန်း

အချိန်တစ်ခုကြာပြီးနောက် လူတိုင်းဟာ ကျယ်လောင်သော ခရာမှုတ်သံကို ကြားလိုက်ရသည်။

ခြိမ်း

မြင်းခွာသံများက တိတ်ဆိတ်မှုကိုဖြိုခွဲသည်။ အနက်ရောင်အလံလေးခုကလည်း လေထဲတွင် လွင့်ထူလျှက် အာရပ်စစ်တပ်နောက်တန်းမှ ထွက်ပေါ်လာပြန်သည်။

အရှိန်အဝါကြီးမြတ်သော ပုံရိပ်ပေါင်းများစွာက အလံများအောက်တွင် စုစည်းနေသည်။ တစ်ယောက်ချင်းစီတိုင်းက တောင်တန်းများလို ကျယ်ပြောသော စွမ်းအင်များကို သယ်ဆောင်ထားကြ၏။ ထိုပုံရိပ်များက စတင်ကာ လှုပ်ရှားလာသောအခါ လှုပ်ရှားမှုကင်းမဲ့နေသည့် အာရပ်စစ်တပ်က အသက်ဝင်လာသော တောင်တန်းတစ်လုံးလိုမျိုး တာလာ့ထံစတင်ကာ ရွေ့လာကြသည်။

ဘုန်း

တစ်ချိန်ထဲလိုလို တင်းမာသော လေထု၏ အခြေအနေကို အာရုံခံမိသလိုမျိုး အဝေးရှိ တာလာ့မှ ကြီးမားသော ဂိတ်ကြီးက ဘန်းကနဲပွင့်သွားသည်။ တောက်ပသော သံချပ်ကာများကို ဝတ်ဆင်ထားသည့် စစ်သည်တော်တစ်လှိုင်းပြီးတစ်လှိုင်းက ရေကြီးသလိုမျိုး အတွင်းမှ စိမ့်ထွက်လာပြီး သံမဏိခုခံရေး အားလှိုင်းထံသွားသည်။

“စတင်ပြီ”

ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ဝမ်ရန်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးနှင့် အခြားသော ဗိုလ်ချုပ်တိုင်းက ထိုအဖွဲ့၏ရှေ့ဆုံးတွင် မြင်းစီးလျှက်ရှိနေကြသည်။

တောင်တစ်တောင်ထဲတွင် ကျားနှစ်ကောင် မကိန်းအောင်းချေ။ တစ်လကျော်ကြာ ရပ်ဆိုင်းပြီးနောက် အာရေးဗီးယားနှင့် မဟာထန်ဟာ နောက်ဆုံးတွင် ရှောင်ရှား၍မရနိုင်သည့် အဆုံးအဖြတ် တိုက်ပွဲကို စတင်ရတော့မည်ဖြစ်သည်။

လေပြင်းက ဟိန်းဟောက်သည်။ ရာသီဥတုက လွန်ခဲ့သော နှစ်ရက်ကထက်ပင် အေးလာသေးသည်။ ဝမ်ချောင်က သူ၏မြင်းကိုစီးပြီး လေပြေကိုကျော်ဖြတ်လျှက် ရှေ့တန်းသို့ ခပ်မြန်မြန်ရောက်သွားသည်။ တောင့်တင်းသန်မာသော စစ်သည်တော်များက သံမဏိခုခံရေးအားလှိုင်း၏ အနောက်တွင် မားမတ်စွာ ရပ်နေကြသည်။ သူတို့၏အကြည့်က ရှေ့သို့သာမြဲမြံစွာရောက်နေသည်။ တိုက်ပွဲဟာ မစရသေးသော်လည်း သူတို့အားလုံးဟာ လေထု၏ တင်းကြပ်မှုကို ခံစားမိနေကြသည်။

“သတိပေးချက် တာလာ့တိုက်ပွဲရဲ့ ဒုတိယမြောက် အခိုက်အတန့်က စတင်တော့မယ်”

“ဒါက မဟာထန်နဲ့ အာရပ်ကြားက နောက်ဆုံးစစ်ပွဲဖြစ်နိုင်တယ်။ အင်ပါယာကြီးနှစ်ခုက နောက်ဆုံးအနိုင်ရတဲ့ တိုင်းပြည်ကို ဆုံးဖြတ်ပေးတော့မယ်”

“အခုကစတင်ပြီး တိုက်ပွဲအတွင်းမှာ အာရပ်စစ်သည်ငါးသောင်းကို သတ်နိုင်တိုင်း အသုံးပြုသူအနေနဲ့ ကံကြမ္မာစွမ်းအင်အမှတ် တစ်သောင်းကို ဆုလဒ်အဖြစ် လက်ခံရရှိမယ်။ ထန်စစ်သားတွေရဲ့ အရေအတွက်က နှစ်သောင်းအောက် ထိုးကျသွားချိန်တိုင်း အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် တစ်သိန်း အပြစ်ဒဏ်အဖြစ် နှုတ်ယူခံရမယ်။ ဒီတိုက်ပွဲမှာ ရှုံးသွားရင် အသုံးပြုသူက သုတ်သင်ခံရမယ်”

ဝမ်ချောင်၏စိတ်အတွင်း သတင်းပေါင်းများစွာက ပေါ်လာသည်။ ဒါဟာ ကံကြမ္မာကျောက်တုံးက သူ့ကို ကမ်းလှမ်းဖူးသမျှထဲတွင် အများဆုံးဆုလဒ်ဖြစ်သည်။ သို့သော် ကံကြမ္မာကျောက်တုံးကပေးသည့် အမြင့်ဆုံးဆုလဒ်က ဝမ်ချောင်၏ မျက်နှာထားကို ပို၍တင်းမာသွားစေသည်။

ဆုလဒ်က ဒီလောက်မြင့်နေတယ်ဆိုကတည်းက တိုက်ပွဲက အန္တရာယ်က ပိုကြီးပြီး ပိုပြီးအန္တရာယ်များနေတာပေါ့။ ဝမ်ချောင်က ထိုသို့တွေးရင်း ခပ်တိုးတိုးရေရွတ်သည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင်မူ မည်သည့်အလင်းလှိုင်းမှ လှုပ်ခတ်သွားခြင်းမရှိချေ။

တိုက်ပွဲဟာ ရှောင်ရှား၍မရနိုင်ကတည်းက သူဟာ ဒီတိုက်ပွဲ၏အနိုင်ကို ကိုယ်တိုင်ကိုယ်ကျ အရယူရပေမည်။

.....

“အရှင် အဲ့ဒီကိုကြည့်လိုက်ပါဦး”

သံမဏိမြို့ရိုး၏အနောက်မှ ငယ်ရွယ်သော ပုံရိပ်တစ်ခုထံသို့ မြင်းစီးသမားတစ်ယောက်က လှည့်ကြည့်လိုက်သည်။ တစ်ချိန်ထဲလိုလို သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့၊ တုဝူစစ်လီတို့ကလည်း ဝမ်ချောင်ကိုလှည့်ကြည့်သည်။

ဝမ်ချောင်သည် တိုက်ပွဲတွင် အလွန်အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည်။ သူပေါ်လာခြင်းဟာ လူတိုင်း၏အာရုံကို စုစည်းစေနိုင်သည်။ အပုမူစလင်နှင့် ကျစ်ရကပင် လှည့်ကြည့်သည်။

ဒီတိုက်ပွဲတွင် သူတို့အသက်ချင်ဆုံး ထန်တစ်ယောက်ကို ပြပါဆိုလျှင် သေချာပေါက် ဝမ်ချောင်ဖြစ်ပေလိမ့်မည်။ သူ့ကြောင့်သာမဟုတ်လျှင် အာရပ်နှင့်တိဗက်များက ဒီတိုက်ပွဲကိုနိုင်ပြီး အနောက်ပိုင်းနယ်မြေကို သိမ်းပိုက်ပြီးလောက်လေပြီ။

“ဟွန်း တိုက်ပွဲရဲ့ ဒီလိုအဆင့်မျိုးမှာ မဟာထန်က နောက်ဆုတ်စရာမရှိဘူး။ ဒီအခြေအနေကို သူဘယ်လို ကိုင်တွယ်မလဲကြည့်ရအောင်”

သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။

သူ့အနေဖြင့် အချိန်အများကြီးသုံးပြီး လှည့်ပတ်ကာ သွားလာခဲ့ရသော်လည်း တူရကီ၊ တိဗက် စစ်တပ်အင်အား တစ်သိန်းဟာ နောက်ဆုံးတွင် ပန်းတိုင်သို့ ရောက်ရှိသွားသည်။ အောင်မြင်စွာနှင့် အာရပ်စစ်တပ်နှင့် ပေါင်းနိုင်သွားသည်။

ဝမ်ချောင် ငါတို့စမှတ်နေရာကို ပြန်ရောက်သွားပြန်ပြီ။ စစ်သည်လေးသိန်းနဲ့ စစ်သည်တစ်သိန်း ဒီတစ်ကြိမ်က မာန်ရှဲ့ကျောင်းမဟုတ်ဘဲ တိုင်းပြည်သုံးခုဖွဲ့ထားတဲ့ မဟာမိတ်အင်အားစုကြီး ဖြစ်နေတယ်။ မင်းဒီတစ်ကြိမ်မှာ အရင်တစ်ခေါက်က စစ်ပွဲလိုမျိုး အခြေအနေတစ်ခုလုံးကို ကြိုးကိုင်ပြီး အရေအတွက် အပြတ်အသပ်သာတဲ့ အင်အားစုကို နည်းပါးတဲ့အင်အားမျိုးနဲ့ အနိုင်ပိုင်းနိုင်ဦးမှာလား။

သာ့လွန်ရော့ကျန်း၏ စိတ်အတွင်း ထိုအတွေးများက ပေါ်ထွက်လာသလို သူဟာ ပြုံးလိုက်သည်။ သူက ဟန်ချက်ကို ခပ်မြန်မြန်ပြန်ထိန်းသည်။

“ငါ့ရဲ့အမိန့်ကိုထုတ် အသင့်ပြင်”

“ဟုတ်ကဲ့မဟာအမတ်မင်း”

သတင်းပို့က ခပ်မြန်မြန်ထွက်သွားသည်။

ဝှစ်

စစ်အလံများက တိုက်ခတ်နေသော လေအောက်တွင် လွင့်ထူနေသလို ထိုအလံကြီး၏ အောက်တွင်လည်း အပုမူစလင်၊ အော့စမန်း၊ အားပါးနှင့် ကျစ်ရတို့အားလုံးက စုစည်းနေကြသည်။ သူတို့လေးယောက်ဟာ တစ်နေရာတည်းသို့သာကြည့်သည်။ ကြည့်နေသောနေရာတွင် ငရဲမီးတောက် အလံအောက်နေရာဖြစ်သည်။

“ငါတို့ဘယ်လိုလုပ်ကြမလဲ”

ကာရီယို၏ အော့စမန်းက အပုမူစလင်ကိုကြည့်သည်။

“ချွီထေပါးက မပေါ်လာသေးဘူး”

“နည်းနည်းလောက် စောင့်လိုက်ဦး။ ငါတို့တွေ သူ့ရဲ့စစ်သားတွေမရှိဘဲ ဒီတိုက်ပွဲကိုမနိုင်ဘူး”

အပုမူစလင်က ခပ်တင်းတင်းပြောသည်။

သူဟာချွီထေပါးနှင့် အဆင့်အတန်းတူသလို ထင်ရသည့်တိုင်အောင် နှစ်ယောက်လုံးက အာရပ်၏ အစိုးရများ ဖြစ်နေသော်လည်း အမှန်တိုင်းဆိုရသော် ချွီထေပါးက သူတို့လေးယောက်လုံးထက် အဆင့်မြင့်သည်။ စစ်တပ်က အသင့်ပြင်ပြီး ထွက်ခွာရန် စောင့်နေရသည့်တိုင်အောင် ခရာမှုတ်သံကို ထုတ်လွှတ်ပြီးသည့်တိုင်အောင် သူတို့လေးယောက်လုံးကလည်း ချွီထေပါး ပေါ်မလာသည့်အတွက် မလှုပ်ရှားရဲကြချေ။

“ဘယ်လောက်တောင် ဒုက္ခများလိုက်သလဲ”

အားပါးက မျက်မှောင်ကျုံ့သည်။

အားပါးဟာ မာမဲ့လုများ၏ အဆင့်အတန်းအမြင့်ဆုံး ဗိုလ်ချုပ်ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ သူ့ကို အကြာကြီး မစောင့်ခိုင်းဖူးချေ။ သို့သော် အားပါးက အထွတ်မတက်ရဲပြန်ချေ။ ရှက်စရာအကောင်းဆုံး ကိစ္စကမူ သူတို့ဟာ ထိုကိစ္စကို သာ့လွန်ရော့ကျန်းထံသို့ သွားရောက်ပြီး ရှင်းပြ၍မရနိုင်ချေ။

“ဘယ်လိုလဲ အရှင်အစိုးရ ငါတို့စတင်တော့မှာလား”

သာ့လွန်ရော့ကျန်းက တောင်ပေါ်မြင်းကိုစီးနင်းလျှက် အနားသို့လာပြီး အာရပ်ဘာသာစကားနှင့် ကျွမ်းကျင်စွာပြောလာသည်။

“ဒါက ....”

လေးယောက်လုံးက ရှက်ရွံ့သွားပုံပေါ်သည်။

ကို့ယို့ကားယား ဖြစ်နေသော အနေအထားမျိုးတွင် ရုတ်တရက် စစ်တပ်၏ နောက်တန်းမှ အာရပ်မြင်းစီးသမားတစ်ယောက် ပေါ်လာသည်။

“အရှင်ချွီထေပါး လာပါပြီ”

ထိုစကားများနှင့်အတူ လေးယောက်လုံးက တုန်ယင်သွားပြီး လှည့်ကြည့်လိုက်ကြသည်။ သာ့လွန်ရော့ကျန်းကပင် တစ်စုံတစ်ရာကို အာရုံခံမိပုံပေါ်သည်။ အဝေးရှိ အာရပ်စစ်တပ်က စတင်ကာ ထွက်ခွာလာသည်။ သို့သော် နေမင်းကိုပင် တဖြည်းဖြည်းချင်း ရောင်ဝါပျောက်ဆုံးသွားလောက်အောင် ရှေ့မှဦးဆောင်လာသောလူက တောက်ပထည်ဝါသည့် ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားလေသည်။

သူဟာ အလွန်အမင်း မြန်ဆန်စွာ ရွေ့လျားလာပုံပေါ်သည်။ သို့သော် ခြေတစ်လှမ်းချင်းစီတိုင်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလေးချိန်စီးသည်။ ထိုလူပေါ်လာသည့် အခိုက်အတန့်တွင် အပုမူစလင်နှင့် အော့စမန်းတို့ကဲ့သို့ လက်ရွေးစင် အစိုးရများကပင် တောက်ပသည့် လမင်းအောက်မှ ပိုးစုန်းကြူးများကဲ့သို့ဖြစ်သွားသည်။

ထိုမျှ ထည်ဝါသည့် နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုး ပေါ်လာသည့်အခိုက်အတန့်တွင် ထိုလူဟာ လူတိုင်းအာရုံစိုက်ရာ ဖြစ်သွားသည်။

ဒါကစစ်အစိုးရလား။

သာ့လွန်ရော့ကျန်းက မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ သူ၏စိတ်အတွင်း ထိုအတွေးကဝင်လာသည်။ သူဟာ မနေ့ကတိုက်ပွဲတွင် မရှိခဲ့ချေ။ ထို့ကြောင့် အခြေအနေကိုလည်း မသိချေ။ သို့သော် မနေ့ညက သူရောက်လာပြီးနောက် အာရပ်များထံမှ အခြေအနေကို အကြမ်းဖျင်း နားလည်နိုင်ခဲ့သည်။

ဆိုတော့ ဒီလူက အပုမူစလင်ကတောင်မှ လေးစားရတဲ့လူပေါ့။

သာ့လွန်ရော့ကျန်းက ချွီထေပါးနှင့် မဆုံဖူးချေ။ သို့သော် တစ်ချက်ကြည့်လိုက်ရုံနှင့် နက်နဲလွန်းသော ထင်မြင်ချက်ကို ချန်ထားရစ်နိုင်သည်။ ယွီစန်းသည် ပညာရှင်မရှားချေ။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းဟာ ပညာရှင်ပေါင်းများစွာ၏ မွေးရပ်မြေဖြစ်သည်။ သို့သော် အမြင့်ဆုံးသော ဘုန်းတော်ကြီးကလွဲပြီး မည်သူကမှ သာ့လွန်ရော့ကျန်း၏စိတ်ကို ထိုမျှအထိ သက်ရောက်အောင် မလုပ်နိုင်ချေ။ သူဟာလည်း ရုတ်တရက်ဆိုသလိုပင် မည်သည့်အတွက်ကြောင့် အပုမူစလင်နှင့် အော့စမန်းတို့က ချွီထေပါးကိုကြောက်ကြောင်း နားလည်သွားသည်။

“ဒီလူက ကြောက်စရာကောင်းတယ်”

ထိုအခိုက်အတန့်တွင် တုဝူစစ်လီက ထပြောသည်။ သူ၏မျက်လုံးက မှေးကျဉ်းသွားပြီး မျက်ခွံများက လှုပ်သွားသည်။ တုဝူစစ်လီအနေဖြင့် အရှိန်အဝါမြင့် ဝင်္ကပါကို ကျင့်ကြံပြီးနောက် တိုးတက်မှုက မြင့်မားလာခဲ့သည်။ ထန်တပ်ကူများနှင့် တိုက်ပွဲတွင် အလဲထိုးခံရမှုနှင့်အတူ တဖန်ပြန်လည် ရင်ဆိုင်ခဲ့ရသည့် ထိုလူရမ်းကားကောင် နှစ်ကောင်ကလွဲပြီး သူ့အနေဖြင့် သူ၏လေးစားမှုနှင့် ထိုက်တန်သောလူမျိုး မရှိတော့ဟု ယူဆခဲ့သည်။ သို့သော် ချွီထေပါးကမူ...

တုဝူစစ်လီကိုယ်တိုင်ကပင် ကြမ်းတမ်းခက်ထန်လွန်းသည့် ပုံစံမျိုးကို သည်းခံရန် ခက်ခဲလာသည်။

ကြောက်စရာကောင်းလွန်းတယ်။ ဘယ်လိုကြောင့်များ အာရပ်တွေမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးက ရှိနေတာလဲ။

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ သွေးကြောများက တောင့်တင်းသွားသည်။ သူတို့၏ မျက်ဝန်းထဲတွင် ကြောက်လန့်မှုက တောက်ပလာပြီး အဝေးရှိ ရွှေရောင်ပုံရိပ်ကိုကြည့်သည်။ သို့သော် ချွီထေပါးဟာ ထိုလူများကို မမြင်သလိုမျိုးသာ ထင်ရသည်။ ရွှေရောင်အလင်းတန်းက သူ့ကိုလွှမ်းခြုံထားသည်။ သူဟာ ဘဝင်မြင့်နေသော မျက်နှာထားမျိုးနှင့် မြင်းကိုအသာအယာစီးရင်း ရှေ့သို့တိုးလာသည်။

ချွီထေပါးက အပုမူစလင်၏ရှေ့တွင်ရပ်သည်။

“အဆင်သင့်ပဲလား”

သူဟာ အပုမူစလင်နှင့် အခြားသောအာရပ်များကို ပြောသည်ဟုထင်ရသော်လည်း သူ၏အကြည့်ကမူ အဝေးသို့ရောက်နေသည်။ ထိုလူများကို တစ်ချက်ပင်မကြည့်ချေ။ သူ၏အသံဟာလည်း အေးစက်နေပြီး မျက်ဝန်းဟာလည်း ခံစားချက်မဲ့သည်။

“ဟုတ်ကဲ့”

အဆုံးတွင် ကျစ်ရကသာ တိတ်ဆိတ်မှုကို ဖြိုခွဲပြီး ရှေ့တက်ဖြေလိုက်ရသည်။

“အရှင် ကျွန်တော်တို့တွေ တိုက်ပွဲကို ဘယ်အချိန်စတင်မှာပါလဲ”

ကျစ်ရကပြောလိုက်သည်။ အပုမူစလင်၊ အော့စမန်း၊ အားပါး၊ သာ့လွန်ရော့ကျန်း၊ တုဝူစစ်လီနှင့် အခြားသော ဗိုလ်ချုပ်တိုင်းက ချွီထေပါးကိုလှည့်ကြည့်သည်။

သူတို့ထဲက မည်သူကမှ အသံထုတ်ပြီး ခပ်ကျယ်ကျယ်မပြောဝံသော်လည်း ချွီထေပါးပေါ်လာသည့် အခိုက်အတန့်တွင် အရာအားလုံး ဆုံးဖြတ်နိုင်သည့် အမိန့်အာဏာက သူ့ထံရောက်နေပြီးသားဖြစ်သည်။

All Chapters