← Chapters

အခန်း (၁၀၉၆-၁၁၀၀)

Vol. 63 Ch. 1096-1100

အခန်း (၁၀၉၆-၁၁၀၀)

Vol. 63 Ch. 1096-1100

အခန်း(၁၀၉၆)

တူရကီများ၏ အရှိန်အဟုန်မြင့် ဝင်္ကပါကို ဖျက်ဆီးခြင်း

အာဝူး...

ကောင်းကင်တွင် အူသံများက ပြည့်နှက်သွားသည်။ ပထမဦးဆုံး လှုပ်ရှားလာသည်မှာ တုဝူစစ်လီနှင့် သူ၏လက်ရွေးစင်စစ်သည် အယောက်နှစ်သောင်း မဟုတ်လေဘဲ တုဝူစစ်လီက တူရကီမြက်ခင်းလွင်ပြင် ဒေသမှ ခေါ်ဆောင်လာခဲ့သော ကြီးမားသည့် မီးခိုးရောင်ဝံပုလွေကြီးများဖြစ်နေသည်။

ထိုဝံပုလွေများက သိပ်သည်းစွာတည်ရှိပြီး ဆက်တိုက်ပြေးလွှားနေသောကြောင့် ဖုန်တိမ်စိုင်လုံးများက ပြည့်နှက်လာပြီး ပထမခုခံရေးအားလှိုင်းကို ရိုက်ခတ်လာသည်။ အနောက်တွင် ကပ်လျှက်လိုက်ပါလာသည်မှာ မရေမတွက်နိုင်အောင် မြောက်များသည့် အနောက်ပိုင်းတူရကီ စစ်သားများဖြစ်သည်။ သူတို့၏လက်နက်များကို လေထဲတွင် လွှဲယမ်းလျှက် အော်ဟစ်ကြရင်း သံမဏိမြို့ရိုးထံ ချဉ်းကပ်လာကြလေသည်။

ခလွက်

ထိုစစ်သည်အယောက်နှစ်သောင်းက လှုပ်ရှားပြီးသိပ်မကြာခင် လေထဲတွင် မိုးခြိမ်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အနောက်ပိုင်းတူရကီ မြင်းတပ်၏အထက်တွင် မိုးကြိုးတိမ်စိုင်များက လ်ိမ့်တက်ကာ စုစည်းလာလေပြီး ချက်ချင်းဆိုသလိုပင် အနောက်ပိုင်းတူရကီ စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည့် အနက်ရောင်အရိပ်ကြီးကို ပေါ်ထွက်လာစေသည်။

ခြိမ်း

အဝေးမှသာကြည့်မည်ဆိုလျှင် အနက်ရောင်တိမ်စိုင်များအတွင်း မရေမတွက်နိုင်သည့် လျှပ်စီးတန်းများကို မြင်နိုင်မည်ဖြစ်သည်။ ထိုလျှပ်စီးများက ဆက်တိုက်လင်းလက်နေသည်။ မိုးကြိုးတိမ်စိုင်များ ပေါ်ထွက်လာပြီးနောက် အနောက်ပိုင်းတူရကီ မြင်းတပ်အဖွဲ့ဝင်တိုင်းက လှုံ့ဆော်ခံရသလိုဖြစ်သွားသည်။ သူတို့၏ခွန်အား၊ အရှိန်နှုန်းနှင့် သက်လုံစွမ်းအားများ အားလုံးက ထိုးတက်သွားလေသည်။

အပုမူစလင်၊ အော့စမန်းနှင့် ကျစ်ရတို့ကိုယ်တိုင်ကပင် ထိုမြင်ကွင်းကြောင့် မှင်သက်သွားရသည်။ အနောက်ပိုင်းတူရကီများက ထိုအခိုက်အတန့်တွင် ထုတ်ပြလိုက်သည့် ခွန်အားသည် သူတို့အား အမြင်သစ်တစ်ခုအဖြစ် ရှု့မြင်စေသည်။

“ဒီမျိုးမစစ်က... သူ့ရဲ့အင်အားကို ဖုံးကွယ်ထားတာပဲ”

ဟော်ပါးစမ်းယဲ့၏ မျက်ဝန်းအတွင်း ဒေါသများက လင်းလက်လာသည်။

စုဟန်ရှန်း၏ တပ်ကူများနှင့်တိုက်ပွဲတွင် သူတို့သည်လည်း ထိုအင်အားမျိုးကို လိုအပ်ခဲ့သည်မှာ မှန်ကန်သည်။ သို့သော် ထိုအမှိုက်ကောင်က သိသာစွာပင် ဟန်ဆောင်ခဲ့လေပြီး ထိုဝင်္ကပါကို ယခုမှသာ ထုတ်သုံးလေသည်။

“တုဝူစစ်လီက ဒီလိုအခိုက်အတန့်မျိုးအတွက် ဒီလိုဝင်္ကပါကိုသုံးဖို့ ကြံစည်ထားခဲ့တာ။ အဲ့ဒီလိုမှမဟုတ်ရင် မနေ့ညက တုဝူစစ်လီက ဘာလို့ဒီလောက်ထိ အကောင်းမြင်နေမယ်လို့ထင်လဲ”

သာ့လွန်ရော့ကျန်းက ရှေ့သို့ကြည့်ရင်း တည်ငြိမ်စွာပြောသည်။

“သူက ပိုကြီးတဲ့အကျိုးအမြတ်ကို လိုချင်ရုံလေးပဲ”

တုဝူစစ်လီ၏ အားနည်းချက်ကို ထုတ်ပြသောစွမ်းရည်က ထိုအဆင့်တွင်ရှိသော သူ၏အစစ်အမှန် ပန်းတိုင်ကိုမသိသော မည်သူ့ကိုမဆို သူ၏စကားလုံးများ၊ အပြုအမူများနှင့် အရူးလုပ်နိုင်မည့် ထောင်ချောက်အတွင်းသို့ ဆွဲချနိုင်သည်။ သို့သော် သာ့လွန်ရော့ကျန်းကမူ တုဝူစစ်လီနှင့် လျို့ဝှက်ချက်တိုင်းကို ဖန်သားပြင်လို ကြည်လင်စွာ မြင်နိုင်နေသည့်အတွက် ထိုအမျိုးအစား အတွင်းတွင် မပါဝင်ချေ။

“သွား ငါတို့လည်း ပြင်ဆင်သင့်တယ်”

သာ့လွန်ရော့ကျန်းက မြင်းကိုရှေ့သို့ သွားစေလိုက်သည်။

.....

ဝှစ်

ဖုန်တိမ်စိုင်များ ပြည့်နှက်နေသည့် လေပြင်းက တိုက်ခတ်သွားသည်။ အဝေးတွင် သဲများနှင့် ကျောက်သားများကပင် ကပ်ပါသွားသေးပြီး သံမဏိမြို့ရိုးကို ရိုက်ခတ်လေသည်။ ထိုသို့ဖြင့် ကျယ်လောင်သည့် တဒုန်းဒုန်းတဒိုင်းဒိုင်း အသံကြီးက ထွက်ပေါ်လာသည်။ အရှေ့ဘက်မှ ဝံပုလွေပေါင်းများစွာက အတင်းတိုးဝင်လာကြောင်း မြင်သောအခါ ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်လေသည်။

သရဲတစ်ကောင်က သရဲတစ်ကောင်ဆီက လုယက်ဖို့ကြိုးစားနေသလိုမျိုးပဲ။ တုဝူစစ်လီက ဒီဝင်္ကပါကိုသုံးပြီး ငါ့ကိုပြန်ပြီးရင်ဆိုင်ချင်တာက တအားသဘောကျဖို့ကောင်းတယ်။

ဝမ်ချောင်က သူ့ကိုအနည်းငယ် ချီးကျူးချင်မိသွားသည်။ တုဝူစစ်လီသည် အရိုးထဲအထိ ကောက်ကျစ်မှုများ ဆွဲနေသောလူတစ်ယောက်ဖြစ်သည်။ သူက မည်သည့်အခွင့်အရေးကိုမဆို အရဖမ်းဆုပ်ပေလိမ့်မည်။ သို့သော် တုဝူစစ်လီကသာ ဒီနေရာတွင် အခွင့်အရေးရနိုင်မည်ဟု ထင်နေခဲ့လျှင် အမှားကြီးမှားသွားလေပြီ။

“ပျားပုံးလက်နက်တွေ ပြင်ဆင်တော့”

“ရွှယ်ချန်ကျွင်း တိုက်ပွဲနယ်မြေထဲကို ဝင်ဖို့အသင့်ပြင်”

“ဟုတ်ကဲ့ ဒီအရာရှိက ချက်ချင်းသွားပါ့မယ်”

ရွှယ်ချန်ကျွင်းက အမိန့်ကိုရရှိထားသည့်အလား ပြုံးရယ်လိုက်သည်။ သူက ဂါရဝပြုပြီးသည်နှင့် ထွက်ခွာသွားလေသည်။

တခဏခန့်ကြာပြီးနောက် ဖာဟားနား ကာလုနဲ့ ထန်စစ်သားများ ရောနှောနေသော စစ်သည်တော် တစ်ဖွဲ့က ဘယ်ဘက်ခြမ်းသို့ဦးတည်ကာ ရွေ့သွားလေသည်။

တုဝူစစ်လီက ထိုအခြေအနေကို မြင်သောအခါ ဒေါသထွက်သွားသည်။

“ဒီမျိုးမစစ်က ဘာတွေကြံစည်နေတာလဲ။ သူက ဒီလောက်နဲ့ ငါ့ရဲ့စစ်တပ်ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်နေတာလား”

အရှိန်အဝါမြင့် ဝင်္ကပါသည် မြင်းတပ်၏ အဆင့်လွန်ပြောင်မြောက်သော သိုင်းတစ်မျိုးဖြစ်ပြီး စစ်တပ်တိုင်းတွင် အပြင်းထန်ဆုံးသော အင်အားတစ်ရပ်ကို ထုတ်သုံးနိုင်သည်။ ထို့ကြောင့် အရှိန်အဝါမြင့် ဝင်္ကပါကိုသာ ကျင့်ထားမည်ဆိုလျှင် စစ်တပ်တစ်ခုလုံး၏ အင်အားက ပမာဏအများကြီး မြှင့်တင်ခံရမည်ဖြစ်သည်။ ဝမ်ချောင်က ထိုအဖွဲ့တစ်ဖွဲ့လောက်ကိုသုံးပြီး သူ့ကိုရင်ဆိုင်လာခြင်းဟာ အရှက်ခွဲသလို ခံစားရစေသည်။

ဒါကအမှား ဒါမှမဟုတ် မတော်တဆမှုလို့တော့ မယုံဘူး။

လူတိုင်းကလည်း ဝမ်ချောင်ဟာ စစ်ဗျူဟာကို ကောင်းမွန်ကျွမ်းကျင်စွာ ဖမ်းဆုပ်ထားနိုင်ကြောင်း နားလည်သည်။ ထို့ကြောင့် ဝမ်ချောင်ကသူ့ကို အရှက်ခွဲလိုနေသည်ဟုသာ ခံစားလိုက်ရသည်။

“ဟွန်း ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ရှားမနဲ့ ချဲ့ခွန်းပန်းပါ့ကို ပြောစမ်းပါ။ ဒီထန်စစ်သားတွေ အားလုံးကိုသတ်ပြီး ဘယ်ဘက်ခြမ်းတစ်ခုလုံးကို ထိုးဖောက်လိုက် စစ်သည်တော် တစ်ယောက်ကိုမှ အရှင်မထားနဲ့”

တုဝူစစ်လီက ခပ်ကြမ်းကြမ်းပြောသည်။

အဝေးမှသာ ကြည့်မည်ဆိုလျှင် တိုက်ပွဲက စတင်ကာစသာဖြစ်သည်။ သို့သော် မီးခိုးရောင်ဝံပုလွေ တစ်သောင်းနီးပါးကမူ အေးစက်သောလေပြင်းများကို မှုတ်ထုတ်လျှက် မဟာထန်၏ ဘယ်ဘက်ခြမ်းတွင် ခုန်ဝင်သွားနေပြီဖြစ်သည်။ ဒီတစ်ကြိမ်တွင် မီးခိုးရောင်ဝံပုလွေတိုင်းကို လွှတ်ထားသည်။ သူတို့က အနောက်ပိုင်းတူရကီ၏ ရှေ့ပြေးအစောင့်တပ်များအဖြစ် တာဝန်ယူလေပြီး မဟာထန်၏အင်အားကို စမ်းသပ်မည်ဖြစ်သည်။

တုဝူစစ်လီသည် အာရေးဗီးယား ငွေရောင်လက်နက်ကြီးများကို မပိုင်ဆိုင်သလို မဟာထန်၏ လက်နက်ကြီးများကိုလည်း မပိုင်ဆိုင်ချေ။ သို့သော် မည်သည့်အချက်ကမျှ အရေးမကြီးတော့ချေ။ ထိုကြီးမားသန်မာလွန်းသော ဝံပုလွေများကတင် သက်ရှိခံတပ်ကြီးဖြစ်နိုင်သည်။

“အသင့်ပြင်”

မီးခိုးရောင်ဝံပုလွေများက အလွန်နီးကပ်လွန်းနေသဖြင့် သူတို့၏လက်သည်းမှ ကျောက်စရစ်ခဲနှင့် ပစ္စည်းအပိုင်းအစများကိုပင် မြင်နိုင်သည်။ သူတို့၏ ဖြူဖွေးနေသောအစွယ်များ တတောက်တောက်ကျနေသော သွားရည်များကပင် ခက်ထန်ကြမ်းတမ်းလွန်းနေသည်။ ထိုအခိုက်အတန့်တွင် သံမဏိမြို့ရိုး တစ်ခုလုံးက အပေါ်ယံတွင် မြောက်များလှစွာသော အပေါက်များ ပေါ်ထွက်လာသလိုမျိုး လှုပ်ခါလာသည်။

ပေသုံးရာ၊ ပေနှစ်ရာ၊ ပေတစ်ရာ...

“ပစ်”

ဘုန်း ဘုန်း ဘုန်း

သံမဏိမြို့ရိုးတွင် အပေါက်ငယ်လေးပေါင်းများစွာ ပေါ်ထွက်လာပြီးနောက် ပျားပုံးလက်နက်ကြီးက အသက်ဝင်လာပြီဖြစ်သည်။ ထန်ဘယ်ဘက်ခြမ်းတွင်ရှိသော ကြီးမားသည့် သံမဏိမြို့ရိုးများက ကြီးမားသည့် သတ္တဝါများအလား မရေမတွက်နိုင်အောင် မြောက်များသည့် မြှားများကို ပစ်လွှတ်လိုက်သည်။ ထိုမြှားများသည် ကောင်းကင်တစ်ခုလုံးကို အုပ်မိုးလိုက်ပြီး မီတာရာပေါင်းများစွာအတွင်းရှိ မီးခိုးရောင်ဝံပုလွေများကို လွှမ်းခြုံလိုက်သည်။

အာဝူး....

မီးခိုးရောင်ဝံပုလွေတစ်ကောင်က ခပ်ထူထူ သတ္တုမြှားတစ်ချောင်း၏ အလယ်တည့်တည့်သို့ ထိုးဖောက်ခံလိုက်ရပြီး မြေပြင်တွင် ထိုးစိုက်ခံလိုက်ရသည်။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ... မီးခိုးရောင်ဝံပုလွေ သောင်းကျော်က သိပ်သည်းလှသော မြှားမိုးများကြောင့် မြေပြင်တွင် ထိုးစိုက်ခံလိုက်ရသည်။

“အသင့်ပြင် ပစ်”

ထို့နောက် ဒုတိယမြောက် မြှားတစ်သုတ် ရောက်ရှိလာသည့်အချိန်တွင် ပထမတစ်သုတ်ထက်ပင် ပမာဏက ပိုများပြီး ပို၍ပြင်းထန်လာသည်။

အာဝူး...

ဝံပုလွေများက ငယ်သံပါအောင် အော်ကြသည်။ သို့သော် ဝံပုလွေများဟာ အလွန်မြန်ဆန်စွာ ရွေ့လျားနေသောကြောင့် မြှားများ၏ ပစ်ခတ်ခံရပြီးနောက် သူတို့၏ခန္ဓာကိုယ်များက ဖုန်အတန်းလိုက်ကို သယ်ဆောင်လျှက် ရှေ့သို့တိုးသွားသေးလေသည်။ ဆယ်မီတာကျော်အထိ ရောက်ပြီးမှသာ ရပ်တန့်သွားသည်။ ဒီနည်းအားဖြင့် သူတို့၏သွေးများကို မြေပြင်တောက်လျှောက် ပြန့်ကျဲသွားစေလေသည်။

ရှားမက ဆေဘာဓားကို ဆွဲထုတ်ပြီး ခပ်တင်းတင်းအမိန့်ပေးသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ ထန်တွေက နောက်ထပ်တစ်သုတ် ပစ်ခတ်ဖို့ ကြံစည်နေတဲ့အချိန်မှာ တိုက်ခိုက်လိုက်တော့”

မဟာထန်၏ လက်နက်ပုံကြီးများက ခက်ထန်ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်အားဖြင့် မြင်ရသလောက် ကြောက်စရာမကောင်းချေ။ လက်နက်များက ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် ပျားပုံးများကမူ လက်နက်တစ်ချောင်းပြီးတစ်ချောင်း တင်ချ တပ်ဆင်ရန် လိုအပ်လေသည်။ ထိုသို့လိုအပ်ချိန် ကြားကာလကတင် အနောက်ပိုင်းတူရကီများ တိုက်ခိုက်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

“သေစမ်း ထန် အသတ်ခံရဖို့ပြင်ထား”

ရှားမက သူ၏ခန္ဓာကိုယ်ကို မြင်းအနားသို့ကပ်လိုက်သည်။ သူ၏သတ်ဖြတ်လိုစိတ်က မျက်ဝန်းအတွင်းမှပင် ထိုးထွက်လာသေးသည်။

သုံးရက်တာ ထွက်ခွာလာပြီးနောက် အနောက်ပိုင်းတူရကီများက ဘယ်ဘက်ခြမ်း၏ ခုခံရေးအားလှိုင်းကို ကျော်ဖြတ်နိုင်သည့် အင်အားမျိုးကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ထန်များကလည်း မနေ့က ဖွင့်ဟခြင်းစစ်တပ်ကို ရင်ဆိုင်ခဲ့ရချိန်ကကဲ့သို့ တူညီသောကံကြမ္မာကို ရင်ဆိုင်ပြီး ဝက်များကဲ့သို့ အသတ်ခံရတော့မည်ဖြစ်သည်။

ယခင်တိုက်ပွဲများတွင် အနောက်ပိုင်းတူရကီများသည် အမြဲတစေ ဖိနှိပ်ခံခဲ့ရသည်။ သို့သော် ယခုမူ အနောက်ပိုင်းတူရကီများက သူတို့၏အရှက်တရားကို ပြန်လည်ဆေးကြောန်ိုင်တော့မည်ဖြစ်သည်။

ခြိမ်း

ထန်ပျားပုံးလက်နက်များကို စတင်ကာ တင်နေချိန်တွင် ရူးသွပ်စွာ ချီတက်လာသည့် တူရကီမြင်းတပ် နှစ်သောင်း၏အောက်တွင် မြေပြင်က တသိမ့်သိမ့်တုန်လာသည်။

“သတ်”

သူတို့၏ ကျယ်လောင်သော အော်ဟစ်သံက ကောင်းကင်ကိုပင် လှုပ်ခါစေပြီး သူတို့ဟာ ဘယ်ဘက်ခြမ်းတစ်ခုလုံးထံ ခုန်ဝင်လာကြသည်။

ဘုန်း ဘုန်း ဘုန်း

တင်ချသောဖြစ်စဉ်က လျှင်မြန်စွာပြီးဆုံးသွားပြီး လေထုက မြှားများ၏အော်သံနှင့် ပြည့်နှက်သွားပြန်သည်။ တစ်သုတ်၊ နှစ်သုတ်၊ သုံးသုတ်... ခုခံရေးအားလှိုင်း အရှေ့ရှိ ဝံပုလွေများ၏ အလောင်းက လျှင်မြန်စွာ မြောက်များလာသည်။ ဝံပုလွေများက ခုခံရေးအားလှိုင်းနှင့် မီတာအနည်းငယ်သာ ဝေးကွာတော့သော အချိန်တွင် သူတို့က ခြောက်သောင်းကျော် ဆုံးရှုံးပြီးလေပြီ။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် စွမ်းအားကို ရင်ဆိုင်ရသောအခါ ပတ်ဝန်းကျင်ရှိ ဝံပုလွေတိုင်းက အသိစိတ်အရ အလိုလို ကြောက်လန့်လာပြီး ဘေးဘက်ခြမ်းသို့ ထွက်ပြေးကြသည်။ ရှားမနှင့် သူ၏လူများ၏ အရှေ့ဘက်ရှိ ဝံပုလွေလိုက်ကာက ချက်ချင်းဆိုသလိုပင် အလွန်အမင်း ပါးလျသွားသည်။

“ဒိုင်းတွေမြှောက်”

ရှားမက အော်ဟစ်လိုက်ပြီး ပျားပုံလက်နက်များအတွင်းသို့ ဝင်ရန်ကြံစည်သည်။ သူက သူ၏မြင်းအောက်ဘက်မှ ကြီးမားသည့်ဒိုင်းကြီးကို ဆွဲထုတ်လိုက်ပြီး အရှေ့တွင် ကာသည်။ တစ်ချိန်ထဲတွင်ပင် ချဲ့ခွန်းပန်းပါ့၏အောက်ဘက်တွင်ရှိသော ချည်စက်ကွင်းနှင့် အခြားသော အနောက်ပိုင်းတူရကီ မြင်းတပ်များ၏ အောက်ဘက်တွင်ရှိသော ချည်စက်ကွင်းများက လျှင်မြန်စွာ တုန်ခါလာသည်။ ဒါဟာ နောက်ဆုံးအဆင့်သို့ ရောက်ရှိမည့်လက္ခဏာကို ပြသလာခြင်းဖြစ်သည်။

ဘန်း

ရှားမနှင့်သူ၏လူများက ပြင်ဆင်မှုများ အဆုံးသတ်သွားသည့် အခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံး မြှားများက ပြည့်နှက်သွားသည်။ သို့သော် အားလုံးက ကြီးမားသော ဒိုင်းကြီးအောက်တွင် ကွဲအက်သွားရသည်။

ဟီ....

မိုးခြိမ်းလိုက်သလို ကျယ်လောင်သည့် ဟီသံက ထွက်လာသည်။ ထိုအသံသည် တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားလေသည်။ သို့သော် ရှားမ၏စစ်မြင်းပင်ဖြစ်စေ အခြားသော သူ၏လူများ၏ စစ်မြင်းကပင်ဖြစ်စေ ထိုအသံမျိုးကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။

ရှားမသည်လည်း တစ်စုံတစ်ရာကို ခံစားလိုက်မိပြီး အလန့်တကြား ခေါင်းမော့ကြည့်လိုက်မိသည်။ သို့သော် ဘယ်ဘက်ခြမ်းမှ ထွက်လာသည့် သန်မာလွန်းသည့် အနက်ရောင် စစ်မြင်းကြီးတစ်ကောင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်မူ ထိတ်လန့်သွားသည်။ ထိုစစ်မြင်းကြီးက လေထဲသို့ခုန်တက်လျှက် သူ၏လူများထံ ခုန်အုပ်လာလေသည်။

ဒါဟာ ပထမခုခံရေးအားလှိုင်းတွင် ရှိနေသည့် အဟကြားတစ်နေရာကို ကျော်ဖြတ်ပြီး မရေမတွက်နိုင်သည့် စစ်မြင်းပေါင်းများစွာ ရှိသောနေရာသို့ ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် ခုန်ဝင်လာခြင်းဖြစ်သည်။

“ဘာလဲ”

ရှားမနှင့် ချဲ့ခွန်းပန်းပါ့ကလည်း ထိုမြင်ကွင်းကြောင့် အံ့ဩသွားသည်။ ကြေးစားစစ်သားများနှင့် ထန်စစ်သားများ၏ ရောနှောထားသော အင်အားတစ်စုက ခုခံရေးအားလှိုင်းကိုကျော်ဖြတ်ပြီး တိုက်ခိုက်လာရဲသည်။ သူတို့ထဲက မည်သူကမှ ဒီဖြစ်နိုင်ချေကို မတွေးထားချေ။

“အားလုံးကိုသတ်”

ရှားမ၏ နှလုံးသားအတွင်း ဒေါသများက ပြည့်နှက်လာလေသည်။

အပိုင်း(၁၀၉၇)

နောက်ထပ်တိုက်ပွဲ

“အားလုံးပဲ နားထောင်ကြ ပထမစစ်သည်တော် တစ်ဖွဲ့က ခန်းတည်နေရာမှာနေ ဒုတိယတစ်ဖွဲ့က ခုံးနေရာမှာနေ တတိယတစ်ဖွဲ့ကတော့ ချန်နေရာမှာပဲ။ စတုတ္ထအဖွဲ့ကတော့ လီနေရာကိုယူထားကြ... အရာအားလုံးက ငါတို့လေ့ကျင့်ထားတဲ့အတိုင်းပဲ ဖြစ်လာလိမ့်မယ်။ နားလည်လား”

ပထမခုခံရေးအားလှိုင်း၏ အနောက်ဘက်မှ ရွှယ်ချန်ကျွင်းက အနောက်ပိုင်းတူရကီ စစ်တပ်ကိုကြည့်ကာ စိတ်လှုပ်ရှားစွာအော်ပြောသည်။ ရွှယ်ချန်ကျွင်းအတွက် သူ၏အရှေ့ဘက်တွင် လိမ့်တက်နေသော တိမ်စိုင်များနှင့် ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော မိုးကြိုးများက ဟာသသာဖြစ်သည်။

အရှင်အမတ်ဆီလာပြီး အကြံအစည်တွေနဲ့ တိုက်ခိုက်ရဲတယ်။ တုဝူစစ်လီ မင်းကအဲ့ဒီအဆင့်ကိုရောက်ဖို့ လိုသေးတယ်။

ထိုအတွေးနှင့်အတူ ရွှယ်ချန်ကျွင်းက ရှေ့သို့ချီတက်သည်။ ပါးနားဟန်နှင့် ခမ်းကယ်ဘုရင်တို့က ပို၍ပင်မြန်သေးသည်။ သူတို့က ရွှယ်ချန်ကျွင်းကို ဖြတ်ကျော်သွားလေပြီး ရှားမနှင့် ချဲ့ခွန်းပန်းပါ့ကို အလျင်ကြိုဆိုလိုက်ကြသည်။

ခန်း၊ ခွန်း၊ ချန်း၊ လီ... ထိုနေရာလေးခုကို ဗဟိုပြင်ကျယ်ကသုံးသည့် သံလိုက်အိမ်မြှောင်အတိုင်း ပုံဖော်ထားခြင်းဖြစ်သည်။ အနောက်ပိုင်းနယ်မြေရှိ ကြေးစားစစ်သားများကမူ ဆိုလိုရင်းကို မသိလောက်ချေ။ ထို့ကြောင့် ဝမ်ချောင်က ထန်စစ်သားပေါင်းများစွာကို ရောနှောထားပြီး ဦးဆောင်ကာ တိုက်ခိုက်ခိုင်းခဲ့သည်။ ကျယ်လောင်သောအော်သံ၊ ဟိန်းဟောက်သံများအကြားတွင် ပါးဟားနား ကာလုနှင့် ထန်အရေအတွက် သောင်းကျော်က မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် အနောက်ပိုင်းတူရကီများထံ ချီတက်သွားလေသည်။

အာဝူး...

ထန်မြင်းတပ်၏ ရုတ်ရင့်ကြမ်းတမ်းစွာ ချီတက်လာသော အခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ အရှေ့တွင်ရှိနေသည့် ဝံပုလွေကြီးတစ်ကောင်က သန်မာလွန်းသော မြင်းခွာဖြင့် အပေါက်ခံရပြီး အရိုးများ ပေါက်ထွက်သွားသည်။ သူ၏အလောင်းက မြေပြင်တွင် အကွာအဝေးတစ်ခု ရောက်သည်အထိ လိမ့်ထွက်သွားပြီးမှသာ ရပ်တန့်သွားလေသည်။

ထိုအချိန်တွင် ချီတက်လာသော မြင်းတပ်ထံမှ အေးစက်သောအလင်းတစ်တန်းက ဖြာထွက်လာပြီး နောက်ထပ် ဝံပုလွေကြီးတစ်ကောင်ကို ခုတ်ပိုင်းလိုက်သေးသည်။ ဝံပုလွေက အန္တရာယ်ကို အာရုံခံမိပြီး လည်တိုင်ကို ကျုံ့လိုက်သည့်တိုင်အောင် နောက်ကျလွန်းသွားသည်။ အလင်းက ဖြတ်ကနဲလက်ပြီးရုံနှင့် ဝံပုလွေက နှစ်ခြမ်းကွဲသွားသည်။

ထန်မြင်းတပ်အင်အားစု၏ အရှေ့တွင် ဝံပုလွေသောင်းကျော်က နာကျင်မှုနှင့်အတူ ဟိန်းဟောက်နေရလေသည်။ ဝံပုလွေများ၏ သတ္တိကလည်း နောက်ဆုံးတွင် လျော့ကျသွားလေပြီး ကြောက်လန့်တကြား ထွက်ပြေးကြရသည်။

ယခုအခါ အနောက်ပိုင်းတူရကီနှင့် ထန်မှလွှတ်သော အင်အားစုအကြားတွင် အနှောက်အယှက်များ မရှိနေတော့ချေ။ ပို၍အရေးကြီးသည်မှာ နှစ်ဖက်လုံးက မြင်းကိုအရှိန်နှုန်းမြှင့်ကာ စီးနေကြသည်။ နှစ်ဖက်အကြား ပေတစ်ရာသာခြားတော့သည်။

ဘုန်း

စစ်တပ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်တော့မည့် အချိန်တွင် အပေါ်ပိုင်းမှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ရှားမနှင့် ချဲ့ခွန်းပန်းပါ့တို့ကလည်း သူတို့၏နားအတွင်းတွင် မြည်ဟီးလာသည့် မိုးခြိမ်းသံကြောင့် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့က ခေါင်းကိုမော့ကာ ကြည့်လိုက်သောအခါ မဟာထန်မှ စေလွှတ်လိုက်သည့် စွမ်းအားလို တစ်စုံတစ်ရာက ကောင်းကင်ပေါ်တွင် တိမ်စိုင်များကို စုစည်းလာကြောင်း မြင်လိုက်ရသည်။ ဒါကလည်း ရှင်းလင်းစွာပင် အရှိန်အဝါမြင့် ဝင်္ကပါဖြစ်နေသည်။

“မဖြစ်နိုင်တာ”

“မျိုးမစစ်”

ရှားမနှင့် ချဲ့ခွန်းပန်းပါ့တို့ကလည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားရသည်။ သို့သော် သူတို့က မတုန့်ပြန်နိုင်သေးခင် ထန်စစ်သည် သောင်းကျော်ထက် ပိုများသောပမာဏက အဖွဲ့ရှစ်ဖွဲ့ခွဲသွားပြီး အနောက်ပိုင်းတူရကီများ၏ အရှိန်အဝါမြင့် ဝင်္ကပါအတွင်းသို့ ခုန်ဝင်လာသည်။

အင်အားစုကြီးနှင့် အင်အားစုလေး... တစ်ဖက်က အားနည်းပြီး တစ်ဖက်က အားသာတယ်... တိုင်းတစ်ပါး တာလာ့ရှိ တိုက်ပွဲနယ်မြေတွင် ပထမဦးဆုံးအကြိမ်အနေနှင့် တူညီသော အရှိန်အဝါမြင့် ဝင်္ကပါနှစ်ခုက ပေါ်ထွက်လာပြီး ထိပ်တိုက်ရင်ဆိုင်သည်။

ထိုအခိုက်အတန့်တွင် အချိန်ကပင် ရပ်တန့်သွားပြီဟုထင်ရသည်။ တုဝူစစ်လီ၊ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့တို့အပြင် အဝေးရှိချွီထေပါး၊ အပုမူစလင်နှင့် အားပါးတို့ကပင် စောင့်ကြည့်နေကြသည်။

အာရပ်များကလည်း ရှေးကျပြီး အင်အားကြီးမားလွန်းသည့် ခွန်အားများကို လွှတ်ထုတ်ထားနိုင်သော အရှိန်အဝါမြင့် ဝင်္ကပါကြောင့် ဆွဲဆောင်ခံလိုက်ရပြီ။

“အခုက နောက်ဆုံးရလဒ်ကို ကြည့်ရမဲ့အချိန်ပဲ”

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က ဘယ်ဘက်ခြမ်းသို့ကြည့်ပြီး သူတို့၏ မျက်ဝန်းအတွင်း ထူးဆန်းသောအလင်းက လက်လာသည်။

ဘုန်း

ကြီးမားသော ပုဆိန်ကြီးတစ်လက်က ကောင်းကင်ကို လှမ်းခုတ်လိုက်သလိုမျိုး စစ်တပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားသည့် အခိုက်အတန့်တွင် ကြီးမားသော ပုဆိန်ကြီးတစ်လက်က ကောင်းကင်ကို ခုတ်ပိုင်းလိုက်သလိုဖြစ်သွားသည်။ အယောက်နှစ်သောင်းကျော်သည့် အနောက်ပိုင်းတူရကီ မြင်းတပ်၏ အထက်တွင် ပေါ်နေသည့် အရှိန်အဝါမြင့်ဝင်္ကပါက နှစ်ခြမ်းကွဲသွားသည်။ မရေမတွက်နိုင်သော အပိုင်းများအဖြစ် ပြောင်းလဲသွားလေပြီး သဲလွန်စပင်မရှိအောင် ပျောက်ကွယ်သွားသည်။

“မဟုတ်ဘူး”

အဝေးရှိ တုဝူစစ်လီက မျက်လုံးပြူးကျယ်သွားပြီး အသက်ရှုပင် ရပ်လုနီးပါးဖြစ်သွားသည်။ သူက အင်အားအများကြီး စိုက်ထုတ်ထားပြီး ချန်းပင်းကို ဓားစာခံအဖြစ်ခေါ်ကာ ဝမ်ချောင်နှင့် ညှိနှိုင်းခဲ့ရသည်။ သာ့လွန်ရော့ကျန်းကိုပင် အကွက်ချကြံစည်ခဲ့ပြီး နောက်ဆုံးမှသာ ထိုသိုင်းကိုရခဲ့သည်။ ထို့နောက် ကျင့်ကြံခဲ့သည်။ သို့သော် ယခုလိုတခဏတည်းနှင့် ပျက်စီးသွားမည်ဟု မထင်ထားမိချေ။

ထိုအခိုက်အတန့်တွင် တုဝူစစ်လီ၏ မျှော်လင့်ချက်များ ရည်မှန်းချက်များ အားလုံးက ပျောက်ကွယ်သွားရသည်။ သို့သော် ဒါက အစသာရှိသေးသည်။

ဝင်္ကပါက အက်ကွဲသွားသည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သော အနောက်ပိုင်းတူရကီမြင်းတပ် အဖွဲ့ဝင်များထံမှ စွမ်းအင်များက ဝရုန်းသုန်းကားဖြစ်သွားလေပြီး အော်ဟစ်သံများကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူတို့က မြင်းများထံမှ လွတ်ထွက်လျှက် ထန်မြင်းတပ်အင်အားစုများကြောင့် လွင့်ထွက်သွားရလေသည်။ သူတို့၏ ဝင်္ကပါအတွက် မြှင့်တင်ပေးခြင်း ခံလိုက်ရသော စွမ်းအားများက စက္ကန့်အနည်းငယ်သာ ခံခဲ့သည်။

ပို၍ဆိုးသည်မှာ ဝင်္ကပါက ပြိုလဲကျသွားသောကြောင့် စစ်သည်များအားလုံးပေါ်သို့ တန်ပြန်အားက သက်ရောက်လာသည်။ သူတို့က သူတို့၏ တိုးလာသည့်ခွန်အား၊ ကျင့်ကြံခြင်းအဆင့်တို့ လျှင်မြန်စွာ ကျဆင်းသွားသည့် အခြေအနေကို မတားနိုင်ရုံသာ မကသေးလေဘဲ သူတို့၏ ကြယ်တာရာစွမ်းအင်များကပင် အုံကြွကုန်သည်။ သူတို့က မဟာထန်မြင်းတပ်ကို မည်သည့်နည်းနှင့်မျှ မတိုက်ခိုက်နိုင်တော့ပေ။

ဘုန်း ဘုန်း ဘုန်း

စစ်တပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံသည့် အချိန်တွင် အနောက်ပိုင်းတူရကီမြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက မြင်းများထံမှ လွတ်ထွက်ကုန်သည်။ ဆေဘာများက သူတို့၏လည်တိုင်ကို လှီးဖြတ်ကာ သွေးများကို ပန်းထွက်လာစေ၏။ လေးထောင်၊ ခြောက်ထောင်၊ ရှစ်ထောင်... စက္ကန့်အနည်းငယ်တည်းနှင့် အနောက်ပိုင်းတူရကီများက မြောက်များလွန်းသော ဆုံးရှုံးမှုဒဏ်ကိုခံရသည်။

“နောက်ဆုတ် နောက်ဆုတ်”

မရေမတွက်နိုင်သော အလောင်းပေါင်းများစွာက ဆက်တိုက်ပြိုလဲကျနေကြောင်း မြင်သောအခါ ရှားမ၏ မျက်နှာက လိမ်တွန့်သွားသည်။

အနောက်ပိုင်းတူရကီခါကာနိတ်သည် ဒီတိုက်ပွဲအတွက် စစ်သည်နှစ်သောင်းကိုသာ စေလွှတ်ခဲ့သည်။ သို့သော် တစ်သုတ်တည်းနှင့် ရှစ်ထောင်ကျော်ခန့် ဆုံးရှုံးလိုက်ရခြင်းက ပြင်းထန်လွန်းသော ဒဏ်ရာတစ်ခုကို ဖြစ်သွားစေခဲ့သည်။

ဟီ...

ထန်ဘယ်ဘက်ခြမ်းတွင် ဝရုန်းသုန်းကားဖြစ်ပြီး အထိတ်တလန့် မြင်ကွင်းများက ကျယ်လောင်စွာ ဖြစ်ပေါ်နေသည်။

တုဝူစစ်လီ၏မျက်နှာက တင်းမာနေသည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် သူကလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တဆတ်ဆတ် တုန်ခါနေကြောင်း မြင်နိုင်သည်။ အနောက်ပိုင်းတူရကီများက စတင်ကာ ထွက်ပြေးသည့် အခိုက်အတန့်တွင်ပင် သူတို့၏အနောက်ဘက်မှ လာသည့် မြင်းခွာသံကိုကြားလိုက်ရသည်။

“သတ်”

ရှားမနှင့်ချဲ့ခွန်းပန်းပါ့တို့၏ အနောက်တည့်တည့်တွင် တိဗက်စစ်သည် တစ်အုပ်က ရှိနေသည်။ လှုပ်ရှားမှု အနည်းငယ်တည်းနှင့် သူတို့က နယ်မြေတစ်ခုလုံးကို လွှမ်းမိုးလိုက်ပြီး မဟာထန်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်လေသည်။

“သူတို့ကိုသတ်”

သာ့ယန်အစုန့်ရုန်၊ တာလာ့နျဲ့စိုင်း၊ ချီလီစုလုံနှင့် အခြားသောလူများအားလုံးက ထန်ခုခံရေးအားလှိုင်းထံ ချီတက်သွားကြသည်။

မဟာကလန်ကြီးများ၏ ငယ်ရွယ်သော မွေးရာပါ ပါရမီရှင်များအားလုံးက ထန်ခုခံရေးအားလှိုင်းထံ ချီတက်နေချိန်တွင် သူတို့၏လက်ထဲရှိ ဆေဘာများကလည်း ခက်ထန်ကြမ်းတမ်းသော ဆေဘာ အလင်းများကို လွှတ်ထုတ်နေလေသည်။

ဘုန်း ဘုန်း ဘုန်း

သူတို့၏ဆေဘာစွမ်းအင်များက ထန်စစ်သားပမာဏ အနည်းငယ်ကို လေထဲသို့ မြောက်တက်သွားစေခဲ့သည်။ သူတို့၏ အနောက်ဘက်တည့်တည့်တွင် ဖုန်များက ကြီးမားလွန်းသည့် တိမ်စိုင်ကြီးတစ်ခုကို ဖြစ်ပေါ်စေလေသည်။ ဒါက မြောက်များလှသော အာရပ်စစ်တပ်ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် အရေအတွက်ခန့်ရှိသော အာရပ်မြင်းတပ်က ချီတက်လာသောအခါ ကြောက်မက်ဖွယ်ကောင်းလွန်းသည့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုက ဖြစ်လာသည်။ မြင်းသည်တော်များ အားလုံးက ခုခံရေးအားလှိုင်းကို ကျော်ဖြတ်လာသလိုမျိုး သူတို့၏ခြေထောက်အောက်က တသိမ့်သိမ့်တုန်နေသည်။

ဝမ်ချောင်၏မျက်နှာက ချက်ချင်းဆိုသလို တင်းမာသွားသည်။

အနောက်ပိုင်းတူရကီနှင့် တိဗက်များက ဒီတိုက်ပွဲအတွက် အဆာပြေစာသာဖြစ်သည်။ အာရပ်များကလည်း သူတို့ကိုမှီခိုရန် မတွေးထားပါချေ။

“အသင့်ပြင်”

ဝမ်ချောင်က လက်ကိုယမ်းပြီး အမိန့်ကိုပေးသည်။

ခလွက်

ထန်ခုခံရေးအားလှိုင်း၏ အထက်တွင် လက်နက်ကြီး အလက်ခြောက်ထောင်က ပေါ်ထွက်လာပြီး အာရပ်များကို ချိန်ရွယ်သည်။

ခုခံရေးအားလှိုင်းတောက်လျှောက် ကြည့်မည်ဆိုလျှင် အခြားသောနေရာများတွင်လည်း အခြားသော စစ်သားများက နေရာယူထားပြီးကြလေပြီ။

“ပစ်”

စုဟန်ရှန်းက လက်ကိုမြှောက်သည်။ မရေမတွက်နိုင်သော လက်နက်ကြီးပေါင်း များစွာက ပင်လယ်ထဲမှ ဟိန်းလျှက် ခုန်ထွက်လာသော နဂါးများအလား လေထဲသို့ ပြန်တက်သွားလေသည်။ ဒါဟာ ထန်လက်နက်ကြီးများက ပထမဦးဆုံးအကြိမ် သူတို့၏စွမ်းအားကို တိုက်ပွဲနယ်မြေအပေါ် ထုတ်ပြခြင်း မဟုတ်သည့်တိုင်အောင် ထွက်လာသည့် စူးရှသောအော်သံက လူတိုင်းအား ကြောက်လန့်တကြား တုန်ယင်စေသေးသည်။

ဘန်း ဘန်း ဘန်း

မျက်တောင်တစ်ခတ် အချိန်အတွင်း မရေမတွက်နိုင်သည့် လေးသည်တော်ပေါင်း များစွာက လက်နက်ကြီးများကြောင့် လွင့်ထွက်သွားကုန်သည်။ သို့သော် အနောက်ဘက်ရှိ စစ်သားများက အရှိန်နှုန်း မနှေးကွေးသွားခဲ့ချေ။ ထိုအစား သူတို့က အမျိုးမျိုးသော နည်းလမ်းများကိုသုံးပြီး သူတို့၏မြင်းများကို လှုံ့ဆော်လျှက် အရှိန်နှုန်းကိုမြှင့်ကာ ချီတက်လာကြသည်။

မဟာထန်၏ လက်နက်ကြီးများကို ခုခံနိုင်သည့် နည်းလမ်းမရှိကတည်းက အချိန်ကို အတက်နိုင်ဆုံး တိုအောင်လုပ်ပြီး ချီတက်လျှက် ဆုံးရှုံးမှုကို နည်းကျဉ်းအောင် လုပ်ရတော့ပေမည်။

ခြိမ်း

အာရပ်မြင်းတပ်က အလောင်းကွင်းပြင်ကို ကျော်ဖြတ်ပြီး ပို၍ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နှုန်းနှင့် ချီတက်လာကြသည်။

“ချွေ့ဖြောင်းချီ အသင့်ပြင်”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။ သူ၏အကြည့်က သိပ်သည်းစွာရှိနေသည့် တိုက်ပွဲနယ်မြေထံတွင်ဖြစ်သည်။

“ဒီအရာရှိက သွားပါ့မယ်”

ရုတ်တရက် သူ၏အနောက်ဘက်မှ အေးစက်ကာ လေးနက်သည့်အသံက ထွက်လာသည်။ ထို့နောက် တိုက်ခိုက်လိုစိတ်ဆန္ဒ တစ်ခုက ကောင်းကင်ထိတိုင် ထိုးတက်သွားလေသည်။

ချွေ့ဖြောင်းချီသည် တောင့်တင်းသန်မာသော စစ်မြင်းကြီးပေါ်သို့ တက်စီးလိုက်သည်။ သူ၏ခေါင်းကို မြင့်မားစွာမြှောက်ပြီး သူကကျောက ဖြောင့်တန်းနေသည်။ သူဟာ ဓားကိုဆွဲထုတ်လိုက်သည်။ သူ၏အနောက်ဘက်တွင်လည်း ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ခုနှစ်ထောင်ကျော်က အစီအစဉ်တကျ ရပ်နေကြသည်။ သူတို့၏ ကြွက်သားများက တောင့်တင်းနေသည်မှာ ခပ်တင်းတင်းဆွဲထားသော လေးကြိုးအလား ချီတက်ရန်အသင့် ပြင်ထားကြသည်။

မနေ့ကတိုက်ပွဲတွင် ဝူရှန်းမြင်းတပ်က တစ်ဖွဲ့ သုံးဖွဲ့ယှဉ်ခဲ့ရသည်။ ထိုသုံးဖွဲ့ကလည်း မာမဲ့လု၊ မူထရီမဟာမြင်းတပ်နှင့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်တို့ဖြစ်ခဲ့ကြသည်။ ဒီတိုက်ပွဲသည် လူအယောက် သုံးထောင်ကိုပင် ဆုံးရှုံးသွားစေခဲ့လေသည်။ ဒါက ဝူရှန်းမြင်းတပ် စတင်ပြီးချိန်ကတည်းက အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည်။ သို့သော် ဝူရှန်းမြင်းတပ်ကမူ တစ်ဖက် အဖွဲ့သုံးဖွဲ့ကိုလည်း ဆုံးရှုံးမှုများအောင် ကိုင်တွယ်နိုင်ခဲ့သည်။

“ထွက်ခွာ”

ဝမ်ချောင်၏အမိန့်အောက်တွင် ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ခုနှစ်ထောင်က မြှားများအလား ချီတက်သွားကြသည်။

ခြိမ်း

ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ခုနှစ်ထောင်က ပထမခုခံရေးအားလှိုင်းမှ ထွက်သွားပြီး အာရပ်စစ်သားများ မတုန့်ပြန်နိုင်ခင် သူတို့၏ အဖွဲ့အတွင်းသို့ ဝင်ရောက်သွားလေသည်။

“အား”

အာရပ်များက ဝူရှန်းမြင်းတပ် အဖွဲ့ဝင်များ ကျော်ဖြတ်ခြင်းကိုခံရသည့် အခိုက်အတန့်တွင်ပင် အော်သံများက ပေါ်ထွက်လာသည်။ သူတို့က စက္ကူများနှင့် လုပ်ထားခြင်းခံရသလိုမျိုး ခုတ်သင်ခံရသည်။ ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ခုနှစ်ထောင်သည် မိမိထက် အရေအတွက် ဆယ်ဆကျော်ခန့် မြောက်များသော အခြေအနေမျိုးကို ရင်ဆိုင်နေရသည့်တိုင်အောင် ကြောက်လန့်မှုကို မပြသကြချေ။

ငါးထောင်၊ ခုနှစ်ထောင်၊ ရှစ်ထောင်၊ တစ်သောင်း... အာရပ်လက်ရွေးစင်များကလည်း ဝူရှန်းမြင်းတပ်၏ တစ်ချက်ကိုပင် မခံနိုင်ကြချေ။ အချိန်အနည်းငယ်တည်းနှင့် အာရပ်သောင်းကျော်က ဆုံးရှုံးနေသည်။ ဝူရှန်းမြင်းတပ်ကမူ ထိခိုက်မှုပင် မရှိသေးချေ။ ထိုသို့ချီတက်လိုက်ခြင်းက အာရပ်စစ်တပ် တစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်သွားစေသည်။

“အားပါး မင်းရဲ့လူတွေ သွားရမဲ့အချိန်ပဲ”

အပုမူစလင်၏ မျက်ဝန်းက လင်းလက်သွားရင်း သူက တစ်ချက်ပြောလိုက်သည်။

အပိုင်း(၁၀၉၈)

“ဟွန်း မင်းဘာမှမပြောရင်တောင် ငါနားလည်တယ်”

အားပါးက အဝေးသို့ကြည့်သည်။ သူ၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းက လက်နေသည်။

“ဖိုင်ဆယ် မင်းအရင်တစ်ခေါက်ကလို တူညီတဲ့အတိုင်း ထပ်လုပ်မယ်ဆိုရင်တော့ မင်းရဲ့ခေါင်းနဲ့အတူ ငါ့ကိုလာမတွေ့နဲ့”

“အရှင် စိတ်အေးအေးထားပါ အရင်တစ်ခေါက်က အခြေအနေက ထပ်မဖြစ်စေရပါဘူး”

ဖိုင်ဆယ်က လေးစားစွာပြောသည်။ သူ၏ခေါင်းကိုငုံ့ရင်း မြေပြင်သု့ိကပ်လိုက်သည်။ ထို့နောက် အနောက်ဘက်သို့ လက်ယမ်းပြလိုက်ကာ မာမဲ့လုအဖွဲ့ဝင် ခုနှစ်ထောင်ကျော်ကို ဦးဆောင်လျှက် ဝူရှန်းမြင်းတပ်ကို သွားရောက်တွေ့ဆုံလေသည်။

အမှားတစ်ခုမှ သင်ယူနိုင်လေသည်။ ဝူရှန်းမြင်းတပ်ထံမှ တစ်ကြိမ်အငိုက်မိပြီးနောက်တွင် ဝူရှန်းမြင်းတပ်ထံတွင် ထပ်မရှုံးစေရပေ။ ထိုသို့ထပ်ဖြစ်ခဲ့မယ်ဆိုလျှင် အမိန့်မရှိလျှင်ပင် သူက ကိုယ့်ကိုယ်ကို သတ်သေရန် ရွေးချယ်မိလောက်သည်။

“ဟော်ပါးစမ်းယဲ့ မင်းရဲ့လူတွေကိုလည်း လှုပ်ရှားခိုင်းလိုက်ပါ”

သာ့လွန်ရော့ကျန်းက စောင့်ကြည့်နိုင်စွမ်းအားက အလွန်အမင်း ကောင်းမွန်သည်။ ထို့ကြောင့် အာရပ်များ၏ လှုပ်ရှားမှုကို သိလိုက်လေသည်။

“အာရေးဗီးယားနဲ့ မဟာထန်ကြားက တိုက်ပွဲပဲဆိုပေမဲ့လည်း ငါတို့ယွီစန်းရဲ့ကံကြမ္မာက ရှိနေတယ်။ ငါတို့အနိုင်ကိုပဲ လက်ခံရမယ်”

“ဒီဗိုလ်ချုပ်က နားလည်ပါတယ်”

နောက်ထပ်စကားတစ်ခွန်းဆိုရန် မလိုအပ်ချေ။ ဟော်ပါးစမ်းယဲ့က ချက်ချင်းလှည့်ထွက်သွားသည်။ တခဏခန့်ကြာပြီးနောက် သူက သူ၏မူထရီမဟာမြင်းတပ် အဖွဲ့ဝင်သုံးထောင်ကျော်ကို ဦးဆောင်ထွက်ခွာသွားလေသည်။

မြောက်များလှစွာသော တိုက်ပွဲများကို ကျော်ဖြတ်ပြီးနောက် မူထရီမဟာမြင်းတပ် အဖွဲ့ဝင်ခုနှစ်ထောင်တွင် သုံးထောင်သာကျန်ရစ်သည်။ ဒါဟာမြောက်များလွန်းသည့် ဆုံးရှုံးမှုကြီးဖြစ်ပြီး ဟော်ပါးစမ်းယဲ့ကပင် တော်ဝင်မြို့တော်က စထွက်လာချိန်က မမျှော်လင့်ခဲ့ဖူးသော အခြေအနေမျိုးလည်းဖြစ်သည်။ ဝူရှန်းမြင်းတပ်ကလွဲပြီး မည်သူကမှ ထိုသို့မလုပ်နိုင်ခဲ့ချေ။

ဟော်ပါးစမ်းယဲ့သည် တစ်နေ့ပြီးတစ်နေ့ ဒေါသများကို ဝါးမြိုနေခဲ့ရသည်။ သာ့လွန်ရော့ကျန်း၏ အမိန့်မရှိသောကြောင့် သူဟာ တိုက်ပွဲနယ်မြေသို့ ဝင်ချင်သော်လည်း မဝင်နိုင်ခဲ့ချေ။

ယွီစန်းနှင့် မဟာထန်ကြားကတိုက်ပွဲ၊ မူထရီမဟာမြင်းတပ်နှင့် ဝူရှန်းမြင်းတပ်ကြားကတိုက်ပွဲက နီးကပ်လာပြီဖြစ်သည်။

အခြားတစ်ဖက်တွင် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်မှ အဖွဲ့ဝင်နှစ်ထောင်ကလည်း မာမဲ့လုများနှင့် မူထရီမဟာမြင်းတပ်က လှုပ်ရှားပြီဖြစ်ကြောင်း မြင်သဖြင့် သူတို့သည်လည်း တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသည်။

“မျိုးနွယ်ခြားတွေကိုသတ်”

ဝူရှန်းမြင်းတပ်က လက်ရွေးစင် အင်အားစုသုံးခုနှင့် ထိပ်တိုက်ရင်ဆိုင်နေသလိုမျိုး ထန်ခုခံရေးအားလှိုင်း တစ်ဖက်ခြမ်းတွင်လည်း ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာသည်။

ဘုန်း ဘုန်း ဘုန်း

ပို၍များပြားသော အာရပ်မြင်းတပ် အဖွဲ့ဝင်များက ဥက္ကာတုံးများလို လေထုကို ကျော်ဖြတ်သွားကြပြီး ထန်ခုခံရေးအားလှိုင်းအတွင်းသို့ ပစ်ဝင်လာကြသည်။ မဟာထန်များ၏ အင်အားစုများအပေါ်သို့ ကျရောက်နေသော ဖိအားကလည်း ထိုးတက်လာသည်။

“မော့ဆေဘာအဖွဲ့တိုက်ခိုက်”

ဝမ်ချောင်က သိပ်သည်းသထက် သိပ်သည်းနေသော အာရပ်မြင်းတပ်အဖွဲ့ဝင်များကို အေးစက်စွာ စောင့်ကြည့်နေရင်း လက်ကိုတစ်ချက်ယမ်းလိုက်သည်။ ဝမ်ချောင်၏အမိန့်အောက်တွင် မော့ဆေဘာ စစ်သည်တစ်ထောင်က သူတို့၏ မော့ဆေဘာဓားများကို ယမ်းလျှက် လူသားမြို့ရိုးအလား ရှေ့သို့ချီတက်လေပြီ။

မဟာထန်နှင့် အာရေးဗီးယားတို့က သူတို့၏ လက်ရွေးစင်စစ်တပ်များကို တိုက်ပွဲအတွင်းသို့ ပို့လွှတ်နေသည့်အချိန်တွင် နှစ်ဖက်လုံးကလည်း မြောက်များလှသည့် ဆုံးရှုံးမှုဒဏ်ကို ခံနေရသည်။ မနေ့ကတိုက်ပွဲတွင် မော့ဆေဘာအဖွဲ့က တစ်သောင်းမှ ငါးထောင်ခန့်အထိ ဆုံးရှုံးလိုက်ရသည်။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် မော့ဆေဘာအဖွဲ့ဝင် ငါးထောင်သည်လည်း တိုက်ခိုက်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သူတို့ကိုအထင်သေး၍ မရသေးချေ။ သူတို့၏ ချီတက်မှုကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုက အာရပ်များ၏ ခြောက်ခြားဖွယ်ကောင်းသော အိမ်မက်ဆိုးဖြစ်လေသည်။

“လေ”

“တောအုပ်”

“မီး”

“တောင်”

လေထဲတွင် အမိန့်သံများက အစီအစဉ်တကျ ပေါ်ထွက်လာသည်နှင့်အမျှ မော့ဆေဘာ စစ်သည်ငါးထောင်က ခုခံရေးအားလှိုင်းမှ ချောမွေ့လျှင်မြန်စွာ ချီတက်လေပြီး ကျယ်ပြောမြောက်များလွန်းသော အာရပ်မြင်းတပ် အဖွဲ့ဝင်များထံ ဝင်ရောက်သွားလေသည်။

ဘန်း ဘန်း ဘန်း

အေးစိမ့်သောလေပြင်းအတွင်းတွင် မော့ဆေဘာများက အေးစက်သော အလင်းကို လွှတ်ထုတ်နေသည်။ တစ်ချက်ပြီးတစ်ချက်ဆိုသလို အောက်သို့ထိုးစိုက်နေခဲ့သည်။ သို့သော် ထိုဆေဘာဓားထိပ်က မည်သည့်နေရာသို့ သွားစေကာမူ မြင်းနှင့်လူများက နှစ်ခြမ်းကွဲပြီး ဆိုးရွားသောသေဆုံးမှုကို ရင်ဆိုင်ရသည်။ ငါးထောင်၊ ရှစ်ထောင်၊ တစ်သောင်း... မော့ဆေဘာစစ်သည် ငါးထောင်က တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ပြီးသားဖြစ်သည်။ နှစ်ချက်ခန့်တိုက်ခိုက်ပြီးရုံနှင့် အာရပ်သောင်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ အရေအတွက်က ပို၍သာတိုးလာသည်။

သူတို့၏ကြောက်စရာကောင်းသော လျှင်မြန်စွာသတ်ဖြတ်နိုင်စွမ်းရည်က တိုက်ပွဲနယ်မြေအပေါ်တွင် ကွက်လပ်ကြီးဖြစ်သွားစေသည်။ မော့ဆေဘာစစ်သည် ငါးထောင်က အအေးစက်ဆုံး သက်ရောက်မှု အပြင်းဆုံး ခံစားချက်အမဲ့ဆုံး သတ်ဖြတ်ခြင်းစက်များအလား လှုပ်ရှားနေလေသည်။ ရှု့ထောင့်တစ်ခုမှသာ ကြည့်မည်ဆိုလျှင် မော့ဆေဘာအဖွဲ့သည် လက်နက်ကြီးစစ်တပ်ထက်ပင် ခြိမ်းခြောက်နိုင်စွမ်းရည် မြင့်သေးသည်။

အရိုးရှင်းဆုံး အကြောင်းပြချက်ကမူ မော့ဆေဘာအဖွဲ့က လက်နက်ကြီးများကဲ့သို့ အတင်အချလုပ်ရန် မလိုအပ်ချေ။ သူတို့၏ မော့ဆေဘာများက အောက်သို့ခုတ်ချလိုက်ရုံနှင့် ရန်သူကို သေချာပေါက် ထိမှန်ပေလိမ့်မည်။ မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး တိုက်ခိုက်နိုင်စွမ်းအား မဲ့သွားပေလိမ့်မည်။

“ကျစ်ရ သံမဏိသွေးစစ်တပ်နဲ့ အကြောက်အလန့်မဲ့စစ်တပ်ကို တိုက်ပွဲထဲကိုဝင်ခိုင်းလိုက်။ အခု ငါတို့ရဲ့ စစ်တပ်တွေကို လွှတ်ရမဲ့အချိန်ပဲ”

အပုမူစလင်က အဝေးသို့ကြည့်ရင်း အမိန့်ပေးသည်။

“ဟုတ်ကဲ့အရှင်”

ကျစ်ရက ခပ်မြန်မြန်ပြန်ဖြေပြီးနောက် ထွက်ခွာသွားလေသည်။

တိုက်ပွဲက မနေ့ကထက် ပို၍မြန်ဆန်စွာ ပြင်းထန်လာသည်။ မဟာထန်သည် သူတို့၏ မော့ဆေဘာအဖွဲ့ကို စေလွှတ်ပြီးပြီဆိုကတည်းက အာရပ်များကလည်း သူတို့၏ထိပ်တန်းအဆင့် စစ်တပ်များကို စေလွှတ်ရတော့ပေမည်။ တခဏခန့်ကြာပြီးနောက် အပုမူစလင်၊ အော့စမန်းနှင့် အခြားသော ထိပ်တန်းအဆင့် မဟာဗိုလ်ချုပ်တိုင်းက ဝင်ရောက်တိုက်ခိုက်ရင်း တိုက်ပွဲကို အဆုံးသတ်ရပေမည်။

“ဗိုလ်ချုပ်ဝမ် တိုက်ခိုက်ဖို့ပြင်ဆင်ပေးထားပါ”

ဝမ်ချောင်က တစ်ချိန်လုံး အနက်ရောင်အလံလေးခုအောက်မှ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။ ကျစ်ရက ထွက်သွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်က အခြေအနေကို ခန့်မှန်းလိုက်နိုင်သည်။

ဝမ်ချောင်က ဝမ်စစ်လီကိုလွှတ်ပြီးနောက် သူ၏အနောက်ဘက်တွင် ရပ်နေသော နဂါးကိုးကောင် သွေးစစ်အလံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် အနက်ရောင် အစောင့်ကြီးကိုကြည့်လိုက်သည်။

“ဗိုလ်ချုပ်လီ ငါတို့ဒီတိုက်ပွဲမှာ နိုင်ခွင့်ပဲရှိတယ်။ အာရပ်တွေကို ရှုံးအောင်မတိုက်ခိုက်နိုင်မချင်း ငါတို့ရပ်လို့မရဘူး။ ဒီအလံနဲ့ပတ်သတ်ပြီးတော့ ငါမင်းကိုပဲ မှီခိုရတော့မယ်”

အနက်ရောင်သံချပ်ကာဝတ် အစောင့်က လျို့ဝှက်ဆန်းကြယ်မှုများ အပြည့်ဖြင့် လွှမ်းခြုံထားသည်။ ဝမ်ချောင်ကလည်း သူဟာ ထိုအစောင့်အနားယူသော အခြေအနေကို မမြင်ဖူးချေ။ တစ်ဖက်သူက သံချပ်ကာကိုပင်မချွတ်ချေ။ စားလည်းမစားချေ။ သူက စကားလည်းပြောခဲသည်။ ထို့အပြင် ထိုအလံကိုကိုင်ပြီး စစ်ပွဲကိုဝင်ရောက်လာသည့် ထင်မြင်ချက်ကို ထပ်ပေါင်းထည့်ပြီးနောက် သူတော်စင်ဧကရာဇ်က တစ်ဖက်သူကို သူ့ထံပို့လွှတ်လိုက်သည်မှာ သူတော်စင်ဧကရာဇ်၏ ကိုယ်ပိုင် သက်တော်စောင့်များထဲမှ တစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။ သူက အခြားသောကိစ္စများကို မသိချေ။ တစ်ဖက်သူ၏ ရုပ်ရည်ကိုပင် မသိရချေ။

သူလုပ်နိုင်သည့် အတိုးတက်ဆုံး ဖြစ်စဉ်ကမူ တစ်ဖက်သူ၏ မျိုးရိုးနာမည်က လီဖြစ်ကြောင်းသိလိုက်ရခြင်းဖြစ်သည်။

အနက်ရောင်သံချပ်ကာဝတ် အစောင့်က ရှေ့သို့တိုးလာပြီး သူ၏ကျွတ်ဆက်နေသော အသံမျိုးနှင့် ပြန်ပြောသည်။

“အလံကငါနဲ့အတူရှိတယ်။ ငါသေမှ ကျလိမ့်မယ်”

ထိုစကားများနှင့်အတူ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က တုန်ယင်သွားရသည်။ သူတို့၏မျက်ဝန်းအတွင်း လေးစားမှုများပေါ်လာသည်။

အလံအစောင့်

ထိုအနက်ရောင် သံချပ်ကာဝတ် အစောင့်ကို အကောင်းဆုံး ဖော်ပြနိုင်သော အခြေအနေဖြစ်လောက်သည်။ သူ၏နောက်ခံအသက်နှင့် နာမည်များအားလုံးက အရေးမပါချေ။ သူဟာ နဂါးကိုးကောင် သွေးစစ်အလံကိုသာ ကာကွယ်ရန် အသက်ရှင်နေခြင်းဖြစ်သည်။

ခြိမ်း

သံမဏိသွေးစစ်တပ်မှ စစ်သည်ထောင်ပေါင်းများစွာ၏ စစ်မြင်းများက တိုက်ပွဲနယ်မြေနှင့် နီးသထက် နီးလာသည်။

သူတို့က ပထမခုခံရေးအားလှိုင်းနှင့် ပေငါးရာသာ ဝေးကွာတော့သောအခါ ဝမ်စစ်လီကရုတ်တရက် သူ၏ နတ်သိုင်းစစ်တပ်မှ စစ်သည်နှစ်ထောင်ကိုခေါ်ပြီး သံမဏိမြို့ရိုးအနောက်မှ ခုန်ထွက်သွားလေသည်။

ဇွက် ဇွက် ဇွက်

မဟာထယ်ကြီး၏ မဟာဓားကြီးများက မူထရီများအလား ဖြတ်လတ်ပြီး ရှေ့သို့ခပ်မြန်မြန် ထိုးခုတ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် အာရပ်မြင်းသည်တော်ပေါင်း များစွာကိုလည်း လဲကျသေဆုံးစေသည်။ သူတို့၏ခန္ဓာကိုယ်မှ သွေးများပန်းထွက်ပြီး လေထဲတွင် သွေးမြူများ ဆိုင်းလာစေသည်။

“သွားရအောင် မဟာထန်ရဲ့ ထိပ်တန်းအဆင့်စစ်တပ်ပဲ”

နတ်သိုင်းစစ်တပ်က ပေါ်ထွက်လာခြင်းက အာရပ်စစ်တပ်ကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ ထို့နောက် နတ်သိုင်းစစ်တပ်၏ ခြိမ်းခြောက်နိုင်သော စွမ်းရည်ကို နားလည်ပြီးသော အာရပ်စစ်သားများ အနေဖြင့် အလွန်ထိတ်လန့်သွားကြသည်။ နတ်သိုင်းစစ်တပ်သည် တိုက်ပွဲနယ်မြေသို့ ခြေလှမ်းခဲသည်။ သို့သော် ဝင်လိုက်ရုံနှင့် အာရပ်များအားလုံးကို ဝရုန်းသုန်းကား ဖြစ်စေလေသည်။

ဘန်း

နတ်သိုင်းစစ်တပ်က ခုခံရေးအားလှိုင်းအတွင်းမှ ထွက်လာပြီး သိပ်မကြာခင် စစ်တပ်၏နောက်ဘက်မှ ကြီးမားသည့် အလံတစ်ခုက လွင့်ထူလာသည်။ ရိုးတံကို နက်ရှိုင်းသော ပင်လယ်မှရသည့် ရွှမ်သတ္ထုဖြင့် လုပ်ထားသလို အမည်မသိရသော သတ္ထုသားကို ဖြည့်စွက်ထားသောကြောင့် တောက်ပြောင်နေသည်။ ထိုရိုးတံကြီးက မြေကမ္ဘာအတွင်းသို့ ခပ်တင်းတင်း ထိုးစိုက်ခံလိုက်ရသည်။

ထိုအခါ မြေကမ္ဘာကြီးက တသိမ့်သိမ့်တုန်ကာ ယမ်းခါသွားပြီး တိုက်ပွဲနယ်မြေရှိ မူလစွမ်းအင်တိုင်းက ရုတ်ချည်းပြောင်းလဲသွားသည်။ ကျယ်ပြောကာ ရှေးကျပြီး ဖော်ပြရန်ခက်ခဲလွန်းသော လေးစားဖွယ်ကောင်းသည့် စွမ်းအင်တစ်ရပ်က တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံလာသည်။

မမြင်ရသော စွမ်းအင်အားလှိုင်းများက ကျယ်ပြောကာ ပြန့်ကားလာပြီး နတ်သိုင်းစစ်တပ်၏ စစ်သည် နှစ်ထောင်ကျော်လုံး၏ ခြေထောက်အောက်သို့ ရောက်ရှိသွားလေသည်။

ချည်စက်ကွင်းတစ်ခု၊ နှစ်ခု၊ သုံးခု... ထိုသို့ဖြင့် ချည်စက်ကွင်း ခြောက်ခုလုံးက ပေါ်ထွက်လာပြီး နတ်သိုင်းစစ်တပ် တစ်ခုလုံးကို စွမ်းအားများ တိုးမြှင့်ပေးလေသည်။ နတ်သိုင်းစစ်တပ်သည် အလွန်အမင်း စွမ်းအားကြီးမားသည့် စစ်တပ်ဖြစ်နေပြီးသားဖြစ်သည်။ ထိုချည်စက်ကွင်း ခြောက်ခုက သူတို့၏စွမ်းအားကို မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားသော အတိုင်းအတာထိ ထိုးတက်သွားစေလေသည်။

ချွင်

ဓားတစ်လက်က ကောင်းကင်ကြီးတစ်ခုလုံးကို ကျော်ဖြတ်သွားသလို အော်သံကြီးထွက်ပေါ်လာပြီးနောက် မဟာထယ်ကြီး၊ မဟာဓားက လေထုကို ခုတ်ပိုင်းလိုက်သည်။ ယခင်နှင့်တူညီသော ဓားပင်ဖြစ်နေသေးသော်လည်း အနောက်ဘက်တွင်ပေါ်လာသော ပုံရိပ်ယောင်များကြောင့် သူဟာ အသက်ဝင်လာသလိုဖြစ်လာသည်။

ထိုဓားသည် ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းနှင့် ရွေ့လျားသည်။

စွစ်

တစ်ချက်ခုတ်လိုက်ရုံနှင့် အာရပ်မြင်းသည်တော် တစ်ယောက်ကို နှစ်ခြမ်းကွဲစေနိုင်သည်။ ထို့နောက် ရှေ့သို့ဆက်လက်ပြီး ခုတ်ဝင်သွားကာ ဒုတိယ၊ တတိယ... မြောက်များလှစွာသော စွမ်းအင်များက အလောင်းများတွင် ကျန်ရစ်ပြီး ဆယ်မီတာကျော်ခန့်အထိ ပျံ့နှံ့သွားလေသည်။

“သတ်”

နတ်သိုင်းစစ်တပ်မှ စစ်သည်နှစ်ထောင်က တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်ပြီး နဂါးများအလား အော်ဟစ်ကာ ရှေ့သို့ချီတက်ကြသည်။ ထိုစစ်သားများက အဆင့်ပေါင်းများစွာ ခွန်အားမြင့်တင်ခံထားရသည့်အပြင် သူတို့၏နောက်ဘက်မှ ကပ်လိုက်ပါသည့် ချည်စက်ကွင်း ခြောက်ခုကလည်း သူတို့၏လမ်းကြောင်းတွင်ရှိသည့် အတားအဆီးတိုင်းကို စုတ်ဖြဲနိုင်စေလေသည်။

“အား”

ထိုသို့ဖြင့် အာရပ်မြင်းတပ် အဖွဲ့ဝင် ထောင်ပေါင်းများစွာက စက္ကူစုတ်များအလား လေထဲသို့ လွင့်ထွက်ကုန်သလို လေထဲတွင် အထိတ်တလန့် အော်ဟစ်သံများက ပဲ့တင်ထပ်ကုန်သည်။ ချီတက်လာသည့် မည်သည့်စစ်မြင်းကမျှ နတ်သိုင်းစစ်တပ်၏ မရပ်တန့်နိုင်သော အရှိန်အဟုန်ကို မတားနိုင်ကြချေ။

သံသယဝင်ရန် မလိုလောက်အောင် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကလည်း သေရမည်ကို မကြောက်သော လူများအလား နတ်သိုင်းစစ်တပ်ထံ ဆက်လက်ပြီး ချီတက်လာနေသေးသည်။

သို့သော် ပုရွက်ဆိတ်လိုမျိုး ထိုမြင်းတပ်များက နတ်သိုင်းစစ်တပ်ကို လှုပ်ခါအောင် မလုပ်နိုင်ချေ။ သူတို့က အလွယ်တကူ အသတ်ခံရသည်။ မဟာထယ်ကြီး၊ မဟာဓား အလက်နှစ်ထောင်ကလည်း လေထုတစ်ခုလုံးကို လေချွန်သံများ ပြည့်နှက်လာစေသည်။ ထိုသို့ဖြင့် အာရပ်စစ်တပ်များကို နှစ်ယောက်တွဲ၊ သုံးယောက်တွဲအထိ ဆက်တိုက်ခုတ်ပိုင်းပစ်ပြီး ခြေပြတ်လက်ပြတ်များကို လွင့်ထွက်စေကုန်သည်။

တခဏခန့်သာကြာပြီးနောက် နတ်သိုင်းစစ်တပ်ရှိရာ နေရာတစ်ခုလုံးက အလောင်းများပုံနေသည့် ငရဲအလား ပြောင်းလဲသွားသည်။

“မဖြစ်နိုင်တာ”

သံမဏိသွေးစစ်တပ်မှ စစ်သားများကလည်း ဝမ်းနည်းဖွယ်ကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရပြီး ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားလေသည်။

သူတို့သည်လည်း မနေ့ကလေးတင် နတ်သိုင်းစစ်တပ်နှင့် တိုက်ခိုက်ခဲ့သည်။ သို့သော် နတ်သိုင်းစစ်တပ်၏ ခွန်အားက သာမာန်အခြေအနေမျိုးနှင့် တိုက်ခိုက်နိုင်သော အတိုင်းအတာမျိုးတွင် ရှိခဲ့လျှင် ယခုလောက်ထိ ကြောက်စရာမကောင်းလောက်သေးချေ။ ထိပ်တန်းအဆင့်တွင်ရှိသော မည်သည့်စစ်တပ်ကမဆို ဒီလိုအင်အားမျိုးကို ထုတ်နိုင်ခဲ့သည်။ သာမာန်လက်ရွေးစင်များက မယှဉ်နိုင်ခဲ့ချေ။

“မြန်မြန်လေးအရှိန်ကိုမြှင့်ကြ သူတို့အားလုံးကိုသတ်”

သံမဏိသွေးစစ်တပ်မှ စစ်သည်နှစ်ထောင်က ပို၍မြန်ဆန်သည့် အရှိန်နှုန်းနှင့် နတ်သိုင်းစစ်တပ်ထံ ချဉ်းကပ်သွားသည်။

“ဟား ဟား ရန်သူဟောင်းပဲ”

ဆာလောင်နေသောဝံပုလွေ စစ်ဗိုလ်ချုပ် ဝမ်စစ်လီက အာရပ်မြင်းသည်တော်တစ်ယောက်ကို နှစ်ခြမ်းကွဲသွားစေပြီး အလောင်းကို ပေတစ်ရာကျော်အထိ လွင့်ထွက်သွားစေလိုက်သည်။ ထို့နောက် သူက သံမဏိသွေးစစ်တပ်ကို လှည့်ကြည့်ပြီး အေးစက်စွာရယ်သည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ။ ငါ့ရဲ့နောက်ကိုလိုက်ပြီး ဒီကောင်တွေအားလုံးကိုသတ်ကြ”

အပိုင်း(၁၀၉၉)

ဝမ်စစ်လီသည် သံမဏိသွေးစစ်တပ်ကို ရင်ဆိုင်ရချိန်တွင် ချက်ချင်းဆိုသလို ရှေ့သို့ချီတက်သွားလိုက်သည်။ ပေရှစ်ဆယ်၊ ပေငါးဆယ်...

ဘုန်း

လောက၏ အင်အားအကြီးဆုံးသော အင်အားစုကြီးနှစ်ခုက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိပ်တိုက်ရင်ဆိုင်ကြသည်။ သံမဏိသွေးစစ်တပ်မှ စစ်သည်တော်တစ်ယောက်၏ လက်နက်က နတ်သိုင်းစစ်တပ်မှ စစ်သည်တော်၏ လက်နက်နှင့် ထိပ်တိုက်ရင်ဆိုင်သွားသည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ချက်ချင်းလိုလို လွင့်ထွက်သွားရလေသည်။

ဇွက် ဇွက် ဇွက်

သံမဏိသွေးစစ်တပ်မှ စစ်သည်တော်ပေါင်းများစွာက နတ်သိုင်းစစ်တပ်မှ စစ်သည်တော်များ၏ တိုက်ကွက်များကို တားဆီးရန် ကြိုးစားကြသည်။ အတိတ်တွင် စစ်တပ်နှစ်ခုက လက်ရည်တူသောအခါ နတ်သိုင်းစစ်တပ်မှ တိုက်ကွက်များကို တားဆီးနိုင်တတ်သည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ သူတို့၏ လက်နက်က လေကိုသာခုတ်ပိုင်းမိကြပြီး မဟာထယ်ကြီး၏ မဟာဓားများကမူ သူတို့၏ရင်ဘက်ကို ထိုးဖောက်နိုင်ကြသည်။

ဒါ ဒါက မဖြစ်နိုင်တာပဲ။ ဘယ်လိုကြောင့် သူတို့ရဲ့ဓားတွေက တအားမြန်သွားတာလဲ။

ထိုအတွေးက သံမဏိသွေးစစ်တပ်မှ စစ်သည်အများစု၏ စိတ်ထဲတွင် ပေါ်လာသော နောက်ဆုံးအတွေးဖြစ်သည်။ ထိုအတွေးပေါ်လာပြီး သိပ်မကြာခင် သူတို့၏မြင်ကွင်းက မည်းမှောင်သွားပြီး အလောင်းက မြေပြင်သို့ ပြုတ်ကျသွားသည်။

ခွက် ခွက် ခွက်

သူတို့က မျှော်လင့်ထားသလို သရေကျသောမြင်ကွင်းမျိုးက ပေါ်ထွက်မလာခဲ့ချေ။ ထိုအစား သံမဏိသွေးစစ်တပ် အဖွဲ့ဝင်များကသာ ဆက်တိုက်ခုတ်ပိုင်းခံရသည်။ ဖြတ်ကနဲဆိုသလိုပင် သံမဏိသွေးစစ်တပ်မှ စစ်သည်နှစ်ထောင်က တစ်ထောင့်ငါးရာထိ လျော့ကျသွားသည်။ အရေအတွက်က ဆက်လက်ပြီး လျော့ကျနေသေးသည်။

“ဘာလို့ဒီလိုမျိုး ဖြစ်လာတာလဲ”

“သူတို့ဘယ်လိုလုပ်လိုက်တာလဲ”

အော့စမန်းနှင့် အားပါးတို့ကပင် ထိုမြင်ကွင်းကြောင့် သံသယဝင်သွားကြသည်။ အပုမူစလင်က အမြဲတစေ တည်ငြိမ်နိုင်ခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ သူ၏မျက်ဝန်းအတွင်း အလွန်အမင်း အံ့အားသင့်နေသော မျက်နှာထားမျိုးကို မြင်ရလေသည်။ အာရပ်စစ်နတ်ဘုရား ချွီထေပါးကပင် မျက်မှောင်ကျုံ့မိသွားသည်။

အပုမူစလင်၏ မျက်မှောင်ကမူ ကျုံ့နေပြီဖြစ်သည်။ သူက ခပ်မြန်မြန် အမိန့်ပေးလိုက်သည်။

“အကြောက်အလန့်မဲ့စစ်တပ်ကို အမြန်ဆုံးဝင်ပြီး သံမဏိသွေးစစ်တပ်နဲ့ ပူးပေါင်းလို့ ဒီကောင်တွေကို သတ်ခိုင်းလိုက်”

သံမဏိသွေးစစ်တပ်၏ ခွန်အားက သီးသန့်ကြီး ထင်းထွက်နေခြင်းမရှိချေ။ မည်သို့ပင်ဆိုစေ သူတို့၏ အားသာချက်ဖြစ်သည့် အရေအတွက်ကိုသာသုံးပြီး ရန်သူကို လဲဖြိုရခြင်းဖြစ်သည်။

ဝမ်ချောင်ကလည်း အမိန့်ထုတ်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ် နဂါးတပ်ရင်းစစ်တပ်ကို ဝင်ခိုင်းလိုက်”

“ဟုတ်ကဲ့”

သတင်းပို့တစ်ယောက်က ခပ်မြန်မြန် အမိန့်ကို သွားရောက်ပို့ဆောင်သည်။

တခဏခန့်ကြာပြီးနောက် နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တစ်ထောင့်ရှစ်ရာက သူတို့၏ လက်နက်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ဝင်္ကပါအတွင်းသို့ ဝင်ရောက်သည်။ သူတို့၏ခန္ဓာကိုယ်များတွင် စွမ်းအင်များက ဖောင်းကားတက်နေသည်မှာ မနေ့ကတိုက်ပွဲက အလွန်အမင်း ခါးသီးခဲ့ပြီး နဂါးတပ်ရင်းစစ်တပ်ကို လေးထောင်မှ တစ်ထောင့်ရှစ်ရာထိ လျော့ကျသွားစေခဲ့သည်။ သို့တိုင်အောင် ထိုစစ်တပ်က အလွန်အမင်း ကြောက်စရာကောင်းသည့် တိုက်ခိုက်ရေးစွမ်းအားကို ထိန်းထားနိုင်သေးလေသည်။

ဘုန်း

နဂါးတပ်ရင်းစစ်တပ်၏ မျက်လုံးက ရှေ့တွင်သာရှိနေသည်။ သူတို့က စတင်ပြီး အစီအစဉ်ကျသော ပုံစံမျိုးနှင့် တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်ကြသည်။ ထိုအခိုက်အတန့်တွင် နဂါးတပ်ရင်းစစ်တပ်မှ စစ်သည် တစ်ထောင့်ရှစ်ရာသည် စစ်သည်တစ်သောင်းကျော်နှင့် ညီမျှသော စွမ်းအင်မျိုးနှင့် ပေါက်ကွဲထွက်လာသည်။

ဝှစ်

နဂါးကိုးကောင် သွေးစစ်အလံ၏အောက်ဘက်မှ အနက်ရောင်သံချပ်ကာဝတ် အစောင့်က အဝေးရှိ နဂါးတပ်ရင်းစစ်တပ်ကို ကြည့်လိုက်ပြီး အနီအနက် အလံကြီးကို လေထဲတွင် လွှဲယမ်းလိုက်သည်။ ထို့နောက် သတ္ထုချင်းထိခတ်သံများက ပေါ်ထွက်လာသလို နဂါးတပ်ရင်းစစ်တပ်၏ အောက်ဘက်တွင်လည်း တောက်ပသည့် ချည်စက်ကွင်းတစ်ခုက ပေါ်ထွက်လာသည်။ ထိုချည်စက်ကွင်းက နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်တိုင်း၏ အင်အားကို လျှင်မြန်စွာ မြင့်တက်လာစေသေးသည်။

ထိုအလံက လေထဲတွင် တဖြတ်ဖြတ်လွင့်နေသည်နှင့်အမျှ ဒုတိယ တတိယ ချည်စက်ကွင်းများက ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့နောက် ချည်စက်ကွင်းခြောက်ခုလုံးက နဂါးတပ်ရင်း စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီဖြစ်သည်။

ဘန်း

အမျိုးအစား မတူညီသော ချည်စက်ကွင်းခြောက်ခုက နဂါးတပ်ရင်းစစ်တပ်၏ ချည်စက်ကွင်းနှင့် ပူးပေါင်းကာ ထိန်လင်းတောက်ပလာသည်။ အားလုံးက ဟန်ချက်ညီစွာနှင့် ထည်ဝါနေလေသည်။ ထို့နောက် သံမဏိမြို့ရိုးအတွင်းမှ နဂါးတပ်ရင်းစစ်တပ်က ပြင်းထန်သည့် အရှိန်အဝါကို အော်ဟစ်ကာ ချီတက်လာသည်မှာ ပင်လယ်အတွင်းမှ နဂါးကြီးတစ်ကောင်က ခေါင်းမော့ထွက်လာသလို ထင်ရသည်။

“သတ်”

သူတို့က အနည်းငယ်ပင် အချိန်မဆွဲတော့ပေ။ နဂါးတပ်ရင်းစစ်တပ်၏ ဓားများက လေထဲသို့ မြောက်တက်လာပြီးနောက်တွင် အာရပ်မြင်းတပ်ထံ ခုန်ဝင်သွားလေသည်။ ထို့နောက် မရေမတွက်နိုင်သော အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက လေထဲသို့ လွင့်ထွက်ကုန်သလို သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကလည်း ကောင်းကင်မှ အောက်သို့ပြုတ်ကျလာသည်မှာ မိုးရွာသည့်အလား ထင်ရသည်။ လေထဲတွင် သွေးများက ပက်ဖြန်းနေလေပြီး အော်သံများက ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်။

နဂါးတပ်ရင်းစစ်တပ်၏ ရှေ့ဆုံးတွင်ရှိနေသော သူတို့၏ဗိုလ်ချုပ်ကြီးလညးဖြစ် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးလည်းဖြစ်သည့် ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ လုံကျန်းက သူ၏လက်နက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူက ခပ်တင်းတင်း အမိန့်ပေးလိုက်သည်။

“အကြောက်အလန့်မဲ့စစ်တပ်ကို သုတ်သင်”

အကြောက်အလန့်မဲ့စစ်တပ်သည် အပုမူစလင်၏ အမိန့်အောက်မှ အင်အားအကြီးဆုံး စစ်တပ်ဖြစ်ပြီး သံမဏိသွေးစစ်တပ်ထက် ပို၍အင်အားကြီးမားသည်။ အတိတ်တွင် နဂါးတပ်ရင်းစစ်တပ်က အကြောက်အလန့်မဲ့စစ်တပ်ကို မတိုက်ခိုက်နိုင်ခဲ့ချေ။

မနေ့ကတိုက်ပွဲတွင် နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်ပေါင်းများစွာက အကြောက်အလန့်မဲ့ စစ်တပ်ကြောင့် သေဆုံးခဲ့ရသည်။

သို့သော် မနေ့က မနေ့ကသာဖြစ်ပြီး ယခုက ယခုဖြစ်သွားသည်။ နဂါးတပ်ရင်းစစ်တပ်သည် အဘက်ဘက်တွင် မြင့်တက်လာသည့် စွမ်းအင်များနှင့် ပေါက်ကွဲမတက် ကြီးမားနေပြီဖြစ်သည်။ ထို့ကြောင့် ခြားနားသောခွန်အားအဆင့်ကို ပိုင်ဆိုင်နေပြီးသားဖြစ်သည်။

“အရှင့်အတွက်”

“အားလုံးကိုသတ်စမ်း”

အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သားတိုင်းကလည်း နဂါးတပ်ရင်းစစ်တပ်က သံမဏိမြို့ရိုး အနောက်ဘက်မှ ခုန်ထွက်လာကြောင်း သတိထားမိသွားကြသည်။ မူလကမူ သူတို့က နတ်သိုင်းစစ်တပ်ထံ ချီတက်လိုကြသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ပစ်မှတ်ကိုပြောင်းလိုက်ပြီး နဂါးတပ်ရင်းစစ်တပ်ထံ လမ်းကြောင်းပြောလိုက်ကြသည်။

ချွင်

သူတို့က သွေးကိုဆာလောင်လာသလိုမျိုး သူတို့၏ ဓားမောက်များ၏ အစွန်းက ထိန်လင်းလာစေသည်။ အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သားတိုင်းက ခန္ဓာကိုယ်ကို မြင်းသို့ကပ်ကာ ဖိချလျှက် သူတို့၏ရင်ဘက် အရှေ့နားတွင် အမွှာဓားမောက်ရှည်နှစ်လက်ကို ယှက်ကာ ချီတက်ကြသည်။

ထိုဓားမောက်ရှည်များက အချင်းချင်း ကပ်သွားသည့်အချိန်တွင် စူးရှသည့်အသံကို ထုတ်လွှတ်သည်။ ထိုသို့ဖြင့် အာကာသပြင်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ဒဏ်ရာများကို ချန်ထားရစ်ခဲ့လေသည်။ အကြောက်အလန့်မဲ့စစ်တပ်သည် ဓားမောက်ရှည် သိုင်းပညာတွင် ဖော်ပြရန်ခက်ခဲလောက်သော အဆင့်သို့ ရောက်ရှိသည်အထိ ကျွမ်းကျင်နေကြပြီဖြစ်သည်။ သံမဏိမြို့ရိုးများကပင် သူတို့၏ ဓားမောက်ရှည်အောက်တွင် တို့ဟူးအလား ခုတ်သင်ခံရနိုင်သည်။ မနေ့ကတိုက်ပွဲတွင် အကြောက်အလန့်မဲ့ စစ်တပ်က မဟာထန်၏ ထိပ်တန်းအဆင့် စစ်သည်တော်ပေါင်းများစွာကို အထိနာအောင် ဆိုးရွားစွာ သေဆုံးအောင် လုပ်နိုင်ခဲ့သည်။

ခြေလှမ်းငါးဆယ်စာ၊ ခြေလှမ်းသုံးဆယ်စာ၊ ခြေလှမ်းနှစ်ဆယ်စာ...

ဘုန်း

ဓားမောက်ရှည်တစ်လက်က လေထုကိုခုတ်ဖြတ်ရင်း နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်၏ ရင်ဘက်ကို ခုတ်ပိုင်းလိုက်သည်။ အခြားသောဓားမောက်ရှည် တစ်လက်က ပို၍မြန်ဆန်သော အရှိန်နှုန်းနှင့် ခေါင်းကိုဦးတည်လေသည်။ ဓားမောက်ရှည်များ၏ အနောက်ဘက်တွင် ပုံရိပ်ယောင်များသာ ကျန်ရစ်သောကြောင့် တစ်ဖက်က ပုံရိပ်ယောင်ကို လှမ်းမြင်လိုက်သော အခိုက်အတန့်တွင် သူ၏ခေါင်းက ပြတ်သွားလောက်လေပြီ။

သို့သော် အကြောက်အလန့်မဲ့စစ်သားက အောင်မြင်တော့မည့် အခိုက်အတန့်တွင် ရုတ်တရက် မိုးခြိမ်းသံလိုမျိုး ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ မြန်ဆန်လွန်းလှသော အရှိန်နှုန်းနှင့် လေးလံသည့် ဓားတစ်လက်က ရောက်ရှိလာလေပြီး ခေါင်းကိုချိန်ရွယ်ထားသည့် ဓားမောက်ရှည်ကို ခုတ်ပိုင်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ခါးကိုခုတ်ပိုင်းတော့မည့် ထိုဓားမောက်ရှည်ကလည်း ဓား၏ နောက်ပြန်ခုတ်ချက်ကြောင့် ချက်ချင်းလိုလို အတားခံလိုက်ရသည်။ လှုပ်ရှားမှုနှစ်ခုက အလွန်အမင်း မြန်ဆန်ပြီး တည့်တိုးဆန်သည်။ ထိုသို့ဖြင့် အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သားကို အံ့ဩသွားစေသည်။

သူက မနေ့ကတိုက်ပွဲတွင် နဂါးတပ်ရင်းစစ်တပ်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် ထိုစစ်သားများက ထိုမျှမြန်ဆန်သည့် အရှိန်နှုန်းကို မထုတ်ပြနိုင်ခဲ့ချေ။ သို့သော် ယခုမူ သူတို့က အကြောက်အလန့်မဲ့ စစ်တပ်မှ စစ်သည်တော်များထက် အများကြီး မြန်ဆန်သွားသည်။

“ဟွန် အံ့ဩသွားတာ”

နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်က လှောင်လိုက်သည်။ သူတို့က တူညီသော ဘာသာစကားကို မဆိုသော်လည်း မျက်ဝန်းထဲမှ အကြည့်နှင့်တင် ဆက်သွယ်နိုင်ပုံရသည်။

ဘန်း

တခဏခန့်ကြာပြီးနောက် နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်၏ ဓားအောက်မှ ဖောက်ခွဲမတက် ပြင်းထန်သည့် စစ်သည်တစ်ရပ်က ပေါက်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် အကြောက်အလန့်မဲ့ စစ်တပ်မှ စစ်သည်တော်ကို နောက်သို့လွင့်သွားအောင် တွန်းအားပေးလိုက်သည်။ သူက အတက်နိုင်ဆုံး ကြိုးစားပြီး ကိုယ့်ကိုယ့်ကို ဟန်ချက်ညီအောင် ထိန်းလိုက်သည့်တိုင်အောင် ခြေခုနှစ်လှမ်းခန့် ဆုတ်လိုက်ရသေးသည်။

အကြောက်အလန့်မဲ့ စစ်တပ်မှ စစ်သားကမူ မျက်နှာထား တင်းမာသွားသည်။

“အခုက ကလဲ့စားချေရမဲ့အချိန်ပဲ အားလုံးကိုသတ်”

အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်တိုင်းက ပို၍ပင် တက်ကြွလာကြသည်။ သူတို့က အကြောက်အလန့်မဲ့ စစ်တပ်မှ စစ်သည်တော်များထံ ချီတက်သွားကြ၏။ သူတို့သည် တာလာ့၏ ဒုတိယလေ့ကျင့်ရေး ကွင်းပြင်တွင် ထပ်ခါတလဲလဲ လေ့ကျင့်ပြီး အကြိမ်ပေါင်းများစွာ ပြင်ဆင်ခဲ့သည့်တိုင်အောင် အစစ်အမှန် တိုက်ပွဲတွင် ပေါ်ထွက်လာသည့် သက်ရောက်မှုများကို မြင်ရသောအခါ နဂါးတပ်ရင်းစစ်တပ်ရှိ စစ်သည်တော်တိုင်းက အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

ဘုန်း ဘုန်း ဘုန်း

သူတို့၏လေးလံသည့်ဓားများက အောက်သို့ တစ်ကြိမ်ပြီးတစ်ကြိမ် ခုတ်ချလာသည်။ လေထဲတွင် အစင်းကြောင်းများကသာ ကျန်ရစ်လျှက် သူတို့ဟာ အာရေးဗီးယားဓားမောက်ရှည်များကို ထိပ်တိုက်ရင်ဆိုင်လေသည်။ တိုက်ပွဲနယ်မြေ တစ်ခွင်လုံးအနှံ့ စူးရှသောအော်သံ၊ တချွင်ချွင် ထိခတ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သို့သော် အကြောက်အလန့်မဲ့ စစ်တပ်ကမူ နဂါးတပ်ရင်းစစ်တပ်ကို အပုမူစလင်နှင့် အခြားသော အာရပ်ဗိုလ်ချုပ်များက မျှော်လင့်ထားသလို မဖိနှိပ်နိုင်ခဲ့ချေ။ အနှစ်ချုပ်ဆိုရသော် အရေအတွက် အပြတ်အသတ် နည်းပါးသည့် နဂါးတပ်ရင်း စစ်တပ်ကသာ တိုက်ပွဲကြီးတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လျှက် အကြောက်အလန့်မဲ့စစ်တပ်ကို ဖိနှိပ်လိုက်နိုင်လေသည်။

လေးလံသော ဓားကြီးများက အကြောက်အလန့်မဲ့စစ်တပ်ကို နောက်သို့တဖြည်းဖြည်းချင်း တွန်းပို့နိုင်လောက်အောင် မြန်ဆန်သည့် တိုက်ကွက်မျိုးကို ထုတ်လွှတ်လာသည်။

ဇွက် ဇွက် ဇွက်

အကြောက်အလန့်မဲ့ စစ်သည်တစ်ယောက်က အလွန်နှေးကွေးစွာ တုန့်ပြန်မိသွားသဖြင့် သူ၏ ဓားမောက်ရှည်တစ်ဖက်က လွင့်ထွက်သွားသည်။ ထက်ရှသောဓားတစ်လက်က အခွင့်အရေးကို အမိအရ ယူလိုက်ကာ လေထဲတွင် တောက်ပသည့်အလင်းကို ချန်ရစ်လျှက် အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သား၏ ကိုယ်ထည်ကို ထိုးဖောက်လိုက်လေသည်။

“မဖြစ်နိုင်တာ”

ထိုစစ်သားကလည်း တစ်ချက်ညဉ်းညူသံသာ ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က တောင့်တင်းပြီး လဲကျသွားလေသည်။ သေသွားသည့်တိုင်အောင် မည်သည့်အတွက်ကြောင့် နဂါးတပ်ရင်းစစ်တပ်မှ စစ်သားများက ထိုမျှအထိ အင်အားကြီးများလာကြောင်း နားမလည်နိုင်သေးပေ။

ထိုသို့ဖြင့် အကြောက်အလန့်မဲ့ စစ်သားများက အသတ်ခံရမှုနှုန်း များပြားသထက် များပြားလာလေလေ သူတို့၏စစ်တပ်အတွင်း ဝရုန်းသုန်းကား အခြေအနေများက ပျံ့နှံ့သထက် ပျံ့နှံ့လာလေလေဖြစ်သည်။

“မြန်မြန်လေး အကြောက်အလန့်မဲ့ စစ်သားတွေကိုကူညီပြီး ထန်တွေကိုသတ်ပေးကြ”

အာရပ်မြင်းတပ်တစ်ဖွဲ့က သူတို့၏ဓားမောက်ရှည်များကို ယမ်းလျှက် အကြောက်အလန့်မဲ့ စစ်တပ်၏ ရှုံးနေသော အခြေအနေကို ကူညီနိုင်ရန် ကြိုးစားလာသည်။ သို့သော် ထိုအခိုက်အတန့်တွင်ပင် နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်က အကြောက်အလန့်မဲ့စစ်သားကို တိုက်ခိုက်နေရာမှ ရုတ်တရက် တစ်ဖက်သို့လှည့်လိုက်သည်။ သူ၏ခြေထောက်ကို မြေပြင်တွင် ကွဲအက်ရာထင်အောင် တစ်ချက်ပေါက်ပြီးနောက် သူက သားကောင်ကို ခုန်အုပ်သည့် ကျားတစ်ကောင်လိုမျိုး ထိုမြင်းတပ်အဖွဲ့ဝင် အတွင်းသို့ ခုန်ဝင်သွားလေသည်။

ဘုန်း

လေးလံသောဓားက လေထုကို ခုတ်ပိုင်းလိုက်သည်။ ထို့နောက် မြင်းနှင့်စီးနင်းသူကို အသာလေး ခုတ်ပိုင်းသွားလေသည်။ ထိုနဂါးတပ်ရင်းမှ စစ်သည်တော်က ရှေ့သို့ဆက်လက်ပြီး ချီတက်သွားကာ နောက်သို့တစ်လှမ်း လှမ်းလိုက်ရုံနှင့် နောက်ထပ်စစ်မြင်းတစ်ကောင်၏ လည်တိုင်က လှီးဖြတ်ခံရသည်။ သူ၏ဓားထိပ်က မြင်း၏ကျောမှတစ်ဆင့် စီးနင်းသူ၏ ခေါင်းအထိရောက်အောင် ဆက်တိုက် ထိုးဖောက်သွားသည်။ ထိုသို့ဖြင့် နှစ်ယောက်လုံးကို တစ်ချက်တည်းနှင့်သတ်လိုက်သည်။

ခွက်

သူက ဒုတိယမြောက် အာရပ်မြင်းသည်တော်ကို သတ်ဖြတ်ပြီးနောက် ထိုစစ်သားများက တတိယ၊ စတုတ္ထ၊ ပဉ္စမ... ခြေလှမ်းခြောက်လှမ်းတည်းနှင့် သူက ခြောက်ယောက်ခန့်ရှိသည့် အာရပ်မြင်းတပ်အဖွဲ့ကို သုတ်သင်လိုက်နိုင်သည်။

တခဏခန့်ကြာပြီးနောက် အရာအားလုံးက တိတ်ဆိတ်သွားသည်။ အာရပ်မြင်းသည်တော်တိုင်းက ကြောက်လန့်မှုအပြည့် အံ့အားသင့်မှုအပြည့်နှင့် နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်ကိုကြည့်ကြသည်။ ထိုစစ်သည်တော်ကမူ သူ၏ဓားမှသွေးများကို တဖြည်းဖြည်းချင်း သုတ်ကာ လူတိုင်းကိုအေးစက်စွာ ကြည့်လေသည်။ ထိုအကြည့်ကတင် အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သားများကို ကြောင်အသွားစေသည်။

ဒါက တိုက်ပွဲမှမဟုတ်တာ ဒါက အလုံးအရင်းနဲ့ သတ်ဖြတ်နေတာပဲ။

နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်များက သူတို့မှတ်မိထားသော လူများနှင့် ခြားနားသွားလေသည်။

အပိုင်း(၁၁၀၀)

မွန်းမံခြင်းခံထားရတဲ့ မဟာထန်စစ်တပ်

“သတ်”

အခြေအနေ အမှန်တရားကို မသိသော အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက ချီတက်လာသော အသံများဟာ ကောင်းကင်ကို တသိမ့်သိမ့် တုန်နေစေသည်။ လူတိုင်းက ထိုအခါမှသာ အသိပြန်ဝင်လာပြီး ပို၍ပင် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

“မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး”

တဖြတ်ဖြတ်လွင့်နေသည့် အနက်ရောင် စစ်အလံအောက်မှ ကျစ်ရက ထိုမြင်ကွင်းကို မယုံနိုင်စွာကြည့်သည်။ သူကိုယ်တိုင်ကလည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြောင်တောင်တောင် ဖြစ်နေသည်။ စစ်သားများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကြောင့် တိုက်ပွဲနယ်မြေတွင် ခက်ထန်ကြမ်းတမ်းလွန်းသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ သူတို့၏ အင်အားကြီးမားသော ရန်သူများကပင် အကြောက်အလန့်မဲ့စစ်တပ်၏ စွမ်းအားအောက်တွင် ကြွေလွင့်သွားသော ဝိညာဉ်များသာဖြစ်ကြရသည်။

သို့သော် ယခုမူ အကြောက်အလန့်မဲ့စစ်တပ်က အလုံးစုံဖိနှိပ်ခံနေရသည်။ သူတို့ဟာ ရန်သူများထက် အရေအတွက် အပြတ်အသတ်သာသည်။ သို့သော် ဒီလိုရလဒ်မျိုးကို မမျှော်လင့်ထားကြပေ။

ထို့ကြောင့် သူက သတိလက်လွတ် အပုမူစလင်ကို ကြည့်လိုက်မိသည်။

အပုမူစလင်က တိတ်ဆိတ်နေသည်။ သူ၏ကျောက ဖြောင့်မတ်နေသည်။ သို့သော် ကျစ်ရကမူ သူ၏ နှလုံးသားထဲတွင်လည်း ကိုယ်တိုင်ထက်မလျော့သည့် အံ့အားသင့်မှုမျိုးကို ပိုင်ဆိုင်နေရကြောင်း ခံစားမိသည်။

အပုမူစလင်က အစိုးရအော့စမန်းကိုကြည့်သည်။

“အော့စမန်း မင်းရဲ့ခေါင်းဖြတ်သူစစ်တပ်နဲ့ တိုင်မစစ်တပ်ကို လွှတ်လိုက်တော့”

“အွန်း”

အော့စမန်းက ချက်ချင်းခေါင်းညိမ့်သည်။ သူက အပုမူစလင်နှင့်အတူ နှစ်ပေါင်းများစွာ အတူပူးပေါင်းပြီး နယ်မြေများကို အုပ်စိုးချဲ့ထွင်ခဲ့သည်။ ထို့ကြောင့် သူ၏မိတ်ဆွေကောင်းကို ပို၍ ကောင်းမွန်စွာ နားလည်လေသည်။ အာရပ်များဟာ တစ်ဦးတစ်ယောက်ချင်းစီ၏ သတ္တိကို မကိုးကွယ်ချေ။ သို့သော် ရန်သူကို အလဲထိုးနိုင်သည့် အခြေအနေကိုသာ လက်ခံလေသည်။ ထန်၏ ထိပ်တန်းအဆင့် စစ်တပ်များက မယုံနိုင်စရာကောင်းလောက်အောင် အင်အားကြီးနေသည်။ ဒီလိုအခြေအနေမျိုးတွင် သူတို့က အပြတ်အသတ်သာသည့် အင်အားမျိုးကိုသာသုံးပြီး ဖိနှိပ်ရတော့ပေမည်။

အော့စမန်းက ခေါင်းလှည့်ပြီး လက်ထောက်ကို အမိန့်ပေးသည်။

“ငါ့ရဲ့အမိန့်ကိုထုတ် ခေါင်းဖြတ်သူစစ်တပ်နဲ့ တိုင်မစစ်တပ်ကို လွှတ်လိုက်တော့”

“ဟုတ်ကဲ့”

လက်ထောက်က ဂါရဝပြုပြီး ချက်ချင်းထွက်သွားသည်။ တခဏခန့်ကြာပြီးနောက် လေထဲသို့ ဖုန်များ လိမ့်တက်လာပြီးနောက် စစ်တပ်ကြီးနှစ်ခုက ရှေ့တန်းသို့ ချီတက်ထွက်ခွာလေပြီ။

တိုင်မစစ်တပ်နှင့် ခေါင်းဖြတ်သူစစ်တပ်ကပင် စေလွှတ်ခြင်းခံလိုက်ရသည်။ အပုမူစလင်က တခဏခန့် တိတ်ဆိတ်သွားသည်။ ထို့နောက် သူ၏အကြည့်က စစ်အစိုးရချွီထေပါးထံ ရောက်သွားသည်။

တက်

တခဏခန့်ကြာပြီးနောက် အော့စမန်း၊ အားပါးနှင့် ကျစ်ရတို့က တိတ်တဆိတ် ကြည့်နေကြသည့် အချိန်တွင် အပုမူစလင်က ရှေ့သို့တိုးသွားပြီး ချွီထေပါးထံလျှောက်သွားသည်။

“အရှင်ချွီထေပါး အရှင့်ရဲ့ သွေးသားရဲစစ်တပ်နဲ့ သေဆုံးခြင်းစစ်တပ်ကို လွှတ်ဖို့ပဲ ဒုက္ခပေးရတော့မယ်”

လူတိုင်းကို အံ့အားသင့်စေသည်မှာ အပုမူစလင်က ချွီထေပါးကို လေးစားစွာ ဂါရဝပြုလိုက်ခြင်းဖြစ်သည်။

လူတိုင်းကလည်း ချွီထေပါးနှင့် အပုမူစလင်၏ ဆက်ဆံရေးကိုသိသည်။ သူတို့ဟာ ဆက်ဆံရေးမကောင်းချေ။ သိပ်မကြာခင်ကတင် နှစ်ယောက်က ရန်များခဲ့သေးသည်။ သို့သော် အပုမူစလင်က ဒီလိုအခြေအနေမျိုးတွင် ချွီထေပါးကို ဂါရဝပြုမည်ဟု မထင်ထားကြပေ။ သူဟာ သူ၏ ညံ့ဖျင်းမှုကိုလက်ခံလျှက် တစ်ဖက်သူကို အရှုံးပေးလာခြင်းဖြစ်သည်။ ချွီထေပါး၏ အပြုအမူက ပို၍ပင် စိတ်ဝင်စားစရာကောင်းသေးသည်။

“အရမ်းကောင်းတယ်”

ချွီထေပါးက တိုက်ပွဲနယ်မြေကိုသာ ကြည့်လျှက်ပြောသည်။ သူ၏အသံက ပုံမှန်မဟုတ်လောက်အောင် ညင်သာနေသည်။ မမျှော်လင့်ထားစွာပင် သူဟာ ဒီအခွင့်အရေးကို အမိအရယူပြီး အပုမူစလင်ကို မလှောင်ပေ။

သူ၏အနောက်ဘက်မှ အော့စမန်း၊ အားပါး၊ ကျစ်ရနှင့် အခြားသောလူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ဝုန်း

သူတို့ကမည်မျှ အံ့ဩနေစေကာမူ သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့ကမူ ခပ်မြန်မြန် လှုပ်ရှားလေပြီး တိုက်ပွဲနယ်မြေအတွင်းသို့ ချီတက်ထွက်ခွာသွားပြီဖြစ်သည်။

ဝမ်ချောင်ကလည်း ခေါင်းဖြတ်သူစစ်တပ်၊ တိုင်မစစ်တပ်၊ သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့က လှုပ်ရှားလာကြောင်းသိသဖြင့် အမိန့်ကိုထုတ်လိုက်သည်။

“ဟိန်းဟောက်ခြင်းကျားစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်၊ ရွှမ်ဝူစစ်တပ်... မင်းတို့အားလုံး အသင့်ပြင်တော့”

“ဒီလက်အောက်ငယ်သားက ချက်ချင်းထွက်ခွာသွားပါ့မယ်”

အနောက်ဘက်မှ ပြန်ဖြေသံအသီးသီးက ထွက်ပေါ်လာသည်။ မြေပြင်က တသိမ့်သိမ့် တုန်ခါလာသလို ထိုစစ်တပ်များကလည်း စတင်ကာ ထွက်ခွာလာကြလေသည်။

တိုက်ပွဲက ပို၍လျှင်မြန်စွာ ဖြစ်ပျက်လာလေသည်။ အချိန်တခဏခန့်သာ ကြာသေးသည်။ ထိပ်တန်းအဆင့် အာရပ်စစ်တပ် သုံးခုလုံးက တိုက်ပွဲနယ်မြေအတွင်းသို့ ရောက်ရှိနေကြပြီဖြစ်သည်။ အစိုးရအော့စမန်း၏ အမိန့်အောက်မှ အကောင်းဆုံးသော အင်အားစုဖြစ်သည့် တိုင်မစစ်တပ်ကပင် ပါဝင်လာသည်။ ယခင်တစ်ခေါက်တွင် သူတို့၏ ပြိုင်ဘက်က မော့ဆေဘာအဖွဲ့ဖြစ်ခဲ့သည်။ သို့သော် ဒီတစ်ခေါက်တွင်မူ အခြေအနေက ခြားနားသွားလောက်သည်။

ဘန်း

တိုင်မစစ်တပ်က ပေါ်ထွက်လာသည်နှင့် ပထမခုခံရေးအားလှိုင်းထံမှ စစ်တပ်တစ်တပ်က လျှင်မြန်စွာ ချီတက်လာလေသည်။

ချွင် ချွင် ချွင်

လေထဲတွင် မရေမတွက်နိုင်သည့် လက်နက်ချင်း ထိခတ်သံများက ပေါ်ထွက်လာပြီး ရေတွက်ရန် ခက်ခဲလောက်သည့် အလင်းမွှားများက ထွက်ပေါ်လာသည်။ ဝမ်ချောင်က တတိယမြောက်စစ်တပ်ကို လွှတ်လိုက်သည်။ ထိုစစ်တပ်ကမူ တိုက်ခိုက်မှုကို အသားအပေးဆုံးဖြစ်သည့် နတ်အကျဉ်းထောင်စစ်တပ်ဖြစ်သည်။ ဓားချည်များက လျှင်မြန်စွာ ဖြတ်ပြေးသွားပြီးနောက် ချက်ချင်းဆိုသလို တိုင်မစစ်တပ်အကြားတွင် မယုံနိုင်စရာကောင်းသည့် မျှော်လင့်မထားလောက်သော ဆုံးရှုံးမှုမျိုးကို ထွက်ပေါ်လာစေသည်။

နတ်အကျဉ်းထောင်စစ်တပ်သည် အလွန်အမင်း ကြမ်းတမ်းခက်ထန်ပြီး ချောမွေ့စွာ တိုက်ခိုက်နိုင်စွမ်းရည်ကြောင့် ကျော်ကြားခဲ့ကြသည်။ သို့သော် သူတို့၏ အားနည်းချက်ကမူ မလုံလောက်သော ခုခံနိုင်စွမ်းရည်ဖြစ်သည်။ ထို့ကြောင့် မနေ့ကတိုက်ပွဲတွင် နတ်အကျဉ်းထောင်စစ်တပ်က မျှော်လင့်ထားသည်ထက် ပို၍နည်းပါးသည့် ဆုံးရှုံးမှုကိုသာ ရရှိခဲ့သည်။ သို့သော် ယခုမူ နတ်အကျဉ်းထောင်စစ်တပ်က သူတို့၏အားနည်းချက်ကို ဖာထေးပေးမည့် ချည်စက်ကွင်းခြောက်ခုကို ပိုင်ဆိုင်ထားလေသည်။

ဘုန်း

တိုင်မစစ်တပ်ရှိ စစ်သည်တော်များ၏ ခြေထောက်အောက်တွင်လည်း သူတို့၏ အနက်ရောင်ချည်စက်ကွင်းက လျှင်မြန်စွာ ဖောင်းကားလာလေပြီး တဆတ်ဆတ် တုန်ခါလာသည်။ တောက်ပသော သတ္ထုအသွေးအရောင်ကို ထုတ်လွှတ်သည်။ လည်ပတ်နေသော ချည်စက်ကွင်းများက မြေပြင်ကို ရုတ်တရက် တိုးဝင်သွားသည့်အချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ တာလာ့တိုက်ပွဲနယ်မြေရှိ မာကြောသော ကျောက်သားများက တို့ဟူးအလား ကွဲအက်သွားသည်။ တိုင်မစစ်တပ်မှ စစ်သည်တော်တစ်ယောက်က လေထုကိုခုန်ဝင်ကာ နတ်အကျဉ်းထောင်စစ်တပ်ရှိ စစ်သည်တော်တစ်ယောက်ထံ ခုန်အုပ်လိုက်သည်မှာ ကျားသစ်တစ်ကောင်က သားကောင်ကို ခုန်အုပ်လိုက်သည်ဟု ထင်ရသည်။

တိုင်မစစ်တပ်သည် အာရပ်စစ်တပ်များအကြားတွင် တိုက်ခိုက်စွမ်းရည် အကောင်းဆုံးမဟုတ်သလို ခုခံနိုင်စွမ်းရည် အကောင်းဆုံးလည်းမဟုတ်ချေ။ သို့သော် ထိုစစ်သားများ အားလုံးက သူတို့၏ခွန်အားကို မှင်သက်ဖွယ်ကောင်းလောက်အောင် မြှင့်တင်နိုင်စွမ်းရှိသည်။ အချိန်တိုအတွင်း အရှိန်နှုန်း မြှင့်တင်နိုင်သည်။ ထိုသို့သော အခြေအနေမျိုးကို အကြောက်အလန့်မဲ့ စစ်တပ်ကပင် မလုပ်နိုင်ချေ။

မော့ဆေဘာအဖွဲ့မှ စစ်သည်ငါးထောင်ကျော်၏ တစ်ဝက်ခန့်က တိုင်မစစ်တပ်မှ စစ်သည်တော်များကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ တိုင်မစစ်တပ်မှ စစ်သည်တော်များ၏ ဖောက်ခွဲခြင်းစွမ်းအားက ပြင်းထန်လွန်းသဖြင့် တိုက်ခိုက်လိုက်သည့် အချိန်တွင်ပင် မော့ဆေဘာအဖွဲ့မှ စစ်သည်တော်တိုင်း၏ သံချပ်ကာများကို အစိတ်စိတ်အပိုင်းပိုင်း ကွဲအက်သွားစေနိုင်သည်။

ဒီတစ်ကြိမ်တွင်မူ တိုင်မစစ်တပ်မှ စစ်သည်တော်က အလားတူအခြေအနေမျိုးကို ကြိုးစားလျှက် ရှေ့သို့ ဖောက်ခွဲမတက် ပြင်းထန်သည့် စွမ်းအားများကိုသုံးပြီး ခုန်ဝင်သွားကာ နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော်ကို ဆွဲဖြဲပစ်ချင်ခဲ့သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် ဓားချည်တစ်တန်းက လေထုကိုထိုးခွဲပြီး ရောက်ရှိလာသည်။

ထိုအခိုက်အတန့်တွင်ပင် တိုင်မစစ်တပ်မှ စစ်သည်တော်၏ခေါင်းက လေထဲသို့မြောက်တက်သွားပြီဖြစ်သည်။ သူက သေသွားသည့် အခိုက်အတန့်တွင်ပင် မည်သို့ဖြစ်ပျက်သွားကြောင်း နားမလည်ခဲ့ပေ။ သူ၏မျက်နှာက တူညီသော မျက်နှာထားဖြင့် တောင့်ခဲနေသေးသည်။

အပိုထပ်ပေါင်းထားသည့် ချည်စက်ကွင်းခြောက်ခုက ဖြည့်စွက်ပေးထားသော စွမ်းအားများ၏ မွန်းမံမှုအောက်တွင် နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သားများဟာ တိုင်းတာရန်ခက်ခဲသော အရှိန်နှုန်းဖြင့် တိုက်ခိုက်နိုင်သွားသည်။ တိုင်မစစ်တပ်မှ စစ်သားများကပင် မယှဉ်နိုင်သော ဖောက်ခွဲနိုင်မတက် ပြင်းထန်သည့် အရှိန်နှုန်းကို ထုတ်ပြလိုက်သည်။

စွစ် စွစ် စွစ်

နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သားများက ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားနေသည့် အခိုက်အတန့်တွင် သူတို့၏လက်ထဲတွင် ကိုင်ဆောင်ထားသော ရှည်လျားပြီး ပါးလျသည့်ဓားများက လောကမှ ကြောက်စရာအကောင်းဆုံး ဓားများအဖြစ် ပြောင်းလဲသွားသည်။ တိုင်မစစ်တပ်မှ စစ်သည်တော်ခြောက်ယောက်က ခေါင်းဖြတ်ခံရပြီးနောက်တွင် သွေးများက လေထဲတွင် ပန်းထွက်ကာ တန်ဆာဆင်သည်။ နတ်အကျဉ်းထောင်စစ်တပ်က ဆက်လက်ပြီး သတ်ဖြတ်နေသေးသည်။

ဘန်း

နတ်အကျဉ်းထောင်စစ်တပ်က ထိုသို့တိုက်ခိုက်နိုင်စွမ်းရည် အပြည့်ကိုထုတ်သုံးနေသည့် အခိုက်အတန့်တွင် တိုင်မစစ်တပ်မှ စစ်သည်တော်တစ်ယောက်က နောက်ဆုတ်သွားသည်။ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများက တောင့်တင်းသွားလေပြီး သားကောင်တစ်ကောင်ကို ခုန်အုပ်ရန် ပြင်ဆင်နေသည့် သားရဲကောင်အလား ပြောင်းလဲသွားလေသည်။ နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော်တစ်ယောက်က သူ၏အာရုံအားလုံးကို ရန်သူအပေါ် ပို့ထားသောအခါ တိုင်မစစ်တပ်မှ စစ်သည်တော်က ခုန်အုပ်လိုက်လေသည်။ သူက သူ၏ ဓားမောက်ရှည်ကိုသုံးပြီး နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော်၏ကျောကို ခုတ်လိုက်သည်။ ထိုခုတ်ချက်အတွင်းတွင် တိုင်မစစ်တပ်မှ စစ်သည်တော်၏ ဖောက်ခွဲမတက် ပြင်းထန်သည့် ခွန်အားများကို ထည့်သွင်းထားလေရာ သံမဏိတုံးကိုပင် ခုတ်နိုင်ရန် လုံလောက်သည်။ သို့သော် ဓားမောက်ရှည်က ထိုကျောသို့ ခုတ်ချခံရရင်း ဝင်ရောက်သွားတော့မည့် အခိုက်အတန့်တွင်ပင် နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သား၏ ခြေထောက် ပတ်ပတ်လည်တွင်ရှိသော ချည်စက်ကွင်းခြောက်ခုထဲမှ တစ်ခုက ရုတ်တရက် ပြန့်ကားသွားလေပြီး ထိုစစ်သားကို ကာကွယ်ပေးလိုက်သည်။ ထိုဓားမောက်က ချည်စက်ကွင်းကို ခုတ်မိလိုက်သည့် အခိုက်အတန့်တွင်ပင် လေထဲတွင်ထွက်လာသော ခပ်တိုးတိုးဟိန်းသံမျိုးကို ကြားလိုက်ရသည်။ ဂရုတစိုက်သာ ကြည့်လိုက်မည်ဆိုလျှင် ထိုစစ်သား၏ကျောပေါ်တွင် နဂါးခေါင်းနှင့် လိပ်ခန္ဓာကိုယ်ရှိသည့် ပုံသဏ္ဍန်လေးကို မြင်လိုက်ရမည်ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုဝူစစ်လီ၊ အပုမူစလင်နှင့် အားပါးတို့အားလုံး၏ကိုယ်က တုန်ယင်သွားသည်။ ထိုနဂါးခေါင်းနှင့်လိပ်ကိုယ်ကို ရွှမ်ဝူဟုခေါ်သည်။ ရွှမ်ဝူသည် ရွှမ်ဝူချည်စက်ကွင်း ပိုင်ဆိုင်ထားသော လူများ၏ကိုယ်ပေါ်တွင်သာ ရှိတတ်လေပြီး အလိုအလျောက် ကာကွယ်ပေးနိုင်စွမ်းအားရှိသည်။ ထို့ပြင် ထိုချည်စက်ကွင်းကိုလည်း ရွှမ်ဝူစစ်တပ်ကသာ ပိုင်ဆိုင်သည်။ သို့သော် မမျှော်လင့်ထားစွာပင် နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော်တစ်ယောက်၏ ကိုယ်ပေါ်တွင်ပေါ်လာသည်။

ဘုန်း

ရွှမ်ဝူပုံရိပ်ယောင်လေးက ရွှမ်ဝူချည်စက်ကွင်းနှင့်အတူ ကွဲအက်သွားသည်။ တိုင်မစစ်တပ်မှ စစ်သည်တော်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်ပြီး ကြမ်းတမ်းခက်ထန်သည့် ရိုက်ချက်ကလည်း တစ်ဖက်၏ သံချပ်ကာကို ကွဲအက်သွားစေလျှက် လွင့်ထွက်သွားစေလေသည်။

သို့သော် နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သားက ပေနှစ်ဆယ်၊ သုံးဆယ်ခန့်အထိသာ လွင့်ထွက်သွားပြီးနောက် ခြေငြိမ်အောင် ရပ်လိုက်နိုင်သည်။ သူက သွေးအနည်းငယ် ထွေးထုတ်လိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ပြီး သူ့ကိုခြုံခိုတိုက်ခိုက်ခဲ့သောလူကို စိုက်ကြည့်လိုက်သည်။

“သွားသေတော့”

သူက တိုင်မစစ်တပ်မှ စစ်သည်တော်ကို တိုက်ခိုက်ရန်အတွက် ထက်ရှသော ဓားချည်များကို ချက်ချင်းထုတ်လွှတ်လိုက်ပြီး လေထဲသို့ ခုန်အုပ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ငယ်သံပါအောင် အော်ဟစ်သံနှင့်အတူ ထိုတိုင်မစစ်တပ်မှ စစ်သည်တော်၏ခေါင်းက လေထဲတွင် လွင့်ထွက်သွားပြီဖြစ်သည်။ သူ၏ကိုယ်ကမူ မရေမတွက်နိုင်အောင် မြောက်များသည့် အပေါက်များနှင့်အတူ ကျန်ရစ်သည်။

ထိုတိုက်ပွဲနယ်မြေဟာ အာရပ်များလုံးဝ မမျှော်လင့်ထားဖူးသော အခြေအနေမျိုးဖြင့် ပြောင်းလဲသွားသည်။ မည်သူကမှလည်း မည်သို့ဖြစ်ပျက်သွားကြောင်း မသိကြချေ။ သို့သော် သူတို့အားလုံး ရှင်းရှင်းလင်းလင်း နားလည်ထားသည်မှာ နတ်သိုင်းစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် နတ်အကျဉ်းထောင်စစ်တပ်တို့၏ အင်အားတို့က အများကြီး မြင့်တက်သွားပြီဖြစ်သည်။

နောက်တန်းမှ အပုမူစလင်၊ အော့စမန်းနှင့် အခြားသောလူတိုင်းကလည်း အလွန်အမင်း တင်းမာသော မျက်နှာထားများကို ပိုင်ဆိုင်နေကြပြီဖြစ်သည်။

“အာရေးဗီးယားအတွက်”

တိုက်ပွဲနယ်မြေအတွင်း ကျယ်လောင်သည့် အော်သံများက ပျံ့နှံ့သထက် ပျံ့နှံ့လာသလို အာရပ်ဘက်မှ ထိပ်တန်းအဆင့် စစ်တပ်ပေါင်းများစွာလည်း တိုက်ပွဲနယ်မြေအပေါ် ရောက်ရှိသွားပြီဖြစ်သည်။ တိုင်မစစ်တပ်က ရောက်ရှိပြီး သိပ်မကြာခင် ခေါင်းဖြတ်သူစစ်တပ်ကလည်း သွားရောက်ကူညီပေးသည်။

“ရွှမ်ဝူစစ်တပ် ထွက်”

ဝမ်ချောင်က ခေါင်းဖြတ်သူစစ်တပ်ကို မြင်လိုက်ရုံနှင့် ချက်ချင်းလိုလို အမိန့်ပေးလိုက်သည်။

ရွှမ်ဝူစစ်တပ်နှင့် ခေါင်းဖြတ်သူစစ်တပ်သည် သေဖော်သေဖက် ရန်သူများဖြစ်နေပြီး မနေ့ကတိုက်ပွဲတွင် ခေါင်းဖြတ်သူစစ်တပ်က ဆုံးရှုံးမှုအများကြီး ပိုင်ဆိုင်သွားခဲ့သည်။ သို့သော် ရွှမ်ဝူစစ်တပ်က ပို၍ပင် အခြေအနေဆိုးခဲ့သည်။ ယခုအခါတွင် ရွှမ်ဝူစစ်တပ်က ခေါင်းဖြတ်သူစစ်တပ်ထက် ပမာဏအလွန်အမင်း နည်းပါးနေပြီဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုစစ်တပ်ကိုသာ စေလွှတ်လိုက်သည်။ သူက တုန့်ဆိုင်းမှုပင်မရှိချေ။

ဘုန်း ဘုန်း ဘုန်း

ခုခံနိုင်စွမ်းရည် အမြင့်ဆုံးဖြစ်သည့် ရွှမ်ဝူစစ်တပ်က တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။

ရွှမ်ဝူစစ်တပ်၏ အောက်ဘက်တွင်လည်း ချည်စက်ကွင်းခြောက်ခုက ပေါ်လာပြီး သူတို့၏ခွန်အားများကို ဖောင်းကားတက်သွားစေသည်။ နှစ်ထောင်သာ ကျန်နေရစ်သည့် အင်အားစုက ခေါင်းဖြတ်သူစစ်တပ်ထံ မုန်တိုင်းတစ်ခုလို လိမ့်ဝင်သွားသည်။

“သတ်”

“မဟာထန်အတွက်”

“ဒီမျိုးနွယ်ခြားတွေ အားလုံးကို သုတ်သင်လိုက်”

စစ်တပ်နှစ်ခုက ကိုယ်ပိုင်ဘာသာစကားနှင့် အော်ဟစ်သံများကို ထုတ်လွှတ်ရင်း ရန်သူများထံ ရူးသွပ်စွာချီတက်သွားရင်း တိုက်ခိုက်ကြသည်။ ဓားမောက်ရှည်နှင့် ဓားများက ခုတ်ပိုင်းလိုက်ချိန်တိုင်း တောက်ပြောင်လာသည်။ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ထွက်လာသည့် ဆူညံသံများက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ မြည်ဟီးနေသည်။

ဘုန်း ဘုန်း ဘုန်း

ချည်စက်ကွင်းများက ပထမဦးဆုံး ထိပ်တိုက်ရင်ဆိုင်မိသည်။ ထွက်လာသည့် အံ့အားသင့်ဖွယ် အားလှိုင်းများက ဖုန်များအားလုံးကို လေထဲသို့မြောက်တက်ကာ အရာအားလုံးကို လွှမ်းခြုံလိုက်လေသည်။

သို့သော် တခဏခန့်ကြာပြီးနောက် ရလဒ်ကောင်းက ထွက်ပေါ်လာသည်။ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာပြီး ခေါင်းဖြတ်သူစစ်တပ်၏ စစ်သည်တော်များကို လွှမ်းခြုံထားသော ချည်စက်ကွင်းများက အက်ကွဲသထက် အက်ကွဲလာသည်။ ထိုသို့ဖြင့် တစ်ခုပြီးတစ်ခုက ပျောက်ကွယ်သွားရသည်။

All Chapters