အခန်း (၁၁၂၆-၁၁၃၀)
Vol. 65 Ch. 1126-1130
အခန်း(၁၁၂၆)
ကံကြမ္မာကျောက်တုံးရဲ့ သတိပေးချက်
ဘန်း
ချွီထေပါးက ရှေ့သို့တက်လှမ်းလိုက်ပြီးနောက် ခြေတစ်လှမ်းချင်းစီတိုင်းတွင် ပေတစ်ရာကျော် ကျော်ဖြတ်လာလေသည်။ သူက ခြောက်မီတာကျော်သော ရွှေရောင်ခေါင်းလောင်းကြီးကို ကျော်ဖြတ်သွားသည့် အခိုက်အတန့်တွင် သူ၏အေးစက်ပြီး ခံစားချက်မဲ့သည့် မျက်ဝန်းအတွင်း ခံစားချက်အားလှိုင်းများက ပေါ်ထွက်လာသည်။
ချွီထေပါးသည် အင်အားကြီးမားပြီး မာနကြီးသည်။ သူ၏ အကျင့်စရိုက်အရ ယခုလို အကြံအစည်များသုံးပြီး ပြိုင်ဘက်များကို ပိတ်လှောင်သည့်အခြေအနေကို ရွံ့မုန်းမိလေသည်။
သို့သော် ထိုခံစားချက်က ချွီထေပါး၏စိတ်အတွင်း တခဏခန့်သာ ကြာပြီးနောက် ပျောက်ကွယ်သွားလေသည်။
အဆုံးသတ်တွင် ခြုံငုံတာဝန်ကသာ တစ်စုံတစ်ယောက်၏ သဘောကျ၏ သဘောမကျ၏ဆိုသော အခြေအနေထက် အရေးပါနေလေသည်။ ချွီထေပါး၏ မာနကလည်း သူ၏တိုက်ပွဲကို အနိုင်ရလိုသော စိတ်ဆန္ဒနှင့် အဆင့်တူနေသည်။
“ဘယ်သူကမှ ဒီလူကိုသတ်ခွင့်မရှိဘူး။ ငါသူ့ကို ပါးတကို ခေါ်သွားပြီး ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်မယ်”
ချွီထေပါးက တုစုန့်မာန်ဖော်ကျဲ့ကို တစ်ချက်ကြည့်သည်။ ထို့နောက် တစ်ချက်ပျောက်ကွယ်သွားပြီးနောက် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရှေ့တန်းသို့သွားသည်။
မြေပြင်တွင် တုစုန့်မာန်ဖော်ကျဲ့က တောင့်ခဲသွားသည်။ သူဟာ အာရေးဗီးယားဘာသာစကားကို မသိသော်လည်း ချွီထေပါး၏ အမူအရာမှတစ်ဆင့် အချို့သော အခြေအနေများကို ခန့်မှန်းကြည့်နိုင်သည်။ တုစုန့်မာန်ဖော်ကျဲ့က ကိုယ့်ကိုယ်ကို အထင်သေးသလို ရယ်မောလိုက်လေပြီး စကားဆက်မပြောတော့ချေ။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက သူ့ကို ခေါင်းလောင်းကို အသက်သွင်းသည့် နည်းလမ်းနှင့် ပြန်သိမ်းသည့်နည်းလမ်းကိုသာ ပေးထားသည်။ သူက အခြားမည်သည့်အရာကိုမှ မလုပ်တတ်ချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က အထွတ်အမြတ်ခေါင်းလောင်း၏ ပိတ်လှောင်ထားမှုကို ခံရသည့်အခိုက်အတန့်တွင် တုစုန့်မာန်ဖော်ကျဲ့က သူ့ကိုဘာမှမလုပ်နိုင်တော့ချေ။
တုစုန့်မာန်ဖော်ကျဲ့က ထိုသို့တွေးတောနေသော အခိုက်အတန့်တွင် ချွီထေပါးနှင့် သူ၏ ပေတစ်ရာကျော်သော ခြေလှမ်းများက ရှေ့ဘက်သို့ ချီတက်သွားပြီဖြစ်သည်။
ခြိမ်း
နတ်ဘုရား၏အရှိန်အဝါက စွမ်းအင်များဖြင့် ပေါက်ကွဲလေပြီး လေထဲတွင် ထင်ရှားစွာ ထွက်ပေါ်လာသည်။ ထို့နောက် ရုတ်တရက် ခမ်းနားသော ရွှေရောင်ဓားချီ အလင်းတန်းကို ထုတ်ဖော်လိုက်လေပြီး နဂါးကိုးကောင် သွေးဝင်္ကပါထံ လှမ်းခုတ်လိုက်ပြန်သည်။
ပထမတိုက်ကွက်နှင့် မတူသည်မှာ ဒီတိုက်ကွက်က ပို၍လေးလံလေပြီး ခိုင်မာသည်မှာ ဓားချီတစ်စင်းဟု မထင်ရလေဘဲ သိန်းပေါင်းများစွာသော တောင်တန်းများ အချင်းချင်း ထပ်ထားသည်နှင့်တူသည်။ ထိုအရာကြီးက ပြင်းထန်သည့် ဖိအားများနှင့် စစ်သားများကို ဖိချလာ၏။
“လှုပ်ရှား”
ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့က ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ နှစ်ယောက်လုံးက ခုန်တက်လိုက်ကြသည်။
ဝေါင်း
ကြီးမားသော နဂါးကြီးတစ်ကောင်က လေထုကိုထိုးခွဲလျှက် ထွက်ပေါ်လာလေပြီး ချွီထေပါးကို ရင်ဆိုင်ရန် တိုက်ကွက်များကို ဆက်တိုက်ထုတ်သုံးသည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်သံချပ်ကာဝတ် အစောင့်၏ သံချပ်ကာက ခမ်းနားသော ခွန်အားများနှင့် တောက်ပလာလေသည်။ ထိုသို့ဖြင့် နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် အခြားသော စစ်သည်တော်များ၏ စွမ်းအားများကို စုပ်ယူပြီး ခန္ဓာကိုယ်ပေါ် စုစည်းလိုက်သည်။
ဘုန်း
မြေပြင်က တုန်ခါသွားသည့် အခိုက်အတန့်တွင် ကြီးမားလွန်းသော သံမဏိလက်သီးကြီးကြောင့် ထိုမြေသားများက စုတ်ဖြဲခံရပုံပေါ်သည်။ ပိန်းပိတ်အောင် မည်းမှောင်ပြီး တောင်တန်းကြီးတမျှ ကြီးမားသော ထိုလက်သီးကြီးက ချွီထေပါး၏ ရွှေရောင်ဓားချီထံ တိုးဝင်သွားလေသည်။
ထိုလက်သီး၏ခွန်အားက ရိုးရှင်းစွာပင် ကြီးမားသည်။ လက်ချောင်းများကလည်း လက်သီးကို သတ္တု၊ မြေသား၊ ရေ၊ မီး စသော အသီးသီးသော စွမ်းအားများဖြင့် ဖွဲ့စည်းထားပုံပေါ်သည်။ ထိုသို့သော တိုက်ကွက်နှစ်ကွက်၏ ပူးပေါင်းအားက ချွီထေပါး၏ဓားချီကို ခိုင်မြဲစွာတားနိုင်လိုက်သည်။ ထို့နောက် ထိုလဲကျမည့် လက္ခဏာကိုပင် ပြလာစေသည်။
“အံ့ဩစရာပဲ”
ဝူရှန်းရွာသူကြီးကလည်း ထိုမြင်ကွင်းကြောင့် အံ့ဩသွားသည်။ သူတို့နှစ်ယောက်ကသာ အတူပူးပေါင်းနိုင်သမျှ ချွီထေပါး၏ တိုက်ကွက်များကို တားဆီးနိုင်သမျှ ဒီတိုက်ပွဲ၏ အခြေအနေကို တောင့်ခံနိုင်ရန် အခွင့်အရေးရှိသေးသည်။
“ဟွန်း ကိုယ့်အင်အားကို မသိကြတာပဲ”
ချွီထေပါးက အထက်မှနေ၍ အေးစက်သော မျက်ဝန်းမျိုးဖြင့် စိုက်ကြည့်လိုက်သည်။ ထိုနှစ်ယောက်က သူ၏ပထမဓားချီကို တားနိုင်ခြင်းမရှိခင် ဒုတိယမြောက် ကြီးမားသည့် ဓားချီအလင်းတန်းက သူတို့ကို ခုတ်ချရန် ဝင်ရောက်သွားပြီဖြစ်သည်။
ဘုန်း
ပြင်းထန်လွန်းသည့် အားလှိုင်းများက ဒေါသတကြီးဖြစ်နေသည့် မုန်တိုင်းများကို ဖန်တီးလိုက်သည်။
ယခုလေးတင် ဖြစ်သွားခဲ့သည့် အခြေအနေနှင့် မတူသည်မှာ ချွီထေပါး၏ ဒီတိုက်ကွက်က လေးလံရုံသာ မကသေးလေဘဲ ဆံပင်ဖြူနှင့် ဝူရှန်းရွာသူကြီးကိုသာ သီးသန့်ချိန်ရွယ်ထားခြင်းဖြစ်သည်။ သူက တစ်ဖက်သူကို ချိန်ရွယ်သည့် စွမ်းအားထဲတွင် သူ၏ကိုယ်ပိုင်စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းခန့်ကို အသုံးပြုထားသည်။
ချွီထေပါး၏အကြည့်က အလွန်အမင်း စူးရှသည်။ ပြင်းထန်လွန်းသည့် တိုက်ခိုက်လိုစိတ်ဆန္ဒကလည်း အာရပ် စစ်နတ်ဘုရားအား ရန်သူများ၏အားနည်းချက်ကို မြင်နိုင်စေသည်။
အနက်ရောင်သံချပ်ကာဝတ် အစောင့်က အင်အားကြီးမားပြီး ဖောက်ခွဲမတက် ပြင်းထန်သည့် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ပို၍ဆိုးသည်မှာ သူဟာ ထိပ်တန်းအဆင့် စစ်သည်တော်များ၏ စွမ်းအားကို စုပ်ယူနိုင်သေးသည်။ ထို့ကြောင့်သူ့ကို ချက်ချင်းဖယ်ရှားရန် ခက်ခဲသည်။ သို့သော် ဝူရှန်းရွာသူကြီးကမူ ခြားနားသည်။ သူဟာ အသက်ကိုးဆယ်ကျော်ပြီဖြစ်သည်။ ခန္ဓာကိုယ်က အချို့သော ရောဂါမျိုးကို ခံစားရသေးသည်။ သူက ဒဏ်ရာရထားသည်မှာ ရှင်းလင်းနေသည်။ ထို့ကြောင့် ဓားချီများဖြင့် ဆက်တိုက် တိုက်ခိုက်ခံရမည်ဆိုလျှင် သူ၏ဒဏ်ရာများက ပို၍သာဆိုးရှားပြီး ရှုံးနိမ့်သွားစေနိုင်သည်။
ဝူရှန်းရွာသူကြီးက သေသွားသည်နှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်က သူ့ကို မယှဉ်နိုင်တော့ချေ။
“သတိထား”
တွေးတောရန် အချိန်မရှိတော့သဖြင့် ဝူရှန်းရွာသူကြီးက သူ၏စွမ်းအင်တိုင်းကို အကန့်အသတ်သို့ တိုးမြှင့်လိုက်ရသည်။ ပို၍များပြားသော အပြာရောင်နဂါးများက ဆင့်ခေါ်ခံရပြီး ချွီထေပါးကို ရူးသွပ်စွာ တိုက်ခိုက်သည်။
သို့သော် ထိုမျှသာဖြစ်သည်။
ဘုန်း
ကောင်းကင်တွင် ကြီးမားတောက်ပသည့် နေမင်းကြီးတစ်စင်းက ပေါ်ထွက်လာပြီး ချက်ချင်းဆိုသလိုပင် ပြင်းထန်လွန်းသည့် ဓားချီ၏ အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ ချွီထေပါး၏ ဒုတိယမြောက် တိုက်ကွက်က လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ရောက်ရှိလာသည်။
နတ်ဘုရား၏အရှိန်အဝါ
ချွီထေပါး၏ တိုက်ကွက် တစ်ကွက်ချင်းစီတိုင်းက ထူးခြားသည့် စွမ်းအင်တစ်ရပ်ကို သယ်ဆောင်ထားလေရာ ပို၍မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ချဉ်းကပ်လာသည်။ သူက ဖျက်ဆီးခြင်းဓားချီ နှစ်စင်းကို တခဏအတွင်း ထုတ်လွှတ်နိုင်သည်။ ထို့ပြင် အဆုံးအစမဲ့သည့် မုန်တိုင်းစွမ်းအင်များကို ထုတ်သုံးထားနိုင်သေးလေရာ တားမြစ်ရန် ခက်ခဲသေးလေသည်။
ချွီထေပါး၏ ခွန်အားနှင့် နတ်ဘုရားအရှိန်အဝါတို့ ပေါင်းစပ်လိုက်သော် ရပ်တန့်၍ပင် မရနိုင်ချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကဲ့သို့ မူလစွမ်းအင်ကို နားလည်သဘောပေါက်ထားပြီး ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို အသက်သွင်းထားသောသူမှသာ ချွီထေပါး၏ တိုက်ကွက်ပေါင်းများစွာကို တောင့်ခံနိုင်ပေလိမ့်မည်။ ထို့ကြောင့် အခြားသောသူဆိုလျှင်မူ ပို၍မဖြစ်နိုင်တော့ချေ။
ဝုန်း
အာရပ်စစ်နတ်ဘုရား၏ တိုက်ကွက်များက လေးလံသထက် လေးလံလာကာ ကြောက်မက်ဖွယ်ကောင်းသထက် ကောင်းလာသည်။
ရုတ်တရက် ပေတစ်ရာကျော်ရှည်သော ဓားချီကြီးတစ်စင်းက နဂါးကိုးကောင် သွေးစစ်အလံအောက်မှ ထွက်ပေါ်လာလေပြီး ချွီထေပါးထံ တိုးဝင်သွားသည်။
ထိုသွေးနီရောင် ဓားချီကြီးက နိုးထလာသည့် နဂါးတစ်ကောင်လိုမျိုး လေထဲတွင် ရှည်လျားသည့် တူးမြောင်းရာကြီးကို ချန်ထားရစ်ခဲ့သည်။ ကျင့်ကြံသူပေါင်းများစွာ နားလည်သဘောပေါက်ထားသည့် အာကာသနိယာမ စွမ်းအင်ပေါင်းများစွာကပင် အနက်ရောင်သံချပ်ကာဝတ် အစောင့်၏ အရှေ့တွင် စက္ကူစလို စုတ်ဖြဲခံလိုက်ရသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းကရုတ်တရက် အနီရင့်ရောင် ဓားကြီးတစ်လက် ရုတ်တရက် ပေါ်ထွက်လာကြောင်း သိလိုက်သည်။
ခြိမ်း
အနက်ရောင်သံချပ်ကာဝတ် အစောင့်၏ သွေးနီရောင်ဓားချီက ဝူရှန်းရွာသူကြီး၏ ခေါင်းဆောင်ရှိသော နဂါးများနှင့်ပူးပေါင်းထားပြီး ချွီထေပါး၏ ရွှေရောင်ဓားချီ အလင်းတန်းကို ရင်ဆိုင်နေသည်။ သူတို့၏ တိုက်ပွဲက အလွန်အမင်း ပြင်းထန်ပြီး လက်ရည်တူသည်။ ချွီထေပါး၏ စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားသော လူတစ်ယောက်၏အားဖြင့် ထိုနှစ်ယောက်ကို မဖိနှိပ်နိုင်ချေ။
“မျိုးမစစ်နှစ်ကောင် သူတို့က တော်တော်လေး စွမ်းအားကြီးတယ်”
အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က အံ့အားသင့်မှုအပြည့်နှင့် မျက်လုံးပြူးသွားသည်။ သူတို့က ချွီထေပါးထက် အရေအတွက် အပြတ်အသတ် များနေသော်လည်း သူ့ကို ထိုသို့ယှဉ်ကာ မတိုက်ခိုက်နိုင်ချေ။ သို့သော် တခဏခန့်ကြာပြီးနောက် အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က ဟန်ချက် ပြန်ထိန်းလိုက်ကြသည်။
“ဒီအဆင့်ထိ ရုန်းကန်နေကြတုန်းပဲ ဘယ်လောက်ခေါင်းမာလိုက်သလဲ။ တိဗက် သွား ငါတို့အတူပေါင်းပြီး သတ်ရအောင်”
အားပါး၏မျက်လုံးက မှေးကျဉ်းသွားပြီး သတ်ဖြတ်လိုစိတ်ဆန္ဒများဖြင့် ပေါက်ကွဲသွားသည်။ သူက အနည်းငယ်ပင် နှေးကွေးခြင်းမရှိဘဲ ရှေ့သို့ချီတက်သွားသည်။
ချွင်
သူကရှေ့သို့ တိုးသွားသည့် အခိုက်အတန့်တွင် လျို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ရပ်နှင့် ပေါင်းစပ်ထားသည့် အနီရင့်ရောင် ချီစက်ကွင်းတစ်ရပ်က သူ၏ခြေထောက်အောက်တွင် ပေါ်ထွက်လာသည်။
တစ်ချိန်ထဲတွင်ပင် ခြောက်ခြားဖွယ်ကောင်းပြီး ဆိုးယုတ်သော ငိုညဉ်းသံများကလည်း ပါဝင်လာသည်။
ဖားရက အားပါး၏နောက်တွင် တဖန်ပြန်လည် ထွက်ပေါ်လာပြန်သည်။ မီတာတစ်ရာကျော်ခန့်မြင့်ပြီး ရောင်စုံအလင်းများပါသည့် ရွှေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ထိုလူထွားကြီးက အားပါးနှင့် ပေါင်းစပ်သွားသည်။ အားပါး၏လက်သီးချက်များက သွေးနီရောင်ဓားချီများကို ထုတ်လွှတ်နိုင်လေပြီး အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို ဝိုင်းသွားစေသည်။ သူ၏လက်သီးများက ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းနှင့် ဝန်းရံထားသည်။
တစ်ချိန်ထဲလိုလိုပင် ဟော်ရှု့ဟွေ့ခမ်းကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသည့် ရွှေရောင်ဗုဒ္ဓရုပ်ပွား ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲလိုက်လေပြီး သူ၏ဓားမောက်ရှည်ကိုသုံးကာ ဝူရှန်းရွာသူကြီးထံ ခုန်ဝင်သွားလေသည်။
ချွီထေပါးက ထိုနှစ်ယောက်ကိုထိန်းရန် ပြင်းထန်သည့် ခွန်အားမျိုးကို သုံးထားချိန်တွင် အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကမူ ဘေးဘက်မှ တိုက်ခိုက်လိုက်ကြသည်။ ထိုသို့ရက်စက်သော တိုက်ပွဲတွင် သူတို့က ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့ထံမှ စတင်ကာ သင်ယူနိုင်လေသည်။
“မကောင်းတော့ဘူး”
ထိုအခိုက်အတန့်တွင် ကောင်းရှန်းကျစ်ထက် မည်သူကမှ မထိတ်လန့်လောက်ချေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ရွှေရောင်ခေါင်းလောင်းအောက်တွင် ချိတ်ပိတ်ခံလိုက်ရပြီး ဝမ်ချောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်။ ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့က ချွီထေပါး၊ အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကို ရင်ဆိုင်နေရသည်။
တိုတောင်းသော ကာလအတောအတွင်း တိုက်ပွဲက အလုံးစုံ ပြောင်းပြန်အလှန်ခံလိုက်ရသည်။ ထိုဖြစ်စဉ်တောက်လျှောက်တွင် ကောင်းရှန်းကျစ်က စောင့်၍သာကြည့်နေရသည်။ သူ၏စိတ်အတွင်း စိုးရိမ်မှုများက ပြည့်နှက်လာသည်။
“ပြိုင်ဘက်ကင်းရှစ်သွယ် ထိုးဖောက်ခြင်းသိုင်း”
ကြီးမားသော သံလုံးကြီးရှစ်တိုင်က ကောင်းကင်တစ်ခုလုံးအနှံ့ ပြည့်နှက်သွားသည်။ ထိုအခြေအနေက အာကာသပြင်ကို ဝရုန်းသုန်းကားဖြစ်လာပြီး ကွဲအက်သွားစေသည်။ ကောင်းရှန်းကျစ်က ထိုအခွင့်အရေးကို အရယူပြီး ချွီထေပါးကို မောင်းထုတ်လိုက်သည်။
ချွီထေပါးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့နှစ်ယောက်ထဲက ချွီထေပါးကိုတားရန် မလုံလောက်သေးချေ။ ထို့ကြောင့် ကောင်းရှန်းကျစ်က သူ့ကိုအရင်ဆုံး ဖယ်ရှားရန် ဆုံးဖြတ်လိုက်သည်။
“ဟွန်း ကောင်းရှန်းကျစ် ငါတို့ကြားက အဆုံးအဖြတ်ပွဲက မပြီးသေးဘူး။ မင်းက ဘယ်နေရာကို ပြေးမလို့လဲ”
အနောက်ဘက်မှ အေးစက်သည့်အသံက ထွက်လာသည်။ ပိုင်ရှင်နှင့် အလွန်အမင်း မရင်းနှီးသော ဘာသာစကားကိုသုံးကာ ပြောလာခဲ့ခြင်းဖြစ်သည်။ သို့သော် ကောင်းရှန်းကျစ်က အဝေးသို့ မရောက်နိုင်သေးခင် မြေပြင်မှ စွမ်းအင်မုန်တိုင်းက မြောက်တက်လာပြီး သူ၏လမ်းကိုပိတ်သည်။
“အပုမူစလင်”
ကောင်းရှန်းကျစ်က လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်သည်။ သူက တဆတ်ဆတ်တုန်နေသော လက်များနှင့် ပေါ်ထွက်လာသည့် ပုံရိပ်ကိုကြည့်သည်။
“ကောင်းရှန်းကျစ် ငါအရင်ကပြောထားပြီးသား။ ငါတို့နှစ်ယောက်က ဒီတိုက်ပွဲကိုစခဲ့တာ။ ဒီတော့ ငါတို့နှစ်ယောက်ကပဲ ဒီတိုက်ပွဲကို အဆုံးသတ်သင့်တယ်။ အခြားလူတွေကိုသွားပြီး ကူခိုင်းဖို့တွေးမနေနဲ့”
အပုမူစလင်၏ မျက်နှာက ရေခဲပြားလိုဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက စွမ်းအင်များဖြင့် ပေါက်ကွဲလာသည်။ ကောင်းရှန်းကျစ်က ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့နှင့် အနည်းငယ်သာ ဝေးတော့သည့်တိုင်အောင် အပုမူစလင်၏ အရှိန်အဝါကတင် ကောင်းရှန်းကျစ်ကို ကျော်ဖြတ်၍မရနိုင်သည့် အတားအဆီးတစ်ခု ဖြစ်နေစေလေပြီ။
“မျိုးမစစ်”
ကောင်းရှန်းကျစ်၏ မျက်လုံးက နီရဲသွားသည်။ သူက အသက်ပြင်းပြင်းရှုလိုက်ပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။ သူ၏မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်ဆန္ဒများက တောက်လောင်လာသည်။
“ဒီလိုဖြစ်နေမှတော့ ငါမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ဘုန်း
ကောင်းရှန်းကျစ်က ရူးသွပ်သွားသလိုမျိုး အပုမူစလင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ကွက်မိုးများကို ရွာသွန်းစေသည်။
ကောင်းရှန်းကျစ်ဟာ စိတ်အေးပြီး ဉာဏ်ပညာကြီးမြတ်သောသူအဖြစ် ကျော်ကြားလေသည်။ သူက ခံစားချက်များ၏ လှုံ့ဆော်မှုကိုခံရပြီး ရူးသွပ်သွားသော အခြေအနေသို့ ဝင်ရောက်ခဲ့သည်။ သို့သော် သူ၏အရာရှိနှင့် စစ်သားများက ဆက်တိုက်သေဆုံးနေကြောင်း မြင်သောအခါ ထိန်းချုပ်မှု လွတ်ကင်းသွားရသည်။
ဘုန်း ဘုန်း ဘုန်း
တခဏခန့်ကြာပြီးနောက် ကောင်းရှန်းကျစ်က အပုမူစလင်ထံ ကျားတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်သည်။ သူ၏တိုက်ကွက်များက ရက်စက်လွန်းပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသဖြင့် အပုမူစလင်ကပင် သတိလက်လွတ် ဖြစ်သွားသည်။
“သတိပေးချက်.. အသုံးပြုသူက ရှုံးနိမ့်လုနီးပါး ဖြစ်နေပါပြီ”
“သတိပေးချက်.. အသုံးပြုသူက ရှုံးနိမ့်လုနီးပါး ဖြစ်နေပါပြီ”
“သတိပေးချက်.. အသုံးပြုသူက ရှုံးနိမ့်လုနီးပါး ဖြစ်နေပါပြီ”
“သတိပေးချက်.. တာလာ့ကရှုံးသွားရင် အသုံးပြုသူက ချက်ချင်းဆိုသလို သုတ်သင်ခံရမှာပါ”
အခန်း(၁၁၂၇)
ထိုအခိုက်အတန့်တွင် တိုက်ပွဲနယ်မြေ အခြားတစ်ဖက်ခြမ်းတွင်ရှိသည့် ဝမ်ချောင်က အလောင်းပုံများအကြား မြေပြင်တွင် လှဲနေသည်။ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေသည်။ ကံကြမ္မာကျောက်တုံး၏ အေးစက်သော သတိပေးသံက သူ၏စိတ်အတွင်းသု့ိ သတင်းစကားများအဖြစ် ဆက်တိုက်ဖောက်ဝင်လာနေသည်။
အဖြစ်အပျက်များက ချက်ချင်းလိုလို ဖြစ်ပျက်သွားသည်ဟု ထင်ရသော်လည်း နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျော်လွန်သွားသည်ဟု ထင်ရပြီးနောက် ဝမ်ချောင်ဟာ နောက်ဆုံးတွင် နိုးထလာသည်။ သူ၏အသိစိတ်က ခန္ဓာကိုယ်သို့ ပြန်ကပ်ပြီးနောက် သိပ်သည်းသော သွေးရနံ့က နှာခေါင်းအတွင်း ပြည့်နှက်သွားသည်။ သူ၏နားအတွင်း မြင်းဒုန်းစိုင်းစီးသံများကို ကြားရသည်။
“မြန်မြန် အရှင့်ကိုကာကွယ်”
“ဒီအာရပ်တွေကို တားကြစမ်း။ ခုံးကျစ်အန်း မြန်မြန် အရှင့်ကိုကယ်”
“ဘယ်လိုပဲဖြစ်ဖြစ် အရှင်အမတ်က ဒီနေရာမှာ သေခွင့်မရှိဘူး။ ငါတို့အားလုံး သေလို့ရတယ်။ အရှင်အမတ် မသေရဘူး”
စိုးရိမ်မှုနှင့် ပြည့်နှက်နေသော အသံက လေထဲတွင်ဟိန်းထွက်သွားသည်။ သူဟာ လက်နက်ချင်းထိခတ်သံနှင့် ပြင်းထန်သည့် စွမ်းအားလှိုင်းသံများကို ကြားနိုင်သည်။
“လီစစ်ယဲ့ပဲ”
တစ်ချိန်ထဲလိုလို ထိုအတွေးက သူ၏စိတ်ထဲ ဖြတ်ပြေးသွားသည်။ သူက အာရပ်ဘာသာစကားနှင့် ဩရှသည့်အသံကိုလည်း ကြားလိုက်ရသည်။
“ဒီထန်ကိုသတ် ဘယ်လိုပဲဖြစ်ဖြစ် သူအသက်ရှင်ရက် ပြန်ခွင့်မရှိဘူး”
ဝမ်ချောင်က အသံပိုင်ရှင်ကိုမှတ်မိသည်။ ဒါက အားပါး၏ လက်ထောက် ဖိုင်ဆယ်၏အသံဖြစ်သည်။ သူ၏စိတ်ထဲတွင် ထိုအတွေးကဝင်လာသည်နှင့် ဝမ်ချောင်က တဖြည်းဖြည်းချင်း ဟန်အမူအရာ ပြန်ထိန်းလိုက်နိုင်သည်။
“သွား သွား သွား”
တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်ခြမ်းတွင် လီစစ်ယဲ့က ဝူရှန်းမြင်းတပ် လက်ရွေးစင် ရာကျော်ကို ဦးဆောင်ပြီး အာရပ်မြင်းတပ် ပင်လယ်အကြား အပြေးနှင်လာသည်။ သူ၏ဘဝတွင် ဘယ်သောအခါကမှ ယခုလောက်ထိ မစိုးရိမ်ဘူးချေ။ သူဟာ ဝမ်ချောင်ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြောင်း မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွားပြီး သွေးများက အပေါက်တိုင်းမှ ထွက်လာပြီဟုပင် ခံစားလိုက်ရသည်။
သူ့အနေဖြင့် ဝမ်ချောင်ကဲ့သို့ မည်သူ့ကိုမှ မလေးစားဖူးချေ။ သူဟာ သူ၏တစ်ဘဝလုံး အခြားသူကို ခစားခြင်းဖြင့် ကုန်ဆုံးမည်ဟု ဆုံးဖြတ်ထားသည်။ သူ၏ဆရာကပင် ယခုလောက်ထိ လေးစားမှုကို မခံခဲ့ရချေ။
“အရှင်အမတ် ဘယ်လိုပဲဖြစ်ဖြစ် အရှင်အဆင်ပြေရမယ်”
လီစစ်ယဲ့က လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တုန်ယင်သွားသည်။ ဝမ်ချောင်သည် ချွီထေပါး၏ တိုက်ကွက်ကြောင့် ကောင်းကင်ပေါ်မှ ပြုတ်ကျခဲ့ပြီး သူ၏အခြေအနေ အစစ်အမှန်ကို မသိနိုင်သေးချေ။
လီစစ်ယဲ့က မြင်လိုက်သည့် အခိုက်အတန့်တွင် သူ၏အကောင်းဆုံးစစ်သားများကို ဦးဆောင်ခေါ်ပြီး စစ်တပ်ထဲမှချီတက်လာသည်။ သို့သော် အချိန်က နောက်ကျသွားသည်။ ယခုအခါ လူတိုင်းက ထိုနေရာတွင် အုံနေပြီဖြစ်သည်။ ထို့ကြောင့် လီစစ်ယဲ့က ယခင်တိုက်ပွဲများကြောင့် တိုက်ပွဲနယ်မြေတွင် အလောင်းများပုံနေသည့် အခြေအနေကိုပင် ဝမ်းသာရပေလိမ့်မည်။ ထို့ကြောင့် ဝမ်ချောင်က ပြုတ်ကျသွားသော နေရာက လူများဝိုင်းနေသည်။ ဖုန်များ၏ ကာကွယ်မှုကြောင့် အာရပ်များကလည်း ဝမ်ချောင်ကို ချက်ချင်းမရှာနိုင်သေးချေ။ သို့သော် ထိုအခြေအနေက ကြာရှည် မတည်တံ့နိုင်ချေ။ လီစစ်ယဲ့အနေနှင့် မာမဲ့လုများ၏ လက်ထောက်ဗိုလ်ချုပ်ဖိုင်ဆယ်က မြင်းတပ် တပ်ဖွဲ့ကို ဦးဆောင်ကာ ချီတက်လာနေကြောင်း မြင်နိုင်သည်။ သူတို့က လီစစ်ယဲ့ထက် မြင်နိုင်သေးသည်။
“ဟွန်း အသုံးမဝင်ဘူး ဒီကောင်ကသေမှာပဲ”
ဖိုင်ဆယ်၏လှောင်သံက တိုက်ပွဲနယ်မြေတွင် ပဲ့တင်ထပ်သွားသည်။ သူဟာ အာရပ်စစ်သည် တစ်သုတ်ပြီးတစ်သုတ်ကို ဝူရှန်းမြင်းတပ်ထံ စေလွှတ်ပြီး အရှိန်နှုန်းကို နှေးခိုင်းသည်။
မာမဲ့လုနှင့် ဝူရှန်းမြင်းတပ်သည် လောကမှ အင်အားအကြီးဆုံးမြင်းတပ်ဖြစ်ရန် ပြိုင်ဆိုင်နေရသူများဖြစ်သည်။
ဝမ်ချောင်သည် ဝူရှန်းမြင်းတပ်မှ ရာထူးအမြင့်ဆုံး စစ်သေနာပတိချုပ်ကြီးဖြစ်သောကြောင့် မာမဲ့လုများအတွက် သတ်ကိုသတ်ရမည့်စာရင်းတွင် ပါဝင်နေပြီးသားဖြစ်သည်။ ထို့ကြောင့် ဖိုင်ဆယ်သည် အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့နှင့် ပူးပေါင်းပြီး နဂါးကိုးကောင် သွေးဝင်္ကပါကို သတ်မည့်အစား ဝမ်ချောင်ကို လာရှာခြင်းဖြစ်သည်။
သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော အခြေအနေမျိုးတွင် သတ်ရန် အရာအားလုံးကို အဆုံးသတ်၍ရသည်။
“အရှင် ငါတို့ရှာတွေ့ပြီ”
ရုတ်တရက် ထွက်လာသည့်အသံက ဖိုင်ဆယ်ကို အံ့အားတကြီး လှည့်ကြည့်မိစေသည်။ ထိုအခါ အလောင်းပုံများကြားတွင် တုန်ယင်နေပြီး ထမည့်လက္ခဏာပြနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအချက်ကတင် ထိုလူ၏နောက်ခံကိုသိနိုင်သည်။
“ဟွန်း မင်းတို့အားလုံး ဝူရှန်းမြင်းတပ်ကို သွားသတ်ထား။ ဒီကောင်ကို ငါ့ရဲ့တာဝန်ထားလိုက်”
ဖိုင်ဆယ်၏မျက်လုံးအတွင်း သတ်ဖြတ်လိုစိတ်များက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူဟာ ဝူရှန်းမြင်းတပ် ရာပေါင်းများစွာကို လီစစ်ယဲ့ကို တားခိုင်းထားသည်။ တစ်ချိန်ထဲတွင်ပင် သူကိုယ်တိုင်က အလောင်းပုံကိုကျော်ဖြတ်လျှက် ချီတက်လာလိုက်သည်။ ဖိုင်ဆယ်သည် ဝမ်ချောင်နှင့်ပတ်သတ်သည့် ဒဏ္ဍာရီပေါင်းများစွာကို ကြားဖူးထားသည်။
ထန်တပ်ကူများ... လျို့ဝှက်ဆန်းကြယ်သော အဘိုးကြီး... နဂါးကိုးကောင် သွေးစစ်အလံ... အရာအားလုံးက ထိုလူငယ်ကြောင့်ဖြစ်လာသည်။ အာရေးဗီးယားသည် ထိုလူငယ်ကြောင့် မရေမတွက်နိုင်သော လူပေါင်းများစွာကို ဆုံးရှုံးထားရသည်။ ဖိုင်ဆယ်အနေဖြင့် အပုမူစလင်နှင့် ကျစ်ရတို့ စကားကို အစပိုင်းက အလေးအနက် မထားခဲ့ချေ။ ရုတ်တရက်ယခုမူ ထိုထန်လူငယ်ဗိုလ်ချုပ်က အာရေးဗီးယား၏ အကြီးမားဆုံးရန်သူကြီးဖြစ်ကြောင်း သိလိုက်သည်။
ဝူရှန်းမြင်းတပ်က မြောက်များလှစွာသော မာမဲ့လုများကို သတ်နိုင်ခဲ့သည်မှာ ထိုလူကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုလူကလည်း သေရပေမည်။
“သေဆုံးခြင်းနတ်ဆိုးရဲ့မြက်ရိတ်ဓား”
သူက ရွေ့လျားနေသော ထိုအလောင်းနှင့် ပေတစ်ရာသာ ဝေးကွာတော့သော အခိုက်အတန့်တွင် ဖိုင်ဆယ်၏ချီစက်ကွင်းက ရုတ်တရက် အနက်ရောင်စွမ်းအင်လှိုင်းကို ထုတ်လွှတ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို မြင်နှင့်ကပ်လိုက်ပြီး အရှိန်နှုန်းမြှင့်ကာ အလောင်းထံသွားသည်။
ပေခြောက်ဆယ်ကျော်ခန့် သွားပြီးနောက် ဖိုင်ဆယ်က မြင်းပေါ်မှခုန်လိုက်ပြီး နောက်ဆုံးသော ပေခြောက်ဆယ်ကို တဖန်ကျော်ဖြတ်လိုက်သည်။ ထိုသို့ဖြင့် မြေပြင်မှအောက်သို့ ဆင်းသက်လိုက်ပြီးနောက် သူ၏ဓားမောက်ရှည်ကိုသုံးကာ ထိုအလောင်း၏ကျောကို လှမ်းခုတ်သည်။
ထိုအလောင်း၏ခေါင်းက ရုတ်တရက် ပျက်ကျသွားပြီး ချက်ချင်းဆိုသလို တောင့်တင်းသွားသည်။
“မဟုတ်ဘူး”
လီစစ်ယဲ့က မြေသားကိုပင်တုန်ခါစေသည့် အသံမျိုးဖြင့် လှမ်းအော်သည်။
ဝှစ်
သူ၏မျက်လုံးက သွေးများပန်းထွက်လာလုနီးပါး ဖြစ်လာသည်။ ဖော်ပြရန်ခက်ခဲသည့် ဝမ်းနည်းမှုနှင့် နာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးကို ဆုတ်ယုတ်သွားစေသည်။ ထိုအခိုက်အတန့်တွင် ဖိုင်ဆယ်က ခြားနားစွာတုန့်ပြန်သည်။
“အောင်မြင်ပြီ”
ဖိုင်ဆယ်၏နှုတ်ခမ်းက ကော့ညွှတ်သွားပြီး အနိုင်ရသူလိုပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်က လေထဲတွင် ရှိနေသေးသည်။ နောက်ဆုံးရိုက်ချက်ပြီးနောက် သူဟာ တောင့်ခဲသွားသည်။ သို့သော် ဖိုင်ဆယ်က သူ၏ဘဝတွင် စိတ်အလှုပ်ရှားရဆုံး အခိုက်အတန့်သို့ ရောက်နေပြီဟု ခံစားနေရသည်။
အရှေ့ပိုင်းမှ ဝူရှန်းမြင်းတပ်က မည်မျှ လေးစားဖွယ်ကောင်းနေစေကာမူ အဆုံးသတ်တွင် မာမဲ့လုများကသာ နိုင်သွားသည်။ ဒီနည်းအားဖြင့် သူတို့၏ ပြိုင်ဘက်ကင်းသည်ဆိုသော ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုက်နိုင်သည်။ အနာဂတ်တွင် မာမဲ့လုများကသာ ဝူရှန်းမြင်းတပ်၏ဗိုလ်ချုပ်ကို ပါးတသို့ ပြန်လည်သယ်ဆောင်သွားလျှင် သူတို့၏ တောက်ပသည့် အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဒီနည်းအားဖြင့် မာမဲ့လုများ၏ ပြခန်းအတွင်းတွင် ထိုခေါင်းကိုချိတ်ဆွဲထားကာ မာမဲ့လုများ၏ လေးစားဖွယ်ကောင်းသော ရန်သူများကို အလဲထိုးအနိုင်ယူခဲ့သည့် သမိုင်းမှတ်တမ်းကို ထိန်းသိမ်းထားနိုင်လေသည်။
ခလွက်
ရုတ်တရက် ဖိုင်ဆယ်က ကျေနပ်ပြီး ပျော်ရွှင်နေသည့် အခိုက်အတန့်တွင် ရုတ်တရက် အန္တရာယ်ကို ခံစားလိုက်မိသည်။ သူက ရှောင်ရှားရမည်ဆိုသော အသိကို ရလိုက်သည့် အခိုက်အတန့်တွင် နောက်ကျသွားပြီဖြစ်သည်။ သွေးများစိုရွှဲနေသည့် သွယ်လျသည့် လက်ဝါးတစ်ဖက်က ရုတ်တရက် အလောင်းပုံထဲမှ ထွက်လာပြီး သူ၏လည်တိုင်ကို ဖမ်းဆွဲသည်။
အားပါး၏ လက်ထောက်ဗိုလ်ချုပ်ကြီး ဖြစ်သည့်အလျောက် ဖိုင်ဆယ်သည် မှင်သက်ဖွယ်ကောင်းသော မြန်ဆန်သည့် ကျင့်ကြံခြင်းအရှိန်နှုန်းနှင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်၏ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရာ အလွန်အမင်း မြန်ဆန်စွာ တုန့်ပြန်နိုင်သည်။ ထိုခွန်အားမျိုးနှင့်သူက ပစ်ခတ်သည့် မိုးကြိုးကိုပင် ရှောင်နိုင်သင့်သည်။ သို့သော် ဖိုင်ဆယ်အနေဖြင့် ထိုလက်ဝါးလာသည့်နေရာကို မမြင်နိုင်ခဲ့ဘဲ ရှောင်နိုင်ခြင်းမရှိခဲ့ချေ။
“မကောင်းတော့ဘူး”
ဖိုင်ဆယ်၏မျက်နှာက ဖြူဖျော့သွားသည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။ သူ၏ရန်သူဟာ အလောင်းပုံအတွင်းတွင် ပုန်းနေပြီး အချိန်ကိုက်စောင့်ကာ တိုက်ခိုက်လိုက်သည်။ ဒီနည်းအားဖြင့်သူ့ကို တုန့်ပြန်ချိန်မပေးခဲ့ချေ။ ထိုအရာသာမကသေးချေ။ ဖိုင်ဆယ်က သူ၏စွမ်းအားများကိုသုံးပြီး လည်မြိုကို ဆုပ်ကိုင်ထားသည့် လက်ဖဝါးကို မဖယ်ခွာနိုင်ခင် နောက်ထပ် လက်ဖဝါးတစ်ဖက်က ထွက်ပေါ်လာပြီး သူ၏တန်ထျန်းကိုဖိလာသည်။
ဘုန်း
ဖိုင်ဆယ်က တခဏခန့်သာထိန်းပြီးနောက် သူ၏ကြယ်တာရာစွမ်းအင်များ အားလုံးက လည်မြိုနှင့် လက်ဖဝါးမှတစ်ဆင့် တန်ထျန်းအတွင်းသို့ စီးဝင်သွားသည်။
“မိစ္ဆာသိုင်း”
ဖိုင်ဆယ်ကကြောင်သွားသည်။ သူ၏မျက်နှာက ကြောက်လန့်မှုနှင့် ပြည့်နှက်သွားသည်။ သူ၏ဘဝတွင် ယခုလိုအခြေအနေမျိုးကို မကြုံဖူးချေ။ သူဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားလေပြီး မမျှော်လင့်ထားစွာပင် ရန်သူ၏ ခြောက်ခြားဖွယ်ကောင်းသည့် ဆွဲစုပ်အားဒဏ်ကို မခံနိုင်ချေ။ သူ၏စွမ်းအားတိုင်းက ဝါးမြိုခံနေရသည်။ ထိုအချက်အပြင် ဒီဖြစ်စဉ်တောက်လျှောက် ဖိုင်ဆယ်က မလုပ်နိုင်ချေ။
“အရှင့်ကိုကာကွယ်”
“သူ့ကိုသတ်”
ရုတ်တရက် အပြောင်းအလဲက မာမဲ့လုများကို ကြောင်သွားစေသည်။ မည်သူကမှလည်း ရွေ့လျားနေသော အလောင်းက အခြားတစ်ယောက်ဖြစ်နေမည်ဟု မထင်ထားကြချေ။ အစစ်အမှန် ဝမ်ချောင်က အလောင်းပုံအောက်တွင်ပုန်းပြီး တစ်ချက်တည်းနှင့် ဖိုင်ဆယ်ကိုဖမ်းလိုက်သည်။
ချွင် ချွင် ချွင်
ချက်ချင်းဆိုသလိုပင် မာမဲ့လုဆယ်ယောက်ကျော်နှင့် အခြားသော အရာရှိများက စွမ်းအင်များကိုစုစည်းပြီး ဓားမောက်ရှည်များကိုယမ်းကာ ဝမ်ချောင်ထံ ချဉ်းကပ်လာသည်။ သို့သော် တခဏခန့်ကြာပြီးနောက် ကြယ်တာရာစွမ်းအင်များက ဝမ်ချောင်၏ တစ်ဖက်တစ်ချက်စီတွင် နေနှင့်လအဖြစ် ပြောင်းလဲသွားပြန်သည်။ ဟာရီကိန်းမုန်တိုင်းလို ဆွဲစုပ်အားတစ်ရပ်က ထိုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“အား”
မရပ်တန့်နိုင်ဟု ထင်ရသည့် မာမဲ့လုများက ကျယ်လောင်စွာအော်ဟစ်ရင်း လက်နက်များကို လွှတ်ထုတ်ပစ်လိုက်မိသည်။ ထိုအချက်အပြင် ကြောက်မက်ဖွယ်ကောင်းသည့် ဆွဲစုပ်အားတစ်ရပ်က ထွက်ပေါ်လာလေပြီး ထိုအလောင်းနှင့် မြင်းတိုင်းကို အနားသို့ ဆွဲယူလိုက်သည်။
ခွက် ခွက် ခွက်
မာမဲ့လုဆယ်ယောက်ကျော်က ဝမ်ချောင်၏ကိုယ်ထံသို့ ဆွဲယူခံလိုက်ရသည်။ လူနှင့်မြင်းများအားလုံးက ထိုခန္ဓာကိုယ်အနားတွင် တင်းတင်းကြပ်ကြပ် ကပ်နေကြပြီး သူတို့၏စွမ်းအင်များအားလုံးကို ဆွဲစုပ်နိုင်ရန် ထောက်ပံ့ပေးလေသည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စွမ်းအားများကြောင့် မာမဲ့လုများအားလုံးက ဟောင်းနွမ်းခြောက်သွေ့ပြီး ကျုံ့သွားသော ပူဖောင်းများအလား ဖြစ်သွားကြသည်။
ဖိုင်ဆယ်ကပင် ဝမ်ချောင်၏ ဆွဲစုပ်မှုအားကို မခံနိုင်လောက်လေရာ သာမာန်မာမဲ့လုများဆိုလျှင် ပို၍ဆိုးသည်။
“မဟုတ်ဘူး ငါ့ကိုကယ်”
မာမဲ့လုများက ကြောက်လန့်တကြားအော်ကြပြီး အလန့်တကြား ရုန်းကန်ကြသည်။ သို့သော် တခဏခန့် ကြာပြီးနောက် သူတို့၏ စွမ်းအင်တိုင်းက အကုန်စုပ်ခံလိုက်ရသည်။
ခွက် ခွက် ခွက်
ခြောက်ကပ်သွားသော အလောင်းများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထိုလူများက ဖိုင်ဆယ်ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသည်။ ထို့ကြောင့် စောစောသေသွားသည်။
မာမဲ့လုများ၏ စွမ်းအားများ ပေါင်းစပ်လိုက်သော် ဝမ်ချောင်၏ခွန်အားက လျှင်မြန်စွာ ဖောင်းကားတက်လာပြီး ချွီထေပါး၏ တိုက်ကွက်ကြောင့် ဖြစ်ခဲ့သည့် ဒဏ်ရာများက စတင်ကာ ပြန်လည်သက်သာလာသည်။
ဒါဟာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အားသာချက်များထဲမှ တစ်ခုဖြစ်သည်။ တူညီသော ဒဏ်ရာများဖြစ်သော်လည်း ဝမ်ချောင်၏ကိုယ်ပေါ်သို့ရောက်သောအခါ မတူညီသော သက်ရောက်မှုသာရှိသည်။ ထို့ပြင် ပြန်လည်ကုစားနှုန်းကလည်း အများကြီးမြန်ဆန်သည်။
ဖိုင်ဆယ်ကပင် ဝမ်ချောင်ကြောင့် အပြတ်အသပ် ဖိနှိပ်ခံလိုက်ရသည်။ ယခုအခါ ဝမ်ချောင်က ပို၍အင်အားကြီးမားလာလေရာ မည်သည့်နည်းနှင့်မှ ခုခံနိုင်စွမ်းအား မရှိတော့ချေ။
အခန်း(၁၁၂၈)
“မျိုးနွယ်ခြားကောင်တွေ သေစမ်း”
ဝမ်ချောင်က ခပ်ကြမ်းကြမ်းပြောသည်။ သူက ဖိုင်ဆယ်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ခလွက်
ဝမ်ချောင်က ဖိုင်ဆယ်၏လည်တိုင်ကို ချိုးလိုက်ရင်း နောက်ဆုံးကျန်ရစ်သည့် စွမ်းအားတစ်သုတ်ကို သူ၏ကိုယ်အတွင်းသို့ စီးဝင်လာစေသည်။
ခွက်
ဝမ်ချောင်က ဖိုင်ဆယ်၏အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ဖုန်တိမ်စိုင်လုံးများကို မွှေနှောက်လေသည်။
ဖိုင်ဆယ်၏စွမ်းအင်ကြောင့် ဝမ်ချောင်၏ခွန်အားက တဖန်ထပ်ပြီး တက်သွားပြန်သည်။ ထို့ကြောင့် သူ၏ ယခင်ကျင့်ကြံခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီး အနည်းငယ်ပင် ပိုမြင့်သွားသည်။ ဒါဟာ ပို၍နက်နဲပြီး အနုစိတ်သော နယ်မြေတစ်ခုဖြစ်သည်။ ဝမ်ချောင်သည်လည်း သူဟာ ထိုနယ်မြေနှင့် အနည်းငယ်ခန့်သာ ဝေးကွာတော့ကြောင်း သိလိုက်သည်။
“သတ်”
အချိန်တစ်ခုကြာ တိတ်ဆိတ်နေပြီးနောက် မာမဲ့လုများက တဖန်ပြန်လည်ချီတက်လာကြပြန်သည်။ သူတို့က ဖိုင်ဆယ်၏ သေဆုံးမှုကြောင့် ရူးသွပ်သွားကြသည်။ အဝေးမှ အာရပ်စစ်သားများကလည်း နဂါးကိုးကောင် သွေးစစ်အလံထံ ချီတက်နေကြသည်။ ထို့ပြင် ဝမ်ချောင်က သူတို့နှင့် အလွန်ဝေးကွာသော နေရာတွင် ရှိနေသောကြောင့် သတိမထားမိခဲ့ကြချေ။ ဖိုင်ဆယ်၏ အဖြစ်အပျက်ကို မြင်ပြီးနောက်တွင် သူတို့အားလုံးကလည်း ဒီဘက်သို့ လှည့်လာကြသည်။ မရေမတွက်နိုင်သည့် အာရေးဗီးယား ဓားမောက်ရှည်ပေါင်းများစွာက အေးစက်သောအလင်းနှင့်လက်လျှက် သူထံ ဆင်းသက်လာသည်။
ခြိမ်း
အနက်ရောင်ပုံရိပ်တစ်ခုက ကျားတစ်ကောင်က သိုးအုပ်ထဲသို့ ဝင်သွားသလိုမျိုး နောက်တန်းအတွင်းသို့ ဖောက်ဝင်သွားလေသည်။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ ဒေါသတကြီးဖြစ်နေသည့် စွမ်းအင်မုန်တိုင်းများက ဝုန်းကနဲပေါက်ထွက်လာပြီး စစ်မြင်းပေါင်းများစွာကို လေထဲသို့ မြောက်တက်သွားစေသည်။ အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကိုလည်း ပေါင်းပင်များကဲ့သို့ ခုတ်သင်သေးသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း အာရပ်များသည် လူနှစ်ထောင်မှ သုံးထောင်ခန့်အထိ ဆုံးရှုံးလိုက်ရသည်။
ပို၍ဆိုးသည်မှာ ဝမ်ချောင်သည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အမြင့်ဆုံးအထိ ထုတ်သုံးထားသည်။ ထို့ကြောင့် သူက မည်သည့်နေရာတွင် ပေါ်လာစေကာမူ အာရပ်စစ်သားတိုင်းက သူတို့၏ကိုယ်အတွင်းမှ စွမ်းအားများက ထိန်းချုပ်မှုလွတ်ကင်းလျှက် ဝမ်ချောင်၏ကိုယ်အတွင်းတွင် စီးဝင်နေကြောင်း ခံစားလိုက်ရသည်။
ဝမ်ချောင်ဟာ အင်အားကြီးမားသထက် ကြီးမားလာသည်။ သူ၏မူလစွမ်းအင်အပေါ် နားလည်သဘောပေါက်မှုနှင့်ဆိုလျှင် သူဟာ ထိုနယ်မြေနှင့် နီးကပ်သထက် နီးကပ်လာသည်။ သူ၏ ရူးသွပ်နေသော အရှိန်အဝါက သတ်ဖြတ်ခြင်းအရှိန်အဝါသို့ ဝင်ရောက်လုနီးပါးဖြစ်လာသည်။
“တုစုန့်မာန်ဖော်ကျဲ့ သူ့ကိုတား”
အဝေးမှ အသံတစ်သံထွက်လာသည်။
ဝေးကွာလွန်းသောနေရာမှ ကြည့်နေသည့် သာ့လွန်ရော့ကျန်းက အဖြစ်အပျက်တိုင်းကို မြင်လိုက်သည်။ သူက အလန့်တကြားဖြစ်သွားသည်။ ဝမ်ချောင်သည် သွေးခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲထားသည်။ သို့သော် သူ၏ခန္ဓာကိုယ်က မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ဆက်လက်ပြီး မြင့်တက်နေသည်။
သာ့လွန်ရော့ကျန်းက ထိုအချက်တစ်ခုတည်းကိုသာ စိုးရိမ်နေခြင်းမဟုတ်ချေ။ သူက ဝမ်ချောင်နှင့် ထပ်ခါတလဲလဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ကောင်းကောင်းနားလည်ထားလေသည်။ ထိုအတွက်ကြောင့်သူက မသိစိတ်အရ မသက်မသာ ဖြစ်နေမိသည်။ ဝမ်ချောင်ရှိနေသော နေရာတိုင်းက မရေမတွက်နိုင်သော အခြေအနေပေါင်းများစွာကို ပြောင်းလဲပေးနိုင်သည်။ ထို့ကြောင့် သာ့လွန်ရော့ကျန်းကလည်း အခြေအနေဟာ အဆိုးဆုံးအဖြစ် ပြောင်းတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
“ဒီမျိုးမစစ် ဘာလို့သူက အသက်ရှင်နေသေးတာလဲ”
ဝရုန်းသုန်းကား အခြေအနေက အားပါးကိုပင် အထိတ်တလန့်ဖြစ်သွားစေသည်။ ရိုးရှင်းစွာဖြင့်ပင် သူ့အနေဖြင့် ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့ကို တိုက်ခိုက်နေသော အခိုက်အတန့်မျိုးတွင် အာရုံပြောင်း၍မရချေ။ သို့သော် ယခုအခြေအနေအရ သူက ထိုအခြေအနေကို သတိထားမိရန် ဖိအားအပေးခံလိုက်ရသည်။
အားပါးသည်လည်း ထိုကောင်လေးက ယခုအချိန်အထိ အသက်ရှင်နေပြီး ကောင်းကောင်းမွန်မွန် နေထိုင်နေသေးသည့် အချက်ကို လက်မခံနိုင်ချေ။
လူတိုင်းက ချွီထေပါး၏ ကြောက်စရာကောင်းသော စွမ်းအားကို မြင်ခဲ့ပြီးသားဖြစ်သည်။ သို့တိုင်အောင် ထိုကောင်လေးက ရိုက်ချက်နှစ်ချက်အောက်တွင် အသက်ရှင်နိုင်သေးသည်။
“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ သူ့ကိုသတ် နောက်ဆုတ်တဲ့ကောင်တိုင်းက ကွပ်မျက်ခံရမယ်”
အားပါးက ခပ်ကြမ်းကြမ်း အော်လိုက်သည်။
ဝမ်ချောင်သည် ဝူရှန်းရွာသူကြီးကို ကူညီရန်အတွက် နတ်ဘုရင်ရာမကို အသုံးပြုခွင့်မရချေ။ သူက အင်ပါယာမဟာဗိုလ်ချုပ်ကြီးအဆင့် မဟုတ်သမျှ သတ်၍မရသေးချေ။
ဘန်း
အားပါး၏ စကားလုံးများက တိုက်ပွဲနယ်မြေတစ်ခုလုံးကို ကြီးမားသည့် ပြောင်းလဲမှုအဖြစ် ပြောင်းလဲသွားစေသည်။ မရေမတွက်နိုင်သော အာရပ်စစ်သားပေါင်း များစွာက ဝမ်ချောင်ဆီသို့ သွားနေကြသည်။ နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် အခြားသော ထန်စစ်တပ်များနှင့် ချီတက်နေသော စစ်သားများကပင် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
“သူ့ကိုသတ် သူက အရှင်ချွီထေပါးကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီးသား။ ဒါကြောင့် ခွန်အားက အကန့်အသတ်ကို ရောက်နေလောက်ပြီ”
“သူကငါတို့အားလုံးကို ကိုင်တွယ်နိုင်မယ်လို့ မယုံဘူး။ ငါတို့သာ အားလုံးပေါင်းလိုက်ရင် သူအသက်မရှင်နိုင်လောက်ဘူး”
အာရပ်ဗိုလ်ချုပ်များကလည်း ဝမ်ချောင်၏ အခြေအနေကို သတိထားမိလိုက်သည်။ သူ၏ခန္ဓာကိုယ်ဝန်းကျင်မှ သွေးအလင်းရောင်ကို သိလိုက်သည်။ သူတို့က ဓားမောက်ရှည်များကို ဆွဲထုတ်လိုက်ပြီး စစ်သားများကို ဦးဆောင်လျှက် ဝမ်ချောင်ထံ ချီတက်သွားကြသည်။
သို့သော် ထိုအာရပ်ဗိုလ်ချုပ်များက ထိုနယ်မြေအတွင်းသို့ မဝင်ရောက်နိုင်သေးခင် ဝမ်ချောင်က သူတို့အနားသို့ ရောက်လာသည်။
ဘုန်း
လေထဲတွင် ကြယ်တာရာစွမ်းအင်များက လည်ပတ်နေသည်။ အာရပ်ဗိုလ်ချုပ်တစ်ယောက်က သတိလက်လွတ် တုန်ယင်သွားပြီး သူ၏ဓားမောက်ရှည်ကိုသုံးကာ ခေါင်းကိုကျော်အောင်မြှောက်လျှက် ဝမ်ချောင်ကို ခုတ်ပိုင်းလိုက်သည်။
ထိုဓားမောက်ရှည်ကြီးက ကျယ်ပြောပြီး မရပ်တန့်နိုင်သည့် အရှိန်အဟုန်ကို သယ်ဆောင်သွားကာ ပေတစ်ရာကျော် အထက်သို့ ရောက်သည်အထိ ဆေဘာစွမ်းအင်ပေါင်းများစွာကို မြောက်တက်လာစေလိုက်သည်။ သို့သော် အာရပ်ဗိုလ်ချုပ်က အလွန်နှေးကွေးစွာ တုန့်ပြန်မိသွားသည်။ မူလစွမ်းအင်ကို နားလည်သဘောပေါက်ပြီးနောက် ဝမ်ချောင်က ဖိုင်ဆယ်ကိုပင် ဖိနှိပ်နိုင်ခဲ့လေရာ အခြားသောသူများဆိုလျှင် ပို၍မလိုအပ်တော့ချေ။
ခလွက်
လက်ဝါးတစ်ချက်က လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရောက်ရှိလာသည်။ လက်ငါးချောင်းလုံးက ထိုအာရပ်ဗိုလ်ချုပ်၏ခေါင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်မှာ သံမဏိသားဖြင့် လုပ်ထားသည့်အလား ထင်ရသည်။ တခဏခန့်ကြာပြီးနောက် အာရပ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်အတွင်းမှ တောအုပ်ထဲမှပြန်ထွက်လာသည့် ငှက်များအလား ရေတံခွန်တစ်ခုလိုမျိုး သွေးများက စီးကျလာသည်။ စွမ်းအင်များကလည်း ပေါက်ထွက်လာ၏။ အရာအားလုံးက ဝမ်ချောင်၏ကိုယ်အတွင်းသို့ စီးဝင်သွားသည်။
“အား”
တောင့်တင်းသန်မာသော အာရပ်ဗိုလ်ချုပ်ကြီးထံမှ ငယ်သံပါအောင် အော်သည့်အသံက ထွက်ပေါ်လာသည်။ သူဟာ အရပ်ရှစ်ပေနီးပါးမြင့်သည်။ သို့သော် ခန္ဓာကိုယ်ကြီးက စတင်ကာ ညိုးနွမ်းခြောက်သွေ့လာသည်။ ထို့နောက် အရိုးနှင့်အရေပြားသာ ကျန်ရစ်တော့ပြီး မြင်းပေါ်မှပြုတ်ကျကာ သံချပ်ကာအတွင်းသို့ ချိုင့်ဝင်ကာ လဲကျသွားလေသည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ပြိုင်ဘက်ကိုထိရန် မလိုအပ်ချေ။ သို့သော် သူကသာ ထိလိုက်လျှင် ဝမ်ချောင်က ပို၍မြန်ဆန်သည့် အရှိန်နှုန်းနှင့် စွမ်းအင်များကို စုပ်ယူနိုင်သည်။ ဒါဟာ ပြိုင်ဘက်၏ သေစေနိုင်သောအချက်ကို ဖမ်းဆုပ်လိုက်မိရုံနှင့် တစ်ဖက်သူက ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။
ဘန်း ဘန်း ဘန်း
ဝမ်ချောင်က အာရပ်ဗိုလ်ချုပ်ကို ဆာလောင်နေသော ဝံပုလွေတစ်ကောင်လိုမျိုး စွမ်းအင်တိုင်းကို ဝါးမြိုလိုက်သည်။ သူ၏ပုခုံး တစ်ဖက်တစ်ချက်စီတွင် နေနှင့်လ၏ ရွှေရောင်နှင့်အနီရောင် ပုံရိပ်များက ပေါ်ထွက်နေလေသည်။ အချိန်တစ်ခုအတွင်း အင်အားကြီးမားလွန်းသည့် ဗိုလ်ချုပ်ပေါင်းများစွာက ဝါးမြိုခံရသည်။
“အရှင်အမတ်”
ဝမ်ချောင်၏ နတ်ဘုရားတစ်ပါးလို ခွန်အားမျိုးကို မြင်လိုက်ရသည့် လီစစ်ယဲ့နှင့် ဝူရှန်းမြင်းတပ် အဖွဲ့ဝင်များက အောင်ပွဲခံအော်ဟစ်အားပေးကြသည်။ လီစစ်ယဲ့က အလွန်ပျော်ရွှင်သွားသည်။
“ဝမ်းသာစရာပဲ ဝမ်းသာစရာပဲ”
သူ၏လက်နှစ်ဖက်လုံးက ဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားသည်။ ဂါထာတစ်ခု၏ သက်ရောက်ခံလိုက်ရသလိုမျိုး သူဟာ ဝမ်ချောင်သေသွားပြီဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် လီစစ်ယဲ့က ကိုယ့်ကိုယ်ကို စတေးပြီး မဟာထန်၏ အငယ်ဆုံး အတော်ဆုံး သူရဲကောင်းအဆန်ဆုံး ဗိုလ်ချုပ်ကြီးနှင့်အတူ ပူးပေါင်းပြီး သေဆုံးရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
မဟာထန်၏ ထိုကဲ့သို့သော သူရဲကောင်းမျိုးနှင့် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ကာ အသေခံရခြင်းက လီစစ်ယဲ့အတွက် အကြီးမားဆုံး ဂုဏ်ယူစရာကိစ္စကြီးဖြစ်သည်။
သို့သော် ဝမ်ချောင်က မသေသေးချေ။ သူ၏ခန္ဓာကိုယ်က မငြိမ်းသက်နိုင်သည့် မီးတောက်ကို ပိုင်ဆိုင်ထားပုံပေါ်သည်။ ဒီလောကရှိ မည်သည့်အရာကမှ သံမဏိသားဖြင့်လုပ်ထားသော သူ၏ကိုယ်ထည်ကို ချေမွနိုင်ပုံမရချေ။
“သတ်”
လီစစ်ယဲ့၏မျက်လုံးများက အရည်လဲ့လာသည်။ သူဟာ ဓားကိုအောက်သို့ခုတ်ချလိုက်သည်။
ဘုန်း
လီစစ်ယဲ့၏ အနီးအနားရှိ အာရပ်စစ်တပ် အဖွဲ့ဝင် တစ်ရာနီးပါးက လေထဲသို့ မြောက်တက်သွားသည်။ ထိုဓားချီက မြေကမ္ဘာတွင် အမာရွတ်ကဲ့သို့ အစင်းရာကြီးကို ချန်ထားရစ်ခဲ့လိုက်သည်။ ပေတစ်ရာအထိ ဆက်တိုက် ပြန့်ထွက်သွားသေးသည်။ ဝူရှန်းမြင်းတပ် အဖွဲ့ဝင်များထံမှ အော်ဟစ်အားပေးသံများနှင့်အတူ သူတို့ဟာ လီစစ်ယဲ့နှင့်ပူးပေါင်းလျှက် ဝမ်ချောင်ထံ ချီတက်သွားကြသည်။
သတ္တိဟာ ပြိုင်ဘက်ကင်းသည်။ လီစစ်ယဲ့သည် သူနှင့်အတူ လူရာကျော်ကိုသာ ခေါ်လာသည်။ သို့သော် သူတို့က အသေခံရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ထိုအချက်ကတင် လူတိုင်းစိတ်ကူးယဉ်နိုင်သမျှကို ကျော်လွန်နိုင်သည့် သေစေနိုင်လောက်အောင် ထိန်းချုပ်နိုင်သော စွမ်းအားမျိုးကို သယ်ဆောင်ထားပြီးသားဖြစ်နေသည်။ ထိုလူရာကျော်က သူတို့၏လမ်းတွင် မည်သည့်အရာမှ မရှိသလိုမျိုး အာရပ်မြင်းတပ်ကို တိုက်ရိုက်ကျော်ဖြတ်သွားသည်။ ဓားမောက်ရှည်များက ခုတ်ပိုင်းခံရသည်။ ဝူရှန်းမြင်းတပ်ကို တိုက်ခိုက်နိုင်သမျှ လူတိုင်းက သတ်ဖြတ်ခံနေရ၏။ အားလုံးက နောက်သို့သာ လွင့်ထွက်ကြရ၏။
ဝမ်ချောင်က ဝူရှန်းမြင်းတပ်အတွက် အထွတ်အထိပ် ပြင်ဆင်ပေးထားသည့် ပြောင်မြောက်သော အရည်အသွေးရှိသည့် လက်နက်နှင့် သံချပ်ကာများ အားလုံးက ဒီတိုက်ပွဲနယ်မြေတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်ကစားပြသွားသည်။
စွစ်
ဝူရှန်းမြင်းတပ်သည် ရန်သူ၏ တိုက်ကွက်များအောက်တွင် ဒဏ်ရာရရှိသွားခြင်းမရှိချေ။ သို့သော် သူတို့၏ဓားမှ ခက်ထန်ကြမ်းတမ်းသည့် ခုတ်ချက်များက ပတ်ဝန်းကျင်ရှိ အာရပ်စစ်သားများကို အထိနာစေသည်။ သူတို့၏ သံချပ်ကာများ၊ လက်နက်များက ချိုင့်ဝင်ကုန်ပြီး နှစ်ခြမ်းကွဲကုန်သည်။ အချိန်မှီမတုန့်ပြန်နိုင်သည့် အာရပ်မြင်းသည်တော် တစ်ယောက်ဆိုလျှင် ဝု့စ်သံမဏိဓားကြောင့် ခေါင်းအဖြတ်ခံလိုက်ရသည်။ သူက မျက်လုံးပြူးကျယ်လျှက်သား ဖြစ်နေသေးသည်။ ခေါင်းပြတ်သွားသော ကိုယ်ကမူ မြင်းထိပ်ပေါ်တွင် ရှိနေသေးပြီး ခေါင်းကမူ အောက်သို့ပြုတ်ကျသွားပြီဖြစ်သည်။
“အရှင်အမတ်”
လီစစ်ယဲ့နှင့် သူ၏သွေးနီရောင် တောင်ပေါ်မြင်းက သူ၏လူများကို ခပ်မြန်မြန်ဦးဆောင်ခေါ်လျှက် ဘေးဘက်သို့ ရောက်သွားသည်။
“လီစစ်ယဲ့ မင်းငါ့ကို စိုးရိမ်စရာမလိုဘူး။ မင်းရဲ့ဝူရှန်းမြင်းတပ်ကို ဦးဆောင်ပြီး ဝင်္ကပါထဲကို ပြန်ဝင်။ စုဟန်ရှန်းနဲ့ လက်နက်ကြီးအဖွဲ့ကို ကူညီပြီးထိန်းပေးထားလိုက်”
ဝမ်ချောင်က လီစစ်ယဲ့ထံ သွေးများစိုရွှဲနေသည့်ကျောဖြင့် ခိုင်းထားသည်။ သူ၏အသံက ပုံမှမဟုတ်လောက်အောင် တည်ငြိမ်နေသည်။
လီစစ်ယဲ့၏ စိတ်က တုန်ခါသွားပြီး ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။ သူက ဝမ်ချောင်၏ အကြည့်နောက် လိုက်ကြည့်လိုက်သော် မရေမတွက်နိုင်အောင် မြောက်များသည့် အာရပ်စစ်သားများကို မြင်လိုက်ရသည်။ အရာအားလုံး၏ အနောက်ဘက်တွင် စွမ်းအင်မုန်တိုင်းဖြင့် အဝိုင်းခံလိုက်ရသော အရပ်ရှည်ရှည်နှင့် တောင့်တင်းသန်မာသည့် ကိုယ်ထည်တစ်ခုက ရှိနေသည်။
တုစုန့်မာန်ဖော်ကျဲ့
လီစစ်ယဲ့၏ကိုယ်က အခြေအနေကို နားလည်သွားလေသည်။ ဝမ်ချောင်က ဆက်တိုက် သတ်ဖြတ်မှုများဟာ တုစုန့်မာန်ဖော်ကျဲ့ကို မြေပြင်ပေါ်မှ ခုန်ထွက်လာစေသည်။ တစ်ဖက်သူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင်ရှိသော စွမ်းအင်ပေါင်းများစွာက ဝမ်ချောင်ကို ပိတ်လှောင်ထားသည်။
လေထဲတွင် တိုက်ခိုက်သံများက ရှိနေသေးသည်။ သို့သော် လီစစ်ယဲ့နှင့် ဝမ်ချောင်တို့ရပ်နေသော နေရာကမူ သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ဝမ်ချောင်က ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ခုနှစ်ထောင်ကိုသာ ပိုင်ဆိုင်ထားမည်ဆိုလျှင် နတ်ဘုရင်ရာမကိုသုံးပြီး တုစုန့်မာန်ဖော်ကျဲ့ကို ကိုင်တွယ်နိုင်လောက်သည်။ သို့သော် ဝမ်ချောင်က ယခုတစ်ယောက်တည်းဖြစ်နေသည်။ ဒီနေရာတွင် အဖွဲ့ဝင်ရာကျော်သာ ရှိနေသည်။
“အရှင်အမတ် ငါမင်းနဲ့အတူတိုက်ခိုက်မယ်”
လီစစ်ယဲ့က ဝု့စ်သံမဏိဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
“မလိုဘူး ငါတုစုန့်မာန်ဖော်ကျဲ့ကို တစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်”
ဝမ်ချောင်က ရှေ့သို့သာ ခက်ထန်စွာကြည့်နေသည်။ ပုံမှန်မဟုတ်သော လေသံမျိုးက ကပ်ပါလာသည်။ လီစစ်ယဲ့က မတုန့်ပြန်နိုင်သေးခင် ...
ဘန်း
ဝမ်ချောင်က ရှေ့သို့တစ်ချက် ခုန်ပေါက်လိုက်ပြီး တိုက်ခိုက်ရန် ထွက်ခွာသွားလေသည်။
“သတ်”
အနီးအနားရှိ အာရပ်မြင်းတပ်အဖွဲ့ဝင်ပေါင်း များစွာက အလန့်တကြားဖြစ်ပြီး ကြောက်လန့်သွားကြသည်။ သို့သော် သူတို့က အရေအတွက် အပြတ်အသတ်သာနေကြောင်း သတိရပြီး ဝံပုလွေများအလား ခုန်အုပ်ရန် ကြံစည်ကြလေသည်။
ဘန်း
ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက တဖန်ပျံ့နှံ့သွားပြန်သည်။ လေပြင်းက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ လိမ့်တက်ကာ တိုက်ခတ်လာသည်။ အာရပ်မြင်းတပ် အဖွဲ့ဝင်များက မနီးကပ်နိုင်သေးခင် သူတို့၏သံချပ်ကာများက စတင်ကာ ကျုံ့လာလေပြီး သွေးများကလည်း သူတို့၏ကိုယ်အတွင်းမှ ပန်းထွက်လာကြသည်။ ထိုသို့ဖြင့် မြစ်တစ်စင်းအလား ဖြစ်သွားလေပြီး ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ဘန်း
ဝမ်ချောင်၏ဆံပင်က လေတွင်လွင့်နေသည်။ အဝတ်များကလည်း တဖြတ်ဖြတ်လွင့်နေသည်။ သူက နောက်ထပ်တစ်ချက် ခုန်လိုက်ပြန်သည်။ တခဏခန့်ကြာပြီးနောက် မြေကမ္ဘာထဲမှ အထက်သို့ ဖျက်ဆီးခြင်းစွမ်းအင်ပေါင်းများစွာက လိမ့်တက်လာလေသည်။
အခန်း(၁၁၂၉)
တုစုန့်မာန်ဖော်ကျဲ့နှင့် တိုက်ခိုက်ခြင်း
အာရပ်မြင်းတပ် ရာပေါင်းများစွာက ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များကြောင့် လေထဲသို့ မြောက်တက်သွားသည့် အခိုက်အတန့်တွင် မိုးခြိမ်းသံက ဖျော့တော့ပြီး အော်သံများကသာ ဟိန်းထွက်သွားသည်။
အဆုံးသတ်တွင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးခြင်းအားဖြင့် ကြယ်တာရာစွမ်းအင်များကို ဝမ်ချောင်က ဆက်တိုက်ကုန်ဆုံးနေစေလေသည်။
ဝမ်ချောင်သည် အလွန်အမင်း မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားနေသည်မှာ နောက်ဘက်တွင် ပုံရိပ်ယောင်များကိုသာ ချန်ထားရစ်ခဲ့သည်။ သူသည် တုစုန့်မာန်ဖော်ကျဲ့နှင့် ခြောက်မီတာခန့်မြင့်သည့် ရွှေရောင်ခေါင်းလောင်းကြီးထံ ချီတက်သွားသည်။
ဘုန်း
ဘန်း
တစ်ကြိမ်ပြီးတစ်ကြိမ် ပေါက်ကွဲသံက ထွက်ပေါ်လာနေသည့် အခိုက်အတန့်တွင် အာရပ်မြင်းတပ် အဖွဲ့ဝင်များက သူ့ထံချီတက်လာနေကြသော်လည်း သူတို့၏ ကြယ်တာရာစွမ်းအင်များက ခြောက်ကပ်ခြင်း၊ သူတို့၏ကိုယ်က ဝမ်ချောင်ကြောင့် ညိုးနွမ်းခြင်းတို့ကိုသာ ရင်ဆိုင်နေရလေသည်။
မည်သူကမှ သူနှင့် သုံးပေခန့်အကွာသို့ မရောက်လာနိုင်ကြချေ။
“ငါသူတို့ရဲ့အာရုံကို မြှားသွားပေးမယ်။ မင်းကမင်းရဲ့လူတွေကို ပြန်ခေါ်သွားပြီး အဓိကလူတွေကို သွားပြီးကူညီပေးလိုက်တော့”
ဝမ်ချောင်၏အသံက အဝေးမှထွက်ပေါ်လာသည်။ လီစစ်ယဲ့က အလွန်အမင်း ရှုပ်ထွေးနေသော မျက်နှာထားမျိုးနှင့် သူ၏ဗိုလ်ချုပ်ဖြစ်သူ၏ ကျောပြင်ကို ကြည့်လိုက်သည်။ သူက အံ့ကိုကြိတ်လိုက်ရင်း မြင်းဇာတ်ကြိုးကိုဆွဲကာ ဘေးဘက်သို့ စတင်ကာပြန်လှည့်သည်။
“အားလုံးပဲ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”
လီစစ်ယဲ့၏အသံက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ မိုးခြိမ်းသံလို ပျံ့ထွက်သွားသည်။
ဟီ...
လီစစ်ယဲ့ဦးဆောင်မှုအောက်တွင် ဝူရှန်းမြင်းတပ်ကလည်း အဝေးရှိ ခုခံရေးအားလှိုင်းထံ ပြန်လည်ပြီး ချီတက်သည်။
“တုစုန့်မာန်ဖော်ကျဲ့”
နောက်ဆုံးတွင် ဝမ်ချောင်က တိုက်ပွဲနယ်မြေ၏ တစ်ဝက်ကျော်ကိုဖြတ်သန်းလျှက် တုစုန့်မာန်ဖော်ကျဲ့၏ အရှေ့သို့ ရောက်သွားသည်။ သူတို့ဟာ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ နှစ်ယောက်လုံး၏ မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များကို မြင်နိုင်သည်။
“ငါတို့ထပ်တွေ့ပြန်ပြီ”
တုစုန့်မာန်ဖော်ကျဲ့၏ မျက်လုံးက အေးစက်သော ဆေဘာဓားများအလား ဖြစ်လာပြီး အရှေ့ရှိ လူငယ်ကိုကြည့်သည်။
သူတို့ပထမဦးဆုံးအကြိမ် မဟာထန်မြို့တွင် တွေ့ခဲ့ချိန်နှင့် ယှဉ်သော် အရှေ့ဘက်ရှိလူငယ်က ယခင်ကကဲ့သို့ မရင့်ကျက်မှုနှင့် ကလေးဆန်မှုများအားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။ ယခုအခါ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကဲ့သို့ မှင်သက်ဖွယ်ကောင်းသည့် ကျင့်ဝတ်နှင့် အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားလေသည်။
ထိုလူငယ်သည် မဟာထန်၏ အခက်ခဲဆုံးသော ထောင့်ချိုးတစ်ခု ဖြစ်နေပုံရသည်။ မဟာထန်နယ်စပ်ရှိ အဖွဲ့အစည်းတိုင်း ... မာရှဲ့ကျောင်းပင်ဖြစ်စေ၊ ယွီစန်းပင်ဖြစ်စေ အဝေးရှိ အာရေးဗီးယား အင်ပါယာပင်ဖြစ်စေ ထိုလူငယ်နှင့်ပတ်သတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ဆုံးရှုံးမှုများက များပြားသထက် များပြားလာလေသည်။
သူကသာ အခြေအနေကို ကြိုသိခဲ့မည်ဆိုလျှင် သူ့ကိုယ်သူရုပ်ဖျက်ပြီး ပထမမင်းသားနှင့်အတူ မြို့တော်သို့ ရောက်သွားခဲ့ချိန်ကတည်းက ထိုလူငယ်ကို သတ်ခဲ့သင့်သည်။ သူ၏အသက်ကို ရင်းရမည်ဆိုလျှင်ပင် လုပ်ခဲ့သင့်သည်။
“မင်းဒီစစ်ပွဲမှာ ဝင်မပါသင့်ဘူး။ မင်းရဲ့အဲ့ဒီပစ္စည်းကို ပြန်ရုပ်သိမ်းလိုက်။ ဒါဆိုရင် ငါက တိဗက်တွေကို အသက်ရှင်ခွင့်ပေးမယ်”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။ သူ၏မျက်လုံးက သူ၏ဖရိုဖရဲဖြစ်နေသော ဆံပင်များကြောင့် ခုံးနေသော်လည်း အတွင်းမှ စိမ့်ထွက်နေသည့် သတ်ဖြတ်လိုစိတ်များက ပေါက်ကွဲမတက်ဖြစ်လေရာ မည်သူ့ကိုမဆို ကြောက်လန့်မှုကြောင့် တုန်ယင်စေနိုင်သည်။ ဝမ်ချောင်သည် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို အလွန်အမင်း လေးစားသည်။ တစ်ဖက်သူအတွက် အလွန်အမင်း စိုးရိမ်နေမိသည်။ ဒါဟာ ဆရာဖြစ်သူတစ်ယောက်အပေါ် ကြင်နာခြင်းများ ပြနေရုံသာမဟုတ်သေးလေဘဲ မိသားစုဝင်တစ်ယောက်လို ဆက်ဆံနေခြင်းဖြစ်သည်။
“မဖြစ်နိုင်ဘူး”
တုစုန့်မာန်ဖော်ကျဲ့က ခေါင်းကိုအသာခါသည်။ သူ၏ကိုယ်ပေါ်တွင်ရှိနေသော ကြယ်တာရာစွမ်းအင်များက မသက်မသာဖြစ်လာသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က သေရမည်ဆိုလျှင် ဝမ်ချောင်ကလည်း သူ့ကိုဒုက္ခရောက်အောင် လုပ်ခဲ့သည့် ယွီစန်းပင်ဖြစ်စေ၊ သေဆုံးသွားခဲ့သည့် သာ့ယန်မာန်ပန့်ကိုပင်ဖြစ်စေ ခွင့်လွှတ်နိုင်မည်မဟုတ်ချေ။
“ဒါက ဗဲ့တအထွတ်အမြတ် ခေါင်းလောင်းပဲ။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက လက်ဆင့်ကမ်းပေးခဲ့တဲ့ လျို့ဝှက်ပစ္စည်းလည်းဟုတ်တယ်။ ငါက တော်ဝင်ဂူဘုရားကျောင်းက ငှားရမ်းလာခဲ့တာ။ ငါသုံးတဲ့နည်းလမ်းက ဒါကိုအသက်သွင်းပြီး တစ်စုံတစ်ယောက်ကို အကျဉ်းချထားရုံပဲ။ သူတို့က ဘယ်တော့မှ ထွက်လာနိုင်မှာမဟုတ်ဘူး။ ငါတောင်မှ ဘာမှမတက်နိုင်ဘူး။ ဒါကြောင့် ငါခေါင်းလောင်းကို သိမ်းရုံပဲသိမ်းတတ်တယ်။ အကျဉ်းသားကိုတော့ မလွှတ်ပေးတတ်ဘူး”
တုစုန့်မာန်ဖော်ကျဲ့က တော်ဝင်ဂူဘုရားကျောင်းမှ အဖွဲ့ဝင်တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သဘာဝအလျောက်ပင် သူက အထွတ်အမြတ် ခေါင်းလောင်းကို မပိုင်ဆိုင်ချေ။ သူ့တွင် သုံးခွင့်သာရှိသည်။
“မျိုးမစစ်ကောင်”
ဝမ်ချောင်၏ လက်ချောင်းများက ကျစ်ကျစ်ပါအောင် အဆုပ်ခံထားရပြီး မျက်လုံးအတွင်းရှိ နီရဲမှုက သိပ်သည်းလာသည်။
“ဟွန်း အဆုံးသတ်မှာတော့ မင်းနဲ့မင်းဆရာက ယွီစန်းဘက်က ရန်သူတွေပဲလေ။ မင်းရဲ့ဆရာက ဒီတိုက်ပွဲမှာ သေဆုံးသွားမှာ မင်းလည်းသေရလိမ့်မယ်”
တုစုန့်မာန်ဖော်ကျဲ့က ခပ်တင်းတင်းပြောသည်။ သူ၏မျက်ဝန်းအတွင်းတွင် ထွက်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်ဆန္ဒက ဝမ်ချောင်ထက်မလျော့ချေ။
ဘုန်း
သူ၏စကားဆုံးသွားသည့် အခိုက်အတန့်တွင် တုစုန့်မာန်ဖော်ကျဲ့က တိုက်ခိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က လှုပ်ရှားမှုမဲ့နေသေးသည်။ သူ၏ဒန်တန်အရ သူဟာဝမ်ချောင်နှင့် စကားပြောနေသေးပုံပေါ်သည်။ သို့သော် လေဟာနယ်အတွင်း ကြီးမားလှသည့် လက်သီးကြီးတစ်လုံးက ရုတ်တရက် ထွက်ပေါ်လာလေပြီး ဝမ်ချောင်ထံ တိုးဝင်သွားသည်။
တစ်ချိန်ထဲလိုလိုပင် ထိုသို့ တစ်ဖက်ကလှုပ်ရှားလာနိုင်ကြောင်း သတိထားမိသည့် ဝမ်ချောင်က သူ၏ကိုယ်ပိုင် လက်သီးပုံရိပ်ကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ၏မျက်လုံးက အေးစိမ့်နေ၏။ သံမဏိလက်သီးနှစ်ဖက်က ဖျက်ဆီးခြင်းစွမ်းအားအပြည့်နှင့် အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားသည်။
ဘုန်း
ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် ဖုန်များက တိမ်စိုင်လုံးအလား လိမ့်တက်သွားသည်။ ထိုသို့ဖြင့် တုစုန့်မာန်ဖော်ကျဲ့နှင့် ဝမ်ချောင်တို့ကို နောက်သို့လွင့်ထွက်သွားအောင် ပြင်းထန်သည့် သက်ရောက်မှု ဖြစ်သွားစေလေသည်။
နှစ်ယောက်လုံးက မြေပြင်တွင် ခြေထောက်ကျွံ့ကျသွားသည်အထိ ဖိချလိုက်ကြသည်။ ဒီနည်းအားဖြင့် ပေတစ်ရာကျော်ရှည်သော မြောင်းကြီးကို ချန်ထားရစ်လိုက်သည်။ ထိုသို့အပြန်အလှန် တိုက်ကွက်ဖလှယ်လိုက်ရုံနှင့် သရေကျသွားသော ရလဒ်မျိုးကို ရလိုက်သည်။
ဝုန်း
သူတို့၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းပြီးနောက် ဝမ်ချောင်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့က ပေနှစ်ရာခန့်အကွာမှ အချင်းချင်းစိုက်ကြည့်နေကြသည်။ သူတို့သည်လည်း တစ်ဖက်သူ၏ မျက်လုံးအတင်းမှ ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်ဆန္ဒနှင့် သတ်ဖြတ်လိုစိတ်ဆန္ဒကို ခံစားမိသည်။ တုစုန့်မာန်ဖော်ကျဲ့က ဝမ်ချောင်ကိုသတ်ချင်သည်။ တစ်ဖက်သူဟာ ယွီစန်းကို တစ်ကြိမ်ပြီးတစ်ကြိမ် ခြိမ်းခြောက်နေခဲ့သည်။ ဝမ်ချောင်ကမူ ဆရာဖြစ်သူအတွက် ကလဲ့စားချေလိုရင်း သတ်ချင်နေခြင်းဖြစ်သည်။
ဝုန်း
နှစ်ယောက်က မျက်နှာချင်းဆိုင် ဆုံနေသည့်အခိုက်အတန့်တွင် မြေကမ္ဘာက တသိမ့်သိမ့်တုန်ပြီး လေထုကပင် ဆွဲဖြဲခံရသည်။ ရုတ်တရက် သူတို့နှစ်ယောက်ဟာ မီးခိုးလုံးများအတွင်းသို့ ဝင်ရောက်သွားသည်။ သူတို့နှစ်ယောက်ကြားတည့်တည့်ရှိ လေထုက ပေါက်ကွဲသွားသည်။ တုစုန့်မာန်ဖော်ကျဲ့နှင့် ဝမ်ချောင်တို့က တဖန်ဆက်လက်ပြီး အတူပြန်ပေါ်လာပြန်သည်။ သူတို့၏မျက်လုံးက ခက်ထန်ကြမ်းတမ်းသည်။ ခန္ဓာကိုယ်များက စွမ်းအင်များဖြင့် တုန်ခါနေလေပြီး တစ်ယောက်ကိုတစ်ယောက် အထိနာအောင်လုပ်ရန်အတွက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းကို သုံးနေကြသည်။
ဘုန်း ဘုန်း ဘုန်း
အချက်ပြမှုတစ်ခု ရရှိလိုက်သလိုမျိုး ဝမ်ချောင်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့က လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီဖြစ်သည်။ ထိုသို့ဖြင့် လက်သီးပုံရိပ်ပေါင်းများစွာကို ဆင့်ခေါ်ကာ အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေကြသည်။ ထိုသို့ဖြင့် ဆေဘာနှင့်ဓားများ၏ ပုံရိပ်များကလည်း ဆက်လက်ပြီး ပေါ်ထွက်လာသည်။ သူတို့၏တိုက်ပွဲက တိုက်ပွဲနယ်မြေရှိ အန္တရာယ်အများဆုံး နေရာများထဲမှ တစ်ခုဖြစ်သွားသည်။
စွစ်
အနည်းငယ်ပင် နှောင့်နှေးကျန့်ကြာမှု မရှိတော့ဘဲ ကောင်းကင်ထက်မှ ခမ်းနားသည့် ဆေဘာစွမ်းအင် တစ်ရပ်က ခုတ်ပိုင်းရန်အတွက် ဆင်းသက်လာသည်။ ထိုသို့ဖြင့် တာလာ့၏မြေအမာကို စက္ကူသားဖြင့် အလုပ်ခံထားရသလို ကွဲပြဲသွားစေသည်။ ပျက်စီးသွားသည့် အပိုင်းအစများကလည်း လေထဲသို့မြောက်တက်လျှက် ပေါက်ကွဲရင်း မိုးရွာသလို ပြန်လည်ဆင်းသက်လာသည်။
ထိုဆေဘာစွမ်းအင်က ကျော်ဖြတ်သွားပြီး တခဏခန့်ကြာပြီးနောက် နဂါးတစ်ကောင်လိုမျိုး ဓားချီတစ်စင်းက ကောင်းကင်ထက်မှ ပြန်လည်ဆင်းသက်လာပြန်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံက ပေါ်ထွက်လာပြန်သည်။
“အက်ကွဲ”
ထိုနယ်မြေသို့ ချဉ်းကပ်လာနေသော မြင်းတပ်က အလန့်တကြား အော်ဟစ်လိုက်ကြပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ထိတ်လန့်သွားကြပြီး စတင်ကာ ထွက်ပြေးကြသည်။ သူတို့၏ခွန်အားမျိုးနှင့်ဆိုလျှင် ထိုစွမ်းအင် တစ်ခုခုဖြင့်သာ ထိမှန်ခံရမည်ဆိုလျှင် သူတို့၏အသက်က အဆုံးသတ်သွားမည်မှာ သေချာသည်။
မည်သို့ပင်ဆိုစေ ဒါဟာ မဟာဗိုလ်ချုပ်ကြီးအဆင့် တိုက်ပွဲဖြစ်နေသည်။ သူတို့က ဝင်ပါခွင့်မရှိချေ။
မြေပြင်ရှိ မြင်းတပ်အဖွဲ့ဝင်များက ထိတ်လန့်တကြား ထွက်ပြေးနေကြသလို လေထဲရှိ ဝမ်ချောင်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ တိုက်ပွဲက အလွန်အမင်း ပြင်းထန်လာသည်။ အဝေးမှသာ ကြည့်မည်ဆိုလျှင် ထိုနေရာတွင် ဆက်တိုက်ပြောင်းလဲနေသည့် အမျိုးမျိုးသော အရောင်များနှင့် စွမ်းအင်များ၊ ဆေဘာစွမ်းအင် ဓားစွမ်းအင်များကို မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ ခန္ဓာကိုယ်များကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။
တစ်ယောက်က မဟာထန်ဘက်မှ လူငယ်အမတ်ဖြစ်ပြီး ချီရှီကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက်ဖြစ်သလို အငယ်ဆုံးနှင့် ရာထူးအတက်အမြန်ဆုံးတစ်ယောက် ဖြစ်နေသည်။ အခြားတစ်ယောက်ကမူ တောင်ပေါ်ဒေသ၏ သိန်းငှက်ဖြစ်သည်။ ဒီနှစ်ယောက်လုံးက အလွန်အမင်း အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားများဖြစ်ပြီး ကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ကွက်မျိုးကိုသာ ထုတ်လွှတ်နေကြသည်။ နှစ်ယောက်လုံးက ထုတ်ထားသည့် ဆေဘာစွမ်းအင်နှင့် ဓားချီပေါင်းများစွာက တစ်ဖက်သူ၏ အားနည်းချက်များကိုသာ ချိန်ရွယ်ပြီး တိုက်ခိုက်နေကြသည်။
ဘန်း
နောက်ထပ် ကောင်းကင်ကိုပင် တုန်ခါစေသည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ အလင်းက ဖြတ်ပြေးသွားပြီးနောက်တွင် ဘန်း ဘန်း ဘန်းဆိုသော အသံက ပေါ်ထွက်လာသည်။ နှစ်ယောက်က လူစုခွဲရင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ နှစ်ယောက်ကြား ပေတစ်ရာဆီခြားလျှက် အချင်းချင်း စိုက်ကြည့်နေကြသည်။ ထိုအချိန်တွင် တိုက်ပွဲနယ်မြေတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေသေးသည်။ နှစ်ယောက်လုံးက အကွာအဝေးတစ်ခုခြားကာ ရပ်နေပြီး လှုပ်ရှားမှု ကင်းမဲ့သွားကြပြန်သည်။
မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကပင် လေထဲတွင် ကြာရှည်စွာ မရပ်နိုင်ချေ။ သူတို့သည် လေထဲတွင် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး သူတို့၏ ကြယ်တာရာစွမ်းအင်များကို ဆက်တိုက်ကုန်ဆုံးနေစေခဲ့သည်။ အဆုံးသတ်တွင် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်ရန် လိုအပ်လာသည်။
ဝှစ်
နှစ်ယောက်အကြားသို့ သဲလေပြေပါးပါးက ဖြတ်ပြေးတိုက်ခတ်သွားသော်လည်း ကြမ်းတမ်းသည့် လေပြင်းအဖြစ် ပြောင်းလဲသွားသည်။ နှစ်ဖက်လုံးက တိတ်ဆိတ်နေပြီး အချင်းချင်းစူးရှစွာ စိုက်ကြည့်နေကြလေသည်။ ထို့ကြောင့် နှစ်ယောက်ကြားရှိလေထုက ပို၍ပင် တင်းကြပ်လာသေးသည်။
“ဟွန်း”
တုစုန့်မာန်ဖော်ကျဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏အနက်ရောင်သံချပ်ကာအောက်တွင် ရှိသော ကြွက်သားများက ဖောက်ခွဲခြင်းစွမ်းအားများဖြင့် တဖန်ပြန်လည် ဖောင်းကားလာပြန်ပြီး တောင့်တင်းသွားသည်။ သူ၏လက်ချောင်းများက ကျစ်ကျစ်ပါအောင် ဆုပ်ထားသလို မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ်များက ပြင်းထန်နေသည်။ သူ၏အရှိန်အဝါက သားရဲကောင်ကြီး တစ်ကောင်နှင့်ပင်တူနေသည်။
“အဆုံးသတ်မှာတော့ မဟာဗိုလ်ချုပ်နဲ့ နောင်ဖြစ်လာမဲ့ ဗိုလ်ချုပ်ကြားမှာ ကွာခြားချက်ရှိနေတုန်းပဲ။ ဝမ်ချောင် ငါကမင်းနဲ့မင်းဆရာရဲ့အသက်ကို အဆုံးသတ်ပေးမယ်။ မင်းရဲ့ ဒဏ္ဍာရီကို ဒီနေရာမှာ ပိတ်သိမ်းလိုက်ရအောင်”
တုစုန့်မာန်ဖော်ကျဲ့က နောက်ဆုံးတွင် စိတ်မရှည်တော့ပုံရသည်။ သူက တိုက်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
“ကန်းတဂါတာဗုဒ္ဓလက်သီး”
တုစုန့်မာန်ဖော်ကျဲ့က အလင်းတန်းတစ်တန်းနှင့်အတူ ရှေ့သို့ခုန်တက်သွားပြီး အနောက်ဘက်တွင် အဖြူရောင် အစင်းကြောင်းရာကိုသာ ချန်ထားရစ်ခဲ့ရင်း ဝမ်ချောင်၏အရှေ့သို့ ရုတ်တရက် ရောက်သွားသည်။
ဘန်း ဘန်း ဘန်း
ကျယ်ပြောပြီး မရပ်တန့်နိုင်သော လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် စွမ်းအင်များက ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုနေရာရှိအာကာသပြင်က ကြီးမားလွန်းသော လက်သီးကြီးတစ်လုံးကြောင့် ဖိချခံရပုံပေါ်သည်။ ထိုသို့ဖြင့် တုစုန့်မာန်ဖော်ကျဲ့၏ ခေါင်းအထက် လေးပေခန့်အမြင့်တွင် ကြီးမားသော လက်သီးပုံရိပ်ကြီးက ပေါ်ထွက်လာသည်။ ထို့နောက် ဒုတိယ၊ တတိယ...
လှုပ်ရှားမှုအနည်းငယ်အတွင်း ကြီးမားသော အနက်ရောင်လက်သီး အလုံးတစ်ရာကျော်က ပေါ်ထွက်လာပြီး တုစုန့်မာန်ဖော်ကျဲ့ကို ဝိုင်းထားသည်မှာ အမြှီးကိုဖြာထွက်စေလိုက်သည့် ဒေါင်းအလားထင်ရသည်။ သို့သော် ကောင်းကင်ကိုပင် ကျွံ့ကျစေလောက်အောင် ပြင်းထန်သည့် ဖိအားကိုလည်း သယ်ဆောင်ထားသေးပြီး လူတစ်ယောက်၏ ခေါင်းပေါ်သို့ တောင်တစ်လုံးကိုသုံးကာ ဖိထာသလို ခံစားချက်မျိုးကိုရစေသည်။
ဘုန်း
ထိုလက်သီးပုံရိပ်ပေါင်းများစွာက တခဏခန့်သာခံသည်။ ထို့နောက် အာကာသပြင်က ပြိုလဲကျသွားပြီး ကြီးမားလွန်းသော လက်သီးကြီးတစ်လုံးတည်းအဖြစ် ပေါင်းစပ်သွားသည်။ ထိုသို့ဖြင့် အရာအားလုံးကို ဖျက်ဆီးပြီး လောကကို ပြောင်းပြန်လှန်နိုင်သည့် စွမ်းအားကို သယ်ဆောင်လေသည်။ ထိုလက်သီးက ဝမ်ချောင်ကိုချိန်ရွယ်လိုက်သည်။
ထိုလက်သီးကပေးသည့် ခြိမ်းခြောက်နိုင်သည့် စွမ်းအားက မည်သူကမှ ဖော်ပြနိုင်ခြင်းမရှိလောက်ချေ။ တစ်လောကလုံးက ရောင်စဉ်ပျောက်ဆုံးသွားပုံပေါ်သည်။ ထိုလက်သီးကြီးက အလွန်မြောက်များလွန်းသော စွမ်းအင်ပေါင်းများစွာကို သယ်ဆောင်ထားပြီး ပတ်ဝန်းကျင် အာကာသပြင် တစ်ခုလုံးကို ကွေးကောက်ကာ ကွဲအက်သွားစေသည်။
ထိုလက်သီးသည် သံမဏိများကိုပင် အမှုန့်ဖြစ်စေသည်။ ထို့ကြောင့် အသွေးအသားဖြင့် ဖန်တီးထားသော ခန္ဓာကိုယ်ဆိုလျှင် ထည့်ပြောရန်မလိုအပ်တော့ချေ။ ထိုအရာဖြင့်သာ ထိသွားလျှင်ဝမ်ချောင်က သေရမည်မှာ သေချာသည်။
“အကွက်ကောင်းပဲ”
လေထဲတွင် အရိုးကွဲမတက် အေးစိမ့်စေသော အသံကထွက်ပေါ်လာသည်။ တုစုန့်မာန်ဖော်ကျဲ့က ခပ်မြန်မြန် တိုက်ခိုက်လိုက်သည်။ သို့သော် ဝမ်ချောင်ကလည်း ပို၍မြန်ဆန်စွာ လှုပ်ရှားနိုင်သည်။ တုစုန့်မာန်ဖော်ကျဲ့က သူ့ကို တစ်ကွက်တည်းဖြင့် အဆုံးသတ်ချင်သည်။ သို့သော် ဝမ်ချောင်ကလည်း သူနှင့်အလားတူ လုပ်နိုင်သည်။
“မဟာပျက်စီးခြင်းသိုင်း”
ဒေါသတကြီးဖြစ်နေသော ဟိန်းသံတစ်ချက်နှင့် ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ဒုတိယမြောက် အင်အားအကြီးဆုံးအကွက်ကို ထုတ်သုံးလိုက်သည်။ ထိုအခိုက်အတန့်တွင် တစ်လောကလုံးက တိတ်ကျသွားသည်။ ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ မုန်တိုင်းတစ်ခုလိုမျိုး စွမ်းအင်အားလှိုင်းပေါင်းများစွာက ဝုန်းဒိုင်းအသံများနှင့်အတူ ထွက်ပေါ်လာသည်။ ထိုစွမ်းအင် အားလှိုင်းပေါင်းများစွာက ထိတွေ့ကိုင်တွယ်၍ရနေသလို ဖျက်ဆီးခြင်းစွမ်းအားအပြည့်နှင့် ပေါင်းစပ်ထားသည်မှာ ကျယ်ပြောများပြားလှသဖြင့် အာကာသပြင်ကို အလိုလိုစတင်ပြီး တွန့်လိမ်ရှုံ့တွလာစေသည်။
*** ***
အခန်း(၁၁၃၀)
တုစုန့်မာန်ဖော်ကျဲ့၏ သေဆုံးမှု
ဘုန်း
ဖြတ်ကနဲဆိုသလိုပင် ဆွဲအားကြီးမားသည့် စွမ်းအင်အားလှိုင်း တစ်ရပ်က မိုးကြိုးအချင်းချင်း ယှက်နွယ်နေသလိုမျိုး ပေါ်ထွက်လာသည်။
ခလွက်
အာကာသပြင်က သိသာထင်ရှားစွာ ပေါ်ထွက်လာသည့် အဖြူရောင်အားလှိုင်းများနှင့်အတူ ပြည့်နှက်သွားပြီး လေထုက စုတ်ဖြဲခံရသည်။ ဝမ်ချောင်၏ မဟာပျက်စီးခြင်းသိုင်းနှင့် တုစုန့်မာန်ဖော်ကျဲ့၏ ကန်းသဂါဂျာ ဗုဒ္ဓလက်သီးက အချိန်တခဏကြာသာ ထိပ်တိုက်တွေ့ဆုံ ရပ်တန့်သွားသည်။ ထို့နောက် ရလဒ်က ထွက်ပေါ်လာလေသည်။
တုစုန့်မာန်ဖော်ကျဲ့၏ ဖျက်ဆီးခြင်းစွမ်းအားပြင်းထန်ပြီး သံမဏိလက်သီးကြီးက ကျယ်လောင်သော အသံနှင့်အတူ တွန့်လိမ်သွားပြီး မမြင်ရသော အားတစ်ရပ်ကြောင့် စုတ်ဖြဲခံလိုက်ရသည်။ ထိုသို့ဖြင့် လေထဲတွင် ပေတစ်ရာကျော်ရှည်သော အနက်ရောင် အစင်းကြောင်းရာကြီးက ချန်ရစ်လေသည်။
“ဘာ”
တုစုန့်မာန်ဖော်ကျဲ့က ထိုမြင်ကွင်းကြောင့် အလန့်တကြားဖြစ်သွားသည်။ သူ၏ ကန်းတဂါဂျာ ဗုဒ္ဓလက်သီးသည် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက သင်ကြားပေးထားသည့် အဆင့်မြင့်သိုင်းများထဲမှ တစ်ခုဖြစ်သည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ ဒဏ္ဍာရီများအရ ကန်းတဂါဂျာဗုဒ္ဓသည် လောက၏ အစောပိုင်းကာလတွင် နတ်စင်တစ်ပါးအဖြစ် မွေးဖွားလာခဲ့သည်။ ကယ်ပတစ်သောင်းကျော်ကို ကျင့်ကြံကျော်ဖြတ်ခဲ့ပြီးနောက် သူက အဆင့်မြင့်ပြီး ထာဝရရှင်သန်နိုင်သည့် ဗုဒ္ဓဖြစ်လာခဲ့သည်။ သူ၏ နတ်စွမ်းအားများက အချိန်နှင့် အာကာသပြင်ကို ကျော်ဖြတ်ထိုးဖောက်နိုင်လေရာ အတိတ်အနာဂတ် လက်ရှိအခြေအနေတိုင်းအနှံ့ လွှမ်းခြုံနိုင်လေသည်။ ထိုအတွက်ကြောင့် သူက ဖော်ပြရန်ခက်ခဲလောက်သော အဆင့်အထိ ရောက်ရှိခဲ့ကြောင်း အများက လက်ခံထားခဲ့သည်။
ဒါဟာ တုစုန့်မာန်ဖော်ကျဲ့ မဟာဗိုလ်ချုပ်ကြီးအဆင့် ရောက်ရှိပြီးမှသာ လက်ခံရရှိခဲ့သည့် သိုင်းဖြစ်သည်။ အင်အားကြီးမားလွန်းသော်လည်း ဝမ်ချောင်ကမူ ထိုသိုင်းကို နှစ်ခြမ်းကွဲအောင် စုတ်ဖြဲနိုင်မည်ဟု မထင်ထားမိချေ။
ချွင်
သူ့တွင် တွေးတောရန် အချိန်မရှိတော့ချေ။ တုစုန့်မာန်ဖော်ကျဲ့က သိုင်းကိုခပ်မြန်မြန် ပြောင်းလိုက်ရသည်။
ချွင် ချွင် ချွင်
တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်အတွင်းမှ အေးစိမ့်သောအလင်းက ပေါက်ထွက်လာသည်။ ထို့နောက် ကြမ်းတမ်းစွာ တိုက်ခိုက်နေသည့် လေပြင်းအတွင်းတွင် ကြယ်အလင်းစက်လေးများက ပေါ်ထွက်လာပြီး တောက်ပလွန်းသော ဆေဘာစွမ်းအင်များ ပြည့်နှက်နေသည့် ငွေရောင်မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဝမ်ချောင်ထံ ခုတ်ပိုင်းရန် ဝင်ရောက်လာသေးသည်။
တုစုန့်မာန်ဖော်ကျဲ့ဟာ လက်သီးသိုင်းပညာတွင် အလွန်အမင်း ကျွမ်းကျင်ကာ တော်ပြီး တိဗက်မဟာဗိုလ်ချုပ်များထဲမှ အတော်ဆုံးတစ်ယောက် ဖြစ်နေသေးသော်လည်း ဆေဘာသိုင်းအရာတွင် ပို၍ကျွမ်းကျင်လေသည်။ ထို့ကြောင့် ဆေဘာ၏ တိုက်ကွက်က ရှေ့သို့ပြန်ထွက်သွားသည်နှင့် အချိန်နှင့် အာကာသပြင်က ရပ်တန့်သွားပုံပေါ်သည်။ ထိုဆေဘာစွမ်းအင်များက လေးလံပြီး ချောမွေ့လွန်းသည်မှာ မည်သည့်အရာကိုမဆို နှစ်ခြမ်းခွဲနိုင်ပုံပေါ်သည်။ ဒါက တုစုန့်မာန်ဖော်ကျဲ့၏ အသန်မာဆုံး စွမ်းအင်များထဲမှ တစ်ခုဖြစ်နေသေးသည်။
သို့သော် တုစုန့်မာန်ဖော်ကျဲ့က သတိလက်လွတ် ထပ်ဖြစ်သွားပြန်သည်။ ဝမ်ချောင်က တုစုန့်မာန်ဖော်ကျဲ့၏ ဆေဘာစွမ်းအင်များကို ရင်ဆိုင်ရာတွင် နောက်သို့ဆုတ်ရမည့်အစား ရှေ့သို့တည့်တည့် ဝင်တိုးလာသည်။ သူက ဖနောင့်တစ်ချက် ပေါက်လိုက်ပြီးနောက် ရှေ့သို့ခုန်ထွက်လာသည်။ ထိုသို့ဖြင့် ကိုယ့်ကိုယ်ကို ခုခံရန် မကြိုးစားချေ။
ဒီအရူးကတော့
တုစုန့်မာန်ဖော်ကျဲ့ကလည်း ဝမ်ချောင်လုပ်ရန် ကြိုးစားနေသည့် အချက်ကို နားလည်လိုက်သည်။ သူက အထိတ်တလန့်ဖြစ်သွားသည်။ ဝမ်ချောင်သည် သူနှင့်အတူ တုစုန့်မာန်ဖော်ကျဲ့ကိုပါ ဆွဲချချင်နေသည်။ တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်က လင်းလက်သွားပြီး သူက နောက်သို့ဆုတ်သည်။ ထို့နောက် တဖန်ထပ်ပြီး အံ့အားသင့်သွားရပြန်သည်။
ဘန်း ဘန်း ဘန်း
သူကနောက်ဆုတ်လိုက်သည့် အခိုက်အတန့်တွင် မြေပြင်က ကွဲအက်သွားပြီး ထိုမြေကြီးအတွင်းမှ ကင်းခြေများ မကောင်းဆိုးဝါးကြီးက ထွက်လာလျှက် သူ့ကိုလာရောက် တိုက်ခိုက်လေသည်။
မာစီရဲ့ တိရိစ္ဆာန်
တုစုန့်မာန်ဖော်ကျဲ့က ထိုအကောင်ကိုမြင်လိုက်သည်နှင့် မှတ်မိလိုက်သည်။
အတိတ်တွင် ဝမ်ချောင်က ထိုအကွက်ကို ဖုံးကွယ်ထားခဲ့ပုံမရသော်လည်း တုစုန့်မာန်ဖော်ကျဲ့ကမူ ဝမ်ချောင်ကို အာရုံစိုက်လွန်းလေပြီး သတ်ဖြတ်လိုစိတ်ကသာ ပြင်းထန်လွန်းသဖြင့် မြေပြင်မှ လှုပ်ရှားမှုများကို သတိမထားမိခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် တုစုန့်မာန်ဖော်ကျဲ့က တည်ငြိမ်သွားသည်။
ဘုန်း
သူ၏ကိုယ်အတွင်းမှ ဖျက်ဆီးခြင်းကြယ်တာရာစွမ်းအင်ပေါင်း များစွာက ရုတ်တရက် ထိုးထွက်လာလေပြီး ညာခြေထောက်ထံ ရောက်ရှိသွားလျှက် ကင်းခြေများကို ဖိနင်းရန်ကြိုးစားလေသည်။
အား
သူက ရုတ်တရက် ညဉ်းညူလိုက်ရသည်။ သူက မာစီ၏ မကောင်းဆိုးဝါးအကောင်ကို မတိုက်ခိုက်နိုင်သေးခင် သူ၏ညာခြေထောက်ဘက်မှ စူးရှသည့် ထိုးနှက်မှုကို ခံစားလိုက်ရသည်။ သူဟာ အလွန်နာကျင်သွားသည်။ ကင်းခြေများမကောင်းဆိုးဝါးက သူ့ကိုနာကျင်အောင် ကိုက်ခဲလိုက်လေပြီး ထို့နောက် တုစုန့်မာန်ဖော်ကျဲ့၏ ခြေထောက်ကို ဖိကိုက်ထားသည်။ ထိုအခိုက်အတန့်တွင် တုစုန့်မာန်ဖော်ကျဲ့က အချက်တစ်ချက်ကို သတိရသွားသည်။ အာရပ်များထံမှ ပြောစကားအရ မာစီ၏ ထိုကင်းခြေများက အဆိပ်ရှိသည်။
ဝုန်း
ထိုအတွေးက သူ၏စိတ်အတွင်း ပျံ့နှံ့သွားသည်။ တုစုန့်မာန်ဖော်ကျဲ့က သူ၏ညာလက်က ထုံထိုင်းသွားကြောင်း သိလိုက်သည်။ ထိုကဲ့သို့သောဖြစ်ရပ်က ယခုလိုအခြေအနေမျိုးတွင် ဖြစ်ပျက်လာခြင်းဟာ ရိုးရှင်းစွာပင် သေစေနိုင်လောက်အောင် ခြိမ်းခြောက်မှုပြင်းထန်သည်။
ဘန်း
ထိုအခိုက်အတန့်တွင် တုစုန့်မာန်ဖော်ကျဲ့၏ ဆေဘာစွမ်းအင်က ဝမ်ချောင်၏ကိုယ်ကို ထိမှန်သွားသည်။
ခွက်
ဝမ်ချောင်က သွေးများကို ခပ်ကြမ်းကြမ်း ထွေးထုတ်လိုက်သည်။ သူ၏နီရဲနေသော မျက်နှာက ပို၍ဖြူဖျော့သွားသည်။ သို့သော် တစ်ချိန်ထဲတွင်ပင်
ခွက်
ခွက်
ဝမ်ချောင်က တုစုန့်မာန်ဖော်ကျဲ့နှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရရှိရန် ကြိုးစားခြင်းတွင် အောင်မြင်သွားလေပြီး သူ၏လက်ဖဝါးက တစ်ဖက်သူကိုယ်ကို ဖိလိုက်နိုင်သည်။
“အရူးကောင် မင်းက ရူးနေတာပဲ”
တုစုန့်မာန်ဖော်ကျဲ့၏ မျက်လုံးက ပြူးလာသည်။ သူသည်လည်း ဝမ်ချောင်၏ နဖူး၊ ပါးစပ်နှင့် မျက်ဝန်းထောင့် သံချပ်ကာများမှ ထွက်လာသည့် သွေးများကို မြင်နိုင်သည်။ ထိုအခြေအနေက သူ့ကို အံ့ဩစေသလို ပို၍ဒေါသထွက်စေသည်။ သူသည်လည်း ဝမ်ချောင်ဟာ သူ့ကိုထိုမျှအထိ သတ်ချင်စိတ် ပြင်းထန်နေမည်ဟု မထင်ထားမိချေ။ သူ့ထံမှ တိုက်ကွက်ကို ခံစားရပြီး ထိုမျှအထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့သည့်တိုင်အောင် အနားသို့ထပ်ကပ်နေသေးသည်။
ဘန်း
သူ၏စိတ်အတွင်း အတွေးပေါင်းများစွာက ပြည့်နှက်သွားသည်။ ထို့နောက် ပြင်းထန်လွန်းသော စွမ်းအားတစ်ရပ်က ပေါ်ထွက်လာသည်။ တူညီသော မဟာပျက်စီးခြင်းသိုင်း ဖြစ်သော်လည်း ဒီတစ်ကြိမ်တွင်မူ တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်အတွင်း ပေါက်ထွက်သွားခြင်းဖြစ်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း တုစုန့်မာန်ဖော်ကျဲ့၏ ကိုယ်တွင်းအင်္ဂါနှင့် သွေးကြောများအားလုံးက ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားကြောင့် တွန့်လိမ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ပြင်းထန်စွာ သက်ရောက်လေသည်။
ဗွက်
တုစုန့်မာန်ဖော်ကျဲ့ ကိုယ်တိုင်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်။ သို့သော် အခြေအနေက ထိုမျှနှင့် မပြီးဆုံးသေးချေ။
“တုစုန့်မာန်ဖော်ကျဲ့ မင်းရဲ့အသက်ကိုပေး”
ဘုန်း
ဝမ်ချောင်က သူ၏လက်ထဲသို့ ခွန်အား အားလုံးကို ထည့်သွင်းလိုက်ပြီး တုစုန့်မာန်ဖော်ကျဲ့၏ ခေါင်းပေါ်သို့ ခုန်တက်ရန်ကြိုးစားသည်။ ထို့နောက်သူက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အကန့်အသတ်သို့ ရောက်ရှိသည်အထိ ထုတ်သုံးလိုက်လေပြီး မဟာဗိုလ်ချုပ်ကြီး တစ်ယောက်၏ စွမ်းအားမုန်တိုင်းကို တစ်ဖက်သူ၏ ကိုယ်အတွင်းမှ ဆွဲထုတ်လိုက်ကာ သွေးမြူအဖြစ်ပြောင်းလျှက် ဝမ်ချောင်၏ လက်ဖဝါးမှတစ်ဆင့် စီးဆင်းစေလေသည်။
ဝမ်ချောင်၏ခွန်အားသည် အကန့်အသတ်သို့ ရောက်နေလေပြီး ထိုအဆင့်သို့တက်ရန် အနည်းငယ်မျှသာ ဝေးကွာတော့သည်။ သို့သော် လိုအပ်သောစွမ်းအင်ကလည်း အရေအသွေးအရ လိုအပ်ချက် ရှိနေသေးသောကြောင့် အကာအကွယ်ကို မကျော်ဖြတ်နိုင်ခြင်းဖြစ်သည်။ သို့သော် ယခုမူ တုစုန့်မာန်ဖော်ကျဲ့၏ သန့်စင်လွန်းသော မဟာဗိုလ်ချုပ်ကြီး စွမ်းအားများကြောင့် သူဟာ ငတ်မွတ်နေသည့် အခိုက်အတန့်တွင် ချိုမြိန်သောမိုးရေသို သောက်သုံးလိုက်နိုင်သလို ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက ပြေလျော့သွားပြီး သူဟာ အဖိုးတန်လွန်းသည့် မဟာဗိုလ်ချုပ်ကြီး၏ စွမ်းအင်များကို ရူးသွပ်စွာ ဆုပ်ယူနိုင်လေသည်။ ဝမ်ချောင်၏ခွန်အားက တဖန်ထပ်ပြီး မြင့်တက်လာသည်။ နောက်ဆုံးတွင်...
ဘုန်း
မှင်သက်ဖွယ်ကောင်းသော အလင်းတန်းများအကြားတွင် ရွှေရောင်စွမ်းအင်စီးကြောင်းက ကောင်းကင်သို့ ထိုးတက်သွားသည်။ ရှင်းလင်းစွာဖြင့် ထိုမြင်ကွင်းက ခမ်းနားလွန်းလေရာ အဝေးကပင် မြင်နိုင်သည်။
လောကရှိ မူလစွမ်းအင်ပေါင်းများစွာက ချက်ချင်းဆိုသလို လျှင်မြန်စွာ တုန်ခါလာသည်။ ကျယ်ပြောသော ရွှေရောင်စွမ်းအင်က ဝမ်ချောင်၏ကိုယ်အတွင်းမှ ထွက်ပေါ်လာသည်မှာ ရေကန်ထဲသို့ ကြီးမားသည့် ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျသွားသောကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်ရပ်တစ်ခုအလား ထင်ရသည်။
တာလာ့၏ လီတစ်ရာဝန်းကျင်အတွင်း စွမ်းအင်မုန်တိုင်း လှိုင်းများက လှုပ်ခတ်လာသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားသော အားလှိုင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ ကျစ်ရ၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ချွီထေပါးကပင် လှည့်ကာကြည့်မိသွားသည်။ ထိုအခိုက်အတန့်တွင် အချိန်က လိပ်တစ်ကောင် တွားသွားသလို နှေးကွေးသွားသည်။ လူတိုင်းက ရွှေရောင်ပုံရိပ်ကိုသာ ကြည့်နေမိကြသည်။
မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ တက်ကာစ လူတစ်ယောက်က ယခုလိုမျိုး ကောင်းကင်ဘုံဖြစ်စဉ်ကို ဖန်တီးနိုင်သည့် ဖြစ်ရပ်မျိုးက မရှိခဲ့ဖူးချေ။ သို့သော် ဝမ်ချောင်နှင့်ပတ်သတ်ပြီး ဖြစ်လာသမျှက သာမာန် အခြေအနေနှင့် တိုင်းတာ၍မရနိုင်ချေ။
“တုစုန့်မာန်ဖော်ကျဲ့”
ရုတ်တရက် ကြီးမားသည့် အပြောင်းအလဲကြောင့် ဖြစ်ပေါ်ခဲ့သည့် တိတ်ဆိတ်မှုကို မှင်သက်ရာမှ နိုးထလာသည့် တစ်စုံတစ်ယောက်က စူးရှသောအော်သံနှင့် ဖြိုခွဲလိုက်သည်။
စစ်တပ်၏နောက်တန်းမှ သာ့လွန်ရော့ကျန်း၏ တည်ငြိမ်ပြီး အေးဆေးသည့်အသံက ယခုအခါ အလွန်အမင်း အံ့အားသင့်ကာ ထိတ်လန့်သည့် အသံအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ လူတိုင်းကလည်း ထိုဖြစ်ရပ်ကြောင့် မှင်သက်နေကြသည်။ ဝမ်ချောင်ဟာ မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ တက်သွားသည်။ သို့သော် သာ့လွန်ရော့ကျန်းကသာ ဝမ်ချောင်၏လက်များအတွင်းတွင် တုစုန့်မာန်ဖော်ကျဲ့၏ ရုပ်သေးရုပ် တစ်ခုလို လေထဲသို့ အမြှောက်ခံလိုက်ရကြောင်း မြင်လိုက်ရသည်။
တုစုန့်မာန်ဖော်ကျဲ့က ရှုံးသွားပြီ
သူကဝမ်ချောင်ကို မဟာဗိုလ်ချုပ်ကြီးအဆင့်ကို တက်နိုင်အောင် ကူညီပေးသလို ဖြစ်သွားတာထင်တယ်။ သို့ရာတွင် ယခုအခါတွင်မူ ဝမ်ချောင်က မဟာဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သွားသည်။ တုစုန့်မာန်ဖော်ကျဲ့က အသက်ရှင်ရန် အခွင့်အရေး မရှိတော့ချေ။
ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏နှလုံးသားထဲမှ ခံစားချက်ကို မည်သူကမှ မဖော်ပြနိုင်လောက်ချေ။ ပြန်လည်မွေးဖွားလာပြီးနောက် ဝမ်ချောင်ဟာ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ပြန်လည်သက်ရောက်နိုင်သွားသည်။ ထိုသို့ဖြင့် သူ၏ ယခင်ဘဝမှ ကျင့်ကြံခြင်းအဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။
ဘုန်း ဘုန်း ဘုန်း
ကျင့်ကြံခြင်းအဆင့် အပြောင်းအလဲနှင့်အတူ ဝမ်ချောင်၏ခန္ဓာကိုယ်က ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများကို ထုတ်လွှတ်နေသည်။ ကြယ်တာရာစွမ်းအင်များက လျှင်မြန်စွာဖြင့် မြင့်တက်လာလေပြီး ပို၍စွမ်းအားကြီးကာ သန်မာသည့် ကြယ်တာရာစွမ်းအင်အဖြစ် ပြောင်းလဲသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝမ်ချောင်၏ စွမ်းအင်က တဖန်ဆက်လက်ပြီး မြင့်တက်သွားပြန်သည်။
အခြေခံအဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်...
ဝမ်ချောင်က မဟာဗိုလ်ချုပ်ကြီးအဆင့်တွင်ရှိသော အဆင့်ငယ်ပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း ကျော်ဖြတ်သွားသည်။
သူ၏ကျင့်ကြံခြင်းအဆင့် နိမ့်ကျမှုကြောင့် ဖိနှိပ်ခံရခြင်း မရှိတော့သောအခါ ဝမ်ချောင်ဟာ သူ၏အတွေ့အကြုံနှင့် ဗဟုသုတများကို အပြည့်အဝ ထုတ်သုံးနိုင်သွားသည်။ သာမာန်မဟာဗိုလ်ချုပ်ကြီးများနှင့် မတူသည်မှာ သူဟာ ဗဟုသုတများကို တည်ဆောက်ရန်အတွက် အချိန်ဖြုန်းရန် မလိုအပ်ချေ။ သူက အခြေခံမှ အလယ်အလတ်အဆင့်သို့ တက်သွားနိုင်သည်။
နောက်ထပ် မြေကမ္ဘာတုန်ဟီးစေသည့် သတ္ထုချင်းထိခတ်သံလို ပေါက်ကွဲသံကြီးက ပေါ်ထွက်လာပြီးနောက် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အလင်းတန်းများက ပေါက်ထွက်လာသည်။ ဒါဟာ ရွှေရောင်ချီစက်ကွင်းတစ်ခုဖြစ်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။ ဝမ်ချောင်ဟာ နောက်ဆုံးတွင် သူ၏ပိုးအိမ်အတွင်းမှ လွတ်မြောက်သွားလေပြီ။ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းပင်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအားများပင်ဖြစ်စေ အကန့်အသတ်ကို ကျော်လွန်နိုင်သွားပြီး သူဟာ ခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ တိုင်းတာရခက်ခဲသော ပုဂ္ဂိုလ်တစ်ယောက်အလား ထင်ရသည်။
“ဒါက ဒါက... မဖြစ်နိုင်ဘူး”
ဝမ်ချောင်နှင့် စွမ်းအားချင်း ဆက်စပ်မှုရှိနေသော တုစုန့်မာန်ဖော်ကျဲ့ကလည်း အသိစိတ်ရှိနေသေးသည်။ ထို့ကြောင့်သူက ဝမ်ချောင်၏ကိုယ်အတွင်းမှ အပြောင်းအလဲများကို သိနေသည်။ ထိုအပြောင်းအလဲများက သူမျှော်လင့်နိုင်သမျှကို ကျော်လွန်သွားသည်။
တုစုန့်မာန်ဖော်ကျဲ့၏ မြောက်များလှသော အတွေ့အကြုံများ အတွင်းတွင်ပင် မဟာဗိုလ်ချုပ်ကြီး အဆင့်သို့ ရောက်ရှိပြီး တခဏအတွင်း ထိုမျှအဆင့်ပေါင်းများစွာ ခုန်တက်သွားသည့် အခြေအနေမျိုးကို မတွေ့ဖူးချေ။
ထိုအရာသာ မကသေးချေ။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ဝမ်ချောင် မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိသွားသည်နှင့် ပြောင်းလဲသွားပုံပေါ်သည်။ ဆွဲစုပ်အားက ပို၍ကြောက်စရာကောင်းလာပြီး မလွတ်မြောက်နိုင်အောင် ဖြစ်သွားစေသည်။ တုစုန့်မာန်ဖော်ကျဲ့၏ ကြယ်တာရာစွမ်းအင်ပေါင်း များစွာက ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး အဆပေါင်းများစွာ မြင့်တက်သွားသည်။
“ဒါကိုဘယ်သူမှ မလုပ်နိုင်ဘူး မဖြစ်နိုင်တာ မင်းကဘယ်သူလဲ”
တုစုန့်မာန်ဖော်ကျဲ့က ဝမ်ချောင်ကို စိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းအတွင်း အံ့အားသင့်မှုက ပြည့်နှက်နေသည်။ သူ၏ကိုယ်တွင်းအင်္ဂါနှင့် ကြားခံနယ်များအားလုံးက ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေလေပြီ။ ထို့ကြောင့် သူဟာ မလှုပ်နိုင်တော့ချေ။ သို့သော် စိတ်ကမူ ကြည်လင်နေသေးသည်။
တုစုန့်မာန်ဖော်ကျဲ့သည် ဝမ်ချောင်အား ကြီးမားလွန်းသည့် အနက်ရောင်တွင်းပေါက်ကြီးတစ်ခုကို မြင်နေရသလိုမျိုး ကြောင်တောင်တောင် ကြည့်နေမိလေသည်။ ဝမ်ချောင်နှင့်ပတ်သတ်သမျှ မည်သည့်အရာကမှ သာမာန်မဟုတ်ချေ။
“တုစုန့်မာန်ဖော်ကျဲ့ နှုတ်ဆက်ပါတယ်။ မင်းပြန်မွေးဖွားလာတဲ့အခါ ငါ့ဆီလာပြီး ဒီမေးခွန်း ပြန်လာမေးလိုက်ပါ”
ဝမ်ချောင်၏မျက်ဝန်းက အေးစက်သွားသည်။ သူဟာ မေးခွန်းကို မဖြေရန် ဆုံးဖြတ်လိုက်သည်။ မဟာပျက်စီးခြင်းသိုင်းက အကန့်အသတ်သို့ ရောက်ရှိသွားပြီးနောက် ချက်ချင်းဆိုသလိုပင် တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံးသော ကြယ်တာရာစွမ်းအင်အမျှင်က ခြောက်ကပ်သွားသည်။
ခလွက်
စွမ်းအင်တိုင်းက ခြောက်ကပ်သွားသောအခါ တုစုန့်မာန်ဖော်ကျဲ့၏ ခေါင်းက ဇာတ်ကျိုးကျသွားသည်။ သူ၏အသိစိတ်ကလည်း အကန့်အသတ်မဲ့သော အမှောင်ထုအတွင်းသို့ ကျဆင်းသွားပြီဖြစ်သည်။
တြိဂံပုံမြေကွက်လပ်က တိုက်ပွဲကြောင့် ဒေါသထွက်ခဲ့ပြီး သာ့ယန်မာန်ပန့်၏ သေဆုံးမှုကြောင့် အယူသီးစိတ်များခဲ့သည့် တုစုန့်မာန်ဖော်ကျဲ့ဟာ ကလဲ့စားချေရန်အလို့ငှာ ဒီနေရာသို့ ရောက်လာခဲ့သည်။ သို့သော် ဒီနေရာတွင် သေဆုံးသွားခဲ့ရလေသည်။