အခန်း (၁၁၅၁-၁၁၅၅)
Vol. 67 Ch. 1151-1155
အခန်း(၁၁၅၁)
ခွက် ခွက် ခွက်
တိုက်ကွက်ပေါင်းများစွာက ချွီထေပါး၏ကိုယ်ပေါ်သို့ မိုးစက်များအလား ဆင်းသက်လာသည်။ ပုရွက်ဆိတ်များ၏ အရေအတွက်ကသာ လုံလောက်နေလျှင် ဆင်ကိုပင် သေအောင် ကိုက်သတ်နိုင်သေး၏။ ချွီထေပါးကဲ့သို့ ပုဂ္ဂိုလ်မျိုးကပင် တိုက်ကွက်ပေါင်းများစွာကို တစ်ပြိုင်တည်း တောင့်မခံနိုင်ချေ။ သူ၏ ကြမ်းတမ်းလွန်းသော အရှိန်အဝါများက ထိုးဖောက်ခံရလေပြီး လျှင်မြန်စွာဖြင့် အားနည်းလာသည်။
“ငါ့ရဲ့လမ်းကဖယ်”
ထက်ရှသော အော်သံနှင့်အတူ ချွီထေပါးက ပြင်းထန်သိပ်သည်းလွန်းသော အလင်းတန်းများဖြင့် ပေါက်ထွက်သွားပြီး လီစစ်ယဲ့၊ ချွေ့ဖြောင်းချီနှင့် အခြားသော ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တိုင်းကို လွင့်ထွက်သွားစေသည်။ မည်သည့်ခြင်္သေ့ကမျှ ပုဇွန်တစ်ကောင်၏ အထင်သေးမှုကြောင့် ဒေါသထွက်နေသော နဂါးဒဏ်ကို ခံနိုင်လိမ့်မည်မဟုတ်ချေ။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်စေ ချွီထေပါးက ထိုကဲ့သို့သော အားနည်းသောသူများကို အဖက်လုပ်နေလိမ့်မည်မဟုတ်ချေ။
သို့သော် ချွီထေပါးက လီစစ်ယဲ့နှင့် အခြားသောလူများကို လွင့်ထွက်သွားအောင်လုပ်ပြီးနောက် သူ၏အရှေ့တွင် ကြီးမားလွန်းသော ပုံရိပ်ကြီးတစ်ခုက ပေါ်လာသည်။ ချွီထေပါးက မတုန့်ပြန်နိုင်သေးခင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများနှင့် လေးလံပြီး ရိုးရှင်းသော ဓားတစ်လက်က ခုတ်ချလာသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်က တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
ယခင်တိုက်ပွဲတွင် အနက်ရောင်သံချပ်ကာဝတ် အစောင့်က ချွီထေပါး၏ တိုက်ကွက်အများစုကို တောင့်ခံခဲ့ရသည်။ သူ့ကြောင့်သာမဟုတ်လျှင် ခုခံရေးအားလှိုင်းက ပြိုကျပြီးသည်မှာ ကြာလောက်လေပြီ။ အနက်ရောင်သံချပ်ကာဝတ် အစောင့်ကလည်း ထိုအတွက် တန်ကြေးပေးဆပ်ခဲ့ရသည်။ ထို့ကြောင့် မြောက်များလှစွာသော စွမ်းအားများ ကုန်ဆုံးသွားခဲ့ရသည်။ ထိုအကြောင်းပြချက်ကြောင့်သာ ဝမ်ချောင်က သူ့ကို ဝင်ပါခိုင်းခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအချိန်ကဖြစ်စဉ်က ယခင်ကသာဖြစ်သည်။ ယခုက ယခုဖြစ်သွားသည်။ ချွီထေပါးက ယခင်ကကဲ့သို့ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းကာ ရပ်တန့်၍မရနိုင်သော စွမ်းအားကြီးမားသူတစ်ယောက် မဟုတ်တော့ချေ။
ခွက်
ချွီထေပါးက ထိုရိုက်ချက်ကြောင့် တုန်ယင်သွားသည်။ သူသည် ပါးစပ်မှ သွေးတစ်လုပ်ကို မှုတ်ထုတ်လိုက်ရ၏။ သူသည် ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့ပြီးသားဖြစ်ပြီး အနက်ရောင်သံချပ်ကာဝတ် အစောင့်ထံမှရရှိသော ပြင်းထန်လွန်းသည့် ရိုက်ချက်က သူ၏အခြေအနေကို ချက်ချင်းလိုလို ပို၍ဆိုးရွားသွားစေခဲ့သည်။
“မျိုးမစစ်ကောင်”
“မင်းတို့အားလုံး တန်ကြေးပေးဆပ်ရမယ်”
ချီထေပါး၏ ဒေါသတကြီးဖြစ်နေသော အသံက ကောင်းကင်ကို ပဲ့တင်ထပ်သွားစေခဲ့သည်။ သို့သော်သူက ရုတ်တရက် နှောက်ယှက်ခံရပြန်သည်။
“သေတော့”
ထက်ရှသော ဝု့စ်သံမဏိဓားတစ်လက်က လေထုကို လှီးဖြတ်လာပြီး ချွီထေပါးထံ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းနှင့်အတူ ခုတ်ချလိုက်သည်။ ချွီထေပါး၏ မျက်နှာက တင်းမာသွားပြီး ရွှေရောင်အလင်းတန်းများကို လွှတ်ထုတ်လျှက် ဝမ်ချောင်ကိုတားရန် ကြိုးစားသည်။ သို့သော် တခဏခန့်ကြာပြီးနောက် မြောက်များလှစွာသော စိတ်စွမ်းအားပေါင်းများစွာက စိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ယခုလိုလုပ်ကြံသတ်ဖြတ်မှုက ရုတ်တရက်ဆန်လွန်းသဖြင့် ချွီထေပါးကိုယ်တိုင်ကပင် အရှိန်နှုန်း နှေးကျသွားခဲ့သည်။ ထိုသို့ဖြင့် သူ၏ရွှေရောင်အလင်းတန်း အကာအကွယ်ကြားတွင် ဟာကွက်တစ်ခုက ပေါ်လာသည်။
စိတ်စွမ်းအားထိုးဖောက်မှု
ကြယ်တာရာစွမ်းအင်ထိုးဖောက်သူ
ဝမ်ချောင်သည် တစ်ချိန်ထဲလိုလို တိုက်ကွက်နှစ်ကွက်ကို ထုတ်သုံးလိုက်ခြင်းဖြစ်သည်။ ပထမတစ်ကွက်ကမူ ချွီထေပါး၏ ကိုယ်ပိုင်တိုက်ကွက် အရှိန်နှုန်းကို နှေးကျသွားစေလျှက် အားနည်းချက်ကို ဖော်ပြလာစေရန်ဖြစ်သည်။ ဒုတိယတစ်ကွက်ကမူ ချွီထေပါး၏ ကြယ်တာရာစွမ်းအင်ကို ထိုးဖောက်ရန်အတွက်ဖြစ်သည်။
စွစ်
အေးစက်သောအလင်းက ဖြတ်ပြေးသွားပြီးနောက် ချွီထေပါး၏ ခေါင်းက ပုခုံးမှကျွတ်ထွက်လျှက် လွင့်ပျံသွားသည်။
“မဟုတ်ဘူး”
“အရှင်”
“ချွီထေပါး.”
“.....”
ထိုအချိန်တွင် အချိန်ဟာ ရပ်တန့်သွားပြီဖြစ်သည်။ အပုမူစလင်၊ ကျစ်ရ၊ သာ့လွန်ရော့ကျန်းနှင့် မရေမတွက်နိုင်သော မြင်းတပ်အဖွဲ့ဝင်ပေါင်းများစွာက ရှေ့သို့တစ်လှမ်းချင်း ချီတက်နေရာမှ မျက်နှာများဖြူဖျော့ပြီး ရပ်တန့်သွားကြရသည်။ သူတို့က ထိုသို့ရပ်တန့်သွားသည့် အခိုက်အတန့်တွင် အေးစိမ့်သော ခံစားချက်တစ်ရပ်က ကျောရိုးတောက်လျှောက် စီးကျသွားသည်။
ဒါဟာ အာရေးဗီးယား၏ စစ်နတ်ဘုရားဖြစ်သည်။ လောကတစ်ခုလုံးကို အုပ်စိုးနိုင်စွမ်းရည် ရှိခဲ့သော မရှုံးနိုင်သည့် ချွီထေပါးဖြစ်သည်။ သို့သော် သူက ရှုံးသွားသည်။ အရှေ့ပိုင်းကို အုပ်စိုးရန်ကြိုးစားသည့် ပထမဦးဆုံးစစ်ပွဲတွင် သူက တောက်လျှောက်ရှုံးသွား၏။ ဒါဟာ အာရပ်များအတွက် ငရဲသဖွယ် အိမ်မက်ဆိုးဖြစ်သည်။
“မဖြစ်နိုင်ဘူး ဘယ်လိုဖြစ်နိုင်မှာလဲ”
သာ့လွန်ရော့ကျန်း၏ ဆံပင်များက ရှုပ်ပွနေသည်။ သူ၏နှလုံးသားက ထိတ်လန့်သွား၏။ ချွီထေပါးကျသွားသည်နှင့် သာ့လွန်ရော့ကျန်း၏ အိမ်မက်များက တစ်စစီဖြစ်သွားလေပြီ။
အနောက်တောင်ပိုင်း၏ စစ်ပွဲကတည်းက ယွီစန်းက ဆုတ်ယုတ်နေခဲ့ပြီးသားဖြစ်သည်။ သာ့လွန်ရော့ကျန်းသည် သူ၏မျှော်လင့်ချက်တိုင်းကို တာလာ့၏ ဒီတိုက်ပွဲသို့သာ ပုံအောထားရသည်။ သို့သော် ယခုမူ အရာအားလုံးက တည်ငြိမ်သွားလေပြီ။ သာ့လွန်ရော့ကျန်းကပင် ဘာကိုမှ မပြောင်းလဲနိုင်တော့ချေ။
အာရပ်များနှင့် တိဗက်များအားလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ သို့သော် ထန်များကမူ တခဏခန့် တိတ်ဆိတ်ပြီးနောက် ကောင်းကင်ကိုပင် လှုပ်ခါစေလောက်သည့် အောင်ပွဲခံသံများနှင့် ပြည့်နှက်သွားသည်။
“ဝမ်ချောင်”
“ဝမ်ချောင်”
“ဝမ်ချောင်”
အားပေးသံများက လောကကို လှုပ်ခါနိုင်သည်။ ထန်တိုင်းက ရူးသွပ်သွားသလိုမျိုး အော်ဟစ်နေကြ၏။ မည်သူကမှလည်း တိုက်ပွဲ၏ အခြေအနေက ယခုလို ပြောင်းလဲသွားမည်ဟု မထင်ထားကြပေ။ ဝမ်ချောင်ဟာ စားပွဲကိုခပ်မြန်မြန်လှည့်လိုက်ပြီး သူတို့ကို အောင်မြင်အောင် ဦးဆောင်ပေးသွားနိုင်သည်။ သူသည် အာရပ်နှင့် တိဗက်များကို အနိုင်ယူနိုင်ခဲ့ရုံသာ မကသေးလေဘဲ မဟာထန်ကို အခြိမ်းခြောက်နိုင်ဆုံးသော ချွီထေပါးကို သတ်လိုက်နိုင်သည်။
“သတ်”
အမိန့်တစ်ခုတည်းနှင့် စစ်တပ်တစ်ခုလုံးက ရှေ့သို့ချီတက်သည်။
မဟာထန်သည် နိုင်သွားသည်။ လပေါင်းများစွာကြာအောင် ကြမ်းတမ်းစွာတိုက်ခိုက်ပြီးနောက် မဟာထန်က ဝမ်းနည်းဖွယ်ကောင်းသော စစ်ပွဲမှ အနိုင်ကို အရယူလိုက်နိုင်သည်။ ထိုသို့ဖြင့် နောက်ဆုံးသော ရယ်နိုင်သူဖြစ်သွားသည်။ ယခုအခါ အနိုင်၏ အသီးအပွင့်များကို ရိတ်သိမ်းရမည်ဖြစ်သည်။
“သတ်”
ပထမဦးဆုံး တုန့်ပြန်လိုက်သူက ကျန်နေရစ်သည့် ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာဖြစ်သည်။ မိုးခြိမ်းသံလို ကျယ်လောင်လွန်းသော ခွာသံများအကြားတွင် သူတို့သည် ထက်ရှသော ဓားတစ်လက်အလား ရန်သူစစ်တပ်အတွင်းသို့ တိုးဝင်သွားသည်။
“အား”
ထိုသို့ဖြင့် မရေမတွက်နိုင်သော အာရပ်နှင့် တိဗက်စစ်သားများအားလုံးက ဟင်းရွက်ကန်စွန်းများအလား ခုတ်ပိုင်းခံနေရချိန်တွင် ကျယ်လောင်သော အော်ဟစ်သံများက ပဲ့တင်ထပ်လာသည်။
ဘန်း
တစ်ချိန်ထဲလိုလို နက်ရှိုင်းသော ပင်လယ်ရွှမ်သတ္ထုသားနှင့် အခြားသော အမည်မသိရသည့် သတ္ထုသားများက မြေပြင်ထဲသို့ စိုက်ဝင်ရင်း ကြီးမားသော တွင်းပေါက်ကြီးတစ်ပေါက် ဖြစ်လာသည်။ အနက်ရောင်နှင့် အနီရောင်အလံကလည်း လေတွင်လွင့်သွားသည်။
ချွင် ချွင် ချွင်
တစ်ကြိမ်ထက်ပိုသော စွမ်းအင်အလင်းတန်းပေါင်းများစွာက ရှေ့သို့ဆက်လက်ပြီး ပျံ့နှံ့သွားပြီးနောက် နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် အခြားသော ထန်လက်ရွေးစင်စစ်တပ်တိုင်းကို လွှမ်းခြုံသွားကာ မျက်စိကြိမ်းမတက်တောက်ပသည့် ချီစက်ကွင်းများနှင့် အားဖြည့်ပေးလိုက်သည်။ ဆုံးရှုံးမှုက ကြီးမားသောကြောင့် တောက်ပမှုက လျော့နည်းသွားသည့်တိုင် ယခင်တိုင်း စူးရှနေသေးသည်။
စစ်တပ်တစ်ခုလုံးကလည်း အနည်းငယ်ပင် နှောင့်နှေးကာ အချိန်ဆွဲခြင်းမရှိလေဘဲ အာရပ်နှင့်တိဗက်မြင်းတပ် အဖွဲ့ဝင်များထံ အရှိန်နှုန်းမြှင့်ပြီး ချီတက်သွားလေသည်။ ချက်ချင်းဆိုသလိုပင် စစ်တပ်များက ထိပ်တိုက်ရင်ဆိုင်မိသည်။ အာရပ်နှင့် တိဗက်များက မြင်းများပေါ်မှ ခုတ်ပိုင်းချခြင်းခံရသည်။ သူတို့၏သွေးများက အိုင်ထွန်းလာသည်။
“နောက်ဆုတ် မြန်မြန်လေး နောက်ဆုတ်ကြတော့”
ထိုသို့ဖြင့် တိုက်ပွဲနယ်မြေအနှံ့ အထိတ်တလန့်ဖြစ်သံများက ပေါ်ထွက်လာသည်။
သူတို့၏ အလုံးအရင်း သြတ်ဖတ်ခံရမှုက တောင်ပြိုသလို ချောမွေ့လွန်းသည်။
အာရပ်ပင်ဖြစ်စေ၊ တိဗက်ပင်ဖြစ်စေ တိုက်ပွဲအတွက် တိုက်ခိုက်လိုစိတ် မရှိကြတော့ချေ။ သူတို့သည် ထပ်ခါတလဲလဲ နောက်သို့ တွန်းပို့ခံနေရသည်။ မည်သည့်ထိုးနှက်ချက်ကမှ ချွီထေပါး၏ သေဆုံးမှုလောက် မပြင်းထန်ချေ။ ထို့ကြောင့် စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်များက အလုံးစုံ ကွဲအက်သွားပြီဖြစ်သည်။ သူတို့အားလုံးက ဒီတိုင်း အိမ်မက်ဆိုးလိုတာလာ့နှင့် အဝေးဆုံးသို့သာ ဖြစ်နိုင်သမျှ မြန်မြန် ပြေးချင်တော့သည်။ ဝင်္ကပါပင်ဖြစ်စေ၊ အစီအစဉ်တကျ နေရမည့် အခြေအနေပင်ဖြစ်စေ ဂရုမထားနိုင်တော့ချေ။ သူတို့က အလျင်စလိုပြေးရင်း အချင်ချင်းဝင်တိုက်မိကာ ထိုသို့ဖြင့် အငြင်းခံရသော အခြေအနေများကလည်းရှိသည်။ တိုက်ပွဲနယ်မြေတစ်ခုလုံးက အလွန်ဆိုးရွားစွာ ဝရုန်းသုန်းကားဖြစ်နေသည်။
“အား”
အာရပ်နှင့်တိဗက်များက ပြင်းထန်စူးရှလွန်းသော အော်သံများကို ထုတ်လွှတ်နေသည်။ သူတို့၏အရှေ့တွင်လည်း စစ်သားများက အပြစ်ရှိနေသော်လည်း နောက်သို့လှည့်ပြေးပြီးနောက် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မိကြသည်။ အနောက်ဘက်တွင်လည်း လက်ရွေးစင် ထန်စစ်သားများက လိုက်လာနေသေးသည်။ ထိုသို့ဖြင့် သေဆုံးသော အရေအတွက်က အလွန်များပြားလာ၏။ ငါးထောင်၊ ခြောက်ထောင်၊ ခုနှစ်ထောင်... အလုံးအရင်းနှင့် နောက်ဆုတ်သောကြောင့် ဖြစ်လာသည့် ဝရုန်းသုန်းကား အခြေအနေက ပို၍ပြင်းထန်သည်။ ထို့ကြောင့် အာရပ်နှင့် တိဗက်များ၏ ဆုံးရှုံးမှုက တောင်ပုံရာပုံဖြစ်လာသည်။ မြေပြင်တွင်လည်း သူတို့၏အလောင်းများက ထပ်လာသည်။
ထိုသု့ိဖြင့် တစ်ဖက်မှစစ်တပ်က အလုံးစုံတိုက်ခိုက်လိုစိတ် မရှိတော့သောအခါ တိုက်ပွဲကို တိုက်ပွဲဟု ဆို၍မရတော့ချေ။ ထိုအစား တစ်ဖက်သတ် သတ်ဖြတ်ခြင်းဟု ဆိုရတော့မည်ဖြစ်သည်။ လူတစ်ယောက်က ထိတ်လန့်ပြီး ခြောက်ခြားကာ တိုက်ခိုက်လိုစိတ် မရှိတော့လျှင် သူတို့၏ အစစ်အမှန်ခွန်အား ငါးဆယ်ရာခိုင်နှုန်းကိုပင် သုံးနိုင်မည်မဟုတ်ချေ။ ထိုသို့ဖြင့် စိတ်ပျက်အားငယ်ဖွယ်ကောင်းသော အခြေအနေမျိုးက ဖြစ်လာသည်။
ထောင်ပေါင်းများစွာသော တိဗက်နှင့် အာရပ်ပေါင်းများစွာက လဲပြိုကျနေကြသည်။ သတ်ဖြတ်မှုများ၏ အကြားတွင် သူတို့၏စိတ်အတွင်း အတွေးတစ်ခုသာရှိသည်။
“ပစ်”
စစ်တပ်၏နောက်ပိုင်းမှ စုဟန်ရှန်းက လက်ကိုမြှောက်ပြီး အမိန့်ကိုထုတ်သည်။ ထိုသို့ဖြင့် လက်နက်ကြီးတစ်သုတ်က လေထုကိုထိုးခွဲရင်း အထိတ်တလန့်ဖြစ်နေသည့် အာရပ်နှင့် တိဗက်များကို ထိုးစိုက်ပြန်သည်။
ဇွက် ဇွက် ဇွက်
တိဗက်နှစ်ယောက်နှင့် အာရပ်တစ်ယောက်က လက်နက်ကြီးတစ်ခုကြောင့် တဖြောင့်တည်း ထိုးနှက်ခံရလေပြီး မြေပြင်ပေါ်သို့ အတွဲလိုက်လဲကျသွားသည်။
အလားတူသော မြင်ကွင်းမျိုးက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ဖြစ်ပျက်နေသည်။
တိုက်ပွဲအတောအတွင်းတွင် ကျန်းရှို့ကျစ်နှင့် လက်မှုပညာရှင်များအားလုံးက နောက်ထပ် လက်နက်တစ်သုတ် ထုတ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် စုဟန်ရှန်းက ပို၍ပင် တည့်တိုးဆန်လာသည်။ သူသည် တိုက်ပွဲနယ်မြေအနှံ့မှ လက်နက်တိုင်းကိုလည်း စုစည်းခိုင်းထားသည်။ ထို့ကြောင့် လက်နက်ကြီးထဲသို့ထည့်ကာ မပြစ်နိုင်သော ပုံပန်းသွင်ပြင်ပျက်နေသည့် လက်နက်များကလွဲပြီး အရာအားလုံးကို ပြန်သုံးမည်ဖြစ်သည်။
အာရပ်နှင့်တိဗက်များက တိုက်ခိုက်နိုင်စွမ်းရည် မရှိကြသောကြောင့် ရန်သူများ၏ဆုံးရှုံးမှုကို မြှင့်တင်ပေးရန် အကောင်းဆုံးသော အခိုက်အတန့်ဖြစ်လာသည်။ ရန်သူ၏သေဆုံးမှုက မြောက်များလာလေလေ လက်နက်ကြီးများ၏ အသုံးဝင်မှုက သိသာထင်ရှားလာလေလေဖြစ်သည်။
“ငါ့ရဲ့အမိန့်ကိုထုတ် မာမဲ့လုတွေအားလုံး ရှေ့တန်းကိုသွားပြီး သူတို့ကိုတားကြစမ်း။ နောက်ဆုတ်ဖို့ ကာပေးတဲ့လူတွေရှိရင် ငါတို့ထဲကဘယ်သူကမှ အသက်ရှင်ရက် နောက်ဆုတ်နိုင်မှာမဟုတ်ဘူး”
အပုမူစလင်ကလည်း ထိတ်လန့်နေသည်။ လက်ရှိအခြေအနေအရ သူ၏အမိန့်များကပင် စစ်တပ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် ခက်ခဲလာသည်။ ချွီထေပါး၏ သေဆုံးမှုက စစ်သားတိုင်းအပေါ် ပြင်းထန်စွာ သက်ရောက်သွားသည်။ သူကိုယ်တိုင်ကလည်း ကျွမ်းကျင်ပြီး စည်းကမ်းသေဝပ်သော မာမဲ့လုများကိုသာ အားကိုးရတော့ပေမည်။ သို့သော် အပုမူစလင်က အမိန့်ထုတ်ပြီးပြီးချင်း သူ၏နားအတွင်း စူးရှသည့်အော်သံက ဟိန်းထွက်လာသည်။
“အား”
အပုမူစလင်က ဇတ်ကနဲလှည့်ကာကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်သွားသည်။ ဝရုန်းသုန်းကားဖြစ်နေသည့် စစ်တပ်၏အလယ်တွင် တိဗက်မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက် ရင်ဘက်ကိုဓားဖြင့် အထိုးခံလိုက်ရသည်။ သူဟာ ထိုဓားမှတစ်ဆင့် ဆွဲကိုင်လျှက် လေထဲတွင် တွဲလောင်းအဆွဲခံထားရသည်။ သူ၏သွေးများက မြေပြင်ပေါ်သို့ ဆက်တိုက်စီးကျနေသည်။ ဓားကိုကိုင်ဆွဲသောသူကမူ အလွန်အမင်း ရင်းနှီးကျွမ်းဝင်သည့် လူငယ်လေးဖြစ်နေသည်။
“ဟော်ရှု့ဟွေ့ခမ်း မင်း မင်းရဲ့ကံကြမ္မာကို မင်းကိုယ်တိုင် ဖန်တီးတာပဲ”
ဝမ်ချောင်က ဟော်ရှု့ဟွေ့ခမ်းကိုကြည့်သည်။ သူ၏မျက်ဝန်းက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့ ဗိုလ်ချုပ်နှင့် အမတ်မင်းစုံတွဲက ဝမ်ချောင်အား သူ၏ဖခင်ဝမ်ရန် တိုက်ပွဲတွင် သေလုနီးပါးဖြစ်သော မြင်ကွင်းကို ကြည့်ခိုင်းခဲ့သည်။ သူ၏ဖခင်က သေလုနီးပါးဖြစ်သွားခဲ့၏။ သူကသာ အချိန်မှီ မတုန့်ပြန်နိုင်ခဲ့လျှင် သူ၏တစ်ဘဝလုံး နောင်တ ရရတော့ပေမည်။
ထိုကဲ့သို့သော အကြောင်းပြချက်မျိုးကြောင့် သူဟာလူတိုင်းကို ထွက်သွားခွင့်ပြုနိုင်သည်။ သို့သော် ဟော်ရှု့ဟွေ့ခမ်းကမူ သေရမည်။
ကလက်
သွေးများစိုရွှဲနေသည့် လက်မောင်းတစ်ဖက်က ဝမ်ချောင်၏လက်မောင်းကို ဆွဲကိုင်လာသည်။ ဟော်ရှု့ဟွေ့ခမ်း၏ ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကြီးက ဝမ်ချောင်၏ဓားကြောင့် လေထဲတွင် မြောက်တက်နေသည်။ သူ၏မျက်နှာက ဖြူဖျော့နေသည်။ သူ၏အရှိန်အဝါက လေထန်သောနေရာတွင် ထွန်းထားသည့် ဖယောင်းတိုင်အလား ဖြစ်လာသည်။ ထိုဖယောင်းတိုင်က အချိန်မရွေး ငြိမ်းသွားနိုင်သည်။ သို့တိုင်အောင် သူ၏နှုတ်ခမ်းတွင် အပြုံးက ရှိနေသည်။ သူသည် သူ၏သေရေးရှင်ရေးကို ဂရုစိုက်ပုံမရချေ။
“အနိုင်ရတဲ့လူက ဘုရင်ပဲ။ ရှုံးတဲ့လူကတော့ လူယုတ်မာပေါ့။ ဒါတွေအားလုံးက အမှန်တရားပဲ။ ငါမင်းနဲ့ပတ်သတ်ပြီး ပြောစရာမရှိဘူး။ ဝမ်ချောင် မင်းက ယွီစန်းရဲ့ အကြီးမားဆုံးရန်သူဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ဒီလိုတိုက်ပွဲနယ်မြေမျိုးမှာ မင်းရဲ့လက်ထဲသေရတာက ကောင်းမွန်တဲ့ အဆုံးသတ်ပါ။ ဖြစ်သင့်ပါတယ်။ ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနဲ့ မင်းငါ့ရဲ့တောင်းဆိုမှု တစ်ခုကိုတော့ ဖြည့်ဆည်းပေးဖို့မျှော်လင့်တယ်။ မဟာအမတ်မင်းက ဒီတိုင်း ပြည်သူအရာရှိတစ်ယောက်ပဲ။ ငါ့ရဲ့ အကူအညီတောင်းတဲ့ ကိစ္စကြောင့်သာမဟုတ်ရင် ငါကကူညီပေးတာကြောင့်သာမဟုတ်ရင် အနာဂတ်မှာ သူမင်းကိုခြိမ်းခြောက်ဖို့ ခက်ခဲသွားမှာပါ။ မင်းဒီပွဲမှာ နိုင်ပြီးပြီပဲ။ ဒီတော့ မဟာအမတ်မင်းရဲ့ အသက်ကိုတော့ ချမ်းသာပေးလိုက်ပါ”
ဟော်ရှု့ဟွေ့ခမ်း၏ လက်မောင်းမှသွေးများက ဆက်တိုက်စီးကျလာသည်။ သူ၏သံချပ်ကာတစ်ခုလုံးက ရွှဲရွှဲစိုနေပြီဖြစ်သည်။ သို့သော် သူ၏မျက်နှာရှိ အပြုံးကမူ ပို၍သာကျယ်ပြန့်လာသည်။ သူသည် ဒီလိုအဆုံးသတ်ကို ကြိုတင်ပြင်ဆင်ထားပြီးသလိုမျိုး တည်ငြိမ်လွန်းနေသည်။ သို့သော် သူ၏လက်မောင်းတစ်ဖက်ကမူ ဝမ်ချောင်၏ ဓားပတ်ပတ်လည်ကို ကိုင်ထားသည်။ သူ၏ပတ်ပတ်လည်တွင်လည်း အသနားခံသလို အရိပ်အယောင်မျိုးကို မြင်ရသည်။
ဝမ်ချောင်က ကြောင်သွားသည်။ ဟော်ရှု့ဟွေ့ခမ်းက သူ၏ဘဝအဆုံးသတ်တွင် ယခုလိုအတွေးမျိုး ရှိနေမည်ဟု မထင်ထားမိချေ။
အခန်း(၁၁၅၂)
“ဟော်ရှု”
အဝေးမှ ရင်ကွဲနာကျသလိုအသံမျိုးက ထွက်လာသည်။ သာ့လွန်ရော့ကျန်းသည်လည်း ဝမ်ချောင်က ဟော်ရှု့ဟွေ့ခမ်းဆီ ဓားကိုကိုင်ပြီးအပြေးသွားရင်း တိုက်ခိုက်ကာ လေထဲတွင်တွဲလောင်းဆွဲထားကြောင်း မြင်လိုက်ရသည့်အခိုက်အတန့်တွင် သူ၏ကိုယ်ပိုင်နှလုံးသားက သောင်းကျော်သောမြှားများဖြင့် အစိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏စိတ်က ဗလာဖြစ်သွားပြီး ဝိညာဉ်ကပင် ဆွဲလုခံလိုက်ရသလို ဖြစ်သွားသည်။ သူ၏မျက်လုံးကလည်း အရောင်အဝါ ပျောက်ဆုံးသွားသည်။
သူတို့က ဆယ်စုနှစ်ပေါင်းများစွာက လေ့ကျင့်ပေးထားသော နာ့ယိတော်ဝင်တပ်ရင်း၏ မြင်းတပ်က အ့ဟိုင်နယ်စပ်တွင် အလုံးစုံသုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့သည်။ နာ့ယိတော်ဝင်တပ်ရင်း ကိုယ်တိုင်က သိမ်းပိုက်ထားသော တောင်ပေါ်ဒေသ၏ နယ်မြေက အကောင်းအတိုင်း မကျန်ရစ်တော့ချေ။ သို့တိုင်အောင် သာ့လွန်ရော့ကျန်း၏ မျက်ဝန်းထဲရှိ အလင်းက ဘယ်သောအခါမှ မငြိမ်းသွားခဲ့ချေ။ သူသည် စန်းပေါ်၏ အကျဉ်းချမှုကြောင့် မည်းမှောင်သည့်ဘဝမျိုးတွင် နေထိုင်ခဲ့ရသည့် အခိုက်အတန့်တွင်ပင် သူ၏မျက်လုံးထဲရှိ အလင်းက ဘယ်သောအခါမှ မငြိမ်းသက်ခဲ့ချေ။ သူတို့က တာလာ့သို့ရောက်ရှိပြီးနောက် တစ်ကြိမ်ပြီးတစ်ကြိမ် နောက်ဆုတ်ခံနေရပြီး ထပ်ခါတလဲလဲ အထိနာခဲ့သည့်တိုင်အောင် သာ့လွန်ရော့ကျန်း၏ မျက်လုံးထဲရှိ အလင်းက မမှေးမှိန်သွားခဲ့ချေ။ တုစုန့်မာန်ဖော်ကျဲ့ကဲ့သို့ တောင်ပေါ်ဒေသ၏ သိန်းငှက်က သေသွားခဲ့သည့်တိုင်အောင် သာ့လွန်ရော့ကျန်း၏ မျက်လုံးက ပို၍သာမည်းမှောင်ပြီး ထူးခြားသော အလင်းမျိုးနှင့် တောက်ပလာသေးသည်။
သို့သော် ဝမ်ချောင်က ဟော်ရှု့ဟွေ့ခမ်းဆီ ဓားကိုင်ကာအပြေးသွားပြီး လေထဲတွင် တွဲလောင်းဆွဲထားကြောင်း မြင်လိုက်ရရုံနှင့် သာ့လွန်ရော့ကျန်း၏ မျက်လုံးထဲမှအလင်းက မှိတ်တုပ်မှိတ်တုပ်ဖြစ်လာသည်။ တဖြည်းဖြည်းချင်း ထိုမျက်ဝန်းက အသက်ကင်းမဲ့သွားသည်။
“မဟာအမတ်မင်းသွားတော့”
ဟိန်းဟောက်နေသော လေပြင်းနှင့်အတူ အလောတကြီးနိုင်သည့် အသံမျိုးကထွက်လာသည်။ မူထရီမဟာမြင်းတပ်ကို ဦးဆောင်လာသည့် ဟော်ပါးစမ်းယဲ့က သာ့လွန်ရော့ကျန်း၏ ကျောပြင်ကို စိုးရိမ်တကြီးကြည့်သည်။
အာရပ်များသည် ရှုံးသွားသည်။ ချွီထေပါးလည်းသေသွားသည်။ တိဗက်များသည် မည်သည့်နည်းနှင့်မျှ ဒီနေရာတွင် ဆက်မနေသင့်တော့ချေ။ ထန်များက အချိန်မရွေး ချီတက်လာနိုင်သည်။ ထို့ကြောင့် အရေးကြီးဆုံး လုပ်ရမည်မှာ သူတို့ကျန်ရစ်သမျှ အင်အားစုတိုင်းကို ထိန်းသိမ်းပြီး တာလာ့ကိုကျော်ဖြတ်လျှက် ယွီစန်းသို့ပြန်ရန်ဖြစ်သည်။
ထိုကဲ့သို့သော အခိုက်အတန့်မျိုးတွင် သာ့လွန်ရော့ကျန်းက အလွန်ဆိုးရွားစွာ စိတ်ဓာတ်ထိုးကျနေသည်။ သူသည် ဟော်ရှု့ဟွေ့ခမ်း ရှိရာဘက်သို့သာကြည့်သည်။ တစ်ခြားသော တစ်လောကလုံးကိုမူ မေ့လျော့သွားပုံရသည်။
ဟော်ပါးစမ်းယဲ့၏စိတ်ကလည်း စိုးရိမ်မှုများနှင့် ပြည့်နှက်လာသည်။ သူသည် သူ၏ မူထရီမဟာမြင်းတပ် အဖွဲ့ဝင်နှစ်ယောက်ကို ခပ်မြန်မြန် အမိန့်ပေးလိုက်သည်။
“အဲ့ဒီနေရာကိုသွားပြီး မဟာအမတ်မင်းကို စစ်မြင်းပေါ်ကို တွဲတင်လိုက်။ မြန်မြန် ပြီးရင်နောက်ဆုတ်ရမယ်”
“ဟုတ်ကဲ့”
မူထရီမဟာမြင်းတပ်မှ အဖွဲ့ဝင်နှစ်ယောက်က ချက်ချင်းလိုလို မြင်းပေါ်မှဆင်းပြီး သာ့လွန်ရော့ကျန်းကို တစ်ဖက်ဆီတွဲကြသည်။ ထို့နောက် မြင်းပေါ်သို့တင်ပေး၏။
“ပြေးတော့”
တခဏခန့်ကြာပြီးနောက် ဟော်ပါးစမ်းယဲ့က သာ့လွန်ရော့ကျန်းနှင့် ကျန်ရစ်သော မူထရီမဟာမြင်းတပ် အဖွဲ့ဝင်တိုင်းအပါအဝင် တိဗက်စစ်သားများအားလုံးကို ဝရုန်းသုန်းကားဖြစ်နေသည့် ဖုန်တိမ်စိုင်များအကြားတွင် ဦးဆောင်ခေါ်ကာ ထွက်ပြေးလေသည်။ သူတို့သည် အနောက်ဘက်မှ အာရပ်ကို ဂရုမစိုက်နိုင်တော့ချေ။ ယခုလိုကပ်ဘေးစိုက်နေသည့် ကာလမျိုးတွင် လူတိုင်းဟာ ကိုယ့်အသက်ကိုသာ ကြည့်ရတော့ပေမည်။ မဟာထန်၏ စစ်သားများက သိပ်မကြာခင်မှီလာနိုင်သည်။ ထို့ကြောင့် လူတိုင်းကလည်း ကိုယ့်လက်ကိုသုံးပြီး အသက်ရှင်အောင် ကြိုးစားရတော့ပေမည်။
ဟော်ပါးစမ်းယဲ့၏ အင်အားစုက ခပ်မြန်မြန် လှုပ်ရှားနိုင်သည်။ ထိုသို့ဖြင့် တခဏအတွင်း ပေသောင်းကျော်ကို သွားလိုက်နိုင်သည်။ သူသည်လည်း အနောက်ဘက်မှ ဝရုန်းသုန်းကား အသံကိုကြားသောအခါ တိဗက်များက ဖုန်များအကြား ထွက်ပြေးသွားကြောင်း မြင်လိုက်ရသဖြင့် အပုမူစလင်က သက်ပြင်းသာချလိုက်သည်။ သူ၏မျက်နှာတွင် ရှုပ်ထွေးသောအကြည့်မျိုးက ပေါ်လာသည်။ သူသည်လည်း တိုက်ပွဲကပြီးသွားကြောင်းသိလိုက်သည်။
“ငါ့ရဲ့အမိန့်ကိုထုတ် သူတို့ကိုသွားပြီး တားစရာမလိုဘူး။ စစ်သားတိုင်း အရှိန်နှုန်းကိုသာမြှင့်ပြီး နောက်ဆုတ်ကြတော့”
တိဗက်များနှင့်သာ ပူးပေါင်းမည်ဆိုလျှင် အာရပ်များသည် ထန်များကို တခဏခန့်ထိန်းထားနိုင်လောက်သည်။ သို့သော် သူတို့က ဆမ်ဆာခမ်းသို့ပြန်ပြီး အင်အားစုကို တက်နိုင်သမျှ အမြန်ဆုံး စုစည်းနိုင်လောက်သည်။ သို့သော် အနောက်ပိုင်းတူရကီများက ပြေးသွားပြီးလေပြီ။ ယခုတိဗက်များကလည်း ထွက်ပြေးသွား၏။ အာရပ်များသာ သီးသန့်ကျန်ရစ်တော့လေသည်။ မည်သည့်သစ်သားတစ်တုံးတည်းကမှ ဂိတ်ပေါက်ကို မကာထားနိုင်ချေ။ တစ်ခုတည်းသော ရွေးချယ်စရာက ထွက်ပြေးရန်ဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း
အာရပ်သောင်းကျော်က သူတို့၏သံချပ်ကာများကို ချွတ်လျှက် စူးရှစွာအော်ဟစ်ရင်း အနောက်ပိုင်းသို့ပြေးကြသည်။ ယခင်အကြိမ်များနှင့် မတူသည်မှာ ထောက်ပံ့ကူညီမှုများလည်း မရှိသလို ထူးခြားသော နောက်ဆုတ်သည့် ဗျူဟာမျိုးလည်း မရှိနေခဲ့ချေ။ ဒီတိုင်း နောက်ဆုတ်သည့် အချက်ပြမှုပင် မလိုအပ်လေဘဲ အသားကုန် ထွက်ပြေးခြင်းဖြစ်သည်။ လူတိုင်းက ရူးသွပ်နေကြပြီး ကိုယ့်အသက်ကိုသာ ကာကွယ်ရန် ကြိုးစားနေကြသည်။
“သတ်”
ကျယ်လောင်သော အော်ဟစ်သံက ကောင်းကင်ကို ပဲ့တင်ထပ်သွားစေသည်။ ထို့နောက် ဗုံသံများက ကပ်လာ၏။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ရှီယွမ်ချင်၊ ဝမ်ရန်၊ ချွေ့ဖြောင်းချီနှင့် လီစစ်ယဲ့တို့အားလုံးက နောက်မှချီတက်ကာ လိုက်ကြသည်။ တစ်ချိန်ထဲတွင်ပင် နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် အခြားသောလက်ရွေးစင် စစ်တပ်တိုင်း အပါအဝင် စုဟန်ရှန်း၏ လက်နက်ကြီးအဖွဲ့မှ စစ်သားများကပင် သံမဏိခုခံရေးအားလှိုင်းကို ကျော်ဖြတ်ပြီး နောက်မှလိုက်ကြသည်။
တိုက်ပွဲနယ်မြေတွင် ဝမ်ချောင်က ဓားကိုတဖြည်းဖြည်းချင်းရုတ်သည်။ သူသည် ဟော်ရှု့ဟွေ့ခမ်း၏ အလောင်းကို မြေပြင်ပေါ်သို့ အသာချလိုက်သည်။
“တစ်ယောက်ယောက်လာပြီး ဟော်ရှု့ဟွေ့ခမ်းရဲ့ အလောင်းကို ဂရုစိုက်ပေးလိုက်ပါ။ သူ့ကို သင့်တော်သလို သီးသန့် သြင်္ဂိုလ်ပေးလိုက်ပါ”
ဝမ်ချောင်က မြင်းပေါ်မှလှမ်း၍ပြောလိုက်သည်။ အဆုံးသတ်တွင် ဟော်ရှု့ဟွေ့ခမ်းက ဝမ်ချောင်သူ့ကို အဖြေပေးသည်အထိ မစောင့်နိုင်ခဲ့ချေ။ သို့သော် ဟော်ပါးစမ်းယဲ့က သာ့လွန်ရော့ကျန်းကိုဆွဲပြီး ထွက်ပြေးသွားကြောင်း မြင်လိုက်ရုံနှင့် တစ်ချိန်က ကျန်းချုံကျန့်ချုံးကိုပင် တိုက်ခိုက်နိုင်ခဲ့သော ယွီစန်း၏ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က ကာကွယ်ပေးနိုင်ကြောင်း နားလည်လိုက်ပြီး သူဟာမျက်လုံးကို မှိတ်သွားနိုင်ခဲ့သည်။
ရန်သူတစ်ယောက်ဖြစ်သော်လည်း ဝမ်ချောင်ဟာ မူလက သတ်ဖြတ်လိုစိတ်ပြင်းထန်နေသော အနေအထားမှ ဟော်ရှု့ဟွေ့ခမ်း၏ သေဆုံးမှုအပြီး ချက်ချင်းလိုလို စိတ်ငြိမ်သက်သွားသည်။ သူ၏ သတ်ဖြတ်လိုစိတ်များကလည်း ငြိမ်းသက်သွား၏။ ထိုသို့ဖြင့် စစ်မှန်လွန်းသော မဟာဗိုလ်ချုပ်ကြီးအတွက် လေးစားမှုကသာ ကျန်ရစ်သည်။
သူတို့သည် ရန်သူများဖြစ်သော်လည်း ဟော်ရှု့ဟွေ့ခမ်းသည် အစစ်အမှန် စစ်သားတစ်ယောက်ဖြစ်သည်။ သူ၏နောက်ဆုံးသော အခိုက်အတန့်တွင်ပင် သူ့ကိုယ်သူ မတွေးတောလေဘဲ သာ့လွန်ရော့ကျန်းကို ထွက်ပြေးနိုင်ရန် မျှော်လင့်ခဲ့သည်။ ထိုအပြုံးက ဝမ်ချောင်၏စိတ်အတွင်း နက်ရှိုင်းစွာ ထင်မြင်သွားခဲ့သည်။
ဒါကမင်းအတွက် အကောင်းဆုံး အဆုံးသတ် ဖြစ်လောက်ပါတယ်။
ထိုအတွေးနှင့်အတူ ဝမ်ချောင်က ဟန်အမူအရာပြန်ထိန်းလိုက်ပြီး အဝေးသို့ကြည့်သည်။ သူသည် ဖုန်တိမ်စိုင်များနှင့်အတူ ထွက်ပြေးသွားသော အာရပ်နှင့် တိဗက်များကိုကြည့်သည်။ သူ၏အကြည့်က စူးရှပြီး ခက်ထန်သွားသည်။
အပုမူစလင်က ကမ္ဘာမြေအဆုံးထိ ထွက်ပြေးမည်ဆိုလျှင်ပင် ဝမ်ချောင်ကသူ့ကို အမဲလိုက်နိုင်သည်။ သူသည် တစ်ဖက်သူအား အသက်ရှုချိန်မပေးဘဲ သို့မဟုတ် နောက်ပြန်လှည့်လာချိန်မပေးဘဲ ကိုင်တွယ်သင့်သည်။
“ဟိုက်ရား”
ခွာဖြူအရိပ်မြင်းကဟီသည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ချောင်ကိုခေါ်ကာ လေထဲသို့လှပစွာ ခုန်တက်ရင်း တစ်ချက်တည်းနှင့် ပေရာကျော်ကို ကျော်ဖြတ်လျှက် နောက်မှလိုက်လေသည်။
ဝမ်ချောင်က စထွက်သည်နှင့် တာလာ့တွင်ရှိသော မဟာထန်၏ အင်အားစုတိုင်းက လှုပ်ရှားကြသည်။ အဝေးသို့ထွက်ပြေးသွားသော နွားကျောင်းသားများကလည်း စိတ်လှုပ်ရှားစွာ ပြန်လှည့်လာကြသည်။ သူတို့က ရရာလက်နက်များကို ကောက်ဆွဲလျှက် စစ်တပ်၏နောက်သို့လိုက်ကြသည်။
“နတ်စစ်သည်တွေ သူတို့က နတ်စစ်သည်တွေပဲဖြစ်ရမယ်”
အဖြူရောင်မာဖလာထဲ ခေါင်းမြုပ်နေသည့် နွားကျောင်းသားတစ်ယောက်က တစ်ကိုယ်လုံးတုန်ယင်သည်အထိ စိတ်လှုပ်ရှားနေသည်။ မဟာထန်သည် သူ့အား အလွန်ကြီးမားသော အံ့အားသင့်စရာဖြစ်ရပ်ကြီးကို ပေးစွမ်းလိုက်သည်။ ဒဏ္ဍာရီရာရှာဆာ မြေသားခံတပ် ဝင်္ကပါကိုသုံးပြီး ချွီထေပါးကို တိုက်ခိုက်ခြင်းပင်ဖြစ်စေ၊ နောက်ဆုံးသော ကောင်းကင်ကိုပင် လှုပ်ခါစေလောက်သည့် တိုက်ပွဲတွင်ပင်ဖြစ်စေ မဟာထန်က မည်သည့်အချက်အလက်ကိုမှ မပေါက်ကြားစေခဲ့ချေ။ သူတို့၏ မဟာမိတ်များကပင် မည်သည့်အကြောင်းအရာမှ မသိခဲ့ချေ။ သို့သော် ယခုလိုအခြေအနေဖြင့် မည်သူကမှလည်း အထွန့်တက်လိမ့်မည်မဟုတ်ချေ။ အာရေးဗီးယားကရှုံးပြီး ထန်ဘက်က နိုင်သွားကတည်းက လုံလောက်လေပြီ။ စစ်ပွဲနှင့်ပတ်သတ်သောကိစ္စကို တာဝန်ယူသင့်သော လူများကသာ ကိုင်တွယ်သင့်သည်။
“ငါ့ရဲ့အမိန့်ကိုထုတ် အဖွဲ့နံပါတ်နှစ်နဲ့ အဖွဲ့နံပါတ်သုံး သံမဏိမြို့ရိုးကို စပြီးထွက်ခွာတော့ အဖွဲ့နံပါတ်တစ်ကတော့ သံမဏိတုံးတွေကို သယ်ဆောင်ရင်း ရထားလုံးတွေထဲကိုထည့် စစ်တပ်နောက်ကိုလိုက်ဖို့ အသင့်ပြင်ကြ”
ကျန်းရှို့ကျစ်၏မုတ်ဆိတ်က လေတွင်လွင့်နေသည်။ သူ၏ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော မျက်ဝန်းကလည်း ထိန်လင်းစွာ တောက်ပလာသည်။ ဝမ်ချောင်နှင့် အကြိမ်ပေါင်းများစွာ ပူးပေါင်းလုပ်ဆောင်ပြီးနောက် ကျန်းရှို့ကျစ်ဟာ ရိုးရှင်းသော လက်မှုပညာရှင်တစ်ယောက် မဟုတ်တော့သည်မှာ ကြာလှချေပြီ။ ယခုအခါသူက စစ်တပ်ရေးရာကိစ္စများကိုနားလည်လာသည်။ လပေါင်းများစွာကြာအောင် အဝိုင်းခံရပြီးနောက် ကျန်းရှို့ကျစ်သည်လည်း ယခုလိုလိုက်ဖမ်းခြင်းက အလွယ်တကူ အဆုံးမသတ်နိုင်ကြောင်း နားလည်နေသည်။ ဒါဟာ အဆုံးအစမဲ့သည့် လိုက်ဖမ်းခြင်းပင်ဖြစ်နိုင်သေး၏။ ထိုသံမဏိမြို့ရိုးများက ဝမ်ချောင်၏ အနာဂတ်လာမည့် တိုက်ပွဲများအတွက် အများကြီး အသုံးဝင်နိုင်သည်။
ယခုအခါ အနောက်ဘက်မှ သံမဏိမြို့က ပြိုလဲကျသွားသည်။ မြေပြင်တွင် ထိန်းထားပေးနိုင်သည့် ခုခံနိုင်သော စွမ်းရည်မျိုးလည်းမရှိတော့ချေ။ ထိုအတွက်ကြောင့် ယခုလို လွင်ထီခေါင်နယ်မြေကြီးက သိမ်းယူထားရန် မသင့်လျော်တော့ချေ။ ဝမ်ချောင်ကဲ့သို့ အကျင့်စရိုက်ရှိသော လူမျိုးဟာ ရှေ့သို့သာချီတက်မည်မှာ သေချာသည်။ ကျန်းရှို့ကျစ်ကလည်း သူနှင့်ဝမ်ချောင်တို့၏ ကြာရှည်သော ဆက်ဆံရေးအရ ထိုအချက်ကိုနားလည်သည်။
“သတ်”
ဝူရှန်းမြင်းတပ်နှင့် ထုံလော့မြင်းတပ်တု့ိက လမ်းကိုဦးဆောင်သွားနေချိန်တွင် နွားကျောင်းသားများနှင့် လက်မှုပညာရှင်များအားလုံးက နောက်တန်းမှ လိုက်လာကြသည်။ ထိုသို့ဖြင့် အဆုံးအစမဲ့သော လိုက်ဖမ်းမှုက စတင်ပြန်သည်။ ယခုလိုလိုက်ဖမ်းမှုက နေ့ရောညပါ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။ လက်ရွေးစင်ခြေလျှင်တပ် စစ်တပ်အဖွဲ့ဝင်များကပင် မြင်းများပေါ်တက်ပြီး လိုက်မှီအောင်ကြိုးစားကြသည်။
သာမာန်အခြေအနေမျိုးတွင် ယခုလိုဖြစ်ရပ်က ပြင်းထန်သည့်တားမြစ်ချက်ဖြစ်သည်။ ထိုလက်ရွေးစင် စစ်သားများက အင်အားအပြည့်ကို ထုတ်ပြခွင့်မရှိချေ။ သို့သော် ယခုလိုအခိုက်အတန့်တွင်မူ စစ်ဗျူဟာများကို လျစ်လျူရှု့ထား၍ရသေးသည်။ အာရပ်မြင်းတပ်က တိုက်ခိုက်လိုစိတ် မရှိတော့ချေ။ သူတို့၏သမိုင်းတွင် ပထမဦးဆုံးအကြိမ်အနေနှင့် မူလက အကြောက်အလန့်မဲ့ပြီး စစ်ပွဲအတွက်သာ မွေးဖွားလာသည်ဆိုသော အာရပ်များက ပို၍အင်အားကြီးမားပြီး သတ္တိကြီးလွန်းသည့်ပြိုင်ဘက်ကို တွေ့လိုက်ရသည်။ ပထမဦးဆုံးအကြိမ်အဖြစ် သူတို့သည်လည်း အလုံးစုံသုတ်သင်ခံရသည်ဆိုသော ဖြစ်ရပ်ကို ခံစားလိုက်ရသည်။
.....
“မဟာအမတ် မြန်မြန်သွားရအောင် ငါတို့ရဲ့အရှေ့မှာ ကျောက်တုံးတံတားရှိတယ်။ ဒါကိုကျော်ဖြတ်နိုင်တာနဲ့ ငါတို့တွေ တံတားကိုဖျက်ဆီးလိုက်မယ်။ ဒီလိုဆိုရင် နောက်ကလူတွေလိုက်တာ နှောင့်နှေးသွားမှာပဲ။ အဲ့ဒီနောက် ငါတို့တွေ တောင်ပေါ်ဒေသကို အကြီးအသေး ပါ့လာ့ကနေတစ်ဆင့် ကျော်ဖြတ်ပြီး ပြန်ကြတာပေါ့။ ထန်တွေကို မျက်ခြေဖြတ်ထားနိုင်ခဲ့မှာပါ”
ဟော်ပါးစမ်းယဲ့က အလျင်စလိုပြောသည်။
ထန်များ၏လိုက်ဖမ်းမှုက သူတို့ထင်ထားသည်ထက် ပြင်းထန်ကြမ်းတမ်းလွန်းသည်။ သူတို့သည် တာလာ့မှစတင်ပြီး တစ်ချိန်လုံး ထွက်ပြေးနေခဲ့ရသည်။ သို့တိုင်အောင် နောက်မှထန်များက အမြဲတစေရှိနေသည်။ ထိုထန်များသည် တိဗက်နှင့် အာရပ်များ၏နောက်သို့ ရေဆုံးမြေဆုံးလိုက်ပြီး အလုံးစုံ သုတ်သင်မည့်ပုံပေါ်နေသည်။ ဟော်ပါးစမ်းယဲ့ကလည်း မာနကြီးသော အကျင့်စရိုက်ရှိသည်။ သူသည် သူ၏ မူထရီမဟာမြင်းတပ်ကို ဒီတိုက်ပွဲသို့ ဦးဆောင်ခေါ်လာခဲ့သည်မှာ သူတို့၏ဂုဏ်သိက္ခာကို ပြင်ဆင်ရန်ဖြစ်သည်။ သို့သော် ယခုမူ ဟော်ပါးစမ်းယဲ့က နောက်ပင်လှည့်မကြည့်ရဲချေ။
ဝမ်ချောင် ကောင်းရှန်းကျစ်၊ အနက်ရောင်သံချပ်ကာဝတ်အစောင့်၊ ချန်းချန့်လီနှင့် အခြားသောလူတိုင်း၏ အရှိန်အဝါက ခြိမ်းခြောက်နိုင်စွမ်းရည် ပြင်းထန်သည်။ တိဗက်ထဲက မည်သူကမှ သူတို့ကို ရင်မဆိုင်နိုင်ချေ။ တာ့မာတာ့ရီမော့ကဲ့သို့ မာနကြီးသောလူကပင် သူ၏ဗုဒ္ဓဓားမြောင်ကြီးကိုသိမ်းပြီး အသားကုန် ပြေးနေရသည်။
အပုမူစလင်နှင့်ကျစ်ရတို့ကမူ သူတို့၏စွမ်းအားတိုင်းကို ချွီထေပါးကို ပေးထားရသောကြောင့် အလွန်အမင်း အားနည်းနေသည်။ ပို၍ဆိုးသည်မှာ သူတို့သည် အင်အားဖြည့်ရန်အတွက် အနားယူလည်းမရချေ။
ယခုလိုအခြေအနေမျိုးတွင် တိဗက်နှင့် အာရပ်များက ထန်များကို ရင်မဆိုင်နိုင်တော့ချေ။
ဟော်ပါးစမ်းယဲ့က အနီးအနားရှိ သာ့ယန်အစုန့်ရုန်ကို ပြောသည်။
“သာ့ယန်အစုန့်ရုန် စစ်သည်တော်တစ်ဖွဲ့ကိုဦးဆောင်ပြီး အာရပ်တွေကို နှောက်ယှက်လို့ အရှိန်နှုန်းနှေးအောင်လုပ်လိုက်။ ထန်တွေကအခု အာရပ်တွေကို အာရုံစိုက်နေလိမ့်မယ်။ သူတို့က နည်းနည်းလောက် ဝရုန်းသုန်းကားဖြစ်သွားတာနဲ့ ငါတို့တွေ ယှဉ်ဖို့အခွင့်အရေးပိုများတယ်”
တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က သေသွားခဲ့သည့်တိုင်အောင် တိဗက်များတွင် တိုက်ခိုက်နိုင်သည့် စစ်သားများ ကျန်ရစ်နေသေးသည်။
“နားလည်ပြီ”
သာ့ယန်အစုန့်ရုန်က ချက်ချင်းလိုလို စစ်သည်တော်တစ်ဖွဲ့ကို ဦးဆောင်ပြီး အနောက်ဘက်ရှိ အာရပ်များထံ ချီတက်သွားသည်။
ထိုသု့ိဖြင့် တစ်ချက်ချီတက်သွားရုံနှင့် အော်ဟစ်သံ ကျိန်ဆဲသံများကထွက်ပေါ်လာသည်။ အာရပ်များကလည်း သာ့ယန်အစုန့်ရုန်၏ နှောက်ယှက်မှုကို ခံလိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်း နောက်တန်းမှ စစ်သားများအားလုံးက အရှိန်နှုန်းနှေးကျသွားပြီး ဝရုန်းသုန်းကားဖြစ်သွားသည်။ အတိတ်တွင် ဟော်ပါးစမ်းယဲ့ကမူ ထိုကဲ့သို့သောအရာမျိုးကိုမလုပ်ရဲချေ။ သို့သော် ယခုမူ သူတို့က ရှုံးနေပြီဖြစ်သည်။ နှစ်ဖက်လုံးက မဟာမိတ်မဟုတ်တော့ချေ။ သူနှင့်မဟာအမတ်မင်းက ယွီစန်းသို့ ပြန်နိုင်သမျှ မည်သည့်ကိစ္စကမှ အရေးမကြီးတော့ချေ။
“သွား အားလုံးသွား ကျောက်တုံးတံခါးကို ကျောြ်ဖတ်သွားကြ။ ငါတို့တွေ ကျော်ဖြတ်ပြီးပြီးချင်း တံခါးကို ဖျက်ဆီးလိုက်လို့ရတယ်။ ဒီလိုဆိုရင် သူတို့မလိုက်နိုင်တော့ဘူး”
ဟော်ပါးစမ်းယဲ့က ခပ်တင်းတင်းအော်သည်။
ဒုန်း ဒုန်း ဒုန်း
ထိုသို့ဖြင့် မြင့်မားလွန်းသော တောင်ပေါ်မြင်းကြီးက ကျောက်တုံးတံခါးကြီးပေါ်သို့ ဒုန်းစိုင်းတက်သွားသည်။ အနောက်ဘက်တွင် ထောင်ပေါင်းများစွာသော တိဗက်စစ်သားများက စမ်းချောင်းထဲသို့ကူးခတ်လာသည့် ငါးတစ်အုပ်လို အပြေးလိုက်လာလေသည်။
အခန်း(၁၁၅၃)
ဟော်ပါးစမ်းယဲ့က ခေါင်းကိုလှည့်ကာ အနောက်ဘက်သို့လှမ်းအော်သည်။
“မဟာအမတ်မင်း မြန်မြန်လေးလာပါ။ ငါ မဟာအမတ်မင်း ရှေ့တက်လို့ရအောင် ကာထားပေးမယ်”
မဟာထန်၏ စစ်မြင်းများက မိုးခြိမ်းသံလို ကျယ်လောင်သည့် ဟိန်းသံမျိုးကို ထုတ်လွှတ်နေသည်။ တစ်လောကလုံးက လှုပ်ခါနေသလို သူတို့ဟာ မြန်ဆန်လွန်းသည့် အရှိန်နှုန်းဖြင့် ချဉ်းကပ်လာကြ၏။ အာရပ်များ၏ အော်ဟစ်သံများ၊ ငိုညဉ်းသံများက ကောင်းကင်ကိုပင် ထိုးဖောက်နေသည်။ ထို့ကြောင့် တိဗက်များကလည်း အလွန်ကြောက်နေကြပြီဖြစ်သည်။ သူတို့က ယခုမပြေးလျှင် ပြေးနိုင်တော့မည်မဟုတ်ချေ။
“မင်းတို့က ဘာရပ်နေကြတာလဲ။ မြန်မြန်လေး မဟာအမတ်မင်းကို ဒီနေရာကနေလွတ်အောင် ပို့ပေးကြလေ”
ဟော်ပါးစမ်းယဲ့က မူထရီမဟာမြင်းတပ် အဖွဲ့ဝင်နှစ်ယောက်ကိုပြောသည်။
“ဟော်ပါး”
ရုတ်တရက် တည်ငြိမ်ပြီး ဉာဏ်ပညာကြီးသောအသံက ဟော်ပါးစမ်းယဲ့၏အမိန့်ကို နှောက်ယှက်လိုက်သည်။ သူ၏နာမည်ကိုခေါ်သံက သူ၏နားထဲသို့ ရောက်လာသောအခါ ဟော်ပါးစမ်းယဲ့ကို ကြောင်သွားစေသည်။ သူကချက်ချင်းဆိုသလို မကောင်းသောခံစားချက် ရလိုက်သည်။ အချို့သော အကြောင်းပြချက်များကြောင့် သာ့လွန်ရော့ကျန်း၏ အသံထဲတွင် သေဆုံးခြင်းအရိပ်အငွေ့များကို မြင်လိုက်သည်။
“မဟာအမတ်မင်း ငါတို့ပြန်သွားပြီးရင် စကားပြောလို့ရတယ်။ မျိုးမစစ်နှစ်ကောင် ဘာလုပ်နေတာလဲ။ ငါပြောတာကို မကြားဘူးလား”
ဟော်ပါးစမ်းယဲ့က မျက်လုံးပြူးနေသည်။ သာ့လွန်ရော့ကျန်းက ဘာစကားမှမပြောနိုင်သေးခင် သူက လက်အောက်ငယ်သားနှစ်ယောက်ကို အမိန့်ပေးသည်။
“ဟော်ပါးစမ်းယဲ့ ငါတို့ဒီနေရာမှာ လမ်းခွဲရအောင်”
သာ့လွန်ရော့ကျန်းက သူ၏မြင်းပေါ်တွင်ထိုင်နေရင်း ခေါင်းကိုမော့ကြည့်လာသည်။ တိုက်ခိုက်သံများ၊ အော်ဟစ်သံများ၊ သတ်ဖြတ်သံများအကြားတွင် သူ၏အသံက ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်နေသည်။ တည်ငြိမ်လွန်းသဖြင့် ဟော်ပါးစမ်းယဲ့ကို မသက်မသာဖြစ်လာစေသည်။
“မဟာအမတ်မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ။ မြန်မြန်လေးသွားရပါမယ်”
ဟော်ပါးစမ်းယဲ့၏မျက်လုံးက အရိုင်းဆန်သွားပြီး ဖြစ်လာမဲ့အခြေအနေကို နားလည်လိုက်သည်။
“ဟား ဟား ဟော်ပါး ဆက်ပြောဖို့မလိုတော့ဘူး။ စစ်သည်တစ်သိန်းကျော်က အသတ်ခံလိုက်ရပြီး မူထရီမဟာမြင်းတပ်က အများကြီးဆုံးရှုံးသွားတယ်။ ဒီအခြေအနေအားလုံးရဲ့ တာဝန်အပြည့်ရှိတဲ့ လူတစ်ယောက်အနေနဲ့ နောက်ပြီး တုစုန့်မာန်ဖော်ကျဲ့နဲ့ ဟော်ပါးစမ်းယဲ့တို့ နှစ်ယောက်လုံး ဒီတိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့ အခြေအနေကြောင့် ငါတို့သာယွီစန်းကို ပြန်သွားရင် စန်းပေါ်က ငါတို့ကို အလွတ်ပေးမယ်လို့ထင်လား”
သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။ သူ၏အမူအရာက အများကြီးတည်ငြိမ်သွားသည်။
“မဟာအမတ်မင်း”
ဟော်ပါးစမ်းယဲ့က တောင့်ခဲသွားသည်။ သူ၏စိတ်က အမျိုးမျိုးသော အကြောင်းအရာများနှင့် ပေါက်ကွဲမတက်ဖြစ်သွားသည်။ သို့သော် သာ့လွန်ရော့ကျန်း၏ ရိုးရှင်းသော ငြင်းခုံမှုအပြည့်နှင့် မျက်နှာကတင် ပြန်မငြင်းနိုင်အောင် ဖြစ်သွားသေးသည်။
“ဟော်ပါး သွား ငါကနေခဲ့ပြီး မင်းကပဲ အသက်ရှင်နိုင်လိမ့်မယ်။ ငါ့ရဲ့ခေတ်က ကုန်သွားပြီ။ အနာဂတ်မှာ ယွီစန်းက မင်းကိုပဲမှီခိုရတော့မယ်။ စန်းပေါ်ကိုပြောလိုက်ပါ။ အားလုံးငါလုပ်ခဲ့တာလို့”
သာ့လွန်ရော့ကျန်း၏ မျက်လုံးက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပုံပေါ်သည်။ သူဟာ ဟော်ပါးစမ်းယဲ့ကို နောက်ဆုံးတစ်ချက်လှည့်ကြည့်လိုက်ပြီး မြင်းဇာတ်ကြိုးကိုဆွဲလျှက် နောက်သို့ ပြန်လှည့်စီးသွားသည်။
“ဝမ်ချောင် မင်းထွက်လာပြီးတွေ့ရဲလား”
သာ့လွန်ရော့ကျန်း၏ အသံက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ လွှမ်းခြုံသွားသည်။ သူသည်မြင်းကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်ပြီး ရှေ့သို့ဝရုန်းသုန်းကား ပြေးဝင်သွားစေသည်။
“မဟာအမတ်မင်း”
ဟော်ပါးစမ်းယဲ့က ယုံကြည်မှုအပြည့်နှင့် ခပ်အေးအေးဖြစ်နေသော ပုံရိပ်ကိုကြည့်ကာ စွံ့အသွားရသည်။
.....
ထိုအချိန်တွင် သာ့လွန်ရော့ကျန်း၏အသံက လိုက်ဖမ်းသည့် ထန်များကြောင့် ဝရုန်းသုန်းကား ဖြစ်သွားစေသည်။
“သာ့လွန်ရော့ကျန်းပဲ ဒီမျိုးမစစ်က တစ်ခုခုတော့ လုပ်ချင်နေတဲ့ပုံပဲ။ ချန့်လီ လူတွေခေါ်ပြီးသွားတားလိုက်”
ကျယ်ပြောသော တိုက်ပွဲနယ်မြေအလယ်မှ ကောင်းရှန်းကျစ်က အဖြူရောင်မြင်းကို စီးနင်းထားသည်။ သူသည် သာ့လွန်ရော့ကျန်းကို လှမ်းမြင်လိုက်သည်။ ကောင်းရှန်းကျစ်က သာ့လွန်ရော့ကျန်းနှင့် ပတ်သတ်ပြီး လေးနက်သည့် ထင်မြင်မှုရှိသည်။ သာ့လွန်ရော့ကျန်းဟာ ဒီတိုင်း မည်သည့်သိုင်းပညာမှ တက်မြောက်ခြင်းမရှိသည့် ပြည်သူအမတ်မင်းသပ်သပ်သာ ဖြစ်သော်လည်း တိုက်ပွဲနယ်မြေဟာ သူသာမရှိလျှင် ပို၍ရှင်းလင်းပေလိမ့်မည်။ သူ့ကြောင့်သာမဟုတ်လျှင် အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီဆိုသော သုံးပြည်တောင် မဟာမိတ်ကြီးက ပေါ်ထွက်လာလိမ့်မည်မဟုတ်ချေ။
ထို့ကြောင့် နောက်ဆုံးသောတိုက်ပွဲတွင် မည်သို့ပင်ဖြစ်ခဲ့စေကာမူ ကောင်းရှန်းကျစ်က သာ့လွန်ရော့ကျန်းက ထိုအကြံအစည်တွင် ပါဝင်ခဲ့သူဟု ယုံကြည်ထားသည်။ ထို့ကြောင့် ဝမ်ရန်နှင့် ချန်းချန့်လီ၏ အဗာတာများကို ဖယ်ရှားခဲ့ခြင်းပင်ဖြစ်စေ မဟာထန်ကို ရှုံးလုနီးပါးဖြစ်သွားအောင် လုပ်ခဲ့ခြင်းကဖြစ်စေ သာ့လွန်ရော့ကျန်းနှင့် သက်ဆိုင်သည်။ ယခုလိုအခြေအနေမျိုးတွင် နောက်ကွယ်က ကြံစည်သူကို အခွင့်အရေးပေး၍မရချေ။
သူသည်လည်း သာ့လွန်ရော့ကျန်းက ယခုလိုအခြေအနေမျိုးတွင် မည်ကဲ့သို့သော လှည့်ကွက်မျိုးကို ထုတ်သုံးချင်နေကြောင်း မသိသည့်တိုင်အောင် ကောင်းရှန်းကျစ်အနေဖြင့် တစ်ဖက်သူကို ကြောက်ရွံ့ရိုသေနေမိသည်။
“ခဏနေဦး ငါသွားလိုက်မယ်”
အဝေးမှ အသံတစ်သံထွက်လာသည်။ ဝမ်ချောင်က ခွာဖြူအရိပ်မြင်းကို အပြေးစီးကာသွားသည်။
“ရွှယ်ချန်ကျွင်း ငါ့ရဲ့အမိန့်ကိုထုတ် ချွေ့ဖြောင်းချီကိုခေါ်ပြီး ကျန်တဲ့စစ်တပ်ကို လိုက်ဖမ်းခိုင်းလိုက်ပါ။ သာ့လွန်ရော့ကျန်းကိုတော့ ငါနဲ့လွှဲထားခဲ့။ ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူမှ သူ့ကိုမထိနဲ့”
သာ့လွန်ရော့ကျန်း၏ အပြုအမူက ပုံမှန်မဟုတ်ချေ။ ကောင်းရှန်းကျစ်နှင့်မတူသည်မှာ ဝမ်ချောင်ဟာ တစ်ဖက်သူတွင် အကြံအစည်ရှိဦးမည်ဟု မယုံကြည်ချေ။ တုစုန့်မာန်ဖော်ကျဲ့က သေသွားသည်။ ဟော်ရှု့ဟွေ့ခမ်းကလည်း သေသွား၏။ သူသည် ချွီထေပါးကို ကိုယ်တိုင်ကိုယ်ကျပင် သတ်လိုက်သေးသည်။ ထို့ကြောင့် အကြံအစည်ကြီးမားသော သာ့လွန်ရော့ကျန်းက မည်မျှကောက်ကျစ်စေကာမူ ယခုလိုအခြေအနေကို မပြောင်းနိုင်ချေ။
ဝှစ်
ဝမ်ချောင်၏အမိန့်နောက်တွင် ထန်စစ်တပ်တစ်ခုလုံးအနှံ့ ဝရုန်းသုန်းကားဖြစ်သော ခွာသံများက ထွက်ပေါ်လာသည်။ မြစ်ရေက စီးဆင်းနေသည့် အခိုက်အတန့်တွင် ကျောက်တုံးကြီးတစ်တုံးနှင့် ဆုံသွားသည့်အတွက် ခွဲကာဖျက်ဆီးသလိုမျိုး ထန်စစ်သားတိုင်းက သာ့လွန်ရော့ကျန်း၏ အနားသို့ ရောက်ရောက်ချင်းကျော်ဖြတ်ကာ ရှေ့ဆက်သွားကြသည်။ ဝမ်ချောင်၏အမိန့်က ပြီးပြည့်စုံစွာ သယ်ဆောင်ခြင်းခံရသည်။ စစ်သားတိုင်းကလည်း သာ့လွန်ရော့ကျန်းကို မမြင်သလိုမျိုး ကျော်သွားကြလေသည်။
စစ်တပ်၏ ကျန်သောအင်အားစုမှ စစ်သည်တော်တိုင်းက ဝမ်ချောင်နှင့်အတူနေခဲ့သည်။ ထိုသို့ဖြင့် အရာအားလုံးက မျက်တောင်တစ်ခတ် အချိန်အတွင်း ဖြစ်ပျက်သွားခဲ့သည်။
ဆက်တိုက်ဖြစ်ပျက်ပြီးသော တိုက်ပွဲများနှင့် ဆက်တိုက်ဆိုသလို အနိုင်ရရှိခဲ့ပြီးနောက် ဝမ်ချောင်၏ စစ်တပ်အတွင်းရှိ အဆင့်အတန်းက မြင့်မားလွန်းသော သစ်ပင်ကြီးအလားဖြစ်သွားသည်။ ဝမ်ချောင်နှင့် သွေးကြွေးရှိသော ထုံလော့မြင်းတပ်ကပင် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝမ်ချောင်၏အမိန့်ကို နာခံနေသည်။
ဒုန်း ဒုန်း ဒုန်း
အနက်ရောင်တောင်ပေါ်မြင်းကြီးက ဖုန်တိမ်စိုင်လုံးများကို ကန်ထုတ်ရင်း သာ့လွန်ရော့ကျန်းနှင့် ဆုံသွားသည်။ အလောင်းပုံ၏အရှေ့တွင်ဖြစ်စေ၊ အာရပ်နှင့် တိဗက်များ၏အလယ်တွင် သွေးမြူများက လှိုင်တက်နေသည်။
သာ့လွန်ရော့ကျန်း၏ အမူအရာက တည်ငြိမ်ပြီး ခံစားချက်မဲ့နေသည်။ သူသည် မမြင်ရသောအားတစ်ရပ် ပိုင်ဆိုင်ထားသလိုမျိုး လူတိုင်းအား သူ့ကို အာရုံစိုက်စေသည်။ ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့ရင်း ကြည့်လိုက်သည်။
“ယွမ်ချင် လော့ရှီး စစ်တပ်ကိုဦးဆောင်ပြီး ဆက်ပြီးလိုက်ဖမ်းကြပါ။ ငါက သာ့လွန်ရော့ကျန်းကို ကြည့်နေခဲ့မယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့က အရှိန်နှုန်းကို နှေးလိုက်ကြသည်။ သူတို့က မျက်မှောင်ကျုံ့ရင်း အဝေးရှိ သာ့လွန်ရော့ကျန်းကို ကြည့်သည်။ လူတိုင်းက သာ့လွန်ရော့ကျန်း၏ မျက်လုံးထဲမှ အကြည့်ကိုမြင်သောအခါ သူတို့သည်လည်း တစ်စုံတစ်ရာကို နားလည်လိုက်ပုံရပြီး မျက်မှောင်များက ပြေသွားကြသည်။
“ဟိုက်ရား”
ဝမ်ချောင်၏မျက်လုံးက ချဉ်းကပ်လာသော သာ့လွန်ရော့ကျန်းကို ကြည့်နေရင်း လင်းလက်လာသည်။ သူသည် မြင်းကိုနှင်လျှက် တစ်ဖက်သူကို လက်ခံတွေ့ဆုံသည်။
ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းတို့က အချင်းချင်း နီးကပ်သွားသည့် အခိုက်အတန့်တွင် အရာအားလုံးက တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက ထိုနှစ်ယောက်ထံရောက်လာသည်။
အလိုက်ကန်းဆိုးမသိသော လူကပင် ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းတို့က ရန်သူများဖြစ်ကြောင်း နားလည်သည်။ အနောက်တောင်ပိုင်းကစစ်ပွဲတွင် ဝမ်ချောင်က သာ့လွန်ရော့ကျန်း၏ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့သည်။ အဝေးရှိတာလာ့တွင် ထိုနှစ်ယောက်က ကံကြမ္မာပါပြီး ပြန်လည်တွေ့ဆုံကြသေးသည်။
ကလစ် ကလော့
ခြေလှမ်းဆယ်လှမ်းခန့်အကွာတွင် ရပ်တန့်လိုက်ပြီးနောက် ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းတို့က အချင်းချင်း စိုက်ကြည့်နေလိုက်ကြသည်။ နှစ်ယောက်လုံးက တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။ ထိုအချိန်တွင် တစ်စက္ကန့်က ခေတ်သန်းကျော် ကျော်ဖြတ်သွားပုံပေါ်သည်။ နောက်ဆုံးတွင် လူတိုင်းက သက်ပြင်းချနိုင်သွားသည်။
“အနိုင်ရတဲ့လူက ဘုရင်ပဲ။ ရှုံးတဲ့လူကတော့ လူယုတ်မာပေါ့။ ဝမ်ချောင် မင်းဒီတိုက်ပွဲမှာနိုင်တယ်။ နောက်ဆယ်နှစ်လုံးလုံး ကုန်းမြေကြီးတစ်ခုလုံးက ဘယ်သူကမှ မင်းပဲဖြစ်ဖြစ် မဟာထန်ပဲဖြစ်ဖြစ် ရန်စရဲတော့မှာမဟုတ်ဘူး”
ကြမ်းတမ်းသောလေပြင်းက တိုက်ခတ်လာသည့် အခိုက်အတန့်တွင် သာ့လွန်ရော့ကျန်း၏ ဝတ်ရုံက ဟိုဟိုဒီဒီလွင့်နေသည်။ သူ၏စိတ်ထဲမှ ဝရုန်းသုန်းကား အခြေအနေကမူ ပို၍သာပြင်းထန်လာသည်။
“မင်းအနေနဲ့ ဒီတိုက်ပွဲကိုမလာခဲ့သင့်ဘူး”
ဝမ်ချောင်က တည်ငြိမ်စွာသာပြောလိုက်သည်။
သာ့လွန်ရော့ကျန်းအတွက် ဒီတိုက်ပွဲ၏ နောက်ဆုံးသောရလဒ်က မတော်တဆ ဖြစ်ကောင်းဖြစ်လောက်သည်။ သို့သော်သူ၏ ကိုယ်ပိုင်ရှု့ထောင့်အရ သိသာထင်ရှားလွန်းနေသည်။ သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်အနေနှင့် ဒီတိုက်ပွဲအတွက် မည်မျှကြာအောင် အားစိုက်ထုတ်ပြီး ပြင်ဆင်ထားကြောင်း မသိလောက်ချေ။
သူကဝူရှန်းမြို့ကို တည်ထောင်လိုက်ကတည်းက တိုက်ပွဲက စတင်သည်။
သာ့လွန်ရော့ကျန်းက ရှုံးမည်ဖြစ်ကြောင်း သေချာနေသည့်ပွဲသို့ လာရောက်တိုက်ခိုက်မိသွားခြင်းဖြစ်သည်။
“ဟား”
သာ့လွန်ရော့ကျန်းက ခပ်ဟဟရယ်သည်။ သူ၏အမူအရာက ခြားနားသည်။ သူဟာ အရာအားလုံးကို မြင်နိုင်နေပုံပေါ်သည်။
“ဘာလို့မလာရမှာလဲ ငါ့အတွက်ပဲဖြစ်ဖြစ် ယွီစန်းအတွက်ပဲဖြစ်ဖြစ် ငါတာလာ့မှာ ရှိဖု့ိုလိုတယ်။ ဒါပေမဲ့... အနိုင်ရတဲ့လူက ဘုရင်ပါပဲ။ ရှုံးတဲ့လူကတော့ အမှိုက်ကောင်ပေ့ါ။ ငါရှုံးတယ် ငါ့မှာပြောစရာမရှိပါဘူး”
ဝမ်ချောင်ကတိတ်သွားသည်။ သာ့လွန်ရော့ကျန်းကပြောသလို အနိုင်ရသောလူက ဘုရင်ဖြစ်ပြီး ရှုံးသောသူက အမှိုက်သာဖြစ်သည်။ ဒါဟာ ဗိုလ်ချုပ်တိုင်းနားလည်ပြီး လက်ခံကျင့်သုံးသော အချက်လည်းဖြစ်သည်။ သာ့လွန်ရော့ကျန်းကလည်း သူ့အတွက် ဒုက္ခအများကြီး ပေးခဲ့သည့်တိုင်အောင် ဝမ်ချောင်အနေဖြင့် သာ့လွန်ရော့ကျန်းဟာ သူ၏လေးစားမှုကိုထိုက်တန်ကြောင်း ပြောရပေမည်။
“ဝမ်ချောင် ငါဒီတိုက်ပွဲမှာ အရာအားလုံး လုပ်ခဲ့ပြီးပြီ။ ငါမင်းဆီမှာရှုံးရတဲ့အတွက် နောင်တတော့ မရှိတော့ဘူး။ ဘာမှလည်း စိုးရိမ်စရာမရှိဘူး။ ငါဘဝတစ်ဝက်လုံးနီးပါးကို စစ်တပ်ရေးရာကိစ္စတွေကို လုပ်ဆောင်ခဲ့တယ်။ အမြဲတမ်း ငါ့ရဲ့ဉာဏ်ရည်ကြောင့် ဂုဏ်ယူခဲ့ရတယ်။ ငါ့ကိုရင်ဆိုင်နိုင်တဲ့ လူမျိုးကို တွေ့ဖို့တောင် အရမ်းခက်တယ်။ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာအင်အားက မပြင်းထန်ပေမဲ့လည်း ကျန်းချုံကျန့်ချုံးတောင်မှ ငါအနားမှာရှိတဲ့အခါ အကွာအဝေးခြားထားရတယ်။ ဒါကြောင့်သူ အနောက်တောင်ပိုင်းမှာ ဆယ်နှစ်အလုပ်လုပ်နေခဲ့ပြီး ဘာမှသက်ရောက်မှုရှိအောင် မလုပ်နိုင်ခဲ့တာပေါ့။ ဝမ်ချောင် မင်းကပထမဦးဆုံးပဲ။ ပထမဦးဆုံး ငါ့ကိုအဆုံးထိ တွန်းပို့နိုင်ခဲ့တာ”
သာ့လွန်ရော့ကျန်းက ဝမ်ချောင်ကိုကြည့်သည်။ သို့သော် ထိုမျက်ဝန်းထဲတွင် မုန်းတီးမှုလည်းမရှိသလို ရန်ငြိုးများလည်းမရှိချေ။ သို့သော် ဂုဏ်ယူမှုနှင့် ကျေနပ်မှုများရှိနေသည်။ သူတို့၏ အသီးသီးသော တိုင်းပြည်နှင့် ရပ်တည်မှုများကို ဘေးဖယ်ထားလိုက်လျှင် ဘဝတစ်သက်တာတွင် ယခုလိုရန်သူမျိုးကို တွေ့ရခြင်းက ကောင်းချီးပေးခံရခြင်းဟု ဆို၍ရသည်။ အနည်းဆုံး သူ့အတွက် နောင်တမရှိဟု ခံစားလိုက်ရသည်။
“ဝမ်ချောင် မင်းငါ့ရဲ့တောင်းဆိုချက်တစ်ခုကို သဘောတူပေးနိုင်မလား”
သာ့လွန်ရော့ကျန်းက ရုတ်တရက်ပြောသည်။ ဝမ်ချောင်က မျက်မှောင်ကျုံ့လိုက်ကြောင်း မြင်လိုက်သောအခါ သာ့လွန်ရော့ကျန်းက ပြုံးပြီးဆက်ပြောသည်။
“စိတ်အေးအေးထားပါ ငါကမင်းရဲ့ ရန်သူမဟုတ်တော့ဘူး။ ဒီတိုင်း ဟော်ရှု့ဟွေ့ခမ်းရဲ့အလောင်းကို ငါ့ကိုပြန်ပေးပါ။ နောက်ပြီး ငါကဒီမှာ မင်းဆန္ဒရှိသလိုလုပ်ဖို့ နေပေးမယ် ကျေးဇူးပြုလို့”
နောက်ဆုံးသောစကားနှင့်အတူ သာ့လွန်ရော့ကျန်း၏အပြုံးက လျော့ပါးပျောက်ကွယ်သွားသည်။ သူသည် ခါးကိုအနည်းငယ်ကိုင်းလိုက်ပြီး အသနားခံသောမျက်လုံးမျိုးနှင့်ကြည့်သည်။ ထိုအခိုက်အတန့်တွင် ယွီစန်း၏ ပြိုင်ဘက်ကင်းပြီး မြင်နိုင်စွမ်းအားပြင်းထန်သော ပညာရှိလွန်းသည့် အမတ်ကြီးက မရှိတော့ချေ။ ဝမ်ချောင်၏အရှေ့တွင် ဒီတိုင်း သာမာန်လူသားတစ်ယောက် နှိမ့်ချတတ်ပြီး ရှေ့ကလွဲပြီး ကြိုမမြင်နိုင်သည့် သာ့လွန်ရော့ကျန်းသာရှိသည်။
ဘန်း
ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ လီစစ်ယဲ့နှင့် ရွှယ်ချန်ကျွင်းတို့အားလုံးက ထိုမြင်ကွင်းကြောင့် အံ့ဩသွားကြသည်။ ဝမ်ချောင်ကပင် ခံစားသွားရ၏။ လူတိုင်းကလည်း သာ့လွန်ရော့ကျန်း၏ စကားများကိုကြားသည်။ သို့သော် မည်သူကမှ သာ့လွန်ရော့ကျန်းဟာ ဟော်ရှု့ဟွေ့ခမ်း၏ အလောင်းအတွက်ကြောင့်နှင့် သူ့အသက်သူ အလျော့ပေးလိုက်မည်ဟု မထင်ထားမိချေ။
ထို့ပြင် ဟော်ရှု့ဟွေ့ခမ်း၏ အလောင်းအတွက်ကြောင့် ဝမ်ချောင်ထံ ဦးညွှတ်လိမ့်မည်ဟု ပို၍ပင် မမျှော်လင့်ထားမိသေးချေ။
သာ့လွန်ရော့ကျန်းသည် မာနကြီးသည်။ လူအနည်းစုကသာ သူ့ကိုဦးညွှတ်အောင် လုပ်နိုင်သည်။ ကောင်းရှန်းကျစ်ကပင် ထိုအမျိုးအစားထဲတွင် မပါဝင်ချေ။ သို့သော် ဟော်ရှု့ဟွေ့ခမ်း၏ အလောင်းအတွက်ကြောင့်နှင့် သူက သူ၏အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတိုင်းကို လျစ်လျူရှု့ပြီး မာနကြီးလွန်းသော ခေါင်းကိုပင် နှိမ့်ချပေးခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏နှလုံးသားက ဖော်ပြရန်ခက်ခဲသော ခံစားချက်များ၏ လွှမ်းမိုးမှုကိုခံလိုက်ရသည်။
အခန်း(၁၁၅၄)
“မင်းခွင့်ပြုပေးနိုင်လား”
သာ့လွန်ရော့ကျန်းက တစ်ကြိမ်ထပ်မေးသည်။ ထိုအသံထဲတွင် အသနားခံသံက ပါလာသည်။
“ငါ ငါ့ရဲ့တစ်ဘဝလုံး ဟော်ရှု့ဟွေ့ခမ်းကို သိခဲ့တာ။ သူကငါ့အနားမှာ အမြဲတမ်းရှိခဲ့တဲ့ အပေါင်းအဖော်ပဲ။ ငါသူ့ကို ကတိပေးထားခဲ့တာကို မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ သူ့ကိုယွီစန်းဆီ ပြန်ပို့ပြီး ကောင်းကောင်းမွန်မွန် မြုပ်နှံပေးချင်တယ်။ ဒါကအဆင်ပြေနိုင်မလား”
ဝမ်ချောင်က သာ့လွန်ရော့ကျန်း၏ မျက်လုံးထဲမှ အရှုံးပေးထားသော အကြည့်မျိုးကိုမြင်လိုက်သည်။ ရှင်းပြရန်ခက်ခဲလောက်အောင် သူဟာ ဟော်ရှု့ဟွေ့ခမ်း၏ နောက်ဆုံးသောစကားများကို အမှတ်ရသွားသည်။ သူ၏နှလုံးသားထဲတွင် ပြင်းထန်စွာသက်ပြင်းချမိသွားသည်။ သူဟာ နောက်ဆုံးတွင် သူ၏မြင်းကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ခိုင်းလိုက်သည်။ သူဟာ သာ့လွန်ရော့ကျန်းနှင့် အချိန်အကြာကြီး တိုက်ခိုက်ခဲ့သည့်တိုင်အောင် အဆုံးသတ်တွင် နောက်ဆုံးသောတောင်းဆိုချက်ကို ငြင်းရန်မဖြစ်နိုင်ကြောင်း သိလိုက်သည်။
“တစ်ယောက်ယောက်လာ ဟော်ရှု့ဟွေ့ခမ်းရဲ့ အလောင်းကို သယ်လာခဲ့”
ဒုန်း ဒုန်း ဒုန်း
တခဏခန့်ကြာပြီးနောက် ထန်မြင်းတပ်အဖွဲ့ဝင် အချို့က နောက်တန်းမှ မြင်းစီးလာသည်။ မြင်းတစ်ကောင်၏ထိပ်ပေါ်တွင် ဟော်ရှု့ဟွေ့ခမ်း၏ အလောင်းကပါလာသည်။
“အရှင်အမတ်မင်း”
လူပေါင်းများစွာက ရှေ့တက်လာကြပြီး ဟော်ရှု့ဟွေ့ခမ်း၏အလောင်းကို သာ့လွန်ရော့ကျန်း၏ အရှေ့တွင် ချထားပေးသည်။ ထို့နောက် ခပ်မြန်မြန် ထွက်သွားကြ၏။ ဝမ်ချောင်က သာ့လွန်ရော့ကျန်းကို တိတ်တဆိတ်သာ ကြည့်နေသည်။ သာ့လွန်ရော့ကျန်းကမူ ဘာကိုမှ မြင်ပုံမရဘဲ ဘာကိုမှလည်း ခံစားမိပုံမရတော့ချေ။ သူ၏အကြည့်က ဟော်ရှု့ဟွေ့ခမ်း၏အလောင်း ပေါ်ပေါ်လာလာချင်း ထိုအလောင်းထံတွင်သာ ရှိတော့သည်။
သာ့လွန်ရော့ကျန်း၏ ဖျော့တော့သောအပြုံးက ပျောက်ကွယ်သွားပြီးလေပြီ။ သူဟာ မြင်းကိုရှေ့သို့သွားအောင် နှင်လိုက်သည်။ လူတိုင်း၏အကြည့်များအကြားတွင် သူ၏ ဝမ်းနည်းမှုများ ပြည့်နှက်နေသောအကြည့်က ဟော်ရှု့ဟွေ့ခမ်း၏ အလောင်းပေါ်ရောက်သွားသည်။ ထိုထဲတွင် ရင်ကျိုးမရဖြစ်သလို အကြည့်များလည်းပါသည်။ ဟော်ရှု့ဟွေ့ခမ်းက နီရဲတောက်ပနေသော သံချပ်ကာကြီးကို ဝတ်ထားသည်။ သူက သေသွားသည့်တိုင်အောင် သူ၏ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသော ခန္ဓာကိုယ်က လွှမ်းမိုးနိုင်စွမ်းပြင်းထန်ပြီး ရဲရင့်သော အရှိန်အဝါကို လွှတ်ထုတ်နေသေးသည်။ သို့သော် မျက်နှာကမူ ဖြူဖျော့နေပြီး ခန္ဓာကိုယ်က အသက်ကင်းမဲ့သွားသည်။
သာ့လွန်ရော့ကျန်းသည် ခေါင်းကိုမော့ပြီးမေးသည်။
“ဝမ်ချောင် သူ့ရဲ့နောက်ဆုံးစကားတွေကို မင်းပြောနိုင်မလား”
ဝမ်ချောင်က ခပ်ပြင်းပြင်း သက်ပြင်းချပြီး ဟော်ရှု့ဟွေ့ခမ်း၏ နောက်ဆုံးသော စကားလုံးများကို မချွင်းမချန် ပြောပြလိုက်သည်။
သာ့လွန်ရော့ကျန်းက ဟော်ရှု့ဟွေ့ခမ်း၏အလောင်းကို စိုက်ကြည့်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားကာ သူ၏မျက်လုံးတွင် မျက်ရည်စီးကြောင်း နှစ်ကြောင်းက စီးကျလာသည်။
“ဟော်ရှု့ ငါတောင်းပန်ပါတယ်။ ဒီစစ်ပွဲမှာ ငါကတိမတည်နိုင်ခဲ့ဘူး”
သာ့လွန်ရော့ကျန်းက ခေါင်းကိုငုံ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တဆတ်ဆတ်တုန်ခါနေသည်။ သူသည် အတိတ်မှဖြစ်ရပ်များကို ပြန်လည်မြင်ယောင်နေပြီဖြစ်သည်။
တိဗက်တောင်ပေါ်ဒေသ တစ်နေရာတွင် ငယ်ရွယ်သော ဟော်ရှု့ဟွေ့ခမ်းက ကျားပေါက်တစ်ကောင်လိုမျိုး သူ့အားဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
“ငါဟော်ရှု့ဟွေ့ခမ်းက တောင်ပေါ်ဒေသရဲ့ နဂါး တောင်ပေါ်ဒေသရဲ့ကျားပဲ။ စန်းပေါ်က အမိန့်ချလာရင်တောင်မှ ငါမင်းလို စာသင်သားတစ်ယောက်နဲ့ ပူးပေါင်းမှာမဟုတ်ဘူး။ ငါမင်းဆီမှာ အညံ့မခံနိုင်ဘူး”
“ဟား ဟား မင်းက နဂါးဖြစ်ဖြစ် ကျားဖြစ်ဖြစ် ဘာများအရေးပါသလဲ။ နဂါးဆိုရင်တောင်မှ ကောင်းကင်ကို မတက်နိုင်ဘူး။ မင်းကကျားဆိုရင်လည်း မြေမလျိုးနိုင်ဘူးလေ။ လူတစ်ယောက်ရဲ့အင်အားက ပြိုင်ဘက်ကင်းတဲ့ လုပ်ဆောင်မှုကို မဖန်တီးနိုင်ဘူး။ မင်းကဘာအသုံးဝင်လို့လဲ”
“မင်း”
“ဟား ဟား မင်းဆိုတာကဘာလဲ။ ငါ့ရဲ့စကားက မှားလို့လား”
“ဟွန်း ဘာအင်အားမှမရှိဘဲ ကြက်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ ပညာသင်သားတစ်ယောက် ငါ့ရဲ့လက်အောက်ငယ်သား တစ်ယောက်ကိုတောင် မနိုင်တာကို မင်းက ဘာအသုံးဝင်လဲ”
“ဟေး တိုင်းပြည်တစ်ပြည် ဘယ်လိုလည်ပတ်ပြီး လူတွေကိုငြိမ်းချမ်းမှု ဘယ်လိုယူဆောင်ပေးရသလဲ ဆိုတာကို မင်းသိလား။ ရွက်ဖျင်တဲအတွင်းမှာ ဗျူဟာအကြံအစည်တွေချပြီး တစ်လောကလုံးကို အနိုင်ပတ်ယူနိုင်တာကို မင်းနားလည်လား။ အဝေးကလူတွေနဲ့ပူးပေါင်းပြီး အနီးအနားကလူတွေကို တိုက်ခိုက်နိုင်တာကိုရော သိလား”
“???”
“.....”
“အရှင်ကယွီစန်းကို ဘယ်လိုအင်အားကြီးမားအောင်လုပ်ဖို့ ကြံစည်ထားလဲ”
“နှစ်သုံးဆယ်ဆိုတဲ့ အချိန်ကာလအတောအတွင်း မလုပ်နိုင်တာ ဘာရှိမှာလဲ”
“ဟွန်း အရှင်က ကြက်တစ်ကောင်ကိုတောင် သတ်နိုင်တဲ့စွမ်းအား မရှိဘဲနဲ့။ ငါကတော့ နေ့ခင်းကြောင်တောင် အိမ်မက် မက်နေတယ်လို့ထင်တာပဲ”
“ဟား ဟား ဒါပေမဲ့ ငါ့မှာမင်းမရှိဘူးလား”
“...”
“...”
“.....”
“ဟော်ရှု့ ငါတို့ထပ်ရှုံးပြန်ပြီ။ မဟာထန်က ငါတို့ထင်ထားတာထက် အင်အားကြီးလွန်းနေတယ်”
“မင်းကလက်လျော့ချင်လို့လား”
“မလျော့ပါဘူး။ မလျော့ဘူး ယွီစန်းက အားနည်းလွန်းတယ်။ ငါ့ကိုနှစ်သုံးဆယ်ပဲပေး။ ငါသေချာပေါက် ယွီစန်းကို အင်အားအကြီးဆုံးတည်ရှိမှုဖြစ်အောင် လုပ်ပေးမယ်”
“အဲ့ဒီလိုဆိုမှတော့ မဟာအမတ်မင်းက လက်မလျော့ဘူးဆိုရင် နောက်ထပ် နှစ်သုံးဆယ်ကြာပြီးတဲ့နောက်မှာ ငါကမင်းရဲ့ ညာလက်ရုံး မင်းရဲ့ဘယ်လက်ရုံးဖြစ်ပေးမယ်”
“...”
“.....”
အတိတ်ကမြင်ကွင်းများက သူ၏မျက်ဝန်းအတွင်း လျှပ်စီးလက်သလို မြန်ဆန်စွာ ဖြတ်ပြေးသွားသည်။ သာ့လွန်ရော့ကျန်း၏ မျက်လုံးထဲတွင် မျက်ရည်များက အဆုံးအစမဲ့သလို ဆက်တိုက်စီးကျနေသည်။
“ဟော်ရှု့ ဒီတစ်ကြိမ်မှာ ဒီအခြေအနေတွေကို ဖြစ်ပျက်စေခဲ့တာက ငါပါပဲ။ မင်းက ဘဝတစ်ဝက်လုံးနီးပါး ငါ့ကိုအဖော်ပြုပေးခဲ့တယ်။ ဒါကြောင့် မင်းကိုပြန်ပြီး အဖော်ပြုပေးမယ်။ မင်းတို့နှစ်ယောက် ကောင်းကောင်းနားထောင် ဟော်ရှု့ဟွေ့ခမ်းရဲ့အလောင်းကို တောင်ပေါ်ကို ချက်ချင်းပြန်ပို့လိုက်။ ကြားထဲမှာ မတော်တဆ လွဲမှားမှုတွေရှိရင် မင်းတို့ရဲ့ခေါင်းကို မင်းတို့ရဲ့လက်နဲ့ ကိုယ်တိုင်ခုတ်ဖြတ်လိုက်တော့”
“ဟုတ်ကဲ့”
သာ့လွန်ရော့ကျန်း၏ အနားတွင်ရှိသည့် သစ္စာရှိအစောင့်နှစ်ယောက်က တစ်စုံတစ်ရာကို ခံစားမိပုံပေါ်သည်။ သူတို့က ခေါင်းကိုငုံ့ချလိုက်သည်။ သူတို့၏မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများကရှိနေသည်။
“ဝမ်ချောင် မင်းနဲ့ တိုက်ကွက်တွေ ဖလှယ်ခဲ့ရတာက င့ါဘဝမှာ ဂုဏ်အယူရဆုံး အခိုက်အတန့်ပါပဲ”
သာ့လွန်ရော့ကျန်းက အသက်ပြင်းပြင်းရှုသည်။ ဝမ်ချောင်ကို စိုက်ကြည့်လာသည့် အခိုက်အတန့်တွင် သူ၏မျက်လုံးထဲတွင် အလင်းရောင်များက ပြန်လည်ရောက်ရှိလာသည်။
“စိတ်အေးအေးထားပါ ဒီနေ့မင်းနဲ့ အခုလိုမျိုး စကားပြောခွင့်ရခဲ့လို့ ငါဘယ်တော့မှ နောင်တမရပါဘူး”
သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။ တဖန်ထပ်ပြီး အင်အားအပြည့်နှင့် ယုံကြည်မှုအပြည့်ရှိသော အမတ်မင်းပြန်ဖြစ်သွားပြန်သည်။
“တော်ဝင်အမတ်မင်း... စန်းပေါ်... သာ့လွန်ရော့ကျန်းက မင်းတို့ကို ပြန်မတွေ့နိုင်တော့ဘူး။ မင်းတို့ကို ပြန်ကြည့်ဖို့လည်း မျက်နှာမရှိတော့ပါဘူး။ ဒီစီမံကိန်းနှစ်ခုမှာ တိဗက်မြင်းသည် လေးသိန်းကျော်က အသတ်ခံခဲ့ရတယ်။ သာ့လွန်ရော့ကျန်းက သူ့ရဲ့အသက်နဲ့ပဲ ပြန်လည်ပေးဆပ်ပါတော့မယ်”
စွစ်
ဝမ်ချောင်က မတုန့်ပြန်နိုင်သေးခင် သာ့လွန်ရော့ကျန်းက သူ၏ခါးမှဓားကိုထုတ်ပြီး သူ့လည်ပင်းသူ လှီးဖြတ်လိုက်သည်။
သွေးများက ကောင်းကင်သို့တိုင် ထိုးတက်သွားသည်။ သို့သော် သာ့လွန်ရော့ကျန်းကမူ ခေါင်းကိုမော့လျှက် ရပ်နေသေးသည်။ သူ၏တည်ငြိမ်သော မျက်လုံးများက အဝေးရှိကောင်းကင်ကိုသာ လှမ်းကြည့်နေ၏။ နောက်ဆုံးတွင်မူ မျက်လုံးထဲမှအလင်းများက မှိန်သွားလေပြီး တဖြည်းဖြည်းချင်း မြင်းပေါ်မှ ပြုတ်ကျသွားသည်။
ဘန်း
သူ၏ပိန်ပါးသောကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အချိန်တွင် ဖုန်များက လိမ့်တက်လာသည်။ ထိုအချိန်တွင် တိုက်ပွဲနယ်မြေတစ်ခုလုံးက အလွန့်အလွန် တိတ်ဆိတ်သွားသည်။
ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ရွှယ်ချန်ကျွင်း... အားလုံးက ထိုမြင်ကွင်းကို အံ့အားသင့်မှုအပြည့်နှင့် ကြည့်နေကြသည်။
မျိုးဆက်တစ်ဆက်လုံး ကျော်ကြားသည့် အမတ်ကြီး... နာ့ယိတော်ဝင်တပ်ရင်း၏ အကျော်ကြားဆုံးသော သူတော်စင်ကြီး... အင်ပါယာ၏ကျား ကျန်းချုံကျန့်ချုံးကပင် အနိုင်မယူနိုင်သည့် တည်ရှိမှုက ထိုသို့ဖြင့် ဝမ်းနည်းစရာကောင်းသော ပုံစံမျိုးနှင့်အတူ သေသွားသည်။
“မဟာအမတ်မင်း”
အလွန်ဝေးကွာလွန်းသောနေရာ ရှည်လျားပြီး ကျဉ်းမြောင်းလွန်းသော တံတားပေါ်ရှိ ဟော်ပါးစမ်းယဲ့က ရင်ကွဲနာကျသလိုအော်သည်။ သူ၏မျက်လုံးကလည်း မျက်အိမ်ထဲမှ ပြူးထွက်လုနီးပါးဖြစ်လာသည်။
“ဝမ်ချောင် မင်းဒီနေ့လုပ်ခဲ့တဲ့ ကိစ္စအတွက် တန်ကြေးပေးဆပ်ရမယ်။ ယွီစန်းက ဘယ်တော့မှ မရှုံးဘူး။ တစ်ရက်မှာငါက မဟာအမတ်မင်းနဲ့ မဟာဗိုလ်ချုပ်ကြီးတို့အတွက် ကလဲ့စားချေမယ်”
“အရှင်အမတ်မင်း ငါလူနည်းနည်းခေါ်ပြီး သူ့ကိုသွားသတ်လိုက်မယ်”
လီစစ်ယဲ့က ရုတ်တရက်ပြောသည်။ သူသည် အဝေးရှိ ဟော်ပါးစမ်းယဲ့ကို အေးစက်သောမျက်လုံးဖြင့် လှမ်းကြည့်သည်။
“ယွီစန်းက အခု လက်ရွေးစင်တွေမရှိတော့ဘူး။ သာ့လွန်ရော့ကျန်းလည်းမရှိ ဟော်ပါးစမ်းယဲ့လည်းမရှိဘဲ ငါတို့ကရုတ်တရက် တိုက်ခိုက်လိုက်ရင် ဟော်ပါးစမ်းယဲ့နဲ့ ကျန်တဲ့တိဗက်စစ်သားတိုင်းကို အလုံးစုံ ရှင်းလင်းနိုင်တဲ့ အခြေအနေမျိုး ရှိနေပြီ”
ကန်းခယ်ဘုရင်ကလည်း ရှေ့သို့နှစ်လှမ်းတိုးလာသည်။ သူကဘာစကားမှမဆိုချေ။ သို့သော် လီစစ်ယဲ့ကသာ သွားမည်ဆိုလျှင် သူသည်လည်း လိုက်မည့်ပုံပေါ်သည်။ နှစ်ယောက်လုံးက အတူပေါင်းပြီး ဟော်ပါးစမ်းယဲ့ကို သတ်ချင်သည်။
မြောက်များလှစွာသော တိုက်ပွဲများပြီးနောက် ဝမ်ချောင်၏စစ်တပ်အတွင်းရှိ အဆင့်အတန်းက နေ့လည်ခင်း နေမင်းအလား မြင့်မားနေပြီဖြစ်သည်။ သူက ချွီထေပါးကို သတ်ခဲ့ပြီးနောက် သူ၏အဆင့်အတန်းက လူတိုင်း၏အထက်တွင်ဖြစ်သွားသည်။
ကောင်းရှန်းကျစ်ပင်ဖြစ်စေ ချန်းချန့်လီတို့ကပင် မယှဉ်နိုင်တော့ချေ။ ဟော်ပါးစမ်းယဲ့က လူတိုင်း၏အရှေ့တွင် ဝမ်ချောင်ကို ခြိမ်းခြောက်ခြင်းက အသေခံသလိုဖြစ်နေသည်။
“ထားလိုက်ပါ သူ့ကိုလွှတ်ပေးလိုက်”
ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။
“သူတစ်ယောက်လောက်က ဟော်ရှု့ဟွေ့ခမ်းလို စွမ်းရည်မျိုးလည်းမရှိဘဲ သာ့လွန်ရော့ကျန်းလိုလည်း ဉာဏ်ကောင်းတာမျိုးမဟုတ်ဘူး။ သူကဒီတိုင်း သာ့လွန်ရော့ကျန်း သေသွားလို့ ဒေါသထွက်နေရုံပါ။ သူက မဟာထန်ကို ဘယ်လောက်မှ မခြိမ်းခြောက်နိုင်ပါဘူး”
ထိုသို့ပြောပြီးနောက် ဝမ်ချောင်ကခေါင်းကိုငုံ့ကာ အနီးအနားရှိ သာ့လွန်ရော့ကျန်းကိုကြည့်သည်။ အချို့သော အကြောင်းပြချက်များကြောင့် သူသည် မပျော်မိသလို စိတ်လှုပ်ရှားမှုကိုလည်း မခံစားရချေ။ သာ့လွန်ရော့ကျန်းသည် ဆက်တိုက်ခြိမ်းခြောက်ပြီး အင်အားကြီးမားလွန်းသော ခြိမ်းခြောက်မှုကြီးဖြစ်ခဲ့သည်။ သို့သော် သူဟာ သတ်ဖြတ်လိုစိတ်ကို မခံစားရတော့ချေ။ ထိုအစား တစ်စုံတစ်ရာကို ဆုံးရှုံးသွားသလို ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဟော်ရှု့ဟွေ့ခမ်းနဲ့ သာ့လွန်ရော့ကျန်းရဲ့အလောင်းကို ယွီစန်းကို ပြန်ပို့လိုက်ပါ။ ကျန်တဲ့ယွီစန်းက စစ်သားတွေကိုတော့ သူတို့က တိုက်ခိုက်လိုတဲ့ ဆန္ဒသာမရှိရင် လွှတ်ပေးလိုက်။ သွားခွင့်ပြုလိုက်ပါ ဘယ်သူကမှ သူတို့ကို တိုက်ခိုက်ခွင့်မရှိဘူး”
ဝမ်ချောင်က သက်ပြင်းသာချရင်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ အရှင့်ရဲ့လက်အောက်ငယ်သားက အခုချက်ချင်း လုပ်လိုက်ပါ့မယ်”
ဝမ်ချောင်၏အနားတွင် လီစစ်ယဲ့၊ ကန်းခယ်ဘုရင်ပင်ဖြစ်စေ၊ အခြားသော အရာရှိများပင်ဖြစ်စေ ခေါင်းကိုငုံ့ပြီး အမိန့်ကိုနာခံကြောင်း အမူအရာပြသည်။ သူတို့ဟာ အလွန်ကျိုးနွံနေကြသည်။
ဝမ်ချောင်က လက်ကိုတစ်ဖက်ယမ်းလိုက်သည်။ အချို့သောလူများက မြင်းပေါ်မှစီးပြီး သာ့လွန်ရော့ကျန်း၏ အလောင်းကို စစ်မြင်းပေါ်သို့တင်သည်။ ထို့နောက် ဦးဆောင်ကာခေါ်သွားသည်။ ကျောက်တုံးတံတားနားတွင် တောင့်တင်းနေပြီး ထိတ်လန့်နေကြသော တိဗက်စစ်သည်တော် တစ်အုပ်က သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်း၏ အလောင်းများကို လက်ခံရယူလေသည်။ ထို့နောက် စကားတစ်ခွန်း မဆိုတော့လေဘဲ အဝေးသို့ ထွက်ခွာသွားလေသည်။
ဘုန်း
ရုတ်တရက် အခြားတစ်ဖက်ခြမ်းမှတစ်ဆင့် တံတားကြီးကိုချိုးဖျက်လိုက်သံက ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် တံတားကြီးတစ်ခုလုံးက ချောက်ထဲသို့ကျသွားသည်။
ဝမ်ချောင်က အရာအားလုံးကို လှမ်းမြင်သည်။ သို့သော် စကားတစ်ခွန်းမှမဆိုချေ။
“သွားရအောင်”
ဝမ်ချောင်က အသက်ပြင်းပြင်းရှုပြီး စစ်တပ်ကိုဦးဆောင်ကာ ခေါ်သွားသည်။
ယွီစန်းနှင့်ကိစ္စက အဆုံးသတ်သွားလေပြီ။ သို့သော် အာရေးဗီးယားကမူ အလှမ်းဝေးသေး၏။ အနောက်ပိုင်းနယ်မြေတွင် နေထိုင်သည့် ထိုတိုင်းပြည်ကြီး၏ မဟာထန်ပေါ် ခြိမ်းခြောက်မှုကို ဝမ်ချောင်ကလွဲပြီး မည်သူကမှ နားလည်လိမ့်မည်မဟုတ်ချေ။ သူကသာ သံမဏိကို ပူတုန်းထုပြီး အလုံးစုံရှုံးသွားအောင် မလုပ်နိုင်လျှင် မဟာထန်ကလည်း သိပ်မကြာခင် တစ်ရက်ရက်တွင် ပြန်ရောက်လာမည့် သိန်းချီသော အာရပ်စစ်တပ်ကို လက်ခံနိုင်လိမ့်မည်မဟုတ်ချေ။
“ဟိုက်ရား”
ကြာပွတ်ကိုတစ်ချက်ဖြတ်ရိုက်ပြီးနောက် လေထုက ကွဲအက်ကြောင်းများပင် ထင်သွားသလို ပေါက်ကွဲထွက်သွားသည်။ စစ်တပ်တစ်ခုလုံးက လျှင်မြန်စွာ ရွေ့လျားကြပြန်သည်။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ကဦးဆောင်သည့် အင်အားစုက ရွှီယွမ်ချင်းနှင့် လုံရှီယွီတို့၏ လူများကိုမှီသွားသည်။
ထိုအခြေအနေက ဝမ်ချောင်ထင်ထားသလို မဟုတ်ချေ။ သူက အင်အားစုများကိုဦးဆောင်ပြီး ရရှိလာသောအခါ အပုမူစလင်တို့ကို မမြင်ရတော့ချေ။
“ဘာဖြစ်တာလဲ အပုမူစလင်နဲ့ အာရပ်တွေက ဘယ်မှာလဲ”
ဝမ်ချောင်ကပြောသည်။ သူကမျက်မှောင်ကျုံ့နေသည်။
“အရှင်အမတ် ပြဿနာတစ်ခုရှိနေတယ်။ ငါတို့တွေ အပုမူစလင်နောက်ကို လိုက်နေတဲ့အချိန်မှာ အော့စမန်းရဲ့လူတွေကြောင့် ခြုံခိုတိုက်ခိုက်ခံရပြီး နှောင့်နှေးသွားခဲ့တယ်”
လုံရှီယွီက အမောတကောအသက်ရှုရင်း ပြောသည်။
“အော့စမန်းဟုတ်လား”
ဝမ်ချောင်က အံ့အားသင့်သွားသလို မျက်ခုံးပင့်လိုက်သည်။ သူက မှတ်မိသည်မှာ မှန်ကန်လျှင် သူက အစပိုင်းကတည်းက အော့စမန်းကို ဒဏ်ရာရအောင် လုပ်ထားပြီးသားဖြစ်သည်။ တစ်ဖက်သူက သွေးလွတ်မြောက်ခြင်းကိုသုံးပြီး ထွက်ပြေးသွားခဲ့ရသည်။ အာရပ်ဗိုလ်ချုပ်များအကြားတွင် သူက အရင်ဆုံး တိုက်ပွဲနယ်မြေထဲမှ ထွက်သွားခဲ့ရသည်။ ဝမ်ချောင်ကလည်း သူက ယခုလိုအခြေအနေမျိုးတွင် ပေါ်လာမည်ဟု မထင်ထားမိချေ။
လုံရှီယွီက ဂါရဝပြုရင်း ခပ်တင်းတင်းပြောသည်။
“ငါတို့က အရင်ကတည်းက အာရပ်ပိုင်နက် နယ်မြေထဲကို မဝင်ရောက်နိုင်ခဲ့တဲ့အပြင် သူတို့မှာ ခြုံခိုတိုက်ခိုက်ဖို့ စောင့်စားနေတဲ့တပ်ကူတွေ ရှိမရှိ မသိရလို့ ယွမ်ချင်နဲ့ငါက အရှင်လာတဲ့အထိ စောင့်ပြီးမှ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ”
‘အကောင်းဆုံးသော အခြေအနေမျိုးကိုမသိဘဲ လျှောက်လုပ်ရင် အကောင်းဆုံးသော ရလဒ်မျိုးကို မရနိုင်ချေ။ သို့သော် ယခုလိုမျိုး စောင့်ဆိုင်းလိုက်ခြင်းကလည်း အမှားနည်းသွားသည်’ ဒါဟာ မဟာထန်က တိုက်ပွဲကို အနိုင်ရယူပြီးခဲ့သည့်တိုင်အောင် ပို၍ဆုံးရှုံးမှုများ ဖြစ်မလာစေရန်အလို့ငှာ ဉာဏ်ပညာရှိစွာ ရွေးချယ်လိုက်ခြင်းဖြစ်သည်။
“ရတယ် အပုမူစလင်နဲ့ ကျစ်ရက တော်တော်လေး အားနည်းနေပြီဆိုပေမဲ့လည်း ကင်းခြေများတစ်ကောင်က ခြေထောက်အကုန်လုံးမကျိုးဘဲ လဲကျသွားမှာမဟုတ်ဘူး။ သူ့ရဲ့ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေက မင်းတို့နှစ်ယောက် မယှဉ်နိုင်တာက ပုံမှန်ပါပဲ။ ဝမ်ချောင်နဲ့ငါရောက်လာတဲ့ အချိန်အထိ စောင့်တာက ပိုကောင်းတယ်”
ကောင်းရှန်းကျစ်ကပြောသည်။
“အွန်း”
ဝမ်ချောင်ကလည်း ခေါင်းညိမ့်သည်။ သူကလည်း ကောင်းရှန်းကျစ်၏စကားကို လက်ခံသည်။
“ထွက်ခွာမယ် အပုမူစလင်က အဝေးကြီးမရောက်လောက်သေးဘူး။ နောက်ပြီး သူက အနားယူပြီး အင်အားပြန်ဖြည့်ဖို့လည်း မချိန်မလုံလောက်ဘူး။ သိပ်မဝေးတဲ့နေရာ အရှေ့ပိုင်းက ဆမ်ဆာခမ်းပဲ။ သူတို့အနီးကပ်ဆုံးရွေးလောက်မဲ့ အခြေစိုက်စခန်းက အနောက်ဘက်ခြမ်းဖြစ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေသူတို့ကို အသက်ရှုချိန်ယူပြီး စစ်သားတွေစုဆောင်းခွင့် မပြုနိုင်ဘူး”
ဝမ်ချောင်က ခပ်တင်းတင်းပြောလိုက်သည်။
အခန်း(၁၁၅၅)
‘ငါတို့မှာ သတ္တိရှိနေတဲ့အချိန်မှာ ရန်သူကို ချောင်ပိတ်ပြီး လိုက်ဖမ်းရမယ်။ ဒါပေမဲ့ ငရဲဘုရင်ကိုတော့ မလှုံ့ဆော်မိစေနဲ့’
အပုမူစလင်နှင့် ကျစ်ရတို့က ယခုအခါ အားနည်းနေသည်။ သို့သော် သူတို့ကို အင်အားအပြည့်သာ ပေးလိုက်ပါက အခြေအနေ ဆိုးရွားလာနိုင်သေးသည်။ ထို့ကြောင့် ယခုအနေအထားအရ တစ်ခုတည်းသော ရွေးချယ်မှုက ထွက်ပြေးရန်ဖြစ်သွားသည်။ သို့သော် သူတို့ကသာ အင်အားပြန်ပြည့်သွားခဲ့မည်ဆိုလျှင် ထင်သလောက် မလွယ်နိုင်ချေ။
“သွားရအောင်”
ကောင်းရှန်းကျစ်က ဝမ်ချောင်ထက်ပို၍ တိုက်ရိုက်ဆန်သည်။ သူက အမိန့်တစ်ခုထုတ်ပြီး သူ၏စစ်သားများကို ဦးဆောင်ကာ အပုမူစလင်၏နောက်သို့လိုက်သည်။
သူတို့က လီတစ်ဆယ်ကျော် ထွက်သွားပြီးနောက် ပါးနားဟန်က မြင်းဒုန်းစိုင်းစီးလျှက် ရောက်လာသည်။
“အရှင် အရှေ့က အနက်ရောင်တောအုပ်ပါ။ ငါတို့အနက်ရောင်တောအုပ်ကို ကျော်ဖြတ်လိုက်တာနဲ့ လီတစ်ရာကျော်လောက်ကို ဆက်သွားပြီးရင် ဆမ်ဆာခမ်းကိုရောက်ပြီ”
ဝမ်ချောင်၏ အသိုင်းအဝိုင်းထဲရှိ မည်သူကမှ အာရေးဗီးယားသို့ မရောက်ဖူးချေ။ ထို့ကြောင့် သူတို့က ပတ်ဝန်းကျင်နယ်မြေကို နားမလည်ချေ။ သို့သော် ပါးနားဟန်ကမူ ခြားနားသည်။ အနောက်ပိုင်းနယ်မြေ၏ ဖာဟားနားအဖွဲ့ကြီး၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် သူဟာ ငယ်ရွယ်ချိန်တွင် ဆမ်ဆာခမ်းသို့ မကြာခဏသွားဖူးသည်။ ထိုသို့သွားလည်ခဲ့ပြီးသည်မှာ အလွန်ကြာနေသောကြောင့် တိကျသော လမ်းကြောင်းကို မသိတော့သော်လည်း ဦးတည်ရာဘက်ကိုမူ အကြမ်းဖျင်းပြောနိုင်သေးသည်။
ခီး...
ရုတ်တရက် အရှေ့ဘက်မှ စူးရှသောအော်သံက ထွက်လာသည်။ ကြီးမားသော ကျောက်တုံးသိန်းငှက်ကြီးက တောင်ပံကိုဖြန့်ကားပြီး လေထဲတွင်ဝိုင်းပတ်ကာ ပျံသန်းနေသည်။ ထို့နောက် သူ၏ရွေ့လျားမှုနှင့်အတူ လေထဲတွင် ထူးဆန်းသော သဏ္ဍန်များကို ရေးဆွဲပြသည်။ သူက ထပ်ခါတလဲလဲ လုပ်ပြပြီး လေထဲတွင် သိသာထင်ရှားသည့် ပုံပန်းသွင်ပြင်ပေါ်လာမှသာ ရှေ့ဘက်သို့ပျံသန်းသွားသည်။
ကျန်းချွယ်က ကောင်းကင်မှအကြည့်ရုတ်ပြီး ဝမ်ချောင်၏အနားသို့လာသည်။
“အရှင် အရှေ့မှာ သတင်းရပါတယ်။ အနက်ရောင်တောအုပ်ထဲမှာ တိုက်ပွဲဖြစ်နေတဲ့ပုံပါပဲ”
ကျောက်တုံးသိန်းငှက်က ကျန်းချွယ်၏ သိန်းငှက်အသင်းမှ လေ့ကျင့်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ထူးဆန်းသော ဘာသာစကားနှင့် ဆက်သွယ်မှုပြုနိုင်သည်။ မတူကွဲပြားသော သင်္ကေတများကတင် မတူကွဲပြားသော အဓိပ္ပာယ်ကို ဖော်ပြနိုင်လေသည်။ ယခုလေးတင်လာသွားခဲ့သော ကျောက်တုံးသိန်းငှက်က အရှေ့တွင်တိုက်ပွဲရှိကြောင်း ဖော်ပြသွားခြင်းဖြစ်သည်။
“ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့အရှေ့မှာ အာရပ်ပိုင်နက်နယ်မြေထဲကို ဘယ်သူက ရောက်နိုင်လို့လဲ။ ငါတု့ိအပြင် ဘယ်သူက တိုက်ခိုက်နိုင်မှာလဲ”
ရှီယွမ်ချင်က အရင်ဆုံးပြောသည်။ သူက အံ့အားသင့်နေသည်။
အာရေးဗီးယား၏အင်အားက ခုံးတောင်တန်းမှစတင်ပြီး အနောက်ဘက်တောက်လျှောက် ကျော်ကြားသည်။ မည်သည့်အင်အားစုကမှ သူတို့ကို ရင်မဆိုင်လိုပေ။ ထို့ကြောင့် သူတို့ကို ခြိမ်းခြောက်နိုင်သော အင်အားစုတိုင်းကိုလည်း သူတို့က ဖယ်ရှားထားပြီးသားဖြစ်နေသည်။ ထို့ကြောင့် ရုတ်တရက် အပုမူစလင်ကို ဆွဲထားပေးမည့်လူမျိုး ရှိလိမ့်မည်ဟု မထင်ထားမိချေ။
ကောင်းရှန်းကျစ်ကပင် နားမလည်ချေ။
“ဟွန်း ဟွန်း မသေချာပါဘူး”
ဝမ်ချောင်ကမူ တစ်စုံတစ်ရာကို တွေးမိပုံရပြီး သူ၏မျက်ဝန်းက လင်းလက်သွားသည်။
“ခိုရာစန်းတွေကို မေ့သွားတာလား”
ဝမ်ချောင်၏စကားက ကျန်သောလူအုပ်တစ်ခုလုံးကို မိုးကြိုးပစ်ချလိုက်သလိုမျိုး လှုပ်နှိုးလိုက်သည်။ အစောပိုင်း အံ့အားသင့်မှုပြီးနောက် သူတို့အားလုံးက နားလည်သွားပုံပေါ်သည်။
နောက်ဆုံးတိုက်ပွဲမတိုင်ခင်က ခိုရာစန်းတွေက သတင်းပို့ကိုစေလွှတ်လိုက်ပြီး မဟာထန်နှင့် ပူးပေါင်းလိုစိတ်ဆန္ဒရှိကြောင်း ပြောခဲ့သေးသည်။ ခိုရာစန်းတွေက သတိပေးခဲ့သော အခြေအနေများအရ မဟာထန်ကသာ တာလာ့တွင် တိုက်ပွဲကို အနိုင်အရယူနိုင်ခဲ့ပြီး အပုမူစလင်ဦးဆောင်သည့် စစ်တပ်တစ်ခုလုံးကို အနိုင်ပိုင်းနိုင်မည်ဆိုလျှင် သူတို့ကလည်း သူတို့၏ အင်အားအကြီးဆုံး မြင်းတပ်အင်အားစုကို စေလွှတ်ပြီး ထန်နှင့်ပူးပေါင်းလျှက် အာရပ်ကို နောက်မဆုတ်နိုင်အောင် အဖြစ်ဖြတ် သုတ်သင်ပေးမည်ဟုဆိုသည်။
အက်ဝါရန်ကာတာဖရက်
လူတိုင်းက တူညီသောအတွေး ရှိနေကြသည်။
“သွားရအောင်”
ကောင်းရှန်းကျစ်က မြင်းကိုဒုန်းစိုင်းစီးသွားသည်။ ထိုသု့ိဖြင့် ထန်စစ်သည်နှစ်သောင်းကျော်ကလည်း နောက်မှကပ်လိုက်သွားသည်။ ထိုသို့ဖြင့် အနက်ရောင်တောအုပ်ထဲသို့ဝင်သည်။
သူတို့က အနက်ရောင်တောအုပ်၏ အစွန်းနားသို့ ရောက်ရှိသွားသောအခါ အနည်းငယ်သာ ဆက်သွားလိုက်ပြီးနောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့် သံချပ်ကာဝတ် မြင်းတပ်အဖွဲ့ဝင်များကို မြင်လိုက်ရသည်။ ထိုလူများက သပ်ရပ်သော ဝင်္ကပါနှင့်အတူ သူတို့ထံ မြင်းဒုန်းစိုင်းစီးနင်းလာပြီဖြစ်သည်။ သူတို့အားလုံး၏ ကိုယ်ခန္ဓာ ရုပ်ရည်သွင်ပြင်နှင့် သံချပ်ကာများက အာရပ်များနှင့်တူသော်လည်း အနည်းငယ် ခြားနေသည်။
“ခိုရာစန်းတွေပဲ”
ရှီယွမ်ချင်နှင့် လုံရှီယွီတို့က ပျော်သွားကြသည်။
ခိုရာစန်းတွေက ယခင်တစ်ခေါက် တာလာ့သို့ လာလည်သောအခါ ထိုနှစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လက်ခံကြိုဆိုခဲ့ကြရသည်။ ထို့နောက် တစ်ချက်ကြည့်လိုက်ရုံဖြင့် ခိုရာစန်းတွေနှင့် အာရပ်များကြားမှ ခြားနားမှုကိုသိသွားသည်။
“ဒါက မဟာဗိုလ်ချုပ်ကြီး ဝမ်ချောင်မဟုတ်ပါလား”
ခြေလှမ်းရာကျော်ခြားပြီးနောက် သိန်းငှက်မျက်လုံးနှင့် နှာတံမြင့်မြင့်ရှိသည့် ခိုရာစန်းတွေက ထန်ဘာသာစကားနှင့် လှမ်းပြောလာသည်။
“ငါပါ”
ဝမ်ချောင်၏မျက်လုံးက တောက်ပသွားပြီး အဝေးမှလှမ်း၍ လက်လှမ်းပြလိုက်သည်။
“တစ်ယောက်ယောက်လာ နောက်တန်းကိုသွားပြီး ယွမ်ရှု့စုန့် စီနီယာယွမ်ကိုခေါ်လာခဲ့”
ဝမ်ချောင်၏ အနီးကပ်အစောင့်များထဲမှ တစ်ယောက်က အမိန့်ကို သွားရောက်ပို့ဆောင်သည်။ တခဏခန့်ကြာပြီးနောက် ယွမ်ရှု့စုန့်က ရွှန်းစိုတောက်ပနေသော လည်ဆံမွှေးနှင့် အဖြူရောင် တူရကီမြင်းကိုစီးလျှက် ရောက်လာသည်။
အခြေအနေကို တိတိကျကျသိရအောင် စကားဖလှယ်ပြီးနောက် ဝမ်ချောင်၏တောင်းဆိုမှုအရ ယွမ်ရှု့စုန့်က ရှေ့တက်ကာ ခိုရာစန်းမြင်းတပ်နှင့် စကားပြောသည်။ သူဟာ အားနည်းပြီး ပညာသင်သားတစ်ယောက်နှင့်သာ တူသော်လည်း ဘာသာစကားအရာနှင့် ပတ်သတ်လာလျှင် ယွမ်ရှု့စုန့်က အင်အားအပြည့်နှင့် ယုံကြည်မှုရှိလေသည်။ သူသည် ခြားနားသော လူတစ်ယောက်ကဲ့သို့ပင် ထင်ရသေးသည်။
ဒုန်း ဒုန်း ဒုန်း
တခဏခန့်ကြာပြီးနောက် ယွမ်ရှု့စုန့်က ပြန်လာသည်။
“အရှင် ခိုရာစန်းတွေကပြောတယ်။ သူတို့တွေ အရှင်နိုင်သွားမှန်းသိတယ်တဲ့။ ဒါကြောင့် သူတို့ရဲ့ကတိအတိုင်း သူတို့က အနက်ရောင်တောအုပ်ထဲကို ဆုတ်ခွာလာတဲ့ အာရပ်စစ်တပ်ကို ခြုံခိုတိုက်ခိုက်ပေးပြီး ကာရီယိုအစိုးရ အော့စမန်းကိုသတ်လိုက်ပါပြီ။ ခိုရာစန်းတွေရဲ့ခေါင်းဆောင် မဟာအမတ်မင်း ပါးရန်က အရှင်နဲ့တွေ့ဆုံပြီး အာရပ်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဆွေးနွေးချင်စိတ်ရှိပါတယ်”
ယွမ်ရှု့စုန့်က စိတ်လှုပ်ရှားစွာပြောသည်။
“ဘာ”
လူတိုင်းက အပျော်လွန်သွားကြသည်။
“ဝမ်းသာစရာပဲ”
ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ကသာ အံ့အားသင့်သွားသလို တစ်ယောက်ကိုတစ်ယောက်ကြည့်သည်။
အာရေးဗီးယား၏ အင်အားက အများကြီးထိုးကျသွားပြီး တိုက်ခိုက်လိုစိတ်က ပြတ်လတ်လုနီးပါး ဖြစ်နေသော်လည်း သူတို့သည် စစ်သည်အင်အား သောင်းကျော်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် လက်ရွေးစင်စစ်သားများလည်း ရှိနေသည်။ ထိုစစ်သားများက ပုံမှန်မဟုတ်သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားကြသည်။ ထိုကဲ့သို့သောစစ်တပ်မျိုးကို သမန်ကာလျံကာအဖွဲ့ကလာပြီး နှိမ်နှင်း၍မရချေ။
ခိုရာစန်းတွေက သူတို့ကိုနိုင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော အော့စမန်းကို သတ်နိုင်လျှင် သူတို့သည်လည်း လေးစားဖွယ်ကောင်းသော ထင်မြင်ချက်မျိုးရှိလောက်မည့် အင်အားစုတစ်ခုကို ပိုင်ဆိုင်ထားပေလိမ့်မည်။
ဝမ်ချောင်က တစ်ဖက်သို့လှည့်ပြီး ကောင်းရှန်းကျစ်ကိုပြောသည်။
“ရန်သူရဲ့ရန်သူက မိတ်ဆွေပဲ။ ခိုရာစန်းတွေက ရန်လိုမှုတော့မရှိလောက်ဘူး”
“အွန်း သွားပြီးကြည့်ရအောင်”
ကောင်းရှန်းကျစ်က တခဏခန့်တွေးတောပြီးနောက် ပြောသည်။
“ငါတို့ရဲ့အင်အားက အများကြီးလျော့နေပြီး စစ်သားတွေလည်း အများကြီးမကျန်တော့ဘူး။ ခိုရာစန်းတွေကသာ ကူညီပေးမယ်ဆိုရင် အကောင်းဆုံးပဲ။ ပိုဆိုးတာက သူတို့က အာရေးဗီးယားအင်ပါယာနဲ့ အရင်းနှီးဆုံးပဲ။ သူတို့သာငါတို့ကို လမ်းပြပေးရင် ပြဿနာတွေကို ရှောင်နိုင်လောက်တယ်”
ခိုရာစန်းတွေက ယခုလိုအခြေအနေတွင် ပေါ်လာခြင်းဟာ အမှန်ပင် အံ့အားသင့်စရာကောင်းသည်။ သို့သော် ကောင်းမွန်သောသတင်းလည်းဖြစ်သည်။
ခိုရာစန်းတွေအဖွဲ့ဝင် ဆယ်ယောက်ကျော်က ဦးဆောင်မှုနှင့်အတူ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က အနက်ရောင်တောအုပ်ထဲသို့ ဝင်ရောက်သွားကြသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ဝမ်ချောင်နှင့် အခြားသောသူများက အနက်ရောင်တောအုပ်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်သွားပြီး ခိုရာစန်းစစ်တပ်နှင့်ဆုံသည်။ သူတို့က တိုက်ပွဲကို အဆုံးသတ်ပြီးလေပြီ။
အနက်ရောင်တောအုပ်ကို ဖြတ်သန်းသည့် လမ်းတစ်လမ်းတည်းသာရှိသည်။ ဝရုန်းသုန်းကားဖြစ်ကာ ကွဲအက်နေသော ကျောက်သားများနှင့် ပျက်ကျနေသော တိုင်များအကြားတွင် အာရပ်များ၏ အလောင်းများနှင့် စစ်မြင်းများက အမျိုးမျိုးသော ပုံစံများနှင့် တစ်စစီရှိနေသည်။ သူတို့၏သွေးများက လေထဲသို့ လွတ်လပ်စွာစီးဆင်းနေလေပြီး တစ်ချိန်က နာမည်ကြီးခဲ့သော ကုန်သည်လမ်း၊ ပိုးသားလမ်းကို နီရဲသွားစေသည်။
စစ်သည်ရှစ်ထောင်မှ ကိုးထောင်ခန့်က တိုက်ပွဲကိုရှင်းလင်းနေကြသည်။
ထိုစစ်သားများအားလုံးက တူညီသော သံချပ်ကာပုံစံကို ဝတ်ဆင်ထားကြသည်။ ထိုသံချပ်ကာက အလွန်အမင်းထူပြီး မီးတောက်လိုတောက်ပကာ သွေးနံ့လှိုင်လှိုင်ထနေသည်။ ထို့ကြောင့် မည်သူကမဆို သူတို့၏အရှိန်အဝါကို သိနိုင်သည်။
ထိုအရှိန်အဝါက ဝူရှန်းမြင်းတပ်ပင်ဖြစ်စေ၊ မာမဲ့လုများကိုပင်ဖြစ်စေ ယှဉ်နိုင်နေသည်။ သို့သော် ထိုထက်ပို၍ ခိုင်မာနေသေးသည်။
အကြောင်းမူကား သူတို့ထံတွင် ရှေးကျပြီး အင်အားကြီးမားလွန်းသော အင်အားစုမျိုးရှိနေသည်။ သူတို့သည် ရှည်လျားလွန်းသော အမွေဆက်ခံမှုကို ရရှိထားကြသည်။
အက်ဝါရန်ကာတာဖရက်
ထိုနာမည်က ဝမ်ချောင်၏စိတ်အတွင်း ပေါ်ထွက်လာပြန်သည်။
ဒါဟာ မာမဲ့လုများ၏ မူရင်းဇစ်မြစ်ဖြစ်သလို တုပထားသည့် အဖွဲ့အစည်းကြီးလည်းဖြစ်သည်။ အက်ဝါရန်ကာတာဖရက်သည် ခုံးတောင်တန်း အနောက်ပိုင်းတောက်လျှောက် အင်အားအကြီးဆုံး စစ်တပ်ကြီးဖြစ်သည်။
ထိုစစ်တပ်သည် လက်ဗလာနှင့် ဆမ်ဆာရစ်မင်းဆက်၏ မှင်သက်ဖွယ်ကောင်းပြီး တောက်ပအင်အားကြီးလွန်းသော အမွေအနှစ်ကို ဆက်ခံသယ်ဆောင်ထားသည်။ ထို့ကြောင့် ဆမ်ဆာရစ်မင်းဆက်က ပျက်စီးသွားပြီးသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် ထိုစစ်တပ်က အင်အားစုအမြောက်အများ ကျန်ရစ်နေသေးသည်။
သူက ထိုစစ်တပ်ကိုမြင်သောအခါ ဝမ်ချောင်သည်လည်း အာရေးဗီးယားအင်ပါယာနှင့် မာမဲ့လုများက ဆမ်ဆာရစ်မင်းဆက်၏ နောက်ဆုံးသော အင်အားစုများကို ဖြေရှင်းလိုနေသည့် ခံစားချက်ကိုနားလည်လိုက်သည်။
ဝမ်ချောင်၏စိတ်အတွင်း အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ သူက ခပ်မြန်မြန် အာရုံပြန်စုစည်းပြီး ရွှေရောင်သံချပ်ကာဝတ်ထားပြီး မကောင်းဆိုးဝါးလို ကြီးထွားသန်မာလွန်းသည့် မြင်းကြီးကိုစီးကာ အပြေးလာနေသည့် ပုံရိပ်တစ်ခုကိုကြည့်လိုက်သည်။ တစ်ဖက်လူ၏ အရှိန်အဝါက မြင့်မားလွန်းသော တောင်တန်းကြီးအလားဖြစ်သည်။ ထိုလူသည် ခိုရာစန်းတွေ၏ ခေါင်းဆောင်ဖြစ်သည်။
သူ၏အမူအရာက တည်ငြိမ်သည်။ ခေါင်းကတောက်ပပြီး ကောင်းကင်မှ နေမင်းအလားထင်ရသည်။ သူ၏မြင်းကပင် အလွန်အမင်း ကြောက်စရာကောင်းလေသည်။ ကြွက်သားတိုင်းက စွမ်းအားအပြည့်နှင့် ပေါက်ကွဲမတက် တင်းကားနေသည်။ ဒါဟာ သာမာန်မြင်းထက် သုံးဆခန့်နီးပါး ကြီးမားလေသည်။ ထို့ကြောင့် အားလုံးထဲတွင် ထင်းထွက်နေသည်။
“..........”
ဝမ်ချောင်က စကားမပြောရသေးခင် အဖြူရောင်သံချပ်ကာဝတ် ခိုရာစန်းတွေက ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်တို့ကိုကြည့်ပြီး ဝမ်ချောင်ကို ခပ်မြန်မြန် အာရုံစိုက်လိုက်သည်။
ယွမ်ရှု့စုန့်က ဝမ်ချောင်၏အနားသို့လာပြီး အနားနားကပ်ကာ ခပ်တိုးတိုးပြောသည်။
“အရှင် ဒီလူက ခိုရာစန်းတွေရဲ့ မဟာဗိုလ်ချုပ်ကြီး ပါးရန်ဖြစ်လောက်တယ်။ သူက ဘယ်တစ်ယောက်က မဟာဗိုလ်ချုပ်ကြီးဝမ်ချောင်လဲလို့ မေးနေတာ”
မျှော်လင့်ထားတဲ့အတိုင်းပဲ။
ဝမ်ချောင်က ခေါင်းလှည့်လိုက်သည်။ သူဟာ မဟာဗိုလ်ချုပ်ကြီး ပါးရန်ကို မြင်လိုက်ရချိန်တွင် အပုမူစလင်က လူထောင်ကျော်သာရှိသော စစ်တပ်တစ်ခုအောက်တွင်ရှုံးပြီး အော့စမန်းက သေသွားခဲ့ကြောင်း သိလိုက်သည်။
အင်အားချင်းသီးသန့်ယှဉ်သော် ထိုမဟာဗိုလ်ချုပ်ကြီး ပါးရန်က အပုမူစလင်နှင့်တူနိုင်သည်။ သူဟာ အနည်းငယ် အင်အားနည်းလောက်သော်လည်း အများကြီးမဟုတ်လောက်ချေ။
ဝမ်ချောင်က ထိုမဟာဗိုလ်ချုပ်သည် ပါးရန်ထံမှရနေသော ခံစားချက်အရ တစ်ဖက်သူဟာ တိုက်ပွဲရာကျော်ကို ကျော်ဖြတ်ခဲ့ပြီး ပျိုးထောင်မှုကိုခံထားရသည့် ထိပ်တန်းအရည်အသွေးရှိ မဟာဗိုလ်ချုပ်ကြီးဖြစ်ကြောင်း ခံစားမိနေသည်။ တစ်ဖက်သူသည် သွေးပင်လယ်နှင့် အလောင်းတောင်ပေါ်မှတစ်ဆင့် သွန်းလုပ်ခံရပြီးသားဖြစ်သည်။
ဆမ်ဆာရစ်မင်းဆက်သည် အာရေးဗီးယားထံတွင် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ အကြာက ရှုံးသွားသည်။ အလုံးစုံ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ သို့သော် အရာရှိများ၏ လူငယ်မျိုးဆက်က ထိုကဲ့သို့သော အရှိန်အဝါကို မပိုင်ဆိုင်နိုင်တော့ချေ။ သိသာစွာပင် မဟာဗိုလ်ချုပ်ကြီး ပါးရန်က ဆမ်ဆာရစ်မင်းဆက်၏ အတွေ့အကြုံရှိလူဟောင်း ဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်နေသည်။ သူ၏ အခြေအနေက အများကြီး အားနည်းနေသည့် အခိုက်အတန့်မျိုးတွင် အပုမူစလင်က သူ့ကို မယှဉ်နိုင်တော့ချေ။
“စီနီယာယွမ် ငါနဲ့လိုက်ခဲ့ပါ”
ဝမ်ချောင်က ကောင်းရှန်းကျစ်ကိုပြောပြီး ရှေ့သို့တက်သွားသည်။
“မဟာဗိုလ်ချုပ်ကြီး ဂါရဝပြုပါတယ်”
ဝမ်ချောင်က ပါးရန်၏အရှေ့တွင်ရပ်ပြီး နှုတ်ဆက်ကာ ဂါရဝပြုလိုက်သည်။ ယွမ်ရှု့စုန့်က ဝမ်ချောင်၏စကားများကို ခပ်မြန်မြန် ဘာသာပြန်ပေးသည်။