ဝင်စားခြင်းသစ်ပင်ပေါ်က ရွှေရောင်ပိုးတုံးလုံး။
Vol. 69 Ch. 817
ဒဏ္ဍာရီအရ မြေအောက်ကမ္ဘာ မှတ်တမ်းသည် မရဏကမ္ဘာ၏မူလနှင့်အတူ မွေးဖွားလာသော နတ်ဘုရားပစ္စည်းဖြစ်ပြီး ထူးခြားသော အစွမ်းရှိသည်။
မြေအောက်ကမ္ဘာမှတ်တမ်းတွင် ငရဲနန်းတော်အဆက်ဆက် ဧကရာဇ်များစွာ၏ နှလုံးသွေးများနှင့် ရေးထိုးထားသော အမွေများ ပါဝင်နေသည်ဟူသော ကောလာဟလများ ရှိနေသည်။
သို့သော် ရှေးခေတ် မြေအောက်ကမ္ဘာ ပျက်စီးပြီးတည်းက မြေအောက်ကမ္ဘာမှတ်တမ်း ဟူသည့် တစ်စုံတစ်ရာသည် ဒဏ္ဍာရီတစ်ခု အဖြစ်သာ ကျန်ရှိတော့၏။
ထိုသို့သောရတနာသည် ခေါင်းတလားထမ်းသူရဲအိုကြီး၏ လက်ထဲတွင် ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
“ ဒီရတနာကို မင်းပိုင်ဆိုင်ထားတာ ငါဘာလို့အရင်က မသိခဲ့တာလဲ။ ”
စုရီက အံ့အားသင့်စွာမေးလိုက်သည်။ ခေါင်းတလားထမ်းသူရဲအိုကြီးက သက်ပြင်းချ လိုက်ကာ၊
“ ငါဟာ ငရဲနန်းတော်သခင် မြေအောက်ကမ္ဘာဧကရာဇ် ဖြစ်တယ်ဆိုတာ အဲဒီတုန်းက မင်းမသိခဲ့ဘူးမဟုတ်လား။ ”
စုရီတစ်ယောက် ထပ်မမေးတော့ချေ။
“ ကောင်းပြီး ဒီရတနာနှစ်ခုကို ဘာလို့ သိမ်းထားခိုင်းတာလဲ။ ”
“ အရေးပေါ်အခြေအနေအတွက်ပါ မင်းဝင်စားခြင်း မုခ်ဦးတံခါးကိုဝင်စားတဲ့အခါ မခန့်မှန်းနိုင်တဲ့ အရာတွေအရမ်းများတယ် ...
... ငါတို့ကြိုတင်ပြင်ဆင်ထားရမယ် ... ဒါမင်းအတွက် လက်ဆောင်မဟုတ်ဘူး သူတို့ကို လုံခြုံအောင် ခဏသိမ်းပေးထားဖို့ပဲ။ ”
စုရီက မငြင်းတော့ချေ။
“ ဒီမြေအောက်ကမ္ဘာမှတ်တမ်းမှာ ဘာတွေဝှက်ထားလဲ။ ”
“ နောက်မှပြောကြတာပေါ့ ... အခုစကြရအောင်။ ”
“ ကောင်းပြီ ... ။ ”
စုရီက ခဏမျှစဉ်းစားပြီး ရတနာနှစ်ခုကိုသိမ်းကာ တုန့်ဆိုင်းမနေဘဲ ဝင်စားခြင်းတံခါးထံ လှမ်းဝင်လိုက်၏။
ခေါင်းတလားထမ်း သရဲအိုကြီးက အနောက်မှကပ်လိုက်လာသည်။
“ ဒါဝင်စားခြင်းလမ်းလား တစ်ခုခုမှားနေပြီထင်တယ် လမ်းတလျှောက်လုံး ဘာလို့ သရဲတွေ မကောင်းဆိုးရွား ဝိညာဉ်တွေကို မမြင်ရတာလဲ။ ”
မှုန်ဝါးဝါးနှင့် ဗလာကျင်းနေသော ကမ္ဘာ၌ ကောင်းကင်၊ မြေကြီး၊ အဆုံးမဲ့နေပြီး မည်သည့် အရာမျှမရှိဘဲ တိတ်ဆိတ်နေသည်။ ဤအရာက ခေါင်းတလားထမ်း အဖိုးကြီးကို ဇဝေဇဝါ ဖြစ်စေတော့၏။
“ ဟုတ်တယ် ... ဒီနေရာက ငါအရင်တုန်းက ဝင်ရောက်လာတုန်းကနဲ့ ကွာခြားနေတယ်။ ”
စုရီသည်လည်း အံ့ဩနေသည်။ ထိုစဉ်က မရေမတွက်နိုင်သောသရဲများ နတ်ဆိုးများနှင့် ဝိညာဉ်များကို အဆုံးမရှိ သတ်ဖြတ်ကာ ဖြတ်ကျော်ခဲ့ရ၏။
ခွန်အားကို ပြန်လည်ဖြည့်တင်းရန် ထိုသရဲများ၊ နတ်ဆိုးများနှင့် ဝိညာဉ်များကိုပင် ဝါးမျိုသန့်စင်ခဲ့ရသည်။ ယခုမူ ဝင်စားခြင်း လမ်းသည် မှောင်မိုက်ပြီး ဗလာကျင်းနေ၏။
“ သတိထားပါ ... ။ ”
စုရီက သတိပေးလိုက်သည်။
“ တစ်ခုခုဖြစ်လာရင် ငါ့ကိုကာကွယ်ပေးဖို့ မမေ့နဲ့။ ”
ခေါင်းတလားထမ်း သူရဲအိုကြီးမှ အံ့အားသင့်သွားပြီး၊
“ မင်းကိုကာကွယ်ပေးရမှာလား။ ”
-ဟု ပြန်မေးသည်။
“ ငါ အခု ကနဦးရွှမ်ကျောက်အဆင့်မှာပဲ ရှိသေးတယ် အန္တရာယ်ပေါ်လာတဲ့အခါ မင်းက အရင်ဆုံးဖြေရှင်းသင့်တယ် မဟုတ်လား။ ”
ထိုစကားကြောင့် ခေါင်းတလားထမ်း သူရဲအိုကြီးမှာနှုတ်ခမ်းများ တွန့်တက်သွား၏။ ဤသည်မှာ အကူအညီတောင်းခြင်းပင်လော၊ အမိန့်ပေးခြင်းပင်လော။
နာရီဝက်ခန့်အကြာတွင် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို သတိထားမိလာခဲ့ကြသည်။ ယင်းသည် ဝင်စားခြင်းနတ်သစ်ပင်မှ တာအိုလှိုင်းများဖြစ်၏။
“ ကံကောင်းထောက်မစွာနဲ့ ... ဝင်စားခြင်းနတ်သစ်ပင် အဲဒီမှာရှိသေးတယ်။ ”
ချက်ချင်းပင် နှစ်ယောက်သား အရှိန်ကို မြှင့်တက်လိုက်၏။ များမကြာမီ လေဟာနယ် အတွင်း ထူးခြားမှုကို ခံစားလာရသည်။
ဤသည်မှာ ဝေးလံသောအရပ်ရှိ ကျယ်ပြန့်နေသည့်သမုဒ္ဒရာကဲ့သို့ ဖရိုဖရဲမူလ အရှိန်အဝါလှိုင်းများပေပင်။
စုရီသည် ဝင်စားခြင်းသစ်ပင်အနား တစ်ကြိမ်ရောက်ရှိခဲ့ဖူးပြီး ထိုရှုပ်ထွေးနေသော တာအိုလှိုင်းများသည် မရဏကမ္ဘာမူလရင်းမြစ် ဖြစ်ကြောင်း သိရှိထားသည်။
ပြန်ဝင်စားခြင်းမပြုမီ ရင်းမြစ်များကို စုပ်ယူသန့်စင်ခဲ့၏။ ကံမကောင်းစွာဖြင့် ဖရိုဖရဲ စွမ်းအင်များ သန့်စင်နိုင်ခြင်းမပြုနိုင်မီ သူ့ကို ဝင်စားခြင်းသစ်ပင်မှ ဝင်စားခြင်းလမ်းထံ ပို့ဆောင်ပေးခဲ့လေသည်။
ယခုဤသို့ ရင်းနှီးသောနေရာသို့ ပြန်လည်ရောက်ရှိလာချိန်၌ စိတ်လှုပ်ရှားမှုမှာ အနှိုင်းမဲ့ပေပင်။
“ ဝင်စားခြင်းလမ်းဟာ ကြောက်စရာ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ ရှင်းလင်းနေပါလား။ ”
ခေါင်းတလားထမ်း သရဲအိုကြီးမှ ညည်းတွားလိုက်သည်။ လမ်းတစ်လျှောက်တွင် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရဘဲ၊ လိုရာသို့ရောက်လာ၏။
“ ငါလည်းတကယ်ပဲ ဒီလိုလွယ်ကူစေဖို့ မျှော်လင့်ပါတယ်။ ”
စုရီက သက်ပြင်းချလိုက်သည်။ လမ်းတလျှောက် ပြောင်းလဲနေခြင်းသည် သူ့ကို မသက်မသာဖြစ်စေ၏။ အန္တရာယ်များသော အရပ်သည် အန္တရာယ်များရှိနေမှသာလျှင် ပုံမှန်ဖြစ်လေသည်။ ယခုမူ။
“ ဝုန်း ... ။ ”
ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ရှုပ်ထွေးမှုများတွန့်ခေါက်နေသည့် လေဟာနယ် အတွင်းမှ မိုးကြိုးများကဲ့သို့ ပြင်းထန်သော မြည်သံများ ထုတ်လွှတ်လာ၏။
ရှေးဦးတာအိုစည်းမျဉ်းများသည် လှိုင်းလုံးကြီးများကဲ့သို့ မြင့်တက်လာနေပြီး လေးလံသော ဖိအားများ ပေးစွမ်းသည်။
ခေါင်းတလားထမ်း သူရဲအိုကြီးသည် ဖိအားများ သိသိသာသာ မြင့်တက်လာသည်ကို ခံစားရပြီး သူ့ခန္ဓာကိုယ်တင်းမာလာ၏။
စိတ်ဝိညာဉ်သည်လည်း ထိခိုက်ကာ လွှမ်းမိုးခံရသည့် လက္ခဏာများ ပြသနေချေပြီ။ ဤသည်မှာ နတ်ဘုရားတစ်ပါးကို မြင်တွေ့ရ သကဲ့သို့ သူ့ကိုယ်သူ သေးနုပ်လှ၏။
မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး အသက်ရှူမဝတော့ချေ။ သူ့ ကျင့်ကြံမှုဖြင့်ပင် ပြိုလဲတော့မည့်အလား ခံစားလိုက်ရသည်။
“ ဝှစ် ... ။ ”
စုရီက တံဆိပ်တစ်ခုဖန်တီးကာ ပြန်လည်ဝင်စားခြင်းဥပဒေလေးပါးကို မီးလျှံများ အဖြစ်သို့ အသက်သွင်းလိုက်၏။
ထိုဥပဒေများသည် သူ့လက်ချောင်းများမှတဆင့် ဧရိယာအနှံ့သို့ ပျံ့ကားသွားသောကြောင့် အဆိုပါဖိအားများ လျော့ကျသွားလေသည်။
တစ်ပြိုင်နက်တည်းမှာပင် ခေါင်းတလားထမ်း သူရဲအိုကြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် တောင်ကြီးတစ်လုံးအောက်မှ လွတ်မြောက်လာသလို ပေါ့ပါးလာ၏။
“ ဒီမြေအောက်ကမ္ဘာမူလစွမ်းအားက ကြောက်စရာကောင်းတယ် သူ့ရဲ့အရှိန်အဝါက ငါ့ဝိညာဉ်ကို ပြိုကွဲပျက်စီးသွားစေနိုင်တယ်။ ”
ခေါင်းတလားထမ်း သူရဲကြီးက ညည်းညူလာတော့သည်။
“ ဒီမှာရှိနေတဲ့ စွမ်းအားတွေက မရဏကမ္ဘာကြီးရဲ့မူလရင်းမြစ်ပဲ သူ့ရဲ့ဖိအားက မရဏကမ္ဘာကြီးတစ်ခုလုံး မင်းအပေါ် သက်ဆင်းလာသလို ပြင်းထန်တယ် ... ။ ”
စုရီက မှတ်ချက်ပေးသည်။
“ ဒါပေမယ့် လူတစ်ယောက်က ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်တွေကို ကျွမ်းကျင်နေသရွေ့ ဒီခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်ပါတယ်။ ”
“ ဘယ်လိုဖြေရှင်းမလဲ။ ”
“ သူနဲ့ ပေါင်းစည်းရမယ် ... သမုဒ္ဒရာထဲပေါင်းစည်းလာတဲ့ မြစ်ချောင်းတစ်ခု လိုပဲ ဒီနည်းနဲ့သာ သူ့ရဲ့ဖိအားကို ခံယူနိုင်မယ်။ ”
စကားပြောလျက်ဖြင့် စုရီမှဦးဆောင်ပြီး ခေါင်းတလားထမ်းအဖိုးကြီးသည် နောက်ပါးက လိုက်ပါလာသည်။
လမ်းတစ်လျှောက် စုရီက ညာလက်၌ တံဆိပ်တစ်ခုဖော်ဆောင်ကာ သူတို့နှစ်ယောက် ရောင်ဝါကို ပြန်လည်မွေးဖွားခြင်းဥပဒေဖြင့် ပေါင်းစည်းရန် ကြိုးစားပေးသည်။
ထို့ကြောင့် ထူးခြားလွန်းသော ရောင်ဝါအလင်းများသည် သူတို့နှစ်ဦးအပေါ် အလင်းစက်ဝိုင်းအလား သိုင်းခြုံပေးလာ၏။
ပင်လယ်ထဲ စသီးဆင်းနေသော ရေနှစ်စက်ကဲ့သို့ အလားသဏ္ဍန်တူနေခဲ့သည်။ သို့မှသာ ခေါင်းတလားထမ်း သူရဲအိုကြီးက စိတ်သက်သာရာရသွား၏။
“ သတိထား ... ကမ္ဘာတစ်သောင်း ဝင်စားသစ်ပင်ရဲ့အရှိန်အဝါကို နတ်အာရုံနဲ့ ခံစားဖို့မကြိုးစားနဲ့ ... မဟုတ်ရင် ချက်ချင်း မင်းပြန်ဝင်စားသွားနိုင်တယ်။ ”
စုရီက ရုတ်တရက် သတိပေးသည်။ ဤပြဿနာသည် အရေးကြီး၏။ မည်သူမဆို ပြန်လည်ဝင်စားခြင်းဖြင့် လက်ရှိအရာများ အာလုံးကို ထားခဲ့ရပေလိမ့်မည်။
နောက်ဘဝတွင် တစ်က ပြန်စကာ ကျင့်ကြံရ၏။ အရေးအကြီးဆုံးသည် မည်သည့် ကမ္ဘာ၌ ပြန်မွေးဖွားမည်ကို မသိနိုင်ချေ။
ခေါင်းတလားထမ်း သူရဲအိုကြီးက နားလည်ကြောင်း ခေါင်းညိတ်ပြလာလေသည်။ သူသည် သဘာဝအတိုင်း အကျိုးဆက်များကို မလိုချင်သေးချေ။
ရှုပ်ထွေးမှုများကြား လျှောက်လှမ်းနေစဉ် မရဏကမ္ဘာမူလစွမ်းအားက ရုတ်ချည်း မြင့်မား တိုးပွားလာပြီး မိခင်အသိုက်သို့ ရောက်ရှိသွား သည့်အလား ခံစားလိုက်ရသည်။
မဝေးလှသောအရပ်တွင် သစ်ပင်ကြီး တစ်ပင်ကို ထင်ရှားစွာမြင်လာ၏။ ပင်စည်သည် နဂါးကြီးနီးပါးကြီးမားလှကာ အကိုင်းအခက် အားလုံးသည် တောင်တန်းများကဲ့သို့ ဆန့်တန်းနေသည်။
ထိုအကိုင်းအခက်များ၌ ပေါက်နေသော အရွက်များသည်ပင် အိမ်တစ်လုံးနီးပါးကြီးမား နေခဲ့ကာ အလင်းရောင်များ တလက်လက် တောက်ပနေခဲ့သည်။
ရေတံခွန်ကဲ့သို့ စီးဆင်းနေသော မူလစွမ်းအင်များသည် သစ်ပင်ပင်စည်မှတဆင့် ထိုအရွက်များထံ စီးဆင်းနေ၏။
အဝေးကကြည့်သော် ကောင်းကင်သို့ ထိုးဖောက်နေသည့် နတ်ဘုရားသစ်ပင်ကြီး တစ်ပင်နှင့်တူသည်။
“ တကယ်ပဲ ဝင်စားခြင်းသစ်ပင်။ ”
ခေါင်းတလားထမ်း သူရဲအိုကြီး၏ နှုတ်ခမ်းများပွင့်လာကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွား၏။
သူသည် မရဏကမ္ဘာ၏ နောက်ဆုံးသော မြေအောက်ကမ္ဘာဧကရာဇ်ကြီး ဖြစ်သော်လည်း မရဏကမ္ဘာမူလသို့ဝင်ရောက်ပြီး ဤဒဏ္ဍာရီ သစ်ပင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပေပင်။
“ ငါတို့ဒီထက်ပိုပြီး နီးကပ်သွားလို့မရဘူး ဒီမှာရပ်ရအောင်။ ”
စုရီမှ ရပ်လိုက်သည်။ ဝင်စားခြင်း နတ်သစ်ပင်ထံမှ ထွက်ပေါ်လာသော ဥပဒေ စည်းမျဉ်းများ၏ အရှိန်အဝါကို မည်သူမဆို ခံစားနိုင်ပြီဖြစ်၏။
တစ်စုံတစ်ယောက်သည် အဆိုပါ ဧရိယာအတွင်းဝင်ရောက်သော် ထိုစွမ်းအားဖြင့် ပြန်လည်မွေးဖွားခြင်း ခံယူရဖွယ်ရှိသည်။
ခေါင်းတလားထမ်း အဖိုးကြီးမှ ခေါင်းညိတ်လိုက်၏။ သူသည် ပြန်ဝင်စားခြင်း ဥပဒေနှင့် ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းကို ပြုပြင်ရန် ဤအရပ်သို့လာခြင်းဖြစ်သည်။
“ ဟမ့် ... ဘီလူးစု ဟိုမှာကြည့်စမ်း ... အဲဒီအရွက်မှာ တစ်ခုခုရှိနေတယ်။ ”
ရုတ်တရက် သရဲအိုကြီးက အံ့အားသင့်စွာ အော်ဟစ်လိုက်တော့၏။ စုရီက သူညွှန်ပြရာသို့ လိုက်ပါကြည့်ရှုလိုက်သည်။
အကိုင်းအခက်တစ်ခုပေါ်တွင် အိမ်တစ်လုံးအရွယ်ခန့် ကြီးမားသောသစ်ရွက် တစ်ရွက်သည် အလင်းရောင်များဖြင့် တောက်ပနေခဲ့၏။
ယင်းသည် ခမ်းနားထည်ဝါပြီး တောက်ပသောကမ္ဘာတစ်ခု၏ အသွင်အပြင်ကို အနုစိတ်ပေါ်လွင်နေစေသည်။
သို့သော် ထိုအရွက်ကြီးသည် အနည်းငယ်နှင့်တုန်ခါနေသည်ကို သတိထား ကြည့်သော် မြင်နိုင်၏။
အရွက်ကြီး၏ သွေးကြောပေါ်တွင် ရွှေရောင်အလင်းများတောက်ပလျက် တစ်ပေ ရှည်သော ရွှေရောင်ပိုးတုံးလုံးတစ်ကောင် တွားသွားနေသည်။
ထိုရွှေရောင်ပိုးကောင်သည် ဝင်စားခြင်းသစ်ရွက်ကို ကိုက်စားနေခြင်းဖြစ်၏။ ဤသစ်ပင်သည် မရဏကမ္ဘာ၏ မူလစွမ်းအား ဖြစ်လေသည်။
ခေါင်းတလားထမ်း သူရဲအိုကြီးကဲ့သို့ တစ်စုံတစ်ယောက်သည်ပင် အလွယ်တကူ ချိုးဖဲ့ခြင်း မပြုနိုင်ချေ။ ယခုမူ ထိုရွှေရောင် ပိုးတုံးလုံးသည် ကိုက်စားနေတော့၏။
***