← Chapters

‌အခြားကမ္ဘာမှ ငွေရောင်လေးသမား ... ။

Vol. 69 Ch. 818

‌အခြားကမ္ဘာမှ ငွေရောင်လေးသမား ... ။

Vol. 69 Ch. 818

ခေါင်းတလားထမ်း သူရဲအိုကြီးသည် စုရီ၏သတိပေးချက်ကို အစဉ်အမြဲ နှလုံးသွင်း ထားသည်။ ထို့ကြောင့် သူသည် နတ်အာရုံကို အသုံးပြု၍ စူးစမ်းခြင်းမပြုဘဲ သာမန်မျက်စိ ဖြင့်သာ စစ်ဆေးကြည့်၏။

သို့သော် အကွာအဝေးသည် အလွန်လှမ်းလွန်းလှသဖြင့် ထိုရွှေပိုးတုံးလုံး၏ ရုပ်သွင်ကို သဲသဲကွဲကွဲ မမြင်ရချေ။

“ စုရီ ... မင်းပြီးခဲ့တဲ့အကြိမ် ဒီကိုရောက်တုန်းက အဲဒီရွှေပိုးကောင်ကို မြင်ခဲ့သေးလား။ ”

ခေါင်းတလားထမ်းအဖိုးအိုက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ စုရီသည် ခေါင်းကိုဖြည်းညှင်းစွာ ခါယမ်းလျက်၊

“ အဲဒီတုန်းက ငါ ဒီနေရာမှာ နှစ်ပေါင်းတစ်ရာလောက် ပိတ်မိနေခဲ့တာပါ ဒီအပင်ပေါ်က သစ်ရွက်တွေကိုတောင် ငါ လိုက်ရေတွက်ဖူးတယ် ...

... အရွက်ပေါင်း တစ်သောင်း ရှစ်ရာသုံးဆယ့်ခြောက်ရွက် ရှိနေတယ်ဆိုတာ စွဲမြဲနေတုန်းပဲ။ ”

-ဟု ပြန်ပြော၏။

( ဒီကောင် ဘယ်လောက်တောင် အထီးကျန်ပြီး ပျင်းရိနေခဲ့လို့ သစ်ရွက်တွေကို လိုက်ရေတွက်နေရတာလဲ။ )

ခေါင်းတလားထမ်း သူရဲအိုကြီးမှာ ဆွံ့အသွားရသည်။

“ ဒါဆိုရင်တော့ ဒီရွှေပိုးကောင်ဟာ မင်းထွက်သွားပြီးတဲ့နောက်ပိုင်းမှ ပေါ်လာတာပဲ ဖြစ်ရမယ်။ ”

လွန်ခဲ့သော နှစ်ပေါင်းငါးရာခန့်က စုရီတစ်ယောက် ဝင်စားခြင်းနယ်မြေထဲ ဝင်ကာ ပြန်လည်မွေးဖွားခဲ့သည်။

ထို့ကြောင့် ဤသတ္တဝါသည် လတ်တလောနှစ်အနည်းငယ် အတွင်းမှသာ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။

“ တိတိကျကျ ပြောရရင် ... ဒီရွှေပိုးကောင်ဟာ လွန်ခဲ့တဲ့ တစ်ဆယ့်ရှစ်နှစ် အတွင်းမှာ ပေါ်လာတာပဲ။ ”

စုရီက မှတ်ချက်ပေးသည်။ သူသည် လူဝင်စားအဖြစ် ပြန်လည်မွေးဖွားခဲ့သည်မှာ (၁၉)နှစ်ထဲ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်၏။ ဤအချက်အလက်များအရ ထိုသတ္တဝါ၏ ရောက်ရှိချိန်ကို ခန့်မှန်းနိုင်ခြင်းပေပင်။

“ ထူးဆန်းတယ် ... ဒီနေရာက မရဏကမ္ဘာရဲ့မူလရင်းမြစ် တည်ရှိရာနေရာပဲ ဘယ်လိုလုပ်ပြီး သက်ရှိတွေပေါ်လာရတာလဲ ...

... ပြီးတော့ အဲဒီကောင်က ဝင်စားခြင်းသစ်ပင်ရဲ့ သစ်ရွက်တွေကိုတောင် စားနေသေးတယ် ... မယုံနိုင်စရာပဲ။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးမှ အံ့ဩတကြီး ရေရွတ်နေခဲ့သည်။

“ ငါ နည်းနည်း စမ်းကြည့်ဦးမယ်။ ”

စုရီက စူးစမ်းချင်စိတ်များ ဝင်လာ၏။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စွန့်စားမှုတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ နတ်အာရုံကို ထုတ်လွှတ်ကာ ထိုရွှေပိုးကောင်ထံ စေလွှတ်လိုက်၏။

သို့သော် ဝင်စားခြင်းသစ်ပင်၏ ဝင်စားခြင်းစွမ်းအားများသည် သူ့ဝိညာဉ်ကို ဖမ်းယူသွားမည်စိုးသဖြင့် လိုအပ်ပါက ချက်ချင်း ဆက်သွယ်မှုဖြတ်တောက်နိုင်ရန်လည်း ပြင်ဆင်ထား၏။ နောက်တစ်ကြိမ် ဝင်စားခြင်း မဖြစ်လိုတော့ချေ။

ထိုစဉ် နတ်အာရုံသည် ရွှေပိုးကောင်ထံ မရောက်မီမှာပင် ထူးဆန်းသောပြောင်းလဲမှုကြီး ဖြစ်ပေါ်လာသည်။

“ ဝှစ် ... ။ ”

ရွှေပိုးကောင် နားခိုနေသော သစ်ရွက်ကြီးသည် ရုတ်ချည်းပင် စူးရှလာကာ ငွေရောင် နတ်မြှားတစ်စင်း ပြေးထွက်လာ၏။ တစ်ခဏချင်းမှာပင် စုရီ၏နတ်အာရုံသည် ရစရာမရှိအောင် ကြေမွသွားရသည်။

ထိုငွေရောင်မြှားသည် အဟုန်မပျက်ဘဲ လေဟာနယ်ကိုခွင်းကာ စုရီရှိရာသို့ တရှိန်ထိုး ဆက်၍ပြေးဝင်လာ၏။ အဆိုပါငွေမြှားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး မြှားထိပ်တွင် ထူးဆန်းသော ငွေရောင် တာအိုရူရ်များ ပါရှိနေသည်။

ပတ်ဝန်းကျင်ရှိ ဖရိုဖရဲစွမ်းအားများနှင့် ဝင်စားခြင်းနိယာမ စွမ်းအားများသည်ပင် မြှား၏ အစွမ်းအကြောင့် လှုပ်ခတ်သွားရ၏။

“ ဟမ့် ... ။ ”

သာမန် ကျင့်ကြံသူတစ်ဦးဆိုသော် ဤစွမ်းအားအောက်၌ ပျောက်ကွယ်သွားနိုင်၏။ ခေါင်းတလားထမ်း သူရဲအိုကြီးမှ တုန့်ဆိုင်းခြင်း မရှိဘဲ စုရီရှေ့သို့ ရုတ်ချည်းလှမ်းတက် ကာကွယ်လိုက်လေသည်။

“ အသက်ဝင် ... ။ ”

လက်ဟန်ဖြင့် တံဆိပ်တစ်ခုကို အမြန်ဖော်ဆောင်ကာ မြှားထံခုခံချေဖျက်ရန် အစွမ်းကုန် ကြိုးစားလိုက်၏။

“ ဘောင်း ... ။ ”

တံဆိပ်နှင့် ငွေရောင်မြှားတို့ ထိပ်တိုက်တွေ့ဆုံချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။

အကျိုးဆက်အနေဖြင့် ခေါင်းတလားထမ်းသရဲအိုကြီး၏ တံဆိပ်သည် တစ်စစီကြေမွသွားပြီး မြှားတံမှာ သူ့ရင်ဘတ် ထံပါးသို့ ထိုးဖောက်ဝင်ရောက်လာ၏။

“ အား ... ။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးခမျာ နာကျင်လွန်းသဖြင့် တုန်တုန်ရင်ရင်ဖြစ်သွား တော့သည်။ စုရီသည်လည်း မျက်နှာ ပျက်ယွင်းသွား၏။

ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ အရှိန်အဟုန်ဖြင့် တောက်လောင်လာချေပြီ။ ဤတိုက်ခိုက်မှုသည် လွန်စွာ အထိန်းအကွပ် မဲ့လေသည်။

ဤလူသည် သူတို့ရောက်နေသည်ကို ကြိုတင်သိရှိနေပြီး နတ်အာရုံချဉ်းကပ်သည်နှင့် သတ်ဖြတ်ရန် ဝန်မလေးခဲ့ချေ။

“ ဒဏ်ရာ ဘယ်လိုနေလဲ။ ”

စုရီက စိုးရိမ်တကြီး မေးလိုက်သည်။

“ မသေနိုင်ပါဘူး ... ဒါပေမဲ့ ဒီမြှားရဲ့ စွမ်းအားက မကောင်းဆိုးဝါးဆန်တယ် ... ငါ့ရဲ့ အသက်စွမ်းအားတွေကို တိုက်စားနေတယ်။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးမှ အံကြိတ်ကာ ပြန်ဖြေသည်။ စုရီက ဝင်စားခြင်း သစ်ပင်ထံ ပြန်ကြည့်၏။

ရွှေပိုးကောင် တွားသွားနေသော သစ်ရွက်ရှိကမ္ဘာငယ်အရိပ်ထဲတွင် လူရိပ်တစ်ရိပ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုသူသည် ဆံပင်ဖြူဖြူ၊ ပိန်ပိန် သွယ်သွယ်နှင့် စိမ်းပြာနုရောင် ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ ပုံပန်းသဏ္ဌာန်အရ လူငယ် တစ်ဦးဖြစ်သော်လည်း မျက်ဝန်းများတွင် အချိန်တိုက်စားမှုများ ရှိနေသည်။

သူ့လက်ထဲတွင် လေးတစ်စင်းကို ကိုင်ထားပြီး ခါးတွင် မြှားကျည်ထောက်တစ်ခု ချိတ်ဆွဲထား၏။ အသွင်အပြင်အရ လောကကို စီးမိုးကြည့်နေသည့် နတ်ဘုရားတစ်ပါးပေပင်။

“ ဒီကောင် အန္တရာယ်များတယ် ... ဘီလူးစု သတိထားပါ။ ”

ခေါင်းတလားထမ်းအဖိုးအိုက တိုးတိုးလေး သတိပေးသည်။ ဤနေရာသည် မရဏကမ္ဘာ၏ တားမြစ်ဒေသဖြစ်သော်လည်း တစ်ဖက်လူသည် သစ်ရွက်အတွင်းမှ ပေါ်လာနေ၏။ အံ့မခန်းပင်။

“ စိတ်မပူပါနဲ့ ... ။ ”

စုရီက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ မျက်ဝန်းထဲ သတ်ဖြတ် လိုစိတ်များ ပြည့်နှက်နေပြီဖြစ်၏။

ထိုအချိန်တွင် ကမ္ဘာငယ်ရိပ်ထဲမှ ဖြူဆံပင်နှင့်လူငယ်က စုရီတို့ထံငုံ့ကြည့်ကာ မထီမဲ့မြင် ပြုံးပြလိုက်သည်။

“ နှမြောစရာပဲ ... ဒီမြှားနဲ့တောင် ပိုးဟပ်ကိုမသတ်နိုင်ခဲ့ဘူး ငါ့ရဲ့ ကောင်းကင်ကြွေ မြှားတစ်စင်းတော့ အလကားဖြစ်သွားပြီ။ ”

ထိုသူသည် အလွန်ဝေးကွာသော အာကာသတစ်ဖက်ခြမ်းတွင် ရှိနေသော်လည်း အသံမှာမူ ရှင်းရှင်းလင်းလင်း ကြားရ၏။

“ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ် ... ငါမေးတာကိုမှန်မှန်ဖြေပါ ... မဟုတ်ရင်တော့ ငါ့မြှားတွေက မင်းတို့ကိုသတ်ဖို့အသင့်ပဲ။ ”

“ မင်း ဘာသိချင်တာလဲ။ ”

“ မင်းတို့ ဒီဝင်စားခြင်းနယ်မြေထဲကို ဘယ်လိုဝင်လာတာလဲ။ ”

သူသည် ဤနေရာသို့ လာနိုင်သော လမ်းကြောင်းကို မသိရှိကြောင်း စုရီမှ ချက်ချင်း သဘောပေါက်လိုက်သည်။ ခေါင်းတလားထမ်း အဖိုးအိုက လှောင်ပြုံးဖြင့်၊

“ လမ်းလျှောက် ဝင်လာတာပေါ့ကွ။ ”

-ဟု တုန့်ပြန်လိုက်၏။

“ မင်းသေချင်နေတာပဲ။ ”

တစ်ဖက်လူသည် ဒေါသထွက်သွားပြီး ငွေရောင်မြှားတစ်စင်းဆွဲထုတ်ကာ လေးတင် ပစ်လွှတ်လိုက်လေသည်။

“ ဘန်း ...။ ”

စုရီက ခေါင်းတလားထမ်း သူရဲအိုကြီးကိုဖမ်းဆွဲလျက် အမြန်ရှောင်တိမ်း လိုက်တော့၏။ မြှားစွမ်းအားသည် နေမင်းကြီး ပေါက်ကွဲသကဲ့သို့ လေထဲပျက်ပြယ်သွားသည်။

ဤသည်မှာ ကြယ်တာရာဆိတ်သုဉ်းခြင်း ဥပဒေနှင့်ဆင်တူသော စွမ်းအားတစ်ခုဖြစ်၏။ ထို့ကြောင့် ဒဏ်ရာရနေသော သူရဲအိုကြီးကို ကျောပိုးကာ ဝင်စားခြင်းသစ်ပင်ဆီသို့ ဦးတည်လျက် ချဉ်းကပ်သွားသည်။

သူ့ခန္ဓာကိုယ်မှ ဝင်စားခြင်း ဥပဒေစွမ်းအားများ ထွက်ပေါ်လာကာ ရှေ့မှ မြူထုကို ခွဲထုတ်ပေး၏။

“ ဟမ့် ... မင်း ဘာလုပ်မလို့လဲ... သေချင်နေတာလား။ ”

ဖြူဆံပင်နှင့်လူက ဒေါသတကြီး အော်ဟစ်သည်။ စုရီမှ မည်သို့မျှ ပြန်မပြောဘဲ ပြန်ဝင်စားခြင်း သစ်ပင်ဧရိယာနယ်နိမိတ်တွင် ရပ်လိုက်ကာ ရွှေပိုးကောင်ရှိရာ သစ်ရွက်ထံ လှမ်းကြည့်လိုက်၏။

“ ရပ်စမ်း ... မင်းခြေတစ်လှမ်း ထပ်တိုးဝံ့ရင် မင်းကိုငါသတ်မယ်။ ”

ဆံပင်ဖြူနှင့် အမျိုးသားက စုရီ အကြည့်ကြောင့် တုန်လှုပ်သွားလေသည်။

“ ငါသာ အဲဒီရွှေပိုးကောင်ကို သတ်လိုက်ရင် ... ဘာဖြစ်မလဲ သိချင်တယ်။ ”

စကားဆုံးသည်နှင့် စုရီက လက်ညှိုးကို ဓားကဲ့သို့အသုံးပြုကာ ရွှေပိုးကောင်ထံသို့ ဓားချီ တစ်စင်းပစ်လွှတ်လိုက်သည်။

“ ရွှပ် ... ။ ”

တစ်ဖက်လူသည် မျက်နှာပျက်သွားပြီး ချက်ချင်းပင် တားဆီးရန် မြှားဖြင့် ပစ်လိုက်၏။ သို့သော် ငွေရောင်မြှားသည် စုရီ၏ဓားချီနှင့် ထိတွေ့ချိန်တွင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေသည်။

“ ဘန်း ... ။ ”

စုရီ၏ ဓားချီသည်လည်း ပျောက်ကွယ်သွားခဲ့၏။ ဤမြင်ကွင်းက ထိုသူကို ထိတ်လန့်သွားစေရန် လုံလောက်နေချေပြီ။

***

All Chapters