← Chapters

ထျန်းကျီးကြယ်မှ ထျန်းယီဂိုဏ်းနှင့် ထာဝရဝိညာဉ်သခင် ... ။

Vol. 69 Ch. 821

ထျန်းကျီးကြယ်မှ ထျန်းယီဂိုဏ်းနှင့် ထာဝရဝိညာဉ်သခင် ... ။

Vol. 69 Ch. 821

လေထုထဲရှိမိန်းကလေးသည် တုန်လှုပ် ခြောက်ခြားနေရာမှ လျင်မြန်စွာတည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်။

“ မင်း အဆင်ပြေရဲ့လား ... ။ ”

ထိုအချိန်တွင် စုရီက သူမကို လျစ်လျူရှုလိုက်ကာ ခေါင်းတလားထမ်း သူရဲအိုကြီးထံ လှည့်မေးလိုက်၏။

“ ကောင်းကင်ဥက္ကာပျံမြားထဲမှာ မူလဖရိုဖရဲပေါင်းစည်းခြင်း ဥပဒေစွမ်းအားတွေ ကိန်းအောင်းနေတယ် ...

... အဲဒီဥပဒေစွမ်းအား ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားပြီဆိုရင် သာမန်နည်းလမ်းတွေနဲ့ ဘယ်လိုမှဖယ်ရှားလို့မရဘူး အချိန်ကြာလာရင် ဒဏ်ရာကပိုမိုပြင်းထန်လာမယ် သွေးနဲ့ချီကို အဝါးမြိုသွားလိမ့်မယ်။ ”

လိပ်ပြာမိန်းကလေးက မြေပြင်မှ မြင်ကွင်းထံကြည့်ကာပြော၏။ ထိုစကားကြောင့် ခေါင်းတလားထမ်း သူရဲအိုကြီး၏ မျက်နှာသည် မည်းမှောင်သွားတော့သည်။

“ အဲဒီချင်းရှောင်ဆိုတဲ့လူက တကယ့်ကိုလူယုတ်မာပဲ။ ”

သူ့မျက်နှာသည် လူသေတစ်ယောက်ကဲ့သို့ ဖြူလျော်လာပြီး ရင်ဘတ်ပေါ်ရှိ မြှားဒဏ်ရာမှာ အမှန်ပင် သက်သာခြင်းမရှိချေ။

ထိုငွေရောင်မြားမှ ကျန်ရှိနေသော အကြွင်းအကျန် ဥပဒေစွမ်းအားသည် နေရာအနှံ့ ပျံ့နှံ့နေသည်ကို သူကိုယ်တိုင်လည်း သိသိသာသာ ခံစားနေရသည်။

ဆိုလိုသည်မှာ လိပ်ပြာမိန်းကလေး၏ စကားများသည် ခြောက်လှန့်နေခြင်းမဟုတ်ဟု အဓိပ္ပါယ်ရချေ၏။ စုရီက ခဏမျှ စဉ်းစားလိုက်ပြီးနောက်၊

“ ဒါဆို မင်း ... သူ့ကိုကုပေးပါ၊ ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်။ ”

-ဟု ကမ်းလှမ်းလိုက်သည်။

ဤသည်မှာ စမ်းသပ်ခြင်းမည်၏။ စုရီအနေဖြင့် ငရဲဘုံကိုးပါးဓားရောင်ဝါများကို အသုံးပြုပါက မူလဖရိုဖရဲပေါင်းစည်းခြင်း ဥပဒေထိုစွမ်းအားကို ချေဖျက်နိုင်မည်။

သို့သော် ဓားရောင်ဝါသည် ပြင်းထန်လွန်းသဖြင့် ခေါင်းတလားထမ်း သူရဲအိုကြီးကို ဒဏ်ရာရစေနိုင်၏။

စုရီစကားကြောင့် လေထဲပျံဝဲနေသော မိန်းကလေးသည် အနည်းငယ်မျှ မျက်ခုံးပင့်၏။ သို့သော် အဆုံး၌ သဘောတူလိုက်သည်။

လက်ရှိအခြေအနေအရ သူမသည် ရှုံးနိမ့်သူဖြစ်နေရာ ခေါင်းငုံ့ရုံမှတစ်ပါး အခြား မရှိချေ။

“ သူတစ်ပါးအပေါ် အကူအညီ တောင်းချင်ရင် နည်းနည်း ယဉ်ကျေးအောင် သင်ယူသင့်တယ် ... ငါနင့်ကိုအနိုင်မယူနိုင် သလို နင်လည်းငါ့ကို တကယ်သတ်နိုင်မလား ဆိုတာ မသေချာသေးပါဘူး။ ”

လိပ်ပြာမိန်းကလေးက ဖြူဖွေးနုနယ်သော သူမလက်ချောင်းလေးများကို မြှောက်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာ၏။

“ သွား ... ။ ”

လက်ကောက်ဝတ် ခါယမ်းလိုက်သည်နှင့် ထိုရွှေရောင်အလင်းတန်းခမျာ လေထုအလယ် ဝဲပျံသွားပြီး သူရဲအိုကြီး၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။

“ ဝေါ့ ... ။ ”

များမကြာမီ သူရဲအိုကြီး၏ ခန္ဓာကိုယ်ခမျာ တုန်တက်သွားပြီးနောက် သွေးမည်းမည်းများ ပါးစပ်အပြည့် အန်ထုတ်လာတော့၏။

ချက်ချင်းဆိုသလိုပင် သူ့မျက်နှာသည် သွေးရောင်ပြန်လွှမ်းလာပြီး ရင်ဘတ်ရှိ ဒဏ်ရာ သည်လည်း မျက်စိအောက်တွင် ထင်ရှားစွာသက်သာလာ၏။

အားအင်ကုန်ခမ်းနေသော စိတ်ဝိညာဉ်စွမ်းအားများသည် တဖြည်းဖြည်း ပြန်လည်ပြည့်တင်းလာနေသည်။

“ ဘယ်လိုတောင် ဆန်းကြယ်လိုက်လဲ။”

ခေါင်းတလားထမ်း သူရဲအိုကြီးက အံ့သြတကြီးရေရွတ်ကာ လိပ်ပြာမိန်းကလေးထံ မော့ကြည့်သည်။ စုရီသည်လည်း မျှော်လင့်ထားပြီး ဖြစ်သော်မှ အံ့အားသင့်သွား၏။

လှပချောမောသော ရွှေလိပ်ပြာ မိန်းကလေးသည် လက်နှစ်ဖက်ပိုက်ထားကာ လေထုအလယ်ဂရုမစိုက်ဟန်ဖြင့်၊

“ ဒါက အသေးအဖွဲ ... လှည့်ကွက်လေးတွေပါ စကားနဲ့ပြောဖို့တောင် မထိုက်တန်ပါဘူး။ ”

-ဟု ဝင့်ကြွားစွာ တုန့်ပြန်၏။

စုရီနှင့် ခေါင်းတလားထမ်း သူရဲအိုကြီးတို့သည် အချင်းချင်းပြန်ကြည့်ကာ ရယ်ချင်စိတ်ထိန်းလိုက်ရသည်။

ဤရွှေလိပ်ပြာမှ အသွင်ပြောင်းသော မိန်းကလေးသည် အတော်ပင်ဝါကြိုးလိုကြောင်း မြင်သာနေချေပြီ။

“ ငါ့မေးခွန်းတချို့ကိုဖြေပါ ... ပြီးရင် ငါမင်းကို လွှတ်ပေးမယ်။ ”

စုရီမှ အချိန်မဖြုန်းတော့ချေ။ ‌ရွှေလိပ်ပြာမိန်းကလေးက ကြည်လင်သော မျက်ဝန်းအစုံကို ပုတ်ခတ်ပုတ်ခတ်လုပ်လျက်၊

“ ဒါဆိုရင် ငါရောမေးခွန်းတချို့ ပြန်မေးလို့ရမလား။ ”

-ဟု တုန့်ပြန်လာ၏။

သေချာသည်မှာ စုရီယခင်ပြသခဲ့သော မယုံနိုင်စရာကောင်းလှသည့် စွမ်းရည်များသည် သူမကိုစိတ်ဝင်စားစေသည်။

“ ကောင်းပြီ။ ”

စုရီမှခေါင်းငြိမ့်ပြလိုက်သည်။ လိပ်ပြာမိန်းကလေး၏ နူးညံသောနှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ပေါ်လာ၏။

“ မင်းဘယ်သူလဲ ... ။ ”

စုရီမှ ဦးစွာမေးသည်။

သူမက လေထုအလယ် အသာအယာ ထိုင်ချလိုက်ပြီး နားရွက်ဘေးမှဆံနွယ်အချို့ကို ကစားနေလျက်ဖြင့် တုန့်ဆိုင်းနေသည်။

ဤမိန်းကလေး၏ နောက်ခံမှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး သာမန်ထက် ထူးကဲလွန်း၏။

ထို့ပြင်သူမသည် ရွှေလိပ်ပြာအသွင်ဖြင့် ဝင်စားခြင်းသစ်ပင်၏အရွက်ကို စားသုံးခဲ့သည်။ အလွန်ပင် မယုံနိုင်စရာ ပေပင်။

“ ငါ့နာမည်ကို အားချိုင်လို့ခေါ်လို့ရတယ် ဒါမှမဟုတ် အစ်မချိုင်လို့ခေါ်ရင်လည်း ရတယ် အသက်အရွယ်အရ နင့်ထက်ကြီးတယ် ...

... ကျင့်ကြံမှုအရ ဆိုရင်လည်း နင့်ထက်မြင့်မားတယ် ငါ့ကိုအစ်မလို့ခေါ်ရတာ နင့်အတွက်မရှုံးပါဘူး။ ”

ထိုစကားကြောင့် သူရဲအိုကြီး၏ မျက်လုံးများသည် ထူးထူးဆန်းဆန်း ဖြစ်သွား တော့သည်။

ဤလိပ်ပြာမိန်းမကလေးသည် အဘိုးကြီးစုအပေါ် စီနီယာတစ်ယောက်အဖြစ် အသာစီးရယူလိုကြောင်း ထင်ရှားနေ၏။

“ ဒါပေမဲ့ မင်းငါ့ကိုရှုံးထားတယ် မဟုတ်လား။ ”

စုရီမှ အေးစက်စက် တုံ့ပြန်လိုက်သည်။ လိပ်ပြာမိန်းကလေး၏အပြုံးသည် ချက်ချင်းပင် အေးခဲသွားတော့၏။

တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါးဖြစ်ခဲ့ရသည့် အခိုက်အတန့်အပေါ် ပြန်သတိရသွားကာ မကျေမနပ် ဖြစ်သွားရလေသည်။

“ ကောင်းပြီ ငါမေးတာက မင်းရဲ့ ဇာစ်မြစ်ကိုပဲ နာမည်ကိုမဟုတ်ဘူး မေးခွန်းတွေ ဖြေတဲ့အခါ ရိုးသားပါ။ ”

စုရီက သတိပေးလိုက်လေသည်။ ဤမိန်းကလေးသည် အလွန်လှပသကဲ့သို့ အလွန်လည်း ပါးနပ်၏။ သူ့ထံတွင် သူမသည် လွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်ချေ။

“ ငါ့ရဲ့ ဇာစ်မြစ်လား ... ။ ”

လိပ်ပြာမိန်းကလေးက ရှုပ်ထွေးသော အရိပ်အယောင်များပြသလာသည်။ ထို့နောက်၊

“ နင်တို့ မြင်ခဲ့တဲ့အတိုင်းပဲ ... ငါကရွှေလိပ်ပြာ၊ ငါ့ကို မူလဖရိုဖရဲစွမ်းအင်ကနေ မွေးဖွားလာပြီး မဟာတာအိုနိယာမတွေရဲ့ အစနဲ့ အဆုံးကို ငါမြင်ဖူးတယ် ...

... ကြယ်တာရာတွေရဲ့ ပျက်စီးခြင်းနဲ့ မွေးဖွားခြင်းကိုလည်း စောင့်ကြည့်နေခဲ့ဖူးတယ် ဒီလောကကြီးထဲမှာ ငါတစ်ယောက်တည်း ...

... အချိန်ယန္တရားကြီးကို လျစ်လျူရှုူ လှည့်လည်ပြီး၊ သတ္တဝါတွေအားလုံး ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို သက်သေခံခဲ့ရတယ် ... ။ ”

“ လုံလောက်ပြီ ... ။”

ရုတ်တရက် စုရီမှ ဟန့်တားလိုက်၏။ အားချိုင်ခမျာ မကျေမနပ်ဖြင့်၊

“ ဘာဖြစ်လို့လဲ ... ။”

-ဟု ပြန်မေးသည်။

“ ဒီလို ဝါကြားပြီး အမှန်နဲ့အမှား ရောထွေးနေတဲ့အပိုစကားတွေ ငါကြားချင်တာ မဟုတ်ဘူး ... မင်းရဲ့ လက်ရှိအဆင့်အတန်းနဲ့ မင်းဘယ်အရပ်က လာသလဲဆိုတာကိုသာ ဆက်ပြောပြပါ။ ”

အားချိုင်ခမျာ အတော်ပင် ဒေါသထွက်သွားပြီး စုရီကိုစူးစိုက်ကြည့်ကာ၊

“ တခြားနေရာမှာသာဆိုရင် နင့်လိုရိုင်းစိုင်းတဲ့ကောင်မျိုးကို အကြိမ်များစွာ ငါသတ်ပစ်လိုက်ပြီးပြီ။ ”

-ဟု အံကြိတ်ကြိမ်းဝါး၏။

စုရီမှ ဂရုမစိုက်ချေ။ ခေါင်းတလားထမ်း သူရဲအိုကြီးက ဘေးမှနေပြီးပြုံး၏။ ခြိမ်းခြောက် စကားများပြောဆိုခြင်းသည် အားနည်းသူများ၏ လက်စွဲပေပင်။

မည်သူမဆို အမှန်ပင် အစွမ်းထက်သော် ဤကဲ့သို့သော စကားများဆိုနေမည် မဟုတ်ဘဲ တိုက်ခိုက်ပြီး ဖြစ်နေပေလိမ့်မည်။

သို့သော် အားချိုင်သည် သူ့ဒဏ်ရာကို ကုသပေးခဲ့သူဖြစ်သဖြင့် မကောင်းပြောခြင်းကို သည်းခံထားလိုက်သည်။

တစ်ဖက်တွင် အားချိုင်သည်လည်း ဤလူငယ်သည် စကားအပိုများဖြင့် လှည့်စား၍ မရနိုင်ကြောင်း သိသွားသောကြောင့် ပျင်းရိသွားလေသည်။

များမကြာမီမှာပင် စုရီသည် သူမ အကြောင်းကို သိရှိလာ၏။ ဤမိန်းကလေးသည် ကြယ်တွေစုံလင်သောကောင်းကင်ကြီး အလယ် ဗဟိုမှလာခြင်းပေပင်။

သူမ နေထိုင်ရာကြယ်ကို ‘ထျန်းကျီးကြယ်’ ဟုခေါ်၏။ ထိုကြယ်ကို အုပ်စိုးသောအင်အားစု အမည်မှာ ဖရိုဖရဲပေါင်းစည်းခြင်းတာအိုဂိုဏ်း ဖြစ်သည်။ (ထျန်းယီဂိုဏ်း။)

ထိုဂိုဏ်းသည် အလွန်ရှေးပြီး သူမသည် ဂိုဏ်းအတွင်း၌ အဆင့်အတန်းမြင့်မားလှသည်။ ဂိုဏ်းချုပ်မှ သူမကို ထာဝရဝိညာဉ်သခင် ဟူသော ဘွဲ့အမည် ပေးထား၏။

စုရီကို မြှားဖြင့်ပစ်ခတ်ခဲ့သော ဆံပင်ဖြူနှင့် ချင်းရှောင်ဆိုသူသည် ထျန်းယီတာအိုဂိုဏ်း၏ အကြီးအကဲတစ်ဦးပေပင်။

အသွင်အပြင်အရ လူငယ်တစ်ဦး ဖြစ်သော်လည်း နှစ်ပေါင်းမရေမတွက်နိုင်အောင် အသက်ရှင်နေထိုင်ခဲ့သည့် မိစ္ဆာအိုကြီး တစ်ပါးဖြစ်၏။

လွန်ခဲ့သောဆယ်နှစ်က ထိုမိစ္ဆာအိုကြီးသည် စကြာဝဠာတခွင်လှည့်လည်စဉ် ထူးဆန်းသော အာကာသဥမင်တစ်ခုကို တွေ့ရှိခဲ့သည်။

ထိုဥမင်သည် အချိန်နှင့်အာကာသ ဖရိုဖရဲဖြစ်နေသော မရဏကမ္ဘာ၏ ဝင်စားခြင်း နယ်မြေတစ်ခုဖြစ်ပြီး ဝင်စားခြင်းသစ်ပင် ရှိနေကြောင်း မှန်းဆချက်ပေး၏။

ထိုကြောင့် ချင်းရှောင်သည် ဂိုဏ်းသို့ ချက်ချင်းပြန်ကာ ဂိုဏ်းချုပ်ထံသတင်းပို့သည်။ အဆုံးတွင် ဂိုဏ်းချုပ် ညွှန်ကြားချက်များအရ သူမကိုခေါ်ကာ ဤဝင်စားခြင်းသစ်ပင်ထံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်၏။

အထက်ပါအချက်များကို သိလိုက်ရသောအခါစုရီသည်ပင် အနည်းငယ် အံ့သြသွားရသည်။

ဤကမ္ဘာရှိ ဝင်စားခြင်း သစ်ပင်သည် ထျန်းကျီးကြယ်နှင့် ဆက်သွယ်နေသည့်နောက် အခြားသော ကြယ်များဖြင့် မဆက်ဟု မပြောနိုင်တော့ချေ။

“ တကယ်တော့ ချင်းရှောင်မှာ ဒီလောက်အရည်အချင်းမရှိဘူး အာကာသဥမင် အဆုံးမှာ အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုရှိတယ် ဟင်းလင်းပြင်ထဲမှာ ... အချိန်နဲ့ အာကာသက အဆုံးမရှိဘူး ...

... ဒါကြောင့် ဘယ်သူမှ အလွယ်တကူ ဖြတ်ကျော်လို့မရဘူး ... အဲဒီချင်းရှောင်တောင်မှ သူ့ရဲ့နတ်အာရုံကိုအသုံးပြုပြီး ဝင်စားခြင်း သစ်ပင်ရဲ့ အရွက်ပေါ်မှာ ပုံရိပ်အဖြစ်ပဲ ...

... ပေါ်လာနိုင်တယ် ဒီဟင်းလင်းပြင်ကို တကယ် ဖြတ်ကျော်ရောက်လာမှာ မဟုတ်ဘူး ငါကတော့ သူနဲ့မတူဘူး ငါ့မှာ ...

... မွေးရာပါ မြင့်မြတ်တဲ့စွမ်းရည်ရှိတယ် အဲဒါက အချိန်နဲ့ အာကာသအတားအဆီးတွေကို ဖောက်ထွက်နိုင်တယ် ...

... အရေးကြီးဆုံးက အဲဒီစွမ်းရည်က ဒီဝင်စားခြင်းဥပဒေအပေါခုခံနိုင်ပြီး ဖြေဖျောက် နိုင်တာပါပဲ။ ”

ထိုစကားကို ကြားသောအခါ ခေါင်းတလားထမ်းသူရဲအိုကြီး ရင်ဘက်ထဲတွင် တုန်ခါမှုလှိုင်းများ စုဖွဲ့လာ၏။

ဤသည်မှာ မည်မျှ ပြင်းထန်သော စွမ်းရည်မျိုးနည်း။ ဝင်စားခြင်းဥပဒေ နိယာမ အပေါ်ပင် ခုခံနိုင်နေသည်လော။

စုရီသည်သာ အားချိုင်၏ မျက်ခုံးနှစ်ဖက်ကြားရှိ ရွှေအမှတ်အသားထံ အလိုလိုကြည့်လိုက်မိသည်။

‌ရွှေရောင်အမှတ်အသားသည် နတ်အလင်းကွင်းတစ်ခုကဲ့သို့ အဆက်မပြတ် လည်ပတ်နေပြီး အစအဆုံးမဲ့ ထာဝရတည်ခြင်း ရောင်ဝါကို ပေးစွမ်းနေ၏။ အလွန်ပင် ထူးခြားဆန်းကြယ်လှချေပြီ။

အားချိုင်ပြောသော မြင့်မြတ်သော စွမ်းရည်သည် ဤရွှေရောင်အမှတ်အသားထံမှ လာခြင်းဖြစ်နိုင်၏။ သို့သော် ဤသည်မှာ တစ်ဖက်လူ၏ လျှို့ဝှက်ချက်ဖြစ်သောကြောင့် အသေးစိတ်မေးမြန်းရန် ဆန္ဒမရှိချေ။

“ မင်း ဒီကိုလာတာက ... ပိုးအိမ်ကိုဖောက်ထွက်ပြီး လိပ်ပြာအဖြစ်ကို ခံယူဖို့အတွက်လား။ ”

“ မဟုတ်ဘူး ... ငါဒီကိုလာတာက အသက်ရှင်ဖို့အတွက်ပဲ။ ”

စုရီက ခေါင်းစဉ်ပြောင်းမေးလိုက်၏။ အားချိုင်၏ကြည်လင်သော မျက်ဝန်းများတွင် သတ်ဖြတ်လိုခြင်း အရိပ်အမြွက်များ ချက်ချင်း ဖြတ်ပြေးသွားသည်။

“ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ... ဒီမှာနင်ကြောင့်ပဲ ပိုးအိမ်ကို ဖောက်ထွက်ခွင့် ရသွားတာ။ ”

“ အသက်ရှင်ဖို့အတွက်လား ဒါဘာကိုဆိုလိုတာလဲ။ ”

စုရီမှ ရှုပ်ထွေးလာ၏။

“ ဒါက ငါ့ရဲ့မြင့်မြတ်တဲ့စွမ်းရည်နဲ့ ဆက်စပ်နေတယ် ... ။ ”

အားချိုင်မှ ပြန်ဖြေသည်။ သို့သော် သူမမျက်နှာတွင် အနည်းငယ် ဝမ်းနည်းရိပ် သန်းလာနေပြီး၊

“ ထျန်းယီတာအိုဂိုဏ်းချုပ်သမီးဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားတယ် သူမကို ဘယ်လိုနတ်ဆေးတွေ၊ လျှို့ဝှက်ပညာတွေနဲ့မှ ကုသလို့မရဘူး ...

... သူမ အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက ဝင်စားခြင်းပဲ၊ ငါ့ရဲ့မြင့်မြတ်တဲ့စွမ်းရည်က တာအိုနိယာမကို စုပ်ယူစုဆောင်းနိုင်တယ် ...

... ဒါကြောင့် အဲဒီချင်းရှောင်က ဝင်စားခြင်းသစ်ပင်ကို တွေ့ရှိပြီးတဲ့နောက်မှာ ဂိုဏ်းချုပ်က ငါ့ကိုဝင်စားခြင်းဥပဒေတွေကို စုဆောင်းပေးဖို့ တောင်းဆိုခဲ့တယ် ... ဒီနည်းနဲ့ သူ့သမီးကို ပြန်လည်မွေးဖွားချင်နေတယ်။ ”

ဤနေရာသို့ ရောက်သောအခါ အားချိုင်၏မျက်နှာပေါ်တွင် ဖုံးကွယ်မရသည့် သတ်ဖြတ်လိုစိတ်များ နောက်တစ်ကြိမ်း ပေါ်လာပြန်သည်။

“ ဒါက အကူအညီတောင်းရုံတင်ဆိုရင် ငါစိတ်ထဲမထားပါဘူး အခုတော့ ဂိုဏ်းချုပ်မှာ တခြားအကြံရှိနေတာပဲ ငါသာ ဝင်စားခြင်း စွမ်းအားတွေကို ...

.... စုဆောင်းပြီးတာနဲ့ သူ့သမီးကို ငါ့ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သိမ်းပိုက်ဖို့ သူ စီစဉ်ထားတယ်။ ”

“ ခန္ဓာကိုယ် သိမ်းပိုက်ဖို့လား။ ”

စုရီနှင့် ခေါင်းတလားထမ်း သူရဲအိုကြီးတို့၏ ရင်ထဲတုန်လှုပ်သွား၏။ ထျန်းယီဂိုဏ်းချုပ်သည် ရက်စက် ကြမ်းကြုတ်လွန်းချေပြီ။

“ လူသားတွေရဲ့ လောဘက အတိုင်းအဆမရှိဘူး ... ငါ့ရဲ့နတ်စွမ်းရည်က ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာ သူ ကောင်းကောင်းသိတယ် ...

... သူ့သမီးက ငါ့ခန္ဓာကိုယ်ကိုရရင် ဒဏ်ရာတွေပျောက်ရုံတင်မကဘဲ နတ်စွမ်းရည် တွေကိုလည်း ဆက်ခံနိုင်လိမ့်မယ် ...

... ပြီးရင် သူ့သမီးကို ပိုးအိမ်ကနေ ဖောက်ထွက်စေပြီး ရွှေလိပ်ပြာအဖြစ် အသွင် ပြောင်းပေးဖို့ စီစဉ်ထားကြတယ် ...

... ဒီကိစ္စကို ချင်းရှောင်လည်းသိတယ် သူတို့က ဒါကိုလျှို့ဝှက်ထားနိုင်တယ်ထင်နေတာ ဒါပေမယ့် ကံမကောင်းစွာနဲ့ ငါဂိုဏ်းကနေ ထွက်မလာခင် ဂိုဏ်းချုပ်သမီးနဲ့ သီးသန့် တွေ့ခဲ့တယ် ... ။”

ဤနေရာအရောက်တွင် အားချိုင်မျက်နှာသည် အေးစက်သွားတော့၏။

“ အဲဒီတုန်းက သူ့ဒဏ်ရာကို စစ်ဆေးကြည့်ဖို့သွားတာ ဒါပေမဲ့သူမဝိညာဉ်မှာ ဒီပူးပေါင်းကြံစည်မှုကို ငါတွေ့လိုက်ရတယ် ...

... ဒါကြောင့် ငါက ဘာမှမသိသလို ဟန်ဆောင်ပြီး ချင်းရှောင်နဲ့ လိုက်လာခဲ့တာပဲ ငါပြန်သွားရင် ဒုက္ခရောက်တော့မယ်ဆိုတာ သိနေလို့ ... ဒီနှစ်တွေတစ်လျှောက်လုံး အချိန်ဆွဲနေခဲ့မိတယ်။ ”

ထို့နောက် အားချိုင်က စုရီထံ တစ်ချက် ကြည့်လိုက်ပြီး ပြုံးလိုက်တော့၏။

“ ဒါပေမဲ့ နင်နဲ့တွေ့တာ ငါ့အတွက် ကံကောင်းတယ် ငါ့ရဲ့ဟောင်းနွမ်းနေတဲ့ခန္ဓာကို ဖောက်ထွက်ခွင့်ရခဲ့တယ်။ ”

ထိုစဉ်က ချင်းရှောင်နှင့် တိုက်ပွဲတွင် အားချိုင်သည် အဘယ့်ကြောင့် ရပ်ကြည့်နေမှန်း စုရီနားလည်လာ၏။

တစ်ဖက်တွင် စုရီက ရွှေပိုးကောင်ကို တိုက်ခိုက်လိုသောအခါ ချင်းရှောင်တစ်ယောက် တားဆီးခဲ့သည့် အကြောင်းအရင်းကိုလည်း သဘောပေါက်သွားတော့သည်။

***

All Chapters