ပြန်လည်ဝင်စားခြင်း ဥပဒေငါးပါးကို ရှာဖွေပေါင်းစည်းနိုင်ခြင်း။
Vol. 69 Ch. 822
စုရီ မေးခွန်းများပြီးနောက် အားချိုင်တစ်ယောက် ပြန်လည်မေးမြန်းသည်။ ထို့ကြောင့် စုရီ၏အမည်နာမနှင့် နောက်ခံဇာစ်မြစ်ကို သိရှိသွား၏။
ယင်းသည် သူမကို အံ့အားသင့်စေသည်။ အထူးသဖြင့် စုရီသည် ပျက်စီးနေသော ရွှမ်းဟွမ် ကြယ်စု၏ မရဏကမ္ဘာမှတစ်ဆင့် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိလိုက်ရသော အခါ တိတ်ဆိတ်သွား၏။
ထို့နောက်တွင် မြေအောက်ကမ္ဘာမှတ်တမ်း အကြောင်းနှင့် ထျန်းကျီးဥပဒေစွမ်းအားအပေါ် ချေဖျက်နိုင်သော စုရီ၏စွမ်းအားအကြောင်း မေးမြန်းသည့်အခါတွင်မူ အဖြေမရချေ။
ဤအချက်သည် သူမကို အတော်ပင် မကျေမနပ်ဖြစ်စေသည်။ သူမဟူသည် နှစ်ပေါင်း အနန္တတိုင်အောင် ရှင်သန်ခဲ့သူဖြစ်၏။
ကြယ်တာရာများ ပျက်သုဉ်းပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာနေသည်ကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။
ကြယ်နယ်မြေများ အသီးသီးသို့ လှည့်လည်လျက် တုန်လှုပ်ချောက်ချားဖွယ်ရာ ပုဂ္ဂိုလ်ကြီးများစွာနှင့်လည်း ဆုံတွေ့ဖူး၏။
ကျင့်ကြံမှုအဆင့်အရ စုရီထက် အဆပေါင်းများစွာ သာလွန်မြင့်မားချေသည်။ သို့သော် ရွှမ်ကျောက်အဆင့်မျှသာရှိသော ဤလူငယ်တစ်ဦးအပေါ် မမြင်နိုင်ချေ။
ရွှမ်ကျောက်အဆင့်မှု တစ်စုံတစ်ဦးသည် ဝင်စားခြင်းသစ်ပင်အပေါ် အမိန့်ပေးနိုင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပေပင်။
ထို့ပြင် ထျန်းကျီးကြယ်စု၏ ထျန်းကျီးဥပဒေသည်လည်း ဤလူငယ်အပေါ် သက်ရောက်မှုမရှိဖြစ်နေ၏။ (ထျန်းကျီးဥပဒေ ဖရိုဖရဲပေါင်းစည်းခြင်း ဥပဒေ။)
အလွန်ပင် ထူးဆန်းအံ့သြဖွယ်ကောင်း၏။ ဤအရာအားလုံး၌ လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေချေပြီ။
“ ကောင်းပြီ ... ငါ့ကို အကူအညီတစ်ခုလောက် ပေးနိုင်မလား။ ”
နောက်ဆုံးတွင် အားချိုင်က သူမကို ဤနေရာမှထွက်ခွာနိုင်ရန် ကူညီပေးလိုကြောင်း တောင်းဆိုလိုက်သည်။
အကြောင်းမှာ ယခင်တိုက်ပွဲအတွင်း ထျန်းကျီးကြယ်စုသို့ ဆက်သွယ်ထားခဲ့သော ဝင်စားခြင်းအရွက်မှာ ပျက်စီးသွားပြီဖြစ်၏။
ထို့ကြောင့် သူမ၏ကြယ်စုသို့ ပြန်မည့် အာကာသဥမင် ပြတ်တောက်သွားခဲ့သည်ဟု အဓိပ္ပါယ်ရချေပြီ။
သူမ၏ မွေးရာပါစွမ်းရည်သည် အချိန်နှင့်အာကာသအတားအဆီးကို ဖြတ်ကျော် နိုင်သော်လည်း ဆုံမှတ်တစ်ခုလမ်းပြဖို့ရန် လိုနေသေးသည်။
မဟုတ်သော် ကျယ်ပြောလှသော ကောင်းကင်းအတွင်း မည်သည့်အရပ်ထံပါးသို့ လွင့်မျောရောက်ရှိသွားမည်ကို မသိနိုင်ချေ။
“ မင်းပြန်သွားရင် ထျန်းယီဂိုဏ်းချုပ်ရဲ့ လိုက်လံသတ်ဖြတ်မှာကို မကြောက်ဘူးလား။ ”
ဘေးမှ ရပ်နားထောင်နေသော ခေါင်းတလားထမ်း သူရဲအိုကြီးက မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
“ ခွန်အားချင်း ယှဉ်ရင်တော့ ငါက အားနည်းပါတယ် ဒါပေမဲ့ ငါသာ ထွက်ပြေးမယ် ဆိုရင်တော့ ... ။ ”
အားချိုင်၏ နှုတ်ခမ်းပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး၊
“ ဘယ်လို နတ်ဘုရားတွေမှ ငါ့ကိုတားဆီးလို့မရဘူး ... ။ ”
-ဟု ဖြေကြားလိုက်သည်။
သို့သော် စုရီမှ ကြည့်နေသည်ကို သတိရသွား၏။ ထိုအကြည့်ကြောင့် အားချိုင် တစ်ယောက် အနည်းငယ်တွန့်ဆုတ်သွားကာ၊
“ ဒါပေမယ့် နင်ကချွင်းချက်။”
-ဟု မျက်နှာနီရဲလျက် ပြင်ပြောလိုက်သည်။
ထိုစဉ်က စုရီ၏လက်တွင် မည်သို့မျှ မလွတ်မြောက်ဘဲပိတ်မိကာ သေခုမျောပါးသော အဖြစ်အပျက်ကို သတိရသွားခြင်းဖြစ်၏။ စုရီမှ ပြုံးသည်။ ထို့နောက်၊
“ ကောင်းပြီ ... ဒီအကူအညီကို ငါပေးနိုင်ပါတယ်... ဒါပေမဲ့ ငါ့ရဲ့လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။”
-ဟု တုန့်ပြန်၏။
ဤသို့ စုရီမှအလွယ်တကူပင် သဘောတူလိုက်သည့်အတွက် အားချိုင်ခမျာ အနည်းငယ် အံ့သြသွားစေသည်။
တစ်ဖက်လူသည် ထိုအခွင့်အရေးကို အသုံးချကာ သူမထံမှ အဖိုးတန်ရတနာများဖြင့် လဲလှယ်လိမ့်မည်ဟု ထင်နေမိခဲ့၏။
သို့သော် စုရီသည် စကားဆုံးသည်နှင့် အလွယ်တကူ သဘောတူလိုက်ကာ ချက်ချင် စတင်လုပ်ဆောင်ပေးတော့သည်။
စုရီအတွက် မြေအောက်ကမ္ဘာမှတ်တမ်း ရှိနေသရွေ့ ဝင်စားခြင်းသစ်ပင်၏ အရွက်ကို ပြုပြင်ပေးရန်မှာ မခက်ခဲဟု မြင်၏။
တစ်ချိန်တည်းမှာပင် ဤအခွင့်အရေးကို အသုံးချပြီး မြေအောက်ကမ္ဘာမှတ်တမ်းအပေါ် ပိုမိုနားလည်ရန် ကြိုးစားနိုင်ပေမည်။
နာရီဝက်ခန့်ကြာပြီးနောက် မရဏကမ္ဘာ၏ ဝင်စားခြင်းဥပဒေစွမ်းအားများဖြင့် လေထုသည် ပြည့်နှက်လာကာ မှိန်ဖျောနေသောအရွက်က ပြန်လည်တောက်ပလာသည်။
များမကြာခင် ရောင်စုံအလင်းတန်းများ ဝန်းရံလျက်ဖြင့် ထျန်းကျီးကြယ်၏ ပုံရိပ်ငယ် ထင်ဟပ်လာတော့၏။
“ အောင်မြင်သွားတာလား ... ။ ”
ဤရလာဒ်ကြောင့် စုရီတစ်ယောက် ရွှင်မြူးလာသည်။ အမှန်ပင် ဤမှတ်တမ်းသည် ထူးခြားဆန်းကြယ်လှချေပြီ။
၎င်းသည် မရဏကမ္ဘာ၏ မူလ စွမ်းအင်များထိန်းချုပ်နိုင်သည့် သော့တစ်ချောင်း ကဲ့သို့ပေပင်။ ခေါင်းတလားထမ်း သူရဲအိုကြီးပင် မှင်တက်သွားရသည်။
သူသည် နောက်ဆုံးသော မရဏကမ္ဘာ ဧကရာဇ် ဖြစ်သော်လည်း ဤနေရာသို့ပထမဆုံး အကြိမ်ရောက်ဖူးကာ မြေအောက်ကမ္ဘာ မှတ်တမ်းသည် ထိုမျှအသုံးဝင်နေလိမ့်မည်ဟု မထင်ထားချေ။
“ ဂျူနီယာစု ... မင်းရဲ့အစ်မကြီးက ယုံကြည်ပါတယ် ... ငါတို့နောင်အနာဂါတ်မှာ ပြန်ဆုံမယ်။ ”
အားချိုင်က အပြုံးဖြင့် နှုတ်ဆက်သည်။ သူမအဝတ်အစားများ လေထဲတွင် လွင့်ပျံလျက် နတ်သမီးတစ်ပါးကဲ့သို့ ကျက်သရေရှိလာ၏။
“ ဂျူနီယာစုလား။ ”
ခေါင်းတလားထမ်း သူရဲအိုကြီးက ရယ်ချင်စိတ်ကို အနိုင်နိုင် အောင့်သည်းထား၏။ ဤမိန်းကလေးသည် ဘီလူးစုကို ဂျူနီယာအဖြစ် ခေါ်ဆိုကာ စကားအရာဖြင့်အသာစီးရယူရန် အခွင့်အရေးအပေါ် လက်လွတ်မခံခဲ့ချေ။
စုရီသည်လည်း မျက်နှာအနည်းငယ် ရှုံ့မဲ့သွားရသည်။ ထိုစဉ် ရွှေရောင်အလင်းတန်း နှင့်အတူ စုရီရှေ့တွင် တံဆိပ်တစ်ခုပေါ်လာ၏။
၎င်းသည် ရွှေရောင်ပိုးချည်မျှင်များဖြင့် ရက်လုပ်ထားသည့်အလား တောက်ပလွန်းသည့် လက်ကောက်တစ်ကွင်းပေပင်။
ပုံသဏ္ဍန်သည် မိမိအမြီးကိုမိမိ ပြန်မြိုနေခဲ့သော ရွှေပိုးကောင်လေးတစ်ကောင် ဖြစ်ချေ၏။
“ ဒါက ငါ့ရဲ့မွေးရာပါဥပဒေနဲ့ ... ဖန်တီးထားတဲ့ ထာဝရဥပဒေတံဆိပ်ပဲ သေဘေး ကနေ တစ်ကြိမ်ကယ်တင်နိုင်စွမ်းရှိတယ် ...
... ဒါကို မင်းရဲ့အစ်မကြီးက ဂျူနီယာစုအတွက် ပထအကြိမ်တွေ့ဆုံမှုအဖြစ် လက်ဆောင်ပေးလိုက်မယ် အနာဂါတ်မှာ ပြန်ဆုံရအောင်။ ”
ထို့နောက် အားချိုင်သည် ပြုံးရွှင်စွာ လက်ဝှေ့ယမ်းလျက် ဝင်စားခြင်းအရွက်ပေါ်ရှိ ထျန်းကျီးကမ္ဘာငယ်လေးထဲသို့ ကျုံ့ဝင် ပျောက်ကွယ်သွားတော့၏။
“ ဟားဟားဟား ဂျူနီယာစု မင်းအဆင်ပြေရဲ့လား။ ”
တစ်ဖက်တွင် ခေါင်းတလားထမ်း သူရဲအိုကြီးသည် သည်းမခံနိုင်တော့ဘဲ ရယ်မော တော့၏။ စုရီမှ တစ်ချက်ပြန်ကြည့်လိုက်ကာ၊
“ မင်းရဲ့ စရိုက်ဆိုးတွေကို နည်းနည်းပြင်သင့်ပြီ မရဏကမ္ဘာကို အုပ်စိုးခဲ့တဲ့ ငရဲဘုရင်တစ်ပါးနဲ့ လုံးဝမတူဘူး။”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ ဟားဟားဟား မင်းဘာတွေ စိတ်ပူနေတာလဲဂျူနီယာစု အကျင့်စရိုက်ဆိုတာ သေတဲ့အထိပြင်လို့မရဘူး ... ။”
“ ဟမ့် ... ငါပြင်ပေးရမလား ဒီဝင်စားခြင်းသစ်ပင်က မင်းရဲ့အဲဒီစရိုက်ဆိုးကို ပြောင်းလဲပေးနိုင်ပါတယ်။ ”
“ ..... ။ ”
“ အဖိုးကြီးစု ... မင်းအဲဒီမိန်းကလေးကို သတ်ဖို့မဟုတ်ဘူးလား ဘာလို့ စိတ်ပြောင်းသွား ရတာလဲ ... ငါ့ကို သူမ အရမ်းလှတယ်လို့တော့ မပြောနဲ့။ ”
ခေါင်းတလားထမ်း သူရဲအိုကြီးခမျာ ချက်ချင်းအသံတိတ်လျက် စကားလမ်းကြောင်း လွှဲလိုက်ရတော့သည်။
“ မင်းနဲ့ သူ ... ရန်ငြိုးရှိလား။ ”
စုရီမှ မေး၏။
“ မရှိဘူး ... ။ ”
“ ငါနဲ့လည်း မရှိဘူး ... ။ ”
“ ဒါပေမယ့် ချင်းရှောင်နဲ့ သူမက တစ်ဖွဲ့တည်းလေ။ ”
“ ဒါပေမယ့် သူ ချင်းရှောင်ကို ကူညီခဲ့လား။”
“ မကူညီဘူး ... ။ ”
“ ဒါဆို ငါဘာလို့ သူ့ကိုသတ်ရမှာလဲ။ ”
ထို့နောက် စုရီက ထူးခြားသော အရိပ်အယောင်တစ်ခုပြသလျက်၊
“ အမှန်တော့ တကယ်လို့ ... ငါသတ်ချင်နေရင်တောင်မှ သူ့ကိုသတ်ဖို့က ခဲယဉ်းနေတုန်းပါပဲ။ ”
-ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။ ထိုစကားများကြောင့် ခေါင်းတလားထမ်း သူရဲအိုကြီးမှ အံ့သြသွားတော့သည်။
“ ဘီလူးစု ... အဲဒီမိန်းကလေးရဲ့ ဇာစ်မြစ်ကို မင်းသိနေတာလား။ ”
“ ငါ့ရဲ့အရင်ဘဝတုန်းက ရှေးဟောင်းကျမ်းစာထဲမှာ မူလနတ်ဝိညာဉ် ဆိုတဲ့ သက်ရှိအကြောင်း ဖတ်ခဲ့ဖူးတယ် ...
... ဒါကိုမယုံခဲ့ဘူး ဘယ်သက်ရှိတွေက ဒီလောကြီးမှာ အချိန်ကို ဆန့်ကျင်ပြီး ဒီလိုမျိုး ထာဝရတည်ရှိနေနိုင်မှာလဲ ဒဏ္ဍာရီတစ်ပုဒ်ပါ ...
... ဒါပေမဲ့ အားချိုင်ကို မြင်လိုက်တဲ့ အခါမှာတော့ ဒီဒဏ္ဍာရီဟာ အစစ်အမှန်ပဲဆိုတာ ယုံလိုက်ရတယ်။ ”
“ ထပ်ရှင်းပြဦး ... ။ ”
“ ရှေးခေတ်တုန်းက ကောင်းကင်ပိုးဆိုတဲ့ နတ်ပိုးကောင်တစ်မျိုးရှိခဲ့ဖူးတယ် သူတို့တွေဟာ ဖရိုဖရဲဒေသမှာမွေးဖွားပြီး သူတို့ရဲ့ဝိညာဉ်က ထာဝရမပျက်စီးနိုင်ဘူး ...
... အချိန်နဲ့ အာကာသဥပဒေကိုစားသုံးပြီး နှစ်ပေါင်းများစွာကြာတဲ့အခါမှာ လိပ်ပြာအဖြစ် အသွင်ပြောင်းနိုင်ကြတယ် ...
... အဲဒီအခါမှာ သူတို့ဟာ အချိန်နဲ့ အာကာသကိုဖြတ်ကျော်ပြီး သူတို့ကို ကောင်းကင်နတ်သမီးလို့ ခေါ်ကြတယ်။”
“ ဒီလောက်တောင်လား။ ”
ခေါင်းတလားထမ်း သူရဲအိုကြီးက ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
“ ဒါဆို အဲဒီမိန်းကလေးပြောနေတာတွေ အမှန်ပဲပေါ့ သူမဟာတကယ်ပဲဖရိုဖရဲနယ်မြေမှာ မွေးဖွားခဲ့တာပေါ့။ ”
ထာဝရဝိညာဉ်ဆိုသည်မှာ မပျက်စီးခြင်း ဟူသောအဓိပ္ပါယ်ပေပင်။ ထို့ကြောင့် ထျန်းယီ ဂိုဏ်းသည် သူမကို ‘ထာဝရဝိညာဉ်သခင်’ဟု အမည်ပေးထားခြင်းပေပင်။
“ ဖြစ်နိုင်ပါတယ်။ ”
ထို့နောက် စုရီသည် အားချိုင်ပေးခဲ့သော ထာဝရတံဆိပ်အဆောင်ကို လက်ထဲလှည့်ပတ် ကစားကာ စစ်ဆေးကြည့်၏။
“ အဲဒီကြယ်ရောင်စုံ ကောင်းကင်ကြီးရဲ့ ဗဟိုဒေသက တကယ့်ကို မယုံနိုင်စရာပါပဲ ... ။ ”
ခေါင်းတလားထမ်း သူရဲအိုကြီးက သက်ပြင်းချကာ ညည်းတွားလိုက်သည်။
“ အခု ... မင်းငါ့ကို ဒီမြေအောက်ကမ္ဘာ မှတ်တမ်းရဲ့ ဇာစ်မြစ်အကြောင်း ပြောပြလို့ ရပြီမလား။ ”
စုရီက ထာဝရတံဆိပ်ကို သိမ်းဆည်းလျက် မေးမြန်းခဲ့၏။ ခေါင်းတလားထမ်း သူရဲအိုကြီးမှ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
စုရီ ခန့်မှန်းထားသည့်အတိုင်းပင် မြေအောက်ကမ္ဘာမှတ်တမ်းသည် မရဏကမ္ဘာ မူလစွမ်းအားများမှ မွေးဖွားလာခြင်းဖြစ်၏။
၎င်း၏အတွင်းပိုင်းတွင် ထူးခြားဆန်းပြားသော ဥပဒေနိယာမ ပါရှိသည်။ မြေအောက်ကမ္ဘာဧကရာဇ်များ အဆက်ဆက် လေ့လာမှုများအရ ထိုအမှတ်အသားများသည် ဝင်စားခြင်းဥပဒေ၏ လျှို့ဝှက်ချက်များပေပင်။
သို့သော်လည်း ဤမှတ်တမ်းသည် ဝင်စားခြင်းသစ်ပင်ဖြင့် ပေါင်းစည်းကာ အမိန့် ပေးနိုင်ကြောင်း ခေါင်းတလားထမ်း သူရဲအိုကြီး ကိုယ်တိုင်သည်လည်း မသိခဲ့ချေ။
“ ဒါဆိုရင် ဒီမြေအောက်ကမ္ဘာ မှတ်တမ်းထဲမှာ အဆုံးသတ်နိယာမဆိုတာများ ကိန်းအောင်းနေနိုင်မလား။ ”
စုရီက မေးလိုက်သည်။ သူသည် အခြားသောနိယာမလေးခုကို တတ်မြောက်ပြီး ဖြစ်သည်။ အဆုံးသတ်နိယာမသာလျှင် လိုပေတော့၏။
ဤနိယာမသည် ဝင်စားခြင်းစွမ်းအား၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး ၎င်းကိုမရရှိဘဲနှင့် ဝင်စားခြင်းဥပဒေအပေါ် အပြည့်အဝ နားလည်နိုင်မည် မဟုတ်ချေ။
“ ဖြစ်နိုင်ပါတယ် ။ ”
ခေါင်းတလားထမ်း သူရဲအိုကြီးက ခေတ္တမျှစဉ်းစားပြီးမှ၊
“ အရင်တုန်းက အဆုံးသတ်နိယာမကို တားမြစ်ဥပဒေနိယာမအဖြစ် သတ်မှတ်ခဲ့တယ် မြေအောက်ကမ္ဘာရဲ့ ဧကရာဇ်အဆက်ဆက် ... အနည်းငယ်ပဲ ဒါကိုထိန်းချုပ်နိုင်တယ် ...
... အခု ငါတို့က မရဏကမ္ဘာရဲ့ အရင်းအမြစ်နယ်မြေမှာ ရောက်နေကြပြီး မြေအောက်ကမ္ဘာ မှတ်တမ်းကလည်း ဒီကနေ မွေးဖွားလာတာဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး မင်းကြိုးစားကြည့်သင့်တယ်။ ”
“ ကောင်းပြီ ... ။ ”
“ ဝှစ် ... ။ ”
စုရီက ခေါင်းတလားထမ်း သူရဲအိုကြီး စကားကို ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ဝင်စားခြင်းသစ်ပင်နှင့် အလှမ်းမကမ်း၌ မြေအောက်ကမ္ဘာမှတ်တမ်းကို လွင့်ပျံစေလိုက်၏။
သည့်နောက် နှစ်ဦးသားတရားထိုင်ကာ တာအိုနားလည်မှုများကို ရယူနေလိုက်သည်။ စုရီသည် အဆုံးသတ်ဥပဒေကို ဆင်ခြင်နေပြီး ခေါင်းတလားထမ်းသူရဲအိုကြီးမှာမူ ဝင်စားခြင်း မြေအပေါ် ပြုပြင်ရန်ကြိုးစားနေ၏။
ဝင်စားခြင်းဥပဒေတွင် ဝင်စားခြင်း၊ သွေ့ရော်ခြင်း၊ ဖွံ့ဖြိုးခြင်းနဲ့ သေလွန်ခြင်းစသည့် ဥပဒေအပြင် အဆုံးသတ်ဥပဒေသည်လည်း ပါရှိသည်။
( တနည်းအားဖြင့်၊
၁။အသက်နှင့် သေခြင်းသံသရာ၊
၂။အမှောင်၊
၃။တရားစီရင်ခြင်း၊
၄။အပြစ်သန့်စင်ခြင်း၊
၅။အဆုံးသတ် စသည်တို့ဖြစ်သည်။
အသက်နှင့်သေခြင်းဟူသည် မွေးဖွားခြင်းနှင့်သေဆုံးခြင်း ဥပဒေအပေါ် ထိန်းချုပ်နိုင်သည်။
အမှောင်ဥပဒေသည် မရဏကမ္ဘာ အခြေခံရင်းမြစ်စွမ်းအားဖြစ်ပြီး အရာအားလုံးကို ဖုံးလွှမ်းပစ်နိုင်၏။
တရားစီရင်ခြင်း၌ပဒေသည် ကောင်းမှု၊ မကောင်းမှုအပေါ် ခွဲခြားနိုင်ပြီး အပြစ်ပေးခြင်း အာဏာစက်တစ်မျိုးပေပင်။
အပြစ်သန့်စင်ခြင်းဥပဒေသည် ဝိညာဉ်၏မကောင်းသော အညစ်အကြေးများထံ ဆေးကြောသန့်စင်ပေးခြင်းဖြစ်၏။
အဆုံးသတ်ဥပဒေအတွက်မူ အရေးအကြီးဆုံးသော နောက်ဆုံးဥပဒေတစ်ခု ဖြစ်သည်။ အထက်ပါ ဥပဒေလေးထုအတွက် သော့ချက်ဖြစ်၏။ မည်မျှပင်ကြီးကျယ်သော ဖြစ်ရပ်ဖြစ်ပါစေ အဆုံးသတ်ရပေမည်။
ထိုစွမ်းအားသည် ဝင်စားခြင်းသို့ ဦးတည်ချက်ကာ ဝင်စားခြင်းသံသရာအတွက် အဓိက မောင်းနှင်အားပေပင်။
ငရဲဘုံကိုးပါးဓားတွင် ဝင်စားခြင်း ဥပဒေစွမ်းအားများ ရှိနေသဖြင့် အဆုံးသတ် ဥပဒေကို စုရီနားလည်လိုက်ချိန်တွင် တားမြစ် တံဆိပ်ပွင့်လာနိုင်ပေမည်။ )
အချိန်များ တရွေ့ရွေ့ကုန်လွန်နေသည်။ ခုနစ်ရက်မြောက်နေ့တွင် လေဟာနယ်အတွင်း လွင့်ပျံနေသော မြေအောက်ကမ္ဘာမှတ်တမ်း အနည်းငယ်တုန်ခါလျက် အလင်းစက်များ ထွက်ပေါ်လာ၏။
“ ဘရူး ... ။ ”
၎င်းသည် စာမျက်နှာများ တစ်ရွက်ပြီး တစ်ရွက် လှန်နေသကဲ့သို့ပုံရိပ်များ လျင်မြန်စွာ ပေါ်ထွက်လာနေကာ အလင်းနှင့်အမှောင် အရိပ်များကြားတွင် မတူညီသော နိယာမစွမ်းအားများ ပျံ့နှံလာ၏။
“ ဘရူး ... ။ ”
များမကြာမီ လေထုအလယ်တွင် အဝါရောင်တာအိုဥပဒေနိယာမ ရူရ်တစ်လုံး ထွက်ပေါ်လာသည်။ ထိုရူရ်ပေါ်လာသောအခါ ဝင်စားခြင်းနယ်မြေတစ်ခုလုံး တုန်ခါသွားပြီး ဝင်စားခြင်းသစ်ပင်မှာ ယိမ်းထိုးသွား၏။
“ နောက်ဆုံးတော့ ငါမင်းကိုမိပြီ။”
ငြိမ်သက်စွာ တရားထိုင်နေသော စုရီသည် သူ့မျက်ဝန်းများကိုဖြတ်ခနဲ ဖွင့်ကြည့်လာချေပြီ။ သူ့မျက်ဆန်အတွင်း၌ ထူးခြားသော ဥပဒေ စည်းမျဉ်းတစ်ခု တောက်လောင်နေ၏။
စုရီက လက်မြှောက်ကာ လေဟာနယ်အတွင်း လွင့်ဝဲနေသော ထိုတာအို ဥပဒေရူရ်ထံ ညွှန်ပြလိုက်သည်။
တစ်ဆက်တည်းမှာပင် မြေအောက်ကမ္ဘာမှတ်တမ်းသည်လည်း ပြင်းစွာ တုန်ခါလျက် ထိုအဝါရောင်တာအိုဥပဒေရူရ်ကို ပြန်လည်စုပ်ယူသွား၏။
“ မင်း နားလည်သွားပြီလား။ ”
ထိုတာအိုရူရ်ကို မမြင်ရသော်လည်း လေထုအတွင်း ဥပဒေအတက်အကျများစွာ၏ အပြောင်းအလဲကြောင့် ခေါင်းတလားထမ်း သူရဲအိုကြီးမှ မျက်လုံးဖွင့်ကြည့်လာသည်။
“ ကနဦး နားလည်မှုလေးပါ ... ကျွမ်းကျင်မှုလို့တောင် ပြောလို့မရသေးပါဘူး ဒါပေမဲ့ ဒီလောက်နဲ့လုံလောက်တယ်။ ”
စုရီက ပြန်ဖြေသည်။ ထိုအဆုံးသတ်ဥပဒေသည် အမှန်ပင် တားမြစ် ဥပဒေတစ်ခုဖြစ်၏။ နက်နဲပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်သည်။
မည်သည့် တည်ရှိမှုမဆို အဆုံးသတ် ရှိချေပြီ။ ထာဝရဝိညာဉ်ပင် ချွင်းချက်မရှိချေ။ ထို့ကြောင့် ၎င်းဥပဒေအတွက် ကျွမ်းကျင်မှုရရန် အချိန်ပေးရခြင်းသည် တကယ်ထိုက်တန်၏။
ယခုကနဦး နားလည်မှုဖြင့်ပင် စုရီတာအိုအုတ်မြစ်သည် ပွက်ပွက်ဆူလာကာ ငရဲဘုံကိုးပါးဓားအပေါ် တုန်ခါနေသည်။
အစောပိုင်း ဥပဒေလေးပါသည် ဤသို့ တုန့်ပြန်မှု မပေးချေ။ ထိုသို့သောအချက်သည် အဆုံးသတ်ဥပဒေ၏ ဆန်းကြယ်မှုကို သက်သေပြနေသည်။
တစ်နေ့တွင် ပြီးပြည့်စုံသော ဝင်စားခြင်းတာအိုကို ထိန်းချုပ်လာနိုင်ချိန်တွင် မည်မျှအထိ မယုံနိုင်စရာကောင်းမည်ကို မစောင့်နိုင်တော့၏။
***