← Chapters

ခွဲခွာ ... ။

Vol. 69 Ch. 823

ခွဲခွာ ... ။

Vol. 69 Ch. 823

ခေါင်းတလားထမ်း သူရဲအိုကြီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းတစ်ချက် လေးပင်စွာချလိုက်သည်။

“ နှမြောစရာကောင်းလိုက်တာ ငရဲနန်းတော်သာ ပျက်သုဉ်းမသွားခဲ့ရင် ငါ့ရဲ့ ရာထူးကို မင်းဆီပေးအပ်မိမှာသေချာတယ်။ ”

စုရီသည် အဆုံးသတ်ဥပဒေကို ဆုပ်ကိုင် နိုင်ခဲ့ပြီဖြစ်ရာ နောင်တစ်ချိန်တွင် ပြည့်စုံသော ဝင်စားခြင်းဥပဒေကို အုပ်စိုးနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲချေ။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ရှေးကာလတွင်ရှိခဲ့လျှင် မရဏကမ္ဘာဧကရာဇ် အဖြစ် ခန့်အပ်ရန် လုံလောက်သည်ထက် ပိုနေပေမည်။ စုရီက ပြုံးလျက်၊

“ စိတ်မပျက်ပါနဲ့... မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် နောင်မှာ မရဏကမ္ဘာရဲ့ အုတ်မြစ်ကို ပြန်လည်ရယူပြီး ...

... ငရဲနန်းတော်နဲ့အတူ ဝင်စားခြင်း အမိန့်အာဏာကို ပြန်လည်ထွန်းကားအောင် လုပ်နိုင်မှာပါ။”

-ဟု နှစ်သိမ့်သည်။

ခေါင်းတလားထမ်း သူရဲအိုကြီး၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး၊

“ ငါ အစွမ်းကုန် ကြိုးစားမှာပါ။ ”

-ဟု ခိုင်မာစွာ ကတိပြုလိုက်၏။

“ ဒါဆို ငါသွားတော့မယ် ... ။ ”

စုရီသည် အချိန်ထပ်မဆွဲတော့ဘဲ ထရပ်လိုက်၏။ ယခုဆိုလျှင် ခုနစ်ရက်တိုင်တိုင် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ လူတိုင်းသူ့ကို စောင့်မျှော်နေပေတော့မည်။

ခေါင်းတလားထမ်း သူရဲအိုကြီးအတွက်မူ ပြန်ဝင်စားခြင်းမြေတွင် ဆက်လက်နေထိုင်ကာ ပျက်စီးနေသော အုတ်မြစ်ကို ပြုပြင်ရန် ဆုံးဖြတ်ထား၏။

စုရီက လမ်းစဉ်ခြောက်ပါးတံဆိပ်နှင့် မြေအောင်ကမ္ဘာမှတ်တမ်းတို့ကို ပြန်လည် ပေးလိုက်သည်။

ခေါင်းတလားထမ်းသူရဲအိုကြီးမှ မြေအောက်ကမ္ဘာမှတ်တမ်းသာ ပြန်ယူပြီး တံဆိပ်ပြားကို စုရီမှသိမ်းဆည်းထားရန် တောင်းဆိုခဲ့၏။

ဆုံရပ်သို့ ပြန်ရောက်သောအခါ သူတိုင်းမှသက်ပြင်းချ၏။ သို့သော် သူ့ဘိုးဘေး ကျန်ရစ်ခဲ့ကြောင်း ကြားသိရသောအခါ မျက်မမြင်အဖိုးအိုက နေရစ်ခဲ့ရန် ပြောကြားလာ၏။

ထို့ကြောင့် စုရီတစ်ယောက် မျက်မမြင်အဖိုးအိုကို ဝင်စားခြင်းရေကန်တွင် ထားရစ်ကာ စောင့်ကျန်ရစ်စေသည်။

ယင်းနောက်တွင် ထာဝရညမြို့တော်သို့ ပြန်လည်ရောက်ရှိလာကြပြီး မူးအောင်သောက် ခဲ့ကြ၏။

နောက်တစ်နေ့ နံနက်တွင် လူတိုင်းလမ်းခွဲရန်ပြင်သည်။ စွေ့လုံရှင်းသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သူဖြစ်ရာ မိသားစုကို အနိုင်ကျင့်ခဲ့သော ရန်သူများထံ လက်စားချေရန် အလျင်လိုနေ၏။

ကြက်ဖအိုကြီးသည်လည်း သူ့တပည့် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေသဖြင့် စွေ့လုံရှင်း နှင့်အတူ ပြန်ရန်ဆုံးဖြတ်ထားသည်။

အနက်ဝတ်အဖိုးအိုနှင့် ဝမ်ထျန်းသည် ထာဝရညမြို့တော်တွင် ဆက်လက်နေထိုင်ကာ ညလူ၏ စောင့်ရှောက်မှုကို ခံယူရန် ဆုံးဖြတ်ခဲ့၏။

အကြောင်းမှာ ဝမ်ထျန်းသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော ငရဲ ဥပဒေကို နားလည်သဘောပေါက်ကာ ဧကရာဇ် အဖြစ် တက်လှမ်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ညလူမျိုးနွယ်သည် ငရဲနန်းတော်၏ လက်အောက်ခံများဖြစ်သဖြင့် ဤတာအိုကို ကျင့်ကြံသူအပေါ် ကာကွယ်ပေးရသည်မှာ သူတို့၏တာဝန်ပေပင်။

စုရီသည်လည်း ထာဝရလှေကို ယူဆောင်လျက် ငရဲဘုရင်နှင့် ယွီလောတို့ကို တင်ဆောင်ကာ နာကျဉ်းပင်လယ်၌ ရွက်လွင့်လာခဲ့သည်။

နှစ်ရက်အကြာ နေဝင်ဆည်းဆာ အလှတရားအောက်တွင် ပင်လယ်ပြင်တစ်ခုလုံး မီးလျှံပမာ နီရဲတောက်ပနေ၏။

“ တာအိုမိတ်ဆွေ ... သုံးနှစ်အတွင်းမှာ ငါမင်းကို လာရှာမယ်။ ”

ရုတ်တရက် ငရဲဘုရင်က နှုတ်ဆက် စကားဆိုလိုက်သည်။ အနက်ရောင် ဝတ်စုံရှည် ဆင်မြန်းထားပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံး ကိုယ်ပေါက်မျိုးကို လှစ်ဟပြလာ၏။

“ သုံးနှစ်လား ... မင်းပြောတာ ဆယ်နှစ်မဟုတ်ဘူးလား။ ”

စုရီက အံ့သြသွားသည်။ ငရဲဘုရင်မှ ကြယ်တာရာပမာ တောက်ပသော မျက်ဝန်းများ မှိတ်ပြလိုက်ပြီး၊

“ ဟုတ်လို့လား ... ဒါဆိုရင် ငါ့မှတ်ဉာဏ်မှားသွားတာ ဖြစ်မယ်။ ”

-ဟု ပြောကြားလိုက်၏။

စုရီက နဖူးကိုကုပ်လျက် မိန်းမဟူသည် အလိမ်အညာများဖြင့်သာ ပြည့်နှက်နေကြောင်း နားလည်လိုက်သည်။

သူမတို့ပြောသမျှ မည်သည့်အရာသည် အမှန်၊ မည်သည့်အရာသည် အမှားဆိုသည်ကို သရဲတစ္ဆေများပင် ခွဲခြားနိုင်မည်မဟုတ်ချေ။

“ ဒါကို ယူထားလိုက်ပါ ... ။ ”

ငရဲဘုရင်က ကျောက်စိမ်းပြားတစ်ခု ပေးလာ၏။

“ ဒီထဲမှာ တာအိုမိတ်ဆွေသိချင်နေတဲ့ အကြောင်းအရာအချို့ပါတယ်။ ”

စုရီမှ ခေါင်းညိတ်ကာ ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီးနောက်၊

“ သုံးနှစ်အတွင်းဆိုရင် ငါအရိုင်းမြေကို ပြန်ရောက်နေလောက်ပြီ ... မင်းငါနဲ့တွေ့ချင်ရင် ကောင်းကင်လှိုဏ်ဂူကိုလာပါ။ ”

-ဟု မှာကြားလိုက်သည်။

ထိုစကားကြောင့် ယီလောင်တစ်ယောက် ရင်ထဲတုန်လှုပ်သွားရ၏။ ယနေ့ကောင်းကင် လှိုဏ်ဂူသည် ချင်းတန်၏ သိမ်းပိုက်ခြင်း ခံထားရသည်။

ဆရာဖြစ်သူမှ ထိုနေရာတွင် ချိန်းဆိုခြင်းသည် သုံးနှစ်အတွင်း သစ္စာဖောက် တပည့်များကို အပြတ်ရှင်းတော့မည်ဟူသော အဓိပ္ပာယ်ပေပင်။

ငရဲဘုရင်ထွက်ခွာသွားပြီးနောက် သည်းမခံနိုင်တော့ဘဲ ယီလောင်မှ တိုးတိုးလေး မေးမိ၏။

“ ဆရာ ... အိမ်ထောင်ပြုဖို့ စဉ်းစားနေတာလား။ ”

“ ဖြန်း ... ။ ”

သူ့စကားမဆုံးမီ ယီလောင်၏ ဇာတ်ပိုကိုအရိုက်ခံလိုက်ရ၏။

“ မင်းဦးနှောက်ထဲမှာ ဘာတွေ လျှောက်တွေးနေတာလဲ မင်းမှာသခင်မဆိုတာ ဒီဘဝဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။”

ယီလောင်တစ်ယောက် ချက်ချင်း နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြသည်။ သူ့ ဆရာတွင်သာ အိမ်ထောင်ဖက်တစ်ဦး ရှိသော် ကမ္ဘာအနှံ့က ဆရာ့ကို ချစ်မြတ်နိုးနေကြသော မိန်းမလှလေးများ ရင်ကွဲနာကျကြပေလိမ့်မည်။

ထို့ပြင် ဆရာ့အနေဖြင့်လည်း ပန်းပေါင်းစုံကြား လွတ်လပ်စွာ ပျံသန်းနိုင်မည် မဟုတ်ချေ။ ယင်းကြောင့် သူ့ဆရာသခင်သည် ဤတစ်သက်အိမ်ထောင်မပြုဘဲ ဆက်နေခြင်း သည်သာ ပြဿနာအားလုံးကို ဖြေရှင်းထားပြီး ဖြစ်ပေမည်။

“ ဒီတပည့်က ညံ့ဖျင်းလွန်းပါတယ် ဆရာရည်ရွယ်ချက်အပေါ် နာလးည်ပါပြီ ... တကယ်ပဲ လေးစားလောက်ပါတယ်။ ”

“ ဟမ့် မင်းက ဘာနာလးည်တာလဲ ... ငါကတစ်သက်လုံး ဓားတာအိုကိုပဲ အာရုံစိုက် ကျင့်ကြံတော့မယ်လို့ပြောတာ ဘယ်မိန်းမကိုမှ ငါ့လမ်းကြောင်းမှာ အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး။”

စုရီမှ မျက်‌မှောင်ကြုတ်လျက် ပြော၏။ ယီလောင်က ခေါင်းတငြိမ့်ငြိမ့်ဖြင့်၊

“ ဆရာပြောတာ တပည့် တကယ်နားလည်ပါပြီ။ ”

-ဟု တုန့်ပြန်သည်။ ထိုသို့ဆိုသော်လည်း ယီလောင်စိတ်ထဲတွင်မူ၊

( ငါ့ဆရာက တကယ့် ပါးနပ်တာပဲ ကျင့်ကြံမှုကိုပဲ အာရုံစိုက်မယ်ဆိုတဲ့ ဆင်ခြေကို သုံးလိုက်ရင် ... ဘယ်မိန်းမကမှ အတင်းအကျပ် လက်ထပ်ခိုင်းရဲမှာ မဟုတ်တော့ဘူး တကယ့်ကို ထက်မြက်တဲ့ နည်းလမ်းပဲ။ )

-ဟု ရေရွတ်နေခဲ့လေသည်။

ထို့နောက်တွင် နှစ်ယောက်သား တိတ်ဆိတ်သွားပြန်၏။ ပင်လယ်ရေပြင်တွင် ထာဝရလှေငယ်သည် တလှုပ်လှုပ်ဖြင့် ဆက်၍မျောပါနေချေပြီ။

စုရီက ငရဲဘုရင် ပေးအပ်ခဲ့သော ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်သည်။ အထဲတွင် နက်နဲတာအိုနယ်ပယ်ထက် ပိုမို မြင့်မားသည့် နယ်ပယ်အကြောင်း ပါဝင်၏။

ထိုနယ်ပယ်ကို ကြယ်ရောင်စုံ ကောင်းကင်ကြီး၏ အလယ်ဗဟိုဒေသတွင် ကောင်းကင်လမ်းနယ်ပယ်ဟု ခေါ်ဆိုကြပြီး အဆင့်(၃)ဆင့် ခွဲခြားထားသည်။

၎င်းတို့မှာ ထုံရှောက်အဆင့် -ထာဝရကောင်းကင်၊ ကွေ့ယီအဆင့် - ကောင်းကင်ပေါင်းစည်းခြင်းနှင့် တုံ့ယွီအဆင့်- ကောင်းကင်အသိနယ်ပယ်တို့ဖြစ်သည်။

ဤအဆင့်များသို့ ရောက်ရှိသူများကို ကမ္ဘာဘုရင်များဟုလည်း သတ်မှတ်ကြသည်။ သူတို့သည် ကြယ်စုတစ်ခုကို အုပ်စိုးနိုင်စွမ်း ရှိနေကြသည့် ထိပ်တန်းပုဂ္ဂိုလ်ကြီးများဖြစ်၏။

ကောင်းကင်ဆန္ဒ ကြယ်နယ်မြေတွင် ကောင်းကင်လွတ်မြောက်သူ သုံးပါးစလုံးသည် ကမ္ဘာဘုရင်များပေပင်။

အထူးသဖြင့် ပထမလွတ်မြောက်သူသည် ကောင်းကင်ပေါင်းစည်းခြင်းအဆင့်ထံ ရှေးမစွ ကတည်းကပင် ရောက်ရှိထားသည်။

အလားတူပင် ကြယ်မြစ်ဂိုဏ်း၏ နေခန်းမ၊ လခန်းမနှင့် ကြယ်ခန်းမသခင်သုံးပါးသည်လည်း ကောင်းကင်ပေါင်းစည်းခြင်းအဆင့် ဘုရင်များ ဖြစ်ကြ၏။

ထို့ကြောင့် သူတို့ခေါင်းဆောင် တံငါသည်ဟူသည် ကောင်းကင်လမ်းနယ်ပယ် အထက် သာလွန်နိုင်မည်။ လောကသခင် ဟူသော စုရီအတိတ်သည်လည်း မည်သည့် အဆင့်တွင်ရှိမည်ကို မသိနိုင်ချေ။

မှတ်တမ်းသည် ဤမျှသာဖြစ်၏။ သူမအတွက်ထိုအဆင့်များထံ လက်လှမ်းမမီ သေးသောကြောင့် ယင်းထက်ပို၍လည်း နားမလည်နိုင်ချေ။

သို့သော် ကျင့်ကြံခြင်းလောကတွင် မည်သူသည် အမြင့်ဆုံး၌ ရှိနေသည်ဟူသည်မှာ အဓိကမဟုတ်ချေ။ မည်မျှဝေးဝေးလျှောက်လှမ်း နိုင်ရန်သာ အရေးကြီး၏။

သူသည် ယခင်ဘဝတွင် နက်နဲတာအို နယ်ပယ်ထက် မြင့်မားသောနယ်ပယ် ရှိမည်ဟု ယုံကြည်ခဲ့ခြင်းကြောင့်သာ ပြန်လည် ဝင်စားခြင်းဖြစ်သည်။

ယခုကဲ့သို့ သတင်းအချက်အလက်များ သိရှိရသောအခါတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားချေပြီ။

နှစ်ရက်အကြာတွင် ကောင်းကင် ရေကန်မြို့တော်သို့ ရောက်ရှိ၏။ ယီလောင်မှ မြွေတစ္ဆေမြို့တော်ထံ ပြန်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

ဤအရပ်တွင် ရီယုဟူသည့် ဆရာ့အမျိုးသမီးတစ်ယောက် နေထိုင်သည် မဟုတ်လော။ ထိုစဉ် စုရီသည် လျစ်လျူရှုသော အကြည့်ဖြင့် ယွီလောထံလှည့်ကြည့်ကာ၊

“ မင်းနဲ့ငါ လမ်းခွဲရအောင် ... မင်းရဲ့ ဒုတိယအစ်ကိုကျင်ရှင်း ... ပဉ္စမအစ်ကိုဝမ်ချွဲနဲ့ အဋ္ဌမညီပိုင်ရီရဲ့ သတင်းကိုစုံစမ်းထားပါ ...

... အထူးသဖြင့် ပဉ္စမအစ်ကိုဝမ်ချွဲရဲ့ သတင်းကိုသေချာစုံစမ်း သူ သေဆုံးသွားပြီလို့ အားလုံးက ပြောနေကြပေမဲ့ ငါ မယုံဘူး။”

“ ဟုတ်ကဲ့ ... ။ ”

ယီလောင်မှ ရိုသေစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စုရီသည် သွေးနီရောင်ကောင်းကင်ဓား အပါအဝင် ရတနာအချို့ ထပ်မံပေးအပ်လိုက်၏။

“ သွားတော့... ငါ အရိုင်းမြေကို ရောက်ရင် မင်းကို လာရှာမယ်။”

“ ဟုတ်ကဲ့ ... ။ ”

ယီလောင်က ဆရာဖြစ်သူထံ နောက်ဆုံးအကြိမ် ဂါရဝပြုကာ ချက်ချင်း ထွက်ခွာသွားတော့သည်။ စုရီသည် ယီလောင်၏ ကျောပြင်ကို ကြည့်နေရာမှ ကောင်းကင်ရေကန် မြို့တော်အတွင်း လှမ်းဝင်လိုက်လေသည်။

ဤမြို့တွင် သစ်ရွက်ကလေးနှင့်အတူ အချိန်အနည်းငယ်မျှအနားယူကာ နက်နဲတာအို ပေါင်းစည်းရန် ကြံရွယ်ထားချေပြီ။

***

All Chapters