ကျန်းရှင်းကျား
Vol. 46 Ch. 631
ဘီး
အကြီးဆုံးမြို့၏ ဗဟိုရှိ အရှေ့ပိုင်း မိစ္ဆာမြို့က အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဧရာမ ပို့ဆောင်ရေး အစီအရင်က အချိန်ကာလ ရှည်ကြာစွာ ဖြာထွက်လာသည်နှင့် ကောင်းကင်ထဲ၌ အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
ပို့ဆောင်ရေး အစီအရင်နားတွင် စောင့်ကြပ်နေသည့် အစောင့်တစ်ထောင်ရှိသည်။ အားလုံးက အနက်ရောင် တိုက်ပွဲဝင်သံချပ်ကာ ခေါင်းဆောင်းတို့ကို ဝတ်ဆင်ထားလျက် တိုက်ပွဲဝင်ဓားများ ကိုင်ဆောင်ထားသည်။ အားလုံးက တည်ကြည်သည့် အမူအရာရှိပြီး သေစေနိုင်လောက်သော အရှိန်အဝါများ ရှိနေ၏။ သူတို့အားလုံးသည် အနည်းဆုံးတော့ ဗာဂျရာနယ်ပယ်တွင် ရှိကြပြီး ခေါင်းဆောင်က စစ်သူကြီး တိုက်ပွဲဝင်သံချပ်ကာ ဝတ်ထားသူဖြစ်ပြီး ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ရင်ပြင်ပေါ်၌ သိုင်းပညာရှင်များစွာ လျှောက်နေသော်ငြား ထိုစစ်သားတစ်စုနားသို့ မည်သူမျှ မသွားရဲချေ။
“သတိ”
ပို့ဆောင်ရေး အစီအရင် ဖြာထွက်လာသည်နှင့် စစ်သူကြီး၏ အမူအရာက စိုးရိမ်ပူပန်မှုအဖြစ် ပြောင်းလဲသွားသည်။ စစ်သားတစ်ဝက်ကို ပို့ဆောင်ရေး အစီအရင်နားတွင်ဝိုင်းပြီး သတိအနေအထားနေရန် အမိန့်ပေးလိုက်၏။
ချီ ချီ
ပို့ဆောင်ရေး အစီအရင်သည် အနည်းဆုံး မိနစ်သုံးဆယ်ခန့် လင်းထိန်နေပြီးနောက် မှိန်ဖျော့သွားတော့သည်။ ဧရာမ အစီအရင်၏ အလယ်တွင် လူရိပ်(၁၂)ရိပ်ပေါ်လာသည်။ စစ်သူကြီးအောက် အားမလျော့သည့် လူများစွာကလည်း ထိုအဖွဲ့တွင်ရှိသည်။ သူတို့ပေါ်လာသည်နှင့် အကြီးအကဲအချို့က လျင်မြန်စွာ ပေါ်လာပြီး သခင်လေးများ သခင်မလေးများကို စောင့်ကြပ်ပေးတော့၏။
“သခင်လေးတွေ သခင်မလေးတွေ အားလုံးကို ကြိုဆိုပါတယ်။ ဂုဏ်သရေရှိ ဧည့်သည်အပေါင်းကို ကြိုဆိုပါတယ်”
စစ်သူကြီးသည် အစက ထိတ်လန့်သွားသော်ငြား မြန်မြန်ဆန်ဆန်ပင် လေးစားသည့် အမူအရာ ပေါ်လာပြီး ဒူးတစ်ဖက်ထောက်ကာ နှုတ်ဆက်လိုက်တော့၏။ အနီးပတ်ဝန်းကျင်ရှိ စစ်သည်များကလည်း တစ်ညီတစ်ညွှတ်ထဲ ဒူးထောက်ကာ အော်လိုက်တော့သည်။
“သခင်လေးများ သခင်မလေးများကို ကြိုဆိုပါတယ်။ ဂုဏ်သရေရှိ ဧည့်သည်အပေါင်းကို ကြိုဆိုပါတယ်”
“အွန်း”
စုစုပေါင်း သခင်လေးများနှင့် သခင်မလေးခြောက်ယောက်ရှိသည်။ သူတို့က ရီချန်း၊ ယဉ်ရို့ပင်း၊ လင်းချီကျန့်၊ လင်းရှီယာ့၊ ဝူနီနှင့် ထူလုံတို့ဖြစ်သည်။ သူတို့အားလုံးက နတ်မြင်းပျံ တော်ဝင်မြို့တော်ဆီသို့ တစ်ဟုန်ထိုးသွားကြပြီး အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့ ပြန်လာရန် ကောင်းကင်ဘုံကျောက်တုံးများ စုဝေးလိုက်တာပဲဖြစ်သည်။
ထိုကဲ့သို့ အကွာအဝေးကို ရွေ့ပြောင်းမှုအတွက် ကောင်းကင်ကျောက်တုံး များစွာလိုတာ သေချာသည်။ သူတို့ကိုယ်တိုင် သွားမည်ဆိုလျှင် ကြွယ်ဝချမ်းသာသည့်သူများ ဖြစ်နေလျှင်တောင် ရင်နာရအုံးမည်။
သူတို့က ကောင်းကင်ဘုံကျောက်တုံးများ၏ တန်ကြေးကို ပေးချေရန် နတ်မြင်းပျံ အင်ပါယာကို အရိပ်အမြွက် ပေးခဲ့လျှင် နတ်မြင်းပျံ အင်ပါယာက နတ်မြင်းပျံ မျိုးနွယ်စုသည် သူတို့အတွက် လိုလိုလားလား ပေးပေလိမ့်မည်။ သို့သော် သူတို့အဖွဲ့က အငြင်းပွားစရာ မရှိသောကြောင့် ပို့ဆောင်ရေးအတွက် သူတို့၏ ကောင်းကင်ဘုံ ကျောက်တုံးများကိုသာ သုံးခဲ့သည်။
“ပို့ဆောင်ရေး အစီအရင်ကို အသက်သွင်း။ ငါတို့ဗုဒ္ဓဧကရာဇ်မြို့ကို သွားချင်တယ်”
ရီချန်းဘေးရှိ ငွေရောင်ဆံနွယ်ဖြင့် အမျိုးသမီးကြီးက တံဆိပ်ပြားတစ်ခုကိုထုတ်ပြီး ရှေးဟောင်းနတ်ဘုရား လက်စွပ်တစ်ကွင်းကို ပစ်ထုတ်လိုက်ကာ ရီချန်းနှင့်အတူ ပို့ဆောင်ရေး အစီအရင်ထဲ ဝင်သွားလေ၏။
ယဉ်ရို့ပင်း၊ လင်းမျိုးနွယ်စု၏ မောင်နှမ၊ ဝူနီ၊ ထူလုံနှင့် ကျန်သည့်သူများကလည်း သူတို့၏ ပို့ဆောင်ရေး အစီအရင် အသီးသီးဆီ ဝင်သွားကြသည်။ သူတို့အားလုံးက ထိုနည်းတူ တံဆိပ်ပြားများ ထုတ်ပေးပြီး ရှေးဟောင်းနတ်ဘုရား လက်စွပ်များ ပစ်ပေးလိုက်၏။
“ပို့ဆောင်ရေး အစီအရင် အသက်သွင်း”
စစ်သူကြီးသည် ရှေးဟောင်နတ်ဘုရား လက်စွပ်အားလုံးအတွင်းရှိ ကောင်းကင်ဘုံကျောက်တုံး အရေအတွက်ကို စစ်ဆေးလိုက်သည်။ ပြီးနောက် အရေအတွက် မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လက်တစ်ချက်ဝှေ့ကာ အော်ဟစ်လိုက်သော်ငြား သူ၏မျက်လုံးထဲ၌ သံသယရိပ် ပေါ်လာသည်။ အဘယ့်ကြောင့် ထိုသခင်လေးများ သခင်မလေးများသည် သူတို့မျိုးနွယ်စုဆီ ပြန်ရန်အတွက် ကောင်းကင်ဘုံ ကျောက်တုံးများစွာ သုံးစွဲရသနည်း။ သူတို့သည် ရတနာရှာဖွေမှုအတွက် ဆန်းကြယ်နတ်ဘုရား နန်းတော်ကို သွားသည်မဟုတ်ပါလော။ သူတို့အဘယ်ကြောင့် မြန်မြန်ဆန်ဆန် ပြန်လာရသနည်း။ အဘယ့်ကြောင့် သူတို့မျိုးနွယ်စု၏ သခင်လေးများနှင့်အတူ ပြန်မလာရသနည်း။
သံသယဖြစ်နေတာ ထိုစစ်သူကြီး တစ်ဦးတည်းသာ မဟုတ်ပေ။ ကျန်ရှိသော စစ်သည်များနှင့် ရင်ပြင်ပေါ်ရှိ လူများကလည်း ဇဝေဇဝါ ဖြစ်နေကြသည်။ အားလုံးနေရာ ရွှေ့ပြောင်းသွားပြီးနောက် သူတို့အားလုံးက စုဝေးပြီး ဆွေးနွေးကြတော့သည်။
လူတိုင်းသည် ဧကရာဇ်ကိုးပါး မျိုးနွယ်စုမှ လက်ရွေးစင် သခင်လေးများ သခင်မလေးများ၏ မျက်နှာကို မြင်လျှင်တောင် စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် ရီချန်း၊ ယဉ်ရို့ပင်းနှင့် လင်းရှီယာ့ကို မြင်သည့်အခါတွင်ဖြစ်သည်။ သူတို့မျက်နှာကို ပဝါပါး ကားထားသော်ငြား အံ့သြဖွယ် နုနယ်သော မျက်နှာကောက်ကြောင်းက တစ်ချက်ကြည့်ရုံနှင့် လူငယ်များစွာကို လပေါင်းများစွာ ယစ်မူးစေ၏။
ဘီး
တစ်နာရီခန့် ကြာပြီးနောက် ပို့ဆောင်ရေး အစီအရင်က လင်းလက်လာရာ နောက်ထပ် စိတ်လှုပ်ရှားမှုကို ဖြစ်စေသည်။ ယခုအချိန်တွင် မည်သည့်ပုဂ္ဂိုလ်ကများ ထပ်ရောက်လာသနည်း။ မည်သည့် သာမာန် သိုင်းပညာရှင်က ကောင်းကင်ဘုံကျောက်တုံး အရေအတွက်များစွာ လိုအပ်သော ပို့ဆောင်ရေး အစီအရင်ကို သုံးမည်နည်း။
“သခင်လေးဖေး”
ပို့ဆောင်ရေး အစီအရင်၏ ရောင်ခြည် မှိန်ဖျော့သွားသည်နှင့် စစ်သူကြီးက လေးစားရိုကျိုးသော အမူအရာဖြင့် ဒူးထောက်လိုက်သည်။ ကျန်သည့်စစ်သည် ရဲမက်များကလည်း အမြန်ဒူးထောက်လိုက်၏။ ရင်ပြင်အတွင်းရှိ သိုင်းပညာရှင် အများစုကလည်း ဒူးထောက်လိုက်ကြသည်။ အရှေ့ပိုင်း မိစ္ဆာမြို့သည် ရှီးမျိုးနွယ်စု ပိုင်ဆိုင်သော မြို့ကြီးများထဲမှ တစ်မြို့ဖြစ်ပြီး အများစုက ရှီးမျိုးနွယ်စုသားများ ဖြစ်ကြသည်။
“ထကြတော့”
ရှီးဖေးသည် ကြည်လင်သည့် အမူအရာ ရှိမနေချေ။ သို့သော် သူက ဘာမှမပြောတော့ဘဲ နောက်ထပ် ပို့ဆောင်ရေး အစီအရင်ဆီ လျှောက်သွားလိုက်၏။ သူကလက်ဝှေ့ယမ်းကာ ပြောလိုက်တော့သည်။
“ပို့ဆောင်ရေး အစီအရင်ကို အသက်သွင်း”
“ပို့ဆောင်ရေး အစီအရင်ကို မြန်မြန်ဖွင့်ကြ”
စစ်သူကြီးက မြန်မြန်အချက်ပြလိုက်စဉ် စစ်သည်များကလည်း ပို့ဆောင်ရေး အစီအရင်ကို အမြန်အသက်သွင်းလိုက်ရာ ရှီးဖေးသည် မိစ္ဆာဧကရာဇ်မြို့ဆီသို့ ပြန်သွားတော့၏။
ပို့ဆောင်ရေးအလင်း မှိန်ဖျော့သွားချိန်တွင် စစ်သူကြီးက ရေရွတ်ပြောလိုက်၏။
“သခင်လေးဖေးက ရတနာရှာဖွေမှုမှာ ကျရှုံးခဲ့တာကြောင့် ဒီလိုအမူအရာမျိုး ဖြစ်နေတာလား။ ဟုတ်သားပဲ မြို့အရှင်က ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်စုပြီး သူတို့ကို အရင်တုန်းက နတ်မြင်းပျံ နယ်မြေဆီ ပို့ခဲ့တာ မဟုတ်ဘူးလား။ ဘာကြောင့်တူတူ ပြန်မလာတာလဲ”
ဘီး
အရှေ့ပိုင်း တော်ဝင်နယ်မြေ အနောက်ဘက်ခြမ်းရှိ အကြီးမားဆုံး မြို့ထဲတွင် ရင်ပြင်က အလင်းတန်းများ ပေါ်ထွက်လာပြီးနောက် လူပေါင်းတစ်သောင်းကျော်၏ အာရုံစိုက်မှုကို ရသွားတော့သည်။
ပို့ဆောင်ရေး အစီအရင်သည် ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မဟာမိတ်တံဆိပ်ကို ပိုင်ဆိုင်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များအတွက်သာ အသုံးပြုရသည့် အရာဖြစ်သည်။ ထိုအရာကို အသုံးပြုရန်အတွက် ပို့ဆောင်ရေး အစီအရင်ကို အသုံးပြုရန် ထိုလူများအတွက် မူလတန်ကြေး၏ တစ်ဝက်ဖြစ်သည်။ ပုံမှန်သိုင်းပညာရှင် တစ်ဦးက အစီအရင်ကို အသုံးပြုချင်လျှင် ကောင်းကင်ဘုံ ကျောက်တုံးများစွာ ပေးချေရလိမ့်မည်။
ဥပမာအနေဖြင့် အရှေ့ဘက်ရှိ မိစ္ဆာဧကရာဇ်မြို့မှ အနောက်ဘက်ရှိ ဗုဒ္ဓဧကရာဇ်မြို့သို့ သွားချင်လျှင် အနည်းဆုံး ကောင်းကင်ဘုံကျောက်တုံး တစ်သောင်းလိုအပ်ပေလိမ့်မည်။
ယင်းက ခရီးတစ်ခေါက်အတွက်သာ သူတို့၏ ပိုင်ဆိုင်မှုများကို ရောင်းချပြီးနောက် ကောင်းကင်ဘုံကျောက်တုံး တစ်သောင်းကို စုဆောင်းရခြင်းသည် မျိုးနွယ်စုလေး တစ်ခုအတွက်တောင် ပြဿနာတစ်ရပ် ဖြစ်ပေလိမ့်မည်။
ရီချန်းကဲ့သို့သူတောင် အရေးကြီးကိစ္စ မရှိလျှင် ပို့ဆောင်ရေး အစီအရင်ကို အဆင်အခြင်မဲ့စွာ သုံးမှာမဟုတ်ပေ။ သူတို့ကိုယ်ပိုင် မျိုးနွယ်စု၏ နယ်မြေထဲတွင်ဆိုပါက ကောင်းကင်ဘုံကျောက်တုံးများ သုံးစရာမလိုပေ။ မျိုးနွယ်စုရှိ ရှီးဖေးကဲ့သို့ဖြစ်သည်။
အရှေ့ပိုင်း တော်ဝင်နယ်မြေက ကျယ်ဝန်းပြီး အကန့်အသတ်မဲ့သည်။ မရေမတွက်နိုင်သည့် မျိုးနွယ်စုများက ဤနေရာတွင် နေထိုင်ကြသည်။ နယ်မြေ၏ လူဦးရေကို မည်သူမှ မသိပေ။ သို့သော် မရေမတွက်နိုင်သည့် အဓိက မျိုးနွယ်စုကြီးများနှင့် မျိုးနွယ်စုလေးများ ရှိသည်။ ရှေးဟောင်း မင်းဆွေမင်းမျိုး မျိုးနွယ်စုများနှင့် အစွမ်းထက်သော မျိုးနွယ်စုများစွာရှိသည်။
နယ်မြေ၏ အသန်မာဆုံး မျိုးနွယ်စုက ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုဖြစ်သည်။ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုသည် အရှေ့တောင် အနောက်မြောက် အရှေ့မြောက် အနောက်မြောက် အရှေ့တောင် အနောက်တောင် နယ်မြေကြီး ရှစ်ခုကို နေရာယူထား၏။
ကျန်းမျိုးနွယ်စုဟုခေါ်သော မျိုးနွယ်စု တစ်ခုရှိသည်။ သူတို့သည် ကြီးမားသည့် နယ်မြေကို မသိမ်းပိုက်ထားဘဲ တောင်တစ်လုံးနှင့် မြို့တစ်မြို့ကိုသာ ထိန်းချုပ်ထားသည်။ သို့သော်တောင်က အလွန်ကျော်ကြားပြီး ဆန်းကြယ်နတ်ဘုရား တောင်ဖြစ်သည်။ မြို့ကလည်း အလွန်ကျော်ကြားပြီး ဆန်းကြယ်နတ်ဘုရား မြို့ဖြစ်၏။ ဆန်းကြယ်နတ်ဘုရားမြို့သည် တစ်ခါက အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ တော်ဝင်မြို့တော် ဖြစ်ခဲ့၏။ ဆန်းကြယ်နတ်ဘုရား တောင်တန်းသည် ဆန်းကြယ်နတ်ဘုရား နေထိုင်ခဲ့သည့် နေရာဖြစ်သည်။
နယ်မြေ၏ အလယ်တွင် အင်မတန်ကျယ်ဝန်းသည့် ကုန်းမြေရှိပြီး မရေမတွက်နိုင်သည့် ရှေးဟောင်းမျိုးနွယ်စုများနှင့် အစွမ်းထက်သော လူမျိုးစုများက သိမ်းပိုက်ထားကြသည်။ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုသည် သူတို့မျိုးနွယ်စု၏ နယ်မြေထက် ဆယ်ဆပိုကြီးမားသော ထိုမြေကို သိမ်းပိုက်ရန် မကြိုးစားရသည့် အကြောင်းအရင်းက အမည်မသိ ဖြစ်နေသည်။
လွန်ခဲ့သည့် အနှစ်(၇)သိန်း၌ နယ်မြေသည် ဖရိုဖရဲဖြစ်လာခဲ့၏။ မြို့၏ဗဟိုဒေသသည် အုပ်ချုပ်သူ အဆက်ဆက် ပြောင်းလဲခဲ့ပြီ ဖြစ်သော်ငြား ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုများက နယ်မြေတွင် ခိုင်မြဲစွာ ရပ်နိုင်ခဲ့သည်။
ဗဟိုဒေသအတွင်းရှိ စစ်ပွဲများသည် ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စု နယ်မြေအတွင်း ဘယ်တော့မှ မီးစမလောင်ရဲပေ။ ဧကရာဇ်ကိုးပါး မျိုးနွယ်စု နယ်မြေအတွင်း ဝင်ရဲသည့် မည်သည့်အင်အားစု မည်သည့်မျိုးနွယ်စုမဆို သူတို့အားလုံး ချွင်းချက်မရှိ ပျောက်ကွယ်သွားရပေလိမ့်မည်။
အရှေ့ဘက်ခြမ်းက မိစ္ဆာဧကရာဇ်၏ နယ်မြေဖြစ်သည်။ ထို့ကြောင့် ရှီးဖေးသည် ပို့ဆောင်ရေးအတွက် ကောင်းကင်ဘုံကျောက်တုံးများ ပေးစရာမလိုပေ။ သူကရင်ပြင်ထဲတွင် ဒူးထောက်နေသော စစ်သည်များကို အမှုမထားဘဲ ကောင်းကင်ထဲသို့ ပြန်တက်သွားပြီးနောက် မြို့၏ မြောက်ဘက်အရပ်တွင်ရှိသော အကြီးဆုံး နန်းတော်ဆီသို့ သွားလိုက်သည်။
ထိုနန်းတော်က အလွန်ကျယ်ဝန်းပြီး မိုင်ရာချီ အချင်းရှိပြီး မြို့၏လေးပုံတစ်ပုံကို နေရာယူထားသည်။ အတွင်း၌ မရေမတွက်နိုင်သော နန်းဆောင်များရှိပြီး အလွန်သက်တမ်းရင့်ကာ ခြိမ်းခြောက်နိုင်စွမ်းရှိပြီး အံ့သြဖွယ်ကောင်းသော အရှိန်အဝါ ဖြာထွက်နေလေ၏။ ရှီးဖေးက ပင်မတံခါးကို ဖြတ်ကျော်ဝင်လာရာ မရေမတွက်နိုင်သည့် အစောင့်များက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကုန်သည်။ သူအထဲသို့ ပျံသန်းသွားသည်နှင့် အနည်းဆုံး ရဲမက်တစ်ထောင်နှင့် ရံရွှေတော်များက ဒူးထောက်ကြတော့သည်။
“ဖခမည်းတော်အရှင် အထဲမှာရှိလား”
ရှီးဖေးက ၁၅မိနစ်ခန့် ပျံသန်းပြီးနောက် ဧရာမနန်းတော်ကြီးရှေ့သို့ ရောက်သွားပြီး စောင့်ကြပ်နေသော ကောင်းကင်ဧကရာဇ်အစောင့်ကို ညင်သာစွာ မေးလိုက်သည်။ ထိုလူက ခေါင်းညိတ်လိုက်ရာ ရှီးဖေးက မြန်မြန်ဆန်ဆန် လျှောက်လာလေ၏။ သူသည် ကြီးကျယ်ခမ်းနားသော အရှိန်အဝါရှိကာ တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားသော လူရွယ်ကို မြင်သည့်အချိန်၌ အမြန်အော်လိုက်တော့သည်။
“အဖေ အဖေ”
လူရွယ်သည် အေးအေးလူလူ လက်ဖက်ရည်သောက်နေ၏။ ရှီးဖေး ကမန်းကတန်း ဝင်လာတာကို မြင်တွေ့သည့်အချိန်၌ သူ၏မျက်လုံးများက အလင်းတန်းတို့ဖြင့် တောက်နေလေသည်။ ရှီးဖေးသည် ထိုမျက်ဝန်းများကြောင့် ကြောင်အသွားပြီးနောက် အမြန်ရပ်တန့်ကာ လက်နှစ်ဖက်ဖြင့် အရိုအသေ ပေးလိုက်၏။
“သားတော်က ခမည်းတော်ကို နှုတ်ဆက်ပါတယ်”
လူရွယ်က ခေါင်းညိတ်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်တော့သည်။
“ဖေးအာ အဖေမင်းကို အရင်က သင်ပေးဖူးတယ်မလား။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့သတိတရားကို မဆုံးရှုံးစေနဲ့။ မိုးက ဘယ်တော့မှ မပြိုဘူး”
ရှီးဖေးက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အဖေ ဒီသားတော်ဆီ ကျန်းရှင်းကျား တစ်ယောက်နဲ့ ရှန်းဝမ်တာ့ရှီးတစ်ယောက်ကို လွှဲပေးနိုင်မလား။ သားတော်က ရန်သူတစ်ယောက်နောက်လိုက်ပြီး နဂါးညှိုးရော်မြက် လုချင်လို့ပါ”
***