ကြက်သွန်မြိတ်များ ရိတ်သိမ်းခြင်းနှင့် ယွဲ့မိသားစု ဘိုးဘေးတံဆိပ်။
Vol. 69 Ch. 826
အဆုံးမရှိသော အမှောင် ဟင်းလင်းပြင်ကြီးအတွင်းဝယ် အေးစက်သော လေထုနှင့်အတူ သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
အနက်ရောင် တာအိုဝတ်စုံဝတ် သွေးဇီးကွက်နှင့်စုရီသည် ဘေးချင်းယှဉ်လျက် ခရီးနှင်နေ၏။
သွေးဇီးကွက်၏ မျက်ဝန်းများတွင် လောဘအရိပ်အယောင်များ ယိမ်းထိုးလျက်ဖြင့်၊
“ မိတ်ဆွေလေး ... ဒီလောကမှာ နတ်ဓားရှင်ရွှမ်ကြွယ်ရဲ့ ဂုဏ်သတင်းကို မသိတဲ့ သူ ဘယ်သူရှိလို့လဲ မင်းက ...
... အဲဒီလိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးရဲ့ နာမည်ကို သုံးဝံ့တယ်လား ... ဒီစကားကိုသာ သူ့တပည့်တွေကြားသွားရင် မင်း ခေါင်းပြတ်လိမ့်မယ်။ ”
-ဟု သတိပေးဟန် ပြောကြားလိုက်သည်။ ဤလူငယ်သည် သူ့ကို ခြောက်ရန် ဤအမည်ကို သုံးနေကြောင်း မြင်သာ၏။
တစ်ဖက်တွင် စုရီသည် ထိုတပည့်များ အကြောင်း မစဉ်းစားလိုတော့သဖြင့် နှုတ်ဆိတ် နေလိုက်တော့သည်။ သူတို့နှစ်ဦးရောက်ရှိချိန်၌ အမှောင်အာကာပြင်တဝိုက် နေထိုင်ကြသော နာမည်ကြီးနတ်ဆိုးအိုကြီးများ ရောက်ရှိနေ၏။
ဘူးသီးခြောက် စီးနင်းထားသော လူသည်လည်း စုရီတစ်ယောက် သွေးဇီးကွက် နှင့်အတူ ရောက်ရှိလာသည်ကို မြင်ချိန်၌ မျက်ခုံးပင့်လိုက်၏။
အခြားသော နတ်ဆိုးအိုကြီးများက စကားစမြည်ပြောကြားနေရာမှ စုရီတို့နှစ်ဦးထံ အာရုံရောက်ရှိလာသည်။
စုရီကမူ ထိုသူများကို ဂရုမစိုက်ဘဲ အဝေးမှခရမ်းရောင်မီးလျှံများ ဖုံးလွှမ်းနေသော ကြယ်သိမ်ကိုသာ စိုက်ကြည့်နေ၏။
“ ဘာလို့ ငါနဲ့ ရင်းနှီးနေရတာလဲ။ ”
ရုတ်တရက် စုရီမှ မျက်မှောင်ကြုတ်မိ၏။ ထိုအချိန်တွင် ခရမ်းရောင် မီးလျှံများအတွင်းမှ လူတစ်ဦးသည် သေတ္တာတစ်လုံးကိုပိုက်လျက် အလျင်အမြန် ထွက်ခွာလာသည်။
“ မြန်မြန် ... သူ့ကို မလွတ်စေနဲ့။ ”
မိစ္ဆဆာအိုကြီးများက ထိုသူကို ချက်ချင်းဝိုင်းရံလိုက်ကြ၏။ ကြယ်သိမ်အတွင်းမှ ထွက်လာသောလူက ထိုမြင်ကွင်းကြောင့်၊
“ ငါက ကောင်းကင်ကမ္ဘာယွဲ့မိသားစုက အကြီးအကဲ ယွဲ့ယွမ်ရှန်ပဲ တာအိုမိတ်ဆွေတို့ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ။ ”
-ဟု ပြောကြားလာသည်။
“ ယွဲ့မိသားစုလား ... ။ ”
လူတိုင်းမျက်နှာလေးနက်သွား၏။ မြောက်ပိုင်းနှင်းကမ္ဘာငါးခုအတွင်း ကောင်းကင် ပြည်နယ်ဟူသော ကမ္ဘာငယ်တစ်ခုရှိသည်။ ထိုကမ္ဘာငယ်တွင် ယွဲ့မိသားစုသည် အုပ်စိုးရှင် အင်အားစုတစ်ခုဖြစ်၏။
၎င်းတို့တွင် ရွှမ်ယုအဆင့် ဧကရာဇ်များစွာ ရှိချေပြီး မြောက်ပိုင်းနှင်းကမ္ဘာငါးခုအတွင်း၌ပင် လေးစားခံရသည်။ ယွဲ့ယွမ်ရှန်က အနည်းငယ် လှမ်းတက်လိုက်ပြီး၊
“ တာအိုမိတ်ဆွေတို့ ငါ မင်းတို့ဆီကနေ မဝှက်ထားဘူး ... ဒီကြေးသေတ္တာကို ငါ့မိသားစု ဘိုးဘေးတစ်ယောက်က ဒီမှာထားခဲ့တာပါ ဒါကြောင့် ငါလာပြန်ယူတာ ...
... ဒီသေတ္တာက မင်းတို့အတွက် ကံကောင်းခြင်းရဲ့ အမှတ်အသားမဟုတ်ဘဲ ငါတို့မိသားစုအတွက် ဘိုးဘေးတစ်ယောက်ရဲ့ အကာအကွယ်တံဆိပ်တစ်ခုပါပဲ ... ။ ”
-ဟု ရှင်းပြလိုက်၏။
“ ရယ်စရာကောင်းလိုက်တာ ... ဘာလို့ ယွဲ့မိသားစုရဲ့ဘိုးဘေးတံဆိပ်က ဒီကြယ်ပေါ် ဘယ်လိုရောက်နေတာလဲ။ ”
ပန်းခြင်းတောင်းကို ကိုင်ထားသော မိစ္ဆာအမျိုးသမီးတစ်ယောက်မှ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ မှန်တယ် ... ဒီသေတ္တာထဲမှာ ကံကောင်းခြင်းတွေမပါဘူးလို့ မင်းပြောတယ် ဒါဆို ဘာလို့ဖွင့်ပြီး ကြည့်ခွင့်မပေးရတာလဲ။ ”
“ တကယ် မင်းပြောသလိုဖြစ်ပြီး အထဲမှာ မင်းတို့ရဲ့ဘိုးဘေးတံဆိပ်သာဆိုရင် ငါတို့မင်းကို ဒုက္ခမပေးဘူး။ ”
သူတို့အားလုံးသည် ယွဲ့မိသားစုကို အနည်းငယ်ကြောက်ရွံ့သော်မှ တစ်စုံတစ်ဦးက ဦးဆောင်သည့်နောက် ရဲဝံ့လာပြန်၏။
ယွဲ့ယွမ်ရှန်မှ ခေါင်းခါလိုက်သည်။
“ အဲ့လိုတော့ မဖြစ်ဘူး ... ဒီသေတ္တာကိုဖွင့်လိုက်တာနဲ့ အထဲကတံဆိပ်ရဲ့ စွမ်းအားကို ဘယ်သူမှခံနိုင်မှာမဟုတ်ဘူး။ ”
“ ဟမ့် ... ဒါဆို မင်းရော ဘယ်လို ထိန်းသိမ်းထားနိုင်တာလဲ မိတ်ဆွေယွဲ့ ငါတို့ကို မင်းဒီထက်ပို ရိုးသားသင့်တယ်။ ”
ဘူးသီးခြောက်စီးနင်းထားသော အမျိုးသားက စိတ်မရှည်တော့ဟန် ပြောကြား လာသည်။ ယွဲ့ယွမ်ရှန်ခမျာ ပတ်ဝန်းကျင်တွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်ကို ချက်ချင်းခံစားလိုက်ရ၏။
ဤလူများသည် ခွေးရူးနှင့် မခြားချေ။ အသားစသာမြင်သော် သေခြင်းကိုပင်လျစ်လျူရှု ကြပေလိမ့်မည်။ ယွဲ့မိသားစုအမည်သည် လုံလောက်ပုံမရချေ။
“ အဲဒီသေတ္တာထဲက ငါနဲ့ကံကြမ္မာပါတယ် ငါ့ကိုကြည့်ခွင့်ပေးပါဦး။ ”
အခြေအနေသည် ရုတ်တရက် တင်မာလာ၏။ ထိုစဉ် စုရီသည်တည်ငြိမ်စွာဖြင့် ယွီယွန်ရှန်းထံ လက်လှမ်းပြလေသည်။
“ ဘရူး ... ။ ”
သူ့စကားဆုံးသည်နှင့် ယွီယွန်ရှန်း လက်ထဲတွင်ရှိနေသော ကြေးသေတ္တာငယ်သည် အလိုအလျောက်ရုန်းထွက်ကာ စုရီလက်ထဲသို့ လွင့်ပျံရောက်ရှိလာချေပြီ။
“ ရပ်စမ်း ... ။ ”
“ မင်းဘယ်လို အတင့်ရဲလိုက်လဲ။ ”
“ ယွီမိသားစုရဲ့ ရတနာကို လုဝံ့သလား။ ”
မိစ္ဆာအိုကြီးများက သူတို့နှလုံးသား ထုတ်ယူခံရသလို ချက်ချင်းတုန်လှုပ်ကုန်ကြပြီး အော်ဟစ်လိုက်ကြသည်။
သူတို့အားလုံးသည် ယွီမိသားစုလက်မှ တစ်စုံတစ်ရာကို ဤသို့ပြောင်ပြောင်တင်းတင်း မလုယူဝံ့ချေ။ သို့သော် ဤလူငယ်သည် ရဲရင့် လွန်းချေ၏။ လက်ခံနိုင်စရာမရှိချေ။
ထို့ကြောင့် တရားမျှတမှုကို ဆောင်ကျဉ်းပေးလိုသော သူတော်စင်များကဲ့သို့ ယွီမိသားစုအမည်တပ်ကာ အော်ဟစ် လိုက်ကြခြင်းဖြစ်လေသည်။
“ ဒီရတနာက မင်းတို့နဲ့ မထိုက်တန်ဘူး စိတ်လျော့ပါ။ ”
စုရီက ဂရုမစိုက်ဘဲ တုန့်ပြန်လိုက်၏။ ထိုစကားကြောင့် မိစ္ဆာအိုကြီးများ အားလုံးခမျာ အံ့အားသင့်သွားကြပြီး ဒေါသများ အလိပ်လိုက် ထွက်ပေါ်လာတော့သည်။
“ ဒီကောင်လေး သေချင်နေတာလား။ ”
ဘူးသီးခြောက်စီးနင်းထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်ဝန်းများ မီးဝင်းဝင်းတောက်လာ၏။ အမျိုးသားက စုရီကို ဟိန်းဟောက်ပြီးနောက် သွေးဇီးကွက်ထံ ကြည့်လေသည်။
သွေးဇီးကွက်သည်လည်း အံ့အားသင့် နေလျက်ဖြင့် စုရီကိုကြည့်နေရာမှ လူလတ်ပိုင်း အရွယ် ထိုအမျိုးသားထံ ပြန်မော့ကြည့်၏။
တစ်ဖက်လူနှင့်အတူ အခြားသော မိစ္ဆာအိုကြီး(၁၁)ယောက်က သူ့ထံသတ်ဖြတ်လို စိတ်ဖြင့် စိုက်ကြည့်နေကြချေပြီ။
“ သွေးဇီးကွက် ... ဒါ မင်းရဲ့အကြံအစည်လား။ ”
“ မဟုတ်ဘူး ... ဒီကောင်လေးက ငါနဲ့ လမ်းကြုံလိုက်လာတာပါ .. ငါသူနဲ့ လုံးဝမသိဘူး ကောင်လေး ... မင်းဘာလုပ်တာလဲ ယွီမိသားစု ရတနာကို မြန်မြန်ပြန်ပေးလိုက်။ ”
သွေးဇီးကွက်မှ အလျင်အမြန် ဟိန်းဟောက် လိုက်လေသည်။ ယွီယန်ရှန်းသည် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားရကာ သူ့ရှေ့မှ မြင်ကွင်းထံ စောင့်ကြည့်နေခဲ့၏။
သူသည် ဤမိစ္ဆာအိုကြီး (၁၃)ယောက်ကို အနိုင်ယူရန်မဖြစ်နိုင်ချေ။ ယွီမိသားစုဂုဏ်သိက္ခာ အသုံးချကာ ထိန်းထားနိုင်ခြင်းသာရှိ၏။
ထိုစဉ် အမည်မသိ ဤလူငယ်မှ ထိုမိစ္ဆာများကို ဂရုမစိုက်ဘဲ ယွီမိသားစုရတနာ အပေါ် လုယူဝံ့နေ၏။ မထင်ထားချေ။
အရေးအကြီးဆုံးမှာ ကြေးသေတ္တာသည် လက်ယပ်ခေါ်ရုံဖြင့် သက်ရှိတစ်ကောင်ကဲ့သို့ သူ့လက်မှ ရုန်းထွက်သွားခြင်းပေပင်။
ဆိုလိုသည်မှာ သူ ဆန္ဒရှိနေလျှင်ပင် ဤသေတ္တာကိုလူငယ်ထံမှ တားဆီးထားရန် မဖြစ်နိုင်ဟု အဓိပ္ပါယ်ရနေသည်။
တစ်ဖက်တွင် ထိုမိစ္ဆာအိုကြီးများသည် ယွီမိသားစုကိုယ်စား ဒေါသများထွက်ပြသည်မှာ ရယ်စရာကောင်းနေပြန်၏။
စုရီက လူတိုင်းကို လျစ်လျူရှုလျက်၊
“ မင်းတို့ စိတ်လျော့လိုက်သင့်ပြီ ... ငါ့မျက်လုံးထဲမှာတော့ မင်းတို့အားလုံးက အချိန်မရွေးရိတ်သိမ်းနိုင်တဲ့ ကြက်သွန်မြိတ်တွေပဲ။ ”
-ဟု တုန့်ပြန်လိုက်သည်။
သူ့စကားကြောင့် မိစ္ဆာအိုကြီးများခမျာ မျက်နှာတစ်ပြင်လုံး နီမြန်းသွားတော့၏။ ထို့စဉ် စုရီက ကြေးသေတ္တာကို ဖွင့်ကြည့်လိုက်သည်။
“ တကယ်ပဲကိုး ... ။ ”
အတွင်း၌ ခရမ်းရောင် ဓားပုံသဏ္ဍာန် ကျောက်စိမ်းပြားတစ်ခုကို မြင်လိုက်ရသဖြင့် စုရီ တစ်ယောက် ခေါင်းညိတ်လိုက်၏။ ဤသည်မှာ သူ့အတွက် ရင်းနှီးနေသည်ဟု ခံစားစေရသော တစ်စုံတစ်ရာဧကန်ပေပင်။
“ သေစမ်း ... ရတနာကို ပြန်ပေးစမ်း။ ”
ဘူးသီးခြောက်ပေါ်မှ အမျိုးသားက ဦးစွာတိုက်ခိုက်လာသည်။ သူသည် လမ်းတွင် စုရီထံမှလုယက်ရန် ရှေးမစွတည်းကပင် အကြံရှိထားသူဖြစ်၏။
“ ဝှစ် ... ။ ”
ရုတ်တရက် သွေးရောင်လျှပ်စီးများ ပါဝင်သည့် လက်ဝါးချက်ကြီး လွင့်ပျံလာသဖြင့် စုရီမှအင်္ကျီလက်ကို လှုပ်ခါလျက် ပျက်ပြယ် စေလိုက်သည်။ သွေးလျှပ်စီး လက်ဖဝါးသည် ဖုန်မှုန့်ကဲ့သို့ ပျက်စီးသွားတော့၏။
“ သွေးဇီးကွက် ... မင်းဒီမှာ ဘာရပ်လုပ်နေတာလဲ ဒီကလေးနဲ့ပေါင်းပြီး ငါတို့ကိုလှည့်စားနေတာလား။ ”
ပန်းခြင်းတောင်းနှင့် အမျိုးသမီး ဒေါသတကြီးအော်ဟစ်လိုက်၏။ သွေးဇီးကွက်မှ အကျပ်ရိုက်သွားပြီး၊
“ ငါနဲ့ သူနဲ့ ဘာမှမဆိုင်ဘူး။ ”
-ဟု ချက်ချင်း ငြင်းဆို၏။ သို့သော် စုရီမှ ပြုံးလျက်ဖြင့်၊
“ တာအိုအစ်ကို ... မင်းအဲဒီမှာ ဘာရပ်လုပ်နေတာလဲ ငါတို့နှစ်ယောက်ပေါင်းပြီး ဒီလူတွေကိုသတ်ရအောင်။ ”
-ဟု အော်ဟစ်လိုက်၏။
ထိုစကားကြောင့် သွေးဇီးကွက်ခမျာ အသည်းပေါက်မတတ် နာကျဉ်းသွားလေသည်။
“ သွေးဇီးကွက် ... မင်းဝင်မပါနဲ့ အဲဒီမှာရပ်နေ ... မဟုတ်ရင် ငါတို့အားလုံးက မင်းအတွက်ရန်သူပဲ ... ဒီကောင်လေးကို အရင်သတ်ကြ။ ”
ဓားရှည်တစ်လက်လွယ်ထားသော အမျိုးသားတစ်ဦးက သူ့ဓားကြီးကိုဆွဲထုတ်ပြီး သွေးဇီးကွက်ထံသတိပေးလျက် စုရီဆီသို့ ပြေးဝင်လာတော့သည်။
အခြားသော မိစ္ဆာအိုကြီး (၁၀)ယောက်သည်လည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ ထိုမြင်ကွင်းကြောင့် စုရီမှ အသာအယာ ခေါင်းခါယမ်းလျက်၊
“ ကြက်သွန်မြိတ်တွေက ... ငါ့ဓားသွားပေါ်ကို အလိုအလျောက် တက်လာချင်နေကြတာပဲ ... ။ ”
-ဟု ညည်းတွားလိုက်တော့သည်။
“ ချွင် ... ။ ”
ထို့နောက် ချင်းယန်ဓားသည် စုရီ လက်ထဲထွက်ပေါ်လာ၏။ လရောင်ခြည်ကဲ့သို့ အေးမြလွန်းသော ဓားရောင်ခြည်များသည် ပတ်ဝန်းကျင်အပေါ် လွှမ်းမိုးသွားသည်။
စုရီ၏ အရှိန်အဝါသည် တခဏချင်း ကောင်းကင်နှင့်မြေကြီးကြား ကြီးစိုးနေသော ဓားတစ်လက်ကဲ့သို့ ပြောင်းလဲလာ၏။
“ ဝှစ် ... ။ ”
အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် လရိပ်အလားဓားအလင်းများ ပြေးထွက်သွားပြီး ဦးစွာပြေးဝင်လာသည့် အမျိုးသားသည် ဓားနှင့် အတူ အပိုင်းပိုင်းပြတ်သွားကာ သွေးမိုးအဖြစ် ပြောင်းလဲသွားတော့သည်။
“ မလုပ်နဲ့ ... ။ ”
မိစ္ဆာအိုကြီးများ အားလုံး ထိတ်လန့်သွားကြသည်။ သို့သော် နောင်တရရန် အချိန်မရှိတော့ချေ။ စုရီသည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလာပြီဖြစ်၏။
“ မြန်မြန် ... ။ ”
“ အား ... ။ ”
လရောင်တစ်ချက် လက်သွားတိုင်း မိစ္ဆာအိုကြီးတစ်ဦး ပေါက်ကွဲပျက်စီးသွားရသည်။ ထိုမြင်ကွင်းက သွေးဇီးကွက်ကို ကြောက်လန့် တုန်ရီသွားစေ၏။
ခဏချင်းအတွင်းမှာပင် မိစ္ဆာအိုကြီး (၁၂)ဦးလုံးသည် သွေးမြူအဖြစ် အသက်ပျောက် သွားကြသည်။ လေထုအတွင်း၌ သွေးရနံ့များ လှိုင်လှိုင်ထလျက် စုရီအသွင်အပြင်သည် သန့်ရှင်းတောက်ပြောင်နေ၏။
သူ့အဖော်များကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာအိုကြီးများသည် အမှန်ပင် ကြက်သွန်မြိတ်များ ဖြစ်သွားချေပြီ။ ထိုစဉ်က စုရီက လရိပ်ဓားကိုပြန်သိမ်းကာ သက်ပြင်းတစ်ချက်ချလိုက်၏။
“ ပျင်းစရာ ကောင်းလိုက်တာ ... ။ ”
ထိုရေရွတ်သံကြောင့် ယွီယွန်ရှန်းနှင့် သွေးဇီးကွက်တို့သည် ကျောက်ရုပ်များအဖြစ်မှ ချက်ချင်းအသက်ဝင်လာ၏။
ဤလူငယ်သည် လူသားတစ်ဦး ဟုတ်ပုံမရချေ။ ကောင်းကင်မှဆင်းသက်သည့် ဓားနတ်ဘုရားအလားပေပင်။ စုရီက ပြုံးလျက် သွေးဇီးကွက်ထံ လှည့်ကြည့်ကာ၊
“ တာအိုအစ်ကို မင်းငါ့ကို ဘာလို့မကူညီခဲ့တာလဲ ... ။ ”
-ဟု မေးမြန်းလိုက်တော့၏။ သွေးဇီးကွက်တစ်ယောက် မျက်ခုံးပင့်လျက် ပြင်းစွာတုန်လှုပ်သွားခဲ့ချေပြီ။
***