← Chapters

အခန်း (၁၁၆၁-၁၁၆၅)

Vol. 67 Ch. 1161-1165

အခန်း (၁၁၆၁-၁၁၆၅)

Vol. 67 Ch. 1161-1165

အခန်း(၁၁၆၁)

ဝမ်ချောင်သည် သူ၏အကြည့်ကို ခိုရာစန်း၏မြို့ရိုးထံ ပြန်ပို့လိုက်ပြီး ထိုနေရာတွင် ရပ်နေသည့် ပုံရိပ်နှစ်ခုအား မျက်လုံးကိုမှေးကျဉ်းကာ ပြုံးပြလိုက်သည်။

“အပုမူစလင် ကျစ်ရ ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးပြီးပြီ။ မင်းတို့က အညံ့ခံဖို့ဆန္ဒမရှိဘူးဆိုကတည်းက ငါကလည်း မင်းတို့ရဲ့ဆန္ဒအတိုင်း ဒီမြို့နဲ့အတူ သေခိုင်းရမှာပေါ့”

ထိုစကားလုံးများနှင့်အတူ ဝမ်ချောင်က မျက်လုံးကိုမှိတ်လိုက်သည်။ သူဟာ လှုပ်ရှားမှုကင်းမဲ့သွားသည်။ သူ၏အနောက်ဘက်တွင်ရှိသော စစ်သည်နှစ်သိန်းကလည်း ရုပ်ထုများအလား ဖြစ်သွားသည်။ မည်သူကမှ လှုပ်ရှားမည့် အရိပ်အယောင်ကို မပြသတော့ချေ။ သို့သော် ထိုအခြေအနေက မြို့ရိုးပေါ်တွင်ရပ်နေသော နှစ်ယောက်အား ပို၍ပင် မသက်မသာဖြစ်လာစေသည်။ ဝမ်ချောင်ဟာ မည်သည့်ကိစ္စများကို ကြံစည်နေကြောင်း မည်သူကမျှ မသိနိုင်ချေ။

အပုမူစလင်က ကျစ်ရကိုကြည့်သည်။

“ကျစ်ရ ထပ်ပြီးစစ်ဆေးကြည့်စမ်း။ ငါတို့တွေ ဆမ်ဆာခမ်းကကိစ္စကို ထပ်ဖြစ်ခွင့်ပြုလို့မရဘူး။ ဂိတ်တွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေရမယ်။ ဆမ်ဆာရစ်တစ်ယောက်ယောက်က ချဉ်းကပ်ဖို့ ကြိုးစားလာတာနဲ့ မေးခွန်းထုတ်စရာမလိုဘဲ သတ်လို့ရတယ်။ ဒါတွေအပြင် သတင်းက ပါးသထိ ရောက်သွားပြီလား။ ငါတို့ရဲ့တပ်ကူတွေက ဘယ်တော့ရောက်မှာလဲ”

ခိုရာစန်းသည် အာရေးဗီးယား အရှေ့ပိုင်း၏ နောက်ဆုံးသောဂိတ်ပေါက်လည်းဖြစ်သလို နောက်ဆုံးသော အဝင်အထွက် လမ်းကြောင်းလည်းဖြစ်သည်။ ခိုရာစန်းက ရှုံးသွားသည်နှင့် အာရေးဗီးယား၏ မြို့တော်ကြီးဖြစ်သော ပါးသကပင် ခြိမ်းခြောက်ခံရပေလိမ့်မည်။ ထိုနယ်မြေနှစ်ခုက တစ်နေရာနှင့်တစ်နေရာ ကီလိုမီတာ နှစ်ထောင်ခန့်သာ ဝေးကွာသည်။ ထို့ကြောင့် ရက်အနည်းငယ်အတွင်း သွား၍ရနေသည်။ အာရေးဗီးယား အင်ပါယာ၏ ဆက်တိုက်ဆိုသလို သိမ်းပိုက်ပြီး နယ်မြေချဲ့ထွင်ခဲ့သော သမိုင်းတွင်ပင် ယခုလိုရန်သူက အနီးစပ်ဆုံး ကပ်လာနိုင်သော အခြေအနေက ပထမဦးဆုံးအကြိမ်ဖြစ်သည်။ အပုမူစလင်က အနောက်ဘက်ခြမ်းသို့ ဆက်မပြေးဘဲ ခိုရာစန်းတွင် ရပ်နေခဲ့သည့် အကြောင်းပြချက်ကလည်း ထိုကိစ္စကြောင့်ဖြစ်သည်။

“ငါစစ်ဆေးပြီးပြီ မြို့ဂိတ်တွေအားလုံးက တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထားပြီးသား။ လွဲမှားမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ သတင်းကလည်း ပါးသကိုရောက်သွားပြီ။ ဒါပေမဲ့ မြို့တော်က အထက်တန်းလွှာတွေက ထိတ်လန့်နေကြတယ်”

“ဒါတွေအပြင် အရင်တိုက်ပွဲမှာ ကာရီယိုရဲ့ အင်အားစု၊ ချွီထေပါးရဲ့ မြောက်ပိုင်းစစ်နယ်မြေနဲ့ ငါတို့ရဲ့ ကိုယ်ပိုင်အင်အားစုတွေ အားလုံးကို စေလွှတ်ခဲ့တာပဲ။ ဒါကြောင့် အင်ပါယာကြီးရဲ့ အရှေ့ပိုင်း တစ်ခြမ်းလုံးက ရှင်းလင်းနေပြီလို့ ပြောလို့ရတယ်။ ငါတို့နောက်မှာ ထပ်ပြီးစေလွှတ်ပေးလို့ရတဲ့ ဘယ်အင်အားစုမှ မရှိတော့ဘူး။ ဒါတွေအပြင် အခြားအစိုးရတွေက ကိုယ်ပိုင်စစ်တပ် အသီးသီးနဲ့အတူ ရှိနေကြပေမဲ့ သူတို့ကလည်း အချိန်မှီ ထွက်လာနိုင်ကြမှာမဟုတ်ဘူး။ အနီးဆုံးစစ်တပ်က လဝက်တော့ အနည်းဆုံး အချိန်လိုလိမ့်မယ်။ နောက်ပြီး စစ်သားတွေက အများကြီးပါလာမှာမဟုတ်ဘူး။ သူတို့က ရောက်လာနိုင်ရင်တောင်မှ အကူအညီ အများကြီးဖြစ်ပါမယ်လို့ အာမခံချက်မရှိဘူး”

ကျစ်ရကပြောသည်။

သူကထိုသို့ပြောပြီးပြီးချင်း သူ၏အကြည့်က အောက်ဘက်ရှိ မြောက်များလှစွာသော စစ်သည်တော်များကို ဖြတ်ပြေးသွားသည်။ ဒါဟာ မဟာထန်၊ ခိုရာစန်းနှင့် အခြားသောအဖွဲ့အစည်းများက ပူးပေါင်းထားသည့် စစ်သည်အင်အားနှစ်သိန်းဖြစ်သည်။ သူက ထိုအင်အားစုကို မြင်တိုင်းလိုလို နှလုံးသားက စိမ့်တက်သွားသည်။

အာရေးဗီးယားနှင့် မဟာထန်က စတင်တိုက်ခိုက်ခဲ့သော အခိုက်အတန့်တွင် ထန်များသည် တစ်သိန်းနှင့်တစ်သောင်းကိုသာ ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ယခုမူ သူတို့၏စစ်တပ်နောက်တန်း တစ်ခုလုံးက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြောက်များသည့် နှစ်သိန်းဆိုသော အင်အားနှင့် ဖောင်းကားနေသည်။ ထိုစစ်သားများအားလုံးက ပုံမှန်မဟုတ်သော အင်အားမျိုးကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ခန္ဓာကိုယ်ထဲတွင် သတ်ဖြတ်လိုစိတ်များက ပြင်းထန်လျှက် မြို့အပြင်တွင် ဒီတိုင်းရပ်နေရုံနှင့် အထဲမှလူများကို တုန်လှုပ်စေသည်။

သူနှင့်အပုမူစလင်တို့က ရှာဖွေနိုင်ခဲ့ခြင်းမရှိသည့် ပုန်ကန်ပြီးသော အင်အားစုများ၊ ရှင်သန်ကျန်ရစ်သော ယခင်မင်းဆက်မှ ဆက်ခံသူများအားလုံးက မဟာထန်၏အင်အားကို မြင်မြင်ချင်း ပေါ်ထွက်လာကာ ပူးပေါင်းလိုက်ကြသည်။ ထိုအခြေအနေက အပုမူစလင်နှင့် ကျစ်ရတို့ မမျှော်လင့်ဖူးသော အခြေအနေမျိုးဖြစ်သည်။

အပုမူစလင်၏ နှလုံးသားက ကျစ်ရ၏တင်ပြချက်ကြောင့် ပို၍ပင် လေးလံသွားသေးသည်။ ထိုအခိုက်အတန့်တွင် သူဟာ သူ့ကိုယ်သူသာ မှီခိုရတော့ပေမည်။

သူယခု ကိုယ့်ကိုယ်ကို နှစ်သိမ့်နိုင်သည့် တစ်ခုတည်းသော အတွေးက ဂိတ်က တည်ရှိနေသည်နှင့် တပ်ကူများကို စောင့်နိုင်မည်ဆိုသော အချက်ဖြစ်သည်။

“မဟုတ်သေးဘူး”

သူက အပြင်ဘက်ရှိစစ်တပ်ကို ကြည့်နေရင်း အပုမူစလင်၏မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားသည်။ သူ၏စိတ်အတွင်း အတွေးတစ်ချက်ဝင်လာသည်။

“တစ်ခုခုတော့ ထူးဆန်းနေပြီ။ ငါတို့သတိမထားမိတာ တစ်ခုခုရှိနေလိမ့်မယ်။ ကျစ်ရ တစ်ဖွဲ့ကိုခေါ်ပြီး စစ်သားတွေကိုထပ်ပြီးစစ်စမ်း။ ခိုရာစန်းတွေရဲ့ သူလျိုကိုရှာတွေ့တာနဲ့ တွေ့တွေ့ချင်းသတ်လိုက်တော့”

အပုမူစလင်က သစ်ပင်တိုင်း၊ ခြုံပုတ်တိုင်းကို ရန်သူစစ်သားအဖြစ် သတ်မှတ်ချင်နေသည်။ သူသည် စစ်သည်တော်မှားပြီး သတ်မိမည့်အရေးထက် အလားအလာရှိသော သူလျိုကို လွှတ်လိုက်မည့်အရေးကို ပို၍စိုးရိမ်သည်။ ခိုရာစန်းသည် အရေးကြီးလွန်းအားကြီးသည်။ ဒီမြို့ကို ဆုံးရှုံးလိုက်ရသည်နှင့် သူက အသက်ရှင်နိုင်လျှင်ပင် သူ၏ကံကြမ္မာက သေသည်နှင့်မခြားတော့ချေ။

“ဒါပေမဲ့အရှင် ထန်တွေက ခိုရာစန်းကို လိုချင်ရင် မြို့ရိုးကို ကျော်တက်လာသင့်တယ်။ ဂိတ်က ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ။ ဒါကိုသူတို့က ဘယ်လိုဝင်မှာလဲ။ ငါတို့က တပ်သားသစ်သုံးသောင်းကို ငှားရမ်းစုဆောင်းခဲ့ပြီးပြီလေ။ ခိုရာစန်းထဲမှာ သူလျိုတွေရှိနေတယ်ဆိုရင်တောင်မှ ငါတို့ရဲ့အနေအထားမျိုးကို လှုပ်ခါအောင်လုပ်ဖို့က တအားကိုခက်ခဲသွားလိမ့်မယ်။ သူတို့က ဘာလုပ်ချင်တာလဲ။ ကောင်းကင်ပေါ်ကနေ ခုန်ချလာမှာလား”

“ကောင်းကင်ဘုံကနေ ခုန်ချလာမယ်ဟုတ်လား”

အပုမူစလင်က မျက်လုံးပြူးသွားသည်။ သူသည် တစ်စုံတစ်ရာကို ဖမ်းဆုပ်လိုက်နိုင်သလို ဖြစ်သွားသည်။ သို့သော် ထိုအရာဟာ မည်သည့်အရာဖြစ်ကြောင်း မဝေခွဲနိုင်သေးချေ။ ထိုအခိုက်အတန့်တွင် အချိန်ကပင် ရပ်တန့်သွားသည်။

အပုမူစလင်က အတွေးများဖြင့် တောင့်ခဲနေသည့် အခိုက်အတန့်တွင် ခိုရာစန်း၏ အရှေ့တောင်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် မြောက်များလှစွာသော စစ်သားများက စတင်ကာအော်ကြသည်။

ဝုန်း

တိုက်ခိုက်သောအသံများက အပုမူစလင်ကို မိုးကြိုးပစ်လိုက်သလိုမျိုး လှုပ်ခါသွားစေသည်။ သူဟာ နောက်ဆုံးတွင် အမှားကိုရှာတွေ့လိုက်သည်။ ဝမ်ချောင်နှင့် သူ၏လူများက ကောင်းကင်ဘုံမှ ခုန်ဆင်းလာနိုင်ခြင်းမရှိလောက်ချေ။ မည်သို့ပင်ဆိုစေ သူတို့ဟာ ငှက်များမဟုတ်ချေ။ သို့သော် မြေပြင်ထဲမှ မထွက်လာနိုင်ဟု မဆိုလိုချေ။

ထန်များက ဒီနေရာနှင့်မရင်းနှီးသလို မြို့ရိုးအောက်ဘက်မှ တူးမြောင်းကို ဖောက်နိုင်စွမ်းရည် မရှိလောက်သော်လည်း ဆမ်ဆာရစ်များကမူ အလားတူမဟုတ်တော့ချေ။ ပို၍အရေးကြီးဆုံး အချက်ကမူ ဒါဟာ ဆမ်ဆာရစ်မင်းဆက်၏ မြို့တော်ဖြစ်နေသည်။

“သေစမ်း”

အပုမူစလင်၏ မျက်နှာက ရှုံ့မဲ့ကာ ပျက်ယွင်းသွားသည်။ သူ၏မာကြောပြီး ဆုံးဖြတ်ချက် ပြတ်သားနေတတ်သော မျက်နှာဟာ တင်းမာသွားပြီဖြစ်သည်။ သူသည်လည်း ဝမ်ချောင်ကို အထင်သေးမိကြောင်း သိလိုက်ရပြန်သည်။

အပုမူစလင်က တုန့်ပြန်လိုက်နိုင်သည့် အခိုက်အတန့်တွင် မြို့အပြင်ဘက်မှ အော်သံကထွက်လာသည်။ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေခဲ့သည့် အင်အားစုနှစ်သိန်းက ကောင်းကင်ကိုပင် လှုပ်ခါလိုက်နိုင်သည့် အော်သံများကို ထုတ်လွှတ်ကြသည်။ အာရပ်ဗိုလ်ချုပ်ကြီးနှစ်ယောက်၏ စောင့်ကြပ်နေမှုအောက်တွင် သူတို့က နောက်တန်းမှ သတ္ထုလက်နက်မျိုးကို တွန်းထုတ်လာကြသည်။

“ပစ်”

စုဟန်ရှန်းက လက်ကိုအောက်သို့ ယမ်းချလိုက်သည့် အခိုက်အတန့်တွင် ကျန်းရှို့ကျစ်က အထူးတလည် တည်ဆောက်ထားရသည့် ရှည်လျားသော သတ္ထုပြွန်များအတွင်းမှ ထက်ရှလွန်းသော သတ္ထုဆူးချွန်များက ထွက်လာသည်။

တင် တင် တင်

ထက်ရှသော ထိုသတ္ထုဆူးကောက်ချွန်များက သူတို့နှင့်အတူ ကြိုးများကိုပင် တောက်လျှောက်သယ်လျှက် မြို့ရိုး၏ အတွင်းဘက်သို့ တိုက်ရိုက်ဝင်သွားသည်။

မြှားချိတ်ပါကြိုးပျံ

ဒါဟာ ကျန်းရှို့ကျစ်က အနောက်ဘက်ခြမ်းသို့ ချီတက်လာသည့်လမ်းတွင် သူ၏လက်အောက်ငယ်သားများကို အစောတလျင် သွန်းလုပ်ခိုင်းခဲ့သည့် လက်နက်များဖြစ်သည်။ အချိန်က တိုတောင်းသော်လည်း ကျွမ်းကျင်လွန်းသော ပညာရှင်ကျန်းရှို့ကျစ်ကိုယ်တိုင်က ဦးဆောင်သောအဖွဲ့ဟာ ထိုသံချိတ်များပါသည့် ကြိုးပျံကို အောင်မြင်စွာ လုပ်နိုင်ခဲ့လေသည်။

ထိုအရာများက ရိုးရှင်းလွန်းသော ပုံစံမျိုးနှင့်သာဖြစ်သည်။ လိုအပ်ချက်ကမူ လေးစားဖွယ်ကောင်းသော ပျံသန်းအားနှင့် ကုပ်ဆွဲနိုင်အားဖြစ်သည်။ ထိုအတွက်ကြောင့် လက်နက်ကြီး၏ လျို့ဝှက်ဆန်းကြယ်မှုကို လေ့လာထားသော လူအတွက် ခက်ခဲလိမ့်မည်မဟုတ်ချေ။ ရှုပ်ထွေးသော တွဲဆက်ပုံများပါသည့် အပိုင်းကိုဖယ်ပြီး အဓိကအရေးပါသည့် အပိုင်းကို အလေးထားလျှက် အကြမ်းထည်ပုံစံမျိုးကို ဖန်တီးလိုက်ခြင်းအားဖြင့် ဆူးကောက်များပါသည့် ကြိုးပျံကိုဖန်တီးလိုက်နိုင်သည်။

“သွား အားလုံးသွားကြ အပေါ်ကိုတက်ပြီး မြို့ရိုးကိုတိုက်ခိုက်တော့”

ထိုအမိန့်နှင့်အတူ မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက မျောက်များအလား ကြိုးများကိုတွယ်ကာ ကုန်းတက်ကြပြီး မြို့ရိုးပေါ်သို့ ခပ်မြန်မြန်တက်ကြသည်။

“အားလုံးပဲတိုက်ခိုက်”

ချွင်

ပါးရန်က သူ၏ထက်ရှသော ဝု့စ်သံမဏိဓားကို ဆွဲထုတ်လိုက်ပြီး လေထဲသို့ချိန်သည်။

ဆက်ပါရန်ကာတာဖရက် ရှစ်ထောင်သည် ဆမ်ဆာရစ်မင်းဆက် ခေတ်ကတည်းက တူးဖောက်ခဲ့သည့် တူးမြောင်းမှတစ်ဆင့် ခိုရာစန်းသို့ ဝင်ထားပြီးသားဖြစ်သည်။

ခိုရာစန်း၏ တော်ဝင်မျိုးနွယ်နှင့် အက်ပါရန်ကာတာဖရက်များကသာ ထိုတူးမြောင်းကိုသုံးပြီး အာရေးဗီးယားထံမှ ထွက်ပြေးလျှက် သဲလွန်စပင်မရှိဘဲ ပျောက်ကွယ်နိုင်လေသည်။ ယခုအခါ ထိုနည်းလမ်းကိုပြန်သုံးပြီး ခိုရာစန်းကို ပြန်လည်တိုက်ခိုက်နိုင်သွားသည်။

“မြန်မြန်သွားကြစမ်း”

“အဲ့ဒီဆူးကောက်တွေ အားလုံးကို ခုတ်ပိုင်းပစ်ကြ။ ကြိုးတွေကိုဖြတ် သူတို့ကို တက်ခွင့်ပြုလို့မရဘူး”

မြို့ရိုးပေါ်ရှိအာရပ်များက အထိတ်တလန့် ဖြစ်နေကြပြီဖြစ်သည်။ လူတိုင်းက စတင်ကာ လှုပ်ရှားကြပြီး ကြိုးများကိုခပ်ကြမ်းကြမ်းဖြတ်ကြသည်။

“မြန်မြန်”

အပုမူစလင်ကလည်း ခပ်ကြမ်းကြမ်းအော်သည်။ သူသည် ဒီမြင်ကွင်းကြောင့် အံ့အားသင့်ရသလို ဒေါသလည်းထွက်မိသည်။

ဘုန်း

ရုတ်တရက် သူ၏ကိုယ်အတွင်းမှ ပိန်းပိတ်အောင် မည်းမှောင်သော စွမ်းအင်များက ပေါက်ထွက်လာသည်။

ချွင် ချွင် ချွင်

ထိုသို့ဖြင့် ချိတ်ကောက်ဆယ်ခုကျော်ခန့်က ချက်ချင်းလိုလို ပျက်စီးသွားသည်။

“ဟား ဟား အပုမူစလင် မင်းရဲ့အင်အားတွေကို ဖြုန်းဖို့မလိုပါဘူး။ မင်းဒီတိုက်ပွဲမှာ ရှုံးပြီးသား”

ဝမ်ချောင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက မြေပြင်ကို ဖနောင့်ဖြင့်ပေါက်လိုက်၏။ ထိုအခါ သူ၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်တစ်ရပ်က ပေါက်ထွက်လာပြီး နဂါးတစ်ကောင် ဟိန်းသံကိုပြုသည်။ ကြီးမားလွန်းလှသော ရွှေရောင်နဂါးကြီးက လေထဲသို့တက်ကာ လျှင်မြန်စွာ ရစ်ခွေလိုက်ပြီးနောက်တွင် ခိုရာစန်း၏ မြို့ရိုးများထံသွားသည်။

နဂါးခုန်သိုင်း

သူဟာ ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိပြီးသောကြောင့် သူယခင်ကထုတ်ပြခဲ့သည့် သိုင်းတိုင်းက ခြားနားသောအားကို ထုတ်ပြလာသည်။ ခိုရာစန်း၏ မြို့ရိုးက တိမ်စိုင်များအတွင်း ထိုးဖောက်ဝင်ရောက်နေသောကြောင့် ကုန်းတက်၍မရနိုင်လောက်အောင် မြင့်မားသည်ဟု ထင်နိုင်ဖွယ်ရာရှိသည်။ သို့သော် ဝမ်ချောင်၏ နဂါးခုန်သိုင်းနှင့်ယှဉ်သော် ခြားနားသွားသည်။

ဘန်း

နဂါးခုန်သိုင်း၏ ပထမဦးဆုံးစွမ်းအင်က ကုန်လုနီးပါးဖြစ်သွားသည့် အခိုက်အတန့်တွင် သူ၏အရှိန်က စတင်ကာ လျော့ကျလာသည်။ ဝမ်ချောင်က သူ၏ညာခြေထောက်ကို ဘယ်ခြေထောက်၏ နောက်ဘက်နားတွင် ခံထားလိုက်၏။ ထိုသို့ဖြင့် ကျယ်လောင်လွန်းသော သတ္ထုပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ဝမ်ချောင်၏ ခြေထောက်အောက်ဘက်မှတစ်ဆင့် သိသာထင်ရှားစွာ မြင်နေရသော အားလှိုင်းတစ်ရပ်က ပေါ်ထွက်လာပြန်သည်။ ထိုသု့ိရုတ်တရက် ပေါက်ထွက်လာသောအား၏ အရှိန်ကိုယူလျှက် ဝမ်ချောင်က ကောင်းကင်သို့ ရွှေရောင်နဂါးတစ်ကောင်အလား တဖန်ထပ် တိုးတက်သွားပြန်သည်။

တစ်ကြိမ် နှစ်ကြိမ် သုံးကြမ်...

စက္ကန့်အနည်းငယ်တည်းနှင့် မည်သူမှ မတုန့်ပြန်နိုင်သေးခင် ဝမ်ချောင်ဟာ ခိုရာစန်း၏ မြင့်မားသော မြို့ရိုးအစွန်းနားတွင် ပေါ်နေခဲ့ပြီဖြစ်သည်။

“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”

ဝမ်ချောင်၏အေးစက်ပြီး မာကြောသည့်အသံက ထွက်လာသည်။ တစ်ချိန်ထဲတွင်ပင် သူ၏ကိုယ်အတွင်းမှ နေရောင်ထက်ပင် တောက်ပလွန်းသော မျက်စိကြိမ်းစေသည့် အလင်းတစ်ရပ်က ပေါက်ထွက်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်ဟာ ခိုရာစန်း၏ ကောင်းကင်တစ်ဝက်နီးပါးကို အလင်းတန်းဖြင့် အုပ်ထားနိုင်သည့် ကြမ်းတမ်းသော အနီရောင် နေအလင်းကို လွှတ်ထုတ်လိုက်ပြီဖြစ်သည်။

“အား”

မျက်စိကြိမ်းမတက် တောက်ပလွန်းသော အနီရောင်နေအလင်းတန်းက ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်သွားပြီဖြစ်သည်။

မြို့ရိုးများပေါ်တွင် အံ့အားသင့်နေကြသော အာရပ်စစ်သားတိုင်းက သူတို့၏ကိုယ်အတွင်းရှိ သွေးများနှင့် စွမ်းအားတိုင်းက အလိုအလျောက်ထွက်ပြီး ဝမ်ချောင်၏ကိုယ်အတွင်းသို့ စီးဝင်နေကြောင်း ခံစားလိုက်ရသည်။ ထိုနေရာတွင်ရှိသော အယောက်နှစ်ဆယ်မှ သုံးဆယ်ခန့်အထိက ဆူးကောက်များကို မတိုက်ခိုက်နိုင်ကြတော့ဘဲ ခြောက်ကပ်သည်အထိ အစုပ်ခံရပြီး မြေပြင်ပေါ်သို့ အလောင်းအဖြစ် ပြိုလဲကျသွားသည်။

ထိုအခြေအနေက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ သက်ရောက်မှုဟု ဖော်ပြရန် ဝေးကွာလွန်းနေသေးသည်။

“အရှင် ကြည့်လိုက်ဦး”

ကျစ်ရက အလန့်တကြားအော်သည်။ ကျစ်ရသည် အတက်နိုင်ဆုံးကြိုးစားပြီး ထိန်းထားချင်သည့်တိုင်အောင် သူ၏သွေးနှင့်စွမ်းအားများကလည်း ကိုယ်၏ထိန်းချုပ်မှုမှ လွတ်ကင်းပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စုပ်ယူမှုကို ခံနေရသည်။ အပုမူစလင်ကပင် တူညီသော အခြေအနေမျိုးကို တစ်ထပ်တည်း ခံစားနေရသည်။

ယခုအခါ ဝမ်ချောင်ဟာ မဟာဗိုလ်ချုပ်ကြီးဖြစ်သွားပြီး ဒီနယ်မြေ၏ အဆင့်အမြင့်ဆုံးသို့ ရောက်သွားသည်။ သူဟာ အထွတ်အထိပ် အခြေအနေတွင်ဖြစ်သည်။ သူ၏ခွန်အားဟာ မယုံနိုင်စရာကောင်းသည့် အခြေအနေမျိုးနှင့် မြင့်နေသေးသည်။ အမျိုးမျိုးသော သိုင်းများအရာတွင် သူဟာ အလွန်အမင်း ကျွမ်းကျင်နေနှင့်ပြီးသားဖြစ်ပြီး သူ၏မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းအပေါ် တစ်ဖက်ကမ်းခတ် တက်ကျွမ်းမှုဟာ ကျွမ်းကျင်ပညာရှင်တိုင်းကို ကြောက်လန့်မှုနှင့် တဆတ်ဆတ် တုန်စေလောက်အောင် ဖြစ်စေသည်။ အပုမူစလင်နှင့် ကျစ်ရတို့သည်လည်း သူတို့၏စွမ်းအင် အများစုကို ပြန်လည်ရရှိခဲ့ပြီးသည့်တိုင်အောင် ဝမ်ချောင်အား မယှဉ်နိုင်သေးချေ။

“သေလိုက်ပါတော့”

အပုမူစလင်၏ မျက်လုံးက လှုပ်ခတ်လာသည်။ ဝမ်ချောင်သည် လျှင်မြန်စွာ ပေါ်လာသဖြင့် မြို့ရိုးပေါ်သို့ ရောက်လာသည်မှာ စက္ကန့်အနည်းငယ်သာ ကြာလိုက်သည်။

“ငါ့ရဲ့လမ်းကဖယ်”

အပုမူစလင်က သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ အနက်ရောင် စွမ်းအင်တိုင်းကို စုစည်းလိုက်ပြီး ဝမ်ချောင်ထံ တရကြမ်းခုန်ဝင်သွားသည်။ သူက တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင်ပင် တစ်ပြိုင်တည်းလိုလို လျှင်မြန်စွာ နောက်ဆုတ်လိုက်လေသည်။

ပေါက်ကွဲသံက အတွဲလိုက်ထွက်ပေါ်လာပြီးနောက်တွင် လေထဲတွင် ရွှေရောင်နှင့် အနက်ရောင်စွမ်းအင်များက ထိပ်တိုက်ရင်ဆိုင်ကြသည်။ ကြယ်တာရာစွမ်းအင်အချင်းချင်း ပေါင်းစပ်ကာ ပေါက်ကွဲသွားမှုက ပြင်းထန်လွန်းသော ဆွဲစုပ်အားကို ချက်ချင်းလိုလို ပျောက်ကွယ်သွားစေသည်။ အပုမူစလင်၏ ပြင်းထန်လွန်းသော ခုခံမှုက ဝမ်ချောင်ကို တုန်ယင်စေလျှက် မြို့ရိုးပေါ်မှ ပြုတ်ကျသွားစေလေသည်။

အခန်း(၁၁၆၂)

“ဟား ဟား အပုမူစလင် အဓိပ္ပာယ်မရှိတော့ဘူး။ ချွီထေပါးကတောင် သေသွားပြီ။ မင်းက ငါနဲ့ တိုက်ကွက်ဖလှယ်နိုင်မယ်လို့ ထင်နေတာလား”

ဝမ်ချောင်၏ အတွေးတစ်ခုနှင့်အတူ သူနှင့် ပေတစ်ရာဝန်းကျင်အတွင်းရှိ လေထုက ဝရုန်းသုန်းကား အခြေအနေအတွင်းသို့ ဝင်ရောက်သွားသည်။ လေတိုင်းကေ ဒါသတကြီးဖြစ်နေသလို ကပြောင်းကပြန် တိုက်ခတ်လာလျှက် ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်သို့ သက်ဆင်းသွားကြသည်။ ဝမ်ချောင်၏ ခန္ဓာကိုယ်က ပြင်းထန်လွန်းသော ဆွဲစုပ်အားတစ်ရပ်ကို ဖောက်ထုတ်လိုက်သည်။ ထိုသို့ဖြင့် ခိုရာစန်း၏ သိပ်သည်းလွန်းသော မြို့ရိုးကြီးကို ချိန်ရွယ်ကာ ဝမ်ချောင်က မြို့ရိုးဘက်သို့ သူ၏ကိုယ်ကို လှမ်းခေါ်လိုက်သည်။

“မဟာဖျက်ဆီးခြင်းသိုင်း”

သူဟာ အနည်းငယ်သော်မျှ အချိန်ဆွဲခြင်းမရှိတော့ချေ။ ဝမ်ချောင်သည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အင်အားအကြီးဆုံး အကွက်ကို ထုတ်သုံးလိုက်သည်။ တစ်လောကလုံးက သေခုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည့် အခိုက်အတန့်တွင် အလင်းတိုင်းက စတင်ကာ ယိုယွင်းပျောက်ဆုံးလာသည်။ အဝေးမှသာ ကြည့်မည်ဆိုလျှင် ခိုရာစန်း၏ မြို့ရိုးများက အမှောင်ထုအတွင်း ဆွဲသွင်းခံနေရသလို မြင်နိုင်သည်။ အမှောင်ထု၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ခြောက်ခြားဖွယ်ကောင်းလွန်းသော ဖျက်ဆီးခြင်းစွမ်းအားများ ပြည့်နှက်နေသည်။

“မကောင်းတော့ဘူး”

အပုမူစလင်နှင့် ကျစ်ရတို့က အော်ဟစ်လိုက်ရင်း တုန်ယင်သွားကြသည်။ သူတို့၏မျက်နှာတွင် အံ့အားသင့်မှုက အထင်းသားပေါ်နေသည်။

“သမုဒ္ဒရာလက်စွပ်”

“အော့စမော့သိုင့်ရဲ့ အမျက်ဒေါသ”

ဒေါသတကြီးဖြစ်နေပြီး ဝရုန်းသုန်းကား ဖြစ်နေခဲ့သော နှစ်ယောက်လုံးက အင်အားကြီးသော တိုက်ကွက်များကို ကမန်းကတန်း ထုတ်သုံးလိုက်ကြသည်။

ခြိမ်း

လေထဲတွင် စွမ်းအင်မုန်တိုင်း အင်အားစုသုံးရပ်က ထိပ်တိုက်ရင်ဆိုင်သည်။ ထို့နောက် အရှိန်အဝါ ပြင်းထန်သော ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။

“အား”

ကျစ်ရနှင့် အပုမူစလင်တို့ နှစ်ယောက်လုံးက လွင့်ထွက်သွားပြီး အော်ဟစ်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာလည်း လွင့်တက်လာသည်။ သို့သော် သူဟာ လေထဲသို့ မြောက်တက်လာခြင်းသာဖြစ်သည်။ သိပ်မကြာခင် မြို့ရိုးပေါ် ချောမွေ့စွာ ဆင်းသက်လာ၏။

ခွက် ခွက် ခွက်

အပုမူစလင်ကို ခြေခြောက်လှမ်း၊ ခုနှစ်လှမ်းခန့်ဆုတ်ပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည့် အားများက ပြင်းထန်လွန်းနေသည်မှာ သေချာသည်။

အနီးအနားရှိ ကျစ်ရ၏ရင်ဘက်က တုန်ယင်နေပြီး သွေးများကို အန်ထုတ်လိုက်ရသည်။ သူက မျက်နှာကိုဝင့်ပြီး ဝမ်ချောင်ကိုလှမ်းကြည့်လိုက်သည့် အခိုက်အတန့်တွင် မိစ္ဆာနတ်ဆိုးတစ်ပါး ဆင်းသက်လာသလိုမျိုး ကြောက်လန့်နေသည်။ သူ၏မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်မှုများက ကပ်ပါလာသည်။ သူသည်လည်း ဝမ်ချောင်ဟာ အင်အားကြီးမားကြောင်းသိသည်။ သို့သော် ထိုမျှအထိဟု မထင်ထားမိချေ။ သူတို့နှစ်ယောက်သည် အတူပေါင်းခဲ့သည့်တိုင် တစ်ဖက်သူအား မယှဉ်နိုင်ချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ ဘာလို့ လူတစ်ယောက်တည်းက အချိန်တိုအတွင်း ဒီလောက်ထိ အင်အားကြီးသွားနိုင်ရမှာလဲ။ ထန်တွေက ဒီလောက်ထိ အင်အားမြန်မြန်မတက်သင့်ဘူး”

ကျစ်ရသည်လည်း သူ၏ခန္ဓာကိုယ် နေရာအနှံ့က နာကျင်နေကြောင်း ခံစားနေရသည်။ သူ၏မျက်လုံးက ပြာနှမ်းလာပြီး အသက်မဲ့လာ၏။ လူတိုင်းသည် မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိပြီးနောက် အခြေခံအဆင့်မှ အထွတ်အထိပ်အကျဆုံး နေရာသို့ ရောက်အောင် နှစ်ပေါင်းမရေမတွက်နိုင်အောင်၊ လပေါင်းမရေမတွက်နိုင်အောင် ကြိုးစားအားထုတ်ရသည်။ သို့သော် ဝမ်ချောင်ကမူ မှင်သက်ဖွယ်ကောင်းသော ပြောင်းလဲမှုကို ရက်အနည်းငယ်တည်းနှင့် လုပ်လိုက်နိုင်သည်။

သူက ပြန်ပြောင်းတွေးကြည့်မိသည့်တိုင်အောင် ကျစ်ရကမူ အလွန်အမင်း အံ့အားသင့်နေသေးသည်။ အကြောင်းမူကား ထိုအခြေအနေကတင် ဘယ်သူ့ကိုမဆို စိတ်ပျက်အားငယ်စေနိုင်သောကြောင့် ဖြစ်သည်။

“အပုမူစလင်၊ ကျစ်ရ အရာအားလုံးပြီးသွားပြီ။ မင်းတို့ရဲ့အဆုံးက ဒီနေရာမှာပဲ။ မင်းတို့ရဲ့ အသက်ကိုသာ ပေးလိုက်တော့”

ဝမ်ချောင်၏မျက်ဝန်းဟာ အလွန်စူးရှသည်။ သူ၏ ကျယ်လောင်လွန်းသော အသံက မိုးကုတ်စက်ဝိုင်း တည့်တည့် ပျံ့နှံ့သွားသေးသည်။

အပုမူစလင်က ဒီစစ်ပွဲကို အရင်ဆုံး စတင်ခဲ့သောသူဖြစ်သည်။ အာရေးဗီးယား၏ မဟာထန်ပေါ် ရည်မှန်းချက်ကြီးမားလွန်းသောကြောင့် ယခုလို ဖြစ်လာရသည်။ ယခုအခါ ဒီစစ်ပွဲကို သူတို့နှစ်ယောက်၏ အသတ်နှင့် အဆုံးသတ်ရမည်ဖြစ်သည်။

ဘုန်း

ကျယ်ပြောလွန်းသော စိတ်စွမ်းအား စွမ်းအင်ပေါင်းများစွာက လေထုကိုကျော်ဖြတ်လိုက်ပြီး နှစ်ခြမ်းကွဲကာ လှံနှစ်ချောင်းအသွင်ပြောင်းလျှက် အပုမူစလင်နှင့် ကျစ်ရတို့၏စိတ်ကို ထိုးစိုက်သည်။ ထိုနှစ်ယောက်၏စိတ်က လှုပ်ခါနေသည့် အခိုက်အတန့်တွင် ဝမ်ချောင်၏ ချီစက်ကွင်းက စတင်ကာ ကွဲထွက်သွားပြီး ရွှေရောင် ကြယ်တာရာစွမ်းအင်မျှင်များအဖြစ် ပြောင်းလဲကာ ထွက်ပေါ်လာသည်။ ကောင်းကင်ကိုပင် နင်းချေနိုင်သော အရှိန်အဝါတစ်မျိုးနှင့်အတူ သူဟာ အပုမူစလင်နှင့် ကျစ်ရထံ ခုန်ဝင်သွားသည်။

ခလွက်

ဝမ်ချောင်၏တိုက်ကွက်က မကျရောက်သေးသည့်တိုင်အောင် ထိုနှစ်ယောက်၏ အောက်ဘက်မှ မာကြောလွန်းပါသော မြို့ရိုးကြီးက စတင်ကာ လှုပ်ခတ်သံကိုပေးပြီး ကျွံကျသွားသည်။ ကွဲအက်ရာများကလည်း မြေမျက်နှာပြင်အနှံ့ ပေါ်ထွက်လာသေးသည်။ ခိုရာစန်း၏ တစ်မြို့လုံးက စတင်ကာ တုန်ခါလာပြီး ခြောက်ခြားဖွယ်ကောင်းလွန်းသော ရိုက်ချက်၏ဒဏ်ကို တောင့်ခံလာရသည်။ သို့သော် ထိုဒဏ်ကို မတောင့်ခံနိုင်သည်မှာလည်း သေချာ၏။

“ပြေးတော့”

အပုမူစလင်နှင့် ကျစ်ရတို့၏မျက်နှာက ဖြူဖျော့သွားသည်။ ဝမ်ချောင်က ထုတ်ပြနေသော ခွန်အားက သူတို့ကို ကျော်လွန်နေပြီးသားဖြစ်သည်။ ထိုခွန်အားဟာ သူတို့ကို စိတ်ပျက်အားငယ်စေသည်။

ဘန်း

အပုမူစလင်၏ မျက်ဝန်းက လက်သင့်မခံနိုင်သလို အလင်းများဖြင့် တောက်ပလာလေသည်။ သို့သော် သူက ရုတ်တရက် ဖနောင့်ဖြင့်ပေါက်လိုက်ကာ ဝမ်ချောင်ထံ ချီတက်ချင်သလို ပြင်ဆင်ရင်း အေးခဲမတက် ဖြစ်နေသည့် စွမ်းအင်များကို လွှတ်ထုတ်ကာ တစ်ကိုယ်လုံးကို လွှမ်းခြုံလာစေသည်။

သို့သော် အပုမူစလင်က လှုပ်ရှားရန် ပြင်ဆင်လိုက်သည့် အခိုက်အတန့်တွင် သူ၏အနောက်ဘက်မှ စွမ်းအားတစ်ရပ်က ထွက်ပေါ်လာပြီး သူ့ကိုခပ်ကြမ်းကြမ်း နောက်သို့တွန်းထုတ်သည်။

“အရှင် ဒီနေရာက ထွက်သွားပါတော့ ငါကာထားပေးမယ်”

အပုမူစလင်က မတုန့်ပြန်နိုင်သေးခင် ကျစ်ရက ဝမ်ချောင်ထံ ခုန်ဝင်သွားပြီဖြစ်သည်။ သူ၏မျက်လုံးက သွေးများပင် စိမ့်ထွက်လာ၏။ မျက်နှာကမူ ဆုံးဖြတ်ချက် ပြတ်သားမှုနှင့်အတူ တည်ငြိမ်နေသည်။

သူသည် မလွတ်နိုင်မှန်း သေချာသည်။ သူသည်လည်း လွတ်နိုင်လိမ့်မည်မဟုတ်ချေ။ တိုက်ပွဲပေါင်းများစွာ ကျော်ဖြတ်ပြီးနောက် အပုမူစလင်ထက် အခြေအနေဆိုးသော ဒဏ်ရာများကို ပိုင်ဆိုင်နေပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ ကျစ်ရကလည်း ဝမ်ချောင်ဟာ သူ့ကို ဘယ်သောအခါမှ ထွက်ပြေးခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း နားလည်နေသည်။ သူ၏လက်ရှိအခြေအနေမျိုးနှင့် ထွက်ပြေးနိုင်ချေဟာ အလွန့်အလွန် သေးငယ်သည်။

ပို၍ဆိုးသည်မှာ ချွီထေပါး၊ အားပါးနှင့် အော့စမန်းတို့အားလုံးက သေသွားခဲ့သည်။ အပုမူစလင်က သေသွားမည်ဆိုလျှင်ပင် ကာလစ်က ရွေးချယ်စရာမရှိဘဲ သူ့ကိုရွေးချယ်စရာမရှိဘဲ သတ်ရဦးမည်ဖြစ်သည်။ ဒီနည်းအားဖြင့် တိုက်ပွဲတွင်သေသွားခဲ့သည့် အစိုးရတိုင်းကို သူက အဖော်ပြုရပေလိမ့်မည်။

“အရှင် ငါတို့တွေ ဆယ်နှစ်ကျော် အတူတူတိုက်ခိုက်ခဲ့ကြတယ်။ အရှင်ကငါ့ကို အမြဲတမ်း ဂရုစိုက်ပေးခဲ့တာပဲ။ ဒါပေမဲ့အခုတော့ငါကပဲ အရှင့်ကို ဂရုစိုက်ပေးပါရစေ။ အနည်းဆုံး အရှင်သာ အသက်ရှင်မယ်ဆိုရင် ငါနဲ့အရှင်ချွီထေပါးအတွက် ကလဲ့စားချေနိုင်လိမ့်မယ်”

ကျစ်ရ၏ဆံပင်က လေတွင်လွင့်နေသည်။ ကြမ်းတမ်းသောလေပြင်းက သူ့ကို တွန်းထုတ်နေသလိုမျိုး သူဟာ ဝမ်ချောင်ကိုသာစိုက်ကြည့်လျှက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

“ထန် လာစမ်းပါ သေတဲ့အထိ တိုက်ခိုက်မယ်”

ကျစ်ရကအော်သည်။ ထို့နောက် အနည်းငယ်ပင် တုန့်ဆိုင်းခြင်းမရှိဘဲ သမုဒ္ဒရာလက်စွပ်ကို ပစ်ထုတ်လိုက်သည်။ မရေမတွက်နိုင်သော အနက်ရောင်စွမ်းအင် အားလှိုင်းပေါင်းများစွာက ချက်ချင်းဆိုသလို ဖြာထွက်လာပြီး ဝမ်ချောင်ကို လွှမ်းခြုံရန်ကြိုးစားသည်။

“ကိုယ့်ခွန်အားကို မသိတာပဲ”

ဝမ်ချောင်က အေးစက်စွာ ပြန်ပြောသည်။

သူ၏ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းက ထိုးထွက်လာပြီးနောက်တွင် အရှိန်အဝါပြင်းထန်သည့် အားလှိုင်းများအလား တဝုန်းဝုန်းအသံကို လွှတ်ထုတ်လျှက် ကျစ်ရ၏ တိုက်ကွက်ကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက်သည်။

ခလွက်

မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ဝမ်ချောင်က ရှေ့သို့ခုန်ထွက်လာပြီး ကျစ်ရ၏လည်ပင်းကို လက်ချောင်းများဖြင့် ဖြစ်ညှစ်လိုက်သည်။ ထိုသို့ဖြင့် တစ်ဖက်သူ၏ ကြယ်တာရာစွမ်းအင်ကို ချိတ်ပိတ်လိုက်ပြီး လေထဲသို့ တဖြည်ဖြည်းချင်း ပင့်မြှောက်လိုက်သည်။

သမုဒ္ဒရာလက်စွပ်အတွင်းမှ စွမ်းအားများနှင့်ဆိုလျှင် ကျစ်ရသည် အဆင့်မြင့် ခွဲခြားခြင်း နတ်ဘုရားကို ထုတ်သုံးထားသည့် ချန်းချန့်လီနှင့် တူညီသောခွန်အားကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။ လွန်ခဲ့သော ခုနှစ်ရက်၊ ရှစ်ရက်ခန့်ကဆိုလျှင် ဝမ်ချောင်က အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ကျော်ဖြတ်ပြီးကာစ မတိုင်ခင်ကဆိုလျှင် ကျစ်ရတွင် အခွင့်အရေး ရှိလောက်သည်။ သို့သော် ယခုမူ ကျစ်ရက ဝမ်ချောင်ကို ကိုင်တွယ်လိုလျှင် သူဟာ အလွန် တုံးအခြင်းဖြစ်ပေလိမ့်မည်။

သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ အဖမ်းခံရပြီး သေခါနီးဖြစ်နေသည့် ကျစ်ရကမူ သူ၏ကံကြမ္မာကို ဂရုမစိုက်နိုင်သလို သူရောက်နေသည့် အန္တရာယ်ကို အာရုံမစိုက်နိုင်ချေ။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားတိုင်းကို ဆွဲယူပြီး ကျယ်လောင်ကာ နှလုံးကွဲမတက် ပြင်းထန်လွန်းသည့် အသံမျိုးကို လွှတ်ထုတ်လိုက်သည်။

“အရှင် မြန်မြန်လေးပြေးပါတော့”

ထိုအော်သံက မိုးခြိမ်းလိုက်သလိုမျိုး လူပေါင်းများစွာ၏ ဝိညာဉ်ကို လှုပ်ခါစေလျှက် ဝမ်ချောင်ကိုပင် တုန်ယင်သွားစေသေးသည်။ သူသည်လည်း စစ်သွေးကြွပြီး ရဲရင့်ကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းသည့် အာရပ်များအကြားတွင် ကျစ်ရကဲ့သို့သောလူမျိုး ရှိလိမ့်မည်ဟု မထင်ထားမိချေ။ နောက်ဆုံးသော အခိုက်အတန့်တွင် တစ်ဖက်သူက ကိုယ့်ကိုယ်ကို မတွေးတောချေ။ သို့သော် အပုမူစလင်ကိုမူ စိုးရိမ်နေခဲ့၏။

စွက်

လေပြင်းက ဟိန်းဟောက်သည်။ ပေတစ်ရာကျော်ခန့် အကွာမှ အပုမူစလင်က ဝမ်ချောင်ထံ ချီတက်လာရန် ပြင်ဆင်နေခဲ့ရာမှ ထိုအော်သံကြောင့် ရုတ်တရက် လှုပ်ခါသွားသည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပြင်းထန်သော အားလှိုင်းများက သူ၏စိတ်အတွင်းသို့ ဝင်ရောက်ထိုးမွှေလိုက်သည်။

“ကျစ်ရ”

အပုမူစလင်က အံ့ကိုကြိတ်လိုက်သည်။ သူ၏သွားများကပင် ကျိုးကြေပြီဟု ခံစားလာရသည်။

“ပြေးတော့”

ကျစ်ရက ခပ်တင်းတင်းလှမ်းအော်သည်။

“သတ်”

ထိုအချိန်တွင် လေထုက တိုက်ခိုက်သံများနှင့် ဝရုန်းသုန်းကားဖြစ်နေသည်။ အပုမူစလင်နှင့် အနီးဆုံးနေရာတွင်ရှိသည့် မဟာထန် စစ်သည်တော်တစ်ယောက်က ပေါ်ထွက်လာသည်။ သူသည် မြို့ရိုးပေါ် ပထမဦးဆုံး ခုန်ဆင်းလာသောလူဖြစ်သည်။ အနောက်ဘက်တွင်လည်း ပို၍များပြားသော လူများက ဆင်းသက်လာနေကြသည်။

“ငါနဲ့အတူချီတက် ဂိတ်တံခါးကိုဖွင့်”

မြို့က အလိုလို ဝရုန်းသုန်းကား ဖြစ်နေခဲ့ပြီးသားဖြစ်သည်။ လက်နက်အချင်းချင်း ထိပ်တိုက်တွေ့ဆုံကာ တိုက်ခိုက်သံများက ပို၍ဆိုးလာကာ ခိုရာစန်းများကလည်း ခိုရာစန်းအတွင်းသို့ တူးမြောင်းမှတစ်ဆင့် ပို၍များပြားစွာ ဝင်ရောက်လာကြသည်။ ရှစ်ထောင်ခန့်ရှိမည့် အာရပ်များက အသည်းအသန် ရှာဖွေခြင်းခံခဲ့ရသည့် အက်ပါရန်ကာတာဖရက်များက ယခုအခါ မြို့ထဲသို့ အလိုလို ဝင်ရောက်လာပြီး မြို့ဂိတ်ထံ ချီတက်လာနေကြပြီဖြစ်သည်။

အပုမူစလင်ကလည်း ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့ကလည်း နေရာယူထားကြောင်း မြင်နိုင်သည်။ တိုက်ပွဲက နေရာတကျ ဖြစ်နေလေပြီ။

ထိုအခိုက်အတန့်တွင် အပုမူစလင်ကလည်း သူဆန္ဒရှိရှိ မရှိရှိ နေချင်ချင် မနေချင်ချင် ခိုရာစန်းက လက်လျော့ရမည်ဖြစ်ကြောင်း သိလိုက်သည်။

“အား”

အပုမူစလင်ကဲ့သို့ သွေးအေးပြီး ရက်စက်လွန်းသော လူမျိုးကပင် ဒေါသတကြီးဖြစ်လျှက် ရင်ကျိုးမရဖြစ်သလို အသံမျိုးကို လွှတ်ထုတ်လိုက်သည်။

“ဝမ်ချောင်၊ ကောင်းရှန်းကျစ် ငါတို့ကြားကအငြိုးက ဒီလိုနဲ့မပြီးဘူး။ တစ်ရက်မှာ ငါနောက်ထပ် စစ်တပ်နဲ့အတူ ကိုယ်တိုင်ပြန်လာပြီး ဗဟိုပြင်ကျယ်ထဲကို ခြေချပြမယ်”

ထိုစကားလုံးများနှင့်အတူ အပုမူစလင်က မြို့ရိုးပေါ်မှ ခုန်ချလျှက် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ အဝေးသို့ ပျံသန်းသွားသည်။ အက်ပါရန်ကာတာဖရက်တစ်ယောက်က လိုက်မှီရန် ကြိုးစားခဲ့သော်လည်း လက်ဝါးတစ်ချက်တည်းကတင် သူ့ကို ပေငါးရာအကွာသို့ လွင့်ထွက်သွားစေခဲ့သည်။ သူ၏ခန္ဓာကိုယ်က မြေပြင်သို့မကျသေးခင် သူ၏ကျော်ကြားသော သံချပ်ကာကြီးက ကွဲအက်သွားပြီဖြစ်သည်။

“ဟွန်း အပုမူစလင် မင်းမှာအဲ့ဒီအခွင့်အရေး မရှိစေရဘူး”

ဝမ်ချောင်ကလည်း လှောင်သည်။ သူသည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အသက်သွင်းပြီး ကျစ်ရ၏လည်တိုင်ကိုချိုးလိုက်သည်။ ဝမ်ချောင်ကမူ မဟာထန်၏ ရန်သူများအပေါ် သနားညှာတာစိတ် မရှိချေ။ ကျူးကျော်သူတစ်ယောက်က ကျူးကျော်လာကတည်းက ကျရှုံးသွားပြီးနောက် ပေးဆပ်ရမည့်ဒဏ်ကို ပြင်ဆင်ထားသင့်သည်။ အပုမူစလင်သည် စိတ်ပျက်အားငယ်ဖွယ် အခြေအနေသို့ တွန်းပို့ခံထားရကာစဖြစ်သည်။ ထိုနှစ်ယောက်ကသာ နိုင်သွားခဲ့လျှင် သူတို့၏ ခက်ထန်ကြမ်းတမ်းလွန်းသော သွင်ပြင်များကြောင့် မဟာထန်အပေါ် ကပ်ဘေး ဆောင်ယူလာဦးမည်ဖြစ်သည်။

ဝမ်ချောင်က ကျစ်ရ၏အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“ရန်သူကို သနားညှာတာနေတာက ကိုယ့်ကိုယ်ကို ရက်စက်နေသလိုပဲ။ ကျစ်ရ စိတ်အေးအေးထားပါ။ အပုမူစလင်ကလည်း သိပ်မကြာခင် မင်းရဲ့နောက်ကို လိုက်လာမှာပါ”

ဝမ်ချောင်က ဟန်အမူအရာတစ်မျိုး လုပ်လိုက်သောအခါ ထန်စစ်သည်တော် တစ်အုပ်က မြို့ရိုးပေါ်မှ ခပ်မြန်မြန် ဆင်းသက်လာကြပြီး ခိုရာစန်း၏ အရှေ့ဘက်ဂိတ်ထံသွားသည်။ အဝေးမှကြည့်သော် အက်ပါရန်ကာတာဖရက် ဆယ်ယောက်ကလည်း ထိုဂိတ်ထံ ဦးတည်လာနေပြီဖြစ်သည်။

ခြိမ်း

တခဏခန့်ကြာပြီးနောက် ခိုရာစန်း၏ မြင့်မားကာ ခိုင်မာလွန်းသော မြို့ဂိတ်ကြီးက တဖြည်းဖြည်းချင်း ပွင့်သွားသည်။

ခိုရာစန်းကို သိမ်းယူပြီးလေပြီ။

“ဘယ်လိုလဲ ငါတို့လိုက်သင့်လား”

လေပြင်းနှင့်အတူ ကောင်းရှန်းကျစ်က ဝမ်ချောင်၏အနားသို့ အနောက်ဘက်မှ ချဉ်းကပ်လာသည်။ သူ၏အကြည့်ကမူ အပုမူစလင် ထွက်ပြေးသွားခဲ့သောဘက်သို့သာ ကြည့်နေလေသည်။

အခန်း(၁၁၆၃)

“မလိုဘူး”

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က ဘေးချင်းယှဉ်လျှက်ရပ်လျှက် ခိုရာစန်း၏မြို့ကို စိုက်ကြည့်သည်။ ထိုမြို့က မက်မွန်သီးကြီးများအလား အလုံးလိုက် လိမ့်တက်နေသော ဖုန်တိမ်စိုင်များနှင့် မီးခိုးများအကြားတွင် ရှိနေသည်။

“အပုမူစလင်က ထွက်ပြေးဖို့ကိုသာ အာရုံစိုက်ထားမယ်ဆိုရင် ဖမ်းဖို့တအားခက်တဲ့ လူမျိုးပဲ။ ဒီမြို့က ဒီလောက်ကြီးတာ သူ့ကိုရှာဖို့ တအားခက်လိမ့်မယ်။ ပိုဆိုးတာက ငါတို့အခု နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာကို တွေးရမှာ။ ငါတို့က နောက်ထပ်တိုက်ပွဲအကြောင်းကို မတွေးသင့်သေးသလို နောက်ထပ် လူသတ်ဖို့ကိုလည်း မတွေးသင့်သေးဘူး။ ငါတို့က အခြေအနေတစ်ခုလုံးကို ခြုံငုံပြီး ဗျူဟာချရတော့မယ်။ ဗိုလ်ချုပ်ချန်း မင်းငါရေးခိုင်းထားတဲ့စာကို ပြင်ဆင်ပြီးပြီလား”

ချန်းချန့်လီက ခပ်သာသာခေါင်းညိမ့်လျှက် နောက်ထဲမှ ခုန်ထွက်လာသည်။

“ငါပြင်ဆင်ပြီးတာ ကြာပါပြီ။ ရှီယွီကစာရေးတာ အဲ့ဒီစာကို အာရေးဗီးယား အမဲလိုက်သိန်းငှက်တွေကို ကျော်ဖြတ်ပြီး ပါးတကို အချိန်မရွေးပို့ဖို့လုပ်ထားတယ်”

ထိပ်တန်းအဆင့် အရည်အသွေးရှိ မဟာဗိုလ်ချုပ်ကြီးများက တိုက်ပွဲ၏ရလဒ်ကိုသာ တွေးပုံရသည်။ သို့သော် ဝမ်ချောင်ကမူ အခြေအနေတစ်ခုလုံး၏ ဗျူဟာကိုလည်း စဉ်းစားလေ့ရှိသည်။ သူ၏မြင်နိုင်စွမ်းအားက ကုန်းမြေကြီးတစ်ခုလုံးရှိ မည်သည့်မဟာဗိုလ်ချုပ်ကြီးကမဆို နှိုင်းယှဉ်ခံရလျှင် ဖြူဖျော့သွားစေနိုင်လောက်အောင် အလှမ်းကျယ်ကျယ်မြင်နိုင်သည်။ ထိုအခြေအနေကြောင့်လည်း ချန်းချန့်လီက သူ့ကိုလေးစားသည်။

စစ်တပ်တစ်ခုလုံးက ခပ်မြန်မြန် ဝင်ရောက်လာနိုင်သည်။ အပုမူစလင်ပင်ဖြစ်စေ၊ ကျစ်ရပင်ဖြစ်စေ ကူညီထောက်ပံ့နိုင်စွမ်းအား မရှိသောအခါ အာရပ်စစ်သည် သောင်းကျော်လုံးက ပြိုလဲကျသွားပြီး အလွန်မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ ရှင်းလင်းခံရသည်။ မြို့ဂိတ်ပွင့်သွားပြီး လေးနာရီခန့်ကြာပြီးနောက် ဝမ်ချောင်၏စစ်တပ်က ပိုးသားလမ်း၏ အနောက်ဘက်ခြမ်းတွင်ရှိသော ဗျူဟာမြို့ကို ထိန်းချုပ်လိုက်နိုင်သည်။

“တိုင်ဂရစ်မြစ်ဆိုတာ ဒါလား”

ခိုရာစန်း၏ အနောက်ဘက်ခြမ်းတွင် ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ လီစစ်ယဲ့၊ ယွမ်ရှု့စုန့်နှင့် ပါးရန်တို့အားလုံးက မြို့ရိုးများ၏ အဆုံးဘက်သို့ ကြည့်နေကြသည်။ ထိုနေရာမှကြည့်သော် ဝမ်ချောင်အနေဖြင့် ခိုရာစန်းကိုကျော်ဖြတ်ကာ စီးဆင်းနေသည့် ကျယ်ပြောလွန်းသော မြစ်ကြီးကို မြင်နိုင်လေသည်။

ထိုမြစ်သည် ပေငါးရာမှာ ခြောက်ရာခန့်ကျယ်ပြီး အလွန်အမင်းနက်သည်။ ရေစီးနှုန်းကလည်း အလွန်အမင်း မြန်ဆန်သော်လည်း တွေးတောမိထားသလိုမျိုး အလွန်အမင်း ဝရုန်းသုန်းကားဖြစ်နေခြင်း မရှိချေ။

ဝမ်ချောင်၏ ဘဝတွင် ဆမ်ဆာရစ်အင်ပါယာ၏ အကျော်ကြားဆုံးသော မြစ်နှစ်စင်းထဲမှ တစ်စင်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ မြစ်တစ်စင်းကမူ တိုင်ဂရစ်ဖြစ်ပြီး အခြားမြစ်တစ်စင်းကမူ အူဖရက်ဖြစ်သည်။

ဒါဟာ ဆမ်ဆာရစ်မင်းဆက် မျိုးနွယ်ကြီးတစ်ခုလုံး၏ အုတ်မြစ်ကြီးဖြစ်သည်။ သူတို့သည် ယခုအခါ အာရေးဗီးယားအင်ပါယာ၏ အရေးပါဆုံးသော မြစ်များဖြစ်လာသည်။

“တိုင်ဂရစ်မြစ်ရဲ့ အခွဲလေးပါပဲ။ တကယ့်မြစ်ကြီးက ဒီထက်ပိုကျယ်ပြီး ဒီထက်ပိုခမ်းနားတယ်။ ဆမ်ဆာရစ်တွေက သမိုင်းနှစ်ထောင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး မဟာပင်လယ် ကမ်းစပ်တွေပေါ်က အင်အားအကြီးဆုံး တိုင်းပြည်ကြီးဖြစ်လာတယ်လေ။ တိတိကျကျပြောရရင် ဒါက ဒီမြစ်နှစ်စင်းကြောင့်ပဲ။ ဒါပေမဲ့ မြစ်နှစ်စင်းလုံးက အခု အာရေးဗီးယားအင်ပါယာအပိုင် ဖြစ်သွားပြီ။ သူတို့က မြစ်ကိုဖြတ်ချင်တဲ့လူတိုင်းကို အခွန်တိတိကျကျ ကောက်ခံတယ်။ အရှေ့အနောက်ကို ခရီးသွားတဲ့အခါ ငါတို့ရဲ့ဆမ်ဆာရစ်တွေက ဒီမြစ်နှစ်စင်းကိုသုံးရတယ်။ နှစ်တိုင်းလိုလို ငါတို့ဆီက မြောက်များလှစွာတဲ့ ကြွယ်ဝမှုတွေက အာရေးဗီးယားရဲ့ ဘဏ္ဍာတိုက်ထဲကို ရောက်နေတာလေ”

ပါးရန်က ခံစားချက်အပြည့်နှင့်ပြောသည်။ ဝမ်ချောင်က တိတ်တဆိတ် နားထောင်နေ၏။ သူ၏စိတ်အတွင်း အတွေးအမျိုးမျိုး ဖြတ်ပြေးသွား၏။ သို့သော် ခပ်မြန်မြန် ဘေးဖယ်ထားလိုက်သည်။

သမိုင်းသည် ဝမ်ချောင်မှတ်မိသည်နှင့် အလွန်ခြားနားနေသည်။ အနည်းဆုံး ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် ခိုရာစန်း၏ အပြင်ဘက် တိုင်ဂရစ်မြစ်၏ အခွဲမြစ်များမရှိချေ။ သူ၏မျက်ဝန်းက အာရေးဗီးယားကို ကျော်ဖြတ်သွားသော ကျော်ကြားသည့်မြစ်ကြီးထံ အချိန်အနည်းငယ် ရောက်ရှိသွားပြီးနောက် တဖြည်းဖြည်းချင်း ခေါင်းကိုမော့ကာ အဆုံးအစမဲ့လောက်အောင် ဝေးကွာသည့် မိုးကုတ်စက်ဝိုင်းတည့်တည့်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဝမ်ချောင်က ကြီးမားကျယ်ပြောလွန်းသော မြို့ကြီးကိုမြင်ရသည်။ ထိုမြို့သည် မူဝါဒရေးရာ အာဏာ၊ ယဉ်ကျေးမှုနှင့် အနောက်ပိုင်းနယ်မြေတစ်ခုလုံး၏ စစ်ဘက်ရေးရာ အာဏာအားလုံးကို ချုပ်ကိုင်ထားသည့် နေရာကြီးဖြစ်သည်။

ပါးသ

ဝမ်ချောင်၏စိတ်အတွင်း နာမည်တစ်ခုက ဖြတ်ပြေးသွားသည်။

အပုမူစလင်သည် တာလာ့ကို ချိုးဖျက်ချင်ပြီး အနောက်ပိုင်းနယ်မြေကို သိမ်းယူကာ ဗဟိုပြင်ကျယ်သို့ ဝင်ရောက်လာချင်ခဲ့သည်။ ခပ်ပြတ်ပြတ်ပြောရမည်ဆိုလျှင် အဆုံးသတ်တွင် အပုမူစလင်က ချန်အန်းကို မခြိမ်းခြောက်နိုင်ခဲ့ချေ။ ထိုအစား ဝမ်ချောင်ကသာ အနောက်ဘက်ခြမ်းထိ လာရောက်တပ်ဆွဲပြီး အာရေးဗီးယားသို့ ပိုးသားလမ်းကတစ်ဆင့် ဝင်ရောက်လျှက် ခိုရာစန်းကိုသိမ်းပိုက်ခဲ့သည်။ ထိုမြို့က ပိုးသားလမ်း၏ အနောက်ဘက်ခြမ်းတွင် အထင်ကရမြို့ကြီးဖြစ်သည်။

“ဗိုလ်ချုပ်ချန်း စရအောင်”

ဝမ်ချောင်က နောက်လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ချန်းချန့်လီက ထိုသို့ဖြေပြီးကာစအချိန်တွင် အာရေးဗီးယား အမဲလိုက်သိန်းငှက်ကြီးက ကောင်းကင်သို့ ထိုးတက်သွားပြီး အာရေးဗီးယားအင်ပါယာ၏ မြို့တော်ကြီးဖြစ်သည့် ပါးတထံ ဦးတည်သည်။

ကီလိုမီတာ နှစ်ထောင့်နှစ်ရာက အလွန်တိုသည်...

ခိုရာစန်းမှ ရှေ့ဆက်သွားမည်ဆိုလျှင် တိုင်ဂရစ်မြစ်ကိုကျော်ဖြတ်ပြီး အနောက်ဘက်သို့ ကီလိုမီတာ တစ်ထောင့်သုံးရာခန့် ဆက်သွားလိုက်ပါက အာရေးဗီးယားအင်ပါယာ၏ အချက်အချာနေရာသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ထိုမြို့သည် ခမ်းနားထည်ဝါသည်။ ကောင်းကင်သို့ ထိုးတက်နေသော မျှော်စင်များနှင့် ခမ်းနားလွန်းသော နန်းတော်များကို မြင်နိုင်သည်။ ထိုနေရာတွင် စစ်သားပေါင်းများစွာ... သန်းကျော်သော လူဦးရေနှင့် မရေမတွက်နိုင်သော ကုန်သည်ပေါင်းများစွာ စုစည်းနေကြသည်။ ငွေရေးကြေးရေး အခြေအနေပင်ဖြစ်စေ၊ ယဉ်ကျေးမှုပင်ဖြစ်စေ၊ မူဝါဒရေးရာပင်ဖြစ်စေ အရာအားလုံးက ဖွံ့ဖြိုးတိုးတက်ကြောင်း မြင်ရမည်ဖြစ်သည်။

ထိုနေရာသည် ပါးတဖြစ်သည်။ အာရေးဗီးယားအင်ပါယာကြီး၏ နှလုံးသည်းပိုလည်းဖြစ်သည်။

အနောက်ဘက်တွင် “အိပ်ပျက်မြို့”ဆိုသော လူသိများသည့် နာမည်တစ်ခု ရှိနေသေးသည်။ ထိုမြို့တွင် လူအများက နေ့ရောညပါ အလုပ်လုပ်ပြီး အောင်ပွဲခံနေလေ့ရှိသည်။

ခွီး

ရုတ်တရက် စူးရှသောအော်သံက ပါးတတစ်ခုလုံးအနှံ့ လွှမ်းခြုံကာ ထွက်ပေါ်လာသည်။ ကြီးမားတောင့်တင်းသော အာရေးဗီးယား အမဲလိုက်သိန်းငှက်ကြီးတစ်ကောင်က အတောင်ပံကို ဖြန့်ကားလာသည်။ တောင်ပံကလေထဲတွင် တဖြတ်ဖြတ်ခါနေပြီး မြှားတစ်စင်းလိုမျိုး အောက်သို့ထိုးဆင်းသွားကာ ပါးတ၏ အမြင့်ဆုံးသော အဆောက်အဦးထံ ဦးတည်သည်။ ထိုနေရာက တော်ဝင်နန်းတွင်ဖြစ်သည်။

ခြိမ်း

ထိုအမဲလိုက်သိန်းငှက်ကြီးက တော်ဝင်နန်းတွင်းသို့ ဝင်ရောက်လာခြင်းဟာ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလိုမျိုး အင်ပါယာတစ်ခုလုံးအနှံ့ အားလှိုင်းများ တိုက်ခတ်သွားစေသည်။

“မျိုးမစစ်”

ရွှေအမိုး တော်ဝင်နန်းတွင်းထံမှတစ်ဆင့် ကျယ်လောင်လွန်းသော ဟိန်းသံကြီးက ပဲ့တင်ထပ်လာကာ အာရေးဗီးယားတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားစေသည်။ မရေမတွက်နိုင်သော အစိုးရများ၊ ဗိုလ်ချုပ်များနှင့် အထက်တန်းလွှာများအားလုံးက ဒူးထောက်ချလိုက်သည်။ သူတို့၏ခန္ဓာကိုယ်က ကြောက်လန့်မှုနှင့်ပင် တသိမ့်သိမ့်တုန်သွားသည်။

ခန်းမ၏အမြင့်ဆုံးသောနေရာတွင် ရွှေသားများဖြင့် သွန်းလုပ်ထားသည့် ပုလ္လင်ကြီးရှိသည်။ ထိုပုလ္လင်ပေါ်တွင် ထိုင်နေသည်မှာ မူတာစီရန်သုံး အာရေးဗီးယား၏ ကာလစ်ဖြစ်သည်။ သူသည် ငွေဖြူ၊ ရွှေဖြူ ချည်မျှင်များဖြင့် ချုပ်ထားသည့်ဝတ်စုံကို ဝတ်ဆင်ထားသလို ရွှေသားဖြင့်လုပ်ထားသော သရဖူကိုလည်း ဆောင်းထားသည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးက မီးတောက်များ တောက်လောင်နေပြီး လျှပ်စီးများပင်လက်နေသည်။

မူတာစီရန်သုံးသည် အာရေးဗီးယားအင်ပါယာ၏ သမိုင်းတွင် အမြင့်မြတ်ဆုံးသော အုပ်ချုပ်သူကြီးဖြစ်သည်။ သူ၏အမိန့်အောက်တွင် အာရေးဗီးယားအင်ပါယာကြီးက အဖွဲ့အစည်းပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး အင်ပါယာ၏ ပိုင်နက်နယ်မြေကို ထပ်ချဲ့၍မရသည်အထိ ကျယ်သွားစေခဲ့သည်။ ထိုသို့ဖြင့် အင်အားအကြီးဆုံးသော အင်အားနှင့် ခမ်းနားထည်ဝါလွန်းသော တိုင်းပြည်ကြီးကို ပိုင်ဆိုင်စေခဲ့သည်။

မရေမတွက်နိုင်သော အမတ်များ၊ ဗိုလ်ချုပ်များနှင့် သန်းပေါင်းများစွာသော လက်ရွေးစင် စစ်သားများ အားလုံးက တိုက်ပွဲအတွက် အသင့်ပြင်ထားကြပြီး သူက ထပ်ပေးမည့်အမိန့်ကို အသင့်စောင့်လျှက် လောကကို အုပ်စိုးရန်ကြံစည်နေကြသည်။

ထို့ကြောင့် သူသည် ဒီလောကကို အုပ်ချုပ်သည့် အုပ်ချုပ်သူများတွင် ရုပ်ပိုင်းဆိုင်ရာအရ အင်အားအကြီးဆုံးသော အုပ်ချုပ်သူထဲမှ တစ်ယောက်ဖြစ်သလို အာဏာအကြီးဆုံး ကိုင်ဆွဲထားသည့် လူတစ်ယောက်ဟုလည်း ဆိုလျှင်မမှားနိုင်ချေ။

သို့သော် ထိုအခိုက်အတန့်တွင် သူက ဖန်တီးထားခဲ့သမျှ ခမ်းနားထည်ဝါမှုနှင့် အရှိန်အဝါများအားလုံးက အလဟသ ဖြစ်သွားရသည်။

ပဲ့ဟယ်မော့စစ်တပ်တစ်ခုလုံးက အရှင်းခံရသည်။ ကောင်းကင်ခစားခြင်းစစ်တပ်ကလည်း အထိနာသွားသည်။ ချွီထေပါးကလည်း သေသွားသည်။ အားပါးကလည်း သေသွားသည်။ အော့စမန်းကလည်း သေသွားသည်။ မာမဲ့လုများအားလုံးက ဖျက်ဆီးခံခဲ့ရသည်။ ဒါဟာ ယခုတလော သူကြားဖူးသမျှ သတင်းဆိုးများထဲတွင် လွန်ကဲလွန်းသော သတင်းမျိုးဖြစ်သည်။

မူတာစီရန်သုံးသည် အရှေ့ပိုင်းကိုအုပ်စိုးသည့် စီမံကိန်းအတွက် အလွန်အမင်း မျှော်လင့်ချက် ထားထားခဲ့သည်။ သူသည်လည်း သူ၏စစ်တပ်ကြီးကို အရှေ့ပိုင်းသို့ ဆက်လက်စေလွှတ်ပြီး ကုန်းမြေကြီးတစ်ခုလုံးကို စုစည်းလျှက် အလုံးအရင်းဖြင့် အနိုင်ယူလိုခဲ့သည်။ သို့သော် ယခုမူ အရာအားလုံးက အိမ်မက်ထက် မပိုနိုင်တော့ချေ။ ထိုအရာသာ မကသေးချေ အရှေ့ပိုင်း၏ ပြောပလောက်ခြင်းမရှိသည့် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်နှင့် သူ၏စစ်တပ်ကလည်း ယခုအခါ ပါးတကို ခြိမ်းခြောက်လာနေသည်။

ထိုအခြေအနေက သူ့အား အလွန်အမင်း သိက္ခာကျစေသည်။ မူတာစီရန်သုံးအနေနဲ့ တောင့်မခံနိုင်သော ကြီးမားလွန်းသည့် အရှက်ကွဲမှုမျိုးကို ခံစားလိုက်ရသည်။

“အရှင်မင်းကြီး ဒီထန်က ကျွန်တော်တို့ကို စာပြန်ဖြေဖို့ သုံးရက်ပဲအချိန်ပေးထားတယ်။ ဒါပေမဲ့ သတင်းပို့်ငှက်ကတော့ ပျံသန်းရောက်လာဖို့ နှစ်ရက်ကြာပါလိမ့်မယ်”

အောက်ဘက်မှ အာရပ်အမတ်တစ်ယောက်က မြေပြင်တွင် ဒူးထောက်နေရာမှ ကြောက်လန့်သော လေသံမျိုးနှင့် လှမ်းပြောလိုက်သည်။

“သူတို့ကသာ ကျွန်တော်တို့ရဲ့အဖြေကို မြင်ရရင် ဒါမှမဟုတ် ငြင်းပယ်တဲ့ပြန်ဖြေစာကိုမရရင် တိုင်ဂရစ်မြစ်ကိုဖြတ်ပြီး ပိုပြီးများပြားတဲ့မြို့တွေမှာ တပ်ဆွဲဖို့ ကြိုးစားလာတော့မှာပါ။ ဒီအခြေအနေက အင်ပါယာကြီးတစ်ခုလုံးကို အထိတ်တလန့်ဖြစ်သွားစေနိုင်ပါတယ်”

မူတာစီရန်သုံးသည် ဒေါသထွက်နေသော ခြင်္သေ့ကြီးတစ်ကောင်လိုမျိုး အော်လိုက်သည်။

“အသုံးမကျတဲ့ကောင် ငါတို့မှာဒီလောက် စစ်သားတွေများတာ။ မရေမတွက်နိုင်တဲ့ အစိုးရတွေအများကြီး ဗိုလ်ချုပ်တွေလည်းအပြည့်ပဲ။ ဒါတောင်မှ ဒီလိုမျိုးနွယ်ခြား ကောင်တစ်ကောင်က ငါတို့ကို ခြိမ်းခြောက်နိုင်နေတယ်။ အခုချက်ချင်း ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဒီထန်တွေကို ပုန်ကန်သူတွေနဲ့အတူ ရောက်ပြီး သုတ်သင်ရှင်းလင်းလိုက်”

ဝုန်း

နန်းတော်တစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ လူတိုင်းက ဒူးထောက်နေရင်း ခေါင်းကိုမြေပြင်နှင့် ကပ်ထားကြသည်။

“မင်းတို့ဘာလို့ ဘာစကားမှမပြောကြတာလဲ။ ပြောကြလေ ငါတို့မှာစစ်သားတွေ ဒီလောက်များတယ်။ ဗိုလ်ချုပ်တွေလည်းအများကြီးပဲ။ ဒီစစ်သည်နှစ်သိန်းလောက်ကို မင်းတို့က မရှင်းနိုင်ဘူးလား”

မူတာစီရန်သုံးက ဒေါသတကြီးအော်သည်။

အာရပ်ဗိုလ်ချုပ်တစ်ယောက်က တုန့်ဆိုင်းစွာပြောလာသည်။

“အရှင် အရှင်မင်းကြီး အရင်တိုက်ပွဲမှာ ကျွန်တော်တို့တွေ ခါရီယိုကအင်အားစုနဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းစစ်နယ်မြေဇုံက အင်အားစုတွေကို တာလာ့ကို ပို့ခဲ့တာပါ။ ဒါက စစ်သည်အင်အား ငါးသိန်းကျော်တဲ့ အင်အားစုကြီးပါပဲ။ တာလာ့ကရှုံးသွားတော့ စစ်တပ်တစ်ခုလုံးနီးပါးက အရှင်းခံခဲ့ရမယ်ထင်တယ်။ အခုဆိုရင် ကျွန်တော်တို့မှာ အရှေ့ပိုင်းကို ပို့နိုင်တဲ့စစ်သည်တော်တွေ မရှိနိုင်တော့ပါဘူး”

နောက်ထပ်ဗိုလ်ချုပ်ကြီးတစ်ယောက်က သတ္တိစုစည်းပြီး ထပ်ဖြည့်ပြောသည်။

“အဲ့ဒါတင်မဟုတ်သေးပါဘူး ချွီထေပါးနဲ့ အပုမူစလင်က အစိုးရတွေထဲမှာ အင်အားအကြီးဆုံးပါပဲ။ အင်ပါယာထဲမှာ သူတို့ကိုယှဉ်နိုင်တဲ့လူက လက်တစ်ဖက်တောင် ပြည့်မှာမဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့က စစ်သားတွေ ထပ်ပို့မယ်ဆိုရင်တောင်မှ ရန်သူတွေကို လွှမ်းမိုးနိုင်ဖို့ တော်တော်လေး ခက်ပါလိမ့်မယ်။ ပိုပြီးဆိုးတာက စစ်သားတွေကို စုစည်းတာကလည်း သုံးလေးရက်နဲ့ လုပ်လိုက်လို့ အဆင်ပြေတာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဒီလူရမ်းကားတွေကို ချက်ချင်းပြန်ဖြေမှ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီလိုမှမဟုတ်ရင် သူတို့က အခုချက်ချင်း တိုင်ဂရစ်မြစ်ကိုကျော်ဖြတ်ပြီး ကျွန်တော်တို့ရဲ့ လူမျိုးတွေကို တိုက်ခိုက်လာတဲ့အခါ ပါးတတောင်မှ...”

ခလွက်

ထိုနှစ်ယောက်၏ စကားကမဆုံးသေးခင် ခန်းမတစ်ခုလုံးအနှံ့ ကျယ်လောင်လွန်းသည့် ကွဲအက်သံက ထွက်ပေါ်လာသည်။ မူတာစီရန်သုံးက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူ၏ပုလ္လင်မှ လက်တင်ကို ဖုန်ဖြစ်သွားစေလိုက်သည်။ သူ၏ ဖျော့တော့ပြီး ဖြူဖွေးသောမျက်နှာက နီရဲနေပြီဖြစ်သည်။

သူသည် အာရေးဗီးယားအင်ပါယာ၏ သမိုင်းတွင် အင်အားအကြီးဆုံးသော အုပ်ချုပ်သူဖြစ်သည်။ စစ်သည်တစ်ယောက်မှ မရနိုင်သော အခြေအနေမျိုးဆိုသည့် အနေအထားသို့ မည်သူကမှ မတွန်းပို့ခဲ့ဖူးချေ။

“ရွှေထည် တစ်ဘီလီယံ၊ ထည် တစ်ဘီလီယံ၊ ကျန်းက အရှေ့ပိုင်းက ဒီသူရူးကောင်ရဲ့ တောင်းဆိုမှုကို သဘောတူသင့်တယ်လို့ မောင်မင်းတို့က ထင်နေကြတာလား။ ဒီကြွယ်ဝမှုမျိုးကို ကျန်းကပေးသင့်လား”

မူတာစီရန်သုံးက ဒေါသထွက်နေသည်။ သူ၏မျက်လုံးက သုန်မုန်လာပြီး မည်းမှောင်လာသည်။

ရွှေသား ထည် တစ်ဘီလီယံ

အာရေးဗီးယားသည် မရေမတွက်နိုင်သော တိုင်းပြည်ပေါင်းများစွာ၏ ရတနာများကို သိမ်းပိုက်ပြီး အဖွဲ့အစည်းပေါင်းများစွာကို အုပ်စိုးခဲ့သည်မှာ နှစ်တစ်ရာ ကျော်လာခဲ့သည့်တိုင်အောင် အမျိုးမျိုးသော ကြွယ်ဝမှုများကို ပိုင်ဆိုင်လာပြီးသည့်တိုင်အောင် ထိုပမာဏက အလွန်ကြီးမားလွန်းနေသေးသည်။

“ဒါပေမဲ့ အရှင်မင်းကြီး ကျွန်တော်တို့ကသာ သဘောမတူရင် ရွှေထည် တစ်ဘီလီယံထက် ပိုတဲ့ ဆုံးရှုံးမှုတွေကို ခံရမှာပါ”

အာရပ်အထက်တန်းလွှာတစ်ယောက်က တုန်ယင်သောလေသံနှင့် ပြောသည်။

“သူတို့က သူတို့က ခိုရာစန်းကနေချီတက်ပြီး နယ်မြေတွေများများ သိမ်းပိုက်သွားနိုင်ခဲ့ရင် စစ်သည်နှစ်သိန်းနှင့် အဲ့ဒီက ကျွမ်းကျင်လွန်းတဲ့ ဗိုလ်ချုပ်ကြီးတွေကို ကျွန်တော်တို့ အချိန်တိုအတွင်း ကိုင်တွယ်နိုင်ဦးမှာ မဟုတ်ပါဘူး။ အဆုံးသတ်မှာတော့ ကျွန်တော်တို့က သူတို့ကို အင်ပါယာထဲက မောင်းထုတ်နိုင်ရင်တောင်မှ ကျွန်တော်တို့ အများကြီး အထိနာသွားမှာပါ”

အရှေ့ပိုင်းရှိမြို့များက အဝိုင်းခံထားရမည့် အနေအထားမျိုးတွင် ရှိနေသည်။ ထိုအင်အားစုနှစ်သိန်းက ခိုရာစန်းတွင် ရှိနေသေးပြီး အချိန်မရွေး ဝင်စီးလာနိုင်သည်။ ထိုအခြေအနေက သူတို့ဘက်က စတင်တိုက်ခိုက်မည်ဆိုလျှင်ပင် အလေးမသာနိုင်သော အနေအထားမျိုးဖြစ်သည်။ ထို့ပြင် မြို့တစ်ဆယ်ကျော်ကို ခြိမ်းခြောက်နေသည့် အခိုက်အတန့်မျိုးတွင် သူတို့က စစ်လျော်ကြေးအဖြစ် ရွေသား ထည်တစ်ဘီလီယံကို တောင်းဆိုနေသည်။ သို့သော် ဒါဟာ အကြောင်းပြချက်သပ်သပ်သာ ဖြစ်နိုင်၏။ ထိုကဲ့သို့သော အခြေအနေမျိုးက အာရေးဗီးယားအင်ပါယာကြီး နယ်ပယ်ပေါင်းများစွာကို သိမ်းပိုက်အုပ်စိုးခဲ့သည့် ကာလမျိုးတွင် မကြားဖူးသော အနေအထားမျိုးလည်း ဖြစ်နေသေးသည်။ သို့သော် လူတိုင်းကလည်း အမျိုးမျိုးသော အခြေအနေမျိုးကို အလေးအနက်ထား စဉ်းစားဆင်ခြင်ပြီးကြလေပြီ။ ရန်သူတွင် အင်အားရှိသည်။ ရည်မှန်းချက်လည်းရှိသည်။ လုပ်ရဲကိုင်ရဲသည်။ သူတို့၏ ဆမ်ဆာခမ်းမှ ခိုရာစန်းအထိ သိမ်းပိုက်ထားနိုင်မှုကတင် သူတို့ဟာ အပြောသပ်သပ်သာ မဟုတ်ကြောင်း သက်သေပြနေပြီးသား ဖြစ်နေလေသည်။

အခန်း(၁၁၆၄)

ဘုန်း

အာရပ်အထက်တန်းလွှာက စကားပြော၍ ဆုံးပြီးကာစသာရှိသေးသည်။ ရွှေဖိနပ်ကြီးက ဖနောင့်ပေါက်ချလိုက်သည်။ လူတိုင်း၏ ကြောက်လန့်နေသော အကြည့်များအောက်တွင် မူတာစီရန်သုံးက ပုလ္လင်ပေါ်မှ ထရပ်လာသည်။ ထိုအခိုက်အတန့်တွင် တစ်လောကလုံးက လှုပ်ခါယမ်းသွားသလို ဖြစ်သွားပြီး ပါးတ၏ ခမ်းနားထည်ဝါလွန်းသော မြို့ကြီးက ထိုအလေးချိန်ဒဏ်ကို မခံနိုင်တော့ချေ။

“ကျန်းက ဘယ်သူခြိမ်းခြောက်တာကိုမှ ခံမှာမဟုတ်ဘူး။ အရှေ့ပိုင်းရဲ့မြို့တိုင်း ဖျက်ဆီးခံရပြီး လူတိုင်း သေသွားရင်တောင်မှ အရှေ့ပိုင်း သူရူးကောင်တစ်ကောင်က တောင်းဆိုတာမျိုးကို လက်ခံမှာမဟုတ်ဘူး။ ဟွန်း သူ့ကို ရွှေထည်တစ်ဘီလီယံကို ကိုယ်တိုင်လာယူပါစေ။ ကျန်းအနေနဲ့ မြို့တစ်ဝက်ကို တန်ကြေးအဖြစ် ပေးဆပ်လိုက်ရမယ်ဆိုရင်တောင်မှ အဲ့ဒီကောင်ရဲ့အလောင်းကို ကိုယ်တိုင်စုတ်ဖြဲဦးမယ်”

မူတာစီရန်သုံးက ဒေါသကို မထိန်းနိုင်တော့ချေ။ သူ၏မျက်လုံးက လျှပ်စီးများဖြင့် လက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းမျိုးနှင့် တောက်ပနေသည်။ ဒေါသတကြီးဖြစ်နေသော ကာလစ်ကို ရင်ဆိုင်ရချိန်တွင် လူတိုင်းက တိတ်သွားကြသည်။ မည်သူကမှ စကားတစ်ခွန်း မဆိုရဲတော့ချေ။

အာရေးဗီးယားအင်ပါယာတွင် ကာလစ်၏စကားက အကြွင်းမဲ့အမိန့်ဖြစ်သည်။ သူက ဆုံးဖြတ်ချက် ချပြီးသည်နှင့် မည်သူကမှသူ့ကို မတားရဲသလို မဖီဆန်ရဲချေ။

ထိုသို့ဖြင့် လေထုက ခဲလုနီးပါးဖြစ်လာသည့် အခိုက်အတန့်တွင် အပြင်ဘက်မှ ဩရှကာ လျို့ဝှက်ဆန်းကြယ်သည့် အသံမျိုးကထွက်လာသည်။ ထိုအသံက ခန်းမအတွင်း ဟိန်းထွက်သွားသည်။

“ငါသာ အရှင်မင်းကြီးဆိုရင် ရွှေသားတစ်ဘီလီယံထည်ကိုပဲ ပို့လိုက်မှာပဲ”

ထိုအသံကလူတိုင်းကို တုန်ယင်သွားစေသည်။ မည်သူကမှလည်း တစ်စုံတစ်ယောက်က ဒီလိုအခြေအနေမျိုးတွင် စကားထလာပြောရဲလိမ့်မည်ဟု မထင်ထားမိချေ။ ဒါဟာ ကာလစ်၏ဒေါသကို ရန်စခြင်းဖြစ်သည်။

သို့သော် တခဏခန့်ကြာပြီးနောက် လူတိုင်းကလည်း လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်၏ လုပ်ရဲမှုနှင့်ပတ်သတ်ပြီး အံ့အားသင့်နေသည့် အခိုက်အတန့်တွင် အလင်းက ဖြတ်ကနဲလက်သွားသည်။ ထို့နောက် ရှည်လျားသော အရိပ်ကြီးတစ်ခုက ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။

မည်သည့်အချိန်ကမှန်းမသိ အရပ်ရှည်ရှည်နှင့် အနက်ရောင်ဝတ်ရုံကို ခြုံထားသော ပုံရိပ်တစ်ခုက ခန်းမ၏ဝင်ပေါက်တွင် ပေါ်လာပြီဖြစ်သည်။ သူ၏ပိန်းပိတ်အောင် မည်းမှောင်ပြီး ကျယ်ပြောလွန်းသော ဝတ်စုံက လျို့ဝှက်ဆန်းကြယ်သည့် သင်္ကေတများကို ရေးထိုးထားသည်။ သို့သော် သင်္ကေတအားလုံးကို ရွှေချည်မျှင်ဖြင့် ရေးထိုးထားခြင်းဖြစ်သည်။

“အဆင့်မြင့် အဆင့်မြင့်ဘုန်းတော်ကြီး”

ထိုပုံရိပ်ကို မြင်လိုက်ရရုံနှင့် အာရပ်အထက်တန်းလွှာက တုန်ယင်သွားသည်။ သူက မျက်လုံးပြူးသွား၏။ မည်သူကမှလည်း ကာလစ်ကို ဖီဆန်ရဲသည့် လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်က အာရေးဗီးယား အင်ပါယာကြီးမှ ရာထူးအမြင့်ဆုံးသော အထက်တန်းလွှာမြင့်မြတ်သည့် ပုဂ္ဂိုလ်ကြီးဖြစ်နေမည်ဟု မထင်ထားကြချေ။ တစ်ဖက်သူသည် နတ်များအလား မြင့်မြတ်လွန်းသည့် အာဏာကို ကိုင်ဆွဲထားသည့် အဆင့်မြင့်ဘုန်းတော်ကြီးဖြစ်နေသည်။

ထိုလူသည် တော်ဝင်နန်းတွင်းက မမျှော်လင့်ထားဆုံးသော ဧည့်သည်ဖြစ်လောက်သည်။

အကြောင်းမူကား တစ်ဖက်သူက အင်ပါယာအတွင်းတွင် နေထိုင်သည်မှာ နှစ်ရာကျော်သွားသောကြောင့် ဒဏ္ဍာရီလာတည်ရှိမှုကြီးအလား ဖြစ်နေသော်လည်း အဆင့်မြင့်ဘုန်းတော်ကြီးကို မည်သူကမှ ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးကြချေ။ ထိုသို့ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးသည့်တိုင်အောင် ထိုသူ၏ မြင့်မြတ်လွန်းသော နေနတ်ဘုရားဝတ်ရုံကိုမူ လူတိုင်းက ကြားဖူးကြသည်။ သူက ဂူဘုရားကျောင်း၏ အနက်ရောင် ဝန်ထမ်းထံမှတစ်ဆင့် ဇာတ်ကြောင်းပြန်ပြောပြမှုမှတစ်ဆင့် ခမ်းနားထည်ဝါ မြင့်မြတ်ပုံများကို ကြားဖူးနေကြပြီးသားဖြစ်သည်။

အဆင့်မြင့်ဘုန်းတော်ကြီး၏ သွယ်လျပိန်ပါးသော လက်တစ်ဖက်က အင်္ကျီလက်ထဲမှ ဆန့်ထွက်ပြီး ငှက်တစ်ကောင်၏ လက်သည်းအလား တုတ်တံကြီးကို ညှစ်ကိုင်ထားသည်။ ထိုသို့ဖြင့် သူ၏အင်္ကျီလက်ထဲမှ ဝရုန်းသုန်းကားဖြစ်နေသော အနက်ရောင်မြူထုများက အဆုံးအစမဲ့သလို ဖြာထွက်လာနေလေသည်။

သူ၏ခေါင်းစွပ်ကို ဆွဲချလိုက်မည်ဆိုလျှင် မျက်နှာကို ထင်ထင်ရှားရှား မြင်ရပေလိမ့်မည်။ သူသည် ဝင်ပေါက်တွင် ရိုးရှင်းစွာသာရပ်နေပြီး လှုပ်ရှားမှုမဲ့သွားသည်။ သို့တိုင်အောင် မည်သည့်အစိုးရ၊ မည်သည့်ဗိုလ်ချုပ်နှင့် မည်သည့်အထက်တန်းလွှာမှ သူ၏ကျင့်ကြံခြင်းအဆင့်ကို မခန့်မှန်းနိုင်သေးချေ။

သူဟာ လူတိုင်း၏အရှေ့တွင် ခန္ဓာကိုယ်နှင့်အတူ အကောင်းအတိုင်း ပေါ်လာသော်လည်း သူတို့အားလုံးကမူ ဒီတိုင်း အနက်ရောင်ပုံရိပ်ကြီးနှင့် တုတ်ကိုသာ ထင်ထင်ရှားရှား မြင်ရသည်။ ထိုအရာများအပြင် မည်သည့်အရာကိုမှ မမြင်ဖူးချေ။

ဝုန်း

အဆင့်မြင့်ဘုန်းတော်ကြီး၏ ဝတ်ရုံက လွင့်သွားသလို သူဟာ တဖြည်းဖြည်းချင်း အတွင်းသို့ဝင်ရောက်လာသည်။

“အဆင့်မြင့်ဘုန်းတော်ကြီး ဘယ်အချိန်က ဒီနေရာကို ရောက်လာတာလဲ”

လူတိုင်းကို အံ့အားသင့်စေသည်မှာ ဒေါသတကြီးဖြစ်နေသော မူတာစီရန်သုံးက လေကျုံ့သွားသော ပူဖောင်းတစ်လုံးလိုမျိုး ဒေါသများအားလုံး ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထိုအရာသာမကသေးချေ သူဟာ အလွန်အမင်း အံ့ဩသွားပုံပေါ်သည်။

ဘန်း ဘန်း ဘန်း

သူဟာ စိတ်လှုပ်ရှားစွာဖြင့် အပေါ်မှ အပြေးဆင်းလာပြီးကိုယ်တိုင်ကိုယ်ကျ ကြိုဆိုသည်။

အာရေးဗီးယားရှိ လူတိုင်းကလည်း ကာလစ်၏ အဆင့်မြင့်ဘုန်းတော်ကြီးအပေါ် ဆက်ဆံသော ပုံစံကိုသိကြသည်။ သို့သော် ယခုလို အခိုက်အတန့်တွင်ပင် ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးလိုက်သည်။ ကာလစ်ဟာ တစ်ဖက်သူကို အလွန်အမင်း အလေးထားလွန်းသည်။

“တာလာ့က ရှုံးသွားတယ်။ ချွီထေပါးကလည်း သေသွားတယ်။ အရှေ့ဘက်ကထန်က ခိုရာစန်းကို သိမ်းပိုက်လိုက်ပြီး အခုပါးတကို ခြိမ်းခြောက်နေတယ်။ ဒါကို ဘယ်လိုမျိုး ဒီလိုကိစ္စကြီးကို ငါကမသိဘဲ နေရမှာလဲ”

အဆင့်မြင့်ဘုန်းတော်ကြီးက အတွင်းသို့တဖြည်းဖြည်း လျှောက်လာရင်း ထူးမခြားနားသလိုပြောသည်။ သူက လျှောက်လာနေရင်းမှ သူ၏ကိုယ်မှ ဖြာထွက်လာသည့် ရေအားလှိုင်းများလို တောက်ပသည့် အလင်းတန်းများက လေထုကိုစုတ်ဖြဲပစ်သည်။ ဒါဟာ သူ ရှေ့သို့တစ်လှမ်းတိုးလာတိုင်း ပို၍ပြင်းထန်သည့် စွမ်းအင်ကို ပေါ်ထွက်လာနေစေသည်။

ထိုအရာသာမကသေးချေ။ အဆင့်မြင့်ဘုန်းတော်ကြီးက ဝင်လာသည့် အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်က ပို၍ဖျော့တော့သွားသည်။ ထိုသို့ဖြင့် သူဟာ ရေအားလှိုင်းသပ်သပ်အဖြစ်သာ တည်ရှိနေသလိုမျိုး မြင်နေရလေသည်။ သူတို့၏အနားမှ ဖြတ်သန်းသွားသော်လည်း ဒါဟာ အစစ်အမှန် လူမဟုတ်သလိုမျိုး ဒီတိုင်း လှုပ်ခတ်သွားသည့် အားလှိုင်းသပ်သပ်လိုမျိုးသာ ခံစားမိနေစေသည်။

စွစ်

ဖြတ်ကနဲလက်ပြီးနောက် လူတိုင်းက ဘေးဘက်သို့ ဆုတ်ခွာလိုက်ကြသည်။ အစိုးရများကလည်း ခေါင်းကိုပို၍ငုံ့လိုက်ပြီး လမ်းကြောင်းကိုဖယ်ပေးကြသည်။

အမျိုးမျိုးသော ကျင့်ကြံခြင်းအဆင့်တွင်ရှိသည့် အစိုးရများက အင်အားကြီးမားလွန်းသော်လည်း သူတို့ဟာ အလွန်အမင်းလုပ်နိုင်စွမ်းအင်ရှိနေသည့်တိုင်အောင် အဆင့်မြင့်ဘုန်းတော်ကြီး၏ အရှိန်အဝါကိုပင် အာရုံမခံမိကြချေ။ တစ်ဖက်သူက အသက်ရှုနေသည်ဟုလည်း မခံစားရချေ။ သို့သော် သူတို့မြင်နေသမျှ အာရုံခံမိသမျှက သိပ်သည်းအောင် မည်းမှောင်နေသော အမှောင်ထုကြီးသာဖြစ်သည်။ ထိုအရာက အရာအားလုံးကို ဝါးမြိုနိုင်ပုံပေါ်လေရာ သူတို့၏ကိုယ်အတွင်း ကြောက်လန့်မှုနှင့် ခြောက်ခြားမှုက ပေါ်ထွက်လာရသည်။

တခဏခန့်ကြာပြီးနောက် အဆင့်မြင့်ဘုန်းတော်ကြီးက ကာလစ်၏အရှေ့တွင် ရပ်သွားသည်။ သူက အရာရှိတစ်ယောက်က လေးစားမှုပြသသင့်သလိုမျိုး ဂါရဝပြုခြင်းလည်းမရှိသလို ရိုကျိုးပြခြင်းလည်းမရှိချေ။ တစ်ဖက်သူက အင်ပါယာမျိုးနွယ်စုအပေါ်တွင် ဖိနှိပ်နိုင်သည့် အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်ထားသေးပုံပေါ်သည်။

ရှု့ထောင့်တစ်ခုမှကြည့်သော် ဒါဟာ ရန်စခြင်းဖြစ်သည်။ ဒါဟာ ကာလစ်ကို ရန်စနေခြင်းဖြစ်သည်။

သို့သော် ကာလစ်ကမူ ဂရုမစိုက်ချေ။ သူက ဂရုမစိုက်ရုံသာ မကသေးချေ ကာလစ်ကိုယ်တိုင်ကပင် အဆင့်မြင့်ဘုန်းတော်ကြီးကို အလွန်အမင်း လေးစားစွာ ဆက်ဆံသည်။

ကာလစ်က အဆင့်မြင့်ဘုန်းတော်ကြီး၏ အရှေ့သို့ လျှောက်သွားပြီး ပြောလိုက်သည်။

“အဆင့်မြင့်ဘုန်းတော်ကြီး မင်းအချိန်ကိုက် ရောက်လာတာပဲ။ ကျန်းမှာ စစ်သည်တွေ အများကြီးရှိတယ်။ ဗိုလ်ချုပ်တွေလည်း အများကြီးပဲ။ ကျန်းတို့တွေ အရှေ့ပိုင်းက ဆယ်နှစ်ကျော်လောက်ပဲရှိသေးတဲ့ ကလေးတစ်ယောက်က ခြိမ်းခြောက်တာကို ခံစရာလား။ အာရပ်တွေက တိုက်ပွဲအတွက် ရှင်သန်နေတာ။ အညံ့ခံတဲ့ ဘယ်သူ့ကိုမဆို စစ်သည်တော်လို့ ခေါ်နိုင်တော့မှာမဟုတ်ဘူး။ ကျန်းက တိုင်းပြည်တစ်ဝက်နဲ့ လက်ရွေးစင်တစ်ဝက်ကို ပိုင်ဆိုင်ပါသေးတယ်။ ဒါကြောင့် အရှေ့ပိုင်းက ထန်တွေအပေါ် အညံ့ခံစရာမလိုပါဘူး”

“ဒါကဒီတိုင်း ရွှေတစ်ဘီလီယံလောက်ပါပဲ။ အရှင်မင်းကြီးက ပိုက်ဆံရှားနေလို့လား”

အဆင့်မြင့်ဘုန်းတော်ကြီးက တိုက်ရိုက်ပြန်မဖြေဘဲ အခြားကိစ္စတစ်ခုကို ထည့်ပြောသည်။

“ဒါက...”

ကာလစ်က ခေါင်းကိုအသာမော့လိုက်သည်။ သူ၏မျက်ဝန်းထဲရှိ လှောင်ပြောင်ချင်သလို အကြည့်က ဂုဏ်ယူမှုအဖြစ် ပြောင်းလဲသွားပြီး ကျုံးဝါးလိုက်သည်။

“ရွှေတစ်ဘီလီယံက တအားများတယ်။ ဒါပေမဲ့ အင်ပါယာကြီးက တိုင်းပြည်ပေါင်းများစွာကို အုပ်စိုးပြီး နှစ်ရာကျော် အုပ်ချုပ်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေ အားလုံးပေါင်းလိုက်ရင်တော့ ပေးနိုင်ပါသေးတယ်”

မင်းဆက်ပေါင်းများစွာ၊ တိုင်းပြည်ပေါင်းများစွာ ကြီးမားသော အင်ပါယာကြီးများအတွက်ပင် ရွှေတစ်ဘီလီယံက အလွန်မြောက်များနေသည်။ ဝမ်ချောင်က တာလာ့၏ တိုက်ပွဲအတွက် တော်ဝင်ခုံရုံးထံမှ တပ်ကူကို တောင်းဆိုခဲ့သောအခါ ခုံရုံးက အရာရှိများက သူ့ကို ရွှေသားသန်းနှစ်ဆယ်သာ ပေးခဲ့သည်။ တော်ဝင်ခုံရုံးက ထိုပမာဏကို ပေးအပ်ခြင်းကတင် အလွန်များနေပြီဟု ဆို၍ရသည်။ ရွှေတစ်ဘီလီယံသည် ဝမ်ချောင်က ဒီစံမံကိန်းကို အကောင်အထည်ဖော်ရန် အသုံးပြုခဲ့သည့် ငွေပမာဏထက် အဆငါးဆယ်နီးပါး မြောက်များလွန်းသည်။

သို့သော် အာရေးဗီးယားကမူ ထိုပမာဏကို မထုတ်လုပ်နိုင်သော အခြေအနေတွင် မဟုတ်သေးချေ။

ဒါဟာ အမြဲတစေ အနိုင်ယူနိုင်ခဲ့ပြီး တိုင်းပြည်ပေါင်းများစွာကို အုပ်စိုးနေထိုင်နိုင်ခဲ့သည့် တိုင်းပြည်ကြီး၏ အားသာချက်ကြီးဖြစ်သည်။ မဟာထန်က အမြဲတစေ ကွန်ဖြူးရှပ်စာပေများ၊ ယဉ်ကျေးမှုများ၊ ဝရုန်းသုန်းကားဖြစ်သော အခြေအနေများကို မလိုလားအပ်မှုများဆိုသည့် ကန့်သတ်ချက်ကြောင့် တစ်ဖက်သူ၏ ငွေကြေးအင်အားကို မယှဉ်နိုင်ချေ။ သို့ရာတွင် ယခုလို ကြွယ်ဝမှုကို ယှဉ်နိုင်သည့် ကုန်းမြေ၏ တစ်ခုတည်းသော တိုင်းပြည်ကြီးကလည်း ဗဟိုပြင်ကျယ်ဖြစ်နေသေးသည်။

ကာလစ်၏မျက်ဝန်းက စူးရှသွားပြီး ခိုင်းမာစွာ ကျုံးဝါးသည်။

“ငါရွှေသားတစ်ဘီလီယံ ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အရှေ့ပိုင်းသားတွေက တောင်းဆိုတဲ့ အခြေအနေကို လက်မခံနိုင်ဘူး။ သူတို့ဆီ အညံ့မခံနိုင်ဘူး။ ဘယ်တော့မှဘဲ”

ဒါကပိုက်ဆံကိစ္စ မဟုတ်တော့ချေ။ ထန်များ၏အခြေအနေကို လက်ခံခြင်းက အညံ့ခံခြင်း၊ အရှက်ခွဲခံခြင်းဖြစ်နေသည်။ အာရေးဗီးယားအင်ပါယာရှိ ရာထူးအမြင့်ဆုံးသော စစ်သေနာပတိချုပ်ကြီး ကာလစ်က ဒီဒဏ်ကိုမခံနိုင်ချေ။

“ဒါကဒီတိုင်း ရွှေသားတစ်ဘီလီယံလေးပါပဲ။ ဘယ်လိုကြောင့်များ အညံ့ခံတာဖြစ်ရမှာလဲ။ အရှင်မင်းကြီးက မတိုက်ခိုက်ဘဲ အညံ့ခံဖို့ စီစဉ်ထားလို့လား”

အဆင့်မြင့်ဘုန်းတော်ကြီးကပြောသည်။ သူ၏အမူအရာက ယုံကြည်မှုရှိပြီး ခပ်အေးအေးသာ ဖြစ်နေသည်။ ဒါဟာ အဆင့်မြင့်ဘုန်းတော်ကြီးသာ ပြုမူနိုင်သော အမူအရာမျိုးဖြစ်သည်။ ကာလစ်ကိုလည်း မည်သူကမှ ထိုကဲ့သို့သော ပုံစံမျိုးနဲ့ စကားမပြောရဲချေ။ တစ်ဖက်သူက ကာလစ်ထက် အာဏာမြင့်သူလိုမျိုး ပြုမူနေခြင်းဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ကာလစ်က အစပိုင်းတွင်ကြောင်သွားသည်။ ထို့နောက် ဖြစ်နိုင်ချေကို ခပ်မြန်မြန်ငြင်းသည်။

“ငါတို့မှာ တောင်ပိုင်းစစ်နယ်မြေဇုံက စစ်သားတွေရှိနေသေးတယ်။ အနောက်ပိုင်းနယ်မြေဇုံမှာလည်း ရှိတယ်။ အခြားစစ်နယ်မြေဇုံတွေလည်း ရှိနေသေးတယ်။ ဒီလူတွေအားလုံးကို ရွှေ့လို့ရပါသေးတယ်။ ဒီတိုင်း စစ်သည်နှစ်သိန်းလောက်သာပါတဲ့ အဖွဲ့လေးပဲ။ ငါတို့က စစ်တပ်ကို မြန်မြန်စုစည်းပြီးတာနဲ့ သူတို့ကို စောင့်ကြိုနေမှာက သေမင်းပဲ”

ကာလစ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏အသံတွင် သတ်ဖြတ်လိုစိတ်များက ပြည့်နှက်နေ၏။ အာရေးဗီးယားသည် စစ်များနှင့်အတူ မွေးဖွားလာသော တိုင်းပြည်ကြီးဖြစ်သည်။ ဒါဟာ သူ၏လောက၏ အရင်းအမြစ်ဖြစ်သွားသည်။ မဟာထန်ဘက်မှ ဝမ်ချောင်ဟုခေါ်သော ဗိုလ်ချုပ်ကြီးတစ်ယောက်က သုံးရက်အတွင်းသာ ပြန်ဖြေစာမရလျှင် ရွှေသားတစ်ဘီလီယံကို လျော်ကြေးအဖြစ် မပေးလာခဲ့လျှင် ရှေ့သို့ဆက်လက်ချီတက်ပြီး အနောက်ဘက်ခြမ်းသို့ ဝင်ရောက်ကာ တိုင်းပြည်များကို သိမ်းပိုက်မည်ဟု ဆိုထားသည်။ မူတာစီရန်သုံးကဲ့သို့ အစိုးရပေါင်းများစွာ၊ ဗိုလ်ချုပ်ပေါင်းများစွာကို အုပ်ချုပ်ပြီး ဘယ်သောအခါမှ အညံ့ခံခွင့်မပြုသော လူအတွက် စိန်ခေါ်ကာ အရှက်ခွဲသည်ထက် မပိုတော့ချေ။

ထို့ကြောင့် ကာလစ်က ဒီအခြေအနေမျိုးကို လက်မခံနိုင်ချေ။

ပို၍ဆိုးသည်မှာ ချွီထေပါးနှင့် အားပါးတို့က အသတ်ခံခဲ့ရသော်လည်း ထိုနှစ်ယောက်က ဒီတိုင်း ထိပ်တန်းအဆင့် ပုဂ္ဂိုလ်နှစ်ယောက်သာ ဖြစ်နေသည်။ အာရေးဗီးယားတွင် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ပေါင်းများစွာ ရှိနေသေးသည်။

“ဒါဆိုရင်လည်း အဲ့ဒီလိုမဟုတ်ဘူးပေါ့။ အရှင်မင်းကြီးမှာ စစ်သားတွေအများကြီး ရှိနေသေးပြီး ပိုကြီးတဲ့စစ်ပွဲတွေ ပြင်ဆင်နိုင်သေးရင် ဘာလို့ ဒါကိုအညံ့ခံတယ်လို့ သတ်မှတ်တော့မှာလဲ။ အရှင်မင်းကြီးလို စွမ်းအင်မျိုးရှိတဲ့ လူတစ်ယောက်အတွက် ရွှေတွေငွေတွေဆိုတာက တန်ကြေးမဲ့သင့်တယ်။ ရွှေသားတစ်ဘီလီယံဆိုတာက ဒီထန်ကို စိတ်အေးသွားအောင် နှစ်သိမ့်ပေးရုံလောက်ပဲ။ ငါကြားထားတဲ့အတိုင်းဆိုရင် မဟာထန်က သဘောထားကြီးမြတ်မှုနဲ့ ဖြောင့်မတ်မှန်ကန်မှုကို အရမ်းတန်ဖိုးထားတာ။ သူတို့က ပိုက်ဆံရသွားတာနဲ့ ကတိတည်လိမ့်မယ်။ အရှင်မင်းကြီးက ယာယီအားဖြင့် သူတို့ကို ချွေးသိပ်လိုက်ရုံပဲလိုအပ်တယ်။ စစ်တပ်ကရောက်လာတဲ့အခါ တိုင်ဂရစ်အနောက်ဘက် မြို့တွေကို သူတို့မတိုက်ခိုက်အောင် ကာကွယ်ထားလို့ရတယ်။ အဲ့ဒီနောက် ငါတို့က ခိုရာစန်းဆီသွားရောက်ပြီး အလုံးအရင်းနဲ့ သတ်ဖြတ်မယ်။ အဲ့ဒီနောက် ထန်တွေကိုရှင်းလင်းပြီး ပုန်ကန်သူတွေအားလုံးကို တစ်သုတ်တည်းနဲ့ ဖယ်ရှားလိုက်ကြမယ်။ တစ်ချိန်ထဲမှာပဲ အဲ့ဒီရွှေထည်တွေကို ပြန်ယူနိုင်တယ်”

အဆင့်မြင့်ဘုန်းတော်ကြီး၏အသံက လူတိုင်း၏နားအတွင်းသို့ ဝင်ရောက်သွားသည်။

“ရွှေသားတစ်ဘီလီယံက မနည်းဘူး။ သူတို့ရဲ့မြင်းတွေကို ရိုက်ရင်တောင်မှ အဝေးကြီးမပြေးနိုင်ပါဘူး။ ငါတို့က ခိုရာစန်းကိုရောက်သွားတာနဲ့ အရှင်မင်းကြီးက မြင်းတပ်ကိုစေလွှတ်ပြီး ချီတက်ခိုင်းလို့ ရွှေတွေကိုလည်း တဖန်ပြန်ယူနိုင်သေးတယ်။ ပိုဆိုးတာက အရှင်မင်းကြီးက အရင်အထက်တန်းလွှာတွေနဲ့ ပုန်ကန်သူစစ်သားတွေကို ရှာနေခဲ့တာမဟုတ်လား”

“ငါတို့က ဒီထန်ကိုသုံးပြီး အားလုံးကို ထွက်လာအောင်လုပ်လို့ရတယ်။ ဒီလိုနဲ့ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ကိုသတ်တာပဲ။ အသိုက်တစ်ခုတည်းနဲ့ အားလုံးကိုဖမ်းပြီးသားလည်းဖြစ်တယ်”

ဝုန်း

ကာလစ်က ခေါင်းကို အသာမော့လိုက်သည်။ သူသည် ရွှေသားတစ်ဘီလီယံဆိုသော အချက်ကြောင့် ဒေါသထွက်နေခဲ့ပြီး ကောင်းကောင်းမစဉ်းစားနိုင်ခဲ့ချေ။ ဒါကလည်းမှန်သည်။ ယခင်အထက်တန်းလွှာများနှင့် စစ်သားများအားလုံးက အမြဲတစေ အာရပ်ကို ဒုက္ခပေးနေခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတောအတွင်း အင်ပါယာက ထိုပုန်ကန်သူများကိုရှာရန် အင်အားအလွန် စိုက်ထုတ်ခဲ့ရသည်။

ပဲ့ဟယ်မော့စစ်တပ်မှ မာမဲ့လုများက ကောင်းကင်ခစားခြင်းစစ်တပ်များနှင့် အာရပ်စစ်နတ်ဘုရား ချွီထေပါးတို့ကိုပင် မူတာစီရန်သုံးက ထိုလူများကို ဖိနှိပ်ရန် စေလွှတ်ခိုင်းခဲ့သည်။ သို့သော် ယခင်အထက်တန်းလွှာများနှင့် ပုန်ကန်သူများအားလုံးက မှိုများအလား မြေလျိုးနေကြပြီး ပျောက်ကွယ်နေခဲ့သည်။ ထို့ကြောင့် စစ်တပ်က ရသွားသည်နှင့် သူတို့က ပျောက်သွားသည်။ စစ်တပ်က ပျောက်သွားသည်နှင့် ပြန်ပေါ်လာကာ ဒုက္ခရှာပြန်သည်။

ထို့ကြောင့် ထိုပုန်ကန်မှုများကို မဖြေရှင်းနိုင်သေးလေဘဲ အင်ပါယာကြီးက ဘယ်သောအခါမှ ငြိမ်းချမ်းမည်မဟုတ်သလို ထိုနယ်မြေများကိုလည်း ဘယ်သောအခါမှ အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ချေ။

အခန်း(၁၁၆၅)

ပုန်ကန်သူများနှင့်ပတ်သတ်သည့် ကိစ္စက မူတာစီရန်သုံးအတွက် အမြဲတစေ စိုးရိမ်နေရသည့် ကိစ္စဖြစ်သည်။ သူသည် ထိုကိစ္စကြောင့် အိပ်ရေးပျက်ခဲ့ရသေးသည်။ သို့သော် ယခုမူ ထိုအကြောင်းကို တွေးမိလိုက်သောအခါ ထန်များက အရှိန်အဟုန်အပြည့်နှင့် ရောက်လာကြသော်လည်း သူတို့သည် ပုန်းကွယ်နေသော အထက်တန်းလွှာများနှင့် ပုန်ကန်သူများကို အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့သည်။ အဆင့်မြင့်ဘုန်းတော်ကြီး ပြောသလိုမျိုး သူက တစ်ဖက်သူများကို စစ်တပ်မရောက်ခင်အထိ ချွေးသိပ်ထားရန်လည်း လိုအပ်သည်။ ထို့နောက် တစ်သုတ်တည်းနှင့် အကုန်ရှင်းလိုက်၍ရသည်။ ထိုသို့ဆိုလျှင် ကိစ္စတစ်ခုလုံးက တစ်ခါတည်း အဆုံးသတ်သွားပေလိမ့်မည်။

သူကသာ ဒီကိစ္စနှင့်ပတ်သတ်ပြီး အားလုံးကို ရှင်းလင်းလိုက်မည်ဆိုလျှင် ထန်များက ရွှေသားတစ်ဘီလီယံနှင့် ခြိမ်းခြောက်လာသည့်ကိစ္စကို လက်ခံပေး၍ရသည်။

ဒါဟာ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်သတ်ခြင်းဖြစ်သည်။

မူတာစီရန်သုံး၏ မျက်လုံးက မှေးကျဉ်းသွားပြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူ၏မျက်မှောင်က ကျုံ့သထက် ကျုံ့သွားရင်း သူဟာခေါင်းကိုငုံ့ကာ စတင်ကာတွေးသည်။

မူတာစီရန်သုံးသည် ဒူးထောက်ပြီး တိတ်နေသော အစိုးရတစ်ယောက်ကို မေးလိုက်သည်။

“ဟူလာ အခြားနေရာတွေက စစ်သားတွေရောက်လာဖို့ အချိန်ဘယ်လောက်ကြာမှာလဲ”

‘အင်ပါယာ၏ အလောင်းဖြူ’... ဟူလာ

သူသည် အာရပ်စစ်နတ်ဘုရားဟု ကျော်ကြားသော ချွီထေပါးလောက် အင်အားမကြီးသော်လည်း သူသည်လည်း မြောက်များလှစွာသော တိုက်ပွဲများနှင့်အတူ ဂုဏ်သတင်းကြီးလေသည်။ သူသည် ထိုနာမည်ကို ရခဲ့သည်မှာ အလောင်းထပ်ပင် အသားဖြူဖျော့လွန်းသောကြောင့်ဖြစ်သည်။

သို့တိုင်အောင် ပတ်ဝန်းကျင်ရှိ တိုင်းပြည်များတွင်မူ ဟူလာက သံမဏိသွေးအစိုးရ အပုမူစလင်နီးပါး ကျော်ကြားလွန်းလေသည်။

သူသည် ရက်စက်ကာ ကြမ်းတမ်းပြီး သွေးဆာလွန်းသောလူဖြစ်သည်။ အချို့သောနေရာများတွင်ဆိုလျှင် သူသည် အပုမူစလင်ထက်ပင် လေးစားဖွယ်ကောင်းသေးသည်။ သူ၏ပြိုင်ဘက်အများစုက ဆိုးရွားစွာ သေဆုံးသွားရပြီး အလွန့်အလွန် ဝမ်းနည်းဖွယ်ကောင်းသည့် အဆုံးသတ်မျိုးနှင့် ကြုံရလေ့ရှိသည်။

ထို့ကြောင့် ပါးတတွင် ချွီထေပါး၏ သေဆုံးမှုကြောင့် အစိုးရအားလုံးက စုစည်းရောက်ရှိနေခဲ့သည့်တိုင်အောင် ထိုထဲမှ အကျော်ကြားဆုံးက အင်ပါယာ၏ အလောင်းဖြူ ဖြစ်နေသေးသည်။

ဟူလာသည် ထန်အင်အားစုနှစ်သိန်းနှင့် ခိုရာစန်းရှိ ပုန်ကန်သူများကိုကိုင်တွယ်ရန် အသင့်တော်ဆုံးသော ဗိုလ်ချုပ်ကြီးဖြစ်သည်မှာ သံသယဝင်ရန်မရှိချေ။ ထိုအတွက်ကြောင့်လည်း ကာလစ်က သူ့ကိုမေးခြင်းဖြစ်သည်။

ဟူလာက မတ်တပ်ထရပ်ပြီးနောက် တခဏခန့် တွေးတောနေသည်။

“အရှင်မင်းကြီး ကျွန်တော်တို့သာ ခပ်မြန်မြန်လှုပ်ရှားမယ်ဆိုရင် စစ်တပ်က ခုနှစ်ရက်ထဲနဲ့ စုစည်းနိုင်ပါတယ်။ ဒါပေမဲ့ ဒါက သာမာန်စစ်သားတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ခိုရာစန်းရဲ့ အဆင့်မြင့်မြို့ရိုးနဲ့ပတ်သတ်ပြီး ခြိမ်းခြောက်မှု မလုပ်နိုင်လောက်သေးပါဘူး။ ကျွန်တော်တို့ကသာ လက်ရွေးစင်စစ်သားတွေကို စုစည်းပြီး မဟာဗိုလ်ချုပ်ကြီးတွေကိုလည်း ရောက်လာအောင်ခေါ်လို့ ခိုရာစန်းက ရန်သူတွေကို အလုံးစုံပျောက်ကွယ်သွားအောင် လုပ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး တစ်ဆယ့်ငါးရက်တော့ လိုပါလိမ့်မယ်။ ရက်နှစ်ဆယ်တောင် ဖြစ်နိုင်ပါတယ်”

“စစ်သားတွေကို ညဘက်တွေပါ ချီတက်ခိုင်းလိုက်။ အများဆုံး ဆယ်ရက်ပဲ။ အဲ့ဒီဆယ်ရက်ထဲမှာ ဒီလူတွေအားလုံး ခိုရာစန်းကို ရောက်နေတာမျိုးကို ငါလိုချင်တယ်။ အရှေ့ပိုင်းသားတွေ ခိုရာစန်းမှာ တစ်ရက်တောင် ပိုနေတာမျိုးကို ငါသည်းမခံနိုင်ဘူး”

မူတာစီရန်သုံးကပြောသည်။ သူ၏အသံက ငြင်းပယ်ခွင့်ပိတ်လိုက်သည်။

ဟူလာက တခဏခန့် တုန့်ဆိုင်းသွားပြီးနောက် အခိုင်အမာပြောသည်။

“ဒီဗိုလ်ချုပ်က ချက်ချင်းလုပ်ဆောင်လိုက်ပါ့မယ်”

အချိန်ကတိုသည်။ အာရေးဗီးယားအတွက် အမျိုးမျိုးသော စစ်နယ်မြေဇုံများမှ စစ်သည်တော်များကို လုံလောက်အောင်စုစည်းပြီး ခိုရာစန်းထံ ချီတက်သွားရန် မဖြစ်နိုင်ချေ။ သို့သော် တာဝန်က ရောက်ရှိလာပြီဖြစ်ပြီး စစ်သည်တော်များက ညဘက်ကိုပါ ချီတက်မည်ဆိုလျှင် အင်ပါယာ၏ အလောင်းဖြူ ဟူလာကလည်း ဒီတာဝန်က ဖြစ်နိုင်မည်ဟုယုံကြည်သည်။ လိုအပ်သမျှက ချီတက်နေချိန် အတောအတွင်း အနည်းငယ်သော ဆုံးရှုံးမှုသာဖြစ်သည်။

ထိုအခြေအနေမျိုးကိုမူ ဟူလာက စိုးရိမ်မနေချေ။

ဝုန်း

အရှေ့ဘက်တွင် ခါးသီးစွာဆုံးရှုံးသွားသည်။ ချွီထေပါးက သေသည်။ ခိုရာစန်းကကျသွားသည်။ ဝမ်ချောင်၏ ခြိမ်းခြောက်မှု... အရာအားလုံးက အာရေးဗီးယားအင်ပါယာကြီးကို ဒေါသထွက်စေသလို အချို့သော ကြီးမားလွန်းသည့် စစ်တပ်ကို အသက်သွင်းလိုက်သလိုမျိုး စစ်သည်တော်များကို လျှင်မြန်စွာ စုဆောင်းကြလေသည်။ ထိုသို့ဖြင့် တိုက်ပွဲရနံ့က သိပ်သည်းလာသည်။

...

ခိုရာစန်း၏ မည်းမှောင်နေသော ခန်းမအတွင်းတွင် အန်းရှီကာကွယ်ရေး စစ်တပ်မှ နံပါတ်လေး ပုဂ္ဂိုလ်ဖြစ်သည့် လုံရှီယွီက သူ၏အတွေးကို ထုတ်ပြောလိုက်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် နောက်ထပ် အာရေးဗီးယားမြို့က ငါတို့နဲ့ လီတစ်ဆယ်ကျော်လောက်ပဲ ဝေးတာပါ။ ခုခံမှုကလည်း အရေးမကြီးပါဘူး။ ဒါကြောင့် ငါတို့ကသာ ဆန္ဒရှိရင် ငါတို့ရဲ့စစ်သည်နှစ်သိန်းက တိုင်ဂရစ်မြစ်ကို ကျော်ဖြတ်ပြီး အဲ့ဒီမြို့ကို သွေးတစ်စက်မထွက်စေဘဲ သိမ်းပိုက်လို့ရတယ်။ နောက်ပြီး ပါးရန်ကလည်း အနောက်ဘက်ခြမ်းမှာ နောက်ထပ် မြို့ဆယ်မြို့လောက် ရှိသေးတယ်လို့ပြောတယ်။ ဒီမြို့တွေအကြားမှာ သဘာဝအကာအကွယ်လွှာလည်း မရှိဘူး။ ဒါကြောင့် ငါတို့ကသာ ဆန္ဒရှိရင် ဒီပိုင်နက်နယ်မြေ တစ်ခုလုံးကို ခပ်မြန်မြန် သိမ်းပိုက်လို့ရတယ်။ ဘာလို့အရှင်က ရှေ့ဆက်မချီတက်ဘဲ ဒီနေရာမှာရပ်ပြီး အနားယူနေရတာလဲ”

ထိုအာရေးဗီးယား နန်းတော်ကြီးက ခမ်းနားလွန်းသည်။ အမိုးများတွင်ပင် နုနယ်လွန်းသော မဲနယ်ရောင်နှင့် သင်္ကေတပုံများကို ရေးဆွဲထားသေးသည်။ ချောမွေ့သော စကျင်ကျောက်များကိုလည်း ကြမ်းပြင်အပြည့် ခင်းထားကာ ပြောင်လက်နေစေသည်။ မြေပြင်တွင် ပုလဲများ၊ မဟူရာများကိုပင် အလှဆင်ထားလေရာ လူတိုင်းကို အံ့အားသင့်စေသည့် ကြွယ်ဝမှုမျိုးဖြစ်သည်။ သို့သော် ထိုတခဏတွင် ကောင်းရှန်းကျစ်ပင်ဖြစ်စေ၊ ချန်းချန့်လီပင်ဖြစ်စေ၊ ရှီယွမ်ချင်ပင်ဖြစ်စေ၊ လီစစ်ယဲ့ပင်ဖြစ်စေ၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်ပင်ဖြစ်စေ၊ စုဟန်ရှန်းပင်ဖြစ်စေ၊ ရွှယ်ချန်ကျွင်းပင်ဖြစ်စေ မည်သူကမှ ထိုရတနာများကို ခံစားလိုစိတ်မရှိချေ။ သူတို့အားလုံးက ဝမ်ချောင်ကိုသာ အာရုံစိုက်ထားကြသည်။

အာရပ်မြို့ ဆယ်မြို့ကျော်အကြောင်း ပြောချိန်တွင် ဝမ်ချောင်က ဒီနေရာတွင် စစ်ပွဲကို ရပ်တန့်ခိုင်းထားသည်။ ဒါက သူတို့အားလုံးကို လျို့ဝှက်ဆန်းကြယ်သလို ခံစားရစေသည်။

“ဟွန်း ငါမေးပါဦးမယ်။ ငါတို့က တာလာ့ကနေ ဆမ်ဆာခမ်းကို ချီတက်ပြီးနောက်မှာ ခိုရာစန်းကို ချီတက်လာခဲ့တယ်။ အဲ့ဒီနောက် ဘာလို့အနောက်ဘက်ကို ဆက်ချီတက်ပြီး လူတွေအများကြီးဆုံးရှုံးအောင် လုပ်ရမှာလဲ။ တိုက်ပွဲအတွက်ကြောင့်နဲ့ ဒီလိုလုပ်ရမှာလား”

ဝမ်ချောင်က ဖျော့တော့စွာ ပြောလိုက်သည်။

ခန်းမထဲရှိလူတိုင်းက ကြောင်သွားသည်။ ဝမ်ချောင်ဟာ ရုတ်တရက် မေးခွန်းမေးလာမည်ဟု မည်သူကမှ မထင်ထားကြချေ။ ဒီနေရာရှိ လူတိုင်းနီးပါးက ဗိုလ်ချုပ်များဖြစ်သည်။ မည်သည့်ဗိုလ်ချုပ်ကမဆို တိုက်ပွဲအတွက် ရှင်သန်နေထိုင်ကြခြင်းဖြစ်သည်။ သူတို့တည်ရှိနေခြင်းကတင် စစ်ပွဲအတွက် အနိုင်ရယူရန်ဖြစ်သည်။

ထို့ကြောင့် မည်သူကမှ သူတို့၏စိတ်ရှုပ်ထွေးမှုကို မဖုံးကွယ်ကြချေ။

ဝမ်ချောင်က သူတို့၏တုန့်ပြန်မှုများကို မြင်သောအခါ တိတ်တဆိတ်သာပြုံးသည်။ စစ်ပွဲက အနုပညာဖြစ်သည်။ ထိုအရာက အဆုံးမရှိနိုင်ချေ။ စစ်ပွဲမစတင်ခင် ထိုသို့စရသည့် ရည်ရွယ်ချက်များကို နားလည်ထားသင့်သည်။ သို့မှသာ ဗျူဟာအဆင့်ကို ကောင်းကောင်း ဖော်ထုတ်နိုင်မည်ဖြစ်သည်။ သို့သော် ခန်းမထဲရှိလူတိုင်း၏ တုန့်ပြန်မှုအရ ထိုအခြေအနေကို မေ့လျော့နေပုံပေါ်သည်။

“ဗိုလ်ချုပ်တစ်ယောက်ရဲ့တာဝန်က တိုက်ပွဲမှာနိုင်ဖို့ ဒါပေမဲ့ ငါတို့က အာရပ်တွေကို ရှုံးအောင်လုပ်ပြီးသွားပြီ။ ဒါကိုဘာလို့ဆက်ပြီး တိုက်ခိုက်ရမှာလဲ။ ငါတို့က လူတစ်သိန်းကျော် ရှုံးပြီးပြီ။ မင်းတို့က နောက်ဆုံးတစ်ယောက်ပဲ ကျန်တဲ့အထိ ဆက်ပြီးတိုက်ခိုက်ချင်ကြတာလား”

ဝမ်ချောင်က လူအုပ်ကို အကဲခတ်ကြည့်သည်။

ဝမ်ချောင်၏စကားက သူတို့အားလုံးကို စွံ့အသွားစေသည်။ မဟာထန်နှင့် အာရေးဗီးယားအကြားရှိ တိုက်ပွဲတွင် မဟာထန်က နောက်ဆုံးသောအနိုင်ရသူဖြစ်ပြီး အာရေးဗီးယား၏ အထွတ်အမြတ်ထားသော နေရာအထိ တောက်လျှောက်ချီတက်လာခဲ့ကာ ခိုရာစန်းကို သိမ်းပိုက်ခဲ့ပြီး ပါးတကိုပင် ခြိမ်းခြောက်ခဲ့သည်။ သို့သော် မဟာထန်ကလည်း ထိုအတွက် တန်ကြေးပေးဆပ်ခဲ့ရသေးသည်။ သို့တိုင်အောင် ဗိုလ်ချုပ်တစ်ယောက်က သူတို့၏စစ်တပ်ကိုဦးဆောင်ပြီး ဆက်တိုက်အနိုင်ယူသင့်သည်ဟု ထင်သည်။ ဒါဟာ စစ်သည်တော်တစ်ယောက်၏ တာဝန်သာမဟုတ်လျှင် သူတို့ဆက်မတွေးနိုင်ကြတော့ချေ။

စစ်ပွဲ၏ရည်ရွယ်ချက်က လူသတ်ရန်သီးသန့်မဟုတ်သလို တိုက်ပွဲအတွက်ကြောင့် တိုက်ခိုက်ရုံသီးသန့်မဟုတ်ချေ။ အရာအားလုံးက အကျိုးအမြတ်နှင့် အားသာချက်များအတွက်သာ ဖြစ်သည်။ စစ်ပွဲတစ်ပွဲက အကျိုးအမြတ်ရှိမှ ဖြစ်ပေလိမ့်မည်။ ထိုမှသာ တိုင်းပြည်ရှိ လူများအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေမည်ဖြစ်သည်။

သမိုင်းတွင် လူအများသတ်ဖြတ်ရုံ သီးသန့်တည်ရှိခဲ့သော စစ်ပွဲများလည်းရှိသည်။ သို့သော် နောက်ပိုင်းတွင်မူ ဆိုးရွားသော အနေအထားမျိုးကြောင့် အဆုံးသတ်သွားရသည်။ ထိုလူများက စစ်ရှာသူများဖြစ်ပြီး ထိုစစ်ပွဲများက တစ်တိုင်းပြည်လုံးကို ဆွဲချခဲ့ကြသည်။ ဟန်မင်းဆက်၏ ဧကရာဇ်ဝူသည် အဘက်ဘက်နှင့် စစ်ဖြစ်ခဲ့ပြီး သူ၏မူဝါဒရေးရာနှင့် စစ်ဘက်ဆိုင်ရာ တွေးတောမှုများက ပြိုင်ဘက်ကင်းခဲ့ကာ သူ့အား ခေတ်အဆက်ဆက်တွင် ဉာဏ်ပညာအရှိဆုံးသော အုပ်ချုပ်သူကြီး ဖြစ်စေခဲ့သည်။ သို့သော် နောက်ပိုင်းနှစ်များတွင်မူ သူဟာထိုသို့ဆက်လက်ပြီး ဆက်တိုက် တိုက်ခိုက်နေခဲ့သောကြောင့် တိုင်းပြည်မှ လူများအပေါ် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်စေခဲ့ကာ အင်အားကို ယိမ်းယိုင်စေခဲ့သည်။

“စစ်ဆိုတာက ဘက်ပေါင်းစုံနဲ့သက်ဆိုင်တယ်။ မယုံနိုင်စရာကောင်းလောက်အောင် အားလုံးပူးပေါင်းပြီး ကြိုးစားအားထုတ်ထားရတဲ့ ပွဲကြီးလည်းဖြစ်တယ်။ လူအင်အားတွေ၊ လက်နက်တွေ၊ စစ်မြင်းတွေ၊ ရိက္ခာတွေလည်း ပါဝင်သလို ဒါတွေက အရင်းအနှီး အမြောက်အများကို ဆုံးရှုံးစေသေးတယ်။ ဒါကြောင့်ပဲ ကွန်ဖြူးရှပ်စာပေကို လေ့လာလိုက်စားတဲ့လူတွေက တက်နိုင်သမျှ တိုက်ခိုက်ရမဲ့ အကြောင်းပြချက်တွေ ပြည့်မှီမှ တိုက်ခိုက်စေလိုခဲ့ကြတယ်။ ဒီအတွက်ကြောင့်ပဲ ပြည်တွင်းရေးရာ အရာရှိတွေက စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ မတည့်ကြတာပေါ့။ စစ်ပွဲတစ်ပွဲက တိုင်းပြည်ကို အကျိုးမရှိစေရင် ဘယ်သူကမှ လက်သင့်ခံပေးမှာမဟုတ်ဘူး”

ဝမ်ချောင်က လူအုပ်ကိုကြည့်ရင်း ခပ်တင်းတင်းပြောသည်။

ခုံရုံးမှ ပြည်တွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ ဝရုန်းသုန်းကားဖြစ်ပြီး ငြင်းခုံကြသော အခြေအနေက လူတိုင်းသိသည်။ ဒါဟာ မင်းဆက်တိုင်းလိုလို ဖြစ်တတ်သည်။ ဖြစ်ပျက်လာသော အချိန်တိုင်းလိုလို ခုံရုံးကို လှုပ်ခါနိုင်သည်။ ထိုဝရုန်းသုန်းကား အခြေအနေများက အင်ပါယာကြီးကိုလည်း ပြိုလဲကျစေနိုင်သေးသည်။ ထို့ကြောင့် ဂရုတစိုက်သာ စဉ်းစားဆင်ခြင် စစ်ဆေးကြည့်မည်ဆိုလျှင် ထိုဝရုန်းသုန်းကား အခြေအနေများက ပြည်တွင်းရေးရာ အရှိနှင့်ပင်ဖြစ်စေ၊ စစ်ဘက်ရေးရာ အရာရှိနှင့်ပင်ဖြစ်စေ တိုက်ဆိုင်ခြင်းမျိုးမဟုတ်သလို ပြည်တွင်းရေးရာအရာရှိများက အဆင့်အတန်း မြင့်လွန်းပြီး စစ်ဘက်ဆိုင်ရာ အရာရှိများက ကြမ်းတမ်းလွန်းသောကြောင့်လည်း မဟုတ်ချေ။ အဓိက ဇစ်မြစ်ကမူ ဖြစ်လာမည့် ထိုစစ်ပွဲက တိုင်းပြည်အတွက် အကျိုးအမြတ် မရှိစေနိုင်ခြင်းဆိုသည့် အချက်ကြောင့်သာဖြစ်သည်။

လူတိုင်း၏အမြင်တွင် ပြည်တွင်းရေးရာ အရာရှိများအတွက်သာမဟုတ်ဘဲ လူတိုင်း၏အမြင်တွင် စစ်သည် အရာအားလုံး ကုန်ဆုံးစေသည်။ စစ်မြင်းများကုန်ဆုံးသည်။ သက်ရှိရိက္ခာများ ကုန်ဆုံးသည်။ အခြားသော ရိက္ခာများလည်း ကုန်ဆုံးသည်။ မရေမတွက်နိုင်သော အသက်ပေါင်းများစွာကိုလည်း စတေးရသည်။ ထို့ကြောင့် အဘက်ဘက်က အနှုတ်လက္ခဏာပြနေသည်။ နယ်စပ်တွင် စစ်ပွဲတစ်ပွဲဖြစ်သောအခါ ဗိုလ်ချုပ်တစ်ယောက်က ရန်သူ၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ခုခံမှုအပြည့်နှင့် တိုက်ခိုက်သည့် အခိုက်အတန့်တွင် ဆက်တိုက်အနိုင်ပွဲက ပေါ်ထွက်လာနိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးက အလုံးစုံရှုှုံးသည်ဟု ဆို၍မရချေ။ သို့သော် သူတို့က ကိုယ်ပိုင်အကျိုးရမှတ်ထဲသို့ ထည့်တွက်၍လည်း မရနိုင်သေးချေ။

ခြုံငုံသုံးသပ်ရသော် စစ်သားများနှင့်စစ်ပွဲက အမြဲတစေ အနှုတ်လက္ခဏာပြသောပွဲကို တိုက်နေရသလိုမျိုး သူတို့၏အပေါင်းအဖော်များ၏ သေဆုံးမှုကိုလည်း လက်ခံနေရသည်။ ထို့ကြောင့် အခြားသော ဘက်တစ်ခုမှ စဉ်းစားဆင်ခြင်ကြည့်သော် စစ်ပွဲတစ်ပွဲ စတင်သည်နှင့် ဆုံးရှုံးသည့်စာရင်း အရင်းအမြစ်များ စုစည်းရခြင်းနှင့် အရာအားလုံးက လူများကသာလုပ်ဆောင်ကာ ထောက်ပံ့ပေးနေရခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ပွဲတစ်ပွဲက အကျိုးအမြတ်ကို ယူနိုင်မည်ဆိုလျှင်ပင် လူများအပေါ် မြောက်များလှစွာသော အကျိုးအမြတ်များ ပေးနိုင်မည်ဆိုလျှင်မူ ဒါဟာ ခြားနားသောအခြေအနေတစ်ခု ဖြစ်သွားလိမ့်မည်။

လူတစ်ယောက်သာ ဒီဇစ်မြစ်၏ ပြဿနာကို ဖြေရှင်းရန်မကြိုးစားလျှင် ပြည်တွင်းရေးရာ အရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ ဝရုန်းသုန်းကားဖြစ်ကာ ကတောက်ကဆဖြစ်သည့် ငြင်းခုံရသော အခြေအနေက ဘယ်သောအခါမှ အဆုံးသတ်သွားလိမ့်မည်မဟုတ်သလို စစ်ပွဲကလည်း စစ်ရှာလွန်းသော လူများ၏ လမ်းဆုံးသည့် အဆုံးသတ်မျိုးအတွင်းသို့ ဝင်ရောက်သွားနိုင်သေးသည်။

ခန်းမတစ်ခုလုံးက တိတ်ကျသွားသည်။ လူတိုင်းကလည်း ထိုစကားလုံးများကို စဉ်းစားဆင်ခြင်နေကြသည်။ ကောင်းရှန်းကျစ်ကပင် အပါအဝင်ဖြစ်သည်။

ကောင်းရှန်းကျစ်ကပင် ဝမ်ချောင်၏မေးခွန်းကို အလေးအနက် မထားခဲ့ချေ။ စစ်သားများက တိုက်ခိုက်နေကြဖြစ်သည်။ သိပ်မဝေးသောနေရာတွင် မြို့ဆယ်မြို့ရှိနေသေးသည်။ သို့သော် သူကမူ ဒီနေရာတွင် စစ်တပ်ကို အနားယူခိုင်းပြီး အသင့်သာပြင်ခိုင်းထားသည်။

ယခုလိုအခြေအနေမျိုးတွင် သူက အာရေးဗီးယားထံမှ စစ်လျော်ကြေးကို တောင်းခံရင်း ထိုမြို့ဆယ်မြို့ကျော်ကို ခြိမ်းခြောက်သည့်အနေဖြင့် သိမ်းပိုက်လိုက်သင့်သည်။

ယခုလိုစစ်ပွဲမျိုးက ကုန်းမြေကြီး၏သမိုင်းတွင် တင်ကျန်ရစ်သွားမည့် စစ်ပွဲကြီးဖြစ်လေသည်။ ဗဟိုပြင်ကျယ် တစ်ခုတည်းအတွက်သာမဟုတ်ချေ။ အားလုံးက ဒီစစ်ပွဲအကြောင်း သိနေပေလိမ့်မည်။ ထို့ကြောင့် ဝမ်ချောင်ဟာ အခြားသောသူများ၏ အတွေးကို ပြောင်းလဲစေသည့် အကြံအစည်အသစ်များကို အမြဲတစေ ပိုင်ဆိုင်နေတတ်သည်။

“ဒါပေမဲ့ဝမ်ချောင် ရွှေထည်တစ်ဘီလီယံဆိုတာက တအားများလွန်းတယ်။ အာရပ်တွေက သဘောတူမှာတဲ့လား”

ချန်းချန့်လီက မျက်မှောင်ကိုကျုံ့ရင်း မထိန်းနိုင်ဘဲမေးလိုက်သည်။

သူသည် ထိုစာကို ကိုယ်တိုင်ရေးခဲ့သူဖြစ်သည်။ လုံရှီယွီက စုတ်တံကိုကိုင်ခဲ့သည်။ သူက မပို့ခင် စာကို တဖန်ဖတ်ခဲ့သေးသည်။ ထို့ကြောင့် စာပါအကြောင်းအရာတိုင်းကိုသိသည်။ ရွှေထည်တစ်ဘီလီယံက မြင်မြင်ချင်း မေးရိုးအဟောင်းသားဖြစ်စေသည်အထိ အံ့အားသင့်စေခဲ့သည်။ ထိုရွှေထည်များအားလုံးက ပုံလိုက်လျှင် တောင်ပုံရာပုံဖြစ်နိုင်သည်။ ထို့ကြောင့် မြို့ပေါင်းများစွာကိုပင် ဝယ်ယူရန် လုံလောက်နေပြီဖြစ်သည်။ အာရပ်များကမူ ကောင်းကင်ထိတိုင် ထိုးတက်နေသည့် တန်ကြေးကို ပေးလိမ့်မည်မဟုတ်ချေ။

အစပိုင်းတွင် ချန်းချန့်လီကလည်း ဒါဟာ ဝမ်ချောင်က ပို၍ကြီးမားသော ပန်းတိုင်အတွက် ချမှတ်ထားသည့် ဗျူဟာတစ်ခုသာ ဖြစ်သည်ဟုထင်ခဲ့သည်။ သို့သော် ယခုမူ ဝမ်ချောင်က အမှန်တကယ် အလေးအနက်ထားနေပုံပေါ်သည်။

“ဟား ဟား ဘာလို့မပေးရမှာလဲ”

ဝမ်ချောင်က လူတိုင်းကို ယုံကြည်မှုအပြည့်နှင့်ကြည့်သည်။

“ရွှေထည်တစ်ဘီလီယံကများတယ်။ ဒါပေမဲ့ အာရေးဗီးယားက လက်ခံနိုင်တဲ့ အတိုင်းအတာမျိုးပဲ။ အဲ့ဒီအင်ပါယာရဲ့ တော်ဝင်မိသားစုက မင်းတို့ထင်ထားတာထက် အရမ်းကြွယ်ဝတယ်။ ဒါတွေအပြင် ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့မှာ ရွေးချယ်စရာ တကယ်မရှိဘူး။ မင်းတို့အားလုံးမြင်သလိုမျိုးပဲ အာရေးဗီးယားက ငြင်းရင် ငါတို့က တိုင်ဂရစ်မြစ်ကိုကျော်ဖြတ်ပြီး အခြားမြို့တိုင်းကို သိမ်းပိုက်ဖို့ ချီတက်လိုက်ရုံပဲ”

All Chapters