အရှင်ဒွန်ဟောင်ကို ပုံတူကူးခြင်း
Vol. 173 Ch. 2471
ရီဖူရှင်းက ယွီမု၏ စကားတို့ကို ကြားသောအခါ စိတ်ထဲတွင် အတော်လေး ပူပန်လာခဲ့ပေသည်။ ဗုဒ္ဓလောကအတွင်း သူ ရောက်ရှိလာကတည်းက အရှင်ဒွန်ဟောင်၏ အမည်ကို မကြာခဏ ရည်ညွှန်းကြပေသည်။
ထိုစဥ်အချိန်က ၎င်းကျော်ကြားသော ပါရမီရှင်သည် ဗုဒ္ဓအားလုံး၏ အရှင်သခင်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသည့် လူငယ်လေးတစ်ယောက် ဖြစ်သည်။ သို့သော် သူက ယခု မဟာအင်ပါယာတစ်ပါး ဖြစ်လာခဲ့ပြီး ကောင်းကင်ဒေသတစ်ခွင်ကို အုပ်စိုးနိုင်ခဲ့၏။
အရှင်ဒွန်ဟောင်က ဗုဒ္ဓလောကသို့ လာရောက်လည်ပတ်ခဲ့ဖူးပြီး တက်ရောက်လာသည့် ဗုဒ္ဓကျင့်ကြံသူအားလုံးကို ရှုံးနိမ့်စေခဲ့ကာ ဗုဒ္ဓအားလုံးအရှင်သခင်က သူ့ကို ဗုဒ္ဓကျင့်ကြံခြင်းစွမ်းရည်များထဲမှ တစ်ခုအား လက်ဆင့်ကမ်းပေးခဲ့သည်။
ယွီမုသည် ထိုအဖြစ်အပျက်ကို ပြန်တွေးမိရုံမျှနှင့် ခမ်းနားကြီးကျယ်သည့် မြင်ကွင်းကို အမှတ်ရမိပေသည်။ သူက အရှင်ဒွန်ဟောင်အကြောင်း ပြောသောအခါ မျက်လုံးများထဲ၌ တမ်းတမှုတို့အပြည့်ပင် ဖြစ်သည်။ သူ၏ မှတ်ဉာဏ်များက ထိုအချိန်အခါသို့ ပြန်လည်ခေါ်ဆောင်သွားပြီး အရှင်ဒွန်ဟောင်၏ ထူးချွန်မှုများက ပြန်လည်ရှင်သန်လာပုံရသည်။
ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့က ကိုယ်ပိုင်ရပ်တည်မှုကိုယ်စီရှိကြသော်လည်း ရီဖူရှင်းသည် ထိုထိတ်လန့်အံ့သြဖွယ်ကောင်းသည့် ဒဏ္ဍာရီပုဂ္ဂိုလ် အရှင်ဒွန်ဟောင်၏ စွမ်းရည်ကို အလွန် လေးစားပေသည်။
သူက အရှင်ဒွန်ဟောင်နှင့် ဆန့်ကျင်ဘက်တွင် တည်ရှိရန် ကြမ္မာဖန်ခဲ့လျှင် မည်သို့ ကြောက်မက်ဖွယ် ကံကြမ္မာဖြစ်လိမ့်မည်နည်း။
သူ၏ ကိုယ်ပိုင်ပါရမီက ပြိုင်ဘက်ကင်းပေသည်။ ရီဖူရှင်းက အရှင်ဒွန်ဟောင်အကြောင်းကို တွေးမိသည့်အခါ ပြင်းထန်သည့် မွန်းကြပ်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက နားလည်ရခက်ခဲသည့် မွန်းကြပ်ဖွယ်စွမ်းအား ဖြစ်လေသည်။ ကောင်းကင်ဒေသမှ အင်ပါယာကဲ့သို့သော တစ်စုံတစ်ယောက်က အမှန်တကယ် တုန်လှုပ်စေနိုင်စွမ်းရှိပါသလား။
သူက ထိုအတွေးများကို စွန့်လွှတ်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည့်အခါ ရီဖူရှင်းက လက်တွေ့အချိန်သို့ ပြန်ရောက်လာပြီး ယွီမုအား ကြည့်ကာ ပြောလိုက်သည်။ “ဗုဒ္ဓကျင့်ကြံသူတွေအားလုံး ဗုဒ္ဓပွဲတော်ကို တက်ပြီး သူတို့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ ပညာရပ်တွေကို ဆွေးနွေးတာဆိုတော့ အပြင်လူတွေရော တက်ရောက်လို့ရနိုင်လား။”
ဗုဒ္ဓကျင့်ကြံသူများ စုဝေးပွဲကို အနောက်ဘက်ကောင်းကင်၏ လိပ်ပြာတောင်ကုန်း၌ ကျင်းပမည်ဖြစ်ကာ ဗုဒ္ဓပွဲတော်အတောအတွင်း ဖြစ်ပေါ်မည့် အခမ်းနားဆုံးအဖြစ်အပျက်လည်း ဖြစ်ပေသည်။
“အမြန်ဆုံးနဲ့ မခက်ခဲတဲ့ နည်းလမ်းကတော့ မရဘူးလို့ ပြောလိုက်တာပဲ။ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက အရှင်ဒွန်ဟောင် ကိုယ်တိုင် ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲမှာ ပါဝင်ခဲ့တယ်။ ဒါပေမယ့် ဒကာလေးရီကတော့ ဒီတစ်ကြိမ်မှာ စုဝေးပွဲကို တက်ရောက်ဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်။ ဒီနေရာမှာ ဒကာလေးရီကို ရန်လိုပြီး အာရုံစိုက်နေတဲ့သူတွေ အများကြီးရှိတယ်။” ယွီမုက ပြန်ဖြေလိုက်သည်။ သူက ရီဖူရှင်း ၏ အတွေးများကို ခန့်မှန်းမိပုံရသည်။
“နားလည်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ထိုကျင့်ကြံသူများ ထွက်ခွာမသွားခင်က သူတို့သည် ရီဖူရှင်းက ဗုဒ္ဓအားလုံးအရှင်သခင်နှင့် တွေ့ဆုံခွင့်မရနိုင်ဟု ခြိမ်းခြောက်သွားခဲ့ပေသည်။
သို့သော် ဗုဒ္ဓအားလုံး၏ အရှင်သခင်ကို မတွေ့ရဘဲနှင့် ဟွာချင်းချင်းနှင့်ပတ်သတ်သော ကိစ္စကို မဖြေရှင်းနိုင်မည်မဟုတ်ဘဲ သူတို့ခရီးစဥ်၏ ရည်ရွယ်ချက်မှာလည်း ကျဆုံးသွားပေလိမ့်မည်။
သူက ဤဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကသို့ ခရီးစဥ်အတွင်း၌ သေခြင်းရှင်ခြင်း အဖြစ်အပျက်များစွာ တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ သို့သော် သူသည်လည်း ကြီးမားသည့် ဆုံးရှုံးမှုတို့ကို ခံစားခဲ့ရသည်။ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းက ဖျက်ဆီးခံလိုက်ရပြီး သူသည်လည်း နတ်ဘုရားရုပ်ကြွင်း ဆုံးရှုံးမှုကြောင့် ထိခိုက်မှုများ တွေ့ကြုံခဲ့ရသည်။
ယခု ဗုဒ္ဓကျင့်ကြံသူများစုဝေးပွဲက သူတို့ရှေ့၌ ကျင်းပတော့မည်ဖြစ်ပြီး သူတို့က မည်သို့ဖြစ်စေ ထိုနေရာသို့ သွားရမည်ဖြစ်သည်။
သူတို့က ကျရှုံးသွားလျှင်ပင် အနည်းဆုံး ကြိုးစားခဲ့ကြသည်။ ဗုဒ္ဓပွဲတော်အတွင်း သွေးမြေမကျရဟူသော စည်းမျဥ်းမှာ သူ့အတွက် အရေးသာမှုဖြစ်ပေသည်။ ဗုဒ္ဓအားလုံးအရှင်သခင် ထွက်ပေါ်လာမည့် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ဗုဒ္ဓပွဲတော်၏ တင်းကျပ်သော စည်းမျဥ်းများကို မည်သူမှချိုးဖောက်ရဲလိမ့်မည် မဟုတ်ဟု ယုံကြည်ပေသည်။
“အနောက်ဘက်ကောင်းကင်ရဲ့ သန့်စင်မြင့်မြတ်နယ်မြေမှာ ရှေးဟောင်းကျောင်းဆောင်တွေမှာ ဗုဒ္ဓကျမ်းစာတွေ ထားရှိပြီး အပြင်လူတွေဆီကနေ ကာကွယ်စောင့်ရှောက်ဖို့ ဘယ်အစောင့်အကြပ်မှ မထားရှိဘူးလို့ ကြားမိတယ်။ အဲဒီကျမ်းစာတွေကို နားလည်သဘောပေါက်နားလည်စေဖို့ သူတို့ ဆန္ဒရှိသလို သွားရောက်လေ့လာနိုင်တယ်တဲ့။ ဟုတ်လား။” ရီဖူရှင်းက ယွီမုကို မေးလိုက်သည်။
ယွီမုက သူ့ကို ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်၏။ “ဟုတ်တယ်။ ဗုဒ္ဓကျင့်ကြံခြင်း ပညာရပ်တွေကို ဖြန့်ဝေပေးထားတယ်။ အနောက်ဘက်ကောင်းကင် မြင့်မြတ်နယ်မြေက ဗုဒ္ဓကျင့်ကြံသူတွေရဲ့ သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်တယ်။ ဒါကြောင့် အရင်ဆုံး အဲဒီပညာရပ်တွေကို လူတိုင်းလေ့လာနိုင်ဖို့ လုပ်ဆောင်ရတယ်။ အဲဒီဗုဒ္ဓကျမ်းစာတွေက ပင်မရှေးဟောင်းကျောင်းဆောင်တွေကနေ မိတ္တူပွားပေးထားတာကြောင့် အနောက်ဘက်ကောင်းကင်ရဲ့ မြင့်မြတ်နယ်မြေကို လာတဲ့ ဘယ်သူမဆို အဲဒီကျမ်းစာတွေကို ကျင့်ကြံလို့ရတယ်။”
အနောက်ဘက်ကောင်းကင်၏ မြင့်မြတ်နယ်မြေသို့ လာသည့် လူတိုင်းက ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က သူတို့၏ အဆင့်၌ ထူးချွန်ပြောင်မြောက်လှသည့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
ထိုလူများ အားလုံးက အနောက်ဘက်လောကမှ ပင်မထောက်တိုင်များသဖွယ် ဖြစ်ကြပြီး ဗုဒ္ဓကျင့်ကြံခြင်းပညာရပ်များကို ဟောပြောပို့ချရန်မှာ သူတို့အတွက် အလွန် အရေးကြီးပေသည်။
“ပြီးတော့ ဗုဒ္ဓကျင့်ကြံခြင်း လျှို့ဝှက်နည်းစနစ်တွေနဲ့ တခြား ရှားပါးတဲ့ အထူးစွမ်းရည်တွေအပြင် အနောက်ဘက်ကောင်းကင်ရဲ့ ရှေးဟောင်းကျောင်းတော်တွေမှာ ဗုဒ္ဓကျမ်းစာတွေကို အများဆုံး တွေ့နိုင်တယ်။” ယွီမုက ဆက်ပြောလိုက်သည်။ “ဒကာလေးရီက အရှင်ဒွန်ဟောင်ရဲ့ ခြေရာအတိုင်းလိုက်ပြီး ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေကို နားလည်သဘောပေါက်နိုင်ရင် ဗုဒ္ဓကျင့်ကြံသူတွေ စုဝေးပွဲကို ဝင်ရောက်တဲ့အခါ အဲဒါကို အသုံးပြုပြီး တခြားဗုဒ္ဓကျင့်ကြံသူတွေနဲ့ ယှဥ်ပြိုင်နိုင်လိမ့်မယ်။”
“ဆရာသခင်ယွီမုကရော အဲဒါ ဖြစ်နိုင်မယ်ထင်လား။” ရီဖူရှင်းက မငြင်းဆန်ခဲ့ပေ။ ကြည့်ရသည်မှာ သူ လျှောက်နိုင်သည့်လမ်းက တစ်လမ်းတည်းသာ ရှိပုံရလေသည်။
“ဒါက ခက်ခဲတယ်။” ယွီမု၏ မျက်လုံးများတွင် စဥ်းစားတွေးတောနေသည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။ သူက ပြောလိုက်၏။ “ဒကာလေးရီက လူတိုင်းထက် ပိုပြီး ထူးချွန်တဲ့ အရည်အချင်းရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အချိန်က အရမ်းကပ်နေပြီ။ ဒကာလေးရီ အရင်တုန်းက ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ မထိတွေ့ခဲ့ဖူးဘူး။ အခု ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲက ရက်နည်းနည်းပဲ လိုတော့တာ။ ဒကာလေးရီအနေနဲ့ ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေကို နားလည်သဘောပေါက်ပြီး တခြားဗုဒ္ဓကျင့်ကြံသူတွေနဲ့ ယှဥ်ဆွေးနွေးဖို့ဆိုတာ လွယ်ကူတဲ့ တာဝန်တော့ မဟုတ်ဘူး။ တော်သင့်ရုံပဲ ကောင်းပါတယ်။”
အရှင်ဒွန်ဟောင်က တစ်ကြိမ်လုပ်ဆောင်ခဲ့ဖူးသည်။ သို့သော် ဤလောက၌ အရှင်ဒွန်ဟောင်ကဲ့သို့သောလူ မည်မျှများများ ရှိပါမည်နည်း။
နှစ်ထောင်ပေါင်းများစွာအတွင်း အရှင်ဒွန်ဟောင်နှင့် ယှဥ်နိုင်သူတစ်ယောက်မှ မရှိခဲ့ပေ။ အခြားသော မဟာအင်ပါယာများမှာ အရှင်ဒွန်ဟောင်မတိုင်ခင်က ကျော်ကြားခဲ့သူများ ဖြစ်ကြသည်။
“ဘယ်လောက်ပဲ ခက်ခက် ကြိုးစားကြည့်လို့ အရှုံးမရှိပါဘူး။” ရီဖူရှင်းက ပြောလိုက်သည်။
ယွီမုက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒကာလေးရီ အကျိုးအကြောင်းသင့်တယ်။”
“လွန်ခဲ့တဲ့နှစ်ရာချီက ဗုဒ္ဓကျင့်ကြံရေးနည်းစနစ်နဲ့ ပတ်သတ်ပြီး အရှင်ဒွန်ဟောင်က ဗုဒ္ဓကျင့်ကြံသူအားလုံးကို ရှုံးနိမ့်စေခဲ့တယ်။ ဒီနေ့ ဒကာလေးရီက ကောင်းကင်ဒေသကနေ လာခဲ့တာ သမိုင်း တကြော့ပြန်လာသလို ထင်ရတယ်။ ဒီအတွက် ကျုပ် တကယ်ပဲ မြင်တွေ့ချင်မိပါတယ်။ ဒီရက်တွေအတွင်း ဒကာလေးရီရဲ့ ကျင့်ကြံခြင်းကို ဘယ်သူမှ မနှောက်ယှက်ရအောင် လုပ်ပေးမယ်။” ထျန်းယင်ရဟန်း၏ အသံက အဝေးမှ ထွက်ပေါ်လာသည်။ “ယွီမု ဒကာလေးရီကို ကောင်းကောင်း စောင့်ရှောက်ပြီး သူကျင့်ကြံနေတာကို ဘယ်သူမှ နှောက်ယှက်ခွင့်မပြုနဲ့။”
ယွီမုက တုန့်ပြန်သည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။ “သိပ်ကောင်းတယ်။”
“ဒီလိုကိစ္စလေးအတွက် ဆရာသခင်ကို အနှောက်အယှက် မပေးရဲပါဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ “ဗုဒ္ဓအရှင်က ကျုပ်အတွက် တစ်ခါ ရှေ့ထွက်လာပြီး ဝင်ရောက်ဟန့်တားပေးခဲ့တယ်။ ဘယ်သူမှ ပြဿနာဖြစ်စေမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲက မကြာခင် ရောက်လာတော့မှာ။ ဆရာသခင်မှာလည်း လုပ်စရာကိစ္စတွေ အများကြီး ရှိမှာပဲ။ ကျုပ်အတွက် အလုပ်ရှုပ်မခံပါနဲ့။”
ယွီမုက ဝူထျန်းဗုဒ္ဓအရှင်၏ တပည့်တစ်ယောက်ဖြစ်သောကြောင့် သူ၏ အဆင့်အတန်းက မြင့်မားပေသည်။ သူက ရီဖူရှင်းရှေ့တွင် ယဥ်ကျေးကာ နှိမ့်ချနေသည့်ပုံပေါ်လျှင်ပင် သူက ဗုဒ္ဓဂိုဏ်းတွင် မြင့်မားသော အဆင့်အတန်းရှိသည့် ဗုဒ္ဓကျင့်ကြံသူတစ်ယောက် ဖြစ်သည်မှာ အံ့အားသင့်စရာမရှိပေ။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အခြားလူများအား အနှောက်အယှက်ပြုရန်မှာ မသင့်တော်ဟု ခံစားမိသည်။ သူသည် အခြားလူများကို မလိုအပ်ဘဲ နှောက်ယှက်ရန် ဆန္ဒမရှိပေ။
“ဒါက ပြဿနာမဟုတ်ဘူး။ ကျုပ်က ဒီအခွင့်အရေးကို အသုံးချပြီး ဗုဒ္ဓကျင့်ကြံရေးနည်းစနစ်အချို့ကို ပြန်လည်ဆန်းစစ်ရုံပါပဲ။ ကျုပ်အတွက်တော့ ဒါက ကျင့်ကြံခြင်းတစ်မျိုးပဲလို့ ဆိုနိုင်တယ်။” ယွီမုက ပြန်ဖြေလိုက်သည်။
“ဆရာသခင်က ဒီလိုလုပ်မယ်ဆိုရင် ကျုပ် ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်တွေကို လေ့လာရာမှာ သိပ်ပြီး အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။” တစ်ဖက်လူက သူ၏ ကောင်းမွန်သော စိတ်ဆန္ဒကို ဖော်ပြခဲ့သော်လည်း ရီဖူရှင်းသည် တစ်ဖက်လူ လုပ်ဆောင်ရမည့်ကိစ္စများကို မနှောင့်နှေးစေလိုပေ။
ရီဖူရှင်းက ထိုအချက်ပေါ်တွင် အခိုင်အမာ ပြောနေလေရာ ယွီမုက အတင်းအကျပ် ဖိအားမပေးတော့ပေ။ ထို့အစား သူက ပြောလိုက်၏။
“ဒကာလေးရီက ဒီလိုပြောတယ်ဆိုတော့ ကျုပ် ဒကာလေးရီ ကျင့်ကြံနေတာကို ထပ်မနှောက်ယှက်တော့ပါဘူး။ ဒါပေမယ့် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာရင်တော့ ကျုပ် လာပြီး ဖြေရှင်းပေးပါ့မယ်။ အခု ဗုဒ္ဓပွဲတော်ကျင်းပနေတာဆိုတော့ အနောက်ဘက်ကောင်းကင်ရဲ့ မြင့်မြတ်နယ်မြေမှာ ဒကာလေးရီကို နှောက်ယှက်မယ့်သူ ရှိမှာ မဟုတ်ဘူး။”
ရီဖူရှင်းက ခေါင်းညိတ်ကာ လက်နှစ်ဖက်ဆုပ်၍ ယွီမုကို အရိုအသေပေးလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”
ယွီမုကလည်း လက်အုပ်ချီဟန်ဖြင့် ပြန်ဖြေလိုက်သည်။ “အဲဒါဆို ကျုပ် အခု သွားပါတော့မယ်။”
“အန္တရာယ်ကင်းတဲ့ခရီးဖြစ်ပါစေ ဆရာသခင်။” ရီဖူရှင်းက ပြောလိုက်ပြီး ယွီမုက ရှေ့လှမ်းလိုက်သည်ကို မြင်လိုက်ရသည်။ သို့ပေမယ့် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်ဖက်လူ၏ ပုံရိပ်က အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ သူ ယခင်က မည်သည့်အခါမှ ဤနေရာသို့ မရောက်လာဖူးသလိုပင် ဖြစ်၏။ ရီဖူရှင်းသည် မဟာလမ်းစဥ် လေဟာနယ်စွမ်းအားတို့ အနည်းငယ် လှုပ်ခတ်သွားသည်ကိုသာ ခံစားမိနိုင်ပေသည်။
ရီဖူရှင်းက ထိုသည်ကို မြင်သောအခါ အတော်လေး အံ့အားသင့်သွားခဲ့သည်။ ၎င်းက ဗုဒ္ဓရောင်ဝါခြေလှမ်းပေလား။ အမှန်တကယ်ပင် ဗုဒ္ဓစွမ်းရည်ခြောက်မျိုးက အတောမသတ်နိုင်အောင် အံ့သြဖွယ်ပင် ဖြစ်လေသည်။
ယွီမု ထွက်ခွာသွားပြီးနောက် ချန်ယိက ရီဖူရှင်းကို မေးလိုက်၏။ “မင်း တကယ်ပဲ ဗုဒ္ဓကျင့်ကြံခြင်းနည်းလမ်းတွေကို ကျင့်ကြံမှာလား။”
“အဲဒါနဲ့ပတ်သတ်ပြီး ပြဿနာတစ်ခုခုရှိလို့လား။” ရီဖူရှင်းက ချန်ယိကို ပြန်မေးလိုက်၏။
ချန်ယိက ခေါင်းယမ်းလိုက်သည်။ “ရက်နည်းနည်းပဲလိုတော့တာကို အချိန် လောက်ပါ့မလား။”
ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များသည် ယခင်က သူတို့ ကျင့်ကြံခဲ့ဖူးသော နည်းစနစ်များနှင့် ကွဲပြားခြားနားပေသည်။ ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များမှာ အဆင့်မြင့်လာလေ ကျင့်ကြံရန် ပို၍ ခက်ခဲလာလေ ဖြစ်သည်။ ရီဖူရှင်းအတွက် ထိုနည်းစနစ်များကို ကျင့်ကြံရန် အချိန်အကန့်အသတ်ရှိပြီး ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်များကို အသုံးပြုကာ အခြားဗုဒ္ဓကျင့်ကြံသူများနှင့် ယှဥ်ပြိုင်ရန် မြင့်မားသော အဆင့်ထိ ကျင့်ကြံရန် ခက်ခဲလှပေသည်။
ထိုဗုဒ္ဓကျင့်ကြံသူများနှင့် ရဟန်းတို့က ကိုယ်တိုင် ထူးချွန်ပြောင်မြောက်သော ပါရမီရှင်များ ဖြစ်ကြသည်ကိုမဆိုထားနှင့် ထိုဗုဒ္ဓကျင့်ကြံသူများ၏ တပည့်များသည်ပင် အထင်ကြီးလေးစားဖွယ် ဖြစ်လေသည်။ ၎င်းက ကောင်းကင်ဒေသအတွင်း ထိပ်သီးပါရမီရှင်များ တစ်နေရာတည်းတွင် စုဝေးလာသည်နှင့် ညီမျှပေသည်။
“မဟာလမ်းစဥ်များက ဆက်စပ်နေပြီး ငါ့ရဲ့ ကျင့်ကြံခြင်းမှာလည်း နှေးကွေးသွားမှာ မဟုတ်ဘူး။” ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ သို့သော် သူက ချန်ယိ မယုံကြည်သည်ကို မြင်တွေ့ခဲ့ရသည်။
ရီဖူရှင်းသည်ပင် ထိုကိစ္စက မည်မျှ ရှုပ်ထွေးကြောင်း သိရှိပေသည်။ အဆုံးမှာတော့ သူက ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကတစ်ခွင်မှ ထိပ်သီးအဖွဲ့ဝင်များနှင့် ရင်ဆိုင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် အရှင်ဒွန်ဟောင်က ထိုလမ်းကို တစ်ကြိမ်လျှောက်ခဲ့ဖူးပြီး ယခု သူကလည်း မည်သို့ဖြစ်စေ ထိုလမ်းကို ကျိန်းသေလျှောက်ရမည် ဖြစ်သည်။
“နင် ဗုဒ္ဓကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံတဲ့အခါ ငါ ဘေးမှာ ရှိနေပေးမယ်။ အဲဒါက နင့်ကို အကူအညီတချို့ ဖြစ်စေနိုင်လိမ့်မယ်။” ဟွာချင်းချင်းက ပြောလိုက်သည်တွင် ၎င်းက ချန်ယိအား အလွန်အမင်း အံ့အားသင့်စေခဲ့သည်။ ၎င်းက ဖြစ်နိုင်ပါသည်လား။
ချန်ယိက အမူအရာတစ်ချက်ပင် မပြောင်းလဲသည့် ဟွားဂျီယူအား တစ်ချက်ခိုးကြည့်လိုက်သည်။ ထိုအခိုက်တွင် ချန်ယိက ရီဖူရှင်း၏ စွမ်းရည်ကို လေးစားမိသွားပေသည်။
“ကောင်းပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ ချန်ယိ၏ မျက်လုံးများထဲမှ လေးစားမှုတို့က ကြည်ညိုခြင်းအဖြစ် ပြောင်းလဲသွားပေသည်။
ရီဖူရှင်းသည် ချန်ယိ၏ စိတ်ထဲ၌ မည်သည့်အကြောင်းအရာတို့ တွေးနေကြောင်း မသိပါ။ ဟွာချင်းချင်း၏ စကားလုံး၌ အခြားအဓိပ္ပါယ် မရှိချေ။ သူမက မည်မျှ ထူးခြားကြောင်း ရီဖူရှင်းသာလျှင် သိရှိပေသည်။
ဤသည်ကပင် သူတို့ အနောက်ဘက်ကောင်းကင်သို့ လာရောက်ရသော အကြောင်းပြချက် ဖြစ်လေသည်။
“သွားကြစို့။” ရီဖူရှင်းက ပြောလိုက်ပြီး ရှေ့သို့ စတင်လျှောက်သွားခဲ့သည်။
“ငါ နေရာရွေးလိုက်မယ်။” ဟွာချင်းချင်းက ပြောလိုက်၏။ ရီဖူရှင်းက သူမကို ကြည့်ကာ သဘောတူလိုက်၏။ “ကောင်းပြီ။”
ထိုသို့ပြောလိုက်သည်နှင့် ဟွာချင်းချင်းက အရင်ထွက်သွားခဲ့ပြီး လူတိုင်းက သူမနောက်မှ လိုက်သွားကြသည်။
သူတို့အဖွဲ့က သာမန်ကျောင်းဆောင်တစ်ခုသို့ ရောက်ရှိလာရန် အချိန်သိပ်မယူလိုက်ရပေ။ ကျောင်းဆောင်ထဲသို့ ဝင်ရောက်သူ အနည်းငယ်သာ ရှိသော်လည်း ဟွာချင်းချင်းက တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။ ရီဖူရှင်းကလည်း သူမနောက်သို့ လိုက်သွားခဲ့၏။
ကျောင်းဆောင်အတွင်း ဝင်ရောက်သွားပြီးနောက် သူတို့က ကျမ်းစာတိုက်ကို ရှာတွေ့ခဲ့သည်။ ထိုကျမ်းစာတိုက်အတွင်း စာအုပ်စင်များပေါ်တွင် ကျောက်စိမ်းပုရပိုဒ်များဖြင့် ရေးမှတ်ထားသည့် ကျမ်းစာများရှိနေသည်။ ထိုစာအုပ်စင်များကို အမျိုးအစားအလိုက် ခွဲခြားရန် မှတ်သားထားသည့် စကားလုံးများ ရေးထွင်းထားလေသည်။
ဟွာချင်းချင်းက စာအုပ်စင်တစ်နေရာမှ အတွဲတစ်ခုကို ဆွဲထုတ်၍ ရီဖူရှင်းကို ကမ်းပေးလိုက်သည်။
ရီဖူရှင်းက ထိုကျမ်းစာကို ယူကာ ကြည့်လိုက်၏။ ထိုကျမ်းဂန်က အခြားမဟုတ်ဘဲ ဗုဒ္ဓကျင့်ကြံခြင်း၏ အခြေခံတစ်ခုဖြစ်သော နှလုံးသားကျမ်းပင် ဖြစ်လေသည်။
ထိုမျှမကဘဲ ဤနေရာမှ ကျမ်းဂန်များအားလုံးက အခြေခံ ဗုဒ္ဓကျမ်းဂန်များ ဖြစ်ကြပြီး အဆင့်မြင့်မားသော ကျင့်ကြံခြင်းနည်းလမ်းများ မဟုတ်သလို အစွမ်းထက်သည့် ဗုဒ္ဓအထူးစွမ်းရည်များကို မှတ်သားထားသည့် ကျမ်းဂန်များလည်း မဟုတ်ပေ။
သို့သော် ဟွာချင်းချင်းက သူ့ကို ဤနေရာသို့ ပထမဆုံးခေါ်ဆောင်လာပြီး နှလုံးသားကျမ်းဂန် အတွဲတစ်တွဲကို လက်ဆင့်ကမ်းပေးခဲ့သည်။
ရီဖူရှင်းသည် ဟွာချင်းချင်းက အောက်ဘုံ၌ ရှိစဥ် အချို့သော ထူးခြားသည့် ဗုဒ္ဓကျင့်ကြံရေးနည်းလမ်းများကို သိရှိခဲ့ကြောင်း သိထားပေသည်။
“ဒီနေရာမှာ ရှိတဲ့ အရေးကြီး ကျမ်းဂန်တွေကို နားလည်နိုင်မယ်ဆိုရင် ဗုဒ္ဓကျင့်ကြံရေးနည်းစနစ်တွေကို ကျင့်ကြံတဲ့အခါ တစ်ဝက်အားထုတ်ရုံနဲ့ ရလဒ်နှစ်ဆ ရလိမ့်မယ်။” ဟွာချင်းချင်းက ရီဖူရှင်းကို ပြောလိုက်ပြီး ရီဖူရှင်းက သဘောတူလိုက်သည်။ သူက နတ်အာရုံနှင့် ကျမ်းဂန်များအတွင်း စူးစမ်းနေပြီး ချက်ချင်းပင် စကားလုံးများက သူ့စိတ်ထဲသို့ မျောလွင့်လာပေသည်။ ၎င်းတို့က ကျမ်းဂန်၌ပါသည့် အကြောင်းအရာများ ဖြစ်လေသည်။
တစ်ချိန်တည်းတွင် သူ့ဘေး၌ ရှိနေသည့် ဟွာချင်းချင်းက မျက်လုံးများကို မှိတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတို့က သူမကို ရစ်ပတ်လာခဲ့သည်။ သူမ၏ နူးညံ့သော နှုတ်ခမ်းများက လှုပ်ရှားလာ၏။ ထူးဆန်းသည့် ဗုဒ္ဓအသံတော်တစ်ခုက ရီဖူရှင်း၏ နားအတွင်း ဝင်ရောက်လာကာ ချက်ချင်းပင် ရီဖူရှင်းက ထူးခြားဆန်းကြယ်သည့် အခြေအနေအတွင်း ကျရောက်သွားခဲ့ပေသည်။ ထိုအခိုက်အတန့်တွင် သူက ဆန်းကြယ်သည့် ခံစားမှုကို ပေးစွမ်းသော ဗုဒ္ဓနှလုံးသားလမ်းစဥ်အတွင်း ဝင်ရောက်သွားသကဲ့သို့ ဖြစ်လေသည်။