အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
၁၅၁
မဖြစ်နိုင်တာ။
ဒါ လုံးဝကို မဖြစ်နိုင်တဲ့အရာပဲ။
ဤအတွေးသည် သူမ၏ ဦးနှောက်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောက်လင်းသည် ခေါင်းကို အမြန်ပင် ခါယမ်းလိုက်မိသည်။ ဤစိတ်ကူးမှာ အလွန်ပင် ရယ်စရာကောင်းလှပြီး ပုံမှန်ယုတ္တိဗေဒနှင့်လည်း လုံးဝ ကိုက်ညီမှု မရှိချေ။
ဇွန်ဘီဆိုသည်မှာ ဇွန်ဘီသာဖြစ်သည်။ ၎င်းတို့သည် ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ကြသည့် မိစ္ဆာအုပ်စုတစ်စုမျှသာ ဖြစ်သည်။ သူတို့က လူသားအသိစိတ်ကို ဘယ်လို ဆက်လက် ထိန်းသိမ်းထားနိုင်ပါမှာလဲ။
ရဲအရာရှိတစ်ဦးအနေဖြင့် ကျောက်လင်းသည် ကမ္ဘာပျက်ပြီးနောက် ဇွန်ဘီများနှင့် တိုက်ရိုက် ထိတွေ့ခဲ့ရသော ပထမဆုံး လူသားအုပ်စုတွင် ပါဝင်ခဲ့သည်။ ဇွန်ဘီအဖြစ်သို့ လုံးဝ ပြောင်းလဲသွားပြီးသော သူများဖြစ်စေ၊ ဇွန်ဘီကိုက်ခံရပြီးနောက် တဖြည်းဖြည်း ဗီဇပြောင်းလာသူများဖြစ်စေ ကျောက်လင်းသည် သူတို့အားလုံးနှင့် ထိတွေ့ခဲ့ဖူးသည်။
ဤကောင်များသည် ဗီဇပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် သူတို့၏ အသိဥာဏ်များကို ဆုံးရှုံးသွားကြပြီး အသိဉာဏ်မဲ့သော၊ သွေးဆာနေသော မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့၏ ကိုယ်ပိုင် ဆွေမျိုးသားချင်းများ သို့မဟုတ် သူငယ်ချင်းများပင် ဖြစ်စေ ဇွန်ဘီများအတွက်မူ အသားနှင့် သွေးကို ဝါးမျိုရန်မှလွဲ၍ အခြား မည်သည့် အတွေးမျှ ရှိပုံမရပေ။
ကနဦးတွင် ရဲစခန်းသည် ဤကဲ့သို့သော အရူးအမူး ဗီဇပြောင်းလဲမှု အခြေအနေကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုစဉ်က ဤသည်မှာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားမည့် ဇွန်ဘီကပ်ဘေးကြီး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မသိရှိခဲ့ကြပေ။ သို့သော် မကြာမီမှာပင် ကျောက်လင်းနှင့် အခြားသူများသည် ဤအခြေအနေမှာ သာမန် ခွေးရူးပြန်ရောဂါနှင့် ဘယ်လိုမျှ နှိုင်းယှဉ်၍ မရကြောင်း တွေ့ရှိခဲ့ကြသည်။ ဗီဇပြောင်းသွားသူများတွင် မည်သည့် အတွေးအခေါ်မျှ မရှိတော့ချေ။
မည်သည့် နည်းလမ်းနှင့်မျှ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ လူသားအမှတ်တရ အနည်းငယ်ကိုပင် ပြန်လည်နိုးထလာအောင် လုပ်ဆောင်၍ မရခဲ့ပေ။ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ပြီးနောက် ရဲစခန်းသည် ဇွန်ဘီဖြစ်သွားသူများကို ကယ်တင်ရန် မကြိုးစားတော့ဘဲ လူသားဆန်စွာ အဆုံးစီရင်ရန်နှင့် တိုက်ရိုက် သုတ်သင်ရှင်းလင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ကျောက်လင်းသည် ဇွန်ဘီပေါင်းများစွာနှင့် ထိတွေ့ခဲ့ဖူးသော်လည်း လူသားအသိစိတ် ရှိနေသော ဇွန်ဘီတစ်ကောင်ကိုမျှ တစ်ခါမျှ မတွေ့ခဲ့ဖူးချေ။
ကျောက်လင်းတစ်ယောက် သူမရှေ့က ဇွန်ဘီဘုရင်မှာ လူသားအသိစိတ် ရှိနေနိုင်သည်ဟူသော အတွေးကို လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။ ဤအယူအဆမှာ အလွန်ပင် ရယ်စရာကောင်းလွန်းလှသည်။
အကယ်၍ ဇွန်ဘီတစ်ကောင်က လူသားအသိစိတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တယ်ဆိုရင်...
သူ့ကို သေနေသူလို့ သတ်မှတ်ရမလား ဒါမှမဟုတ် ရှင်နေသူလို့ သတ်မှတ်ရမလား။
ဤအတွေးမှာ အဓိပ္ပာယ်မရှိသလို ထင်ရသော်လည်း သူမ ယခုမျက်မှောက်မြင်တွေ့နေရသော မြင်ကွင်းများက သူမကို အကြီးအကျယ် တုန်လှုပ်စေသည်။ အကယ်၍ ဇွန်ဘီဘုရင်မှာ လူသားအသိစိတ်သာ မရှိခဲ့လျှင် သူက ဘာကြောင့် လယ်ယာမြေတွေကို စိုက်ပျိုးနေရတာလဲ။ ဘာကြောင့် ခြံစည်းရိုးတံတိုင်းတွေကို စနစ်တကျ ခိုင်ခံ့အောင် လုပ်နေရတာလဲ။
သွေးဆာနေတဲ့ ဇွန်ဘီအုပ်စုတစ်စုက ဒီလိုအလုပ်မျိုးတွေကို လုပ်နိုင်ပါ့မလား။ သတ်ဖြတ်ဖို့ပဲ သိတဲ့ ဇွန်ဘီတွေက လူသားကလေးငယ်တစ်ယောက်ကို ဘယ်လိုလုပ် ပြုစုပျိုးထောင်နိုင်မှာလဲ။
သူမရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ရုံတင်မကဘဲ ဧရာမ ကစားကွင်းကြီးကိုပါ တည်ဆောက်ပေးထားတယ်ဆိုတာကော လမ်းမပေါ်မှာ လူတွေကို လိုက်ကိုက်နေတဲ့ ဇွန်ဘီတစ်ကောင်က ဒီလောက်အထိ လူသားဆန်တဲ့ အပြုအမူမျိုးတွေကို လုပ်နိုင်ပါ့မလား။
နေရောင်ခြည်ရပ်ကွက်မှာ ရှိစဉ်က ထိုလျှို့ဝှက်ဆန်းကြယ်သော ကိုယ်ပျောက်လူပြောခဲ့သည့် စကားများကို ကျောက်လင်း မရည်ရွယ်ဘဲ ပြန်လည်သတိရမိသွားသည်။ ဇွန်ဘီဘုရင်သည် အခြားဇွန်ဘီများနှင့် မတူဘဲ ထူးခြားကြောင်း၊ ၎င်းတွင် အတိုင်းအတာတစ်ခုအထိ အသိဉာဏ်ရှိပြီး နောက်ကွယ်ကနေ ဇွန်ဘီတွေကို ကြိုးကိုင်နိုင်စွမ်းရှိကြောင်း သိခဲ့ရသည်။ သို့သော် ယခုကြည့်ရသည်မှာ ရိုးရိုးအသိဉာဏ်ထက် များစွာ သာလွန်နေပုံရသည်။
လူသားအသိစိတ်ရှိနေတဲ့ သတ္တဝါတစ်ဦးသာ မဟုတ်ရင် ငါမြင်တွေ့နေရတဲ့ ဒီအရာတွေက ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ဇွန်ဘီဘုရင်က တကယ်ပဲ လူသားအသိစိတ်ကို ထိန်းသိမ်းထားနိုင်တယ်ဆိုရင်ရော...
ဤရှုပ်ထွေးလှသော အတွေးများက သူမ၏ ဦးနှောက်ထဲတွင် တရစပ် လည်ပတ်နေပြီး ကျောက်လင်းကို ဝေခွဲမရ ဖြစ်စေတော့သည်။
"ရော့... ဒါက သမီးရဲ့ အိမ်စာတွေ အန်တီ နည်းနည်း စစ်ပေးလို့ ရမလား"
အိမ်စာများ ပြီးသွားသဖြင့် ကျိရုရွှယ်သည် လေ့ကျင့်ခန်းစာအုပ်ကို ကျောက်လင်းထံသို့ စိတ်မပါ့တပါဖြင့် ကမ်းပေးလိုက်သည်။ ယခင်ဘဝက နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရခဲ့သည့် သူမအဖို့ ယခုကဲ့သို့ မူလတန်းအဆင့် အိမ်စာများကို အခြားသူအား အစစ်ခိုင်းနေရသည်မှာ...
ကျိရုရွှယ်၏ စကားသံကြောင့် ကျောက်လင်း သတိပြန်ဝင်လာပြီး စာအုပ်ကိုယူကာ စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ ချီချီလေးသည် မေးခွန်းတိုင်းကို မှန်ကန်စွာ ဖြေဆိုထားသည်ကို တွေ့ရသဖြင့် သူမ၏ မျက်လုံးများ တောက်ပသွားရသည်။ မည်သူမျှ သင်ကြားမပေးဘဲ ကိုယ့်ဘာသာ လေ့လာပြီး ဤမျှအထိ မှန်ကန်အောင် ဖြေဆိုနိုင်ခြင်းမှာ အံ့ဩစရာပင်။ အကယ်၍ ချီချီလေးသာ ပုံမှန်လူသားလောကမှာ ကြီးပြင်းခွင့်ရခဲ့လျှင် သူမ၏ အနာဂတ်မှာ မည်မျှအထိ တောက်ပလိမ့်မည်ကို ကျောက်လင်း မတွေးရဲအောင်ပင်။
"ချီချီလေးက တကယ်တော်တာပဲ အားလုံး မှန်တယ်နော်"
ကျောက်လင်းက ပြုံး၍ ချီးကျူးလိုက်သည်။
"အန်တီ တွေ့ဖူးသမျှထဲမှာ သမီးက အတော်ဆုံး ကလေးလေးပဲ"
ကျောက်လင်းသည် ချီချီလေးကို ကြည့်ရင်း စကားပြောရန် တုံ့ဆိုင်းနေမိသည်။ သူမ၏ ဦးနှောက်ထဲက သံသယတွေကို ချီချီလေးဆီကနေတစ်ဆင့် အဖြေရှာချင်သော်လည်း ကလေးမလေး၏ ကြည်လင်သော မျက်ဝန်းများကို ကြည့်ရင်း သက်ပြင်းချကာ ထိုစိတ်ကူးကို လက်လျှော့လိုက်ရသည်။
အကယ်၍ ဇွန်ဘီဘုရင်က လူသားအသိဉာဏ် ရှိနေသည်မှာ အမှန်ဖြစ်ခဲ့လျှင် ဤသည်မှာ ကမ္ဘာကို တုန်လှုပ်စေမည့် လျှို့ဝှက်ချက်ကြီး ဖြစ်ပေလိမ့်မည်။
ထို့အပြင် ကျောက်လင်း ကောင်းစွာသိသည်မှာ... ချီချီလေး၏ ထက်မြက်မှုနှင့်ဆိုလျှင် သူမ တစ်ခုခု ထူးထူးခြားခြား မေးမြန်းလိုက်သည်နှင့် ကလေးမလေးက ရိပ်မိသွားမည်ဖြစ်ပြီး ဘာမှ ပြောပြလိမ့်မည် မဟုတ်ပေ။
ဤကလေးငယ်သည် ငယ်ရွယ်သော်လည်း ဘာကို ပြောသင့်ပြီး ဘာကို မပြောသင့်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်ထားသည်။
နေရောင်ခြည်ရပ်ကွက်မှာ ရှိစဉ်ကတည်းက ကျောက်လင်းသည် ဤအချက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရဖူးသည်။
သူမ အရေးကြီးသော မေးခွန်းများ မေးမြန်းတိုင်း ချီချီလေးသည် အဖြေကို အမြဲတမ်း ရှောင်လွှဲသွားလေ့ရှိသည်။
ဤကလေးငယ်သည် အပြင်ပန်း မြင်တွေ့နေရသကဲ့သို့ ရိုးရှင်းသူတစ်ဦး မဟုတ်ပေ။
ထို့ပြင် ဇွန်ဘီဘုရင်သည် လက်ရှိတွင် မည်သည့်အရာမျှ မလုပ်ဆောင်သေးသော်လည်း သူမကို အမြဲတမ်း စောင့်ကြည့်နေမည်ဖြစ်ကြောင်း ကျောက်လင်း အသေအချာ အာမခံနိုင်သည်။ အကယ်၍ သူမက တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း စူးစမ်းရန် သို့မဟုတ် စည်းကျော်သော အပြုအမူတစ်ခုခု လုပ်ရန် ဆုံးဖြတ်လိုက်သည်နှင့် ဇွန်ဘီဘုရင်က ချက်ချင်း သိသွားပေလိမ့်မည်။
ဇွန်ဘီဘုရင်နှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ဖူးသဖြင့် ၎င်း၏ စရိုက်ကို သူမ အတိုင်းအတာတစ်ခုအထိ သိရှိထားသည်။ ဤကောင်သည် သာမန်ထက်ပို၍ သတိကြီးသူဖြစ်သည်။ အကယ်၍ ဇွန်ဘီဘုရင်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေပါက ထိုလျှို့ဝှက်ချက်ကို သူမအား ယူဆောင်သွားခွင့် ပေးမည်မဟုတ်ချေ။
ကျောက်လင်းဘက်မှ တစ်ခုခုကို မတော်တဆ လွှတ်ခနဲ ပြောမိသွားပါက ဇွန်ဘီဘုရင်သည် သူမကို သေချာပေါက် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
သူမတွင် သေရာမှ ပြန်ရှင်နိုင်သော စွမ်းရည်ရှိသော်လည်း ဤစွမ်းရည်တွင်လည်း အကန့်အသတ်ရှိကြောင်း နောက်တစ်ကြိမ် သေဆုံးချိန်တွင် ပြန်နိုးလာမည်ဟု အာမခံချက်မရှိကြောင်း ကျောက်လင်း နားလည်လာသည်။ သူမသည် ရှုပ်ထွေးလှသော အတွေးများကြောင့် မျက်မှောင်ကြုတ်ကာ စိတ်ညစ်ညူးနေမိတော့သည်။
အကယ်၍ ဇွန်ဘီဘုရင်သည် လူသားအသိစိတ်ကို အမှန်တကယ် ထိန်းသိမ်းထားနိုင်ပြီး ပုံမှန်
လူသားတစ်ဦးကဲ့သို့ တွေးတော လှုပ်ရှားနိုင်သည်ဆိုပါက...
သူ့ကို လူသားလို့ သတ်မှတ်ရမှာလား ဇွန်ဘီလို့ သတ်မှတ်ရမှာလား။
လူသားနဲ့ ဇွန်ဘီကြားက နယ်နိမိတ်ကို ဘယ်အရာက ပိုင်းခြားထားတာလဲ။
ဇွန်ဘီတိုင်းသည် လူသားဘဝမှ ပြောင်းလဲလာသူများဖြစ်ပြီး အသိဉာဏ်မဲ့သော၊ သွေးဆာနေသော မိစ္ဆာအုပ်စုများ ဖြစ်ကြသည်။ သို့သော် ဇွန်ဘီတစ်ကောင်တွင် လူသားကဲ့သို့ အသိစိတ်ရှိနေပါက ဤမျိုးနွယ်စုနှစ်ခုကို ဘယ်လို ခွဲခြားသတ်မှတ်မှာလဲ။
ခွေးရူးပြန်ရောဂါ ကူးစက်ခံရသူများသည်လည်း ရူးသွပ်သွားပြီး လူသားများကို တိုက်ခိုက်တတ်ကြသော်လည်း လူ့အဖွဲ့အစည်းက သူတို့ကို လူသားအဖြစ်ပင် သတ်မှတ်ထားဆဲဖြစ်သည်။
ဒါဆိုရင် ဇွန်ဘီတွေကျတော့ကော….
အရေးအကြီးဆုံးအချက်မှာ အကယ်၍ ဇွန်ဘီဘုရင်တွင် လူသားအသိစိတ် အမှန်တကယ် ရှိနေခဲ့ပါက သူသည် သူ့ကိုယ်သူ လူသားတစ်ဦးအဖြစ် သတ်မှတ်နေတာလား သို့မဟုတ် သွေးဆာနေသော ဇွန်ဘီများထဲမှ တစ်ဦးအဖြစ် သတ်မှတ်နေတာလား။
အကယ်၍ ပထမအချက်သာ မှန်ကန်ခဲ့လျှင် ဇွန်ဘီဘုရင်သည် သူ၏ စွမ်းရည်များနှင့် လူသားအသိစိတ်ကို အသုံးချ၍ ဇွန်ဘီအားလုံးကို စုစည်းကာ ဤကမ္ဘာပျက်ကပ်ကြီးကို တစ်ကိုယ်တော် အဆုံးသတ်ပေးနိုင်ပေလိမ့်မည်။ သို့သော် အကယ်၍ ဒုတိယအချက်သာ မှန်ကန်ခဲ့ပါက လူသားအသိစိတ်ရှိသော ဤဇွန်ဘီဘုရင်သည် လူသားအားလုံးအတွက် အဆိုးရွားဆုံးသော အိပ်မက်ဆိုးကြီးပင်။
အခန်း။ ၁၅၂
ဆယ်ရက်တာ အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့သည်။
ဤကာလအတွင်း လုချွမ်းသည် နေ့ညမနားဘဲ ကြိုးပမ်းအားထုတ်ကာ သူ၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို အသုံးပြု၍ ချင်းရွှေလယ်ယာခြံ၏ ပတ်လည်တံတိုင်းများကို ကျောက်တုံးများဖြင့် အခိုင်အမာ တည်ဆောက်ခဲ့သည်။
ကမ္ဘာမပျက်မီ ငြိမ်းချမ်းသောခေတ်က အသုံးပြုခဲ့သည့် သံဆူးကြိုးများနှင့် သစ်သားခြံစည်းရိုးများမှာ ယခုကဲ့သို့သော ဇွန်ဘီကပ်ဘေးကာလအတွက် လုံလောက်မှု မရှိတော့ချေ။
လုချွမ်း၏ ကြိုးပမ်းမှုကြောင့် ချင်းရွှေလယ်ယာခြံ ပတ်လည်တွင် မြင့်မားခိုင်ခံ့သော ကျောက်တံတိုင်းကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဤတံတိုင်းမှာ လယ်ယာခြံအတွင်းရှိသူများအတွက် ပိုမိုကောင်းမွန်သော လုံခြုံရေးနှင့် ခံစစ်စွမ်းရည်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
ခံစစ်တံတိုင်း၏ ထူးခြားချက်များမှာ ၁၃ ပေခန့်အထိ မြင့်မားပြီး ၂ မီတာအထိ ထူထဲသဖြင့် အလွယ်တကူ ဖျက်ဆီး၍မရနိုင်ပေ။
ယခင်ရှိပြီးသား သံဆူးကြိုးများကို မဖြုန်းတီးဘဲ ကျောက်တံတိုင်း၏ ထိပ်တွင် အခိုင်အမာ ပြန်လည်တပ်ဆင်ထားသဖြင့် ကျော်တက်ရန် အလွန်ခက်ခဲသွားသည်။
ဤကျောက်တံတိုင်းကြီးသည် သာမန်ဇွန်ဘီများ သို့မဟုတ် ရှင်သန်သူများ၏ ကျူးကျော်မှုကို ကောင်းစွာ ခုခံနိုင်ရုံသာမက ချင်းရွှေလယ်ယာခြံကို ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ်
ဖြတ်ကာ လုံခြုံစေခဲ့သည်။
ထို့အပြင် လုချွမ်းသည် ဇွန်ဘီရုပ်သေးအမြောက်အမြားကို တံတိုင်းတစ်လျှောက် နေ့ညမပြတ် ကင်းလှည့်စောင့်ကြပ်စေခဲ့သည်။
လုချွမ်း၏ ပြုပြင်မွမ်းမံမှုများကြောင့် ယခင်က စွန့်ပစ်ထားသော လယ်ယာခြံဟောင်းလေးမှာ ယခုအခါ အပြင်ပန်းမှကြည့်လျှင် စစ်ဘက်ဆိုင်ရာ ခံတပ်ကြီးတစ်ခု နှင့်ပင် တူနေတော့သည်။
တံတိုင်းကာကွယ်ရေးကိုသာမက လုချွမ်းသည် လယ်ယာခြံအတွင်းပိုင်းကိုလည်း ဂရုစိုက်ခဲ့သည်။
ဇွန်ဘီရုပ်သေးများ၏ မနားမနေ အလုပ်လုပ်မှုကြောင့် စွန့်ပစ်ထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများမှာ ပြန်လည်အသက်ဝင်လာခဲ့သည်။ စိုက်ပျိုးထားသော မျိုးစေ့များမှာ အောင်မြင်စွာ အညှောက်ထွက်လာပြီးနောက် စိမ်းလန်းသော ပျိုးပင်လေးများ မြေပြင်မှ ထွက်လာကြပြီဖြစ်သည်။
ထူးခြားချက်မှာ လယ်ယာမြေအတွင်းရှိ အသားနှင့်သွေးများ၏ တည်ရှိမှုက မြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များကို များစွာ မြှင့်တင်ပေးလိုက်ပုံရသည်။ ယခင်က ခြောက်သွေ့နေသော မြေဆီလွှာမှာ ယခုအခါ သီးနှံများ ရှင်သန်ဖြစ်ထွန်းရန် အကောင်းဆုံး မြေဩဇာကောင်းသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
အပင်များသည် အံ့ဩစရာကောင်းလောက်အောင် သန်စွမ်းစွာ ရှင်သန်လာကြသည်။ ဤကာလအတွင်း လုချွမ်းသည် စိမ်းလန်းစပြုလာသော ပျိုးပင်လေးများကို မကြာခဏ လာရောက်
ကြည့်ရှုလေ့ရှိပြီး ၎င်းတို့၏ အခြေအနေမှာ ထင်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေသည်။
ကစားကွင်းဘက်တွင်လည်း သေးငယ်သော အပြောင်းအလဲတစ်ခု ရှိလာခဲ့ကာ ၎င်းမှာ ကစားကွင်းပစ္စည်းများကြားတွင် အိပ်ရာတစ်ခု ပေါ်လာခြင်းပင်...
လုချွမ်းသည် ကျောက်လင်း၏ လှုပ်ရှားမှုမှန်သမျှကို ဧရာမဇွန်ဘီ ၂ ၏ စောင့်ကြည့်မှုမှတစ်ဆင့် အမြဲမပြတ် အကဲခတ်နေခဲ့သည်။
ဤအူကြောင်ကြောင် မိန်းမသည် နေရောင်ခြည်ရပ်ကွက်မှာ ရှိစဉ်ကနှင့် လုံးဝမတူတော့ဘဲ ဤရက်ပိုင်းအတွင်း အလွန်ငြိမ်သက်ရိုးသားစွာ နေထိုင်နေလေသည်။
သူမသည် ချီချီလေးအတွက် အဖော်ရရုံသာမက အိမ်စာများကိုလည်း စိတ်ပါလက်ပါ သင်ကြားပေးနေသည်ကို မြင်ရသဖြင့် လုချွမ်းသည် ယခုတစ်ခေါက်တွင် သူမအပေါ် အလွန်အကျွံ မရက်စက်တော့ပေ။
သူသည် ရက်ရက်ရောရောပင် ဇွန်ဘီရုပ်သေးနှစ်ကောင်ကို စေလွှတ်၍ လျှောစီးစင်အနားသို့ ကုတင်တစ်လုံး ရွှေ့ခိုင်းလိုက်သည်။ ကုတင်ကို လျှောစီးစင်အောက်တည့်တည့်တွင် ထားရှိပေးထားသဖြင့် လေတိုက်ခြင်းနှင့် မိုးရွာခြင်းဒဏ်မှလည်း အကာအကွယ်ရစေသည်။
လုချွမ်းအနေဖြင့် သူသည် ကျောက်လင်းအပေါ် အလွန်ပင် စေတနာထားနေပြီဟု ကိုယ်တိုင်ယူဆနေမိသည်။
ကျောက်လင်းကိုယ်တိုင်ကလည်း ဤအခြေအနေကို အတော်လေး ကျေနပ်နေပုံပင်...
ယခင်က နေရောင်ခြည်ရပ်ကွက်တွင် သူမသည် ဇွန်ဘီအုပ်စု၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံခဲ့ရသဖြင့် ပြင်းထန်စွာ နာကျင်ပြီး သွေးထွက်သံယိုဖြစ်ခဲ့ရုံသာမက ခြေထောက်နှစ်ဖက်လုံးပင် ချိုးခံခဲ့ရဖူးသည်။
ယခုတစ်ခေါက်တွင်မူ ပထမဆုံးတွေ့ဆုံစဉ် အရိုက်ခံရသည်မှလွဲ၍ ဇွန်ဘီဘုရင်သည် သူမအပေါ် လက်ဖျားနှင့်ပင် မတို့တော့ချေ။ ယခုဆိုလျှင် သူမအတွက် ကိုယ်ပိုင်ကုတင်ပင် ရရှိနေပြီဖြစ်သည်။
ကမ္ဘာပျက်ကပ်အတွင်း အမြဲတမ်း ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ကျောက်လင်းသည် ယခင်က ပိန်ချောင်ကာ ဖြူဖျော့အားနည်းနေခဲ့ပြီး လမ်းလျှောက်လျှင်ပင် အင်အားမရှိသလို ဖြစ်နေခဲ့သည်။
သို့သော် ချင်းရွှေလယ်ယာခြံတွင် အနားယူပြီးနောက် သူမ၏ အသားအရေမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ကမ္ဘာမပျက်မီကကဲ့သို့ တောက်ပသော အလှမျိုး မဟုတ်သေးသော်လည်း အနည်းဆုံးတော့ သူမ၏မျက်နှာတွင် ကျန်းမာသော သွေးရောင်များ ပြန်လည်လွှမ်းမိုးလာပြီး လန်းဆန်းတက်ကြွလာပုံရသည်။
လုချွမ်း၏ သံကြိုးဖြင့် ချည်နှောင်ခံထားရဆဲဖြစ်သော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ များစွာ တိုးတက်လာခဲ့သည်။
အဓိကအချက်မှာ ချင်းရွှေလယ်ယာခြံအတွင်း၌ ဇွန်ဘီပေါင်းများစွာက သူမကို ဝန်းရံကာကွယ်ပေးထားသဖြင့် ကျောက်လင်းသည် ဇွန်ဘီတိုက်ခိုက်ခံရမည်ကို မစိုးရိမ်ရတော့ဘဲ စိတ်အေးလက်အေး အနားယူနိုင်ခြင်းပင်။
အထက်မှ ကောင်းကင်ပြင်ကြီးကို မော့ကြည့်ရင်း ကျောက်လင်း၏ စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။
ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားပြီးနောက်ပိုင်း သူမအတွက် အေးချမ်းမှုအရှိဆုံး အချိန်ကာလမှာ ဇွန်ဘီဘုရင်နှင့် ခေါင်မိုးတစ်ခုတည်းအောက်တွင် အတူနေထိုင်ရသည့် အချိန်များဖြစ်
နေသည်မှာ ငြင်းမရပေ။
နေရောင်ခြည်ရပ်ကွက်တွင် ရှိစဉ်က သူမ၏ ခြေထောက်များ အချိုးခံခဲ့ရသော်လည်း စားစရာ အလုံအလောက်ရှိခဲ့ပြီး အခြားရှင်သန်သူများကဲ့သို့ စားစရာတစ်လုပ်အတွက် အသက်နှင့်ရင်း၍ ရုန်းကန်ခဲ့ရခြင်း မရှိပေ။
ယခုတစ်ခေါက် ချင်းရွှေလယ်ယာခြံမှ ဘဝမှာမူ ယခင်ကထက်ပင် ပိုမိုသာယာလှသည်။ ခြေထောက်များလည်း အကောင်းပကတိရှိနေသည့်အပြင် ပတ်ဝန်းကျင်မှာလည်း နေရောင်ခြည်ရပ်ကွက်ထက် ပိုမိုကျယ်ဝန်းလှသည်။ သဘာဝတရားနှင့် နီးစပ်မှုရှိခြင်းက စိတ်ကိုကြည်လင်စေပြီး အစားအသောက်များမှာလည်း ယခင်ကထက်ပင် ပိုကောင်းလာခဲ့သည်။
ဇွန်ဘီဘုရင် ချက်ပြုတ်ထားသော အသားဆန်ပြုတ်ကို သူမ ဤမျှအထိ စွဲလမ်းနှစ်သက်သွားလိမ့်မည်ဟု ကျောက်လင်း တစ်ခါမျှ မတွေးခဲ့ဖူးချေ။
ထိုဆန်ပြုတ်မှာ အလွန်အရသာရှိလှပြီး သောက်လိုက်တိုင်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နွေးထောင်သွားကာ အင်အားများ ပြည့်ဝလာသကဲ့သို့ ခံစားရစေသည်။
"ဆင့်ကဲပြောင်းလဲသူ လူသားတစ်ယောက်ဖြစ်တဲ့ ငါက ဇွန်ဘီတွေကြားထဲမှာ ဒီလောက် သက်သောင့်သက်သာ နေထိုင်နေရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး"
"အဆန်းကြယ်ဆုံးအချက်ကတော့ ဒီချင်းရွှေလယ်ယာခြံမှာ ဇွန်ဘီဘုရင်နဲ့ အတူနေရတာက ငါရဲစခန်းမှာ ရှိနေခဲ့တုန်းကထက်တောင် ပိုပြီး စိတ်ချမ်းသာဖို့ကောင်းနေတာပဲ..."
လက်ရှိဘဝက ကျောက်လင်း၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ဖြစ်နိုင်လျှင် တစ်နေ့နေ့တွင် လူသားများနှင့် ဇွန်ဘီများမှာ ယခုကဲ့သို့ပင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ရှင်သန်နိုင်ကြမလား...
အကယ်၍ အခြားဇွန်ဘီဘုရင်သာဆိုလျှင် မဖြစ်နိုင်သော်လည်း ချီချီလေး၏ ဖခင်ကဲ့သို့ လူသားအသိစိတ် ရှိနေသော ဇွန်ဘီဘုရင်မျိုးနှင့်ဆိုလျှင်မူ ဤမျှော်လင့်ချက်မှာ အမှန်တကယ် ဖြစ်လာနိုင်၏..
ဤဆယ်ရက်တာအတွင်း လုချွမ်းသည်လည်း မြို့ပြခရိုင်အတွင်း၌ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ မြို့၏ တောင်ဘက်ပိုင်းဒေသ တစ်ခုလုံးနီးပါးကို လုချွမ်းက သူ၏ ထိန်းချုပ်မှုအောက်သို့ သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။
ဇွန်ဘီရုပ်သေးအဖွဲ့များ၏ စဉ်ဆက်မပြတ် ရှာဖွေမှုများကြောင့် မြို့တောင်ဘက်ပိုင်းရှိ ဆင့်ကဲဇွန်ဘီများနှင့် အရင်းအမြစ်များကို သူ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
ကျန်ရှိနေသော သာမန်ရှင်သန်သူများကိုမူ လုချွမ်းက အထူးတလည် အာရုံစိုက်ခြင်း မပြုတော့ချေ။
ဇွန်ဘီရုပ်သေးများ၏ အင်အားကို တိုးချဲ့ရန် လုချွမ်းသည် အမြဲတမ်း ကြိုးပမ်းနေခဲ့သည်။ သူသည် သာမန် ပထမအဆင့် ဆင့်ကဲဇွန်ဘီများကို လိုက်လံအမဲလိုက်ခြင်းဖြင့် သူ၏ ဒုတိယအဆင့်ဇွန်ဘီရုပ်သေးများကို ပျိုးထောင်ခဲ့သည်။
အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ပြီးနောက် ယခုအခါ လုချွမ်း၏ လက်အောက်တွင် ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီ အကောင် ၂၀ ထက်မနည်း ရှိနေပြီဖြစ်သည်။ အများစုမှာ လျင်မြန်မှုအားသာသော အမျိုးအစားနှင့် ခံစစ်အားကောင်းသော အမျိုးအစားများ ဖြစ်ကြသည်။
လျှပ်စီးအဖွဲ့သည် ယခုအခါ လျှပ်စီး ၈ အထိ ရှိလာကာ တင့်ကားအဖွဲ့မှာ ညီအစ်ကို ၆ ယောက်အထိ အောင်မြင်စွာ စုစည်းနိုင်ခဲ့ပြီး နောက်ဆုံးအဖွဲ့ဝင် လျိုပန်းသည်လည်း ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဧရာမဇွန်ဘီအဖွဲ့တွင်လည်း ဒုတိယအဆင့် ဧရာမဇွန်ဘီ ၃ ကောင်အထိ ပိုင်ဆိုင်ထားပြီဖြစ်သည်။
ဤကာလအတွင်း ခန္ဓာကိုယ်တစ်ခုလုံး နီရဲနေသော ဒုတိယအဆင့် မီးလျှံဇွန်ဘီတစ်ကောင်နှင့်လည်း တွေ့ဆုံခဲ့သည်။
မြေလျှိုးဇွန်ဘီသည် ယခင်အတိုင်း တစ်ကောင်တည်းသာ ရှိသေးသော်လည်း ၎င်း၏ အသုံးဝင်မှုမှာ အလွန်ကြီးမားသည်။
ဤမျှများပြားသော ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီများနှင့်အတူ လုချွမ်း၏ အင်အားမှာ အလွန်
ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
လယ်ယာခြံမှာ စည်ပင်ထွန်းကားလာပြီး သူ၏အစွမ်းမှာလည်း တိုးတက်နေဆဲဖြစ်သည်။
ချီချီလေးမှာလည်း စာကို ကြိုးစားသင်ယူနေသဖြင့် နေ့စဉ်နှင့်အမျှ တိုးတက်မှုများ ရှိနေသည်။ ခြောက်သွေ့နေသော ဤကမ္ဘာပျက်ကပ်အတွင်းမှာပင် လုချွမ်းသည် လုံခြုံမှုနှင့် ငြိမ်းချမ်းမှုကို ခံစားနေရသည်။
ဤသာယာသောဘဝလေး ထာဝရ တည်မြဲနေပါစေဟု သူ မျှော်လင့်နေမိသည်။
ဝုန်း... ဝုန်း... ဝုန်း...
တစ်နေ့တွင် ရုတ်တရက် ရဟတ်ယာဉ်တစ်စီးသည် ကျန်းနန်မြို့ပြခရိုင်ပေါ်သို့ ပျံသန်းလာပြီး ကောင်းကင်ယံ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ရှင်သန်သူအချို့သည် ထိုလေယာဉ်ပေါ်မှ လေထီးအချို့ ခုန်ဆင်းလာသည်ကို မြင်တွေ့လိုက်ရသလို လက်ကမ်းစာစောင် အမြောက်အမြားကိုလည်း လေထဲမှ ကြဲချလိုက်သည်ကို တွေ့လိုက်ရသည်။
လုချွမ်းသည် ဤမြင်ကွင်းကို သူ၏ ဇွန်ဘီရုပ်သေးများမှတစ်ဆင့် သဘာဝအတိုင်း မြင်တွေ့လိုက်ရသည်။ သူသည် ဇွန်ဘီရုပ်သေးတစ်ကောင်ကို ထိန်းချုပ်ကာ မြေပေါ်သို့ ကျလာသော လက်ကမ်းစာစောင်တစ်ခုကို ကောက်ယူကြည့်လိုက်၏။
"ဟင်... ကျန်းဟိုင် ရှင်သန်သူများ အခြေစိုက်စခန်းကနေ လွှတ်လိုက်တဲ့ ကယ်ဆယ်ရေးအဖွဲ့လား"