← Chapters

အခန်း (၄၀၁)

Vol. 41 Ch. 401

အခန်း (၄၀၁)

Vol. 41 Ch. 401

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

သို့သော် တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းက မြေအောက်ကမ္ဘာလက်ဝါးသိုင်းအဆိပ်ကို ကုသပေးနိုင်တယ်ဆိုတာကိုတော့ သူမ တကယ် ယုံကြည်မိသည်။ အဘယ်ကြောင့်ဆိုသော် မိုချို၏ မြေအောက်ကမ္ဘာလက်ဝါးသိုင်းလျှို့ဝှက်သိုင်းကျမ်းသည် တျန်ဂျီကျွန်းသခင်ထံမှ ရရှိခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

ထို့အပြင် တျန်ဂျီကျွန်းသခင်သည် အမြဲတမ်း နားလည်ရခက်ပြီး လျှို့ဝှက်ဆန်းကြယ်သူ ဖြစ်သည်။ အကယ်၍ မြေအောက်ကမ္ဘာလက်ဝါးသိုင်းအဆိပ်ကို ကုသပေးနိုင်သူ တစ်ယောက်ယောက် ရှိမည်ဆိုလျှင် ထိုသူမှာ တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် တျန်ဂျီကျွန်းသခင်သည် နိမိတ်မကောင်းသောသူ ဖြစ်သဖြင့် သူမ သူ့ကျောက်ခန်းထဲသို့ တကယ် မဝင်ချင်ပေ။

တုပိုင်က တျန်ဂျီကျွန်းသခင်၏ အသံဖြင့် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ "နာရီဝက်အတွင်း သေဆုံးရမှာထက် ပိုကြောက်စရာကောင်းတာ ရှိသေးလို့လား။ ငါ့ကို တွေ့ရမှာ ဒီလောက်တောင် ကြောက်နေတာလား"

မှန်လေ၏။ မိစ္ဆာမ မိုချို၏ မြေအောက်ကမ္ဘာလက်ဝါးသိုင်း ထိမှန်ပြီးနောက် သူမတို့ နာရီဝက်အတွင်း သေဆုံးရတော့မည်။ ထို့ကြောင့် ကြောက်စရာ ဘာရှိဦးမည်နည်း။

ထို့ကြောင့် လီတောက်ယွဲ့နှင့် ကျီမင်းကျစ်တို့သည် တစ်ယောက်ကိုတစ်ယောက် တွဲကူကာ တျန်ဂျီကျွန်း၏ အလယ်ဗဟိုသို့ လျှောက်သွားကြပြီး မြေအောက်လှေကားထစ် ဝင်ပေါက်တစ်ခုကို တွေ့လိုက်ရသည်။

အသက်ပြင်းပြင်းရှူသွင်းပြီးနောက် အမျိုးသမီးနှစ်ဦးသည် တွဲကူကာ မြေအောက်ကျောက်ခန်းထဲသို့ ဝင်ရောက်သွားကြသည်။

မြေအောက်ကျောက်ခန်းထဲတွင် လုံးဝ မှောင်မည်းနေသည်။

"အသက်ကယ်ပေးတဲ့ တျန်ဂျီကျွန်းသခင်ကို ကျေးဇူးတင်ပါတယ်" လီတောက်ယွဲ့က အမှောင်ထဲတွင် အရိုအသေပေးလိုက်သည်။

"ဝေါ..."

မီးတောက်တစ်ခု လင်းလက်လာပြီး တုပိုင်သည် ဖယောင်းတိုင် တစ်တိုင်ပြီးတစ်တိုင် မီးညှိလိုက်သည်။

ရုတ်တရက် ကျောက်ခန်းတစ်ခုလုံး လင်းထိန်သွားလေ၏။

လီတောက်ယွဲ့နှင့် ကျီမင်းကျစ်တို့သည် တုပိုင်၏ မျက်နှာကို မြင်လိုက်ရသောအခါ သူတို့၏ လှပသော မျက်နှာများ ချက်ချင်း အရောင်ပြောင်းသွားပြီး မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။

အချိန်အတော်ကြာမှ လီတောက်ယွဲ့က တုန်ရီစွာ ပြောလိုက်သည်။ "တျန်ဂျီကျွန်းသခင်... ရှင့်ရဲ့ စိတ်စွမ်းအားက အံ့မခန်း ကောင်းမွန်မှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဂျူနီယာတွေကို ဒီလို နောက်ပြောင်မှုမျိုး မလုပ်ပါနဲ့"

သူမက ဤအရာသည် တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း ဖန်တီးထားသော စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တစ်ခုဟု ထင်နေခြင်း ဖြစ်သည်။ တုပိုင်က ခါးသက်သက် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ်လီ... တကယ် ကျွန်တော်ပါ။ တျန်ဂျီကျွန်းသခင် အကြီးအကဲကျန်းက သေဆုံးသွားပါပြီ"

ထို့နောက် တုပိုင်သည် အကြီးအကဲကျန်း၏ ရုပ်အလောင်းကို ညွှန်ပြလိုက်သည်။

ရုတ်တရက် လီတောက်ယွဲ့ ထိတ်လန့်သွားလေ၏။ အချိန်အကြာကြီး သူမသည် တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ ဒဏ္ဍာရီကိုသာ ကြားဖူးသော်လည်း လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ယခုအခါ မျက်နှာတစ်ခုလုံး ပျောက်ဆုံးနေပြီး ဝမ်းဗိုက်အောက်ပိုင်း မျိုးပွားအင်္ဂါနေရာတွင် အပေါက်ကြီးတစ်ခု ဖြစ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသောအခါ တကယ့်ကို ကျောချမ်းစရာ ကောင်းလှသည်။

အချိန်အတော်ကြာမှ သူမသည် တုပိုင်ကို ကြည့်ပြီး တုန်ရီသော အသံဖြင့် မေးလိုက်သည်။ "တုပိုင်... ခုနက ငါတို့ကို ကယ်လိုက်တာ မင်းလား"

ထိုအချိန်တွင် မိခင်ဖြစ်သူ ကျီမင်းကျစ်သည် တုပိုင်ကို ပိုမို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေပြီး အတွေးများစွာ ရှိနေသော်လည်း မည်သို့ တုံ့ပြန်ရမည်ကို မသိပေ။

တုပိုင်က ပြောလိုက်သည်။ "ဟုတ်ပါတယ်... တျန်ဂျီကျွန်းသခင် အကြီးအကဲကျန်း သေဆုံးသွားပါပြီ။ မသေခင်မှာ သူက တျန်ဂျီကျွန်းသခင် ရာထူးကို ကျွန်တော့်ဆီ လွှဲပြောင်းပေးခဲ့တယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကျွန်တော်က တျန်ဂျီကျွန်းသခင်အသစ် ဖြစ်လာပါပြီ"

ဤစကား ထွက်ပေါ်လာသည်နှင့် လီတောက်ယွဲ့နှင့် ကျီမင်းကျစ်တို့ လုံးဝ အံ့အားသင့်သွားကြသည်။

တုပိုင်က တျန်ဂျီကျွန်းသခင်အသစ် ဖြစ်လာပြီလော။

မိစ္ဆာအိုကြီးကျန်းက ကြီးမားတဲ့ အမှားတစ်ခုကို လုပ်ခဲ့မိတာကြောင့် တျန်ဂျီကျွန်းက ယခု မဟာအန်ချိုကျွန်း၏ စောင့်ကြည့်ထိန်းချုပ်မှုအောက်၌ ရှိနေခြင်းဖြစ်လေ၏။ သို့သော် သမိုင်းတစ်လျှောက်အားပြန်ကြည့်ရလျှင် ပေမင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်သုံးဦးသည် ဤတျန်ဂျီကျွန်းမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်လေ၏။

တုပိုင် တျန်ဂျီကျွန်းသခင်ဖြစ်လာခြင်းဆိုသည်မှာ တကယ်ကို ကြီးမားသည့် အခွင့်အလမ်းတစ်ခုပင်ဖြစ်လေသည်။ အနည်းဆုံးတော့ ယနေ့မှစ၍ ပေမင်ဓားဂိုဏ်းရှိလူများသည် တုပိုင်ကို ဘာမှလုပ်လို့ ရတော့မည်မဟုတ်လေဘဲ တုကျွန်းသခင်ဟူ၍ပင် လေးလေးစားစားဖြင့် ခေါ်ဝေါ်ရတော့လေမည်။

လီတောက်ယွဲ့က ပြောလိုက်သည်။ "အစ်မကြီးကျီနဲ့ ငါက မဟာအန်ချိုကျွန်းသခင်ရဲ့ အမိန့်နဲ့ တျန်ဂျီကျွန်းအနီးမှာ မင်းကို လိုက်ရှာနေတာ။ အရူးမ မိုချိုရဲ့ လိုက်လံတိုက်ခိုက်တာကို ခံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ရလဒ်အနေနဲ့ မင်းက ငါတို့ကို ထပ်ပြီး ကယ်တင်လိုက်ပြန်ပြီ"

ထို့နောက် လီတောက်ယွဲ့ သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ ငါတို့က မြေအောက်ကမ္ဘာလက်ဝါးသိုင်း ထိမှန်ထားလို့ သိပ်အကြာကြီး မနေရတော့ပါဘူး။ ငါ လျှို့ဝှက်စာတစ်စောင် ရေးပေးမယ်။ မဟာအန်ချိုကျွန်းသခင်ဆီ ပေးပို့ပေးဖို့ မင်းကို ဒုက္ခပေးရတော့မယ်။ ကျေးဇူးပါပဲ"

ထိုအချိန်တွင် ကျီမင်းကျစ်သည် တုပိုင်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။ "တုပိုင်... ငါလည်း သေတော့မှာပဲ။ လူသေခါနီးရင် စကားကောင်း ပြောတတ်ကြတယ်တဲ့။ ငါ ပေမင်ဓားဂိုဏ်းမှာ နေခဲ့တာ ကြာပြီ။ ပေမင်ဓားဂိုဏ်းမှာ ရာထူးတက်ဖို့အတွက်ပဲ အာရုံစိုက်ပြီး ကျင့်ကြံခဲ့တယ်။ မင်းအဖေ တုဟွေးနဲ့ လက်ထပ်ခဲ့တာကလည်း မိသားစုရဲ့ အမိန့်ကြောင့်ပဲ။ ပေမင်ဓားဂိုဏ်းမှာ နေရင်းနဲ့ အချိန်ကြာလာတော့ ငါက ရက်စက်တတ်တဲ့သူ ဖြစ်လာခဲ့တယ်။ ကိုယ့်သားအရင်းအတွက်တောင် စိုးရိမ်ပူပန်မှု သိပ်မရှိတော့ဘူး။ ရိုးရိုးသားသားပြောရမည်ဆိုရင် မင်းရှိနေတယ်ဆိုကိုတောင် အချိန်အများစုမှာ ငါမမှတ်မိဘူး။ မင်းက ငါ့ဗိုက်ထဲကနေ ဖြတ်သန်းသွားရုံပါပဲ။ ငါ မင်းကို တစ်ရက်ပဲ ပွေ့ဖက်ခဲ့ဖူးတယ်။ တစ်ရက်မှ နို့မတိုက်ခဲ့ဖူးဘူး။ မင်းကို မွေးပြီး မကြာခင်မှာပဲ ငါ ပေမင်ဓားဂိုဏ်းကို ပြန်ပြီး ကျင့်ကြံခဲ့တယ်။ မိသားစုရဲ့ အသေးအဖွဲ ကိစ္စတွေကို ငါ မကြိုက်ဘူး။ မလိုအပ်ရင် အိမ်ပြန်ဖို့တောင် ဆန္ဒမရှိဘူး"

တုပိုင် ခန္ဓာကိုယ်၏ မူလပိုင်ရှင် တုရှန်တွင်လည်း သူ့မိခင်အရင်း ကျီမင်းကျစ်နှင့် ပတ်သက်ပြီး မှတ်ဉာဏ်မရှိပေ။ သူမက တုရှန်၏ဘဝထဲတွင် ဘယ်သောအခါတုန်းကမှ မရှိခဲ့သလိုပင်ဖြစ်၏။

ကျီမင်းကျစ်က ဆက်ပြောသည်။ "အဲဒီတုန်းက ဖန်းချင်းယီရဲ့ ပြင်းပြင်းထန်ထန် တောင်းဆိုမှုကြောင့် တုမိသားစုက မင်းကို စွန့်ပစ်လိုက်ပြီး လောကကြီးထဲကနေ ပျောက်ကွယ်သွားစေချင်ခဲ့တာ။ ယုံပေးပါ။ ငါ အဲဒီတုန်းက ပေမင်ဓားဂိုဏ်းမှာ ရောက်နေပြီး ဘာမှ မသိခဲ့ပါဘူး။ တစ်နှစ်ခွဲလောက် ကြာမှ သိခဲ့ရတာ။ အဲဒီတုန်းကလည်း ငါက ရက်စက်တဲ့သူ ဖြစ်နေပြီ။ ခဏလောက် ဝမ်းနည်းပြီး မေ့ပစ်လိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ မင်းက ငါ့ဗိုက်ထဲကနေ ဖြတ်သန်းသွားရုံပဲမို့လို့ မင်းပုံစံ ဘယ်လိုလဲဆိုတာတောင် ငါ မေ့နေပြီလေ"

ကျီမင်းကျစ်က ဆက်ပြောသည်။ "ဒီတစ်ခါ မဟာအန်ချိုကျွန်းသခင်က မင်းကို သေဒဏ်ပေးတော့မယ်ဆိုတော့ လူမှုရေးကျင့်ဝတ်နဲ့ သံယောဇဉ် ဖိအားတွေကြောင့် ငါ လာကယ်ခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို ငြင်းပယ်ခဲ့တယ်။ မင်းက ကောင်းကင်ပြစ်ဒဏ်ကို ရွေးချယ်ခဲ့တယ်။ ဓားတောင်ထိပ်မှာ အချည်နှောင်ခံပြီး မိုးကြိုးပစ်ဒဏ် ခံရဖို့ ရွေးချယ်ခဲ့တယ်။ ယုံပေးပါ။ မိုးကြိုးပစ်ချလိုက်တဲ့ အခိုက်အတန့်မှာ မင်း သေသွားပြီလို့ ငါ ထင်ခဲ့တာ။ အဲဒီအချိန်တုန်းက ငါ့ရင်ထဲမှာ ဓားနဲ့မွှန်းသလို နာကျင်ခဲ့ရတယ်။ အကြောင်းပြချက်မရှိဘဲ တစ်ကိုယ်လုံး နှလုံးကွဲမတတ် ခံစားလိုက်ရတယ်။ အသက်ရှူလို့တောင် မရတော့ဘူး။ အဲဒီအချိန်ကျမှ ငါက နှလုံးသားမဲ့တဲ့သူ မဟုတ်ဘဲ အမျိုးသမီးတစ်ယောက် ၊ မိခင်တစ်ယောက် ဖြစ်သေးတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အကယ်၍ မင်းသာ အဝေးတစ်နေရာမှာ သေဆုံးသွားပြီး ငါ မမြင်လိုက်ရရင် ခဏလောက်ပဲ ဝမ်းနည်းမိမှာ။ ဒါပေမဲ့ မင်းက ငါ့မျက်စိရှေ့မှာ သေဆုံးသွားရင်တော့"

"ဒါပေမဲ့ ငါက ဒီစကားတွေ ပြောပြီး အပြစ်ဒဏ် လျော့ပါးအောင် လုပ်ချင်တာ မဟုတ်ပါဘူး။ မင်းဆီက ခွင့်လွှတ်မှု ရချင်လို့လည်း မဟုတ်ပါဘူး" ကျီမင်းကျစ်က ပြောသည်။ "မင်းစိတ်ထဲမှာ ကိုယ်ပိုင်မိခင် ရှိပြီးသားပါ။ အဲဒါက မင်းရဲ့ နို့ထိန်းလေ။ သူ့နာမည်က... လီ ဘာလဲ။ မင်းမှာ မိခင်မေတ္တာ ရှိပြီးသားဆိုတော့ ငါက အတင်း ဝင်ပါစရာ မလိုပါဘူး။ ငါက သေခါနီးမှာ ပြောချင်တဲ့စကားတွေကို ပြောပြရုံပါပဲ"

"အကယ်၍ မင်းက ဒါကို ဝန်ခံချက်တစ်ခုအနေနဲ့ သဘောထားချင်ရင်လည်း... ဒါက ငါ့ရဲ့ ဝန်ခံချက်ပါပဲ။ လူသေခါနီးရင် စကားကောင်း ပြောတတ်ကြတယ်လေ" ကျီမင်းကျစ် ပြောပြီးနောက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ "ငါ မဟာအန်ချိုကျွန်းကို ပြန်တော့မယ်။ အဲဒါက ငါ့အိမ်ပဲ။ ငါ အဲဒီမှာပဲ သေလိုက်တော့မယ်"

ကျီမင်းကျစ်၏ ဝန်ခံစကားများကို နားထောင်ရင်း တုပိုင် ခဏတာ တိတ်ဆိတ်သွားသော်လည်း ဘာမှ မပြောခဲ့ပေ။

တုပိုင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ဂိုဏ်းချုပ် လီတောက်ယွဲ့နဲ့... အန်တီကျီ... မြေအောက်ကမ္ဘာလက်ဝါးသိုင်း အဆိပ်ကို ကုသပေးနိုင်တယ်လို့ ကျွန်တော် ပြောခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ စိတ်မကောင်းပါဘူး။ ကျွန်တော့်ရဲ့ လက်ရှိ စွမ်းရည်နဲ့ဆိုရင် တစ်ယောက်တည်းကိုပဲ ကယ်နိုင်ပါမယ်။ ပြီးရင် ပြန်လည်သက်သာဖို့ တစ်ရက်နဲ့ တစ်ည လိုအပ်ပါတယ်။ အဲဒီတော့မှ ဒုတိယလူကို ကယ်နိုင်မှာပါ။ ဒါပေမဲ့ ခင်ဗျားတို့က အများဆုံး ၁၅ မိနစ်ပဲ ခံနိုင်တော့မှာဆိုတော့ ကျွန်တော် တစ်ယောက်တည်းကိုပဲ ကယ်နိုင်တော့မယ်"

ကျီမင်းကျစ်၏ လှပသော မျက်ဝန်းများထဲတွင် အသက်ရှင်သန်လိုစိတ် မျှော်လင့်ချက်များ ရုတ်တရက် ပြည့်နှက်သွားလေ၏။

"မင်း... မင်း တကယ်ပဲ မြေအောက်ကမ္ဘာလက်ဝါးသိုင်း အဆိပ်ကို ကုသပေးနိုင်တာလား" ကျီမင်းကျစ်က မေးလိုက်သည်။ "မြေအောက်ကမ္ဘာလက်ဝါးသိုင်း အဆိပ်က ဖြေဆေးမှမရှိတာ”

ထိုအရာက မှန်၏။ သို့သော် ဖြေဆေးမရှိသည့် အဆိပ်ဆိုသည်မှာ လောကကြီးတွင် မရှိပေ။ ဖြေဆေးမရှိခြင်းမဟုတ်ဘဲ ဖြေဆေးကိုရှာမတွေ့သေးခြင်းဟုသာ ပြောရလေမည်။

တုပိုင်တွင် နဂါးသွေး ရွှေရောင်စွမ်းအင် ရှိနေသဖြင့် တိုက်ဆိုင်စွာပင် ကယ်တင်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

တုပိုင်က ပြောလိုက်သည်။ "အန်တီကျီ... ကျွန်တော့်ကို ယုံပါ။ ကျွန်တော် ဘယ်တော့မှ လိမ်ညာပြောမှာ မဟုတ်ပါဘူး။ မြေအောက်ကမ္ဘာလက်ဝါးသိုင်း အဆိပ်ကို ကျွန်တော် ကုသပေးနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ထဲက တစ်ယောက်တည်းကိုပဲ ကယ်နိုင်ပါမယ်"

ကျီမင်းကျစ်၏ အသက်ရှင်သန်လိုစိတ် ပိုမို ပြင်းပြလာသည်။

သူမနှင့် လီတောက်ယွဲ့ နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ဆက်ရှင်နိုင်မည်လော။ ရိုးရိုးသားသားပြောရလျှင် သူမအသက်ဆက်ရှင်လိုသေး၏။ သို့သော် သူမ၏ မျက်နှာကို ဘယ်နားသွားထားရမည်နည်း။ သူမ၏ အရှက်တရားနှင့် ကိုယ်ကျင့်တရားကိုကော ဘယ်နားကို သွားထားရတော့မည်နည်း။

အကယ်၍ တခြားသူသာ သူမတို့အား ကယ်တင်နိုင်မည်ဆိုလျှင် သူမက နည်းနည်းလေးပင် တုန့်ဆိုင်းခြင်းမရှိလေဘဲ အသေအလဲ တိုက်ခိုက်မိမှာ ဖြစ်ပြီး လီတောက်ယွဲ့ကိုတောင် သတ်ပစ်မိမှာ သေချာသည်။

သို့သော် ယခု ကယ်တင်နိုင်သူမှာ တုပိုင် ဖြစ်နေသည်။ သူမ စွန့်ပစ်ခဲ့သော သားအရင်း ဖြစ်နေသည်။

သူမက သူမ၏ သားအရင်းကို သူမကို ကယ်တင်ခိုင်းဖို့ သတ္တိရှိသေးရဲ့လား။ မရှိချေ။

"အစ်မကြီး လီတောက်ယွဲ့... ရှင် ဒီမှာ နေခဲ့ပြီး တုပိုင် ကုသပေးတာကို ခံယူလိုက်ပါ။ ကျွန်မ ပြန်တော့မယ်" ကျီမင်းကျစ်က ပြောလိုက်ပြီး အပြင်ဘက်သို့ လှမ်းထွက်သွားတော့သည်။

သားဖြစ်သူ၏ ရှေ့မှောက်တွင် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြား ရွေးချယ်စရာ ကြုံလာသောအခါ သူမသည် နောက်ဆုံးတွင် သိက္ခာရှိရှိ ထွက်ခွာသွားရန် ရွှေးချယ်လိုက်လေ၏။

အပိုင်း ၄၀၁ ပြီး။

All Chapters