အခန်း (၄၀၂)
Vol. 41 Ch. 402
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“ခဏလေး” တုပိုင်က လှမ်းအော်လိုက်သည်။
ကျီမင်းကျစ် ရပ်တန့်လိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “အန်တီကျီ… တုမိသားစုထဲက ဘယ်သူ့ကိုမှ ကျွန်တော် ခွင့်လွှတ်ဖို့ စိတ်ကူးမရှိပါဘူး။ ကျွန်တော့်ကို ပြည်နှင်ဒဏ်ပေးခဲ့တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးအာဃာတ သက်သက်ပါပဲ။ အရေးအကြီးဆုံးကတော့ တုမိသားစုက တိုင်းပြည်အပေါ် သစ္စာဖောက်တဲ့ သစ္စာဖောက်အုပ်စု ဖြစ်နေလို့ပါ။ ဒါကြောင့် ကျွန်တော်နဲ့ တုမိသားစုက ထာဝရ ရန်သူတွေ ဖြစ်နေမှာ သေချာပါတယ်”
ကျီမင်းကျစ်တစ်ယောက် ပြန်လည်ချေပစရာ စကားမရှိပေ။
တုပိုင်က ဆက်ပြောသည်။ “ဒါကြောင့် ကျွန်တော် ပြောခဲ့တယ်လေ… တစ်နေ့ကျရင် တုမိသားစုကို ကျွန်တော် နင်းချေပစ်မယ်လို့။ တုမိသားစုလို သစ္စာဖောက်အုပ်စုတွေက ထောင်ကျပြီး ခေါင်းဖြတ်သတ်ခံရသင့်တယ်။ ခင်ဗျား ပြောသလိုပဲ ကျွန်တော့် မိခင်မေတ္တာ အပြည့်အဝ ရခဲ့ပါတယ်။ ကျွန်တော့်နို့ထိန်းက ကျွန်တော့်အမေပါပဲ။ ဒါကြောင့် နောင်အနာဂတ်မှာ ခင်ဗျားနဲ့ ကျွန်တော် လမ်းကြုံတွေ့တဲ့ သူစိမ်းတွေလိုပဲ နေကြတာ ပိုကောင်းပါတယ်”
ကျီမင်းကျစ် နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “ဒီလောကမှာ မွေးကျေးဇူးက ကျွေးမွေးစောင့်ရှောက်တဲ့ ကျေးဇူးလောက် မကြီးမားပါဘူး။ ဒါကြောင့် ကျွန်တော် ခင်ဗျားကို အမေရင်းတစ်ယောက်လို သဘောမထားပါဘူး။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို လူ့လောကထဲ ရောက်အောင် မွေးပေးခဲ့တာဆိုတော့ ကျွန်တော် ခင်ဗျားကို နှုတ်ဆက်ခွင့် မရခင် ဒီကျေးဇူးကို အရင်ပေးဆပ်ရပါလိမ့်မယ်”
“ခင်ဗျားနဲ့ ဂိုဏ်းချုပ် လီတောက်ယွဲ့… ကျွန်တော် နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ကယ်တင်နိုင်မှာပါ။ ဒါ အမှန်ပါပဲ” တုပိုင်က ပြောလိုက်သည်။ “ဂိုဏ်းချုပ် လီတောက်ယွဲ့… ကျွန်တော် ခင်ဗျားကို တစ်ကြိမ် ကယ်တင်ခဲ့ဖူးပါတယ်။ ခင်ဗျားအပေါ် ကျွန်တော် ဘာအကြွေးမှ မရှိပါဘူး။ ဒါကြောင့် ဒီတစ်ခါ ကျွန်တော် အန်တီကျီကို ကယ်တင်ဖို့ ရွေးချယ်လိုက်ပါတယ်။ စိတ်မကောင်းပါဘူး”
လီတောက်ယွဲ့၏ လှပသော မျက်နှာလေး အနည်းငယ် တုန်လှုပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ “ကျွန်မ နားလည်ပါတယ်။ ကျွန်မ နားလည်ပါတယ်။ ပြီးခဲ့တဲ့တစ်ခါ ရှင် ကျွန်မကို ကယ်တင်ခဲ့ပေမဲ့ ကျွန်မရဲ့ တုံ့ပြန်ပုံက ရှင့်ကို စိတ်ပျက်စေခဲ့မှာပါ။ မဟာအန်ချိုကျွန်းခန်းမဆောင်မှာ ကျွန်မသာ ရှင့်ကို တပည့်အဖြစ် လက်ခံမယ်လို့ ပြောခဲ့ရင် ရှင့်ကို သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးနိုင်ခဲ့မှာပါ။ ဒါပေမဲ့ ကျွန်မက ရှင့်ကြောင့် ဂိုဏ်းနဲ့ ပြဿနာဖြစ်မှာ ကြောက်ခဲ့လို့ ရှင့်ကို ကောင်းကင်ပြစ်ဒဏ် ခံစေပြီး သေလုနီးပါး ဖြစ်စေခဲ့တာပါ”
ထို့နောက် လီတောက်ယွဲ့က ပြောလိုက်သည်။ “ဒါ့အပြင် ဂျူနီယာညီမလေး ကျီမင်းကျစ်က ကျွန်မကြောင့် ဒီပြဿနာထဲ ပါလာရတာ။ မိစ္ဆာမ မိုချိုရဲ့ အဆိပ်မိသွားရတာ။ ဒါကြောင့် သူ မသေသင့်ပါဘူး။ နောက်ဆုံးအချိန်မှာ ကျွန်မ မဟာအန်ချိုကျွန်းသခင်ဆီ လျှို့ဝှက်စာတစ်စောင် ရေးပေးခဲ့ပါ့မယ်။ ရှင် ဂျူနီယာညီမလေး ကျီမင်းကျစ်ကို ကယ်တင်လိုက်ပါ”
ထို့နောက် လီတောက်ယွဲ့သည် ကျောပေးလိုက်ပြီး စားပွဲရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ လျှို့ဝှက်စာ စတင် ရေးသားလေတော့သည်။
“ဝုန်းးးး”
ထိုအချိန်တွင် တျန်ဂျီကျွန်းသည် ရုတ်တရက် ထပ်မံ တုန်ခါသွားပြန်သည်။ တုပိုင်က မောင်းတံကို မလှည့်ဘဲ ဘာကြောင့် တျန်ဂျီကျွန်းက တုန်ခါနေရသနည်း။ တုပိုင် မောင်းတံကို မလှည့်ခင်ကလည်း တျန်ဂျီကျွန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါခဲ့သေးသည်။ ဤသည်က အလွန် ဆန်းကြယ်ပုံ ပေါက်သော်လည်း အမှန်တရားက ရိုးရှင်းလှသည်။
အဘယ်ကြောင့်ဆိုသော် တျန်ဂျီကျွန်း၏ နက်ရှိုင်းသော မြေအောက်ထဲတွင် အလွန်ကြီးမားသော သားရဲဆန်းကြီးတစ်ကောင် ရှိနေပြီး ဤမောင်းတံသည် ထိုသားရဲကို အစာကျွေးရန်နှင့် နိုးရန် အသုံးပြုသောကြောင့် ဖြစ်သည်။ မောင်းတံကို လှည့်လိုက်သည်နှင့် ထိုဧရာမ သားရဲဆန်းကြီးသည် ကြမ်းတမ်းစွာ တုံ့ပြန်လိုက်သဖြင့် တျန်ဂျီကျွန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခြင်း ဖြစ်သည်။
သို့သော် အလွန်အကျွံ သွားမစသင့်ပပေ။ မဟုတ်လျှင် ကြီးမားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤသားရဲဆန်းကြီးသည် အလွန်တရာ ကြီးမားလွန်းသဖြင့် မြေအောက်လှိုဏ်ဂူထဲမှ ထွက်လာသည်နှင့် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ မိုချိုကို ခြောက်လှန့်ရန်အတွက်သာ တုပိုင်က မောင်းတံကို လှည့်ပြီး နှစ်ကြိမ် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။ ယခု တုပိုင် မလှုံ့ဆော်ဘဲနှင့် တျန်ဂျီကျွန်း ပြင်းထန်စွာ တုန်ခါနေခြင်းမှာ အကြောင်းရင်း တစ်ခုခု ရှိပေလိမ့်မည်။
“အန်တီကျီ… လာပါ” တုပိုင်က ပြောလိုက်သည်။
ကျီမင်းကျစ်သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြား အမှန်တကယ် ရွေးချယ်မှု ပြုလုပ်နေရခြင်း ဖြစ်သည်။ သူမ တကယ် အသက်ရှင်ချင်သည်။ သူမ၏ သိုင်းပညာသည် မဟာအန်ချိုကျွန်းတွင် အမြင့်ဆုံး မဟုတ်သော်လည်း သူမသည် ရည်မှန်းချက် အကြီးဆုံးနှင့် မဟာအန်ချိုကျွန်းတွင် တန်ဖိုးအထားရဆုံး လူတစ်ယောက် ဖြစ်သည်။
နောက်ထပ် မဟာအန်ချိုကျွန်းသခင် ဖြစ်လာဖို့အတွက် သိုင်းပညာက အရေးအကြီးဆုံး မဟုတ်ဘဲ တရားမျှတမှုနှင့် ကိုယ့်ကိုယ်ကိုယ် တိုးတက်လိုစိတ်က အရေးအကြီးဆုံး ဖြစ်သည်။
သို့သော် တုပိုင်၏ ကယ်ဆယ်မှုကို လက်ခံလိုက်ခြင်း ၊ အထူးသဖြင့် လီတောက်ယွဲ့ကို စတေးပြီး လက်ခံလိုက်ခြင်းသည် တကယ်ကို လောဘကြီးပြီး သေမှာကြောက်တဲ့ပုံ ပေါက်နေသလို ၊ တကယ်ကို နိမ့်ကျတဲ့ပုံ ပေါက်နေသည်။
နောက်ဆုံးတွင် ကျီမင်းကျစ်သည် အသက်ရှင်လိုစိတ်ကို မလွန်ဆန်နိုင်ဘဲ မျက်ရည်များ ဝဲလာကာ လီတောက်ယွဲ့ကို ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်မကြီး… အစ်မကြီးရဲ့ ပေးဆပ်မှုကို ကျေးဇူးတင်ပါတယ်”
သူမ တုပိုင်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “ငါ… ငါက မင်းအမေ ဖြစ်ဖို့ မထိုက်တန်ပါဘူး။ ငါက တကယ်ကို နိမ့်ကျတဲ့ အမျိုးသမီးပါ”
တုပိုင်က ပြောလိုက်သည်။ “ဒါဆို ဒီနေ့ရဲ့ နိမ့်ကျမှုကို မှတ်ထားပေးပါ။ နောင်တစ်ချိန် ခင်ဗျားသာ ကျွန်းသခင် ဖြစ်လာခဲ့မယ်ဆိုရင် အပြင်လောကက လူတွေကို ပိုပြီး သနားကြင်နာပေးပါလို့ တောင်းဆိုချင်ပါတယ်။ အခု ထိုင်လိုက်ပါ”
ကျီမင်းကျစ်သည် အလွန် ရှက်ရွံ့စွာဖြင့် တုပိုင်၏ ရှေ့တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
တုပိုင်သည် သူမ၏ ကျောဘက်မှ အဝတ်အစားများကို ကတ်ကြေးဖြင့် ညှပ်လိုက်ရာ မိစ္ဆာမ မိုချို၏ လက်ဝါးရာ ထိမှန်ထားသော နေရာ ပေါ်လာသည်။ နက်ရှိုင်းသော လက်ဝါးရာတစ်ခု ၊ ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်ရင့်ရင့် အဆိပ်များသည် အပြင်ဘက်သို့ ပျံ့နှံ့နေသည်။
တုပိုင်သည် ကျီမင်းကျစ်၏ ကျောပြင်ရှိ အပြာရောင် လက်ဝါးရာပေါ်တွင် လက်ဝါးတင်လိုက်ပြီး နဂါးသွေး ရွှေရောင်စွမ်းအင်များ ပါဝင်သော အတွင်းအားများကို ထည့်သွင်းပေးလိုက်သည်။
ချက်ချင်းပင် နဂါးသွေး ရွှေရောင်စွမ်းအင်များ ကျီမင်းကျစ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် နေရောင်ခြည်က နှင်းများကို အရည်ပျော်စေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြေအောက်ကမ္ဘာစွမ်းအင်များကို တစ်စချင်း အရည်ပျော်သွားစေလေသည်။
နဂါးသွေး ရွှေရောင်စွမ်းအင်က မြေအောက်ကမ္ဘာစွမ်းအင် အဆိပ်များကို ဖြေရှင်းနိုင်ကြောင်း စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်ထဲတွင်သာ စမ်းသပ်ခဲ့ဖူးသဖြင့် လက်တွေ့တွင် အသုံးဝင်ပါ့မလားဟု စိုးရိမ်ခဲ့မိသည်။ ယခုတော့ လုံးဝ စိတ်ပူစရာ မလိုတော့ကြောင်း တွေ့ရှိလိုက်ရသည်။
ကျီမင်းကျစ်သည် ကြောက်မက်ဖွယ်ကောင်းသော မြေအောက်ကမ္ဘာစွမ်းအင်များ ပျံ့နှံ့နေမှု ရပ်တန့်သွားကြောင်းနှင့် ကြောက်မက်ဖွယ် အအေးဓာတ်များလည်း တစ်စချင်း ပျောက်ကွယ်သွားကြောင်းကို အလွန်ရှင်းလင်းစွာ ခံစားလိုက်ရသည်။
သူမ အလွန် အံ့သြသွားလေ၏။ ဤမြေအောက်ကမ္ဘာလက်ဝါးသိုင်းသည် ကုသနည်းမရှိသည်မှာ သိသာသော်လည်း တုပိုင်က အဘယ်ကြောင့် ဖြေရှင်းနိုင်ရသနည်း။ သူမ၏ သားဖြစ်သူက ဤမျှတောင် ထူးခြားနေသည်လော။ တုဟွေးသည် တကယ် မျက်ကန်းဖြစ်၏။ သူမသည်လည်း မျက်ကန်းဖြစ်၏။
တုပိုင်သည် အတွင်းအားများကို ဆက်တိုက် ထည့်သွင်းပေးနေပြီး ကျီမင်းကျစ်၏ ကျောပြင်မှ အပြာရောင် လက်ဝါးရာသည် တဖြည်းဖြည်း မှိန်ဖျော့သွားလေသည်။
ဆယ်မိနစ်ကြာပြီးနောက် တုပိုင်၏ အတွင်းအားများ လုံးဝ ကုန်ခမ်းသွားလေတော့၏။
ကျီမင်းကျစ်၏ ကျောပြင်မှ အပြာရောင် လက်ဝါးရာသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သလို သူမခန္ဓာကိုယ်ထဲမှ မြေအောက်ကမ္ဘာလက်ဝါးသိုင်း အဆိပ်များလည်း လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ပြီးပါပြီ… အန်တီကျီမင်းကျစ်” တုပိုင်က ပြောလိုက်သည်။
ကျီမင်းကျစ်၏ ခန္ဓာကိုယ် တုန်ရီသွားသည်။ ထိုအချိန်တွင် သူမ၏ ခံစားချက်ကို မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြ၍ မရနိုင်တော့ပေ။
တုမိသားစုက စွန့်ပစ်ခဲ့သော သား ၊ သူမကိုယ်တိုင် လျစ်လျူရှုခဲ့သော သားအရင်းက သူမ၏ အသက်ကို ကယ်တင်ခဲ့သည်။ သူမထံ၌ အပြစ်ရှိစိတ် ၊ ဝန်ခံလိုစိတ် ၊ ရှက်ရွံ့စိတ်များဖြင့် ပြည့်နှက်ကာ နေရခက်လာမိလေ၏။
အချိန်အတော်ကြာမှ ကျီမင်းကျစ်သည် လှည့်ကြည့်လိုက်ပြီး တုပိုင်ကို လေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်… ကျေးဇူးတင်ပါတယ်”
တုပိုင်က ပြောလိုက်သည်။ “အန်တီကျီ… ကျွန်တော် မွေးကျေးဇူးကို ပေးဆပ်ပြီးပါပြီ။ ဒီနေ့ကစပြီး ခင်ဗျားနဲ့ ကျွန်တော် ဘာမှ မပတ်သက်တော့ပါဘူး။ လမ်းကြုံတွေ့တဲ့ သူစိမ်းတွေ သက်သက်ပါပဲ”
ကျီမင်းကျစ် မျက်ရည်များ ကျလာပြီး ဘာမှ မပြောနိုင်တော့ပေ။ မည်သည့်စကားကိုပဲ ပြောနေပါစေ အဓိပ္ပါယ်မရှိသလို ခံစားရသောကြောင့် ဖြစ်ပေလိမ့်မည်။
သို့သော် ထိုအချိန်တွင် သူမ၏ ရင်ထဲ၌ မီးတောက်တစ်ခု တောက်လောင်လာသလို ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေး တစ်ခုကို အသည်းအသန် ရှာဖွေချင်နေမိသည်။
ထိုအခိုက် လီတောက်ယွဲ့က ဝင်ပြောလိုက်သည်။ “ညီမလေးကျီ… အပြင်မှာ ခဏလောက် စောင့်နေပေးပါ။ ကျွန်မ တုပိုင်ကို ပြောစရာ ရှိလို့ပါ”
သူမ၏ အသံသည် အလွန်တရာ အားနည်းနေပြီ ဖြစ်သည်။ မြေအောက်ကမ္ဘာလက်ဝါးသိုင်း အဆိပ်များ သူမတစ်ကိုယ်လုံး ပျံ့နှံ့နေပြီ ဖြစ်သည်။ အများဆုံး ၁၅ မိနစ်ထက် ပိုမခံနိုင်တော့ပေ။ မြေအောက်ကမ္ဘာစွမ်းအင်များ နှလုံးနှင့် ဦးနှောက်ထဲ ဝင်ရောက်သွားသည်နှင့် သူမ ကျိန်းသေပေါက် သေဆုံးသွားတော့ပေမည်။
ကျီမင်းကျစ်သည် လီတောက်ယွဲ့ကို ဦးညွှတ်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။ ထိုအခါ ကျောက်ခန်းတစ်ခုလုံးတွင် တုပိုင်နှင့် လီတောက်ယွဲ့သာ ကျန်ရစ်တော့သည်။
“တောင်းပန်ပါတယ် တုပိုင်… လူကြီးတွေရဲ့ ကမ္ဘာက မင်းကို စိတ်ပျက်စေခဲ့မိပြီ” လီတောက်ယွဲ့က အားနည်းစွာ ပြောလိုက်သည်။ “အဲဒီနေ့က မဟာအန်ချိုကျွန်း ခန်းမဆောင်မှာ ငါ့ရဲ့ လုပ်ရပ်က မင်းကို စိတ်ပျက်စေခဲ့မှာပါ။ ဒါပေမဲ့ ငါတို့ ပေမင်ဓားဂိုဏ်းက ဒီလိုပါပဲ။ တချို့လူတွေရဲ့ ရင်ထဲမှာ တရားမျှတမှု ရှိပေမဲ့ အခြေခံအားဖြင့်တော့ တစ်ကိုယ်ကောင်းဆန်ပြီး အေးစက်ကြတယ်”
တုပိုင် တိတ်ဆိတ်နေလိုက်သည်။ မဟာအန်ချိုကျွန်းတွင် လီတောက်ယွဲ့၏ လုပ်ရပ်က သူ့ကို တကယ် စိတ်ပျက်စေခဲ့သည်။ တုပိုင်က သူမအသက်ကို ကယ်တင်ပေးခဲ့ရုံသာမက သူမ၏ သိက္ခာကိုလည်း ကယ်တင်ပေးခဲ့သည်။ မဟုတ်လျှင် လင်းအာချန်၏ လက်ချက်ဖြင့် သူမ စော်ကားခံရပြီး သေဆုံးသွားလိမ့်မည်။
လီတောက်ယွဲ့က ဆက်ပြောသည်။ “အခု မင်း သိပြီမလား… မိုချိုက ဘာလို့ ငါ့ကို သတ်ချင်နေတာလဲဆိုတာ။ ဒဏ္ဍာရီလာသိုင်းကျမ်း ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကြောင့်လေ။ ငါတို့နှစ်ယောက်တည်းကပဲ ကြယ်တာရာစုပ်ယူခြင်းမဟာအတတ်ရှိတဲ့နေရာကို တိုက်ဆိုင်စွာနဲ့ သိခဲ့ရလို့ သူ ငါ့ကို မဖြစ်မနေ သတ်ချင်နေတာ။ ပြီးတော့ ငါ့စိတ်ထဲမှာ လောဘရှိနေလို့ ကျွန်းသခင်ကို အချိန်မီ သတင်းမပို့ဘဲ ငါ့ဘာသာ တစ်ယောက်တည်း ပိုင်ဆိုင်ချင်ခဲ့တာ”
လီတောက်ယွဲ့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။ “ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ၊ ဒဏ္ဍာရီလာသိုင်းပညာ။ ငါသာ အဲဒါကို ရခဲ့ရင် အများဆုံး လပိုင်းအတွင်းမှာတင် မဟာဆရာသခင်အဆင့်ရဲ့ နောက်တစ်ဆင့် ချိုးဖောက်ဝင်ရောက်နိုင်မှာ။ ငါ မဟာဆရာသခင်အဆင့်မှာ ရပ်တန့်နေတာ ဘယ်လောက်ကြာပြီလဲ မင်း သိလား။ သုံးနှစ် ရှိပြီ။ နောက်ငါးနှစ်အတွင်းမှာလည်း ချိုးဖောက်နိုင်မယ့် မျှော်လင့်ချက် မရှိဘူး။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ကိုသာ ငါ ပိုင်ဆိုင်နိုင်ရင် နှစ်လအတွင်း ကြီးမြတ်သောမဟာဆရာခင် ဖြစ်လာနိုင်ပြီး ဆယ်နှစ်အတွင်း ပေမင်ဓားဂိုဏ်းရဲ့ အကြီးအကဲကိုးယောက် နေရာကိုတောင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ။ ဒါက လောကမှာ အမြင့်ဆုံး နေရာပဲ”
“ဒီလောဘစိတ်ကပဲ ငါ့ကို သေလမ်းပို့ခဲ့တာပါ” လီတောက်ယွဲ့က ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်မောလိုက်သည်။
ထို့နောက် လီတောက်ယွဲ့သည် တုပိုင်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။ “တုပိုင်… ငါ မင်းကို ကျေးဇူးတင်ချင်တယ်။ ငါ့အသက်ကို ကယ်ခဲ့လို့တင် မဟုတ်ဘဲ ငါ့သိက္ခာကိုပါ ကယ်တင်ပေးခဲ့လို့ပါ။ ပြီးတော့ ငါ့ကို ပထမဆုံးအကြိမ် ထူးခြားတဲ့ ခံစားမှုမျိုး ပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်။ အဲဒီညက မှော်အတတ်နဲ့ ပူးပေါင်းမိတဲ့အချိန်မှာ ငါတို့ကြား ဘာမှ မဖြစ်ခဲ့ပေမဲ့ ၊ ငါ့စိတ်ထဲမှာ ဝန်မခံချင်ပေမဲ့ တကယ်တမ်းကျတော့ အဲဒီခံစားမှုက အရမ်းကောင်းတယ်။ ငါက အဲဒီခံစားမှုကို မကောင်းမှုလို့ အမြဲ ရှုတ်ချခဲ့ပေမဲ့ အခု သေခါနီးအချိန်မှာတော့ အဲဒါက လှပတဲ့ အတွေ့အကြုံတစ်ခုလို့ ငါ ထင်မိတယ်”
အပိုင်း ၄၀၂ ပြီး။