← Chapters

အခန်း (၄၀၅)

Vol. 41 Ch. 405

အခန်း (၄၀၅)

Vol. 41 Ch. 405

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“ဂျူနီယာမောင်လေး... တို့နှစ်ယောက် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို အတူတူ သွားရှာကြရအောင်နော်။ ဒီအတတ်ပညာက မိစ္ဆာခေါင်းဆောင် မိုချို လက်ထဲကို ရောက်သွားလို့ မဖြစ်ဘူး။ မဟုတ်ရင် မောင်လေးရော အစ်မပါ အန္တရာယ်ရှိနိုင်တယ်”

လီတောက်ယွဲ့က အသနားခံလိုက်၏။

“တို့တွေ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို တွေ့တဲ့အခါ မောင်လေးကို အရင်လေ့လာခွင့်ပေးပါ့မယ်။ မောင်လေး အပြည့်အဝ တတ်မြောက်ပြီးမှ အစ်မ ကြည့်ပါ့မယ်။ ပြီးရင် အစ်မ ထွက်သွားပြီး ပေမင်ဓားဂိုဏ်းကို ပြန်ပါ့မယ်။ မောင်လေး စိတ်ချပါ... အစ်မ မောင်လေးကို တွယ်ကပ်မနေပါဘူး။ ပိုင်ဆယ်စီရင်စုအထိလည်း လိုက်မသွားပါဘူး”

ထို့နောက် သူမက ထပ်မံ ပြောကြားလိုက်ပြန်သည်။ “ဒါပေမဲ့ မောင်လေး ခွင့်ပြုမယ်ဆိုရင်တော့ ပိုင်ဆယ်စီရင်စုအထိ အစ်မ လိုက်ပို့ပေးလို့ ရပါတယ်။ လီတောက်အန်းက အစ်မရဲ့ မောင်လေးအရင်းပါ... တို့မောင်နှမတွေက ရန်သူတွေလို ဖြစ်နေပေမဲ့... ဒါပေမဲ့... အစ်မ မောင်လေးကို ကူညီပေးနိုင်မှာပါ”

သောက်ကျိုးနည်း။ ရွှဲ့ကွမ်ရင်ပင်လျှင် တုပိုင်အပေါ် ဤမျှ စွဲလမ်းခြင်း မရှိခဲ့ချေ။ ရွှဲ့ကွမ်ရင်သည် တုပိုင်နှင့် ချစ်တင်းနှောသွားပြီးနောက်တွင်ပင် သူမ၏ တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့ပါသေးသည်။ သို့သော် ဤ လီတောက်ယွဲ့ကား သူမ၏ မာနများ အားလုံးကို ချခင်းလျက် အသနားခံနေလျက်ရှိသည်။

“အဲဒီကိစ္စကို နောက်မှ ထပ်ပြောကြတာပေါ့” တုပိုင်က ပြောလိုက်သည်။

“ကောင်းပြီလေ... ဒါဆို သဘောတူလိုက်ပြီလို့ သတ်မှတ်လိုက်မယ်နော်” လီတောက်ယွဲ့က ပြောပြီးနောက် တုပိုင်ကို ထပ်မံ နမ်းရှိုက်လိုက်ပြန်သည်။

မည်သည့်နေရာ၌ သဘောတူလိုက်သနည်း။ တုပိုင်က နောက်မှ ထပ်ပြောမည်ဟု ရှင်းလင်းစွာ ပြောလိုက်သည် မဟုတ်ပါလော။ ဤမျှ သိသာထင်ရှားသည့် ငြင်းဆန်မှုကိုပင် သူမ မကြားချင်ယောင် ဆောင်နေလေသလော။

ယခုတစ်ကြိမ် အနမ်းသည် ပိုမိုနက်ရှိုင်းလာသကဲ့သို့ သူမ၏ စိတ်ဆန္ဒများကလည်း ပိုမို ပြင်းထန်လာပြီး လှုပ်ရှားမှုများကလည်း ပို၍ ရဲတင်းလာသည်။

“မောင်လေး လှုပ်စရာ မလိုဘူး... အစ်မဘာသာ လုပ်မယ်။ အစ်မ နည်းလမ်းကို ရှာတွေ့သွားပြီ ထင်တယ်” လီတောက်ယွဲ့က တုန်ရီစွာဖြင့် တုပိုင်ကို ပြုစုလေတော့သည်။

အမှန်တကယ်ပင် တုပိုင်တစ်ယောက် ပြဿနာကြီး တက်နေပြီဟု ခံစားလိုက်ရသည်။ လောက၌ အမျိုးသမီးတစ်မျိုး ရှိတတ်စမြဲ ဖြစ်သည်။ သူမတို့သည် လုံးဝဥဿုံ နူးညံ့ပျော့ပျောင်းကြ၏။ ရေကဲ့သို့ နူးညံ့ပြီး ပန်းကဲ့သို့ ဆွဲဆောင်မှု ရှိကြသည်။ မိန်းကလေးငယ်များကဲ့သို့ မာနကြီးခြင်းလည်း မရှိကြချေ။ သင်က သူမကို မိုင်ပေါင်းထောင်ချီ ဝေးကွာအောင် တွန်းထုတ်နေစေကာမူ သူမက လုံးဝ ဂရုမစိုက်ဘဲ သံမဏိကိုပင် ပျော့သွားအောင် ချော့မြှူနိုင်စွမ်း ရှိကြပေသည်။

သူမသည် သင့်ကို ပြုစုရန်အတွက် နူးညံ့သိမ်မွေ့သည့် နည်းလမ်းကို အသုံးပြုပြီး နောက်ဆုံး၌ အခြားမိန်းမများသည် အမှိုက်သဖွယ် ဖြစ်သည်ဟု သင့်ကို ခံစားရအောင် စွမ်းဆောင်ပါလိမ့်မည်။ ထိုအချိန်၌ပင် အပြင်ဘက်မှ ကျီမင်းကျစ်၏ ချောင်းဟသံ ထွက်ပေါ်လာလေသည်။

“လီတောက်ယွဲ့ ၊ တော်လောက်ပြီ။ ကျွန်းသခင်ကြီး ကိုယ်တိုင် ရောက်လာတော့မယ်။ ပြီးတော့ တုပိုင်ကို ပြဿနာရှာမဲ့လူတွေလည်း ရောက်လာတော့မယ်” ကျီမင်းကျစ်က ပြောလိုက်သည်။ “တခြားလူတွေသာ နင့်ကို ဒီပုံစံနဲ့ မြင်သွားရင် တုပိုင်အတွက် ပိုပြီး ပြဿနာ တက်လိမ့်မယ်”

ရုတ်တရက် လီတောက်ယွဲ့ လန့်ဖျပ်သွားပြီး သေလောက်အောင် ရှက်ရွံ့သွားရချေသည်။ မှောင်မိုက်နေသည့် နေရာတွင် သူမ မည်မျှပင် ဆွဲဆောင်မှုရှိစေကာမူ ၊ နူးညံ့နေပါစေ ပြဿနာမရှိသော်လည်း ကျီမင်းကျစ်က တွေ့ရှိသွားပြီး ဝင်ရောက်ပြောဆိုလိုက်သည့်အခါတွင်မူ သူမ အလွန်အမင်း ရှက်ရွံ့သွားပြီး မြေကြီးထဲသို့သာ ဝင်ပုန်းလိုက်ချင်စိတ် ပေါက်သွားလေသည်။

လီတောက်ယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်ကို တုပိုင် ခံစားလိုက်ရသည်။ သိသာထင်ရှားသည်မှာ သူမသည် အခုနလေးတင် အိပ်မက်ကမ္ဘာထဲ ရောက်ရှိနေခဲ့ပြီး ကျီမင်းကျစ်၏ သတိပေးစကားကြောင့် လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။ သူမ ယခုကဲ့သို့ ဖြစ်ပျက်နေသည်ကို ကြည့်ရှုပြီးနောက် တုပိုင်က မနေနိုင်ဘဲ နူးညံ့စွာ ပြောလိုက်သည်။

“တခြားလူတွေရဲ့ အမြင်ကို ဂရုစိုက်စရာ မလိုပါဘူး။ ဒီလောကမှာ လူငယ်လေးတွေက ကိုယ့်ထက် အသက်ကြီးတဲ့ အလှပဂေးတွေကို လက်ထပ်ကြတာမျိုးလည်း ရှိတာပဲ။ ပြီးတော့ အစ်မက သိုင်းပညာ အဆင့်မြင့်မားတဲ့သူလေ... အလှအပ ထိန်းသိမ်းတဲ့ ကျင့်စဉ်ကိုသာ အထူးပြု လေ့ကျင့်လိုက်မယ်ဆိုရင် နောက်ထပ် အနှစ် ၂၀ ကြာရင်တောင် အစ်မက နုပျိုလှပနေဦးမှာပါ”

အတိုင်းအတာတစ်ခုထိ ပြောရမည်ဆိုလျှင် တုပိုင်သည် မွေးရာပါ နှလုံးသားလူမိုက်လေး ဖြစ်ပြီး အနီရောင်နန်းဆောင်အိပ်မက်ဇာတ်လမ်းထဲမှ ကျားပေါင်ယွီကဲ့သို့ ပါးစပ်ချိုသူ ဖြစ်သည်။ အမျိုးသမီးတစ်ယောက် ဝမ်းနည်းနေသည်ကို မြင်လိုက်ရသည်နှင့် မနေနိုင်ဘဲ ချိုသာသည့် စကားများဖြင့် နှစ်သိမ့်ပေးတတ်သူ ဖြစ်သည်။

“တကယ်လား...” လီတောက်ယွဲ့က သတိပြန်ဝင်လာသကဲ့သို့ တုန်ရီစွာ မေးလိုက်သည်။

“တကယ်ပေါ့” တုပိုင်က ပြောလိုက်သည်။ “ကျီယင်ယင် အသက်ဘယ်လောက်ရှိပြီလဲ။ အခုဆို သူက ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် မိန်းကလေး ပုံစံပဲ ရှိသေးတာလေ”

လီတောက်ယွဲ့က လေးနက်စွာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့... အစ်မက ရုပ်ရည်အိုမင်းခြင်းကို တားဆီးသည့် ကျင့်စဉ်ကို အထူးပြု လေ့ကျင့်ပါ့မယ်။ နောက်ထပ် အနှစ် ၂၀ ကြာတဲ့အထိ အစ်မက နုပျိုပြီး ကျစ်လျစ်နေမယ်လို့ ကတိပေးပါတယ်။ မောင်လေးကို ပြောပြရဦးမယ်... ဂိုဏ်းချုပ် နင်တောက်ရွှမ်ရဲ့ ဇနီးဆိုရင် သူ့ထက် အသက်အများကြီး ကြီးပေမဲ့ ပေမင်ဓားဂိုဏ်းရဲ့ နံပါတ်တစ် အလှပဂေး ဖြစ်နေတုန်းပဲ။”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အစ်မ သူ့ကို တွေ့ခဲ့ဖူးတယ်။ အဲဒီတုန်းက သူက အသက် ၅၀ ကျော်နေပြီ ဖြစ်ပေမဲ့ အစ်မလိုပဲ နုပျိုနေတုန်းပဲ။ အဲဒီတုန်းက အစ်မက အသက် ၃၀ လောက်ပဲ ရှိသေးတာလေ။ နောက်ထပ် အနှစ် ၂၀ ကြာရင်လည်း အစ်မက နုပျိုလှပနေဦးမယ်လို့ ကတိပေးပါတယ်... ဟုတ်တယ်... အစ်မ တကယ် အာမခံနိုင်တယ်။ အစ်မမှာ အစီအစဉ် ရှိပြီးသားပါ။ အလှအပ ထိန်းသိမ်းနိုင်တဲ့ အတွင်းအားကျင့်စဉ် မျိုးစုံကို စဉ်းစားထားပြီးပြီ။ ပြီးတော့ အသားအရေ နုပျိုစေတဲ့ ဆေးဝါးတွေကိုလည်း စဉ်းစားထားတယ်။ တို့တွေ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရတဲ့အခါ အဲဒါတွေကိုပါ အစ်မ ရှာပါ့မယ်။ မောင်လေး စိတ်မပူနဲ့နော်... နောက်ထပ် နှစ်အနည်းငယ်ကြာပြီး မောင်လေး အရွယ်ရောက် ရင့်ကျက်လာတဲ့အခါ တို့နှစ်ယောက် အတူတူ ရပ်နေရင် မောင်လေး ရှက်ရအောင် အစ်မ မလုပ်ပါဘူး... အစ်မ သေချာပေါက် လုပ်နိုင်ရမယ်”

လီတောက်ယွဲ့၏ ပြာပြာသလဲ ဖြစ်နေမှုက တုပိုင်ကို စိတ်မကောင်း ဖြစ်သွားစေခဲ့သည်။

“အစ်မသာ အဲဒီလောက်ထိ ကြိုးစားမယ်ဆိုရင် နောက်ထပ် ၁၀ နှစ်လောက်ကြာရင် ကျွန်တော်ကတောင် အစ်မထက် ရုပ်ပိုရင့်နေဦးမယ်လို့ ယုံကြည်ပါတယ်” တုပိုင်က ပြောလိုက်သည်။

အမှောင်ထုထဲတွင် လီတောက်ယွဲ့သည် တုပိုင်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် မျက်ရည်များ ဝဲလာကာ တုန်ရီစွာ ပြောလိုက်သည်။

“မောင်လေးက သိပ်ကောင်းတာပဲ... မောင်လေးက တကယ် သိပ်ကောင်းတာပဲ” (အဟမ်း 🌚🌚🌚)

သူမ ပြောလိုက်သည့် ထိုစကားလုံးများသည် အလွန် ရှုပ်ထွေးနက်နဲနေပုံ ရသည်။ တုပိုင်အနေဖြင့် သူမကို အလွန်အမင်း မချစ်နိုင်မှန်း သူမ သိသော်လည်း သူက သူမကို သနားကြင်နာပြီး သူမ ဝမ်းနည်း ပူပန်နေရသည်ကို မကြည့်ရက်သဖြင့် အကောင်းဆုံး စကားလုံးများဖြင့် နှစ်သိမ့်ပေးနေသည်ကို သူမ နားလည်လေသည်။

အသက် ၃၉ နှစ်အရွယ်အထိ သူမတွင် ယောကျ်ားတစ်ယောက်မျှ မရှိခဲ့ဖူးပေ။ အမှားတစ်ခုကြောင့် သူမသည် တုပိုင်နှင့် အရင်းနှီးဆုံး ဆက်ဆံရေး ဖြစ်သွားခဲ့ရသည်။ တုပိုင်က သူမ၏ အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း သူမအတွက် အသက်စွန့်ခဲ့သေးသည်။

ထို့အပြင် တုပိုင် ကိုယ်တိုင်ကလည်း အလွန်ထူးချွန်ထက်မြက်သည့် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် မိန်းမစိုးတစ်ဦး ဖြစ်သော်လည်း လီတောက်ယွဲ့၏ အမြင်တွင်မူ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက သူ့ကို အထင်ကြီးခဲ့သည်။ အထူးသဖြင့် တျန်ဂျီကျွန်း၏ ဟွမ်းယန်မဟာအတတ်ကို မြင်တွေ့ပြီးနောက် တုပိုင်သည် မကြာမီ စစ်မှန်သော ယောကျ်ားတစ်ယောက် ပြန်ဖြစ်လာတော့မည်ဟု သူမ အခိုင်အမာ ယုံကြည်ထားသည်။

ယနေ့တွင်မူ သူမသည် တုပိုင်၏ ဘုန်းအရှိန်အဝါ အနည်းငယ်ကိုပင် ခံစားနေရပြီ ဖြစ်သည်။

သူမကဲ့သို့ အသက်အရွယ် အမျိုးသမီးတစ်ယောက်သည် စိတ်ခံစားချက် ဝင်လာပြီဆိုပါက တောမီးကဲ့သို့ ပြင်းထန်တတ်သည်။ ဖိနှိပ်ထားချင်၍ ဖိနှိပ်ထားနိုင်သော အရာမျိုး မဟုတ်တော့ပေ။ သူမ၏ ခံစားချက်သည် ရွှဲ့ကွမ်ရင်ထက်ပင် ပို၍ ပြင်းထန်နက်ရှိုင်းလေသည်။

“အန်ချိုကျွန်းသခင်ဟယ်နဲ့ ကျွန်တော့်ကို ပြဿနာ လာရှာတဲ့ ရန်သူတွေကို တွေ့ဖို့ ပြင်ဆင်လိုက်ပါ” တုပိုင်က ပြောလိုက်သည်။

“အင်း... မောင်လေး... အစ်မ မောင်လေး စိတ်ပျက်အောင် လုံးဝ မလုပ်ပါဘူး” လီတောက်ယွဲ့က ပြောပြီးနောက် တုပိုင်၏ ရင်ခွင်ထဲမှ မချင့်မရဲဖြင့် ထွက်ခွာလိုက်သည်။ သူမသည် အမြန်ဆုံး ရေချိုးသန့်စင်ပြီး အဝတ်အစား ဝတ်ဆင်ကာ တျန်ဂျီကျွန်း၏ မြေအောက် ကျောက်ခန်းထဲမှ ထွက်ခွာလာခဲ့သည်။

ကျီမင်းကျစ်ကို မြင်လိုက်ရသောအခါ လီတောက်ယွဲ့သည် ရှက်လွန်းသဖြင့် ထွက်ပြေးချင်စိတ် ပေါက်သွားလေသည်။ သို့သော် သူမသည် ရင့်ကျက်သော အမျိုးသမီးတစ်ဦး ဖြစ်သည့်အားလျော်စွာ ဘာလုပ်သင့်သည်ကို သိရှိပေ၏။ လီတောက်ယွဲ့သည် သွားကို တင်းတင်းကြိတ်ကာ ကျီမင်းကျစ်၏ ရှေ့သို့ ရောက်လာပြီး အသနားခံသည့် မျက်နှာထားဖြင့် ချော့မော့ပြောဆိုလိုက်သည်။

“ညီမလေးကျီ... စိတ်မပူပါနဲ့။ အနာဂတ်မှာ အန်ချိုကျွန်းသခင် ရွေးချယ်တဲ့အခါ အစ်မ ညီမလေးဘက်ကနေ သေချာပေါက် ထောက်ခံပေးပါ့မယ်။ ဘယ်သူက ညီမလေးနဲ့ လာပြိုင်ပြိုင်... အစ်မကို အရင် ကျော်ဖြတ်ရလိမ့်မယ်”

ဘာလဲဟ...။ ကျီမင်းကျစ်သည် လီတောက်ယွဲ့ကို မယုံနိုင်သလို ကြည့်လိုက်သည်။

ဤသည်မှာ အေးစက်ပြီး မာနကြီးသော လီတောက်ယွဲ့ ဟုတ်သေးပါ၏လော။ သို့မဟုတ် လူတိုင်းကို ဂရုမစိုက်တတ်သည့် လီတောက်ယွဲ့ ဟုတ်ပါ၏လော။ ဤသည်မှာ အစွန်းရောက်ပြီး ကြမ်းတမ်းသည့် လီတောက်ယွဲ့ ဟုတ်ပါ၏လော။

ကျီမင်းကျစ်သည် သဘာဝအတိုင်း အေးစက်သူ ဖြစ်ပြီး လီတောက်ယွဲ့၏ ခံစားချက်များကို လုံးဝ နားမလည်နိုင်ချေ။ သူမက တုဟွေးကို လုံးဝ သတိမရတော့ပေ။

“အဓိပ္ပာယ်မရှိလိုက်တာ... နင်... နင့်ရဲ့ ဒီလိုလုပ်ရပ်က ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး” ကျီမင်းကျစ်က ပြောလိုက်သည်။

လီတောက်ယွဲ့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမ၏ မျက်နှာတစ်ခုလုံး နီရဲသွားကာ ပြောလိုက်သည်။ “ငါက ရလဒ်ကို တကယ် မလိုချင်ပါဘူး... ငါက အခုလက်ရှိ အချိန်လေးကိုပဲ လိုချင်တာပါ”

ကျီမင်းကျစ် အံ့အားသင့်သွားပြီး လီတောက်ယွဲ့ကို ကြည့်လိုက်သည်။

မှန်ပေသည်... သူမက အခုကိုသာ လိုချင်နေခြင်း ဖြစ်သည်။ ယခုအချိန်တွင် လီတောက်ယွဲ့သည် နှစ်အနည်းငယ် ပိုမိုနုပျိုလာပြီး ပို၍ လှပလာသည်။ သူမသည် စပျစ်ဝိုင် မူးနေသူကဲ့သို့ ပျော်ရွှင်နေသင့်ပေသည်။

တစ်ခဏအတွင်း ကျီမင်းကျစ်သည် မနာလို ဝန်တိုစိတ် အနည်းငယ် ဖြစ်သွားရသည်။ သူမတွင် ထိုကဲ့သို့သော စိတ်ခံစားမှုမျိုး မရှိသောကြောင့် ဖြစ်သည်။

“နင့်ရဲ့ စိတ်အခြေအနေကို ထိန်းသိမ်းလိုက်စမ်းပါ။ နင့်ကို ဒီပုံစံနဲ့ မြင်သွားရင် ကျွန်းသခင်ကြီးအတွက် အဆုံးမရှိတဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်”

ကျီမင်းကျစ်က အေးစက်စွာ ပြောလိုက်သည်။ “ငါ နင့်အတွက် လျှို့ဝှက်ပေးထားပါ့မယ်။ ဒါပေမဲ့ နင့်ဘက်ကလည်း ထုတ်မပြမိစေနဲ့”

“ကျေးဇူးတင်ပါတယ် ညီမလေး... ကျေးဇူးတင်ပါတယ်” လီတောက်ယွဲ့က ကျီမင်းကျစ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက် လီတောက်ယွဲ့က အသက်ပြင်းပြင်း ရှူသွင်းပြီး မျက်လုံးများကို မှိတ်လိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူမ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ ယခင်က အေးစက်ပြီး မာနကြီးသော ပုံစံသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။ သို့သော် ရုတ်တရက် ရရှိလာသော နုပျိုလှပမှုကိုမူ ဖုံးကွယ်ထား၍ မရနိုင်ချေ။

ခဏအကြာတွင်...

အန်ချိုကျွန်းသခင်ဟယ် ၊ တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ သားဖြစ်သူ ကျန်းရှဲ့နှင့် ဆံပင်မုတ်ဆိတ် ဖြူဖွေးနေသော သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖြစ်သည့် ကျန်းဝူရှင်း တို့ ရောက်လာကြသည်။ ကျန်းဝူရှင်းသည် တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ အမြွှာညီအစ်ကို ဖြစ်သည်။

ကျန်းရှဲ့ ရောက်လာပြီးနောက် တျန်ဂျီကျွန်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဘယ်သူ အထဲမှာ ရှိနေတာလဲ။ ငါ့အဖေလို ဟန်ဆောင်နေတာ... သင့်တော်ရဲ့လား”

လွန်ခဲ့သော နာရီအနည်းငယ်က သူသည် တုပိုင်၏ တျန်ဂျီကျွန်းသခင်အဖြစ် ဟန်ဆောင်မှုကို ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့သည်။ ပြန်ရောက်ပြီးနောက် သူ တစ်ခုခု လွဲမှားနေသည်ဟု ခံစားလိုက်ရသည်။ အသံက တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ အသံနှင့် အနည်းငယ် ကွဲပြားသည်ဟု ခံစားမိလိုက်သည်။

ထို့ကြောင့် သူသည် သူ့ဆရာ ကျန်းဝူရှင်းကို သွားရောက် ရှာဖွေပြီး အကြောင်းစုံ ပြောပြလိုက်သည်။

အန်ချိုကျွန်း၏ အကြီးအကဲ ကျန်းဝူရှင်းက ချက်ချင်းပင် ဆဲဆိုလိုက်သည်။ “အရူးကောင်... ဒါက တခြားလူ ဟန်ဆောင်ထားတာပဲ။ မိစ္ဆာအိုကြီးကျန်းက သေသွားပြီ။ ငါက သူ့ရဲ့ အမြွှာညီအစ်ကိုလေ... ငါ့ခံစားချက်က မှားနိုင်ပါ့မလား။ ပြီးတော့ မိစ္ဆာအိုကြီးကျန်းသာ အသက်ရှင်နေသေးရင် မင်းကို ခြောက်လှန့်နေပါ့ဦးမလား။ တန်းပြီး သတ်ပစ်လိုက်မှာပေါ့”

တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းက ကျန်းရှဲ့ကို ဘာကြောင့် သတ်ချင်ရသလဲ ဆိုသည်မှာ နောက်ကွယ်တွင် လျှို့ဝှက်ချက် ရှိနေသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် ဖခင်တစ်ယောက်အနေဖြင့် သားဖြစ်သူကို ဘယ်တော့မှ သတ်မည်မဟုတ်ပေ။

ထို့ကြောင့် ကျန်းဝူရှင်းသည် ကျန်းရှဲ့ကို ခေါ်ဆောင်ကာ တျန်ဂျီကျွန်းသို့ ကိုယ်တိုင် လာခဲ့ခြင်း ဖြစ်သည်။

ရည်ရွယ်ချက်က ရိုးရှင်းပါသည်။ တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ ရတနာများကို ဆက်ခံရန် ဖြစ်သည်။

တုပိုင်သည် တျန်ဂျီကျွန်း၏ လျှို့ဝှက်အခန်းထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာပြီး လူအများ၏ ရှေ့မှောက်သို့ ရောက်လာခဲ့သည်။

လီတောက်ယွဲ့၏ နှလုံးသား တုန်ခါသွားပြီး သူမ၏ မျက်လုံးများက ထိန်းချုပ်၍ မရနိုင်အောင် ဖြစ်သွားသည်။ ထို့နောက် ပြောမပြတတ်သော ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုများက သူမ၏ ရင်ထဲတွင် လှိုင်လှိုင် ပေါ်ပေါက်လာသည်။

တုပိုင်က တကယ်ကို ခန့်ညားလွန်းပြီး ကျီမင်းကျစ်၏ ရုပ်ရည်ကို အမွေရထားသူ ဖြစ်သည်။

“အဓိပ္ပာယ်မရှိတာ...” ကျီမင်းကျစ် မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် ထပ်မံ ရေရွတ်မိလိုက်ပြန်သည်။

ကျန်းရှဲ့က တုပိုင်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ဒီမနက်တုန်းက ငါ့အဖေ အသံနဲ့ ဟန်ဆောင်ခဲ့တာ မင်းလား...”

တုပိုင်က သူ့ကို လုံးဝ ဂရုမစိုက်ဘဲ အန်ချိုကျွန်းသခင်ဟယ်ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ “ကျွန်းသခင်ကြီးကို ဂါရဝပြုပါတယ်”

အန်ချိုကျွန်းသခင်သည် တုပိုင်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

တုပိုင်သည် ကောင်းကင်ပြစ်ဒဏ်ကို ခံယူပြီးနောက် မသေဆုံးဘဲ ရှင်သန်ကျန်ရစ်ခဲ့သည်။ ပေမင်ဓားဂိုဏ်းအတွက် ကောင်းကျိုးလား ၊ ဆိုးကျိုးလား ဆိုတာ သူ မသိရသေးသဖြင့် ဟယ်ကျင်းက သူ့ကို တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းနှင့် လာတွေ့ပေးခြင်း ဖြစ်သည်။

မထင်မှတ်ထားသည်မှာ ယခု တုပိုင်က ဘေးကင်းလုံခြုံစွာ ရှိနေပြီး တျန်ဂျီကျွန်းသခင်ကမူ သေဆုံးသွား၏။

ဟယ်ကျင်းက ဖြည်းညှင်းစွာ မေးလိုက်သည်။ “တုပိုင်... တျန်ဂျီကျွန်းသခင် ဘယ်လို သေသွားတာလဲ”

အပိုင်း ၄၀၅ ပြီး။

All Chapters