← Chapters

အခန်း (၄၀၆)

Vol. 41 Ch. 406

အခန်း (၄၀၆)

Vol. 41 Ch. 406

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖောက်ထွင်းသိမြင်သွားလို့ သေဆုံးသွားတာပါ”

“ငါ့အဖေကို မင်း သတ်လိုက်တာလားဆိုတာ ဘယ်သူသိမှာလဲ” ကျန်းရှဲ့က အေးစက်စွာ ပြောလိုက်သည်။ “ငါ့အဖေ ၊ တျန်ဂျီကျွန်းသခင် ကွယ်လွန်သွားပြီ။ မင်းက အခွင့်ကောင်းယူပြီး တျန်ဂျီကျွန်းနဲ့ သူ့ရဲ့ ရတနာတွေအားလုံးကို သိမ်းပိုက်ထားတယ်။ အခုချက်ချင်း တျန်ဂျီကျွန်းပေါ်ကနေ ထွက်သွားစမ်း။ ပြီးတော့ ငါ့အဖေရဲ့ ရတနာတွေကို ငါ့ဆီ ပြန်ပေး။ အထူးသဖြင့် သားရဲဆန်း ဥနှစ်လုံးကို ပြန်ပေးရမယ်”

ကျန်းရှဲ့ဆိုသည့် ခွေးကလေးက မတုံးအပေ။ တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ ရတနာများထဲတွင် မည်သည့်အရာက တန်ဖိုးအရှိဆုံးဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလေသည်။

ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းရှဲ့သည် အန်ချိုကျွန်းသခင်ဟယ်ကို ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျွန်းသခင်ကြီး... တုပိုင်ဆီက ရတနာတွေ ပြန်ရပြီးရင် အဲဒီ သားရဲဆန်း ဥတစ်လုံးကို အန်ချိုကျွန်းအတွက် လက်ဆောင်အဖြစ် ဆက်သပါ့မယ်။ ဒါဟာ ပေမင်ဓားဂိုဏ်း တပည့်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ကျေးဇူးသိတတ်မှုကို ပြသခြင်းပါ”

ထိုစကားကို ကြားလိုက်သည်နှင့် ဟယ်ကျင်း၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားလေသည်။ အန်ချိုကျွန်း၏ အကြီးအကဲဖြစ်သူ ကျန်းဝူရှင်းကလည်း အေးစက်စွာ ပြောလိုက်သည်။

“တုပိုင်... တျန်ဂျီကျွန်းသခင် ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးက သူ့ရဲ့ တစ်ဦးတည်းသောသား ကျန်းရှဲ့နဲ့ပဲ သက်ဆိုင်တယ်။ တျန်ဂျီကျွန်းကနေ အခုချက်ချင်း ထွက်သွားပေးပါ။ ပြီးတော့ မတရားသဖြင့် သိမ်းပိုက်ထားတဲ့ ရတနာတွေ အားလုံးကို လက်နက်ချ အပ်နှံလိုက်ပါ”

“ဘယ်သူရဲလို့လဲ” လီတောက်ယွဲ့က ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ကျန်းရှဲ့... မင်းက ပေမင်ဓားဂိုဏ်းရဲ့ သစ္စာဖောက် မိုချိုနဲ့ ပေါင်းပြီး ငါနဲ့ ကျီမင်းကျစ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ အခု မင်း အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

ပြောပြီးသည်နှင့် သူမသည် ကျန်းရှဲ့ကို သတ်ဖြတ်ရန် တိုက်ရိုက် ပြေးဝင်သွားလေ၏။ တုပိုင် ချက်ချင်းပင် နဖူးကို အုပ်လိုက်မိသည်။

‘စီနီယာအစ်မလီရေ... ဒီလောက်ကြီး စိတ်မမြန်လို့ မရဘူးလားဗျာ’

ကျီမင်းကျစ်သည်လည်း လီတောက်ယွဲ့ကို ကြည့်ကာ ပြောစရာစကားမဲ့သွားရသည်။ အချစ်ဟူသည် လူတို့အား ဤမျှထိ ဦးနှောက်မဲ့အောင် ပြုလုပ်နိုင်ပါသလော။ တိုက်ပွဲပင် မစရသေးချေ။ တုပိုင်အား မောင်းထုတ်ပြီး တုပိုင်၏ ရတနာများကို သိမ်းယူမည်ဟု ကြားလိုက်သည်နှင့် ချက်ချင်း ဓားဆွဲကာ ဝင်ခုတ်တော့မည်လော။

သို့သော် လီတောက်ယွဲ့ လှုပ်ရှားလိုက်သည်နှင့် ကျီမင်းကျစ်သည်လည်း ဓားကို ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ကျွန်းသခင်ကြီး... ဒီမနက်တုန်းက ကျွန်းသခင်ကြီးရဲ့ အမိန့်နဲ့ တျန်ဂျီကျွန်း ရေပိုင်နက်ထဲကို ရောက်လာခဲ့ပေမဲ့ လီတောက်ယွဲ့ကို လိုက်သတ်နေတဲ့ မိုချိုနဲ့ သွားဆုံခဲ့တယ်။ ကျွန်မက စီနီယာအစ်မလီနဲ့ အတူတူ ရှိနေလို့ မိုချိုက ကျွန်မကိုပါ ရူးသွပ်မတတ် လိုက်သတ်ခဲ့တယ်။ ကျန်းရှဲ့က ဝင်မကူညီတဲ့အပြင် မိုချိုကို ကြောက်တာရယ် ၊ ကျွန်မတို့ရဲ့ အလှကို မက်မောတာရယ်ကြောင့် မိုချိုနဲ့ ပေါင်းပြီး ကျွန်မနဲ့ စီနီယာအစ်မလီကို တိုက်ခိုက်ခဲ့တယ်။ တုပိုင်မှာ တခြားရွေးချယ်စရာ မရှိတော့လို့ တျန်ဂျီကျွန်းသခင်အဖြစ် ဟန်ဆောင်ပြီး ကျန်းရှဲ့နဲ့ မိုချိုကို ခြောက်လှန့် မောင်းထုတ်ခဲ့ရတာပါ။ သူက ကျွန်မတို့ကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ”

ကျန်းရှဲ့က အေးစက်စွာ ပြန်ပြောလိုက်သည်။ “အဓိပ္ပာယ်မရှိတာ... မတရား စွပ်စွဲနေတာပဲ။ ခင်ဗျားတို့ မိန်းမနှစ်ယောက်က တကယ်ပဲ သူတော်ကောင်းကို မသိကြဘူး။ ရှင်းရှင်းလင်းလင်း ပြောရရင် မိုချိုက ခင်ဗျားတို့ကို လိုက်သတ်နေတာ မြင်လို့ ကျွန်တော်က အန်ချိုကျွန်းကို ပြန်ပြေးပြီး ကျွန်းသခင်ကြီးဆီ အကူအညီ သွားတောင်းခဲ့တာပါ။ ခင်ဗျားတို့ အခု ဘေးကင်းနေပြီ မဟုတ်လား။ တုပိုင်က ငါ့အဖေရဲ့ ရတနာတွေကို သိမ်းပိုက်ဖို့ ကြံစည်နေတာကို သိလို့ ခင်ဗျားတို့က သူ့ဘက်က ပြောပေးနေတာလား”

ထိုစကားကို ကြားသောအခါ လီတောက်ယွဲ့နှင့် ကျီမင်းကျစ်တို့ ကြောင်အသွားကြသည်။

ဟယ်ကျင်းက ပြောလိုက်သည်။ “အမှန်ပဲ... ကျန်းရှဲ့က ငါ့ဆီ ချက်ချင်း ရောက်လာပြီး မိုချိုက မင်းတို့ကို လိုက်သတ်နေကြောင်း သတင်းလာပို့လို့ ငါ အချိန်မီ ရောက်လာခဲ့တာ”

ယနေ့တွင်မူ ကျန်းရှဲ့သည် အမှန်တကယ်ပင် သရဲတစ္ဆေသဖွယ် ကောက်ကျစ်စဉ်းလဲနေသည်။ ကျီမင်းကျစ်နှင့် လီတောက်ယွဲ့တို့က ကျန်းရှဲ့သည် မိုချိုနှင့်ပေါင်းပြီး သူမတို့ကို သတ်ရန် ကြံစည်ခဲ့သည်ဟု ပြောသော်လည်း သက်သေအထောက်အထား လုံးဝ မရှိပေ။

ထို့အပြင် လီတောက်ယွဲ့ကလည်း အချို့ကိစ္စများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို၍ မရနိုင်ပေ။ ယခု သူမသည် တုပိုင်နှင့်အတူ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရှာဖွေလိုသည်။ တစ်ချက်က သူမကိုယ်တိုင် ကျင့်ကြံရန် ဖြစ်ပြီး နောက်တစ်ချက်က တုပိုင်ကို မျက်နှာလိုမျက်နှာရ လုပ်လိုသောကြောင့် ဖြစ်သည်။ သူမအနေဖြင့် ကြယ်တာရာစုပ်ယူခြင်းကိစ္စကို အန်ချိုကျွန်းသခင်အား မသိစေလိုပေ။

ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ဆက်ပြောရန် ခက်ခဲသွားလေသည်။

ကျန်းရှဲ့က ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။ “စီနီယာအစ်မနှစ်ယောက်... မိုချိုရဲ့ သိုင်းပညာက အားကောင်းပြီး သူကလည်း ရူးသွပ်နေတာ။ သူက ခင်ဗျားတို့ကို လိုက်သတ်နေတာကို ကျွန်တော် တွေ့ခဲ့တယ်။ ဓားနဲ့ ဝင်မကူညီခဲ့တာက ကျွန်တော့်အပြစ်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ သုံးယောက်ပေါင်းရင်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးလေ။”

“အလကားသက်သက် အသက်စွန့်ရုံပဲ ရှိမှာ။ ဒါကြောင့် အန်ချိုကျွန်းသခင်ဆီ အကူအညီ သွားတောင်းခဲ့တာပါ။ စီနီယာအစ်မနှစ်ယောက်က ကျွန်တော့်ကို ဘာလို့ ဒီလို မတရားစွပ်စွဲရတာလဲ။ ကျွန်တော် တကယ် နားမလည်တော့ဘူး။ ရှင်းပြနိုင်တာ တစ်ခုပဲ ရှိတယ်။ ခင်ဗျားတို့နဲ့ တုပိုင် ပေါင်းပြီး ကျွန်တော့်အဖေရဲ့ ရတနာတွေကို သိမ်းပိုက်ချင်နေကြတာပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော့်အဖေရဲ့ ပစ္စည်းတွေပါ။ ကျွန်တော် ပြန်ရတာနဲ့ တစ်ဝက်ကို အန်ချိုကျွန်းအတွက် လှူဒါန်းပါ့မယ်။ ကျွန်တော့်အဖေရဲ့ ရတနာတွေကို အပြင်လူလက်ထဲ လုံးဝ အရောက်မခံနိုင်ဘူး။ အထူးသဖြင့် ဒီအပြင်လူက ကျွန်တော့်အဖေကို သတ်ခဲ့တာလည်း ဖြစ်နိုင်တယ်”

ကျန်းရှဲ့သည် တုပိုင်ကို အပြင်လူဟု ထပ်ခါတလဲလဲ သုံးနှုန်းပြီး သံသယဝင်အောင် ပြောဆိုနေသည်။ တုပိုင်က တစ်ခွန်းမျှ ပြန်မပြောဘဲ သူ၏ အတွင်းအားကို နဖူးပြင်ပေါ်သို့ စုစည်းလိုက်သည်။ ရုတ်တရက် သူ၏ နဖူးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင် ရွန်းသင်္ကေတတစ်ခု ပေါ်လာလေသည်။

ဤသည်မှာ တျန်ဂျီကျွန်း၏ အမှတ်အသား ၊ တျန်ဂျီဟူသည့် စာလုံးပါဝင်သော တံဆိပ်တုံး သင်္ကေတ ဖြစ်သည်။ တျန်ဂျီကျွန်းသခင်တိုင်း၏ နဖူးပေါ်တွင် ဤသင်္ကေတ ရှိပြီး ယခင် တျန်ဂျီကျွန်းသခင်က လက်ဆင့်ကမ်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“တျန်ဂျီကျွန်းသခင် ဦးလေးတော်ကျန်း မကွယ်လွန်ခင် ကျွန်တော့်ကို ဒီလျှို့ဝှက်အမှတ်အသား ပေးခဲ့ပြီး တျန်ဂျီကျွန်းသခင် ရာထူးကို လက်ဆင့်ကမ်းခဲ့ပါတယ်။ ပြီးတော့ တျန်ဂျီကျွန်းနဲ့ ပတ်သက်သမျှ အရာအားလုံးကို ကျွန်တော့်ကို ပေးအပ်ခဲ့ပါတယ်” တုပိုင်က ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျွန်းသခင်ကြီး... သေချာ စစ်ဆေးပေးပါ”

ထိုစကားကို ကြားလိုက်သည်နှင့် ကျန်းရှဲ့၏ မျက်နှာထား ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤလျှို့ဝှက်အမှတ်အသားသည် အတုလုပ်၍ မရနိုင်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ကျန်းဝူရှင်းက ရယ်မောပြီး ပြောလိုက်သည်။ “ရယ်စရာပဲ... ရယ်စရာပဲကွာ။ တျန်ဂျီကျွန်းသခင် နေရာဆိုတာ ပေမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာ နှစ်ခုထဲက တစ်ခုပဲ။ ဘယ်လိုလုပ် သီးသန့် လက်ဆင့်ကမ်းလို့ ရမှာလဲ။ တျန်ဂျီကျွန်းကို အခု အန်ချိုကျွန်းက ထိန်းချုပ်ထားတာ။ တျန်ဂျီကျွန်းသခင် ဖြစ်ချင်ရင် အရင်ဆုံး အန်ချိုကျွန်းသခင်ရဲ့ အသိအမှတ်ပြုမှုကို ခံယူရမယ်။ ပြီးရင် ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီရဲ့ အတည်ပြုချက် ရယူရမယ်။ မိစ္ဆာအိုကြီးကျန်း ပေးချင်တဲ့သူကို ပေးလို့ရတဲ့ နေရာ မဟုတ်ဘူး”

ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။

တျန်ဂျီကျွန်းသည် လက်ရှိတွင် အန်ချိုကျွန်း၏ ထိန်းချုပ်မှုအောက်၌ ရှိနေသော်လည်း ကျွန်းသခင်ရာထူး ဖြစ်သည့်အပြင် ဤနေရာမှ ဂိုဏ်းချုပ် သုံးဦးတိုင်တိုင် ပေါ်ထွက်ခဲ့ဖူးသည်။ ထို့ကြောင့် တျန်ဂျီကျွန်းသခင် ရာထူးကို ဆက်ခံလိုပါက ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီ၏ အတည်ပြုချက် လိုအပ်သည်မှာ အမှန်ပင် ဖြစ်သည်။

ကျန်းဝူရှင်းက ဆက်ပြောသည်။ “ဒါကြောင့် တုပိုင် တျန်ဂျီကျွန်းသခင် ဖြစ်တာက တရားမဝင်ဘူး။ ဒါကြောင့် မင်းပိုင်ဆိုင်ထားတဲ့ ရတနာတွေကလည်း တရားမဝင်ဘူး။ ကျန်းရှဲ့ကမှ ဒီရတနာတွေကို ဆက်ခံပိုင်ခွင့်ရှိတဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ။ အခုချက်ချင်း အပ်လိုက်စမ်း။ မဟုတ်ရင် ငါတို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”

ပြောပြီးသည်နှင့် ကျန်းဝူရှင်း၏ အသံတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားသည်။ သူသည် အန်ချိုကျွန်း၏ အကြီးအကဲ ဖြစ်သည့်အပြင် ဟယ်ကျင်း၏ ဦးလေးတော်စပ်သူလည်း ဖြစ်သည်။ သိုင်းပညာ အလွန်အစွမ်းထက်သဖြင့် လီတောက်ယွဲ့နှင့် ကျီမင်းကျစ်တို့ နှစ်ယောက်ပေါင်းလျှင်ပင် သူ၏ပြိုင်ဘက် မဟုတ်ပေ။

ဘာမျှ ဆက်မပြောတော့ဘဲ လီတောက်ယွဲ့သည် ဓားကို ကိုင်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ကျီမင်းကျစ်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ လူတိုင်း၏ မျက်လုံးများက နောက်ဆုံး ဆုံးဖြတ်ချက်ချမည့် အန်ချိုကျွန်းသခင် ဟယ်ကျင်းထံသို့ ရောက်ရှိသွားသည်။

အကယ်၍ သူက တုပိုင်သည် ရတနာများကို တရားမဝင် သိမ်းပိုက်ထားသည်ဟု ပြောလျှင် တုပိုင်အနေဖြင့် လက်နက်ချ အပ်နှံရုံမှတစ်ပါး အခြားမရှိပေ။

အန်ချိုကျွန်းသခင်ဟယ်က ပြောလိုက်သည်။ “တုပိုင်... တျန်ဂျီကျွန်းသခင် ရာထူးဆိုတာ သီးသန့် ပေးအပ်လို့ မရဘူး။ အရင်ဆုံး ငါ့ရဲ့ အတည်ပြုချက် လိုတယ်။ ပြီးမှ ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီရဲ့ အတည်ပြုချက် လိုတယ်။ ဒါကြောင့် အရင်ဆုံး ပြန်အပ်လိုက်ပါ...”

ထိုအချိန်တွင်ပင် ရုတ်တရက် အန်ချိုကျွန်းဘက်မှ မီတာရာပေါင်းများစွာ မြင့်မားသော ဧရာမလှိုင်းလုံးကြီးတစ်ခု ဆူနာမီကဲ့သို့ တက်လာလေသည်။

“ဝုန်းးးး ဝုန်းးးး ဝုန်းးးး”

“ဂါးးးးးးး”

ထို့နောက် ချက်ချင်းပင် စူးရှသော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ မိုင် ၂၀၀ ခန့် ဝေးကွာသော နေရာမှ ဖြစ်သော်လည်း ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။ ထို့နောက် ပြင်းထန်သော မီးခိုးစိမ်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။ အလွန်ကြီးမားသော ပင်လယ်မြွေကြီးတစ်ကောင် ရေထဲမှ ကောင်းကင်သို့ ခုန်တက်လာသည်။

မီတာရာပေါင်းများစွာ ရှည်လျားသော ဧရာမ မြွေကြီးသည် တုပိုင် စိတ်ကူးယဉ် အိပ်မက်ထဲတွင် တွေ့ကြုံခဲ့ဖူးသည့် ဧရာမ မြွေနှစ်ကောင်ထက်ပင် ပိုမိုကြီးမားနေပြီး ကောင်းကင်ကိုပင် အံတုနိုင်သော ပင်လယ်သားရဲဆန်းကြီး ဖြစ်သည်။

အန်ချိုကျွန်းသခင်ဟယ် တုန်လှုပ်သွားပြီး ပြောလိုက်သည်။ “မဖြစ်ဘူး... အရူးမမိုချိုက ထွက်မပြေးခင် နှစ်တစ်ထောင် မြွေမိစ္ဆာကို လွှတ်ပေးခဲ့တာပဲ”

နှစ်တစ်ထောင် မြွေမိစ္ဆာ...။ ယင်းသာ အန်ချိုကျွန်းပေါ်သို့ ရောက်ရှိသွားပါက အကြီးအကျယ် ကပ်ဘေးဆိုက်တော့မည် ဖြစ်သည်။ အန်ချိုကျွန်းသည် ပေမင်ဓားဂိုဏ်းနှင့် ပြင်ပကမ္ဘာတို့အကြား တစ်ခုတည်းသော ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။ အန်ချိုကျွန်းသာ ဖျက်ဆီးခံလိုက်ရပါက ပေမင်ဓားဂိုဏ်းအတွက်လည်း ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။ နှစ်တစ်ထောင် မြွေမိစ္ဆာသည် အန်ချိုကျွန်းဆီသို့ ဦးတည်သွားနေပြီး သတ်ဖြတ်ရန် ပြင်ဆင်နေသည်။

ထိုအချိန်တွင် တုပိုင်၏ စိတ်ထဲမှ ထူးဆန်းသော အလင်းရောင်အရိပ် လင်းလက်လာပြီး ပြောလိုက်သည်။

“မစ်ရှင်အသစ် စတင်ပါပြီ။ အန်ချိုကျွန်းကို ကယ်တင်ပြီး မဟာကယ်တင်ရှင် ဖြစ်လာစေရမည်”

တုပိုင် တုန်လှုပ်သွားသည်။ “နှစ်တစ်ထောင် မြွေမိစ္ဆာကြီးလေ... ငါလိုကောင် အယောက်တစ်ရာလောက် ရှိရင်တောင် သတ်နိုင်မှာ မဟုတ်ဘူး”

အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းရောင်အရိပ်က ပြန်ပြောလိုက်သည်။ “မင်းမှာ မိစ္ဆာကာကွယ်ရေးပုတီးစေ့ရှိတာမို့ အဆိပ်ကို ကြောက်စရာ မလိုဘူး။ ပြီးတော့ ဒီနှစ်တစ်ထောင် မြွေမိစ္ဆာက ဟို ရေနဂါးရဲ့ သားသမီးပဲ။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရေနဂါး သွေးပါတဲ့အတွက် နှစ်တစ်ထောင် မြွေမိစ္ဆာက မင်းကို အန္တရာယ်ပြုမှာ မဟုတ်ဘူး။ ဒါက မင်းအတွက် တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးပဲ။ ကျွန်းသခင်ကြီးရဲ့ မဟာကယ်တင်ရှင် ဖြစ်လာနိုင်မဲ့ အခွင့်အရေးပဲ”

အပိုင်း ၄၀၆ ပြီး။

All Chapters