← Chapters

အခန်း (၄၀၇)

Vol. 41 Ch. 407

အခန်း (၄၀၇)

Vol. 41 Ch. 407

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“မဟာအန်ချိုကျွန်းကို ကယ်တင်မည့် မစ်ရှင် စတင်ပါပြီ”

“မစ်ရှင်ဆုလာဘ် - မဟာအန်ချိုကျွန်း၏ ကျေးဇူးတင်မှုကို ရရှိမည်။ ပေမင်ဓားဂိုဏ်း၏ သူရဲကောင်း ဖြစ်လာမည်။ ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီမှ တျန်ဂျီကျွန်းသခင် ရာထူးကို တရားဝင် အသိအမှတ်ပြုခြင်း ခံရမည်”

“ဝုန်းးးး”

မိုင်ပေါင်းနှစ်ရာခန့် ကွာဝေးနေသောကြောင့် နှစ်တစ်ထောင် မြွေမိစ္ဆာကြီး မဟာအန်ချိုကျွန်းပေါ်တွင် သောင်းကျန်းနေသည်ကို မမြင်တွေ့ရပေ။ သို့သော် ဤနေရာရှိ လူအားလုံးသည် သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် ပင်လယ်ရေပြင်တစ်ခုလုံး တုန်ခါနေသည်ကို ရှင်းလင်းစွာ ခံစားနေရသည်။

“ဝုန်းးး”

ချက်ချင်းပင် တျန်ဂျီကျွန်းသည်လည်း ရုတ်တရက် တုန်ခါသွားလေ၏။

မိစ္ဆာမ မိုချိုက နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကို လွှတ်ပေးလိုက်ပြီးနောက် တျန်ဂျီကျွန်းအောက်ရှိ ဧရာမ သားရဲဆန်းကြီးကလည်း အာရုံခံမိသွားသဖြင့် မကြာခဏ အော်ဟစ်ကာ တျန်ဂျီကျွန်းတစ်ခုလုံးကို ရူးသွပ်စွာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

တုပိုင်က ပြောလိုက်သည်။ “မဟာကျွန်းသခင်... အခု အငြင်းပွားမှုတွေကို ဘေးဖယ်ထားပြီး မဟာအန်ချိုကျွန်းကို ချက်ချင်း ပြန်ပြီး လူတွေကို ကယ်ဆယ်သင့်ပါတယ်။ အချိန်တိုအတွင်း နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကို ချော့ပြီး သူ့ဂူထဲ ပြန်ရောက်အောင် လမ်းပြပေးရပါမယ်။ မဟုတ်ရင် အကျိုးဆက်က ဆိုးရွားပါလိမ့်မယ်”

ကျန်းရှဲ့က အေးစက်စွာ ပြောလိုက်သည်။ “မင်းအပေါ် မှီခိုရမယ် ဟုတ်လား။ အဲဒါက နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကွ။ မင်းလိုအဆင့် ကျင့်ကြံသူတွေ အများကြီး ရှိရင်တောင် သူ့အဆိပ် တစ်ချက်မှုတ်လိုက်တာနဲ့တင် သေကုန်မှာ။ မင်းက အခွင့်ကောင်းယူပြီး ထွက်ပြေးချင်နေတာမလား”

မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်း စိတ်ပျက်အားငယ်သွားလေ၏။ ဤမဟာအန်ချိုကျွန်းသည် သူ၏ ပိုင်နက် ဖြစ်သည်။ အကယ်၍ မြွေမိစ္ဆာကြီး သောင်းကျန်းခွင့် ရသွားပါက ကျွန်းပေါ်ရှိ လူရာပေါင်းများစွာ သေဆုံးကုန်ပေလိမ့်မည်။ ထိုအခါ သူ၏ မဟာကျွန်းသခင် ရာထူးကို ဆက်လက် ထိန်းသိမ်းနိုင်မည် မဟုတ်သလို အသက်အန္တရာယ်ပါ စိုးရိမ်ရပေလိမ့်မည်။

ဤနှစ်တစ်ထောင် မြွေမိစ္ဆာကြီးကို မိစ္ဆာမ မိုချိုက လွှတ်ပေးလိုက်ပြီး ဒေါသထွက်အောင် ပြင်းထန်စွာ ဆွခဲ့ခြင်း ဖြစ်သည်။ သူလုပ်ချင်းမဟုတ်ချေ။ သို့သော် မိုချို၏ သစ္စာဖောက်မှုသည် မဟာကျွန်းသခင်တစ်ယောက်အနေဖြင့် သူ၏ တာဝန်မကင်းပေ။

ရုတ်တရက် မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းက အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ “အငြင်းပွားမှုတွေကို ဘေးဖယ်ထားပြီး မဟာအန်ချိုကျွန်းကို ပြန်ကာ လူတွေကို ကယ်ဆယ်မယ့် နည်းလမ်း ရှာကြမယ်”

ထို့နောက် သူသည် တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ “တုပိုင်... မင်းလည်း ငါတို့နဲ့အတူ မဟာအန်ချိုကျွန်းကို လိုက်ခဲ့ရမယ်”

တုပိုင်က ပြောလိုက်သည်။ “သေချာတာပေါ့”

ထို့နောက် မဟာအန်ချိုကျွန်းသခင်၏ ဦးဆောင်မှုအောက်တွင် လူအုပ်ကြီးသည် လှေစီးရန်ပင် အချိန်မရတော့ဘဲ ကိုယ်ဖော့ပညာကို အသုံးပြုကာ လှိုင်းတံပိုးများပေါ်မှ မဟာအန်ချိုကျွန်းသို့ ပြန်လာခဲ့ကြသည်။

တုပိုင်သည်လည်း လင်းပိုဝေပုကို အသုံးပြုပြီး လှိုင်းစီးကာ လိုက်ပါလာခဲ့သည်။ ရုတ်တရက် သူ၏ လက်များ ချောကျွတ်သွားပြီး လီတောက်ယွဲ့က သူ့လက်ကို ဆွဲကာ ရှေ့သို့ ဆက်သွားနေသည်။

‘အစ်မကြီး... လူတွေ မြင်ကုန်မယ်... လူတွေ မြင်ကုန်မယ်’

တုပိုင် တမင်တကာ ဖြည်းဖြည်းချင်း ရုန်းထွက်လိုက်သည်။ ဘေးနားရှိ လူများသည်လည်း လီတောက်ယွဲ့ကို အနည်းငယ် အံ့သြသော အကြည့်များဖြင့် ကြည့်နေကြသည်။ လီတောက်ယွဲ့က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “တုပိုင်ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းလို့ ငါ ခေါ်လာတာပါ”

‘ခေါ်လာတာတော့ ဟုတ်ပါပြီ။ အင်္ကျီပေါ်ကနေ လက်မောင်းကို ကိုင်ထားလို့ ရတာပဲလေ။ လက်ချင်းချိတ်ထားစရာ လိုလို့လား။ ပြီးတော့ မင်းက ငါ့လက်ဖဝါးကို လက်ချောင်းလေးတွေနဲ့ ခဏခဏ လာကုတ်နေသေးတယ်။ ရံဖန်ရံခါ တခြားလူတွေ သတိမထားမိတဲ့အချိန်မှာ မျက်စိတွေ ဘာတွေ မှိတ်ပြနေသေးတယ်။ ဖက်ထားတုန်း ဘာလုပ်ချင်လို့လဲ’

‘လူမြင်ကွင်းမှာ ဒီလို လူရှေ့သူရှေ့ ပရောပရည်လုပ်နေရတာ စိတ်လှုပ်ရှားစရာ ကောင်းနေလို့လား’

ကျီမင်းကျစ် အမှန်တကယ် သည်းမခံနိုင်တော့ပေ။ အေးစက်ပြီး မောက်မာလွန်းသော လီတောက်ယွဲ့က ဤအဆင့်ထိ ရောက်သွားလိမ့်မည်ဟူ၍ သူမ ထင်မထားခဲ့ပေ။ ထို့ကြောင့် သူမ အရှေ့သို့ အနည်းငယ် တိုးကာ လူတိုင်း၏ အမြင်အာရုံကို သူမခန္ဓာကိုယ်ဖြင့် ကွယ်ထားလိုက်ရသည်။

မဟာအန်ချိုကျွန်းသို့ ပြန်ရောက်သောအခါ ကမ္ဘာပျက်နေသကဲ့သို့ ရှုပ်ထွေးနေပြီ ဖြစ်သည်။ မဟာအန်ချိုကျွန်းတစ်ခုလုံးရှိ ခမ်းနားထည်ဝါသော အဆောက်အအုံများသည် မရေမတွက်နိုင်အောင် ပျက်စီးနေပြီ ဖြစ်သည်။ ကျွန်းပေါ်ရှိ နေရာတော်တော်များများတွင် အစိမ်းရောင် အဆိပ်မြူများ ဖုံးလွှမ်းနေသည်။ မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားအများအပြားသည် လှေများဖြင့် အသည်းအသန် ထွက်ပြေးနေကြသည်။

မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းကို မြင်လိုက်ရသောအခါ ဒါဇင်ပေါင်းများစွာသော အကြီးအကဲများနှင့် သံတမန်များသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ပြေးလာကြသည်။

“မဟာကျွန်းသခင်... မဟာကျွန်းသခင်... နှစ်တစ်ထောင် မြွေမိစ္ဆာကြီး လွတ်သွားပါပြီ။ ပြီးတော့ ပြင်းပြင်းထန်ထန် လှုံ့ဆော်ခံထားရပုံရတယ်။ လုံးဝ ရူးသွပ်နေပြီ။ မဟာအန်ချိုကျွန်းတစ်ခုလုံးကို ချက်ချင်း ကယ်ထုတ်ပြီး ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီကို သတင်းပို့ရပါမယ်”

ဟယ်ကျင်းက မေးလိုက်သည်။ “လူ ဘယ်နှစ်ယောက် သေသွားပြီလဲ”

သူ အစိုးရိမ်ဆုံးကိစ္စက ဤသည်ပင် ဖြစ်သည်။ လူရာပေါင်းများစွာ သေဆုံးသွားပါက သူ၏ ကျွန်းသခင်ရာထူးကား ဆုံးခန်းတိုင်သွားပေမည်။ ထောင်ပေါင်းများစွာ သေဆုံးသွားပါကမူ သူ၏ အသက်ပါ အာမခံချက် မရှိတော့ချေ။

“လောလောဆယ်ထိတော့ ၃၉ ယောက် သေဆုံးသွားပါပြီ” အကြီးအကဲတစ်ဦးက ပြောသည်။

မဟာအန်ချိုကျွန်းသခင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ အသက်ဘေးမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရေရွတ်လိုက်သည်။ “သေဆုံးမှု သိပ်မများသေးဘူး။ တော်သေးတာပေါ့... တော်သေးတာပေါ့...”

ထို့နောက် ဟယ်ကျင်းက မေးလိုက်သည်။ “နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကရော”

အကြီးအကဲက ပြောသည်။ “နဂါးဂူထဲ ဝင်သွားပါပြီ”

“ဘာ...” မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်း အာမေဋိတ်သံ ထွက်သွားသည်။

အဆိုးရွားဆုံးအရာ ဖြစ်ပျက်လာပြီ ဖြစ်သည်။ နဂါးဂူသည် တစ်ချိန်က အသွင်ပြောင်း ရေနဂါးတစ်ကောင်၏ ပိုင်နက်ဖြစ်ပြီး ဤနှစ်တစ်ထောင် မြွေမိစ္ဆာကြီး၏ မိခင်လည်း ဖြစ်သည်။

ထိုရေနဂါး အသွင်ပြောင်းမည့်နေ့တွင် တျန်ဂျီကျွန်းသခင်က တွက်ချက်ပြီး အခြားမြွေမိစ္ဆာများကို ဆွဲဆောင်ကာ သတ်ဖြတ်စေခဲ့သည်။ ထို့နောက် မြွေမိစ္ဆာနှစ်ကောင် အချင်းချင်း သတ်ဖြတ်နေစဉ် တျန်ဂျီကျွန်းသခင်က ရေနဂါးသွေးကို လွယ်ကူစွာ ရယူနိုင်ခဲ့သည်။

ဤကိစ္စသည် ပေမင်ဓားဂိုဏ်းကို ဒေါသထွက်စေခဲ့ပြီး တျန်ဂျီကျွန်းကို အဆင့်နှစ်ဆင့် လျှော့ချကာ မဟာအန်ချိုကျွန်း၏ စောင့်ကြည့်ထိန်းချုပ်မှုအောက်သို့ ထည့်သွင်းခဲ့သည်။

တျန်ဂျီကျွန်းသခင်ကို မသတ်ဖြတ်ရခြင်း အကြောင်းရင်းမှာ သူသည် ကံတရားကို ထိုးဖောက်မြင်နိုင်သော ဗေဒင်ဆရာတစ်ဦး ဖြစ်သောကြောင့်သာ ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည် အစားထိုးမရနိုင်သောကြောင့် အသတ်မခံရခြင်း ဖြစ်သည်။

ယခု ဤနှစ်တစ်ထောင် မြွေမိစ္ဆာကြီး နဂါးဂူထဲ ဝင်သွားခြင်းမှာ သူ၏ မိခင်ကို ရှာဖွေနေခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

သို့သော် အရေးကြီးဆုံးအချက်မှာ ပေမင်ဓားဂိုဏ်းချုပ် နင်တောက်ရွှမ်၏ အသက် ၆၀ ပြည့် မွေးနေ့ ဖြစ်သောကြောင့် မဟာအန်ချိုကျွန်းတွင် နဂါးဂူစမ်းသပ်ပွဲ ကျင်းပနေခြင်း ဖြစ်သည်။ နှစ်အနည်းငယ်ကြာတိုင်း နဂါးဂူသည် မြေကမ္ဘာအနှစ်သာရ ကျောက်တုံးတစ်တုံးကို ဖွဲ့စည်းလေ့ရှိသည်။

ဤကျောက်တုံးသည် အခြားအသုံးဝင်မှု မရှိသော်လည်း အလွန် တန်ဖိုးရှိပြီး လှပသောကြောင့် ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ကျောက်မျက်ရတနာ ဖြစ်သည်။

မဟာအန်ချိုကျွန်းသည် ဤအဖိုးတန် ကျောက်တုံးကို ဂိုဏ်းချုပ်နင်တောက်ရွှမ်အား မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်လိုသဖြင့် ဂိုဏ်းသား တစ်ထောင်ကျော်ကို နဂါးဂူထဲသို့ စမ်းသပ်ဝင်ရောက်စေပြီး ကျောက်တုံးကို ရှာဖွေခိုင်းထားခြင်း ဖြစ်သည်။

ကျောက်တုံးကို ရရှိသူ မည်သူမဆို မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းက ချန်ကွန်းဟွန်ယွမ်ဆေးလုံးတစ်လုံး ချီးမြှင့်မည် ဖြစ်သည်။

ချန်ကွန်းဟွန်ယွမ်ဆေးလုံးသည်လည်း ဤကမ္ဘာမှ မဟုတ်သော ဆေးလုံးတစ်မျိုး ဖြစ်သည်။ အခြားကမ္ဘာမှ စွမ်းအင်များဖြင့် ဖွဲ့စည်းထားပြီး အလွန် တန်ဖိုးရှိသည်။ မဟာအန်ချိုကျွန်းတွင် ဆယ်နှစ်မှ တစ်လုံး ခွဲဝေရရှိပြီး သောက်သုံးပြီးပါက သွေးကြောများနှင့် ဒန်တျန်ကို တိုက်ရိုက် ပြောင်းလဲပေးနိုင်ကာ ခန္ဓာကိုယ်ဖွဲ့စည်းပုံပါရမီကို ထာဝရ တိုးတက်စေနိုင်သည်။

ဤသည်မှာ လူအများစုအတွက် အလွန် တန်ဖိုးရှိသည်။

အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ဖွဲ့စည်းပုံပါရမီသည် သိုင်းပညာရှင်တစ်ဦး၏ ကျင့်ကြံမှု အကန့်အသတ်ကို ကျော်လွန်စေနိုင်သည်။ ချန်ကွန်းဟွန်ယွမ်ဆေးလုံးဖြင့် အချို့သော လူများသည် မဟာဆရာသခင်အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်သည်။ အချို့သော ခန္ဓာကိုယ် အကန့်အသတ်များကြောင့် မဟာဆရာသခင် မဖြစ်နိုင်သူများသည်လည်း ဤဆေးလုံးကြောင့် ဖြစ်လာနိုင်သည်။

အထူးသဖြင့် မင်းသမီးယွီကျိန်းအတွက်ပင် ဖြစ်ချေသည်။

သူမသည် အလွန် လှပပြီး ခန္ဓာကိုယ် အချိုးအစား ပြည့်ဖြိုးသော်လည်း ဂုဏ်ရှိန်မြင့်မားပြီး စိတ်စွမ်းအားလည်း မြင့်မားသည်။

သို့သော် သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံပါရမီကြောင့် သူမသည် ဘယ်တော့မှ မဟာဆရာသခင် ဖြစ်လာနိုင်မည် မဟုတ်ပေ။ သူမ၏ ဖခင် ဆုန်ချွဲကဲ့သို့ပင် သိုင်းပညာ ကျင့်ကြံမှု အကန့်အသတ်မှာ ထိပ်သီးဆရာသခင် အဆင့်သာ ရှိသည်။

အတိုချုပ် ပြောရလျှင် ဤချန်ကွန်းဟွန်ယွမ်ဆေးလုံးကို ရယူရန်အတွက် မဟာအန်ချိုကျွန်းမှ ဂိုဏ်းသား တစ်ထောင်ကျော်သည် နဂါးဂူထဲတွင် စမ်းသပ်ဝင်ရောက်ပြီး မြေကမ္ဘာအနှစ်သာရ ကျောက်တုံးကို ရှာဖွေနေကြသည်။

ယခု ဤနှစ်တစ်ထောင် မြွေမိစ္ဆာကြီးသည် နဂါးဂူထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ ထိုသတင်းကို ကြားလိုက်ရသောအခါ ဟယ်ကျင်း မူးမေ့လဲမတတ် ဖြစ်သွားသည်။

နဂါးဂူ၏ ဝင်ပေါက်သည် မဟာအန်ချိုကျွန်းပေါ်တွင် ရှိပြီး ပင်လယ်ကြမ်းပြင်အောက်အထိ တိုက်ရိုက် ဆက်သွယ်ထားကာ ဝင်္ကပါကြီးတစ်ခုကဲ့သို့ ကြီးမားကျယ်ပြန့်သည်။ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးသည် နဂါးဂူထဲတွင် ပိုမို စွမ်းအားကြီးလာလိမ့်မည်။

ထို့အပြင် ဤနှစ်တစ်ထောင် မြွေမိစ္ဆာကြီးသည် မျိုးရိုးနီးစပ်သူများမှ ပေါက်ဖွားလာသောကြောင့် ဦးနှောက်မကောင်းဘဲ ရူးသွပ်နေသည်။ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်လိုက်သည်နှင့် နဂါးဂူထဲရှိ လူတစ်ထောင်ကျော်သည် ထွက်ပြေးစရာ နေရာမရှိဘဲ အသတ်ခံရတော့မည် ဖြစ်သည်။

ဤသို့ ဖြစ်လာပါက မဟာအန်ချိုကျွန်းတွင် ဟယ်ကျင်း၏ ဘဝ ဆုံးခန်းတိုင်ပြီ ဖြစ်သည်။ ပေမင်ဓားဂိုဏ်း၏ အကြီးအကဲများက သူ့ကိုရော ၊ သာမန်အရပ်သားတွေကိုပါ သေချာပေါက် သတ်ပစ်လိမ့်မည်။

သို့သော် ယခုအခါ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးသည် နဂါးဂူထဲတွင် ရှိနေပြီ ဖြစ်သည်။ ဝင်ရဲသူတိုင်း မြွေမိစ္ဆာနှင့် တွေ့ပြီး သေဆုံးရမည်မှာ သေချာသည်။

အပိုင်း ၄၀၇ ပြီး။

မျိုးရိုးနီးစပ်သူ - မောင်နှမအရင်း ၊ ဝမ်းကွဲ ဘာညာပေါ့။ လူတွေမှမဟုတ်ဘူး ၊ တရိစ္ဆာန်တွေလည်း သွေနီးပြီးမျိုးဖောက်ရင် ချို့ယွင်းတာတွေ ပါလာနိုင်၏။

All Chapters