အခန်း (၅၀၆-၅၀၇)
Vol. 44 Ch. 506-507
အခန်း ၅၀၆ စမ်းသပ်မှု
"ပေရန်လေး ဒီလောက်ဆို လုံလောက်ပြီလား"
လက်ထဲက ပန်းလေး ဘာလို့ သီချင်းဆိုနေတာလဲ ဆိုတာကို ခွဲခြမ်းစိတ်ဖြာနေတုန်းမှာပဲ ရှီဖုန်းလန်က ပန်းတွေ တစ်ပွေ့ကြီး ချီပြီး ပြန်ရောက်လာသည်။
အနည်းဆုံး ပန်းပွင့် တစ်ရာလောက်တော့ ပါလိမ့်မည်။
'အိမ်မှာ လေ့ကျင့်ထားတဲ့အတိုင်းပဲ...'
"အင်း လုံလောက်ပြီ"
ပန်းတွေကို ယူပြီး အလင်းတန်း အောက် ထားလိုက်တာနဲ့ ကျန်းပေရန် ဘေးနားမှာ သံပြိုင်အဖွဲ့ တစ်ဖွဲ့ ရောက်လာသလို ဖြစ်သွားသည်။
ပန်းပွင့်ပေါင်း မြောက်မြားစွာက ပြိုင်တူ သီချင်းဆိုနေကြသည်။
တချို့က အသံမြင့် တချို့က အသံနိမ့်နဲ့ ဟာမိုနီ ညီနေကြသည်။
အားလုံး တူညီတာ တစ်ခုကတော့ ဒီအလင်းတန်းကို ချီးမွမ်းခန်း ဖွင့်နေကြခြင်း ဖြစ်သည်။
ပန်းပွင့်တွေ အများကြီး ရလာပြီမို့ ကျန်းပေရန် စမ်းသပ်မှု စတင်လိုက်သည်။
ပထမဆုံး သိလိုက်ရတာက ဝိညာဉ်စွမ်းအင် ပါတဲ့ ပန်းတွေမှ သီချင်းဆိုတတ်ပြီး သာမန် ပန်းတွေက ဘာမှ မထူးခြားပေ။
ဒုတိယ အချက်ကတော့ သီချင်းသံ အနိမ့်အမြင့်က ဝိညာဉ်စွမ်းအင် ပမာဏနဲ့ မဆိုင်ပေ။
ဝိညာဉ်စွမ်းအင်များတိုင်း အသံကျယ်တာ မဟုတ်ပေ။
ဒီအချက်ရဲ့ လျှို့ဝှက်ချက်ကိုတော့ ရှာမတွေ့သေးပေ။
ပန်းတွေကို စမ်းသပ်ပြီးနောက် သိုလှောင်လက်စွပ်ထဲက သတ္တုရိုင်းတွေ ကျောက်စိမ်းတွေနဲ့ အဆောင်လက်ဖွဲ့ စာရွက်တွေကို ထုတ်ပြီး စမ်းသပ်ကြည့်လိုက်သည်။
ဒါပေမဲ့ ဘာမှ မထူးခြားပေ။
'ဆိုလိုတာက... ငါစမ်းသပ်လို့ ရသလောက်တော့ ပန်းပွင့်တွေပဲ ဒီအလင်းတန်းကို တုံ့ပြန်မှု ရှိတယ်ပေါ့'
မဟုတ်သေးဘူး... တိတိကျကျ ပြောရရင် ဆေးမြစ်တွေ လို့ ပြောရလိမ့်မည်။
ကျန်းပေရန် အတွက်တော့ ဝိညာဉ်စွမ်းအင် ပါတဲ့ အပင်မှန်သမျှ ဆေးမြစ်တွေချည်း ဖြစ်သည်။
ဒီပန်းပွင့်တွေလည်း ဆေးဖော်စပ်လို့ ရတာမို့ ဆေးမြစ်တွေပဲ ဖြစ်သည်။
အားလုံးကို ခြုံငုံ သုံးသပ်လိုက်ရင် ဒီအလင်းတန်းက ဆေးမြစ်တွေ အပေါ် သက်ရောက်မှု ရှိတယ်လို့ ကောက်ချက်ချလိုက်သည်။
ဒါပေမဲ့ ဘယ်လို သက်ရောက်မှု ရှိလဲ ဆိုတာကိုတော့ မသိရသေးပေ။
ထောင်ဝူ ပြောသလောက် ဆိုရင် ဒီအလင်းတန်းက မနက်ဖြန်လောက် ပျောက်သွားနိုင်တာမို့ သီအိုရီ ထုတ်နေဖို့ အချိန်မရှိတော့ပေ။
လက်တွေ့ စမ်းသပ်မှသာ အဖြေမှန်ကို အမြန်ဆုံး ရနိုင်မည်။
လက်တွေ့ စမ်းသပ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဆေးဖော်စပ်ကြည့်ခြင်း ဖြစ်သည်။
အလင်းတန်း အောက်မှာ ဆေးဖော်ရင် ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာမလဲ ဆိုတာ ကြည့်ရမည်။
ကျန်းပေရန်က ရွှေကျီးကန်း ဒယ်အိုး ကို ထုတ်လိုက်ပြီး ထောင်ဝူကို ပြောလိုက်သည်။
"လေးစားအပ်ပါသော မျိုးနွယ်စုခေါင်းဆောင် ငါ ဒီနေရာမှာ ဆေးဖော်ချင်လို့ အဆင်ပြေမလား"
ထောင်ဝူ ကြောင်သွားပေမယ့် ခေါင်းညိတ်လိုက်သည်။
"မင်းသဘောပဲ"
"ဒါဆို ငါ့ကို စောင့်ရှောက်ပေးပါဦး တခြား သားရဲတွေ မနှောင့်ယှက်အောင်ပေါ့"
"စိတ်ချပါ ဒါငါ့ပိုင်နက်ပဲ"
ဒီစကား ကြားရတော့ စိတ်ချသွားပြီး ကျန်းပေရန် ဆေးဖော်ဖို့ ပြင်လိုက်သည်။
အစမ်းသဘော အနေနဲ့ အဝါရောင်အဆင့် ဆေးလုံး တစ်လုံး အရင် ဖော်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
မီးမွှေးလိုက်သည်။
ခရမ်းရောင် ဝိညာဉ် ဆေးလုံး ဖော်စပ်ရာမှာ လိုအပ်တဲ့ ဆေးမြစ်တွေကို ထုတ်လိုက်သည်။
မီးအား ကောင်းစေဖို့ မြေကမ္ဘာအဆင့် အလယ်အလတ် သစ်သားဓာတ် ဝိညာဉ်ကျောက်တုံး တစ်တုံးကို မီးဖိုထဲ ထည့်လိုက်သည်။
စမ်းသပ်မှု လုပ်တာမို့ ကပ်စေးနည်းနေလို့ မဖြစ်ပေ။
ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံး ကိုတော့ နှမြောတာမို့ မသုံးရက်ပေမယ့် မြေကမ္ဘာအဆင့် အလယ်အလတ် ဆိုရင်လည်း လုံလောက်နေပြီ ဖြစ်သည်။
ဒယ်အိုး ပူလာတာနဲ့ ဆေးမြစ်တွေကို အစဉ်လိုက် ထည့်လိုက်သည်။
ပထမ အဆင့် ဖြစ်တဲ့ အရည်ဖျော်ခြင်းကို စတင်လိုက်သည်။
ဒီအဆင့်မှာ အရေးကြီးဆုံးက မီးအပူချိန် ဖြစ်သည်။
သာမန် မီးမဟုတ်ဘဲ ဒယ်အိုးက ထုတ်ပေးတဲ့ ဝိညာဉ်မီး ဖြစ်တာမို့ ဆေးမြစ်တွေကို အမြန် အရည်ပျော်စေပြီး ဆေးအာနိသင် အဖြစ် ပြောင်းလဲပေးနိုင်သည်။
ဒါကြောင့်လည်း ကျန်းပေရန်က တခြားသူတွေထက် ပိုမြန်မြန်နဲ့ အရည်အသွေး ကောင်းကောင်း ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။
ဒါပေမဲ့ ဒုတိယ အဆင့် ဖြစ်တဲ့ သန့်စင်ခြင်းကို ကူးဖို့ ပြင်လိုက်ချိန်မှာ ထူးခြားမှု ဖြစ်ပေါ်လာသည်။
ဆေးမြစ်တွေက အရည်မပျော်ဘဲ ဒီအတိုင်း ရှိနေခြင်း ဖြစ်သည်။
'ဘယ်လို ဖြစ်တာလဲ'
ကျန်းပေရန် အံ့သြသွားသည်။
ရွှေကျီးကန်း ဒယ်အိုး ရဲ့ အပူချိန်နဲ့ ဝိညာဉ်မီး အစွမ်းကြောင့် နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဆေးမြစ်တွေတောင် အရည်ပျော်သွားရမည်။
အခုထည့်ထားတာက နှစ်တစ်ရာ သက်တမ်းလောက်ပဲ ရှိတဲ့ ဆေးမြစ်တွေ ဖြစ်သည်။
'အလင်းတန်းက ကာကွယ်ပေးနေတာလား'
ဒါပဲ ဖြစ်နိုင်ခြေ ရှိသည်။
စိတ်စွမ်းအင်နဲ့ စစ်ဆေးကြည့်တော့ မီးအပူချိန်က ပုံမှန် ဖြစ်နေပေမယ့် ဆေးမြစ်တွေက မပျက်စီးဘဲ ရှိနေသည်။
အထူးသဖြင့် ဆေးအာနိသင်တွေက အပြင်ကို စိမ့်ထွက်လာခြင်း မရှိပေ။
'မဟုတ်ဘူး...'
ကျန်းပေရန် သေချာ စောင့်ကြည့်လိုက်တဲ့အခါ အသစ်အဆန်း တစ်ခုကို တွေ့လိုက်ရသည်။
ဆေးအာနိသင်တွေက ထွက်မလာပေမယ့် အဆင့်မြှင့်တင်ခံနေရသလို ဖြစ်နေသည်။
ဟုတ်တယ်... ဆေးမြစ်တွေရဲ့ အရည်အသွေး တက်လာနေခြင်း ဖြစ်သည်။
ဒါကို သိလိုက်တာနဲ့ ကျန်းပေရန် မီးအပူချိန်ကို တိုးမြှင့်လိုက်သည်။
ပုံမှန်ဆိုရင် အပူချိန် လွန်သွားရင် ဆေးမြစ်တွေ ပျက်စီးပြီး ပြာဖြစ်သွားတတ်သည်။
အနီရောင် မီးတောက်ကနေ လိမ္မော်ရောင် အဝါရောင် အဖြူရောင် စိမ်းပြာရောင် အပြာရောင် ခရမ်းရောင် အထိ အဆင့်ဆင့် ရှိသည်။
အခု အဝါရောင် အဆင့်ထိ တင်လိုက်ပေမယ့် ဆေးမြစ်တွေက ဘာမှ မဖြစ်သေးပေ။
ကျန်းပေရန် ဝမ်းသာသွားသည်။
အရည်အသွေးတွေ ဆက်တက်နေတုန်း ဖြစ်သည်။
ကန့်သတ်ချက် မရှိသလို ဖြစ်နေသည်။
ဒါကြောင့် အဖြူရောင် အဆင့်ထိ ထပ်တင်လိုက်သည်။
အရည်အသွေးတွေ ပိုကောင်းလာတာကို အာရုံခံမိတော့ ကျန်းပေရန် စိတ်လှုပ်ရှားလာသည်။
ဘာကြောင့်လဲ ဆိုတာ မသိပေမယ့် အပူချိန် မြင့်လေ အရည်အသွေး တက်လေ ဖြစ်နေသည်။
ဒါက လူလုပ် နှစ်တစ်ထောင် ဆေးမြစ်တွေ ဖန်တီးနေသလို ဖြစ်နေသည်။
'လောင်စမ်းကွာ'
ကျန်းပေရန်က စိမ်းပြာရောင် အဆင့်ထိ တင်လိုက်သည်။
'ဟေ...'
ဒီတစ်ခါတော့ ဆေးမြစ်တွေက ရုတ်တရက် အရည်ပျော်ကျသွားသည်။
'တောက်... အကန့်အသတ်မဲ့ တက်မယ် ထင်နေတာ'
ကျန်းပေရန် စိတ်ပျက်သွားသည်။
နှစ်တစ်ထောင် ဆေးမြစ် အဆင့်ထိ ရောက်မယ် ထင်ထားပေမယ့် အခုတော့ အရည်ပျော်သွားပြီ ဖြစ်သည်။
ဒါပေမဲ့ ဒီလို အရည်အသွေး မြင့်မားတဲ့ ဆေးရည်နဲ့ ခရမ်းရောင် ဝိညာဉ် ဆေးလုံး ကို ဖော်စပ်ရင် ဘာဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားသွားသည်။
ခရမ်းရောင် ဝိညာဉ် ဆေးလုံး က အဝါရောင်အဆင့် ဆေးလုံး ဖြစ်ပြီး ကုန်ကြမ်းတွေရဲ့ အရည်အသွေး ကန့်သတ်ချက် ရှိသည်။
အခု ကုန်ကြမ်း အရည်အသွေးက ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ ဖြစ်သည်။
မျှော်လင့်ချက်တွေနဲ့အတူ ကျန်းပေရန်က တတိယ အဆင့်ကို စတင်လိုက်သည်။
သန့်စင်ခြင်း
အညစ်အကြေးတွေကို ဖယ်ထုတ်ပြီး အနှစ်သာရကို ချန်ထားခြင်း ဖြစ်သည်။
ဒါပေမဲ့ စလုပ်လိုက်တာနဲ့ ကျန်းပေရန် အံ့သြသွားသည်။
ဆေးရည်ထဲမှာ အနှစ်သာရတွေချည်းပဲ ရှိနေပြီး အညစ်အကြေး တစ်စက်မှ မပါဝင်ပေ။
'ဒီလောက်ထိ သန့်စင်နေတာလား'
အလင်းတန်း အောက်မှာ ဆေးဖော်ရင် ထူးခြားမှုတွေ ရှိမယ်လို့ မျှော်လင့်ထားပေမယ့် ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပေ။
အညစ်အကြေး မရှိဘူး ဆိုတာက အဆိပ်အတောက် လုံးဝ မရှိဘူး ဆိုတဲ့ သဘော ဖြစ်သည်။
ပုံမှန်ဆိုရင် လော့ဝမ်ကျိုး လို မွေးရာပါ စိမ်းပြာရောင်အကြေးခွံ ခန္ဓာ ပိုင်ရှင်တွေမှသာ လုပ်နိုင်တဲ့ အရာ ဖြစ်သည်။
အခုတော့ အလင်းတန်း တစ်ခုတည်းနဲ့ ဒီစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီ ဖြစ်သည်။
'ရှေးဟောင်း အပျက်အစီးက... တကယ်ကို အံ့ဖွယ်ပဲ'
အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာနေဖို့ အချိန်မရှိတာကြောင့် ကျန်းပေရန်က အမြန်ဆုံး ဆက်လုပ်လိုက်သည်။
နောက်တစ်ဆင့်က အရေးကြီးဆုံး ဖြစ်တဲ့ ဝိညာဉ်သွင်းခြင်း ဖြစ်သည်။
ဆေးအာနိသင်နဲ့ ဝိညာဉ်စွမ်းအင်ကို ပေါင်းစပ်ပြီး ဆေးလုံး အဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။
ဆေးလုံး ဘယ်လောက် ကောင်းမလဲ ဆိုတာ ဒီအဆင့်မှာ မူတည်သည်။
"တက်စမ်း"
မီးအပူချိန်ကို ထပ်တင်လိုက်ပြီး ဒယ်အိုးထဲက ဝိညာဉ်စွမ်းအင်တွေကို ဆေးရည်ထဲ ထိုးသွင်းလိုက်သည်။
'ဟေ...'
လက်ဖက်ရည် တစ်အိုး ကုန်ချိန် ကြာသွားပေမယ့် ဘာမှ မဖြစ်လာပေ။
ပုံမှန်ဆိုရင် ဒီလောက် အချိန်ကြာရင် ဆေးလုံး စဖြစ်နေသင့်ပြီ ဖြစ်သည်။
အခုတော့ ဆေးရည်က ငြိမ်သက်နေပြီး ဘာမှ မတုံ့ပြန်ပေ။
'မိုက်တယ်ဟ...'
ကျန်းပေရန်က မီးအပူချိန် ထပ်တင်ပြီး ဝိညာဉ်စွမ်းအင်တွေ ပိုထည့်လိုက်သည်။
ဒယ်အိုးထဲက ဝိညာဉ်စွမ်းအင်တွေ ကုန်ခါနီး ဖြစ်သွားပေမယ့် ဆေးရည်က မတုန်မလှုပ် ရှိနေသေးသည်။
ကျန်းပေရန် ပြုပြင်ထားတဲ့ ဒယ်အိုး ဖြစ်လို့ သိုလှောင်နိုင်စွမ်းက သာမန်ထက် များပေမယ့် မလောက်ငှ ဖြစ်နေသည်။
'တော်သေးတယ် ကြိုပြင်ဆင်ထားလို့'
ကျန်းပေရန်က အစကတည်းက ထည့်ထားတဲ့ မြေကမ္ဘာအဆင့် အလယ်အလတ် ဝိညာဉ်ကျောက်တုံးကို အသက်သွင်းလိုက်သည်။
"ဘုန်း"
ရွှေကျီးကန်း ဒယ်အိုး ရဲ့ အရောင်က စိမ်းဖန့်ဖန့် ကျောက်စိမ်းရောင် အဖြစ် ပြောင်းလဲသွားသည်။
'ဟေ... ဒီကောင်လေးမှာ ဒီလို စွမ်းရည် ရှိသေးတာလား'
ဒယ်အိုး အရောင်ပြောင်းသွားတာ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ဝိညာဉ်စွမ်းအင်တွေ အများကြီး ဝင်လာလို့ ဒယ်အိုးက အလိုအလျောက် ပြောင်းလဲသွားခြင်း ဖြစ်ပုံရသည်။
အကာအကွယ် စနစ် သဘောမျိုး ဖြစ်သည်။
မဟုတ်ရင် ဒယ်အိုး ပေါက်ကွဲသွားနိုင်သလို ဆေးရည်တွေလည်း ပျက်စီးသွားနိုင်သည်။
ဒယ်အိုး အရောင်ပြောင်းသွားတာနဲ့ သိုလှောင်နိုင်စွမ်းက ပိုမြင့်မားလာပြီး ဆေးရည်ကို ထိန်းထားနိုင်လိုက်သည်။
'ဒယ်အိုး ၉ လုံးထဲက တစ်လုံး ဆိုတာ တကယ် ဟုတ်တာပဲ'
ချီးကျူးပြီးနောက် ကျန်းပေရန်က ဆက်လက် အားစိုက်လိုက်သည်။
တစ်နာရီ... နှစ်နာရီ... သုံးနာရီ...
ဆေးရည်က တွင်းနက်ကြီးလို ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေပြီး ပြည့်တယ်လို့ မရှိပေ။
နောက်ဆုံးတော့ ဆေးအာနိသင် အမျှင်တန်းလေး တစ်ခု ထွက်ပေါ်လာသည်။
'အောင်မြင်ပြီကွ'
ဝမ်းသာအားရနဲ့ အဲဒီ အမျှင်တန်းလေးကို သီးသန့် ခန်းလေးထဲ ပို့လိုက်သည်။
ပထမဆုံး အောင်မြင်မှု ရပြီးနောက် ကျန်တာတွေက လွယ်ကူသွားသည်။
နှေးကွေးပေမယ့် လမင်းကြီး ထွက်ပေါ်လာချိန်မှာတော့ ဆေးရည် အားလုံးကို ဆေးလုံး အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
စိတ်ကို လျှော့လိုက်တာနဲ့ မူးဝေတဲ့ ခံစားချက် ဝင်ရောက်လာသည်။
ကျန်းပေရန် မျက်လုံး ပြူးသွားပြီး စိတ်စွမ်းအင်ကို အမြန် ပြန်စုစည်းလိုက်ရသည်။
'ဟူး... သီသီလေးပဲ ဒီဆေးတစ်အိုး ဖော်ရတာ အသက်ပါတိုသွားသလိုပဲ'
ဒီလို မောပန်းနွမ်းနယ်မှုမျိုး တခါမှ မကြုံဖူးပေ။
မပြီးခင်မှာသာ ဖြစ်ခဲ့ရင် ဆေးဖော်တာ ပျက်စီးသွားနိုင်လောက်သည်။
အလင်းတန်း အပြင်ဘက်မှာတော့ ရှီဖုန်းလန်က ပန်းတွေ အများကြီး ခူးပြီး စောင့်နေသည်။
ကျန်းပေရန် အလုပ်ရှုပ်နေမှန်း သိလို့ မနှောင့်ယှက်ရဲဘဲ ငြိမ်နေခြင်း ဖြစ်သည်။
'ပန်းကုံး နောက်တစ်ကုံး ထပ်လုပ်လိုက်ဦးမယ်'
ထောင်ဝူကတော့ တစ်နေကုန် စောင့်ကြည့်နေခဲ့သည်။
ကျန်းပေရန်ရဲ့ လုပ်ရပ်တွေကို အစပိုင်းမှာ ထူးဆန်းတယ် ထင်ပေမယ့် နောက်ပိုင်းမှာ အံ့သြသွားခဲ့သည်။
ဆေးပညာ နားမလည်ပေမယ့် ဒယ်အိုးထဲမှာ ကြီးမားတဲ့ စွမ်းအင်တွေ စုစည်းနေတာကို သူခံစားမိသည်။
'သူက အလင်းတန်းရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားတာလား'
ထောင်ဝူ တွေးလိုက်သည်။
ဒီမိတ်ဆွေက အလင်းတန်းအောက်မှာ အကြောင်းမဲ့ ဆေးဖော်နေတာ မဟုတ်လောက်ဘူး ဆိုတာ သေချာသည်။
'သူက ငါ့ကို အံ့သြစရာတွေ ပေးနိုင်မယ့်ပုံပဲ'
မျိုးနွယ်စုခေါင်းဆောင် တစ်ယောက် အနေနဲ့ သူ့မျိုးနွယ်စုကို အစွမ်းထက်ဆုံး ဖြစ်စေချင်သည်။
ဒါပေမဲ့ စွမ်းအားရှင် လေးပါး နယ်မြေ ထဲမှာ တခြား စွမ်းအားကြီးတဲ့ မျိုးနွယ်စုတွေ ရှိနေပြီး ဘယ်သူမှ ဘယ်သူ့ကို မနိုင်ကြပေ။
အခုတော့ ဒီမိတ်ဆွေ ရောက်လာတာက သူ့အတွက် မျှော်လင့်ချက် ရောင်ခြည် ဖြစ်လာသည်။
သူမရှိဖူးတဲ့ အရာတွေကို ယူဆောင်လာပေးနိုင်ပြီး သူ့ကို စွမ်းအားရှင် လေးပါးနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကူညီပေးနိုင်သည်။
ဒါမှမဟုတ်... စွမ်းအားရှင် လေးပါးရဲ့ စွမ်းအားကို အမွေဆက်ခံနိုင်သည် အထိ ဖြစ်လာနိုင်သည်။
တွေးရင်းနဲ့ ထောင်ဝူ စိတ်လှုပ်ရှားလာသည်။
ဒါက သူ့အိပ်မက် ဖြစ်သည်။
စွမ်းအားရှင် လေးပါးရဲ့ စွမ်းအားကို ရရင် တစ်နယ်မြေလုံးကို သိမ်းပိုက်နိုင်မယ့်အပြင် လူသားကမ္ဘာကိုပါ ခြိမ်းခြောက်နိုင်မည်။
ဒါပေမဲ့ ပြဿနာ တစ်ခု ရှိနေသည်။
ဒီမိတ်ဆွေက သူ့မျိုးနွယ်စု တစ်ခုတည်းကို ကူညီမှာ မဟုတ်ဘဲ အားလုံးကို ကူညီမယ်လို့ ပြောထားသည်။
ဒါဆိုရင် သူ့အတွက် အားသာချက် မရှိတော့ပေ။
သူ့ကို ဒီမှာပဲ နေခိုင်းပြီး သူ့တစ်ယောက်တည်းကိုပဲ ကူညီခိုင်းရင် ကောင်းမလား။
အင်အားသုံးပြီး ဖမ်းထားရင်ရော။
ဒါပေမဲ့ ဒီအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်သည်။
ဒီမိတ်ဆွေရဲ့ အကြောင်းကို သူရေရေရာရာ မသိသေးပေ။
ဖမ်းလို့ မမိဘဲ ထွက်ပြေးသွားရင် ရတနာ ဆုံးရှုံးသွားမယ့်အပြင် ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက် ဖန်တီးလိုက်သလို ဖြစ်သွားမည်။
တခြား မျိုးနွယ်စုတွေနဲ့ ပေါင်းပြီး သူ့ကို ပြန်တိုက်ခိုက်လာနိုင်သည်။
ဒါကြောင့် အကြမ်းဖက် နည်းလမ်းက မဖြစ်နိုင်ပေ။
ထောင်ဝူ စဉ်းစားနေတုန်းမှာပဲ အလင်းတန်းထဲက ကျန်းပေရန် ဆီကနေ စူးရှတဲ့ အလင်းရောင် တစ်ခု ထွက်ပေါ်လာသည်။
မျက်စိကျိန်းမတတ် လင်းလက်နေသည်။
အခန်း ၅၀၇ ဆေးလုံး အောင်မြင်ခြင်း
ဝိညာဉ်သွင်းခြင်း အဆင့်ပြီးသွားတဲ့အခါ အခက်ခဲဆုံး အပိုင်း ပြီးသွားပြီလို့ ကျန်းပေရန် ထင်ခဲ့သည်။
ဒါပေမဲ့ ပုံမှန်ဆိုရင် လွယ်ကူတဲ့ ဆေးလုံးခွဲခြင်း အဆင့်မှာ ပြဿနာ တက်လာပြန်သည်။
ဒီအဆင့်က ဖက်ထုပ်လုပ်သလိုပဲ ရိုးရှင်းသည်။
အနှစ်ကို အခွံထဲ ထည့်ပြီး လုံးလိုက်ရုံသာ ဖြစ်သည်။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ "အခွံ" (ဆေးရည်) နဲ့ "အနှစ်" (ဆေးအာနိသင်) နှစ်ခုလုံးက ပုံမှန် မဟုတ်ဘဲ စွမ်းအား ကြီးမားလွန်းနေတာကြောင့် ပေါင်းစပ်ဖို့ ခက်ခဲနေသည်။
ဂျုံနယ်ရင်း ရေထပ်ထည့်သလိုမျိုး ဝိညာဉ်စွမ်းအင်တွေ ထပ်ဖြည့်ပြီး နှစ်ခုလုံးကို ပျော့ပျောင်းအောင် လုပ်ဖို့ကလွဲရင် တခြားနည်းလမ်း မရှိပေ။
ဒါပေမဲ့ အဲဒီလို လုပ်ရင် စွမ်းအင်တွေ ပိုများလာပြီး ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်သည်။
အချိန်ဆွဲလို့လည်း မရပေ။
အချိန်ကြာသွားရင် ဆေးအာနိသင် ပျက်စီးသွားပြီး အလကား ဖြစ်သွားမည်။
အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျန်းပေရန် စိတ်စွမ်းအင်ကို စုစည်းလိုက်သည်။
မီးဖိုထဲက သစ်သားဓာတ် ဝိညာဉ်ကျောက်တုံး ရဲ့ စွမ်းအင်တွေကို ထပ်မံ ဆွဲထုတ်လိုက်သည်။
တပြိုင်နက်တည်းမှာပဲ ဒယ်အိုးပေါ်က ဝိညာဉ်စွမ်းအင် စုပ်ယူတဲ့ အစီအရင် နဲ့ စုစည်းတဲ့ အစီအရင် နှစ်ခုလုံးကို ဖွင့်လိုက်သည်။
အပြင်က ဝိညာဉ်စွမ်းအင်ကို စုပ်ယူဖို့ မဟုတ်ဘဲ အလင်းတန်းရဲ့ စွမ်းအင်ကို ဒယ်အိုးထဲ ဆွဲထည့်ဖို့ ဖြစ်သည်။
ကျန်းပေရန်ရဲ့ တွက်ဆမှု မှန်ကန်သွားသည်။
အလင်းတန်း စွမ်းအင်တွေ ဝင်လာတာနဲ့ ဆေးရည်နဲ့ ဆေးအာနိသင်တွေက ငြိမ်သက်သွားပြီး ပေါင်းစပ်ရ လွယ်ကူသွားသည်။
ဒါပေမဲ့ ရွှေကျီးကန်း ဒယ်အိုး ထဲက စွမ်းအင်တွေက ရှုပ်ထွေးပြီး ကြီးမားလွန်းတာကြောင့် ကျန်းပေရန်ရဲ့ စိတ်စွမ်းအင် အပေါ် ဖိအား များလာသည်။
'မူးလိုက်တာ...'
သတိလစ်တော့မလို ဖြစ်လာတာကြောင့် ကျန်းပေရန်က အပြာရောင် ကျောက်စိမ်းပုလင်းထဲက အထွတ်အထိပ် ကြည်လင်ခြင်း ဆေးလုံး တစ်လုံး ထုတ်ပြီး မျိုချလိုက်သည်။
ဒါမှသာ သတိပြန်ကပ်လာသည်။
ပြီးတာနဲ့ ရွှေရောင် အဆောင်လက်ဖွဲ့ စာရွက် ၄ ရွက် ထုတ်ပြီး ဒယ်အိုးပေါ် ကပ်လိုက်သည်။
စွမ်းအင်တချို့ကို စာရွက်တွေက စုပ်ယူပေးဖို့ ဖြစ်သည်။
ဒါပေမဲ့ မလုံလောက်သေးတာကြောင့် ဝိညာဉ်ချည်နှောင် ကျောက်စိမ်းပြားတစ်ခု ထုတ်ပြီး နဖူးပေါ် ကပ်လိုက်သည်။
ကပ်လိုက်တာနဲ့ ကျောက်စိမ်းပြားပေါ်မှာ အက်ရာတွေ ပေါ်လာသည်။
ဖိအား ဘယ်လောက်များလဲ ဆိုတာ သိသာသည်။
ကျောက်စိမ်းပြားရဲ့ ပေးဆပ်မှုကြောင့် ကျန်းပေရန် သက်သာသွားပြီး ဆေးလုံးခွဲခြင်းကို စတင်နိုင်ခဲ့သည်။
အလင်းတန်း စွမ်းအင်နဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ အကူအညီကြောင့် ဆေးရည်နဲ့ ဆေးအာနိသင်တွေ ပေါင်းစပ်သွားပြီး အစိုင်အခဲ ဖြစ်လာသည်။
ဒါပေမဲ့ ၄ လုံးမြောက် ရောက်တဲ့အချိန်မှာ နဖူးပေါ်က ကျောက်စိမ်းပြား ကွဲကြေသွားသည်။
ဖိအားတွေ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။
'တောင့်ထားစမ်း'
အခုအချိန်မှာ လက်လျော့လိုက်ရင် ဒယ်အိုးထဲက စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး အကုန် ပျက်စီးသွားလိမ့်မည်။
နောက်တစ်စက္ကန့်မှာပဲ ကျန်းပေရန်က သူ့စိတ်စွမ်းအင် အကုန်လုံးကို ထုတ်သုံးလိုက်သည်။
သူနဲ့ ဒယ်အိုး တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကနေလည်း ဒယ်အိုးလိုပဲ တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာသည်။
'လူနဲ့ ဒယ်အိုး ပေါင်းစပ်ခြင်း'
ဒါက ဘာအဆင့်လဲ ဆိုတာ မသိပေမယ့် ဆေးဖော်စပ်ခြင်း ပညာရပ်မှာ အဆင့်တစ်ခု တက်သွားပြီ ဆိုတာတော့ ကျန်းပေရန် သေချာသည်။
ဒီအခြေအနေမှာ ကျန်းပေရန်က ကျန်တဲ့ ဆေးရည်တွေကို လျင်မြန်စွာ ပေါင်းစပ်ပြီး ဆေးလုံး အဖြစ် ပြောင်းလဲလိုက်သည်။
ပြီးတာနဲ့ စိတ်ကို လျှော့လိုက်တော့ အဲဒီ အခြေအနေကနေ ပြန်ထွက်လာသည်။
ဘေးက ကြည့်နေတဲ့ ထောင်ဝူ အမြင်မှာတော့ ကျန်းပေရန်က အလင်းတန်းရဲ့ စွမ်းအင်ကို ရယူပြီး ဒယ်အိုးထဲက စွမ်းအင်တွေကို ထိန်းချုပ်လိုက်သလို မြင်နေရသည်။
'မိတ်ဆွေရဲ့ စွမ်းအားက... တကယ်ကို ကြီးမားတာပဲ'
လူနဲ့ ဒယ်အိုး ပေါင်းစပ်ခြင်း အခြေအနေကနေ ထွက်လာပြီးနောက် ကျန်းပေရန် ခေါင်းမူးနေပေမယ့် ဂရုမစိုက်နိုင်ပေ။
အရေးကြီးတာက ဆေးလုံးတွေ...
အောင်မြင်သွားပြီ
[ ရွေးချယ်မှု ပြီးမြောက်ပါပြီ။ ဆုလဒ် - စိတ်စွမ်းအင် + ၁ ]
ဆုလဒ် ပေါ်လာတာနဲ့ ကျန်းပေရန် မျက်လုံး ပြူးသွားသည်။
'ဟာ'
မပြီးသေးတဲ့ ရွေးချယ်မှုတွေထဲမှာ အခုအခြေအနေနဲ့ ကိုက်ညီတာ တစ်ခုပဲ ရှိသည်။
အဲဒါက မြေကမ္ဘာအဆင့် ကုသရေး ဆေးလုံး ဖော်စပ်ဖို့ ဆိုတဲ့ ရွေးချယ်မှု ဖြစ်သည်။
အခု ဆုလဒ် ရတယ် ဆိုကတည်းက ဒီဆေးလုံးတွေက မြေကမ္ဘာအဆင့် ဆေးလုံးတွေ ဖြစ်သွားပြီ ဆိုတဲ့ သဘော ဖြစ်သည်။
'ငါ မြေကမ္ဘာအဆင့် ဆေးလုံး ဖော်စပ်နိုင်သွားပြီလား...'
အချိန်အခါ သင့်မြတ်ခြင်း နေရာဒေသ မှန်ကန်ခြင်း နဲ့ လူစွမ်းလူစ ရှိခြင်း ဆိုတာ ဒါကို ပြောတာ ဖြစ်မည်။
'ဒီအလင်းတန်းက... အချိန်အခါ သင့်မြတ်ခြင်း ပေါ့'
အလင်းတန်း ဘယ်ကလာလဲ မသိပေမယ့် ဘာလုပ်ပေးနိုင်လဲ ဆိုတာတော့ သိသွားပြီ ဖြစ်သည်။
ဒါက ဆေးပညာရှင်တွေ အတွက် ဘုရားသခင်ရဲ့ လက်ဆောင် ဖြစ်သည်။
ဒါပေမဲ့ ကျန်းပေရန်ရဲ့ စိတ်စွမ်းအင်တွေ ကုန်ခမ်းနေပြီမို့ နောက်တစ်အိုး ထပ်မဖော်နိုင်တော့ပေ။
နှမြောစရာ ကောင်းပေမယ့် နောက်တစ်ကြိမ် အလင်းတန်း ပေါ်လာမှပဲ ထပ်ကြိုးစားရတော့မည်။
မတ်တတ်ရပ်ပြီး ဒယ်အိုး အဖုံးကို ဖွင့်လိုက်သည်။
ခရမ်းရောင် အလင်းတန်း တစ်ခု ကောင်းကင်ပေါ် ထိုးတက်သွားပြီး ဆေးနံ့တွေက မုန်တိုင်းလိုမျိုး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ချောင်းကြည့်နေတဲ့ ရှီဖုန်းလန် လန့်သွားပြီး ကျန်းပေရန် နောက် ဝင်ပုန်းလိုက်သည်။
ထောင်ဝူလည်း လန့်သွားသည်။
အလင်းရောင်ကြောင့် မဟုတ်ဘဲ ဆေးလုံးထဲက ထွက်လာတဲ့ စွမ်းအင် ပမာဏကြောင့် ဖြစ်သည်။
'မြေကမ္ဘာအဆင့် ဆေးလုံး ထွက်လာတာက... တော်တော် ငြိမ့်ညောင်းတာပဲ'
ခရမ်းရောင် အလင်းတန်း ပျောက်သွားမှ ကျန်းပေရန်က ဆေးလုံး ၇ လုံးကို ထုတ်ယူပြီး ကြည့်လိုက်သည်။
'ဒါက... ဆေးလုံး အမှတ်အသား လား'
ဆေးလုံး ၇ လုံးစလုံးက အနက်ရောင် ဖြစ်ပြီး လုံးဝန်းနေသည်။
ဒါပေမဲ့ အပေါ်က အမှတ်အသားတွေက ကျန်းပေရန် တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံ ဖြစ်နေသည်။
အနက်ရောင်အဆင့် ဆေးလုံးတွေမှာ လူ့သွေးကြောပုံစံ အမှတ်အသားတွေ ပါလေ့ရှိပြီး ပိုရှုပ်ထွေးလေ အဆင့်ပိုမြင့်လေ ဖြစ်သည်။
ဒါပေမဲ့ ဒီဆေးလုံးတွေပေါ်က အမှတ်အသားတွေက စာလုံးတွေနဲ့ တူနေသည်။
ကျန်းပေရန် မဖတ်တတ်တဲ့ စာလုံးတွေ ဖြစ်သည်။
'ဒါက မြေကမ္ဘာအဆင့် ဆေးလုံးရဲ့ လက္ခဏာလား...'
မသိတာကို အတင်း စဉ်းစားမနေတော့ဘဲ နောင်ကျမှ အဆင့်မြင့် ဆေးပညာရှင်တွေနဲ့ တွေ့ရင် မေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
"ဆေးလုံးက မွှေးလိုက်တာ"
ရှီဖုန်းလန်က ဆေးလုံး တစ်လုံးကို ယူပြီး နမ်းကြည့်ကာ ပြောလိုက်သည်။
အရင်တုန်းက ကျန်းပေရန် ဖော်တဲ့ ဆေးလုံးတွေလည်း မွှေးပေမယ့် ဒီဆေးလုံးက ထူးခြားသည်။
အနံ့ရလိုက်တာနဲ့တင် စိတ်ရောကိုယ်ပါ ကျန်းမာသွားသလို ခံစားရသည်။
အပြင်ပန်း သဏ္ဍာန်နဲ့ အနံ့ကို စစ်ဆေးပြီးပြီမို့ အရေးကြီးဆုံး ဖြစ်တဲ့ အာနိသင်ကို စစ်ဆေးရမည်။
ခရမ်းရောင် ဝိညာဉ် ဆေးလုံး ကို ရွေးချယ်ရတာက သူ့ရဲ့ အသုံးဝင်မှု ကျယ်ပြန့်လို့ ဖြစ်သည်။
ပထမ အချက်က ကုသရေး ဖြစ်သည်။
အနက်ရောင်ဂိုဏ်းချုပ် အဆင့် တိုက်ပွဲတွေမှာ ရတဲ့ ဒဏ်ရာမှန်သမျှကို ကုသပေးနိုင်သည်။
အနက်ရောင်လေးစားဖွယ် အဆင့် တိုက်ပွဲတွေမှာ ရတဲ့ ဒဏ်ရာ တချို့ကိုလည်း ကုသပေးနိုင်သည်။
ဒုတိယ အချက်က အဆိပ်ဖြေခြင်း ဖြစ်သည်။
ပုံမှန်ဆိုရင် အဆိပ်ဖြေဆေးက အဆိပ်အမျိုးအစားပေါ် မူတည်ပြီး သောက်ရသည်။
မှားသောက်မိရင် ပိုဆိုးသွားတတ်သည်။
ဒါပေမဲ့ ခရမ်းရောင် ဝိညာဉ် ဆေးလုံး က အဆိပ်ကို ထိန်းချုပ်ပေးနိုင်သည်။
အဆိပ်ကို လုံးဝ မပြေစေပေမယ့် အဆိပ်မပြန့်အောင် တားဆီးပေးပြီး ဖြေဆေးရှာဖို့ အချိန်ရစေသည်။
ဒီအချက် နှစ်ချက်ကြောင့် ခရမ်းရောင် ဝိညာဉ် ဆေးလုံး က လူကြိုက်အများဆုံး အဝါရောင်အဆင့် ဆေးလုံး ဖြစ်လာသည်။
ခရီးသွားရင် မရှိမဖြစ် ဆောင်ထားရတဲ့ ဆေးဖြစ်သည်။
အခု မြေကမ္ဘာအဆင့် ဖြစ်သွားပြီ ဆိုတော့ အာနိသင်က ပိုကောင်းသွားရုံပဲလား ဒါမှမဟုတ် လုံးဝ ပြောင်းလဲသွားပြီလား ဆိုတာ မသိရသေးပေ။
သိချင်ရင် စားကြည့်မှ ရမည်။
ဒါပေမဲ့ ကျန်းပေရန်က တန်ဖိုးကြီးတဲ့ ဆေးလုံးကို အလကား စားမပစ်ချင်ပေ။
'မစားကြည့်ရင် ဘယ်လို သိမှာလဲ...'
ခဏလောက် စဉ်းစားပြီးနောက် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
အနီရောင် ကျောက်စိမ်းပုလင်းထဲ ထည့်ပြီး သိမ်းလိုက်သည်။
ဒီဆေးက အာနိသင် ပြင်းတာမို့ သာမန် ပုလင်းနဲ့ သိမ်းလို့ မရပေ။
သိမ်းပြီးမှ ဒယ်အိုးကို ကြည့်လိုက်တော့ မူလ အရောင် ပြန်ပြောင်းသွားတာ တွေ့လိုက်ရသည်။
'ခဏတာ ပြောင်းလဲသွားတာလား'
တစ်ဖက်က ပြန်တွေးရင် ဒယ်အိုးရဲ့ စွမ်းရည် အပြည့်အဝ မပေါ်လာသေးဘူး ဆိုတဲ့ သဘော ဖြစ်သည်။
ရွှေကျီးကန်း ဒယ်အိုး အပေါ် မျှော်လင့်ချက်တွေ ပိုများလာသည်။
ဒယ်အိုးကို ဆေးကြောပြီးနောက် ထောင်ဝူကို ပြောလိုက်သည်။
"လေးစားအပ်ပါသော မျိုးနွယ်စုခေါင်းဆောင် အလင်းတန်း ပျောက်တဲ့အထိ ဒီမှာ နေလို့ ရမလား"
အားမရှိတော့ပေမယ့် နောက်တစ်ကြိမ် ကံစမ်းကြည့်ချင်သေးသည်။
ထောင်ဝူက သမ်းဝေလိုက်ပြီး ပြောသည်။
"မင်းသဘောပဲ ကြိုက်သလောက် နေ"
"ကျေးဇူးပါ"
ကျန်းပေရန်က ထိုင်ချပြီး စိတ်စွမ်းအင် ပြန်ဖြည့်လိုက်သည်။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ အမွှေးတိုင် တစ်တိုင်စာလောက် ကြာတော့ အလင်းတန်း ပျောက်သွားသည်။
ကျန်းပေရန် စိတ်မကောင်း ဖြစ်သွားပေမယ့် တစ်ဖက်မှာလည်း ကျေးဇူးတင်မိသည်။
သူသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး မလုပ်ခဲ့ရင် အခုလို အောင်မြင်မှု ရမှာ မဟုတ်ပေ။
အလင်းတန်း မရှိတော့တာကြောင့် နေစရာ အကြောင်း မရှိတော့ပေ။
ပစ္စည်းတွေ သိမ်းပြီး ထောင်ဝူကို မေးလိုက်သည်။
"ခေါင်းဆောင် ဒီအလင်းတန်းက ဘယ်လောက် ကြာရင် တစ်ခါ ပေါ်လာတတ်လဲ"
"နောက်ဆုံးအကြိမ် ပေါ်တာကတော့... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထင်တယ်"
"..."
ဒါဆိုရင် နောက်တစ်ကြိမ် ထပ်ဖော်ဖို့ အစီအစဉ်က ပျက်သွားပြီ ဖြစ်သည်။
ဒါပေမဲ့ မကြာခင် ပြန်ပေါ်လာပါစေလို့ ဆုတောင်းနေမိသည်။
ဒီလို အခွင့်အရေးမျိုးက ရှေးဟောင်း အပျက်အစီးများထဲမှာပဲ ရနိုင်သည်။
အပြင်လောကမှာ ဆိုရင် ကျင့်ကြံသူတွေ ဝိုင်းလုနေကြမှာ သေချာသည်။
"ဒါပေမဲ့ ငါက မြေအောက်ထဲမှာပဲ နေတာ များတော့ သိပ်မမြင်ရဘူး"
ထောင်ဝူက ဖြည့်ပြောလိုက်သည်။
"..."
'စကားကို ဆုံးအောင် ပြောပါလားကွာ'
ပြန်ရောက်ရင် ဒီအလင်းတန်း အကြောင်း သေချာ စုံစမ်းရဦးမည်။
"ဪ... ဟုတ်ကဲ့ပါ"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
"သူငယ်ချင်း မင်း အလင်းတန်းထဲမှာ ဘာတွေ့ခဲ့လဲ"
ထောင်ဝူက အခွင့်ကောင်း စောင့်ပြီး မေးလိုက်သည်။
"ဒီအလင်းတန်းက ဆေးပညာ အတွက် အရမ်း အသုံးဝင်တယ် အလင်းတန်း အောက်မှာ ဆေးဖော်ရင် ပိုကောင်းတဲ့ ဆေးလုံးတွေ ရနိုင်တယ်"
ထောင်ဝူ တိတ်ဆိတ်သွားသည်။
သူတို့အတွက် အလှကြည့်ရုံ သက်သက် ဖြစ်တဲ့ အလင်းတန်းကို ဒီမိတ်ဆွေက တန်ဖိုးရှိတဲ့ အရာအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဒီနယ်မြေထဲမှာ ဒီလို ထူးဆန်းတာတွေ အများကြီး ရှိသေးသည်။
သူသာ အကုန်လုံးကို အသုံးချနိုင်ရင် အကျိုးကျေးဇူးတွေ အများကြီး ရလာနိုင်သည်။
ထောင်ဝူ တိတ်ဆိတ်နေတာ မြင်တော့ ကျန်းပေရန်က ပြောလိုက်သည်။
"ခေါင်းဆောင်ရဲ့ နေရာကို ငှားပြီး ဆေးဖော်ခဲ့တာမို့ ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ဘာလိုချင်လဲ ပြောပါ"
တကယ်တမ်းတော့ ထောင်ဝူက ဘာမှ မကူညီခဲ့ပေမယ့် နေရာပိုင်ရှင်မို့ ပေးကမ်းရခြင်း ဖြစ်သည်။
ဒါပေမဲ့ ထောင်ဝူက ရက်ရက်ရောရော ငြင်းလိုက်သည်။
"မလိုပါဘူး ဒီအလင်းတန်းက ငါပိုင်တာမှ မဟုတ်တာ မင်းအစွမ်းအစနဲ့ မင်းယူတာပဲ ငါ့ကို ပေးစရာ မလိုပါဘူး အဲဒါမှ တန်ဖိုးတူ လဲလှယ်ခြင်း ဖြစ်မှာပေါ့"
"ခေါင်းဆောင်က သဘောထားကြီးတာပဲ"
ဒါပေမဲ့ ကျန်းပေရန်က ထောင်ဝူမှာ တခြား ရည်ရွယ်ချက် ရှိနေမှန်း သိသည်။
ဒီခေါင်းဆောင်က သာမန် မဟုတ်ပေ။
ဒါကြောင့် ဆက်ပြောလိုက်သည်။
"အဲဒီလို ပြောလို့ မရဘူးလေ ခေါင်းဆောင် နေရာပေးလို့သာ အေးအေးဆေးဆေး ဆေးဖော်နိုင်ခဲ့တာ ဒါကြောင့် တန်ဖိုးတူ လဲလှယ်ခြင်း ဖြစ်ပါတယ်"
ထောင်ဝူ ပြန်မပြောခင် ကျန်းပေရန် ဆက်ပြောလိုက်သည်။
"ပြန်ရောက်ရင် ခေါင်းဆောင် အတွက် သီးသန့် လက်နက် တစ်ခု လုပ်ပေးရင် ဘယ်လိုလဲ"
ထောင်ဝူက ငြင်းမလို့ လုပ်ပေမယ့် လက်နက် ဆိုတဲ့ စကားလုံး ကြားတော့ စိတ်ဝင်စားသွားသည်။
"လက်နက် ဆိုတာ..."
ကျန်းပေရန်က ဓားတစ်ချောင်း ထုတ်ပြလိုက်သည်။
"ခေါင်းဆောင် လူသားတွေဆီမှာ ဒါမျိုး မြင်ဖူးမှာပါ"
ထောင်ဝူ ခေါင်းညိတ်လိုက်သည်။
"အင်း... ဒီအရာတွေက တော်တော် ဒုက္ခပေးတယ်"
ကျန်းပေရန် ရယ်လိုက်သည်။
"ဒီဒုက္ခပေးတဲ့ အရာတွေကို လက်နက် လို့ ခေါ်တယ် တိုက်ပွဲတွေမှာ အများကြီး အထောက်အကူ ပြုတယ်"
ထောင်ဝူက ဒီအကြောင်း ကောင်းကောင်း သိသည်။
သူ့ဒဏ်ရာ အများစုက ဒီလက်နက်တွေကြောင့် ရခဲ့တာ ဖြစ်သည်။
"မင်း ငါ့အတွက် လက်နက် လုပ်ပေးနိုင်တယ်လား"
ထောင်ဝူ စိတ်ဝင်စားသွားတာ မြင်တော့ ကျန်းပေရန်ရဲ့ ရည်ရွယ်ချက် အောင်မြင်သွားပြီ ဖြစ်သည်။
လက်ဆောင် ပေးချင်တာ အကြောင်းပြချက် နှစ်ခု ရှိသည်။
ပထမ အချက်က ကျေးဇူးကြွေး မတင်ချင်လို့ ဖြစ်သည်။
ဒုတိယ အချက်က လက်နက်တွေ ကြော်ငြာချင်လို့ ဖြစ်သည်။
ထောင်ဝူ သဘောကျသွားရင်...
စီးပွားရေးကွက်ကြီး ပွင့်သွားပြီလေ။