← Chapters

အခန်း (၅၀၈-၅၀၉)

Vol. 44 Ch. 508-509

အခန်း (၅၀၈-၅၀၉)

Vol. 44 Ch. 508-509

အခန်း ၅၀၈ နန်းတော်

ထောင်ဝူက လက်နက်တွေနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ ရထားပုံရသည်။

ဒါကြောင့် ကျန်းပေရန်က သီးသန့် လက်နက် တစ်ခု လုပ်ပေးမယ် ဆိုတာ ကြားတော့ ဝမ်းသာသွားပြီး စည်းရုံးရေး ကိစ္စတောင် မေ့သွားလေသည်။

"သူငယ်ချင်း ငါ့အတွက် ဘယ်လို လက်နက်မျိုး လုပ်ပေးမှာလဲ"

ကျန်းပေရန်က ထောင်ဝူကို အကဲခတ်ပြီး ပြန်ဖြေလိုက်သည်။

"ခေါင်းဆောင် ဘာလိုအပ်လဲ ဆိုတာပေါ် မူတည်တယ် ခေါင်းဆောင်က ကာကွယ်ရေး အားနည်းနေရင် ကာကွယ်ရေး လက်နက် လုပ်ပေးမယ် တိုက်ခိုက်ရေး အားနည်းနေရင်..."

"ငါ ကာကွယ်ရေး လက်နက် လိုချင်တယ်"

ကျန်းပေရန် စကားမဆုံးခင် ထောင်ဝူက ဖြတ်ပြောလိုက်သည်။

ဒီအဖြေက ကျန်းပေရန်ကို အံ့သြစေသည်။

သားရဲတွေ ဆိုတာ အရေထူ အသားမာပြီး ပြန်လည် ကုစားနိုင်စွမ်း ကောင်းတာကြောင့် ကိုယ်ခန္ဓာနဲ့တင် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်တယ်လို့ ထင်ထားခဲ့သည်။

ဒါပေမဲ့ အခု ထောင်ဝူရဲ့ တုံ့ပြန်ပုံကို ကြည့်ရင် အဆင့်မြင့် သားရဲတွေတောင် အနက်ရောင်သူတော်စင် တွေရဲ့ တိုက်ခိုက်မှုကို ခံရရင် နာကျင်ပုံရသည်။

"ကောင်းပါပြီ"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ သာမန် ကာကွယ်ရေး လက်နက်တွေက ခေါင်းဆောင် အတွက် သိပ်အသုံးမဝင်လောက်ဘူး ခေါင်းဆောင်နဲ့ ယှဉ်ပြိုင်ရမှာက လူသားတွေရဲ့ ထိပ်သီးပညာရှင်တွေ ဆိုတော့ အကောင်းစား လက်နက်မှ ရမှာ"

ခဏ စဉ်းစားပြီးမှ ဆက်ပြောသည်။

"ဒီလို လုပ်ကြမလား ခေါင်းဆောင်ကို ရွေးချယ်စရာ နှစ်လမ်း ပေးမယ် ပထမ တစ်လမ်းက ငါ တတ်နိုင်သလောက် အကောင်းစား ကာကွယ်ရေး လက်နက် တစ်ခု လုပ်ပေးမယ် လူသား ထိပ်သီးပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို လုံးဝ မကာကွယ်နိုင်ပေမယ့် တစ်စိတ်တစ်ပိုင်းတော့ လျှော့ချပေးနိုင်မယ် ဒုတိယ တစ်လမ်းကတော့ ငါ အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံး လက်နက် လုပ်ပေးမယ် ဒါပေမဲ့ ကုန်ကြမ်း ပစ္စည်းတွေကို ခေါင်းဆောင် ရှာပေးရမယ် ပြီးတော့ လက်ခ ယူမယ် ဒါပေမဲ့ ဈေးတော့ လျှော့ပေးပါ့မယ်"

"ငါ အကောင်းဆုံးကို လိုချင်တယ်"

ထောင်ဝူက ချက်ချင်း ရွေးလိုက်သည်။

"ကောင်းပြီ ဒါဆိုရင် ပြန်ရောက်တာနဲ့ ခေါင်းဆောင် အတွက် ဒီဇိုင်း စဆွဲပေးပါ့မယ်"

"ဒီဇိုင်း ဆိုတာ ဘာလဲ"

"ဪ ခေါင်းဆောင် လိုချင်တဲ့ ပုံစံကို အရင်ဆုံး ပုံကြမ်း ဆွဲကြည့်တာပါ"

ပုံကြမ်း ဆိုတာကို နားလည်မလား မသိတာကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ပြန်ရောက်ရင် ခေါင်းဆောင် သိလာမှာပါ"

"ကောင်းပြီ"

ထောင်ဝူက အဝေးကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

"အလင်းတန်းလည်း ပျောက်သွားပြီ ဆိုတော့ နောက်တစ်နေရာ သွားကြည့်ရအောင်"

'တည်ငြိမ်သားပဲ'

ထောင်ဝူက ပြန်ချင်နေလောက်ပြီ ထင်ပေမယ့် ဧည့်လမ်းညွှန် လုပ်ဖို့ကို မမေ့တာကြောင့် ကျန်းပေရန် သဘောကျသွားသည်။

နောက်ထပ် နေ့ဝက်လောက် ကြာတဲ့အခါ နယ်မြေ တစ်ခုလုံးကို ပတ်ကြည့်ပြီးသွားပြီ ဖြစ်သည်။

နေရာတိုင်းမှာ သန့်စင်သော ရေကန်လို ထူးခြားမှုတွေ မရှိကြောင်း တွေ့ရသည်။

အများစုက သာမန် နေရာတွေသာ ဖြစ်သည်။

လူသား ကမ္ဘာနဲ့ ယှဉ်ရင်တောင် နည်းနည်း ခေါင်းပါးသည်ဟု ပြောရမည်။

ထောင်ဝူရဲ့ စခန်းချရာ နေရာကလွဲရင် ကျန်တဲ့ နေရာတွေမှာ ဆေးမြစ်တွေ သိပ်မရှိဘဲ မြေနီတွေသာ ရှိသည်။

ဒါပေမဲ့ ပြိုင်ဘက် မရှိတာကြောင့် လူသား ကမ္ဘာထက် ပိုကောင်းတယ်လို့ ခံစားရသည်။

ကြိုက်သလောက် ခူးလို့ရပြီး ရွေးချယ်မှု ပေါ်လာမှာကို စိုးရိမ်စရာ မလိုပေ။

စခန်း ပြန်ရောက်တော့ သားရဲတွေရဲ့ အကြည့်က ပိုပြီး ဖော်ရွေလာသည်။

ဖော်ရွေတာထက် တစ်စုံတစ်ခုကို တောင့်တနေတဲ့ အကြည့်မျိုး ဖြစ်သည်။

မနေ့ညက စားလိုက်ရတဲ့ အစာကို စွဲလမ်းသွားကြပုံရသည်။

မွေးကတည်းက စားဖူးသမျှထဲမှာ အကောင်းဆုံး ဖြစ်ခဲ့သည်။

ဒါကြောင့် ဒီလူသားက နောက်တစ်ကြိမ် ထပ်လုပ်ကျွေးမလား ဆိုပြီး မျှော်လင့်နေကြသည်။

ကျန်းပေရန်က ခေါင်းညိတ် နှုတ်ဆက်ပြီးနောက် မြေအောက်ခန်းထဲ ပြန်ခေါ်သွားမယ် ထင်ပေမယ့် နန်းတော် တစ်ခု ရှေ့ကို ရောက်လာခဲ့သည်။

"ဒါက သန့်စင်သော နေရာပဲ ငါနောက်ဆုံး လိုက်ပြချင်တဲ့ နေရာပေါ့"

ထောင်ဝူက ရပ်လိုက်ပြီး ပြောသည်။

"သန့်စင်သော နေရာ... စွမ်းအားရှင် လေးပါးရဲ့ ဝိညာဉ်တွေ ရှိတဲ့ နေရာလား"

"ရှိမရှိတော့ ငါမသိဘူး ဒါပေမဲ့ စွမ်းအားရှင် လေးပါးထဲက တစ်ပါး နေထိုင်ခဲ့တဲ့ နေရာ ဆိုတာတော့ သေချာတယ်"

အိမ်ဟောင်း ဖြစ်နေတာကိုး။

'ခေါင်းဆောင်ကလွဲရင် ဘယ်သူမှ မဝင်ရဘူး ဆိုတဲ့ နေရာမျိုး မဟုတ်ဘူးလား ငါ့ကို ခေါ်လာတာ အဆင်ပြေပါ့မလား'

စဉ်းစားရင်းနဲ့ နန်းတော်ထဲ ဝင်လိုက်သည်။

'အငွေ့အသက်ကတော့ ဟုတ်နေပြီ'

ဝင်လိုက်တာနဲ့ နံရံဆေးရေး ပန်းချီတွေကို တွေ့လိုက်ရသည်။

ယဇ်ပူဇော်တဲ့ ပုံစံမျိုး ဖြစ်ပြီး သွေးထွက်သံယို ဖြစ်နေသည်။

ထောင့်တိုင်းမှာ ဦးခေါင်းခွံတွေ ပုံထားသည်။

စစ်နိုင်လို့ သိမ်းထားတာလား ယဇ်ပူဇော်ဖို့လား မသိရပေ။

'ဒါပေမဲ့... သာမန် ဆန်လွန်းနေတယ်'

သန့်စင်သော နေရာ ဆိုမှတော့ လက်နက်တွေ မရှိရင်တောင် ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေသင့်သည်။

အခုတော့ ရှေးကျတာကလွဲရင် ဘာမှ မထူးခြားပေ။

စွမ်းအားကြီး သားရဲတွေ နေခဲ့တဲ့ နေရာနဲ့ မတူပေ။

ထောင်ဝူကတော့ ရှင်းပြဖို့ စိတ်ကူးမရှိဘဲ ရှေ့ဆက်လျှောက်သွားသည်။

ခဏအကြာမှာ အကြီးဆုံး ခန်းမဆောင်ထဲ ရောက်လာသည်။

ဒီမှာလည်း နံရံဆေးရေး ပန်းချီတွေ ရှိသည်။

စစ်ပွဲ တစ်ခု အကြောင်း ဖြစ်သည်။

လူသားနဲ့ သားရဲ စစ်ပွဲ မဟုတ်ဘဲ သားရဲ အချင်းချင်း တိုက်ခိုက်တဲ့ စစ်ပွဲ ဖြစ်သည်။

ပုံတွေကို ကြည့်ရတာ တော်တော် ပြင်းထန်ပြီး သားရဲတွေ အများကြီး သေဆုံးခဲ့ပုံရသည်။

"သူငယ်ချင်း သန့်စင်သော နေရာ ဆိုတာ အပြင်လူ ဝင်ခွင့်မရှိပေမယ့် ငါမင်းအကူအညီ လိုအပ်နေတယ် ပြီးတော့ မင်းကို ယုံကြည်တယ်"

"ပြောပါ ခေါင်းဆောင်"

ထောင်ဝူက ခြေဆောင့်လိုက်ပြီး ပြောလိုက်သည်။

"ဒီအောက်မှာမှ စွမ်းအားရှင် လေးပါး တကယ် နေထိုင်ခဲ့တဲ့ နေရာ ရှိတယ် ဒါပေမဲ့ ငါ ဘယ်လိုမှ ဆင်းလို့ မရဘူး"

'မင်းတို့ သားရဲတွေက တွင်းတူးတာ ဝါသနာပါကြတာလား'

"ဆင်းမရဘူး ဟုတ်လား"

ကျန်းပေရန်က ကြမ်းပြင်ကို ကြည့်ပြီး မေးလိုက်သည်။

"ဟုတ်တယ် ငါ ဘယ်လောက် တိုက်ခိုက် တိုက်ခိုက် ဒီကြမ်းပြင် ပေါက်မသွားဘူး"

"အောက်မှာ စွမ်းအားရှင် လေးပါး နေခဲ့တယ် ဆိုတာ ဘယ်လို သိလဲ"

"အရင် ခေါင်းဆောင်က ငါ့ကို ပြောပြခဲ့တဲ့ လျှို့ဝှက်ချက်ပဲ"

'တစ်ယောက်နဲ့ တစ်ယောက် ပြောပြနေမှတော့... လျှို့ဝှက်ချက် မဟုတ်တော့ပါဘူး'

စိတ်ထဲက ပြောလိုက်ပြီး ကျန်းပေရန် စိတ်စွမ်းအင်နဲ့ အောက်ကို စစ်ဆေးကြည့်လိုက်သည်။

ဒါပေမဲ့ စစ်ဆေးမလို့ လုပ်တုန်းမှာပဲ အတားအဆီး တစ်ခုကို တွေ့လိုက်ရသည်။

'အစီအရင် လား'

ကျန်းပေရန် ကြောင်သွားသည်။

ရှေးဟောင်း နေရာတွေမှာ အစီအရင် ရှိတာ မဆန်းပေမယ့် ဒါက သားရဲတွေရဲ့ နယ်မြေ ဖြစ်သည်။

'ရှေးတုန်းက လူသား ပညာရှင်တွေ လာပြီး တစ်ခုခုကို ချိပ်ပိတ်ထားခဲ့တာများလား'

စိတ်စွမ်းအင်ကို ပြန်ရုပ်သိမ်းပြီး မေးလိုက်သည်။

"ခေါင်းဆောင်က ငါ့ကို အောက်ဆင်းတဲ့ လမ်း ဖွင့်ပေးစေချင်တာလား"

"ဟုတ်တယ် သူငယ်ချင်းသာ ကူညီနိုင်ရင် ကြိုက်တဲ့ ဆု ပြော"

"ကောင်းပြီ ခေါင်းဆောင် တောင်းဆိုမှတော့ ငြင်းစရာ အကြောင်း မရှိပါဘူး ဒါပေမဲ့ အချိန် နည်းနည်းတော့ ပေး ဘာက တားဆီးထားလဲ ဆိုတာ အရင် စစ်ဆေးရဦးမယ်"

ကျန်းပေရန် တကယ် လုပ်နိုင်မယ့်ပုံ ပေါက်နေတာကြောင့် ထောင်ဝူက အမြီးယမ်းပြီး ပြောလိုက်သည်။

"သူငယ်ချင်းက တကယ် စွမ်းတာပဲ မင်းသဘောအတိုင်း လုပ်ပါ"

"ငါက စမ်းကြည့်ရုံပါ ခေါင်းဆောင် သိပ်မမျှော်လင့်ထားနဲ့"

"မင်း လုပ်နိုင်မယ် ဆိုတာ ငါယုံတယ်"

"ဒါဆို ငါ အစွမ်းကုန် ကြိုးစားပါ့မယ် ခေါင်းဆောင် အပြင်ထွက် စောင့်ပေးပါ"

ထောင်ဝူက မငြင်းဘဲ အခန်းပေါက်ဝထိ ထွက်သွားပြီး စောင့်ကြည့်နေသည်။

ဒီမိတ်ဆွေ ဘာတွေ စွမ်းပြဦးမလဲ ဆိုတာ သိချင်နေသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ကျန်းပေရန်က ကောင်းကင်ပျံ ကြယ်တာရာပန်းကန်ပြားကို ထုတ်ပြီး ခန်းမ အလယ် ရပ်လိုက်သည်။

အစီအရင်ကို ဖျက်ချင်ရင် ဘာအစီအရင်လဲ ဆိုတာ အရင် သိရမည်။

'ကိုးလွှာသော ကောင်းကင် တိမ်တိုက်ဖိနပ် စီး၍ ကန်ကွာ ကနေ လီကွာ အထိ...'

ခြေလှမ်း စလှမ်းလိုက်တာနဲ့ လက်ထဲက သံလိုက်အိမ်မြှောင်လက်တံက ရူးသွပ်စွာ လည်ပတ်နေတာကို တွေ့လိုက်ရသည်။

ရပ်မယ့်ပုံ မရှိပေ။

'ဟုတ်ပြီ... ဒါမှ သားရဲကြီးတွေ နေတဲ့ နေရာ ပီသတာပေါ့'

သံလိုက်အိမ်မြှောင် ဆိုတာက ပတ်ဝန်းကျင် အငွေ့အသက်ကို ဖတ်ပြီး လမ်းကြောင်း ရှာပေးတာ ဖြစ်သည်။

အခု လက်တံက လည်နေတယ် ဆိုတာ ဒီနေရာက အငွေ့အသက်တွေ အလွန် ရှုပ်ထွေးနေတယ် ဆိုတဲ့ သဘော ဖြစ်သည်။

'ရှုပ်ထွေးလိုက်တာ'

သံလိုက်အိမ်မြှောင်ကို ပြန်သိမ်းပြီး လိုအင်ပြည့်ဝသော ဗေဒင်ကျည်တောက်ကို ထုတ်လိုက်သည်။

'လိုအင်... လိုအင်... ငါ့ဆန္ဒအတိုင်း ဖြစ်စေသော်'

"ချောက် ချောက်"

နှစ်ခါ လှုပ်လိုက်တော့ ငွေရောင် တုတ်တံ တစ်ချောင်း ပြုတ်ကျလာသည်။

ကျန်းပေရန်က ဖမ်းယူပြီး ဝှေ့ယမ်းလိုက်တော့ မဲနက်နေတဲ့ မီးခိုးငွေ့တွေ ထွက်လာပြီး ပျံ့နှံ့သွားသည်။

ထောင်ဝူက တားချင်ပေမယ့် လျှို့ဝှက်ချက် ဖော်ထုတ်ဖို့အတွက် သည်းခံလိုက်သည်။

မီးခိုးငွေ့တွေ ခန်းမ တစ်ခုလုံး ပြည့်သွားတဲ့အခါ ကျန်းပေရန်က ခရမ်းရောင် စာရွက် ၁၈ ရွက် ငွေရောင် စာရွက် ၇ ရွက်နဲ့ ရွှေရောင် စာရွက် ၂ ရွက်ကို ထုတ်လိုက်သည်။

ရွှေရောင် စာရွက် တစ်ရွက်ကို နှုတ်ခမ်းမှာ တေ့ပြီး ရွတ်ဆိုလိုက်သည်။

'ကောင်းကင်မှာ အံ့ဖွယ် သုံးပါး မြေကြီးမှာ ခြောက်ပါးသော ပုံသဏ္ဍာန်'

'အရပ်ရှစ်မျက်နှာ အငွေ့အသက်များ ရှုပ်ထွေး မကောင်းဆိုးဝါး အငွေ့အသက်များ မြင့်တက်'

'မည်းမှောင်သော တိမ်တိုက် မြေနီ အပျက်အစီးများ သင်္ချိုင်းဂူ'

'ခြေလှမ်း တစ်ရာ အတွင်း မျက်စိဖွင့်၍ ကြည့်လော့'

ရွှေရောင် စာရွက်က တောက်ပတဲ့ အလင်းရောင် ထွက်ပေါ်လာပြီး မီးခိုးငွေ့တွေထဲ ပျံဝင်သွားသည်။

ကျန်တဲ့ စာရွက်တွေလည်း နောက်က လိုက်ပါသွားကြသည်။

ဗေဒင်ကျည်တောက်နဲ့ ဖန်တီးလိုက်တာက မင်ရောင် တိမ်တိုက် ဖြစ်ပြီး အစီအရင် ကြည့်ရှုခြင်း အတွက် အထောက်အကူ ပစ္စည်း ဖြစ်သည်။

သံလိုက်အိမ်မြှောင် အလုပ်မဖြစ်တဲ့အခါ ဒါကို သုံးရသည်။

ပိုပြီး ရှုပ်ထွေးပေမယ့် ပတ်ဝန်းကျင် အခြေအနေကို ဂရုစိုက်စရာ မလိုဘဲ အစီအရင်ကို ဖတ်ရှုနိုင်သည်။

လက်ဖက်ရည် တစ်အိုး ကုန်ချိန်လောက် ကြာတဲ့အခါ မီးခိုးငွေ့တွေ ပျောက်ကွယ်သွားပြီး အခန်းထောင့်တွေမှာ အက်ရာတွေလို အမှတ်အသားတွေ ကျန်ခဲ့သည်။

ဒါပေမဲ့ အံ့သြစရာ ကောင်းတာက စာရွက် ၂၇ ရွက်စလုံးက ခေါင်းပြတ်နေတဲ့ ယင်ကောင်တွေလို လေထဲမှာ ဝဲနေတုန်း ဖြစ်သည်။

'ဒါက...'

ကျန်းပေရန် ကြောင်သွားသည်။

ပုံမှန်ဆိုရင် ဒီစာရွက်တွေက အစီအရင်ရဲ့ အချက်အချာကျတဲ့ နေရာတွေ အကြောတွေနဲ့ မျက်လုံးတွေကို ညွှန်ပြရမည်။

အခု လမ်းပျောက်နေတယ် ဆိုတာက ဒီအစီအရင်က ဘာလဲ ဆိုတာ သူတို့ မသိဘူး ဆိုတဲ့ သဘော ဖြစ်သည်။

အကြောင်းရင်း တစ်ခုပဲ ရှိသည်။

အစီအရင် ချထားသူရဲ့ စွမ်းအားက ကျန်းပေရန်ထက် ပိုမြင့်မားနေလို့ ဖြစ်သည်။

ကျန်းပေရန်က လက်ဝှေ့ယမ်းလိုက်ပြီး စာရွက်တွေကို ပြန်သိမ်းလိုက်သည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မီးခိုးရောင် အက်ရာတွေကို တွေ့ရသည်။

ဒါတွေက အစီအရင် လည်ပတ်ခဲ့တဲ့ လမ်းကြောင်းတွေ ဖြစ်သည်။

လမ်းကြောင်းတွေ ပေါ်နေပေမယ့် စာရွက်တွေက မဖတ်နိုင်ဘူး ဆိုတာက ဒီအစီအရင်က ကျန်းပေရန်ရဲ့ အသိပညာ ဘောင်ကို ကျော်လွန်နေတယ် ဆိုတာ ပြသနေသည်။

'ရှေးဟောင်း အစီအရင်ကြီးများ ဖြစ်နေမလား'

သံလိုက်အိမ်မြှောင်လည်း မရ အစီအရင် ကြည့်ရှုနည်းလည်း မရ ဆိုတော့ ကျန်းပေရန် လက်လျော့ရတော့မလို ဖြစ်နေသည်။

ဒီအစီအရင်က သူ့အဆင့်နဲ့ ဖြေရှင်းနိုင်မယ့် အရာ မဟုတ်ပေ။

"ဘယ်လိုလဲ ဖြေရှင်းနိုင်လား"

ကျန်းပေရန် ငြိမ်နေတာ မြင်တော့ ထောင်ဝူက ဝင်လာပြီး မေးလိုက်သည်။

ထောင်ဝူကို ကြည့်ပြီး ကျန်းပေရန် သက်ပြင်းချလိုက်သည်။

'ဟုတ်သားပဲ အဆင့် ၉ သားရဲတောင် အင်အားသုံးပြီး မဖျက်နိုင်တဲ့ အစီအရင် ဆိုမှတော့ သာမန် ဘယ်ဟုတ်မလဲ'

ထောင်ဝူကို ဂါရဝပြုပြီး ပြောလိုက်သည်။

"အောက်ဆင်းတဲ့ လမ်းကို ပိတ်ထားတာက ရှေးဟောင်း အစီအရင် တစ်ခု ဖြစ်ပုံရတယ် တော်တော် ခက်ခဲတယ် ဖြေရှင်းဖို့ အချိန် အများကြီး ယူရလိမ့်မယ်"

လောလောဆယ် မဖြေရှင်းနိုင်သေးပေမယ့် မရဘူးလို့ ပြောလိုက်ရင် သိက္ခာကျသွားနိုင်သည်။

ထောင်ဝူက ဖြေရှင်းနိုင်တယ် ဆိုတာ ကြားလိုက်ရတော့ ဝမ်းသာသွားသည်။

"ကိစ္စမရှိဘူး ဖြည်းဖြည်း လုပ်ပါ ငါစောင့်နိုင်တယ်"

ကျန်းပေရန်က ခေါင်းခါလိုက်သည်။

"ရှေးဟောင်း အစီအရင် ဆိုတာ ဉာဏ်ပညာတွေနဲ့ ပြည့်နှက်နေတာ ဖြေရှင်းဖို့ဆိုရင် စိတ်စွမ်းအင် အများကြီး ကုန်ခမ်းရတယ် အခုလောလောဆယ် ငါ့မှာ တခြား အရေးကြီး ကိစ္စတွေ ရှိသေးလို့ အားတဲ့အချိန်မှ လာဖြေရှင်းပေးပါ့မယ်"

ထောင်ဝူ စိတ်မရှည် ဖြစ်သွားသည်။

"သူငယ်ချင်း ဘာကိစ္စ ရှိလို့လဲ ငါကူညီပေးမယ်လေ"

'ငါက အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ချင်တာ မင်းကူညီပေးမလို့လား'

ခေါင်းခါလိုက်ပြီး ပြန်ဖြေသည်။

"ငါလုပ်ရမယ့် ကိစ္စက ခေါင်းဆောင် ကူညီလို့ ရမှာ မဟုတ်ပါဘူး စိတ်မပူပါနဲ့ ပြီးတော့ ဒီလို ရှေးဟောင်း အစီအရင်ကို ဖြေရှင်းဖို့ ဆိုတာ ပြင်ဆင်စရာတွေ အများကြီး လိုတယ် အချိန်ယူရတယ်"

"ဘာတွေလိုလဲ ငါရှာပေးမယ်လေ"

ထောင်ဝူက တက်ကြွနေသည်။

'ငါလိုချင်တာ အဲဒါပဲ'

ထောင်ဝူက အစီအရင် နားမလည်တာမို့ ဘာလိုတယ် ပြောပြော ယုံမှာ ဖြစ်သည်။

ဒါပေမဲ့ အခုချိန်မှာ ဖြေရှင်းနိုင်မယ့် ယုံကြည်ချက် မရှိသေးတာမို့ ကြီးကြီးမားမား တောင်းဆိုလို့ မဖြစ်သေးပေ။

ပစ္စည်းယူပြီး အလုပ်မလုပ်ပေးရင် မကောင်းပေ။

ဒါကြောင့် ထပ်ပြောလိုက်သည်။

"ခေါင်းဆောင် စေတနာ ရှိတယ် ဆိုရင်တော့ အချိန် နည်းနည်း ထပ်စောင့်ပေး အချိန်တန်ရင် ခေါင်းဆောင် ကူညီရမယ့် ကိစ္စတွေ ပေါ်လာမှာ"

"ဒါဆိုရင်... ကောင်းပြီ"

ထောင်ဝူက မစောင့်ချင်ပေမယ့် နည်းလမ်း ရှိတဲ့သူ စကားကို နားထောင်ရုံကလွဲပြီး မတတ်နိုင်ပေ။

ထောင်ဝူရဲ့ မကျေမနပ် မျက်နှာကို ကြည့်ပြီး ကျန်းပေရန် ပြုံးလိုက်သည်။

'သားရဲတွေက သားရဲတွေပါပဲ လူသားတွေထက် ကိုင်တွယ်ရ လွယ်ကူသားပဲ'

အခန်း ၅၀၉ တမန်တော်များလား

တကယ်လို့သာ လူသား အဘိုးကြီး တစ်ယောက်ယောက်သာ ဆိုရင် ကိုယ့်အတွက် အရေးကြီးတဲ့ အရာကို အခုလို လွယ်လွယ် ထုတ်ပြောပြမှာ မဟုတ်ပေ။

ပေါ့ပေါ့ပါးပါးနဲ့ ပြောပြီး တန်ဖိုး မရှိသလို ဟန်ဆောင်လိမ့်မည်။

ဒါပေမဲ့ ထောင်ဝူကတော့ ကွဲပြားသည်။

သူ့မျက်နှာပေါ်မှာ လိုချင်စိတ်တွေ အထင်းသား ပေါ်နေပြီး "ဒါက ငါ့အသက်ပဲ မင်းသာ ငါ့ကို ကူညီနိုင်ရင် ငါ့အသက်ကို ယူသွားလိုက်ပါ" လို့ ပြောနေသလို ဖြစ်နေသည်။

ဒီလို ချစ်စရာကောင်းတဲ့ သားရဲလေးကို မလှည့်စားလိုက်ရင်... မဟုတ်သေးဘူး... သင်ခန်းစာ မပေးလိုက်ရင် လောကကြီးက ဘယ်လောက် ရက်စက်ကြမ်းကြုတ်လဲ ဆိုတာ သူဘယ်လိုလုပ် သိတော့မှာလဲ။

ဒါ့အပြင် ဒီလို နည်းလမ်းကို လူသား အနက်ရောင်သူတော်စင် တွေအပေါ် သုံးလိုက်ရင် စနစ်ရဲ့ ရွေးချယ်မှုတွေက တရစပ် ပေါ်လာမှာ သေချာသည်။

ဒါပေမဲ့ ဒီနေရာက သားရဲဘုရင်ကြီးတွေကတော့ ရိုးသားဖြူစင်ပြီး ချစ်စရာ ကောင်းလှသည်။

ကျန်းပေရန် တစ်ယောက် အိမ်ပြန်ရောက်သလို ခံစားလိုက်ရသည်။

အစီအရင် ဖျက်ဖို့ အဆင်မပြေသေးတာကြောင့် ထောင်ဝူက သူတို့ကို ခေါ်ပြီး မြေအောက်ခန်းထဲ ပြန်လာခဲ့သည်။

အမွေးပွပွ ကော်ဇောပေါ် ဝပ်ချလိုက်ပြီး ကျန်းပေရန်ကို မေးလိုက်သည်။

"သူငယ်ချင်း ပြစရာ ရှိတာ အကုန် ပြပြီးပြီ နောက်ထပ် ဘယ်သွားချင်သေးလဲ"

ကျန်းပေရန် ခဏ စဉ်းစားပြီး ပြန်ဖြေသည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ငါ ဒီနေရာကို သဘောကျတယ်"

ကျန်းပေရန်က စိတ်ရင်းအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

သန့်စင်သော ရေကန် နဲ့ အလင်းတန်းအပြင် တခြား အဖိုးတန် ပစ္စည်းတွေကိုပါ ရှာတွေ့ခဲ့သည်။

လူသား ကမ္ဘာမှာ ရှာဖို့ ခက်ခဲတဲ့ ပစ္စည်းတွေ ဖြစ်သည်။

နှမြောစရာ ကောင်းတာက ထောင်ဝူက ဒီပစ္စည်းတွေကို ဘယ်လို သုံးရမလဲ မသိပေမယ့် တန်ဖိုးရှိမှန်း သိနေတာကြောင့် လှည့်စားပြီး ယူဖို့ မလွယ်ကူပေ။

ကျန်းပေရန် သဘောကျတာ ကြားတော့ ထောင်ဝူ ဝမ်းသာသွားသည်။

"ဒါဆို ဒီမှာပဲ နေလိုက်ပါလား ဝိညာဉ်စွမ်းအင် အများဆုံး နေရာကို ပေးမယ်"

'နေစရာ ပေးမယ်တဲ့...'

ကျန်းပေရန် စိတ်ထဲက ရယ်မောလိုက်ပြီး ယဉ်ကျေးစွာ ငြင်းလိုက်သည်။

"စေတနာကို ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ဒါပေမဲ့ ငါ တခြား မျိုးနွယ်စုတွေကို သွားလည်ရဦးမယ်"

ထောင်ဝူက ကျန်းပေရန် ပြောခဲ့တဲ့ စကားကို မှတ်မိသည်။

သားရဲ အားလုံးကို ကူညီဖို့လာတာ ဆိုတဲ့ စကားကိုပေါ့။

ဒါပေမဲ့ ကျန်းပေရန်ရဲ့ စွမ်းရည်တွေကို မြင်ပြီးတဲ့နောက် ထောင်ဝူက သူ့ကို လက်မလွှတ်ချင်တော့ပေ။

တခြား အရာတွေ ထားလိုက်ဦး မြေအောက်ခန်း လမ်းဖွင့်ပေးမယ့် ကိစ္စ တစ်ခုတည်းနဲ့တင် အလွန် အရေးကြီးနေပြီ ဖြစ်သည်။

ဒါကြောင့် ထောင်ဝူက ထရပ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"သူငယ်ချင်း ငါ့ဆီမှာပဲ နေပြီး ကူညီပေးပါ ငါသာ စွမ်းအားရှင် လေးပါးရဲ့ နေရာကို ရခဲ့ရင် မင်းလိုချင်တာ အကုန် ပေးမယ်"

"ထပ်ပြီး ကျေးဇူးတင်ပါတယ် ခေါင်းဆောင် ဒါပေမဲ့ ငါ အစကတည်းက ပြောပြီးသားပါ ငါ့ ရည်ရွယ်ချက်က မျိုးနွယ်စု အားလုံးကို ကူညီဖို့ပါ"

ကျန်းပေရန် ငြင်းရတာက ထောင်ဝူ ပေးမယ့် ကတိကို မယုံလို့ မဟုတ်ပေ။

ထောင်ဝူကို စွမ်းအားရှင် လေးပါး နယ်မြေ တစ်ခုလုံး အုပ်စိုးနိုင်အောင် ကူညီပေးလိုက်ရင် သူ့အတွက် ဘာအကျိုးမှ မရှိလို့ ဖြစ်သည်။

အံ့ဖွယ်နဂါးတိုက်ကြီး ကို သူအုပ်စိုးချင်တာက သူကိုယ်တိုင် ဘုရင် လုပ်ချင်လို့ ဖြစ်သည်။

ဒါမှသာ သူ့ကို ခြိမ်းခြောက်နိုင်မယ့် အရာတွေ မရှိတော့မှာ ဖြစ်သည်။

ထောင်ဝူကို ကူညီပေးလိုက်ရင် ဘုရင်က ထောင်ဝူ ဖြစ်သွားပြီး သူက လက်အောက်ခံ ဖြစ်သွားမည်။

အသုံးမလိုတော့ရင် ကန်ထုတ်ခံရနိုင်သည်။

ဒါ့အပြင် သားရဲတွေ ညီညွတ်သွားရင် လူသားတွေကို ပြန်တိုက်ခိုက်လာနိုင်သည်။

ကျန်းပေရန်က ပစ္စည်းကောင်းလေးတွေ လိုချင်လို့ လာတာ ဖြစ်ပြီး လူသား သစ္စာဖောက် လုပ်ဖို့ လာတာ မဟုတ်ပေ။

ဒါကြောင့် ကျန်းပေရန်က ထောင်ဝူကို ကူညီမှာ မဟုတ်တဲ့အပြင် သူတို့ကို ဆက်ပြီး ကွဲပြားနေအောင် လုပ်ဆောင်ရမည်။

ဒါမှသာ သူ့တန်ဖိုး မြင့်တက်လာမည် ဖြစ်သည်။

ထောင်ဝူက သူ့ကို လိုချင်နေတာက သူ့အစွမ်းအစကို သဘောကျလို့ ဖြစ်သည်။

ထောင်ဝူ သဘောကျရင် တခြား ခေါင်းဆောင်တွေလည်း သဘောကျမှာ သေချာသည်။

အဲဒီကျရင် သူက "အများပိုင် ပညာရှိ" ဖြစ်လာပြီး ဘယ်သူ ပိုက်ဆံ ပိုပေးလဲ ကြည့်ပြီး ကူညီပေးရုံသာ ဖြစ်သည်။

တရားမျှတမှု ရှိတာပေါ့။

ဒါကြောင့် ထောင်ဝူက ကတိပေးရုံတင် မကဘူး လက်ငင်း ပစ္စည်း ထုတ်ပေးရင်တောင် ယူပြီးရင် ငြင်းမှာ ဖြစ်သည်။

ကျန်းပေရန် ပြတ်ပြတ်သားသား ငြင်းတာ မြင်တော့ ထောင်ဝူက ထပ်ပြောသည်။

"ငါက ပါးစပ်နဲ့ ပြောနေတာ မဟုတ်ဘူး ငါတို့ သန့်စင်သော နေရာ မှာ သားရဲဘုရင် စာချုပ် ချုပ်ဆိုလို့ ရတယ် ငါကတိဖျက်ရင် စာချုပ်က ဒဏ်ခတ်ပြီး မင်းရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားလိမ့်မယ်"

'ဟေ...'

သန့်စင်သော နေရာ မှာ အဲဒီလို အစွမ်း ရှိတာ ကျန်းပေရန် မသိခဲ့ပေ။

ဒါပေမဲ့ စာချုပ်က အစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ကျန်းပေရန်ကတော့ ထောင်ဝူကို ကူညီမှာ မဟုတ်ပေ။

ဒါက မူဝါဒ ကိစ္စ ဖြစ်သည်။

ဒါကြောင့် ခေါင်းခါပြီး ပြုံးကာ ပြောလိုက်သည်။

"ငါလုပ်ရမယ့် တာဝန်က ခေါင်းဆောင် တစ်ယောက်တည်းကို ကူညီဖို့ မဟုတ်ဘူး အားလုံးကို ကူညီဖို့ပါ နားလည်ပေးပါ"

'တာဝန်...'

တာဝန် ဆိုတာ ဘာလဲ ထောင်ဝူ မသိပေ။

ဒါပေမဲ့ ဒီမိတ်ဆွေက ပိုပြီး လျှို့ဝှက်ဆန်းကြယ် လာသလို ခံစားရသည်။

တစ်ရက်နဲ့ တစ်ည အတူနေခဲ့ပေမယ့် ဒီမိတ်ဆွေက လူသားလည်း မဟုတ် သားရဲလည်း မဟုတ်ဘဲ ဘာကောင်လဲ ဆိုတာ မသိရသေးပေ။

အခု တာဝန် ဆိုတဲ့ စကား ထပ်ထွက်လာပြန်ပြီ။

'သူကများ... ဘုရင်ကြီး စေလွှတ်လိုက်တဲ့ တမန်တော်လား'

သားရဲတွေ အတွက် ဘုရင် ဆိုတာ လုံးဝ ပုန်ကန်လို့ မရတဲ့ အရှင်သခင် ဖြစ်သည်။

ထောင်ဝူက စွမ်းအားရှင် လေးပါး နေရာကို လိုချင်ပေမယ့် ဘုရင်ကိုတော့ ပြိုင်ဆိုင်ဖို့ စိတ်ကူးတောင် မယဉ်ရဲပေ။

ဘုရင်က အရာအားလုံး လုပ်နိုင်စွမ်း ရှိသူမို့ တမန်တော် တစ်ပါး စေလွှတ်လိုက်တာ မဆန်းပေ။

ဒီအတွေး ဝင်လာတာနဲ့ ထောင်ဝူက ပိုပြီး ယုံကြည်လာသည်။

ဒါကြောင့်လည်း ဒီမိတ်ဆွေရဲ့ အတိတ်နဲ့ အနာဂတ်ကို မမြင်ရတာ ဖြစ်မည်။

တမန်တော်ကို ဘယ်သူက မြင်နိုင်မှာလဲ။

ဒီလို တွေးမိတော့ ဘေးက ရှီဖုန်းလန်ကို ကြည့်လိုက်သည်။

သူမက နောက်ထပ် တမန်တော် တစ်ပါး ဖြစ်ရမည်။

ဒါကြောင့်လည်း သူမ အနားမှာ နေရင် စိတ်ချမ်းသာနေရတာ ဖြစ်မည်။

ကိုယ့်အတွေးနဲ့ကိုယ် ထောင်ဝူ တစ်ယောက် တွင်းနက်ကြီးထဲ ကျသွားပြီ ဖြစ်သည်။

"ငါ နားလည်ပါပြီ"

ထောင်ဝူက ခေါင်းညိတ်လိုက်သည်။

တမန်တော်လို့ ထင်နေပေမယ့် သက်သေ မရှိသေးတာမို့ ဆက်လက် စောင့်ကြည့်ရဦးမည်။

တမန်တော် မှားရင်လည်း ဘုရင်ကို စော်ကားရာ ရောက်နိုင်သည်။

ထောင်ဝူ ရုတ်တရက် သဘောပေါက်သွားတဲ့ ပုံစံကြောင့် ကျန်းပေရန် ကြောင်သွားသည်။

သူ့ကို ကြည့်တဲ့ အကြည့်တွေကလည်း ထူးဆန်းနေသည်။

'ဒီကောင်... တစ်ခုခု လွဲနေပြီလား'

ကျန်းပေရန်က လူလည်တွေနဲ့ ပေါင်းသင်းလာတာ ကြာပြီမို့ စကားပြောရင် "ဟိုမရောက် ဒီမရောက်" ပြောတတ်တဲ့ အကျင့် ရနေသည်။

တစ်ဖက်လူကို ဇဝေဇဝါ ဖြစ်အောင် လုပ်ပြီးမှ အသေးစိတ်ကို ဖြည်းဖြည်းချင်း ဖြည့်စွက်တာမျိုး ဖြစ်သည်။

ထောင်ဝူက သူ့စကားတွေကို အကုန် ယုံကြည်သွားပုံရသည်။

သံသယ ဝင်မယ့်အစား ကိုယ့်ဘာသာကိုယ်တောင် အကြောင်းပြချက် ရှာပြီး ယုံကြည်ပေးနေပုံရသည်။

'ဒီနေရာက... တကယ့် နိဗ္ဗာန်ဘုံပဲ'

ကျန်းပေရန် သက်ပြင်းချလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ခေါင်းဆောင် နားလည်ရင် ကျေနပ်ပါပြီ ဒါဆို ကျွန်တော် အပေါ်တက်ပြီး သန့်စင်သော ရေကန် ကို သွားလေ့လာလိုက်ပါဦးမယ် အသုံးချနိုင်မယ့် နည်းလမ်း အမြန် ရှာရမယ်လေ"

ပြောပြီးတာနဲ့ ရှီဖုန်းလန်ကို ခေါ်ပြီး လှေကားပေါ် တက်မလို့ လုပ်တုန်း ချီချီက နောက်က လိုက်လာတာ တွေ့လိုက်ရသည်။

"မင်း ဘာလိုက်လုပ်တာလဲ"

ချီချီ ကြောင်သွားသည်။

ကျန်းပေရန်က ဆက်ပြောသည်။

"ငါကတိပေးထားတဲ့ အတိုင်း မင်းနေဖို့ နေရာ ရပြီလေ ဒီနေရာက လုံခြုံတယ် မင်းအခု လုပ်ရမှာက ဒီက ပိုင်ရှင်နဲ့ သေချာ ညှိနှိုင်းပြီး နေဖို့ပဲ ငါ့နောက် လိုက်စရာ မလိုတော့ဘူး"

"ဒါပေမဲ့ မင်းကတိပေး..."

"ရှူး..."

ကျန်းပေရန်က နှုတ်ခမ်းကို လက်ညှိုးနဲ့ ပိတ်ပြလိုက်သည်။

"အချိန်တန်ရင် ငါလာခဲ့မယ် သွားတော့"

အချိန်တန်ရင် ဆိုတာ ဘယ်အချိန်လဲ မသိပေမယ့် ချီချီ စိတ်ချသွားသည်။

"ကောင်းပြီ"

ကျန်းပေရန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး လှေကားပေါ် တက်သွားသည်။

"ချီချီရေ နောက်မှ ကစားကြမယ်နော်"

ရှီဖုန်းလန်က လက်ပြနှုတ်ဆက်ပြီး ကျန်းပေရန် နောက် ပြေးလိုက်သွားသည်။

သူတို့ မြင်ကွင်းက ပျောက်သွားမှ ချီချီက သက်ပြင်းချပြီး ထောင်ဝူ ဘက် လှည့်လိုက်သည်။

"ငါ့ကို နေခွင့်ပေးပါ"

"ရတယ် မင်းအတွက် နေရာ ချပေးမယ်"

ထောင်ဝူက ချက်ချင်း လက်ခံလိုက်သည်။

ချီချီရဲ့ အတိတ်နဲ့ အနာဂတ်ကို ကြည့်ပြီးပြီမို့ ဒီကောင်က သူ့မျိုးနွယ်စုအတွက် အားဖြည့်ပေးမယ့် အကောင်ဆိုတာ သိထားသည်။

ချီချီ ဘာမှ ပြန်မပြောခင် ထောင်ဝူက မေးလိုက်သည်။

"မင်း အဲဒီ မိတ်ဆွေနဲ့ ဘယ်လို တွေ့တာလဲ သူက မင်းကို ဘာလို့ ကယ်တာလဲ"

ချီချီက ဒါလျှို့ဝှက်ချက် မဟုတ်ဘူးလို့ ယူဆပြီး အကုန် ပြောပြလိုက်သည်။

ကျန်းပေရန် အပေါ် အထင်ကြီးလာအောင် ပြောပြခြင်း ဖြစ်သည်။

"ဪ ဒါကြောင့်ကိုး"

ချီချီ ပြောတာ နားထောင်ပြီးတဲ့အခါ ထောင်ဝူ ခေါင်းထဲမှာ "ငါက သားရဲ အားလုံးကို ကူညီဖို့ လာတာပါ" ဆိုတဲ့ စကားသံ ပဲ့တင်ထပ်သွားသည်။

မိတ်ဆွေရဲ့ ပုံရိပ်က ပိုပြီး ကြီးမားခမ်းနားလာသည်။

ထောင်ဝူက ကွေနွားကို ခေါ်ပြီး ချီချီကို နေရာချပေးခိုင်းလိုက်သည်။

ချီချီ ထွက်သွားခါနီးမှာ ထောင်ဝူက လှမ်းပြောလိုက်သည်။

"မင်း ဒီကို လာတာ အစ်ကိုကြီး အတွက် လက်စားချေချင်လို့မလား"

ချီချီ တုန်လှုပ်သွားသည်။

ထောင်ဝူ ဘယ်လို သိသွားလဲ မသိပေ။

"သေချာ ကျင့်ကြံပါ မင်း အစွမ်းထက်လာတဲ့ တစ်နေ့ကျရင် မင်းအစ်ကိုကြီးကို ဘယ်သူ မောင်းထုတ်လိုက်လဲဆိုတာ ငါပြောပြမယ်"

ချီချီက စိတ်မလောဘဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ငါ အစွမ်းကုန် ကြိုးစားပါ့မယ်"

ပြောပြီးတာနဲ့ ကွေနွား နောက် လိုက်သွားသည်။

ထောင်ဝူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ချီချီကို အခုလို ပြောလိုက်တာက ရည်ရွယ်ချက် နှစ်ခု ရှိသည်။

ပထမ တစ်ချက်က ငါ့လက်အောက်မှာ မဟုတ်တာ မလုပ်နဲ့ ငါအကုန်သိတယ် ဆိုပြီး ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။

ဒုတိယ အချက်က ချီချီရဲ့ စိတ်ဓာတ်ကို စမ်းသပ်ခြင်း ဖြစ်သည်။

ဒီစကား ကြားရတာတောင် စိတ်မလှုပ်ရှားဘဲ တည်ငြိမ်နေတာ တွေ့တော့ သဘောကျသွားသည်။

'ဒါလည်း မိတ်ဆွေ ယူလာပေးတဲ့ လက်ဆောင်ပဲ...'

ထောင်ဝူ တစ်ယောက် ကိုယ်တူးတဲ့ တွင်းထဲမှာ ပိုပြီး နက်ရှိုင်းစွာ ကျဆင်းသွားပြီ ဖြစ်သည်။

...

တခြားတစ်ဖက်မှာတော့ သန့်စင်သော ရေကန် ဆီ ပြန်ရောက်လာတဲ့ ကျန်းပေရန်ကို သားရဲတွေ ဝိုင်းကြည့်နေကြသည်။

မနေ့ညက အသားကင် စားဖူးတဲ့ ကောင်တွေက မျှော်လင့်တကြီး စောင့်နေကြသည်။

ကျန်းပေရန်က ဂရုမစိုက်ဘဲ ရေကန်ကို လေ့လာနေလိုက်သည်။

ညဉ့်နက်တဲ့ အထိ လေ့လာပြီးနောက် ဒီဇိုင်းပုံ ဆွဲဖို့ ဆုံးဖြတ်လိုက်သည်။

ပျံသန်းသော စံအိမ် ပေါ် တက်သွားတာ မြင်တော့ သားရဲတွေ ကြောင်သွားသည်။

"ဟိုလူသား ဘယ်ရောက်သွားတာလဲ"

"မသိဘူး စောစောက ရှိနေသေးတယ်"

"သူ့ဘာသာ သွားစားနေတာများလား"

"ရှာလေကွာ အနံ့ရရင် အော်လိုက်"

သားရဲတွေက အော်ဟစ်ပြီး လိုက်ရှာကြသည်။

စာကြည့်ခန်းထဲ ရောက်နေတဲ့ ကျန်းပေရန်ကတော့ ဒီဇိုင်းပုံတွေ အလျင်အမြန် ဆွဲနေသည်။

စွမ်းအားရှင် လေးပါး နယ်မြေ ထဲက အရင်းအမြစ်တွေကို သုံးနိုင်ရင် သူ့ရဲ့ လက်နက်တွေနဲ့ ဆေးလုံးတွေက အရည်အသွေး အများကြီး တက်လာမည် ဖြစ်သည်။

ပြီးရင် ထောင်ဝူကို နည်းနည်း ပါးပါး ပေးလိုက်ရင် ဘယ်သူမှ တားမှာ မဟုတ်ပေ။

'ကောင်းပြီ နောက်ဆို ဒါငါ့အိမ်ပဲ'

မြို့ပြမှာ မွန်းကျပ်ရင် တောထဲ သွားပြီး သဘာဝ စွမ်းအင်တွေ ရယူပါ ဆိုတဲ့ စကားက တကယ် မှန်ကန်ကြောင်း သက်သေပြနေသည်။

နောက်တစ်နေ့ နေ့လယ်ထိ ဆွဲပြီးတဲ့အခါ ဒီဇိုင်းပုံကြမ်း ပြီးသွားပြီ ဖြစ်သည်။

ကျန်တာက ထောင်ဝူကို စည်းရုံးဖို့ပဲ ကျန်တော့သည်။

အခန်းထဲက ထွက်လာတော့ ရှဲ့လင်းတန်းက နှုတ်ဆက်သည်။

"သခင်လေး"

"လက်ဖက်ရည် ဖျော်ပေးပါ"

"ဟုတ်ကဲ့"

"ပေရန်လေး"

ရှီဖုန်းလန်က ပြေးလာပြီး ခုန်အုပ်သည်။

ကျန်းပေရန်က ရှောင်လိုက်ပြီး ခြံဝင်းထဲ ဆင်းသွားသည်။

ရှီဖုန်းလန်က အနောက်က လိုက်လာပြီး မေးသည်။

"ဒီနေ့ အပြင်ထွက် ဆော့ဦးမလား"

"အင်း"

ကျန်းပေရန်က ခေါင်းညိတ်ပြီး ကျင့်ကြံနေတဲ့ ချူယန်ဇယ်ကို လှမ်းခေါ်လိုက်သည်။

"ယန်ဇယ် ဒီနေ့ အခြေအနေ ဘယ်လိုလဲ"

"ဆရာ့ကျေးဇူးကြောင့် အရမ်း ကောင်းပါတယ်"

ဆရာနဲ့ နေ့တိုင်း တိုက်ခိုက်လေ့ကျင့်ပြီးနောက် ချူယန်ဇယ်ရဲ့ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းက တိုးတက်လာသည်။

မှိုတွေ မပေါက်တော့သလို ခြေလက်တွေလည်း ပုံမှန် ဖြစ်လာသည်။

"ကောင်းပြီ ဒီနေ့ ငါနဲ့ လိုက်ခဲ့ မင်းအတွက် ပြိုင်ဘက်တွေ ရှာထားတယ်"

ချူယန်ဇယ် အံ့သြသွားသည်။

"ဟုတ်ကဲ့ပါ"

လက်ဖက်ရည် သောက်ပြီးတာနဲ့ သုံးယောက်သား ပျံသန်းသော စံအိမ် ပေါ်က ဆင်းလိုက်ကြသည်။

ချက်ချင်း ဆိုသလိုပဲ အကြည့်ပေါင်း များစွာက သူတို့ဆီ ရောက်လာသည်။

မနေ့က အသားကင် စောင့်နေတဲ့ သားရဲတွေ ဖြစ်သည်။

All Chapters