အခန်း (၅၁၀-၅၁၁)
Vol. 44 Ch. 510-511
အခန်း ၅၁၀ တိုက်ခိုက်မှု
ကျန်းပေရန်ကို ရှာဖို့ သားရဲတွေက တစ်ညလုံး အားကုန်ထုတ်ပြီး လိုက်ရှာခဲ့ရသည်။
ဒါပေမဲ့ ဘာမှ မတွေ့ခဲ့ရဘဲ ဒီလူသားကတော့ တစ်နေရာရာမှာ ပုန်းပြီး စားကောင်းသောက်ဖွယ်တွေ စားနေမှာပဲလို့ တွေးရင်း ဒေါသထွက်နေကြသည်။
ဒါကြောင့် အခု ကျန်းပေရန်ကို တွေ့တာနဲ့ မကျေနပ်ချက်တွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ကျန်းပေရန်က ပြုံးလိုက်ပြီး စိတ်စွမ်းအင်နဲ့ သားရဲတွေကို တစ်ချက် စစ်ဆေးလိုက်သည်။
ပြီးတော့ တိမ်စီးကျား တစ်ကောင်ကို လက်ယပ်ခေါ်လိုက်သည်။
"မင်း လာခဲ့"
ကျန်းပေရန်က သူ့ကို ခေါ်တာ မြင်တော့ တိမ်စီးကျား က ဘယ်ကြည့်ညာကြည့် လုပ်လိုက်သည်။
ဘေးမှာ ဘယ်သူမှ မရှိတာ သေချာမှ မေးလိုက်သည်။
"ငါ့ကို ခေါ်တာလား"
"ဟုတ်တယ် မင်းကို ခေါ်တာ"
"လူသား အခြေအနေကို နားလည်စမ်းပါ အခု မင်းရောက်နေတာ ငါတို့ပိုင်နက်ထဲမှာကွ ငါတို့ကပဲ မင်းကို ခိုင်းလို့ ရမှာ..."
"အသားကင် စားချင်သေးလား"
"ဒါပေမဲ့ မင်းက ခေါင်းဆောင်ရဲ့ မိတ်ဆွေ ဆိုတော့ ငါက နည်းနည်းတော့ မျက်နှာသာ ပေးရမှာပေါ့"
လေသံ ချက်ချင်းပြောင်းသွားပြီး တိမ်စီးကျားက ကျန်းပေရန် ရှေ့ လျှောက်လာကာ မေးလိုက်သည်။
"ဘာကိစ္စ ရှိလို့လဲ"
"အသားကင်ထက် ပိုစားကောင်းတဲ့ အရာ ရှိတယ် စားချင်လား"
တိမ်စီးကျား ရဲ့ ပါးစပ်ထဲမှာ တံတွေးတွေ ပြည့်လာပြီ ဖြစ်ပေမယ့် မာနကို မလျှော့ဘဲ ပြောလိုက်သည်။
"မင်းက ဒီလောက်ထိ တောင်းပန်နေမှတော့ ငါမြည်းကြည့်ပေးလိုက်ပါ့မယ်"
"စားချင်ရင် သူ့ကို အနိုင်တိုက်ရမယ် မင်းနိုင်ရင် အသားကင်ထက် ပိုကောင်းတဲ့ စားသောက်ဖွယ်ရာတွေကို ချက်ချင်း ပြင်ဆင်ပေးမယ်"
ကျန်းပေရန်က ချူယန်ဇယ်ကို ညွှန်ပြလိုက်သည်။
တိမ်စီးကျား ကြောင်သွားသည်။
မနေ့က ဒီလူသားကို မတွေ့ဖူးသလိုပဲ။
ဒါပေမဲ့ မာန်တင်းပြီး ပြောလိုက်သည်။
"ငါက မင်းတို့ လူသားတွေကို ပညာပေးချင်နေတာ ကြာပြီ တစ်ပွဲတစ်လမ်း လောက်တော့ ရတယ် ဒါပေမဲ့ သေသွားရင် ငါ့အပြစ် မဟုတ်ဘူးနော်"
"ရတယ်"
ကျန်းပေရန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
လူသား ကမ္ဘာမှာ ဆိုရင် ပိုးကောင် ခန္ဓာကိုယ်ပိုင်ရှင် ဆိုတဲ့ ဂုဏ်ပုဒ်က အလွန် အန္တရာယ်များတာကြောင့် ချူယန်ဇယ် အနေနဲ့ တိုက်ခိုက်ခွင့် မရသလောက် ဖြစ်နေသည်။
ဒါကြောင့် ကျန်းပေရန် ကိုယ်တိုင်ပဲ နေ့တိုင်း နှစ်နာရီလောက် လေ့ကျင့်ပေးနေရခြင်း ဖြစ်သည်။
အခုတော့ သားရဲ နယ်မြေ ရောက်နေပြီမို့ ဖုံးကွယ်ထားစရာ မလိုတော့ပေ။
လေ့ကျင့်ဖော်တွေလည်း ပေါမှပေါ ဖြစ်သည်။
အခု ရွေးထားတဲ့ တိမ်စီးကျား က အဆင့် ၆ သားရဲ ဖြစ်ပြီး လူသားတွေရဲ့ အနက်ရောင်ဧကရာဇ် အဆင့်နဲ့ ညီမျှသည်။
ချူယန်ဇယ် အတွက် စမ်းသပ်ဖို့ အကောင်းဆုံး ပြိုင်ဘက် ဖြစ်သည်။
ချူယန်ဇယ်လည်း ကြောင်နေသည်။
ဆရာက ဘယ်လို ပြိုင်ဘက်မျိုး ရှာပေးမလဲ တွေးနေတာ သားရဲ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
တိမ်စီးကျား သဘောတူတာ မြင်တော့ ကျန်းပေရန်က ချူယန်ဇယ် ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
"ဒီနေ့ မင်းပြိုင်ဘက်က သူပဲ အားရပါးရ ချပေတော့"
ချူယန်ဇယ်က လက်သီး ဆုပ်လိုက်ပြီး ပြန်ဖြေသည်။
"ဟုတ်ကဲ့ပါ ဆရာ"
ပွဲကြည့်ရတာ ကြိုက်တဲ့ သားရဲတွေက ဝိုင်းအုံလာပြီး ကွင်းဝိုင်းကြီး တစ်ခု ဖန်တီးပေးလိုက်ကြသည်။
ချူယန်ဇယ်က အသက်ပြင်းပြင်း ရှူပြီး တိမ်စီးကျား ရှေ့မှာ နေရာယူလိုက်သည်။
မကြောက်ဘူး ဆိုရင် လိမ်ရာကျလိမ့်မည်။
ဝူချင်းစစ်နဲ့ ကျန်းပေရန် ကလွဲရင် ဘယ်သူနဲ့မှ မတိုက်ခိုက်ဖူးတာကြောင့် ဘယ်လို တိုက်ရမလဲ သေချာ မသိပေ။
'ဘာပဲဖြစ်ဖြစ်... သေအောင်တော့ မလုပ်လောက်ပါဘူး'
ချူယန်ဇယ်က အကြိမ်ကြိမ် "ဆင့်ကဲ ပြောင်းလဲခြင်း" ဖြစ်ပြီးတဲ့နောက် ခန္ဓာကိုယ်က ပိုကျစ်လစ်လာပြီး အရပ် ၂ မီတာ ကျော်ကနေ ၁ မီတာ ၉၀ လောက် ဖြစ်သွားသည်။
တိမ်စီးကျား က အကောင်ကြီးတဲ့ သားရဲ မဟုတ်ပေမယ့် ချူယန်ဇယ်နဲ့ ယှဉ်ရပ်လိုက်တဲ့အခါ ဖိအားပေးနိုင်စွမ်း ရှိနေသည်။
"ကောင်လေး... မင်းက စားလို့ကောင်းမယ့်ပုံပဲ"
တိမ်စီးကျား က လျှာသပ်ပြီး ပြောလိုက်သည်။
ချူယန်ဇယ်က တိမ်စီးကျား ဘာပြောလဲ နားမလည်ပေမယ့် ဆရာ သင်ပေးထားတဲ့အတိုင်း ဂါရဝပြုပြီး မိတ်ဆက်လိုက်သည်။
"ကျွန်တော် ချူယန်ဇယ်ကို လမ်းညွှန်ပေးပါဦး"
နှစ်ဖက်လုံး နားမလည်တာကြောင့် ဆက်ပြောနေရင် အချိန်ကုန်မှာမို့ ကျန်းပေရန်က ဝင်ပြောလိုက်သည်။
"စမယ်"
စကားဆုံးတာနဲ့ တိမ်စီးကျား က အရင် စတင် တိုက်ခိုက်လိုက်သည်။
ချူယန်ဇယ်ကို ကိုက်ခဲဖို့ ခုန်အုပ်လိုက်သည်။
'အန္တရာယ် ရှိတယ်'
တိမ်စီးကျား တိုက်ခိုက်လိုက်တဲ့ တခဏမှာပဲ ချူယန်ဇယ်ရဲ့ အာရုံခံစားမှုက ဒီသားရဲ အစွမ်းထက်ကြောင်း သတိပေးလိုက်သည်။
ပေါ့ပေါ့ဆဆ လုပ်လို့ မရပေ။
နောက်ကို ခြေလှမ်း ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ ကာကွယ်လိုက်သည်။
"ဒေါင်"
တိမ်စီးကျားရဲ့ သွားတွေက သတ္တုတစ်ခုခုကို ကိုက်မိလိုက်သလို အသံထွက်ပေါ်လာသည်။
တိမ်စီးကျား ကြောင်သွားသည်။
ဒီလူသားက ဘာကာကွယ်ရေး ပစ္စည်းမှ မဝတ်ထားသလို လက်နက်လည်း မပါဘူး ဆိုတာ သေချာသည်။
ဒါပေမဲ့ ဘာလို့ ကိုက်လိုက်တာက အသားနဲ့ မတူရတာလဲ။
မကြာခင်မှာပဲ အဖြေပေါ်လာသည်။
ချူယန်ဇယ်က လက်ကို ရုတ်လိုက်တဲ့အခါ လက်မောင်းပေါ်မှာ တောက်ပနေတဲ့...
'အခွံ'
တိမ်စီးကျားက ချက်ချင်း သိလိုက်သည်။
ဒီအခွံက လူသားတွေ ဝတ်ဆင်တဲ့ ကာကွယ်ရေး ပစ္စည်း မဟုတ်ပေ။
ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ပေါက်ထွက်လာတဲ့ အရာ ဖြစ်သည်။
'ဒီလူသားတွေက ပုံမှန် မဟုတ်ကြဘူးပဲ'
စိတ်ထဲကနေ ညည်းတွားလိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
တိမ်စီးကျားရဲ့ လှုပ်ရှားမှုက အလွန် လျင်မြန်သည်။
မဟုတ်ရင် စောစောက တိုက်ခိုက်မှုကို ချူယန်ဇယ် ရှောင်တိမ်းနိုင်မှာ ဖြစ်သည်။
ဒီတစ်ခါတော့ တိမ်စီးကျားက ရှေ့ကနေ မတိုက်ဘဲ နောက်ကျောဘက်ကို ရောက်သွားပြီး လက်သည်းနဲ့ ကုတ်ချလိုက်သည်။
ဒီတစ်ခါလည်း ချူယန်ဇယ် မရှောင်နိုင်လိုက်ပေ။
နောက်ကျောကို အကုတ်ခံလိုက်ရသည်။
"ဂွီ"
သတ္တုချင်း ပွတ်တိုက်သံလို စူးရှတဲ့ အသံ ထွက်ပေါ်လာသည်။
တိမ်စီးကျားက ဒီလူသားရဲ့ ကျောဘက်မှာလည်း မာကျောတဲ့ အခွံတွေ ရှိနေတာ တွေ့လိုက်ရသည်။
"မင်းက လူသား အစစ် ဟုတ်ရဲ့လား"
တိမ်စီးကျားက မနေနိုင်တော့ဘဲ မေးလိုက်သည်။
ချူယန်ဇယ်က နားမလည်ပေမယ့် ကြောက်စိတ်တွေ ပျောက်သွားပြီး တန်ပြန် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
အမြန်နှုန်း မြင့်တဲ့ ပြိုင်ဘက်တွေနဲ့ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ သူအတွေ့အကြုံ ရှိသည်။
ခါးကနေ ခြေထောက်နှစ်ချောင်း ထွက်လာပြီး လေးဘက်ထောက်လိုက်သည်။
မျက်လုံးပေါင်းများစွာ ပွင့်လာပြီး လည်ပင်းနောက်မှာလည်း မျက်လုံးတစ်လုံး ပေါ်လာသည်။
ဒီအပြောင်းအလဲက မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက်သွားတာကြောင့် တိမ်စီးကျားနဲ့ ပွဲကြည့်ပရိသတ်တွေ အားလုံး ကြောင်အသွားကြသည်။
အားလုံးရဲ့ ခေါင်းထဲမှာ တူညီတဲ့ အတွေးတစ်ခု ပေါ်လာသည်။
'ဒီကောင်က လူသား လုံးဝ မဟုတ်ဘူး'
လူသား ဟုတ်ဟုတ် မဟုတ်ဟုတ် တိမ်စီးကျားက ဂရုမစိုက်ပေ။
သူ့ရည်ရွယ်ချက်က အနိုင်ယူပြီး မျိုးနွယ်စု ဂုဏ်ဆောင်ဖို့ ဖြစ်သည်။
ချူယန်ဇယ်ရဲ့ ကာကွယ်ရေး ကောင်းမွန်ပြီး စွမ်းအား မသေးဘူး ဆိုတာ သိလိုက်ရတော့ တိမ်စီးကျားလည်း အစွမ်းကုန် ထုတ်သုံးလိုက်သည်။
မျက်လုံးတွေ အနီရောင် တောက်လာပြီး ဦးခေါင်းပေါ်က ဂျိုနဲ့ ခြေထောက် လေးချောင်းမှာ မည်းနက်တဲ့ အငွေ့အသက်တွေ ရစ်ပတ်လာသည်။
"ဝေါင်း"
ဟိန်းဟောက်လိုက်ပြီး တိမ်စီးကျားက အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်လိုက်သည်။
သူနိုင်ချင်သည်။
သူတို့ ပိုင်နက်ထဲမှာ ဒီတိုက်ပွဲကို အနိုင်ယူချင်သည်။
ဒါပေမဲ့ အနိုင်ရတော့မယ် ထင်လိုက်တဲ့ အချိန်မှာပဲ သဲအိတ်လောက် ရှိတဲ့ လက်သီးကြီး တစ်လုံးက မျက်နှာနား ရောက်လာသည်။
"ဘုန်း"
မျက်နှာတည့်တည့် အထိုးခံလိုက်ရသည်။
လွင့်ထွက်မသွားခင်မှာပဲ နောက်ထပ် လက်သီးချက်တွေ ဆက်တိုက် ကျရောက်လာသည်။
"ဘုန်း ဘုန်း ဘုန်း"
တခဏ အတွင်းမှာပဲ လက်သီးချက် ပေါင်းများစွာ အထိုးခံလိုက်ရသည်။
'မြန်လိုက်တာ'
တိမ်စီးကျားက ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘဲ မျက်နှာတစ်ခုလုံး ဖူးရောင်သွားသည်။
ပြင်းထန်တဲ့ အားနဲ့ လျှပ်စီးလို အမြန်နှုန်း ပေါင်းစပ်လိုက်တဲ့အခါ ဖျက်ဆီးအားက အဆပေါင်းများစွာ တက်လာသည်။
တိမ်စီးကျားက အလိုအလျောက် နောက်ဆုတ်လိုက်ပေမယ့် မူးဝေနေတာကြောင့် ယိုင်နဲ့နေသည်။
"ဝေါင်း"
အားတင်းပြီး အော်ဟစ်လိုက်ကာ မခံချင်စိတ်နဲ့ ထပ်မံ တိုက်ခိုက်လိုက်သည်။
တစ်ဖက်က ကြည့်နေတဲ့ ကျန်းပေရန်က သူလိုချင်တဲ့ အဖြေ ရသွားပြီ ဖြစ်သည်။
ချူယန်ဇယ်ရဲ့ လက်ရှိ စွမ်းရည်က အနက်ရောင်ဧကရာဇ် အဆင့် ၇ အထက်မှာ ရှိသည်။
အဆင့် ၇ လား ၈ လား အထွတ်အထိပ် လား ဆိုတာတော့ နောက်ထပ် ပွဲတွေ ကြည့်မှ သိရမည်။
အတိုချုပ် ပြောရရင် အနက်ရောင်သူတော်စင်အဆင့်နဲ့ သိပ်မကွာတော့ပေ။
မဟုတ်ရင် စောစောက လက်သီးချက်နဲ့တင် တိမ်စီးကျား ခေါင်းကွဲသွားလောက်ပြီ ဖြစ်သည်။
တိမ်စီးကျားက ထပ်ပြီး လွင့်ထွက်သွားတာ မြင်တော့ ကျန်းပေရန်က ပွဲသိမ်းပြီ ဆိုတာ သိလိုက်သည်။
ဒီတိမ်စီးကျားက အဆင့် ၆ ရောက်တာ မကြာသေးပုံရသည်။
အမြန်နှုန်း ကောင်းပေမယ့် တိုက်ခိုက်အားက ချူယန်ဇယ်ရဲ့ အခွံကို ဖောက်နိုင်စွမ်း မရှိပေ။
ပါရမီလည်း သိပ်မကောင်းလှပေ။
ဒါကြောင့် ချူယန်ဇယ်က အကွက်မြင်သွားတာနဲ့ အလွယ်တကူ အနိုင်ယူလိုက်ခြင်း ဖြစ်သည်။
'နောက်တစ်ခါကျရင် ပိုကြမ်းတဲ့ကောင် ရှာပေးမှ ရမယ်'
တိမ်စီးကျား မြေကြီးပေါ် လဲကျသွားတာ မြင်တော့ ဘေးက သားရဲတွေ ဆူညံသွားသည်။
ဒီလူသားကို ဝိုင်းပြီး ပညာပေးဖို့ အော်ဟစ်နေကြသည်။
အခြေအနေက ထိန်းမရ သိမ်းမရ ဖြစ်လာသည်။
ကျန်းပေရန်က အသားကင် ထုတ်ပေးပြီး ဖြေရှင်းမလို့ လုပ်တုန်းမှာပဲ ကျယ်လောင်တဲ့ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
ချီချီ ဖြစ်သည်။
'ပုံမှန် ချီချီ နဲ့ မတူတော့ဘူး'
ရှီဖုန်းလန် စိတ်ထဲက တွေးလိုက်သည်။
ချီချီက သူ့ရဲ့ အဆင့် ၈ သားရဲ အရှိန်အဝါကို ထုတ်လွှတ်လိုက်တာကြောင့် ဆူညံနေတဲ့ သားရဲတွေ ငြိမ်ကျသွားသည်။
အတောင်ပံ ဖြန့်ပြီး လေပေါ် ပျံတက်ကာ သားရဲတွေကို ကြည့်ပြီး ပြောလိုက်သည်။
"နိုင်ချင်ရင် တဖက်လူ လေးစားလောက်အောင် နိုင်မှ ဖြစ်မယ် ဝိုင်းတိုက်ပြီး နိုင်တာ ဘာဂုဏ်ယူစရာ ရှိလဲ တိုက်ချင်ရင် တစ်ကောင်ချင်းစီ လာခဲ့"
ကောင်းကင်ခွေး တစ်ကောင်က မော့ကြည့်ပြီး ပြန်ပြောသည်။
"မင်းက အသစ်ရောက်လာတဲ့ကောင်ပဲ ဘာတွေ ဆရာကြီး လာလုပ်နေတာလဲ"
ချီချီက သူ့ကို ကြည့်ပြီး ပြန်ပြောသည်။
"မကျေနပ်ရင် ငါနဲ့ တစ်ပွဲလောက် စမ်းကြည့်မလား"
ပြီးတော့ သားရဲ အားလုံးကို ဝေ့ကြည့်ပြီး အော်ပြောလိုက်သည်။
"မကျေနပ်တဲ့ကောင် ထွက်ခဲ့"
ကျန်းပေရန်က လေကြီးမိုးကြီး ပြောနေတဲ့ ချီချီကို ကြည့်ပြီး သဘောပေါက်လိုက်သည်။
ကူညီချင်ရုံ သက်သက် မဟုတ်ဘဲ ဒီအခွင့်အရေး ယူပြီး သူ့အာဏာကို ပြချင်နေခြင်း ဖြစ်သည်။
အသားကင် စားချင်လို့ ရောက်နေတဲ့ သားရဲတွေက အဆင့်နိမ့်တွေသာ ဖြစ်ပြီး အများစုက အဆင့် ၇ အောက်တွေ ဖြစ်သည်။
ဒါကြောင့် ချီချီရဲ့ အရှိန်အဝါ အောက်မှာ ဘယ်သူမှ မလှုပ်ရဲကြပေ။
"မင်း စောင့်နေ ငါ့အဖေကို သွားခေါ်လိုက်မယ်"
ရွှေရောင်မျက်လုံး ရှဲ့ဂျီ တစ်ကောင်က အော်ပြီး ထွက်ပြေးသွားသည်။
ကျန်တဲ့ ကောင်တွေလည်း အားကျမခံ အော်ကြသည်။
"ဟုတ်တယ် မင်း မပြေးနဲ့နော် ငါ့အမေကို သွားခေါ်မယ်"
"မင်း သွားပြီသာ မှတ် ကောင်သစ်လေးကများ လာရောင့်နေတယ် စောင့်နေ ငါ့အစ်ကိုကြီး လာလိမ့်မယ်"
"ငါ့ဦးလေးကို သွားခေါ်မယ်"
"ငါ့အဘိုးကို သွားခေါ်မယ်"
...
ခဏလေး အတွင်းမှာပဲ သားရဲတွေ အကုန် ထွက်ပြေးကုန်ကြသည်။
ဒီနေရာက "မိဘဆရာအသင်း အစည်းအဝေး" ဖြစ်တော့မယ့် ပုံစံမျိုး ဖြစ်နေသည်။
ချီချီက မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။
"ဟွန်း သတ္တိမရှိတဲ့ ကောင်လေးတွေ"
ကျန်းပေရန်က ချီချီကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းက ရောက်တာမှ မကြာသေးဘူး ချက်ချင်း ပြဿနာ ရှာတော့မလို့လား"
"ငါက မင်းကို ကူညီနေတာ"
"ကောင်းပြီလေ မင်းသဘောပဲ ဒါဆို ကျန်တာ မင်းဆက်ရှင်းလိုက်တော့ ကံကောင်းပါစေ"
ပြောပြီးတာနဲ့ ကျန်းပေရန်က ချူယန်ဇယ်ကို လှမ်းခေါ်လိုက်သည်။
"ယန်ဇယ် သွားစို့"
ချူယန်ဇယ်က နိုင်ပွဲကြောင့် ပျော်ရွှင်နေတုန်း ဖြစ်သည်။
ပထမဆုံးအကြိမ် သူစိမ်း တစ်ယောက်နဲ့ တိုက်ခိုက်ပြီး နိုင်လိုက်တာ ဖြစ်သည်။
ဆရာ ခေါ်တာ ကြားတော့ ချက်ချင်း ပြန်ဖြေပြီး ပြေးလိုက်သွားသည်။
ကျန်းပေရန်က တကယ်ကြီး လှည့်ထွက်သွားတာ မြင်တော့ ချီချီ ကြောင်သွားသည်။
ဒါပေမဲ့ သိပ်ဂရုမစိုက်တော့ပေ။
သူက တကယ်ပဲ အာဏာပြချင်နေတာ ဖြစ်သည်။
မနေ့က ကွေနွား သူ့ကို နေရာချပေးတုန်းက ပြောခဲ့တဲ့ စကား တစ်ခွန်း ရှိသည်။
"ဒီနေရာက အခုတော့ မင်းပိုင်တာ ဟုတ်ပါတယ် ဒါပေမဲ့ အမြဲတမ်း မင်းပိုင်ပါ့မလား ဆိုတာတော့ မသေချာဘူးနော်"
ဒီစကားရဲ့ အဓိပ္ပာယ်က ရှင်းရှင်းလေး ဖြစ်သည်။
လာလုမယ့်ကောင်တွေ ရှိတယ် ဆိုတဲ့ သဘောပင်။
ဒါပေမဲ့ ချီချီက မကြောက်ပေ။
သူက အစ်ကိုကြီး အတွက် လက်စားချေမယ့် သားရဲ ဖြစ်သည်။
ဒီလောက် အကောင်ပေါက်လေးတွေကို ကြောက်နေရင် သူ့အစ်ကိုကြီးကိုတောင် နိုင်ခဲ့တဲ့ ကောင်ကို ဘယ်လို သွားယှဉ်နိုင်မှာလဲ။
ဒါကြောင့် ခံစစ်ထက် တိုက်စစ်က အကောင်းဆုံး ခံစစ် ဆိုတဲ့ အတိုင်း သူက စတင် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
ခေါင်းဆောင်တွေ သူ့အစွမ်းကို မြင်သွားရင် သူ့ကို လေးစားလာကြလိမ့်မည်။
မူလကတော့ ကျန်းပေရန်ကို ဘယ်လို လုပ်ရမလဲ မေးမလို့ ဖြစ်ပေမယ့် အခုလို အခြေအနေမျိုး ကြုံလာတော့ ဝင်ပါလိုက်ခြင်း ဖြစ်သည်။
ကျန်းပေရန်က သူ့ရည်ရွယ်ချက်ကို သိသွားလို့ ထွက်သွားတာ ဖြစ်မည်။
'ထားလိုက်တော့ သွားချင်လည်း သွားပါစေ ငါတစ်ကောင်တည်း ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးသားပဲ သူ မရှိတာ ပိုတောင် ကောင်းသေးတယ်'
တွေးရင်းနဲ့ ချီချီ မျက်လုံး ပြူးသွားသည်။
'သူက ဒါကို သိလို့ ငါ့ကို နေရာပေးသွားတာများလား'
ချီချီက ပိုပြီး လေးနက်စွာ တွေးလိုက်သည်။
ဒီလူသားက ဒီလောက် ရက်စက်တတ်တဲ့သူ မဟုတ်မှန်း သူသိသည်။
မဟုတ်ရင် သူ့ကို ကယ်တင်ခဲ့မှာ မဟုတ်ပေ။
'ဟုတ်တယ် ဒါပဲ ဖြစ်ရမယ်'
ဆုံးဖြတ်ချက် ချလိုက်ပြီး ချီချီက အင်အားတွေ စုစည်းလိုက်သည်။
ဒီမျိုးနွယ်စုက သားရဲတွေကို သူ့အစွမ်းအစ ပြသရမည်။
တခြားတစ်ဖက်မှာတော့ ခေါင်းဆောင် နေအိမ်ဆီ သွားနေတဲ့ ကျန်းပေရန်က စိတ်ထဲကနေ ကျိန်ဆဲနေသည်။
အမှန်တကယ်တော့ သူက အသားကင်တွေ ကျွေးပြီး ချစ်ကြည်ရေးပွဲ လုပ်မလို့ စီစဉ်ထားခြင်း ဖြစ်သည်။
အခုတော့ ချီချီ ဝင်ရှုပ်လိုက်တာကြောင့် ကောင်လေးတွေ အကုန် ထွက်ပြေးကုန်ပြီ ဖြစ်သည်။
ချူယန်ဇယ် အတွက် နောက်ထပ် ပြိုင်ဘက် ရှာဖို့ မဖြစ်နိုင်တော့ပေ။
အကောင်ကြီးတွေ ချပြီးမှပဲ ပြန်စဉ်းစားရတော့မည်။
မြေအောက် လှိုဏ်ခေါင်း ရှေ့ ရောက်တော့ အနီရောင်မျက်လုံး ဝက်ဘီလူး နှစ်ကောင်က တားလိုက်သည်။
ကျန်းပေရန်က ဘာလာလုပ်လဲ ပြောမလို့ လုပ်တုန်း သူတို့က ဦးအောင် ပြောလိုက်သည်။
"ခေါင်းဆောင်က မှာထားပါတယ် ဧည့်သည်တော် ရောက်လာရင် တန်းဝင်သွားပါတဲ့ ကြွပါ"
သူတို့ရဲ့ လေးစားသမှု ရှိတဲ့ အပြုအမူကို ကြည့်ပြီး ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
ရှီဖုန်းလန် နဲ့ ချူယန်ဇယ်ကို ခေါ်ပြီး အောက်ဆင်းသွားလိုက်သည်။
'ဒီပုံစံ အရဆိုရင်... ခေါင်းဆောင်က ငါ့ကို သူ့လူ ဖြစ်အောင် သိမ်းသွင်းဖို့ လက်မလျှော့သေးဘူးပဲ'
အခန်း ၅၁၁ အဆင့်မြင့် အသိုင်းအဝိုင်း
မြေအောက် လှိုဏ်ခေါင်းရဲ့ အနက်ရှိုင်းဆုံး နေရာကို ရောက်တော့ မျက်လုံးမှိတ်ပြီး အနားယူနေတဲ့ ထောင်ဝူကို တွေ့လိုက်ရသည်။
"သူငယ်ချင်း... ဘာကိစ္စ ရှိလို့လဲ"
ထောင်ဝူက မျက်လုံး ဖွင့်ကြည့်ပြီး မေးလိုက်သည်။
ကျန်းပေရန်က ဂါရဝပြုပြီး ပြောလိုက်သည်။
"လေးစားအပ်ပါသော မျိုးနွယ်စုခေါင်းဆောင် သန့်စင်သော ရေကန် ကို သုံးဖို့ ခွင့်ပြုချက် တောင်းထားတာ ဘယ်လိုလဲ မသိဘူး"
ထောင်ဝူက ထရပ်လိုက်သည်။
"မင်း ဘယ်လို သုံးချင်တာလဲ"
ကျန်းပေရန်က ရှေ့တိုးသွားပြီး ဒီဇိုင်းပုံ ၅ ပုံကို ထုတ်ပြလိုက်သည်။
ထောင်ဝူက ငုံ့ကြည့်လိုက်သည်။
ဘာမှ နားမလည်ပေမယ့် နားလည်သလို ဟန်ဆောင်ပြီး သေချာ ကြည့်နေသည်။
အလယ်က ပုံကို လက်ညှိုးထိုးပြပြီး ကျန်းပေရန်က ပြောလိုက်သည်။
"ရေကန် ဘေးပတ်လည်မှာ အဆင့်မြင့် အသိုင်းအဝိုင်း တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားပါတယ်"
"အဆင့်မြင့် အသိုင်းအဝိုင်း ဆိုတာ ဘာလဲ"
"အဲဒါက မျိုးနွယ်စုရဲ့ အထက်တန်းစား သားရဲတွေ သီးသန့် နေထိုင်ဖို့ နေရာပါ အကောင်းဆုံး ဝန်ဆောင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ် ခေါင်းဆောင် အတွက်လည်း ပါပါတယ်"
"ရှင်းပြပါဦး"
ထောင်ဝူ စိတ်ဝင်စားသွားတာ မြင်တော့ ကျန်းပေရန် ဆက်ပြောသည်။
"ဝေတိုင်းပြည်က အတော်ဆုံး ဗိသုကာ ပညာရှင်ကို ငှားပြီး တည်ဆောက်မှာပါ..."
"ဝေတိုင်းပြည်က ဘယ်မှာလဲ"
"ဪ လူသားတိုင်းပြည်တွေထဲမှာ နန်းတော် တည်ဆောက်တာ အတော်ဆုံး တိုင်းပြည်ပါ"
ထောင်ဝူ ခေါင်းညိတ်လိုက်သည်။
"အထပ် ၃၀ ပါတဲ့ တိုက်ခန်းတွဲကြီး တည်ဆောက်မှာပါ အခန်းအကျယ်ဆုံးက စတုရန်းမီတာ ၈၀၀ ရှိပါမယ် ဆိုလိုတာက ဒီအခန်း ၄ ခန်းစာလောက် ကျယ်ပါမယ်"
ထောင်ဝူ နားမလည်ပေမယ့် 'မိုက်တယ်' လို့တော့ တွေးနေသည်။
"ပြီးတော့ ဝိညာဉ်စွမ်းအင် ပိုက်လိုင်းတွေ ကောင်းကင် ဝိညာဉ်စွမ်းအင် စနစ်တွေ ဝိညာဉ်စွမ်းအင် ဗဟိုထိန်းချုပ်ရေး စနစ်တွေ တပ်ဆင်ပါမယ်"
ထောင်ဝူ မျက်နှာ ရှုံ့မဲ့သွားတာ မြင်တော့ ကျန်းပေရန်က ရှင်းပြလိုက်သည်။
"ဝိညာဉ်စွမ်းအင် ပိုက်လိုင်း ဆိုတာက ရေကန်ထဲက ဝိညာဉ်စွမ်းအင်တွေကို အခန်းတိုင်းဆီ ပို့ပေးမယ့် စနစ်ပါ အခန်းတိုင်းမှာ နေထိုင်သူတိုင်း သန့်စင်ရေကန်ရဲ့ စွမ်းအင်ကို အပြည့်အဝ ရရှိစေမှာပါ ကျွန်တော် တွက်ချက်ထားတာ မှန်ရင် သားရဲ ရာပေါင်းများစွာကို တပြိုင်တည်း ထောက်ပံ့ပေးနိုင်ပါတယ်"
"အတိုချုပ် ပြောရရင် ရေကန်ထဲက ရေတွေ လျော့မသွားစေဘဲ သားရဲ အများအပြားကို အကျိုးရှိစေမယ့် နည်းလမ်းပါ"
ကျန်တာတွေ နားမလည်ပေမယ့် နောက်ဆုံးအချက်ကိုတော့ ထောင်ဝူ သဘောပေါက်သွားသည်။
ရေမလျော့ဘဲ သားရဲတွေ အများကြီး သုံးလို့ ရမယ် ဆိုတဲ့ အချက်က သူ့ကို ဆွဲဆောင်သွားသည်။
သူ့မျိုးနွယ်စု အတွက် အလွန် အကျိုးရှိမယ့် ကိစ္စ ဖြစ်သည်။
"ခေါင်းဆောင် နားမလည်တာ ရှိသေးလား"
"အင်း မင်းပြောတာ ရှင်းတယ်"
ထောင်ဝူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ကျန်းပေရန်က ပိုပြီး တက်ကြွလာသည်။
"ဒါဆို ဆက်ပြောပါမယ်"
"အပေါ်ဆုံးထပ်မှာ ရှားပါး ပန်းမန်တွေ စိုက်ပျိုးထားတဲ့ ဥယျာဉ် တစ်ခု ထားမယ် အဆောက်အဦးထဲမှာ ဝိညာဉ်စွမ်းအင် ကန်တွေ ထားမယ် ပြီးတော့ လူသား အိမ်ထိန်း နှစ်ယောက် ထားပေးမယ် ကျွန်တော် ကိုယ်တိုင် ရှာပေးပါ့မယ် သားရဲတွေရဲ့ အိမ်မှာ လူသား အိမ်ထိန်း ထားရတာ ဘယ်လောက် ဂုဏ်ရှိလိုက်မလဲ စဉ်းစားကြည့်ပါ"
"ကျင့်ကြံမှု ရှိပြီး ယဉ်ကျေးတဲ့ လူသားတွေပေါ့ အိမ်ပြန်ရောက်တာနဲ့ 'ဘာကူညီပေးရမလဲ ခင်ဗျာ' ဆိုပြီး ကြိုဆိုနေရင် တခြား မျိုးနွယ်စုက သားရဲတွေ လာလည်တဲ့အခါ ခေါင်းဆောင် မျက်နှာပန်း လှမှာ သေချာတယ်"
"အသိုင်းအဝိုင်းထဲမှာ အထက်တန်း ကျောင်း တစ်ကျောင်း ဆောက်မယ် သင်ရိုးညွှန်းတမ်းက အနက်ရောင်အဆင့် အထက်တွေချည်းပဲ ထားမယ် ဒီကျောင်းကို တက်ချင်ရင် မိဘတွေက မျိုးနွယ်စု အတွက် စွမ်းဆောင်ရည် ပြမှ ရမယ် ဆိုလိုတာက နယ်မြေတွေ ပိုသိမ်းနိုင်မှ ရမယ်"
"ဆေးခန်း တစ်ခု ဆောက်မယ် ဒဏ်ရာ အကြီးအသေး အကုန် ကုပေးမယ် ၂၄ နာရီ ဖွင့်ထားမယ် အပြင်မှာ ဒဏ်ရာ ဘယ်လောက်ရရ ပြန်ရောက်တာနဲ့ ပျောက်ကင်းစေရမယ်"
"လက်နက်ဆိုင် တစ်ဆိုင်လည်း ဆောက်မယ် ဘေးအိမ်က အဝါရောင်အဆင့် လက်နက် ကိုင်ထားရင် ကိုယ်က အနက်ရောင်အဆင့် လက်နက် ကိုင်ထားမှ မျက်နှာမငယ်ရမှာလေ"
ကျန်းပေရန် ပြောတာတွေ နားထောင်ပြီး ထောင်ဝူ တစ်ယောက် စိတ်ကူးယဉ် ကမ္ဘာထဲ ရောက်သွားပြီ ဖြစ်သည်။
ကိုယ့်ဘာသာကိုယ်တောင် ဝင်နေချင်စိတ် ပေါက်လာသည်။
ထောင်ဝူ ခေါင်းညိတ်နေတာ မြင်တော့ ကျန်းပေရန်က မေးလိုက်သည်။
"ခေါင်းဆောင် ဒီလို နေရာမျိုးမှာ နေဖို့ ဘယ်လို အရည်အချင်းတွေလိုမယ် ထင်လဲ"
"အနည်းဆုံးတော့ ပါရမီရှင်တွေ ဖြစ်မှ ရမှာပေါ့"
"ပါရမီရှင် ဆိုတာလောက်နဲ့ မလုံလောက်ဘူး ဒီအသိုင်းအဝိုင်းထဲ ဝင်ချင်ရင် မျိုးနွယ်စု အတွက် အသက်ပေးပြီး တိုက်ခိုက်ရဲသူတွေ စွမ်းဆောင်ရည် မြင့်မားသူတွေ ဖြစ်မှ ရမယ် အရည်အချင်း မမီရင် အခန်းလွတ် ထားလိုက်ပါ ပေးမနေနဲ့"
"ဒါမှ သူတို့ ကြိုးစားချင်စိတ် ပိုများလာမှာ"
ထောင်ဝူ သဘောကျသွားသည်။
ဒီလို နေရာမျိုး ရှိနေရင် သားရဲတွေက နယ်မြေလုပွဲတွေမှာ အသက်ပေးပြီး တိုက်ခိုက်ကြမှာ သေချာသည်။
"မင်းပြောတာ ဟုတ်တယ်"
"ဒါဆို ခေါင်းဆောင် သဘောတူပြီပေါ့"
ထောင်ဝူ ခဏ စဉ်းစားပြီး မေးလိုက်သည်။
"ဒါဆို မင်းကို ဘာနဲ့ ပြန်ပေးရမလဲ"
'လန်းလိုက်တာကွာ'
ကျန်းပေရန် စိတ်ထဲက အော်ဟစ်လိုက်သည်။
မြေနေရာ ငှားရမ်းခ ဘယ်လောက်လဲ မမေးဘဲ ဒီဇိုင်းကြေး ဘယ်လောက် ပေးရမလဲ မေးနေတာ ဖြစ်သည်။
ဘယ်လောက်တောင် သဘောထားကြီးတဲ့ ခေါင်းဆောင်လဲ။
လူသား ကမ္ဘာမှာတောင် ဒီလောက် သဘောကောင်းတဲ့သူ ရှားသည်။
ကျန်းပေရန် မျက်ရည်ကျချင်သွားသည်။
ဒီနေရာက တကယ့် အိမ်လိုပဲ။
မိသားစုတွေ အချင်းချင်း ကူညီကြသလိုမျိုး လှည့်စားခြင်း ကင်းမဲ့ပြီး စနစ် ရွေးချယ်မှုတွေ မရှိတဲ့ နေရာ ဖြစ်သည်။
'ချစ်သွားပြီ'
ခေါင်းဆောင်က ဒီလောက် သဘောကောင်းနေတော့ ကျန်းပေရန်လည်း အားနာသွားသည်။
"ကျွန်တော် ပြောပြီးသားပါ ကျွန်တော်က ကူညီဖို့ လာတာပါ ကူညီတာ ဆိုမှတော့ အဖိုးအခ ယူစရာ မလိုဘူး"
"မဖြစ်ဘူး အစကတည်းက တန်ဖိုးတူ လဲလှယ်ကြေး ဆိုပြီး ပြောထားတာလေ"
'လူကြီးလူကောင်း ဆန်လိုက်တာ'
အဆင့် ၉ သားရဲဘုရင်ကြီးက ဒီလောက်ထိ ကတိတည်လိမ့်မယ်လို့ ထင်မထားခဲ့ပေ။
လူသား အနက်ရောင်သူတော်စင် တွေကို ခေါ်လာပြီး သင်တန်း ပေးခိုင်းချင်စိတ်တောင် ပေါက်သွားသည်။
ကျန်းပေရန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ခေါင်းဆောင်က အားနာနေတယ် ဆိုရင်လည်း ဒီလို လုပ်ပါ အဆောက်အဦး ဆောက်ပြီးရင် အခန်းတစ်ခန်း ချန်ထားပေး ကျွန်တော် နေဖို့နဲ့ ဆေးဖော်ဖို့ လက်နက်လုပ်ဖို့ သုံးချင်လို့"
"မရဘူး ဒီအဆောက်အဦးက မင်းဆောက်တာပဲ မင်းနေခွင့် ရှိတာ ပုံမှန်ပဲလေ ဒါက လဲလှယ်ခြင်း မမည်ဘူး တခြားဟာ ပြော"
ထောင်ဝူက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
သူ့အမြင်မှာ ဒီလိုအသိုင်းအဝိုင်းကြီး ဖန်တီးပေးတာက အလွန် ကြီးမားတဲ့ အကူအညီ ဖြစ်သည်။
တမန်တော် တစ်ပါး အနေနဲ့ လုပ်ပေးတာ ဖြစ်ပေမယ့် သူက ပြန်ပေးဆပ်ချင်သည်။
"ခေါင်းဆောင်က တကယ် ကတိတည်တာပဲ ဒါဆိုရင် ကျွန်တော် ဆေးဖော်တဲ့အခါ လက်နက်လုပ်တဲ့အခါ ဘဏ္ဍာတိုက်ထဲက ပစ္စည်းတချို့ ယူသုံးခွင့် ပြုပါ"
"ရတယ် ကြိုက်တာယူ ငါမနှမြောဘူး"
ထောင်ဝူက ချက်ချင်း ခွင့်ပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"
ကျန်းပေရန် ပျော်သွားသည်။
ပထမနေ့က ဘဏ္ဍာတိုက်ထဲ ဝင်ကြည့်တုန်းက မျက်စိကျခဲ့တဲ့ ပစ္စည်းတွေ အများကြီး ရှိသည်။
အခုတော့ အခွင့်အရေး ရပြီ ဖြစ်သည်။
အကုန် ယူပစ်လိုက်မယ်။
သဘောတူညီချက် ရပြီးနောက် အသေးစိတ် ဆွေးနွေးကြသည်။
တကယ်တမ်းတော့ ကျန်းပေရန်က သူ့ရဲ့ ဗိသုကာ ပညာရပ်တွေနဲ့ ထောင်ဝူ နားမလည်အောင် ရွှီးနေခြင်း ဖြစ်သည်။
ထောင်ဝူက နားမလည်ပေမယ့် ခေါင်းညိတ်နေသည်။
နောက်ဆုံးကျမှ မေးခွန်း တစ်ခု မေးလိုက်သည်။
"မင်းပြောတာတွေက ကောင်းပါတယ် ဒါပေမဲ့ လက်တွေ့မှာ အဆင်မပြေရင် ဘယ်လို လုပ်မလဲ ရေကန် ခန်းခြောက်သွားရင် ဘယ်လို လုပ်မလဲ"
'ဟေ...'
ကျန်းပေရန် လန့်သွားသည်။
ဒီလောက်ထိ ရောက်နေမှ ဒီလို မေးခွန်း ထွက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
'ငါ့ရဲ့ ဖြီးလုံးတွေက မပီပြင်သေးဘူးလား နောက်ဆို ဘယ်သူ့ကိုမှ ဂျင်းထည့်လို့ ရတော့မှာ မဟုတ်ဘူး'
ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီးနောက် ဝမ်းနည်းပက်လက် မျက်နှာထားနဲ့ ပြောလိုက်သည်။
"ခေါင်းဆောင် မေးတာ အရမ်း ကောင်းတယ် လောကကြီးမှာ ရာနှုန်းပြည့် သေချာတယ် ဆိုတာ မရှိပါဘူး ကျွန်တော်လည်း အာမ မခံနိုင်ဘူး ခေါင်းဆောင် စိတ်မချရင် ပြန်စဉ်းစားပါဦး"
ထောင်ဝူ စိတ်ထိခိုက်သွားသည်။
မိတ်ဆွေ ဆိုတာ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတာကို အမှန်အတိုင်း ပြောပြတတ်သူကို ခေါ်သည်။
ကောင်းကွက်ချည်းပဲ ပြောနေရင် အဲဒါ လိမ်နေတာ ဖြစ်သည်။
အခုတော့ ဒီမိတ်ဆွေက ရိုးသားကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။
ခဏ စဉ်းစားပြီး မေးလိုက်သည်။
"အောင်မြင်နိုင်ခြေ ဘယ်လောက် ရှိလဲ"
"ကိုးဆယ် ရာခိုင်နှုန်း ပါ"
ကျန်းပေရန်က ယုံကြည်မှု ရှိရှိ ဖြေလိုက်သည်။
"ကျွန်တော် နှစ်ရက်လုံးလုံး လေ့လာခဲ့ပြီးပြီ စမ်းသပ်မှုတွေလည်း လုပ်ပြီးပြီ ခေါင်းဆောင် သဘောတူရင် နောက်ထပ် စမ်းသပ်မှုတွေ လုပ်ပြီး သေချာအောင် လုပ်ပါ့မယ်"
ထောင်ဝူက ကျန်းပေရန်ရဲ့ စကားလုံးတွေကို နားမလည်ပေမယ့် စေတနာနဲ့ သဘောထားကို နားလည်သည်။
"ကောင်းပြီ မင်း စိတ်ကြိုက် လုပ် တကယ် အောင်မြင်လာရင် ငါမင်းကို ကျေးဇူးတင်ရမှာပါ"
ကျန်းပေရန် စိတ်လှုပ်ရှားသွားသည်။
သူ့ကိုယ်သူတောင် သံသယ ဝင်လာသည်။
ငါက တကယ် ကူညီချင်လို့လား ရေကန်ကို လိုချင်လို့လား။
'ငါ့စိတ်ဓာတ်တွေ မြင့်မားလာပါလား'
မသိလိုက်မသိဘာသာနဲ့ သူတော်ကောင်း ဖြစ်သွားသလို ခံစားလိုက်ရသည်။
"စိတ်ချပါ ခေါင်းဆောင် ယုံကြည်မှုကို အလွဲသုံးစား မလုပ်ပါဘူး"
"အကူအညီ လိုရင် ပြောပါ ငါလုပ်ပေးနိုင်တာ အကုန် လုပ်ပေးမယ်"
"ကောင်းပါပြီ ဒါဆို ကျွန်တော် ရေကန်ဆီ သွားပြီး ဆက်လေ့လာလိုက်ဦးမယ်"
"ပင်ပန်းသွားပြီ"
"ရပါတယ်"
"ဘုန်း"
စကားပြောနေတုန်းမှာပဲ အပေါ်ကနေ ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။
မြေအောက်ခန်းတောင် တုန်ခါသွားသည်။
'စပြီဟေ့'
ချီချီ တစ်ကောင် သူ့ဆွေမျိုးတွေနဲ့ စချပြီ ဖြစ်သည်။
'တကယ်ပဲ ပြောသလို လုပ်တာပဲ'
ထောင်ဝူကတော့ တည်ငြိမ်နေသည်။
ဒီလို အခြေအနေမျိုး ကြုံဖူးပုံရသည်။
"တက်ကြည့်ရအောင်"
"ကောင်းပြီ"
မြေပြင်ပေါ် ရောက်တော့ တိုက်ပွဲသံတွေ ပိုကျယ်လောင်လာသည်။
မော့ကြည့်လိုက်တော့ ချီချီ နဲ့ တိမ်ကွန်းကျား တစ်ကောင် ကောင်းကင်ပေါ်မှာ တိုက်ခိုက်နေကြသည်။
စွမ်းအင်လုံးတွေနဲ့ ပစ်ပေါက်နေကြသည်။
ချီချီက အနီရောင် ဖျက်ဆီးခြင်း အလင်းတန်းကို မှုတ်ထုတ်လိုက်ပြီး တိမ်ကွန်းကြား က "နဂါးလှိုင်း" နဲ့ ပြန်တိုက်သည်။
ပိုကီမွန်ပွဲ ကြည့်နေရသလို ဖြစ်နေသည်။
"ဘုန်း"
စွမ်းအင်တွေ တိုက်မိပြီး ပေါက်ကွဲသွားချိန်မှာ ချီချီက အတောင်ပံ ခတ်ပြီး ဝင်တိုက်လိုက်သည်။
လည်ပင်းကို ကိုက်မလို ဟန်ပြပြီး အမြီးနဲ့ ဗိုက်ကို ထိုးလိုက်သည်။
တိမ်ကွန်းကျား ရှောင်ချိန် မရလိုက်ဘဲ အထိုးခံလိုက်ရသည်။
ဒါပေမဲ့ သူ့ကာကွယ်ရေးက ကောင်းလွန်းတာကြောင့် အမြီးက နည်းနည်းပဲ ဝင်သွားပြီး ဆက်မဝင်တော့ပေ။
ချီချီက အတင်း မတိုက်တော့ဘဲ နောက်ဆုတ်လိုက်သည်။
ချီချီနဲ့ ယှဉ်တိုက်နိုင်တယ် ဆိုကတည်းက ဒီကောင်က အဆင့် ၈ အထက် ရှိမှာ သေချာသည်။
ဒဏ်ရာက ချက်ချင်း ပြန်ကောင်းသွားတာ မြင်တော့ ကျန်းပေရန် တွေးလိုက်သည်။
'ဒီပွဲက ၃ ရက် ၃ ညလောက် ကြာမယ့်ပုံပဲ'
ထောင်ဝူ နောက်က လိုက်သွားပြီး အောက်မှာ ကြည့်နေတဲ့ သားရဲတွေကို စစ်ဆေးလိုက်သည်။
အားလုံးက အဆင့် ၈ တွေချည်း ဖြစ်သည်။
'လူသား စစ်တပ်ကို တွန်းလှန်နိုင်တာ မဆန်းပါဘူး အင်အားတောင့်တင်းလိုက်တာ'
ထောင်ဝူ ရောက်လာတာ မြင်တော့ သားရဲတွေက ဂါရဝပြုကြသည်။
"ခေါင်းဆောင်"
ပြီးတော့ ကျန်းပေရန်ကို အကဲခတ်ကြသည်။
'ဒါက နံပါတ်သုံး ပြောတဲ့ လူသားလား'
'တကယ်ပဲ လူသား ရောက်နေတာကိုး တစ်ယောက်တည်းတောင် မဟုတ်ဘူး'
'ခေါင်းဆောင်နဲ့ တော်တော် ရင်းနှီးပုံရတယ်'
သားရဲတွေ တွေးနေတုန်း ထောင်ဝူက လူအုပ်ထဲ ဝင်သွားပြီး ပြောလိုက်သည်။
"မင်းတို့ စုံစုံလင်လင် မတွေ့ရတာ ကြာပြီ"
ခေါင်းဆောင်တွေက ခေါင်းညိတ်ကြသည်။
"ဟုတ်ပါတယ် ကျင့်ကြံနေကြတာဆိုတော့ မအားကြဘူး"
"ဒီနေ့ လာစိန်ခေါ်တဲ့ကောင် ရှိလို့သာ စုံကြတာပါ"
"ဟုတ်တယ် ဒီကောင်အသစ်က သိပ်ရောင့်တက်တာပဲ"
ထောင်ဝူက သူတို့ တိုင်တောတာတွေကို ဂရုမစိုက်ဘဲ ပြုံးပြီး ပြောလိုက်သည်။
"ငါ မင်းတို့အတွက် အံ့သြစရာ တစ်ခု စီစဉ်ထားတယ် မကြာခင် မင်းတို့အားလုံး အတူတူ နေရတော့မယ်"