← Chapters

အခန်း (၅၁၂-၅၁၃)

Vol. 44 Ch. 512-513

အခန်း (၅၁၂-၅၁၃)

Vol. 44 Ch. 512-513

အခန်း ၅၁၂ စီမံကိန်း စတင်ခြင်း

ချီချီရဲ့ တိုက်ပွဲရလဒ်က ကျန်းပေရန် ထင်ထားသလို ဖြစ်ခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကတော့ ကွဲပြားနေသည်။

တူညီတာက နှစ်ကောင်သား တကယ်ပဲ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ကြသည်။

မတူတာက ကျန်းပေရန် ထင်ထားသလောက် မကြာခဲ့ဘဲ ဒုတိယနေ့ ညမှာတင် အနိုင်အရှုံး ပေါ်သွားခဲ့သည်။

အနိုင်ရရှိသူကတော့ အားလုံးက ကောင်သစ်လေးလို့ ထင်ထားကြတဲ့ ချီချီပင် ဖြစ်သည်။

ချီချီရဲ့ စွမ်းအားက ကျန်းပေရန် ထင်ထားတာထက် ပိုမို အားကောင်းသည်။

အရင်တုန်းက စကားပြောဖူးသလောက် ဆိုရင် ချီချီက အစ်ကိုကြီးကိုပဲ အားကိုးနေတတ်တဲ့ ကလေးဆိုးလေးလို့ ထင်ခဲ့မိသည်။

ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက ရှင်းပေးမှာပဲ ဆိုတဲ့ စိတ်မျိုး ရှိနေခဲ့သည်။

ဒါပေမဲ့ ဒီနှစ်ရက်တာ တိုက်ပွဲကို ကြည့်ပြီးနောက် ချီချီ ကိုယ်တိုင်ရဲ့ စွမ်းရည်ကလည်း အထင်သေးစရာ မဟုတ်ကြောင်း သိလိုက်ရသည်။

အထူးသဖြင့် စွမ်းအင်ချင်း ပြိုင်တဲ့နေရာမှာ တိမ်ကွန်းကျား က အစပိုင်းမှာ ယှဉ်နိုင်ခဲ့ပေမယ့် ပထမရက် ညရောက်တဲ့အခါ အသာစီး မရတော့ပေ။

ဘယ်ဘက်က တိုက်တိုက် ညာဘက်က တိုက်တိုက် ချီချီကို မနိုင်တော့ပေ။

ချီချီက အစ်ကိုကြီး နေရာကို ဆက်ခံဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် အစ်ကိုကြီး အတွက် လက်စားချေဖို့ ကြိုးစားနေတာလား မသိပေမယ့် နယ်မြေထဲမှာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာတော့ အမှန်ပင် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ချီချီက သူ့အစွမ်းအစကို ပြသနိုင်ခဲ့ပြီ ဖြစ်သည်။

မြေပြင်ပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပြီး ချီချီက သားရဲတွေကို ကြည့်ကာ ပြောလိုက်သည်။

"မကျေနပ်တဲ့ကောင် ရှိရင် ထွက်ခဲ့"

သားရဲတွေက သတိလစ်နေတဲ့ တိမ်ကွန်းကျား ကို ကြည့်ပြီး အံ့သြနေကြသည်။

တိမ်ကွန်းကြား ဆိုတာ ဒီမျိုးနွယ်စုရဲ့ ထိပ်သီး ခေါင်းဆောင် ၁၀ ကောင်ထဲမှာ ပါဝင်သည်။

ကောင်သစ်လေးကို ပညာပေးဖို့ လွှတ်လိုက်တာ အခုတော့ ခြေနင်းတုံး ဖြစ်သွားခဲ့ရသည်။

ခေါင်းဆောင်တွေ အံ့သြနေပေမယ့် ထောင်ဝူကတော့ ဝမ်းသာနေသည်။

မျိုးနွယ်စု အတွက် စွမ်းအားရှင် တစ်ကောင် ထပ်တိုးလာတာ ကောင်းတဲ့ ကိစ္စ ဖြစ်သည်။

ဒါတွေ အားလုံးက မိတ်ဆွေ ကျေးဇူးကြောင့် ဖြစ်သည်။

"မင်းကို အထင်သေးမိတာ တောင်းပန်ပါတယ် နောက်တစ်ပွဲ ငါနဲ့ တိုက်မလား"

အနီရောင် မိုးကြိုး ကျားသစ်တစ်ကောင်က ရှေ့ထွက်လာပြီး ဟိန်းဟောက်လိုက်သည်။

"ဒါပေမဲ့ ငါမင်းကို အနိုင်မကျင့်ချင်ပါဘူး ဒီည နားလိုက်ပါ မနက်ဖြန်ကျမှ တိုက်ကြမယ်"

ချီချီက မဲ့ပြုံး ပြုံးလိုက်ပြီး ပြန်ပြောသည်။

"မလိုပါဘူး အခုပဲ လာခဲ့"

ချီချီက ဦးနှောက်မရှိတဲ့ သားရဲ မဟုတ်ပေ။

ကျန်းပေရန်ကို ရင်ဆိုင်တုန်းက သတိထားခဲ့တာက ကျန်းပေရန်ရဲ့ ကျင့်ကြံမှု အဆင့်ကို မမြင်ရလို့ ဖြစ်သည်။

အခု ခေါင်းဆောင်တွေကိုတော့ အကုန် မြင်နေရသည်။

စွမ်းအား အကြီးဆုံး တစ်ကောင်ကလွဲရင် ကျန်တာတွေက သူ့ပြိုင်ဘက် မဟုတ်ပေ။

စွမ်းအား အကြီးဆုံးကောင်ကလည်း ဝင်ပါမယ့်ပုံ မရှိပေ။

ဝင်မပါသရွေ့... ချီချီက ဆရာကြီးပဲ။

"မောက်မာလိုက်တာ"

မိုးကြိုး ကျားသစ် က ဒေါသထွက်သွားပေမယ့် သူက သိက္ခာ ရှိတဲ့ သားရဲ ဖြစ်သည်။

အားနည်းနေတဲ့ ပြိုင်ဘက်ကို အနိုင်မကျင့်ချင်ပေ။

ထောင်ဝူက ဝင်ပါလိုက်သည်။

"ဒီနေ့တော့ ဒီလောက်ပါပဲ အကောင်းဆုံး အခြေအနေနဲ့ တိုက်ခိုက်တာကမှ တဖက်သားကို လေးစားရာ ရောက်တယ်"

ခေါင်းဆောင် ဝင်ပြောမှ ချီချီလည်း ငြိမ်သွားသည်။

"ခေါင်းဆောင် ပြောတဲ့အတိုင်းပါပဲ"

"ကောင်းပြီ အားလုံး ပြန်နားကြတော့"

ခေါင်းဆောင် စကားကို ဘယ်သူမှ မလွန်ဆန်ရဲကြတာကြောင့် လူစုခွဲလိုက်ကြသည်။

ကျန်းပေရန်လည်း နှုတ်ဆက်ပြီး သန့်စင်သော ရေကန် ဆီ ပြန်လာခဲ့သည်။

သူ့အလုပ်သူ လုပ်ရတော့မည်။

...

အချိန်တွေ ကုန်ဆုံးသွားပြီး တစ်ပတ် ကြာသွားခဲ့သည်။

ဒီကာလ အတွင်းမှာ ချီချီက ခေါင်းဆောင် ၂ ကောင်ကို ထပ်နိုင်ခဲ့ပြီး ၃ ကောင်မြောက်ကို စိန်ခေါ်ထားသည်။

တိုက်လေ စွမ်းလေ ဖြစ်လာသည်။

ကျန်းပေရန် ဘက်မှာလည်း "အသိုင်းအဝိုင်း စီမံကိန်း" စတင်နေပြီ ဖြစ်သည်။

စီမံကိန်း မန်နေဂျာက သူ ဆောက်လုပ်ရေး ခေါင်းဆောင်က သူ ပစ္စည်းဝယ်သူက သူ အကုန်လုံး သူချည်းပဲ ဖြစ်သည်။

တစ်ယောက်တည်း လုပ်ရတာ ပင်ပန်းပေမယ့် ပျော်ဖို့ ကောင်းသည်။

ဒါပေမဲ့ ရှီမိသားစုက စေလွှတ်လိုက်တဲ့ လက်မှုပညာသည်တွေကို သတိရမိသည်။

အဲဒီထဲမှာ စနစ်က ရွေးပေးထားတဲ့ လက်ထောက် ၈ ယောက် ပါသည်။

သူတို့ကို ဘယ်လို ခေါ်ထုတ်မလဲ မစဉ်းစားရသေးပေမယ့် နေရာတော့ ဦးထားပြီးသား ဖြစ်သည်။

ရှေးဟောင်း အပျက်အစီးများ နယ်မြေက လက်မှုပညာသည်တွေ အတွက် နိဗ္ဗာန်ဘုံ ဖြစ်သည်။

ကုန်ကြမ်းတွေ ပေါများပြီး ပြိုင်ဘက် မရှိပေ။

ကျန်းပေရန်က စိတ်ကြိုက် လုပ်ခွင့် ရထားတာကြောင့် အချိန်ဆွဲပြီး လုပ်လို့ ရသည်။

၃ နှစ် ၅ နှစ်လောက် ကြာရင်လည်း ပြဿနာ မရှိပေ။

ဒီကြားထဲမှာ စမ်းသပ်မှု လုပ်တယ် ဆိုပြီး ရေကန်ထဲက ရေတွေကို စိတ်ကြိုက် ထုတ်သုံးလို့ ရသည်။

ဆေးဖော် လက်နက်လုပ်နဲ့ ဇိမ်ကျနေသည်။

ညဘက် အုတ်မြစ်ချနေတုန်း ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ ချီချီ ရောက်လာသည်။

"ဘာကိစ္စ ရှိလို့လဲ"

"မနက်ဖြန် ငါရှုံးမယ် ထင်တယ်"

ချီချီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"အင်း ကူညီပေးရမလား"

"မလိုပါဘူး မနက်ဖြန် လာမကြည့်ဖို့ လာပြောတာ"

ကျန်းပေရန် ရယ်ချင်သွားသည်။

မာနကြီးလိုက်တဲ့ သားရဲလေး…..

ကျန်းပေရန် ရယ်တာ မြင်တော့ ရှီဖုန်းလန် ပြေးလာပြီး မေးသည်။

"ပေရန်လေး ချီချီက ဘာရယ်စရာ ပြောလို့လဲ"

ရှီဖုန်းလန်ကို မြင်တော့ ချီချီ မျက်နှာပျက်သွားသည်။

ကျန်းပေရန် သဘောပေါက်လိုက်သည်။

ချီချီက သူ့ရှေ့မှာ ရှုံးမှာ ကြောက်တာ မဟုတ်ဘဲ ရှီဖုန်းလန် ရှေ့မှာ ရှုံးမှာ ကြောက်နေခြင်း ဖြစ်သည်။

"ဘာမှ မဟုတ်ပါဘူး သူ ဒီရက်ပိုင်း တိုက်ခိုက်ခဲ့တာတွေ ပြောပြနေတာပါ"

တိုက်ပွဲ အကြောင်း ကြားတော့ ရှီဖုန်းလန်က လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။

"ချီချီက အရမ်း မိုက်တာပဲ"

ချီချီက နားမလည်ပေမယ့် လက်ဟန်အမူအရာကို ကြည့်ပြီး သဘောပေါက်သည်။

ဒါကြောင့်လည်း ရှုံးတာကို မမြင်စေချင်တာ ဖြစ်သည်။

"မင်း အရမ်း မိုက်တယ်လို့ ပြောနေတာ"

ကျန်းပေရန်က ဘာသာပြန်ပေးလိုက်သည်။

ချီချီက သွားဖြဲပြီး ရယ်ပြလိုက်သည်။

ဂုဏ်ယူနေတဲ့ ပုံစံမျိုး ဖြစ်သည်။

ရှီဖုန်းလန်က လက်ခုပ်တီးပြီး အားပေးလိုက်သည်။

"ဆက်ပြီး ကြိုးစားနော်"

ကျန်းပေရန် ဘာသာပြန်ပေးပြီးနောက် ချီချီက ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။

ကျောပြင်က ပြတ်သားမှုကို ဖော်ပြနေသည်။

'သားရဲ ဖြစ်ပြီး ဘာလို့ ဒီလောက် ကြွားချင်နေရတာလဲ မျက်စိနောက်စရာကြီး'

၄ ရက် ကြာတဲ့အခါ ကျန်းပေရန်က ဒဏ်ရာတွေနဲ့ ပြည့်နေတဲ့ ချီချီကို သွားတွေ့လိုက်သည်။

ကျန်းပေရန် ကတိတည်ပြီး သွားမကြည့်ခဲ့ပေမယ့် တိုက်ပွဲက ပြင်းထန်လွန်းလို့ ပေါက်ကွဲသံတွေ ၃ ရက်ဆက်တိုက် ကြားနေခဲ့ရသည်။

"မင်း ကတိတည်သားပဲ"

လဲလျောင်းနေတဲ့ ချီချီက ပြောလိုက်သည်။

ကျန်းပေရန်က ဘာမှ မပြောဘဲ ဆေးပုလင်း တစ်လုံးနဲ့ ဆေးမှုန့် တစ်ပုလင်း ထုတ်ပေးလိုက်သည်။

ဆေးမှုန့်တွေကို ဒဏ်ရာတွေပေါ် ဖြူးပေးလိုက်သည်။

၃ ရက်ဆက်တိုက် တိုက်ခိုက်ပြီးနောက် ချီချီရဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားပြီ ဖြစ်တာကြောင့် ဒဏ်ရာတွေက အလိုအလျောက် မပျောက်ကင်းနိုင်တော့ပေ။

"ဘေးက ဆေးလုံးကို မနက်တစ်လုံး ညတစ်လုံး စားလိုက် မဟုတ်ရင် ဒဏ်ရာဟောင်းတွေ ကျန်ခဲ့လိမ့်မယ်"

ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့သည်။

ဒဏ်ရာတွေက ပူစပ်ပူလောင် ဖြစ်နေရာကနေ အေးမြသွားတာ ခံစားလိုက်ရတော့ ချီချီ သက်ပြင်းချလိုက်သည်။

အမြီးနဲ့ ဆေးပုလင်းကို ဖွင့်ပြီး တစ်လုံး မော့သောက်လိုက်သည်။

ဆေးလုံး ဝင်သွားတာနဲ့ နာကျင်မှုတွေ ပျောက်ကင်းသွားပြီး သက်သာသွားသည်။

'ဟူး...'

ချီချီ သက်ပြင်းချလိုက်သည်။

'အစ်ကိုကြီး...'

တိုးတိုးလေး ရေရွတ်ပြီး အိပ်ပျော်သွားလေသည်။

...

ရေကန် ဘေး ပြန်ရောက်တော့ ကျန်းပေရန် သူ့စီမံကိန်းကြီးကို ဆက်လုပ်သည်။

အဆင့်မြင့် ဆေးဖော်ခန်း အကြမ်းထည် ပြီးသွားပြီ ဖြစ်သည်။

အသိုင်းအဝိုင်း ဆောက်ဖို့က မလောပါဘူး။

ပတ်ဝန်းကျင် အဆောက်အဦးတွေ အရင် ပြီးမှ ပင်မ အဆောက်အဦး ဆောက်ရမှာ သဘာဝပဲလေ။

အလုပ်လုပ်နေရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားသည်။

မျက်စိတစ်မှိတ် အတွင်း နောက်ထပ် တစ်ပတ် ကုန်သွားပြန်သည်။

ဝိညာဉ်စွမ်းအင် ပိုက်လိုင်း ဘယ်လို ဆက်ရမလဲ စဉ်းစားနေတုန်း ရှီဖုန်းလန်ရဲ့ အော်သံ ကြားလိုက်ရသည်။

"ချီချီ"

လှည့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ တစ်ပတ်က သေလုမျောပါး ဖြစ်နေတဲ့ ချီချီက လုံးဝ ပြန်ကောင်းနေပြီ ဖြစ်သည်။

အရေပြားသစ်တွေက ပိုပြီး မာကျောလာသလိုပဲ။

ကျန်းပေရန်က အပြင်ထွက်သွားပြီး ပြောလိုက်သည်။

"မင်းလာတာ အတော်ပဲ ကူညီပါဦး"

ပြီးတော့ ကျောက်တုံး တူးနေတဲ့ ချူယန်ဇယ်ကို လှမ်းခေါ်လိုက်သည်။

"ယန်ဇယ် လာခဲ့"

"ဟုတ်ကဲ့"

ချူယန်ဇယ် ပြေးလာသည်။

"သူ့ကို နေ့တိုင်း လေ့ကျင့်ဖော် ရှာပေးလိုက်ပါ ကျင့်ကြံမှု အဆင့်တူတဲ့ ကောင်တွေပဲ ရွေးပေးနော်"

"ငါ..."

ချီချီ စကားမဆုံးခင် ကျန်းပေရန်က လက်ကာပြလိုက်သည်။

"ငါ အလုပ်မအားဘူး မင်းပဲ ကြည့်လုပ်ပေးလိုက်တော့"

ပြောပြီးတာနဲ့ အထဲ ပြန်ဝင်သွားသည်။

ချီချီ ကြောင်သွားသည်။

ဘာလာလုပ်လဲ ဆိုတာတောင် မေ့သွားသည်။

နောက်ဆုံးတော့ သွားဖြဲ ရယ်လိုက်ပြီး အပြင်ထွက်သွားသည်။

ချူယန်ဇယ် ဘာလုပ်ရမှန်း မသိ ဖြစ်နေတုန်း ကျန်းပေရန် အသံ ထွက်လာသည်။

"သူ့နောက် လိုက်သွားလိုက်"

"ဟုတ်ကဲ့"

ချူယန်ဇယ်က ချီချီ နောက် ပြေးလိုက်သွားသည်။

မကြာခင်မှာပဲ ကျောက်တုံး တူးသံတွေ ထပ်ကြားရပြန်သည်။

ကြည့်လိုက်တော့ ရှီဖုန်းလန် ဖြစ်နေသည်။

"မင်း မလိုက်သွားဘူးလား"

"မသွားဘူး ကူညီမလို့"

"လုပ်တတ်လို့လား"

"အင်း တတ်တာပေါ့"

"ကောင်းပြီ ဒါဆို ဝိညာဉ်စွမ်းအင် မသုံးဘဲ တူးနော် သတိထား"

"သိပါတယ်"

ကျန်းပေရန် ပြန်ဝင်မလို့ လုပ်တုန်း ရှီဖုန်းလန် လှမ်းအော်သည်။

"ပေရန်လေး"

"ဘာလဲ"

"နေ့လယ်ကျရင် ငါးကင် စားချင်တယ်"

"အင်း"

ကျန်းပေရန် ခေါင်းညိတ်ပြီး ပြန်ဝင်သွားသည်။

"ဟီးဟီး"

ငါးကင် စားရမယ် ဆိုတဲ့ အသိနဲ့ ရှီဖုန်းလန် ပျော်သွားပြီး အားထည့်လိုက်မိသည်။

"ဒေါင်"

ကျောက်တုံး ကွဲထွက်သွားသည်။

'သွားပြီ...'

ရှီဖုန်းလန် မျက်နှာပျက်သွားသည်။

ဘယ်လို ချစ်စရာကောင်းအောင် ပြောပြီး တောင်းပန်ရမလဲ စဉ်းစားနေတော့သည်။

...

လကုန်တဲ့ အခါ ဆေးဖော်ခန်း ပြီးသွားပြီ ဖြစ်သည်။

ဆေးတစ်အိုး စမ်းဖော်ကြည့်တော့ အပြင်မှာ ဖော်တာထက် အရည်အသွေးရော အရေအတွက်ပါ ပိုကောင်းနေတာ တွေ့ရသည်။

'ရေကန်က တကယ် အစွမ်းထက်တာပဲ ဒါပေမဲ့ ထုတ်ယူတဲ့ နည်းစနစ်ကို ပြုပြင်ရဦးမယ် မဟုတ်ရင် မညီမမျှ ဖြစ်နေတယ်'

ဒယ်အိုးကို သိမ်းပြီး အပြင်ထွက်လာခဲ့သည်။

"ထွက်လာပြီ ထွက်လာပြီ"

မျောက်တစ်ကောင် အော်လိုက်တာနဲ့ သားရဲတွေ ဝိုင်းအုံလာကြသည်။

ဒီမှာ နေတာ ကြာလာတော့ သားရဲတွေက သူတို့နဲ့ ရင်းနှီးလာကြသည်။

ရည်ရွယ်ချက်ကတော့ ရှင်းပါသည်။

စားစရာ တောင်းတာ ဖြစ်သည်။

"ဒီနေ့ မချက်ဘူး ပြန်ကြတော့"

ကျန်းပေရန်က လက်ဝှေ့ယမ်းပြီး ရှီဖုန်းလန်ကို ခေါ်ကာ ပျံသန်းသော စံအိမ် ပေါ် တက်သွားသည်။

သားရဲတွေ စိတ်ပျက်သွားကြသည်။

လူသား လက်ရာ စားရဖို့က သူတို့ ဘဝရဲ့ ရည်မှန်းချက် တစ်ခု ဖြစ်လာနေသည်။

ကျန်းပေရန်က ချီချီရဲ့ နယ်မြေဆီ မောင်းသွားလိုက်သည်။

"ဘုန်း"

ရောက်တာနဲ့ ပေါက်ကွဲသံ ကြားလိုက်ရသည်။

မော့ကြည့်လိုက်တော့ ချူယန်ဇယ်က ငှက်တစ်ကောင်နဲ့ တိုက်ခိုက်နေတာ တွေ့လိုက်ရသည်။

'လှုပ်ရှားမှုတွေ ပိုကောင်းလာတယ် တကယ်ပဲ တိုက်ပွဲတွေက အကောင်းဆုံး ဆရာပဲ'

ချီချီက ဒီနယ်မြေမှာ ခြေရာ ခိုင်မာလာပြီ ဖြစ်လို့ တခြား သားရဲတွေကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

ဒါကြောင့် ချူယန်ဇယ် အတွက် လေ့ကျင့်ဖော် ရှာပေးဖို့က လွယ်ကူနေသည်။

ကျန်းပေရန် အနံ့ရတာနဲ့ ချီချီ ထွက်လာသည်။

ရှီဖုန်းလန်က ပြေးသွားပြီး ကျောပေါ် ခုန်တက်ကာ ခေါင်းကို ပွတ်ပေးလိုက်သည်။

ချီချီက ဇိမ်ခံပြီးမှ ကျန်းပေရန် ရှေ့ ရောက်လာသည်။

"မင်း တပည့်လေးက ထူးဆန်းတယ်"

"အစကတည်းက ထူးဆန်းတာပဲလေ"

"မတူဘူး အရင်က ခန္ဓာကိုယ်ပဲ ထူးဆန်းတာ အခုက အကုန် ထူးဆန်းနေပြီ"

"ဥပမာ"

"သူက မနာတတ်ဘူး မီးမကြောက်ဘူး မိုးကြိုးမကြောက်ဘူး အားနည်းချက် မရှိသလိုပဲ သူက ဘာမျိုးစိတ်လဲ"

"အရေးမကြီးပါဘူး သူက ပါရမီရှင် ဆိုတာသိရင် ရပြီ"

"ဟုတ်တယ် သူသာ ဒီအတိုင်း ဆက်တိုးတက်နေရင် အဆင့်တူချင်း ယှဉ်နိုင်မယ့်ကောင် မရှိသလောက်ပဲ"

"မှန်တယ်"

ကျန်းပေရန်က သဘောကျစွာ ပြုံးလိုက်လေသည်။

အခန်း ၅၁၃ ထူးဆန်းသော မြင်ကွင်း

သန့်စင်သော ရေကန် အသိုင်းအဝိုင်း စီမံကိန်းက ပြီးပြည့်စုံနေပြီ ဖြစ်သည်။

ချူယန်ဇယ်ရဲ့ လေ့ကျင့်ရေး ကိစ္စလည်း အဆင်ပြေသွားပြီ။

အားလုံး အဆင်ပြေနေတာမို့ ကျန်းပေရန် နောက်တစ်နေရာကို ခရီးဆက်ဖို့ ပြင်လိုက်သည်။

အစကတော့ ချီချီကို လိုက်ပို့ပေးပြီး ပြန်မယ် စိတ်ကူးထားပေမယ့် ဒီနေရာက တကယ်ပဲ ရတနာသိုက်ကြီး ဖြစ်နေတာမို့ နေချင်သေးသည်။

ထောင်ဝူဆီက အမြတ်တွေ အများကြီး ထွက်နေတာမို့ တခြား ခေါင်းဆောင်တွေလည်း ဒီလို ချစ်ဖို့ကောင်းမယ် ဆိုရင်တော့ ကျန်းပေရန် တစ်ယောက် ဝိညာဉ်ကျောက်တုံး သူဌေးကြီး ဖြစ်သွားမှာ သေချာသည်။

မသွားခင် ထောင်ဝူကို သွားနှုတ်ဆက်လိုက်သည်။

ကျန်းပေရန် တခြား မျိုးနွယ်စုတွေဆီ သွားမယ် ဆိုတာ ကြားတော့ ထောင်ဝူ စိတ်မကောင်း ဖြစ်သွားပေမယ့် မတားတော့ပေ။

အကူအညီ လိုလားလို့တောင် မေးလိုက်သေးသည်။

ဒါပေမဲ့ ထောင်ဝူမှာ မဟာမိတ် တစ်ယောက်မှ မရှိတာ သိလိုက်ရတော့ ကျန်းပေရန် လက်လျော့လိုက်သည်။

တခြား မျိုးနွယ်စုတွေ ရောက်လို့ ထောင်ဝူရဲ့ မိတ်ဆွေပါလို့ ပြောလိုက်မှ ရန်သူ ဖြစ်သွားရင် ဒုက္ခရောက်နိုင်သည်။

ထောင်ဝူကို နှုတ်ဆက်ပြီးနောက် ပျံသန်းသော စံအိမ် ပေါ် တက်ကာ ထွက်ခွာလာခဲ့သည်။

မြေနီ ကုန်းမြေပေါ် ရောက်တော့ ဘယ်ဆက်သွားရမလဲ စဉ်းစားနေတုန်း စနစ်ရဲ့ ရွေးချယ်မှုတွေ ပေါ်လာသည်။

[ ရွေးချယ်မှု ၁ - အရှေ့ဘက်သို့ ပျံသန်းပါ။ ဆုလဒ် - မူလကြာပန်း နတ်ဆိုး ကျမ်းစာ (မြေကမ္ဘာအဆင့် အဆင့်မြင့်) ]

[ ရွေးချယ်မှု ၂ - တောင်ဘက်သို့ ပျံသန်းပါ။ ဆုလဒ် - မူလလေဟာနယ် ပုံရိပ်ယောင် ကျမ်းစာ (မြေကမ္ဘာအဆင့် အလယ်အလတ်) ]

[ ရွေးချယ်မှု ၃ - မြောက်ဘက်သို့ ပျံသန်းပါ။ ဆုလဒ် - ကြယ်ကိုးလုံး ဆေးလုံး အစီအရင် မှတ်တမ်း (မြေကမ္ဘာအဆင့် အဆင့်နိမ့်) ]

[ ရွေးချယ်မှု ၄ - အနောက်ဘက်သို့ ပျံသန်းပါ။ ဆုလဒ် - ကျပန်း အခြေခံ အရည်အချင်းပြ အမှတ် + ၁ ]

'မိုက်တယ်ဟ...'

ရွေးချယ်မှုတွေက လူသား တိုင်းပြည် ခြောက်ပြည် ထက်တောင် ပိုအန္တရာယ်များနေသည်။

'ငါ ပေါ့ပေါ့တွေးမိတာ မှားသွားပြီ'

ထောင်ဝူလို ချစ်စရာ ကောင်းတဲ့ ခေါင်းဆောင်တွေ ရှိမယ် ထင်ထားပေမယ့် ဒီရွေးချယ်မှုတွေက သူ့အထင်တွေ မှားကြောင်း သက်သေပြနေသည်။

'ဒါပေမဲ့ အနောက်ဘက်မှာတော့ ချစ်စရာ ကောင်းတဲ့ ကောင်လေး တစ်ကောင် ရှိလောက်တယ် သွားကြည့်ရအောင်'

ရွေးချယ်မှု ၄ ကို ရွေးပြီး ရှီဖုန်းလန်ကို အနောက်ဘက် မောင်းခိုင်းလိုက်သည်။

[ ရွေးချယ်မှု ပြီးမြောက်ပါပြီ။ ဆုလဒ် - ခန္ဓာကိုယ် + ၁ ]

အနောက်ဘက်ကို တော်တော် ကြာကြာ မောင်းပြီးတဲ့အခါ ဒီနယ်မြေက တကယ် ကျယ်ဝန်းမှန်း သိလိုက်ရသည်။

ဒါပေမဲ့ နေရာအများစုက မြေနီတွေသာ ဖြစ်ပြီး သားရဲ အရိပ်အယောင်တောင် မတွေ့ရပေ။

'ဟေ...'

အနီရောင်တွေ ကြည့်ရတာ မျက်စိညောင်းနေတုန်း အံ့သြစရာ မြင်ကွင်း တစ်ခု ပေါ်လာသည်။

နှင်း

နှင်းတွေ တဖွဲဖွဲ ကျနေသည်။

ဒီတိုက်ကြီးမှာ ရာသီဥတု ဖောက်ပြန်တဲ့ နေရာတွေ ရှိတယ်လို့ ကြားဖူးပေမယ့် ကိုယ်တိုင် မြင်လိုက်ရတော့ အံ့သြသွားသည်။

ကျန်းပေရန်က စိတ်ဝင်စားတာကြောင့် တစ်ပတ် ပတ်မောင်းခိုင်းလိုက်သည်။

မြေနီ ကုန်းမြေတွေ အလယ်မှာ ဒီနေရာကွက်ကွက်လေးက နှင်းတွေ ကျနေခြင်း ဖြစ်သည်။

ရာသီဥတု အံ့ဖွယ် တစ်ခုပင် ဖြစ်သည်။

"ထူးဆန်းလိုက်တာ ဘာလို့ ဒီနေရာလေးပဲ နှင်းကျနေတာလဲ"

ရှီဖုန်းလန်က မေးလိုက်သည်။

"ဝင်ကြည့်ရင် သိမှာပေါ့ သွားရအောင်"

"ဟုတ်ကဲ့"

ရှီဖုန်းလန်က ပျံသန်းသော စံအိမ် ကို နှင်းပြင်ထဲ မောင်းဝင်သွားသည်။

မြေပြင်ပေါ် ရောက်တာနဲ့ နှစ်ယောက်သား ဆင်းလိုက်ကြသည်။

"ရှီး..."

ဆင်းဆင်းချင်း ကျန်းပေရန် ချမ်းစိမ့်သွားသည်။

ဒီလို ခံစားမှုမျိုး မရတာ ကြာပြီ ဖြစ်သည်။

ခန္ဓာကိုယ် ကြံ့ခိုင်မှု မြင့်မားတာကြောင့် အပူအအေးကို သိပ်မခံစားရတော့ပေ။

ဒါကြောင့် ဒီနှင်းတွေက သာမန် မဟုတ်ဘူး ဆိုတာ သေချာသည်။

'သာမန် နှင်းတွေ မဟုတ်ဘူးပဲ'

နှင်းပွင့်ကြီး တစ်ပွင့်ကို လှမ်းဖမ်းပြီး စိတ်စွမ်းအင်နဲ့ စစ်ဆေးကြည့်လိုက်သည်။

'နှင်းပွင့်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပါနေတာလား'

ကျန်းပေရန် မျက်လုံး ပြူးသွားပြီး မော့ကြည့်လိုက်သည်။

'ဒါဆို ကောင်းကင်က ကျလာတာတွေက... မြင်ရတဲ့ ဝိညာဉ်စွမ်းအင်တွေပေါ့'

'ဟေ'

ကျန်းပေရန် အံ့သြနေတုန်း မဲနက်နေတဲ့ အရိပ်တစ်ခု ပေါ်လာသည်။

နောက်ထပ် နှစ်ခု သုံးခု လေးခု...

အရိပ်တွေက ကောင်းကင်ကနေ အရှိန်ပြင်းပြင်းနဲ့ ကျလာပြီး သူတို့ကို ဝိုင်းထားလိုက်သည်။

"လူသား"

"ဘယ်လို ဖြစ်နိုင်မှာလဲ"

ခေါင်းဆောင် ဖြစ်ပုံရတဲ့ သားရဲ တစ်ကောင်က အော်ဟစ်လိုက်သည်။

ဝက်ဖြူ တစ်ကောင်နဲ့ တူပြီး ရှေ့ရော နောက်ရော ခေါင်းပါကာ မျက်လုံး ၄ လုံးက ကျန်းပေရန်ကို စိုက်ကြည့်နေသည်။

'ပင်းဖုန်းပါလား'

ကျန်းပေရန် မှတ်မိသလောက် ပင်းဖုန်း ဆိုတာ အမည်းရောင် ဖြစ်ရမည်။

ဒါပေမဲ့ နှင်းတောထဲ နေလို့ အရောင်ပြောင်းသွားတာ ဖြစ်နိုင်သည်။

ဘေးက သားရဲ တစ်ကောင်က ဝင်ပြောသည်။

"လူသားတွေက ဒီအထိ ဘယ်လို ရောက်လာတာလဲ လျှပ်စီး မျိုးနွယ်စုတွေ ဘာလုပ်နေကြတာလဲ သတိပေးချက်တောင် မပို့ဘူး"

"ဘယ်လို လုပ်မလဲ တန်းသတ်လိုက်မလား ခေါင်းဆောင်ကို ပြောမလား"

"သတ်လိုက်ပါ သတ်ပြီးမှ ပြောလိုက်ပေါ့"

"ခေါင်းဆောင်ကို အရင် သွားပြောရင် မကောင်းဘူးလား"

"အင်း ကောင်းတယ်"

"ဒါဆို ငါသွားပြောလိုက်မယ်"

...

သားရဲတွေ ဆွေးနွေးနေတုန်း ကျန်းပေရန်က ပြုံးပြီး ဝင်ပြောလိုက်သည်။

"မိတ်ဆွေတို့ စိတ်မလှုပ်ရှားပါနဲ့ ငါလာတာက..."

"လူစကား ပြောတယ်ဟ"

သားရဲတွေ လန့်ပြီး အနောက်ဆုတ်သွားကြသည်။

သရဲ တွေ့လိုက်ရသလို ဖြစ်နေသည်။

"မဖြစ်နိုင်တာ"

"လူသားတွေ ဒီကို ရောက်လာတာ ထူးဆန်းတယ် ထင်နေတာ ခေါင်းဆောင်... မင်းက ငါတို့ကို လာခြောက်နေတာလား"

"ဟုတ်တယ် ငါလည်း တကယ် လူသား ရောက်လာတယ် ထင်နေတာ"

...

သားရဲတွေ စိတ်အေးသွားတုန်းမှာပဲ ခွေးနဲ့တူတဲ့ သားရဲ တစ်ကောင်က အော်လိုက်သည်။

"မဟုတ်ဘူး အနံ့ မတူဘူး သူက ခေါင်းဆောင် မဟုတ်ဘူး လူသား အစစ်"

သားရဲတွေ ပြန်လန့်သွားကြသည်။

"လူသားက ဘယ်လိုလုပ် စကားပြောတတ်မှာလဲ"

"ငါက ခေါင်းဆောင် အနံ့ကို မှားပါ့မလားကွ"

"ဟုတ်သားပဲ ဒါဆို ဘယ်လို လုပ်မလဲ အရင် သတ်လိုက်ရမလား"

...

သားရဲတွေရဲ့ စကားဝိုင်းက စိတ်ဝင်စားစရာ ကောင်းနေသည်။

ကျန်းပေရန်က ထပ်ပြောလိုက်သည်။

"မင်းတို့ ခေါင်းဆောင်ဆီ အရင် ခေါ်သွားပေးပါလား ဖြည်းဖြည်းချင်း မေးကြတာပေါ့"

လူစကား ထပ်ပြောလာတော့ သားရဲတွေ အံ့သြနေတုန်းပဲ ဖြစ်သည်။

"မင်းလို လူသားက ငါတို့ မျိုးနွယ်စုထဲ ဝင်ချင်တယ် ဟုတ်လား"

ပင်းဖုန်း က မဲ့ပြုံး ပြုံးပြီး ပြောလိုက်သည်။

"စကားပြောတတ်လည်း ဒီနေ့ မင်းသေရမှာပဲ"

"အရင်ဆုံး မသေမရှင် ဖြစ်အောင် ရိုက်နှက်ပြီးမှ ခေါင်းဆောင် လာရင် သတ်မလား မသတ်ဘူးလား ဆုံးဖြတ်ခိုင်းကြမယ်လေ"

"ကောင်းတယ် ငါအရင် စမယ်"

အနက်ရောင် တိမ်စီးကျား တစ်ကောင်က ဝိညာဉ်စွမ်းအင်တွေ စုစည်းပြီး ပါးစပ်ထဲမှာ စွမ်းအင်လုံး ဖန်တီးလိုက်သည်။

သားရဲတွေရဲ့ ထုံးစံအတိုင်း စကားမပြောခင် စွမ်းအင်လုံးနဲ့ အရင် ပစ်ပေါက်လေ့ ရှိသည်။

စွမ်းအင်လုံး ကြီးလာတာ မြင်တော့ ကျန်းပေရန် ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။

'ပြန်ချရတော့မလား'

စနစ်က ဒီနေရာကို လွှတ်လိုက်တယ် ဆိုကတည်းက အန္တရာယ် မရှိဘူးလို့ ယူဆရမည်။

ဒီက သားရဲတွေက နည်းနည်း ဖော်ရွေမယ် ထင်ထားပေမယ့် တွေ့တာနဲ့ သတ်မယ်ဖြတ်မယ် လုပ်နေကြသည်။

ကျန်းပေရန် တိုက်ခိုက်ဖို့ ပြင်နေတုန်း ကောင်းကင်ပေါ်က အသံစူးစူးလေး တစ်ခု ကြားလိုက်ရသည်။

"ရပ်လိုက်စမ်း လူသား တစ်ယောက် ရောက်လာတာ ဒီလောက် စိတ်ဝင်စားစရာ ကောင်းတာကို မင်းတို့ဘာသာ ကစားကြတော့မလို့လား ငါ့ကို မလေးစားဘူးလား"

အသံကြားတော့ တိမ်စီးကျား က စွမ်းအင်လုံးကို ဖျက်လိုက်ပြီး ပြန်ပြောသည်။

"မလုပ်ရဲပါဘူး ခြောက်ရုံ ခြောက်ကြည့်တာပါ"

"ဟဲဟဲ အဲဒါမှပေါ့"

အေးစက်စက် ရယ်သံနဲ့အတူ အဖြူရောင် မြေခွေးနဲ့တူတဲ့ သားရဲ တစ်ကောင် ကျန်းပေရန် ရှေ့ ရောက်လာသည်။

ကျောပေါ်မှာ ဂျိုပါပြီး ဆံပင်တွေ ဖားလျားချထားသည်။

'ချန်ဟွမ် ပါလား'

စောစောက အသံကြားတုန်းက မျှော်လင့်ချက် ရှိမယ် ထင်ပေမယ့် အခု ပုံစံ မြင်ရတော့ ပိုဆိုးမယ့်ပုံ ပေါက်နေသည်။

ချန်ဟွမ်ရဲ့ မျက်လုံးတွေက ဆွဲဆောင်မှု ရှိသည်။

မျက်လုံး အလယ်က လေးထောင့်ပုံ ဖြစ်ပြီး အဝါရောင် ရှိသည်။

ထောင့်ချိုးလေးတွေက ကွေးနေပြီး မူးရီဝေဝေ ပုံစံမျိုး ဖြစ်နေသည်။

'ပြုစားနေပြီလား'

ချန်ဟွမ် မျက်တောင်ခတ်လိုက်တိုင်း ကျန်းပေရန်ရဲ့ စိတ်စွမ်းအင်က အလိုအလျောက် ကာကွယ်ပေးနေသည်။

ခဏကြာတော့ ချန်ဟွမ်က ကျန်းပေရန် ရှေ့ လျှောက်လာပြီး အမိန့်ပေးလိုက်သည်။

"ဒူးထောက်လိုက်"

"အရေးကြီး ကိစ္စ ရှိလို့ ခေါင်းဆောင်နဲ့ တွေ့ချင်ပါတယ် ဝင်ခွင့်ပြုပါ"

"ဟေ"

ချန်ဟွမ် အံ့သြသွားသည်။

ဒီလူသားက သတိလစ်မသွားဘဲ စကားပြန်ပြောနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ပေ။

လျှာသပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကစားစရာလေး တစ်ခု ရပြီပဲ"

ပြောပြီးတာနဲ့ အဝါရောင် အမှုန့်တွေ မှုတ်ထုတ်လိုက်ပြီး လူပုံစံ ပြောင်းလဲလိုက်သည်။

"မောင်လေး ငါလှလားဟင်"

လူသား မိန်းမလှလေး အသွင် ပြောင်းထားတဲ့ ချန်ဟွမ်က ယပ်တောင်လေး တစ်ချောင်းကိုင်ပြီး ကျန်းပေရန်ကို မြူဆွယ်လိုက်သည်။

'အို... လောကအကြောင်း နားလည်တဲ့ သားရဲပါလား'

ဒီလို ပုံစံမျိုး လုပ်တတ်တယ် ဆိုကတည်းက လူသား ကမ္ဘာကို သွားပြီး ပြည့်တန်ဆာ အိမ်တွေမှာ လေ့လာခဲ့ဖူးပုံရသည်။

"မောင်လေး... စကားပြန်ပြောလေ"

ချန်ဟွမ်ရဲ့ စကားသံနဲ့အတူ ကျန်းပေရန်ရဲ့ စိတ်စွမ်းအင်က ထပ်မံ လှုပ်ရှားလာသည်။

'စောစောက သူ့မူလပုံစံကို စိတ်မဝင်စားဘူး ထင်လို့ လူပုံစံ ပြောင်းပြီး ပြုစားနေတာလား'

'ဟူး...'

ကျန်းပေရန် သက်ပြင်းချလိုက်သည်။

ဒီကောင်တွေနဲ့ စကားပြောရတာ နားမလည်ကြပေ။

ဘေးက ရှီဖုန်းလန်ကို ကြည့်လိုက်သည်။

'သူ့ရဲ့ ခေါင်းပွတ်သိုင်း ကို သုံးခိုင်းရင် ကောင်းမလား'

"သောက်ကျိုးနည်း လူသား ငါခေါ်နေတာ မကြားဘူးလား"

ကျန်းပေရန် ဘယ်လို ရှင်းရမလဲ စဉ်းစားနေတုန်း ချန်ဟွမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။

မျက်နှာက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး ဘီလူးမ တစ်ကောင်လို ဖြစ်သွားသည်။

'စိတ်ကြီးလိုက်တာ'

ကျန်းပေရန် စိတ်ထဲက ပြောလိုက်သည်။

ချန်ဟွမ်က အမွေးပွပွ လက်သည်းနဲ့ ကျန်းပေရန်ကို ကုတ်ဖို့ ရွယ်လိုက်သည်။

"အရှက်ခွဲနေတာပဲ ဘယ်နှစ်ခါ သင်ပေးရမလဲ"

ကြည်လင်ပြတ်သားတဲ့ အသံ တစ်သံ ထွက်ပေါ်လာပြီး ချန်ဟွမ်ကို ရိုက်ထုတ်လိုက်သည်။

'ဟေ'

လွင့်ထွက်သွားတဲ့ ချန်ဟွမ်က အဖြူရောင် ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးကို ကြည့်ပြီး ကျန်းပေရန် အံ့သြသွားသည်။

'လူစကားတွေ ဒီလောက် ကျွမ်းကျင်နေတာလား'

အမျိုးသမီးက လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"တကယ်ပဲ မင်းကိုး မင်းအခု ငါ့ကို အသက်တစ်ချောင်း အကြွေးတင်သွားပြီ"

ဒီစကား ကြားတာနဲ့ စိတ်စွမ်းအင်နဲ့ စစ်ဆေးစရာ မလိုတော့ဘဲ ဘယ်သူလဲ ဆိုတာ သိလိုက်သည်။

"ယန်ယန်"

အမျိုးသမီးက ပြုံးလိုက်သည်။

"ဟုတ်တယ် ငါပဲ"

ပြောပြီးတာနဲ့ ဧရာမ မြေခွေးဖြူကြီး အဖြစ် ပြောင်းလဲသွားသည်။

အမြီး ၇ ချောင်း ပါပြီး ကျန်းပေရန်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"အခုတော့ မင်း ငါ့လက်ထဲ ရောက်ပြီ"

ကျန်းပေရန်က ဒီအမြီး ၆ ချောင်း မြေခွေးမလေးကို ဒီမှာ တွေ့ရမယ်လို့ ထင်မထားခဲ့ပေ။

'အို... အမြီး ၇ ချောင်း ဖြစ်သွားပြီလား'

'ဆိုလိုတာက အဆင့် ၈ ရောက်သွားပြီပေါ့

စောစောက လွင့်ထွက်သွားတဲ့ ချန်ဟွမ်က မူလပုံစံ ပြန်ပြောင်းပြီး အနားကပ်လာသည်။

"ဆရာ..."

"ပြန်သွားပြီး သစ်တုံး အသွင်ပြောင်းတာ အခါ ၁၀၀ လေ့ကျင့် ပြီးမှ ပြန်လာခဲ့"

"ဟင်... အခါ ၁၀၀ တောင်လား... သမီး..."

"အခု အခါ ၁၀၀၀ ဖြစ်သွားပြီ ဘာပြောချင်သေးလဲ"

"မရှိပါဘူး မရှိပါဘူး"

ချန်ဟွမ် ခေါင်းခါပြီး ငြင်းလိုက်သည်။

"ကောင်းပြီ ဒီလူသားကို ငါခေါ်သွားမယ် မင်းတို့ ကင်းဆက်လှည့်ကြ"

"ဟုတ်ကဲ့"

ယန်ယန်က အမြီးနဲ့ ကျန်းပေရန် နဲ့ ရှီဖုန်းလန် ကို ရစ်ပတ်ပြီး လေပေါ် ပျံတက်သွားသည်။

ဆရာ ထွက်သွားတာ ကြည့်ပြီး ချန်ဟွမ်က သက်ပြင်းချလိုက်သည်။

"ဘာကြည့်နေတာလဲ သွား ကင်းဆက်လှည့်မယ်"

"ဟုတ်ကဲ့"

မကြာခင်မှာပဲ ရေခဲတိုက်ကြီး တစ်ခုဆီ ရောက်လာသည်။

ခမ်းနားထည်ဝါ လှသည်။

"ဒါ ငါ့အိမ်ပဲ"

ရေခဲ ဂူကြီး တစ်ခုထဲ ရောက်တော့ ယန်ယန်က သူတို့ကို ချပေးလိုက်သည်။

"ပေ... ပေရန်လေး... ငါချမ်းတယ်"

ရှီဖုန်းလန်က တုန်ယင်နေသည်။

အပြင်မှာတုန်းက ဝိညာဉ်စွမ်းအင်နဲ့ ခံနိုင်ပေမယ့် ဒီထဲရောက်တော့ မခံနိုင်တော့ပေ။

"ပျံသန်းသော စံအိမ် ပေါ် အရင် ပြန်တက်နေလိုက်"

"ကောင်းပြီ... ကစားစရာ ရှိရင် ပြန်ခေါ်နော်"

ပြောပြီးတာနဲ့ ပြေးတက်သွားသည်။

ရှီဖုန်းလန် ပျောက်သွားတာ မြင်တော့ ယန်ယန် မျက်လုံး ပြူးသွားပြီး ကျန်းပေရန်ကို အမြီးနဲ့ ပြန်ရစ်ပတ်လိုက်သည်။

"မင်းကို မနည်း ဖမ်းထားရတာ ထွက်ပြေးဖို့ မစဉ်းစားနဲ့နော်"

ကျန်းပေရန် ပခုံးတွန့်လိုက်သည်။

"မပြေးပါဘူး သူငယ်ချင်းဟောင်းတွေ တွေ့မှတော့ စကားပြောရမှာပေါ့"

"ဟွန်း"

ယန်ယန် နှာခေါင်းရှုံ့လိုက်သည်။

"မင်းက ငါ့ကို သူငယ်ချင်းလို့ သဘောထားလို့လား အမြဲတမ်း အနိုင်ကျင့်နေပြီးတော့"

"ဒါဆို မင်းက လက်စားချေမလို့လား"

"ဟုတ်တယ် ငါလည်း မင်းကို ဖမ်းချုပ်ထားပြီး မွေးထားမယ်"

"ကောင်းတာပေါ့ ဒါပေမဲ့ မင်း တကယ် လက်စားချေချင်တဲ့သူက ငါမဟုတ်ဘူး ထင်တယ်"

"အဲဒါ ပြောနေစရာ လိုသေးလား"

ယန်ယန် မော့ကြည့်လိုက်သည်။

"ငါ နောက်ထပ် အဆင့်တက်ရင် ထန်တိုင်းပြည်က အဘိုးကြီးကို သွားဖမ်းပြီး မင်းနဲ့ အတူတူ လှောင်ထားမယ်"

"အောင်မြင်ပါစေ"

ကျန်းပေရန် အေးဆေး တည်ငြိမ်နေတာ မြင်တော့ ယန်ယန် စိတ်ပျက်သွားသည်။

အမြီးကို ဖြေလျော့ပေးလိုက်ပြီး မေးလိုက်သည်။

"မင်း ဘာလို့ မကြောက်တာလဲ"

"အဖမ်းခံထားရတာ ကောင်းပါတယ် အလုပ်ရှုပ် သက်သာတာပေါ့"

ဒါကို ကြားမှ ယန်ယန် သတိရသွားသည်။

"ဒါနဲ့ မင်း ဒီကို ဘယ်လို ရောက်လာတာလဲ လူသားတွေ လာရမယ့် နေရာ မဟုတ်ဘူးလေ"

ကျန်းပေရန်က ပြန်မေးလိုက်သည်။

"မင်းကရော ငါဒီမှာ ရှိမှန်း ဘယ်လို သိတာလဲ"

ယန်ယန်က တိုက်ဆိုင်လို့ တွေ့တာ မဟုတ်ဘဲ တမင် လာရှာတာ သိသာသည်။

"ဟီးဟီး"

ယန်ယန် ရယ်လိုက်ပြီး လူပုံစံ ပြောင်းကာ လျှာထုတ်ပြလိုက်သည်။

"ငါ မင်းကိုယ်ပေါ်မှာ အမှတ်အသား လုပ်ထားတယ်လေ"

All Chapters