← Chapters

အခန်း (၅၁၆-၅၁၇)

Vol. 45 Ch. 516-517

အခန်း (၅၁၆-၅၁၇)

Vol. 45 Ch. 516-517

အခန်း ၅၁၆ ရေခဲ ဝိညာဉ်သွေးကြော

ကျန်းပေရန်က ကျားဖြူနဲ့ တကယ့် သူငယ်ချင်း ဖြစ်ဖို့ ၂ နာရီလောက်သာ အချိန်ပေးလိုက်ရသည်။

ကျားဖြူက ထောင်ဝူထက် ဆက်ဆံရ ပိုလွယ်ကူသည်။

ထောင်ဝူက ရံဖန်ရံခါ သံသယ ဝင်တတ်ပေမယ့် ကျားဖြူကတော့ ကျန်းပေရန် ပြောသမျှ ယုံကြည်သည်။

ကျန်းပေရန်က သူ့ရဲ့ ကြီးမားတဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်တာကြောင့် ယုံကြည်မှုက ပိုခိုင်မာသွားခြင်း ဖြစ်သည်။

ဒါ့အပြင် ထောင်ဝူကို စည်းရုံးခဲ့တဲ့ အစီအစဉ်အတိုင်း ကျားဖြူကိုလည်း လက်မှုပညာရပ်တွေရဲ့ အရေးပါပုံနဲ့ တန်ဖိုးတူ လဲလှယ်ခြင်း သဘောတရားတွေကို ရှင်းပြလိုက်သည်။

ကျားဖြူက ချက်ချင်း သဘောတူလိုက်ပြီး သူ့ပိုင်နက်ထဲ လိုက်လံ ပြသပေးသည်။

လမ်းတစ်လျှောက် တွေ့ရတဲ့ သားရဲတွေရဲ့ အံ့သြနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး ကျန်းပေရန် ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ယန်ယန်လည်း အနောက်ကနေ ခပ်လှမ်းလှမ်း လိုက်လာသည်။

ကျားဖြူက ဂရုမစိုက်တာကြောင့် ဆက်လိုက်လာခြင်း ဖြစ်သည်။

နှင်းတွေကြားထဲမှာ ကျားဖြူနဲ့ ကျန်းပေရန်က ရှေ့ဆုံးက၊ ယန်ယန်က အလယ်က၊ ဘာမှ နားမလည်တဲ့ သားရဲအုပ်ကြီးက နောက်ဆုံးက လိုက်ပါလာကြသည်။

'နေရာတိုင်းမှာ ပွဲကြည့်ပရိသတ်တွေကတော့ ရှိနေတာပဲ'

ကျန်းပေရန် စိတ်ထဲက ရယ်မောလိုက်သည်။

"ခေါင်းဆောင်က နင့်ကို ကိုယ်တိုင် လိုက်ပို့နေတာလား"

ယန်ယန်က စိတ်ချင်း ဆက်သွယ်ပြီး မေးလိုက်သည်။

"အင်း လိုက်ပြနေတာ"

"လိုက်ပြနေတာ ဟုတ်လား နင် ခေါင်းဆောင်ကို ဘာလုပ်လိုက်တာလဲ ငါ့ကိုပါ ရောချမလို့လား"

ကျန်းပေရန် ပြန်မဖြေတာကြောင့် ယန်ယန် ဆက်ပြောသည်။

"ဟေ့ကောင် ပြန်ပြောလေဟာ"

"ကြားလားလို့"

"ဟင့်... ပြန်ပြောပါဆို"

...

"မအားသေးလို့ ခဏနေမှ ပြောမယ်"

ကျန်းပေရန် ပြန်ပြောလိုက်ပေမယ့် ယန်ယန် စိတ်မကျေနပ်သေးပေ။

"ဟွန်း အမေပြောတာ မှန်တယ် ယောကျ်ားတွေက အသုံးချပြီးရင် ပစ်ထားတတ်ကြတယ် အခုတောင် အသုံးချလို့ မပြီးသေးဘူး အေးစက်စက် နိုင်နေပြီ နောက်ဆို လုံးဝ ဂရုစိုက်တော့မှာ မဟုတ်ဘူး"

ယန်ယန်က နှင်းပြင်ကို လက်သည်းနဲ့ ကုတ်လိုက်သည်။

"လူဆိုးကောင်"

ယန်ယန် ဒရာမာ ခင်းနေချိန်မှာ ကျန်းပေရန်က ကျားဖြူ ရှင်းပြနေတဲ့ ရေခဲတိုက်ကြီး အကြောင်း နားထောင်နေသည်။

ဒီရေခဲတိုက်ကြီးက ကျားဖြူတို့ တည်ဆောက်ထားတာ မဟုတ်ဘဲ ရှေးပဝေသဏီ ကတည်းက ရှိနေခဲ့တာ ဖြစ်သည်။

ဒီနေရာ တစ်ခုလုံးက ရှေးကတည်းက နှင်းတွေ ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်သည်။

'ဒီသားရဲတွေက အနုပညာ မျက်စိ ရှိတယ် ထင်နေတာ လူတွေ လုပ်ထားတာကိုး'

'လူတွေ လုပ်ထားတာ...'

ထောင်ဝူရဲ့ နေရာမှာလည်း လူသား အစီအရင် ပညာရှင်တွေရဲ့ လက်ရာ တွေ့ခဲ့ရသည်။

ဒါတွေကို ကြည့်ရင် ရှေးဟောင်း အပျက်အစီးများ နယ်မြေက အရင်တုန်းက လူသားတွေ ပိုင်ခဲ့တာ ဖြစ်နိုင်သည်။

'မဖြစ်နိုင်သေးပါဘူး...'

လူသားတွေ ပိုင်ခဲ့ရင် သားရဲတွေ ကိုးကွယ်တဲ့ သန့်စင်သောနေရာ ရှိနေစရာ အကြောင်း မရှိပေ။

ကျန်းပေရန် ခေါင်းထဲမှာ ယူဆချက် နှစ်ခု ပေါ်လာသည်။

ပထမ တစ်ခုက ဒီနေရာက တိရစ္ဆာန်ရုံ သဘောမျိုး ဖြစ်ပြီး လူသားတွေက သားရဲတွေ နေထိုင်ဖို့ ဖန်တီးပေးထားတာ ဖြစ်နိုင်သည်။

ဒုတိယ တစ်ခုက လူသားတွေနဲ့ သားရဲတွေ အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြတာ ဖြစ်နိုင်သည်။

ဒါကြောင့် လူသား လက်ရာတွေရော သားရဲ လက်ရာတွေရော တွေ့နေရတာ ဖြစ်မည်။

ဘယ်အချက်ပဲ မှန်မှန် အရင်တုန်းက လူသားနဲ့ သားရဲတွေက မိတ်ဆွေတွေ ဖြစ်ခဲ့ကြပုံရသည်။

ကျန်းပေရန်က မေးလိုက်သည်။

"ခေါင်းဆောင် ဒီမှာ ဘာလို့ နှင်းတွေ အမြဲကျနေတာလဲ သိလား"

ကျားဖြူက မော့ကြည့်ပြီး ပြန်မေးသည်။

"မင်း အမြင်မှာ ဒါတွေက နှင်းတွေလို့ ထင်လား"

ကျန်းပေရန်က သာမန် နှင်းတွေ မဟုတ်မှန်း သိပေမယ့် အတိအကျ မပြောနိုင်ပေ။

"သာမန် နှင်း မဟုတ်ရင် ဘာတွေလဲ"

ကျားဖြူက ပြန်မဖြေဘဲ အတောင်ပံ ခတ်လိုက်သည်။

လေပြင်းတွေ တိုက်ခတ်လာပြီး နှင်းပွင့်တွေကို စုစည်းလိုက်သည်။

လေပြင်းကြောင့် ကျန်းပေရန်တောင် ချမ်းစိမ့်သွားသည်။

ဝိညာဉ်စွမ်းအင်နဲ့ ကာကွယ်ရမလား စဉ်းစားနေတုန်း လေပြင်း ငြိမ်သွားပြီး နှင်းလုံးကြီး တစ်လုံး လေထဲမှာ ပေါ်လာသည်။

"မိတ်ဆွေ အခု ဘာလို့ ထင်လဲ"

ကျန်းပေရန်က စိတ်စွမ်းအင်နဲ့ စစ်ဆေးကြည့်လိုက်သည်။

'ဟာ...'

နှင်းပွင့်တွေထဲမှာ ဝိညာဉ်စွမ်းအင်တွေ ပါနေတာ သိပေမယ့် စုစည်းလိုက်တဲ့အခါ ဒီလောက်ထိ များပြားလိမ့်မယ်လို့ ထင်မထားခဲ့ပေ။

"ဝိညာဉ်စွမ်းအင်တွေပဲ အများကြီးပဲ"

"ဟုတ်တယ် ဒီက နှင်းတွေ ရေခဲတွေ အားလုံးက ဝိညာဉ်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတာပဲ ဒါပေမဲ့ ဘာလို့ အပြင်လောကနဲ့ မတူတာလဲ ဆိုတာတော့ ငါမသိဘူး"

'နှင်းအဖြစ် ပြောင်းလဲသွားတဲ့ ဝိညာဉ်စွမ်းအင်တွေ... ဒါ ရေခဲ ဝိညာဉ်သွေးကြော များလား'

ကျန်းပေရန် သဘောပေါက်သွားသည်။

အရင်တုန်းက သစ်သားဓာတ် ဝိညာဉ်သွေးကြော ကို တွေ့ဖူးပေမယ့် အသစ်စက်စက် ဖြစ်နေလို့ ပတ်ဝန်းကျင် ပြောင်းလဲမှု သိပ်မရှိခဲ့ပေ။

အခုတော့ ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲနေတာမို့ သေချာပေါက် ရေခဲ ဝိညာဉ်သွေးကြော ဖြစ်ရမည်။

ရေခဲ ဝိညာဉ်စွမ်းအင်က ရေဓာတ်ကနေ ဆင်းသက်လာပြီး အလွန် အေးမြသည်။

သူ့ရဲ့ ထူးခြားချက်က ထာဝရ ချိပ်ပိတ်ခြင်းဖြစ်သည်။

နာမည်က ကြောက်စရာ ကောင်းပေမယ့် တကယ်တမ်းကျတော့ ထိန်းသိမ်းထားခြင်း သဘော ဖြစ်သည်။

ရေခဲ ဝိညာဉ်စွမ်းအင်နဲ့ ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေ သက်ရှိတွေက ဘယ်တော့မှ မပျက်စီးဘဲ မူလအတိုင်း ရှိနေမည်။

ဝိညာဉ်စွမ်းအင် ယိုစိမ့်မှု မရှိဘဲ ထာဝရ တည်တံ့နေမည်။

ဒီအစွမ်းက အလွန် အသုံးဝင်သည်။

အသုံးမလိုသေးတဲ့ ဆေးမြစ်တွေကို သိမ်းထားတာမျိုး ဒဏ်ရာရနေတဲ့ မိတ်ဆွေကို ခေတ္တ ထိန်းသိမ်းထားတာမျိုး လုပ်နိုင်သည်။

ကိုယ့်ဘာသာကိုယ် ဒဏ်ရာရရင်လည်း ကုသပေးမယ့်သူ ရောက်လာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ရေခဲရိုက်ထားလို့ ရသည်။

ဒါ ရေခဲ ဝိညာဉ်သွေးကြော မှန်း သိလိုက်တာနဲ့ ကျန်းပေရန် မချမ်းတော့ဘဲ စိတ်လှုပ်ရှားလာသည်။

ရှားပါး ဝိညာဉ်သွေးကြော တစ်ခုကို တွေ့လိုက်ရတာမို့ အကျိုးအမြတ် မထုတ်ဘဲ ပြန်သွားရင် ညအိပ်ပျော်မှာ မဟုတ်ပေ။

ကျားဖြူက မသိဘူး ပြောပေမယ့် ဒါက ငါးပါးဓာတ် ဝိညာဉ်သွေးကြော အမျိုးအစား ဖြစ်မှန်း မသိတာသာ ဖြစ်သည်။

အကျိုးကျေးဇူးကိုတော့ ကောင်းကောင်း သိထားပြီး ဖြစ်သည်။

ဒါကြောင့် ဒီမှာ အခြေချ နေထိုင်နေခြင်း ဖြစ်သည်။

ဒါကြောင့် ကျန်းပေရန် အနေနဲ့ အလကား လိုချင်လို့ မရပေ။

အပြင်မှာ မြင်နေရတာတွေက ရေခဲ ဝိညာဉ်သွေးကြော ရဲ့ အရှိန်အဝါကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေသာ ဖြစ်သည်။

အနှစ်သာရ အစစ်အမှန်က နက်ရှိုင်းတဲ့ နေရာမှာ ရှိနေမှာ သေချာသည်။

သစ်သားဓာတ် ဝိညာဉ်သွေးကြော တုန်းကလိုမျိုး နှစ်အနည်းငယ် ကြာရင် သစ်တောကြီး ဖြစ်လာသလို ဒီမှာလည်း နှင်းတောကြီး ဖြစ်လာခြင်း ဖြစ်သည်။

ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်တဲ့ အနှစ်သာရကို လိုချင်ရင်တော့ ရေခဲ ဝိညာဉ်သွေးကြော ရဲ့ မူလ နေရာကို သွားမှ ရမည်။

အဲဒီ နေရာကို ကျားဖြူက ထိန်းချုပ်ထားမှာ သေချာသည်။

ကျန်းပေရန်က ကျားဖြူကို မလှည့်စားဘဲ အမှန်အတိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။

အမှန်အတိုင်း ပြောပြမှ ယုံကြည်မှု ရပြီး ပူးပေါင်းဆောင်ရွက်လို့ ရမည်။

"ဒါကို ရေခဲ ဝိညာဉ်သွေးကြော လို့ ခေါ်ပါတယ် ခေါင်းဆောင် မသိသေးတဲ့ တန်ဖိုးတွေကို ငါ ရှင်းပြပါရစေ"

ကျားဖြူက စိတ်ဝင်စားသွားသည်။

သူ့မျိုးနွယ်စု တစ်ခုလုံးကို အသက်ဆက်ပေးနေတဲ့ စွမ်းအင် အကြောင်းမို့ သေချာ နားထောင်နေသည်။

မေးခွန်းတွေတောင် ပြန်မေးနေသည်။

နာရီဝက်လောက် ရှင်းပြပြီးတဲ့အခါ ကျားဖြူက သဘောပေါက်သွားသည်။

"ဒါဆိုရင် ရှေးဟောင်း အပျက်အစီးများနယ်မြေ ဆိုတာ ဒီတိုက်ကြီးပေါ်မှာ ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံး နေရာတွေထဲက တစ်ခုပေါ့"

"မှန်တယ်"

"ဒါကြောင့် လူသားတွေက အသည်းအသန် လိုချင်နေကြတာကိုး ငါတို့ကို သတ်ချင်ရုံ သက်သက် မဟုတ်ဘဲ နယ်မြေကို လိုချင်တာပဲ"

"ဟုတ်တယ် ခေါင်းဆောင်တို့ ဒီနေရာကို ကာကွယ်နိုင်တာ တော်တော် စွမ်းပါတယ်"

"ကာကွယ်နိုင်ရုံပဲ ရှိတာပါ ထပ်ပြီး မချဲ့ထွင်နိုင်တော့ဘူး"

ကျားဖြူက ခေါင်းခါရင်း ပြောလိုက်သည်။

"ဒါကြောင့် ငါ ရောက်လာတာပါ ကူညီပေးဖို့လေ"

"မင်းက ငါတို့ကို နယ်မြေတွေ ပြန်သိမ်းပိုက်နိုင်အောင် ကူညီပေးမှာလား"

'ပြန်သိမ်းပိုက်မယ်တဲ့...'

လူသားတွေရော သားရဲတွေရော ဒီတိုက်ကြီးကို သူတို့ပိုင်တယ်လို့ ထင်နေကြပုံရသည်။

လက်ရှိ အခြေအနေအရ သားရဲတွေ ပြောတာက ဟာသ တစ်ပုဒ်လို ဖြစ်နေသည်။

"ဒါလည်း ခေါင်းဆောင်ရဲ့ စိတ်ညစ်စရာ တစ်ခုပဲ မဟုတ်လား"

"ဟားဟားဟား ဟုတ်တယ် ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့က ခက်ခဲတယ်"

"စိတ်မပူပါနဲ့ ငါ့ကို ယုံလိုက်ပါ"

"ကောင်းပြီ မင်းသာ ငါတို့ကို လူသားတွေဆီက နယ်မြေတွေ ပြန်သိမ်းပေးနိုင်ရင် မင်းရဲ့ အမိန့်ကို နာခံပါ့မယ်"

'ဟေ... ဒီတစ်ယောက်က ပိုတောင် ရိုးသားနေပါလား'

ထောင်ဝူတုန်းက ပူးပေါင်းဆောင်ရွက်ရုံပဲ ပြောခဲ့တာ ဒီကျားဖြူကတော့ လက်အောက်ခံတောင် လုပ်မယ် ပြောနေသည်။

တကယ်ပဲ တိုက်ကြီးကို ပြန်သိမ်းပိုက်ချင်နေပုံရသည်။

ကျန်းပေရန် စိတ်မကောင်း ဖြစ်မိသည်။

သူက တကယ် သိမ်းပိုက်ပေးမှာ မဟုတ်ဘဲ မျှော်လင့်ချက် ပေးပြီး အမြတ်ထုတ်ရုံသာ ဖြစ်သည်။

ဒီလောက် ရိုးသားတဲ့ သားရဲတွေကို လှည့်စားရတာ စိတ်မသန့်ပေ။

ဒါပေမဲ့ သူတို့ ဉာဏ်ရည်နဲ့ လူသားတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာ သေချာသည်။

စစ်တိုက်လိုက်ရင် ရှုံးပြီး ဒီနေရာလေးပါ ပါသွားနိုင်သည်။

ဒါကြောင့် သူက မျှော်လင့်ချက် ပေးထားတာက သူတို့အတွက် ပိုကောင်းသည်။

အနည်းဆုံးတော့ နေ့တိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်လို့ ရတာပေါ့။

ကျန်းပေရန်က ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ပြီး ယုံကြည်မှု ရှိရှိ ပြောလိုက်သည်။

"င့ါကို ယုံပါ ခေါင်းဆောင်တို့ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးပါ့မယ်"

အခန်း ၅၁၇ ရတနာသိုက်

"ဟူး..."

ကျန်းပေရန် နဲ့ ကျားဖြူတို့ အနာဂတ်နဲ့ စံနမူနာတွေ အကြောင်း ပြောနေကြတုန်း ယန်ယန်က နောက်ကနေ အပျင်းပြေ လိုက်လာသည်။

ကျားဖြူက သူတို့ နှစ်ယောက် စကားပြောတာကို မကြားရအောင် အငွေ့အသက်တွေနဲ့ ကာကွယ်ထားလိုက်တာကြောင့် ယန်ယန် နားစွင့်နေပေမယ့် ဘာမှ မကြားရပေ။

'သူက လူကောင်းတော့ မဟုတ်ပေမယ့် ခေါင်းဆောင်ကို ဒုက္ခမပေးလောက်ပါဘူး ငါလည်း ရှိနေတာပဲ'

ယန်ယန်က အမြီး ၇ ချောင်းကို ယမ်းခါရင်း တွေးနေသည်။

ကျန်းပေရန်ကို သိပ်မသိပေမယ့် ဒီလူက အန္တရာယ် ရှိမှန်း သိနေသည်။

သူ့ရဲ့ မြူဆွယ်မှုတွေက ဒီလူသား အပေါ် တစ်ခါမှ မအောင်မြင်ခဲ့ဖူးပေ။

သူ့ကို စိတ်အနှောင့်အယှက် ပေးနိုင်တဲ့ လူသားတွေက သာမန် မဟုတ်ကြပေ။

ကျန်းပေရန်က အပေါ်ယံ ကြည့်ရင် သာမန်ပဲ ဖြစ်ပေမယ့် သူ့အပြုအမူတွေက အရာရာကို ထိန်းချုပ်ထားနိုင်သလို ဖြစ်နေသည်။

သူ့ရှေ့မှာ ဘယ်လောက် စွမ်းအားကြီးတဲ့သူ ရှိနေပါစေ သူက တည်ငြိမ်နေသည်။

ယန်ယန်က ကျန်းပေရန် ဘယ်က ယုံကြည်မှုတွေ ရနေလဲ မသိပေမယ့် အဆုံးသတ်မှာ "ဒီလူက အန္တရာယ် ရှိတယ်" လို့ပဲ ကောက်ချက်ချလိုက်သည်။

ခေါင်းဆောင်က ဘယ်လောက် စွမ်းအားကြီးကြီး ကျန်းပေရန်ကို နိုင်မယ် မထင်ပေ။

ခေါင်းဆောင် အလိမ်ခံရမှာတောင် စိုးရိမ်မိသည်။

ဒါပေမဲ့ ရင်ထဲမှာတော့ ကျန်းပေရန်က လူကောင်း ဖြစ်မယ်လို့ ယုံကြည်နေသည်။

သူက ကူညီဖို့ လာတာလို့ ပြောထားတာပဲ။

မျိုးနွယ်စု တစ်ခုလုံးကို မအုပ်ချုပ်နိုင်ရင်တောင် ပိုကောင်းအောင် လုပ်ပေးနိုင်မှာပါ။

...

ညရောက်တဲ့ အထိ ကျန်းပေရန်နဲ့ ခေါင်းဆောင်က စကားပြောလို့ မပြီးသေးပေ။

'ပြီးသွားပြီလား'

ယန်ယန်က တစ်နေကုန် သူတို့နောက်က လိုက်ရင်း ပျင်းလွန်းလို့ အိပ်ပျော်တော့မည်။

ပထမဆုံး တွေ့ဖူးတာကို ဘာတွေ ဒီလောက် ပြောစရာ ရှိနေလဲ မသိပေ။

ခေါင်းဆောင်ကတော့ ပျော်ရွှင်နေတဲ့ ပုံစံ ပေါက်နေသည်။

ကျန်းပေရန်ကတော့ ထုံးစံအတိုင်း ဘာမှ ခန့်မှန်းလို့ မရတဲ့ မျက်နှာထားနဲ့ ဖြစ်သည်။

ကျန်းပေရန် စိတ်ထဲမှာတော့...

'အမြတ်ကြီး စားပြီဟေ့'

နှင်းပြင် တစ်ခုလုံး လှည့်ပတ်ကြည့်ပြီးနောက် ရှေးဟောင်း ရေခဲ ဝိညာဉ်သွေးကြောကြောင့် ရှားပါး ပစ္စည်းတွေ ပေါက်ဖွားနေတာ တွေ့လိုက်ရသည်။

ဒါတင် မကသေးပေ။

နှင်းခဲတွေအောက်မှာ ရှေးဟောင်း ပစ္စည်းတွေ အများကြီး မြှုပ်နှံနေတာ တွေ့လိုက်ရသည်။

တန်ဖိုး မသိလို့ ဘယ်သူမှ မယူကြဘဲ ဒီအတိုင်း ပစ်ထားကြခြင်း ဖြစ်သည်။

ကျန်းပေရန်က ရေခဲ ဝိညာဉ်သွေးကြော ကို ချစ်မိသွားသည်။

ဒီပစ္စည်းတွေက ရှေးခေတ်ကတည်းက ရှိခဲ့တာ ဖြစ်ပြီး ပထမဆုံး စွမ်းအားရှင်တွေ ပေါ်မလာခင်ကတည်းက ရှိခဲ့တာ ဖြစ်နိုင်သည်။

ရွှေရောင်ဒယ်အိုးကျွန်းပေါ်က နန်းတော်ထဲ ဝင်ကြည့်ပြီးနောက် ဒီတိုက်ကြီးရဲ့ သမိုင်းကြောင်းက စာအုပ်ထဲကထက် ပိုရှည်ကြာမယ်လို့ ထင်ခဲ့မိသည်။

ကောင်းကင်ဘုံအဆင့် ဆိုတာက မျှော်လင့်ချက် သက်သက် မဟုတ်ဘဲ တကယ် ရှိခဲ့ဖူးတဲ့ အဆင့် ဖြစ်နိုင်သည်။

မှတ်တမ်း မတင်ခဲ့ကြလို့သာ မသိကြခြင်း ဖြစ်သည်။

ကျန်းပေရန်က သုတေသီ မဟုတ်ပေမယ့် လျှို့ဝှက်ချက်တွေ အများကြီး တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။

ပထမဆုံး စွမ်းအားရှင် ဆိုတာ တကယ့် ပထမဆုံး မဟုတ်လောက်ဘူးလို့ ထင်မိသည်။

အစစ်အမှန် စွမ်းအားရှင်တွေနဲ့ သုတေသီတွေက အတိတ်က စွမ်းအားကြီးတဲ့ အရာတွေ ရှိခဲ့မှန်း သိကြလို့ အခုခေတ် လက်နက်တွေကို အနက်ရောင်အဆင့် လို့ သတ်မှတ်ထားကြခြင်း ဖြစ်သည်။

မြေကမ္ဘာအဆင့် နဲ့ ကောင်းကင်ဘုံအဆင့် က သူတို့ရဲ့ ရည်မှန်းချက် ဖြစ်သည်။

ကျန်းပေရန်က အရင်တုန်းက ဒီအကြောင်းတွေ တွေးရုံပဲ တွေးခဲ့ပေမယ့် အခု ရှေးဟောင်း အပျက်အစီးများ နယ်မြေ ရောက်တော့ အံ့ဖွယ်တွေကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။

မြေကမ္ဘာအဆင့် ဆေးလုံး ဖော်စပ်နိုင်စေတဲ့ အလင်းတန်း...

ရှေးဟောင်း အစီအရင်နဲ့ ပိတ်ထားတဲ့ သန့်စင်သော နေရာ...

ဒါတွေက သူ့ဉာဏ်ရည်နဲ့ မမီနိုင်တဲ့ အရာတွေ ဖြစ်သည်။

ဒီစွမ်းအားတွေကိုသာ ထိန်းချုပ်နိုင်ရင် မြေကမ္ဘာအဆင့် ဆေးလုံး ဖော်စပ်ဖို့ လွယ်ကူသွားမည်။

ပြီးတော့ နှင်းခဲတွေအောက်က ရှေးဟောင်း ပစ္စည်းတွေ...

ဘာစွမ်းအင်တွေ ပါလဲ မသိပေမယ့် သူတစ်ခါမှ မမြင်ဖူးတဲ့ အရာတွေ ဖြစ်သည်။

ဒါတွေကို ဆေးဖော်ဖို့ လက်နက်လုပ်ဖို့ ယုံကြည်မှု မရှိသေးတာကြောင့် အလောတကြီး တူးဖော်မှာ မဟုတ်ပေ။

ပျက်စီးသွားရင် နှမြောစရာ ကောင်းသည်။

အတိုချုပ် ပြောရရင် ဒီနေရာက ထောင်ဝူရဲ့ နေရာထက် ပိုတန်ဖိုး ရှိသည်။

ရေခဲတိုက် ပြန်ရောက်တော့ ကျားဖြူက ကျန်းပေရန်ကို ပိုပြီး ယုံကြည်လာသည်။

ကျန်းပေရန်က ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး သားရဲတွေ အကျိုးအတွက် ပြောပေးတာကြောင့် ကျားဖြူက သဘောကျနေသည်။

သူက လူသားတွေကို ပြန်တိုက်ခိုက်ပြီး တိုက်ကြီးရဲ့ ဘုရင် ဖြစ်လာမယ်လို့ ယုံကြည်နေသည်။

"မိတ်ဆွေ နောက်ဆုံး တစ်နေရာ လိုက်ပြဦးမယ် မင်းအတွက် အကျိုးရှိမယ် ထင်တယ်"

ကျားဖြူက ပြောလိုက်သည်။

ကျန်းပေရန် ရိပ်မိလိုက်သည်။

'ထင်တဲ့အတိုင်းပဲ'

နန်းတော်ကြီး တစ်ခု ရှေ့ ရောက်တော့ ဒါက သန့်စင်သော နေရာ မှန်း သိလိုက်သည်။

တံခါးဖွင့်ပြီး ကျားဖြူနဲ့ ကျန်းပေရန် ဝင်သွားကြသည်။

ယန်ယန်နဲ့ တခြား သားရဲတွေကတော့ အပြင်မှာပဲ ကျန်ခဲ့ရသည်။

ခေါင်းဆောင် ခွင့်မပြုရင် ဘယ်သူမှ မဝင်ရပေ။

'သွားပြီ... ခေါင်းဆောင်က သူ့ကို လုံးဝ ယုံကြည်သွားပြီ'

ယန်ယန် စိတ်ပျက်သွားသည်။

ခေါင်းဆောင်က ကျန်းပေရန်ကို သန့်စင်သော နေရာထိ ခေါ်သွားတယ် ဆိုကတည်းက ယုံကြည်မှု လွန်ကဲနေပြီ ဖြစ်သည်။

ယန်ယန်က ကျန်းပေရန်ဟာ လူလိမ်ပါလို့ သွားပြောရင်တောင် ခေါင်းဆောင်က ယုံမှာ မဟုတ်ဘဲ သူ့ကိုတောင် ပြန်မောင်းထုတ်လိမ့်မည်။

"ယဇ်ပုရောဟိတ်ကြီး... ဟိုလူသားက ဘယ်သူလဲ"

မျက်လုံး ၃ လုံးပါတဲ့ ကြောင် တစ်ကောင်က ယန်ယန်နား ကပ်မေးသည်။

တခြား သားရဲတွေလည်း ဝိုင်းလာကြသည်။

"ဟုတ်တယ် သူက ဘာလို့ ဝင်ခွင့်ရတာလဲ လူသားတွေ ဝင်ရင် ကျိန်စာမိတတ်တယ် မဟုတ်လား"

"ခေါင်းဆောင် ဘာတွေ တွေးနေတာလဲ"

"ယဇ်ပုရောဟိတ်ကြီးက သူ့ကို သိတာလား"

...

မေးခွန်းတွေ များလာတော့ ယန်ယန် ပြုံးလိုက်သည်။

"မင်းတို့က သူ့ကို လူသားလို့ ထင်နေတုန်းလား"

သားရဲတွေ ငြိမ်သွားပြီး တီးတိုး ဆွေးနွေးကြသည်။

"ငါ ပြောသားပဲ သူက လူသား မဟုတ်ပါဘူးလို့ ခေါင်းဆောင်က လူသား တစ်ယောက်ကို ဒီလောက် နေရာပေးပါ့မလား"

"ဒါပေမဲ့ လူသား အနံ့ ရတယ်လေ"

"အဲဒါက ရုပ်ဖျက်ထားတာ နေမှာပေါ့"

"ဘာလို့ ရုပ်ဖျက်ထားတာလဲ"

"ဘယ်သိမလဲ"

...

ငြင်းခုံနေကြတာ မြင်တော့ ယန်ယန်က ပြောလိုက်သည်။

"ခေါင်းဆောင်တောင် သူ့ကို ဧည့်သည်တော် အဖြစ် သတ်မှတ်ထားတာ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို သံသယ ဝင်နေကြတာလား"

"မလုပ်ရဲပါဘူး"

"ဒါဆို ဘာရပ်ကြည့်နေကြတာလဲ သွားကြတော့"

"ဟုတ်ကဲ့"

သားရဲတွေ လူစုခွဲသွားကြသည်။

သတင်းထူးကြီး ရလိုက်သလို ပျော်ရွှင်နေကြသည်။

နန်းတော်ထဲမှာတော့ ကျန်းပေရန် တစ်ယောက် စိတ်ပျက်နေသည်။

'ထပ်ပြီး ဒီလို ဖြစ်ပြန်ပြီလား'

ကျားဖြူ ခေါ်လာတဲ့ ရည်ရွယ်ချက်က ထောင်ဝူနဲ့ အတူတူပဲ ဖြစ်သည်။

စစ်ဆေးကြည့်လိုက်တော့ ထောင်ဝူဆီကလိုပဲ ရှေးဟောင်း အစီအရင်နဲ့ ပိတ်ထားတာ တွေ့လိုက်ရသည်။

ရှေးခေတ်က အခုခေတ်ထက် ပိုတိုးတက်ခဲ့တယ် ဆိုတာ သေချာသွားသည်။

"တောင်းပန်ပါတယ် ခေါင်းဆောင် ငါ့ အရည်အချင်းနဲ့ မမီပါဘူး"

ကျားဖြူ စိတ်ပျက်သွားသည်။

မျှော်လင့်ချက် သိပ်မထားပေမယ့် မရဘူး ဆိုတာ ကြားရတော့ စိတ်မကောင်း ဖြစ်မိသည်။

အောက်ထပ်ကို ဆင်းကြည့်ချင်လှပြီ ဖြစ်သည်။

သက်ပြင်းချပြီး ပြောလိုက်သည်။

"ရပါတယ် မိတ်ဆွေ တောင်းပန်စရာ မလိုပါဘူး ငါက အတင်း ခေါ်လာမိတာပါ"

ကျားဖြူရဲ့ စကားကြောင့် ကျန်းပေရန် စိတ်မကောင်း ဖြစ်သွားသည်။

တွေ့ဖူးသမျှ ခေါင်းဆောင်တွေထဲမှာ ကျားဖြူက မာန အနည်းဆုံးနဲ့ ဆက်ဆံရ အကောင်းဆုံး ဖြစ်သည်။

နောင်ကျရင် ကူညီပေးမယ်လို့ ဆုံးဖြတ်လိုက်သည်။

လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုယ် အရင် အားဖြည့်ရဦးမည်။

ခဏကြာတော့ ကျန်းပေရန် ပြန်ထွက်လာသည်။

ဘာမှ မတောင်းဆိုခဲ့ပေ။

ထောင်ဝူ့ နေရာနဲ့ ယှဉ်ရင် ဒီနေရာမှာ ဆောက်လုပ်ရေး လုပ်စရာ သိပ်မရှိပေ။

တန်ဖိုး အရှိဆုံးက နှင်းခဲအောက်က ပစ္စည်းတွေ ဖြစ်သည်။

ဒါပေမဲ့ အခု မတူးနိုင်သေးတာမို့ နောက်မှ ပြန်လာဖို့ ဆုံးဖြတ်လိုက်သည်။

တခြား မျိုးနွယ်စုတွေဆီ သွားလည်ကြည့်ဦးမည်။

အခုဆိုရင် မဲဖောက်သလိုမျိုး ဘယ်နေရာမှာ ဘာရှိမလဲ ရင်ခုန်နေရသည်။

ကျန်းပေရန် ထွက်လာတာ မြင်တော့ ယန်ယန် ပြေးလာပြီး မေးသည်။

"ခေါင်းဆောင်နဲ့ ဘာပြောခဲ့လဲ ဘာလို့ သန့်စင်သောနေရာ ထဲ ခေါ်သွားတာလဲ"

"စကားစမြည် ပြောတာပါ"

"လိမ်မနေနဲ့ စကားပြောရုံနဲ့ ဒီလို နေရာမျိုး ခေါ်သွားပါ့မလား ငါတောင် ဝင်ခွင့်မရှိဘူးလေ"

"ကံစပ်လို့ နေမှာပေါ့"

"နင်က ဘယ်တော့မှ အမှန်မပြောဘူး"

ယန်ယန်က စကားလမ်းကြောင်း လွှဲလိုက်သည်။

"ငါ ကူညီပြီးပြီ ဆိုတော့ ဆုလဒ် ဘယ်မှာလဲ"

"မပူပါနဲ့ မင်းရဲ့ နေရာ ရာထူး တက်လာတော့မှာပါ"

"ဘယ်တော့လဲ"

"မကြာခင်"

ယန်ယန်က လမ်းပိတ်လိုက်သည်။

"ဆုလဒ် မပေးမချင်း ဒီက မထွက်ရဘူး ဖမ်းထားလိုက်မယ်"

ယန်ယန် ရယ်မောနေတာ ကြည့်ပြီး ကျန်းပေရန်က အင်္ကျီထဲက အစွယ်တစ်ခု ထုတ်ပြလိုက်သည်။

အစွယ်ကို မြင်တော့ ယန်ယန် အပြုံးတွေ ပျောက်သွားသည်။

'ခေါင်း... ခေါင်းဆောင်က သူ့အစွယ်ကို ပေးလိုက်တာလား'

"နှင်းစွယ်ကို မြင်ရက်နဲ့ ဘာလို့ ဂါရဝမပြုတာလဲ"

ယန်ယန် မကျေနပ်ပေမယ့် ဒါက ခေါင်းဆောင်ရဲ့ ကိုယ်စားပြု ပစ္စည်း ဖြစ်တာမို့ ဂါရဝပြုလိုက်ရသည်။

"နှင်းစွယ် တမန်တော်ကို ဂါရဝပြုပါတယ်"

"အင်း"

ကျန်းပေရန်က ကျေနပ်စွာ ခေါင်းညိတ်ပြီး ရှေ့ဆက်လျှောက်သွားသည်။

ယန်ယန်က အနောက်က လိုက်လာသည်။

"ခေါင်းဆောင်က နင့်ကို တကယ် သူငယ်ချင်းလို့ သတ်မှတ်လိုက်တာပဲ အဲဒီ အစွယ်က ဘာအဓိပ္ပာယ်လဲ သိလား"

"သိတာပေါ့ မသိရင် နင့်ကို ထုတ်ပြပါ့မလား"

"နင်ကွာ..."

ယန်ယန် ဆဲမလို့ လုပ်တုန်း အစွယ် ထပ်ထုတ်ပြတာမို့ ပါးစပ်ပိတ်လိုက်ရသည်။

"အနိုင်ကျင့်တယ် ငါက ကူညီပေးထားတာကို"

"ငါက ဆုလဒ် ပေးမယ် ပြောသားပဲ"

"ဒါဆို... အခု ဘယ်သွားမလို့လဲ"

အစွယ် ရှိနေမှတော့ ဖမ်းထားလို့ မရတော့ပေ။

ဖမ်းထားရင် ခေါင်းဆောင်ကို စော်ကားရာ ရောက်သည်။

"လမ်းလျှောက်ထွက်မလို့"

ကျန်းပေရန်က ရေခဲတိုက် အပြင်ဘက် ထွက်လာသည်။

ဘယ်သွားရမလဲ စဉ်းစားနေတုန်း ရွေးချယ်မှုတွေ ပေါ်လာသည်။

ထောင်ဝူ့ နေရာက ထွက်လာတုန်းကလိုပဲ ဘယ်သွားသွား မြေကမ္ဘာအဆင့် အန္တရာယ်တွေ ရှိနေသည်။

ထောင်ဝူ့ နေရာကို ပြန်သွားဖို့ ရွေးချယ်မှု ၅ ကလွဲရင် ကျန်တာတွေက လမ်းပိတ်နေသည်။

'ကျန်တဲ့ ခေါင်းဆောင်တွေက သဘောကောင်းမယ့်ပုံ မပေါ်ဘူးပဲ'

ဒုက္ခရောက်ပြီ။

သူ့ရဲ့ "ငြိမ်းချမ်းရေး တမန်တော်" ပုံရိပ်က ၂ နေရာပဲ ခံသာသည်။

ကျန်တဲ့ နေရာတွေ သွားရင် ပြဿနာ တက်နိုင်သည်။

ဒါပေမဲ့ ပြဿနာ မရှိပါဘူး။

ရွေးချယ်မှု ၅ ကို ရွေးပြီး ပြန်လမ်း စဉ်းစားလိုက်သည်။

"သွားပြီ နောက်မှ လာလည်မယ်"

လက်ပြပြီး ပျံသန်းသော စံအိမ် ပေါ် တက်သွားသည်။

"ဟေး"

ယန်ယန် လှမ်းအော်သည်။

"မသွားပါနဲ့ဦး ငါ့အမေနဲ့ ပေးတွေ့မလို့ဟာ အမေက နင့်ကို တွေ့ချင်နေတာ ဟေး ဟေး"

ယန်ယန် အော်ခေါ်နေတုန်း ပျံသန်းသော စံအိမ် က ထောင်ဝူ့ နေရာဘက် ပျံထွက်သွားပြီ ဖြစ်သည်။

[ ရွေးချယ်မှု ပြီးမြောက်ပါပြီ။ ဆုလဒ် - ဝိညာဉ်နုတ်ယူခြင်း + ၁ ]

ပျံသန်းသော စံအိမ်ပေါ်က ဆင်းလိုက်တာနဲ့ သားရဲတွေ လန့်သွားကြသည်။

ဒါပေမဲ့ ကျန်းပေရန် မှန်း သိလိုက်တော့ စိတ်အေးသွားကြသည်။

နှုတ်ဆက်ပြီး ရေကန်ဘက် သွားမလို့ လုပ်တုန်း စက္ကူစွန် တစ်ကောင် ပျံလာသည်။

ဖမ်းယူပြီး ဖွင့်ကြည့်လိုက်တော့ ကူချင်းဟွမ်း ဆီက စာဖြစ်နေသည်။

ရှန်မိသားစုကို တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်ပြီ ဆိုတဲ့ အကြောင်း ဖြစ်သည်။

'တိုက်ပွဲ စတော့မှာလား မြန်သားပဲ'

ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။

All Chapters