← Chapters

အခန်း (၅၂၂-၅၂၃)

Vol. 45 Ch. 522-523

အခန်း (၅၂၂-၅၂၃)

Vol. 45 Ch. 522-523

အခန်း ၅၂၂ နားလည်တတ်သူများ

ရှန့်တိုင်းပြည်ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ ရှေ့မှာ ကျန်းပေရန် က ယန်ကွမ်ချင်း နဲ့ သဘောတူညီချက်တွေ အကြောင်း အကျဉ်းချုပ် ပြောပြလိုက်သည်။

"မင်း ဆိုလိုတာက... ထုန်တိုင်းပြည်မှာ တိုက်ပွဲ ပြီးသွားရင် ငါတို့နဲ့ မဟာမိတ် ဖြစ်လာမယ် ဆိုတဲ့ သဘောလား"

ယင်ကျန်းဟုန် က မျက်လုံးမှိတ် စဉ်းစားပြီး မေးလိုက်သည်။

"ဟုတ်တယ် အဲဒီကျရင် ကျွန်တော်က ထုန်တိုင်းပြည် နဲ့ ရှန့်တိုင်းပြည် အကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာအောင် ကြိုးစားပေးပါ့မယ် ဒီမှာ ရှိတဲ့ ခေါင်းဆောင်တွေ အားလုံးလည်း အကျိုးအမြတ်တွေ ရကြမှာပါ"

"ပူးပေါင်းဆောင်ရွက်မှု ဟုတ်လား"

ယင်ကျန်းဟုန် က ထိုင်ခုံနောက် မှီလိုက်ပြီး ပြုံးလိုက်သည်။

"မင်း ဖြစ်ချင်တာက..."

စကားမဆုံးခင် လက်ကာပြလိုက်သည်။

"ထားလိုက်ပါတော့ သီးသန့် တွေ့မှပဲ မေးတော့မယ်"

ဘေးက ကွမ်ရှစ်အန်း မကျေမနပ် ဖြစ်သွားသည်။

"ဘာလို့ သီးသန့် မေးရမှာလဲ အားလုံးရှေ့မှာ မေးလို့ မရဘူးလား"

ယင်ကျန်းဟုန်က ဂရုမစိုက်ဘဲ မျက်လုံး ပြန်မှိတ်လိုက်သည်။

ကျန်းပေရန် က ယင်ကျန်းဟုန် ဘာမေးချင်လဲ သိပေမယ့် မမေးတော့ ကောင်းတာပေါ့ ဆိုပြီး ဂျီချင်းလင်း ဘက် လှည့်လိုက်သည်။

"ဂိုဏ်းချုပ်ဂျီ... ကျွန်တော် လုပ်တာတွေက လက်တွေ့ကျတယ် မဟုတ်လား"

"ကျပါတယ် ဆရာကြီး ပြောတဲ့အတိုင်းပဲ မင်းက တိုင်းပြည်ကို ပိုကောင်းအောင် လုပ်ပေးနိုင်တယ် ဆိုတာ သေချာသွားပြီ ဆရာကြီး အမြင်က ဘယ်တော့မှ မမှားဘူး"

"ဆရာကြီး ဆိုတာ အဘိုးကြီး လို့ ပြောတာ မဟုတ်လား"

ယင်ကျန်းဟုန် က မျက်လုံး တစ်ဖက် ဖွင့်ပြီး မေးလိုက်သည်။

"ဒါက ချစ်စနိုး ခေါ်တာပါ ဆရာကြီးရဲ့"

"ဟွန်း"

ယင်ကျန်းဟုန် က မဲ့ပြုံး ပြုံးပြီး မျက်လုံး ပြန်မှိတ်လိုက်သည်။

တောက်လျှောက် ငြိမ်နေတဲ့ ဝမ်အန်းချင်း က ဝင်ပြောလိုက်သည်။

"အင်အားတူချင်း ပူးပေါင်းတာကို မဟာမိတ် လို့ ခေါ်တယ် အင်အားကွာခြားရင်တော့ လက်အောက်ခံ လို့ပဲ ခေါ်ရမှာပေါ့ ဒါပေမဲ့ ခေါင်းဆောင် က အစွမ်းထက်တယ် ဆိုတော့ နောက်တစ်ဆင့် ဘာလုပ်မလဲ ဆိုတာ စဉ်းစားပြီးသား ဖြစ်မှာပါ"

ဝမ်အန်းချင်း က မန်စီပေ့ ပြန်ပြောပြကတည်းက ကျန်းပေရန် ကို စိတ်ဝင်စားနေခဲ့တာ ဖြစ်သည်။

အခုတော့ လက်တွေ့ မြင်လိုက်ရတဲ့အခါ ပိုပြီး သဘောကျသွားသည်။

သူတို့ တိုင်းပြည်က အားနည်းလွန်းလို့ ဘယ်သူမှ အဖက်မလုပ်ကြပေ။

တိုက်ချင်ရင် တန်းတိုက်ကြမှာ ဖြစ်သည်။

အခုတော့ ထုန်တိုင်းပြည်ရဲ့ ထိပ်သီး ဂိုဏ်းချုပ်က ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးပေးလိုက်ပြီ။

ဒါက ကျန်းပေရန် မျက်နှာကြောင့် ဆိုတာ သိသာသည်။

ရိုးရိုးရှင်းရှင်း ပြောရရင် ကျန်းပေရန် တစ်ယောက်တည်းရဲ့ တန်ဖိုးက ရှန့်တိုင်းပြည် တစ်ခုလုံးထက် ပိုကြီးမားနေသည်။

"ရှန့်တိုင်းပြည်မှာ နားလည်တတ်တဲ့သူတွေ များသားပဲ"

ကျန်းပေရန် စိတ်ထဲက ချီးကျူးလိုက်သည်။

စနစ်က "ဖဲဖွင့်ကစားခိုင်း" တာ မှန်သွားပြီ။

ဒီလူကြီးတွေက အကင်းပါးကြသည်။

ရှင်းပြစရာ မလိုဘဲ သူတို့ဘာသာ နားလည်သွားကြသည်။

"မှန်ပါတယ် ဂိုဏ်းချုပ်ဝမ် ပြောတာ ဟုတ်တယ် အခုအချိန်မှာ ရှန့်တိုင်းပြည် က ထုန်တိုင်းပြည် မျက်လုံးထဲမှာ တန်ဖိုး မရှိသေးဘူး ဒါကြောင့် အခု ပူးပေါင်းဆောင်ရွက်မှုက ဟန်ပြ သက်သက်ပါပဲ အဓိက ရည်ရွယ်ချက်က ထုန်တိုင်းပြည် နဲ့ ပြဿနာ မဖြစ်အောင် ထိန်းထားဖို့ပဲ"

"ဒါဆို ခေါင်းဆောင် က နောက်တစ်ဆင့်ကို မပြောပြချင်သေးဘူး ပေါ့"

'ဒီလူကြီးတွေက ဖြတ်ထိုးဉာဏ် ကောင်းလိုက်တာ'

"အစီအစဉ် မရှိသေးလို့ပါ လောလောဆယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က အဓိကပါ"

ဝမ်အန်းချင်း က ဆက်မမေးတော့ဘဲ ခေါင်းညိတ်လိုက်သည်။

"ခေါင်းဆောင် အကူအညီ လိုရင် ပြောပါ လေးမျက်နှာဂိုဏ်းက အစွမ်းကုန် ကူညီပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဝမ်"

ဘေးက မန်စီပေ့ က မျက်လုံးလေးတွေ တောက်ပပြီး ကြည့်နေသည်။

သူမ ထင်ထားတဲ့အတိုင်း ကျန်းပေရန် က သာမန် မဟုတ်ပေ။

ရှန့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမယ့်သူ ဖြစ်သည်။

'မသိမသာ ကူညီပေးနေတဲ့ မျက်နှာဖုံးရှင်ကိုများ သိနေမလား'

မန်စီပေ့ တွေးနေတုန်း ကျန်းပေရန် က ယင်ကျန်းဟုန် ဘက် လှည့်လိုက်သည်။

"ဂိုဏ်းချုပ်ယင်... ချန်ထျန်းဂိုဏ်း နဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဂိုဏ်းချုပ်ယင် ပဲ တာဝန်ယူပေးပါလား"

ယင်ကျန်းဟုန် က မျက်လုံး ဖွင့်ကြည့်ပြီး ပြုံးလိုက်သည်။

"ငါ့ကို စခိုင်းနေပြီလား"

"မရဲပါဘူး ဂိုဏ်းချုပ်ယင် ကို အယုံကြည်ဆုံးမို့ အရေးကြီးတဲ့ ကိစ္စကို လွှဲအပ်ချင်တာပါ"

"အပျင်းကြီးတာကို စကားလှအောင် ပြောတတ်သားပဲ ကောင်းပြီလေ လက်ခံလိုက်မယ်"

"ကျေးဇူးတင်ပါတယ်"

ကျန်းပေရန် က အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။

"ဒီနေ့ ပြောချင်တာ ဒါပါပဲ ခေါင်းဆောင်တို့ စိတ်အေးချမ်းသာစွာနဲ့ တိုင်းပြည် တိုးတက်အောင် လုပ်နိုင်ကြပါပြီ အစည်းအဝေး ပြီးပါပြီ"

ဂျီချင်းလင်း က တစ်ခုခု ပြောချင်နေပေမယ့် မျိုသိပ်လိုက်သည်။

"ကောင်းပြီလေ ငါလည်း အလုပ်ရှုပ်နေတာ သွားတော့မယ်"

ပြောပြီးတာနဲ့ ထွက်သွားသည်။

ရန်စီယွမ် နဲ့ ဝမ်အန်းချင်း တို့လည်း နှုတ်ဆက်ပြီး ထွက်သွားကြသည်။

ကျန်နေတာက ကွမ်ရှစ်အန်း နဲ့ ယင်ကျန်းဟုန် တို့ ဖြစ်သည်။

"နှစ်ယောက်သား ဘာကိစ္စ ရှိသေးလို့လဲ"

ကျန်းပေရန် မေးလိုက်သည်။

"ရှိတာပေါ့ ငါ့မေးခွန်းကို မဖြေရသေးဘူးလေ"

ကွမ်ရှစ်အန်း က စိုက်ကြည့်နေသည်။

"ဟား"

ယင်ကျန်းဟုန် ရယ်လိုက်သည်။

"ဘာရယ်တာလဲကွ"

ယင်ကျန်းဟုန် က ခြေထောက်ကို စားပွဲပေါ် တင်လိုက်သည်။

"ပုံပြင် နားထောင်ချင်ရင် လက်ဖက်ရည်ဆိုင် သွားပါလား ဒီမှာ လာမေးနေတယ်"

ကွမ်ရှစ်အန်း က ပြန်ပြောမလို့ လုပ်ပေမယ့် ဟုတ်နေတာကြောင့် ငြိမ်သွားသည်။

ခဏကြာတော့ မေးခွန်း တစ်ခု မေးလိုက်သည်။

"ငါ တစ်ခုပဲ မေးမယ် အမှန်အတိုင်း ဖြေပေးပါ"

"မေးပါ ဂိုဏ်းချုပ်ကွမ်"

"မင်း... ဘာလို့ သာမန် တပည့်လေး အဖြစ် မနေချင်တော့တာလဲ"

'ရှန့်တိုင်းပြည်မှာ ပြိုင်ဘက် မရှိတော့လို့လေ'

စနစ်က ရွေးချယ်မှု မပြတော့ဘူး ဆိုကတည်းက စိတ်ကြိုက် နေလို့ ရပြီ ဆိုတဲ့ သဘော ဖြစ်သည်။

ဒါပေမဲ့ ဒီအတိုင်း ပြောလို့ မဖြစ်တာကြောင့် လေးနက်တဲ့ မျက်နှာထားနဲ့ ဖြေလိုက်သည်။

"တိုင်းပြည် အတွက်"

ကွမ်ရှစ်အန်း စိတ်လှုပ်ရှားသွားသည်။

"ရှန့်တိုင်းပြည် က ပျက်စီးလုနီးပါး ဖြစ်နေပြီ ကျွန်တော်က ရှန့်တိုင်းပြည်သား တစ်ယောက် အနေနဲ့ ကယ်တင်ဖို့ တာဝန်ရှိတယ်လေ"

ကွမ်ရှစ်အန်း က ပိုပြီး စိတ်လှုပ်ရှားသွားသည်။

ကျန်းပေရန် က သူစိမ်း ဖြစ်သွားပြီ ထင်နေတာ အခုတော့ ရင်းနှီးမှု ပြန်ရသွားသလို ခံစားလိုက်ရသည်။

"ကောင်းပြီ ငါ့မေးခွန်း ပြီးပြီ"

ကွမ်ရှစ်အန်း မတ်တတ်ထရပ်လိုက်သည်။

"ငါ တရားပြန်ထိုင်တော့မယ် ထိုက်ရင်းဇုန် ကို ပြောထားလိုက်မယ် လိုအပ်တာ ရှိရင် ခိုင်းလိုက် ငါတို့ ဂိုဏ်းက အစွမ်းကုန် ကူညီပေးလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကွမ်"

ကွမ်ရှစ်အန်း က ယင်ကျန်းဟုန် ကို ကြည့်ပြီး မေးလိုက်သည်။

"မင်း မသွားသေးဘူးလား"

"အင်း ထမင်းစားပြီးမှ ပြန်မယ်"

ကွမ်ရှစ်အန်း က ယင်ကျန်းဟုန် နဲ့ ကျန်းပေရန် ကို တလှည့်စီ ကြည့်ပြီး ပြောလိုက်သည်။

"မင်းတို့ နှစ်ယောက် ရုပ်ချင်း ဆင်လာသလိုပဲ"

ပြောပြီးတာနဲ့ ထွက်သွားသည်။

ကွမ်ရှစ်အန်း ထွက်သွားတော့ ယင်ကျန်းဟုန် က ခြေထောက် ပြန်ချပြီး ပြောလိုက်သည်။

"မင်း ပြောင်းလဲသွားပြီ"

ကျန်းပေရန် ထိုင်လိုက်သည်။

"နည်းနည်းပါ"

"ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ ရမလား"

"ကျွန်တော့် အကြောင်း ဂိုဏ်းချုပ်ယင် သိပြီးသားပဲလေ"

"ဟား"

ယင်ကျန်းဟုန် ရယ်လိုက်သည်။

"ကောင်းပြီ မင်းသဘောပဲ စောစောက မေးခွန်းကို ပြန်ဆက်ရအောင် ထုန်တိုင်းပြည် နဲ့ ပတ်သက်ပြီး မင်းရဲ့ ရည်ရွယ်ချက် အမှန်က ဘာလဲ ပူးပေါင်းပြီးမှ တဖြည်းဖြည်း ဝါးမျိုမလို့လား"

"ဂိုဏ်းချုပ်ယင် ကလည်း အကြီးကြီးတွေ တွေးနေပြန်ပြီ ကျွန်တော်က တကယ်ပဲ တိုင်းပြည် တည်ငြိမ်ဖို့ လုပ်နေတာပါ"

"ဒါတောင် မပြောပြချင်ဘူးလား"

ယင်ကျန်းဟုန် မတ်တတ်ထရပ်လိုက်သည်။

"ကောင်းပြီလေ ငါ့ကို အသုံးချစရာ မလိုတော့ဘူး ဆိုတော့ ငါလည်း အနားယူတော့မယ်"

ပြောသာ ပြောတာ ခြေလှမ်း မရွှေ့သေးပေ။

ကျန်းပေရန် မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။

"အဲဒီလို မပြောပါနဲ့ ဂိုဏ်းချုပ်ယင် အခုက အားမွေးရမယ့် အချိန်ပါ နောင်ကျရင် ထုန်တိုင်းပြည် နဲ့ ပူးပေါင်းတဲ့ ကိစ္စတွေမှာ ဂိုဏ်းချုပ်ယင် ဦးဆောင်ရဦးမှာ"

ယင်ကျန်းဟုန် လက်ကာပြလိုက်သည်။

ကျန်းပေရန် က အသံတိုးတိုးနဲ့ ဆက်ပြောသည်။

"ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကျွန်တော့် ရည်ရွယ်ချက်က မပြောင်းလဲပါဘူး ရှန့်တိုင်းပြည် ကို အံ့ဖွယ်နဂါးတိုက်ကြီး ရဲ့ ထိပ်သီး တိုင်းပြည် ဖြစ်လာစေချင်တာ ဒါ ကျွန်တော့် ဆန္ဒပါ"

"ငါ သိပါတယ် ဒါပေမဲ့ ထိုင်စောင့်နေရတာ ပျင်းလို့ လှုပ်ရှားချင်နေတာပါ"

"စိတ်ချပါ ဂိုဏ်းချုပ်ယင် အကူအညီ လိုတဲ့အချိန်ကျရင် အားမနာဘဲ ပြောပါ့မယ်"

"ကောင်းပြီ ဒီစကား ကြားရတာ ကျေနပ်ပါတယ်"

ယင်ကျန်းဟုန် ထွက်သွားဖို့ ပြင်လိုက်သည်။

တံခါးဝ ရောက်တော့ ရပ်ပြီး လှည့်ကြည့်သည်။

"ပေရန်"

"ဗျာ"

"ငါ့စိတ်ထင် နောက်တစ်ခါ ပြန်တွေ့ရင် ငါတို့ နှစ်ယောက်က ကမ္ဘာမတူတဲ့ လူတွေ ဖြစ်နေမလားလို့"

"မဖြစ်နိုင်ပါဘူး"

"ဟားဟားဟား မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ် သွားပြီ"

ယင်ကျန်းဟုန် ထွက်သွားတော့ ကျန်းပေရန် ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။

အခုချိန်မှာ ရှန့်တိုင်းပြည် က သူ့အတွက် "လုံခြုံရေး အိမ်" တစ်ခု ဖြစ်နေပြီ။

စိတ်အေးလက်အေး နေနိုင်တဲ့ နေရာ တစ်ခု။

ဒီနေရာကို ပိုကျယ်ပြန့်အောင် လုပ်ရမည်။

တစ်နေ့ကျရင် အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံး သူ့ရဲ့ လုံခြုံရေး အိမ် ဖြစ်လာတဲ့အထိပေါ့။

"ဒါက ဇာတိမြေ ဖြစ်သလို အစပျိုးရာ နေရာလည်း ဖြစ်တယ်"

ကျန်းပေရန် သက်ပြင်းချလိုက်ပြီး ပျံသန်းသော စံအိမ် ပေါ် ပြန်တက်သွားသည်။

နောက်တစ်နေ့ မနက်မှာ လီဖူချန် အိမ်ကို သွားကြိုလိုက်သည်။

"အကိုဝမ် ကျွန်တော် အဆင်သင့် ဖြစ်ပါပြီ"

"အင်း တက်ခဲ့"

အခန်း ၅၂၃ မင်း ဒီလောက်ကြီး အတည်ယူစရာ မလိုပါဘူး

မြင်ကွင်းတစ်ခု အမှောင်ကျသွားပြီး ပြန်လင်းလာတဲ့အခါ လီဖူချန် က ပန်းမျိုးစုံ စိုက်ပျိုးထားတဲ့ ခြံဝင်းထဲ ရောက်နေမှန်း သိလိုက်သည်။

'ဒီနေရာက...'

ဘယ်နေရာ ရောက်နေမှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေတုန်း ရှီဖုန်းလန် ပြေးလာသည်။

"ပေရန်လေး"

ကျန်းပေရန်ကို ခုန်အုပ်လိုက်ပေမယ့် မမိဘဲ လီဖူချန် ရှေ့ ရောက်သွားသည်။

"ကြိုဆိုပါတယ် မိတ်ဆွေသစ်"

လီဖူချန် က ကြောင်သွားပေမယ့် ဂါရဝပြုလိုက်သည်။

"ကျွန်တော့် နာမည် လီဖူချန် ပါ အန်းရှု ဇာတိပါ"

"လီဖူချန်... ဟုတ်လား ပေရန်လေးနဲ့ ဘယ်လို ပတ်သက်လဲ"

ကျန်းပေရန် ကို ပေရန်လေး လို့ ခေါ်ရဲတာ ကြားတော့ လီဖူချန် လန့်သွားသည်။

ဒီအမျိုးသမီးက ရာထူး အတော်ကြီးမားပုံရသည်။

ကျန်းပေရန် ရဲ့ အကြောင်းကို ထုတ်မပြောရဲတာကြောင့် တွန့်ဆုတ်စွာ ဖြေလိုက်သည်။

"သူ... သူငယ်ချင်းပါ"

အစ်ကိုကြီးလို့ ခေါ်ချင်ပေမယ့် ကျန်းပေရန် က ခွင့်မပြုထားလို့ သူငယ်ချင်းလို့ပဲ ပြောလိုက်ရသည်။

"သူငယ်ချင်း ဆိုရင် ငါ့သူငယ်ချင်းပဲပေါ့ လာ အထဲဝင်"

လီဖူချန် က ကျန်းပေရန် ကို လှမ်းကြည့်လိုက်သည်။

ကျန်းပေရန် က ဂရုမစိုက်တာ မြင်တော့ ခေါင်းမာမာနဲ့ လိုက်သွားလိုက်သည်။

အထဲရောက်တော့ ချူယန်ဇယ်က ဂါရဝပြုသည်။

"ကျွန်တော် ချူယန်ဇယ်ပါ တွေ့ရတာ ဝမ်းသာပါတယ်"

"ကျွန်တော် လီဖူချန်ပါ"

နောက်ဆုံးမှ ရှဲ့လင်းတန်း က လက်သုတ်ရင်း ထွက်လာသည်။

"ကျွန်မ နာမည် ရှဲ့လင်းတန်း ပါ လင်းတန်း လို့ ခေါ်ရင် ရပါတယ်"

"မရဲပါဘူး လင်းတန်း သခင်မလေး ကို ဂါရဝပြုပါတယ်"

အစေခံ ဆိုတာ သိပေမယ့် ကျန်းပေရန်ရဲ့ အစေခံ ဆိုတော့ သာမန် မဟုတ်နိုင်ဘူးလို့ တွေးမိသည်။

မိတ်ဆက်ပြီးနောက် ရှီဖုန်းလန်က ကျင့်ကြံခြင်း သရုပ်ပြ ကစားနည်းကို ထုတ်ပြလိုက်သည်။

"ဒါက ဧည့်သည်ကို ကြိုဆိုတဲ့ နည်းလမ်းပဲ မင်း ကစားဖူးလား"

လီဖူချန် ခေါင်းခါလိုက်သည်။

"မကစားဖူးပါဘူး"

ရှီဖုန်းလန် မျက်လုံးတွေ တောက်ပလာသည်။

"လာ လာ ထိုင် ငါ သင်ပေးမယ်"

လက်ရာမြောက်တဲ့ အရုပ်တွေနဲ့ ကစားကွက်တွေကို ကြည့်ပြီး လီဖူချန် က ဒါဟာ သာမန် ကစားနည်း မဟုတ်ဘူးလို့ ထင်လိုက်သည်။

'ဒါက အကိုဝမ်ရဲ့ စမ်းသပ်မှုများလား'

ကျန်းပေရန် ကို ခိုးကြည့်လိုက်ပေမယ့် ဂရုမစိုက်တာ တွေ့ရတော့ သက်ပြင်းချပြီး ထိုင်လိုက်သည်။

"ဒုက္ခပေးပါရစေ"

"ရပါတယ် ငါ့နာမည် ရှီဖုန်းလန် ပါ အစ်မလန် လို့ ခေါ်ရင် ရတယ်"

"ဟုတ်ကဲ့ပါ အစ်မလန်"

ရှီဖုန်းလန် က စည်းကမ်းတွေကို ရှင်းပြသည်။

ကျန်းပေရန် က ယန်ကွမ်ချင်းဆီ စာရေးစရာ ရှိလို့ အပေါ်ထပ် တက်သွားသည်။

စာရေးပြီး ပြန်ဆင်းလာတော့ အောက်ထပ်မှာ ဆူညံနေသည်။

"ဘယ်... ဘယ်လို လုပ်ပြီး ဗုဒ္ဓဒေါသ ကြာပန်းရဲ့ လိုအပ်ချက်တွေ အကုန် ပြည့်သွားရတာလဲ"

ရှီဖုန်းလန် မျက်လုံး ပြူးနေသည်။

"ဟုတ်ပါတယ် အကုန် ပြည့်သွားပါပြီ"

လီဖူချန် က ကတ်တွေကို စစ်ဆေးပြီး ပြောလိုက်သည်။

ရှီဖုန်းလန် က မယုံနိုင်စွာ ထပ်စစ်ဆေးသည်။

တကယ် ပြည့်နေတာ တွေ့တော့ ဒေါသထွက်သွားသည်။

"မင်း လိမ်တယ် စောစောက ပထမဆုံး ကစားတာပါ ဆို"

"ဟုတ်ပါတယ် ကျွန်တော် ပြောခဲ့ပါတယ်"

"ပထမဆုံး ကစားတဲ့လူက ဒီလောက် ခက်ခဲတဲ့ သိုင်းကွက်ကို ဘယ်လို လုပ်ပြီး သင်ယူနိုင်မှာလဲ လုံးဝ မဖြစ်နိုင်ဘူး"

"အဲဒါက... ကစားပွဲ မစခင် ကတ်တွေ အကုန်လုံးကို ဖတ်ကြည့်ထားလို့ပါ"

"ကတ်တွေ အကုန်လုံး ဟုတ်လား"

"ဟုတ်တယ်"

ရှီဖုန်းလန် တီးတိုး ရေရွတ်လိုက်သည်။

"ဘယ်လို လုပ်ပြီး တစ်ခေါက်တည်းနဲ့ မှတ်မိမှာလဲ"

"စည်းကမ်း ဖောက်ဖျက်ရာ ရောက်လားဟင်"

"ရောက်တာပေါ့ ငါတို့တုန်းက မဖတ်ရဘူးလေ"

"တောင်းပန်ပါတယ် အစ်မလန် ကျွန်တော် မသိလို့ပါ"

"ထားလိုက်ပါ မသိလို့ လုပ်မိတာပဲ ဆက်ကစားရအောင် ငါက စက္ကူလူစားထိုး သုံးပြီး ကာကွယ်လိုက်မယ် အခု ငါ့အလှည့် ရောက်ပြီ အပြာရောင် ငွေရောင် အော်ရာ လှံ ဒီသိုင်းကွက်က ကာကွယ်ရေးကို ဖောက်ထွက်နိုင်တယ်နော်"

"အဲဒီ သိုင်းကွက်က သံချပ်ကာကိုပဲ ဖောက်ထွက်နိုင်တာ မဟုတ်ဘူးလား"

"အဟမ်း... ဟုတ်တယ် အဲဒါ ပြောတာပါ"

လူသစ်ကို လိမ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်တော့ ရှီဖုန်းလန် မျက်နှာပျက်သွားသည်။

"ဒီကောင်လေးက ကတ်တွေ အကုန် မှတ်မိနေတာပဲ ပေရန်လေး နဲ့ တူနေပြီ"

ပုံမှန်ဆိုရင် လူသစ်တွေကို စကားလုံး လှည့်စားပြီး အနိုင်ယူလေ့ ရှိပေမယ့် ဒီတစ်ခါတော့ မရတော့ပေ။

ဆက်ကစားရင်းနဲ့ လီဖူချန် ရဲ့ တိုးတက်မှုက မြန်ဆန်လာသည်။

ဘယ်လို နိုင်ရမလဲ ဆိုတာ သိနေသလိုပဲ။

ရှီဖုန်းလန် ကြောင်သွားသည်။

ချူယန်ဇယ် နဲ့ ရှဲ့လင်းတန်း တုန်းက ဘာလုပ်ရမှန်း မသိလို့ အလွယ်တကူ နိုင်ခဲ့တာ ဖြစ်သည်။

အခုတော့ လူသစ်က သူ့ထက်တောင် ပိုကျွမ်းကျင်နေသလို ဖြစ်နေသည်။

ဒါ့အပြင် လီဖူချန် က အရမ်း အလေးအနက်ထား ကစားနေသည်။

"ဖူချန်လေး... ပေါ့ပေါ့ပါးပါး ကစားပါဟာ အရမ်း အတည်ကြီး မလုပ်ပါနဲ့"

"ဟုတ်ကဲ့ပါ"

ပြောသာ ပြောတာ လီဖူချန် က ဆက်ပြီး အလေးအနက် ကစားနေသည်။

ဒါက အကိုဝမ် ရဲ့ စမ်းသပ်မှု ဖြစ်သလို ဘဝသင်ခန်းစာတွေ ပါဝင်နေတယ်လို့ သူယူဆထားသည်။

အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှု ရယူရမယ် ဆိုတဲ့ သဘောတရားကို သူနားလည်လိုက်သည်။

'အကိုဝမ် က တကယ် တော်တာပဲ'

ရှီဖုန်းလန် ရှုံးနိမ့်နေတာ ကြည့်ပြီး ကျန်းပေရန် ရယ်ချင်သွားသည်။

အစီအရင် ပညာရှင် ဖြစ်ဖို့ ဆိုရင် မှတ်ဉာဏ် ကောင်းဖို့က အခြေခံ လိုအပ်ချက် ဖြစ်သည်။

လီဖူချန်လို ပါရမီရှင်အတွက် ကတ်တွေ မှတ်ရတာ အသေးအဖွဲ ကိစ္စသာ ဖြစ်သည်။

သုံးပွဲ ဆက်တိုက် ရှုံးပြီးနောက် ရှီဖုန်းလန် စိတ်ဓာတ်ကျသွားသည်။

နောက်ဆုံးပွဲ ဆိုရင် ၈ ကွက်လောက်ပဲ ရောက်သေးတယ် ထွက်သွားရသည်။

"ဟူး... ဟူး..."

ဒေါသထွက်ပြီး အသက်ရှူ မြန်လာသည်။

ချူယန်ဇယ် ရဲ့ ကစားကောင်ပါ အသတ်ခံလိုက်ရတော့ ရှီဖုန်းလန် ထရပ်လိုက်သည်။

"ပေရန်လေး လာကစားပေးပါဦး"

ကျန်းပေရန်က စစ်ကူ လာတောင်းမှန်း သိလိုက်သည်။

"ညစာ ချက်မလို့လေ ဝက်နံရိုးကြော် နဲ့ မာဖို တို့ဖူး"

ဒီဟင်းနာမည် ကြားတော့ သွားရည်ကျသွားပေမယ့် ခေါင်းခါလိုက်သည်။

"ရတယ် ညစာက ဖြစ်သလို စားမယ် အခု ကစားချင်တယ်"

ရှီဖုန်းလန် က အတင်း ဆွဲခေါ်သွားသည်။

"အခု ပုံစံ ပြောင်းမယ် အသင်းလိုက် ကစားကြမယ် ငါနဲ့ ပေရန်လေး က တစ်သင်း မင်းနဲ့ ယန်ဇယ်လေး က တစ်သင်း လင်းတန်း က တစ်ယောက်တည်း"

"အသင်းလိုက် ဟုတ်လား"

လီဖူချန် နားမလည်ပေမယ့် ရှင်းပြလိုက်တော့ သဘောပေါက်သွားသည်။

'အကိုဝမ် ကိုယ်တိုင် ဝင်ပါပြီ ဆိုတော့... နောက်ဆုံး စမ်းသပ်မှုကြီး ဖြစ်ပြီပေါ့'

လီဖူချန် စိတ်လှုပ်ရှားပြီး လက်သီးဆုပ်လိုက်သည်။

ကျန်းပေရန် က လည်ပင်းမှာ ဆွဲထားတဲ့ ကျန်းကျစ်ယာ အရုပ်ကို ဖြုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။

အရုပ်က အသက်ဝင်နေသလို လှုပ်ရှားပြီး ငါးမျှားတံနဲ့ ကတ်နှစ်ကတ် ဆွဲယူလိုက်သည်။

လီဖူချန် အံ့သြသွားသည်။

'အကိုဝမ် သုံးတဲ့ ပစ္စည်းတွေက သာမန် မဟုတ်ဘူးပဲ'

ကစားပွဲ စတင်လိုက်သည်။

လီဖူချန် ရတဲ့ ကတ်နှစ်ကတ်က "လေမီး ဘီး" နဲ့ "ခရမ်းရွှေ သပိတ်" တို့ ဖြစ်သည်။

ပထမ တစ်ခုက ၃ ကွက် အတွင်း ကြိုက်တဲ့နေရာ ရွှေ့လို့ ရပြီး ဒုတိယ တစ်ခုက တဖက်လူရဲ့ လှုပ်ရှားမှုကို တားဆီးနိုင်သည်။

မဟာဗျူဟာမြောက် ကတ်ကောင်းတွေ ဖြစ်သည်။

အန်စာတုံး လှိမ့်ပြီးတာနဲ့ လီဖူချန် က စီမံကိန်း ချလိုက်သည်။

ရှီဖုန်းလန် ကတော့ ကျန်းပေရန် ပါလာလို့ စိတ်အေးလက်အေး ကစားနေသည်။

ဒုတိယ အလှည့် ရောက်တော့ ကျန်းပေရန်က လီဖူချန် ရဲ့ ကစားပုံကို သတိထားမိလိုက်သည်။

ဦးနှောက်သုံးပြီး ကစားနေတာ ဖြစ်သည်။

ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူး ဆိုတာ ကောင်းကောင်း သိနေသည်။

ဒီကစားနည်းက ကံတရား အပြင် မဟာဗျူဟာလည်း လိုအပ်သည်။

လီဖူချန်က ကစားပွဲကို ဘယ်လို နိုင်အောင် လုပ်ရမလဲ ဆိုတာ သဘောပေါက်ထားပုံရသည်။

'တကယ့် ဇာတ်လိုက် လောင်းလျာလေးပဲ'

ကျန်းပေရန် ရဲ့ အားရကျေနပ်တဲ့ အကြည့်ကို မြင်တော့ လီဖူချန် ပိုပြီး စိတ်ဓာတ် တက်ကြွလာသည်။

'ဒါက ငါ့အတွက် စမ်းသပ်မှုပဲ'

ကျန်းကျစ်ယာ အရုပ်က ၁ ဂဏန်း ရပြီး ရှေ့တိုးမလို့ လုပ်တုန်း လီဖူချန် က အော်လိုက်သည်။

"ခရမ်းရွှေ သပိတ် ကို သုံးမယ်"

ရွှေရောင် အလင်းတန်း ထွက်ပေါ်လာပြီး သပိတ်လုံးကြီးက ကျန်းကျစ်ယာ အပေါ် ကျဆင်းလာသည်။

အဆင့်မြှင့်ထားတဲ့ ကစားကွက်မို့ သက်ဝင်လှုပ်ရှားနေသည်။

3D ရုပ်ရှင် ကြည့်နေရသလို ဖြစ်နေသည်။

ဒါပေမဲ့ သပိတ်လုံး ဖုံးလွှမ်းသွားပေမယ့် ကျန်းကျစ်ယာ က ရှေ့ဆက်တိုးသွားသည်။

လက်ထဲမှာ တောက်ပတဲ့ အလံတိုင် တစ်ခု ပေါ်လာသည်။

ကျန်းပေရန် က ကတ်ကို ထောင်ပြလိုက်သည်။

"ငါက ဟွန်ယွမ် အလံတိုင်ကို သုံးလိုက်တယ် အတားအဆီးတွေကို လျစ်လျူရှုနိုင်တယ်"

လီဖူချန် ခေါင်းညိတ်ပြီး ပြန်လည် စဉ်းစားလိုက်သည်။

ကျန်းပေရန် ပြုံးလိုက်သည်။

လီဖူချန် က သူ့အကြံကို သိပြီး တားဆီးဖို့ ကြိုးစားခဲ့တာ ဖြစ်သည်။

ကြာပန်း ယူပြီး ကြာပန်းခန္ဓာကိုယ် ရအောင် လုပ်မှာကို တားချင်တာ ဖြစ်သည်။

'တစ်ပတ်တည်းနဲ့ ငါ့အကြံကို ရိပ်မိသွားပြီလား'

'စိတ်ဝင်စားစရာပဲ'

All Chapters