အခန်း (၅၃၆-၅၃၇)
Vol. 47 Ch. 536-537
အခန်း ၅၃၆ သီချင်းဆိုပြီး ကကြရအောင်
တစ်ယောက်တည်း သွားလာရသည်ကို နှစ်သက်ပေသည်။ အခြားသူများနှင့် သွားလာပါက မလိုလားအပ်သော ပြဿနာများ တက်တတ်၍ ဖြစ်သည်။ သို့သော် ပျံသန်းသော စံအိမ် ရှိလာသောအခါ ထိုပြဿနာ ပြေလည်သွားခဲ့လေသည်။ ပိုးကောင် မွေးမြူသူ၊ ဂဏှာမငြိမ်သူ နှင့် အဆင့်မြင့် ရွေးချယ်မှုများ ပေါ်လာအောင် လုပ်ဆောင်တတ်သူများကို ခေါ်ဆောင်ပြီး လျှောက်သွားနေသည်တိုင် မည်သည့်ပြဿနာမျှ မဖြစ်ပေါ်ခဲ့ပေ။
ပျံသန်းသော စံအိမ်သည် နည်းပညာ မြင့်မားလွန်းသဖြင့် ကောင်းကင်ဘုံသည်ပင် ဒုက္ခပေးရန် နည်းလမ်း ရှာမတွေ့နိုင်ဟု ဆိုရပေမည်။
တကယ့် အဆင့်မြင့် ယာဉ်ပျံကြီး ဖြစ်ပေသည်။
ထို့ပြင် အမှောင်ချုံးချီသည် အပြင်လောကတွင် ဒုက္ခများ ကြုံတွေ့ဖူးသဖြင့် လူသားတို့၏ ကမ္ဘာလောကသည် မည်မျှ အန္တရာယ် များပြားကြောင်း သိရှိထားသည်။ ထို့ကြောင့် လျှောက်သွားရဲမည် မဟုတ်ပေ။ ယဉ်ပါးအောင် လေ့ကျင့်ပေးရန်ပင် မလိုအပ်ချေ။
"ကောင်းပြီလေ"
ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"ဝါး ပျော်လိုက်တာကွာ"
အမှောင်ချုံးချီ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
ကျန်းပေရန်နောက် လိုက်ပါလိုရသည့် အကြောင်းရင်း နောက်တစ်ချက်မှာ ထိုသူငယ်ချင်းသည် အလွန် အစွမ်းထက်သည်ဟု ထင်မြင်မိသောကြောင့် ဖြစ်သည်။ အစွမ်းထက်သူနောက် လိုက်ပါက ကိုယ်တိုင် ရှာဖွေစားသောက်သည်ထက် ပိုမို ကောင်းမွန်စွာ စားသောက်ရမည်မှာ သေချာသည်။
ဟင်းရည်လေး သောက်ရလျှင်ပင် ကိုယ်တိုင် ရှာဖွေရသော အသားထက် ပိုမို အရသာ ရှိပေလိမ့်မည်။
ဟုတ်တယ်……
တွေးရင်းဖြင့် အမှောင်ချုံးချီ သွားရည်များ ကျဆင်းလာသည်။
သူငယ်ချင်းနောက် လိုက်ပါက နေ့စဉ် အစားကောင်း စားသောက်ရမည်... ဒါက သားရဲဘဝ၏ အထွတ်အထိပ်ပင် ဖြစ်သည်
အမှောင်ချုံးချီ သွားရည်ကျနေသည်နှင့် ဟိုးဘက်တွင် စောင့်ဆိုင်းနေသော သားရဲများကို ကြည့်ပြီး ကျန်းပေရန် ဒယ်အိုးကြီး တည်လိုက်လေသည်။
ဒယ်အိုးကြီး ပေါ်လာသည်နှင့် သားရဲများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
အသံမထွက်ကြသော်လည်း အမြီးရှိသော ကောင်များသည် အမြီးများ လှုပ်ရမ်းပြီး ပျော်ရွှင်နေကြလေသည်။
အမှောင်ချုံးချီလည်း ဂုဏ်ယူနေမိသည်။ ခေါင်းမော့ပြီး အခြား သားရဲများကို ကြည့်လိုက်သည်။ ငါ့မျက်နှာကြောင့် မင်းတို့ စားသောက်ရတာ ဆိုသည့် ပုံစံမျိုး ဖြစ်သည်။
သားရဲ မျိုးနွယ်စုသို့ ရောက်ရှိကတည်းက အလှူပွဲ ချက်ပြုတ်ရသည်မှာ ကျန်းပေရန်အတွက် မဆန်းတော့ပေ။ ခဏလေး အတွင်းမှာပင် "ကာတွန်း အသားတုံး" များ ရရှိလာခဲ့သည်။
မှန်ပေသည်။ အလယ်တွင် အရိုးကြီး တစ်ချောင်းနှင့် ဘေးပတ်ပတ်လည်တွင် အသားများ အပြည့်ပါဝင်သော အသားတုံးကြီးများ ဖြစ်သည်။
ကာတွန်းထဲမှ ဇာတ်လိုက်များ စားသောက်သည်ကို မြင်တွေ့ပြီး ကျန်းပေရန် စားချင်နေခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ရှီမိသားစုတွင် ဆင်ခြေထောက်သား တွေ့ရှိသဖြင့် စမ်းသပ်ကင်ကြည့်လိုက်ရာ တကယ် ကောင်းမွန်နေခဲ့သည်။
အပြင်ခွံက ကြွပ်ရွနေပြီး အတွင်းထဲတွင် အဆီနှင့် အသား ရောနှောနေသဖြင့် စားသုံး၍ အလွန် ကောင်းမွန်လှသည်။
သားရဲများ အတွက်လည်း ထိုကဲ့သို့ အသားတုံးကြီးများက အဆင်ပြေလှသည်။ အာလူးဟင်းရည်နှင့် တွဲဖက်စားသုံးလိုက်သောအခါ ပျော်ရွှင်စရာကြီး ဖြစ်သွားလေသည်။
သားရဲများ စားသောက်နေစဉ် လည်ဆံမွေး ဟွာဟွိုင် တစ်ကောင် အော်ပြောလိုက်လေသည်။
"အပြင်မှာ အခြေအနေ မကောင်းဘူး သွားရောက် ကူညီကြရအောင်"
နောက်မှ သားရဲများသည် နှမြောတသသ ဖြစ်နေသော်လည်း အသားတုံးများကို ပါးစပ်ထဲ အကုန်ထည့်ပြီး လိုက်ပါသွားကြသည်။
ကျန်ရစ်သော သားရဲများကမူ ဂရုမစိုက်ဘဲ ဆက်လက် စားသောက်နေကြလေသည်။
ခဏကြာသော် ကျန်းပေရန်က ဝိညာဉ် အရက်အိုး နှစ်လုံး ဖွင့်ပေးလိုက်သည်။ ပွဲက ပိုမို စည်ကားသွားလေသည်။
သားရဲများသည် ကခုန်ပြီး သူတို့ဘာသာ နားလည်သော သီချင်းများ သီဆိုနေကြသည်။
ကျန်းပေရန်လည်း အရက်တစ်ခွက် ခပ်ယူသောက်လိုက်လေသည်။ သူတို့၏ အကကို နားမလည်သော်လည်း ပျော်ရွှင်မှုကိုမူ ခံစားရပေသည်။
စောစောက ထွက်ခွာသွားသော လည်ဆံမွေး ဟွာဟွိုင် ပြန်ရောက်လာပြီး ကျန်းပေရန်ရှေ့ ရပ်တန့်လိုက်သည်။
"ငါ့ကို ရှာနေတာလား"
ဟွာဟွိုင် ခေါင်းညိတ်ပြီး အပြင်ဘက်ကို လက်ညှိုးထိုးပြလေသည်။
"ကျူးကျော်သူ တစ်ကောင် ဖမ်းမိထားတယ် သူက မင်းကို လာရှာတာတဲ့"
ကျန်းပေရန် မည်သူလဲ ဆိုသည်ကို တန်းသိလိုက်သည်။
"အမြီး ၇ ချောင်းပါတဲ့မြေခွေးလား"
"ဟုတ်တယ် သူငယ်ချင်း မင်း သိတာပဲ လာ လိုက်ပြမယ်"
ကျန်းပေရန်၏ ပုံစံကြောင့် သားရဲများသည် သိပ်ပြီး အရောမဝင်ရဲသော်လည်း ကျွေးမွေးသည်များကိုမူ ကျေးဇူးတင်ကြသည်။ သူငယ်ချင်းဟု သတ်မှတ်ထားကြလေသည်။
ထို့ကြောင့် မြေခွေးက သူ့ကို သိရှိသည် ဆိုသဖြင့် လာရောက် ပြောပြခြင်း ဖြစ်ပေမည်။
"ကောင်းပြီ သွားကြမယ်"
ကျန်းပေရန်က အရက်ခွက် ချထားပြီး လိုက်ပါသွားလိုက်သည်။
ဟွာဟွိုင် ပခုံးပေါ် ထိုင်လိုက်ပြီး ခဏကြာသော် အမြီး ၇ ချောင်းနှင့် မြေခွေးကြီးကို တွေ့လိုက်ရသည်။ လမင်းအောက်တွင် အမြီးများ ယမ်းခါနေပြီး တောင်ဝူ မျိုးနွယ်စုမှ သားရဲများနှင့် ရင်ဆိုင်နေလေသည်။
သို့သော် ကြောက်ရွံ့ပုံ မပေါ်ပေ။ ကျန်းပေရန် လာနေသည်ကို အနံ့ရရှိနေ၍ ဖြစ်ပေမည်။
"ခေါင်းဆောင်ကြီး ပြန်လာပြီ"
အဆိပ်စွယ် လီလီ တစ်ကောင် အော်လိုက်လေသည်။ သားရဲများ အားလုံး လှည့်ကြည့်ကြသည်။
"ကျေးဇူးပါပဲ"
ကျန်းပေရန်က ဟွာဟွိုင် ပခုံးကို ပုတ်ပြီး ခုန်ဆင်းလိုက်လေသည်။
"မင်း ဘာလာလုပ်တာလဲ"
ကျန်းပေရန်က ယန်ယန်ကို မေးလိုက်သည်။
ယန်ယန်က သားရဲများ အားလုံး ကျန်းပေရန်နောက်တွင် ရပ်နေသည်ကို မြင်သောအခါ ကြောင်အသွားလေသည်။
ဘာလို့ သူက ခေါင်းဆောင် ဖြစ်နေရတာလဲ ဒါ ငါတို့ နယ်မြေ မဟုတ်ဘူးလား
သို့သော် စဉ်းစားမနေတော့ဘဲ လူပုံစံ ပြောင်းလဲပြီး ကျန်းပေရန်ဆီ ပြေးသွားလေသည်။
"လွမ်းလို့ လာတာလေ"
ကျန်းပေရန်က ရှောင်တိမ်းလိုက်ပြီး မေးလိုက်သည်။
"ဘာကိစ္စ ရှိလို့လဲ"
"အရင်တခါတုန်းက ဧည့်ခံခွင့် မရလိုက်ဘူးလေ အဲဒါကြောင့် အိမ်လည် လာခေါ်တာ"
"မလိုပါဘူး ငါ မကြာခင် ပြန်တော့မှာ နောက်မှ ပြောကြတာပေါ့"
"မလုပ်ပါနဲ့"
ယန်ယန်က သနားစရာ မျက်နှာလေး လုပ်ပြလေသည်။
"ဒီလောက် ဝေးဝေး လာခဲ့ရတာကို ပြန်လွှတ်ရက်သလား"
"ရက်တာပေါ့"
"..."
"ပြန်တော့ လိုက်ပို့ပေးမယ်"
"ဟေ့လူ"
ယန်ယန် စိတ်မရှည်တော့ပေ။
"မရဘူး ရှင် မလိုက်ရင် ကျွန်မလည်း မပြန်ဘူး ရှင့်နောက်ပဲ လိုက်နေမှာ"
ကျန်းပေရန်က ဟွာဟွိုင်ဘက် လှည့်မေးလိုက်လေသည်။
"ကျူးကျော်သူ တွေ့ရင် ဘယ်လို လုပ်လေ့ရှိလဲ"
"ဖမ်းပြီး ခေါင်းဆောင်ဆီ ပို့တယ်"
"ဒါဆို သူ့ကိုလည်း ဖမ်းထားလိုက်"
"ဟေ"
ဟွာဟွိုင် ကြောင်သွားလေသည်။
ယန်ယန်ကလည်း မခံချင်စိတ်ဖြင့် ပြောလိုက်သည်။
"ဖမ်းချင် ဖမ်းလေ ရှင်က ကျွန်မကို သတ်ရက်မှာ မဟုတ်ပါဘူး"
"ဘာလို့ သတ်ရမှာလဲ ငါ ပြန်ရင် လွှတ်ပေးခဲ့ဖို့ မှာခဲ့မှာပေါ့"
"ရှင်က ကျွန်မကို ဒီလောက်တောင် မုန်းလား"
"မုန်းတာ မဟုတ်ပါဘူး အားမနေလို့ပါ"
"ဒါဆို အားတဲ့ အချိန်ထိ စောင့်နေမယ်လေ ရမလား"
"ရပါတယ် ပြန်စောင့်နေလိုက် ငါ လာခေါ်မယ်"
"ကောင်းပြီလေ"
ယန်ယန် သက်ပြင်းချပြီး ပြန်လှည့်ထွက်ခွာသွားလေသည်။
ယန်ယန် ပျောက်ကွယ်သွားသောအခါ ကျန်းပေရန်က ဟွာဟွိုင်ကို ပြောလိုက်သည်။
"ပင်ပန်းသွားပြီ ပြန်ပြီး သောက်ကြရအောင်"
"ဝူး"
သားရဲများ ပျော်ရွှင်စွာ အော်ဟစ်ပြီး ပြန်ပြေးကြလေသည်။
ညဉ့်နက်သည်အထိ ပွဲက မပြီးဆုံးသေးပေ။ သားရဲများသည် ပျော်ရွှင်လွန်းသဖြင့် ပြန်မအိပ်ကြသေးပေ။
"ခေါင်းဆောင်ကြီး"
"ခေါင်းဆောင်ကြီး ပြန်ရောက်လာပြီ"
ရှုဟူ တစ်ကောင် အော်လိုက်လေသည်။ သားရဲများ အားလုံး မတ်တတ်ရပ်ပြီး ငြိမ်သက်သွားကြသည်။
"ဘုန်း"
တောင်ဝူ မြေကြီးပေါ် ကျရောက်လာသည်။ အားလုံး ကြောင်ငေးကြည့်နေစဉ် အရက်အိုးကြီး မပြီး မော့သောက်လိုက်လေသည်။
"ဟား"
အရက်ရှိန်ကြောင့် စိတ်ကျေနပ်သွားပြီး အော်ပြောလိုက်သည်။
"ဘာရပ်လုပ်နေကြတာလဲ သီချင်းဆိုပြီး ကကြလေ"
"ဝေါင်း"
သားရဲများ ပျော်ရွှင်သွားပြီး ပြန်လည် ကခုန်ကြလေသည်။
တောင်ဝူက ရယ်မောပြီး ကျန်းပေရန်ကို ခေါ်လိုက်သည်။
"လာ အောက်ဆင်းပြီး စကားပြောကြမယ်"
ဂူထဲ ရောက်သည်နှင့် တောင်ဝူက ရယ်မောပြီး ပြောလေသည်။
"သူငယ်ချင်း ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း မင်း ပေးတဲ့ လက်နက်က တကယ် ကောင်းတာပဲ"
တောင်ဝူက အချိန်တိုအတွင်း ပြန်ရောက်လာခြင်း ဖြစ်သဖြင့် လူသား ကျင့်ကြံသူများနှင့် သွားရောက်တိုက်ခိုက်ခြင်း မဖြစ်နိုင်ပေ။ လူသား နယ်မြေထဲ ဝင်ရောက်ပြီး အဆင့်မြင့် ကျင့်ကြံသူနှင့် ရန်ဖြစ်ပြီးမှ ဤမျှ မြန်မြန်ဆန်ဆန် ပြန်ရောက်လာရန် မလွယ်ကူပေ။
"စမ်းပြီးပြီလား"
"စမ်းပြီးပြီ ဟိုဘက် မျိုးနွယ်စုက ခေါင်းဆောင်နဲ့ သွားချတာ ဟိုကောင်က ဂါထာမန္တန်တွေနဲ့ တိုက်တတ်လို့ အရင်က အနားမကပ်နိုင်ဘူး အခုတော့ ခမောက်ဆောင်းပြီး ဝင်တိုက်ပစ်လိုက်တာ အီစလန်ဝေသွားတာပဲ ဟားဟားဟား ကျေနပ်လိုက်တာကွာ"
ကျန်းပေရန်က ဟိုဘက် ခေါင်းဆောင်ကို မည်သို့ ခေါ်ဝေါ်သည်ကို နားမလည်သော်လည်း ကောင်းမွန်သော စကားတော့ မဟုတ်လောက်ပေ။
တောင်ဝူ ပျော်ရွှင်နေပုံထောက်လျှင် ဟိုဘက် ခေါင်းဆောင်သည် သူ့လောက် သို့မဟုတ် သူ့ထက်ပင် စွမ်းအား ကြီးမားနိုင်သည်။ နည်းနည်းလောက် နိုင်ရုံဖြင့် ဤမျှ ပျော်ရွှင်မည် မဟုတ်ပေ။
"ဟိုကောင်က ပါးတယ် ငါ့ ခမောက်က ကာကွယ်ပေးနေတာ သိသွားပြီး ဘယ်က ရတာလဲ မေးနေတယ် လူသားတွေဆီက လုလာတာလားတဲ့ ငါက မပြောပြဘဲ ထားလိုက်တာ သေလောက်အောင် စဉ်းစားနေလောက်ပြီ ဟားဟားဟား"
ရယ်မောပြီးနောက် ခမောက်ကို ချွတ်ပြီး ကြည့်ရှုနေလေသည်။
"တကယ်တော့ ငါတို့လည်း လူသားတွေဆီက လက်နက်တွေ အများကြီး ရဖူးတယ် ဒါပေမဲ့ သုံးမရလို့ လူသားတွေပဲ သုံးလို့ရတာ ထင်နေတာ အခုမှပဲ ငါတို့လည်း သုံးလို့ ရမှန်း သိတော့တယ်"
လုယူလာသော လက်နက်များ သုံးမရသည်မှာ မဆန်းပေ။ လက်နက်များတွင် ဝိညာဉ် ရှိပြီး သခင်ကို မှတ်မိနေတတ်သည်။
သို့သော် ကျန်းပေရန် ကိုယ်တိုင် လက်နက် လုပ်တတ်လာသောအခါမှ ဒါက ပုံသေမဟုတ်မှန်း သိလာရသည်။
ဝိညာဉ်ရှိမှ လက်နက်ဟု ခေါ်ဆိုနိုင်သည်မှာ မှန်သော်လည်း အရည်အသွေး ကောင်းမွန်ပြီး ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းထားပါက ဝိညာဉ် ဖြစ်လာရန် အချိန်သာ လိုအပ်တော့သည်။
ထိုအရာကို လက်နက်အလောင်းအလျာဟု ခေါ်ဆိုနိုင်သည်။
လက်နက်သည် အသီးအပွင့် ဝေဆာနေသော ဥယျာဉ် ဖြစ်လျှင် လက်နက်အလောင်းအလျာသည် မျိုးစေ့ချထားသော မြေဆီလွှာကောင်း တစ်ခုသာ ဖြစ်သည်။ အပင်ပေါက်လာရန်မှာ သေချာသလောက် ရှိပေသည်။
သို့သော် လက်နက်အလောင်းအလျာ ပြုလုပ်ရန်မှာ လက်နက်သွန်းလုပ်သူ တော်မှ ရခြင်း ဖြစ်သည်။
"ဒီခမောက်က ပိုစွမ်းလာဦးမှာ ခေါင်းဆောင်ကြီးက နေ့တိုင်း ဝတ်ဆင်ပြီး ဆက်သွယ်ပေးနေရင် ပိုအစွမ်းထက်လာလိမ့်မယ်"
"ပိုစွမ်းလာဦးမယ် ဟုတ်လား"
တောင်ဝူ မျက်လုံး ပြူးသွားလေသည်။
ယခုပင် တော်တော် ကျေနပ်နေပြီ ဖြစ်သည်။
ပိုစွမ်းလာဦးမယ် ဆိုသည်မှာ အတိုင်းထက်အလွန် ဖြစ်ပေသည်။
ကျန်းပေရန် ပြောသည်ကို ယုံကြည်သွားပြီ ဖြစ်သဖြင့် ခမောက်ကို ချက်ချင်း ပြန်လည် ဆောင်းလိုက်လေသည်။
"မြန်မြန် ကြီးပြင်းလာတော့"
တောင်ဝူက နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
ကျန်းပေရန် ပြုံးလိုက်လေသည်။
"ခေါင်းဆောင်ကြီး ကျေနပ်တယ်ဆိုရင် နေရာငှားတဲ့ ကျေးဇူး ကြေပြီပေါ့"
"သူငယ်ချင်းက တကယ် ကူညီတတ်တာပဲ ကိစ္စ သေးသေးလေး အတွက်နဲ့ ဒီလောက် ကောင်းတဲ့ ပစ္စည်း ပေးရတယ်လို့ ငါကတောင် ကျေးဇူးတင်ရဦးမယ်"
"မလိုပါဘူး ငါက ပေးမယ် ပြောပြီးရင် ပေးတာပါပဲ ကောင်းတာ မကောင်းတာ အပထား ကျေးဇူးကြွေး မတင်ချင်ဘူး"
"မကြေပါဘူး မကြေပါဘူး ငါက မင်းကို ကျေးဇူးတင်ရမှာ မင်း လိုချင်တာ ရှိရင် ပြော"
တောင်ဝူက စဉ်းစားပြီး ပြန်ပြောလိုက်သည်။
"ဒါဆိုရင် နောက်ထပ် လက်နက် တစ်ခုလောက် လုပ်ပေးပါလား ဒီတစ်ခါတော့ တန်ရာတန်ကြေး ပြန်ပေးပါ့မယ်"
"နောက်ထပ် တစ်ခု လိုချင်သေးတာလား"
"လိုချင်တာပေါ့ အရမ်း လိုချင်တာ"
တောင်ဝူက မနေနိုင် မထိုင်နိုင် ဖြစ်နေလေသည်။ အရင်က တည်ငြိမ်မှုများ ပျောက်ဆုံးကုန်ပြီ ဖြစ်သည်။
စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ ဗလာကျင်းဖြင့် တိုက်ခိုက်နေရသည်မှာ ကြာမြင့်လှပြီ။ ယခုမှ လက်နက် အစွမ်း သိရှိသွားသဖြင့် လိုချင်တပ်မက်သည်မှာ မဆန်းပေ။
နမူနာ ပေးသည့် နည်းလမ်းက ဘယ်ကမ္ဘာ ရောက်ရောက် အသုံးဝင်တာပဲ
ကျန်းပေရန်က လက်နက် အစွမ်း သိရှိအောင် လုပ်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။
ရလဒ်ကမူ
အလွန် ထိရောက်လှပေသည်။
"ရတယ် ဘယ်လို လက်နက်မျိုး လိုချင်တာလဲ"
"တိုက်ခိုက်ရေး လက်နက် ဒီတစ်ခါ တိုက်ခိုက်ဖို့ လိုချင်တယ်"
"အင်း"
ကျန်းပေရန် စဉ်းစားဟန် ပြလိုက်သောအခါ တောင်ဝူက မေးလိုက်လေသည်။
"ခက်ခဲလို့လား ခက်ရင်လည်း ကာကွယ်ရေး လက်နက်ပဲ ထပ်ယူပါ့မယ်"
"မခက်ပါဘူး ဒါပေမဲ့ တိုက်ခိုက်ရေး လက်နက်က လုပ်ရတာ ပိုခက်တယ် အထူးသဖြင့် ခေါင်းဆောင်ကြီးလို စွမ်းအားကြီးတဲ့ သူအတွက် ဆိုရင် အကောင်းဆုံး ပစ္စည်းတွေ လိုတယ် အဲဒါတွေက ရှာရခက်တယ်"
"ပစ္စည်း လိုချင်တာလား ရတယ်လေ ငါ့ ရတနာတိုက်ထဲ လိုက်ရွေး ပစ္စည်းတွေ အများကြီး ရှိတယ်"
ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ"
"လာ အခုပဲ သွားကြမယ်"
တောင်ဝူက တက်ကြွစွာ လမ်းပြနေလေသည်။
ဒီနေရာကမှ အိမ်လို ခံစားရတယ်
အခန်း ၅၃၇ ပုံသဏ္ဌာန်ပြောင်းလဲခြင်းအတတ်
"ဒါလေးပဲလား"
တောင်ဝူ၏ ရတနာတိုက် တစ်ခုလုံးကို လှည့်လည် ကြည့်ရှုပြီးနောက် ကျန်းပေရန် စိတ်ပျက်သွားလေသည်။
အဆင့် ၉ သားရဲ ဖြစ်ပြီး အဆင့်မြင့် ကျင့်ကြံသူများနှင့် ရင်ပေါင်တန်းနိုင်သော သားရဲတစ်ကောင် အနေဖြင့် ရတနာတိုက်ထဲတွင် ဤမျှသာ ရှိခြင်းမှာ မယုံနိုင်စရာပင် ဖြစ်သည်။
ရတနာတိုက် တစ်ခုလုံး ရှာဖွေကြည့်သော်လည်း မျက်လုံးပွင့်သွားစေမည့် ပစ္စည်းဟူ၍ တစ်ခုမှ မတွေ့ရပေ။ မူလက မျှော်လင့်ထားသည်များ သဲထဲရေသွန် ဖြစ်သွားရသည်။
စဉ်းစားကြည့်လိုက်သောအခါ အကြောင်းရင်း တစ်ခုသာ ရှိသည်။
တောင်ဝူ၏ တိုက်ခိုက်ပုံမှာ ခွန်အားကိုသာ အားကိုးပြီး ဗလာကျင်း တိုက်ခိုက်ခြင်း ဖြစ်သည်။ လက်နက်ကိရိယာ မဝတ်ဆင်သလို ဆေးဝါးလည်း မမှီဝဲပေ။ ထို့ကြောင့် ပုံမှန်အားဖြင့် ပစ္စည်းကောင်းများကို စုဆောင်းထားလေ့ မရှိပေ။ ရတနာတိုက်ထဲရှိ ပစ္စည်းများသည်လည်း လမ်းကြုံ ကောက်ယူလာခြင်း ဖြစ်ဟန်တူပြီး သေချာ စုဆောင်းထားခြင်း မဟုတ်ပေ။
သို့သော် စိတ်ပျက်ပြီးနောက် ကျန်းပေရန် ပြန်လည် စဉ်းစားမိလိုက်သည်။ ထိုအချက်က ကောင်းသော အချက်လည်း ဖြစ်နိုင်သည်။ ဤနယ်မြေကို မည်သူမျှ သေချာစွာ ရှာဖွေထားခြင်း မရှိသေးဟု ဆိုလိုခြင်း ဖြစ်သည်။ ထောင့်အမျိုးမျိုးတွင် မြှုပ်နှံထားသော ရှားပါး ပစ္စည်းများ အများအပြား ကျန်ရှိနေဦးမည် ဖြစ်သည်။
ရှာဖွေစုဆောင်းရာတွင် ကျွမ်းကျင်သော ရှီမိသားစုမှ တပည့်များကို ခေါ်ယူပြီး ရှာဖွေခိုင်းပါက ခဏအတွင်း အများအပြား တူးဖော်နိုင်မည် ဖြစ်သည်။
ပြောရမည် ဆိုလျှင် ရှီမိသားစုမှ လက်မှုပညာသည် တပည့်လေးများသည် ပညာသင်သွားသည်မှာ ကြာမြင့်ပြီ ဖြစ်၍ လက်တွေ့ကွင်းဆင်း ခိုင်းရန် အချိန်တန်ပြီ ဖြစ်သည်။
"ဘယ်လိုလဲ... ဒီပစ္စည်းတွေ ကောင်းတယ်မလား"
ကျန်းပေရန်က ထိုမြေရိုင်းကို မည်သို့ ဖော်ထုတ်ရမည်နည်း ဟု စဉ်းစားနေစဉ် တောင်ဝူက ဘေးနားသို့ ကပ်လာပြီး ဂုဏ်ယူစွာ မေးမြန်းလိုက်လေသည်။
ကျန်းပေရန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။
"ခေါင်းဆောင်ကြီးရဲ့ ရတနာတိုက်ထဲက ပစ္စည်းတွေက ထူးခြားတယ်။ ဒါပေမဲ့ တိုက်ခိုက်ရေး လက်နက် လုပ်ဖို့တော့ မသင့်တော်ဘူး"
တောင်ဝူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပြီး စိတ်ပျက်စွာ ပြောလိုက်လေသည်။
"ဒါဆို ဘယ်လို လုပ်မလဲ... မင်း ဘာလိုချင်လဲ ပြော... ငါ ရှာခိုင်းလိုက်မယ်"
"ခေါင်းဆောင်ကြီး ဒီလောက် စိတ်လောစရာ မလိုပါဘူး။ လက်နက်ကောင်း လုပ်ဖို့ ပစ္စည်းကောင်း ဆိုတာ ကံပါမှ တွေ့ရတတ်တာမျိုး။ ငါ ပြန်ရောက်ရင် ခေါင်းဆောင်ကြီး အတွက် ရှာပေးမယ်။ သတင်းရတာနဲ့ ချက်ချင်း အကြောင်းကြားလိုက်မယ်"
"ဒါဆို သူငယ်ချင်းကိုပဲ အားကိုးရတော့မှာပေါ့"
လိုက်လျောညီထွေ ခမောက်၏ အစွမ်းကို မြင်တွေ့ပြီးနောက် တောင်ဝူသည် လက်နက်များကို အလွန် စိတ်ဝင်စားနေပြီ ဖြစ်သည်။ ယခုချက်ချင်းပင် လက်နက်အပြည့်အစုံ ဝတ်ဆင်ချင်နေမိသည်။
ကျန်းပေရန်က တောင်ဝူ၏ ရတနာတိုက်ထဲတွင် ပစ္စည်းကောင်း မရှိသဖြင့် စိတ်ပျက်သွားသော်လည်း နောင်တစ်ချိန်တွင် ဤနယ်မြေကို လာရောက် ရှာဖွေရန် အခွင့်အရေး ရရှိအောင် လမ်းခင်းလိုက်ခြင်း ဖြစ်သည်။
တောင်ဝူ၏ ရတနာတိုက်ကို စိတ်ဝင်စားမှု ကုန်ဆုံးသွားသဖြင့် ကျန်းပေရန် ကြာကြာ မနေတော့ပေ။ တောင်ဝူကို လက်နက်အပြည့်အစုံ၊ ဆေးဝါးအပြည့်အစုံ ရရှိလာမည့် အိမ်မက်များ ပေးပြီးနောက် ဂူထဲမှ ထွက်လာခဲ့လေသည်။
ယခု ကျန်းပေရန် ပိုမို စိတ်ဝင်စားသည်မှာ ရှေးဟောင်း အစီအရင်များဖြင့် ပိတ်လှောင်ထားသော နေရာများ ဖြစ်သည်။ ထိုနေရာများကို ဖွင့်ရန် ရှေးဟောင်း စာအုပ်နှင့် ဂူသင်္ချိုင်းတို့က သဲလွန်စ ဖြစ်နိုင်သည်။
ထို့ကြောင့် ယန်ကွမ်ချင်းနှင့် အစီအရင် အကြောင်း ဆွေးနွေးရန် အချိန်အများကြီး ပေးနေခြင်း ဖြစ်သည်။
"ချီချီ"
ကျန်းပေရန်က အမှောင်ချုံးချီကို ခေါ်ပြီး ပျံသန်းသော စံအိမ်ပေါ် ပြန်ရောက်သောအခါ ရှီဖုန်းလန်က အပြေးရောက်လာသည်။
အမှောင်ချုံးချီကလည်း လိမ္မာစွာပင် ခေါင်းကို ငုံ့ပေးလိုက်ပြီး ကျောပေါ်သို့ တက်စေသည်။
အားလုံးက သဘာဝကျပြီး ချောမွေ့နေလေသည်။
"ပေရန်လေး... ဒီတစ်ခါ ချီချီလည်း လိုက်မှာလား"
အမှောင်ချုံးချီ၏ ခေါင်းကြီးကို ပွတ်သပ်ရင်း ရှီဖုန်းလန် မေးလိုက်သည်။
"အင်း"
ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"ထုန်တိုင်းပြည်ကို ပြန်မယ်"
"သိပြီ"
ရှီဖုန်းလန်က အလေးပြုပြီး အော်ဟစ်လိုက်ကာ အမှောင်ချုံးချီ၏ ခေါင်းကို ဆက်လက် ပွတ်သပ်နေသည်။
အမှောင်ချုံးချီက ဇိမ်တွေ့နေလေသည်။
ဘေးနားမှ ချူယန်ဇယ်က မယုံနိုင် ဖြစ်နေသည်။
မျိုးနွယ်စုထဲတွင် နေထိုင်စဉ်က သူသည် နေ့စဉ် အမှောင်ချုံးချီ၏ လက်အောက်ငယ်သားများနှင့် တိုက်ခိုက်ခဲ့ရသည်။ လက်အောက်ငယ်သားများ ရှုံးနိမ့်ပါက အမှောင်ချုံးချီသည် ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလေ့ ရှိသည်။
ဘာပြောသည်ကို နားမလည်သော်လည်း ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ခံစားခဲ့ရသည်။
တကယ့်ကို ကြောက်ရွံ့ဖွယ်ရာ ကောင်းသော သားရဲကြီး ဖြစ်သည်။
ယခု ရှီဖုန်းလန်၏ အလိုလိုက်ခြင်းကို ခံယူကာ ခေါင်းခါ၊ အမြီးယမ်းနေပုံမှာ လုံးဝ ကွာခြားလွန်းနေသည်။
'ဆရာ့ဘေးနားက လူတွေက တကယ် ထူးခြားတာပဲ'
အမှောင်ချုံးချီနှင့် ဆော့ကစားပြီးနောက် ရှီဖုန်းလန်က ပျံသန်းသော စံအိမ်ကို မောင်းနှင်ပြီး ထုန်တိုင်းပြည်သို့ ဦးတည်လိုက်လေသည်။
လမ်းခရီးတွင် ကျန်းပေရန်က ရှေးဟောင်း စာအုပ်ကို ထုတ်ယူကာ နက်နဲသော စာလုံးများကို ဖတ်ရှုနေသည်။
"ဒီလောက် ပျင်းစရာကောင်းတဲ့ ပစ္စည်းကို ဒီလောက် အကြာကြီး ကြည့်နိုင်တယ်နော်"
ညသန်းခေါင်တွင် အသံတစ်သံသည် ကျန်းပေရန်၏ အပေါ်ဘက်မှ ထွက်ပေါ်လာသည်။
ကျန်းပေရန် ရင်ထဲတွင် ထိတ်လန့်သွားသော်လည်း မကြောက်ရွံ့ပေ။ အကယ်၍ အသံပိုင်ရှင်က သူ့ကို ဒုက္ခပေးမည် ဆိုပါက စနစ်က ရွေးချယ်မှု ပြသနေပြီ ဖြစ်သည်။
ထို့ကြောင့် မော့ကြည့်လိုက်သော်လည်း ဘာမျှ မတွေ့ရပေ။
"ဟီးဟီးဟီး... ဘယ်ကို ရှာနေတာလဲ"
အသံက ထပ်မံ ထွက်ပေါ်လာသည်။
ဒီတစ်ခါတော့ ကျန်းပေရန် မှတ်မိလိုက်သည်။ အသံကို တမင် ပြောင်းလဲထားသော်လည်း ရယ်သံနှင့် ပြောပုံဆိုပုံက မှတ်မိလွယ်သည်။
"ယန်ယန် လား"
"ဟီးဟီး... မြန်မြန် သိသားပဲ"
ရယ်သံနှင့်အတူ ကျန်းပေရန်၏ ခေါင်းပေါ်မှ ဆံပင်တစ်ချောင်း လွင့်ပျံလာပြီး ပေါက်ကွဲသံတစ်ချက်နှင့်အတူ လူပုံစံ ယန်ယန် အဖြစ် ပြောင်းလဲသွားလေသည်။
"ပျင်းစရာကြီး... ဒီလောက်နဲ့တောင် မလန့်ဘူးလား"
ယန်ယန်က ခါးထောက်ပြီး ပြောလိုက်သည်။
ဧည့်ခန်းထဲရှိ အခြားသူများကမူ ဧည့်သည်အသစ် ရောက်လာသည်ကို ထူးခြားဟန် မပြကြပေ။ ကျန်းပေရန် ရှိနေသမျှ သူတို့ လုံခြုံသည်ဟု ယုံကြည်ထားကြသည်။ ကျန်းပေရန် မဖြေရှင်းနိုင်သော ပြဿနာဟူ၍ လောကတွင် ရှိမည် မဟုတ်ဟု ယူဆထားကြသည်။
ယန်ယန်ကို ကြည့်ပြီး ကျန်းပေရန် အံ့သြနေမိသည်။
သူ့၏ အာရုံခံနိုင်စွမ်း မြင့်မားလာသဖြင့် သူ့အနားသို့ မည်သူမျှ တိတ်တဆိတ် မကပ်နိုင်ဟု ထင်ခဲ့သော်လည်း ယန်ယန်က လုပ်ဆောင်နိုင်ခဲ့သည်။ သူ့အနား ကပ်ရုံသာမက သူ့ခေါင်းပေါ်တွင် ဆံပင်အဖြစ် ရှိနေခဲ့ခြင်း ဖြစ်သည်။
'မြေခွေးမျိုးနွယ်ရဲ့ ပုံသဏ္ဌာန်ပြောင်းလဲခြင်းအတတ်က တကယ် စွမ်းတာပဲ'
တောင်ဝူ မျိုးနွယ်စုတွင် ရှိစဉ်က သားရဲတိုင်း လူပုံစံ မပြောင်းလဲနိုင်ကြောင်း သိရှိခဲ့ရသည်။
ပုံသဏ္ဌာန်ပြောင်းလဲခြင်းအတတ်သည် မြေခွေးမျိုးနွယ်၏ မွေးရာပါ စွမ်းရည် ဖြစ်သည်။ လူပုံစံ ပြောင်းလဲခြင်းသည် အသုံးပြုပုံ တစ်မျိုးသာ ဖြစ်သည်။ သူတို့ ဆန္ဒရှိပါက ကျောက်တုံး၊ တိမ်တိုက်၊ သစ်ရွက် စသည်ဖြင့် ကြိုက်နှစ်သက်ရာ ပြောင်းလဲနိုင်သည်။
ဆံပင်အဖြစ် ပြောင်းလဲပြီး ကျန်းပေရန်၏ ခေါင်းပေါ်တွင် နေနိုင်ခြင်းလည်း ပါဝင်သည်။
ထူးခြားသည်မှာ ပုံသဏ္ဌာန်ပြောင်းလဲခြင်းအတတ်သည် အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်စွမ်း ရှိခြင်း ဖြစ်သည်။ ယန်ယန် စကားစမပြောမီ အချိန်ထိ ကျန်းပေရန် လုံးဝ သတိမထားမိခဲ့ပေ။
'ဒီစွမ်းရည်နဲ့ လုပ်ကြံသတ်ဖြတ်ရင် ဘယ်သူမှ လွတ်နိုင်မှာ မဟုတ်ဘူး'
"မင်း မလိုက်ခဲ့သင့်ဘူး"
ကျန်းပေရန်က ရှေးဟောင်း စာအုပ်ကို ပြန်ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"ရောက်မှတော့ ပြန်မသွားချင်တော့ဘူး... မျိုးနွယ်စုထဲမှာ ပျင်းစရာကြီး"
"ငါ့နောက်လိုက်ရင်လည်း ပျော်စရာ မကောင်းဘူး"
"ရတယ်... ရှင် ရှိနေရင် ပျော်စရာ ကောင်းတယ်"
စကားက ဒီအဆင့်ထိ ရောက်လာမှတော့ ကျန်းပေရန် လက်လျှော့လိုက်ရသည်။ အတင်း မောင်းထုတ်လျှင်လည်း ပုံသဏ္ဌာန်ပြောင်းလဲပြီး ပြန်လိုက်လာမှာ သေချာသည်။ စနစ်ကလည်း ရွေးချယ်မှု မပြသဖြင့် ခေါ်ထားခြင်းက ပြဿနာ မရှိကြောင်း သိရသည်။
'လုပ်ကြံသတ်ဖြတ်သူ အဖြစ် သုံးရမယ်'
"မင်းသဘောပဲ"
ကျန်းပေရန် သဘောတူလိုက်သည်နှင့် ယန်ယန် ပျော်ရွှင်သွားပြီး အမြီး ၇ ချောင်း ထွက်ပေါ်လာကာ ယမ်းခါနေလေသည်။
ရှီဖုန်းလန်က ယန်ယန်၏ အမွေးပွပွ အမြီးကြီးများကို မြင်ပြီး မျက်လုံးအရောင်တောက်ကာ ပြေးလာလေသည်။
"အမြီးတွေက လှလိုက်တာ... ကိုင်ကြည့်လို့ ရမလား"
ယန်ယန်က ရှီဖုန်းလန်ကို လှည့်ကြည့်လိုက်ရာ ထိုမိန်းကလေးကို ကြည့်ရသည်မှာ အဆင်ပြေနေသည်ဟု ခံစားလိုက်ရသည်။ သာမန် လူသားများနှင့် မတူဘဲ ချစ်စရာ ကောင်းနေသည်။
"ချစ်စရာ ညီမလေးပဲ... နာမည် ဘယ်လို ခေါ်လဲ"
ညီမလေးဟု ခေါ်လိုက်သဖြင့် ရှီဖုန်းလန် မကျေမနပ် ဖြစ်သွားသည်။ သူမက ခါးထောက်ပြီး ပြောလိုက်သည်။
"ငါ့နာမည် ရှီဖုန်းလန်... အားလုံးက အစ်မလန် လို့ ခေါ်ကြတယ်... နင်လည်း အဲဒီလို ခေါ်လို့ ရတယ်"
ယန်ယန်က စိတ်မရှိဘဲ ရှီဖုန်းလန်၏ လက်မောင်းကို ချိတ်ပြီး ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်မက အစ်မကြီး လို့ပဲ ခေါ်တော့မယ်... အစ်မကြီးက ညီမလေးကို ဂရုစိုက်နော်"
"ဟီးဟီး"
ယန်ယန်က စကားပြောကောင်းသဖြင့် ရှီဖုန်းလန် သဘောကျသွားသည်။
"စိတ်ချ... ကောင်းကောင်း ဂရုစိုက်မယ်... ညီမလေး နာမည်ကရော"
"ကျွန်မ နာမည် ယန်ယန်ပါ... အစ်မကြီး ကြိုက်သလို ခေါ်"
"ယန်ယန်... နာမည်လေး လှသားပဲ... ဒါဆို နင့်ကို ယန်ယန် လို့ပဲ ခေါ်တော့မယ်"
"ဟုတ်ကဲ့ပါ အစ်မကြီး"
ယန်ယန် ခေါင်းညိတ်လိုက်သည်။
ယန်ယန်က လှပပြီး စကားပြော ချိုသာသဖြင့် အစ်မကြီးဟု အခေါ်ခံရသော ရှီဖုန်းလန်မှာ ပျော်ရွှင်လွန်း၍ မြောပါသွားတော့မတတ် ဖြစ်နေသည်။
"လာ ယန်ယန်... ပျော်စရာ ကောင်းတာ ပြမယ်"
ယန်ယန်က ကျန်းပေရန် ဘက် လှည့်ကြည့်ပြီး မေးလိုက်သည်။
"အစ်မကြီး... သူ့ကို မခေါ်ဘူးလား"
ရှီဖုန်းလန်က ကျန်းပေရန် အနားသွားပြီး အော်မေးလိုက်သည်။
"ပေရန်လေး... လာကစားမလား"
"မင်းတို့ပဲ ကစားကြ"
ကျန်းပေရန်က စာအုပ်ကို လှန်ရင်း ဖြေလိုက်သည်။
အငြင်းခံရသော ရှီဖုန်းလန်က ယန်ယန် အနား ပြန်လာပြီး လက်ကာပြလိုက်သည်။
"ပေရန်လေးက အတူ မကစားဘူးတဲ့"
ယန်ယန်က ကောက်ကျစ်သော အပြုံးဖြင့် ပြုံးလိုက်သည်။ ရှီဖုန်းလန်သည် ဤနေရာတွင် တစ်ဦးတည်းသော မိန်းကလေး ဖြစ်သဖြင့် ကျန်းပေရန်နှင့် ထူးခြားသော ဆက်ဆံရေး ရှိမည်ဟု ထင်ခဲ့သော်လည်း ယခုအခါ သူမနှင့် တန်းတူ ဆက်ဆံခံရကြောင်း သိလိုက်ရသည်။
'ငါ့ကိုပဲ ဆိုးတာမဟုတ်ဘူးပဲ'
ထိုအချက်ကို သိလိုက်ရသဖြင့် ယန်ယန် ပျော်ရွှင်စွာဖြင့် ရှီဖုန်းလန် နောက် လိုက်ပါသွားလေသည်။
နေ့ဝက်ခန့် ကြာသောအခါ ပျံသန်းသော စံအိမ်သည် ချန်ထျန်းဂိုဏ်း၏ အပေါ်သို့ ရောက်ရှိလာသည်။
"မင်းတို့ ဒီမှာပဲ နေခဲ့ကြ... လျှောက်မသွားနဲ့နော်"
ကျန်းပေရန် မှာကြားပြီး စံအိမ်ပေါ်မှ ဆင်းသွားလိုက်သည်။
ဧည့်ခန်းမဆောင်သို့ တန်းတန်းမတ်မတ် ဝင်ရောက်ပြီး နှုတ်ဆက်ခြင်း မပြုဘဲ အတွင်းခန်းမဆောင်သို့ ဆက်လက် ဝင်ရောက်သွားသည်။
သူများအိမ်သို့ သွားလျှင် ဝင်ခွင့်တောင်းခြင်း၊ တံခါးခေါက်ခြင်းတို့မှာ အခြေခံ ယဉ်ကျေးမှု ဖြစ်သော်လည်း ယန်ကွမ်ချင်းက သူ့အိမ်လို သဘောထားရန် အကြိမ်ကြိမ် ပြောထားသဖြင့် ကျန်းပေရန်က ယဉ်ကျေးမှု မလုပ်တော့ဘဲ ဝင်ရောက်ခြင်း ဖြစ်သည်။
ယန်ကွမ်ချင်း ပြောသည်မှာလည်း ဟန်ဆောင်စကား မဟုတ်ပေ။
မျှော်စင်ရှေ့ ရောက်သောအခါ ကျန်းပေရန် ချောင်းဟန့်လိုက်လေသည်။
ဒါက ကျန်းပေရန် တစ်ယောက်တည်း ရရှိသော အခွင့်ထူး ဖြစ်သည်။ ကျန်းပေရန်မှလွဲ၍ ချန်ထျန်းဂိုဏ်းတွင် ယန်ကွမ်ချင်းကို မည်သူမျှ လာရောက် နှောင့်ယှက်ခွင့် မရှိပေ။ ဇနီးသည်နှင့် သမီးဖြစ်သူပင် မရပေ။
"ဝင်ခဲ့... မင်း လာမယ် ဆိုတာ သိတယ်"
ယန်ကွမ်ချင်း၏ အသံ အတွင်းမှ ထွက်ပေါ်လာသည်။
ကျန်းပေရန် ဝင်သွားသောအခါ အစီအရင် ပုံစံငယ်ရှေ့တွင် ရပ်နေသော ယန်ကွမ်ချင်းက ပြုံးပြီး ပြောလိုက်သည်။
"မဆိုးဘူး... ဒီတစ်ခါ ပြန်ရောက်တာ မြန်သားပဲ... မင်းလည်း စိတ်ဝင်စားနေတာမလား"
"ဒီလောက် ဆန်းသစ်တဲ့ အစီအရင်ကြီးကို ဘယ် အစီအရင်ပညာရှင်က စိတ်မဝင်စားဘဲ နေမလဲ"
"ဟားဟားဟား ဟုတ်တယ်... ဘယ်သူမှ စိတ်မဝင်စားဘဲ မနေနိုင်ဘူး... လာ ကြည့်ပါဦး... ဒီရက်ပိုင်း နည်းလမ်းသစ် တစ်ခုနဲ့ စမ်းသပ်ထားတယ်... ဘယ်လို သဘောရလဲ"
"ဟွန်း... ရှင်က ဒီလူကြီးနဲ့တောင် ရင်းနှီးနေတာလား"
ကျန်းပေရန် ရှေ့တိုးရန် ပြင်လိုက်စဉ် ယန်ယန်၏ အသံ ထွက်ပေါ်လာသည်။
'ဒီကောင်မလေးကတော့'
ယန်ယန်က တခြားသူများလို ငြိမ်ငြိမ်နေမည် မဟုတ်မှန်း သိသော်လည်း အခုမှ ရောက်ကာစ ရှိသေးသည်ကို ပြဿနာ ရှာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းပေရန်က ယန်ယန်ကို ဂရုမစိုက်ဘဲ ယန်ကွမ်ချင်း အနားသို့ သွားပြီး အစီအရင်ကို လေ့လာလိုက်သည်။
"ငါ့ကို ဂရုမစိုက်ဘူးပေါ့... ကောင်းပြီလေ... ငါက ရှင်တို့ နှစ်ယောက်လုံးကို လက်စားချေဖို့ ကြံစည်နေတာ... အခု တစ်နေရာတည်းမှာ ရှိနေကြတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ရှင်းပစ်လိုက်မယ်"
ယန်ယန်က ခြိမ်းခြောက် စကား ပြောသော်လည်း ကိုယ်ထင်မပြပေ။
ထိုနေရာသည် မည်သူ့နေရာ ဆိုသည်ကို သူမ ကောင်းစွာ သိရှိနေ၍ ဖြစ်သည်။ တကယ် ကိုယ်ထင်ပြလိုက်ပါက ဒုက္ခရောက်မည်ကို သိသည်။
"ဟွန်း... ဒီနေရာကို မှတ်ထားလိုက်မယ်... နောက်မှ အမေနဲ့ လာပြီး ရှင်းပစ်မယ်"
ယန်ယန် ငြိမ်သက်သွားသဖြင့် ကျန်းပေရန် ဘာမှ မပြောတော့ဘဲ ယန်ကွမ်ချင်းနှင့် အတူ အစီအရင်ကို ဆက်လက် ဆွေးနွေးလိုက်လေသည်။
...
"ဟုတ်တယ်... ဒီအကွက်ပဲ... ဒီအကွက်ပဲ... ပေရန်... မင်းက တကယ့် ပါရမီရှင်ပဲ... ဟားဟားဟား"
ညနေခင်း တစ်ခုတွင် အဖြေအစအန ရှာဖွေတွေ့ရှိသွားသော ယန်ကွမ်ချင်းက အားရပါးရ ရယ်မောလိုက်လေသည်။
ကျန်းပေရန်လည်း ကျေနပ်သည့် အမူအရာ ပြသလိုက်သည်။ ဤရက်ပိုင်းတွင် သူတို့သည် အစားမစာ အိပ်မစက်ဘဲ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရသည်။ နေ့ရက်များပင် မေ့လျော့နေခဲ့သည်။ ယခုမှ အဖြေအစအန ပေါ်လာခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်ယန် မြှောက်လွန်းပါပြီ... ကျွန်တော်က..."
"အဖေ"
ကျန်းပေရန် စကားမဆုံးမီ တံခါးပေါက်ဝမှ ယန်ကွမ်ယွဲ့၏ အသံ ထွက်ပေါ်လာသည်။
ကျန်းပေရန်နှင့် ယန်ကွမ်ချင်း နှစ်ယောက်လုံး အံ့သြသွားကြသည်။
ယန်ကွမ်ယွဲ့သည် သူမအနေဖြင့် နှောင့်ယှက်ခြင်း မပြုရကြောင်း ကောင်းစွာ သိရှိထားသည်။ သိလျက်နှင့် လာရောက်ခြင်း ဖြစ်ရာ အလွန် အရေးကြီးသော ကိစ္စ ဖြစ်ပေလိမ့်မည်။
သံသယဖြစ်နေစဉ် ယန်ကွမ်ချင်း အပြင်သို့ ထွက်ကြည့်လိုက်ရာ မေးခွန်းပင် မမေးနိုင်ဘဲ ရပ်တန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။
"ဒါက..."
နောက်မှ လိုက်ပါလာသော ကျန်းပေရန်လည်း ကြောင်အသွားသည်။ ဟိုးအဝေးတွင် ကမ္ဘာလောကကြီး တစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ခရမ်းရောင် အခိုးအငွေ့များက လှိုင်းလုံးကြီးသဖွယ် လွှမ်းခြုံလာသည်ကို တွေ့လိုက်ရသည်။
'ထပ်ဖြစ်ပြန်ပြီလား'
ဤမြင်ကွင်းကို ကျန်းပေရန် ရင်းနှီးနေသည်။ လွန်ခဲ့သော နှစ်များက နန်ရှီးမြို့တွင် မြင်တွေ့ခဲ့ရသော အခိုးအငွေ့များနှင့် အတူတူပင် ဖြစ်သည်။
မတူသည်မှာ ဤတစ်ကြိမ် အခိုးအငွေ့သည် ပိုမို ပြင်းထန်ပြီး ရိုင်းစိုင်းလှသည်။ မျက်စိရှေ့တွင်ပင် အရှိန်အဟုန်ဖြင့် ပြန့်နှံ့လာနေသည်။ ယခင်တစ်ကြိမ်က နေရာတစ်ကွက်ကို ငြိမ်သက်စွာ လွှမ်းခြုံထားသည်နှင့် လုံးဝ ကွာခြားလှသည်။
'ဒါက စနစ် ရွေးချယ်မှုမှာ ပြသခဲ့တဲ့ ၃ နှစ်အကြာ အန္တရာယ်လား'
"ကွမ်ယွဲ့... ဒါ ဘာဖြစ်တာလဲ"
ယန်ကွမ်ချင်းက သမီးဖြစ်သူကို ချက်ချင်း မေးလိုက်သည်။
"သမီး မသိဘူး... ခရမ်းရောင် အခိုးအငွေ့တွေ ရုတ်တရက် ထွက်ပေါ်လာတာ... တခြား ဂိုဏ်းချုပ်တွေက အဖေ့ကို ဆွေးနွေးဖို့ စာပို့လာကြတယ်... သမီးက အရေးကြီးတယ် ထင်လို့ လာခေါ်တာ"
"မင်း လုပ်တာ မှန်တယ်"
ယန်ကွမ်ချင်းက ပြောပြီးနောက် ကျန်းပေရန် ဘက် လှည့်မေးလိုက်သည်။
"ပေရန်... ငါ မမှားဘူးဆိုရင် ရှန့်တိုင်းပြည်မှာလည်း ဒီလို အခြေအနေမျိုး ဖြစ်ဖူးတယ် မလား"
"ဟုတ်တယ်"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ အခုလောက် ပမာဏ မကြီးမားဘူး"
"ပြဿနာက ပိုကြီးမားမယ့်ပုံပဲ... ငါ အရင် သွားနှင့်မယ်... ထူးခြားတာ ရှိရင် စာပို့လိုက်"
"ကောင်းပြီ"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။ ယန်ကွမ်ချင်းက ယန်ကွမ်ယွဲ့၏ ပခုံးကို ပုတ်လိုက်သည်။
"သမီး... သွား..."
ယန်ကွမ်ချင်းက သမီးဖြစ်သူကို မိခင်ဆီ သွားခိုင်းရန် ပြင်လိုက်သော်လည်း ခရမ်းရောင် အခိုးအငွေ့များ ပြန့်နှံ့နှုန်းကို ကြည့်ပြီး သမီးကိုပါ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
"သွားကြမယ်"
ယန်ကွမ်ချင်း ပြောပြီးသည်နှင့် ယန်ကွမ်ယွဲ့ကို ဆွဲယူကာ ပျံသန်း ထွက်ခွာသွားလေသည်။
'ဒီတစ်ခါ ကံဆိုးတာက ထုန်တိုင်းပြည်လား'
ကျန်းပေရန် စဉ်းစားနေစဉ် စက္ကူစွန် တစ်စောင် သူ့ထံသို့ ပျံသန်းလာသည်။ ဖမ်းယူလိုက်စဉ် ဒုတိယ တစ်စောင်၊ တတိယ တစ်စောင်၊ စတုတ္ထ တစ်စောင်...
စုစုပေါင်း စက္ကူစွန် ၆ စောင် သူ့ဘေးနားသို့ တပြိုင်နက် ရောက်ရှိလာလေသည်။
ထိုခဏတွင် အခြေအနေသည် သူထင်ထားသည်ထက် ပိုမို ဆိုးရွားပြင်းထန်နေကြောင်း ကျန်းပေရန် သိရှိလိုက်ရလေသည်။