အခန်း (၅၄၂-၅၄၃)
Vol. 47 Ch. 542-543
အခန်း ၅၄၂ ခက်ခဲသော အခြေအနေ
"ဘုန်း"
"ဘုန်း"
ယင်ကျန်းဟုန်နှင့် ကျိချင်းလင်ကို ယန်ယန်က မြေပြင်ပေါ်သို့ ထွေးထုတ်လိုက်ပြီးနောက် ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ဟေ့လူ... ငါ ရှင့်ကို ကူညီတာ ၃ ကြိမ် ရှိသွားပြီ... မှတ်ထားပြီး ပြန်ပေးဆပ်ဦး"
ကျန်းပေရန်က ဘာမှ ပြန်မပြောပေ။ ဘယ်အချိန်၊ ဘယ်လို ပြန်ပေးဆပ်ရမယ်၊ ပြန်ပေးဆပ်မလား ဆိုတာကို သူကသာ ဆုံးဖြတ်မှာ ဖြစ်သည်။
"အဟွတ်... အဟွတ်... အ"
မြေပြင်ပေါ် လဲကျနေသော ကျိချင်းလင်းသည် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးနောက် သွေးမည်းများ အန်ထုတ်လိုက်သည်။
"အဟွတ် အဟွတ်"
ချောင်းဆိုးပြီးနောက် သတိပြန်လည်လာသည်။
"မင်း... မင်း... ပေရန်လား"
တိုက်ခိုက်ရန် ပြင်လိုက်သော ကျိချင်းလင်း အံ့သြသွားသည်။ ကိုးမြီးမြေခွေးကို ကြည့်လိုက်၊ ကျန်းပေရန်ကို ကြည့်လိုက် လုပ်နေသည်။ စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားလိုက်သည်။
ဂူကျင့်ကြံသူ နှစ်ကောင်နှင့် တိုက်ခိုက်ရာတွင် သူတို့ ဆရာတပည့် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဂူကျင့်ကြံသူများက ဒဏ်ရာရတိုင်း ပြန်ကောင်းလာကြသည်။ သူတို့မှာမူ စွမ်းအင် ကုန်ခမ်းလာခဲ့သည်။
နောက်ဆုံးတွင် နှစ်ယောက်စလုံး အထိနာပြီး သတိလစ်သွားခဲ့သည်။ သတိမလစ်ခင် အမွေးပွပွ တစ်ခုပေါ် ပြုတ်ကျသွားသည်ကို မှတ်မိနေသည်။ အခုကြည့်လိုက်တော့ ကိုးမြီးမြေခွေး ဖြစ်နေသည်။
'ဒီ ကိုးမြီးမြေခွေးက ဘာလို့ ငါ့ကို ကယ်တင်တာလဲ'
သားရဲတွေက ဒဏ်ရာရတဲ့ လူသားကို တွေ့ရင် သတ်တတ်ကြသည်။ ကယ်တင်တယ် ဆိုတာ မကြားဖူးပေ။
ဒါပေမဲ့ ကျန်းပေရန်က ကိုးမြီးမြေခွေးနဲ့ စကားပြောနေတာ မြင်တော့ အတွေးတစ်ခု ဝင်လာသည်။
'ဒီ ကိုးမြီးမြေခွေးက သူ စေခိုင်းထားတာလား'
ယုံရခက်ပေမယ့် မျက်စိရှေ့တွင် ဖြစ်ပျက်နေသည်။
အံ့သြနေရာမှ သတိဝင်လာပြီး ကျိချင်းလင်းက သတိမရသေးသော ယင်ကျန်းဟုန် ဆီ ပြေးသွားကာ လှုပ်နှိုးလိုက်သည်။
"အဘိုးကြီး... ထပါဦး... ဒီလောက် ဒဏ်ရာလေးနဲ့ သတိမေ့နေတာလား"
သတိမလစ်ခင် ယင်ကျန်းဟုန်က သူ့အစား ဒဏ်ရာ ခံယူခဲ့သည်ကို မှတ်မိနေသည်။
"ခင်ဗျား ထပ်လှုပ်နေရင် သူ တကယ် သေသွားလိမ့်မယ်"
ကျန်းပေရန် ပြောလိုက်မှ ကျိချင်းလင်း လွှတ်ပေးလိုက်သည်။
"ဟုတ်သားပဲ... ဟုတ်သားပဲ... ငါ ဆရာဝန် သွားရှာလိုက်မယ်"
ကျိချင်းလင်း ပျံသန်းဖို့ ကြိုးစားလိုက်ပေမယ့် မူးဝေပြီး လဲကျမလို ဖြစ်သွားသည်။
"ခင်ဗျား အခြေအနေက ခင်ဗျားဆရာထက် မသာပါဘူး... ငြိမ်ငြိမ်နေစမ်းပါ"
ကျိချင်းလင်း ဝမ်းသာအားရ မေးလိုက်သည်။
"အကြီးအကဲက ဆေးကုတတ်တာလား"
"အသက်ကယ်နိုင်ရုံပဲ"
"ကောင်းပြီ... ကောင်းပြီ... အဘိုးကြီးကို အရင် ကုပေးပါ... ငါက တောင့်ခံနိုင်ပါတယ်"
မြေကြီးပေါ် ထိုင်ချလိုက်သည်။
ကျန်းပေရန်က ယင်ကျန်းဟုန်၏ အဝတ်အစားကို ဖယ်ရှားပြီး ရွှေအပ်များ စိုက်နေသည်ကို ကြည့်ကာ ကျိချင်းလင်း ပြုံးလိုက်သည်။
"အကြီးအကဲက တကယ် စွမ်းတာပဲ... အရင်တုန်းက ရိုင်းပျမိတာ ခွင့်လွှတ်ပါ"
ကျန်းပေရန် ပြန်မဖြေသည်ကို ကျိချင်းလင်း ဂရုမစိုက်ပေ။ သက်ပြင်းချပြီး ဘေးဘီကို ကြည့်လိုက်ရာ မုန်စီပေ့ကို တွေ့လိုက်ရသည်။
"မင်းကိုလည်း အကြီးအကဲ ကယ်လိုက်တာလား"
"ဟုတ်ပါတယ်... အကြီးအကဲသာ မလာရင် ကျွန်မ သေနေလောက်ပြီ"
ကျိချင်းလင်က ကိုးမြီးမြေခွေးနှင့် အမှောင်ချုံးချီကို ကြည့်လိုက်သည်။
'ဒီ အမှောင်ချုံးချီက နိုင်ငံ၆ ခုမှာပဲ တွေ့ရတာ... ဒီကို ဘယ်လို ရောက်လာတာလဲ... အကြီးအကဲက ရှီမိသားစုရဲ့ ဧည့်သည်တော် ဆိုတာ တကယ် ဟုတ်တာပဲ'
ကျိချင်းလင်း ထင်တာက ဒီသားရဲတွေကို ရှီမိသားစုက ပေးလိုက်တာ ဖြစ်မည်။
ဒါပေမဲ့ ကိုးမြီးမြေခွေးက ဂူကျင့်ကြံသူ နှစ်ကောင်ကို အနိုင်ယူခဲ့သည်ကို ကြည့်လျှင် အဆင့် ၈ အထက် ရှိနိုင်သည်။ ဒီလောက် အစွမ်းထက်တဲ့ သားရဲကို ဘယ်သားရဲထိန်းကျောင်းသူမှ မထိန်းချုပ်နိုင်ပေ။
'ဒါပေမဲ့ အဆင့်မြင့်မိသားစု ဆိုတော့ ဖြစ်နိုင်ပါတယ်'
"ဂိုဏ်းချုပ်ကွမ်နဲ့ ဂိုဏ်းချုပ်ဝမ် ရော မလာကြဘူးလား"
ယင်ကျန်းဟုန်ကို အပ်စိုက်ပေးပြီးနောက် ကျန်းပေရန် မေးလိုက်သည်။
"ဂိုဏ်းချုပ်ကွမ်က အစကတည်းက ဒဏ်ရာရထားလို့ နားနေတယ်... ဂိုဏ်းချုပ်ဝမ်က ဂိုဏ်းစောင့် ကျန်ခဲ့တယ်"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
စိတ်စွမ်းအင်နဲ့ ရှာဖွေတုန်းက ၃ ယောက်ပဲ တွေ့ရသည်။ ကျန် ၂ ယောက် အဆင်ပြေတယ် ဆိုတော့ စိတ်အေးရပြီ။
ရှန့်တိုင်းပြည်က အင်အားနည်းပါးသည်။ ထပ်ပြီး ဆုံးရှုံးလို့ မဖြစ်ပေ။
နာရီဝက် ကြာသောအခါ ယင်ကျန်းဟုန် သတိရလာပြီး ရုတ်တရက် ထရပ်လိုက်သည်။
"အဆင်ပြေသွားပါပြီ အဘိုးကြီး... နားလိုက်ပါဦး"
ကျိချင်းလင် အသံ ကြားတော့မှ ယင်ကျန်းဟုန် စိတ်အေးသွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျန်းပေရန်က မုန်စီပေ့ကို ကုသပေးနေသည်ကို တွေ့လိုက်ရသည်။
'ဪ... ဒီလိုကိုး'
ကျန်းပေရန်ကို မြင်လိုက်တာနဲ့ ယင်ကျန်းဟုန် စိတ်ချသွားသည်။ ရှန့်တိုင်းပြည်မှာ ကျန်းပေရန် အကြောင်းအသိဆုံးက သူဖြစ်သည်။ ကျန်းပေရန်က သူတို့ကို ကယ်တင်နိုင်တာ မဆန်းပေ။ အဲဒီလို ဖြစ်သင့်သည်။
သူ့နောက်မှာ ကျောထောက်နောက်ခံ ကောင်းကောင်း ရှိနေတာကိုး။
"ဟူး..."
ယင်ကျန်းဟုန် သက်ပြင်းချပြီး ဘေးနားက သားရဲတွေကို ကြည့်လိုက်သည်။
သူက ကျိချင်းလင်ထက် နောက်ကျမှ သတိလစ်တာမို့ ကိုးမြီးမြေခွေးရဲ့ စွမ်းရည်ကို မြင်တွေ့လိုက်ရသည်။ ဂူကျင့်ကြံသူ ၂ ကောင်ကို အလွယ်တကူ နိုင်လိုက်သည်။ အဆင့် ၈ အထက် ရှိတာ သေချာသည်။
အမှောင်ချုံးချီ ကလည်း နာမည်ကြီး သားရဲ ဖြစ်သည်။ ကိုးမြီးမြေခွေးထက် မညံ့တာ သေချာသည်။
'ငါတို့နဲ့ ကမ္ဘာမတူတော့ဘူးပဲ'
ယင်ကျန်းဟုန် တွေးနေမိသည်။
...
"ကဲ... အဆိပ်ဖြေဆေး ဖော်ဖို့ အချိန်လိုတယ်... ပြန်နားကြရအောင်"
မုန်စီပေ့၏ သွေးကို စစ်ဆေးပြီးနောက် ကျန်းပေရန် ပြောလိုက်သည်။
ယင်ကျန်းဟုန် ထရပ်လိုက်သည်။
"ကောင်းပြီ... အဘိုးကြီးကွမ်ကိုလည်း သွားကြည့်ရမယ်... သူလည်း ဒဏ်ရာ မသေးဘူး"
"သွားကြစို့"
ထွက်ခွာရန် ပြင်လိုက်စဉ် စက္ကူစွန် တစ်စောင် ပျံသန်းလာသည်။
ကျန်းပေရန် ဖွင့်ကြည့်လိုက်တော့ အံ့သြသွားသည်။
'ရှီဝေယိ ဆီကပါလား'
ကျန်းပေရန် ထွက်မလာခင် ရှီဝေယိကို ဆက်သွယ်ဖို့ အဆောင်စာရွက် ပေးထားခဲ့ဖူးသည်။ အခုမှ ဆက်သွယ်လာခြင်း ဖြစ်သည်။
စာကို ဖတ်ပြီးနောက် ဆင့်ခေါ်စာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ရှီဝေယိက ကျန်းပေရန်ကို ဧည့်သည်တော် အနေနဲ့ ရှီမိသားစုဆီ လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
ဆွေးနွေးမယ့် ကိစ္စက အခိုးအငွေ့ အကြောင်း ဖြစ်မှာ သေချာသည်။
'နိုင်ငံ ၆ ခုမှာ အခြေအနေ ပိုဆိုးနေပုံရတယ်... ရှီမိသားစုတောင် အကူအညီ တောင်းရတဲ့ အခြေအနေ ဖြစ်နေပြီ'
ကျန်းပေရန် စာရွက်ကို ခေါက်ပြီး သက်ပြင်းချလိုက်သည်။
'ခက်ခဲမယ့် အခြေအနေပဲ'
အချိန်အနည်းငယ် ကြာသောအခါ လျန်ကျိုးရှိ ဝိညာဉ်နဂါးဂိုဏ်းခွဲဆီ ရောက်ရှိလာသည်။ ဒီနေရာမှာ ကာကွယ်ရေး အစီအရင် အကောင်းဆုံး ဖြစ်ပြီး အခိုးအငွေ့ ရှင်းလင်းရေး အဆောက်အဦးလည်း ရှိသည်။
အခိုးအငွေ့ကို အပြည့်အဝ မကာကွယ်နိုင်ပေမယ့် အပြင်ထက်စာရင် အများကြီး သက်သာသည်။
ယင်ကျန်းဟုန်တို့ အပြင်ထွက် တိုက်ခိုက်ရတာက တပည့်တွေကို ကယ်တင်ဖို့ ဆိုတာ ကျန်းပေရန် နားလည်သည်။ ရှန့်တိုင်းပြည် ခေါင်းဆောင်တွေက တာဝန်သိစိတ် ရှိကြသည်။
"ဂိုဏ်းချုပ်"
ဝိညာဉ်နဂါးဂိုဏ်းသားများ ပြေးလာကြသည်။ ကျန်းပေရန်နှင့် ရင်းနှီးသူများလည်း ပါဝင်သည်။
ကျိချင်းလင်က ရှေ့ဆုံးမှ လူငယ်ကို မေးလိုက်သည်။
"တင်းဇီ... ဘယ်နှစ်ယောက် ကျန်သေးလဲ"
"အများစု ပြန်ရောက်ပါပြီ ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ကာကွယ်ပေးလို့..."
"တော်စမ်းပါ... အပြင်မှာ အကောင်ကြီးတွေ သေကုန်ပြီ... သွားရှာကြဦး... မသေမချင်း ပြန်ခေါ်ခဲ့"
"ဟုတ်ကဲ့"
တင်းဇီ ထွက်သွားသည်။
ဘယ်လက်ရုံး ထိုင်ယင်းဇောင်က ကျန်းပေရန်ကို အံ့သြစွာ ကြည့်နေသည်။
ကျန်းပေရန်က "အကြီးအကဲ" လို့ မခေါ်ခိုင်းဖူးသဖြင့် ဘယ်လို ခေါ်ရမလဲ ဝေခွဲမရ ဖြစ်နေသည်။ "ပေရန်" လို့ ခေါ်ဖို့ကျတော့လည်း မရဲတော့ပေ။
ကျန်းပေရန်က ဦးအောင် နှုတ်ဆက်လိုက်သည်။
"နေကောင်းလား ဂိုဏ်းချုပ်ကွမ် ဒဏ်ရာရတယ် ကြားတယ်"
ထိုင်ယင်းဇောင် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်... အခြေအနေ တည်ငြိမ်ပေမယ့် ကုတင်ပေါ်က မဆင်းနိုင်သေးပါဘူး"
"ကျွန်တော့်ကို လိုက်ပို့ပေးပါ"
"ကောင်းပါပြီ... လိုက်ခဲ့ပါ"
ထိုင်ယင်းဇောင်က ကျန်းပေရန်၏ ဆေးပညာကို မမြင်ဖူးသော်လည်း ကျန်းပေရန်ကို အထင်ကြီး လေးစားထားသည်။ အထူးသဖြင့် "အကြီးအကဲ" ဖြစ်လာပြီးနောက် ပို၍ လေးစားလာသည်။
အိမ်ကြီး တစ်အိမ်ထဲ ဝင်သွားပြီး ထောင့်ခန်းလေး တစ်ခုတွင် ကွမ်ရှီအန်း နားနေသည်ကို တွေ့လိုက်ရသည်။
"မိတ်ဆွေလေး"
ကျန်းပေရန်ကို မြင်တော့ ကွမ်ရှီအန်း အံ့သြသွားသည်။ "အကြီးအကဲ" လို့ မခေါ်မိသေးပေ။
ကွမ်ရှီအန်း ထထိုင်မလို့ လုပ်တော့ ကျန်းပေရန် တားလိုက်သည်။
"လှဲနေပါ... ကျွန်တော် ဒဏ်ရာ ကြည့်ပေးပါ့မယ်"
"မင်းက ဆေးကုတတ်လို့လား"
"နည်းနည်းပါးပါးပါ"
ကျန်းပေရန်က သွေးခုန်နှုန်း စမ်းလိုက်သည်။
"ဂိုဏ်းချုပ်ကွမ်လည်း အဆိပ်သင့်နေတာပဲ... အဆိပ်ဖြေဆေး ဖော်ပြီးရင် ရပါပြီ"
"လည်း" ဆိုတဲ့ စကား ကြားတော့ ကွမ်ရှီအန်းက ယင်ကျန်းဟုန်ကို မေးလိုက်သည်။
"မင်းတို့လည်း အဆိပ်သင့်နေတာလား"
ကွမ်ရှီအန်း ဝမ်းသာသွားသည်။ သူတစ်ယောက်တည်း အိပ်ရာထဲ လဲနေတာ ရှက်စရာ ကောင်းသည်။ အခု အဖော်ရသွားပြီ။
ယင်ကျန်းဟုန်က သက်ပြင်းချလိုက်သည်။
"အဆိပ်သင့်ရုံတင် မကဘူး... အကြီးအကဲ အချိန်မီ မရောက်လာရင် သေတောင် သေနေလောက်ပြီ"
ကွမ်ရှီအန်း ကြောင်သွားသည်။
"မင်းပြောတဲ့ အကြီးအကဲဆိုတာ မိတ်ဆွေလေး လား"
"သူ မဟုတ်ရင် ဘယ်သူ ရှိဦးမလဲ"
"ဒါပေမဲ့..."
ကွမ်ရှီအန်း နားမလည်နိုင်ပေ။ ကျန်းပေရန်က ချီကျင့်စဉ် အဆင့် ၅ သာ ရှိသည်။ နှစ်အနည်းငယ်အတွင်း သူတို့ထက် သာလွန်သွားတာ မဖြစ်နိုင်ပေ။
ကျန်းပေရန်က ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကွမ် စိတ်အေးအေးထားပါ... စွမ်းအင် မသုံးပါနဲ့"
ပြီးတော့ ယင်ကျန်းဟုန် ဘက် လှည့်မေးသည်။
"ဂိုဏ်းချုပ်ယင်... ဆေးဖော်ခန်း ရှိလား"
"ရှိတာပေါ့... လာ လိုက်ပို့ပေးမယ်"
ကျန်းပေရန်က ကျိချင်းလင်နှင့် မုန်စီပေ့တို့ကို မှာလိုက်သည်။
"ခင်ဗျားတို့ ဒီမှာပဲ စောင့်နေကြပါ"
နှစ်ယောက်သား ခေါင်းညိတ်လိုက်သည်။
ကျန်းပေရန်က ယင်ကျန်းဟုန် နောက် လိုက်သွားသည်။
လမ်းမှာ မေးလိုက်သည်။
"ဂိုဏ်းချုပ်ယင်... ဒီ အခိုးအငွေ့ နဲ့ ပတ်သက်ပြီး ဘယ်လို ထင်လဲ"
"အရင်တစ်ခါလိုပဲ ရုတ်တရက် ရောက်လာတာပဲ... ဒါပေမဲ့ ကျွန်တော့်မှာ ထင်မြင်ချက် တစ်ခု ရှိတယ်"
ယင်ကျန်းဟုန်က စဉ်းစားပြီး ပြောသည်။
"အရင်တုန်းက အငွေ့အသက်ဆိုး တစ်ခု အာရုံခံမိတယ်လို့ ပြောဖူးတာ မှတ်မိလား"
"မှတ်မိတယ်"
အဲဒီ အငွေ့အသက်ဆိုးကြောင့်ပဲ စနစ်က ၃ နှစ်အကြာ အဖြစ်အပျက်ကို သတိပေးခဲ့တာ ဖြစ်သည်။
"အဲဒီတုန်းက ကျွန်တော်တို့နဲ့ ဝေးတယ် ထင်ခဲ့တာ... နိုင်ငံ ၆ ခုလောက်ပဲ ခံရမယ် ထင်တာ... အခုတော့ အကုန် ခံနေရပြီ"
"ဂိုဏ်းချုပ်ယင်က အဲဒီ အငွေ့အသက်ဆိုးနဲ့ ဆက်စပ်နေတယ်လို့ ဘယ်လို သိတာလဲ"
"အာရုံသိအရပါ"
"..."
ကျန်းပေရန်က သက်သေပြနိုင်မယ် ထင်ခဲ့တာ။
"ဒါပေမဲ့ အာရုံသိ သက်သက်တော့ မဟုတ်ဘူး... ဂူကျင့်ကြံသူတွေ အကြောင်း ဘယ်လောက် သိလဲ"
"ကောလာဟလ တချို့ပဲ ကြားဖူးတယ်"
ယင်ကျန်းဟုန်က ဂူကျင့်ကြံသူ အကြောင်း ပြောလာတော့ ကျန်းပေရန် စိတ်ဝင်စားသွားသည်။
"ကြားဖူးတာက ဂူကျင့်ကြံသူတွေက ရက်စက်လွန်းလို့ အားလုံး ဝိုင်းတိုက်ပြီး မျိုးဖြုတ်ပစ်လိုက်တယ် ဆိုတာလား"
"ဟုတ်တယ်"
"ဒါပေမဲ့ ရှေးဟောင်း စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတာက တခြားတစ်မျိုး... ဂူကျင့်ကြံသူတွေက အရမ်း အစွမ်းထက်လို့ ဘေးအန္တရာယ် ဖြစ်လာတာ... ဒါကြောင့် အစွမ်းအထက်ဆုံး ဂိုဏ်းတွေ ပေါင်းပြီး ပြင်ပ အင်အားစုတွေနဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ... ဂူကျင့်ကြံသူတွေ အထိနာပြီး လျှို့ဝှက် နယ်မြေထဲ ထွက်ပြေးသွားကြတယ် တဲ့"
'ပြင်ပ အင်အားစု'
ဒီစကား ကြားတော့ ကိစ္စတွေ ပိုရှုပ်ထွေးလာပြီလို့ ကျန်းပေရန် ခံစားလိုက်ရသည်။
အခန်း ၅၄၃ အခြေအနေ မမှန်ခြင်း
စကားပြောရင်း လမ်းလျှောက်လာရာ ကျန်းပေရန်သည် ယင်ကျန်းဟုန် နောက်သို့ လိုက်ပါပြီး ဆေးဖော်ခန်းထဲ ရောက်ရှိလာလေသည်။
ဆေးဖော်ခန်းရှိ ကိရိယာများသည် သိပ်မကောင်းလှသော်လည်း အဆိပ်ဖြေဆေး ဖော်စပ်ရုံအတွက် အဆင့်မြင့် ကိရိယာများ မလိုအပ်သဖြင့် ကျန်းပေရန်က ရှိသည်နှင့်ပင် အဆင်ပြေအောင် သုံးလိုက်သည်။
ယင်ကျန်းဟုန် အပါအဝင် ၄ ယောက်လုံးကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးပြီးနောက် အခိုးအငွေ့ထဲမှ အဆိပ်အမျိုးအစားကို ကောင်းစွာ သဘောပေါက်သွားပြီ ဖြစ်သည်။ ဖြေဆေး ဖော်စပ်ရန် မခက်ခဲတော့ပေ။
မီးမွှေး၊ မီးဖိုဖွင့်ပြီး လက်စွပ်ထဲမှ ဆေးမြစ်များ ထုတ်ကာ မီးဖိုထဲ ထည့်လိုက်သည်။ ထို့နောက် ယင်ကျန်းဟုန်ကို မေးလိုက်လေသည်။
"ဂိုဏ်းချုပ်ယင်... စောစောက ပြောတော့ လူသားတွေနဲ့ ပြင်ပ အင်အားစု ပူးပေါင်းပြီးမှ ဂူမျိုးနွယ်တွေကို မောင်းထုတ်နိုင်ခဲ့တယ် ဆို... အဲဒီ ပြင်ပ အင်အားစုက အခု ဘယ်ရောက်သွားလဲ"
"အဲဒါက ရှေးဟောင်းစာအုပ်ထဲမှာ မပါဘူး... ဒါပေမဲ့..."
ယင်ကျန်းဟုန်က အသံဆွဲပြီး ပြောလိုက်သည်။
"ငါ ထင်တာတော့ လူသားတွေဘက်က ကတိမတည်ဘဲ ခိုင်းစားပြီး သတ်ပစ်လိုက်တာ နေမှာ"
မီးအပူချိန်ကို ထိန်းညှိနေသော ကျန်းပေရန်က ယင်ကျန်းဟုန်ကို လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းချုပ်ယင်က ဘာလို့ အဲဒီလို ထင်ရတာလဲ"
လက်စွပ်ထဲမှ အရက်အိုးတစ်လုံး ထုတ်ဖွင့်ပြီး ခွက်တစ်ခွက်ယူကာ ကျန်းပေရန်ကို မေးလိုက်သည်။
"တစ်ခွက်လောက် သောက်မလား"
"ကျွန်တော့် အရက်ပဲ သောက်ရအောင်"
ကျန်းပေရန်က တိုက်ကြီးဆယ်တိုက် နွေဦး အရက်အိုးကို ထုတ်ပြီး ယင်ကျန်းဟုန်ကို ကမ်းပေးလိုက်သည်။
"ဟားဟား... ဒီစကားကို စောင့်နေတာ"
ယင်ကျန်းဟုန်က အရက်အိုးကို ယူ၊ အဖုံးဖွင့်ပြီး သူ့အတွက် တစ်ခွက်၊ ကျန်းပေရန် အတွက် တစ်ခွက် ငှဲ့လိုက်သည်။ အရက်ငှဲ့ရင်း ဖြည်းဖြည်းချင်း ဖြေလိုက်လေသည်။
"ငါလည်း မှန်းပြောတာပါ... ပြင်ပ အင်အားစုက လူသားတွေကို ကူညီခဲ့တယ် ဆိုရင် သမိုင်းမှတ်တမ်းတွေမှာ နေရာကောင်းကောင်း ပေးပြီး ရေးထားသင့်တာပေါ့... ဒါပေမဲ့ ငါတို့မှာ အဲဒီလို မိတ်ဖက်မျိုး ရှိခဲ့တယ်လို့ တစ်ခါမှ မကြားဖူးဘူး... မဟုတ်ဘူးလား"
ယင်ကျန်းဟုန် ပေးသော အရက်ခွက်ကို လှမ်းယူပြီး ကျန်းပေရန် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ယင် ပြောတာ ဖြစ်နိုင်ပါတယ်... သမိုင်းမှတ်တမ်းမှာ ဝေဝါးနေတယ် ဆိုကတည်းက လူသိခံလို့ မဖြစ်တဲ့ ကိစ္စမျိုး ဖြစ်မှာ သေချာတယ်"
"ဟားဟား... ဟုတ်တာပေါ့"
ယင်ကျန်းဟုန်က အရက်တစ်ငုံ သောက်လိုက်ပြီး စိတ်ကျေနပ်စွာ ပြောလိုက်သည်။
"အကြီးအကဲရဲ့ အရက်က သောက်လို့ အကောင်းဆုံးပဲ"
နှုတ်ခမ်းသပ်ရင်း ယင်ကျန်းဟုန် ဆက်ပြောသည်။
"ဒါပေမဲ့ အဲဒီ ရှေးဟောင်းစာအုပ်ထဲက အကြောင်းအရာတွေက အမှန်လား အမှားလား ဆိုတာလည်း မသေချာပါဘူး... ပုံပြင် နားထောင်သလိုပဲ သဘောထားလိုက်ပါ"
ကျန်းပေရန် ခေါင်းညိတ်ပြီး ဆေးဆက်ဖော်လိုက်သည်။ သို့သော် စိတ်ထဲတွင် ယင်ကျန်းဟုန် ပြောသော ဇာတ်လမ်းကို စဉ်းစားနေမိသည်။
ဒီဇာတ်လမ်းသာ မှန်ကန်ခဲ့ရင် အရင်တစ်ခါ အခိုးအငွေ့ထဲမှာ တွေ့ရတဲ့ မျိုးနွယ်ခြားတွေ အကြောင်း ရှင်းပြလို့ ရသွားပြီ။ ဒီမျိုးနွယ်ခြားတွေက လူသားတွေရဲ့ သစ္စာဖောက်ခြင်းကို ခံရပြီး ဒေါသထွက်ကာ ထွက်ပြေးသွားတဲ့ ဂူမျိုးနွယ်တွေနဲ့ ပူးပေါင်းလိုက်ခြင်း ဖြစ်နိုင်သည်။
သူတို့မှာ ရည်မှန်းချက် တူသွားပြီလေ။ လူသားတွေကို မုန်းတီးတဲ့ စိတ်ကြောင့် အချင်းချင်း ကြားက ပြဿနာတွေကို မေ့ပြီး ဘုံရန်သူကို အရင် ရှင်းပစ်ချင်ကြမှာပဲ။
ကိစ္စပြီးရင် ဖျက်ဆီးပစ်တတ်တဲ့ အကျင့်က... လူသားတွေ လုပ်နေကျပဲလေ။
အစတုန်းက မျိုးနွယ်ခြားတွေကို မက်လောက်စရာ ကမ်းလှမ်းချက်တွေ ပေးပြီး စစ်တိုက်ခိုင်းမယ်... ပြီးမှ ကတိဖျက်မယ်။
ဒါက လူသားဆန်လွန်းတဲ့ လုပ်ရပ်ပဲ။
'ရှီမိသားစု ရောက်ရင် အသေးစိတ် မေးကြည့်ရမယ်... သူတို့မှာ ပိုပြည့်စုံတဲ့ မှတ်တမ်းတွေ ရှိလောက်တယ်'
နေ့ဝက်ခန့် ကြာသောအခါ အဆိပ်ဖြေဆေး ဖော်စပ်ပြီးစီးသွားသည်။ ကျန်းပေရန်က ဆေးတစ်လုံး ယူပြီး ယင်ကျန်းဟုန် ဆီ ပစ်ပေးလိုက်သည်။
"ဒါ သောက်လိုက်ရင် အဆင်ပြေသွားမှာပါ"
ယင်ကျန်းဟုန်က ဖမ်းယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ပြီးတော့ ရယ်မောလိုက်သည်။
"မင်း အခုတော့ လုံးဝ မဖုံးကွယ်တော့ဘူးပေါ့"
"ဘာကို မဖုံးကွယ်တာလဲ"
"အရင်တုန်းကဆို ဒီလို အခြေအနေမျိုးမှာ မင်းက ကိုယ်ထင်ပြပြီး ကူညီမှာ မဟုတ်ဘူး"
'ငါကလည်း ပုန်းနေချင်တာပေါ့... နိုင်ငံ ၆ ခုက အဆင့်မြင့် ပုဂ္ဂိုလ်တွေက သောက်သုံးမှ မကျတာ'
"ဒီတစ်ခါ ကိစ္စက တိုက်ကြီး တစ်ခုလုံး ပျက်စီးမယ့် ကိစ္စ ဖြစ်နေတယ်... ဆရာကလည်း ကောင်းကောင်း လုပ်ဆောင်ဖို့ မှာထားလို့ မတတ်သာဘဲ ထွက်လာရတာ"
ယင်ကျန်းဟုန်၏ ပြောင်စပ်စပ် မျက်နှာထား ပျောက်ကွယ်သွားသည်။
"ဒီတစ်ခါ... တကယ် အဲဒီလောက် ပြင်းထန်တာလား"
"ခင်ဗျား ထင်ထားတာထက် ပိုပြင်းထန်လိမ့်မယ်"
ယင်ကျန်းဟုန် ထပ်မေးရန် ပြင်လိုက်သော်လည်း ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။
"ဟူး..."
သက်ပြင်းချပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"မဖုံးကွယ်တော့တာလည်း ကောင်းပါတယ်... ငါတို့ ရှန့်တိုင်းပြည်အတွက် အားကိုးစရာ ရှိတာပေါ့"
ယင်ကျန်းဟုန် မျက်နှာ အရောင်အဝါ ပြန်လည် တောက်ပလာသည်ကို မြင်တော့ ကျန်းပေရန်က ကျန်ရှိသော ဆေးလုံးများကို ပုလင်းထဲ ထည့်လိုက်သည်။
ကွမ်ရှီအန်း နားနေသော အခန်းသို့ ပြန်လာရာ အပြင်ဘက်တွင် မုန်စီပေ့သည် အမှောင်ချုံးချီကို စူးစမ်းလေ့လာနေသည်ကို တွေ့လိုက်ရသည်။
"ဆေးသောက်ဖို့ ဝင်ခဲ့တော့"
ကျန်းပေရန်က ပြောလိုက်သည်။
"အော်... ဟုတ်ကဲ့"
မုန်စီပေ့ ခေါင်းညိတ်ပြီး နောက်မှ လိုက်ဝင်လာသည်။
အခန်းထဲ ရောက်သောအခါ ကျန်းပေရန်က ဆေး ၃ လုံး ထုတ်ပေးလိုက်သည်။
၃ ယောက်သား သောက်ပြီး မကြာမီ ယင်ကျန်းဟုန် ကဲ့သို့ပင် သက်ပြင်းချကာ မျက်နှာ အရောင်အဝါများ ပြန်လည် ကောင်းမွန်လာကြသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ကျိချင်းလင်က အရင်ဆုံး လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"အသက်တစ်ချောင်း အကြွေးတင်သွားပါပြီ... သေချာပေါက် ပြန်ဆပ်ပါ့မယ်"
"ဂိုဏ်းချုပ်ကျိ ယဉ်ကျေးမနေပါနဲ့... အားလုံးက ရှန့်တိုင်းပြည် အတွက်ပါပဲ"
"ဟုတ်ပါတယ်... အကြီးအကဲ ပြောတာ မှန်ပါတယ်"
ပြီးတော့ ကျိချင်းလင်က ယင်ကျန်းဟုန် ကို ကြည့်ပြီး ပြောသည်။
"ဆရာ့ မျက်လုံးက တကယ် စူးရှတာပဲ... ငါက အကြီးအကဲကို မမီဘူးလို့ ဆရာ ပြောတာ တကယ် မှန်တယ်... တကယ် မမီပါဘူး"
"ဟားဟားဟား"
ကုတင်ပေါ်မှ ကွမ်ရှီအန်း ရယ်မောလိုက်သည်။
"ငါ ပထမဆုံး တွေ့ကတည်းက သိတယ်... ဒီကောင်လေးက သာမန် မဟုတ်ဘူး ဆိုတာ... ငါ့အမြင် မမှားဘူးကွ"
"မင်း ပထမဆုံး တွေ့တုန်းက ပြောတာက... နှမြောစရာပဲ ပါရမီက သိပ်ညံ့တယ် ဆို... အဲဒီ စကားလုံး တစ်လုံးမှ မလွဲဘူး ငါ မှတ်မိတယ်"
ကွမ်ရှီအန်း ပြန်ကောင်းလာပြီ ဖြစ်၍ ယင်ကျန်းဟုန်က အားမနာတော့ဘဲ ပြန်ပက်လိုက်သည်။
"အဲဒါက မင်းရှေ့မှာမို့လို့ မချီးကျူးချင်လို့ ပြောတာကွ... ကွယ်ရာမှာဆို ငါက အကြီးအကဲ နဲ့ စကားတွေ အများကြီး ပြောဖူးတယ်... ဟုတ်တယ်မလား အကြီးအကဲ"
ကွမ်ရှီအန်းက မျက်စိ မှိတ်ပြနေသဖြင့် ကျန်းပေရန် ပြုံးလိုက်သည်။
"ဟုတ်ပါတယ်... ဂိုဏ်းချုပ်ကွမ်သာ ပျိုးထောင်မပေးရင် ကျွန်တော် ဒီအဆင့် ရောက်လာမှာ မဟုတ်ပါဘူး"
"ဟားဟားဟား"
ကွမ်ရှီအန်း ကျေနပ်စွာ ရယ်မောလိုက်ပြီး ယင်ကျန်းဟုန် ကို ပြောသည်။
"ကြားလား... ကြားလား"
"မင်းဘာသာ ယုံလား"
ယင်ကျန်းဟုန် ခေါင်းခါလိုက်သည်။ ကွမ်ရှီအန်းကို ထပ်နှိပ်ကွပ်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်နှာ ပျက်သွားသည်။
"မဖြစ်နိုင်ဘူး..."
ယင်ကျန်းဟုန် မျက်မှောင်ကြုတ်ပြီး ကိုယ်တွင်းကို စစ်ဆေးလိုက်သည်။
"အဆိပ်က... မကုန်သေးဘူးပဲ"
ကျန် ၃ ယောက်လည်း လန့်သွားပြီး ကိုယ်တွင်းကို စစ်ဆေးကြည့်လိုက်ကြသည်။
"မဟုတ်တာ... စောစောက အကုန် ပျောက်သွားပြီလေ"
ကွမ်ရှီအန်း စပြောလိုက်သည်။
"ငါလည်း အတူတူပဲ... ကိုယ်တွင်းမှာ အဆိပ် မကျန်တော့ပါဘူး"
မုန်စီပေ့လည်း ထောက်ခံလိုက်သည်။
နောက်ဆုံး ကျိချင်းလင်က ပြောသည်။
"ငါလည်း ကောင်းသွားပါပြီ"
၃ ယောက်လုံး ကောင်းတယ် ပြောနေပေမယ့် ကျန်းပေရန်က တစ်ခုခု လွဲနေပြီလို့ ခံစားလိုက်ရသည်။ ယင်ကျန်းဟုန်က ဒီလို ကိစ္စမျိုးကို နောက်ပြောင်မယ့်သူ မဟုတ်ပေ။
"ဂိုဏ်းချုပ်ယင်... လက်ကမ်းပါ"
ယင်ကျန်းဟုန် ခေါင်းညိတ်ပြီး အင်္ကျီလက်ကို ပင့်တင်ကာ လက်ကမ်းပေးလိုက်သည်။
'ဘယ်လို ဖြစ်တာလဲ'
သွေးခုန်နှုန်း စမ်းလိုက်တာနဲ့ ယင်ကျန်းဟုန် ကိုယ်ထဲမှာ အဆိပ်တွေ မကုန်သေးတာ တွေ့လိုက်ရသည်။
ဒါပေမဲ့ အဆိပ်ရဲ့ ပါဝင်ပစ္စည်း အရဆိုရင် သူ့ရဲ့ အဆိပ်ဖြေဆေးက မမှားနိုင်ဘူး။
ကျန်းပေရန် စဉ်းစားနေစဉ် ကျိချင်းလင် မျက်မှောင်ကြုတ်သွားသည်။
"အခြေအနေ မကောင်းဘူး... ငါလည်း ခံစားနေရပြီ"
ကျန်းပေရန် ချက်ချင်း ကျိချင်းလင်၏ လက်ကို ဆွဲပြီး စမ်းသပ်လိုက်ရာ အဆိပ်တွေ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
"မဖြစ်နိုင်တာ... စောစောကမှ ပျောက်သွားတာလေ"
ကျိချင်းလင် နားမလည်နိုင် ဖြစ်နေသည်။
ကျန်းပေရန်က ကျန် နှစ်ယောက်ကို ကြည့်လိုက်ရာ သူတို့လည်း အလားတူ မျက်နှာထား ဖြစ်နေသည်။
"ခင်ဗျားတို့ နှစ်ယောက်ရောပဲလား"
မုန်စီပေ့ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့... အဆိပ်တွေ... ပြန်ပေါ်လာတယ်"
ဒီအခြေအနေကို ကျန်းပေရန် နားလည်လိုက်ပြီ။ အဆိပ်က မပျောက်ကင်းသွားတာ မဟုတ်ဘဲ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ခေါင်းမာတဲ့ အဆိပ်မျိုးစုံ တွေ့ဖူးပေမယ့် ဒီလို သေပြီးမှ ပြန်ရှင်လာတဲ့ အဆိပ်မျိုး တစ်ခါမှ မကြုံဖူးပေ။
မစင်ကြယ်လို့ ပြန်ဖြစ်တာဆို နားလည်ပေးလို့ ရပေမယ့် စောစောက ၄ ယောက်လုံးရဲ့ ကိုယ်ထဲက အဆိပ်ကို အကုန် ရှင်းထုတ်ပေးခဲ့တာ သေချာသည်။ ဒါပေမဲ့ အဆိပ်က ပြန်ပေါ်လာသည်။
'ပတ်ဝန်းကျင်ကြောင့်လား'
ဒီနေရာမှာ အစီအရင်တွေနဲ့ ကာကွယ်ထားလို့ အခိုးအငွေ့ ဒဏ် မခံရပေမယ့် လုံးဝ သန့်စင်သွားတာမျိုးတော့ မဟုတ်ပေ။
ဒါပေမဲ့ ဒီလောက် အနည်းငယ်သော အခိုးအငွေ့ကို သာမန် လူတွေတောင် ခံနိုင်ရည် ရှိသည်။ ဒီ အဆင့်မြင့် ပုဂ္ဂိုလ်တွေက မခံနိုင်စရာ အကြောင်း မရှိပေ။
'စနက်တံ လိုမျိုးလား'
အဆိပ်မိဖူးရင် အခိုးအငွေ့ နည်းနည်း ရှူမိတာနဲ့ ပြန်ဖြစ်တာလား။
ကျန်းပေရန် မော့ကြည့်ပြီး ယင်ကျန်းဟုန် ကို ပြောလိုက်သည်။
"ဂိုဏ်းချုပ်ယင်... ဒီအဆိပ်က ထင်ထားတာထက် ပိုရှုပ်ထွေးမယ့်ပုံပဲ... အဆိပ်ရဲ့ သဘောသဘာဝကို သိရအောင် စမ်းသပ်မှု တချို့ လုပ်ဖို့ လိုတယ်... ကူညီပေးနိုင်မလား"
ယင်ကျန်းဟုန် ခေါင်းညိတ်မလို့ လုပ်တုန်း ကျိချင်းလင် ဝင်ပြောသည်။
"ငါ လုပ်မယ်... သူ့လို လူအိုကြီးက ဒဏ်မခံနိုင်ဘူး... ငါ့ကို ကြိုက်သလို စမ်းသပ်ပါ"
"ဘာတွေ လာရှုပ်နေတာလဲ... မင်း အလှည့် မဟုတ်ဘူး"
ယင်ကျန်းဟုန်က ကျိချင်းလင်ကို တွန်းထုတ်လိုက်သည်။
"ငြိမ်ငြိမ်နေစမ်းပါ"
"ဟေ့လူကြီး... စေတနာကို နားမလည်ဘူး... ဒီနေ့တော့ ငါပဲ လုပ်မယ်ဗျာ"
ဆရာတပည့် နှစ်ယောက် လုနေကြသဖြင့် ကျန်းပေရန် တားလိုက်သည်။
"သာမန် စမ်းသပ်မှုပါပဲ... ဘယ်သူပဲ ဖြစ်ဖြစ် ရပါတယ်... ဂိုဏ်းချုပ်ယင် လိုက်ခဲ့ပါ"
"လာပြီ"
ယင်ကျန်းဟုန်က ကျိချင်းလင်ကို ကန်ထုတ်ပြီး ကျန်းပေရန် နောက် လိုက်သွားသည်။
"ဒီလူကြီးကတော့..."
ယိုင်နဲ့သွားသော ကျိချင်းလင်က မျက်စောင်းထိုးပြီး ပြန်ထိုင်လိုက်သည်။
ဆေးဖော်ခန်းထဲ ပြန်ရောက်တော့ ကျန်းပေရန်က စားပွဲမှာ ထိုင်ပြီး ပြောသည်။
"ဂိုဏ်းချုပ်ယင် ခဏ ထိုင်စောင့်ပါ... ကျွန်တော် စာတစ်စောင် ရေးလိုက်ဦးမယ်"
ယင်ကျန်းဟုန် ခေါင်းညိတ်ပြီး တင်ပျဉ်ခွေ ထိုင်ကာ ကိုယ်တွင်း အဆိပ်ကို စစ်ဆေးနေလိုက်သည်။
ကျန်းပေရန်က ရှီဝေယိ ဆီ စာရေးနေခြင်း ဖြစ်သည်။ မူလက ယင်ကျန်းဟုန်တို့ကို ကုသပေးပြီးရင် ထုန်တိုင်းပြည် ဆီ သွားမလို့ စိတ်ကူးထားပေမယ့် အခုတော့ ကြာမယ့်ပုံ ပေါက်နေသည်။ အနည်းဆုံးတော့ ဒီ သေပြီး ပြန်ရှင်တဲ့ အဆိပ်ကို အဖြေရှာရဦးမည်။
စာရေးပြီး စစ်ဆေးကာ စက္ကူစွန် ပြုလုပ်ပြီး လွှတ်လိုက်သည်။
ကျန်းပေရန်က ယင်ကျန်းဟုန် ဘက် လှည့်မေးလိုက်သည်။
"ဂိုဏ်းချုပ်ယင်... အဆိပ် အခြေအနေ ဘယ်လိုလဲ"
"ငြိမ်နေတယ်"
'ငြိမ်နေတယ်...'
ဒီစကားက စိတ်သက်သာရာ မရစေဘဲ ပိုပြီး သံသယ ကြီးထွားစေသည်။
ဟောင်တဲ့ခွေးက မကိုက်ဘူး ဆိုသလို ဒီအဆိပ်က ငြိမ်နေလေ တကယ် ပေါက်ကွဲရင် ပိုဒုက္ခပေးလေ ဖြစ်နိုင်တယ်။
စဉ်းစားပြီးနောက် ယင်ကျန်းဟုန် ကို လုံးဝ သီးသန့်ခွဲထားပြီး စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။ အခိုးအငွေ့ လုံးဝ မရှိတဲ့ နေရာမှာ အဆိပ်ဖြေရင် ပြန်ဖြစ်မလား သိချင်သည်။
အကာအကွယ် အစီအရင် ၃ ထပ် ချလိုက်သည်။ အတွင်းထဲက အဆိပ်ငွေ့ အကြွင်းအကျန်တွေကို "မီးတောက်မြက်" အမှုန့်နဲ့ ရှင်းထုတ်လိုက်သည်။ ပြီးမှ အဆိပ်ဖြေဆေး တစ်လုံး ပေးလိုက်သည်။
ယင်ကျန်းဟုန် သောက်ပြီးတာနဲ့ ကျန်းပေရန်က စိတ်စွမ်းအင်နဲ့ တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။
မကြာမီ ယင်ကျန်းဟုန် သက်ပြင်းချလိုက်သည်။ နေလို့ကောင်းသွားပြန်ပြီ။
ဒါပေမဲ့ နှစ်ယောက်လုံး စိတ်မချရဲသေးဘဲ စောင့်ကြည့်နေကြသည်။
လက်ဖက်ရည် တစ်အိုး ကုန်ခမ်းချိန်လောက် ကြာသွားသည်။ ယင်ကျန်းဟုန် ကိုယ်ထဲမှာ အဆိပ် ပြန်မပေါ်လာသေးပေ။ စောစောကထက် အခြေအနေ ကောင်းနေသည်။
အချိန်နည်းနည်း ထပ်ကြာသွားသည်။ အခြေအနေ ကောင်းနေဆဲပဲ…..
ယင်ကျန်းဟုန်က ကျန်းပေရန်ကို ချီးကျူးမလို့ လုပ်တုန်း... အဆိပ်တွေ ပြန်ပေါ်လာသည်။
'သောက်ကျိုးနည်း... ဒီအရာက ကုမရတဲ့ ရောဂါဆိုး လိုပါလား'
အဆိပ် ပြန်ဖြစ်လာပုံကို စောင့်ကြည့်နေတဲ့ ကျန်းပေရန် မျက်လုံး ပြူးသွားသည်။ အဆိပ်တွေက အပြင်က ဝင်လာတာ မဟုတ်ဘူး။ ယင်ကျန်းဟုန် ကိုယ်ထဲက မူလ ဆဲလ်တွေကနေ ပြောင်းလဲသွားတာ။
ကင်ဆာဆဲလ်တွေ ပွားတာနဲ့ အတူတူပဲ။
ဒီတစ်ခါတော့ ကျန်းပေရန် ယင်ကျန်းဟုန် ကို ဆက်မစမ်းသပ်ရဲတော့ဘူး။ တစ်ခါ အဆိပ်ဖြေတိုင်း ယင်ကျန်းဟုန် ကို တစ်ခါ ဒုက္ခပေးသလို ဖြစ်နေသည်။ နောက်ဆက်တွဲ ဆိုးကျိုးက ခန့်မှန်းလို့ မရနိုင်ဘူး။
အဆိပ် ပြန်ပေါ်လာတာ သိတော့ ယင်ကျန်းဟုန် ပြောလိုက်သည်။
"ကိစ္စ မရှိပါဘူး... ဒီတစ်ခါ အဆိပ်ပြန်ဖြစ်တာ စောစောကထက် အများကြီး ပိုကြာတယ်... အကြီးအကဲရဲ့ နည်းလမ်းက အလုပ်ဖြစ်တယ် ဆိုတဲ့ သဘောပဲ"
ကျန်းပေရန်ကတော့ အဲဒီလို မမြင်ပေ။ စမ်းသပ်မှု မလုပ်ခင်က ဒီအဆိပ်ကို အထင်သေးခဲ့ပေမယ့် အခုတော့ ကြောက်စရာ ကောင်းမှန်း သိလိုက်ရပြီ။
အဆိပ်မိသွားတာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှာ ပုန်းအောင်းနေပြီး ကျန်းမာတဲ့ ဆဲလ်တွေ အဖြစ် ဟန်ဆောင်နေကြသည်။ အချိန်တန်မှ သူတို့ရဲ့ မူရင်း မျက်နှာဖုံးကို ခွာချလိုက်ကြခြင်း ဖြစ်သည်။
ကာကွယ်ဖို့ သိပ်ခက်ခဲသည်။
ကျန်းပေရန် အကြံအိုက်သွားသည်။
"ဂိုဏ်းချုပ်ယင်... ကျွန်တော့်ကို ကူညီရမယ့် ကိစ္စ တစ်ခု ရှိတယ်"
"ပြောပါ... ကြိုက်တာ ခိုင်းပါ"
"အဆိပ်မိနေတဲ့ တပည့် ၁၀၀ လောက် ရှာပေးပါ"
"၁၀၀ တောင်လား"
ယင်ကျန်းဟုန် ကြောင်သွားသည်။
"စမ်းသပ်ဖို့လား"
"ဟုတ်တယ်"
ကျန်းပေရန် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ယင်ကျန်းဟုန် သဘောပေါက်သွားသည်။
"ဒါဆို စမ်းသပ်မှုက အန္တရာယ် များတယ် ပေါ့"
"အန္တရာယ် မများပါဘူး... ဒါပေမဲ့ လူတစ်ယောက်တည်း အပေါ်မှာ အကြိမ်ကြိမ် စမ်းသပ်လို့ မဖြစ်လို့ပါ"
ယင်ကျန်းဟုန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... သွားရှာခိုင်းလိုက်မယ်"
ယင်ကျန်းဟုန် ထွက်သွားတာနဲ့ စက္ကူစွန် တစ်စောင် ပျံဝင်လာသည်။
ကျန်းပေရန် ဖမ်းယူပြီး ဖတ်ကြည့်လိုက်သည်။
'ဒုက္ခပဲ... ဟိုဘက် ဒီဘက် အတူတူ ဖြစ်နေပါလား'
စောစောက ရှီဝေယိဆီ ပို့တဲ့ စာထဲမှာ အရေးကြီးတဲ့ မိတ်ဆွေတွေကို ကုပေးရမှာမို့ ချက်ချင်း မလာနိုင်ကြောင်း ရေးထားခဲ့သည်။
ရှီဝေယိရဲ့ ပြန်စာထဲမှာ သူတို့ဘက်မှာလည်း အခိုးအငွေ့ ပြဿနာ တက်နေကြောင်း၊ ဆေးဆရာတွေ လက်မြှောက်ထားရကြောင်း၊ ဒါကြောင့် ကယ်တင်ရှင်ဖြစ်တဲ့ ကျန်းပေရန်ကို သတိရပြီး လှမ်းခေါ်ရခြင်း ဖြစ်ကြောင်း ရေးထားသည်။
ရှီဝေယိက ကျန်းပေရန်ရဲ့ ဆေးဖော်စွမ်းရည်ကို ကောင်းကောင်း သိထားသည်။ ဆေးဖော်စွမ်းရည် မြင့်ရင် ဆေးပညာလည်း မညံ့နိုင်ကြောင်း သိထားသည်။
ဒါကြောင့် အမြန်ဆုံး လာဖို့ ဆင့်ခေါ်နေခြင်း ဖြစ်သည်။
ခဏကြာတော့ ယင်ကျန်းဟုန် ပြန်ဝင်လာသည်။
"အကြီးအကဲ... မှာလိုက်ပြီ... လူတွေ မကြာခင် ရောက်လာလိမ့်မယ်"
ဒါပေမဲ့ ကျန်းပေရန်က ခေါင်းခါပြလိုက်သည်။
"မလိုတော့ဘူး"