အခန်း (၅၄၆-၅၄၇)
Vol. 48 Ch. 546-547
အခန်း ၅၄၆ ရန်စခြင်း
‘ကောင်းပါလေ့ တကယ့်ကို ဟိတ်ဟန်ထုတ်ထားတာပဲ’
အစေခံမလေးနောက်သို့ လိုက်ရင်း လျှောက်လမ်းရှည်ကြီး တစ်ခုကို ဖြတ်ကျော်လာပြီးနောက် ကျန်းပေရန်၏ မြင်ကွင်းရှေ့တွင် ဧရာမ ဝေဟင်မျှော အဆောက်အဦးကြီး တစ်ခု ရုတ်တရက် ပေါ်လာလေသည်။ မဟုတ်သေး ပင်လယ်ပြင်ပေါ်တွင် မျှောနေသည့် အဆောက်အဦးဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ကြည်လင်နေသည့် ရေပန်းများသည် လေထဲတွင် ဝဲပျံနေပြီး ထိုအဆောက်အဦးကြီးသည်လည်း ရေမျက်နှာပြင်ထက်တွင် ပေါလောပေါ်နေ၏။
သို့သော် ရေပန်းမှရေများသည် အောက်သို့ တစ်စက်မျှ ကျမလာချေ။
ကျန်းပေရန်မှာ အချိန်အတော်ကြာအောင် အကဲခတ်ကြည့်သော်လည်း ဒီဖွဲ့စည်းပုံက ဘာအသုံးဝင်မှန်း ကြည့်မရပေ လုံးဝကို အပေါ်ယံ ဟိတ်ဟန်ထုတ်ထားခြင်း သက်သက်သာဖြစ်ပြီး အလှအပ သဘောတရားအရမူ အပြည့်အဝ ပေးစွမ်းနိုင်သည်ဟု ဆိုရမည်။
အစေခံမလေးနှင့်အတူ ချန်လန်အိမ်တော်ပေါ်သို့ ခုန်တက်လိုက်သည်နှင့် ကျန်းပေရန် မြေပြင်ပေါ် ခြေချမိလိုက်ချိန်၌ အရှိန်အဝါ အပြည့်ရှိလှသော ဆိုင်းဘုတ်ကြီးတစ်ခုကို တွေ့လိုက်ရ၏ ထိုဆိုင်းဘုတ်ပေါ်တွင် စာလုံးသုံးလုံး ရေးထိုးထားသည်။
【ချန်လန်အိမ်တော်】
‘ဝှက်ထားတဲ့ မြေပုံအသစ် ပွင့်သွားသလို ခံစားချက်မျိုးပါလား’
စိတ်စွမ်းအင်ကို အသုံးပြုပြီး ခေတ္တမျှ အာရုံခံကြည့်ပြီးနောက် ဒီဧရိယာတစ်ခုလုံးကို ကောင်းကင်မြို့တော် အစီအရင်ဖြင့် ဖုံးကွယ်ထားကြောင်း ကျန်းပေရန် ရိပ်မိသွားတော့သည် ထို့ကြောင့်လည်း ခမ်းနားထည်ဝါသော အဆောက်အဦးကြီးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ခြင်း ဖြစ်ပေလိမ့်မည် ထို့အပြင် ဒီနေရာတွင် ကောင်းကင်မြို့တော် အစီအရင်သာမက အခြားသောအရာများလည်း ရှိနေသေးကြောင်း ကျန်းပေရန် တွေ့ရှိလိုက်ရသော်လည်း ဆက်လက်၍ အဖြေရှာမရတော့ပေ။
‘ဟူး ပညာလိုနေသေးတာပဲ’
စိတ်ထဲတွင် ညည်းတွားလိုက်ရင်း ကျန်းပေရန်သည် ရှေ့မှ ချန်လန်အိမ်တော်ကို နောက်တစ်ကြိမ် အကဲခတ်လိုက်ပြန်သည်။
ခုနစ်ထပ်မြင့်ပြီး အထပ်တိုင်းသည် ရှေးဆန်သော ခမ်းနားမှုမျိုးကို ဖော်ကျူးနေကာ မြင်လိုက်ရသူတိုင်း စိတ်နှလုံး တည်ငြိမ်သွားစေနိုင်သည့် အနုပညာလက်ရာ မြောက်လှပေသည်။
တံခါးဝတွင် ရေကန့်လန့်ကာ တစ်ခုရှိပြီး အကြာကြီး စိုက်ကြည့်နေပါက ထိုအထဲသို့ စုပ်ယူခြင်း ခံလိုက်ရမလို ခံစားရစေသည်။
“ဆရာကျန်း ခဏလောက် စောင့်ပေးနော် ကျွန်မ သွားပြောပေးမယ်”
ထိုအချိန်တွင် အစေခံမလေးက ကျန်းပေရန်ဘက်သို့လှည့်၍ အရိုအသေပြုကာ ပြောလာသည်။
ကျန်းပေရန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။
ကျန်းပေရန်ကို နောက်တစ်ကြိမ် အရိုအသေ ပြုပြီးနောက် အစေခံမလေးသည် ရေကန့်လန့်ကာ ရှိရာဆီသို့ လျှောက်သွားလေသည်။
မကြာမီပင် ရေကန့်လန့်ကာသည် အလယ်မှ ကွဲထွက်သွားပြီး လမ်းကြောင်းတစ်ခု ပေါ်လာ၏။
အစေခံမလေး စကားမစရသေးခင်မှာပင် ရှီဝေရိက အထဲမှ သုတ်ခြေတင် လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
“နောက်ဆုံးတော့ မင်းရောက်လာပြီပဲ လာ ငါ့နောက်လိုက်ခဲ့တော့”
ရှီဝေရိ၏ ပျာယာခတ်နေသော ပုံစံကိုကြည့်ပြီး ကျန်းပေရန်မှာ ကြက်သီးမွေးညှင်းများပင် ထသွားမိသည် သို့သော် သူ ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ရှီဝေရိက သူ့လက်ကို အတင်းဆွဲပြီး အထဲသို့ ခေါ်သွားလေတော့သည်။
ရှင်းပြချိန်မရတော့ဘူး ကားပေါ် အမြန်တက်ဆိုသည့် ပုံစံမျိုး ဖြစ်သည်။
‘ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းလိုက်တာ’
ချန်လန်အိမ်တော်ထဲသို့ ဝင်လိုက်မိသည့် ခဏမှာပင် ကျန်းပေရန်သည် သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသည် သာမန် ဝိညာဉ်စွမ်းအင်မျိုး မဟုတ်ပေ။
‘ဒါ ရေဓာတ် ဝိညာဉ်စွမ်းအင်တွေပဲ ဒီချန်လန်အိမ်တော်က တကယ်ကို တန်ဖိုးကြီးတာပဲဟ’
ထိုအခါမှသာ ဒီချန်လန်အိမ်တော် ရေပေါ်တွင် ပေါလောပေါ်နေခြင်းမှာ ဟိတ်ဟန်ထုတ်ရုံ သက်သက်မဟုတ်ဘဲ ရေဓာတ် ဝိညာဉ်စွမ်းအင်များ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ကြောင်း ကျန်းပေရန် နားလည်သွားတော့သည်။
လမ်းလျှောက်ရင်း ဘေးဘီဝဲယာကို အကဲခတ်နေစဉ်မှာပင် ကျန်းပေရန်သည် ရှီဝေရိ ခေါ်ဆောင်ရာ ထိပ်ဆုံးထပ်သို့ ရောက်ရှိလာခဲ့၏ လေးလံပုံရသည့် နဂါးရုပ်ထွင်း တံခါးကြီးကို တွန်းဖွင့်လိုက်သည်နှင့် ကြီးမားလှသော အရှိန်အဝါတစ်ခု မျက်နှာကို လာရိုက်ခတ်သလို ကျန်းပေရန် ခံစားလိုက်ရသည်။
ကြီးမားကျယ်ပြန့်သော အစည်းအဝေး ခန်းမကြီးထဲတွင် စတုဂံပုံ စားပွဲရှည်ကြီး တစ်လုံးရှိပြီး ထိုစားပွဲဝိုင်းတွင် လူများ ပြည့်နှက်စွာ ထိုင်နေကြသည် ထိုလူများသည် မည်သည့် အတွင်းအားကိုမျှ ထုတ်ဖော်ထားခြင်း မရှိသော်လည်း ထွက်ပေါ်နေသော အရှိန်အဝါ သက်သက်ဖြင့်ပင် သူတို့သည် သာမန်လူများ မဟုတ်ကြောင်း ကျန်းပေရန် သိလိုက်၏။
“ရှီပညာရှိ ဒီလူငယ်လေးက ခင်ဗျားပြောတဲ့ ရှီမိသားစုရဲ့ အငယ်ဆုံး ဧည့်အကြီးအကဲ ဆိုတာလား”
ထိုစဉ် ထိပ်ဆုံးခုံတွင် ထိုင်နေသော သက်ကြီးပိုင်း လူတစ်ယောက်က မျက်လုံးတစ်ဖက်ဖွင့်ကာ မေးလာသည်။
ထိုလူကြီးကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုရင်း ရှီဝေရိက ပြန်ဖြေလိုက်၏။
“အင်မော်တယ်အရှင် မေးတဲ့အတိုင်းပါပဲ ဟုတ်ပါတယ် သူက ကျန်းပေရန်ပါ ကျုပ်တို့ ရှီမိသားစုရဲ့ အငယ်ဆုံး ဧည့်အကြီးအကဲပါ”
‘အင်မော်တယ်အရှင် ဟုတ်လား’
နားထောင်လိုက်ရုံနှင့် အကြီးအကဲတစ်ပါးမှန်း သိသာစေသည့် ဘွဲ့ထူးဂုဏ်ထူးကို ခဏထားဦး ရှီဝေရိ၏ ရိုသေကိုင်းရှိုင်းနေသော ပုံစံကို ကြည့်ရုံဖြင့် ထိုလူကြီး၏ အဆင့်အတန်း မြင့်မားပုံကို ခန့်မှန်း၍ ရနေသည်။
ကျန်းပေရန်သည် စားပွဲဝိုင်းရှိ လူများကို အကဲခတ် ကြည့်လိုက်ရာ မည်သူမျှ ရှီမိသားစု၏ အထက်ပိုင်း ခေါင်းဆောင်များ မဟုတ်ကြပေ သို့ဆိုလျှင် ဖြေရှင်းချက်က တစ်ခုသာ ရှိသည်။
ထိုင်နေသူအားလုံးသည် ထုန်တိုင်းပြည် အထက်ပိုင်းမှ နာမည်ကြီး ပုဂ္ဂိုလ်များသာ ဖြစ်ပေလိမ့်မည်။
‘ကြည့်ရတာ ဂူကျင့်ကြံသူက တော်တော်စွမ်းပုံရတယ် ဒီလို ထိပ်သီးပုဂ္ဂိုလ်တွေ အကုန်လုံးကို တစ်နေရာတည်း စုမိအောင် လုပ်နိုင်တယ်ဆိုတော့’
ထိုအင်မော်တယ်အရှင် ဆိုသူက သူ့ကို လှမ်းကြည့်လာသည်ကို မြင်သောအခါ ကျန်းပေရန်က သူ့ကို အရိုအသေ ပြုလိုက်သည်။
“ဂျူနီယာ ကျန်းပေရန်ပါ စီနီယာတို့ကို ဂါရဝပြုပါတယ်”
ထိုင်နေသော လူကြီးလူကောင်းများထံမှ မည်သည့် တုံ့ပြန်မှုမျှ မရသောအခါ ကျန်းပေရန် စိတ်ထဲ တွေးမိလိုက်၏။
‘ဒီ ရှန့်တိုင်းပြည်က မဆိုးဘူးပဲ ပုံမှန်ဆိုရင် ဒီအချိန်မှာ တစ်ယောက်ယောက် ထွက်လာပြီးတော့ ဟား မင်းတို့ ရှီမိသားစုက ဘယ်လို ဧည့်အကြီးအကဲမျိုးကို လက်ခံထားတာလဲ ကြည့်ရတာ သောက်ဖက်မလုပ်လောက်ပါဘူးကွာ ဘာညာဆိုပြီး လှောင်ရမှာလေ ဘယ်လိုဖြစ်လို့’
“ဟား”
ကျန်းပေရန် စိတ်ထဲကနေ ချီးကျူးနေခိုက်မှာပင် လှောင်ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာချေသည်။
“ဟား” ဆိုသည့် အသံလာရာသို့ ကြည့်လိုက်ရာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးလျက် ပြောလာ၏။
“ငါကလည်း မင်းတို့ ရှီမိသားစုက ဘယ်လို ဧည့်အကြီးအကဲမျိုးကို လက်ခံထားတာလဲလို့ ကြည့်ရတာ သောက်ဖက်မလုပ်လောက်ပါဘူးကွာ”
‘ဒီကောင့် လိုင်းကလည်း တယ်နောက်ကျတာကိုး’
စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီးနောက် ကျန်းပေရန်က ရှီဝေရိကို လှမ်းကြည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် တိုက်ရိုက် ရန်ငြိုးရန်စမှ မရှိဘဲ ဒီလူ ရန်စသည့် စကားလုံးများသည် သူ့ကို ဦးတည်ခြင်း မဟုတ်ဘဲ ရှီမိသားစုကို ဦးတည်ခြင်းသာ ဖြစ်ဖို့များသည်။
ထင်သည့်အတိုင်းပင် ထိုရန်စစကားကို ကြားသောအခါ ရှီဝေရိ၏ မျက်နှာထားမှာ ပုံမှန်အတိုင်းပင်ဖြစ်ပြီး ကြိုတင် မျှော်လင့်ထားသည့်ပုံ ပေါက်နေသည်။
“ဟုတ်လား ဒါဆို ခင်ဗျားတို့အိမ်က အသစ်လက်ခံထားတဲ့ ဧည့်အကြီးအကဲကို ထုတ်ပြီး ယှဉ်ခိုင်းကြည့်မလား ကျုပ်တို့ဘက်က ရှုံးရင် မြို့နှစ်မြို့ ကြားက မြေကွက်ကို ခင်ဗျားကို ပေးလိုက်မယ်”
ထိုစကားကို ကြားသည်နှင့် သက်လတ်ပိုင်း အမျိုးသားသည် စားပွဲကို ဘုန်းခနဲ ရိုက်ကာ ထရပ်လိုက်တော့သည်။
“ကောင်းပြီလေ ကတိတည်စေနော် ခင်ဗျား နောင်တ မရစေနဲ့”
‘ဟာ သွားပြီ’
ကျန်းပေရန်မှာ ရှေ့ထွက်ပြီး “ငါက ယှဉ်ပြိုင်မယ်လို့ ပြောမှ မပြောရသေးတာ” ဟု အော်ပြောချင်စိတ် ပေါက်သွားသည်။
သို့သော် အခြေအနေက မပေးပေ။ ယခုအချိန်တွင် ထိုသို့ အော်ပြောလိုက်ပါက ရှီဝေရိ မျက်နှာကို ပါးရိုက်လိုက်သလို ဖြစ်သွားမည့်အပြင် ရှီမိသားစု သိက္ခာကိုပါ ချရာ ရောက်ပေလိမ့်မည်။
‘ခွေးကောင် ငါ့ကို နောက်ကွယ်ကနေ ကြံစည်ပြန်ပြီ တွေ့မယ် ကိစ္စပြီးလို့ ဆုလာဘ် ကောင်းကောင်း မပေးရင်တော့ မင်း ခံဖို့သာပြင်ထားလိုက်တော့’
ထိုသက်လတ်ပိုင်း အမျိုးသား သဘောတူလိုက်သည်ကို ကြားသောအခါ ရှီဝေရိသည် ကျေနပ်ပုံ မရသေးဘဲ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်ကာ ပြောလိုက်ပြန်သည်။
“ဒီမှာရှိတဲ့ မိတ်ဆွေတွေထဲက ကျုပ်နဲ့ လောင်းချင်တဲ့သူ ရှိရင် တစ်ခါတည်း လာခဲ့ကြ အကြီးအသေး မရွေးဘူး ဒီနေ့ ရှီဝေရိက အကုန် လက်ခံတယ်”
ထိုစကားကို ကြားသောအခါ လူတိုင်း မျက်နှာပျက်သွားကြပြီး ‘ဒီ ရှီဝေရိက သိပ်မာန်တက်နေပါလား’ ဟု တွေးမိလိုက်ကြသည်။
ထိုအထဲတွင် ကျန်းပေရန်လည်း ပါဝင်လေသည်။
‘ခင်ဗျားဘာသာ ဟိတ်ဟန်ထုတ်ချင်ရင် ကိုယ်တိုင် ထွက်ရှင်းပါလား ဘာကိစ္စ ငါ့ကို ဒိုင်းကာအနေနဲ့ အရှေ့ပို့ထားရတာလဲ’
“ကောင်းပြီ ခင်ဗျားက ကိုယ်တိုင် သေတွင်းလာတူးနေမှတော့ ကျုပ်ကလည်း ငြင်းစရာ အကြောင်းမရှိဘူး ရှီဝေရိ ကျုပ်က ပိုင်ဆန်းနန်းတော်က မြေကွက်နဲ့ လောင်းမယ်”
“ဒီလိုဆိုမှတော့ ပွဲကြီးပွဲကောင်း ဖြစ်ပြီ ကျုပ်လည်း လောင်းမယ် ပြီးခဲ့တဲ့တစ်ခေါက် ကျုပ်ဆီက နိုင်သွားတဲ့ ဖုန်းလင်ဓားကို ပြန်လောင်းမယ်”
မကြာမီ အချိန်အတွင်းမှာပင် လူဆယ်ယောက်ကျော် ထွက်လာပြီး ရှီဝေရိ၏ လောင်းကြေးကို လက်ခံလိုက်ကြသည် ထိုအထဲမှ အများစုမှာ အရင်ကတည်းက ရန်ငြိုးဟောင်း ရှိပုံရလေသည်။
အခြေအနေကို ကြည့်ပြီး ကျန်းပေရန် သဘောပေါက်သွားသည်။ ရှီဝေရိက သူ့ကို ဒုက္ခပေးချင်လို့ သက်သက်မဲ့ လုပ်နေခြင်း မဟုတ်ဘဲ ဒီလူ့ရုပ်ကိုက လူမြင်ရင် လှောင်ချင်စရာ ကောင်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ရှီဝေရိ ဘာတွေ ကြံစည်နေမှန်း ကျန်းပေရန် နားမလည်နိုင် ဖြစ်နေမိသည်။
ပထမတစ်ယောက်တည်းကို ရန်စတုန်းကတော့ ကျန်းပေရန် ခန့်မှန်း၍ ရသေးသည်။ သိုင်းပညာ ယှဉ်ခိုင်းဖို့တော့ မဖြစ်နိုင် သေချာပေါက် အနုပညာ တစ်ခုခုကို ယှဉ်ခိုင်းခြင်းသာ ဖြစ်ရမည်။
သို့သော် ယခုလို လူအများကြီးကို ရန်စလိုက်သောအခါ ကျန်းပေရန် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် အနုပညာရပ်များတွင် သူ မကျွမ်းကျင်တာ မရှိသော်လည်း ဟာကွက်တော့ ရှိနေသည်။ ဥပမာ ဗေဒင်ယတြာနှင့် အစီအရင် ပညာရပ်များကို ယခုထိ သူ ကောင်းကောင်း နားမလည်သေးပေ။ တကယ်လို့များ အဲ့ဒါနဲ့ ပြိုင်ရမယ်ဆိုရင် အဆင့် ၉ ဗေဒင်ဆရာ မပြောနဲ့ အဆင့် ၅ လောက် လာရင်တောင် သူ နိုင်အောင် တိုက်နိုင်မည် မဟုတ်ပေ။
ဘေးဘီဝဲယာကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ အစည်းအဝေး ခန်းမထဲမှ ကျန်သောလူများမှာ ပွဲကြည့်ပရိသတ် လုပ်နေကြသည်ကို ကျန်းပေရန် တွေ့လိုက်ရ၏။ သူ ထင်မှတ်ထားသလို “တော်ကြပါတော့ အရေးကြီးကိစ္စ ပြောနေတာလေ ခင်ဗျားတို့က ကလေးတွေလို ဘာလုပ်နေကြတာလဲ” ဟု ထဟန့်တားမည့် အကြီးအကဲမျိုး ပေါ်မလာခဲ့ချေ။
ခဏအကြာတွင် ဒီတစ်ခေါက် လိုင်းကျနေခြင်း မဟုတ်မှန်း သေချာသွားသော ကျန်းပေရန်သည် လောင်းကြေးထပ်မည့်သူများကို ကြည့်လိုက်သည်။
သူ ခန့်မှန်းထားသည့်အတိုင်း ထိုလူများ၏ အကြည့်သည် သူ့ထံတွင် မဟုတ်ဘဲ ရှီဝေရိ ထံ၌သာ ရောက်နေကြ၏။
“လာကြ လာကြ စာချုပ်မှာ လက်မှတ်ထိုးကြ ရှုံးသွားမှ မပေးဘူး မလုပ်ကြနဲ့နော်”
‘ဒီခွေးကောင်က ငါ့ကို တကယ်ပဲ အဲ့လောက် ယုံကြည်နေတာလား ဒါမှမဟုတ် သူ့မှာ နိုင်ကွက် တစ်ခုခု ရှိနေတာလား’
သို့သော် ဘယ်လိုပဲဖြစ်ဖြစ် စနစ်ဆီမှ သတိပေးချက် တက်မလာသရွေ့ ကျန်းပေရန်ကတော့ အေးဆေးပင် ရှီဝေရိ ဘာကစားကွက်တွေ ခင်းဦးမလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေလိုက်သည်။
သာမန်အချိန်ဆို အရှိန်အဝါ တစ်ခွဲသားနှင့် နေမည့် ပုဂ္ဂိုလ်ကြီးများက တန်းစီပြီး စာချုပ် လက်မှတ်ထိုးနေကြသည်ကို ကြည့်ရင်း ကျန်းပေရန် ပြောချင်စိတ် ပေါက်လာသည်။
‘ဒီလူတွေက ရှန့်တိုင်းပြည်ရဲ့ အရေးကိစ္စတွေ ဆွေးနွေးဖို့ လာကြတာ မဟုတ်ဘူးလား ဒါမှမဟုတ် ရှန့်တိုင်းပြည်ရဲ့ အခြေအနေက ငါထင်ထားသလောက် မဆိုးရွားသေးလို့ ဒီလူတွေ ဒီလောက် အားယားနေကြတာလား’
ထိုသို့ဖြင့် အမွှေးတိုင်တစ်တိုင်ကြာချိန် အချိန်ကုန်လွန်သွားပြီးနောက် စာချုပ်တစ်ထပ်ကြီးကို ကိုင်ဆောင်လျက် ရှီဝေရိက ကျန်းပေရန် ဘေးနားသို့ ပြန်ရောက်လာသည်။ ထို့နောက် စောစောက အင်မော်တယ်အရှင်ဟု ခေါ်သော လူကြီးရှေ့သို့ သွားကာ အရိုအသေ ပြုလိုက်လေ၏။
“အင်မော်တယ်အရှင် ဒီနေ့ကိစ္စကို အရှင်ကပဲ သက်သေ လုပ်ပေးပါ ဒီလူတွေအားလုံး လက်မှတ်ထိုးထားပြီးသားပါ တကယ်လို့ သူတို့တွေ ရှုံးပြီး မပေးချင်ဘူး လုပ်ခဲ့ရင် အရှင်ကပဲ တရားမျှတအောင် ဆုံးဖြတ်ပေးပါ”
အင်မော်တယ်အရှင်က မုတ်ဆိတ်ကိုသပ်ရင်း တစ်ချက်ရယ်ကာ ကျန်းပေရန်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်မှ စကားစလာ၏။
“ကောင်းပြီလေ တကယ်လို့ ဒီလူငယ်လေးက မင်းပြောသလောက် စွမ်းဆောင်နိုင်မယ် ဆိုရင်တော့ ငါကိုယ်တိုင် တရားမျှတအောင် စီရင်ပေးမယ်”
‘အမ်’
ထိုအင်မော်တယ်အရှင်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းပေရန် တစ်စုံတစ်ခုကို ရိပ်မိသွားသည်။ ဒါက ရှီဝေရိ အစောပိုင်းတုန်းက သူ့အကြောင်းကို တစ်ပွဲတိုး လေလုံးထွားထားခဲ့လို့ ဒီလောက် လူအများကြီးက မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်ပေလိမ့်မည်။
ဒါကြောင့် စောစောက မေးခွန်းကိုပဲ ပြန်မေးရတော့မည်။
‘ခင်ဗျားဘာသာ ဟိတ်ဟန်ထုတ်ချင်ရင် ကိုယ်တိုင်လုပ်ပါလား ဘာကိစ္စ ငါ့ကို ဒိုင်းကာအဖြစ် သုံးရတာလဲ’
အင်မော်တယ်အရှင်၏ ကတိစကားကို ရပြီးနောက် ရှီဝေရိက ချက်ချင်း ဦးညွှတ် အရိုအသေ ပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် အင်မော်တယ်အရှင်”
ထို့နောက် ရှီဝေရိသည် ပြန်လှည့်လာပြီး ရှန့်တိုင်းပြည် အထက်ပိုင်း ခေါင်းဆောင်များကို စာချုပ်များ ဝှေ့ယမ်းပြလိုက်လေသည်။
“ကဲ ဆေးဖော်စပ်တဲ့ အဆောင် ဘယ်မှာရှိလဲဆိုတာ ခင်ဗျားတို့ မှတ်မိကြမယ် ထင်ပါတယ် အခု ခင်ဗျားတို့ ပြန်ပြီးတော့ ကိုယ့်အိမ်က ဧည့်အကြီးအကဲတွေကို ပြင်ဆင်ခိုင်းလို့ရပြီ နောက်ထပ် နှစ်နာရီကြာရင် ဆေးဖော်စပ်တဲ့ အဆောင်မှာ တွေ့ကြမယ်”
ပြောပြီးသည်နှင့် ရှီဝေရိက ကျန်းပေရန် ပခုံးကို ပုတ်ကာ ပြောလိုက်၏။
“သွားကြစို့”
ဘာမှန်းမသိဘဲ ဇာတ်ပို့ ဝင်လုပ်လိုက်ရသည်ဟု ခံစားနေရသော ကျန်းပေရန်မှာ ဘာမှ ထွေထွေထူးထူး မပြောတော့ဘဲ ရှီဝေရိ နောက်သို့သာ လိုက်ပါသွားတော့သည်။
ချန်လန်အိမ်တော် အပြင်ဘက်သို့ ရောက်လာပြီး အပြင်တွင် စောင့်နေသော ရှီဖုန်းလန်ကို တွေ့ရသည့် အချိန်ကျမှသာ ရှီဝေရိသည် သူ၏ မူပိုင် ရယ်သံကြီးဖြင့် ရယ်မောလိုက်လေသည်။
“ဟိုဟိုဟို ပေရန်လေး ရေ ပေရန်လေး ငါ မင်းကို လူရွေးမမှားခဲ့ဘူးပဲ ဒီလို ထိပ်သီးပုဂ္ဂိုလ်တွေ စုဝေးနေတဲ့ အခြေအနေမျိုးမှာတောင် မမျှော်လင့်ထားတဲ့ အခြေအနေကို မျက်တောင်မခတ်ဘဲ ရင်ဆိုင်နိုင်တယ် ငါ့သားသာ မင်းရဲ့ စိတ်ဓာတ်ခိုင်မာမှု တစ်ဝက်လောက် ရှိခဲ့ရင် ငါ့နေရာကို အခုချက်ချင်း လွှဲပေးလိုက်လို့ ရပြီ နှမြောစရာပဲကွာ”
“ပညာရှိကြီး မြှောက်ပြောနေပါပြီ တကယ်တော့ ဂျူနီယာ့ စိတ်ထဲမှာ ကြောက်လွန်းလို့ သေတော့မလိုပါပဲ ခုနက အထဲမှာ အရမ်း စိတ်လှုပ်ရှားနေတာနဲ့ ဘာစကားမှ မပြောနိုင်ခဲ့တာ”
“ဟိုဟိုဟို မင်းသဘောပါကွာ အရမ်း စိတ်လှုပ်ရှားလို့ပဲဖြစ်ဖြစ် ကြောက်သွားလို့ပဲဖြစ်ဖြစ် အဓိကကတော့ ဒီလောင်းကြေးကို ငါ မင်းအစား လက်ခံပေးလိုက်ပြီ။ တကယ်လို့ ရှုံးသွားရင်လည်း ဒါက ငါ့အမှားပါ မင်းအမှား မဟုတ်ပါဘူး”
‘ခင်ဗျားပြောတာ ယုံရရင် ခွေးသေတောင် ပြန်ရှင်လာလိမ့်မယ်’
“ဒါပေမဲ့ ပေရန်လေး မင်း ရှုံးမှာ မဟုတ်ဘူးဆိုတာ ငါ ယုံကြည်တယ်”
ရှီဝေရိက ပြောရင်းဆိုရင်း ကျန်းပေရန်ကို ခေါ်ကာ ချန်လန်အိမ်တော်ပေါ်မှ ခုန်ဆင်းလိုက်သည်။
မြေပြင်ပေါ်သို့ ရောက်သောအခါ ရှီဝေရိက ဆက်ပြောလေ၏။
“ဒီပြိုင်ပွဲက ရိုးရှင်းပါတယ်ကွာ ဆေးဖော်စပ်တာနဲ့ ဆေးပညာကို ယှဉ်ပြိုင်ရမှာ လုံးဝ မင်း အကြိုက်ပဲ မဟုတ်လား”
‘အော်’
ဒီအချက်ကို ကြားလိုက်ရမှ ပြီးတော့ စောစောက အစည်းအဝေးခန်းမထဲမှ အခြေအနေများကို ဆက်စပ်ကြည့်လိုက်မှ ကျန်းပေရန် တစ်ယောက် အဖြစ်အပျက် စုံစုံလင်လင်ကို နားလည်သဘောပေါက် သွားတော့သည်။
ဒီတစ်ခေါက် ရှန့်တိုင်းပြည် ခေါင်းဆောင်တွေ စုဝေးကြတာက ဂူကျင်ကြံသူ ကိစ္စ ဆွေးနွေးဖို့ဆိုတာ သေချာသလောက် ရှိသည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြချိန်မှာ ရှီဝေရိက သူ့အကြောင်း ထုတ်ပြောလိုက်ပြီး ဝိုင်းလှောင်ခံလိုက်ရသည့် ပုံပင် ဖြစ်သည်။
နောက်ဆုံးတော့ ကိစ္စက ဒီလို အခြေအနေသို့ ရောက်သွားခြင်း ဖြစ်ပေလိမ့်မည်။
‘ဒါကြောင့်မို့လို့ သူက ငါ့ကို ဒီလောက် လောင်းကြေးတွေ အများကြီး လက်ခံခိုင်းရဲတာကိုး ပြိုင်ရမယ့် ခေါင်းစဉ်က တစ်ခုတည်း ဖြစ်နေတာပဲ ဒါပေမဲ့ ငါက သူ့အတွက် အဝါရောင်အဆင့် ဝိညာဉ်ဆေးလုံး တစ်လုံး ဖော်ပေးလိုက်တာနဲ့ပဲ ဆေးလောကမှာ ပြိုင်ဘက်ကင်းပြီလို့ ထင်သွားတာလား ခင်ဗျားကလည်း တယ် ယုံကြည်ချက် ရှိတာပဲ’
သို့သော် ရှီဝေရိ ပြောသလိုပင် သူ အခု ဘယ်လိုပဲ တွေးနေပါစေ လောင်းကြေးက ထပ်ပြီးသွားပြီ ဖြစ်သလို နေရာပင် သတ်မှတ်ပြီးသွားပြီ ဖြစ်သည် သူ နိုင်မလား ရှုံးမလား ဆိုတာထက် ထွက်ပြေးလို့ မရတော့သည်က သေချာနေပြီ ဖြစ်သည်။
“ထားလိုက်ပါတော့လေ ရှီမိသားစုရဲ့ ဧည့်အကြီးအကဲ ဆိုတဲ့ ခေါင်းစဉ်ကို သုံးပြီး ငါလည်း ကိစ္စတွေ အများကြီး လုပ်ခဲ့တာပဲ လစာပဲ ယူပြီး အလုပ်မလုပ်လို့မှ မဖြစ်တာ”
“ပေရန်လေး နင် တခြားသူတွေနဲ့ သွားပြိုင်တော့မလို့လား”
ထိုအချိန်တွင် ရှီဖုန်းလန်က ဘာတွေဖြစ်နေမှန်း သေချာ နားမလည်သေးသော်လည်း ပေရန်လေး တခြားသူနှင့် ယှဉ်ပြိုင်ရတော့မည် ဆိုတာကိုတော့ ကြားလိုက်ပုံ ရသည်။
“အင်း”
ကျန်းပေရန် ခေါင်းညိတ်ပြလိုက်သည်။
“ရေး မိုက်တယ်”
ရှီဖုန်းလန်က လက်ခုပ်တီးကာ အော်လိုက်၏။
“ငါ နင့်ကို သေချာ အားပေးမယ်နော်”
ရှီဝေရိက တစ်ချက်ရယ်လိုက်ပြီး ရှီဖုန်းလန်ကို ပြောလိုက်သည်။
“ဟုတ်တယ် သေချာ အားပေးရမယ် ဖုန်းလန်ရေ နင် သွားပြီး လူများများ ထပ်ခေါ်ခဲ့ဦး ဒါ ကိုယ့်အိမ်ကွင်းလေ အရှိန်အဝါတော့ ရှိမှဖြစ်မယ်”
‘ခင်ဗျားကတော့ တကယ့်ကို ပွဲကြည့်ပရိသတ်ပဲ မဟုတ်သေးဘူး ခင်ဗျားက အမြဲတမ်း သတင်းကြီးအောင် လုပ်ချင်နေတာ’
ရှီဖုန်းလန်က ကြားသည်နှင့် စိတ်အားထက်သန်သွားပြီး “ကောင်းပြီ သမီး အခုပဲ သွားခေါ်လိုက်မယ်” ဟု ပြောကာ “ရှူး” ခနဲ အသံမြည်အောင် ပြေးထွက်သွားလေတော့သည်။
စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းပေရန်သည် ရှီဝေရိ နောက်သို့လိုက်ကာ လက်ရာမြောက် အလုပ်ရုံဆီသို့ ထွက်လာခဲ့သည်။
ဝိညာဉ်စုစည်း အဆောင်သို့ ရောက်သောအခါ ရှီဝေရိက ဂေဟာမှူး ဝမ်ဟဲ့ရုံ ကို ခေါ်ထုတ်လိုက်သည် သူသည် အဆင့် ၇ ဆေးပညာရှင် တစ်ဦးဖြစ်ပြီး ကျန်းပေရန် အရင်က မျက်မှန်းတန်းမိဖူးသော်လည်း စကား သိပ်မပြောဖူးချေ။
“ပညာရှိကြီးကို ဂါရဝပြုပါတယ်”
ဝမ်ဟဲ့ရုံက အောက်ထပ်ဆင်းလာပြီး ရှီဝေရိကို အရိုအသေ ပြုလိုက်သည်။
ခေါင်းညိတ်ပြရင်း ရှီဝေရိက ပြန်ပြောလိုက်၏။
“ဂေဟာမှူးဝမ် ကျုပ် ခင်ဗျားနေရာကို ငှားပြီး ပြိုင်ပွဲတစ်ခုလောက် လုပ်ချင်လို့ အဆင်ပြေပါ့မလား”
“ပညာရှိကြီး ကိုယ်တိုင် ဖွင့်ပြောလာမှတော့ သေချာပေါက် အဆင်ပြေတာပေါ့ဗျာ”
ဝမ်ဟဲ့ရုံက ပြုံးလျက် ပြန်ဖြေသည်။
“ကောင်းပြီ ဒါဆို ဂေဟာမှူးဝမ်ကို အကူအညီ တစ်ခုလောက် တောင်းချင်တယ် ယာယီ ပြိုင်ပွဲစင်မြင့်လေး တစ်ခုလောက် လုပ်ပေးပါလား သိပ်ကြီးစရာ မလိုပါဘူး လူ ဆယ်ယောက်ကျော်လောက် ဆံ့ရင် ရပြီ”
“ဘာများ ပြိုင်မလို့လဲ ခင်ဗျာ”
“ခင်ဗျားဆီ ရောက်လာမှတော့ သေချာပေါက် ဆေးဖော်စပ်တာ ပြိုင်မှာပေါ့”
“ဒါဆို လွယ်ပါတယ် နောက်ဖေးက ကောင်းကင်ရနံ့ အခန်းဆိုရင် လုံလောက်ပါတယ်”
“ဟေ ဟုတ်လား”
ရှီဝေရိက အဆင်သင့် ရှိနေသည်ကို ကြားသောအခါ ချက်ချင်းပင် “ကောင်းပြီ ကျုပ်ကို လိုက်ပြပါဦး” ဟု ပြောလိုက်သည်။
“ပညာရှိကြီး ဒီဘက် လိုက်ခဲ့ပါ”
“ဦးလ”
ကျန်းပေရန်က ထိုနှစ်ယောက်နောက်သို့ လိုက်ပြီး ဝိညာဉ်စုစည်း အဆောင် နောက်ဘက်သို့ သွားရန် ပြင်လိုက်စဉ်မှာပင် ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရသည် သို့သော် ရှီဝေရိကို မြင်လိုက်သောအခါ ထိုအသံမှာ ရုတ်တရက် တိတ်သွားလေသည်။
လှည့်ကြည့်လိုက်သောအခါ ဝင်ရခက် ထွက်ရခက် ဖြစ်ကာ ရပ်နေသော လျူဝေနင် ကို တွေ့လိုက်ရသဖြင့် ကျန်းပေရန် စိတ်ထဲ အနည်းငယ် ရယ်ချင်သွားမိသည်။
‘ဒီ ကောင်မလေးမှာလည်း ကြောက်တတ်တဲ့သူ ရှိသေးတာပဲ’
ကျန်းပေရန် အမြင်တွင် လျူဝေနင် ဆိုသည်မှာ ဘာကိုမှ အလေးမထားတတ်သော အကဲခတ်တတ်သည့် မျက်လုံးမျိုး လုံးဝမရှိသော ဘယ်သူ့ကိုတွေ့တွေ့ တစ်ပုံစံတည်း ဆက်ဆံတတ်သော သူမျိုးဖြစ်သည်။
ဒီနေ့ကျမှ ရှီဝေရိကို တွေ့ပြီး ကြောက်လန့်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
လျူဝေနင် ကို တစ်ချက် အကဲခတ်ကြည့်ပြီးနောက် ရှီဝေရိက စဉ်းစားလိုက်ပြီးမှ သတိရသွားပုံဖြင့် “မင်းက လျူမိသားစုက သမီးငယ်လေး မဟုတ်လား” ဟု မေးလိုက်သည်။
ထိုအခါ လျူဝေနင် သည် ဘေးဘက်သို့ ခြေလှမ်းနှစ်လှမ်း တိတ်တဆိတ် ရွှေ့လိုက်ပြီး ကျန်းပေရန်၏ ကျောနောက်သို့ တစ်ရှိန်ထိုး ဝင်ပုန်းလိုက်ကာ “ဟုတ်” ဟု ခေါင်းညိတ်ပြရှာသည်။
လျူဝေနင် ကို မှတ်မိသွားသော်လည်း ရှီဝေရိက ဘာမှ ထပ်မပြောတော့ဘဲ ကျန်းပေရန် ပခုံးကိုပုတ်ကာ နောက်ဖေးသို့ ဆက်လျှောက်သွားလေသည်။
ရှီဝေရိ အဝေးသို့ ရောက်သွားမှ လျူဝေနင် သည် ကျန်းပေရန် နားနားကပ်ပြီး တိုးတိုးလေး ပြောလာသည်။
“သူက လူဆိုးကြီး တကယ့် လူဆိုးကြီး”
ကျန်းပေရန်မှာ ရယ်ချင်စိတ်ကို ထိန်းရင်း တိုးတိုးပြန်ပြောလိုက်လေ၏။
“နင် အဲဒီမှာ ပြောနေတာ သူကြားတယ်ဟ”
အခန်း ၅၄၇ - စီနီယာကြီးများ
ကြောက်လန့်သွားသော ယုန်ပေါက်လေး တစ်ကောင်နှယ် လျူဝေနင်သည် ကျန်းပေရန်၏ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာလေးမှာလည်း အကြောက်တရားတို့ဖြင့် ပြည့်နှက်နေ၏။
‘ဒီ ရှီဝေရိက ဒီ ကောင်မလေးကို ဘာတွေများ လုပ်ခဲ့လို့ ဒီလောက်တောင် ကြောက်နေရတာလဲ။’
သို့သော် ရှီဝေရိ၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းအရ လျူဝေနင် လို ကောင်မလေး တစ်ယောက်ကို အနိုင်ကျင့်စရာ အကြောင်းတော့ မရှိပေ။ ဒါက သူ့သိက္ခာကို သူချရာ ရောက်လိမ့်မည်။ ခန့်မှန်းရသလောက်တော့ လျူမိသားစုထဲက လူကြီးတစ်ယောက်ယောက်ကို ရှီဝေရိ ဒုက္ခပေးဖူးတာ ဖြစ်နိုင်သည်။ ဒါကြောင့်ပဲ ငယ်ငယ်ရွယ်ရွယ် လျူဝေနင်၏ စိတ်ထဲတွင် အရိပ်မည်းကြီး ဖြစ်သွားပုံရသည်။
လျူဝေနင်ကို ဆွဲခေါ်ပြီး ဝိညာဉ်စုစည်း အဆောင်၏ အနောက်ဘက်သို့ ရောက်သောအခါ ဂေဟာမှူးဝမ် ပြောသည့်အတိုင်း ကောင်းကင်ရနံ့ အခန်းသည် အတော်ပင် ကျယ်ဝန်းကြောင်း ကျန်းပေရန် တွေ့လိုက်ရသည်။ လူဆယ်ဂဏန်း မဆိုထားနှင့် ရာဂဏန်းလောက် ဝင်ဆံ့နိုင်သည်ဟု ဆိုလျှင်ပင် မှားမည် မထင်ပေ။
ရှီဝေရိက တစ်ချက်ကြည့်ပြီးနောက် ကျေနပ်သွားပုံဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါဆိုရင် ဂေဟာမှူးဝမ်... နည်းနည်းလောက် ထပ်ပြီး ပြင်ဆင်မွမ်းမံပေးပါဦး ပြီးတော့ သန့်ရှင်းရေးလေးလည်း လုပ်ပေးပါအုံး”
“ဟုတ်ကဲ့ပါ။”
ဝမ်ဟဲ့ရုံက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုရင်း အခန်းထဲမှ ထွက်သွားလေသည်။
ကျန်းပေရန်ဘက်သို့ ပြန်လှည့်လာပြီး ရှီဝေရိက ပြောလိုက်ပြန်၏။
“စိတ်ချပါ ပေရန်လေး ဒီပြိုင်ပွဲကိုသာ နိုင်အောင် တိုက်ပေးခဲ့ရင် ရှီမိသားစုက မင်းကို ဘယ်တော့မှ နစ်နာစေမှာ မဟုတ်ဘူး”
‘ဟက် အဘိုးကြီး ပါးစပ်ကပြောတဲ့ ဆုလာဘ်တောင် တိတိကျကျ မပြောနိုင်ဘူး။’
စိတ်ထဲတွင် ကျိန်ဆဲလိုက်ရင်း ကျန်းပေရန်သည် ရှီဝေရိကို လက်ခလယ် ထောင်ပြလိုက်သည်။
ကျန်းပေရန် ရုတ်တရက် ထောင်ပြလိုက်သော လက်ခလယ်ကို ကြည့်ပြီး ရှီဝေရိ တစ်ယောက် ကြောင်အသွားပုံ ရသည်။
“ပေရန်လေး ဒါက ဘာသဘောလဲ။”
ကျန်းပေရန်က ပြုံးလျက် ပြန်ဖြေလိုက်၏။
“လက်ခလယ် ဆိုတာက ဓာတ်ကြီးငါးပါးမှာ မီးဓာတ် ဖြစ်ပါတယ်။ လက်ချောင်းငါးချောင်းမှာ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြုတဲ့ သဘောပါ။ တစ်ဘဝလုံးရဲ့ အားအင်ကို ဒီလက်ချောင်းလေး တစ်ချောင်းတည်းမှာ စုစည်းထားတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ လက်ခလယ်နဲ့ ကတိပြုတယ် ဆိုတာက ကိုယ့်စွမ်းရှိသမျှ အကုန်ထုတ်ပြီး ကြိုးစားမယ်လို့ ပြောတာ”
ရှီဝေရိက ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် နားထောင်ပြီးနောက် ပြန်ပြောလေသည်။
“ဪ အဲဒီလိုလား အစီအရင် ပညာရှင် တစ်ယောက် ဖြစ်ရကျိုးနပ်ပါတယ်ကွာ ထုတ်ဖော်ပြောဆိုပုံက သာမန်လူတွေနဲ့ မတူဘူးပဲ။”
“ဒါတွေက အတတ်ပညာပိုင်းဆိုင်ရာ သဘောတရားတွေပါ ပြောပလောက်တဲ့ အရာတွေ မဟုတ်ပါဘူး”
ပြောပြီးသည်နှင့် ကျန်းပေရန်က လက်ခလယ်ကို ပြန်ချလိုက်ပြီး တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရှီအိမ်တော်ကို အစီအရင်ကြီး တစ်ခုဖြင့် ကာကွယ်ထားပုံ ရသည်။ ထို့ကြောင့် အဆိပ်မြူများက ဒီနေရာအထိ ဝင်မလာနိုင်ဘဲ အပြင်ဘက် လေထုမှာလည်း လတ်ဆတ်နေဆဲ ဖြစ်သည်။
ဒါကြောင့်လည်း ကျန်းပေရန် တစ်ယောက် အဆိပ်မြူ ကိစ္စကို ခဏ မေ့သွားခြင်း ဖြစ်ပေလိမ့်မည်။
အဝေးသို့ လှမ်းကြည့်နေသော ကျန်းပေရန်၏ အကြည့်ကို သတိထားမိသော ရှီဝေရိက မေးလိုက်၏။
“အဆိပ်မြူ ကိစ္စ စိတ်ပူနေတာလား။”
“ပညာရှိကြီးကရော မပူဘူးလား။”
“ပူလို့ အရာထင်မယ် ဆိုရင်တော့ ငါလည်း မင်းကို ခေါ်မနေတော့ဘူး။ အခန်းထဲမှာပဲ ထိုင်ပြီး မျက်မှောင်ကြုတ်နေလိုက်မှာပေါ့”
ရှီဝေရိ၏ စကားကို ကြားသောအခါ ကျန်းပေရန် ပြုံးလိုက်သည်။
“ပညာရှိကြီးက တကယ့်ကို ဉာဏ်ပညာ ကြီးမားသူပါ”
“ဟိုဟိုဟို ဒါက ဘာဉာဏ်ပညာကြီးမားစရာ ရှိလို့လဲ။ မင်းသာ ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကြီးကို အကုန်နားလည်သဘောပေါက်ထားတဲ့ ပုံစံမျိုး ဖြစ်နေတာ ဒါမှ တကယ့်ကို တရားလမ်း တွေ့နေတာ”
“ပညာရှိကြီး မြှောက်ပြောနေပါပြီ ဂျူနီယာလည်း သာမန်လူပါပဲ မဟုတ်ရင် လောကထဲ ဝင်ပြီး လေ့ကျင့်နေစရာ မလိုတော့ဘူးလေ”
“လောကထဲ ဝင်တယ်” ဆိုသည့် စကားကို ကြားသောအခါ ရှီဝေရိက ကျန်းပေရန်ကို မျက်လုံးထောင့်ကပ်၍ တစ်ချက် ကြည့်လိုက်ပြီး သူ့ခေါင်းထဲတွင် ကျန်းပေရန်၏ နောက်ခံရာဇဝင်ကို စိတ်ကူးယဉ် ပုံဖော်နေပြန်တော့သည်။
ဒါကလည်း ကျန်းပေရန် တမင်တကာ ဖန်တီးယူလိုက်ခြင်း ဖြစ်သည်။ လူတစ်ယောက်၏ ပုံရိပ်ဆိုသည်မှာ မကြာခဏ ပြုပြင်ထိန်းသိမ်းပေးနေမှ ရသည်။ ရံဖန်ရံခါ မတော်တဆ ပြောလိုက်သလိုမျိုး စကားတစ်ခွန်းက ပုံမှန် ဟိတ်ဟန်ထုတ်နေသည်ထက် ပိုပြီး ထိရောက်မှု ရှိတတ်သည်။
စိတ်ကူးယဉ်ပြီးနောက် ကျန်းပေရန်က ထိုအကြောင်းအရာကို ဆက်မပြောချင်သည့် ပုံစံဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဒီတစ်ခေါက် အဆိပ်မြူကြောင့် ရှီမိသားစု ဘယ်လောက်တောင် ဒုက္ခရောက်နေပြီလဲ”
“မင်းတောင် ဒီရောက်နေပြီပဲ ဒုက္ခက ဘယ်လောက်ကြီးမလဲ ဆိုတာ မင်း စဉ်းစားကြည့်လေ။”
“ဒါဆို ဒီအဆိပ်မြူတွေ ဘယ်ကနေ စဖြစ်တာလဲ ဆိုတာကိုရော ပညာရှိကြီး သိလား။”
ရှီဝေရိက ခေါင်းခါလိုက်ပြီး ပြန်ဖြေ၏။
“အခုချိန်ထိ ဘယ်သူမှ ရေရေရာရာ မသိကြသေးဘူး အားလုံးလည်း စုံစမ်းဖို့ ကြိုးစားနေကြတုန်းပဲ။”
ရှီဝေရိက သူ့ကို သိပ်အများကြီး ပြောပြချင်ပုံ မရသည်ကို ရိပ်မိသော ကျန်းပေရန်လည်း ဆက်မမေးတော့ပေ။ တစ်နေ့ကျရင် သူ့ဖာသာ ပြောလာပါလိမ့်မည်။ အဲ့ဒီအချိန်ကျမှ နားမထောင်ချင်ဘူး ပြောလို့ရမှာလည်း မဟုတ်ပေ။
သို့သော် ကျန်းပေရန် စိတ်ထဲတွင် သံသယ တစ်ခုတော့ ရှိနေသည်။
အခြေအနေက ဒီလောက်ထိ ဆိုးရွားနေပြီ ဆိုမှတော့ ရှန့်တိုင်းပြည် ခေါင်းဆောင်တွေက ဒီနေရာမှာ အေးအေးဆေးဆေး ထိုင်ပြီး အစည်းအဝေး လုပ်နိုင်ကြသေးတာလား။
အစည်းအဝေး လုပ်တာ မကောင်းဘူးလို့ ပြောချင်တာတော့ မဟုတ်ပေ။ ကြိုတင်တိုင်ပင် ဆွေးနွေးမှု မရှိဘဲ တစ်ယောက်တစ်ပေါက် လုပ်ကြမည် ဆိုလျှင် အားလုံး သေကုန်ကြဖို့သာ ရှိသည်။
ဒါပေမဲ့ ဒီလောက် လူအများကြီး ဒီမှာ ရောက်နေကြတယ် ဆိုတော့ အပြင်မှာ ရန်သူကို ခုခံပေးနေတာ ဘယ်သူလဲ။
“မဖြစ်နိုင်ဘူး... အနက်ရောင် သူတော်စင်လား။”
ဒီအတွေး ဝင်လာသည်နှင့် ဟုတ်လောက်သည်ဟု ကျန်းပေရန် တွေးမိလိုက်သည်။
ခေါင်းဆောင်ကြီးတွေ အစည်းအဝေးထဲမှာ မိသားစုခေါင်းဆောင် သူတော်စင် ရှီဟုန်ယွင်ကို သူ မတွေ့ခဲ့ရပေ။ ထို့အပြင် တစ်ခုလုံးသော အစည်းအဝေး ခန်းမထဲတွင် အဆင့်အတန်း အမြင့်ဆုံးမှာ အင်မော်တယ်အရှင် ဟု ခေါ်သော လူကြီးတစ်ယောက်သာ ရှိသည်။
ဆိုလိုသည်မှာ အစည်းအဝေး ခန်းမထဲတွင် ထိုအင်မော်တယ်အရှင် တစ်ယောက်တည်းသာ အနက်ရောင် သူတော်စင် အဆင့် ဖြစ်ပြီး အစည်းအဝေးကို ဦးဆောင်နေခြင်း ဖြစ်နိုင်သည်။ သို့မဟုတ်ပါက ဘယ်သူမှ ဘယ်သူ့ကို အဖက်လုပ်ကြမည် မဟုတ်ဘဲ အစည်းအဝေး ဆက်လုပ်ဖို့ပင် ခက်ခဲပေလိမ့်မည်။
ကျန်းပေရန် စဉ်းစားလေလေ ပိုပြီး သေချာလေလေ ဖြစ်လာသည်။
တိုက်နိုင်ခိုက်နိုင်သူတွေ အကုန်လုံး အပြင်ထွက်ပြီး ရန်သူကို ခုခံနေကြပြီး ဉာဏ်ကောင်းသူတွေကတော့ ဒီမှာ စုဝေးကာ ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းဖို့ နည်းလမ်းရှာနေကြခြင်း ဖြစ်ပေလိမ့်မည်။
“ပေရန်လေး ငါ ပြန်ရောက်ပြီ။”
အမွှေးတိုင် တစ်တိုင်စာကြာခန့် အချိန်ကုန်လွန်ပြီးနောက် ရှီဖုန်းလန်သည် သူမ၏ သူငယ်ချင်း တစ်သိုက်နှင့်အတူ ကောင်းကင်ရနံ့ အခန်းထဲသို့ ဝင်ချလာလေသည်။
ထိုအထဲတွင် ကျန်းပေရန်နှင့် ရင်းနှီးပြီးသား မျက်နှာများ ဖြစ်သည့် ရှီကျားမူ နှင့် ရှီယွီထုံ တို့လည်း ပါဝင်လေသည်။
ကျန်းပေရန် တခြားသူနှင့် ယှဉ်ပြိုင်တော့မည် ဆိုတာကို ကြားသည်နှင့် သူမတို့သည် ရှီဖုန်းလန်၏ "အားပေးရေးအဖွဲ့" ထဲသို့ ပထမဆုံး ဝင်ရောက်လာကြသူများ ဖြစ်ကြသည်။ တကယ့်ကို တက်ကြွနေကြ၏။
သူမတို့အပြင် အားပေးရေးအဖွဲ့ဝင် အများစုမှာ မိန်းကလေးများ ဖြစ်ကြပြီး အားလုံးနီးပါးသည် ဆွေမျိုးတော်စပ်သည့် မျိုးဆက်သစ်များ ဖြစ်လောက်သည်။ မဟုတ်လျှင် ဒီနေရာမျိုးသို့ ဝင်ခွင့်ရမည် မဟုတ်ပေ။
“ဒါ လက်ရာမြောက် အလုပ်ရုံက နာမည်ကြီးနေတဲ့ ပညာရှင် ဆိုတာလား ငယ်ငယ်လေး ရှိသေးတာပဲ။”
“ပြီးတော့ ရုပ်လေးကလည်း ချောလိုက်တာ။”
“နင်ကလည်း ချောတာပဲ ကြည့်တတ်တယ် အတွင်းစိတ်သဘောထားကို ကြည့်ဦးမှပေါ့။”
“ဟွန်း နင် မကြည့်ချင် မကြည့်နဲ့လေ ငါကတော့ ချောတဲ့သူပဲ ကြည့်ချင်တာ ငါ့ကိစ္စ”
“အပေါ်ယံ ဆန်လိုက်တာ”
“ဟန်ဆောင်မနေစမ်းပါနဲ့”
မိန်းကလေး တစ်သိုက် ငြင်းခုံနေကြစဉ် ရှီကျားမူသည် ကျန်းပေရန် အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။
“ဦးလေးကြီး... ဒီတစ်ခေါက် ဘာလို့ ဒီလောက် နာမည်ကြီးအောင် လုပ်နေတာလဲ ဒါ ဦးလေးကြီး ပုံစံမှ မဟုတ်တာ”
“လူကြီးတွေရဲ့ ကမ္ဘာမှာ ကိုယ်မလုပ်ချင်လည်း လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိတယ်။”
ကျန်းပေရန်၏ စကားကို ကြားသောအခါ ရှီကျားမူသည် နက်နက်နဲနဲ တွေးတောဟန်ဖြင့် ငြိမ်သက်သွားပြီး ဦးလေးကြီး ပြောသမျှ စကားတိုင်းသည် ဒဿန ဆန်လှသည်ဟု တွေးမိလိုက်သည်။
ဒီတစ်ခေါက် ရှီယွီထုံ၏ ပုံစံမှာ ထူးဆန်းနေသည်။ သူမသည် ကျန်းပေရန်နှင့် စကားလာပြောခြင်း မရှိဘဲ အဝေးကနေသာ ရပ်ကြည့်နေလေသည်။
ကျန်းပေရန်နှင့် ပတ်သက်သည့် ဒဏ္ဍာရီများကို သူမ အများကြီး ကြားဖူးသော်လည်း တကယ်တမ်း သူ့အရည်အချင်း ဘယ်လောက်ရှိလဲ ဆိုတာကိုတော့ မျက်မြင်ကိုယ်တွေ့ မကြုံဖူးသေးပေ။ ဒါကြောင့် ဒီနေ့ပွဲကို သူမလည်း အတော်ပင် မျှော်လင့်နေမိသည်။
“အားပေးရေးအဖွဲ့” ရောက်လာပြီးနောက် ပြိုင်ပွဲဝင်မည့် သူများလည်း တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြသည်။
ထိုပုဂ္ဂိုလ်ကြီးများကို လမ်းပြခေါ်ဆောင်လာသူများမှာ အစေခံများ သို့မဟုတ် အစောင့်များ မဟုတ်ကြဘဲ မိသားစု မျိုးဆက်သစ် လူငယ်များသာ ဖြစ်ကြသည်။ ဘာပဲပြောပြော ဒီနေရာသည် ရှီမိသားစု၏ တားမြစ်နယ်မြေ ဖြစ်သဖြင့် ဧည့်သည်များကို မျက်ခြေမပြတ် စောင့်ကြည့်နေရမည် ဖြစ်သည်။ လမ်းပျောက်သွားလျှင် မကောင်းပေ။
လူစုံပြီ ဖြစ်သဖြင့် ရှီဝေရိက ကျန်းပေရန် ပခုံးကို ပုတ်လိုက်ပြီး ဧည့်သည်များကို ကြိုဆိုရန် ထရပ်လိုက်သည်။ ကျန်းပေရန်ကတော့ ထိုလူများ ခေါ်လာသည့် ဧည့်အကြီးအကဲများကို လိုက်လံ အကဲခတ်နေလိုက်သည်။
ထိုဧည့်အကြီးအကဲများထဲတွင် လူငယ်ရော လူကြီးပါ ပါဝင်သော်လည်း အများစုမှာ အသက် ၆၀ ကျော် လူကြီးများ ဖြစ်ကြသည်။ ရှီဝေရိပင်လျှင် သူတို့ရှေ့တွင် ကလေးတစ်ယောက်လို ဖြစ်နေပေလိမ့်မည်။
သို့သော် သူတို့ကိုယ်မှ ထွက်နေသော အနံ့အသက်ကို ကြည့်ရုံဖြင့် ဒီလူများသည် ဆေးဖော်စပ်ခြင်း ပညာရပ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူများ ဖြစ်ကြောင်း ကျန်းပေရန် အတပ်ပြောနိုင်သည်။
‘အားလုံးက စီနီယာကြီးတွေချည်းပါလား။’
ကျန်းပေရန် ရှန့်တိုင်းပြည်တွင် မနေဘဲ ရှီမိသားစုသို့ လာရခြင်း အကြောင်းရင်းမှာ အဆင့်မြင့် ဆေးပညာရှင်များနှင့် တွေ့ဆုံပြီး အဆိပ်ဖြေဆေး အကြောင်း ဆွေးနွေးတိုင်ပင်နိုင်ရန် ဖြစ်သည်။ ဘာပဲပြောပြော ဒီအဆိပ်မြူက တော်တော်လေး လက်ပေါက်ကပ်သည် မဟုတ်ပါလား။ လူများလေ အကြံဉာဏ်များလေ ပိုကောင်းလေ ဖြစ်သည်။
သို့သော် သူ ရောက်ရောက်ချင်းမှာပင် ရှီဝေရိက သူ့ကို အံ့အားသင့်စရာ လက်ဆောင်ကြီး ပေးလိုက်လေပြီ။ မူလက လက်ရာမြောက် အလုပ်ရုံမှ ဂေဟာမှူးဝမ် အပါအဝင် တခြား တော်တဲ့ ဆေးပညာရှင် တစ်ချို့နှင့်သာ ဆွေးနွေးမယ် စိတ်ကူးထားသော်လည်း ယခုတော့ ရှီဝေရိက ရှန့်တိုင်းပြည် တစ်ပြည်လုံးမှ ဆေးပညာရှင် အကျော်အမော်များကို ဖိတ်ခေါ်ပေးလိုက်ခြင်း ဖြစ်သည်။
တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ဖြစ်သည်။
ခဏအကြာတွင် ရှီဝေရိနှင့် လောင်းကြေးထပ်ထားသော ပုဂ္ဂိုလ်ကြီးများ အားလုံး ရောက်ရှိလာကြသည်။ ထို့အပြင် အစည်းအဝေး ခန်းမမှ အခြားသော ပုဂ္ဂိုလ်ကြီးများလည်း ပွဲကြည့်ရန် ရောက်လာကြလေသည်။
ထိုအထဲတွင် အင်မော်တယ်အရှင်လည်း ပါဝင်လေသည်။
အင်မော်တယ်အရှင်၏ မျက်နှာက တကယ်ကို ကြီးမားလှသည်။ သူ မရောက်ခင်ကတည်းက ထိပ်ဆုံးနေရာကို သီးသန့် ချန်ထားပေးရသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီလူကြီးသည် အနက်ရောင် သူတော်စင် အဆင့် ဖြစ်ကြောင်း ကျန်းပေရန် ပို၍ သေချာသွားတော့သည်။
“ရှီအဘိုးကြီး လာရမယ့်သူတွေ အကုန်ရောက်ပြီ ဘယ်လို ယှဉ်ပြိုင်မလဲ ပြော။”
ထိုအချိန်တွင် အစည်းအဝေး ခန်းမ၌ ရှီဝေရိကို ပထမဆုံး ရန်စခဲ့သော သက်လတ်ပိုင်း အမျိုးသားက အော်ပြောလိုက်သည်။
ထိုနှစ်ယောက်သည် လူရင်းများ ဖြစ်ပုံရသည်။ ရှီဝေရိက လှည့်ကြည့်ပြီး ပြန်အော်လိုက်၏။
“ခေါင်းတုံးကြီး မင်း စကားမပြောဘဲ နေရင် ဘယ်သူမှ မင်းကို အမှတ်မပြောဘူး။ မင်းက ရှေ့ဆုံးက ထွက်ချင်နေမှတော့ မင်းအရင် စလိုက်လေ။”
“ငါ အရင်စတော့ ဘာဖြစ်လဲ။”
ထိုလူက ပြောပြီးနောက် သူ့အနောက်မှ လူကြီးတစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဆရာကြီး... ဒီတစ်ခေါက်တော့ ဆရာကြီး လက်စွမ်းပြမှ ရမယ်။”
ထိုလူကြီးက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
“ဒါနဲ့ ဘာပြိုင်ကြမှာလဲ။”
ထိုလူက ရှီဝေရိကို လှမ်းမေးလိုက်ပြန်သည်။
ရှီဝေရိက ကျန်းပေရန် ဘက်သို့ လှည့်ကြည့်ပြီး မေးခွန်းကို သူ့ထံ လွှဲပေးလိုက်သည်။
ကျန်းပေရန်လည်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး စကားစပြောရန် ပြင်လိုက်စဉ်မှာပင် စနစ် ရွေးချယ်မှုများ ပေါ်လာလေတော့သည်။
【ရွေးချယ်မှု ၁ - ထိုလူကြီးကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုပြီး “စီနီယာကြီးပဲ မေးခွန်းထုတ်ပါ” ဟု ပြောရန်။ ပြီးမြောက်ပါက ဆုလာဘ် - တောင်ပင်လယ် မှတ်တမ်း (မြေကမ္ဘာအဆင့် အလယ်အလတ်)】
【ရွေးချယ်မှု ၂ - “လူကြီးကို ရိုသေ လူငယ်ကို လေးစားရမယ် ဆိုတော့ စီနီယာကြီး ဘာကျွမ်းကျင်လဲ ပြောပါ။ ကျွန်တော် လိုက်ပြိုင်ပေးပါ့မယ်” ဟု ပြောရန်။ ပြီးမြောက်ပါက ဆုလာဘ် - အနန္တ လျှို့ဝှက်မြေပုံ (မြေကမ္ဘာအဆင့် အဆင့်နိမ့်)】
【ရွေးချယ်မှု ၃ - “တစ်ယောက်ချင်းစီ ပြိုင်ရမှာလား။ အဲ့ဒါ ဘယ်တော့မှ ပြီးမှာလဲ။ ခင်ဗျားတို့ အကုန်လုံး တစ်ပြိုင်တည်း ဝင်လိုက်ကြပါလား” ဟု ပြောရန်။ ပြီးမြောက်ပါက ဆုလာဘ် - ကျပန်း အခြေခံ အရည်အသွေး အမှတ် +၁】
‘……’
‘ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဟိတ်ဟန်ထုတ်ခိုင်းနေတာလဲ။’
ဒီရွေးချယ်မှု သုံးခုက ကျန်းပေရန်ကို အတော်လေး အံ့အားသင့်သွားစေသည်။ စနစ်က ရုတ်တရက်ကြီး နှိမ့်ချနေထိုင်သည့် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဟိတ်ဟန်ထုတ်သည့် လမ်းစဉ်ကို ပြောင်းလိုက်ခြင်းလား။
ပြီးတော့ ဟိတ်ဟန် ပိုထုတ်လေ ပိုပြီး လုံခြုံလေ ဖြစ်နေတာကို ကျန်းပေရန် နားမလည်နိုင် ဖြစ်သွားသည်။
‘ငါ့ကို တစ်ချက်တည်းနဲ့ အကုန်လုံး ပါးစပ်ပိတ်သွားအောင် လုပ်ခိုင်းနေတာလား။’
ကျန်းပေရန် စဉ်းစားကြည့်တော့ ဒီအကြောင်းပြချက် တစ်ခုပဲ ရှိသည်။ ဘာပဲပြောပြော စနစ်က အစကတည်းက သဘောထားကို ရှင်းရှင်းလင်းလင်း ပြသထားပြီးသား ဖြစ်သည်။ ဒီတစ်ခေါက် ကမ္ဘာကြီးကို ကယ်တင်ဖို့ သူ့ကို အားကိုးရမည် ဖြစ်သဖြင့် ဆက်ပြီး နှိမ့်ချနေလို့ မဖြစ်တော့ပေ။
သဘောပေါက်သွားသော ကျန်းပေရန်သည် ရွေးချယ်မှု ၃ ကို ရွေးလိုက်ပြီး ခါးကို တစ်ချက်ဆန့်ကာ ပရိသတ်ကြီးကို ဝေ့ကြည့်ပြီး ပြောလိုက်လေသည်။
“တစ်ယောက်ချင်းစီ ပြိုင်ရမှာလား အဲ့ဒါ ဘယ်တော့မှ ပြီးမှာလဲ ခင်ဗျားတို့ အကုန်လုံး တစ်ပြိုင်တည်း ဝင်လိုက်ကြပါလား။”
【ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ခန္ဓာကိုယ်ဖွဲ့စည်းပုံ +၁】
“......”
သေချာပေါက်ပင် ဒီစကားတစ်ခွန်းက လူတိုင်းကို ကြောင်အသွားစေသည်။ ရှီမိသားစုမှ ကျန်းပေရန်နှင့် ရင်းနှီးသူများကတော့ သူ့ပုံစံ ပြောင်းလဲသွားမှုကြောင့် အံ့သြသွားကြပြီး ကျန်းပေရန်ကို မသိသော ပုဂ္ဂိုလ်ကြီးများကတော့ သူတို့ရှေ့တွင် ဒီလောက် မာန်တက်သည့် လူငယ်မျိုး မတွေ့ရတာ ကြာပြီဖြစ်သဖြင့် ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားကြသည်။
“ဟား ဟား လူကြီးသူမကို မလေးစားတတ်တဲ့ ကောင်စုတ်လေး။”
ပထမဆုံး သတိပြန်ဝင်လာသူမှာ ထိုခေါင်းတုံးကြီးပင် ဖြစ်သည်။ သူသည် ဒေါသတကြီးဖြင့် ဆက်ပြောလိုက်၏။
“ရှီအဘိုးကြီး သင်ပေးထားတဲ့ တပည့်ဆိုတော့လည်း တကယ့်ကို တစ်လေသံတည်း ထွက်တာပဲ။”
ထို့နောက် အခြားသော ပုဂ္ဂိုလ်ကြီးများလည်း သတိပြန်ဝင်လာကြပြီး မာန်တက်နေသော လူငယ်လေးကို ပညာပေးရန်အတွက် အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။
သို့သော် ဒီတစ်ခေါက်တွင် ကျန်းပေရန် ခုခံစရာ မလိုလိုက်ပေ။ ရှီဝေရိက သူ့ရှေ့မှ ကာပေးလိုက်ပြီး ထိုအရှိန်အဝါများကို တားဆီးကာ ပြုံးလျက် ပြောလိုက်သည်။
“ဆေးဖော်စပ်တာ ပြိုင်မယ်လို့ ပြောထားတယ်လေ ခင်ဗျားတို့က ဘာလုပ်မလို့လဲ။”
“ခင်ဗျားလူက ရိုင်းလွန်းနေလို့ ကျုပ်က ကိုယ်စား နည်းနည်း ဆုံးမပေးမလို့။”
ယပ်တောင်ကို ကိုင်ထားသော လူကြီးတစ်ယောက်က ပြောလိုက်သည်။
ရှီဝေရိက ထိုလူကြီးကို နှုတ်ခမ်းတစ်ချက် တွန့်ပြပြီး ပြန်ပြောလိုက်၏။
“ပထမအချက် သူ ရိုင်းတယ်လို့ ကျုပ် မထင်ဘူး။ ဒုတိယအချက် တကယ်လို့ သူ ရိုင်းတယ် ဆိုရင်တောင် ဆုံးမရမယ့် အလှည့်က ခင်ဗျားတို့ဆီ ရောက်မယ် မထင်ဘူး”
တစ်ဖက်လူ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ကျန်းပေရန်က ရှီဝေရိ ဘေးမှ ကွေ့ထွက်ကာ ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။
“စီနီယာတို့ အထင်မလွဲကြပါနဲ့ ဂျူနီယာက စီနီယာတို့ရဲ့ အချိန်တွေ တန်ဖိုးရှိတယ် ဆိုတာ သိလို့ ဒီလို ပျင်းစရာကောင်းတဲ့ ပြိုင်ပွဲမှာ အချိန်ဖြုန်းနေတာ မတန်ဘူးလို့ တွေးမိလို့ပါ။ ဒါကြောင့် မြန်မြန် ပြီးသွားရင် ပိုကောင်းမယ်လေ။”
ပြောပြီးသည်နှင့် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ ရွှေကျီးကန်း ဆေးအိုးကို ထုတ်ယူပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်သည်။
“ဒေါင်” ခနဲ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ အကြည့်ကို ဖမ်းစားလိုက်လေသည်။
စနစ်က ဟိတ်ဟန်ထုတ်ခိုင်းနေမှတော့ ကျန်းပေရန်လည်း လျှို့ဝှက်မနေတော့ဘဲ ပရိသတ်ကို အံ့အားသင့်သွားစေရန် ရည်ရွယ်လိုက်သည်။
“ဆေးအိုးကောင်းဟ”
ဆေးပညာရှင် အများအပြားက တစ်ပြိုင်နက်တည်း အာမေဋိတ် သံများ ထွက်ပေါ်လာသည်။
သူတို့သည် ဆေးပညာရှင်များ ဖြစ်ကြသဖြင့် ဆေးအိုးနှင့် တစ်သက်လုံး နီးပါး ထိတွေ့နေရသူများ ဖြစ်သည်။ ဒါကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ကျန်းပေရန်၏ ဆေးအိုးသည် သာမန် မဟုတ်ကြောင်း သိလိုက်ကြသည်။
ထိုအထဲမှ လူကြီးတစ်ယောက်သည် လူအုပ်ထဲမှ ထွက်လာပြီး ကျန်းပေရန်ကို ပြောလိုက်လေသည်။
“ငါက ချန်ဟန်ချိုးပါ ဆေးလောကထဲ ရောက်တာ နှစ် ၆၀ ကျော်ပြီ ဒီလောက်ကောင်းတဲ့ ဆေးအိုးမျိုး တစ်ခါမှ မမြင်ဖူးဘူး လူလေး ခွင့်ပြုမယ် ဆိုရင် အနားကပ်ပြီး ကြည့်ခွင့်ပြုပါလား”
ကျန်းပေရန်က ပြုံးလျက် ပြန်ဖြေလိုက်၏။
“စီနီယာချန်က ပစ္စည်းကောင်း ကြည့်တတ်တာပဲ လာကြည့်ပါ ဒီဆေးအိုးရဲ့ အားသာချက်တွေကို ဂျူနီယာ ရှင်းပြပါမယ်”
“ကျေးဇူးပါပဲကွာ”
ချန်ဟန်ချိုးက ကျန်းပေရန်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုပြီး ချက်ချင်းပင် အနားသို့ လျှောက်လာခဲ့သည်။ ဘေးနားမှ မျက်ရိပ်မျက်ကဲ ပြနေသော သက်လတ်ပိုင်း အမျိုးသားကို ဂရုပင် မစိုက်တော့ပေ။
ဆေးပညာရှင်များ အတွက် ဆေးအိုးဆိုသည်မှာ ထမင်းအိုးသဖွယ် ဖြစ်ပြီး ကိုယ့်မိန်းမထက်ပင် ပိုပြီး ရင်းနှီးကြသည်။ ထို့အပြင် သူတို့သည် ဧည့်အကြီးအကဲများ ဖြစ်ကြသဖြင့် ထိုခေါင်းဆောင်များနှင့် တန်းတူ မဟုတ်လျှင်တောင် သူတို့၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေစရာ မလိုပေ။
“ဒါ... မဖြစ်နိုင်ဘူး... ရွှေကျီးကန်း ဆေးအိုးများလား။”
ရွှေကျီးကန်း ဆေးအိုးကို သေချာ ကြည့်ရှုပြီးနောက် ချန်ဟန်ချိုး အာမေဋိတ်သံ ထွက်လာသည်။
တကယ်တော့ ကျန်းပေရန် ဆေးအိုးကို ပစ်ချလိုက်ကတည်းက သူ ရိပ်မိနေပြီ ဖြစ်သည်။ ဒါသည် ဒဏ္ဍာရီလာ ဆေးအိုး ကိုးလုံးထဲမှ တစ်လုံး ဖြစ်နိုင်သည်။ သို့သော် စာအုပ်ထဲတွင် ဖော်ပြထားသော အချက်အလက်များနှင့် ကွဲလွဲချက်များ ရှိနေသဖြင့် မဝံ့မရဲ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ယခု အနားကပ်ကြည့်လိုက်မှ ရွှေကျီးကန်း ဆေးအိုး ဖြစ်ကြောင်း သေချာသွားသော်လည်း အပြောင်းအလဲ အများကြီး လုပ်ထားသည်ကို တွေ့လိုက်ရသည်။
“ရွှေကျီးကန်း ဆေးအိုး” ဟူသော စကားသံကို ကြားလိုက်ရသည်နှင့် ကျန်ရှိနေသော ဆေးပညာရှင်များလည်း ထိုင်မနေနိုင်တော့ဘဲ ကျန်းပေရန် အနားသို့ ဝိုင်းအုံလာကြကာ ချီးကျူးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဒီမြင်ကွင်းကို ကြည့်ပြီး ရှီဝေရိ ပြုံးလိုက်သည်။ သူသည် မျက်နှာပျက်နေသော ပုဂ္ဂိုလ်ကြီးများကို လှမ်းကြည့်လိုက်ပြီး “ခင်ဗျားတို့အိမ်က ဧည့်အကြီးအကဲတွေက တောသား မြို့တက်သလို ဖြစ်နေပါလား” ဆိုသော မျက်နှာပေးဖြင့် လှောင်ပြောင်လိုက်သည်။
အခြေအနေက ဒီလို ဖြစ်သွားရခြင်းမှာ အကြောင်းရင်း ရှင်းရှင်းလေး ဖြစ်သည်။ အံ့ဖွယ်နဂါး တိုက်ကြီးတွင် ဆေးအိုး ကိုးလုံး၏ ဒဏ္ဍာရီများ ပျံ့နှံ့နေသော်လည်း အများစုမှာ ရွှေကျီးကန်း ဆေးအိုးကဲ့သို့ပင် ပျောက်ဆုံးနေပြီး မည်သူမျှ ရှာမတွေ့ခဲ့ကြပေ။
လက်ရှိ ဆေးဘုရင်ကြီး လက်ထဲတွင် တစ်လုံး ရှိနေ၍သာ မဟုတ်လျှင် လူတိုင်းက ဆေးအိုး ကိုးလုံး၏ ဒဏ္ဍာရီကို ပုံပြင်တစ်ပုဒ်လို သဘောထားကြပေလိမ့်မည်။
ဒါကြောင့် ဒါသည် ဆေးအိုး ကိုးလုံးထဲမှ ရွှေကျီးကန်း ဆေးအိုး ဖြစ်ကြောင်း ကြားလိုက်ရသောအခါ မျက်နှာကို ဂရုမစိုက်နိုင်တော့ဘဲ ဒီလို အခွင့်အရေးမျိုးကို လက်လွတ်မခံနိုင်ကြတော့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ခေါင်းတုံးကြီးက ပထမဆုံး စိတ်မရှည်တော့ဘဲ အော်ပြောလိုက်သည်။
“ဒီနေ့က ဆေးဖော်စပ်တာ ပြိုင်မလို့ လာတာ။ ဆေးအိုး ပြိုင်မလို့ လာတာ မဟုတ်ဘူး။”
ကျန်းပေရန်က ပြုံးလျက် ပြန်ဖြေလိုက်၏။
“ကျွန်တော်လည်း ဆေးအိုး ပြိုင်မယ်လို့ မပြောမိပါဘူး။ စီနီယာကြီးတွေက သေချာ ကြည့်ချင်တယ် ဆိုလို့ ကျွန်တော်က မကြည့်ရဘူးလို့ တားရမှာလား။”