← Chapters

အခန်း (၅၄၈-၅၄၉)

Vol. 48 Ch. 548-549

အခန်း (၅၄၈-၅၄၉)

Vol. 48 Ch. 548-549

အခန်း ၅၄၈ - ခင်ဗျားတို့ရဲ့ ပေရန်... အကန့်အသတ်မဲ့ ရမ်းကားခြင်း

ခေါင်းတုံးကြီး ကြားလိုက်ရသည်နှင့် အခွင့်အရေးသာရပါက ကျန်းပေရန်ကို ချက်ချင်း လက်ဝါးနှင့် ရိုက်သတ်ချင်သွားသည်။ သူ ရိုင်းစိုင်းတဲ့ သူတွေကို မြင်ဖူးသော်လည်း ဒီလောက်ထိ ရိုင်းစိုင်းတဲ့ လူကိုတော့ တစ်ခါမှ မမြင်ဖူးချေ။

ရှီမိသားစု၏ ပိုင်နက်သာ မဟုတ်ခဲ့လျှင် ပြီးတော့ ရှီဝေရိက သူ့ကို စိုက်ကြည့်နေသောကြောင့်သာ မဟုတ်လျှင် လျူယီလုံ တစ်ယောက် အခုချိန်ဆို ကျန်းပေရန်ကို အမှုန့်လုပ်ပြီးနေလောက်ပြီ ဖြစ်သည်။ သူ့စိတ်ဓာတ်နှင့်ဆိုလျှင် ဒီလို အမွေးမပေါက်သေးတဲ့ ကလေးတစ်ယောက်က သူ့ရှေ့လာပြီး လေကြီးလေကျယ် ပြောနေသည်ကို ဘယ်လိုမှ သည်းခံနိုင်မည် မဟုတ်ပေ။

ကျန်ရှိနေသော ရှန့်တိုင်းပြည် ခေါင်းဆောင်များလည်း အလားတူ ခံစားနေကြရသည်။ သူတို့လို ပုဂ္ဂိုလ်များက ဧည့်အကြီးအကဲ အဖြစ် လက်ခံထားသည်ဆိုကတည်းက သေချာပေါက် ဆေးပညာတွင် ဆရာတစ်ဆူများ ဖြစ်ကြပြီး အနိမ့်ဆုံး အဆင့် ၇ ရှိကြသူများ ဖြစ်ကြသည်။

တိုင်းပြည် ခြောက်ပြည်တွင် အဆင့် ၇ ရှိသော ဆန်းကြယ်ပညာရှင် တစ်ယောက်ကို ရှာတွေ့ရန်မှာ သဲထဲ ရေရှာသလို ရှားပါးလှသည်။ အများစုမှာ အဆင့် ၅ တွင်သာ တန့်နေတတ်ကြသည်။ မည်သည့် ဆန်းကြယ်ပညာ အသင်းအဖွဲ့တွင်မဆို အဆင့် ၅ ဆိုသည်မှာ အရေးကြီးဆုံးသော စည်းတစ်စည်း ဖြစ်သည်။

ကျော်ဖြတ်နိုင်လျှင် နဂါးဖြစ်သွားသော ငါးကြင်းကဲ့သို့ ရွှေရောင်လမ်းမကြီး ပေါ်သို့ ရောက်ရှိသွားပေလိမ့်မည်။

မကျော်ဖြတ်နိုင်လျှင် ဘဝတစ်ခုလုံး သာမန်လူ အဖြစ်နှင့်သာ ကုန်ဆုံးသွားပြီး သာမန် အသင်းဝင် တစ်ယောက် အဖြစ်သာ နေသွားရမည် ဖြစ်သည်။

သို့သော် နဂါးဖြစ်ခွင့်ရသွားသော "ငါးကြင်း" များလည်း အချိန်အကြာကြီး ပျော်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်လမ်းမကြီးသည် လျှောက်ရ ပိုခက်ခဲကြောင်း သူတို့ သိလာရသောကြောင့် ဖြစ်သည်။

အလယ်တန်းမှ အထက်တန်းသို့ တက်ရောက်သွားသော ကျောင်းသားတစ်ယောက်လိုပင် ကိုယ့်ဘေးနားတွင် "ညံ့ဖျင်းသူ" တစ်ယောက်မှ မရှိတော့ကြောင်း တွေ့ရှိလိုက်ရသလိုမျိုး ဖြစ်သည်။

လူတိုင်းသည် ကိုယ်နှင့် တန်းတူ သို့မဟုတ် ကိုယ့်ထက်သာသော ပါရမီရှင်များ ဖြစ်ကြသည်။

ထိုလူများသည် ပါရမီပါရုံ သက်သက်မဟုတ်ဘဲ အလွန်အမင်း ကြိုးစားကြသူများ ဖြစ်ကြပြီး မကြာမီ အချိန်အတွင်းမှာပင် ပိုမြင့်မားသော တောင်ထိပ်များကို စိန်ခေါ်လာကြသည်။

သို့သော် နောက်ဆုံးတွင် အဆင့် ၆ သို့ ရောက်ရှိနိုင်သူမှာ အလွန် ရှားပါးလှသည်။

အဆင့် ၆ သို့ ရောက်ရှိသွားခြင်းသည် ဆန်းကြယ်ပညာရှင် အများစုအတွက် ဘဝ၏ အထွတ်အထိပ် ဖြစ်သည်။ ထိုအဆင့်ရှိသူများသည် အသင်းအဖွဲ့ ခွဲတစ်ခု၏ ဥက္ကဋ္ဌ ရာထူးကို ရယူနိုင်ပြီး အာဏာနှင့် အရင်းအမြစ်များကို ပိုင်ဆိုင်နိုင်ကြသည်။

သာမန် ပညာရှင်များအတွက် သူတို့သည် အမြင့်ဆုံးသော ဆရာသခင်များ ဖြစ်ကြသည်။

ထိုနေရာသို့ ရောက်ရှိပြီးနောက် လောကစည်းစိမ်များကို မမက်မောဘဲ ဆက်လက် ကြိုးစားနိုင်မှသာလျှင် သာမန် ပညာရှင်များ မော့ကြည့်ရမည့် အဆင့်တစ်ခုသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

အဆင့် ၇…..

ဆန်းကြယ်ပညာရှင် အများစုသည် တစ်သက်လုံး နေသွားလျှင်တောင် အဆင့် ၇ ပညာရှင် တစ်ယောက်ကို မြင်ဖူးချင်မှ မြင်ဖူးကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုအဆင့်သို့ ရောက်ရှိသူများသည် မိသားစုကြီးများ သို့မဟုတ် ဂိုဏ်းကြီးများတွင် ဧည့်အကြီးအကဲ အဖြစ် ဖိတ်ခေါ်ခြင်း ခံရခြင်း သို့မဟုတ် အသင်းအဖွဲ့ တစ်ခုခု၏ ဥက္ကဋ္ဌ အဖြစ် အမည်ခံကာ တစ်နေ့တစ်နေ့ တံခါးပိတ် ကျင့်ကြံနေတတ်ကြသောကြောင့် ဖြစ်သည်။

သူတို့သည် အခြားကမ္ဘာ တစ်ခုမှ လူများ ဖြစ်သွားကြပြီ ဖြစ်သည်။

ဒီနေ့ ကောင်းကင်ရနံ့ အခန်းထဲတွင် ရှိနေသော ဆေးပညာရှင်များသည် အနိမ့်ဆုံး အဆင့် ၇ ရှိကြသူများ ဖြစ်သည်။ သာမန် ဆေးပညာရှင် တစ်ယောက်သာ မြင်လိုက်ပါက ချက်ချင်း ဒူးထောက် အရိုအသေ ပြုမိပေလိမ့်မည်။ ဘာပဲပြောပြော ဒီထဲက တစ်ယောက်ယောက်ကို ဆွဲထုတ်လိုက်လျှင်တောင် သူတို့၏ ဘိုးဘေး ဖြစ်လောက်သည့် အရည်အချင်း ရှိသူများ ဖြစ်သည်။

ဒါပေမဲ့ ဒီလို ရှားပါးလှသော ဆရာသခင်ကြီးများက အခုတော့ ဆေးအိုးတစ်လုံးကို ဝိုင်းကြည့်ပြီး အံ့သြချီးမွမ်းနေကြသည်ကို မြင်လိုက်ရသောအခါ ရှန့်တိုင်းပြည် ခေါင်းဆောင်ကြီးများ မျက်နှာပျက်သွားကြသည်။

ငါက မင်းတို့ကို ဟိတ်ဟန်ထုတ်ဖို့ ခေါ်လာတာလေ အခုတော့ အမွေးမပေါက်သေးတဲ့ ကောင်လေးတစ်ယောက်ဆီမှာ အရှက်ကွဲခံနေရပြီ ဒါ ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ။

“ရှီပညာရှိ ခင်ဗျားတို့ ရှီမိသားစုက ဧည့်အကြီးအကဲ ရှာတဲ့နေရာမှာ တော်တော် ရင်းနှီးထားတာပဲ”

ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော မိန်းမပျို တစ်ဦးက ယပ်တောင်ကို ခတ်ရင်း ပြောလိုက်သည်။

ရှီဝေရိက ပြုံးလျက် ပြန်ဖြေလိုက်၏။

“သေချာတာပေါ့ တကယ်တော်တဲ့ လူဆိုရင် ရှီမိသားစုက ဘယ်တော့မှ နှမြောတွန့်တိုနေမှာ မဟုတ်ဘူး”

ရှီဝေရိ၏ အဖြေစကားသည် အတော်ပင် ပါးနပ်လှသည်။ ရွှေကျီးကန်း ဆေးအိုးသည် ရှီမိသားစု ပေးတာ ဟုတ်မဟုတ် ဆိုသည်ကို တိတိကျကျ မဖြေဘဲ ကျော်သွားပြီး တစ်ချိန်တည်းမှာပင် မိသားစု ဂုဏ်သတင်းကိုပါ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

အကျိုးသက်ရောက်မှု ရှိမရှိ ဆိုတာကိုတော့ ရွှေကျီးကန်း ဆေးအိုးကို ဝိုင်းကြည့်နေသော ဆေးပညာရှင်များ နားစွင့်နေကြသည်ကို ကြည့်လျှင် သိနိုင်သည်။

ရှီမိသားစုကို ဝင်လိုက်လျှင် ဒီလောက် အခွင့်အရေး ကောင်းတာလား ဆရာသခင် အများအပြား စိတ်လှုပ်ရှားသွားကြသည်။

ဒါက ဒဏ္ဍာရီထဲက ဆေးအိုး ကိုးလုံးထဲက တစ်လုံးလေ သူတို့လို လူတွေတောင် ကြားဖူးရုံပဲ ရှိတာ ရှီမိသားစုက အလကား ပေးလိုက်တာတဲ့လား။

‘ဟာ လိုချင်လိုက်တာကွာ’

ထိုမိန်းမပျိုသည် သူမ၏ လှောင်ပြောင်မှုကို ရှီဝေရိက အားဆေးတစ်ခွက်လို သောက်သုံးလိုက်သည်ကို မြင်သောအခါ မျက်နှာပျက်သွားသည်။ ပြန်လည် တိုက်စစ်ဆင်ရန် စဉ်းစားနေစဉ်မှာပင် ရှီဝေရိက အခွင့်အရေး မပေးတော့ပေ။

“ပေရန်လေး ဒီလောက် ဆရာကြီးတွေ အများကြီးက ရွှေကျီးကန်း ဆေးအိုးကို စိတ်ဝင်စားနေမှတော့ ဒီနေ့ ဆေးဖော်စပ်တာ ပြိုင်လိုက်ရင် မကောင်းဘူးလား”

ကျန်းပေရန်လည်း ငြင်းစရာ မရှိပေ ချက်ချင်း လက်ခံလိုက်သည်။

“ကောင်းပါပြီ ပညာရှိကြီး သဘောပါပဲ”

ထို့နောက် ကျန်းပေရန်သည် ဆရာသခင်များကို ကြည့်ကာ ဆက်ပြောလိုက်၏။

“တကယ်လို့ တခြားဟာ ပြိုင်ချင်တဲ့ စီနီယာတွေ ရှိရင်လည်း ပြောပါ ဂျူနီယာ အကုန် လိုက်ပြိုင်ပေးပါ့မယ်”

ရမ်းကားလိုက်တာ။

ကျန်းပေရန်၏ စကားသည် မာန်တက်ခြင်း အထွတ်အထိပ်သို့ ရောက်သွားစေသည်။ ဆင်းစရာ လှေကားထစ် ရှိနေသော်လည်း သူက မဆင်းဘဲ ဆက်တက်နေသည်။

ဆေးပညာရှင် ဆိုသည်မှာ ဆေးဖော်စပ်ရုံ သက်သက် မဟုတ်ပေ။

အစီအရင် ပညာရှင်များက ထောက်လှမ်းခြင်း တိုက်ခိုက်ခြင်း ကာကွယ်ခြင်း ကုသခြင်း ဖုံးကွယ်ခြင်း ပုံရိပ်ယောင် အားဖြည့်ခြင်း အားလျော့ခြင်း ပတ်ဝန်းကျင် အစရှိသည့် ကွဲပြားသော အစီအရင်များကို လေ့လာရသလိုမျိုး ဖြစ်သည်။

ဆေးပညာရှင်များတွင်လည်း ဂိုဏ်းခွဲများစွာ ရှိသည်။

ဆေးစာဂိုဏ်း ၊ အဖျားရောဂါဂိုဏ်း ၊ ယီဆွေဂိုဏ်း ၊ ကူးစက်ရောဂါဂိုဏ်း၊ ပေါင်းစည်းဂိုဏ်း စသဖြင့် အမျိုးမျိုး ရှိကြသည်။

ထိုဂိုဏ်းခွဲများသည် ကွဲပြားသော ကုသမှု သဘောတရားများကို ကိုယ်စားပြုပြီး လေ့လာသည့် လမ်းကြောင်းများလည်း မတူညီကြပေ။

ဆေးဖော်စပ်ခြင်းသည် ဆေးပညာရှင်များ၏ အခြေခံ ဖြစ်သော်လည်း။

ဖော်စပ်နည်းများမှာမူ ကွဲပြားကြသည်။ တချို့က အဆိပ်အတောက် နည်းပါးမှုကို ဦးစားပေးသည် တချို့က ထိရောက်မှု မြန်ဆန်ခြင်းကို ဦးစားပေးသည်။ တချို့က အာနိသင် ကြာရှည်ခံမှုကို ဦးစားပေးသည်။ တချို့ကမူ ခန္ဓာကိုယ် ပြန်လည် တည်ဆောက်မှုကို ဦးစားပေးသည်။

ထို့အပြင် ဆေးဖော်စပ်ခြင်းအပြင် ဆေးပညာရှင်များတွင် အခြားသော စွမ်းရည်များလည်း ရှိကြသည်။

အပ်စိုက်ခြင်း၊ အကြောပိတ်ခြင်း၊ အတွင်းအားလွှဲပြောင်းခြင်း၊ အရိုးဆက်ခြင်း၊ စိတ်မှန်ကြည့်ခြင်း စသည်ဖြင့် ဖြစ်သည်။

တချို့က ရောဂါကုသခြင်းနှင့် သက်ဆိုင်ပြီး တချို့က လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးကာ ကျင့်ကြံခြင်း ပါရမီကို မြှင့်တင်ပေးနိုင်သည်။

ဒါကြောင့်လည်း မိသားစုကြီးများနှင့် ဂိုဏ်းကြီးများတွင် ဆေးပညာရှင် ဧည့်အကြီးအကဲ တစ်ယောက် မရှိမဖြစ် လိုအပ်ရခြင်း ဖြစ်သည်။ တခြားအရာများကို တခြားနည်းလမ်းဖြင့် ဖြေရှင်း၍ ရနိုင်သော်လည်း မျိုးဆက်သစ် ကလေးငယ်များ ပါရမီ ညံ့ဖျင်းနေလျှင် ဆေးပညာရှင်များ၏ အကူအညီဖြင့် မြှင့်တင်ပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။

ကျင့်ကြံသူ တစ်ယောက်၏ ပါရမီကို အတင်းအဓမ္မ မြှင့်တင်ပေးခြင်းသည် ခက်ခဲရုံသာမက အန္တရာယ်လည်း အလွန်များသဖြင့် ကျွမ်းကျင်သူ အလွန်ရှားပါးလှသည်။

အစီအရင် ပညာရှင် အများစုသည် အစီအရင် တစ်မျိုးကိုသာ အထူးပြု လေ့လာကြသကဲ့သို့ ဆေးပညာရှင် အများစုသည်လည်း တစ်မျိုးကိုသာ ကျွမ်းကျင်ကြသည်။

ဆေးဖော်စပ်တာ တော်ရင်တော် မတော်ရင် အပ်စိုက်တာ တော်မည် သို့မဟုတ် အရိုးဆက်တာ တော်မည်။

အကုန်လုံး တတ်ကျွမ်းသူများ ရှိသော်လည်း အများစုမှာ ဟိုမရောက် ဒီမရောက် သာမန်ကာလျှံကာများသာ ဖြစ်တတ်သည်။ တစ်ခုမှ ဖြောင့်ဖြောင့် မလုပ်တတ်တော့၍ နောက်တစ်ခု ပြောင်းလုပ်ရင်း နောက်ဆုံး ဘာမှ သေချာ မတတ်တော့သူများသာ ဖြစ်သည်။

ဟိုပြောင်းလိုက် ဒီပြောင်းလိုက်နှင့် နောက်ဆုံးတော့ နားထောင်ကောင်းသည့် "စွယ်စုံရ" ဆိုသော ခေါင်းစဉ်ကို ရရှိသွားကြခြင်း ဖြစ်သည်။

ဒါကြောင့်လည်း ရှန့်တိုင်းပြည် ခေါင်းဆောင်များက ကျန်းပေရန်ကို လေကြီးလေကျယ် ပြောသည် ရမ်းကားသည်ဟု ထင်မြင်နေကြခြင်း ဖြစ်သည်။

ဒီနေရာတွင် အဆင့် ၇ ဆေးပညာရှင် အများအပြား ရှိနေပြီး တစ်ယောက်ချင်းစီ၏ ကျွမ်းကျင်မှု နယ်ပယ်များလည်း မတူညီကြပေ။ ဒါကို အမွေးမပေါက်သေးတဲ့ ကလေးတစ်ယောက်က ဘာမဆို လိုက်ပြိုင်မယ်ဟု စိန်ခေါ်ရဲသည်။

သူ့ကိုယ်သူ တကယ်ပဲ စွယ်စုံရ ပါရမီရှင်လို့ ထင်နေတာလား။

ဒါကိုတော့ သည်းခံလို့ မရတော့ပေ။

ဒီဆေးပညာရှင်များသည် ရွှေကျီးကန်း ဆေးအိုးကို လိုချင်မက်မောနေကြသော်လည်း ဂုဏ်သိက္ခာနှင့် ယှဉ်လာလျှင် မျိုးဆက်သစ် လူငယ်လေး တစ်ယောက်၏ စော်ကားမှုကို ခံနေ၍ မဖြစ်ပေ။ ဒီနေ့တော့ ဒီကောင်လေးကို ကောင်းကောင်း ပညာပေးပြီး ကောင်းကင်အမြင့်က ဘယ်လောက်မြင့်တယ် ဆိုတာ သိအောင် ပြရမည်။

ထို့ကြောင့် ဆရာသခင်များသည် ဆေးအိုးကို ဆက်မကြည့်တော့ဘဲ မိမိတို့ နေရာသို့ ပြန်သွားကာ ပြိုင်ပွဲအတွက် ပြင်ဆင်ကြလေတော့သည်။

ဒီတစ်ခေါက်တော့ ပွဲလာကြည့်သည့် ခေါင်းဆောင်ကြီးများ ပို၍ ပျော်ရွှင်သွားကြသည်။ သူတို့က မူလကတည်းက ပွဲကြည့်ချင်လို့ လာခဲ့ကြသူများ ဖြစ်သည် အခု ပွဲက ပိုပိုပြီး ကြမ်းလာလေ သူတို့ ပိုကြိုက်လေ ဖြစ်သည်။

ရှီဝေရိနှင့် လောင်းကြေးထပ်ထားသော ခေါင်းဆောင်များမှာမူ ကျေနပ်အားရနေသည့် အမူအရာများ ပေါ်လာကြသည်။

ရမ်းကားမှုအတွက် တန်ဖိုးပေးဆပ်ရလိမ့်မည် ဒီကောင်လေး အခု ဘယ်လောက် မာန်တက်နေလဲ ကြည့်ထားလိုက် ခဏနေရင် ရှီမိသားစု တစ်ခုလုံး သူနဲ့အတူ ဘယ်လောက် ငိုရမလဲ ဆိုတာ တွေ့ရလိမ့်မည်။

သို့သော် ထိုအကြည့်များကို ရှီဝေရိ လုံးဝ ဂရုမစိုက်ပေ ကျန်းပေရန်နှင့် အတူနေလာတာ ကြာပြီဖြစ်၍ ဒီကောင်လေး အကြောင်းကို သူ ကောင်းကောင်း သိသည်။ ပုံမှန်အချိန်တွင် နှိမ့်ချနေတတ်သော်လည်း သူ ဟိတ်ဟန်ထုတ်ပြီ ဆိုလျှင်တော့ သူ့မှာ အပြည့်အဝ ယုံကြည်မှု ရှိနေပြီဟု အဓိပ္ပာယ် ရသည်။

ဘယ်သူမှ တားလို့မရသည့် ယုံကြည်မှုမျိုး ဖြစ်သည်။

ဒါကြောင့် ကျန်းပေရန် ပိုပြီး မာန်တက်လေ ရှီဝေရိ ပိုပျော်လေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျန်းပေရန်သည် ရှီမိသားစု တစ်ခုလုံးကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။ ကျန်းပေရန်က ဒီလူတွေကို ပါးရိုက်လိုက်သည် ဆိုသည်မှာ ရှီမိသားစုက ရိုက်လိုက်သည်နှင့် အတူတူပင် ဖြစ်သည် ပြီးတော့ အကျိုးအမြတ်တွေလည်း အများကြီး ရဦးမည် ဆိုတော့ ပျော်စရာ ကောင်းလိုက်လေခြင်း။

‘အင်း အရေးကြီးတဲ့ အချိန်ကျရင် ဒီကောင်လေးက သဘောပေါက်သားပဲ ငါ့ကို ဖုံးကွယ်မထားတော့ဘူး တကယ့်ကို လူလည်လေးပဲ နောက်ဆို ငါ သူ့ကို စမ်းသပ်နေစရာတောင် လိုမယ်မထင်ဘူး သူက ငါ့ထက်တောင် လူနေမှု အဆင်ပြေအောင် နေတတ်သေးတယ်’

မကြာမီ အချိန်အတွင်းမှာပင် လျူယီလုံ၏ အနောက်မှ တံခွန်တစ်ခု ထောင်တက်လာသည် တံခွန်ပေါ်တွင် စာလုံးကြီး သုံးလုံး ရေးထား၏။

【နဂါးဆိုးဆေးလုံး】

ဒါသည် သူတို့ ယှဉ်ပြိုင်မည့် ခေါင်းစဉ် ဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

ထို့နောက် အခြားသော ဆေးပညာရှင်များသည်လည်း ထိုနည်းတူပင် ယှဉ်ပြိုင်မည့် ခေါင်းစဉ်များကို စာရွက်ပေါ်တွင် ရေး၍ တံခွန်များ ထောင်လိုက်ကြသည်။

စုစုပေါင်း ဆေးပညာရှင် ၁၁ ယောက် ရှိပြီး တစ်ယောက်ချင်းစီ ယှဉ်ပြိုင်မည့် နယ်ပယ်များ မတူညီကြပေ။ ဆိုလိုသည်မှာ ကျန်းပေရန်သာ တကယ့် စွယ်စုံရ မဟုတ်ခဲ့လျှင် ရှုံးနိမ့်သွားမည် ဖြစ်ပြီး လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။

တံခွန်ပေါ်မှ စာများကို အကုန်လိုက်ဖတ်ပြီးနောက် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ သစ်သီးယို တစ်ခုကို ထုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်ရင်း ပြောလိုက်သည်။

“ဒါပဲလား”

“ဒီလောက် ရိုးရှင်းတာလေးပဲ ပြိုင်မှာလား”

ဒီစကားကြောင့် ရှိသမျှ ခေါင်းဆောင်ကြီးများနှင့် ဆေးပညာရှင်များ အားလုံး ဒေါသထွက်သွားကြသည်။

လူပါးဝလိုက်တာ။

“စကားများမနေနဲ့ မြန်မြန် ပြိုင်မယ် လေကြီးမနေနဲ့”

လျူယီလုံက လည်ချောင်းကွဲမတတ် အော်ပြောလိုက်သည်။

“ကောင်းပါပြီ စီနီယာကြီး သဘောအတိုင်းပါပဲ စလိုက်ကြတာပေါ့”

“အဒေါ်လေး”

စင်အောက်ဘက်တွင် ရှီကျားမူက ရှီဖုန်းလန်ကို တံတောင်နှင့် တွတ်ကာ မေးလိုက်သည်။

“ဦးလေးကြီးက ဘာဖြစ်တာလဲ အရင်က ဒီလို မာန်တက်တာမျိုး မတွေ့ဖူးပါဘူး”

“နင် မသိတာတွေ အများကြီး ရှိသေးတယ်”

ရှီဖုန်းလန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

တကယ်တော့ သူမလည်း ပေရန်လေး ဒီလောက် ရမ်းကားသည်ကို တစ်ခါမှ မမြင်ဖူးပေ။ သို့သော် ဒါက သူမ အနေဖြင့် အကြိမ်ကြိမ် မြင်ဖူးသယောင် ဟန်ဆောင်ဖို့ရာ အတားအဆီး မဖြစ်ပေ။

“ဒီ ဦးလေးကြီးက... တကယ်ကို ခန့်မှန်းရ ခက်တာပဲ ဒါပေမဲ့...”

‘သူ့ရဲ့ ဒီလိုပုံစံလေးကို ငါ သဘောကျတယ်’ ဟု ရှီကျားမူ စိတ်ထဲတွင် တွေးလိုက်မိသည်။

...

“ဂေဟာမှူးဝမ်”

ထိုအချိန်တွင် စင်ပေါ်မှ ကျန်းပေရန်က လှမ်းခေါ်လိုက်သည်။

ဝမ်ဟဲ့ရုံလည်း အောက်ကနေ ပွဲကြည့်နေတုန်း ဖြစ်သည် ကျန်းပေရန် ခေါ်လိုက်သံ ကြားမှ ကြောင်သွားပြီး ပြန်ထူးလိုက်သည်။

“ဆရာကျန်း ဘာခိုင်းစရာ ရှိလို့လဲ”

“ကျွန်တော့်အတွက် ဆေးအိုး ခြောက်လုံးလောက် ပြင်ဆင်ပေးပါ”

ဝမ်ဟဲ့ရုံ ကြားလိုက်ရသောအခါ ထပ်ပြီး ကြောင်သွားပြန်သည် ပြီးမှ တစ်စုံတစ်ခုကို နားလည်သွားသလိုမျိုး ပြန်ဖြေလိုက်၏။

“ကောင်းပါပြီ အခုပဲ စီစဉ်ခိုင်းလိုက်ပါ့မယ်”

ဝမ်ဟဲ့ရုံ သဘောပေါက်သွားမှတော့ တခြားလူတွေလည်း သဘောပေါက်သွားကြသည်။ ချန်ဟန်ချိုးက ပထမဆုံး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မောင်ရင်က ဆေး ခြောက်အိုးလုံး တစ်ပြိုင်တည်း ဖော်မလို့လား”

ကျန်းပေရန်က ရွှေကျီးကန်း ဆေးအိုးကို အရင် သိမ်းလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“စီနီယာကြီးတွေက ခက်ခဲတဲ့ မေးခွန်းတွေ မေးမယ် ထင်ထားတာ ဒါကြောင့် အစကတော့ အကုန်ထုတ်သုံးမလို့ ပြင်ဆင်ထားတာပါ ဒါပေမဲ့ စီနီယာကြီးတွေက ဂျူနီယာ့ကို ဒီလောက် ညှာတာပြီး မေးခွန်း လွယ်လွယ်လေးတွေ ထုတ်ပေးထားတော့လည်း ကျေးဇူးတင်ပါတယ်ဗျာ”

ကျန်းပေရန်၏ စကားသည် ယဉ်ယဉ်ကျေးကျေး ဖြစ်သော်လည်း လှောင်ပြောင်မှု အရှိန်အဝါကတော့ ဆရာသခင်ကြီးများကို ရင်ဘတ်အောင့် သေစေလောက်သည်။

‘လွယ်တယ် ဟုတ်လား’

ဒီဆရာသခင်ကြီးတွေ အကုန်လုံးက ဒီကောင်စုတ်လေးကို ကောင်းကောင်း ပညာပေးဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပြီး မေးခွန်းထုတ်လျှင်လည်း အခက်ဆုံး သူတို့ အကျွမ်းကျင်ဆုံး အရာကိုသာ ထုတ်ကြမည် ဖြစ်သည်။

ဒါကို ဒီကောင်လေးက လွယ်တယ်ဟု လှောင်ပြောင်လိုက်သည်။

တစ်ခဏချင်း အချိန်အတွင်းမှာပင် ဆေးပညာရှင် အားလုံး စိတ်ဓာတ်များ တက်ကြွလာကြပြီး ဒီမာန်တက်နေသော ကောင်လေးကို အဖိုးအခ ပေးဆပ်စေရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

“ဆေးအိုးတွေ ရပါပြီ”

ဆရာသခင်ကြီးများ ကျန်းပေရန်ကို ဘယ်လို အရှက်ခွဲရမလဲ တွေးနေကြစဉ်မှာပင် ဆေးအိုး ခြောက်လုံးကို သယ်ဆောင်လာကြသည်။

“ဆရာကျန်း ဘယ်နား ထားပေးရမလဲ”

ဝမ်ဟဲ့ရုံက မေးလိုက်သည်။

“ကျွန်တော့် ဘေးပတ်ပတ်လည်မှာ ဝိုင်းထားလိုက်ပါ”

ဝမ်ဟဲ့ရုံ ခေါင်းညိတ်လိုက်ပြီး အနောက်မှ အစေခံများကို ပြောလိုက်သည်။

“ဆရာကျန်း ပြောတဲ့အတိုင်း လုပ်ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ”

အစေခံများက ပြန်ဖြေပြီး ဆေးအိုးများကို စင်ပေါ်သို့ သယ်ကာ ကျန်းပေရန် ဘေးပတ်လည်တွင် ဝိုင်း၍ ချပေးလိုက်ကြသည်။

သိုလှောင်လက်စွပ်ထဲမှ မီးခတ်ကျောက်ကို ထုတ်ယူရင်း ကျန်းပေရန်က တခြား ဆေးပညာရှင်များကို ကြည့်ကာ ပြောလိုက်သည်။

“စီနီယာကြီးတွေ မစသေးဘူး ဆိုရင်တော့ ဂျူနီယာ အရင် စနှင့်လိုက်တော့မယ်”

ထို့နောက် ကျန်းပေရန်သည် ဆေးအိုး ခြောက်လုံးအောက်မှ ထင်းပုံများကို တစ်ပြိုင်နက် မီးရှို့လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဆေးမြစ် အမျိုးမျိုးကို ထုတ်ကာ ဆေးအိုးများထဲသို့ ထည့်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။

နောက်ဆုံးတွင် အဖုံးပိတ်လိုက်ပြီး ကျန်းပေရန်သည် ဆေးအိုး ခြောက်လုံးကြားတွင် တင်ပျဉ်ခွေ ထိုင်ကာ ဆေးဖော်စပ်ခြင်းကို စတင်လိုက်လေသည်။

‘ဒီကောင်လေးက တကယ်ပဲ ဆေး ခြောက်အိုး တစ်ပြိုင်တည်း ဖော်မလို့လား’

ကျန်းပေရန် တကယ် လုပ်နေသည်ကို မြင်သောအခါ ဆေးပညာရှင်များလည်း ငိုင်မနေတော့ဘဲ မီးမွှေးကာ ဆေးဖော်စပ်ခြင်းကို စတင်လိုက်ကြသည်။

သို့သော် မကြာမီမှာပင် ကျန်းပေရန် ရုတ်တရက် ထရပ်လိုက်ပြီး ဆေးဖော်စပ်ခြင်း မဟုတ်သော အခြား ခေါင်းစဉ်ဖြင့် ပြိုင်မည့် ဆေးပညာရှင် ငါးယောက်ကို လှမ်းပြောလိုက်သည်။

“စီနီယာတို့ ဒီဘက် လာခဲ့ပါဦး”

ဒီစကားကြောင့် ဆေးပညာရှင် ငါးယောက်သာမက ပွဲကြည့်ပရိသတ်များပါ ကြောင်အသွားကြသည်။

သူက ဆေး ခြောက်အိုး တစ်ပြိုင်တည်း ဖော်နေရုံတင် မကဘူး ဆေးဖော်ရင်းနဲ့ တခြားသူတွေကိုပါ ဆက်ပြိုင်ဦးမလို့လား။

အပြင်လူများပင် သိကြသည် ဆေးဖော်စပ်နေချိန်တွင် စိတ်အာရုံ လုံးဝ မပြန့်လွင့်ရပေ။ ဆေးအိုးထဲမှ ဆေးမြစ်များ၏ ပြောင်းလဲမှုကို အချိန်ပြည့် စောင့်ကြည့်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲပေးနေရသည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှု အနည်းငယ် ကွာခြားချက်သည်ပင် အဆင့်မြင့် ဆေးပညာရှင်နှင့် အဆင့်နိမ့် ဆေးပညာရှင်ကို ခွဲခြားပေးသည့် အရာ ဖြစ်သည်။

ဒါပေမဲ့ ဒီ ကျန်းပေရန်က... ဆေးအိုးတွေကို ဒီအတိုင်း ပစ်ထားခဲ့တယ်ပေါ့။

“ဝါး လန်လန် ဒီ ကျန်းပေရန်က တော်တော် မာန်တက်တာပဲ သူက ဘယ်လောက်တောင် တော်လို့လဲ ဒီဆရာကြီးတွေကို အထင်သေးရဲတာလဲ”

“ဟုတ်ပါ့ ဒီလူတွေ အကုန်လုံးက မိသားစုကြီးတွေရဲ့ ဧည့်အကြီးအကဲတွေချည်းပဲလေ အနည်းဆုံး အဆင့် ၇ ဆေးပညာရှင်တွေ ဖြစ်မှာပေါ့ ဒီ ကျန်းပေရန်က ဘယ်လောက်တောင် စွမ်းလို့ သူတို့ကို မျက်လုံးထဲ မထည့်ရတာလဲ”

“လန်လန် နင် ဒီ ကျန်းပေရန်ကို ဘယ်မှာ စသိတာလဲ ပြောပြပါဦး သူက ဘာလုပ်တဲ့သူလဲ”

ညီအစ်မ တစ်သိုက် သူမကို ဝိုင်းမေးနေကြသည်ကို ကြည့်ရင်း ရှီဖုန်းလန်၏ နှာခေါင်းလေးက မိုးပေါ် ထောင်တက်သွားမတတ် ဖြစ်နေသည်။

တကယ်တော့ သူမတွင် ရှီမိသားစု၌ သူငယ်ချင်းဟူ၍ သိပ်မရှိပေ။ ငယ်ငယ်ကတည်းက အခန်းထဲတွင် အပိတ်ခံထားရပြီး အပြင်ထွက်ခွင့် ရတော့လည်း ဂိုဏ်းသို့ အပို့ခံလိုက်ရသည်။

နှစ်တိုင်း နှစ်သစ်ကူးချိန်မှသာ ပြန်မလာခဲ့လျှင် သူမအတွက် ရှီမိသားစုတွင် ရင်းနှီးသူ တစ်ယောက်မှ ရှိမည် မဟုတ်ပေ။

ဒီ "ညီအစ်မ တစ်သိုက်" ဆိုသည်မှာလည်း အရင် နှစ်သစ်ကူး ပြန်လာချိန်များတွင် ခင်မင်ခဲ့ရသော ဆွေမျိုးများသာ ဖြစ်ကြသည်။ အစ်မတွေ ညီမတွေ ပါဝင်ပြီး အတူတူ ဆော့ကစားဖူးကြသဖြင့် ရှီဖုန်းလန်က ဒီတစ်ခေါက် သူတို့ကို ခေါ်လိုက်ခြင်း ဖြစ်သည်။

အရင် နှစ်သစ်ကူးချိန်များတွင် သူတို့ စကားပြောနေကြလျှင် ရှီဖုန်းလန် ဝင်ပြောစရာ စကား မရှိတတ်ပေ။ ဘာပဲပြောပြော ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်ချင်း မတူသလို သူတို့ ပြောတတ်ကြသည်မှာ လေ့ကျင့်ရေး ခရီးထွက်စဉ် ကြုံတွေ့ရသည့် အကြောင်းအရာများ ဖြစ်သည်။ ရှီဖုန်းလန်မှာ ဘယ်တုန်းကမှ ခရီးမထွက်ဖူးသဖြင့် ပြောစရာ အကြောင်းအရာ မရှိပေ။

ဒါကြောင့် စကားဝိုင်းထဲတွင် နေရင်းမှ ရှီဖုန်းလန်သည် တဖြည်းဖြည်း နောက်ဆုတ်သွားကာ မုန့်သွားစားနေတတ်သည်။

တစ်ခါတလေ မုန့်စားရင်း ပါးစပ်ထဲတွင် ငန်ကျိကျိ အရသာကို ခံစားလိုက်ရတတ်သည်။ တခြားသူများ၏ မောင်နှမများ အတူတူ ဆော့ကစားနေကြသည်ကို ကြည့်ရင်း ရှီဖုန်းလန် ပိုဝမ်းနည်းရသည်။

သူမတွင်လည်း အစ်ကိုကြီး ရှိသည် ညီမလေး ရှိသည်။ သို့သော် သူတို့သည် ဖေဖေ မေမေ တို့လိုပင် သူမကို တမင်တကာ ရှောင်ဖယ်နေတတ်ကြသည်။ နှစ်သစ်ကူး ထမင်းလက်ဆုံ စားချိန်တွင်ပင် တစ်ဝိုင်းတည်း အတူ မထိုင်ကြပေ။

ဒါပေမဲ့ ဒီနေ့တော့ သူမသည် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံရသည့် ဗဟိုချက်မ ဖြစ်လာခဲ့ပြီ။

ဒါက သူမ တစ်ခါမှ မကြုံဖူးခဲ့သော ခံစားမှုမျိုး ဖြစ်သည်။

အခန်း ၅၄၉ - လူငယ်တို့၏ သွေး

ရှီဖုန်းလန်သည် အစ်မ ညီမများ၏ အာရုံစိုက်ခြင်းကို ခံနေရချိန်တွင် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ အဝတ်ထုပ် တစ်ထုပ်ကို ထုတ်လိုက်သည်။ အဝတ်ထုပ်ကို ဖွင့်လိုက်သောအခါ အထဲတွင် အတိုအရှည် အကြီးအသေး မတူညီသော ငွေအပ်များ စီတန်းနေသည်ကို တွေ့လိုက်ရသည်။

ကျန်ရှိနေသော ဆေးပညာရှင် ခြောက်ဦးအနက် နှစ်ဦးမှာ အပ်စိုက်ကုသခြင်း ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ ကျန်းပေရန်သည် အပ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး သူတို့ကို ကြည့်ကာ မေးလိုက်သည်။

“ဆရာတို့နှစ်ယောက် ဘယ်လို ယှဉ်ပြိုင်ချင်ပါသလဲ”

ဆေးပညာရှင် နှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အသက်ကြီးသော သူက ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါက ကျားချန်ပါ ရိုးတွင်းခြင်ဆီ ရွှေအပ်ပညာရဲ့ နဝမမြောက် ဆက်ခံသူ ဒီနေ့ မောင်ရင်နဲ့ အဆိပ်ဖြေတာ ယှဉ်ပြိုင်ချင်တယ်။”

“ကောင်းပါပြီ”

ကျန်းပေရန် ချက်ချင်း လက်ခံလိုက်သည်။

“ဒါဆို ဘယ်သူ့အဆိပ်ကို ဖြေမှာပါလဲ”

ကျားချန်က သိုလှောင်လက်စွပ်ထဲမှ ပုလင်းလေး တစ်လုံးကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

“ဒီမှာ ခန်ရေဓာတ် အဆိပ်လုံး နှစ်လုံး ရှိတယ်။ ငါတို့ တစ်ယောက် တစ်လုံး စီ သောက်ပြီး ဘယ်သူက တစ်ဖက်လူရဲ့ အဆိပ်ကို အရင် ပြယ်အောင် လုပ်ပေးနိုင်မလဲ ကြည့်ကြတာပေါ့။”

ကျန်းပေရန် လက်နှစ်ဖက်ဆုပ်ကာ ဂါရဝပြုလိုက်သည်။

“ဆရာကျားက တကယ့်ကို ဆေးသမားကောင်း ပီသပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်ခံပြီး ယှဉ်ပြိုင်ရဲတယ် တခြားသူကို အစားထိုး မခိုင်းဘူး ဒီအချက် တစ်ချက်တည်းနဲ့တင် ဂျူနီယာ လေးစားပါတယ်။”

နောက်တစ်ကြိမ် ဂါရဝပြုပြီးနောက် ကျန်းပေရန် ဆက်ပြောလိုက်၏။

“ဒါပေမဲ့ အဆိပ်ဖြေတာ ယှဉ်ပြိုင်ဖို့ ဒီလောက်ထိ လုပ်စရာ မလိုပါဘူး ဒီ ကောင်းကင်ရနံ့ အခန်းထဲမှာတင် အဆိပ်သင့်နေတဲ့သူတွေ အများကြီး ရှိပါတယ်။”

ပြောပြီးသည်နှင့် ကျန်းပေရန်သည် ခေါင်းတုံးကြီး လျူယီလုံ ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

“စီနီယာကြီး ခင်ဗျား ဒေါသကြီးလွန်းတော့ အသည်းမီးတွေ ဟုန်းဟုန်းတောက်နေမှာ သေချာတယ်။ ဂျူနီယာ ကုပေးမယ်လေ ဘယ်လိုလဲ”

ရုတ်တရက် အပြောခံလိုက်ရသော လျူယီလုံ ဒေါသထွက်သွားပြီး အတွင်းအားများကို ထုတ်ဖော်ကာ အော်ဟစ်လိုက်သည်။

“ကောင်စုတ်လေး မင်း ဘယ်သူ့ကို ရောဂါသည်လို့ ပြောတာလဲ”

ထိုအော်သံနှင့်အတူ လျူယီလုံ၏ အတွင်းအားများသည် ကျန်းပေရန်ကို ပညာပေးရန် ဦးတည်လာလေသည်။

သို့သော် ဒီလို လှုပ်ရှားမှု အသေးစားလေးက ရှီဝေရိ၏ မျက်လုံးအောက်မှ လွတ်နိုင်မည် မဟုတ်ပေ။ ရှီဝေရိသည် ကျန်းပေရန် ရှေ့သို့ ချက်ချင်း ရောက်လာပြီး လျူယီလုံ၏ အတွင်းအားများကို ဖြိုခွင်းလိုက်သည်။ ထို့နောက် လင်းယုန်ရှစ်သွယ် ဓားကို ဆွဲထုတ်လိုက်ကာ ပြောလိုက်သည်။

“ခေါင်းတုံးကြီး ငါ့ ရှီမိသားစု ပိုင်နက်ထဲမှာ ငါ့လူကို ထိရဲတယ် ကြည့်ရတာ မင်း အသက်ရှင်လျက် ပြန်မထွက်ချင်တော့ဘူး ထင်တယ်။”

လျူယီလုံသည် ရှီဝေရိက ကျန်းပေရန်အတွက် ဒီလောက်ထိ ရက်ရက်စက်စက် ပြောလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ပုံမှန်ဆို သူတို့နှစ်ယောက် ထိပ်တိုက်တွေ့လျှင် အော်ကြီးဟစ်ကျယ် လုပ်ရုံလောက်သာ ရှိတတ်သည်။ သို့သော် ယခု ရှီဝေရိ၏ စကားတွင် သတ်ဖြတ်လိုစိတ် ပြင်းပြနေပြီး ဓားကိုပင် ဆွဲထုတ်ထားသည်။

ဒါက နောက်ပြောင်နေသည့် ပုံစံ မဟုတ်ပေ။

သို့သော် လျူယီလုံ ဆိုသည်မှာလည်း ဒေါသအိုး ဖြစ်သည်။ ရှီဝေရိက ဒီကောင်လေးအတွက် ဘာလို့ ဒီလောက်ထိ လုပ်ပေးနေလဲ ဆိုတာ နားမလည်သော်လည်း တစ်ဖက်လူက သူ့ခေါင်းပေါ် တက်နင်းလာမှတော့ နောက်ဆုတ်ပေးစရာ အကြောင်းမရှိပေ။

“ချွမ်” ခနဲ အသံနှင့်အတူ လျူယီလုံသည် ကျောနောက်မှ ကောင်းကင်စိမ်း ဓားမကြီးကို ဆွဲထုတ်လိုက်သည်။

“ကောင်းပြီလေ မင်း ငါ့ကို ဘယ်လို သတ်မလဲ ကြည့်ရသေးတာပေါ့ လာစမ်းပါ”

“ကောင်းပြီ မင်းဆန္ဒ ပြည့်စေရမယ်”

ရုတ်တရက် အနက်ရောင်သခင်ကြီး အဆင့် ပုဂ္ဂိုလ်ကြီး နှစ်ဦး၏ အတွင်းအားများ ပေါက်ကွဲထွက်လာပြီး တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာတော့မည့် အခြေအနေ ဖြစ်သွားသည်။

သူ့ရှေ့တွင် ကာပေးထားသော ရှီဝေရိကို ကြည့်ရင်း ကျန်းပေရန် အံ့အားသင့်သွားသည်။ ဒီ... ဉာဏ်များလှသော လူကြီးက သူ့အတွက် ဒီလောက်ထိ လုပ်ပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဒီနေရာသို့ ရောက်နေသူ အားလုံးသည် ရှန့်တိုင်းပြည်၏ ထိပ်သီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ရှီဝေရိသာ လျူယီလုံကို ဒီနေရာမှာ တကယ် သတ်လိုက်လျှင် ဧရာမ ပြဿနာကြီး တက်ပေလိမ့်မည်။

‘ဒါက... ငါ့ကို မျက်နှာလုပ်ပြတာလား။ အရင်းအနှီးက များလွန်းမနေဘူးလား။’

အင်မော်တယ်အရှင်က ထရပ်ပြီး ကြားဝင်ဖြန်ဖြေရန် ပြင်နေသည်ကို မြင်သောအခါ ကျန်းပေရန်သည် အနက်ရောင်သခင်ကြီး နှစ်ဦးကြားသို့ အရင် ဝင်ရပ်လိုက်ပြီး ပြောလိုက်သည်။

“ စိတ်လျော့ကြပါ စိတ်လျော့ကြပါ အထင်လွဲတာလေး တစ်ခုပါပဲ ဒီလောက်ထိ ဒေါသထွက်စရာ မလိုပါဘူး”

ထို့နောက် ကျန်းပေရန်သည် လျူယီလုံကို ကြည့်ကာ ပြောလိုက်သည်။

“စီနီယာကြီး ဂျူနီယာ အပ်တစ်ချောင်းလောက် စိုက်ကြည့်ခွင့် ပြုပါ တကယ်လို့ ဂျူနီယာ ပြောတာ မမှန်ဘူး ဆိုရင် ဂျူနီယာ အခုချက်ချင်း အရှုံးပေးပါ့မယ် ဘယ်လိုလဲ”

လျူယီလုံက မူလက ကျန်းပေရန်ကို မောင်းထုတ်ချင်နေသော်လည်း ဒီကောင်လေးက သူ့ကံကြမ္မာကို သူ့လက်ထဲ အပ်နှင်းလိုက်သည် အထိ ယုံကြည်မှု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ဒီနေရာသည် ရှီမိသားစု ပိုင်နက် ဖြစ်သဖြင့် သူလည်း သိပ်ပြီး အားမရပေ။ ထို့ကြောင့် လက်ခံလိုက်သည်။

“ကောင်းပြီလေ ငါ မင်းကို အနိုင်ကျင့်တယ် မဖြစ်ရအောင် မင်း တကယ်ပဲ ငါ့ရောဂါကို ကုပေးနိုင်ရင် ငါ မင်းကို တောင်းပန်မယ်”

လျူယီလုံက ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ကျန်းပေရန် တကယ် ကုပေးနိုင်ရင်တောင် ဘယ်တော့မှ ဝန်ခံမည် မဟုတ်ဟု တွေးထားလိုက်သည်။

“ကောင်းပြီ စီနီယာကြီးက တကယ့်ကို ပြတ်သားတာပဲ”

ကျန်းပေရန်က ပြောပြီး ရှီဝေရိ ဘက်သို့လှည့်ကာ ဂါရဝပြုလိုက်သည်။

ရှီဝေရိလည်း ခေါင်းညိတ်လိုက်ပြီး အတွင်းအားများကို ပြန်သိမ်းလိုက်သည်။

“ဒါဆို စီနီယာကြီး အင်္ကျီချွတ်ပေးပါ ဂျူနီယာ အပ်စိုက်ပါရစေ”

ကျန်းပေရန်သည် အပ်အိတ်ထဲမှ အပ်မျိုးစုံကို ထုတ်ယူလိုက်သည်။

လျူယီလုံလည်း တွန့်ဆုတ်မနေဘဲ အင်္ကျီကို ချွတ်ပစ်လိုက်ရာ ကျောက်တုံး ကျောက်ဆောင်ကဲ့သို့ မာကျောသော ကြွက်သားများ ပေါ်လာသည်။

ကြက်ကလေး တစ်ကောင်ကိုပင် ဖမ်းချုပ်နိုင်အား မရှိသယောင် ဖြစ်နေသော ကျန်းပေရန်ကို ကြည့်ပြီး လျူယီလုံက ရင်အုပ်ကို ပုတ်ကာ ပြောလိုက်သည်။

“မင်း အပ်မစိုက်နိုင်ရင် ငါ့ကို အပြစ်မတင်နဲ့နော် ငါ့...”

လျူယီလုံ စကားမဆုံးခင်မှာပင် ကျန်းပေရန် လက်ထဲမှ ကောင်းကင်ဝိညာဉ် အပ် သုံးချောင်းသည် သူ့ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားပြီး ဖြစ်သည်။ ထို့နောက် လေးချောင်းမြောက် ငါးချောင်းမြောက် ခြောက်ချောင်းမြောက်...။

အပ်တိုင်းသည် လျူယီလုံ၏ ခန္ဓာကိုယ်မှ သွေးကြောပေါက်များကို တိတိကျကျ ထိုးဖောက်သွားသည်။

လျူယီလုံ မယုံနိုင်အောင် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်သည် ဓားမတိုး လှံမတိုး ဖြစ်အောင် ကျင့်ကြံထားပြီး မူလက ကြွက်သားများကို တင်းထားကာ ဒီကောင်လေးကို ပညာပေးမည်ဟု စိတ်ကူးထားသည်။ သို့သော် ထင်မှတ်မထားသည်မှာ...လုံးဝ တင်းထားလို့ မရခြင်းပင်။

‘ဒီကောင်လေး... အတွင်းအားက အရမ်း မြင့်နေတာလား။’

လျူယီလုံက ကျန်းပေရန်၏ ကျင့်ကြံဆင့်ကို တွေးနေစဉ်မှာပင် အလွန်အမင်း သက်တောင့်သက်သာ ရှိသော ခံစားမှု တစ်ခုက ဦးခေါင်းထိပ်အထိ တက်လာသည်ကို ခံစားလိုက်ရသည်။

“ရှီး...”

လျူယီလုံ အသက်ပြင်းပြင်း ရှူလိုက်ပြီး အော်မထွက်မိအောင် မနည်း ထိန်းထားလိုက်ရသည်။

‘ဘာဖြစ်တာလဲ...’

အံ့သြနေစဉ်မှာပင် လျူယီလုံသည် မိမိခန္ဓာကိုယ် အတွင်းကို ပြန်ကြည့်လိုက်ရာ အတွင်းအားများသည် ခန္ဓာကိုယ် အနှံ့ လွတ်လပ်စွာ စီးဆင်းနေပြီး ကိုယ်ပိုင် အသိစိတ် ရှိသကဲ့သို့ ခန္ဓာကိုယ်ကို "သန့်ရှင်းရေး" လုပ်ပေးနေသည်ကို တွေ့လိုက်ရသည်။

လျူယီလုံသည် အနက်ရောင်သခင်ကြီး အဆင့် ဖြစ်သဖြင့် ခန္ဓာကိုယ်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်စွမ်း ရှိသော်လည်း သူက အလွန် မာန်တက်ပြီး မိမိကိုယ်ကို ဓားမတိုး လှံမတိုးဟု မှတ်ယူထားသဖြင့် ခန္ဓာကိုယ် ထိန်းသိမ်းမှုကို ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့် ခန္ဓာကိုယ် အတွင်း၌ ဒဏ်ရာဟောင်းများ စုပုံနေသည်။

ထိုဒဏ်ရာများသည် ပုံမှန်အချိန်တွင် ပြဿနာ မပေးသော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသည့်အခါမျိုးတွင် တစ်ပြိုင်နက် ပြန်ထလာပြီး ဒုက္ခပေးတတ်သည်။

ယခု ကျန်းပေရန်၏ ကုသမှုသည် ထိုဒဏ်ရာဟောင်းများကို ဆေးကြောပေးနေခြင်း ဖြစ်သည်။

ထိုသို့ ခန္ဓာကိုယ် တစ်ခုလုံး သန့်စင်သွားသော ခံစားမှုကြောင့် လျူယီလုံ အော်ဟစ်ချင်စိတ် ပေါက်သွားရခြင်း ဖြစ်သည်။

သို့သော် ဒါသည် ကျန်းပေရန်၏ အပ်စိုက်ကုသခြင်း ပထမ အဆင့်သာ ရှိသေးသည်။

လျူယီလုံ သက်တောင့်သက်သာ ခံစားနေရစဉ်မှာပင် ကျန်းပေရန်သည် ကောင်းကင်ဝိညာဉ် အပ်များကို ချက်ချင်း ပြန်နှုတ်လိုက်ပြီး အပ်အိတ် အသစ်တစ်ခုကို ထုတ်ယူလိုက်သည်။

“ဒီအပ်က ဘာနဲ့ လုပ်ထားတာလဲ”

ကျန်းပေရန်၏ အပ်အသစ်များကို ကြည့်ပြီး ဘေးနားမှ စောင့်ကြည့်နေသော ကျားချန် မနေနိုင်ဘဲ မေးလိုက်သည်။

ပုံမှန်အချိန်ဆိုလျှင် ကျားချန်က ဒီလောက် စိတ်ဝင်စားမည် မဟုတ်ပေ။ ဒါတွေကို အပေါ်ယံ ဟိတ်ဟန်ထုတ်ထားသော လက်ကွက်များဟုသာ သတ်မှတ်ပေလိမ့်မည်။

သို့သော် စောစောက ကျန်းပေရန် ပြသလိုက်သော လက်ရာသည် သူ့ကို တွေးရခက်စေသည်။

အပ်စိုက်ကုသရာတွင် လူနာကို စိတ်ရောကိုယ်ပါ လျှော့ချထားခိုင်းရသည် မဟုတ်လျှင် အပ်လွဲသွားတတ်သည်။ သို့သော် လျူယီလုံသည် စိတ်မလျှော့သည့်အပြင် ကြွက်သားများကိုပါ တင်းထားခဲ့သည်။ ဒါသည် အပ်စိုက်ရ ခက်ခဲစေရန် တမင် လုပ်ဆောင်ခြင်း ဖြစ်သည်။

ဒါကို ဒီလူငယ်လေးက အပ်တိုင်းကို သွေးကြောပေါက်တည့်တည့် စိုက်နိုင်ခဲ့သည်။ အားသုံးပြီး စိုက်တာ မဟုတ်ဘဲ နည်းစနစ်ကို သုံးသွားခြင်း ဖြစ်သည်။ ထိုနည်းစနစ်က ကျားချန်ကို အံ့အားသင့်စေခြင်း ဖြစ်သည်။

သူ အပ်စိုက်ပညာကို ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့သော်လည်း ဒီလို လက်ရာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဒါကြောင့် ကျန်းပေရန်၏ အပ်စိုက်ပညာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီးနောက် ဒီလူငယ်လေးသည် မာန်တက်နေခြင်း မဟုတ်ဘဲ အရည်အချင်း ရှိလွန်းအားကြီး၍ ယုံကြည်မှု ရှိနေခြင်း ဖြစ်ကြောင်း ကျားချန် သဘောပေါက်သွားသည်။

မာန်တက်တာကို သဘောမကျသော်လည်း ကျန်းပေရန်ကို လေးစားမိသွားသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် အပ်စိုက်ပညာကို ဒီလောက် ကျွမ်းကျင်နေသည်မှာ အံ့မခန်းပင်။ လက်ရှိ သူ့အရည်အချင်းနှင့် ယှဉ်လျှင်တောင် မမီနိုင်ပေ။ သူငယ်ငယ်က အရည်အချင်းနှင့် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

‘လူငယ် မျိုးဆက်သစ် ပါရမီရှင်လေးပဲ... ဒါပေမဲ့... အရမ်း မာန်တက်လွန်းနေတယ်... ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး’

ကျားချန်က ပြိုင်ပွဲပြီးလျှင် လူကြီးတစ်ယောက် အနေဖြင့် ကျန်းပေရန်ကို ဆုံးမစကား ပြောဦးမည်ဟု တွေးထားသည်။ မဟုတ်လျှင် ဒီလို ကျောက်စိမ်းတုံးကောင်းလေး လမ်းမှားရောက်သွားမှာ နှမြောစရာ ကောင်းသည်။

သူ စဉ်းစားနေစဉ်မှာပင် ကျန်းပေရန်သည် သူ တစ်ခါမှ မမြင်ဖူးသော အပ်များကို ထုတ်လိုက်သဖြင့် စိတ်ဝင်စားသွားပြီး မေးလိုက်ခြင်း ဖြစ်သည်။

ကျားချန်၏ မေးခွန်းကို ကြားသောအခါ ကျန်းပေရန်သည် ချိတ်ကောက်ပုံ အပ်တစ်ချောင်းကို ထုတ်ပြပြီး ပြောလိုက်သည်။

“ဒါက ကျောက်စိမ်းအပ်ပါ ဂျူနီယာ့ရဲ့ ကိုယ်ခံ ကျောက်စိမ်းကို သုံးပြီး ထူးခြားစွာ ပြုလုပ်ထားတာပါ။”

“ကိုယ်ခံ ကျောက်စိမ်း”

ကျားချန်သာမက အပ်စိုက်ပညာ ယှဉ်ပြိုင်မည့် အခြား လူကြီးတစ်ယောက်ပါ ကြောင်သွားသည်။

သူ တစ်သက်လုံး အပ်စိုက်လာတာ ကျောက်စိမ်းနဲ့ လုပ်တဲ့ အပ်ဆိုတာ တစ်ခါမှ မကြားဖူးပေ။ ပိုဆိုးတာက လူအများစု အတွင်းအား မဖောက်ပြန်အောင် ကာကွယ်ဖို့ ဝတ်ဆင်ထားတတ်တဲ့ ကိုယ်ခံ ကျောက်စိမ်းနဲ့ လုပ်ထားတာတဲ့လား။

ဒီအထဲမှာ ဘာလျှို့ဝှက်ချက် ရှိနေတာလဲ။

ကျန်းပေရန်က အခုချက်ချင်း ရှင်းပြဖို့ စိတ်ကူးမရှိပေ။ ဆရာသခင်ကြီး နှစ်ယောက် အံ့အားသင့်နေစဉ်မှာပင် ကျောက်စိမ်းအပ် ၁၃ ချောင်းကို လျူယီလုံ၏ ဝမ်းဗိုက်ပေါ်သို့ စိုက်ချလိုက်သည်။

ဆရာသခင်ကြီးများ အံ့အားသင့်သွားရခြင်းမှာ ဒီတစ်ခေါက် ကျန်းပေရန်က သွေးကြောပေါက် မဟုတ်သော နေရာများကိုပါ စိုက်လိုက်သောကြောင့် ဖြစ်သည်။

ဒါပေမဲ့ လျူယီလုံ၏ တုံ့ပြန်မှုကို ကြည့်ရသလောက် နာကျင်နေပုံ မရပေ။

ဒါက သူတို့ နားလည်ထားသော ဗဟုသုတ ဘောင်ကို ကျော်လွန်နေသည်။

【အပ်သည် သွေးကြောပေါက် မဟုတ်သော နေရာကို စိုက်မိပါက ဒဏ်ရာရစေသည်】

ဒါသည် ဆေးစာအုပ်တိုင်းတွင် ပါဝင်သော အခြေခံ သဘောတရား ဖြစ်ပြီး ဆေးပညာရှင်တိုင်း လက်ခံထားသော အချက် ဖြစ်သည်။

ဒါပေမဲ့ ဒီနေ့တော့ အားလုံး သိထားသော အခြေခံ သဘောတရားကြီး ပျက်စီးသွားခဲ့ပြီ။

အပ်စိုက်ပြီးနောက် ကျန်းပေရန်သည် လက်ကွက် ပုံဖော်ကာ ဂါထာ ရွတ်ဆိုလိုက်သည်။

“အတွင်းထဲက အတွင်းကို ဖွင့်... အပြင်ဘက်က အပြင်ကို ဖောက်...”

“ကြယ်တာရာ ပြောင်းပြန်လည်မှ ပုံရိပ်ပေါ်... အလင်းပြန်မှ ပြည့်စုံစေ...”

ကျန်းပေရန်၏ ရွတ်ဆိုသံနှင့်အတူ ကျောက်စိမ်းအပ် ၁၃ ချောင်းမှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အငွေ့အသက်များ အဖြစ် ပြောင်းလဲကာ လျူယီလုံ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ခဏအကြာတွင် ကျောက်စိမ်းအပ် ၁၃ ချောင်းကြား၌ မျဉ်းကြောင်းငယ်လေးများ ပေါ်လာပြီး အစီအရင် ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

လျူယီလုံသည် ကျန်းပေရန်၏ လက်ရာကြောင့် ကြောင်တောင်တောင် ဖြစ်နေသည်။ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး ချွေးများ ဒလဟော ထွက်လာသည်ကို ခံစားလိုက်ရသည်။

သို့သော် မသက်မသာ မဖြစ်သည့်အပြင် တိုက်ပွဲကြီး တစ်ခု ပြီးသွားသလိုမျိုး နေလို့ကောင်းနေသည်။ ထို့အပြင် ဖော်ပြမတတ်သော စွမ်းအားတစ်ခု ခန္ဓာကိုယ် အောက်ပိုင်းမှ တက်လာနေသည်။

သို့သော် ထိုစွမ်းအားကြောင့် လျူယီလုံ စိတ်လှုပ်ရှားသွားသည်။

ဘာပဲပြောပြော ကိုယ်အကျွမ်းကျင်ဆုံး ခန္ဓာကိုယ်ထဲမှာ လုံးဝ စိမ်းသက်သော စွမ်းအားတစ်ခု ပေါ်လာခြင်း ဖြစ်သည်။ အန္တရာယ် မရှိဘူးလို့ ခံစားရပေမဲ့ ကြောက်လန့်မိတာတော့ အမှန်ပင် ဖြစ်သည်။

လျူယီလုံ၏ ဟန်ဆောင်ထားသော မျက်နှာထားကို ကြည့်ရင်း ကျန်းပေရန် ရှင်းပြလိုက်သည်။

“စီနီယာကြီး ဂျူနီယာ စောစောက စီနီယာကြီးရဲ့ ခန္ဓာကိုယ်ကို သေချာ စစ်ဆေးကြည့်ပြီးပါပြီ။ စီနီယာကြီးက အသည်းမီး ဟုန်းဟုန်းတောက်နေတာတင် မကဘူး လေ့ကျင့်တဲ့ ကျင့်စဉ်ကလည်း အရမ်း ကြမ်းတမ်းလွန်းတယ် အနာဂတ် အလားအလာတွေကို အများကြီး ကြိုသုံးထားမိတယ်”

“ဘာကို ဆိုလိုတာလဲ”

လျူယီလုံ မနေနိုင်ဘဲ မေးလိုက်သည်။

ကျန်းပေရန်က မဖြေဘဲ သိုလှောင်လက်စွပ်ထဲမှ စောစောက သိမ်းလိုက်သော ကောင်းကင်ဝိညာဉ် အပ်အိတ်ကို ပြန်ထုတ်လိုက်သည်။

လူတိုင်း အံ့အားသင့်နေစဉ်မှာပင် ကျန်းပေရန်သည် ကောင်းကင်ဝိညာဉ် အပ် ၄၉ ချောင်းကို လျူယီလုံ၏ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် စိုက်လိုက်ပြီး စောစောက ကျောက်စိမ်းအပ်များကို ဝိုင်းရံလိုက်သည်။

လျူယီလုံကို မော့ကြည့်ပြီး ကျန်းပေရန်က အသံတိတ် စကားပြောနည်းဖြင့် မေးလိုက်သည်။

“စီနီယာကြီးက အနက်ရောင်ဂိုဏ်းချုပ် အဆင့်ကို အရမ်းမြန်မြန် ရောက်ခဲ့ပြီးတော့ အနက်ရောင်သခင်ကြီး အဆင့်ကို တက်တဲ့အခါကျမှ အခက်အခဲတွေ အများကြီး တွေ့ခဲ့ရတယ် မဟုတ်လား ကျရှုံးလုနီးပါးတောင် ဖြစ်ခဲ့တယ် မဟုတ်လား”

လျူယီလုံ မျက်လုံးပြူးသွားပြီး အတော်ကြာမှ ပြန်ဖြေလိုက်သည်။

“ဒါကိုလည်း ကြည့်တတ်တယ်လား”

“သေချာတာပေါ့”

“ဒါဆို မြန်မြန် ပြောပြစမ်း ဘာဖြစ်တာလဲ ဆိုတာ”

ကျန်းပေရန်၏ စကားသည် လျူယီလုံ၏ ဒဏ်ရာဟောင်းကို တည့်တည့် ထိသွားသည်။ ငယ်စဉ်က သူသည် ဒေသတစ်ခုလုံး ကျော်ကြားသော ပါရမီရှင် ဖြစ်ခဲ့ပြီး ရွယ်တူများထက် အများကြီး စော၍ အနက်ရောင်ဝိညာဉ် အဆင့်သို့ ရောက်ရှိခဲ့သည်။

တားမရ ဆီးမရ တိုးတက်ခဲ့သည်။

ဘေးလူများက လျူယီလုံ နာမည် ကြားသည်နှင့် လက်မထောင်ကာ ပါရမီရှင်ဟု ချီးကျူးခဲ့ကြသည်။

ဒါက လျူယီလုံကို အလွန် ကျေနပ်စေခဲ့သည်။ သို့သော် အနက်ရောင်ဘုရင် အဆင့်သို့ တက်လှမ်းရာ လမ်းခရီးတွင် ပြိုင်ဘက် တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ ထိုသူမှာ နှလုံးသားနှောင်ဖွဲ့ ဂိုဏ်းမှ ရန်ရွှီ ဖြစ်သည်။ ပါရမီ မြင့်မားရုံသာမက တိုက်ခိုက်ရေး စွမ်းရည်လည်း အလွန် ကောင်းမွန်သူ ဖြစ်သည်။

မူလက လျူယီလုံနှင့် မဆိုင်သော်လည်း လူတွေက ရန်ရွှီ အကြောင်း ပြောကြလျှင် သူ့ကို နှိုင်းယှဉ် ပြောဆိုတတ်ကြသည်။

လျူယီလုံက ပါရမီရှင် ထင်နေတာ ရန်ရွှီက ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းသေးတယ် ဟု ပြောကြသည်။

လျူယီလုံ ဘယ်လို လုပ် သည်းခံနိုင်မည်နည်း။ သူက တစ်သက်လုံး ပြိုင်ဆိုင်လိုစိတ် ပြင်းပြသူ ဖြစ်ပြီး ပါရမီရှင် ဆိုသော မြှောက်ပင့်မှုများအောက်တွင် ပျော်မွေ့နေသူ ဖြစ်သည်။

အခု ရန်ရွှီက သူ့ထက် ပိုတော်တယ် ဆိုတာ ကြားတော့ သူ မကျေနပ်ပေ။

ဒါကြောင့် လူကြီးတွေ တားတာကို နားမထောင်ဘဲ နှလုံးသားနှောင်ဖွဲ့ ဂိုဏ်းသို့ သွားပြီး ရန်ရွှီကို စိန်ခေါ်ခဲ့သည်။

ရလဒ်ကတော့ သူ ရှုံးနိမ့်ခဲ့သည်။ အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ ရန်ရွှီ လက်ချက်ဖြင့် ၁၀ ကွက်တောင် မခံလိုက်ရဘဲ မြေကြီးပေါ် လဲကျသွားခဲ့သည်။

ပိုပြီး ဒေါသထွက်စရာ ကောင်းသည်မှာ ရန်ရွှီက သူ့ကို မလှောင်ပြောင်ဘဲ ဆွဲထူပေးကာ ပြောလိုက်ခြင်း ဖြစ်သည်။

“မင်း တော်တော် စွမ်းတာပဲ ငါနဲ့ ယှဉ်ပြိုင်ဖူးတဲ့ သူတွေထဲမှာ မင်းက အတော်ဆုံးပဲ နောက်တစ်ခါ ထပ်ပြိုင်ဖို့ မျှော်လင့်ပါတယ်”

ဒီစကားက လျူယီလုံ၏ မာနကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ငါက မင်းလက်ထဲ ၁၀ ကွက်တောင် မခံနိုင်တာကို မင်းက ငါ့ကို တော်တယ်လို့ ပြောတယ်ပေါ့။ တောက် သူတော်ကောင်း ယောင်ဆောင်တဲ့ကောင်။

အဲဒီနောက်ပိုင်း ဒေါသအိုး လျူယီလုံသည် ရူးသွပ်မတတ် ကျင့်ကြံခဲ့သည်။ လူကြီးတွေ တားတာ နားမထောင်ဘဲ ခန္ဓာကိုယ်ကို အကန့်အသတ်မရှိ အသုံးချခဲ့သည်။ နောက်ဆုံးတော့ သူ အောင်မြင်ခဲ့သည်။

ဝိညာဉ်ဆေးလုံး အမျိုးမျိုး စားသုံးပြီး ရတနာ ပစ္စည်း အမျိုးမျိုးကို အသုံးပြုကာ ကျင့်ကြံဆင့်ကို မြှင့်တင်ခဲ့သည်။ နောက်ဆုံးတော့ ရန်ရွှီထက် အရင်ဦးဆုံး အနက်ရောင်ဘုရင် အဆင့်သို့ ရောက်ရှိခဲ့ပြီး ရန်ရွှီကို ချက်ချင်း သွားရောက် စိန်ခေါ်ကာ အနိုင်ယူခဲ့သည်။

ရန်ရွှီ၏ မယုံနိုင်သော မျက်လုံးများကို ကြည့်ပြီး လျူယီလုံ အလွန် ကျေနပ်ခဲ့သည်။

ထို့နောက် ဟွမ်းကျိုး ပြည်နယ်၏ နံပါတ်တစ် ပါရမီရှင် ဘွဲ့သည် လျူယီလုံ ဆီသို့ ပြန်ရောက်လာခဲ့သည်။

ထိုဂုဏ်ပုဒ်ကို ထိန်းသိမ်းရန်အတွက် လျူယီလုံသည် ကိုယ့်ကိုယ်ကိုယ် ပို၍ အတင်းအကျပ် ဖိအားပေးခဲ့သည်။

နောက်ဆုံးတော့... သူသည် အနက်ရောင်ဂိုဏ်းချုပ် အဆင့်သို့ လျင်မြန်စွာ ရောက်ရှိခဲ့သော်လည်း နောက်ပိုင်း လျှောက်လှမ်းရသည့် ခြေလှမ်းတိုင်းသည် အလွန် ခက်ခဲလာခဲ့သည်။

အခု ရန်ရွှီက အနက်ရောင် သူတော်စင် အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေပြီ။ သူကတော့...။

အနက်ရောင်သခင်ကြီး အဆင့် ၂ မှာတင် ရုန်းကန်နေရပြီး ဟိုလူ့ ကျောပြင်ကိုတောင် လှမ်းမမြင်ရတော့ပေ။

သူ နောင်တ ရခဲ့ဖူးသည်။ ဒါပေမဲ့ နောင်တရလို့ ဘာထူးမှာလဲ။ အခု သူသည် အဆင့်မြင့်မားသော အနက်ရောင်သခင်ကြီး တစ်ယောက် ဖြစ်နေသော်လည်း စိတ်ထဲတွင်တော့ ဂုဏ်ယူဝင့်ကြွားခြင်း မရှိပေ။

အဆင့်တူ မိတ်ဆွေများ ရှေ့တွင် မျက်နှာမပြရဲလောက်အောင် သိမ်ငယ်စိတ် ဝင်နေခဲ့သည်။

ဒီနေ့တော့ ဒဏ်ရာဟောင်းကို ပြန်လှန်ခံလိုက်ရပြီ။ ဒါပေမဲ့ ပြန်လှန်လိုက်ပုံက... လျူယီလုံကို မျှော်လင့်ချက် ရောင်ခြည်သန်းစေသည်။ ထိုမျှော်လင့်ချက်သည် ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာနေသော စိမ်းသက်သည့် စွမ်းအားပင် ဖြစ်သည်။

‘ဒီကောင်လေး... ငါ့ကို တကယ် ကုပေးနိုင်တာလား’

All Chapters