အခန်း (၅၅၀-၅၅၁)
Vol. 48 Ch. 550-551
အခန်း ၅၅၀ - အကန့်အသတ်မဲ့ ရမ်းကားခြင်း
အတွေးများ ကုန်လွန်ပြီးနောက် လျူယီလုံသည် ကျန်းပေရန်ကို ကြည့်သော အကြည့်များ ပြောင်းလဲသွားသည်။ ဒေါသများ လျော့ပါးသွားပြီး အတတ်နိုင်ဆုံး ကြိုးစား၍ ဖော်ရွေသော အမူအရာကို ပြသရန် ကြိုးစားနေသည်။
လျူယီလုံ၏ ခွေးတစ်ကောင်ကိုပင် ငိုအောင် ခြောက်လှန့်နိုင်လောက်သည့် ထူးဆန်းသော မျက်နှာထားကို ကြည့်ရင်း ကျန်းပေရန်သည် အပ်အိတ်ထဲမှ ဝိညာဉ်လက်စွပ်အပ် တစ်ချောင်းကို ထုတ်ယူကာ အသံတိတ် စကားပြောနည်းဖြင့် ပြန်ပြောလိုက်သည်။
“စီနီယာကြီး ငယ်ငယ်တုန်းက စွမ်းအားပြင်း ဝိညာဉ်ဆေးလုံးတွေ အများကြီး စားခဲ့တာကြောင့် ခန္ဓာကိုယ် ပျက်စီးခဲ့ရတယ် ဆိုတာ ကိုယ်တိုင် သိမှာပါ။ အဲဒီ ဆေးလုံးတွေက ခွန်အားကို မြန်မြန် တိုးတက်စေပေမဲ့ ခန္ဓာကိုယ်ကို အကြီးအကျယ် ပျက်စီးစေခဲ့တယ်။”
ပြောရင်းနှင့် ကျန်းပေရန်သည် ဝိညာဉ်လက်စွပ်အပ်ကို လျူယီလုံ၏ လည်ပင်းသို့ စိုက်သွင်းလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါတင် မကသေးဘူး စီနီယာကြီး လေ့ကျင့်တဲ့ ကျင့်စဉ်ကလည်း အရမ်း ကြမ်းတမ်းလွန်းတယ်။ ဘာကျင့်စဉ်လဲ ဆိုတာ အတိအကျ မသိပေမဲ့ တိုက်ခိုက်ရေးကိုပဲ ဦးစားပေးပြီး အတွင်းပိုင်း ပြုစုပျိုးထောင်မှုကို လုံးဝ လစ်လျူရှုထားတဲ့ ကျင့်စဉ်မျိုး ဖြစ်မယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးနဲ့တောင် စီနီယာကြီးက အနက်ရောင်သခင်ကြီး အဆင့်အထိ တက်လှမ်းနိုင်ခဲ့တယ် ဆိုတော့ တကယ့်ကို ပါရမီ ကောင်းလွန်းလို့ပါပဲ ကျွန်တော် လေးစားပါတယ်။”
ကျန်းပေရန်၏ “လေးစားပါတယ်” ဆိုသော စကားကြောင့် လျူယီလုံ လက်သီးကို နောက်တစ်ကြိမ် တင်းတင်းဆုပ်မိပြန်သည်။ သို့သော် ချက်ချင်း ပြန်လျှော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် ပြင်းပြသော ခံစားချက် တစ်ခု ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။
သူ တစ်ပါးသူကို အကူအညီ တောင်းရတော့မည်။
“ဟုတ်တယ် မင်းပြောတာ မှန်တယ် ငါ ငယ်ငယ်တုန်းက မိုက်မဲမှုတွေ အများကြီး လုပ်ခဲ့လို့ ခန္ဓာကိုယ်က ဒီလို ဖြစ်နေရတာ အဆင့်မြင့် ဆေးပညာရှင် အများကြီးကိုလည်း ပြဖူးတယ် သူတို့ ပြောတာကတော့ အရင်းအမြစ် ခန်းခြောက်သွားပြီ ကုလို့ မရတော့ဘူးတဲ့”
“ဟုတ်တယ် သူတို့ပြောတာ မှန်တယ်။”
ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။
“မြစ်လက်တက် ပျက်စီးသွားရင် ပြန်ဖောက်လို့ ရပေမဲ့ မြစ်ဖျားခံရာ နေရာ ပျက်စီးသွားရင်တော့ ဘာမှ လုပ်လို့ မရတော့ဘူး။”
ကျန်းပေရန်၏ အဖြေကို ကြားလိုက်ရသောအခါ လျူယီလုံ၏ မျှော်လင့်ချက်လေး ပြန်ပျောက်သွားသည်။
ကျန်းပေရန်သည် သူ မပြောပြဘဲနှင့် သူ့ပြဿနာ၏ အရင်းအမြစ်ကို သိမြင်နိုင်သော ပထမဆုံး ဆေးပညာရှင် ဖြစ်သည်။ သွေးခုန်နှုန်းကိုပင် စမ်းသပ်ခြင်း မရှိဘဲ သိခဲ့ခြင်း ဖြစ်သည်။
ဒါကြောင့် လျူယီလုံသည် ကျန်းပေရန်တွင် နည်းလမ်းရှိမည်ဟု ထင်ခဲ့မိသည်။ သို့သော် ရလဒ်ကတော့ တခြား သမားတော်ညံ့တွေ ပြောသလိုပင် ဖြစ်နေသည်။
လျူယီလုံ နောက်တစ်ကြိမ် စိတ်ဓာတ်ကျသွားစဉ်မှာပင် ကျန်းပေရန်၏ အသံတိတ် စကားသံကို ထပ်ကြားလိုက်ရပြန်သည်။
“ဆည်မြောင်း တာတမံတွေမှာ အမျိုးအစား ထောင်ပေါင်းများစွာ ရှိတယ် ကောင်းကင် တာတမံ ဆိုတာက ပုံသဏ္ဌာန်ရော စိတ်ဝိညာဉ်ပါ ပြည့်စုံပြီး သဘာဝတရားနဲ့ တစ်သားတည်း ဖြစ်နေတာမျိုးပါ။ စုစည်းလိုက်ရင် ပုံသဏ္ဌာန် ပေါ်လာပြီး ဖြန့်ကျက်လိုက်ရင် အငွေ့အသက် ဖြစ်သွားတတ်တယ်။ ကောင်းကင် တာတမံ ပျက်စီးသွားရင် ပြန်ပြင်လို့ မရပေမဲ့ တာတမံ အသစ် တည်ဆောက်ပြီး ရေလမ်းကြောင်း လွှဲလို့ ရပါတယ်”
လျူယီလုံ ခဏတာ ကြောင်သွားပြီးမှ မေးလိုက်သည်။
“ဘာကို ဆိုလိုတာလဲ”
“ရှင်းရှင်းပြောရရင်တော့ မူလ အရင်းအမြစ်ကို ပြန်ပြင်လို့ မရပေမဲ့ အရင်းအမြစ် အသစ် တစ်ခုနဲ့ အစားထိုးလို့ ရတယ် ဆိုတဲ့ သဘောပါ ဒါပေမဲ့ အရင်းအမြစ် အသစ်ကတော့ မူလ အရင်းအမြစ်လောက် ကောင်းမှာ မဟုတ်ဘူး။ ပြီးတော့...”
“ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ ဆရာ”
ကျန်းပေရန် စကားမဆုံးခင်မှာပင် လျူယီလုံသည် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ ဒီတစ်ခေါက်တွင် သူသည် အသံတိတ် စကားပြောနည်းကို မသုံးဘဲ လူတိုင်းကြားအောင် အော်ပြောလိုက်ခြင်း ဖြစ်သည်။ သူ့ရင်ထဲ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သိသာလှသည်။
နှစ် ၄၀ ရှိပြီ။
ဒီနှစ် ၄၀ အတွင်းမှာ သူ နေရာအနှံ့ လျှောက်သွားပြီး ဆေးကုသမှု ခံယူခဲ့သည်။ သို့သော် အဆင့်မြင့် ဆေးပညာရှင် မည်မျှပင် ဖြစ်ပါစေ သူ့ကို စစ်ဆေးပြီးသည်နှင့် ပညာမမီပါဘူးဟု ပြောကာ ပြန်လွှတ်လေ့ ရှိသည်။
ဒီနှစ်တွေ အတွင်းမှာ လျူယီလုံသည် မျှော်လင့်ချက်တွေ ထားလိုက် ပျက်စီးလိုက်နှင့် နောက်ဆုံးတွင် လုံးဝ စိတ်ဓာတ်ကျသွားခဲ့ပြီ ဖြစ်သည်။
သူသည် အဆင့်မြင့်မားသော အနက်ရောင်သခင်ကြီး ဖြစ်နေသော်လည်း တစ်သက်လုံး ပြိုင်ဆိုင်လိုစိတ် ပြင်းပြခဲ့သူ ဖြစ်သဖြင့် ဒီအဆင့်လောက်နှင့် မကျေနပ်နိုင်ပေ။ သူ့အိပ်မက်က အားလုံးကို ကျော်ဖြတ်ပြီး အနက်ရောင်ဧကရာဇ် အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။ သို့သော် ယခုတော့ အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပြီ။
အခု ကျန်းပေရန်က သူ့ကို ကုသပေးနိုင်သည်ဟု ပြောလာသောအခါ ဖြစ်နိုင်မဖြစ်နိုင်ကို မစဉ်းစားတော့ဘဲ ရေနစ်သူက ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲလိုက်သလိုမျိုး အတင်းဆုပ်ကိုင်ထားလိုက်တော့သည်။
သူ့ပါးစပ်မှ ထွက်လာသော “ငါ့ကို ကယ်ပါ ဆရာ” ဆိုသော အသံကြီးကြောင့် ပွဲကြည့်ပရိသတ်များ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
စောစောကမှ လျူယီလုံက ကျန်းပေရန်ကို ပညာပေးမယ် လုပ်နေတာလေ။ ကျန်းပေရန်ကို မြေကြီးထဲ နင်းချေပြီး လှောင်ပြောင်ချင်နေတဲ့ ပုံစံမျိုးလေ။
အခု ဘယ်လိုဖြစ်ပြီး “ငါ့ကို ကယ်ပါ ဆရာ” ဖြစ်သွားရတာလဲ။ အချိန် ဘယ်လောက်မှ မကြာသေးဘူးလေ။
လူတိုင်း၏ စိတ်ဝင်စားမှု မြင့်တက်လာပြီး ဘာဖြစ်တာလဲ ဆိုတာကို တီးတိုး ဆွေးနွေးနေကြသည်။
“ဒီ လျူယီလုံက တကယ်ပဲ ရောဂါကြီးကြီးမားမား ရှိနေတာလား”
“မဖြစ်နိုင်ပါဘူး... တစ်ခါမှ မကြားဖူးပါဘူး။ ပြီးတော့ သူ့ပုံစံက ဗလတောင့်တောင့်ကြီးနဲ့ ရောဂါသည်နဲ့မှ မတူတာ။”
“ အဲဒီ ကိစ္စများလား”
“ဘယ်ကိစ္စလဲ”
“အဲဒီ ကိစ္စလေကွာ”
“ဪ... မင်းပြောတာ ယောက်ျားတွေပဲ ဖြစ်တတ်တဲ့ ကိစ္စလား”
“ဟုတ်တယ်လေ အဲဒါပဲ နေမှာ”
“အင်း ဖြစ်နိုင်ချေ ရှိတယ်။ မိသားစုကြီးတွေက မျိုးဆက် ပြန့်ပွားဖို့ အရေးကြီးတယ်လေ။ အဲဒီ ကိစ္စ အဆင်မပြေရင် ပြဿနာ အကြီးကြီးပဲ။”
...
စင်အောက်မှ လူအများ ပြောဆိုနေကြသည်ကို လျူယီလုံ ဂရုမစိုက်နိုင်တော့ပေ။ သူသည် ကျန်းပေရန်ကိုသာ စိုက်ကြည့်နေပြီး အဖြေတစ်ခုကို မျှော်လင့်နေသည်။
“စီနီယာကြီး စိတ်မလောပါနဲ့ တာတမံ ဆိုတာ သဘာဝအတိုင်း ဖြစ်တည်လာတာပါ ပြန်လည် တည်ဆောက်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်...”
“ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ငါ ဂရုမစိုက်ဘူး ဆရာ ငါ့ကို ကယ်ပေးပါ!”
လျူယီလုံ၏ သည်းမခံနိုင်တော့သော ပုံစံကို ကြည့်ပြီး ကျန်းပေရန်သည် လျူယီလုံ လည်ပင်းမှ ဝိညာဉ်လက်စွပ်အပ်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လျူယီလုံ ဝမ်းဗိုက်ပေါ်ရှိ ကျောက်စိမ်းအပ်များဖြင့် ပုံဖော်ထားသော အစီအရင်သည် ရုတ်တရက် လည်ပတ်လာပြီး အစိမ်းရောင် အငွေ့အသက်များ ပိုမို သိပ်သည်းလာသည်။
ထို့အပြင် လျူယီလုံ၏ တုံ့ပြန်မှုကလည်း အလွန် ပြင်းထန်လာသည်။ သူ့ကြွက်သားများသည် အနည်းငယ် တုန်ခါနေရာမှ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ဝက်ရူးပြန်ရောဂါ ထဖောက်သလို ဖြစ်လာသည်။
သူ အတွင်းအားသုံးပြီး ထိန်းချုပ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းပေရန်၏ အသံထွက်လာသည်။
“စီနီယာကြီး အတွင်းအား မသုံးပါနဲ့ ကြိတ်မှိတ် သည်းခံလိုက်ပါ။”
လျူယီလုံ ခေါင်းညိတ်လိုက်ပြီး အတွင်းအား သုံးမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။
ခဏအကြာတွင် လျူယီလုံ၏ ခန္ဓာကိုယ် တုန်ခါမှု ပိုမို ပြင်းထန်လာပြီး သွေးကြောများ ထောင်ထလာသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
အချိန်တန်ပြီဟု ယူဆသော ကျန်းပေရန်သည် ကျောက်စိမ်းအပ်များကို ဝိုင်းရံထားသော ကောင်းကင်ဝိညာဉ် အပ်များကို တစ်ချောင်းပြီး တစ်ချောင်း နှုတ်ယူလိုက်သည်။ အပ်တစ်ချောင်း နှုတ်လိုက်တိုင်း လျူယီလုံ၏ ခန္ဓာကိုယ်ကို ရေနှင့် ဆေးကြောလိုက်သလို ခံစားရသည်။ ထိုဆေးကြောပေးနေသော စွမ်းအားက ဘယ်က ရောက်လာမှန်းတော့ သူ မသိပေ။
နောက်ဆုံး ကောင်းကင်ဝိညာဉ် အပ်ကို နှုတ်ယူလိုက်ချိန်တွင် လျူယီလုံသည် လည်ချောင်းဝသို့ တစ်စုံတစ်ရာ ထိုးတက်လာသည်ကို ခံစားလိုက်ရပြီး ပါးစပ်ဟကာ အန်ထုတ်လိုက်တော့သည်။
သို့သော် အန်ထွက်လာသည်မှာ အစားအစာများ မဟုတ်သလို သွေးလည်း မဟုတ်ပေ။ ခရမ်းရောင် အငွေ့လုံးများသာ ဖြစ်သည်။
ထိုအငွေ့လုံးများသည် အတွင်းအားလည်း မဟုတ် ဝိညာဉ်စွမ်းအင်လည်း မဟုတ်ဘဲ ညစ်ညမ်းသော အနံ့အသက်များ ပါဝင်နေသည်ကို လူတိုင်း ခံစားမိကြသည်။
အချိန်အတော်ကြာ အန်ထုတ်ပြီးနောက် လျူယီလုံ ရပ်တန့်သွားသည်။ ခန္ဓာကိုယ်က အားကုန်သွားသလို ခံစားရသော်လည်း ပြောမပြတတ်အောင် နေလို့ကောင်းနေသည်။
လျူယီလုံ သက်ပြင်းချလိုက်ပြီး နောက်ဆုံး လက်ကျန် အငွေ့ဆိုးများကို မှုတ်ထုတ်လိုက်သောအခါ ကျန်းပေရန်သည် ကျောက်စိမ်းအပ် ၁၃ ချောင်းကို လျင်မြန်သော လက်ကွက်ဖြင့် နှုတ်ယူလိုက်သည်။
“စီနီယာကြီး အခု အတွင်းအား ပြန်သုံးကြည့်လို့ ရပါပြီ”
လျူယီလုံ တွေဝေမနေဘဲ ချက်ချင်း ကျင့်စဉ်ကို လည်ပတ်ကြည့်လိုက်သည်။
‘ဟင်’
လျူယီလုံ မျက်လုံးပြူးသွားပြီး ကျန်းပေရန်ကို မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျင့်စဉ်က အတူတူပဲ ဖြစ်သော်လည်း ခံစားချက်က လုံးဝ ကွဲပြားနေသည်။ ငယ်ဘဝသို့ ပြန်ရောက်သွားသလို ခံစားရသည်။ ကျင့်ကြံဆင့် တိုးတက်လာခြင်း မရှိသော်လည်း စောစောကနှင့် လုံးဝ မတူတော့ကြောင်း သိသာနေသည်။
ကျောက်စိမ်းအပ်များကို အပ်အိတ်ထဲ ပြန်ထည့်ရင်း ကျန်းပေရန် မေးလိုက်သည်။
“စီနီယာကြီး အခုရော ဂျူနီယာ ပြောတာ မယုံသေးဘူးလား”
လျူယီလုံသည် ချက်ချင်း ထရပ်ပြီး ကျန်းပေရန်ကို လက်နှစ်ဖက်ဆုပ်ကာ ခါးကိုင်း၍ ဂါရဝပြုလိုက်သည်။
“ငါ လျူယီလုံ မျက်စိကန်းပြီး မြင့်မိုရ်တောင်ကို မမြင်ခဲ့မိဘူး ဆရာက တကယ့်ကို နတ်ဘုရားပါပဲ။”
ဂါရဝပြုပြီးနောက် သူသည် သိုလှောင်လက်စွပ်ထဲမှ လှံရှည် တစ်ချောင်းကို ထုတ်ယူကာ ကျန်းပေရန်ကို ပေးလိုက်သည်။
“ဒီလှံက အရပ်ရှစ်မျက်နှာ လှံလို့ ခေါ်တယ်။ အနက်ရောင်အဆင့် ရတနာ တစ်ခုပါ။ တောင်းပန်တဲ့ အနေနဲ့ လက်ခံပေးပါ စောစောက ငါ့ရဲ့ ရိုင်းစိုင်းမှုတွေကို ခွင့်လွှတ်ပေးပါ။”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အနက်ရောင်သခင်ကြီး အဆင့် ပုဂ္ဂိုလ်ကြီး တစ်ယောက်က လူငယ်လေး တစ်ယောက်ကို ဒီလောက်ထိ နှိမ့်ချပြီး တောင်းပန်နေသည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။
အံ့သြနေသူများထဲတွင် ရှီဝေရိလည်း ပါဝင်သည်။
သူသည် ကျန်းပေရန်၏ အရည်အချင်းကို သိသော်လည်း ဒီလောက် တိုတောင်းသော အချိန်အတွင်းမှာ ခေါင်းမာလွန်းသော လျူယီလုံကို ဒူးထောက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
လျူယီလုံ ဆိုသည်မှာ ဘယ်သူ့ကိုမှ အဖက်မလုပ်သောသူ ဖြစ်သည်။ ဒီနေ့ကျမှ အပြတ်အသတ် အရှုံးပေးလိုက်ခြင်း ဖြစ်သည်။
မအံ့သြသူ တစ်ယောက် ရှိပါက ထိုသူမှာ ရှီဖုန်းလန်သာ ဖြစ်ပေလိမ့်မည်။ သူမအမြင်တွင် ပေရန်လေးသည် အရာအားလုံး လုပ်နိုင်စွမ်း ရှိသူ ဖြစ်သည်။ ဒီလောက် ကိစ္စလေးကတော့ အသေးအဖွဲသာ ဖြစ်သည်။
လျူယီလုံ ပေးလာသော အရပ်ရှစ်မျက်နှာ လှံကို ကြည့်ပြီး ကျန်းပေရန်က လက်ဖြင့် တွန်းဖယ်လိုက်သည်။
“ဂျူနီယာက စီနီယာကြီးရဲ့ ရောဂါအသေးအဖွဲလေးကို ကုပေးရုံပဲလေ။ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို လက်မခံရဲပါဘူး။”
သို့သော် လျူယီလုံက နောက်မဆုတ်ပေ။
“ဆရာ ကျေးဇူးပြုပြီး လက်ခံပေးပါ။ မဟုတ်ရင် ဆရာ ငါ့ကို ခွင့်မလွှတ်သေးဘူးလို့ သဘောထားလိုက်မယ်။”
လျူယီလုံ စကားဆုံးသည်နှင့် စနစ် ရွေးချယ်မှုများ ပေါ်လာလေတော့သည်။
【ရွေးချယ်မှု ၁ - “ဒါဆိုရင်တော့ ဂျူနီယာ မငြင်းတော့ပါဘူး” ဟု ပြောပြီး လက်ခံရန်။ ပြီးမြောက်ပါက ဆုလာဘ် - မြေကမ္ဘာအဆင့် အလယ်အလတ် မြေစောင့်နတ် ကျမ်း】
【ရွေးချယ်မှု ၂ - “မယူဘူး ဆိုရင် မယူဘူးပေါ့ ဒီလှံကို စီနီယာကြီးပဲ သိမ်းထားလိုက်ပါ” ဟု ပြောရန်။ ပြီးမြောက်ပါက ဆုလာဘ် - ကျပန်း အခြေခံ အရည်အသွေး အမှတ် +၁】
‘သောက်ကျိုးနည်း...’
ရွေးချယ်မှု ၂ ကို ကြည့်ပြီး ကျန်းပေရန် စိတ်ထဲတွင် ဆဲရေးလိုက်မိသည်။
တကယ်ပဲ အဆုံးထိ ရမ်းကားခိုင်းတော့မှာလား။
ဒီ စရိုက်ပုံစံက ဘာလုပ်ဖို့လဲ။
ခဏတာ တွေဝေပြီးနောက် ကျန်းပေရန်သည် မထီမဲ့မြင် ပုံစံဖြင့် ပြောလိုက်သည်။
“မယူဘူး ဆိုရင် မယူဘူးပေါ့။ ဒီလှံကို စီနီယာကြီးပဲ သိမ်းထားလိုက်ပါ။”
【ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - စိတ်စွမ်းအား +၁】
‘......’
ကျန်းပေရန်၏ လုပ်ရပ်က ပရိသတ် တစ်ခုလုံးကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေပြန်သည်။
လျူယီလုံက ဒီလောက်ထိ တောင်းပန်နေမှတော့ ပုံမှန်လူ ဆိုလျှင် (ပုံမှန်လူ မဟုတ်ရင်တောင်မှ) လက်ခံလိုက်သင့်သည်။ ဒါက အနက်ရောင်အဆင့် ရတနာလေ။ ဘယ်လို တွေးတွေး အမြတ်ထွက်မယ့် ကိစ္စပဲ။
‘ဒီလူငယ်လေးက သာမန် တွေးခေါ်ပုံနဲ့ တွေးလို့မရပါလား’
ဒါသည် လူတိုင်း၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော အတွေးပင် ဖြစ်သည်။
ငြင်းပယ်ခံလိုက်ရသော လျူယီလုံလည်း ကြောင်သွားသည်။ သို့သော် စိတ်ထဲတွင် ဒေါသ မထွက်မိပေ။
ယခုအချိန်တွင် ကျန်းပေရန်၏ ပုံရိပ်သည် သူ့စိတ်ထဲတွင် အလွန် ကြီးမားနေပြီ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဒီလောက် ဆေးပညာ တတ်ကျွမ်းသည် ဆိုကတည်းက နောက်ခံ မရှိဘဲ ဖြစ်လာစရာ အကြောင်းမရှိပေ။
ရှီမိသားစု ဘယ်ဘိုးဘေးက ကောင်းမှုတွေ လုပ်ခဲ့လို့ ဒီလို ဧည့်အကြီးအကဲမျိုး ရလာတာလဲ မသိပေ။
ကျန်းပေရန်တွင် အင်အားကြီးမားသော နောက်ခံ ရှိသည်ဟု လက်ခံလိုက်သည်နှင့် လျူယီလုံသည် ပုဂ္ဂိုလ်ကြီး တစ်ယောက်ကို ပြစ်မှားမိပြီဟု ခံစားလိုက်ရသည်။
အနက်ရောင်အဆင့် ရတနာလေး တစ်ခု ပေးရုံနှင့် တစ်ဖက်လူက ခွင့်လွှတ်ပြီး ကူညီပေးလိမ့်မည်ဟု မျှော်လင့်ခြင်းက မဖြစ်နိုင်ပေ။ သူ့နေရာမှာ သူဆိုရင်လည်း လက်ခံမည် မဟုတ်။
လျူယီလုံ သူ့ကိုယ်သူ ပြန်သုံးသပ်နေစဉ် ကျန်းပေရန်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေသည်။
စနစ်က ကိစ္စတစ်ခုတည်း အတွက် နှစ်ကြိမ် သတိပေးလာပြီ ဆိုတော့ သူ စောစောက နည်းနည်းလေး ယဉ်ကျေးပြလိုက်မိတာ မှားသွားပြီ။ ဆက်ပြီး ယဉ်ကျေးနေရင် စရိုက် ပျက်သွားလိမ့်မည်။
စနစ်က ကိစ္စတစ်ခုတည်း အတွက် အကြိမ်ကြိမ် သတိပေးလာလျှင် သပိတ်မှောက်တတ်သဖြင့် ကျန်းပေရန် သတိထားရမည် ဖြစ်သည်။
သေချာပေါက် ရမ်းကားရမည်။ မာန်တက်ရမည်။ မိုးမမြင် လေမမြင် နေရမည်။
လျူယီလုံ လှံကို ပြန်သိမ်းပြီး ဘယ်လို တောင်းပန်ရမလဲ စဉ်းစားနေစဉ် ကျန်းပေရန်က ကျားချန်နှင့် အခြား ဆေးပညာရှင် တစ်ယောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖန်တီးမှု ဖြစ်တဲ့ ကျောက်စိမ်းတံခါး အပ်စိုက်နည်းပါ အာနိသင်ကို ခင်ဗျားတို့လည်း မြင်ပြီးပြီ ဆိုတော့ အခု ခင်ဗျားတို့ အလှည့်ပဲ။”
ကျားချန်နှင့် နောက်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ကျန်းပေရန်ကို ပြိုင်တူ အရိုအသေ ပြုလိုက်ကြသည်။
“ကျန်းဆရာရဲ့ အပ်စိုက်ပညာကို ကျွန်တော်တို့ တစ်ခါမှ မကြားဖူးပါဘူး။ တကယ့်ကို နတ်ဘုရား လက်ရာပါပဲ။ ကျွန်တော်တို့ လေးစားပါတယ်။ ဆက်ပြိုင်စရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ အရှုံးပေးပါတယ်။”
လျူယီလုံ အငွေ့ဆိုးများ အန်ထုတ်လိုက်ကတည်းက ကျားချန်နှင့် ဖန်ဇီလွမ် တို့သည် အရှုံးပေးဖို့ တိုင်ပင်ထားပြီး ဖြစ်သည်။ ကွာခြားချက်က ကြီးမားလွန်းသည်။
ဇွတ်အတင်း ပြိုင်နေရင်လည်း ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုသာ ဖြစ်နေလိမ့်မည်။
အေးအေးဆေးဆေး အရှုံးပေးလိုက်တာက ပိုကောင်းသည်။ ဘာပဲပြောပြော သူတို့ကို လှောင်ပြောင်ဖို့ စောင့်နေသော အနက်ရောင်သခင်ကြီး တစ်ယောက်တောင် ဒူးထောက်သွားပြီလေ။ သူတို့နှစ်ယောက် လိုက်ပြီး ဒူးထောက်လိုက်တာ ဘာမှ ရှက်စရာ မရှိပေ။
နှစ်ယောက်သား အလိုက်သိသည်ကို မြင်သောအခါ ကျန်းပေရန် ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ”
ထို့နောက် ကျန်ရှိနေသော ဆေးပညာရှင် လေးယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“စောစောက အရိုးဆက်တာ ပြိုင်မယ်ဆိုတဲ့ ဆေးပညာရှင် ဘယ်သူလဲ ထွက်ခဲ့ပါ”
ကျန်းပေရန် စကားဆုံးသည်နှင့် နောက်ဆုံးတွင် ရပ်နေသော ဆေးပညာရှင် တစ်ယောက် တုန်လှုပ်သွားသည်။
ကျန်းပေရန် ဆေးခြောက်အိုး တစ်ပြိုင်တည်း ဖော်ကတည်းက ဖုန်းချင်းရုံ စိတ်ထဲ မလုံမလဲ ဖြစ်နေခဲ့သည်။ ပထမအချက် ရှီမိသားစုက အရူးမဟုတ်ဘူး။ ရူးကြောင်ကြောင် စကားတွေ ပြောတတ်တဲ့ လူတစ်ယောက်ကို ဧည့်အကြီးအကဲ အဖြစ် ခန့်ထားမှာ မဟုတ်ဘူး။ ဒုတိယအချက် ဒီနေရာက ဘာနေရာလဲ။ ရှန့်တိုင်းပြည် ခေါင်းဆောင်တွေ စုဝေးနေတဲ့ နေရာလေ။ အနက်ရောင်ဂိုဏ်းချုပ် အဆင့်လောက် ရှိတဲ့သူတောင် ခေါင်းငုံ့ပြီး နေရမယ့် နေရာ။
ဒါကို ဒီလူငယ်လေးက လူအများကြီး ရှေ့မှာ လေကြီးလေကျယ် ပြောရဲတယ်။
ဒါ မွေးကင်းစ နွားပေါက်က ကျားကို မကြောက်တာလား….. မဟုတ်ဘူး….. ဒါ နောက်ခံတောင့်လွန်းလို့ ဖြစ်မယ်။
သူ့မှာ အဲဒီ ယုံကြည်မှု ရှိနေတာ။
ကျန်းပေရန် အပ်စိုက်မပြခင်က သူ့စိတ်ထဲ ကံစမ်းချင်စိတ် နည်းနည်း ရှိနေသေးသော်လည်း ကျန်းပေရန် လက်စွမ်းပြလိုက်တာ မြင်ပြီးနောက် သူ လုံးဝ သဘောပေါက်သွားပြီ။
‘ဒါ တကယ့်ကို ဂုဏ်သရေရှိ သခင်လေး တစ်ယောက်ပဲ’
ကျန်တဲ့ မိတ်ဆွေ နှစ်ယောက်ကလည်း အပြတ်အသတ် အရှုံးပေးလိုက်ပြီ ဆိုတော့ ဖုန်းချင်းရုံလည်း ခေါင်းမာနေစရာ အကြောင်းမရှိတော့ပေ။
သို့သော် ဖုန်းချင်းရုံ ရှေ့ထွက်ပြီး လေးစားကြောင်း ပြောကာ အရှုံးပေးရန် ပြင်လိုက်စဉ်မှာပင် ကျားချန်နှင့် ဖန်ဇီလွမ် တို့က ကျန်းပေရန် ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။
“ဆရာကျန်း ခဏလောက် နေပါဦး”
“ဘာကိစ္စလဲ”
ကျန်းပေရန် လှည့်ကြည့်လိုက်သည်။
ကျားချန်က လက်နှစ်ဖက်ဆုပ်ကာ မေးလိုက်သည်။
“တချို့ မေးခွန်းတွေက မမေးသင့်မှန်း သိပေမဲ့ ကျွန်တော် အပ်စိုက်လာတာ နှစ် ၅၀ ကျော်ပါပြီ။ ဆရာ့လို လက်ရာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး နည်းနည်းလောက် ရှင်းပြပေးလို့ ရမလား…. တကယ်လို့ မိသားစု လျှို့ဝှက်ချက် ဆိုရင်တော့ ကျွန်တော် မမေးဘူးလို့သာ သဘောထားလိုက်ပါ။”
“လျှို့ဝှက်ချက် ဟုတ်လား”
ကျန်းပေရန်က ရယ်မောပြီး လက်ကာပြလိုက်သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး ခင်ဗျားတို့နဲ့ ပြိုင်ဖို့ ကျွန်တော် လျှို့ဝှက်ချက်တွေ ထုတ်သုံးစရာ မလိုပါဘူး။”
ကျားချန်နှင့် ဖန်ဇီလွမ် တို့ ကြောင်သွားသည်။ သို့သော် သူတို့ကို စော်ကားသည်ဟု မခံစားရပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းပေရန်၏ ဆေးပညာသည် သူတို့ထက် အဆပေါင်းများစွာ သာလွန်ကြောင်း သိမြင်သွားသောကြောင့် ဖြစ်သည်။ ကျန်းပေရန်သာ အသက်မငယ်ခဲ့လျှင် သူတို့ ပညာတောင်းခံသည့် အခါတွင် “ဆရာသခင်” ဟု ခေါ်ဆိုပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ပညာရှိလျှင် ဆရာပင် ဖြစ်သည်။ ဒါကြောင့် ကျန်းပေရန် အသက်ငယ်သော်လည်း စောစောက ပြသလိုက်သော အပ်စိုက်ပညာ အရ သူတို့က ဂိုဏ်းချုပ် အဆင့် ပုဂ္ဂိုလ် တစ်ယောက် အနေဖြင့် သတ်မှတ်လိုက်ကြသည်။
ဂိုဏ်းချုပ် အဆင့် ပုဂ္ဂိုလ် တစ်ယောက်က ငေါက်လိုက်တာကို... သူတို့ လက်ခံနိုင်ပါသည်။
ဒါက အနက်ရောင်ဘုရင် တစ်ယောက်က အနက်ရောင်သခင်ကြီး တစ်ယောက်ကို ရှုံးနိမ့်သွားပြီးနောက် ဘာသိုင်းကွက် သုံးလိုက်တာလဲလို့ မေးသလိုမျိုး ဖြစ်သည်။
တစ်ဖက်လူ ရယ်မောတာ ခံရမှာ သေချာပါသည်။
ဒါကြောင့် ကျားချန်က ဆက်မေးလိုက်သည်။
“ဟုတ်ကဲ့ပါ... ဆရာကျန်းရဲ့ ဆေးပညာက အရမ်း မြင့်မားလွန်းတော့ ကျွန်တော်တို့ကို ရင်ဆိုင်ဖို့ လျှို့ဝှက်ချက်တွေ ထုတ်သုံးစရာ မလိုပါဘူး။”
“......”
‘ဒါကိုတောင် သည်းခံနိုင်တယ်လား’
ကျားချန်၏ အလွန် နှိမ့်ချသော ပုံစံကို ကြည့်ပြီး ပွဲကြည့်ပရိသတ်များ အံ့အားသင့်သွားကြသည်။ သူတို့သည် ဆေးပညာ နားမလည်သဖြင့် ကျန်းပေရန်၏ အပ်စိုက်ပညာ ဘယ်လောက် တော်ကြောင်း မသိကြပေ။
ဒါပေမဲ့ အခု ကျားချန်လောက် လူတစ်ယောက်က ဒီလောက်ထိ နှိမ့်ချနေတာ မြင်တော့ သူတို့ သဘောပေါက်သွားကြသည်။
ဒါသည် အဆင့် ၇ ဆေးပညာရှင် တစ်ယောက်ကို မြေကြီးပေါ် ဝပ်ဆင်းသွားစေလောက်အောင် တော်သော ပညာရပ် ဖြစ်သည်။
အခန်း ၅၅၁ - မိစ္ဆာ
“ဦးလေးကြီးက ဒီနေ့ အရမ်း ခန့်ညားတာပဲနော်။”
စင်ပေါ်တွင် ခါးကိုင်း၍ အရိုအသေပြုနေသော ဆရာသခင် နှစ်ဦးကို ကြည့်ရင်း ရှီကျားမူက မေးစေ့ကို လက်ဖြင့် ထောက်ကာ တီးတိုး ပြောလိုက်သည်။
“ဒီနေ့မှ မဟုတ်ဘူး ပေရန်လေးက အမြဲတမ်း ခန့်ညားတာပဲဟာ”
ရှီဖုန်းလန်က ခေါင်းမော့ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
ထိုအချိန်တွင် ရှီဖုန်းလန် ဘေးတွင် ထိုင်နေသော ရှီရင်းက မေးလိုက်သည်။
“ညီမလေး... နင် သူ့ကို ပေရန်လေး ပေရန်လေးနဲ့ ခေါ်နေတာ... နင်တို့နှစ်ယောက်က ဘယ်လို ပတ်သက်မှု ရှိလို့လဲ”
ရှီဖုန်းလန် ခေါင်းကို ပိုမော့လိုက်ပြီး “သူ ငါ့ကိုတွေ့ရင် ခန်းမမှူးလို့ ခေါ်ရတယ် ငါ့လက်အောက်မှာ ပျိုးထောင်ခံခဲ့ရတဲ့ တပည့်လို့ ပြောလို့ ရပါတယ်” ဟု ပြောလိုက်သည်။
“ဝါး...”
ဘေးနားမှ မိန်းကလေးများ အံ့သြစွာ ရေရွတ်လိုက်ကြသည်။
“လန်လန် နင် တော်တော် စွမ်းတာပဲ ဒီလောက် ထိပ်တန်း ပါရမီရှင်ကိုတောင် နင့်တပည့် ဖြစ်အောင် လုပ်နိုင်တယ်ပေါ့”
ဒီစကား ကြားတော့ ရှီဖုန်းလန် စိတ်မလုံမလဲ ဖြစ်သွားသည်။
“တပည့် အရင်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့...”
“နှိမ့်ချမနေပါနဲ့ဟာ ပြောပြစမ်းပါဦး သူ့မှာ တခြား ဘာစွမ်းရည်တွေ ရှိသေးလဲ”
“သူ့ ကျင့်ကြံဆင့်ကရော မြင့်လား”
“နင်တို့နှစ်ယောက်ကြားမှာ တခြား ပတ်သက်မှုတွေရော ရှိသေးလား”
...
မေးခွန်းတွေ ဆက်တိုက် ထွက်လာတော့ ရှီဖုန်းလန် ခေါင်းရှုပ်သွားသည်။ စောစောက ကြွားချင်စိတ် လွန်သွားပေမဲ့ တချို့ကိစ္စတွေက ပေရန်လေး ပေးမပြောထားတာတွေ ဖြစ်နေသည်။ ဘယ်လို ဖြေရမှန်း မသိ ဖြစ်နေစဉ် ရှီကျားမူက ဝင်ကယ်လိုက်သည်။
“ဒေါ်လေး... အိမ်တော်သခင်ကြီးက ဦးလေးကြီး အကြောင်း သိပ်မပြောရဘူးလို့ မှာထားတယ် မဟုတ်လား”
ရှီဖုန်းလန်က ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် ဘကြီးက အဲဒီလို မှာထားဖူးတယ်။”
ထို့နောက် တခြား ညီအစ်မများကို ကြည့်ကာ ပြောလိုက်သည်။
“ငါ ပြောပြနိုင်တာကတော့ ပေရန်လေးရဲ့ အဆင့်အတန်းက အရမ်း ထူးခြားတယ်။ မိသားစု သူတော်စင်ကြီး ကိုယ်တိုင်တောင် သူ့ကို ကောင်းကောင်း စောင့်ရှောက်ဖို့ ဘကြီးကို မှာထားတယ်”
မိသားစု သူတော်စင်ကြီးပါ ပါဝင်ပတ်သက်နေသည် ဆိုတော့ ညီအစ်မများလည်း ဆက်ပြီး အတင်းမမေးရဲကြတော့ပေ။ သို့သော် ကျန်းပေရန် အပေါ် စိတ်ဝင်စားမှုကတော့ ပိုမို ပြင်းထန်လာသည်။
ထို့ကြောင့် မေးခွန်းပုံစံ ပြောင်းမေးလိုက်ကြသည်။
“ဆရာကျန်း အသက် ဘယ်လောက် ရှိပြီလဲ။”
“ဆရာကျန်းက ဘာတွေ ဝါသနာပါလဲ။”
“ဆရာကျန်းမှာ မိန်းမ ရှိပြီလား”
...
ပထမဆုံး အကြိမ် စကားဝိုင်း ဗဟိုချက်မ ဖြစ်လာသော်လည်း ရှီဖုန်းလန် သိပ်ပြီး ဘဝင်မမြင့်သွားပေ။ ခေါင်းကိုသာ တွင်တွင်ခါပြီး ဘာမှ ပြောပြလို့ မရကြောင်း ငြင်းဆိုနေသည်။
မေးသမျှ မရသောအခါ ညီအစ်မများလည်း စိတ်ပျက်သွားပြီး ပြိုင်ပွဲကိုသာ ဆက်ကြည့်နေလိုက်ကြသည်။
သူတို့ တိုးတိုးလေး ပြောနေကြသည်ဟု ထင်ရသော်လည်း ခန်းမထဲရှိ ပုဂ္ဂိုလ်ကြီးများ အားလုံး ကြားနေရသည်။ ထိုအထဲတွင် ဘယ်လို တောင်းပန်ရမလဲ စဉ်းစားနေသော လျူယီလုံလည်း ပါဝင်သည်။
‘ဒီလောက် လျှို့ဝှက်နေတာ... ကြည့်ရတာ ရှီမိသားစုက ဒီလူငယ်လေးရဲ့ နောက်ခံ ဘယ်လောက်ကြီးမားလဲ ဆိုတာ ကောင်းကောင်း သိထားပုံပဲ။ ဒါကြောင့် စောစောက ရှီအဘိုးကြီး ဒီလောက် ဒေါသထွက်သွားတာကိုး တောက် ခွေးကောင်... သူက မျက်နှာလိုမျက်နှာရ လုပ်နေတာပဲ။’
တခြားသူများကတော့ လျူယီလုံလောက် အတွေးမများသော်လည်း သာမန်ဟု ထင်ထားသော ကျန်းပေရန်သည် သူတို့ မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီး ဖြစ်လာသည်။
ပရိသတ်များ အံ့သြနေစဉ်မှာပင် ကျန်းပေရန်သည် အဆင့် ၇ ဆေးပညာရှင် နှစ်ဦးကို ကျောက်စိမ်းတံခါး အပ်စိုက်နည်း အကြောင်း သင်ကြားပေးနေသည်။ ကျောက်စိမ်း သန့်စင်ခြင်းနှင့် အစီအရင် ပညာရပ်ကို ပေါင်းစပ်ထားသော အပ်စိုက်နည်း ဖြစ်ပြီး အာနိသင်ကို အဆမတန် တိုးမြှင့်ပေးနိုင်သည်။
ကျားချန်နှင့် ဖန်ဇီလွမ် တို့ ကြားလိုက်ရသောအခါ နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
အတတ်ပညာ နှစ်ခု ပေါင်းစပ်ခြင်းကို ကြားဖူးသော်လည်း သုံးခု ပေါင်းစပ်ထားသည်ကိုတော့ တစ်ခါမှ မကြားဖူးခဲ့ပေ။
သာမန်အားဖြင့် အတတ်ပညာ နှစ်ခု ပေါင်းစပ်ရန် အတွက် ပညာရှင် နှစ်ဦး ပူးပေါင်း လုပ်ဆောင်ရလေ့ ရှိသည်။ အတတ်ပညာ လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းရုံနှင့်ပင် တစ်သက်လုံး ကုန်ဆုံးသွားနိုင်ပြီး ပါရမီရှင်ဟု ခေါ်ဆိုနိုင်သည်။ အတတ်ပညာ နှစ်ခုလုံးတွင် ထိပ်တန်း ရောက်နေသူ ဆိုသည်မှာ ကြယ်တာရာများကဲ့သို့ ရှားပါးလှသည်။
ကျန်းပေရန်လိုမျိုး နည်းစနစ် တစ်ခုတည်းမှာ အတတ်ပညာ သုံးခု ပေါင်းစပ် အသုံးပြုနိုင်သူ ဆိုသည်မှာ...
ကျားချန်နှင့် ဖန်ဇီလွမ် တို့ တွေးမိသည်မှာ ကျောက်စိမ်းအပ်ကို တခြား ကျောက်စိမ်းပညာရှင် တစ်ယောက်ယောက်က လုပ်ပေးထားခြင်း ဖြစ်မည်ဟုသာ ယူဆလိုက်ကြသည်။ တကယ်လို့များ ဒီကျောက်စိမ်းအပ်ကိုပါ ကျန်းပေရန် ကိုယ်တိုင် လုပ်ခဲ့သည် ဆိုလျှင်တော့ သူတို့ ဉာဏ်မီတော့မည် မဟုတ်ပေ။
“ခင်ဗျားတို့နှစ်ယောက် နားလည်လား”
ရှင်းပြပြီးနောက် ကျန်းပေရန်က မေးလိုက်သည်။
ကျားချန်က လက်နှစ်ဖက်ဆုပ်ကာ ဂါရဝပြုပြီး ပြန်ဖြေလိုက်သည်။
“ဆရာကျန်းရဲ့ စကားတွေက အရမ်း နက်နဲလွန်းလို့ နားလည်ပါတယ်လို့ မပြောရဲပါဘူး။ ဒါပေမဲ့ ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာကိုတော့ သဘောပေါက်ပါတယ် လေးစားပါတယ်။”
“အင်း စွမ်းအားကြီးတာ သဘောပေါက်ရင်ပဲ ပါရမီ ရှိတယ်လို့ ပြောလို့ရပါတယ် ရော့ ယူလိုက်။”
ပြောပြီးသည်နှင့် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ပြီး ကျားချန်ထံသို့ ပစ်ပေးလိုက်သည်။
ကျားချန်က အလောတကြီး လှမ်းဖမ်းလိုက်သည်။
“ဒါ အားလပ်တုန်း ရေးထားတဲ့ ဆေးစာအုပ်ပါ အထဲက အကြောင်းအရာတွေက ခင်ဗျားကို နှစ်အတော်ကြာ လေ့လာစရာ ပေးနိုင်လိမ့်မယ်…. ပြန်ရောက်ရင် သေချာ ဖတ်ကြည့်ပါ။”
ကျားချန် ကြောင်သွားပြီးမှ ချက်ချင်း အရိုအသေ ပြုလိုက်သည်။
“ကျေးဇူးကြီးမားလှပါတယ် ဆရာ ဒါပေမဲ့... ကျွန်တော့်မှာ မေးခွန်းတစ်ခု ရှိနေလို့ပါ မေးသင့်မမေးသင့် မသိပေမဲ့...”
“ဒါဆို မမေးနဲ့တော့။”
ကျန်းပေရန်က ပြောလိုက်ပြီး ဖုန်းချင်းရုံ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အရိုးဆက်တာ ပြိုင်မယ့်သူ လာခဲ့ပါ ခင်ဗျား အရင်စမလား ကျွန်တော် အရင်စရမလား”
‘ဟာ...’
လူတိုင်း ပြိုင်တူ အာမေဋိတ်သံ ထွက်သွားသည်။
ကျားချန်က ပိုပြီးတော့ ကြောင်သွားသည်။ ပုံမှန်ဆိုရင် တစ်ဖက်လူက “မေးလေ” လို့ ပြောရမှာ မဟုတ်ဘူးလား။
ဒီလူက ဘယ်လိုဖြစ်ပြီး စည်းကမ်းမရှိ လျှောက်လုပ်နေရတာလဲ။
ကျန်းပေရန်၏ မေးခွန်းကို ကြားပြီး စိတ်ဒုံးဒုံးချထားသော ဖုန်းချင်းရုံ ပါးစပ်ဟရန် ပြင်လိုက်စဉ်မှာပင် ကျားချန်က ကျန်းပေရန် ရှေ့သို့ ပြေးထွက်လာပြီး မေးလိုက်သည်။
“ဆရာ... ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ ကျွန်တော် သိချင်တာက ဒီ ကျောက်စိမ်းတံခါး အပ်စိုက်နည်းကို သင်ချင်ရင် ဘယ်လို အရည်အချင်းတွေ လိုအပ်လဲ ဆိုတာပါပဲ။”
“အရည်အချင်းလား”
ကျန်းပေရန် ခဏ စဉ်းစားလိုက်သည်။
“အစီအရင် နဲ့ ကျောက်စိမ်းပညာ ကို အဆင့် ၇ ရောက်အောင် လေ့ကျင့်ပြီးရင် သူ့အလိုလို သဘောပေါက်လာပါလိမ့်မယ်။”
‘ဒုန်း’
ကျန်းပေရန်၏ စကားသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ ရင်ထဲတွင် ပေါက်ကွဲသွားသည်။
‘သူ... သူက တကယ်ပဲ အတတ်ပညာ သုံးခုစလုံးကို အဆင့် ၇ ရောက်အောင် လေ့ကျင့်ထားတာလား။’
အချိန်အတော်ကြာ ကြောင်နေပြီးမှ ကျားချန် ဆက်မေးလိုက်သည်။
“ ဆရာက ဆေးပညာ၊ အစီအရင် နဲ့ ကျောက်စိမ်းပညာ သုံးခုစလုံးမှာ အဆင့် ၇ ရောက်နေပြီလား။”
“ဘယ်သူ့ကို အထင်သေးနေတာလဲ။ အဆင့် ၇ ဟုတ်လား ငါ စာမေးပွဲ သွားမဖြေဖူးပေမဲ့ အဆင့် ၇ ဆိုတာ ခင်ဗျားတို့လောက် အရည်အချင်းပဲ ရှိတယ် ဆိုရင်တော့... ဟက်”
သို့သော် ယခုအချိန်တွင် ကျားချန်သည် စော်ကားခံရသည်ဟု တွေးချိန်မရတော့ပေ။ သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။
‘ဒီလောကကြီးမှာ အတတ်ပညာ သုံးခုစလုံးကို ထိပ်တန်း ရောက်အောင် လေ့ကျင့်နိုင်တဲ့သူ တကယ် ရှိတာလား။’
ပွဲကြည့်ပရိသတ်များလည်း ငြိမ်မနေနိုင်တော့ပေ။ ကျန်းပေရန်၏ ပေါ့ပါးသော စကားတစ်ခွန်းသည် သူတို့ သိထားသမျှ ဗဟုသုတ အားလုံးကို ရိုက်ချိုးလိုက်သလို ဖြစ်နေသည်။
ဒီနေရာတွင် ရှိနေသူ အားလုံးသည် အဆင့်မြင့် အတတ်ပညာရှင် အများအပြားနှင့် ရင်းနှီးသူများ ဖြစ်ကြသည်။ သို့သော် အတတ်ပညာ သုံးခုစလုံးကို အဆင့် ၇ (သို့မဟုတ် ၇ ထက်မက) ရောက်အောင် လေ့ကျင့်နိုင်သူ ဆိုသည်မှာ တစ်ခါမှ မကြားဖူးခဲ့ပေ။
‘ဒီလူငယ်လေးက... တကယ်တမ်း ဘယ်သူလဲ။’
‘သူ ဒီနေ့... ဘာလို့ ဒီလောက် ထူးခြားနေရတာလဲ။’
လူအုပ်ထဲတွင် ကောင်းလန်ဝမ် တစ်ယောက်တည်း ထူးဆန်းသော အတွေးများ ဝင်နေသည်။
လျူဝေနင်က “ဦးလေး...” ဟု အော်ပြီး ပြေးထွက်သွားကတည်းက ကျန်းပေရန် ပြန်ရောက်လာမှန်း သူမ သိလိုက်သည်။ သို့သော် သူမသည် မကြာသေးမီက အစီအရင် ပညာတွင် တိုးတက်မှု မရှိသဖြင့် ဆရာ့ကို ထွက်မတွေ့ရဲဘဲ ပုန်းနေခဲ့ခြင်း ဖြစ်သည်။
ကျန်းပေရန်သည် ကျောက်စိမ်းပညာနှင့် အစီအရင် ပညာတွင် ကျွမ်းကျင်ကြောင်း သူမ သိထားပြီး ဖြစ်သည်။ သို့သော် ဆေးပညာတွင်ပါ ဒီလောက် ကျွမ်းကျင်ကြောင်း ယခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
‘ဒီ ကောင်းကင်အောက်မှာ... သူ မတတ်တာ ဘာများ ရှိသေးလဲ။’
“ကျွန်တော်... ပညာရလိုက်ပါပြီ။”
ကျားချန်သည် ကျန်းပေရန်ကို ဂါရဝပြုပြီး အနောက်သို့ ဆုတ်သွားသည်။ သူ စဉ်းစားစရာတွေ အများကြီး ရှိနေသည်။ သေချာ ပြန်သုံးသပ်ရဦးမည်။
ကျားချန် ထွက်သွားသည်ကို မြင်သောအခါ ကျန်းပေရန်သည် ဖုန်းချင်းရုံ ဘက်သို့ ပြန်လှည့်လိုက်သည်။ သို့သော် ဒီတစ်ခေါက် ကျန်းပေရန် စကားမစရသေးခင်မှာပင် ဖုန်းချင်းရုံက လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။
“စောစောက ပြိုင်ပွဲတွေကို ကြည့်ပြီး ဆရာကျန်းရဲ့ ဆေးပညာ ထူးကဲကြောင်း ကျွန်တော် သိလိုက်ပါပြီ။ ဆက်ပြီး အရှက်ကွဲမခံတော့ပါဘူး။ ကျွန်တော် အရှုံးပေးပါတယ်။”
ဖုန်းချင်းရုံ ပြောပြီးသည်နှင့် ကျန်ရှိနေသော သုံးယောက်ကလည်း အရှုံးပေးကြောင်း ပြောလိုက်ကြသည်။
အရှုံးပေးလိုက်ကြသည်။
ကျန်းပေရန်က အဆင့် ၇ ကိုပင် အဖက်မလုပ်သော ပုံစံသည် အလွန် လွှမ်းမိုးမှု ရှိလှသည်။ သူတို့ကလည်း ခေါင်းမာသူများ မဟုတ်ကြသဖြင့် ကျားချန်လိုမျိုး အရှက်ခွဲခံရမည့် အဖြစ်မျိုး အရောက်မခံချင်ကြပေ။
ဒီလို အဆင့်ရှိသော ဆရာသခင်ကြီး တစ်ယောက်၏ အရှက်ခွဲခြင်းကို ခံရသည်မှာ ရှက်စရာ မဟုတ်သော်လည်း ဘယ်သူက အရှက်ခွဲခံရတာကို ကြိုက်မှာလဲ။
“ခင်ဗျားတို့ တကယ် မပြိုင်တော့ဘူးလား”
“မပြိုင်တော့ပါဘူး။”
လေးယောက်သား ပြိုင်တူ ခေါင်းခါလိုက်ကြသည်။
“ပျင်းစရာ ကောင်းလိုက်တာ။”
ခေါင်းခါလိုက်ရင်း ကျန်းပေရန်သည် ဆေးအိုး ခြောက်လုံးကြားသို့ ပြန်ဝင်ထိုင်လိုက်သည်။
ပြန်ထိုင်လိုက်သော ကျန်းပေရန်ကို ကြည့်ရင်း ရှီဝေရိလည်း သေချာ အကဲခတ်နေမိသည်။
‘ဒီကောင်လေး ဒီနေ့ ဘာဖြစ်နေတာလဲ...’
ရှီဝေရိနှင့် ကျန်းပေရန် ထိတွေ့ဆက်ဆံဖူးတာ များလှပြီ။ ကျန်းပေရန်သည် အမြဲတမ်း နှိမ့်ချနေတတ်ပြီး အရည်အချင်းကို ဖုံးကွယ်ထားတတ်သူဟု ထင်မှတ်ခဲ့သည်။
ဒါပေမဲ့ ဒီနေ့တော့ အဲဒီ အချက်နှစ်ချက်လုံး ပြောင်းပြန် ဖြစ်သွားခဲ့ပြီ။
တကယ့်ကို မာန်တက်ပြီး ဟိတ်ဟန်ထုတ်နေသည်။
မူလက သူသည် ကျန်းပေရန်ကို ဆေးပညာ အနည်းငယ် ထုတ်ပြစေပြီး ရှန့်တိုင်းပြည် ခေါင်းဆောင်များကို ခြိမ်းခြောက်ကာ ရှီမိသားစုသည်သာ ကယ်တင်ရှင် ဖြစ်ကြောင်း ပြသချင်ခဲ့ခြင်း ဖြစ်သည်။
ရလဒ်ကတော့ ဒီကောင်လေးက ဖုံးကွယ်မထားသည့်အပြင် အလွန် တက်ကြွစွာ ထုတ်ဖော်ပြသနေသည်။
‘တကယ်ပါပဲ... ငါ သူ့ကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါလား။’
ဆေးအိုးများကြားတွင် ထိုင်နေသော ကျန်းပေရန်ကို ကြည့်ရင်း ဆေးဖော်စပ်တာ ပြိုင်မည့် ဆေးပညာရှင် ခြောက်ဦးသည်လည်း အတွေးကိုယ်စီ ဝင်နေကြသည်။
တချို့က တန်းပြီး အရှုံးပေးချင်နေကြသည်။ သို့သော် ဒီ ဆရာကျန်း ဖော်စပ်နေပြီ ဖြစ်သောကြောင့် ဘယ်လို ဆေးမျိုး ထွက်လာမလဲ ဆိုတာကို စောင့်ကြည့်ချင်နေကြသည်။
တချို့ကမူ ကျန်းပေရန်ကို သေချာ အကဲခတ်နေကြသည်။ ဒီလို ဘီလူးသဘက် ပုံစံမျိုး ဘယ်က ထွက်လာလဲ ဆိုတာ စဉ်းစားနေကြသည်။ အတတ်ပညာ လောကမှာ ဒီလောက်ထိ ကျွမ်းကျင်တဲ့ လူငယ်မျိုး ရှိနေတာ အံ့သြစရာပင် ဖြစ်၏။
အရေးကြီးဆုံး အချက်က အရင်က တစ်ခါမှ နာမည် မကြားဖူးခြင်းပင်တည်း…..
သူတို့ တစ်ယောက်ချင်းစီသည် ပြည်နယ် တစ်ခုစီကို အုပ်စိုးထားသော ထိပ်သီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ပြည်နယ်တွင်းမှာ ဒီလို ပါရမီရှင်မျိုး ပေါ်ထွက်လာလျှင် သတင်းပို့သူ အများအပြား ရှိနေရမည်။ အခုတော့ ဘယ်ကမှန်းမသိသော အမည်မသိ ဆရာသခင် တစ်ယောက် ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။
တစ်ယောက်သောသူကတော့ အာရုံစိုက်ပြီး ဆေးဖော်စပ်နေဆဲ ဖြစ်သည်။ ကျန်းပေရန်နှင့် ကောင်းကောင်း ယှဉ်ပြိုင်လိုစိတ် ရှိနေပုံ ရသည်။
အပ်စိုက်ခြင်းနှင့် ယှဉ်လျှင် ဆေးဖော်စပ်ခြင်းသည် ပျင်းစရာ ကောင်းလှသည်။ ပွဲကြည့်ပရိသတ်များ ခဏကြည့်ပြီးနောက် စောစောက အဖြစ်အပျက်များကို ပြန်လည် ဆွေးနွေးလာကြသည်။
“အစောင့်မှူးကျန်း... ဒီ သခင်လေးက ဘယ်ကလာတယ်လို့ ထင်လဲ။”
ကျန်းယန်မင်းက ပြုံးလျက် ပြန်မေးလိုက်သည်။
“ခေါင်းဆောင်တုံး ကရော ဘယ်လိုထင်လဲ။”
ကျန်းယန်မင်း၏ အပြုံးကို ကြည့်ပြီး တုံးဟွမ် ရယ်မောလိုက်သည်။
“ကြည့်ရတာ အစောင့်မှူးကျန်းရဲ့ အတွေးနဲ့ ငါ့ အတွေး တူနေပုံရတယ်။ သူက မိစ္ဆာငါးပါး၊ ကောင်းကင်သုံးပါးဆီက လာတယ်လို့ ထင်တယ် မဟုတ်လား။”
“အဲဒီ သရဲခြောက်တဲ့ နေရာကလွဲရင် ဘယ်သူက ဒီလို မိစ္ဆာကောင်မျိုးကို မွေးထုတ်ပေးနိုင်မှာလဲ။”
“ဒါပေမဲ့ အဲဒီနေရာက လူမထွက်တာ ကြာပြီလေ။ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး မျိုးဆက်သစ် တစ်ယောက် ထွက်လာရတာလဲ။”
“အဆိပ်မြူ ကြောင့်များလား။”
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ ထင်တာကတော့ ဒါက ပိုကြီးမားတဲ့ အဖြစ်အပျက် တစ်ခုရဲ့ နိမိတ်လို့ ထင်တယ်။”
“ခေါင်းဆောင်တုံး မှာ ဘာအမြင်ရှိလဲ။”
“အမြင်တော့ မရှိပါဘူး။ ခံစားမိရုံ သက်သက်ပါ။”
တုံးဟွမ် ပြုံးလိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ ဒီလို မိစ္ဆာကောင်က ဘာလို့ ရှီမိသားစုမှာ ဧည့်အကြီးအကဲ လာလုပ်နေတာလဲ ဆိုတာကိုတော့ ငါ စဉ်းစားမရဘူး။”
“ဟုတ်တယ် ငါလည်း အဲဒါကို သိချင်နေတာ။”
“ခဏနေရင် အတူတူ သွားမေးကြည့်ကြမလား။”
“ကောင်းပြီလေ။”
...
အောက်မှ လူအများ ကျန်းပေရန်ကို မျက်လုံးအရောင် တောက်ကာ ကြည့်နေကြသည်ကို မြင်သောအခါ ရှီဝေရိ သိလိုက်သည်။ ဒီလူတွေ မကောင်းကြံနေကြပြီ။
ရုတ်တရက် သူ နောင်တ ရမိသွားသည်။ ကျန်းပေရန်ကို ခေါ်မလာခဲ့သင့်ဘူး။
ဘာပဲပြောပြော ရှန့်တိုင်းပြည် အင်အားစုများကြားတွင် ရှီမိသားစုသည် အင်အားအကြီးဆုံး မဟုတ်ပေ။ တခြား မိသားစုက ပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေ ပေးလာရင်... သူ ဘယ်လို ဆွဲထားရမလဲ မသိတော့ပေ။
နှစ်နာရီကြာပြီးနောက် အခန်းတစ်ခုလုံး ဆေးရနံ့များဖြင့် ပြည့်နှက်သွားသည်။ ဆေးအိုး ၁၂ လုံးမှ အရောင်အမျိုးမျိုးသော အလင်းတန်းများ ထွက်ပေါ်လာသည်။
‘ဒီ အနံ့...’
ကျန်းပေရန်၏ ဆေးအိုးများမှ ထွက်လာသော ရနံ့ကို ရှူရှိုက်မိသည်နှင့် လက်စသတ်နေသော ဆေးပညာရှင်များ မျက်လုံးပြူးသွားကြသည်။
‘သန့်ရှင်း မွှေးပျံ့ပြီး... ချိုမြိန် လေးနက်လိုက်တာ...’
ဆေးပညာရှင်တိုင်း ဖော်စပ်သော ဆေးများသည် အနံ့ချင်း ဆင်တူသော်လည်း သူတို့လို ဝါရင့် ဆေးပညာရှင်များကတော့ ကွာခြားချက်ကို ခွဲခြားနိုင်သည်။
ကျန်းပေရန်၏ ဆေးအိုးမှ ရနံ့သည် သေချာပေါက် သူတို့ထက် ပိုမွှေးသည်။ ဆေးပညာလောကတွင် “မွှေး” သည် ဆိုသည်မှာ ဆေးအာနိသင် ပိုပြင်းပြီး အဆိပ်အတောက် ပိုနည်းသည်ဟု အဓိပ္ပာယ် ရသည်။ တချို့ ဆေးလုံးများ ဆိုလျှင် အနံ့ရရုံနှင့်ပင် ဒဏ်ရာပြင်းထန်နေသူကို လန်းဆန်းလာစေနိုင်သည်။
“အာ...”
ကျန်းပေရန်သည် ခါးဆန့်လိုက်ပြီး ဆေးအိုး ခြောက်လုံးကြားမှ ထရပ်ကာ တစ်ဖက်မှ ဆေးပညာရှင် ခြောက်ဦးကို ပြောလိုက်သည်။
“ထင်တဲ့အတိုင်းပဲ ဘာမှ ထူးခြားမှု မရှိဘူး ခင်ဗျားတို့ ရှုံးပြီ”
“......”
ကျန်းပေရန်၏ မာန်တက်နေသော မျက်နှာကို ကြည့်ရင်း ဒီတစ်ခေါက်တော့ ဆေးပညာရှင်များ ဒေါသ မထွက်မိကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းပေရန် ဆေးအိုးမှ ရနံ့ကို ရလိုက်ကတည်းက သူတို့ စိတ်ထဲတွင် တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။ အခု ကျန်းပေရန်၏ စကားကို ကြားလိုက်ရသောအခါ ငယ်ငယ်တုန်းက ဆရာ ဆူတာ ခံရသလိုမျိုး ခံစားလိုက်ရသည်။
“အနိုင်အရှုံး မဆုံးဖြတ်ရသေးဘူး။ လူငယ်လေး စကားကို အရမ်းကြီး မပြောနဲ့ဦး။”
တခြား ဆေးပညာရှင်များ စိတ်ဓာတ်ကျနေချိန်တွင် ဆံပင်ဖြူမုတ်ဆိတ်ဖြူနှင့် လူကြီးတစ်ယောက်က မျက်လုံးဖွင့်ပြီး ကျန်းပေရန်ကို ပြောလိုက်သည်။
ဒီလူကြီး၏ အရှိန်အဝါသည် တခြား ဆေးပညာရှင်များနှင့် လုံးဝ မတူပေ။ သူ့ဆေးအိုးမှ ထွက်သော ရနံ့သည်လည်း တခြားသူများထက် အများကြီး သာလွန်နေသည်။
‘အဆင့် ၈ ဆေးပညာရှင်လား ရှန့်တိုင်းပြည် ခေါင်းဆောင်တွေက ဟိုစုဒီစုနဲ့ အဆင့် ၈ တစ်ယောက်တောင် ပါလာအောင် ခေါ်လာနိုင်တာပဲ အဆင့် ၈ က အရမ်း ရှားလို့လား ဒါမှမဟုတ် တကယ် တော်တဲ့ မိသားစုတွေက မပါလာကြတာလား’
စိတ်ထဲတွင် ဝေဖန်လိုက်ပြီးနောက် ကျန်းပေရန်သည် ထိုလူကြီးကို ကြည့်ကာ ပြောလိုက်သည်။
“စီနီယာကြီး ဖော်တဲ့ဆေးက မဆိုးပါဘူး နာမည်လေး ဘာလေး ပြောပြပါလား”
“ငါ့နာမည်က ကျူးကျုံးကျဲ ပါ ဘယ်တော့မှ နာမည်ပြောင်းမှာ မဟုတ်ဘူး။”
‘ဟက် အသက်ကြီးမှ သွေးတွေ ဆူနေပါလား။’
“ဪ ဆရာကျူးကိုး တွေ့ရတာ ဝမ်းသာပါတယ်”
ကျန်းပေရန်က ပြောပြီး ဘေးနားမှ ဆေးအိုး တစ်လုံးကို ပုတ်ပြလိုက်သည်။
“ခင်ဗျား ပြိုင်ချင်တာက ကိုးလွှာနတ်ဘုရား ဆေးလုံး မဟုတ်လား ကျွန်တော် ဖော်ပြီးပြီ ခင်ဗျားဘာသာ လာကြည့်ပြီး ဆုံးဖြတ်လိုက်လေ”
“ကောင်းပြီ”
ကျူးကျုံးကျဲက အသံမာမာဖြင့် ပြန်ဖြေပြီး ဆေးအိုးရှေ့သို့ လျှောက်လာခဲ့သည်။
ဆေးအိုးအဖုံးကို ဖွင့်လိုက်ပြီး သေချာ ကြည့်လိုက်သောအခါ “ဒါ ကိုးလွှာ...” ဟု ပြောရန် ပြင်လိုက်သော်လည်း စကားမဆုံးခင် ရပ်တန့်သွားသည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျန်းပေရန် ပြုံးလိုက်သည်။
“ဒီလောကကြီးမှာ မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး ဆရာကျူး ကိုယ်တိုင် ယူကြည့်လိုက်လေ နားမလည်တာ ရှိရင်လည်း ကျွန်တော့်ကို မေးလို့ ရပါတယ်”
ကျန်းပေရန်၏ မာန်တက်နေသော လေသံကို ဂရုမစိုက်နိုင်တော့ဘဲ ကျူးကျုံးကျဲသည် ဆေးအိုးထဲမှ ကိုးလွှာနတ်ဘုရား ဆေးလုံးကို ထုတ်ယူလိုက်သည်။
သေချာ ကြည့်ရှုပြီးနောက် ပုံသဏ္ဌာန်ရော အရောင်ပါ မှန်ကန်နေသည်ကို တွေ့ရသည်။ သို့သော် ဆေးအာနိသင်ကတော့ အဆင့်တစ်ခုလုံး မြင့်တက်နေသည်။
ကိုးလွှာနတ်ဘုရား ဆေးလုံး ဆိုသည်မှာ ကျင့်ကြံနေစဉ်တွင် စိတ်ကို တည်ငြိမ်စေသော ဆေးလုံး ဖြစ်သည်။
စိတ်တည်ငြိမ်ခြင်း ဆိုသည်မှာ ရေပြင်ကဲ့သို့ ငြိမ်သက်ခြင်း ဖြစ်ပြီး ဒုက္ခများ ရန်ငြိုးများကို မေ့ပျောက်စေကာ ကျင့်ကြံသူအတွက် အလွန် အကျိုးရှိစေသည်။
“ဆရာကျန်း... ကျွန်တော် ဒီဆေးကို စားကြည့်လို့ ရမလား”
ခဏတာ စဉ်းစားပြီးနောက် ကျူးကျုံးကျဲက ကျန်းပေရန်ကို မေးလိုက်သည်။