အခန်း (၅၅၄-၅၅၅)
Vol. 48 Ch. 554-555
အခန်း ၅၅၄ - ကြောက်မက်ဖွယ် ဂူအဆိပ်
အင်မော်တယ်အရှင် ဖူရီချန် ရုတ်တရက် ကြောင်သွားသည်ကို မြင်သောအခါ ရှီဟုန်ယွင် မျက်နှာပျက်သွားသည်။
‘ဒီ ဂူကျင့်ကြံသူက ဒီလောက်ထိ စိတ်စွမ်းအင် မြင့်မားတာလား’
ကျင့်ကြံသူချင်း တိုက်ခိုက်ရာတွင် အတွင်းအားကို အဓိကထားပြီး စိတ်စွမ်းအင်ကို အကူအနေဖြင့်သာ သုံးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် တူညီသောအဆင့်တွင် စိတ်စွမ်းအင် ကွာခြားချက် သိပ်မရှိတတ်သောကြောင့် ဖြစ်သည်။ စိတ်စွမ်းအင် အထူးပြု လေ့ကျင့်ထားသူပင်လျှင် တစ်ဖက်သား၏ စိတ်ကို ထိန်းချုပ်ရန် ခက်ခဲသည်။
အများစုမှာ စိတ်စွမ်းအင်ကို အသုံးပြု၍ တစ်ဖက်လူ၏ တိုက်ကွက်ကို အနှောင့်အယှက် ပေးခြင်း သို့မဟုတ် စိတ်ခံစားမှုကို ပုံကြီးချဲ့ခြင်းတို့ ပြုလုပ်လေ့ရှိသည်။
ဥပမာ တစ်ဖက်လူ ကြောက်ရွံ့နေချိန်တွင် စိတ်စွမ်းအင်ဖြင့် ထိုကြောက်စိတ်ကို ပိုမို ကြီးထွားလာစေပြီး စိတ်ဓာတ် ပျက်ပြားသွားအောင် လုပ်ဆောင်ခြင်းမျိုး ဖြစ်သည်။
သို့သော် ဘယ်လိုပဲဖြစ်ဖြစ် စိတ်စွမ်းအင်၏ အဓိက အခန်းကဏ္ဍသည် အကူအညီပေးခြင်းသာ ဖြစ်ပြီး စိတ်စွမ်းအင် သက်သက်ဖြင့် ရန်သူကို အနိုင်ယူရန်မှာ အလွန် ခက်ခဲသော ကိစ္စ ဖြစ်သည်။
ဒါပေမဲ့ ဟို မျက်နှာသေ ဂူကျင့်ကြံသူက တစ်ချက် ကြည့်လိုက်ရုံဖြင့် ဖူရီချန်ကို ကြောင်သွားစေသည် ဆိုကတည်းက သေချာပေါက် ပုံရိပ်ယောင်ထဲ ကျသွားခြင်း ဖြစ်မည်။
ဒါကို ကြည့်ခြင်းအားဖြင့် ဂူကျင့်ကြံသူ၏ စိတ်စွမ်းအင်သည် သူတို့ထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သိသာသည်။
‘မဖြစ်နိုင်ဘူး ဒီလို မဖြစ်နိုင်ဘူး’
အနက်ရောင် သူတော်စင် တစ်ပါး အနေဖြင့် ရှီဟုန်ယွင် ကောင်းကောင်း သိသည်။ ကြိုတင် ပြင်ဆင်မှု မရှိဘဲ မျက်လုံးတစ်ချက် ဒေါက်ခနဲ ကြည့်လိုက်ရုံဖြင့် အနက်ရောင် သူတော်စင် တစ်ပါးကို ပုံရိပ်ယောင်ထဲ ထည့်လိုက်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။ အနက်ရောင်သခင်ကြီး အဆင့်ကိုတောင် မရနိုင်ပေ။ အနက်ရောင်ဂိုဏ်းချုပ် အဆင့်လောက်ကိုသာ ထိရောက်မှု ရှိနိုင်သည်။
ဒါကြောင့်လည်း ကျင့်ကြံသူ အများစုသည် စိတ်စွမ်းအင်ကို အဓိကထား မလေ့ကျင့်ကြခြင်း ဖြစ်သည်။ အဆင့်နှစ်ဆင့်လောက် ကွာခြားမှသာ အသုံးဝင်သဖြင့် တိုက်ပွဲတွင် သိပ်အရာမဝင်သောကြောင့် ဖြစ်သည်။
ဒီ သဘောတရားအတိုင်း တွက်ကြည့်မည် ဆိုလျှင် ဒီ ဂူကျင့်ကြံသူ၏ ကျင့်ကြံဆင့်သည် အနက်ရောင်ဧကရာဇ် အဆင့်ကိုတောင် ကျော်လွန်နေပြီဟု ဆိုရမည် မဟုတ်ပါလား။
တကယ်လို့သာ သူက အဲဒီလောက် စွမ်းနေရင် လက်တစ်ဖက် မြှောက်လိုက်ရုံနဲ့ အံ့ဖွယ်နဂါး တိုက်ကြီးတစ်ခုလုံးက ကျင့်ကြံသူ အားလုံးကို သတ်ပစ်လို့ ရနေပြီ ဖြစ်သည်။ ဘာကိစ္စ ဒီလောက် ရှုပ်ရှုပ်ရှက်ရှက်တွေ လုပ်နေဦးမှာလဲ။
‘စိတ်စွမ်းအင် မဟုတ်ဘူး တခြား တစ်ခုခု ဖြစ်မယ်’
ရှီဟုန်ယွင် အသည်းအသန် စဉ်းစားနေစဉ်မှာပင် မျက်နှာသေ ဂူကျင့်ကြံသူက သူ့ဘက် လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။
ဘယ်လို လုပ်လိုက်လဲ ဆိုတာ မသိသေးပေမဲ့ ရှီဟုန်ယွင်ကတော့ ငြိမ်ခံနေဖို့ စိတ်ကူးမရှိပေ။
"အကာအကွယ်မဲ့ခြင်း အစစ်အမှန်"
ရှီဟုန်ယွင်သည် သိုလှောင်လက်စွပ်ထဲမှ အဆောင်စာရွက်များ ကပ်ထားသော ထီးတစ်လက်ကို ထုတ်ယူကာ ဖွင့်လိုက်ပြီး ရှေ့တွင် ကာထားလိုက်သည်။
နောက်တစ်စက္ကန့်တွင် ထီးသည် ကြီးမားသော တိုက်ခိုက်မှု တစ်ခုကို ခံလိုက်ရသကဲ့သို့ တုန်ခါသွားပြီး အဆောင်စာရွက်များမှ ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာသည်။
‘ထင်တဲ့အတိုင်းပဲ’
ရှီဟုန်ယွင်၏ မကောင်းဆိုးဝါးနှိမ်နင်းရေး ထီးသည် စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်း မရှိပေ။ သို့သော် ဂူကျင့်ကြံသူ၏ တိုက်ခိုက်မှုကို တုံ့ပြန်နေသည် ဆိုကတည်းက တိုက်ခိုက်မှုသည် စိတ်စွမ်းအင် မဟုတ်ဘဲ အခြားအရာ တစ်ခုခု ဖြစ်ကြောင်း သေချာသွားပြီ။
ဒါ ဘာသိုင်းကွက်လဲ ဆိုတာ စဉ်းစားနေစဉ်မှာပင် ရင်ဘတ်ထဲမှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။
"အဟွတ်"
သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ငုံ့ကြည့်လိုက်သောအခါ ပြတ်နေသော လက်တစ်ဖက်သည် သူ့ရင်ဘတ်ကို ဖောက်ထွက်နေသည်ကို တွေ့လိုက်ရသည်။
"အာ"
အော်ဟစ်သံနှင့်အတူ ရှီဟုန်ယွင်သည် အတွင်းအားကို ရုတ်တရက် ပေါက်ကွဲပစ်လိုက်သည်။
ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး ရွှေရောင် လူရိပ်တစ်ခု သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကာ ထိုလက်ပြတ်ကို တွန်းထုတ်ပစ်လိုက်သည်။
လက်ပြတ် ထွက်သွားသည်နှင့် ရှီဟုန်ယွင်သည် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြန်လည် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ပြန်ကောင်းလာရမည့်အစား ဘာမှ ထူးခြားမလာဘဲ ရင်ဘတ်မှ အပေါက်ကြီးထဲမှ သွေးများ ဆက်လက် စီးကျနေဆဲ ဖြစ်သည်။
"အဟွတ် အဟွတ်"
သွေးထပ်အန်လိုက်ပြီးနောက် ရှီဟုန်ယွင်သည် သွေးကြောများကို အတွင်းအားဖြင့် ပိတ်ကာ ဒဏ်ရာ ပိုမကြီးလာအောင် ထိန်းထားလိုက်ရသည်။
‘ပေါ့ဆမိသွားတယ်’
စောစောက မျက်နှာသေ ဂူကျင့်ကြံသူက ဖူရီချန်ကို လက်ညှိုးထိုးလိုက်သဖြင့် ခေါင်းပြတ် ဂူကျင့်ကြံသူက ဖူရီချန်ကို သွားတိုက်ခိုက်မည်ဟု ထင်မှတ်ပြီး သတိလွတ်သွားမိခြင်း ဖြစ်သည်။
ဒါကြောင့် အကွက်မိသွားခြင်း ဖြစ်သည်။
ပုံမှန်အချိန်ဆိုလျှင် ရှီဟုန်ယွင်တွင် ဒီလို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို ကာကွယ်ရန် နည်းလမ်းပေါင်းစုံ ရှိသော်လည်း ဒီအဆိပ်မြူ၏ ဒုက္ခပေးနိုင်စွမ်းက သူထင်ထားသည်ထက် ပိုမို ဆိုးရွားနေသည်။
ရှူရှိုက်မိသည်နှင့် ချက်ချင်း ဘာမှ မဖြစ်သော်လည်း အဆိပ်များသည် ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေပြီး အတွင်းအား သုံးလိုက်သည်နှင့် လှုပ်ရှားလာကြသည်။
ရှီဟုန်ယွင် ခန့်မှန်းမိသည်မှာ အတွင်းအား ပိုသုံးလေ အဆိပ်သင့်လေ ဖြစ်ပြီး နောက်ဆုံးတွင် အတွင်းအား နည်းနည်းလေး သုံးလိုက်ရုံနှင့် အကြီးအကျယ် ဒုက္ခရောက်စေမည့် အခြေအနေ ဖြစ်သည်။
ကာကွယ်ရေး သိုင်းကွက်များ အားလုံးသည် အတွင်းအားကို စဉ်ဆက်မပြတ် သုံးစွဲရသဖြင့် အဆိပ်မြူများ အတွက် အကောင်းဆုံး ပတ်ဝန်းကျင်ကို ဖန်တီးပေးသလို ဖြစ်နေသည်။
ဒါကြောင့် သူတို့သည် အတွင်းအား အကာအကွယ်များကို စွန့်လွှတ်လိုက်ရပြီး ဂူကျင့်ကြံသူများကို အနီးကပ် တိုက်ခိုက်ခွင့် ပေးလိုက်ရခြင်း ဖြစ်သည်။
အဆိပ်မြူများ မဝင်အောင် တားဆီးရန် နည်းလမ်းများကို ရှီဟုန်ယွင် စဉ်းစားခဲ့သော်လည်း အသက်ရှူအောင့်ထားခြင်း လေကို မှုတ်ထုတ်ခြင်း သွေးကြောပိတ်ခြင်း ဘာမှ အသုံးမဝင်ပေ။
အတွင်းအား သုံးလိုက်သည်နှင့် အဆိပ်မြူများသည် ခန္ဓာကိုယ်ထဲ ဝင်ရောက်ရန် အပေါက်ရှာတွေ့သွားသလို ဖြစ်နေသည်။
ဒါပေမဲ့ အတွင်းအား မသုံးဘဲနဲ့ ဂူကျင့်ကြံသူတွေကို ဘယ်လို တိုက်ခိုက်ရမလဲ။
ဒါက အဖြေမရှိသော ပုစ္ဆာ ဖြစ်နေသည်။
ပိုဆိုးသည်မှာ ရှီဟုန်ယွင်သည် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို မစုပ်ယူရဲခြင်း ဖြစ်သည်။ စုပ်ယူလိုက်သည်နှင့် အဆိပ်အတောက်များ ရုတ်တရက် တိုးပွားလာပြီး ထိန်းချုပ်မရ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
‘အဆိပ်မြူ ပြဿနာကို အရင် ဖြေရှင်းမှ ရမယ်’
အဆိပ်မြူများက ဂူကျင့်ကြံသူများကို အားသာချက် အများကြီး ပေးထားသည်။ အဆိပ်မြူသာ မရှိလျှင် သူ အနိုင်တိုက်နိုင်မည်ဟု မဆိုလိုသော်လည်း တစ်ရက်ကျော်လေး အတွင်း ဒီလောက်ထိ ဒဏ်ရာရသွားစရာ အကြောင်းမရှိပေ။
အနက်ရောင် သူတော်စင် ဖြစ်လာပြီးနောက် ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
ဒဏ်ရာ တည်ငြိမ်သွားသောအခါ ရှီဟုန်ယွင်သည် မလိုလားသော်လည်း ရွှေကိုယ်ထည် အကာအကွယ်ကို ရုပ်သိမ်းလိုက်ရသည်။ တစ်ချိန်က ဒါသည် သူ့ကို ဘယ်တော့မှ မရှုံးနိမ့်စေသော အကောင်းဆုံး ကာကွယ်ရေး ဖြစ်ခဲ့သော်လည်း ယခုတော့ အဆိပ်သောက်နေသလို ဖြစ်နေသည်။
စောစောက ချန်ယန်ချင်း သည် လေးမျက်နှာ အကာအကွယ်ကို အသုံးပြုပြီး သူတို့ကို အချိန်ဆွဲပေးခဲ့သောကြောင့် ယခု အဆိပ်တက်ပြီး လှုပ်တောင် မလှုပ်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။
အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ကျန်းပေရန်က ချန်ယန်ချင်းကို အပ်စိုက်ကုသပေးနေသည်ကို တွေ့လိုက်ရသည်။
ဒီအချိန်တွင် ကျန်းပေရန် ဘယ်သူလဲ ဆိုတာ ရှီဟုန်ယွင် စိတ်မဝင်စားတော့ပေ။ သူသိတာ တစ်ခုတည်းသာ ရှိသည်။ တကယ်လို့ ကျန်းပေရန်သာ ဒီအဆိပ်ကို ဖြေနိုင်ခဲ့လျှင် သူ့ကို ကယ်တင်လိုက်ခြင်း ဖြစ်သလို ရှီမိသားစု တစ်ခုလုံးကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။
ကျေးဇူးကြွေး မဟုတ်တော့ပေ။ အသက်ကြွေး ဖြစ်သွားပြီ။
တစ်ဖက်တွင်လည်း အင်မော်တယ်အရှင် ဖူရီချန်၏ အခြေအနေက မကောင်းလှပေ။ သူသည် မိသားစုနှင့် ပြန်လည် ဆုံတွေ့ရသော ပုံရိပ်ယောင်ထဲတွင် လုံးဝ နစ်မြောနေပြီး ဒါ အစစ်အမှန် မဟုတ်ကြောင်း ပြောနေသည့် အသံတစ်ခု ရှိနေသော်လည်း နိုးထလာရန် ငြင်းဆန်နေသည်။
ရှီဟုန်ယွင် စိတ်ပူသော်လည်း ကူညီရန် လက်မအားပေ။
ကံကောင်းသည်မှာ မျက်နှာသေ ဂူကျင့်ကြံသူက ဖူရီချန်ကို ထပ်မံ တိုက်ခိုက်ခြင်း မရှိပေ။ ပြင်ပ လှုံ့ဆော်မှုကြောင့် နိုးလာမှာ စိုးရိမ်လို့ ဖြစ်နိုင်သလို ဒီအတိုင်း ဆက်အိပ်နေစေပြီး အဆိပ်ပြန့်သွားအောင် စောင့်နေတာလည်း ဖြစ်နိုင်သည်။
‘ပြဿနာ အကြီးကြီး တက်တော့မယ်’
ချန်ယန်ချင်းကို အပ်စိုက်နေရင်း ကျန်းပေရန်သည် အပေါ်မှ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ အနက်ရောင် သူတော်စင် နှစ်ပါး ပူးပေါင်း တိုက်ခိုက်တာတောင် ဘာလို့ ဒီလောက် မြန်မြန် ရှုံးနိမ့်သွားရသလဲ ဆိုတာ နားလည်သွားသည်။
အကြောင်းရင်းမှာ ဒီအဆိပ်မြူသည် အနက်ရောင် သူတော်စင် အဆင့်ကိုပါ ဒုက္ခပေးနိုင်လောက်အောင် စွမ်းအားကြီးမားလွန်းသောကြောင့် ဖြစ်သည်။
‘အမြစ်ဖြတ်ဖို့ ခက်ခဲတာ မဆန်းပါဘူး ဒီ ဂူအဆိပ်က တော်တော် ကြမ်းတာပဲ’
ကျန်းပေရန်၏ အခြေအနေသည် အစပိုင်းတွင် ရှီဟုန်ယွင်နှင့် တူညီသည်။ အဆိပ်မြူကို အထင်သေးခဲ့ကြသည်။ ကျန်းပေရန်က သာမန် အဆိပ်ဖြေဆေး တစ်လုံး ဖော်စပ်လိုက်ရုံဖြင့် ရပြီဟု ထင်ခဲ့သလို ရှီဟုန်ယွင်ကလည်း အတွင်းအားဖြင့် မှုတ်ထုတ်လိုက်ရုံဖြင့် ပြီးပြီဟု ထင်ခဲ့ကြသည်။
သို့သော် မကြာမီ နှစ်ယောက်စလုံး မှားမှန်း သိလိုက်ကြသည်။
အဆိပ်ဖြေဆေးက အဆိပ်ကို ချက်ချင်း ဖယ်ရှားပေးလိုက်သော်လည်း ခဏတာ သက်သာစေရုံသာ ဖြစ်သည်။ တစ်မွှေးတိုင်ကြာရုံဖြင့် အဆိပ်က ပြန်ဖြစ်လာသည်။
ရှီဟုန်ယွင်လည်း ထိုနည်းတူပင် အတွင်းအားဖြင့် သန့်စင်လိုက်သည်ဟု ထင်သော်လည်း အဆိပ်များသည် ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းကျန်ရစ်ခဲ့သည်။
မျက်နှာသေ ဂူကျင့်ကြံသူနှင့် တိုက်ခိုက်သောအခါမှ သူ အကွက်မိသွားမှန်း သိလိုက်ရခြင်း ဖြစ်သည်။
"တောက် ဘာမှ မထူးပါလား"
ထပ်မံ အပ်စိုက်ကြည့်သော်လည်း ချန်ယန်ချင်း၏ အခြေအနေ တိုးတက်မလာသည်ကို တွေ့ရသည်။ အဆိပ်များသည် ခန္ဓာကိုယ်ကို ဆက်လက် စားသုံးနေပြီး အဆိပ်ရှိန် ပိုပြင်းလာသည်။
ကျန်းပေရန် စောစောက ဖော်စပ်ထားသော အဆိပ်ဖြေဆေးသည် ဒီအဆိပ်ကို ခဏတာတောင် မထိန်းချုပ်နိုင်တော့ပေ။
‘ရောဂါ ရင့်သွားပြီလား’
"သူတော်စင်ကြီး"
ထိုအချိန်တွင် ရှီမိသားစုဝင် တစ်ယောက်၏ အသည်းကွဲမတတ် အော်ဟစ်သံ ထွက်ပေါ်လာသည်။ မော့ကြည့်လိုက်ရာ ရှီဟုန်ယွင်၏ လက်တစ်ဖက် ကျိုးသွားသည်ကို တွေ့လိုက်ရသည်။
‘သေစမ်း’
ရှီဟုန်ယွင် ကြာကြာ မခံနိုင်တော့မှန်း သိလိုက်သော ကျန်းပေရန်သည် ဦးနှောက်ကို အမြန်ဆုံး အလုပ်ပေးလိုက်သည်။
‘ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်လေးကို ကျော်ဖြတ်နိုင်အောင် လုပ်ရမယ် ဟုတ်တယ် ဒီအချိန်လေး ကျော်သွားရင် ရပြီ’
ကျန်းပေရန်က အမြစ်ပြတ် ကုသဖို့ နည်းလမ်းကို စဉ်းစားနေမိသော်လည်း အခု အချိန်မရှိတော့ပေ။ သူ လုပ်ရမည့်အရာမှာ ချန်ယန်ချင်း၏ အဆိပ်ကို ခဏတာ ထိန်းချုပ်ပြီး ရှီဟုန်ယွင်တို့ကို သွားကူညီခိုင်းရန် ဖြစ်သည်။ ပြီးမှ အဆိပ်ဖြေဆေးကို ဖြည်းဖြည်းချင်း စဉ်းစားရမည်။
အတွေးပြောင်းလိုက်ပြီးနောက် ကျန်းပေရန်သည် ပတ်ဝန်းကျင်ကို အော်ပြောလိုက်သည်။
"အခုကစပြီး အားလုံး ငါ့အမိန့်ကို နာခံရမယ်"
လူတိုင်း ကြောင်သွားစဉ် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ အဆောင်စာရွက်များနှင့် အဆောင်ပစ္စည်းများကို ထုတ်ယူပြီး အစီအရင် ခင်းကျင်းလိုက်သည်။
ပိုးမျှင်နီ လျှပ်စီးကျောက်တုံး မျောက်ဝံသားရေ...
အမျိုးမျိုးသော ပစ္စည်းများကို တွင်းကြီး ပတ်ပတ်လည်တွင် ချထားလိုက်သည်။
"ခင်ဗျား ကြာပွတ်နှင်းရည် ပေါ်မှာ သွားရပ်လိုက်"
အမျိုးသမီး အနက်ရောင်သခင်ကြီး တစ်ယောက်ကို ညွှန်ကြားလိုက်သည်။
ဟော်ရွေ့ကျား ကြောင်သွားသည်။ သူမလို ရာထူးကြီးမားသူ တစ်ယောက်ကို ဒီလို လေသံမျိုးနဲ့ အမိန့်ပေးရဲသူ မရှိတာ ကြာပြီ။
မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"မင်း အဆင့်အတန်းကို မင်း သတိထားဦး မင်းက"
"အသက်ရှင်ချင်ရင် ငါပြောတာ နားထောင် အခု ငါက ဒီ အနက်ရောင် သူတော်စင်ကြီးကို ကုသဖို့ ခင်ဗျားတို့ အကူအညီ လိုတယ်"
ကျန်းပေရန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဟော်ရွေ့ကျား နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ကျန်းပေရန်၏ မာန်တက်သော ပုံစံကို ပြိုင်ပွဲကတည်းက မြင်ဖူးထားသဖြင့် နည်းနည်းတော့ ယဉ်ပါးနေပြီ ဖြစ်သည်။ မဟုတ်လျှင် သူမ ပညာပေးပြီးလောက်ပြီ။
ကျန်းပေရန် ဒီလို ပြောရခြင်းမှာ စရိုက် ထိန်းသိမ်းဖို့ မဟုတ်ဘဲ နောက်ဆက်တွဲ ကိစ္စများတွင် သူတို့က အပြည့်အဝ နာခံမှ ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ မဟုတ်လျှင် ပြဿနာတက်လိမ့်မည်။
ဟော်ရွေ့ကျား တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ် လျူယီလုံက ရှေ့ထွက်လာပြီး ပြောလိုက်သည်။
"ငါ သွားရပ်လို့ ရမလား"
ကျန်းပေရန်က လျူယီလုံကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
‘မရဘူး ခင်ဗျားက သံမဏိကျောက်တုံး နေရာမှာ ရပ်ရမှာ’
"ကောင်းပြီ"
လျူယီလုံ ခေါင်းညိတ်ပြီး သံမဏိကျောက်တုံး ပေါ်တွင် ဝင်ရပ်လိုက်သည် ထို့နောက် လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
"အခု အခြေအနေကို အားလုံး သိကြမှာပါ ဒီ ဆရာကျန်း က ငယ်ပေမဲ့ ဆေးပညာမှာ အဆင့် ၈ ဆေးပညာရှင် တစ်ယောက်ကိုတောင် အနိုင်ယူနိုင်ခဲ့သူပါ အားလုံး စည်းစည်းလုံးလုံးနဲ့ အခက်အခဲကို ကျော်ဖြတ်ကြရအောင်"
လျူယီလုံ ပါးစပ်က ဒီလို စကားမျိုး ထွက်လာသည်ကို ကြားလိုက်ရသဖြင့် လူတိုင်း အံ့သြသွားကြသည်။
သူက ဒေါသကြီးပြီး ဘယ်သူ့ကိုမှ အဖက်မလုပ်တတ်သူ ဖြစ်သည်။ ဒီထဲက လူတော်တော်များများကိုလည်း သူ ရန်စဖူးသည်။ သို့သော် ဒီနေ့တော့ အဆင့် ၈ ဆေးပညာရှင်ထက်တောင် ဒီလူငယ်လေးကို ပိုပြီး လေးစားနေပုံ ရသည်။
ထို့အပြင် ကျန်းပေရန်ကလည်း စွမ်းရည်ရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်သလို မိသားစုကြီးများမှ သားသမီးများသာ ရှိတတ်သော မာန်မာနမျိုးလည်း ရှိနေသည်။
ခဏချင်း အတွင်းမှာပင် အနက်ရောင်သခင်ကြီး အားလုံးသည် ရာထူးဂုဏ်ရှိန်များကို ဘေးဖယ်ထားလိုက်ကြသည်။
လျူယီလုံ ပြောသလိုပင် သူတို့သည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အနက်ရောင် သူတော်စင် နှစ်ပါး ပူးပေါင်းတာတောင် ရှုံးနိမ့်နေသည် ဆိုတာ တစ်ခါမှ မကြားဖူးသော ကိစ္စ ဖြစ်သည်။
အနက်ရောင် သူတော်စင်ကြီးများ ရှုံးနိမ့်သွားလျှင် နောက်တစ်ယောက်က သူတို့ အလှည့် ဖြစ်သည်။
ဟော်ရွေ့ကျား အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းပေရန် ညွှန်ကြားသည့် ငွေရောင် ကြာပွတ်နှင်းရည် ပေါ်တွင် သွားရပ်လိုက်သည်။
ကျန်းပေရန်က လျူယီလုံကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
စောစောက သူ အသည်းမီး တောက်နေတယ်လို့ ပြောခဲ့တာက သက်သက်မဲ့ စနောက်ချင်လို့ မဟုတ်ဘဲ အရင်းအမြစ် ပျက်စီးနေတာကို တကယ် မြင်ခဲ့လို့ ဖြစ်သည်။ ကျင့်ကြံခြင်း လောကတွင် ဒါသည် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူနှင့် တူသည်။ လက်ပြတ်ခြေပြတ်ထက်တောင် ပိုဆိုးသေးသည်။
မလုပ်နိုင် မကိုင်နိုင် ဒေါသထွက်နေရသူ ဖြစ်သဖြင့် အသည်းမီးတောက်ပြီး ဒေါသကြီးနေတာ သဘာဝကျပါသည်။
အခု ကုသနိုင်မယ့် မျှော်လင့်ချက် ရှိတယ် ဆိုတာ ကြားလိုက်ရတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အများကြီး တည်ငြိမ်သွားပုံ ရသည်။
ထို့နောက် ကျန်းပေရန်၏ ညွှန်ကြားချက်ဖြင့် အနက်ရောင်သခင်ကြီး ၁၂ ဦးသည် သက်ဆိုင်ရာ နေရာများတွင် ဝင်ရပ်လိုက်ကြသည်။
အဆင်ပြေပြီ ဆိုတာ သေချာသွားမှ ကျန်းပေရန်က ပြောလိုက်သည်။
"ခဏနေရင် ငါ အစီအရင် ဖွင့်လိုက်မယ် ဖွင့်ပြီးတာနဲ့ စီနီယာချန် ကိုယ်ထဲက အဆိပ်တွေကို ခင်ဗျားတို့ဆီ နည်းနည်းစီ ခွဲထည့်ပေးမယ် ဒါမှ သူ အဆိပ်ဒဏ်က သက်သာပြီး အပေါ်တက် ကူညီနိုင်မှာ"
အနက်ရောင်သခင်ကြီး ၁၂ ယောက် မျက်နှာပျက်သွားသော်လည်း ဘယ်သူမှ မငြင်းကြပေ။
"ကောင်းပြီ အားလုံး သဘောပေါက်ပုံ ရတယ် ဒါဆိုရင် ဆက်ပြောမယ့် စကားကို သေချာ နားထောင်ပါ"
"စီနီယာချန် ကိုယ်ထဲက အဆိပ်တွေက အရမ်း ပြင်းထန်နေပြီ ခင်ဗျားတို့ ကိုယ်ထဲက ပုန်းအောင်းနေတဲ့ အဆိပ်တွေနဲ့ မတူတော့ဘူး ဒါကြောင့် ၁၂ ပုံ ပုံလိုက်ရင်တောင် အန္တရာယ် ရှိနေတုန်းပဲ ဒါပေမဲ့ ငါ ရှိနေလို့ စိတ်မပူပါနဲ့ ထိန်းပေးထားမယ် ခင်ဗျားတို့ လုပ်ရမှာ တစ်ခုတည်းပဲ ရှိတယ်"
"အဲဒါကတော့ အဆိပ်တွေ ခင်ဗျားတို့ ကိုယ်ထဲ ဝင်လာတဲ့အခါ လုံးဝ မခုခံပါနဲ့ ခုခံလိုက်ရင် အားလုံး သေကုန်လိမ့်မယ်"
"မင်းရဲ့ အစီအရင် ပညာကရော ဆေးပညာလိုပဲ ကောင်းရဲ့လား"
အနက်ရောင်သခင်ကြီး တစ်ယောက်က မေးလိုက်သည်။
ကျန်းပေရန် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ပိုကောင်းတယ်"
ကျန်းပေရန်၏ ယုံကြည်မှု ပြည့်ဝနေသော အပြုံးကို ကြည့်ပြီး စောစောက အဆင့်မြင့် ဆေးပညာရှင်များကို တစ်ယောက်တည်း အနိုင်ယူခဲ့ပုံကို ပြန်သတိရသွားကြသည်။
ဒါကြောင့် အနက်ရောင်သခင်ကြီးက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ အသက်ရှင်လျက် ကျော်ဖြတ်နိုင်မလား ဆိုတာက ခင်ဗျားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ်မှာ မူတည်တယ်"
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ရှီဟုန်ယွင်၏ ရင်ဘတ် ဒဏ်ရာမှ အစိမ်းရောင် သွေးများ စီးကျလာသည်ကို တွေ့လိုက်ရသဖြင့် သူ့ကိုယ်ထဲတွင်လည်း အဆိပ်များ ပေါက်ကွဲတော့မည် ဖြစ်ကြောင်း ကျန်းပေရန် သိလိုက်သည်။
"အချိန်မရှိတော့ဘူး ပြင်ဆင်ချိန် သိပ်မပေးနိုင်တော့ဘူး ပြောတာ မှတ်ထားနော် လုံးဝ မခုခံပါနဲ့ နည်းနည်းလေးတောင် မခုခံပါနဲ့"
ပြောပြီးသည်နှင့် ကျန်းပေရန်သည် ရွှေရောင် အဆောင်စာရွက် တစ်ရွက်ကို ထုတ်ယူပြီး ချန်ယန်ချင်း၏ ရင်ဘတ်ပေါ်တွင် ကပ်လိုက်သည် ထို့နောက် နောက်ထပ် အဆောင်စာရွက် ၁၂ ရွက်ကို ထုတ်ယူပြီး လေထဲသို့ ပစ်တင်လိုက်ကာ ဂါထာ ရွတ်ဆိုလိုက်သည်။
"တောင်ငါးလုံး ထိပ်ဖျားမှာ နှင်းဖြူတွေ ဖုံးလွှမ်းနေ နှင်းဖြူတွေ အောက်မှာ ဆေးခင်းတွေ မွှေးပျံ့နေ"
"ဗုဒ္ဓဘုရားရှင်က အချိန်မရွေး စိုက်ပျိုးနိုင် ကြယ်တာရာ နတ်မင်းက ကိုယ်တိုင် ဆင်းသက် ရိတ်သိမ်းပိုင်"
အခန်း ၅၅၅ - အမှတ်တရကောင်း
“ဝုန်း ဒုန်း ဒုန်း”
ကျန်းပေရန်၏ ရွတ်ဆိုသံနှင့်အတူ တွင်းကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။
ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများကို အာရုံခံမိသော လျူယီလုံသည် ဒါ ဘာအစီအရင်လဲဟု မေးရန် ပြင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်သည် အောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားသည်ကို ခံစားလိုက်ရသည်။
ငုံ့ကြည့်လိုက်သောအခါ ခြေအောက်မှ မြေကြီးသည် ရွှံ့နွံအိုင်ကြီး အဖြစ် ပြောင်းလဲသွားပြီး သူ့ကို တဖြည်းဖြည်းချင်း မျိုချနေသည်ကို တွေ့လိုက်ရသည်။
သို့သော် တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်သော အနက်ရောင်သခင်ကြီး တစ်ယောက် အနေဖြင့် ဒီလောက် အသေးအဖွဲလေးကို လျူယီလုံ ဂရုမစိုက်ပေ။ ထို့အပြင် ကျန်းပေရန်က လုံးဝ မခုခံရန် နှစ်ကြိမ်တိုင်တိုင် သတိပေးထားသဖြင့် သူသည် ဘာမှ မလုပ်ဘဲ သဘာဝအတိုင်း နစ်မြုပ်သွားရန် ခွင့်ပြုလိုက်သည်။
ကျန်ရှိနေသော အနက်ရောင်သခင်ကြီး ၁၁ ဦးလည်း လျူယီလုံ နည်းတူ ပူးပေါင်းဆောင်ရွက်ကာ ရွှံ့နွံအိုင်ထဲသို့ နစ်မြုပ်သွားကြသည်။
ကြိုတင်ပြင်ဆင်မှုများ ပြီးစီးသောအခါ ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ လူတစ်ရပ်ခန့် မြင့်သော စုတ်တံကြီး တစ်ချောင်းနှင့် ခရမ်းရောင် အရည်များ ထည့်ထားသော အိုးကြီး တစ်လုံးကို ထုတ်ယူလိုက်သည်။
စုတ်တံကြီးကို ခရမ်းရောင် အရည်များထဲသို့ နှစ်လိုက်ပြီး ကျန်းပေရန်သည် တွင်းကြီးထဲတွင် စာလုံးများ စတင် ရေးဆွဲလိုက်တော့သည်။
...
ကောင်းကင်ယံတွင် လက်တစ်ဖက် ပြတ်နေသော ရှီဟုန်ယွင်သည် ဒဏ်ရာကို အတွင်းအားဖြင့် ပိတ်လိုက်ပြီး တစ်ဖက်မှ ဘယ်လို ခုတ်ခုတ် မသေနိုင်သော ခေါင်းပြတ် ဂူကျင့်ကြံသူကို ကြည့်ကာ စိတ်ဓာတ်ကျသွားသည်။
အနက်ရောင် သူတော်စင် တစ်ပါး ဖြစ်သဖြင့် သူ့ အတွင်းအား ပမာဏသည် သာမန် ကျင့်ကြံသူများထက် အဆမတန် များပြားသော်လည်း ပြိုင်ဘက်၏ စွမ်းရည်မှာလည်း သူနှင့် မတိမ်းမယိမ်း ဖြစ်နေသည်။ ထို့အပြင် ဝိညာဉ်စွမ်းအင် ပြန်လည် ဖြည့်တင်းခွင့် မရသဖြင့် သူ့ အတွင်းအား ထက်ဝက်ကျော် ကုန်ခမ်းသွားပြီ ဖြစ်သည်။
လက်ကျန် အတွင်းအားများထဲတွင်လည်း ဂူအဆိပ်များ ပိုမို ပြင်းထန်လာပြီး အသုံးပြုလိုက်တိုင်း အဆိပ်ရှိန် တက်လာကာ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲလာသည်။
“အဟွတ်”
ထိုအချိန်တွင် ရှီဟုန်ယွင်၏ ဝမ်းဗိုက်ကို လက်သီးတစ်ချက် ထပ်ထိသွားပြီး နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ချင်စိတ် ပေါက်သွားသည်။
သူသည် အနီးကပ် တိုက်ခိုက်ခြင်းကို မကျွမ်းကျင်ပေ။ ယခု အတွင်းအား အသုံးပြုမှုပါ ကန့်သတ်ခံထားရသဖြင့် သူ့စွမ်းရည်၏ ၃၀ ရာခိုင်နှုန်းကိုပင် ထုတ်မသုံးနိုင်တော့ပေ။
ဒါပေမဲ့ သူ လဲကျသွားလို့ မဖြစ်ပေ။
စစ်ကူ မရောက်လာခင် အထိ ဒီ ဂူကျင့်ကြံသူ နှစ်ကောင်ကို တားထားရမည်။ မဟုတ်လျှင် ရှီမိသားစု တစ်ခုလုံး မျိုးဖြုတ်ခံရပေလိမ့်မည်။
ရှီဟုန်ယွင်သည် မိမိ၏ အသက်ဝိညာဉ် ရတနာကို ထုတ်သုံးရန် ပြင်လိုက်စဉ် မျက်လုံးရှေ့တွင် ရုတ်တရက် မည်းမှောင်သွားသည်ကို ခံစားလိုက်ရသည်။
‘သွားပြီ’
ကာကွယ်ရေး ပေါ့ဆမိပြီး မကောင်းဆိုးဝါးနှိမ်နင်းရေး ထီးကို မသုံးမိသဖြင့် မျက်နှာသေ ဂူကျင့်ကြံသူ၏ လက်ချက်မိသွားမှန်း ရှီဟုန်ယွင် သိလိုက်သည်။
ရှီဟုန်ယွင်သည် ပုံရိပ်ယောင်ထဲ မကျရောက်အောင် အတင်းအကျပ် တောင့်ခံနေသော်လည်း မျက်စိရှေ့မှ မြင်ကွင်းများသည် တဖြည်းဖြည်း ပိုမို ပြတ်သားလာသည်။
“သည်းထန်စွာ ရွာသွန်းနေသော မိုးရေသံများ...”
မိုးသံများ ပိုမို ကျယ်လောင်လာပြီး သူ့ဘဝ တစ်သက်တာ မမေ့နိုင်သော ညတစ်ညဆီသို့ ပြန်ရောက်သွားစေသည်။ ထိုညတွင် သူ့ပေါ့ဆမှုကြောင့် သူအချစ်ရဆုံး အစ်ကိုကြီး ရန်သူလက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
သေဆုံးခါနီး အချိန်ထိ သူ့အစ်ကိုကြီးသည် သူ့ကို အပြစ်မတင်ခဲ့သည့်အပြင် ရန်သူကို ကိုယ်ဖြင့် ကာဆီးပေးပြီး ထွက်ပြေးခိုင်းခဲ့သည်။
“အာယွင် အာယွင် ဘာတွေ တွေးနေတာလဲ”
သတိပြန်ဝင်လာသောအခါ ရှီဟုန်ယွင်၏ ရှေ့တွင် သူ အချစ်ရဆုံး ညီအစ်ကိုရင်း ပေကျန့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုကြီး... အစ်ကိုကြီး... အစ်ကိုကြီး!”
ရှီဟုန်ယွင် ပြေးသွားပြီး ပေကျန့်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ခေါင်းထဲမှ ပေကျန့် သေဆုံးသွားသော ပုံရိပ်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားသည်။
‘ဟုတ်တယ် အစ်ကိုကြီး မသေဘူး သူ လုံးဝ မသေဘူး’
ရုတ်တရက် အဖက်ခံလိုက်ရသော ပေကျန့် ကြောင်သွားပြီး တွန်းထုတ်လိုက်ကာ ပြောလိုက်သည်။
“အစီအစဉ် တိုင်ပင်နေတာကို ဘာတွေ လာလုပ်နေတာလဲ ငါ သေတော့မယ့်အတိုင်းပဲ”
“ဖေ ဖေ ဖေ အစ်ကိုကြီး ဘယ်တော့မှ မသေဘူး”
ရှီဟုန်ယွင် စားပွဲရှေ့သို့ ပြန်လျှောက်သွားပြီး ပြောလိုက်သည်။
“အစ်ကိုကြီး... ဒီ တာဝန်ကို လက်မခံဘဲ နေလိုက်ရအောင်”
“ဘာလို့လဲ”
ပေကျန့် ထပ်ကြောင်သွားသည်။
“မင်း ဒီနေ့ ဘာဖြစ်နေတာလဲ”
“ဒီကိစ္စမှာ လှည့်ကွက် ရှိနေတယ်လို့ ထင်တယ်။ ကြည့်လေ... နေရာ ရွေးထားတာကိုက မှားနေပြီ။ တကယ်လို့များ သူတို့က... အစ်ကိုကြီး အစ်ကိုကြီး”
ရှီဟုန်ယွင် မော့ကြည့်လိုက်ရာ ပေကျန့်က ပြုံးလျက် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် လုံးဝ တခြားလူ တစ်ယောက် ဖြစ်နေသလိုပင် ဖြစ်သည်။
“အစ်ကိုကြီး ဘာဖြစ်လို့လဲ”
ပေကျန့်က လက်လှမ်းပြီး ရှီဟုန်ယွင်၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးလျက် ပြောလိုက်သည်။
“အာယွင် မင်းမှာ လုပ်စရာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေတယ် မဟုတ်လား”
“ဘာ ပိုအရေးကြီးတဲ့ ကိစ္စလဲ ကျွန်တော် အခု ဒီ တာဝန်ကို မသင်္ကာဘူးလို့ ပြောနေတာ တကယ်...”
“သေချာ ပြန်စဉ်းစားကြည့်ပါဦး။ မင်း ကာကွယ်ပေးရမယ့် လူတွေ အများကြီး ရှိနေသေးတယ် မဟုတ်လား။ ဟုတ်တယ်မလား...”
“အစ်ကိုကြီး ဘာတွေ ပြောနေ...”
ရှီဟုန်ယွင် စကားမဆုံးခင်မှာပင် ပေကျန့် သေဆုံးသွားသော ပုံရိပ်များ ပြန်လည် ပေါ်ပေါက်လာသည်။ ဒဏ်ရာဗရပွနှင့် ခန္ဓာကိုယ်၊ သူ့ကို ကြည့်ပြီး ပြုံးပြနေသော မျက်နှာ၊ ထွက်ပြေးဖို့ အော်ပြောနေသော အသံများ။
အရာအားလုံး ပိုမို ပီပြင်လာသည်။
“မဟုတ်ဘူး မဟုတ်ဘူး”
ရှီဟုန်ယွင် ခေါင်းကို ရူးသွပ်မတတ် ခါယမ်းလိုက်သည်။
“ငါ့အစ်ကိုကြီး မသေဘူး သူ လုံးဝ မသေဘူး”
ထိုအချိန်တွင် ပေကျန့်၏ လက်တစ်ဖက် ထပ်မံ ရောက်ရှိလာသည်။ သို့သော် ဒီတစ်ခေါက် ခေါင်းကို မပွတ်ဘဲ ပခုံးကို ပုတ်လိုက်သည်။
“အာယွင် မင်း အသက်ကြီးလာတော့ ဒီလိုပုံစံ ဖြစ်သွားတာကိုး။ ဟား ဟား ဟား တော်တော် ခန့်ညားတာပဲ။ ငယ်ငယ်တုန်းကလို တုံးအအ မဟုတ်တော့ဘူးပဲ။”
“အို...”
ရှီဟုန်ယွင် ကြေးမုံပြင် ဘက်သို့ လှည့်ကြည့်လိုက်ရာ ဆံပင်ဖြူ နှုတ်ခမ်းမွေးဖြူများနှင့် အဘိုးကြီး တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“သတိရပြီလား”
ပေကျန့်က မေးလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော်... ကျွန်တော်...”
“သွားတော့လေ ထပ်ပြီး နောင်တရမယ့် အလုပ်တွေ မလုပ်နဲ့တော့”
ဒီစကားတစ်ခွန်းက ရှီဟုန်ယွင် တစ်ကိုယ်လုံးကို တုန်ခါသွားစေသည်။ သူ အော်ဟစ်လိုက်သည်။
“အစ်ကိုကြီး တောင်းပန်ပါတယ် တကယ် တောင်းပန်ပါတယ်”
“ငါပြောသားပဲ ငါ မင်းကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူးလို့”
နောက်တစ်စက္ကန့်တွင် ရှီဟုန်ယွင်၏ မြင်ကွင်းသည် အဆိပ်မြူများ ဖုံးလွှမ်းနေသော ရှီအိမ်တော်သို့ ပြန်လည် ရောက်ရှိလာသည်။ သို့သော် မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်။
“နိုးပြီလား”
ရှီဟုန်ယွင် အနောက်မှ ချန်ယန်ချင်း၏ အိုမင်းသော အသံ ထွက်ပေါ်လာသည်။
ရှီဟုန်ယွင် ဝမ်းသာအားရ လှည့်ကြည့်လိုက်သည်။
“ခင်ဗျား ဘာမှ မဖြစ်ဘူးလား”
“အဟွတ် အဟွတ်...”
နှစ်ချက် ချောင်းဆိုးပြီးနောက် ချန်ယန်ချင်းက အားနည်းစွာ ခေါင်းညိတ်ပြလိုက်သည်။
“တစ်ပွဲလောက်တော့ ထပ်တိုက်နိုင်ပါသေးတယ် ပြောရရင် ခင်ဗျားတို့အိမ်က ဧည့်အကြီးအကဲက တော်တော် စွမ်းတာပဲ။”
ရှီဟုန်ယွင် အောက်သို့ ငုံ့ကြည့်လိုက်ရာ ကျန်းပေရန်က အခြား အနက်ရောင်သခင်ကြီး ၁၂ ဦးကို ကုသပေးနေသည်ကို တွေ့လိုက်ရသည်။
ရှီဟုန်ယွင် ကြည့်နေသည်ကို သတိပြုမိသော ကျန်းပေရန်က လှည့်ကြည့်ပြီး လက်မထောင်ပြလိုက်သည်။
“ကောင်းတယ်”
ရှီဟုန်ယွင် ချီးကျူးလိုက်ပြီး မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပစ်လိုက်သည်။ ထို့နောက် မျက်နှာသေ ဂူကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်သည်။
“ငါ့ကို အမှတ်တရကောင်းလေး တစ်ခု ပြန်ပေးလို့ ကျေးဇူးတင်တယ်။ အခု ငါ ပြန်ပေးဆပ်ရမယ့် အလှည့် ရောက်ပြီ။”
ချန်ယန်ချင်းက အင်မော်တယ်အရှင်ကိုပါ နှိုးပေးလိုက်သည်ကို မြင်သောအခါ ကျန်းပေရန် သက်ပြင်းချလိုက်နိုင်သည်။ ထို့နောက် သူ့ရှေ့တွင် လဲလျောင်းနေသော အနက်ရောင်သခင်ကြီး ၁၂ ဦးကို ဆက်လက် ကုသပေးလိုက်သည်။
စောစောက ချန်ယန်ချင်း ကိုယ်ထဲမှ အဆိပ်များကို စုပ်ထုတ်ရာတွင် အလွန် ချောမွေ့ခဲ့သည်။ အနက်ရောင်သခင်ကြီး ၁၂ ဦးသည် အဆိပ်၏ ကြောက်မက်ဖွယ်ရာ ကောင်းပုံကို ခံစားမိသော်လည်း တစ်ယောက်မှ အသံမထွက်ဘဲ ကြိတ်မှိတ် သည်းခံခဲ့ကြသည်။
ပထမအချက် အနေဖြင့် ချန်ယန်ချင်းသာ မနိုးလာလျှင် နောက်တစ်ယောက် သေမည့်သူမှာ သူတို့ ဖြစ်ကြောင်း သိထားကြသည်။
ဒုတိယ အချက်မှာ ယခင် ပြိုင်ပွဲများတွင် ကျန်းပေရန်၏ ဆေးပညာ ထူးကဲကြောင်း သက်သေပြခဲ့ပြီး ဖြစ်သဖြင့် လူငယ်လေး ဘာပဲလုပ်လုပ် သူတို့ကို ကယ်တင်နိုင်မည်ဟု ယုံကြည်နေကြခြင်း ဖြစ်သည်။
သို့သော် အဆိပ်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသောအခါ ကျန်းပေရန် ပြောသည်ထက် ပိုဆိုးကြောင်း သူတို့ သိလိုက်ရသည်။
အဆိပ် ပေါက်ကွဲလာသောအခါ ရင်ကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။ ဒါသည် ၁၂ ပုံ ၁ ပုံသာ ရှိသေးသည် ဆိုလျှင် ချန်ယန်ချင်း တစ်ယောက်တည်း ဘယ်လောက်တောင် ခံစားခဲ့ရမလဲ ဆိုတာ သူတို့ နားလည်သွားကြသည်။
အဆိပ်အားလုံး စုပ်ထုတ်ပြီးနောက် ချန်ယန်ချင်း ဖြည်းညှင်းစွာ သတိရလာသည်။
ကျန်းပေရန်က သူ့ကို တွဲထူပေးပြီး ပြောလိုက်သည်။
“အခြေအနေက အရေးကြီးနေလို့ တိုတိုပဲ ပြောပါမယ်။ စီနီယာကြီး ကိုယ်ထဲက အဆိပ်တွေကို ခဏတာ ရှင်းထုတ်လိုက်နိုင်ပေမဲ့ ဒါက ယာယီပဲ။ အတွင်းအား ပြန်သုံးလိုက်တာနဲ့ ပုန်းအောင်းနေတဲ့ အဆိပ်တွေက ပြန်လည် နိုးထလာပြီး စောစောကလိုမျိုး ဒုက္ခပေးပါလိမ့်မယ် ဒါကြောင့် သတိထားပါ။”
ချန်ယန်ချင်းက ကျန်းပေရန်ကို တစ်ချက်ကြည့်ပြီး တွင်းထဲတွင် ရေးဆွဲထားသော ရှေးဟောင်း စာလုံးများကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်ယံတွင် သတိလစ်မတတ် ဖြစ်နေသော ရှီဟုန်ယွင်ကို မော့ကြည့်လိုက်သည်။
“သိပြီ ငါ မင်းကို အကြွေးတစ်ခု တင်သွားပြီ”
ပြောပြီးသည်နှင့် ချန်ယန်ချင်း ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
ချန်ယန်ချင်း ထွက်သွားပြီးနောက် ကျန်းပေရန်သည် ရွှံ့နွံအိုင်ထဲမှ အနက်ရောင်သခင်ကြီး ၁၂ ဦးကို ဆွဲထုတ်လိုက်သည်။
သူတို့၏ ပြာနှမ်းနေသော မျက်နှာများကို ကြည့်ပြီး ဒီအဆိပ်ကို ၁၂ ပုံ ခွဲလိုက်ရင်တောင် သူတို့ မခံနိုင်မှန်း ကျန်းပေရန် သိလိုက်သည်။
‘ဒီ ဂူအဆိပ်က တကယ့်ကို ကောင်းကင်ဘုံကို အာခံနေတာပဲ’
ကျန်းပေရန်သည် ချန်ယန်ချင်း ကိုယ်ထဲမှ အဆိပ်များကို သူ့ကိုယ်ထဲ တိုက်ရိုက် မပြောင်းလိုက်ရခြင်းမှာ ထိုသို့ လုပ်ရန် ကြံရွယ်လိုက်သည်နှင့် စနစ် သတိပေးချက် တက်လာသောကြောင့် ဖြစ်သည်။
သူ့ကိုယ်ထဲ ပြောင်းလိုက်လျှင် မြေကမ္ဘာအဆင့် အန္တရာယ် ရှိသည်ဟု သတိပေးလာသည်။
သူ့လို အဆိပ်ဒဏ် ခံနိုင်ရည် မြင့်မားသူတောင် မခံနိုင်ဘူး ဆိုကတည်းက ဒီအဆိပ် ဘယ်လောက် ကြမ်းလဲ ဆိုတာ သိသာလှသည်။ ဒါကြောင့် မတတ်သာဘဲ အနက်ရောင်သခင်ကြီး ၁၂ ဦးကို ခွဲဝေ ထမ်းဆောင်ခိုင်းလိုက်ရခြင်း ဖြစ်သည်။ သူသာ လဲကျသွားလျှင် အားလုံး သေကုန်ကြပေလိမ့်မည်။
သို့သော် ဒီ ၁၂ ဦး၏ အဆိပ်သည် ၁၂ ပုံ ၁ ပုံသာ ရှိသဖြင့် ချန်ယန်ချင်းကို ကုသသလိုမျိုး လက်မှိုင်ချနေစရာ မလိုတော့ပေ။
သေချာ ကုသပေးလိုက်လျှင် တိုက်ခိုက်နိုင်စွမ်း ခဏတာ ပျောက်ဆုံးသွားမည် ဖြစ်သော်လည်း အသက်အန္တရာယ်တော့ မရှိနိုင်ပေ။
“ဟူး...”
သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းပေရန်သည် ကျောက်စိမ်းအပ်များကို ထုတ်ယူကာ အနက်ရောင်သခင်ကြီး ၁၂ ဦးကို အဆိပ်ဖြေပေးလိုက်သည်။
နှစ်နာရီ ကြာပြီးနောက် ကျန်းပေရန်၏ ကုသမှုကြောင့် ၁၂ ဦးစလုံး အန္တရာယ် ကင်းရှင်းသွားပြီး သတိပြန်ရလာကြသည်။
သို့သော် သတိရလာသူများ၏ မျက်နှာတွင် အသက်ဘေးမှ လွတ်မြောက်သွားသော ပျော်ရွှင်မှု မရှိဘဲ စိုးရိမ်ထိတ်လန့်မှုများသာ တွေ့ရသည်။ မေ့မလဲခင်ကထက် ပိုဆိုးနေသည်။
အကြောင်းရင်းမှာ ကောင်းကင်ပေါ်တွင် အနက်ရောင် သူတော်စင် သုံးပါးသည် တောင့်မခံနိုင်တော့သည့် ပုံစံ ဖြစ်နေသောကြောင့် ဖြစ်သည်။ တစ်ယောက်ချင်းစီတွင် ဒဏ်ရာ ဗရပွ ဖြစ်နေပြီး ရှီဟုန်ယွင်၏ ဒဏ်ရာမှာ အဆိုးရွားဆုံး ဖြစ်သည်။ ရင်ဘတ်မှ အပေါက်ကြီးသည် ပုပ်သိုးနေပြီး အစိမ်းရောင် သွေးများ မဟုတ်ဘဲ မည်းနက်သော သွေးများ စီးကျနေသည်။
တခြား နှစ်ယောက်သာ ဝိုင်းမကူလျှင် သူ ကျဆုံးသွားတာ ကြာပြီ ဖြစ်သည်။
ဒီမြင်ကွင်းကို ကြည့်ပြီး ကျန်းပေရန်လည်း သက်ပြင်းချမိသည်။
လွန်ခဲ့သော တစ်ခေါက် အနက်ရောင် သူတော်စင် တိုက်ပွဲကို မြင်တုန်းက ဒီအဆင့် ရောက်ရင် ပြိုင်ဘက်ကင်းပြီဟု ထင်ခဲ့သည်။ သွေးရော တိုက်ခိုက်အားရော အပြည့်ပဲဟု ထင်ခဲ့သည်။
ဒုတိယအကြိမ် ပြန်မြင်ရသောအခါ ဒီလောက်ထိ သနားစရာ ကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
လောကကြီး ပြောင်းလဲတာ မြန်ဆန်လွန်းသည်ဟု ပြောရမည်။
သို့သော် ယခုအချိန်သည် ဝမ်းနည်းနေရမည့် အချိန် မဟုတ်ကြောင်း ကျန်းပေရန် သိသည်။ နည်းလမ်း မရှာလျှင် သူလည်း ဒီနေရာမှာ မြှုပ်နှံခံရပေလိမ့်မည်။
“ဆရာကျန်း”
ထိုအချိန်တွင် လျူယီလုံက ကျန်းပေရန် ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။
“ဘာကိစ္စလဲ”
“ကျွန်တော်တို့ တက်ပြီး ခဏလောက် အချိန်ဆွဲထားပေးမယ် ဆိုရင် အနက်ရောင် သူတော်စင် သုံးပါးကို ကုသပေးနိုင်မလား”
ကျန်းပေရန် အံ့အားသင့်စွာ လျူယီလုံကို ကြည့်လိုက်သည်။ ဒီလောက်ထိ စွန့်လွှတ်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အနက်ရောင် သူတော်စင်တွေတောင် အသည်းအသန် ဖြစ်နေချိန်တွင် အနက်ရောင်သခင်ကြီးတွေ တက်သွားတာ သေသွားရုံသာ ရှိသည်။ ပြီးတော့ လျူယီလုံက သူ့ရောဂါ ပျောက်ကင်းနိုင်မယ့် မျှော်လင့်ချက် ရှိနေတာတောင် အသက်စွန့်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
‘ဒီလူကြီးကို အထင်သေးလို့ မရပါလား’
အံ့သြပြီးနောက် ကျန်းပေရန် ခေါင်းခါလိုက်သည်။
“ခင်ဗျားတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာ မပြောနဲ့ဦး အနက်ရောင် သူတော်စင် သုံးပါးရဲ့ ဒဏ်ရာက ခင်ဗျားတို့ ထင်သလောက် မလွယ်ကူဘူး။ သူတို့ အဆိပ်သင့်တာ အရမ်း ဆိုးရွားနေပြီ။ လုံးဝ ပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့...”
ကျန်းပေရန် နည်းလမ်းတစ်ခု စဉ်းစားမိချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
“နဂါးလိုက်ခြင်း”
“ဂရား”
အော်ဟစ်သံနှင့်အတူ မည်းနက်သော နဂါးကြီးတစ်ကောင် တိမ်တိုက်များကြားမှ ထွက်ပေါ်လာပြီး မျက်နှာသေ ဂူကျင့်ကြံသူကို ဝင်တိုက်လိုက်သည်။
ထိုတိုက်ကွက်သည် ပြင်းထန်လှပြီး မျက်နှာသေ ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ခြမ်း ပျက်စီးသွားသည်။ သို့သော် သူက မော့ကြည့်ရုံသာ ကြည့်လိုက်ပြီး တစ်ခြမ်းပဲ့နေသော ခန္ဓာကိုယ်သည် ချက်ချင်း ပြန်ကောင်းသွားသည်။
‘ဒီကောင်တွေရဲ့ ပြန်လည် ထူထောင်နိုင်စွမ်းက တော်တော် ကြောက်ဖို့ကောင်းတာပဲ’
စောစောက တိုက်ပွဲတွင်လည်း ရှီဟုန်ယွင်တို့က တစ်ဖက်သတ် အရိုက်ခံနေရတာ မဟုတ်ပေ။ ထိရောက်သော တိုက်ကွက်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။
လက်ကျိုးသွားအောင် ခြေကျိုးသွားအောင် တစ်ကိုယ်လုံး ကြေမွသွားအောင် လုပ်နိုင်ခဲ့သည်။ ဒါပေမဲ့ အသုံးမဝင်ပေ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မူလအတိုင်း ပြန်ကောင်းသွားသည်။
အစကတော့ ကျန်းပေရန်က အကန့်အသတ် ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ ချူယန်ဇယ်နှင့် တိုက်ခိုက်တုန်းက ချူယန်ဇယ်လည်း ခန္ဓာကိုယ် ပြန်ဆက်နိုင်သော်လည်း ကြာလာတော့ မောပန်းလာပြီး လှုပ်ရှားမှု နှေးကွေးလာသည်။
နောက်ပိုင်းတွင် အသက်ရှူပင် ကြပ်လာခဲ့သည်။
ဒါပေမဲ့ ဒီကောင်တွေက ဘယ်နှစ်ခါ သေပြီးမှန်းတောင် မသိတော့ပေမဲ့ မောပန်းသည့် အရိပ်အယောင် လုံးဝ မပြပေ။ ချူယန်ဇယ်ထက် အဆပေါင်းများစွာ သာလွန်နေသည်။
‘ဒီကောင်တွေက မသေမျိုး ဖြစ်နေပြီလား’
စဉ်းစားနေစဉ်မှာပင် ကျန်းပေရန် ကောင်းကင် အထက်သို့ မော့ကြည့်လိုက်ရာ နဂါးရုပ်တက်တူးနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး တိမ်စီးပြီး ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ငွေရောင် အတွင်းအားလုံး နှစ်ခု ကိုင်ထားသည်။
ခေါင်းပြတ် ဂူကျင့်ကြံသူ ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ် လူရိပ်တစ်ခု သူ့ရှေ့သို့ ရောက်လာပြီး ပခုံးနှင့် ဝင်တိုက်လိုက်သည်။
ထိုတိုက်ကွက်ကြောင့် ခေါင်းပြတ် ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ် လေးစိပ်ကွဲသွားသည်။ သို့သော် သူ့အတွက် ဒါသည် ထမင်းစား ရေသောက်သလိုသာ ဖြစ်သည်။
ပြန်လည် စုစည်းရန် ပြင်လိုက်စဉ် နဂါးတက်တူးနှင့် အမျိုးသားက ငွေရောင် နဂါးနှစ်ကောင် ပစ်လွှတ်လိုက်သည်။
“ဂရား”
နဂါးဟိန်းသံနှင့်အတူ လေးစိပ်ကွဲနေသော ခေါင်းပြတ် ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အမှုန့် ဖြစ်သွားသည်။
စစ်ကူ ရောက်လာသည်ကို မြင်သောအခါ ရှီဟုန်ယွင်တို့ စိတ်ဓာတ် တက်ကြွလာပြီး ဝိုင်းဝန်း တိုက်ခိုက်ကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ခေါင်းပြတ် ဂူကျင့်ကြံသူသည် အခြားတစ်နေရာတွင် ပြန်လည် စုစည်းသွားပြီး ဒဏ်ရာ မရခဲ့သလိုပင် ရှိနေသည်။
ဒါပေမဲ့ ဒီတစ်ခေါက်တွင် သူသည် မျက်နှာသေ ဂူကျင့်ကြံသူနှင့် အတူ အဝေးသို့ ထွက်ပြေးသွားသည်။ ကြည့်ရတာ သူတို့လည်း တောင့်မခံနိုင်တော့သည့်ပုံ ပေါက်နေသည်။
ဒီမြင်ကွင်းကို ကြည့်ပြီး ကျန်းပေရန် သက်ပြင်းချလိုက်နိုင်သည်။
‘မသေမျိုးတော့ မဟုတ်ဘူးပဲ ချူယန်ဇယ်ထက် ပိုသာပေမဲ့ အကန့်အသတ်တော့ ရှိပုံရတယ်’
‘သေနိုင်ရင် ပြီးတာပဲ... မသေနိုင်ရင်တော့ သောက်ရမ်း မတရားတာ ဖြစ်သွားပြီ’