အခန်း (၂၄၇)
Vol. 24 Ch. 247
အခန်း။ ၂၄၇
လေလံပွဲအတွင်း ကျိုးချင်းချွမ်းသည် စျေးမြှင့်ပေးသူများနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ယွင်ရှန်းက သူမ၏ မှော်ဆေးရည် စျေးတက်စေရန် ယီပိုင်မင်းကို ခိုင်းစေသည်ဟု သူက ကနဦးတွင် ထင်မှတ်ခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ယီပိုင်မင်း၏ စျေးခေါ်မှုကို အခြားသူများက လျင်မြန်စွာပင် ကျော်တက်သွားကြသည်။
အသစ်တစ်ဖန် စျေးပြိုင်ပြီးနောက် လနတ်သမီး၏ ချီးမွမ်းခြင်း ဆေးရည်၏ စျေးနှုန်းမှာ အံ့အားသင့်ဖွယ် ရွှေဒင်္ဂါး ၆၀,၀၀၀ သို့ ရောက်ရှိသွားသည်။ ထို့ပြင် စျေးနှုန်းတက်နေသည့် အရှိန်အဟုန်မှာ ဆက်လက်မြင့်တက်နေဦးမည့် အသွင်ရှိသည်။ ဤသည်မှာ စျေးနှုန်း ၅၀,၀၀၀ ခန့်ဖြင့်သာ ရောင်းထွက်မည်ဟု ခန့်မှန်းထားသော ကျိုးချင်းချွမ်းအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
"ဒီဆေးရည်ကို ငါ အပြတ်ရမှဖြစ်မယ်"
ချန်လျော့ဟဲသည် စျေးနှုန်းကိုကြည့်ကာ သူ၏ လေလံဆိုင်းဘုတ်ကို ရုတ်တရက် မြှောက်
လိုက်သည်။
"ရွှေဒင်္ဂါး တစ်သိန်း"
ရုတ်တရက် ရွှေဒင်္ဂါး ၄၀,၀၀၀ မျှ ခုန်တက်သွားခြင်းလော ဤစျေးနှုန်းသည် စျေးပြိုင်နေသူ အားလုံးကို လက်လျှော့သွားစေတော့သည်။ အဆင့်မြင့်မှော်ဆေးရည်တစ်ပုလင်းကို ရွှေဒင်္ဂါး တစ်သိန်း၊ ဧကရာဇ်ခရမ်းရွှေဒင်္ဂါး တစ်သောင်း ပေးရခြင်းမှာ ရှားပါးပစ္စည်းဖြစ်လျှင်ပင် အလွန်တရာ မြင့်မားလှသော စျေးနှုန်းဖြစ်သည်။
နောက်ဆုံးတွင် လနတ်သမီး၏ ချီးမွမ်းခြင်းကို ထိုအံ့မခန်းစျေးနှုန်းဖြင့် ရောင်းချလိုက်ရသည်။ စျေးနှုန်းအတည်ပြုပြီးသည်နှင့် ပရိသတ်ကြားတွင် စီအန်းခန်းမငယ်နှင့် ပတ်သက်၍ အမျိုးမျိုးသော ခန့်မှန်းချက်များ ပေါ်ထွက်လာတော့သည်။ ဤသည်မှာ တိုက်ကြီးပေါ်ရှိ အဆင့်မြင့်မှော်ဆေးရည် အရောင်းအဝယ် စျေးကွက်တွင် စံချိန်သစ် တစ်ခု ဖြစ်လာခဲ့သည်။ ယွင်ရှန်းကိုယ်တိုင်လည်း ရွှေဒင်္ဂါးတစ်သိန်းဟူသော ပမာဏကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရသည်။
လေလံပွဲပြီးနောက် ယွင်ရှန်းသည် သူမ၏ ရရှိငွေများကို သွားရောက်ထုတ်ယူခဲ့သည်။ သူမ အပြင်သို့ ထွက်လာသောအခါ အစောပိုင်းက လေလံဆွဲခဲ့သော မှော်ကျောင်းသားအုပ်စုနှင့် လူအုပ်ကြားမှ ထွက်ခွာလာသော ယီပိုင်လျန်နှင့် ချန်လျန်လျန်တို့ကို တွေ့လိုက်ရသည်။
"လန်... ငါတို့ ဘာလုပ်ကြမလဲ အဲ့ဒီဆေးရည်ကို တခြားသူ ဝယ်သွားပြီ"
မှော်ကျောင်းသူလေးများက လေလံရုံးအပြင်၌ တိုးတိုးဖော်ဖော် ပြောနေကြသည်။ သူတို့ဝတ်ထားသော မှော်ဝတ်ရုံများမှာ သာမန်မှော်ကျောင်းသားများ၏ ဝတ်ရုံနှင့် လုံးဝမတူဘဲ ထူးခြားနေသည်။ တော်ဝင်မျိုးနွယ်ဖြစ်သော ယီပိုင်လျန်ပင်လျှင် ထိုဝတ်ရုံများကို မည်သည့်ပစ္စည်းဖြင့် ချုပ်လုပ်ထားသည်ကို မခန့်မှန်းနိုင်ပေ။
လူအုပ်ကြားတွင် အတွေးလွန်နေသော ဆီးနှင်းဖြူရောင် ဆံပင်ပိုင်ရှင် ကျောင်းသူလေးမှာ တစ်စုံတစ်ဦးနှင့် တိုက်မိကာ ယီပိုင်လျန်၏ ကိုယ်ပေါ်သို့ မှီကျသွားသည်။ ယီပိုင်လျန်က သူမကို ချက်ချင်း လှမ်းဖမ်းကာ ထိန်းပေးလိုက်ပြီး သူမ၏ အလှတရားကို အနီးကပ် မြင်တွေ့လိုက်ရသောအခါ မျက်လုံးများမှာ မှင်တက်သွားရသည်။ ဤသည်ကို မြင်လိုက်ရသော ချန်လျန်လျန်က ဒေါသတကြီးဖြင့် "မြူဆွယ်တဲ့ မိန်းမပျက်လို ဝတ်စားထားတာ ကြည့်ရတာ တစ်ချက်တည်းနဲ့ သိသာတယ်" ဟု ဆဲရေးလိုက်တော့သည်။
ဆေးရည်ကို မရရှိလိုက်သဖြင့် စိတ်တိုနေသော ထိုကျောင်းသူလေးမှာ ချန်လျန်လျန်ကို စကားတစ်ခွန်းမျှ ပြန်မပြောဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ သူမ၏ မှော်လှံတံကို ထုတ်ယူလိုက်သည်။ ချန်လျန်လျန်မှာ ယခင်က မြစ်ကို ဖြတ်ကျော်စဉ် သူမ၏ မှော်လှံတံ ဆုံးရှုံးထားခဲ့သဖြင့် တစ်ဖက်လူက လေလံရုံးရှေ့တွင် ရဲရဲတင်းတင်း တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထက်မြက်လှသော ရေခဲလေဓားတစ်ခုမှာ ချန်လျန်လျန်ထံသို့ တည့်တည့် ဦးတည်လာခဲ့သည်။ ယီပိုင်လျန်သည် သူ၏ မှော်လှံတံကို ထုတ်ယူရန် ပြင်ဆင်နေချိန်မှာပင် ထိုကျောင်းသူလေးမှာ သူမ၏ လှံတံကို ပြန်လည် သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။
မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်သော်လည်း ယွင်ရှန်းသည် ထိုကျောင်းသူလေး၏လက်ထဲရှိ မှော်လှံတံကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
၎င်းမှာ အနှစ်သုံးရာသက်တမ်းရှိ မိစ္ဆာသားရဲအရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ငှက်မျိုးနွယ် မိစ္ဆာသားရဲတစ်ကောင်၏ အရိုးဖြစ်ပုံရသည်။ ပေါ့ပါးသော်လည်း အရှိန်အဝါကြီးမားလှပြီး အထူးသဖြင့် ၎င်းပေါ်တွင် အပြာရောင် မှော်ဝိညာဉ်ကျောက်လေးလုံး တပ်ဆင်ထားသည်မှာ မှင်တက်ဖွယ်ပင်။
၎င်းသည် အသက်ဆယ်နှစ်ကျော်မျှသာရှိသေးသော ဤကျောင်းသူလေးမှာ အမှန်စင်စစ် မြင့်မြတ်သောမှော်ဆရာအဆင့်ဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်သည်။ ထိုမိန်းကလေး၏ ပါရမီမှာ အံ့မခန်းဟုပင် ဆိုရပေမည်။
ချန်လျန်လျန်မှာ သူမ၏မျက်နှာဆီသို့ တည့်တည့်လာနေသော မှော်လေဓားကို ခံစားမိပြီး အလန့်တကြား အော်ဟစ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမ၏ မျက်နှာဖုံးပုဝါမှာ နှစ်ခြမ်းကွဲသွားတော့သည်။
ချန်လျန်လျန်၏ မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာအမြောက်အမြားမှာ လူအများရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်မှ လူများမှာ တီးတိုးပြောဆိုကာ ချန်လျန်လျန်ကို လက်ညှိုးထိုး ဝိုင်းကြည့်ကြတော့သည်။ ချန်လျန်လျန်သည် ဤကဲ့သို့သော အရှက်ရမှုကို မခံရပ်နိုင်ဘဲ မျက်နှာတစ်ခုလုံး နီမြန်းလာကာ သူမ၏ အမာရွတ်များမှာ ပို၍ပင် ရုပ်ဆိုးကြည့်ရဆိုးလာသည်။ အိမ်ရှေ့မင်းသား ယီပိုင်လျန်ပင်လျှင် သူမကို ရွံရှာသော အကြည့်ဖြင့် ကြည့်မိသွားသည်။
"နင်... နင်... ဒီဖာသည်မ ဘယ်လိုတောင် ရဲရတာလဲ။ နင်နဲ့ ငါနဲ့ အသေပဲ"
ချန်လျန်လျန်မှာ အရှက်နှင့် ဒေါသတို့ ပေါင်းစပ်ကာ ရူးသွပ်သွားတော့သည်။ သူမသည် သူမ၏ သိုလှောင်ခါးပတ်ထဲမှ မှော်ပစ္စည်းတစ်ခုကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
၎င်းမှာ အဆင့်မြင့်မှော်ပစ္စည်းတစ်ခုဖြစ်ပြီး အဆင့်မြင့်မှော်ပညာတစ်ခုကို ချက်ချင်း ထုတ်လွှတ်နိုင်စွမ်းရှိသည်။ ဤအရာမှာ သူမ အိမ်မှထွက်လာစဉ်က အဘိုးဖြစ်သူ အကြီးအကဲချန်က အရေးပေါ်အခြေအနေတွင် အသက်ဘေးမှလွတ်ရန် ခုခံကာကွယ်ဖို့ ပေးထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ချန်လျန်လျန်မှာ ထိုကျောင်းသူလေးကို ထိုနေရာတင် သတ်ပစ်ချင်စိတ်သာ ရှိတော့သည်။
အိမ်ရှေ့မင်းသား ယီပိုင်လျန်၏ တားဆီးမှုကို ဂရုမစိုက်ဘဲ သူမသည် ဂါထာကို ချက်ချင်း စတင်ရွတ်ဆိုတော့သည်။ သို့သော် ထိုကျောင်းသူလေးမှာမူ အထင်သေးသော အမူအရာဖြင့်သာ ကြည့်နေပြီး သူမဘေးရှိ ဆရာဖြစ်သူ၏အနားတွင် ရပ်နေသော ကျောင်းသားမှာလည်း ဂါထာကို အလျင်အမြန် စတင်ရွတ်ပြောလိုက်သည်။
ချန်လျန်လျန်၏ ခြေထောက်အောက်တွင် မှော်အင်းကွက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။
"မိစ္ဆာကို ချုပ်နှောင်စေ အေးခဲစေ"
ထိုကျောင်းသား ရွတ်ဆိုလိုက်သည်နှင့် ချန်လျန်လျန်၏ လက်ထဲတွင် တောက်ပနေသော မှော်ပစ္စည်းမှာ ရုတ်တရက် မှိန်ဖျော့သွားတော့သည်။
ဒါက အဆင့်မြင့် ချုပ်နှောင်ခြင်းမှော်လား။
မှော်လောကတွင် အခြားမှော်စွမ်းအင်များကို ချက်ချင်း အေးခဲရပ်တန့်သွားစေနိုင်သော မှော်အတတ်ကို အဆင့်မြင့်မှော်ချုပ်နှောင်ခြင်း ဟု ခေါ်ဆိုကြသည်။ တိုက်ပွဲနှစ်ချီအတွင်းမှာပင် မှော်ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသော ချန်လျန်လျန်မှာ အရှက်တကွဲဖြင့် လုံးဝရှုံးနိမ့်သွားခဲ့ရသည်။
"ကျေးဇူးပြုပြီး နှစ်ဖက်လုံး ရပ်တန့်ကြပါ"
လေလံရုံးအပြင်ဘက်မှ ဆူညံသံများကြောင့် ကျိုးချင်းချွမ်း ထွက်လာခဲ့ပြီး လူအုပ်ကို ဖြတ်ကာ ယီပိုင်လျန်နှင့် မှော်ကျောင်းသားသုံးဦးကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
"ဒီမိန်းကလေးက တိုက်ကြီးရဲ့ မှော်ပညာ အထူးလေ့ကျင့်ရေးစခန်းက ကျောင်းသူတစ်ယောက်ပါ။ ဒီဘက်က နှစ်ယောက်ကတော့ မဟာကျိုးနိုင်ငံက ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ဖြစ်မှာပါ။ အစောပိုင်းက ကျွန်တော့်ဘက်က ပေါ့လျော့မှုရှိခဲ့ရင် တောင်းပန်ပါတယ်"
ကျိုးချင်းချွမ်း၏ စကားက ဒေါသထွက်နေသော ချန်လျန်လျန်၏ ရင်ထဲမှ မီးကို ရေခဲရေဖြင့် ပက်လိုက်သကဲ့သို့ ငြိမ်းသတ်လိုက်တော့သည်။
အမြဲတမ်း ဘဝင်မြင့်နေသော ယီပိုင်လျန်ပင် မှင်တက်သွားရသည်။ လူအုပ်ကြီးထဲတွင်လည်း ဟိုးဟိုးကျော် သွားတော့သည်။ ထိုကျောင်းသားသုံးဦးမှာ အမှန်တကယ်ပင် မှော်ပညာ အထူးလေ့ကျင့်ရေးစခန်းမှ ဖြစ်နေသောကြောင့်ပင်။ သူတို့၏ မှော်စွမ်းအားများ ဤမျှအထိ အစွမ်းထက်နေခြင်းမှာ မဆန်းတော့ပေ။
ချန်လျန်လျန်မှာ သူမ အမြဲတမ်း ဝင်ခွင့်ရရန် မျှော်လင့်နေခဲ့သော အထူးလေ့ကျင့်ရေးစခန်းမှ လူများကိုမှ သွားရောက်စော်ကားမိခဲ့ခြင်းအတွက် ထိတ်လန့်သွားသည်။ တိုက်ကြီး၏ မှော်ပညာ အထူးလေ့ကျင့်ရေးစခန်းနှင့် တိုက်ကြီး၏ စစ်သိုင်းပညာ အထူးလေ့ကျင့်ရေးစခန်းတို့မှာ ဝူကျိတိုက်ကြီးပေါ်တွင် အစွမ်းထက်ဆုံးသော လေ့ကျင့်ရေးစခန်းနှစ်ခု ဖြစ်သည်။
သူတို့သည် ပါရမီရှင်များကိုသာ ရွေးချယ်လေ့ကျင့်ပေးလေ့ရှိပြီး အသက် ၁၆ နှစ်ထက် မကြီးရခြင်းနှင့် ခက်ခဲလှသော ဝင်ခွင့်စာမေးပွဲများကို အောင်မြင်ရခြင်း စသည့် စည်းကမ်းချက်များ ရှိသည်။ သုံးနှစ်မှတစ်ကြိမ်သာ ကျောင်းသားသစ်ခေါ်ယူပြီး တစ်ကြိမ်လျှင် ကျောင်းသား ၂၀ ထက်မပိုဘဲ လက်ခံလေ့ရှိသည်။ ထိုစခန်းများမှ ထွက်လာသူတိုင်းမှာ ပါရမီရှင်များဖြစ်ကြရာ မည်သူမျှ သူတို့ကို မပတ်သက်ချင်ကြပေ။
"စီမံခန့်ခွဲသူကျိုး... ခင်ဗျားရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဝူကျိကုန်သွယ်ရေးရဲ့ စည်းမျဉ်းတွေကို သိပါတယ်။ ဒီနေ့ လေလံပွဲကို လနတ်သမီး၏ ချီးမွမ်းခြင်း ဆေးရည်ကို စိတ်ဝင်စားလို့ လာခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တခြားသူ ဝယ်သွားပြီ။ နောက်တစ်ကြိမ် ဒီဆေးရည်မျိုး လေလံတင်ဖို့ရှိရင် ကျွန်မတို့ကို ချက်ချင်း အကြောင်းကြားပေးပါ"
ချန်လျန်လျန် ရန်စခဲ့သော ကျောင်းသူလေးလန်က ခေါင်းဆောင်ပီသစွာ ယဉ်ကျေးစွာ ပြောလိုက်သည်။