← Chapters

အခန်း (၂၄၈)

Vol. 24 Ch. 248

အခန်း (၂၄၈)

Vol. 24 Ch. 248

အခန်း။ ၂၄၈

လန်ဟု အမည်ရသော ထိုမိန်းကလေးသည် မာန်မာနမကြီးသလို သူတစ်ပါးကိုလည်း အောက်ကျနောက်ကျ မဆက်ဆံဘဲ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သော အမူအရာကို ထိန်းသိမ်းထားသည်။

ကျိုးချင်းချွမ်းက ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် ထင်တာ မမှားဘူးဆိုရင် လူကြီးမင်းတို့ ဝတ်ထားတဲ့ ဝတ်ရုံတွေက ဖီးနစ်ငှက်မွေးတွေနဲ့ ရက်လုပ်ထားတာ မဟုတ်လား" ဟု မေးမြန်းလိုက်သည်။

ကျိုးချင်းချွမ်းသည် မဟာကျိုးအိမ်ရှေ့မင်းသား၏ အဆင့်အတန်းကို ကြားသိထားသော်လည်း အလွန်အမင်း ရိုသေပြခြင်းမျိုး မရှိပေ။ သို့သော် အံ့ဩဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် ဤမှော်ဆရာငယ်လေးများကိုမူ သူက အလေးအမြတ်ထား၍ ဆက်ဆံနေခြင်းဖြစ်သည်။

ဖီးနစ်ဆိုသည်မှာ မြင့်မြတ်သောအဆင့်ရှိသည့် မြင့်မြတ်သောသားရဲဖြစ်သည်။ ဖီးနစ်တွင် မသေနိုင်သောစွမ်းအားရှိပြီး ၎င်း၏ အမွေးအတောင်များမှာလည်း မှော်ဆန်သော အစွမ်းများ ရှိသည်ဟု ဆိုကြသည်။ ၎င်း၏ မျက်ရည်မှာ ဒဏ်ရာအားလုံးကို ကုသပေးနိုင်ပြီး ၎င်း၏ အမွေးများမှာ မှော်တိုက်ခိုက်မှု အများစုကို ခံနိုင်ရည်ရှိသည်။ ဖီးနစ်၏ ဂုဏ်သတင်းမှာ အနည်းငယ် ချဲ့ကားထားသည်ဟု ဆိုနိုင်သော်လည်း ဖီးနစ်မွေးဖြင့် ပြုလုပ်ထားသော ဝတ်ရုံများသည် သာမန်မှော်တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သည်မှာ ငြင်းမရသော အမှန်တရားပင်။

ကျိုးချင်းချွမ်း၏ သတိပေးချက်ကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ ထိုမှော်ဆရာသုံးဦး၏ ဝတ်ရုံကို သေသေချာချာ ကြည့်လိုက်ကြသည်။ ထိုဝတ်ရုံများမှာ မထင်မရှား ရှိနေသော်လည်း အနီးကပ်ကြည့်ပါက ဖီးနစ်မွေး၏ နီကျင်ကျင်အရောင်များမှာ လှပစွာ တောက်ပနေသည်ကို တွေ့ရသည်။

တိုက်ကြီး၏ မှော်ပညာ အထူးလေ့ကျင့်ရေးစခန်းမှ ကျောင်းသားများသာ ဤဖီးနစ်မွေးဝတ်ရုံကို ပိုင်ဆိုင်ခွင့်ရှိခြင်း ဖြစ်သည်။ မှော်ဆရာများက ဖီးနစ်မွေးဝတ်ရုံကို ဝတ်ဆင်ကြသော်လည်း စစ်သိုင်းပညာရှင်များအတွက်မူ နဂါးအကြေးခွံများဖြင့် ပြုလုပ်ထားသော သံချပ်ကာများကို ဝတ်ဆင်ရသည်ဟု ကောလာဟလများ ရှိသည်။ သို့သော် သာမန်လူများမှာ အထူးလေ့ကျင့်ရေးစခန်းမှ လူများနှင့် ထိတွေ့ခွင့် နည်းပါးလှသဖြင့် ဤအရာများမှာ ကောလာဟလအဆင့်သာ ရှိနေသေးသည်။

"စီမံခန့်ခွဲသူကျိုးက ကောလာဟလတွေအတိုင်း တကယ်ပဲ ဗဟုသုတ ကြွယ်ဝတာပဲ။ ကျွန်မတို့က မှော်ပညာ အထူးလေ့ကျင့်ရေးစခန်းက ကျောင်းသားတွေပါ။ ဒီနှစ်ယောက်ကတော့ ကျွန်မရဲ့ မောင်လေးနဲ့ ညီမလေးတွေပေါ့။ ကျွန်မတို့ လေ့ကျင့်ရေးခရီးတစ်ခုအတွက် လော့ရှမြို့ကို ရောက်လာရင်း သူတို့တွေ လေလံပွဲ တစ်ခါမှ မမြင်ဖူးတာနဲ့ အတွေ့အကြုံသစ် ရအောင် ခေါ်လာခဲ့တာပါ"

စီနီယာဖြစ်သူလန်က တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။

ကျိုးချင်းချွမ်း၏ ဆွဲဆောင်မှုမှာ ကျားမ၊ လူကြီးလူငယ်မရွေး အားလုံးအပေါ် သက်ရောက်မှုရှိသည်မှာ အမှန်ပင်။

ထိုကျောင်းသားသုံးဦးမှာ မူလက အတွေ့အကြုံယူရန်သာ လာခဲ့ခြင်းဖြစ်သော်လည်း လေလံပွဲ၌ သူတို့၏ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးနိုင်သည့် လနတ်သမီး၏ ချီးမွမ်းခြင်း ဆေးရည်ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရသည်။ သူတို့သုံးဦးအနက် အသက်အကြီးဆုံးဖြစ်သည့်လန်မှာ ကိုယ်တိုင်လည်း မှော်ဆေးဝါးပညာရှင်တစ်ဦး ဖြစ်သည်။

အထူးလေ့ကျင့်ရေးစခန်းသို့ ရောက်ရှိကတည်းက လန်သည် မှော်ခန္ဓာကိုယ် အားနည်းသူများကို ဘယ်လိုပြောင်းလဲပေးနိုင်မှာလဲဟူသော သုတေသနကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်လည်း တစ်ခါမျှ မအောင်မြင်ခဲ့ပေ။ သူမနှင့်အတူ ရွှေဒင်္ဂါးအမြောက်အမြား ပါမလာခဲ့သဖြင့် နောက်ဆုံးအချိန်တွင် ချန်လျော့ဟဲက ဆေးရည်ကို ဖြတ်လုသွားခြင်းမှာ သူမအတွက် အလွန်ပင် ကံဆိုးလှသည်။

ပါရမီရှင်တစ်ဦးအဖြစ် အမြဲရှင်သန်လာခဲ့သော သူမအဖို့ ယနေ့လေလံပွဲ၌ ရှုံးနိမ့်ခဲ့ရခြင်းက သူမကို စိတ်မကျေမနပ် ဖြစ်စေခဲ့သည်။ ထိုသို့ စိတ်ရှုပ်နေချိန်တွင် ချန်လျန်လျန်က အကြောင်းမဲ့ ဆဲရေးလိုက်ခြင်းက သူမ၏ဒေါသကို ပေါက်ကွဲသွားစေခဲ့ပြီး သင်ခန်းစာပေးရန် ဝန်မလေးခဲ့ခြင်း ဖြစ်သည်။

တော်ဝင်မှော်တက္ကသိုလ် ဟုတ်လား။

အထူးလေ့ကျင့်ရေးစခန်းမှ ကျောင်းသားများအတွက်မူ ၎င်းမှာ အဆင့်နိမ့်လွန်းလှသည်။ ချန်လျန်လျန်မှာလည်း သူမကိုယ်တိုင် မှားယွင်းသွားမှန်း သိနေသဖြင့် ဘယ်လိုမျှ ပြန်လည်မချေပနိုင်တော့ပေ။ ယခုအခါ အထူးလေ့ကျင့်ရေးစခန်းမှ လူများပါ ရောက်ရှိလာပြီဖြစ်ရာ သူတို့၏ ရည်မှန်းချက်မှာလည်း ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်းပင် ဖြစ်ရပေမည်။ ဂျင်ဆင်းအတွက် တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်လာတော့မည်မှာ သေချာလှသည်။

"တကယ်တော့ မိန်းကလေးအနေနဲ့ ဒီလောက်အထိ စိတ်မပူပါနဲ့။ ခဏလောက် စောင့်ပေးပါဦး... ကျွန်တော် သူမကို တိုက်ရိုက်ဆက်သွယ်ပြီး မိန်းကလေးနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိမရှိ မေးမြန်းပေးပါ့မယ်"

ကျိုးချင်းချွမ်းက ပြောလိုက်သည်။ သူနှင့် ယွင်ရှန်းတို့၏ အကြည့်ချင်း ဆုံသွားခဲ့ပြီး ယွင်ရှန်းကလည်း ခေါင်းကို တိတ်တဆိတ် ငြိမ့်ပြလိုက်သည်။

လန်ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။ လူအများရှေ့တွင် အရှက်တကွဲ ဖြစ်ခဲ့ရသော မဟာကျိုးအိမ်ရှေ့မင်းသားနှင့် သူ၏ အိမ်ရှေ့မင်းသမီးလောင်းမှာမူ ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။

ယွင်ရှန်း၊ ယီပိုင်မင်းနှင့် ချီယီတို့ ဝူကျိလေလံရုံး၏ ဧည့်ခန်းမသို့ ရောက်လာသောအခါ မှော်ပညာ အထူးလေ့ကျင့်ရေးစခန်းမှ ကျောင်းသားသုံးဦးမှာ လက်ဖက်ရည် သောက်ရင်း စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ပထမဆုံး အကြည့်မှာပင် အေးစက်တည်ငြိမ်လှသော လန်ပင်လျှင် ယီပိုင်မင်း၏ ရုပ်ရည်ကြောင့် ခဏမျှ ငေးမောသွားရသည်။ ဤကဲ့သို့ အေးစက်ပြီး ခန့်ညားလှသော အမျိုးသားတစ်ဦးမှာ ယွင်ရှန်းမှလွဲ၍ ကျန်သူများအပေါ် မည်သည့်ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေခြင်းကပင် လူတို့ကို ဆွဲဆောင်နေသကဲ့သို့ပင်။

သို့သော် လန်သည် စီမံခန့်ခွဲသူကျိုး ပြောခဲ့သော မှော်ဆေးဝါးပညာရှင်မှာ ထိုခန့်ညားသော အမျိုးသားမဟုတ်ဘဲ သူ၏ဘေးတွင် ရပ်နေသော အမျိုးသမီးမှော်ဆရာမလေး ဖြစ်ကြောင်း ချက်ချင်း သတိပြုမိသွားသည်။ ထိုမိန်းကလေးမှာ နတ်ဘုရားမတစ်ပါးကဲ့သို့ မြင့်မြတ်သောအလှရှိပြီး ကြည်လင်သောမျက်နှာနှင့် ထက်မြက်သော မျက်လုံးအစုံကို ပိုင်ဆိုင်ထားသည်။

"ဒီဆေးကို မင်းကိုယ်တိုင် ဖော်စပ်ခဲ့တာလား"

လန်က မယုံကြည်နိုင်သလို မေးမြန်းလိုက်သည်။

"ရှင်ပြောနေတာ လနတ်သမီး၏ ချီးမွမ်းခြင်း ကို ဆိုလိုတာဆိုရင်တော့ ဟုတ်ပါတယ်"

ယွင်ရှန်း၏ တည်ငြိမ်လှသော တုံ့ပြန်ပုံက ကျိုးချင်းချွမ်းကို အံ့အားသင့်စေသည်။ သူမသည် အထူးလေ့ကျင့်ရေးစခန်းမှ လူများကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။

လန်သည် ယွင်ရှန်း၏ ပွင့်လင်းမှုကို သဘောကျသွားသည်။ သူမသည် လှည့်ပတ်ပြောဆိုနေသူများကို အလွန်မုန်းတီးသူ ဖြစ်သည်။

"ဒီဆေးကို ဖော်စပ်တဲ့ လျှို့ဝှက်ချက်ကို ငါ့ကို ပြောပြနိုင်မလား"

လန်က တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

အကယ်၍ အခြားမှော်ဆေးဝါးပညာရှင်တစ်ဦးသာဆိုလျှင် လန်၏ ဤကဲ့သို့ ရဲတင်းလှသော မေးခွန်းကြောင့် ဒေါသထွက်သွားနိုင်သော်လည်း ယွင်ရှန်းကမူ ရိုးရှင်းစွာပင် ပြန်လည်ဖြေကြားခဲ့သည်။

"တကယ်တော့ ဒါက လရောင်ရေစင်တစ်ပုလင်းပါပဲ။"

"လရောင်ရေစင် ဟုတ်လား"

ဤစကားကြောင့် ကျိုးချင်းချွမ်းပင် အံ့အားသင့်သွားရတော့သည်။

မှော်ဆရာတိုင်းသည် လရောင်ရေစင်ဆိုသည်မှာ ဘာလဲဆိုသည်ကို သိကြသည်။ ၎င်းသည် မှော်ဘုရားကျောင်းနှင့် အချို့သော ဆေးဘက်ဆိုင်ရာ ဌာနများတွင် လရောင်မြက်ကို အသုံးပြု၍ ဖော်စပ်လေ့ရှိသော သာမန်ဆေးရည်တစ်မျိုးသာ ဖြစ်သည်။

၎င်းကို အဆင့်မြင့်မှော်ဆေးအဖြစ်ပင် မသတ်မှတ်နိုင်ပေ။ လရောင်ရေစင်၏ အာနိသင်မှာ မှော်ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးရုံသာ ဖြစ်ပြီး မှော်စွမ်းအား လုံးဝမရှိသူတစ်ဦးကို အခြေခံမှ ပြောင်းလဲပေးနိုင်စွမ်း လုံးဝမရှိပေ။ အကယ်၍ ယွင်ရှန်းသည် သာမန်လရောင်ရေစင်ကိုသာ ရောင်းချခဲ့ပြီး ကျိုးချင်းချွမ်းက ၎င်းကို ရွှေဒင်္ဂါးတစ်သိန်းဖြင့် လေလံတင်ခဲ့ခြင်းဆိုပါက ဝယ်ယူသူက စမ်းသပ်ကြည့်ချိန်တွင် ဖြစ်လာမည့် အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိပေ။

"မဖြစ်နိုင်တာ အဲ့ဒါ လရောင်ရေစင် မဟုတ်ဘူး။ ငါကိုယ်တိုင်က မှော်ဆေးဝါးပညာရှင်တစ်ယောက်ပါ။ ချော်ရည်တွေလို လှုပ်ရှားနေတဲ့ အဲ့ဒီဆေးရည်ဟာ အဆင့်မြင့်မှော်ဆေးစစ်စစ် ဖြစ်ရမယ်"

လန်က ပြောလိုက်သည်။ ယွင်ရှန်းသည် သူမကို အမှန်တရားအား တမင်ဖုံးကွယ်ထားသည်ဟု သူမက ထင်မှတ်နေခြင်းဖြစ်သည်။

ကျိုးချင်းချွမ်းမှာမူ ထိုစကားကို ကြားမှပင် သက်ပြင်းချနိုင်တော့သည်။

"ဒါက လရောင်ရေစင်ပါပဲ ဒါပေမဲ့ မှော်ဆေးရည်ပုံစံနဲ့ သန့်စင်ဖော်စပ်ထားတာပါ။ ဒီလရောင်ရေစင်ကို ဖော်စပ်တဲ့နေရာမှာ အသုံးပြုထားတဲ့ မှော်ဓာတ်တွေက ရေဓာတ်နဲ့ မီးဓာတ်တွေပဲ"

ယွင်ရှန်းက ဘေးမှ ချီယီကို ညွှန်ပြရင်း ဆက်ပြောသည်။

"ရှင်တို့ မယုံဘူးဆိုရင် ကျွန်မ ဒီဆေးရည်ကို အောင်မြင်အောင် ဖော်စပ်ခဲ့တာကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဒီမှော်ဆရာကို မေးကြည့်နိုင်ပါတယ်"

ချီယီက စကားမပြောသော်လည်း ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။

ရေနဲ့မီးက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတဲ့ မှော်ဓာတ်တွေ မဟုတ်ဘူးလား။

ဤကဲ့သို့ ပေါက်ကွဲလွယ်ပြီး ဆန့်ကျင်ဘက်ဖြစ်နေသော ဓာတ်နှစ်မျိုးကို ပေါင်းစပ်ကာ မှော်ဆေးရည်သစ် ဖော်စပ်ခဲ့သည်ဆိုခြင်းမှာ မယုံနိုင်စရာပင်။

ဒီမှော်ဆရာမလေးက ရူးနေတာလား။

ဆန့်ကျင်ဘက်ဓာတ်များ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များကို တွေးတောမိရင်း အထူးလေ့ကျင့်ရေးစခန်းမှ ကျောင်းသားသုံးဦးမှာ မသိမသာပင် တုန်လှုပ်သွားကြသည်။

သူတို့သည် ယွင်ရှန်းအပေါ် ထားရှိသော အမြင်မှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"အကယ်၍ မင်းပြောတာသာ အမှန်ဆိုရင်... ဒီလိုဆေးရည်မျိုးကို ဖော်စပ်နိုင်တဲ့သူဟာ လက်ချိုးရေလို့ရတဲ့ အနည်းငယ်လောက်ပဲ ရှိမှာပဲ"

လန်က နှမြောတသစွာဖြင့် ပြောလိုက်သည်။ သူမသည် ဤဆေးဖော်နည်းကို နားလည်နိုင်မည်ဟု ကနဦးက မျှော်လင့်ခဲ့သော်လည်း ယွင်ရှန်း၏ စကားအရ ၎င်းမှာ မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ ဤနည်းလမ်းမှာ အလွန်ပင် အန္တရာယ်များလှရာ သူမ၏ ဆရာအပါအဝင် မည်သည့်သာမန်မှော်ဆရာမျှ ဤသို့လုပ်ဆောင်ရန် ခွင့်ပြုမည်မဟုတ်ပေ။

"ဘယ်လိုပဲဖြစ်ဖြစ်... မင်းလို သတ္တိရှိတဲ့ မှော်ဆရာတစ်ယောက်နဲ့ ဆုံရတာ ဝမ်းသာပါတယ်။ ငါ့နာမည်က လန်ပါ။ တိုက်ကြီးရဲ့ မှော်ပညာ အထူးလေ့ကျင့်ရေးစခန်းက ကျောင်းသူတစ်

ယောက်ပါ"

ထိုသို့ပြောကာ လန်က ယွင်ရှန်းထံသို့ ရင်းနှီးစွာဖြင့် လက်ကမ်းလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ကျွန်မနာမည်က ယွင်ရှန်းပါ။ အခုလောလောဆယ် မဟာကျိုးနိုင်ငံရဲ့ ဝူရွှမ်ဝူကျိဆောင်မှာ လဲလှယ်ရေးကျောင်းသူအဖြစ် တက်ရောက်နေပါတယ်"

ယွင်ရှန်းသည်လည်း ပွင့်လင်းလှသော ဤပါရမီရှင်မှော်ဆရာမလေးအပေါ် ခင်မင်စိတ် ဖြစ်ပေါ်မိသည်။ နှစ်ဦးသား လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး အချင်းချင်း ခိုင်မြဲစွာ ဆုပ်ကိုင်ထားလိုက်ကြတော့သည်။

All Chapters