အခန်း (၅၅၂-၅၅၃)
Vol. 48 Ch. 552-553
အခန်း ၅၅၂ - ခေါင်းဆောင်
ကျူးကျုံးကျဲကို အပေါ်အောက် အကဲခတ်ကြည့်ပြီးနောက် ကျန်းပေရန်က ပြုံးလျက် ပြောလိုက်သည်
"စီနီယာကြီး ခင်ဗျားက ဂုဏ်သရေရှိ အဆင့် ၈ ဆေးပညာရှင် တစ်ယောက်လေ ဆေးလုံးတစ်လုံးကို အရည်အသွေး စစ်ဆေးဖို့အတွက် ဝါးစားကြည့်မှ သိမယ် ဆိုတာက ခင်ဗျားရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့ မထင်ဘူးလား"
ကျူးကျုံးကျဲ မျက်နှာရဲသွားပြီး ရှင်းပြလိုက်သည်
"ပုံမှန် ဆေးလုံးတွေ ဆိုရင်တော့ ကျွန်တော် ကြည့်ရုံ အနံ့ခံရုံနဲ့ အာနိသင်ကို သိနိုင်ပါတယ် ဒါပေမဲ့ ဆရာကျန်း ဖော်ထားတဲ့ ဒီဆေးလုံးကတော့ တကယ့်ကို ပြိုင်ဘက်ကင်း နေလို့ ပုံသဏ္ဌာန်နဲ့ အနံ့ ကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး"
"ပြိုင်ဘက်ကင်း" ဆိုသော စကားလုံးကို ကြားလိုက်ရသည်နှင့် အောက်မှ လူအများက ဒီပွဲကို ကျန်းပေရန် နိုင်သွားပြန်ပြီ ဆိုတာ သိလိုက်ကြသည် ထို့အပြင် ထိုစကားလုံး၏ လေးနက်မှုကိုလည်း ခံစားမိလိုက်ကြသည်။
ကျန်းပေရန် မျှော်လင့်ထားသည့်အတိုင်း ကျူးကျုံးကျဲသည် ကောင်းကင်ရနံ့ အခန်းထဲတွင် တစ်ဦးတည်းသော အဆင့် ၈ ဆေးပညာရှင် ဖြစ်သည်။ ရှန့်တိုင်းပြည် တစ်ခုလုံးတွင်လည်း အလွန် နာမည်ကျော်ကြားသူ ဖြစ်သည် အဆင့် ၉ ဆေးပညာရှင် ဆိုသည်မှာ ရှာဖွေရ ခက်ခဲလှပြီး အများစုမှာလည်း အနက်ရောင် သူတော်စင် အဆင့် ပုဂ္ဂိုလ်ကြီးများလောက် မာနကြီးတတ်ကြသဖြင့် အပြင်ထွက်လာအောင် ဖိတ်ခေါ်ဖို့ အလွန် ခက်ခဲသည်။
ဒါကြောင့် အဆင့် ၈ ဆေးပညာရှင် ဆိုလျှင်ပင် ဒေသတစ်ခုလုံး လေးစားရသော ဆရာသခင်ကြီးများ ဖြစ်နေကြပြီ။
အခု ဒီ အဆင့် ၈ ဆေးပညာရှင်ကြီး ကိုယ်တိုင်က ကျန်းပေရန် ဖော်စပ်သော ဆေးလုံးကို ပြိုင်ဘက်ကင်း ပါသည်ဟု ချီးကျူးနေမှတော့ ကျန်းပေရန်က ဘယ်အဆင့် ရှိနေတာလဲ။
‘အဆင့် ၉ လား’
လူတိုင်း စိတ်ထဲတွင် ဒီအတွေး ဝင်လာသောအခါ ထိတ်လန့်သွားကြသည် ရှန့်တိုင်းပြည်သည် အင်အားအကြီးဆုံး တိုင်းပြည် ခြောက်ပြည်တွင် ပါဝင်ပြီး အင်အားကြီး မိသားစုများ ဂိုဏ်းများ အများအပြား ရှိသော်လည်း အဆင့် ၉ ဆရာသခင် တစ်ယောက်ကို ဧည့်အကြီးအကဲ အဖြစ် ဖိတ်ခေါ်နိုင်သည်ဟု တစ်ခါမှ မကြားဖူးခဲ့ပေ။
အဆင့် ၉ ဆရာသခင် ဆိုသည်မှာ အနက်ရောင် သူတော်စင် ကဲ့သို့ပင် ပါရမီနှင့် ကြိုးစားအားထုတ်မှု ရှိရုံနှင့် မရဘဲ ကံတရား၏ ဖေးမမှုပါ ပါဝင်မှ ဖြစ်လာနိုင်သူများ ဖြစ်သည်။
အရေအတွက် အလွန် နည်းပါးလှသည်။
ဒါကို ဒီ အသက် ၂၀ကျော် လူငယ်လေးက အဆင့် ၉ ဖြစ်နေပြီတဲ့လား။
‘မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး’
လူတိုင်း အံ့အားသင့်နေသော မျက်လုံးများကို ကြည့်ရင်း ကျန်းပေရန်က ဟားတိုက် ရယ်မောလိုက်သည်
"ဟား ဟား ဟား ကောင်းတယ် ပြိုင်ဘက်ကင်း ဆိုတဲ့ စကားလုံး သုံးတာ မဆိုးဘူး ဖားတာ တော်တော် တော်တာပဲ ကဲ ဒါဆိုလည်း တစ်လုံး စားကြည့်ပြီး အရသာခံကြည့်လိုက်ပါဦး"
အဆင့် ၈ ဆေးပညာရှင် တစ်ယောက်၏ မြှောက်ပင့်မှုကို ခံရသည်မှာ ပျော်စရာ ကောင်းသော်လည်း ကျန်းပေရန် ပိုပျော်ရသည်မှာ သူ့ဆေးပညာ အဆင့် တိုးတက်လာသောကြောင့် ဖြစ်သည်။
ရှေးဟောင်းမြို့တော်တွင် မြေကမ္ဘာအဆင့် ဆေးလုံး ဖော်စပ်ပြီးကတည်းက ကျန်းပေရန်သည် ဆေးပညာနှင့် ပတ်သက်ပြီး အမြင်သစ်များ ရရှိခဲ့သည် ယခု လက်စွမ်းပြလိုက်ရုံနှင့် အဆင့် ၈ ဆေးပညာရှင် တစ်ယောက်ကို အံ့အားသင့်သွားစေနိုင်ခဲ့ပြီ။
ရှင်းရှင်းပြောရရင် မြေကမ္ဘာအဆင့် ဆေးလုံး ဖော်စပ်ပြီးနောက် သူ့ဆေးပညာသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီး ဖြစ်ပေါ်ခဲ့သည် လူတိုင်း ဖော်စပ်နေကျ ဆေးလုံးကို ဖော်စပ်လျှင်တောင် သူ့ဆေးလုံးက အာနိသင် ပိုကောင်းရုံသာမက ထူးခြားသော အရည်အသွေးများပါ ပါဝင်လာသည်။
ဒါကြောင့်လည်း ကျူးကျုံးကျဲ အံ့အားသင့်သွားရခြင်း ဖြစ်သည် သူ့အမြင်တွင် ကိုးလွှာနတ်ဘုရား ဆေးလုံး ဆိုသည်မှာ ဘယ်လောက်ကောင်းကောင်း ကိုးလွှာနတ်ဘုရား ဆေးလုံးသာ ဖြစ်သည် စိတ်ကို တည်ငြိမ်စေရုံသာ ဖြစ်သည်။
ဒါပေမဲ့ ကျန်းပေရန်၏ ဆေးလုံးက ကိုးလွှာနတ်ဘုရား ဆေးလုံး ဟုတ်သော်လည်း မဟုတ်တော့သလို ဖြစ်နေသည်။
အထဲတွင် ဘယ်လို နည်းစနစ်တွေ ပါဝင်နေလဲ ဘာလို့ ဒီလို ပြောင်းလဲမှုတွေ ဖြစ်နေရတာလဲ ဆိုတာကို ကျူးကျုံးကျဲ လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
ဒါကြောင့် နောက်ဆုံးတွင် ပြိုင်ဘက်ကင်း ဟုသာ သတ်မှတ်လိုက်ရခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်"
ကျူးကျုံးကျဲသည် ကျန်းပေရန်ကို အရိုအသေပြုပြီး ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။
ဆေးလုံး ဝင်သွားသည်နှင့် အငွေ့အသက် အဖြစ် ပြောင်းလဲကာ ကျူးကျုံးကျဲ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
နောက်တစ်ခဏတွင် ကျူးကျုံးကျဲ စိတ်ဓာတ်များ တက်ကြွလာပြီး ထူးဆန်းသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားသည် အရင်က သူ နားမလည်ခဲ့သော ပြဿနာများ ခေါင်းထဲတွင် ရှင်းလင်းစွာ ပေါ်လာသည်။
ခဏတာ ကြောင်သွားပြီးနောက် ကျူးကျုံးကျဲသည် အချိန်မဖြုန်းတော့ဘဲ ချက်ချင်း တရားထိုင်ကာ စဉ်းစားခန်း ဝင်လိုက်တော့သည်။
ကျောက်ရုပ်ပမာ ငြိမ်သက်သွားသော ကျူးကျုံးကျဲကို ကြည့်ရင်း ကျန်းပေရန်သည် ပရိသတ်ကို ပြောလိုက်သည်
"သူ ဈာန်ဝင်သွားပြီ မနက်ဖြန်လောက်မှ ပြန်နိုးလာလိမ့်မယ် ဒါဆို ကျွန်တော်နိုင်ပြီလို့ သတ်မှတ်လိုက်လို့ ရပြီမလား"
ထိုအချိန်တွင် ရှီဝေရိက အခွင့်ကောင်းယူပြီး အလယ်တွင် ထိုင်နေသော သက်လတ်ပိုင်း အမျိုးသား တစ်ဦးကို ကြည့်ကာ ပြောလိုက်သည်
"ဓားသခင်ကြီး ယွီဝမ် စောစောက ပြိုင်ဘက်ကင်း ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့တင် ဆရာကျန်း နိုင်ပြီလို့ ပြောလို့ရပြီ မဟုတ်လား"
ယွီဝမ်ချုံက မျက်လုံးဖွင့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်
"ဆရာကျူး ကိုယ်တိုင်က ဒီလောက် ချီးကျူးနေမှတော့ ခင်ဗျားတို့ အိမ်က ဧည့်အကြီးအကဲ နိုင်တာ သေချာပါပြီ ကတိတည်ပါတယ် ဂျီကျွမ် နယ်မြေက ခင်ဗျားတို့ ရှီမိသားစု ပိုင်သွားပါပြီ"
"ကောင်းပြီ ဓားသခင်ကြီးက တကယ့်ကို ပြတ်သားတာပဲ"
ရှီဝေရိ ပြောပြီးသည်နှင့် ကျန်းပေရန်က ဆေးအိုးကို နှစ်ချက် ပုတ်လိုက်ပြီး ကျန်ရှိနေသော ဆေးပညာရှင်များကို မေးလိုက်သည်
"နောက်တစ်ယောက် ဘယ်သူ လာမလဲ"
ငါးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်ကြသည်
"ကျွန်တော်တို့ အရှုံးပေးပါတယ်"
နောက်တာလား ဆရာကျူးတောင် တန်းပြီး အရှုံးပေးလိုက်တာလေ သူတို့က ဘာဆက်လုပ်ရဦးမှာလဲ ပြီးတော့ ဆရာကျူး လိုမျိုး ဆေးတစ်လုံးတောင်းစားဖို့ ဆိုတာလည်း မဖြစ်နိုင်ပေ ဒီသခင်လေးရဲ့ စရိုက်အရ ဆိုရင် သူတို့ တောင်းလိုက်ရင် အရှက်ခွဲခံရမှာ သေချာသည် နောက်ဆုံး ဆေးလုံး ရမယ် မရဘူး ဆိုတာလည်း မသေချာဘူးလေ မတန်ပါဘူး။
"နည်းနည်းတော့ ပျင်းဖို့ကောင်းပေမဲ့ ခင်ဗျားတို့ အရှုံးပေးမှတော့ ဒီဆေးလုံးတွေကို ခင်ဗျားတို့ပဲ ယူသွားလိုက်တော့"
ပြောပြီးသည်နှင့် ကျန်းပေရန်သည် ဆေးအိုးထဲမှ ဆေးလုံးများကို ယူပြီး ဆေးပညာရှင် ငါးယောက်ဆီ ပစ်ပေးလိုက်သည်။
ဆေးပညာရှင်များ ဝမ်းသာအားရ ဖြစ်သွားပြီး ကမန်းကတန်း လှမ်းဖမ်းလိုက်ကြသည်။
"ဒီဆေးလုံးတွေကို ပြန်ရောက်ရင် ချက်ချင်း မစားနဲ့ဦး သေချာ လေ့လာကြည့်ကြ ခင်ဗျားတို့အတွက် အကျိုးရှိပါလိမ့်မယ်"
"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာကျန်း"
ငါးယောက်သား ပြိုင်တူ အရိုအသေ ပြုလိုက်ကြသည်။
ဆရာကျူး ပြောသလိုပင် ပုံသဏ္ဌာန်နှင့် အနံ့ကို ကြည့်ရုံဖြင့် ဒီဆေးလုံးများသည် ပြိုင်ဘက်ကင်း ဖြစ်ကြောင်း သူတို့ သိကြသည် သူတို့ တစ်ခါမှ မမြင်ဖူးသော နည်းစနစ်များ ပါဝင်နေသည်။
ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ပျော်ရွှင်နေတာ မြင်တော့ ဆေးဖော်စပ်တာ မပြိုင်ခဲ့တဲ့ ဆေးပညာရှင်တွေ ရင်ကွဲမတတ် ဖြစ်သွားကြသည်။
‘ငါလည်း ဆေးဖော်စပ်တာ ဝင်ပြိုင်လိုက်ရမှာ’
သူတို့က ဆေးဖော်စပ်တာ အဓိက မဟုတ်ပေမဲ့ အဆင့် ၇ ဆေးပညာရှင်တွေ ဖြစ်ကြသဖြင့် အနံ့ခံရုံနှင့် ဆေးကောင်းမကောင်း သိကြသည်။
ဒါကြောင့် ဒီဆေးလုံးတွေရဲ့ တန်ဖိုးကို သူတို့ ကောင်းကောင်း နားလည်သည်။
နားလည်လေလေ နှမြောလေလေ ဖြစ်နေသည်။
‘တော်သေးတာပေါ့ ငါ ဆေးစာအုပ် တစ်အုပ် ရလိုက်လို့ မဟုတ်ရင် ညကျ အိပ်ပျော်မှာ မဟုတ်ဘူး’
ကျားချန်က ရင်ခွင်ထဲမှ ကျန်းပေရန် ပေးထားသော ဆေးစာအုပ်ကို ထုတ်ကြည့်ပြီး စိတ်ဖြေလိုက်သည်။
"ဆရာကျား"
ထိုအချိန်တွင် တခြား ဆေးပညာရှင်များ ကျားချန် နားသို့ ကပ်လာပြီး ပြုံးဖြီးဖြီး လုပ်နေကြသည်။
"ခင်ဗျားတို့ ဘာလုပ်မလို့လဲ"
ကျားချန် စာအုပ်ကို ရင်ခွင်ထဲ အမြန် ပြန်ထည့်လိုက်သည်။
"ဘာမှ မလုပ်ပါဘူး စာအုပ်လေး ငှားဖတ်ချင်လို့ပါ"
"ဟုတ်တယ်လေ အတူတူ လေ့လာကြတာပေါ့"
"သွားစမ်းပါ ဘယ်သူက ခင်ဗျားတို့နဲ့ အတူတူ လေ့လာချင်လို့လဲ ငါတောင် မဖတ်ရသေးဘူး"
"ဟေ့ ခင်ဗျားကလည်း လွန်လိုက်တာ တွေ့ရင် တစ်ဝက်စီ ဆိုတဲ့ စကား ရှိတယ်လေ ခင်ဗျား ဒီစာအုပ် ရတာ ကျွန်တော်တို့ရဲ့ ကျေးဇူးလည်း ပါသေးတယ် ကြည့်ခွင့်လေး ပေးတာ ဘာဖြစ်လို့လဲ"
"အရှက်ကွဲခံရတာ မဟုတ်ဘူး အဆူခံရတာ ငါလေ ပညာတောင်းခံတာလည်း ငါလေ ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ ဘာမှ မလုပ်ဘဲ ငါ့စာအုပ် လာဖတ်ချင်နေတယ် အိပ်မက် မက်နေလိုက် ဟေ့ ခင်ဗျားတို့ ဘာလုပ်တာလဲ လုတာလား အရှက်မရှိကြဘူးလား အစောင့်မှူး အစောင့်မှူးရေ ကယ်ပါဦး"
...
သာမန်အချိန်တွင် မာနကြီးသော အဆင့် ၇ ဆေးပညာရှင်များ ကလေးတွေလို လုယက်နေကြသည်ကို ကြည့်ပြီး ပရိသတ်များ ရယ်ချင်နေမိကြသည် တစ်ချိန်တည်းမှာပင် ကျန်းပေရန်၏ စွမ်းရည်ကို ပိုမို လေးစားမိသွားကြသည်။
ဘယ်လောက်တောင် တော်လို့ ဒီဆရာသခင်ကြီးတွေက သူ့စာအုပ် တစ်အုပ်အတွက်နဲ့ သိက္ခာချပြီး လုယက်နေကြတာလဲ။
"ဒီဆရာကျန်း က တကယ့်ကို လူမသိသူမသိ ပညာရှင်ကြီးပဲ"
"လူမသိသူမသိတော့ မဟုတ်လောက်ပါဘူး ရှီမိသားစုမှာ ဧည့်အကြီးအကဲ လုပ်နေတာပဲလေ"
"ဟုတ်တယ်နော် ရှီမိသားစုက ဘယ်လိုလုပ်ပြီး ဒီလို ပါရမီရှင်ကို ဆွဲဆောင်နိုင်တာလဲ မသိဘူး နေဦး ပါရမီရှင် ဆိုတဲ့ စကားလုံးနဲ့တောင် မလုံလောက်တော့ဘူး ဒီလူငယ်လေးက ငါ့ရဲ့ အသိဉာဏ် ဗဟုသုတတွေကို ကျော်လွန်သွားပြီ"
"ဟုတ်တယ် နှစ်တိုင်း ထူးချွန်တဲ့ လူငယ်တွေကို တွေ့ဖူးပေမဲ့ ဒီလို နားမလည်နိုင်အောင် တော်တဲ့ လူမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး"
"ဒါဆို မေးခွန်းက တစ်ခုတည်းပဲ ကျန်တော့တယ် ရှီမိသားစုက သူ့ကို ဘယ်လို စည်းရုံးလိုက်တာလဲ"
"ဘာလဲ ခင်ဗျားက နည်းလမ်း လိုချင်လို့လား"
"ခင်ဗျားရော မလိုချင်လို့လား"
...
ဘေးနားမှ ချီးကျူးသံများ မေးခွန်းထုတ်သံများကို ကြားရင်း ရှီဖုန်းလန် စိတ်ထဲတွင် ကျေနပ်နေမိသည်။
‘ပေရန်လေး ဘာလို့ ငါတို့အိမ် ရောက်လာတာလဲ ဟုတ်လား ငါ့ကြောင့်လေ ဟီးဟီး ခင်ဗျားတို့ စဉ်းစားလို့တောင် ရမှာ မဟုတ်ဘူး’
‘ဟွန်း ပေရန်လေးကို လုချင်ကြတာလား မရပါဘူးနော် ပေရန်လေးက ငါနဲ့ပဲ ကစားမှာ’
‘ရတနာတွေ ဟုတ်လား ဟက် ပေရန်လေးက အဲဒါတွေ မက်မောတဲ့သူ မဟုတ်ဘူး’
...
စိတ်ထဲတွင် လူတိုင်းနှင့် စကားပြောရင်း ရှီဖုန်းလန် မျက်လုံးများကတော့ ကျန်းပေရန် ဆီကနေ မခွာပေ သူများတွေ ပေရန်လေးကို ချီးကျူးတိုင်း သူမ ရင်ထဲတွင် ပျော်ရွှင်နေမိသည်။
‘နင်တို့ ပြောနေစရာတောင် မလိုပါဘူး ငါ့ရဲ့ ပေရန်လေးက အတော်ဆုံးပဲဟာကို’
စင်ပေါ်တွင် ကျန်းပေရန်သည် ရှီဝေရိ ရှေ့သို့ လျှောက်လာပြီး လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်
"တာဝန် ကျေပွန်ခဲ့ပါပြီ"
ရှီဝေရိ စိတ်ထဲတွင် ခံစားချက်များ ရောထွေးနေသည် ကျန်းပေရန်က ရှီမိသားစုအတွက် မျက်နှာပန်းလှအောင် လုပ်ပေးခဲ့သဖြင့် ဝမ်းသာမိသည်။
သို့သော် ဒီနေ့ ကျန်းပေရန် ဘာလို့ ဒီလောက် ဟိတ်ဟန်ထုတ်နေလဲ ဆိုတာ သူ နားမလည်နိုင်ပေ။ ထူးခြားမှုတိုင်းမှာ အကြောင်းရင်း ရှိတတ်သည်။ ကျန်းပေရန်၏ ထူးခြားမှုကတော့ ကြောက်စရာ ကောင်းလွန်းသည်။
နောက်တစ်ခုက တခြား ဂိုဏ်းတွေက ဈေးကောင်းပေးပြီး ဒီရတနာတုံးလေးကို ဆွဲခေါ်သွားမှာ စိုးရိမ်နေမိသည်။ ဘယ်လို ဆွဲထားရမလဲ ဆိုတာ ပြဿနာကြီး တစ်ခု ဖြစ်နေလေပြီ။
သို့သော် ထိုစိတ်များကို မျက်နှာပေါ်တွင် မပေါ်စေဘဲ ကျန်းပေရန် ပခုံးကို ပုတ်ကာ ပြောလိုက်သည်
"ပင်ပန်းသွားပြီ ငါ ပြောတဲ့အတိုင်းပဲ ရှီမိသားစုက မင်းကို ဘယ်တော့မှ နစ်နာစေမှာ မဟုတ်ဘူး"
"ဂျူနီယာ ယုံကြည်ပါတယ်"
"ကောင်းပြီ"
ခေါင်းညိတ်လိုက်ပြီး ရှီဝေရိ ရှေ့သို့ တိုးကာ ပရိသတ်ကို မေးလိုက်သည်
"မကျေနပ်လို့ ထပ်လောင်းချင်တဲ့သူ ရှိသေးလား"
သာမန်အချိန် ဆိုလျှင် လျူယီလုံက ပထမဆုံး ထအော်မည် ဖြစ်သည်။ သို့သော် ယခု သူသည် ခေါင်းငုံ့ စဉ်းစားနေပြီး ရှီဝေရိ စကားကို မကြားသလို ဖြစ်နေသည်။
ဘယ်သူမှ ဘာမှ မပြောကြသဖြင့် ရှီဝေရိသည် ပြုံးလျက် အင်မော်တယ်အရှင် ဘက်သို့ လှည့်ကာ ပြောလိုက်သည်
"အင်မော်တယ်အရှင် မြင်တဲ့အတိုင်းပါပဲ အားလုံးက ကတိတည်ကြပါတယ် တကယ်လို့ နောက်မှ တစ်ယောက်ယောက်က ကတိဖျက်ချင်တယ် ဆိုရင် အရှင်ကပဲ ကျွန်တော့်ဘက်က ရပ်တည်ပေးပါဦး"
အင်မော်တယ်အရှင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်
"စိတ်ချပါ ငါ ကတိပေးထားပြီးသားပဲ သေချာပေါက် တရားမျှတအောင် ဆုံးဖြတ်ပေးမှာပါ"
"ကျေးဇူးတင်ပါတယ် အင်မော်တယ်အရှင် ကိစ္စပြီးရင် ရှီမိသားစုက လက်ဆောင်မွန်တွေ ဆက်သပါ့မယ်"
"စစ်နိုင်ပစ္စည်း" တွေ သေချာသွားပြီ ဖြစ်သဖြင့် ရှီဝေရိ လည်ချောင်း ရှင်းလိုက်ပြီး ဆက်ပြောလိုက်သည်
"ကဲ ခင်ဗျားတို့လည်း ရှီမိသားစု ဧည့်အကြီးအကဲရဲ့ စွမ်းရည်ကို မြင်ပြီးကြပြီ စောစောက အငြင်းပွားနေတဲ့ ကိစ္စကို ဆက်ဆွေးနွေးစရာ မလိုတော့ဘူး ထင်တယ် ဒီတစ်ခေါက် အဆိပ်မြူ တိုက်ဖျက်ရေးမှာ ဆရာကျန်း ကို ခေါင်းဆောင် အဖြစ် တင်မြှောက်ပြီး အစီအစဉ် အားလုံးကို သူ့ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ကြမယ် ဘယ်လိုလဲ"
‘ဒီနေရာမှာ ငါကို စောင့်နေတာကိုး’
ဒီလို အရေးကြီးတဲ့ အချိန်မှာ ဒီလူကြီးတွေ ဘာလို့ ပွဲထိုင်ကြည့်နေနိုင်ကြတာလဲလို့ ကျန်းပေရန် တွေးနေမိတာ လက်စသတ်တော့ ဒါက ခေါင်းဆောင် ရွေးပွဲ ဖြစ်နေတာကိုး။
တပြိုင်နက်တည်းမှာပင် ရှီဝေရိ ဘာလို့ သူ့ကို ပြန်ခေါ်ခဲ့လဲ ဆိုတာ ကျန်းပေရန် နားလည်သွားသည်။
လက်ရာမြောက် အလုပ်ရုံက ဂေဟာမှူးဝမ်က အဆင့် ၇ ပဲ ရှိသေးတော့ ခေါင်းဆောင် ဖြစ်ဖို့ မဖြစ်နိုင်ပေ။ ဒါကြောင့် သူ့ကို ခေါ်လာခြင်း ဖြစ်သည်။
‘ဟေ့ ဒါဆိုရင် အခကြေးငွေ ပိုပေးရမယ်နော်’
ကျန်းပေရန် ဒီကို လာတာ အဆိပ်မြူ ပြဿနာ ရှင်းဖို့ ဆိုပေမဲ့ ရှီမိသားစုက သူ့ကို သုံးပြီး “အသားစား” နေမှတော့ သူ့ကိုလည်း တစ်တုံးလောက် ခွဲပေးမှ ရမည်။
အလကား ခိုင်းစားတာ အကျင့်မကောင်းသည့် ကိစ္စ ဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လျူယီလုံက ပထမဆုံး ထပြောလိုက်သည်
"ကျွန်တော် သဘောတူတယ်"
ကျန်တဲ့လူတွေက ငြင်းချင်ပေမဲ့ ဆေးစာအုပ် တစ်အုပ်အတွက် လုယက်နေကြတဲ့ အဆင့် ၇ ဆေးပညာရှင်တွေကို ကြည့်ပြီး သဘောတူလိုက်ကြသည်။
"ကောင်းပြီ ဒါဆို အစည်းအဝေး ခန်းမကို ပြန်သွားကြတာပေါ့ ဆက်ပြီး ဆွေးနွေးကြမယ်"
ဖိတ်ခေါ်သည့် လက်ဟန် ပြုလုပ်ရင်း ရှီဝေရိက ကျန်းပေရန်ကို ခေါ်ကာ ကောင်းကင်ရနံ့ အခန်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။
"ပေရန်လေး နင် အရမ်း တော်တာပဲ"
နှစ်ယောက်သား အပြင်ထွက်လာစဉ် ရှီဖုန်းလန်က အော်ပြောလိုက်သည်။
ရှီကျားမူကလည်း လက်မထောင်ပြပြီး "ဦးလေးကြီး မိုက်တယ်" ဟု ပြောလိုက်သည်။
ကျန်းပေရန် သူတို့နှစ်ယောက်ကို ပြုံးပြလိုက်ပြီး ရှီဝေရိ နောက်သို့ ဆက်လိုက်သွားသည်။
ကျန်းပေရန် ထွက်သွားသည်နှင့် ညီအစ်မ တစ်သိုက် ရှီဖုန်းလန် နားသို့ ဝိုင်းလာကြပြန်သည်
"ညီမလေး ငါ့အိမ်မှာ ရွှေငွေသစ်သီးတွေ ခူးထားတာ ရှိတယ် လာစားပါလား"
"ရွှေငွေသစ်သီးက ဘာကောင်းလို့လဲ လန်လန်ရေ ငါ့အိမ် လိုက်ခဲ့ပါ ငါ အသံစုံ စင်မြင့် တစ်ခု ဆောက်ထားတယ် ကပွဲတွေ ကြည့်ရင် အရမ်းမိုက်တာ"
"သွားစမ်းပါ နင်တို့က ငါ့ညီမလေးကို အပျော်အပါးတွေနဲ့ ဖျက်စီးမနေနဲ့ လန်လန်ရေ ငါနဲ့ လိုက်ခဲ့ အတူတူ သိုင်းကျင့်ရအောင် ငါ့အိမ်မှာ စွမ်းအင် မျက်လုံး နှစ်ခု ရှိတယ် မနက်ရော ညရော ကျင့်လို့ ရတယ်"
...
အရမ်းတွေ ဂရုစိုက်ခံနေရသဖြင့် ရှီဖုန်းလန် ကြောင်တောင်တောင် ဖြစ်နေသည် အရင်တုန်းက သူတို့ဘာသာ ကစားကြပြီး သူမကို ခေါ်တောင် မခေါ်ဘူးလေ အခု ဘာဖြစ်ကုန်တာလဲ။
ကြောင်နေသော ဒေါ်လေးကို ကြည့်ပြီး ရှီကျားမူက အသံတိတ် စကားပြောနည်းဖြင့် ပြောလိုက်သည်
"ဒေါ်လေး သူတို့က ဒေါ်လေးကနေ တစ်ဆင့် ဦးလေးကြီးနဲ့ ရင်းနှီးချင်လို့ လုပ်နေကြတာ ဒေါ်လေး သူတို့ကို ဂရုမစိုက်ချင်ရင် လက်ဟန်ပြလိုက် သမီး ဒေါ်လေးကို ခေါ်ထုတ်သွားပေးမယ်"
‘ငါ့ကနေ တစ်ဆင့် ပေရန်လေးနဲ့ ရင်းနှီးချင်တာ ဟုတ်လား သူတို့က ပေရန်လေးကို လုချင်ကြတာလား’
ဒီအချက်ကို သဘောပေါက်လိုက်သည်နှင့် ရှီဖုန်းလန် သတိဝင်သွားသည်။ ပေရန်လေးက တခြားသူတွေနဲ့ ကစားပြီး သူမနဲ့ မကစားတော့မယ့် အဖြစ်မျိုးကို သူမ တွေးတောင် မတွေးရဲပေ။
ဒါကြောင့် သူမ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
အချက်ပြတာ မြင်သည်နှင့် ရှီကျားမူက ရှီဖုန်းလန် လက်ကို ဆွဲပြီး ပြောလိုက်သည်
"ဒေါ်လေး ဘကြီး ခေါ်ထားတာ မေ့သွားပြီလား မြန်မြန် သွားရအောင် မဟုတ်ရင်"
"ဝုန်း"
ရှီကျားမူ လှည့်စားပြီး ခေါ်ထုတ်ရန် ပြင်လိုက်စဉ်မှာပင် အနီးနားမှ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း လန့်ဖျပ်သွားကြသည်။
သူတို့က သရဲကြောက်တတ်လို့ မဟုတ်ပေ။ အသံက အရမ်း နီးကပ်နေလို့ ဖြစ်သည်။
အပြင်မှာ ဆိုရင် ဒီလောက် ပေါက်ကွဲသံမျိုးကို သူတို့ ဂရုစိုက်မှာတောင် မဟုတ်ဘူး။
ဒါပေမဲ့ ဒီနေရာက ရှီမိသားစု အိမ်တော်လေ ကျွမ်းကျင်သူ အများအပြားနဲ့ အစီအရင်တွေ အထပ်ထပ် ကာကွယ်ထားတဲ့ နေရာ။
ဒီလိုနေရာမျိုးမှာ ပေါက်ကွဲသံ ထွက်လာတယ် ဆိုတာ သေချာပေါက် ကိစ္စကြီး တစ်ခု ဖြစ်ပျက်နေပြီလို့ အဓိပ္ပာယ် ရသည်။
လူတိုင်း ကောင်းကင်ရနံ့ အခန်း အပြင်ဘက်သို့ ပြေးထွက်ကြည့်လိုက်ရာ စောစောက ထွက်သွားသော ပုဂ္ဂိုလ်ကြီးများသည် ပေါက်ကွဲမှု ဖြစ်ရာ နေရာသို့ ပျံသန်းသွားနေကြသည်ကို တွေ့လိုက်ရသည်။
"အစီအရင် ပျက်သွားပြီ"
တစ်ယောက်ယောက်က အော်ပြောလိုက်သည် လူတိုင်း မော့ကြည့်လိုက်ရာ မျက်လုံးပြူးသွားကြပြီး မယုံနိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။
ကောင်းကင်ယံတွင် ခရမ်းရောင် အဆိပ်မြူများသည် သားရဲကောင်ကြီး တစ်ကောင်နှယ် အက်ကွဲကြောင်း တစ်ခုမှနေ၍ ရှီအိမ်တော်ထဲသို့ ဒလဟော ဝင်ရောက်လာနေသည်။ လက်သည်းခြေသည်းများ ဖြန့်ကားပြီး ဆင်းသက်လာပုံမှာ...ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာသကဲ့သို့ပင်။
အခန်း ၅၅၃ - အခြေအနေ ဆိုးရွားခြင်း
“အား...”
“ဝုန်း...”
“ဦးလေး... ဦးလေး ကျွန်မကို ကယ်ပါဦး...”
...
ရှီအိမ်တော်၏ အစီအရင် ပျက်စီးသွားပြီး စက္ကန့်ပိုင်း အတွင်းမှာပင် ရှီဖုန်းလန်သည် ပတ်ဝန်းကျင်မှ အော်ဟစ်သံပေါင်းစုံကို ကြားလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားသည်။
သူမ၏ အိမ်တော်ကြီး ဒီလို ပျက်စီးသွားတာကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ရှီကျားမူလည်း ကြောက်လန့်နေသည် ရှီအိမ်တော်တွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ကြီးမားသော ပွဲလမ်းသဘင်များကို ကြုံဖူးသော်လည်း ဒီနေ့လို ကမ္ဘာပျက်မည့် မြင်ကွင်းမျိုးကိုတော့ ပထမဆုံး ခံစားဖူးခြင်း ဖြစ်သည်။
“လာ... ငါတို့ ပေရန်လေး ဆီ အရင် သွားကြမယ်”
ရှီဖုန်းလန်သည် ရှီကျားမူ လက်ကို ဆွဲပြီး လေပေါ်သို့ ပျံတက်သွားသည်။
အန္တရာယ် အရှိဆုံး အချိန်တွင် ပေရန်လေးထက် သူမကို လုံခြုံမှု ပေးနိုင်သူ မရှိဟု ခံစားရသောကြောင့် ဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် မဝေးလှသဖြင့် ရှီဖုန်းလန်တို့ အမြန် ရောက်ရှိသွားကြသည်။
“သူတော်စင်ကြီး...”
ရှီကျားမူ မယုံနိုင်စွာ အော်ဟစ်လိုက်သည်။
အောက်ဘက်ရှိ တွင်းနက်ကြီးထဲတွင် သူတော်စင်ကြီးသည် ယခင်က ခမ်းနားထည်ဝါသော ပုံစံ မရှိတော့ဘဲ စုတ်ပြတ်သတ်နေသည်။
သူ့ပခုံးပေါ်တွင် ဒဏ်ရာပြင်းထန်နေသော လူကြီးတစ်ယောက်ကို ထမ်းထားသည် ထိုလူကြီးသည် ဒဏ်ရာရနေသော်လည်း ထွက်ပေါ်နေသော အရှိန်အဝါက ရှီကျားမူကို အသက်ရှူကျပ်စေသည်။
ရှီကျားမူ အံ့သြနေစဉ်မှာပင် ရှီဖုန်းလန်သည် ကျန်းပေရန်ကို ရှာတွေ့သွားပြီး ရှီကျားမူကို ဆွဲကာ အောက်သို့ ဆင်းသွားသည်။
“ပေရန်လေး...”
သူ့ဆီ ပျံသန်းလာသော ရှီဖုန်းလန်ကို ကြည့်ပြီး ကျန်းပေရန် ခေါင်းမော့ကာ ပြောလိုက်သည်။
“ပျံသန်းစံအိမ် ကို ပြန်သွားတော့ ဒီနေရာက အရမ်း အန္တရာယ် များတယ်”
ပေရန်လေး၏ မျက်နှာထား တည်ကြည်နေသည်ကို မြင်သောအခါ ရှီဖုန်းလန် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ဒါဆို ငါ မော့မော့ကိုပါ ခေါ်သွားလို့ ရမလား”
“ရတယ်”
ကျန်းပေရန် ခွင့်ပြုလိုက်သည်နှင့် ရှီဖုန်းလန်သည် ရှီကျားမူကို ခေါ်ကာ ပျံသန်းစံအိမ် ဆီသို့ အမြန် ပြန်သွားလေတော့သည်။
ကျန်းပေရန် ဒီလောက် စိတ်လှုပ်ရှားနေရခြင်းမှာ စောစောက မြင်ကွင်းကြောင့် ဖြစ်သည်။
ပေါက်ကွဲသံ ကြားလိုက်ရသည်နှင့် ရှီဝေရိက သူ့ကို ခေါ်ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ရောက်လာခဲ့သည်။
မြင်လိုက်ရသော မြင်ကွင်းကို ဘယ်သူမှ မယုံနိုင်ကြပေ။
ပေါက်ကွဲသံသည် ရှီဟုန်ယွင် မြေကြီးပေါ် ပြုတ်ကျလာစဉ် ဖြစ်ပေါ်လာသော အသံ ဖြစ်နေသည်။ ထို့အပြင် ရှီဟုန်ယွင် ပခုံးပေါ်တွင် ဒဏ်ရာ ပိုပြင်းထန်နေသော လူကြီးတစ်ယောက် ပါလာသေးသည်။ ဘေးနားမှ လူများ၏ အာမေဋိတ်သံများအရ ထိုလူကြီးသည်လည်း အနက်ရောင် သူတော်စင် တစ်ပါး ဖြစ်ကြောင်း ကျန်းပေရန် သိလိုက်ရသည်။
အနက်ရောင် သူတော်စင် နှစ်ပါး ပူးပေါင်း တိုက်ခိုက်တာတောင် မြေကြီးပေါ် ပြုတ်ကျလာသည်တဲ့လား။
ဒီမြင်ကွင်းက စောစောက ကျန်းပေရန် တစ်ယောက်တည်း အဆင့်မြင့် ဆေးပညာရှင်များကို အနိုင်ယူခဲ့သည်ထက် ပိုပြီး တုန်လှုပ်စရာ ကောင်းနေသည်။
သူတို့သည် အံ့ဖွယ်နဂါး တိုက်ကြီး၏ အထွတ်အထိပ် ခွန်အားရှင်များ ဖြစ်ကြသည်။ သူတို့အချင်းချင်း တိုက်ခိုက်လျှင်တောင် လပေါင်းများစွာ ကြာမှ အနိုင်အရှုံး ပေါ်တတ်ကြသည်။
ဒါကို အဆိပ်မြူ ပေါ်လာတာ တစ်ရက်ပဲ ရှိသေးတယ် အနက်ရောင် သူတော်စင် နှစ်ပါးလုံး ဒဏ်ရာအပြင်းအထန် ရသွားပြီတဲ့လား။
ဂူမျိုးနွယ်တွေရဲ့ စွမ်းအားက ထင်ထားတာထက် အများကြီး ပိုကြောက်စရာ ကောင်းနေပြီ။
ကျန်းပေရန်လည်း ကြောင်သွားသည်။ ကမ္ဘာကြီးကို ကယ်တင်မယ် ဆိုတာက သူ နောက်ကွယ်ကနေ ဆရာကြီးတွေကို အကူအညီ ပေးမယ်လို့ စိတ်ကူးထားတာလေ အခုတော့ တိုက်ပွဲ စတာနဲ့ ဆရာကြီးတွေ မှောက်ကုန်ပြီ ဆိုတော့ ဘယ်လို ဆက်လုပ်ရမလဲ။
‘ဆော့လို့ ရဦးမှာလား’
လူတိုင်း တွင်းထဲသို့ ခုန်ဆင်းပြီး အနက်ရောင် သူတော်စင် နှစ်ပါး၏ ဒဏ်ရာကို ကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် ကြောက်မက်ဖွယ် ရယ်သံကြီး တစ်ခု အပေါ်မှ ကြားလိုက်ရသည်။
မော့ကြည့်လိုက်ရာ ခေါင်းပြတ်နေသော ဂူကျင့်ကြံသူ တစ်ကောင် ကောင်းကင်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည် ရယ်သံက သူ့ခန္ဓာကိုယ် ဘယ်နေရာက ထွက်လာမှန်း မသိပေ။
ဒါပေမဲ့ ဒါတွေက အရေးမကြီးတော့ပေ ဒီ ခေါင်းပြတ် ဂူကျင့်ကြံသူက အနက်ရောင် သူတော်စင် နှစ်ပါးကို လိုက်သတ်ဖို့ ဆင်းလာတာ သေချာသည်။ ဆိုလိုသည်မှာ သူတို့ကို ဒဏ်ရာရအောင် လုပ်ခဲ့သူမှာ ဒီကောင် ဖြစ်ဖို့များသည်။
“မိစ္ဆာကောင် ထွက်သွားစမ်း”
လူတိုင်း အသက်စွန့် တိုက်ခိုက်ရန် ပြင်လိုက်စဉ် အင်မော်တယ်အရှင်သည် ရုတ်တရက် လေပေါ်သို့ ပျံတက်သွားပြီး လက်နှစ်ဖက်ကို တွန်းထုတ်လိုက်ရာ ရွှေရောင် အတွင်းအား လှိုင်းလုံးကြီးများ ပင်လယ်လှိုင်းတံပိုးကဲ့သို့ ခေါင်းပြတ် ဂူကျင့်ကြံသူဆီသို့ လိမ့်ဝင်သွားသည်။
အင်မော်တယ်အရှင်၏ တိုက်ကွက်ကို ရင်ဆိုင်ရသော်လည်း ခေါင်းပြတ် ဂူကျင့်ကြံသူ သည် ရှောင်တိမ်းမည့်ပုံ မပေါ်ဘဲ တည့်တည့် တိုးဝင်လာသည်။
ပထမ လှိုင်းလုံးနှင့် ရိုက်မိသောအခါ ခဏတာ ရပ်တန့်သွားသော်လည်း ချက်ချင်း ဖောက်ထွက်လာသည်။ သို့သော် ဒုတိယ တတိယ စတုတ္ထ လှိုင်းလုံးများ ဆက်တိုက် ရောက်လာသည်။
တစ်လုံးပြီး တစ်လုံး ပိုမို ပြင်းထန်သော လှိုင်းလုံးများက ခေါင်းပြတ် ဂူကျင့်ကြံသူကို ရိုက်ခတ်နေသည်။
ဆယ်လုံးမြောက် လှိုင်းလုံး ရောက်သောအခါ ခေါင်းပြတ် ဂူကျင့်ကြံသူသည် မီတာ အနည်းငယ် နောက်ဆုတ်သွားရသည်။
ထိုအချိန်လေးကို အခွင့်ကောင်းယူပြီး ရှီဟုန်ယွင် အသက်ရှူချောင်သွားကာ အော်ပြောလိုက်သည်။
“နံပါတ် ၆... စစ်ကူ သွားတောင်းတော့ အပြင်ထွက်နိုင်တဲ့သူ အကုန်လုံး စစ်ကူတောင်းခိုင်းလိုက်”
ရှီဝေရိ ချက်ချင်း ပြန်ထူးလိုက်သည်။
“ဟုတ်ကဲ့ပါ”
“အဟွတ် အဟွတ်”
နှစ်ချက် ချောင်းဆိုးပြီးနောက် ရှီဟုန်ယွင်သည် အသံတိတ် စကားပြောနည်းဖြင့် လှမ်းခေါ်လိုက်သည်။
“လင်အာ”
နောက်တစ်စက္ကန့်တွင် ရှီမိသားစု၏ လက်ရှိ ခေါင်းဆောင် ရှီယန်ရှီး တွင်းဘေးသို့ ရောက်လာသည်။
ခေါင်းဆောင် ဖြစ်သည့် အားလျော်စွာ စီမံခန့်ခွဲစရာတွေ များလွန်းသဖြင့် အခုမှ ရောက်လာနိုင်ခြင်း ဖြစ်သည်။
“ဘိုးဘေး”
ရှီဟုန်ယွင်၏ အခြေအနေကို မြင်သောအခါ ရှီယန်ရှီး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ငယ်ငယ်ကတည်းက ဘိုးဘေး ဒီလို ဖြစ်နေတာ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“မိသားစုဝင် အားလုံးကို ခေါ်ပြီး ပုန်းနေကြတော့ ဒါ အမြင့်ဆုံး အမိန့်ပဲ မြန်မြန်လုပ်”
“ဟုတ်ကဲ့ပါ”
ရှီယန်ရှီး လက်နှစ်ဖက်ဆုပ်ကာ ဂါရဝပြုပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဟီး ဟီး ဟီး ဟီး ဟီး”
ထိုအချိန်တွင် ကြောက်မက်ဖွယ် ရယ်သံကြီး ထပ်မံ ထွက်ပေါ်လာသည်။ မော့ကြည့်လိုက်ရာ ခေါင်းပြတ် ဂူကျင့်ကြံသူသည် အတွင်းအား လှိုင်းလုံးများကို ဖောက်ထွက်ပြီး အင်မော်တယ်အရှင် ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကြောက်မက်ဖွယ် ရယ်သံများကြားတွင် အင်မော်တယ်အရှင်သည် နောက်ဆုတ်နေရပြီး ခုခံရုံသာ တတ်နိုင်တော့သည်။
ဒီမြင်ကွင်းကို ကြည့်ပြီး ရှီဟုန်ယွင်သည် အားတင်းကာ ထရပ်လိုက်သည်။ ပခုံးပေါ်မှ ချန်ယန်ချင်း ကို မြေကြီးပေါ် ချပေးလိုက်ပြီး လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။
“အဆိပ်ဖြေဖို့ နည်းလမ်း ရှာတွေ့ကြပြီလား”
လူတိုင်း မျက်နှာချင်းဆိုင် ကြည့်နေကြပြီး ဘာမှ မပြောနိုင်ကြပေ။ ထိုအချိန်တွင် ကျန်းပေရန် ရှေ့ထွက်လာပြီး ရှီဟုန်ယွင်ကို ဂါရဝပြုကာ ပြောလိုက်သည်။
“ဒီ ဂိုဏ်းချုပ်ချန်ကို ကျွန်တော့် လက်ထဲ အပ်လိုက်ပါ သူတော်စင်ကြီး စိတ်ချပါ”
ကျန်းပေရန်ကို မြင်လိုက်သည်နှင့် ရှီဟုန်ယွင် မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် ချက်ချင်း ပြောလိုက်သည်။
“ကောင်းပြီ ပေရန်လေး... မင်းသာ သူ့ကို ကုပေးနိုင်ရင် ငါ မင်းကို အကြွေးတစ်ခု တင်သွားပြီလို့ မှတ်လိုက်”
ပြောပြီးသည်နှင့် ရှီဟုန်ယွင်သည် လေပေါ်သို့ ပျံတက်သွားပြီး အင်မော်တယ်အရှင်နှင့် အတူ ခေါင်းပြတ် ဂူကျင့်ကြံသူ ကို ဝိုင်းဝန်း တိုက်ခိုက်လိုက်သည်။
ရှီဟုန်ယွင် ထွက်သွားပြီးနောက် လူတိုင်း၏ အကြည့်သည် ကျန်းပေရန် ဆီသို့ ရောက်သွားသည် မနာလိုသော အရိပ်အယောင်များ ပါဝင်နေသည်။
အနက်ရောင် သူတော်စင် တစ်ပါး၏ ကျေးဇူးကြွေး ဆိုသည်မှာ တန်ဖိုး ဖြတ်မရနိုင်အောင် ကြီးမားလှသည်။
သို့သော် ယခုအချိန်တွင် အခြေအနေက အလွန် ဆိုးရွားနေသဖြင့် သိပ်ပြီး စဉ်းစားမနေနိုင်ကြပေ။
“ဒီလူနာကို ကုသဖို့ အချိန် အတော်ကြာပါလိမ့်မယ် အားလုံးပဲ ကျွန်တော့်ကို ဝိုင်းဝန်း ကာကွယ်ပေးကြပါ”
ကျန်းပေရန်သည် လူအုပ်ကြီးကို ဂါရဝပြုပြီး တွင်းထဲသို့ ခုန်ဆင်းသွားသည်။
ကျန်းပေရန်၏ ဆေးပညာ စွမ်းရည်ကို အားလုံး မြင်ဖူးကြပြီ ဖြစ်သဖြင့် သူက တာဝန်ယူမည်ဟု ပြောလာသောအခါ ဘယ်သူမှ ဝင်မစွက်ဖက်ကြတော့ဘဲ အပြည့်အဝ ကာကွယ်ပေးရန် ပြင်ဆင်လိုက်ကြသည်။
ကောင်းကင်ယံတွင် အနက်ရောင် သူတော်စင် နှစ်ပါးနှင့် ခေါင်းပြတ် ဂူကျင့်ကြံသူ တို့ တိုက်ခိုက်နေကြသည် တိုက်ကွက် တစ်ခု ထုတ်လိုက်တိုင်း ပြင်းထန်သော အတွင်းအား လှိုင်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါသွားစေသည်။
ရှီဟုန်ယွင်သည် လက်ဝါးကွက် တစ်ကွက် ရိုက်ထုတ်လိုက်ရာ ခေါင်းပြတ် ဂူကျင့်ကြံသူက ရှောင်တိမ်းလိုက်သည်။ သို့သော် သူ့အနောက်မှ ရွှေရောင် လက်ဝါးကြီး တစ်ခု ထပ်မံ ရောက်ရှိလာသည်။
ခေါင်းပြတ် ဂူကျင့်ကြံသူ သည် လှည့်မကြည့်ဘဲ တံတောင်ဖြင့် တွန်းထုတ်လိုက်ရာ ရွှေရောင် လက်ဝါးကြီး ပျက်စီးသွားသည်။
ထိုအချိန်တွင် အင်မော်တယ်အရှင်၏ တိုက်ကွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ် ပတ်လည်တွင် အပြာရောင် အတွင်းအားများ လှိုင်းတံပိုးကဲ့သို့ လည်ပတ်နေသည်။
“သွားစမ်း”
အင်မော်တယ်အရှင် အော်ဟစ်လိုက်သည်နှင့် လှိုင်းတံပိုးကဲ့သို့ အတွင်းအားများသည် သူ့လက်သူကြွယ်တွင် စုစည်းသွားပြီး ဒုံးပျံ တစ်စင်းနှယ် ပစ်လွှတ်လိုက်သည်။
ထိုတိုက်ကွက်သည် မြန်ဆန်ပြီး တိကျလှသည် ခေါင်းပြတ် ဂူကျင့်ကြံသူ၏ ဘယ်ဘက် ရင်အုံကို တည့်တည့် ဖောက်ထွက်သွားသည်။
သို့သော် ဒုတိယ တစ်ချက် မပစ်ရသေးခင်မှာပင် ဂူကျင့်ကြံသူ၏ ရင်ဘတ်မှ အပေါက်ကြီးသည် ပြန်လည် ပြည့်ဝသွားပြီး ဒဏ်ရာ မရခဲ့သလို ဖြစ်သွားသည်။
“မိစ္ဆာကောင်...”
အင်မော်တယ်အရှင် ညည်းတွားလိုက်သည်။ ထို့နောက် “ဝုန်း” ခနဲ အသံနှင့်အတူ သူ့ခန္ဓာကိုယ်မှ လှိုင်းတံပိုး အတွင်းအားများ ထပ်မံ ထွက်ပေါ်လာပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လာသည်။
နောက်တစ်စက္ကန့်တွင် ထိုအတွင်းအားများကို လက်ချောင်း ဆယ်ချောင်းလုံးတွင် စုစည်းပြီး ဂူကျင့်ကြံသူကို ဆက်တိုက် ပစ်ခတ်လိုက်သည်။
အလွန် မြန်ဆန်ပြီး တိကျသော တိုက်ခွက်များကြောင့် ခေါင်းပြတ် ဂူကျင့်ကြံသူ ရှောင်တိမ်းနိုင်သော်လည်း ခန္ဓာကိုယ် တစ်ခုလုံး အပေါက်ဗရပွ ဖြစ်သွားသည်။
ရှီဟုန်ယွင်လည်း အခွင့်ကောင်း ယူကာ လက်ဝါးကွက် ငါးကွက် ဆက်တိုက် ရိုက်ထုတ်လိုက်သည် ရိုက်ချက်တိုင်းတွင် ရွှေရောင် လက်ဝါးကြီးများ ထွက်ပေါ်လာပြီး ဂူကျင်ကြံသူကို ထပ်မံ ရိုက်နှက်လိုက်သည်။
နှစ်ယောက်ပေါင်း တိုက်ကွက်များကြောင့် ခေါင်းပြတ် ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အသားစိုင်များ အဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားသည်။
သို့သော် သူတို့ လက်ရပ်လိုက်သည်နှင့် ဂူကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် မူလအတိုင်း ပြန်ဖြစ်သွားပြီး ကြောက်မက်ဖွယ် ရယ်သံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။
ရှီဟုန်ယွင်သည် အချိန်အကြာကြီး တိုက်ခိုက်နေရသဖြင့် ထုံထိုင်းနေပြီ ဖြစ်သည်။
သို့သော် ယခုမှ စတင် တိုက်ခိုက်သော အင်မော်တယ်အရှင်မှာမူ မျက်မှောင်ကြုတ်နေမိသည်။ စောစောက သူ ပစ်ခတ်လိုက်သော တိုက်ကွက်များသည် ရမ်းသမ်း ပစ်ခတ်ခြင်း မဟုတ်ဘဲ စိတ်စွမ်းအင်ဖြင့် ဂူကျင့်ကြံသူ၏ အားနည်းချက်များကို ရှာဖွေပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ ဒီမိစ္ဆာကောင်က အားနည်းချက် မရှိသလို ဖြစ်နေသည်။ ခန္ဓာကိုယ် အတွင်းပိုင်းတွေ အကုန် ပျက်စီးသွားတာတောင် မျက်စိရှေ့မှာတင် ပြန်ကောင်းလာနိုင်သည်။
“ဟုန်ယွင်... ဒီကောင့်ကို ဘယ်လို သတ်ရမလဲ”
အင်မော်တယ်အရှင် မေးလိုက်သည်။
“ငါသာ သိရင် ဒီလောက် အထိနာနေမှာ မဟုတ်ဘူး”
“ဒါဆိုရင်လည်း အကြိမ်ကြိမ် သတ်ပစ်ကြတာပေါ့ ငါ မယုံ...”
အင်မော်တယ်အရှင် စကားမဆုံးခင်မှာပင် လက်သီးတစ်လုံး သူ့မျက်နှာရှေ့ ရောက်လာသည်။
“ဘုန်း”
အင်မော်တယ်အရှင် ကြောင်နေစဉ်မှာပင် လက်သီးက မျက်နှာကို ထိမှန်သွားသည်။
မြန်လွန်းအားကြီး၍ ရှောင်တိမ်းချိန် မရလိုက်ပေ။
သို့သော် အင်မော်တယ်အရှင်သည် တိုက်ပွဲ အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သဖြင့် လေပေါ်တွင် ဟန်ချက်ထိန်းလိုက်ပြီး ထိုလက်သီးကို တုံ့ပြန်ရန် ပြင်လိုက်သည်။
“ဘုန်း”
“အဟွတ်”
ကျောဘက်မှ ကန်ချက်တစ်ချက် ထိမှန်သွားသဖြင့် အင်မော်တယ်အရှင် ရင်ဘတ်အောင့်သွားပြီး နေရာ ရွှေ့ပြောင်းလိုက်သည်။ ပြန်ကြည့်လိုက်သောအခါ စောစောက ကန်လိုက်သည်မှာ ခြေထောက် တစ်ချောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ခေါင်းပြတ် ဂူကျင့်ကြံသူ၏ ခြေထောက် ဖြစ်သည်။
‘မြန်လွန်းလို့ ငါ သတိမထားမိတာ မဟုတ်ဘူး ဒါက...
ဒီလက်တွေ ခြေထောက်တွေက ဘာလဲ ဆိုတာ စဉ်းစားနေစဉ် မေးစေ့ကို အကြီးအကျယ် ထိုးခံလိုက်ရပြန်သည်။
“အ”
ထိုလက်သီးချက်သည် ပြင်းထန်လွန်းသဖြင့် အင်မော်တယ်အရှင် မူးဝေသွားသည်။
‘ဒါ ဘယ်လို ခွန်အားမျိုးလဲ’
ပုံမှန်အားဖြင့် အနက်ရောင် သူတော်စင် အချင်းချင်း တိုက်ခိုက်ရာတွင် အတွင်းအားကိုသာ အသုံးပြုကြသည်။ အဘယ်ကြောင့်ဆိုသော် လူ့ခန္ဓာကိုယ် ခွန်အားတွင် အကန့်အသတ် ရှိပြီး အတွင်းအားတွင် အကန့်အသတ် မရှိသောကြောင့် ဖြစ်သည်။
ဒါကြောင့်လည်း ခန္ဓာကိုယ် အဓိက ကျင့်ကြံသူ ရှားပါးရခြင်း ဖြစ်သည် အနက်ရောင် သူတော်စင်တွေတောင် စွန့်လွှတ်လိုက်သော လမ်းစဉ် ဖြစ်သဖြင့် လူတိုင်းက မှားယွင်းသော လမ်းစဉ်ဟု သတ်မှတ်ထားကြသည်။
ဒါပေမဲ့ ဒီနေ့တော့ အင်မော်တယ်အရှင်၏ အတွင်းအား အကာအကွယ်သည် ထိုလက်သီးချက်များ ရှေ့တွင် စက္ကူကဲ့သို့ ဖြစ်နေသည်။
ရှီဟုန်ယွင်နှင့် ချန်ယန်ချင်း တို့ နှစ်ယောက်ပေါင်း တိုက်တာတောင် ဘာလို့ ရှုံးနိမ့်နေလဲ ဆိုတာ အင်မော်တယ်အရှင် နားလည်သွားပြီ သူတို့မှာ ဒီလို ကျင့်ကြံသူမျိုးကို တိုက်ခိုက်ဖူးတဲ့ အတွေ့အကြုံ မရှိကြဘူး။
စဉ်းစားနေရင်း အင်မော်တယ်အရှင်သည် ရှိသမျှ အတွင်းအားများကို စုစည်းပြီး ကာကွယ်ရေး သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။
အတိုင်းအဆမဲ့ သမုဒ္ဒရာ
အပေါ်ယံ ကြည့်လျှင် ဘာမှ မထူးခြားသော်လည်း လက်သီးချက် ရောက်လာသောအခါ ရေပြင်ကို ထိုးလိုက်သလိုမျိုး အားအင်များကို တစ်ဆင့်ပြီး တစ်ဆင့် လျှော့ချပစ်လိုက်သည်။
...
အပေါ်တွင် တိုက်ပွဲ ပြင်းထန်နေချိန်၌ ကျန်းပေရန်သည်လည်း ကတိတည်ရန် ကြိုးစားနေသည်။
ဂူအဆိပ်ကို အမြစ်ပြတ် မကုသနိုင်သေးသော်လည်း အဆိပ်ရှိန် လျော့သွားအောင်တော့ လုပ်ပေးနိုင်သည်။
ဒီနေရာတွင် သူတစ်ယောက်တည်းသာ ဒီအလုပ်ကို လုပ်နိုင်စွမ်း ရှိသဖြင့် မိမိသဘောဖြင့် တာဝန်ယူလိုက်ရခြင်း ဖြစ်သည်။
ချန်ယန်ချင်း၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ယင်ကျန်းဟုန် တို့ထက် အများကြီး ပိုဆိုးနေကြောင်း တွေ့လိုက်ရသည်။
ရှုပ်ထွေးရုံသာမက ကျန်းပေရန် အတွက် အလွန် စိမ်းသက်နေသည်။
ဂူပညာတွင် သူလည်း ဆရာတစ်ဆူ ဖြစ်သည်။ မဟုတ်လျှင် ယင်ကျန်းဟုန် တို့အတွက် အဆိပ်ဖြေဆေးကို အချိန်တိုအတွင်း ဖော်စပ်ပေးနိုင်မည် မဟုတ်ပေ။
အမြစ်ပြတ် မကုသနိုင်ပေမဲ့ ခဏတာ ထိန်းချုပ်ထားနိုင်သည်။
သို့သော် ချန်ယန်ချင်း ကိုယ်ထဲမှ အဆိပ်များကတော့ ခေါင်းကိုက်စရာ ဖြစ်နေသည်။ သူ တစ်ခါမှ မကြားဖူးသော အဆိပ်များ ပါဝင်နေပြီး စမ်းသပ်မှု အများကြီး လုပ်မှသာ အဖြေရှာတွေ့နိုင်မည့် အနေအထား ဖြစ်သည်။
အခုလို အခြေအနေမျိုးမှာ စမ်းသပ်ဖို့ အချိန် ဘယ်ရှိမလဲ။
ကျန်းပေရန် စဉ်းစားနေစဉ် ရင်ထဲတွင် ထိတ်လန့်မှု တစ်ခု ဖြစ်ပေါ်လာသည်။
ဒါသည် အရိုးထဲထိ စိမ့်ဝင်သွားသော အန္တရာယ် အငွေ့အသက် ဖြစ်သည်။
မော့ကြည့်လိုက်ရာ လူသားနှင့် တူသော်လည်း လူသား အငွေ့အသက် လုံးဝ မရှိသော ဂူကျင့်ကြံသူ တစ်ကောင် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
သူ့မျက်နှာတွင် ဘာခံစားချက်မှ မရှိ မျက်လုံးထဲတွင် ထုံထိုင်းမှုကလွဲပြီး ဘာမှ မရှိ သို့သော် ထွက်ပေါ်နေသော ဖိအားကတော့ ပြင်းထန်လှသည်။
ထိုအသက်မဲ့နေသော ဂူကျင့်ကြံသူ ရောက်လာသည်ကို မြင်သောအခါ ရှီဟုန်ယွင်တို့ကို ဝိုင်းဝန်း တိုက်ခိုက်နေသော လက်ပြတ် ခြေပြတ်များသည် ပြန်လည် စုစည်းသွားပြီး ခေါင်းပြတ် ဂူကျင့်ကြံသူ အဖြစ် ပြန်လည် ဖြစ်ပေါ်လာသည်။
နောက်ထပ် ဂူကျင့်ကြံသူ တစ်ကောင် ရောက်လာသည်ကို မြင်သောအခါ ရှီဟုန်ယွင် မျက်နှာပျက်သွားသည်။
ခေါင်းပြတ် တစ်ကောင်တည်းနဲ့တင် ဒုက္ခရောက်နေတာ အခု နှစ်ကောင် ဖြစ်သွားပြီ ဆိုတော့ သေချာပေါက် သတင်းဆိုးကြီးပင် ဖြစ်သည်။
မျက်နှာသေ ဂူကျင့်ကြံသူ သည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး တောင့်တင်းသော လက်ကို မြှောက်ကာ အင်မော်တယ်အရှင် ဘက်သို့ ညွှန်ပြလိုက်သည်။
ခေါင်းပြတ် ဂူကျင့်ကြံသူသည် အမိန့်ရလိုက်သလိုမျိုး ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြန်လည် ကွဲထွက်သွားပြီး အင်မော်တယ်အရှင် ဆီသို့ ပျံသန်းသွားသည်။
အင်မော်တယ်အရှင်သည် အတိုင်းအဆမဲ့ သမုဒ္ဒရာ သိုင်းကွက်ကို ထပ်မံ ထုတ်သုံးရန် ပြင်လိုက်စဉ် မျက်လုံးရှေ့တွင် ရုတ်တရက် မည်းမှောင်သွားသည်ကို ခံစားလိုက်ရပြီး ပြန်ဖွင့်ကြည့်လိုက်သောအခါ ခမ်းနားထည်ဝါသော အိမ်တော်ကြီး တစ်ခုထဲသို့ ရောက်ရှိနေသည်။
“အဖေ... အမေ...”
အင်မော်တယ်အရှင်သည် သူ့ကို ချော့မြှူနေသော မိဘနှစ်ပါးကို ကြည့်ရင်း ရင်းနှီးသော ခံစားမှုများ ရင်ထဲသို့ ဝင်ရောက်လာသည်။
သူ့အဖေသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ပုန်ကန်မှု နှိမ်နင်းရေး တိုက်ပွဲတွင် ကျဆုံးခဲ့ပြီးနောက် အမေသည် မျက်ရည်ဖြင့် မျက်နှာသစ်ခဲ့ရသည် သူ့ကို စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောသည်မှလွဲ၍ အခန်းထဲတွင်သာ အောင်းနေခဲ့သည်။
အဲဒီနောက်ပိုင်း အင်မော်တယ်အရှင်သည် ကိုယ့်အားကိုယ်ကိုးပြီး ကြံ့ခိုင်အောင် နေခဲ့ရသည်။
ယခု ပြုံးရွှင်နေသော မိဘနှစ်ပါးကို မြင်လိုက်ရသောအခါ အင်မော်တယ်အရှင်၏ ရင်ထဲတွင် ဖုံးကွယ်ထားသော ခံစားချက်များ နိုးထလာသည်။
သူ... ဒီအခိုက်အတန့်လေးကို သေချာ ခံစားချင်မိသည်။