← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 15 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 15 Ch. 225-226

အခန်း ၂၂၅ ။ ဒုတိယသခင်လေးရှဲ့က သတ်မယ်လို့ ပြောတယ်

ယင်းဖုန်းနှင့်အဖွဲ့သားများ လက်နက်ထုတ်လိုက်သောအခါ ရှဲ့အန်းကျီ ရင်တုန်သွားသည်။ သူသာ နဉ်ယွီ (နဉ်ရှောင်ယောင်း) လက်ထဲ ဖမ်းမိသွားရင် သူ့အဖေကို ခြိမ်းခြောက်ဖို့ ဓားစာခံဖြစ်သွားမှာပေါ့။ နဉ်ယွီက ရှဲ့မိသားစုကို မျိုးဖြုတ်ပစ်ချင်နေတာလို့ အဖေပြောတာကို ပြန်သတိရမိတယ်။ သူ့အစ်ကိုကြီး၊ အသက်ရှင်ရက်နဲ့ သေနေသလို ဖြစ်နေတဲ့ သူ့ညီလေးအကြောင်း တွေးမိပြီး ဒေါသတွေ ထောင်းခနဲထွက်လာသည်။ ဒုတိယသခင်လေးရှဲ့ စိတ်လွတ်သွားပြီး နဉ်ယွီလက်ထဲ အရှင်လတ်လတ် အဖမ်းမခံနိုင်ဘူးလို့ ဆုံးဖြတ်လိုက်သည်။

ဂိုဏ်းချုပ်သည် နဉ်ရှောင်ယောင်းနှင့် ယန်ဟုန်တို့ စကားပြောနေတာကို သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။

"အရှင်မင်းကြီး၊ ဘယ်လိုလုပ်မလဲ။"

နဉ်ရှောင်ယောင်း လည်ချောင်းရှင်းလိုက်ပြီး ယန်ဟုန်၏ရင်သားများဆီမှ အကြည့်လွှဲကာ ရှဲ့အန်းကျီကို ကြည့်ပြီး မေးလိုက်သည်။

"ဦးရီးတော်၊ ဘယ်သွားမလို့လဲ။"

ရှဲ့အန်းကျီ စကားမပြောပေ။

"ဟင်... ဘာလို့ စကားမပြောတော့တာလဲ။"

"သတ်..."

ရှဲ့အန်းကျီ စကားတစ်လုံးတည်း ပြောလိုက်သည်။

"ဘာပြောလိုက်တာလဲ။"

နဉ်ရှောင်ယောင်း နားကြားမှားတယ်လို့ ထင်လိုက်သည်။ သူမက သတ်မယ်ဖြတ်မယ် မပြောရသေးခင်မှာ ရှဲ့အန်းကျီက အရင်ပြောလိုက်တာလား။

"မသတ်ရင် ငါတို့ သေရလိမ့်မယ်။"

ရှဲ့အန်းကျီက ကြောင်ငေးနေသော သူ့လူများကို အော်ပြောလိုက်သည်။

"နေပါဦး။"

နဉ်ရှောင်ယောင်း ရှဲ့အန်းကျီကို ရှင်းပြရန် ကြိုးစားလိုက်သည်။ သူမက သတ်ဖို့ မရည်ရွယ်ပါဘူး။

"ငါက တိတ်တဆိတ် ထွက်ပြေးလာတာ။ ဖမ်းမိရင် ဘာဖြစ်မလဲဆိုတာ မင်းတို့ သိတယ်မလား။"

ရှဲ့အန်းကျီက နဉ်ရှောင်ယောင်းကို ဂရုမစိုက်ဘဲ သူ့လူများကို ဆက်ပြောလိုက်သည်။

နဉ်ရှောင်ယောင်းက ဂိုဏ်းချုပ်နှင့် ယန်ဟုန်ကို ပြောလိုက်သည်။

"သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာမလား။"

"ဟုတ်တယ်။"

ဂိုဏ်းချုပ် ခေါင်းညိတ်လိုက်သည်။

"သူ့ဘာသာ ဝန်ခံနေတာ။ တကယ့်ကို သေချင်နေတာပဲ။"

ဒီလို လူမိုက်မျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အရှင်မင်းကြီးက ဘာမှမမေးရသေးခင် သူ့ဘာသာ အကုန်လျှောက်ပြောနေတာ။

"ဘာရပ်လုပ်နေကြတာလဲ။"

ရှဲ့အန်းကျီ သူ့လူများကို အော်ဟစ်လိုက်သည်။

အမတ်ချုပ်အိမ်တော်မှ လူများ တွန့်ဆုတ်နေကြသည်။ သူတို့က ဒုတိယသခင်လေးရှဲ့ကို ဝူဒေသ ပို့ပေးရုံပဲလေ။ မြို့တော်ကနေ ထွက်လာတာနဲ့ ဧကရာဇ်မင်းကို လုပ်ကြံပြီး ပုန်ကန်ရတော့မှာလား။

ရှဲ့အန်းကျီသည် သူ့လူများ မလှုပ်ရှားသည်ကို မြင်သောအခါ အံကြိတ်ပြီး ဘေးနားရှိ ကိုယ်ရံတော်တစ်ဦး၏ လေးနှင့်မြှားကို လုယူကာ နဉ်ရှောင်ယောင်းကို ပစ်လိုက်သည်။

ယန်ဟုန်တောင် မျက်လုံးပြူးသွားသည်။ ဒီလောက် သေချင်နေတဲ့လူ တစ်ခါမှ မမြင်ဖူးဘူး။ သေချာပေါက် နိုင်မယ်ထင်မှ ပစ်လေ။

"ဖမ်းကြ!"

ယင်းဖုန်း အမိန့်ပေးလိုက်သည်။ ရှဲ့အန်းကျီ သေချင်နေမှတော့ ဖြည့်ဆည်းပေးရမှာပေါ့။

ဂိုဏ်းချုပ်က ရှဲ့အန်းကျီ ပစ်လိုက်သော မြှားကို ရိုက်ချလိုက်သည်။

"အမလေး... ရှဲ့အန်းကျီ ရူးသွားပြီ။"

နဉ်ရှောင်ယောင်း အံ့သြတကြီး ပြောလိုက်သည်။

ဂိုဏ်းချုပ် နားမလည်နိုင် ဖြစ်နေသည်။ ဒီလောက်ရူးနေတဲ့ အရှင်မင်းကြီးကို အမတ်ချုပ်ကြီးရှဲ့က ဘာလို့ မနိုင်တာလဲ။

ယင်းဖုန်းနှင့် နဂါးအစောင့်တပ်သားများသည် အမတ်ချုပ်အိမ်တော်မှ လူများနှင့် တိုက်ခိုက်နေကြသည်။

နဉ်ရှောင်ယောင်း ဂိုဏ်းချုပ်ကို တွန်းလိုက်သည်။

"ဂိုဏ်းချုပ်၊ မင်းအလှည့်ရောက်ပြီ။ သွား... ရှဲ့အန်းကျီကို အဆိပ်ခတ်ပြီး ဖမ်းလိုက်။"

ဂိုဏ်းချုပ် "..."

ငါ ပြောခဲ့တဲ့စကား ပြန်ရုတ်သိမ်းလိုက်ပြီ။ ဒီကောင်လေးက မတုံးဘူး။ ရှဲ့အန်းကျီကို ဒဏ်ရာရအောင် လုပ်လိုက်ရင် အမတ်ချုပ်ကြီးရှဲ့နဲ့ ရန်သူဖြစ်သွားမှာ သေချာပြီ။

"ကြိုးစားနော်။"

နဉ်ရှောင်ယောင်း အားပေးလိုက်သည်။

"မင်း အရိုက်ခံနေရတာပဲ ငါမြင်ဖူးပေမယ့် မင်းကို ငါ ယုံပါတယ်။"

ဂိုဏ်းချုပ် ရှေ့တိုးသွားလိုက်သည်။ ဆက်နားမထောင်နိုင်တော့ဘူး။

ယန်ဟုန်က နဉ်ရှောင်ယောင်းအနောက်တွင်ရပ်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်မ ကာကွယ်ပေးပါမယ်။"

"မလိုပါဘူး။ ပိုင်ရှောင်ဖန့် အော်သံ ကြားလား။"

ယန်ဟုန် နားစွင့်ကြည့်လိုက်သည်။ အဝေးမှ ဝေါင်း... ဝေါင်း... အော်သံများ ကြားနေရသည်။

"ပိုင်ရှောင်ဖန့်က သတင်းပို့မယ့်လူကို တွေ့သွားပြီ။ ယန်ဟုန်၊ သွားပြီး အဆိပ်ခတ်လိုက်ပါလား။"

ယန်ဟုန် မျက်ခုံးပင့်လိုက်သည်။

"ခွေး... အဲလေ... ဝံပုလွေဖြူလေးက သတင်းပို့နေတာလား။"

"အင်း..."

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်ပြီး ပခုံးပေါ်မှ လောင်တကို ပုတ်လိုက်သည်။

"ထိုင်မနေနဲ့တော့။ ယန်ဟုန်နဲ့လိုက်သွားပြီး လူဖမ်းချေ။"

လောင်တ ကြမ်းပြင်ပေါ် ခုန်ဆင်းလိုက်ပြီး ယန်ဟုန်ကို လှည့်ကြည့်ကာ "မြောင်..." ဟု အော်ပြီး ပြေးထွက်သွားသည်။

"သူက မင်းကို မြန်မြန်လုပ်လို့ ပြောနေတာ။"

နဉ်ရှောင်ယောင်း ဘာသာပြန်ပေးလိုက်သည်။

တိရိစ္ဆာန်တွေက နတ်ဝင်နေတာလား။ ယန်ဟုန် ခေါင်းကုတ်ပြီး လောင်တနောက်သို့ လိုက်သွားသည်။

နဉ်ရှောင်ယောင်း အိတ်ကပ်ထဲမှ ပန်းသီးတစ်လုံး ထုတ်လိုက်သည်။ စားတော့မလို့လုပ်ပြီးမှ ပြန်သိမ်းလိုက်သည်။ ပိုင်ရှောင်ဖန့်က အစွမ်းပြနေတာဆိုတော့ ဒီပန်းသီးကြီးကို ဆုချမှဖြစ်မယ်။

"သခင်ကို သစ္စာဖောက်တဲ့ကောင်!"

ရှဲ့အန်းကျီက သူ့ရှေ့ရောက်လာသော ဂိုဏ်းချုပ်ကို ဆဲလိုက်သည်။

ဂိုဏ်းချုပ် အေးစက်စွာ ပြုံးလိုက်သည်။

"အမတ်ချုပ်ကြီးက ငါ့အသက်ကို လိုချင်နေလို့သာ ငါ သစ္စာဖောက်ရတာပါ။"

"ဟေး... ဟေး..."

နဉ်ရှောင်ယောင်း အနောက်မှ လှမ်းအော်လိုက်သည်။

"ဂိုဏ်းချုပ်၊ ငါ့ကို မရှိသလို သဘောမထားနဲ့လေ။ ငါ့နောက်လိုက်ရတာ တော်တော်ဒုက္ခရောက်ပြီး ဝမ်းနည်းစရာကောင်းသလို မပြောနဲ့လေ။"

ဂိုဏ်းချုပ် "..."

ရှဲ့အန်းကျီ မျက်နှာမဲ့သွားပြီး ဂိုဏ်းချုပ်ကို ဓားဖြင့် ခုတ်လိုက်သည်။

ဂိုဏ်းချုပ် သက်ပြင်းချလိုက်ပြီး ဓားချက်ကိုရှောင်ကာ လက်ထဲမှအမှုန့်ဖြူများကို ရှဲ့အန်းကျီမျက်နှာပေါ် ပက်လိုက်သည်။

ရှဲ့အန်းကျီ အသက်ရှူရပ်သွားပြီး ယိုင်နဲ့ကာ ခွန်အားများ ပျောက်ဆုံးသွားသည်။

ဂိုဏ်းချုပ် တွန်းလိုက်ရုံဖြင့် ဒုတိယသခင်လေးရှဲ့ ကြမ်းပြင်ပေါ် လဲကျသွားလေသည်။

အမတ်ချုပ်အိမ်တော်မှ လူများသည် ရှဲ့အန်းကျီ အဖမ်းခံရသည်ကို မြင်သောအခါ ထွက်ပြေးချင်စိတ် ပေါက်လာကြသည်။

"နောက်ဆုတ်ကြ။"

ဂိုဏ်းချုပ်က နဂါးအစောင့်တပ်သားများကို သတိပေးလိုက်သည်။

ယင်းဖုန်းနှင့် အဖွဲ့သားများ အမြန်နောက်ဆုတ်လိုက်ကြသည်။

ဂိုဏ်းချုပ် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အညိုရောင်အမှုန့်များ လေထဲတွင် ပျံ့လွင့်သွားသည်။

အမတ်ချုပ်အိမ်တော်မှ လူများသည် နှာခေါင်းနှင့် ပါးစပ်ကို အမြန်အုပ်လိုက်ကြသည်။

ယင်းဖုန်းတို့အဖွဲ့ကတော့ ရှောင်တိမ်းခြင်းမရှိဘဲ ရပ်ကြည့်နေကြသည်။ ဂိုဏ်းချုပ်က အရှင်မင်းကြီးဘက်တော်သားဖြစ်နေပြီဆိုတော့ စိတ်ချရတယ်။ ပြီးတော့ အရှင်မင်းကြီးရှိနေသရွေ့ အဆိပ်ကို ကြောက်စရာ မလိုဘူးလေ။

အဆိပ်မှုန့်များ ကျဆင်းလာသည်။ မြို့တော်ဘက်သို့ ထွက်ပြေးရန် ကြိုးစားနေသော ကိုယ်ရံတော်တစ်ဦးသည် လက်ဖမိုးယားယံလာသဖြင့် ကြည့်လိုက်ရာ ခရမ်းရောင်ပြောင်းနေသည်ကို တွေ့လိုက်ရသည်။ ဆက်ပြေးရန် ကြိုးစားသော်လည်း ရင်ဘတ်အောင့်လာပြီး အသက်ရှူမဝတော့ဘဲ ခေါင်းကိုက်လာသည်။

အမတ်ချုပ်အိမ်တော်မှ လူအားလုံး လဲကျသွားသည်ကို မြင်သောအခါ ဂိုဏ်းချုပ် သက်ပြင်းချလိုက်သည်။ နဉ်ရှောင်ယောင်းရှေ့မှာ ပျောက်ဆုံးခဲ့တဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီ။

"ဟေး... ဂိုဏ်းချုပ်။"

အနောက်မှ ခေါ်သံကြားလိုက်ရတာကြောင့် ဂိုဏ်းချုပ် လှည့်ကြည့်လိုက်ရာ နဉ်ရှောင်ယောင်း ပါးစပ်ဖြဲရယ်နေသည်ကို တွေ့လိုက်ရသည်။

"မိုက်တယ်!"

နဉ်ရှောင်ယောင်း လက်မထောင်ပြလိုက်သည်။

"လက်လေး ဝှေ့ယမ်းလိုက်ရုံနဲ့ အကုန်လဲကုန်ရော။ တော်လိုက်တာ။"

ဂိုဏ်းချုပ် နဉ်ရှောင်ယောင်းကို ကြည့်နေသည်။ ဒါဆို မင်းက အဆိပ်မှုန့်တွေကြားထဲမှာရပ်နေပြီး ဘာလို့ ဘာမှမဖြစ်တာလဲ။

"စစ်တပ်ထဲ ဝင်မလား။"

နဉ်ရှောင်ယောင်း လူစုဆောင်းရေး စတင်လိုက်သည်။

"စစ်တိုက်တဲ့အခါ မင်းက အခုလို လက်ဝှေ့ယမ်းလိုက်ရုံနဲ့ ငါတို့ နိုင်ပြီလေ။ ဂိုဏ်းချုပ်... စစ်တပ်က မင်းလိုလူမျိုး လိုအပ်နေတယ်။"

ဂိုဏ်းချုပ် မျက်နှာသေဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီး၊ စစ်တိုက်တယ်ဆိုတာ လူထောင်သောင်းချီရှိတာပါ။ ရန်သူတပ်တစ်ခုလုံး အဆိပ်မိအောင် ကျွန်တော်မျိုး အဆိပ်ဘယ်လောက် ယူသွားရမလဲ။"

နဉ်ရှောင်ယောင်း ရယ်မောနေတာ ရပ်သွားသည်။

"မလုပ်နိုင်ဘူးလို့ ပြောချင်တာလား။"

ဂိုဏ်းချုပ် "..."

ငါ အရှင်မင်းကြီးကို သတ်ပစ်ချင်လာပြီ။ ဘယ်လိုလုပ်မလဲ။

ယင်းဖုန်းတို့အဖွဲ့ ဘာမှမကြားရသလို ဟန်ဆောင်နေကြသည်။

"ထားလိုက်ပါတော့။"

နဉ်ရှောင်ယောင်း လက်လျှော့လိုက်သည်။

"ဂိုဏ်းချုပ်က ငါ့နောက်လိုက်ပြီး သက်တော်စောင့်လုပ်တော့။ လုပ်ကြံသတ်ဖြတ်တဲ့ အလုပ်မျိုးပေါ့။ ဟူး... ဒါကြောင့် မင်းအရပ်က ငါနဲ့ သိပ်မကွာတာကိုး။"

ဂိုဏ်းချုပ် နဉ်ရှောင်ယောင်းကို သတ်ချင်စိတ် ပိုတိုးလာသည်။ အရပ်နဲ့ဘာဆိုင်လို့လဲ။

အဆိပ်မှုန့်များ ကြမ်းပြင်ပေါ် ကျရောက်သွားပြီဖြစ်၍ နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ယင်းဖုန်းတို့ လာလို့ရပြီလား။"

ဂိုဏ်းချုပ် နဉ်ရှောင်ယောင်းနှင့် စကားမပြောချင်တော့သဖြင့် အိတ်ကပ်ထဲမှ ပုလင်းငယ်တစ်လုံးကို ထုတ်ပြီး အဆိပ်မှုန့်ကျရောက်ရာနေရာများတွင် ဖြူးလိုက်သည်။ ထို့နောက် ယင်းဖုန်းကို ပြောလိုက်သည်။

"ကိစ္စမရှိတော့ဘူး။"

ယင်းဖုန်း နဉ်ရှောင်ယောင်းအနားသို့ ပြေးလာပြီး မေးလိုက်သည်။

"အရှင်မင်းကြီး၊ ရှဲ့အန်းကျီကို ဘယ်ပို့ရမလဲ။"

နဉ်ရှောင်ယောင်း လက်နောက်ပစ်ပြီး ကြမ်းပြင်ပေါ်မှ ရှဲ့အန်းကျီကို ကြည့်လိုက်သည်။ ရှဲ့အန်းကျီ၏အရေပြားများ ခရမ်းရောင် ပြောင်းနေသည်။ ကြောက်စရာ ကောင်းလိုက်တာ။

"အရှင်မင်းကြီး၊ သူ့ကို ချက်ချင်းမသတ်ဘူးဆိုရင် အဆိပ်ဖြေပေးလိုက်တာ ကောင်းမယ်။"

ယင်းဖုန်း အကြံပေးလိုက်သည်။

နဉ်ရှောင်ယောင်း ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။

ဂိုဏ်းချုပ် ရှေ့တိုးပြီး ရှဲ့အန်းကျီကို အဆိပ်ဖြေပေးလိုက်သည်။

"ရှဲ့အန်းကျီကို မင်းသားဖူဆီ ပို့လိုက်။"

နဉ်ရှောင်ယောင်း ယင်းဖုန်းကို တိုးတိုးလေး ပြောလိုက်သည်။

"အမတ်ချုပ်ကြီးကို ရန်စတဲ့အလုပ်မျိုး စစ်သူကြီးထောင်ကို မလုပ်ခိုင်းနဲ့။ ဦးရီးတော်ကိုပဲ လုပ်ခိုင်းလိုက်။ သူတို့နှစ်ယောက် သေခန်းပြတ် ရှင်းကြပါစေ။"

ယင်းဖုန်း မင်းသားဖူကို သနားသွားသည်။ "အမိန့်တော်အတိုင်းပါ။"

"ထွက်သွား!"

အသက်ပြန်ရှူနိုင်သည်နှင့် ရှဲ့အန်းကျီ ဂိုဏ်းချုပ်ကို ဆဲလိုက်သည်။

နဉ်ရှောင်ယောင်း ရှေ့တိုးသွားပြီး ခြေထောက်ဖြင့် ကန်လိုက်ရာ ရှဲ့အန်းကျီ မေ့လဲသွားလေသည်။ ဂိုဏ်းချုပ်ကို ပြောလိုက်သည်။

"လူကို လေဖြတ်သွားစေတဲ့ အဆိပ်မျိုးရှိလား။ သူ့ကို တိုက်လိုက်။ ဒါမှ ငြိမ်ငြိမ်နေမှာ။ ဪ... ပြီးတော့ စကားမပြောနိုင်တဲ့ဆေးပါ တိုက်လိုက်။ ဆဲဆိုနေတာ နားငြီးတယ်။"

ဂိုဏ်းချုပ် တိတ်တဆိတ် လုပ်ဆောင်ပေးလိုက်သည်။ ဒီကောင်လေးက အန္တရာယ်ကင်းမယ့်ပုံ ပေါက်ပေမယ့် တကယ်ရက်စက်တာပဲ။ အမတ်ချုပ်ကြီးရှဲ့ရဲ့မြေးဖြစ်နေတာမဆန်းပါဘူး။ ဒါပေမဲ့ ဘာလို့ အမတ်ချုပ်ကြီးရှဲ့က သူ့သားကို ကောင်းကောင်း မဆုံးမခဲ့တာလဲ။

"ဒီလူတွေကို ဘယ်လိုလုပ်မလဲ။"

ယင်းဖုန်းက ကြမ်းပြင်ပေါ် လဲနေသော လူများကို မေးလိုက်သည်။

"အပြစ်ပေးဌာနကို ပို့လိုက်။"

နဉ်ရှောင်ယောင်း ပြောလိုက်သည်။

ယင်းဖုန်းက နဂါးအစောင့်တပ်သားများကို ဖမ်းခိုင်းလိုက်သည်။

"ဒါဆို ငါက သူတို့ကို ကျွေးမွေးထားရဦးမှာလား။ ဘာလို့လုပ်ရမှာလဲ။"

နဉ်ရှောင်ယောင်း တွေးရင်း မကျေမနပ် ဖြစ်လာသည်။

"သတ်ပစ်လိုက်မလား။"

ယင်းဖုန်း မေးလိုက်သည်။

"မိုင်းတွင်းတူးခိုင်းလိုက်။ ဒီမှာက စက်ပစ္စည်းတွေ မရှိတော့ မိုင်းတူးဖို့ လူအင်အား အများကြီး လိုမှာပဲ။"

ယင်းဖုန်း ခေါင်းကုတ်လိုက်သည်။ မိုင်းတူးခိုင်းတာ ကောင်းပါတယ်။ ဒါပေမဲ့ စက်ပစ္စည်းဆိုတာ ဘာလဲ။

"မြောင်!"

အဝေးမှ လောင်တ၏အော်သံ ကြားလိုက်ရသည်။

"ရှောင်ယောင်း၊ မြန်မြန်လာ!"

နဉ်ရှောင်ယောင်း လောင်တရှိရာသို့ ပြေးသွားလိုက်သည်။

ယင်းဖုန်း လိုက်သွားသော်လည်း အရှင်မင်းကြီးကို မမီနိုင်သဖြင့် စိတ်ပျက်သွားပြန်သည်။

နဉ်ရှောင်ယောင်း ရောက်သွားသောအခါ လောင်တသည် အမျိုးသားတစ်ဦး၏ခေါင်းပေါ်တွင် တက်ပြီး ကိုက်လိုက်ကုတ်လိုက် လုပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသားသည် လောင်တကို ဖယ်ရှားမရသဖြင့် ဒေါသထွက်ပြီး လောင်တကို ဆွဲကိုင်ကာ လွှင့်ပစ်ရန် ပြင်လိုက်သည်။

"လွှင့်ပစ်ရဲလွှင့်ပစ်ကြည့်လိုက်!"

နဉ်ရှောင်ယောင်း ဒေါသထွက်သွားသည်။ သူ့ လောင်တကို လွှင့်ပစ်မယ်တဲ့လား။

ထိုအမျိုးသားသည် နဉ်ရှောင်ယောင်း ရောက်လာသည်ကို သတိမထားမိပေ။ နဉ်ရှောင်ယောင်း အော်လိုက်မှ လန့်ပြီး မော့ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်းသည် ထိုအမျိုးသား လောင်တကို မလွှတ်သေးသည်ကိုတွေ့သောအခါ ရှေ့တိုးသွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။

ထိုအမျိုးသားသည် နဉ်ရှောင်ယောင်းကို သိပုံရသည်။ အရိုက်ခံရသော်လည်း ပြန်မတိုက်ဘဲ လောင်တကို လွှတ်ပြီး ဒူးထောက်လိုက်သည်။

လောင်တ ထိုအမျိုးသား၏ခေါင်းကို ထပ်ကုတ်လိုက်သည်။

နဉ်ရှောင်ယောင်း လောင်တကို မပြီး ပခုံးပေါ် တင်လိုက်သည်။

"တော်ပြီလေ။ သူက ဘယ်သူလဲ မင်း သိလို့လား။ ဘာလို့ အဲဒီလောက် ကုတ်နေရတာလဲ။ နောက်တစ်ခါ အဲဒီလို မလုပ်နဲ့။"

"အဲဒီမှာ သွေးနံ့ရတယ်။"

လောင်တသည် ကြမ်းပြင်ပေါ်မှ သစ်သားသေတ္တာတစ်လုံးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ဖွင့်ကြည့်လိုက်။"

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၂၆ ။ ငါ့မှာ မင်းရှိတယ်၊ မင်းမှာလည်း ငါရှိတယ်

နဉ်ရှောင်ယောင်း ရှေ့တိုးသွားပြီး သစ်သားသေတ္တာကို ကောက်ယူလိုက်သည်။ လှုပ်ကြည့်လိုက်တော့ အထဲမှာ တစ်ခုခုရှိနေပြီး သွေးနံ့ရော ထုံးနံ့ပါ ရနေသည်။

"အရှင်မင်းကြီး သတိထားပါ။"

ယန်ဟုန်သည် ပိုင်ရှောင်ဖန့်ကိုခေါ်ပြီး ရောက်လာသည်။ နဉ်ရှောင်ယောင်း သေတ္တာဖွင့်တော့မည်ကို မြင်သဖြင့် သတိပေးလိုက်သည်။

"အဆိပ်ပါနိုင်တယ်။"

"မကြောက်ပါဘူး။"

နဉ်ရှောင်ယောင်း ပြောပြောဆိုဆို သေတ္တာကို ဖွင့်လိုက်သည်။

သေတ္တာထဲတွင် လူခေါင်းတစ်လုံး ရှိနေသည်။ ထုံးမှုန့်များဖြင့် စိမ်ထားသဖြင့် အရေပြားများ ခြောက်သွေ့နေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ သို့သော် နဉ်ရှောင်ယောင်း ချက်ချင်း မှတ်မိလိုက်သည်။ ဒါ မိဖုရားခေါင်ကြီးရဲ့ အထိန်းတော် တင်းမားမား မဟုတ်လား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မြို့ရိုးအောက်မှာ သူ့အလောင်းကို တွေ့ခဲ့သေးတယ်။ အခု သူ့ခေါင်းက ဘယ်လိုလုပ် သေတ္တာထဲရောက်နေရတာလဲ။

"မင်းက ဘယ်သူလဲ။"

နဉ်ရှောင်ယောင်း ဒူးထောက်နေသော အမျိုးသားရှေ့တွင် ထိုင်ချလိုက်ပြီး သေတ္တာကို ကိုင်ထားရင်း မေးလိုက်သည်။

ထိုအမျိုးသား ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောပေ။

"တင်းမားမားရဲ့ခေါင်းက ဘာလို့ မင်းလက်ထဲ ရောက်နေရတာလဲ။"

နဉ်ရှောင်ယောင်း ထိုအမျိုးသား၏မေးစေ့ကို ပင့်တင်လိုက်ပြီး မေးလိုက်သည်။

"မင်း စကားမပြောချင်ရင်လည်း နေပေါ့။ ငါ မင်းကို အပြစ်ပေးဌာနကို ပို့ပေးလိုက်မယ်။"

ထိုအမျိုးသား ပါးစပ်ဟလိုက်သည်။

"အပြစ်ပေးဌာနက ဘာလုပ်တဲ့နေရာလဲ သိလား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

ထိုအမျိုးသား ပါးစပ်ဟထားသော်လည်း အသံမထွက်လာပေ။

"ယောကျာ်းတွေကို မိန်းမစိုးဖြစ်အောင် လုပ်တဲ့နေရာလေ။"

နဉ်ရှောင်ယောင်း တည်တည်ငြိမ်ငြိမ်ဖြင့် လိမ်ညာလိုက်သည်။

"ကဲ... မိန်းမစိုး မဖြစ်ချင်ရင် အမှန်အတိုင်း ပြောပြစမ်း။ ဒါ ဘာဖြစ်တာလဲ။"

ဒီတစ်ခါတော့ ထိုအမျိုးသား စကားပြောလာသည်။

"မိန်းမစိုးဖြစ်အောင် လုပ်တဲ့နေရာက ပိုးမွေးမြူရေးအခန်းမဟုတ်ဘူးလား။"

နဉ်ရှောင်ယောင်း ထိုအမျိုးသား၏ခေါင်းကို ရိုက်လိုက်သည်။

"ငါ့ကို မြင်တာနဲ့ ဒူးထောက်လိုက်ကတည်းက ငါ ဘယ်သူလဲဆိုတာ မင်းသိတယ်မလား။ ငါက အဲဒါ မိန်းမစိုးဖြစ်အောင် လုပ်တဲ့နေရာလို့ပြောရင် ဟုတ်တယ်ပေါ့။ မင်းက ဘာငြင်းချင်သေးလို့လဲ။"

ထိုအမျိုးသား "..."

ငါ ဘာငြင်းလို့ ရမှာမို့လို့လဲ။

"ဒါ ဘာဖြစ်တာလဲ ပြောစမ်း။"

နဉ်ရှောင်ယောင်း တင်းမားမား၏ခေါင်းကို ပြလိုက်သည်။

အရှင်မင်းကြီးကို အပြစ်မပြုရဲပေမယ့် မယ်တော်ကြီးကို အပြစ်ပြုလို့ ရမလား။ ထိုအမျိုးသား နောင်တရနေသည်။ သူ ဘာလို့ ကြောင်တစ်ကောင်ကြောင့် အဖမ်းခံလိုက်ရတာလဲ။

နဉ်ရှောင်ယောင်းသည် ခြိမ်းခြောက်စကားတွေ ပြောနေတာတောင် ထိုအမျိုးသားက ပါးစပ်ပိတ်နေသဖြင့် အင်္ကျီလက်ကြားထဲမှ ဓားမြှောင်ကို ထုတ်လိုက်သည်။ ထိုအမျိုးသား၏မျက်နှာရှေ့တွင် ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

"သေတဲ့အထိ ပါးစပ်ပိတ်ထားချင်တယ်ပေါ့။ ကောင်းပြီလေ။ မင်း ယောက်ျားပီသလို့ ငါ လေးစားပါတယ်။ ဒါကြောင့် အခုပဲ မင်းကို မိန်းမစိုးဖြစ်အောင် လုပ်ပေးလိုက်မယ်။"

နဉ်ရှောင်ယောင်းသည် လေးနက်သောအမူအရာဖြင့် ဓားမြှောင်ကိုကိုင်ကာ ထိုအမျိုးသား၏ပေါင်ကြားသို့ ထိုးစိုက်လိုက်သည်။

နဉ်ရှောင်ယောင်း တကယ်လုပ်တော့မည်ကို မြင်သောအခါ ထိုအမျိုးသား ကြောက်လန့်ပြီး သေးထွက်မတတ် ဖြစ်သွားသည်။ ကြမ်းပြင်ပေါ် လှိမ့်ရှောင်လိုက်သည်။ ပြန်ကြည့်လိုက်သောအခါ နဉ်ရှောင်ယောင်း၏ ဓားမြှောင်သည် သူစောစောက ဒူးထောက်ခဲ့သောနေရာတွင် စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။ ဓားရိုးတောင် မမြင်ရတော့ပေ။

ယန်ဟုန် ရှေ့တိုးလာပြီး ဒူးထောက်ထိုင်ချလိုက်သည်။ ထိုအမျိုးသားကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"အရှင်မင်းကြီးကိုယ်တိုင် ပြစ်ဒဏ်ပေးနေတာကို မင်းက ရှောင်ရဲတယ်ပေါ့။"

ထိုအမျိုးသား "..."

မရှောင်ရင် ငါ မိန်းမစိုး ဖြစ်သွားမှာပေါ့။

ယန်ဟုန်၏မျက်နှာပေါ်မှ အပြုံး ရုတ်တရက် ပျောက်ကွယ်သွားသည်။ လက်ထဲတွင် ဓားမြှောင်တစ်ချောင်း ရောက်လာသည်။

"ဒီလိုကိစ္စမျိုးကို အရှင်မင်းကြီးကိုယ်တိုင် လုပ်စရာမလိုပါဘူး။ ကျွန်မ ဖြတ်ပေးလိုက်ပါ့မယ်။"

နဉ်ရှောင်ယောင်း လျှောက်လာပြီး လက်ပိုက်ကာ ယန်ဟုန်ဘေးတွင် ရပ်လိုက်သည်။ ထိုအမျိုးသားကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ဒီကောင်မလေးရဲ့ လက်ရာက ငါ့လောက် မကောင်းဘူးနော်။ သေချာစဉ်းစား။ ငါလုပ်ရင် မင်း အသက်ရှင်နိုင်သေးတယ်။ ယန်ဟုန်လုပ်ရင် မင်း သေသွားနိုင်တယ်။"

ယန်ဟုန် "..."

ဒီကိစ္စလုပ်ဖို့ လက်ရာကောင်းဖို့ လိုလို့လား။

"ကျွန်တော်မျိုးက... လူကြုံပါးလို့ လာပို့တာပါ။"

ထိုအမျိုးသား ဖြေလိုက်သည်။

ယန်ဟုန် ဓားမြှောင်ဖြင့် ထိုအမျိုးသား၏ရင်ဘတ်ကို ခြစ်လိုက်သည်။

"လူကြုံပါးတဲ့ကောင်က အရှင်မင်းကြီးကို သိနေတယ်ပေါ့။ နဂါးမျက်နှာတော်ကို လူတိုင်း ဖူးခွင့်ရနေတာလား။"

သွေးများ စီးကျလာပြီး ထိုအမျိုးသား၏အင်္ကျီ ရဲရဲနီသွားသည်။

"ဖြတ်လိုက်တော့။"

နဉ်ရှောင်ယောင်း အမိန့်ပေးလိုက်သည်။

ယန်ဟုန် စဉ်းစားလိုက်ပြီး ထိုအမျိုးသား၏ပါးစပ်ထဲသို့ အမည်းရောင်ဆေးလုံးတစ်လုံး ထိုးထည့်လိုက်သည်။

တစ်မိနစ်မပြည့်ခင်မှာပင် ထိုအမျိုးသား ဗိုက်နာပြီး ကြမ်းပြင်ပေါ် လူးလှိမ့်နေတော့သည်။ ခန္ဓာကိုယ်ကြံ့ခိုင်သော အမျိုးသားတစ်ဦး ဖြစ်သော်လည်း ချက်ချင်းပင် ချွေးတွေရွှဲပြီး အော်ဟစ်နေရသည်။

နဉ်ရှောင်ယောင်း "..."

အဆိပ်ဂိုဏ်းက လူတွေက အဆိပ်ကို အမြဲဆောင်ထားကြတာလား။

"အူပြတ်မခံချင်ရင် အရှင်မင်းကြီး မေးတာ ဖြေလိုက်။"

ယန်ဟုန်က ပြောလိုက်သည်။

ထိုအမျိုးသား ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေပြီး လက်သည်းများဖြင့် မြေကြီးကို ကုတ်ဖဲ့နေသည်။ မြေကြီးပေါ်တွင် တွင်းများ ဖြစ်ပေါ်လာသည်။

နဉ်ရှောင်ယောင်း စိတ်မကောင်း ဖြစ်လာသည်။ ယန်ဟုန်ကို တိုးတိုးလေး ပြောလိုက်သည်။

"ဒီလိုလုပ်တာ ရက်စက်လွန်းမနေဘူးလား။"

ယန်ဟုန် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"အရှင်မင်းကြီးက စိတ်ထားနူးညံ့တဲ့သူ မဟုတ်မှန်း ကျွန်မ ယုံကြည်ပါတယ်။"

နဉ်ရှောင်ယောင်း တိတ်ဆိတ်သွားသည်။ သူမ အခု စိတ်ထားနူးညံ့နေတာလေ။

"ဒီလိုလူမျိုး သေသွားလည်း နှမြောစရာ မရှိပါဘူး။"

ယန်ဟုန်က ဆက်ပြောလိုက်သည်။

ပိုင်ရှောင်ဖန့်သည် ယန်ဟုန်ခြေရင်းမှ နဉ်ရှောင်ယောင်းခြေရင်းသို့ ပြောင်းရွှေ့လိုက်သည်။ သူ့သခင်က ပိုကောင်းတယ်။

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ကာ ထိုအမျိုးသား၏ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"တော်ပြီ၊ မပြောချင်ရင်လည်း နေပါစေတော့။"

မြို့ရိုးအောက်က ခွေးကြီး လောင်ဟွမ်ကို သွားမေးလိုက်မယ်။ အဲဒါ သူ့ပိုင်နက်ပဲလေ။

ထိုအမျိုးသား ဗိုက်နာလွန်းလို့ လူးလှိမ့်နေရင်း ရုတ်တရက် အနာပျောက်သွားသည်။ မော့ကြည့်လိုက်တော့ နဉ်ရှောင်ယောင်းကို တွေ့လိုက်ရသည်။ အရှင်မင်းကြီးက သူ့ကို အဆိပ်ဖြေပေးလိုက်တာလား။

"နာသေးလား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

ထိုအမျိုးသား ခေါင်းခါလိုက်သည်။

"ကောင်းပြီ။ ဒါဆို သွားတော့။ နောက်တစ်ခါ ပြန်တွေ့ရင် မသိသလို နေလိုက်ကြရအောင်။"

ယန်ဟုန် မျက်နှာပေါ်တွင် မပေါ်လွင်သော်လည်း ရင်ထဲတွင် အံ့သြသွားသည်။ အရှင်မင်းကြီးက သူမရဲ့ အဆိပ်ကို ဘယ်လိုဖြေလိုက်တာလဲ။

"အရှင်မင်းကြီးက ကျွန်တော်မျိုးကို... သွားခိုင်းတာလား။"

ထိုအမျိုးသား ကြောင်တောင်တောင် မေးလိုက်သည်။

"မသွားရင် ငါ ထမင်းကျွေးမယ်လို့ ထင်နေတာလား။"

နဉ်ရှောင်ယောင်း ပြန်မေးလိုက်သည်။

ထိုအမျိုးသား နားမလည်နိုင် ဖြစ်နေသည်။ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား။ ဘာမှ ဆက်မမေးတော့ဘူးလား။

အဝေးမှမြင်းခွာသံများ ကြားလိုက်ရသည်။

ယန်ဟုန် လန့်သွားပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"အမတ်ချုပ်ကြီးရဲ့လူတွေ လာနေတာလား။"

နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်ပြီး မျက်လုံးမှေးကာ ကြည့်လိုက်သည်။

"စစ်သေနာပတိချုပ် လာတာ။"

ယန်ဟုန် အသံသာကြားရပြီး လူမမြင်ရသေးသော လမ်းမကြီးကို ကြည့်ကာ တိတ်ဆိတ်သွားသည်။ အရှင်မင်းကြီးရဲ့မျက်လုံးက ဘယ်လိုမျက်လုံးမျိုးလဲ။

"မြန်မြန်သွားတော့။"

နဉ်ရှောင်ယောင်းက ထိုအမျိုးသားကို ပြောလိုက်သည်။

"စစ်သေနာပတိချုပ် လက်ထဲမိရင် မင်း သေပြီမှတ်။ စစ်သေနာပတိချုပ်က မင်းကို ရိုက်သတ်လိမ့်မယ်။"

ထိုအမျိုးသားသည် နဉ်ရှောင်ယောင်းလက်ထဲမှ သေတ္တာကို ကြည့်လိုက်သည်။ ဒါမပါဘဲ ဘယ်လိုပြန်ရမလဲ။

လိုကျစ်ကွေ့ မြင်းစီးပြီး ရောက်လာသည်။ မြင်းပေါ်မှ ဆင်းလိုက်ပြီး နဉ်ရှောင်ယောင်းကို အကဲခတ်ကြည့်ကာ မေးလိုက်သည်။

"အဆင်ပြေရဲ့လား။"

နဉ်ရှောင်ယောင်း လက်မောင်းထောင်ပြလိုက်သည်။ သူမ ဘယ်လောက်သန်မာကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။

တခြားသူတွေ နားမလည်ပေမယ့် လိုကျစ်ကွေ့ နားလည်သည်။ နဖူးကို လက်ဖြင့်အုပ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ပါပြီ၊ အရှင်မင်းကြီးကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။"

"အင်း..."

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"ရှဲ့အန်းကျီရော။"

"ဖမ်းမိပြီ။"

နဉ်ရှောင်ယောင်း တိုင်တောလိုက်သည်။

"အဲဒီကောင်က ကျွန်မကို သတ်မလို့တောင် လုပ်သေးတယ်။"

လိုကျစ်ကွေ့ မျက်နှာ မည်းမှောင်သွားသည်။

"ဒါပေမဲ့ သူ ကျွန်မကို မနိုင်ပါဘူး။"

နဉ်ရှောင်ယောင်း ဂုဏ်ယူစွာ ပြောလိုက်သည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းလက်ထဲမှ သေတ္တာကို ကြည့်ပြီး မေးလိုက်သည်။

"ဒါ ဘာလဲ။"

"တင်းမားမားရဲ့ ခေါင်း။"

နဉ်ရှောင်ယောင်း သေတ္တာကို လိုကျစ်ကွေ့ရှေ့ တိုးပေးလိုက်သည်။

လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်ပြီး ဘေးလူများကို အမိန့်ပေးလိုက်သည်။

"အားလုံး နောက်ဆုတ်ကြ။"

ပါလာသော နဂါးအစောင့်တပ်သားများ နောက်ဆုတ်သွားကြသည်။

ယန်ဟုန်လည်း အလိုက်တသိ နောက်ဆုတ်သွားသည်။

လိုကျစ်ကွေ့သည် ကြမ်းပြင်ပေါ်မှ အမျိုးသားကို ကြည့်ပြီး မေးလိုက်သည်။

"မင်းက ဒီသေတ္တာကို သံဘုရားကျောင်းကို ပို့မယ့်သူလား။"

ထိုအမျိုးသား တုန်ယင်သွားသည်။

"ဘာ..."

နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။

"ဒါ မိဖုရားခေါင်ကြီးဆီ ပို့မလို့လား။"

"မိဖုရားခေါင်ကြီးကလွဲရင် ဒီအဘွားကြီးကို ဘယ်သူ ဂရုစိုက်မှာလဲ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ခေါင်းကို ပုတ်လိုက်သည်။

"ဒါ မယ်တော်ကြီးရဲ့ လက်ချက်ပဲ။"

နဉ်ရှောင်ယောင်း ထိုအမျိုးသားကို ငုံ့ကြည့်လိုက်သည်။

"သောက်ကျိုးနည်း၊ ငါ ဘာလို့ မစဉ်းစားမိပါလိမ့်။"

ထိုအမျိုးသား ဒူးထောက်နေပြီဖြစ်၍ ဘာမှပြန်မပြောရဲပေ။

"မယ်တော်ကြီးက မိဖုရားခေါင်ကြီးဆီ ဘာစကားပါးလိုက်လဲ။"

လိုကျစ်ကွေ့ အေးစက်စွာ မေးလိုက်သည်။

လိုကျစ်ကွေ့ အကုန်သိနေပြီဖြစ်၍ ထိုအမျိုးသား ဖုံးကွယ်ထားလို့ မရတော့ပေ။ မယ်တော်ကြီး မှာလိုက်သော စကားများကို တိုးတိုးလေး ပြန်ပြောပြလိုက်သည်။

နဉ်ရှောင်ယောင်း လက်ဖဝါးကို ကုတ်လိုက်ပြီး ရေရွတ်လိုက်သည်။

"တော်တော် လိမ်တတ်တာပဲ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"မဝမ်းနည်းပါနဲ့။ ရှေးကတည်းက နန်းတွင်းထဲမှာ ဆွေမျိုးသားချင်း သံယောဇဉ် မရှိပါဘူး။ မင်းမှာတော့ ကျွန်တော်ရှိတယ်။"

ဒီစကားပြောတဲ့အချိန်မှာ လိုကျစ်ကွေ့ရဲ့မျက်နှာက အရမ်း နူးညံ့နေတယ်။ အသံကိုနှိမ့်ပြီး ပြောတာမို့လို့ ပုံမှန်ထက် အနည်းငယ် အက်ရှရှ ဖြစ်နေတယ်။ နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကိုကြည့်ပြီး သူ လုံးဝ မဝမ်းနည်းပါဘူးလို့ ပြောချင်ပေမယ့် ပြန်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"အင်း... ကျွန်မမှာ ရှင်ရှိတယ်။ မဝမ်းနည်းတော့ပါဘူး။ ရှင်လည်း နောက်ကျရင် ဝမ်းနည်းစရာကြုံရင် မဝမ်းနည်းနဲ့နော်။ ရှင့်မှာလည်း ကျွန်မရှိတယ်လေ။"

လရောင်က ရေလို အေးမြနေသည်။

လိုကျစ်ကွေ့ ပြုံးလိုက်သည်။ နဉ်ရှောင်ယောင်း၏ပါးကို လက်ညှိုးဖြင့် တို့လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

နဉ်ရှောင်ယောင်းလည်း ပါးစပ်ဖြဲရယ်လိုက်သည်။

ဒူးထောက်နေသော အမျိုးသား "..."

ဒီစကားဝိုင်းက ဘာကြီးလဲ။

"ဒါဆို ဒီလူကို ဘယ်လိုလုပ်မလဲ။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏လက်ကို လှုပ်ခါပြီး မေးလိုက်သည်။

လိုကျစ်ကွေ့ ထိုအမျိုးသားကို ကြည့်ပြီး "မင်း ခေါင်းကို သံဘုရားကျောင်းဆီ ပို့လိုက်။"

"ဘာ..."

"ဟင်..."

ထိုအမျိုးသားနှင့် နဉ်ရှောင်ယောင်း ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဘေးသို့ဆွဲယူလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ခဏနေရင် ကျွန်မရှင်းပြမယ်။"

ထို့နောက် ထိုအမျိုးသားကို ပြောလိုက်သည်။

"မယ်တော်ကြီးမှာလိုက်တဲ့ စကားတွေကို မိဖုရားခေါင်ကြီးကို အတိအကျ ပြန်ပြောပြလိုက်။"

နဉ်ရှောင်ယောင်း "..." ဒါဆို မိဖုရားခေါင်ကြီးက ငါ့ကို မုန်းသွားမှာပေါ့။

ထိုအမျိုးသားလည်း လိုကျစ်ကွေ့ကို ကြည့်ပြီး ကြောင်နေသည်။

"မင်း မယ်တော်ကြီးခိုင်းတာ မလုပ်ချင်တော့ဘူးလား။"

လိုကျစ်ကွေ့ မေးလိုက်သည်။

"ဒါမှမဟုတ် ငါ အခုချက်ချင်း မင်းကို သတ်လိုက်ရမလား။"

ထိုအမျိုးသား ကြောက်လန့်တကြား ပြန်ဖြေပြီး ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းလက်ထဲမှ သေတ္တာကိုယူပြီး ထိုအမျိုးသားလက်ထဲ ထည့်ပေးလိုက်သည်။

"ဒီည မင်း အရှင်မင်းကြီးကို မတွေ့ခဲ့ဘူး။"

ထိုအမျိုးသားက နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်း ကြောင်တောင်တောင် ဖြစ်နေသည်။

"သွားတော့။"

လိုကျစ်ကွေ့ ပြောလိုက်သည်။

ထိုအမျိုးသား မလှုပ်မယှက် ရပ်နေဆဲပင်။

"မဟုတ်ဘူးလေ..."

နဉ်ရှောင်ယောင်း စကားစလိုက်သည်။

ထိုအမျိုးသားသည် နဉ်ရှောင်ယောင်း စကားပြောလိုက်သည်နှင့် လန့်ဖျပ်သွားပြီး လှည့်ထွက်ပြေးလေသည်။

နဉ်ရှောင်ယောင်း ကြောင်သွားပြီး လိုကျစ်ကွေ့ကို မေးလိုက်သည်။

"သူ ဘာလို့ ပြေးသွားတာလဲ။"

လိုကျစ်ကွေ့ ထွက်ပြေးသွားသော အမျိုးသားကိုကြည့်ပြီး ပြောလိုက်သည်။

"မင်း စိတ်ပြောင်းပြီး သူ့ကို သတ်ပစ်မှာ ကြောက်လို့လေ။"

"ကျွန်မ သူ့အသက်ကို မလိုချင်ပါဘူး။ အခု ကျွန်မအသက်ကို လိုချင်နေတာက မယ်တော်ကြီးလေ။ စစ်သေနာပတိချုပ်၊ ရှင်က မိဖုရားခေါင်ကြီး ကျွန်မကိုမုန်းတာ မလုံလောက်သေးဘူးလို့ ထင်နေတာလား။"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို လူအုပ်နှင့်ဝေးရာသို့ခေါ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"မယ်တော်ကြီးက မိဖုရားခေါင်ကြီးနဲ့ပေါင်းပြီး မင်းကို ဒုက္ခပေးချင်နေတာ။"

"ဒါဆို ကျွန်မတို့က မယ်တော်ကြီး အောင်မြင်ခွင့် မပေးသင့်ဘူးလေ။ စစ်သေနာပတိချုပ်က ဘာကိစ္စ တင်းမားမားခေါင်းကို သံဘုရားကျောင်း ပို့ခိုင်းလိုက်ရတာလဲ။"

"ခေါင်းမရှိလည်း မယ်တော်ကြီးက မိဖုရားခေါင်ကြီး မင်းကိုမုန်းအောင် တခြားနည်းလမ်း ရှာမှာပဲ။"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ နဖူးပေါ်ကျနေသော ဆံပင်စလေးများကို သပ်တင်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။

"အခု မိဖုရားခေါင်ကြီးက မင်းကို မုန်းနေပေမယ့် နောက်ကျရင် သူ့ယောကျာ်းက ဒူးထောက်ပြီး မိဖုရားခေါင်ကြီးကို ခွင့်လွှတ်ပေးဖို့၊ သူ့ကို အလုပ်အကျွေးပြုခွင့်ပေးဖို့ မင်းဆီမှာ တောင်းဆိုလာလိမ့်မယ်။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏စကားကို အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။

"မိဖုရားခေါင်ကြီး လုပ်ခဲ့တဲ့ အမှားတွေကို ထားလိုက်ပါတော့။ ကျွန်မက မိဖုရားခေါင်ကြီးရဲ့ သေကွင်းသေကွက် အမှားတစ်ခုကို ဖမ်းဆုပ်ထားရမယ်။ ပြီးမှ ခွင့်လွှတ်တာပဲဖြစ်ဖြစ်၊ အပြစ်ပေးတာပဲဖြစ်ဖြစ် လုပ်မှ ကျွန်မတို့ဘက်က အသာစီးရမယ်။ စစ်သေနာပတိချုပ် ဆိုလိုတာ အဲဒါမလား။"

လိုကျစ်ကွေ့ ပြုံးလိုက်သည်။

နဉ်ရှောင်ယောင်း "..."

စစ်သေနာပတိချုပ်၊ ရှင် အခု ဘယ်လောက်ပဲ လှပကျော့ရှင်းနေပါစေ၊ ကျွန်မစိတ်ထဲမှာတော့ ရှင်က တော်တော် ယုတ်မာတာပဲ။

***

All Chapters