အခန်း (၂၂၇-၂၂၈)
Vol. 15 Ch. 227-228
အခန်း ၂၂၇ ။ အရှင်မင်းကြီးရဲ့ ဝမ်းနည်းမှု
"ကျွန်တော်တို့ အခု အမှားလုပ်လို့မဖြစ်ဘူး။"
နဉ်ရှောင်ယောင်း မျက်နှာမကောင်းသည်ကို မြင်သောအခါ လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ ပါးကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။
"မိဖုရားခေါင်ကြီး ဘာမှမဖြစ်ပါဘူး။"
"တကယ်လို့ သူက မယ်တော်ကြီးနဲ့ပေါင်းပြီး ကျွန်မကို ဒုက္ခမပေးဘူးဆိုရင်ကော။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ဒါဆို ပိုကောင်းတာပေါ့။"
လိုကျစ်ကွေ့ ပြုံးလိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ ဒီလူယုတ်မာကြီးကို စကားနိုင်လုလို့ မရတော့ဘူး။ စိတ်ညစ်လိုက်တာ။
"ရှဲ့အန်းကျီကို သွားကြည့်ရအောင်။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
နဉ်ရှောင်ယောင်း လက်ညှိုးထိုးပြလိုက်သည်။
"ဟိုမှာ။"
"သွားကြစို့။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းလက်ကို ဆွဲခေါ်လိုက်သည်။
နှစ်ယောက်သား ထွက်သွားတော့မည်ကို မြင်သောအခါ ယန်ဟုန်က အမြန်မေးလိုက်သည်။
"အရှင်မင်းကြီး၊ ဒီအမတ်ချုပ်အိမ်တော်က လူတွေကို ဘယ်လိုလုပ်မလဲ။"
"သတ်..."
လိုကျစ်ကွေ့ စကားမဆုံးခင် နဉ်ရှောင်ယောင်း ဖြတ်ပြောလိုက်သည်။
"မိုင်းတူးခိုင်းလိုက်။"
လူသားအချင်းချင်းပဲလေ။ ဒီလောက်ထိ ရက်စက်ဖို့ လိုလို့လား။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
"ချင်ဒေသက ချင်ရွှမ်ဆီမှာ လူလိုနေတယ်လို့ ကျွန်မထင်တယ်။"
နဉ်ရှောင်ယောင်း လေးလေးနက်နက် ပြောလိုက်သည်။
"ဒီလူတွေက အမတ်ချုပ်ကြီးရဲ့ အဆိပ်သင့်နေကြတာ။ အလုပ်ကြမ်းလုပ်ပြီး ပြုပြင်ပြောင်းလဲလိုက်ရင် ကောင်းသွားနိုင်တယ်။"
ပြုပြင်ပြောင်းလဲရေး? လိုကျစ်ကွေ့ ခေါင်းကိုက်လာသည်။ ဒီကောင်မလေး ပြောတာတွေ နားမလည်တော့ဘူး။
"စစ်သေနာပတိချုပ် သဘောတူတယ်။"
လိုကျစ်ကွေ့ ဘာမှမပြောသဖြင့် နဉ်ရှောင်ယောင်း ယန်ဟုန်ကို ပြောလိုက်သည်။
"သူတို့ကို မိုင်းတူးဖို့ ပို့လိုက်။"
ယန်ဟုန် လိုကျစ်ကွေ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။ အရှင်မင်းကြီး အမိန့်ပေးတာတောင် စစ်သေနာပတိချုပ် သဘောတူမှ ရမယ်တဲ့လား။
ဒီအကြည့်က တော်တော် ဆွဲဆောင်မှုရှိတာပဲ။ နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်ပြီး ယင်းဖုန်းတို့အဖွဲ့ရှိရာသို့ လျှောက်သွားလိုက်သည်။
"အဆိပ်ဂိုဏ်းက လူနှစ်ယောက်ကို ဘာလို့ ခေါ်လာတာလဲ။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းနောက်မှလိုက်ရင်း တိုးတိုးလေး မေးလိုက်သည်။
"စစ်သေနာပတိချုပ်၊ ယန်ဟုန်လို မိန်းကလေးမျိုးက ရှင့်မျက်လုံးထဲမှာ လှတယ်လို့ ထင်လား။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
လိုကျစ်ကွေ့ "..."
ငါတို့ ပြောနေတဲ့ အကြောင်းအရာက တူရဲ့လား။
ယန်ဟုန်ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေကို ပြန်မြင်ယောင်ပြီး နဉ်ရှောင်ယောင်း အတုယူကာ လိုကျစ်ကွေ့ကို ကြည့်ပြီး မေးလိုက်သည်။
"စစ်သေနာပတိချုပ်၊ ဘယ်လိုနေလဲ။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏မျက်လုံးကို လက်ဖြင့် အုပ်လိုက်သည်။
"မျက်လုံး ဘာဖြစ်တာလဲ။ နာလို့လား။"
နဉ်ရှောင်ယောင်း "..."
လိုကျစ်ကွေ့ လက်ပြန်ဖယ်လိုက်ပြီး လရောင်အောက်တွင် နဉ်ရှောင်ယောင်း၏မျက်လုံးကို သေချာကြည့်ကာ မေးလိုက်သည်။
"ဖုန်ဝင်သွားတာလား။"
နဉ်ရှောင်ယောင်း (⊙︿⊙) ပျော်စရာ မကောင်းတော့ဘူး။
"ဖုန်မဝင်ပါဘူး။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ မျက်ခွံကို လှန်ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
"မျက်လုံး ဘာဖြစ်တာလဲ။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ကို ပုတ်ထုတ်လိုက်ပြီး ရှေ့ဆက်လျှောက်သွားကာ ပြောလိုက်သည်။
"ကျွန်မ ဝမ်းနည်းနေတယ်။ ကျွန်မကို လာမခေါ်နဲ့။"
"မိဖုရားခေါင်ကြီးကိစ္စကြောင့်လား။"
"မဟုတ်ပါဘူး!"
နဉ်ရှောင်ယောင်း ဒေါသတကြီး ပြောလိုက်သည်။
"ကျွန်မက သူ့ယောကျာ်းမှ မဟုတ်တာ။ ဘာကိစ္စ ဝမ်းနည်းရမှာလဲ။ ပြီးတော့ သူက ကလေးတောင် ရနေပြီ။ ကျွန်မမှာ ဘာမှမရှိသေးဘူး။"
လူချင်းယှဉ်လိုက်ရင် ဒေါသထွက်စရာပဲ။ တွေးလေ ဝမ်းနည်းလေပဲ။
လိုကျစ်ကွေ့ မျက်နှာနီရဲသွားသည်။ ဒီကောင်မလေးက သူ့ကလေးကို လိုချင်နေတာလား။ (ဟေး... နင်တို့ အတွေးလွဲနေကြပြီနော်။)
"ဟွန့်!"
နဉ်ရှောင်ယောင်း ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။ တွေးလေ ဝမ်းနည်းလေပဲ။
နဂါးအစောင့်တပ်သားတစ်ဦးက ယင်းဖုန်းကို တိုးတိုးလေး မေးလိုက်သည်။
"အရှင်မင်းကြီးနဲ့ စစ်သေနာပတိချုပ်က မိန်းမကိစ္စနဲ့ ရန်ဖြစ်နေကြတာလား။"
ယင်းဖုန်း မဖြေရသေးခင် နောက်တစ်ယောက်က ဝင်မေးလိုက်သည်။
"အဲဒီမိန်းမက ဘယ်သူလဲ။"
ယင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
"အရှင်မင်းကြီးက ကလေးလိုချင်တာ လွယ်ပါတယ်။"
အားလုံး သဘောတူကြသည်။ အရှင်မင်းကြီးက မိန်းမဘယ်လောက်လိုချင်လိုချင် ရတာပဲ။ ကလေးလိုချင်တာလောက်က ဘာခက်ခဲမှာလဲ။
"စစ်သေနာပတိချုပ်က အရှင်မင်းကြီးကို ကလေးအမေ မုဆိုးမတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တာလား။"
"မဖြစ်နိုင်ပါဘူး။"
နဂါးအစောင့်တပ်သားများ အချင်းချင်း ဆွေးနွေးငြင်းခုံနေကြသည်။ အရှင်မင်းကြီးနဲ့ စစ်သေနာပတိချုပ် ဘာကိစ္စ ရန်ဖြစ်နေကြမှန်း နားမလည်နိုင်ပေ။
ဂိုဏ်းချုပ်ကတော့ ဒီလူအုပ်စုရဲ့ စကားဝိုင်းကို နားထောင်ရတာ စိတ်ဆင်းရဲနေသည်။ နဉ်မိသားစုရဲ့ လျှို့ဝှက်သတ်ဖြတ်ရေးအဖွဲ့လို့ နာမည်ကြီးတဲ့ နဂါးအစောင့်တပ်သားတွေက ဘာလို့ ဦးနှောက်မရှိတဲ့ အရူးတွေ ဖြစ်နေကြတာလဲ။ စိတ်ကူးယဉ်အိပ်မက်တွေ ပျက်စီးသွားတဲ့ ခံစားချက်ကို ကိုယ်တိုင်မကြုံဖူးရင် နားလည်မှာ မဟုတ်ဘူး။
နဉ်ရှောင်ယောင်း နဂါးအစောင့်တပ်သားများ၏ စကားဝိုင်းကို ကြားနေရသည်။ မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ ဒီကောင်လေးတွေအတွက် စိတ်ပူမိတယ်။ ဉာဏ်ရည်က နည်းနည်း ကျဆင်းနေသလိုပဲ။ အရင်တုန်းက ပုံမှန်ပါပဲ။ ဘာဖြစ်သွားကြတာလဲ။ သူမလို မိုးထိအောင် မိုက်တဲ့လူနဲ့ ပေါင်းသင်းနေမှတော့ သူတို့လည်း မိုးထိအောင် မိုက်လာသင့်တာပေါ့။
လိုကျစ်ကွေ့သည် လူများ၏ ခိုးကြည့်နေသော မျက်လုံးများကို ဂရုမစိုက်ဘဲ ရှဲ့အန်းကျီရှေ့သို့ လျှောက်သွားလိုက်သည်။ ရှဲ့အန်းကျီ သတိလစ်နေဆဲပင်။ မျက်နှာ ဖြူဖျော့နေပြီး အသက်ရှိမရှိ မသေချာပေ။
"သတိလစ်နေတာလား။"
လိုကျစ်ကွေ့က ရှဲ့အန်းကျီကို စောင့်နေသော နဂါးအစောင့်တပ်သားကို မေးလိုက်သည်။
"ဟုတ်ကဲ့။"
တပ်သားက အလျင်အမြန် ဖြေလိုက်သည်။
"အရှင်မင်းကြီး ကန်လိုက်တာပါ။"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။ ဒါ နဉ်ရှောင်ယောင်းရဲ့လက်ရာပဲ။
"ဒါ အဓိက,က ဂိုဏ်းချုပ်ရဲ့လက်ရာပါ။"
နဉ်ရှောင်ယောင်း လျှောက်လာပြီး လက်နောက်ပစ်ကာ ရှဲ့အန်းကျီကို ကြည့်ပြီး နှုတ်ခမ်းစုပ်သပ်လိုက်သည်။ ဂိုဏ်းချုပ်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်၊ မင်း တော်တော် လက်ရဲဇက်ရဲနိုင်တာပဲ။ အမတ်ချုပ်ကြီးက မင်းကို လွှတ်ပေးမယ် မထင်ဘူး။"
ဂိုဏ်းချုပ် ဘာမှမပြောချင်တော့ပေ။ ဒါ မင်းဖြစ်စေချင်တာပဲ မဟုတ်ဘူးလား။
"ကောင်းတယ်။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို တိုးတိုးလေး ချီးကျူးလိုက်သည်။
နဉ်ရှောင်ယောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"သာမန်အရပ်အမောင်းရှိတဲ့ လူတွေက ငါ့ကို မနိုင်ပါဘူး။"
ဂိုဏ်းချုပ် လက်သီးဆုပ်လိုက်သည်။ ဒါပေမဲ့ အရှင်မင်းကြီးက အဆိပ်မတိုးဘူးဆိုတာတွေးမိပြီး သည်းခံလိုက်ရသည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ခေါင်းကို ပုတ်ချင်သော်လည်း လူအများ ကြည့်နေသဖြင့် လက်ပြန်ရုတ်လိုက်သည်။
"အရှင်မင်းကြီးထက် အရပ်ရှည်တဲ့လူတွေလည်း အရှင်မင်းကြီးရဲ့ပြိုင်ဘက်မဟုတ်ပါဘူး။"
နဉ်ရှောင်ယောင်း ပိုပြီး ဂုဏ်ယူသွားသည်။ ယောကျာ်းသားများကို ဝေ့ဝဲကြည့်လိုက်သည်။
နဂါးအစောင့်တပ်သားများ ခေါင်းငုံ့လိုက်ကြသည်။ ဒီခေါင်းစဉ်မှာ ဝင်မပါချင်ကြပေ။
ဂိုဏ်းချုပ် မနာလိုဖြစ်ပြီး ဝင်မေးလိုက်သည်။
"ဒါဆို စစ်သေနာပတိချုပ်ကရော။"
"ဘာ..."
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို သူမအနောက်သို့ ဆွဲပို့လိုက်ပြီး ဂိုဏ်းချုပ်ကို မျက်လုံးပြူးကြည့်လိုက်သည်။
"ငါနဲ့ အရပ်တူတာကို ထားလိုက်ပါတော့။ ယောကျာ်းဖြစ်ပြီး ဘာလို့ သဘောထားသေးသိမ်ရတာလဲ။ ငါက မင်းနဲ့ အမတ်ချုပ်ကြီးကြားက ဆက်ဆံရေးကို ဖြတ်တောက်လိုက်တာနဲ့ မင်းက ငါနဲ့ စစ်သေနာပတိချုပ်ကြားကို သွေးခွဲချင်နေတာလား။ ငါတို့နှစ်ယောက် ရန်ဖြစ်ရင် မင်း အရပ်ရှည်လာမှာမို့လို့လား။"
ဂိုဏ်းချုပ် စဉ်းစားလိုက်သည်။ ဒီကောင်လေးနဲ့ တစ်ပွဲလောက် ချလိုက်ရင် ကောင်းမလား။ ယောကျာ်းချင်း အရပ်တူတာကို ဒီကောင်လေးက သူပုတယ်ဆိုပြီး လှောင်နေတာလား။
"စိတ်လျှော့ပါ။"
ဂိုဏ်းချုပ်က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"စစ်သေနာပတိချုပ်က အရှင်မင်းကြီးနဲ့ ဘယ်လိုလုပ် ရန်ဖြစ်ရဲမှာလဲ။"
နဉ်ရှောင်ယောင်းက သူမကို အရူးလို့ထင်နေသလားဆိုတဲ့အကြည့်နဲ့ ဂိုဏ်းချုပ်ကိုကြည့်ပြီး မေးလိုက်သည်။
"ရန်မဖြစ်ဘဲနဲ့ ငါနဲ့ စစ်သေနာပတိချုပ် ဘယ်သူပိုတော်လဲဆိုတာ ဘယ်လိုသိမှာလဲ။"
ဂိုဏ်းချုပ်ကတော့ မင်းက တကယ် အရူးပဲဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်သည်။
"မင်းက ဧကရာဇ်မင်းလေ။ လိုကျစ်ကွေ့က မင်းနဲ့ ရန်ဖြစ်ရင် သူက ပုန်ကန်ချင်နေတာပဲ။"
"မင်းကလေ..."
နဉ်ရှောင်ယောင်း ဂိုဏ်းချုပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"အမတ်ချုပ်ကြီးနဲ့ ပေါင်းသင်းလွန်းလို့ စိတ်ဓာတ်တွေ ပျက်စီးကုန်ပြီ။"
'စိတ်ဓာတ်ပျက်စီးတယ်' ဆိုတာ ဘာကိုဆိုလိုမှန်း သေချာမသိပေမယ့် အရှင်မင်းကြီး သူ့ကို ဆဲနေမှန်း ဂိုဏ်းချုပ် သိလိုက်သည်။
လိုကျစ်ကွေ့ ဝင်ပြောလိုက်သည်။
"ဂိုဏ်းချုပ်က ရှဲ့အန်းကျီကို မင်းသားဖူဆီ ပို့လိုက်ပါ။ ထောင်ယွီနဲ့ မင်းသားဖူ မြို့တော်ကနေ မထွက်ခွာခင်အထိ ရှဲ့အန်းကျီကို စောင့်ကြည့်ထားလိုက်။"
"အမတ်ချုပ်ကြီး လူလွှတ်ပြီး သားကို လာကယ်မှာ သတိထားနော်။"
နဉ်ရှောင်ယောင်း ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
အမတ်ချုပ်ကြီးက လူကောင်းမဟုတ်သလို၊ ဒီနှစ်ယောက်ကလည်း လူကောင်းတွေ မဟုတ်ပါဘူး။ ဂိုဏ်းချုပ် ရင်ထဲမွန်းကျပ်ပြီး အမိန့်နာခံလိုက်ရသည်။ ပြီးတော့ အမှန်တရားတစ်ခုကိုလည်း သိလိုက်ရသည်။ နဉ်ရှောင်ယောင်းနောက် လိုက်ရတာက အမတ်ချုပ်ကြီးရှဲ့နောက် လိုက်ရတာထက် ပိုသက်သာမယ်မထင်ဘူး။
ဂိုဏ်းချုပ်နှင့် ယန်ဟုန်တို့သည် နဂါးအစောင့်တပ်သားတစ်ဖွဲ့နှင့်အတူ ရှဲ့အန်းကျီကို ဖမ်းခေါ်သွားကြသည်။
ယင်းဖုန်းကလည်း နောက်ထပ် နဂါးအစောင့်တပ်သားတစ်ဖွဲ့နှင့်အတူ အမတ်ချုပ်အိမ်တော်မှ လူများကို ဖမ်းခေါ်ပြီး နန်းတော်သို့ ပြန်သွားသည်။
လိုကျစ်ကွေ့သည် မြေကွက်လပ်တွင် ရပ်လျက် သံဘုရားကျောင်းရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ နဉ်ရှောင်ယောင်းကို တိုးတိုးလေး မေးလိုက်သည်။
"ငါ မင်းကို သံဘုရားကျောင်းထဲ ခိုးဝင်ပြီး လိုက်ပြရမလား။"
နဉ်ရှောင်ယောင်း မျက်လုံးလှန်ကြည့်လိုက်သည်။
"မိဖုရားခေါင်ကြီးက တင်းမားမားကို ကျွန်မသတ်လိုက်လို့ ဘယ်လောက်မုန်းတီးနေလဲဆိုတာ သွားကြည့်ရမှာလား။ ပြီးတော့ ကျွန်မကို ဘယ်လိုကျိန်ဆဲနေလဲဆိုတာ သွားနားထောင်ရမှာလား။ ကျွန်မက ရူးနေလို့လား။ ကိုယ့်ကိုကိုယ် စိတ်ဆင်းရဲအောင် သွားလုပ်ရမှာလား။"
လောင်တ သွားနှင့်ပြီ။ သူလျှိုလည်း လွှတ်ထားပြီးပြီ။ သူ ဘာလို့ စိတ်ညစ်ခံပြီး သွားကြည့်နေရမှာလဲ။
လိုကျစ်ကွေ့ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။
"မင်းပြောသလိုပဲလေ။ မိဖုရားခေါင်ကြီးက အကွက်ထဲ မဝင်ဘဲ မယ်တော်ကြီးနဲ့ မပူးပေါင်းတာလည်း ဖြစ်နိုင်တာပဲ။"
"အဲဒါက ဖြစ်နိုင်ချေ သုံးခုထဲက တစ်ခုပဲလေ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ဒုတိယ၊ တတိယ ဖြစ်နိုင်ချေတွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။"
"သုံးခု?"
လိုကျစ်ကွေ့ မေးလိုက်သည်။
"ပူးပေါင်းတာနဲ့ မပူးပေါင်းတာအပြင် ဘာရှိသေးလို့လဲ။"
"နောက်တစ်ခုက မိဖုရားခေါင်ကြီးက စိတ်ဒဏ်ရာမခံနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလေ။"
နဉ်ရှောင်ယောင်း ဖြေလိုက်သည်။
လိုကျစ်ကွေ့ ဒီမေးခွန်းကို မမေးသင့်ဘူးလို့ တွေးလိုက်မိသည်။ ရွှီဖေးယွီရဲ့ကလေးကို လွယ်ထားရက်နဲ့ မိဖုရားခေါင်ကြီးက သတ်သေပါ့မလား။
"အိမ်ပြန်မယ်။"
နဉ်ရှောင်ယောင်း ပိုင်ရှောင်ဖန့်ကို ကောက်မလိုက်သည်။
"ကျွန်မ အိပ်ချင်ပြီ။ Noun နဲ့ အိပ်တာကို ပြောတာ။"
လိုကျစ်ကွေ့က ပန်းသီးစားနေသော ဝံပုလွေဖြူလေးကို ကြည့်ပြီး မေးလိုက်သည်။
"Noun ဆိုတာ ဘာလဲ။"
"ဪ..."
နဉ်ရှောင်ယောင်း ရှင်းပြလိုက်သည်။
"Noun နဲ့အိပ်တာဆိုတာ ဟူး... ဟူး... နဲ့ စောင်ခြုံပြီး ရိုးရိုးသားသား အိပ်တာကို ပြောတာ။"
"ဒါဆို အဲဒီအိပ်တာမှာ တခြားအဓိပ္ပာယ် ရှိသေးလို့လား။"
လိုကျစ်ကွေ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။
နဉ်ရှောင်ယောင်း ညစ်ကျယ်ကျယ် ရယ်မောလိုက်ပြီး ခြေဖျားထောက်ကာ လိုကျစ်ကွေ့ နားနားကပ်ပြီး ပြောလိုက်သည်။
"နောက်တစ်ခုက ကြိယာ (Verb) လေ။ အိပ်ရာခင်းတွေ လှိမ့်တာကို ပြောတာ။ ကျွန်မတို့နှစ်ယောက်... အဲဒါ..."
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဖိထားလိုက်ပြီး နဖူးကို လက်ဖြင့်အုပ်ကာ ပြောလိုက်သည်။
"တော်ပြီ၊ ကျွန်တော် သိပြီ။ ဆက်မပြောနဲ့တော့။"
နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။
"ယင်းဖုန်းက မြင်းနဲ့လိုက်ပို့ပေးတာ။ အခု ယင်းဖုန်း မရှိတော့ဘူးဆိုတော့ စစ်သေနာပတိချုပ် ကျွန်မကို တင်ခေါ်သွားလို့ ရမလား။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကိုခေါ်ပြီး မြင်းနီလေးရှိရာသို့ လျှောက်သွားလိုက်သည်။ မျက်နှာထား တင်းမာနေသည်။ မြင်းနီလေးအနား ရောက်သောအခါ လိုကျစ်ကွေ့ ရုတ်တရက် မေးလိုက်သည်။
"မင်း မြင်းမစီးတတ်ဘူးလား။"
"အဲ... စီးတတ်လောက်ပါတယ်။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။ မြင်းတွေနဲ့ စကားပြောလို့ရတာပဲ။ လိုက်ပို့ပေးပါလို့ ပြောရင် မရစရာ အကြောင်းမရှိပါဘူး။
"ဒါဆို နောက်ကျရင် ကိုယ့်ဘာသာ စီး။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်မရဲ့ ရှောင်မင်က မပေါ်လာသေးဘူးလေ။"
နဉ်ရှောင်ယောင်း မြင်းနီလေး၏ လည်ဆံမွှေးကို ဆွဲလိုက်သည်။ မြင်းနီလေးကို အားနာလိုက်တာ။ အခုထိ ရှောင်မင်ကို ရှာမပေးနိုင်သေးဘူး။
လိုကျစ်ကွေ့ မြင်းပေါ်တက်လိုက်ပြီး နဉ်ရှောင်ယောင်းကို ဆွဲတင်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
"နန်းတော်မြင်းဇောင်းထဲမှာ မြင်းကောင်းတွေ အများကြီး ရှိပါတယ်။ မနက်ဖြန်ကျရင် ကျွန်တော် ရွေးပေးမယ်။"
"ဒါပေမဲ့ မနက်ဖြန် စစ်သူကြီးထောင်တို့ ခရီးထွက်မှာကို လိုက်ပို့ရဦးမယ်လေ။"
"မြင်းရွေးဖို့လောက်တော့ အချိန်ရပါတယ်။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်သည်။ ဒီကောင်မလေးကို ယင်းဖုန်းနဲ့ ပေးစီးရတာ စိတ်ကျဉ်းကျပ်စရာပဲ။ စောစောစီးစီး ကိုယ်တိုင်လုပ်ပေးခဲ့သင့်တာ။
နဉ်ရှောင်ယောင်း သံဘုရားကျောင်းရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ မိဖုရားခေါင်ကြီး မယ်တော်ကြီးရဲ့ အကွက်ထဲ မဝင်ပါစေနဲ့လို့ ဆုတောင်းလိုက်သည်။ ဒါပေမဲ့ ဝင်သွားရင် ဘယ်လိုလုပ်မလဲ။ မြင်းကိုမောင်းနှင်လိုက်သော လိုကျစ်ကွေ့ကို မော့ကြည့်လိုက်သည်။ နင့်ရဲ့ အချစ်စစ်က နောက်ကျရင် စစ်သေနာပတိချုပ်ရဲ့ နှိပ်စက်တာကို မခံရဖို့အတွက် မျက်လုံးဖွင့်ကြည့်ပါ မိဖုရားခေါင်ကြီးရေ။
"ဝေါင်း..."
ပိုင်ရှောင်ဖန့် နဉ်ရှောင်ယောင်းကို မော့ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း ငုံ့ကြည့်လိုက်သည်။ ဒီလောက်ကြီးမားတဲ့ ပန်းသီးကြီးကို လမ်းလျှောက်နေရင်း ခဏလေးနဲ့ ကုန်အောင် စားလိုက်တာလား။
"ရှောင်ယောင်း စိတ်မပူနဲ့။"
ပိုင်ရှောင်ဖန့်က နဉ်ရှောင်ယောင်း၏လက်ကို လျှာဖြင့် သပ်ပေးလိုက်သည်။
"ငါ နင့်ကို ကာကွယ်ပေးမယ်။ ဝေါင်း..."
နဉ်ရှောင်ယောင်း "..."
နင် လျှော့စားရင် ရပါပြီ။ အသက်တောင်မရှူဘဲ ပန်းသီးတစ်လုံးလုံးကို မျိုချလိုက်တာ။ ဒီအတိုင်းဆို ငါ နင့်ကို မကျွေးနိုင်တော့ဘူး။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၂၈ ။ ငါ အသက်ရှင်ချင်တယ်၊ ဒါကြောင့် နင်သေမှဖြစ်မယ်
သစ်သားသေတ္တာကို သယ်ဆောင်လာသော တမန်တော်သည် မယ်တော်ကြီးရှဲ့ စေလွှတ်လိုက်သူဖြစ်သည့်အတွက် သံဘုရားကျောင်းကို ဝိုင်းရံထားသော စစ်သူကြီးချန်လုသည် သူ့လူများကို ဝင်ခွင့်ပြုစေခဲ့၏။ သူ၏ ယုံကြည်ရသော ဒုတိယဗိုလ်ချုပ်သည် တမန်တော် ဝင်သွားသည်ကို ကြည့်ပြီးမှ မှတ်ချက်ပြုလေသည်။
"အစ်ကိုကြီး၊ ထောင်ယွီက မနက်ဖြန် မြို့တော်ကနေ ထွက်ခွာတော့မယ်။ ဒီမင်းသားဖူက အရှေ့ပိုင်း ကျီဒေသကို လိုက်ပါသွားမယ်လို့ သတင်းကြားတယ်"
ချန်လုသည် ချန်ဖန်း အမည်ရှိသော သူ့လက်အောက်ငယ်သားကို ကြည့်လိုက်၏။
"မင်းက သတင်းရတာ မြန်သားပဲ"
ချန်ဖန်းက မျက်နှာပေါ်တွင် အပြုံးတုတစ်ခုကို အလျင်အမြန် တပ်ဆင်လိုက်လေသည်။
"ထောင်ယွီလိုကောင်က တပ်ကိုဦးဆောင်ခွင့်ရသွားလို့ လူတိုင်း စိတ်မသက်မသာ ဖြစ်နေကြတာပါ။ အစ်ကိုကြီး၊ အမတ်ချုပ်ကြီးဘက်က သတင်းဘာကြားသေးလဲ"
ချန်လု ခေါင်းခါလိုက်၏။
ချန်ဖန်းက ချန်လုအတွက် စိတ်ပူပန်လာလေသည်။
"ဒီတစ်ခေါက် ထောင်ယွီသာ အောင်ပွဲရပြီးပြန်လာရင် ကျုပ်တို့က သူ့ကိုမြင်တာနဲ့ ဦးညွှတ်အရိုအသေပေးရတော့မှာလား။ အစ်ကိုကြီး၊ ထောင်ယွီက ရာထူးတက်တာ အရမ်းမြန်နေပြီ။ ကျုပ်တို့က ဒီမှာပဲ ထိုင်ပြီး ကင်းစောင့်နေရတော့မှာလား"
ချန်လုသည် စကားတစ်ခွန်းမျှမဆိုဘဲ တပ်မှူးတဲဆီသို့ ဦးတည်သွားလေသည်။ ချန်ဖန်း ခေါင်းခါရမ်းလျက် သက်ပြင်းရှည်ကြီး ချလိုက်၏။ ချန်လုသည် တဲထဲသို့ မဝင်ခင် ခေတ္တရပ်တန့်လိုက်ပြီး ရုတ်တရက် နောက်သို့ပြန်လှည့်လာသည်။
"ဟိုတမန်တော် နောက်ကိုလိုက်ပြီး မိဖုရားခေါင်ကို သူဘာပြောလဲဆိုတာ သွားနားထောင်"
"ဟုတ်ကဲ့"
ချန်ဖန်းက တာဝန်လက်ခံပြီး သံဘုရားကျောင်းဆီသို့ ပြေးသွားလေတော့သည်။
.......
မိဖုရားခေါင်ကြီးကျိုးသည် ကျောင်းဆောင်၏ ဧည့်ခန်းမဆောင်တွင် ထိုင်နေပြီး တင်းမားမား၏ခေါင်းကို ငေးငိုင်စွာ ကြည့်ရှုနေလေသည်။ ထို့နောက်မှ မေးမြန်းလိုက်နိုင်၏။
"ရှင် အခု ဘာပြောလိုက်တာလဲ"
တမန်တော်က မယ်တော်ကြီး၏စကားကို ထပ်ပြောပြရပြန်သည်။ မိဖုရားခေါင်ကြီးမှာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ သူမ စကားမပြောနိုင်သလို သေတ္တာထဲမှ ခေါင်းပြတ်ကို ကြည့်နေသော အကြည့်များကိုလည်း လွှဲဖယ်၍မရနိုင်အောင် ဖြစ်နေသည်။
တမန်တော်က ခေါင်းငုံ့အရိုအသေပြုရင်း မေးလိုက်၏။
"မိဖုရားခေါင်ကြီးအနေနဲ့ မယ်တော်ကြီးဆီ ပြန်ပြောပေးဖို့ မှာလိုက်ချင်တာ ရှိပါသေးလား"
မိဖုရားခေါင်ကြီး၏ နှုတ်ခမ်းများ တုန်ရီနေပြီး လည်ချောင်းထဲမှ အသံများ ညှစ်ထုတ်လိုက်ရသည်။
"ထွက်သွားစမ်း"
တမန်တော်သည် မိဖုရားကို ဦးညွှတ်ပြီး အခန်းထဲမှ ဆုတ်ခွာသွားလေသည်။ မိဖုရားခေါင်ကြီး၏ ကျိန်ဆဲသံသည် နဉ်ရှောင်ယောင်း၏ ဓားများ၊ အဆိပ်များနှင့်နှိုင်းယှဉ်လျှင် ပို၍ ယဉ်ကျေးနေသေး၏။ မကြာမီ အခန်းထဲတွင် မိဖုရားခေါင်ကြီးနှင့် သူမ၏အစ်ကိုသာ ကျန်ရစ်တော့သည်။ သူမ အစ်ကိုဖြစ်သူကို ကြည့်လိုက်သည်။ ငိုချင်သော်လည်း မျက်ရည်ကျမလာပေ။
ကျိုးကျွင်းချီ မတ်တတ်ရပ်လိုက်ပြီး သေတ္တာအဖုံးကို ပိတ်လိုက်၏။
"ဒါက အရှင်မင်းကြီးကိုယ်တိုင်လုပ်တာ မဟုတ်လောက်ဘူး။ မယ်တော်ကြီးရဲ့ စကားကို အပြည့်အဝ ယုံလို့မရဘူး"
မိဖုရားသည် သူမ၏ဗိုက်ကို ကာကွယ်သလို ဖက်ထားရင်း သေတ္တာကို တွေဝေငေးမောစွာ စိုက်ကြည့်နေဆဲပင်။
"မနက်ဖြန်ကျရင် အရှင်မင်းကြီးနဲ့ တွေ့ခွင့်ရဖို့ နည်းလမ်းရှိမရှိ အစ်ကို ကြိုးစားကြည့်မယ်"
ထိုစကားကို ကြားသောအခါ မိဖုရားခေါင်ကြီး တုန်လှုပ်သွားပြီး အစ်ကိုဖြစ်သူ၏အင်္ကျီလက်စကို ဆွဲကိုင်လိုက်လေသည်။
"အစ်ကို ဘာမှမလုပ်နဲ့တော့! ကျွန်မတို့ အရှင်မင်းမြတ်ဆီ သွားတွေ့လို့ မဖြစ်တော့ဘူး"
"ညီမလေး! မင်းက မယ်တော်ကြီးရဲ့ စကားကို ယုံလိုက်တာလား"
ကျိုးကျွင်းချီ စိုးရိမ်တကြီး ကြည့်လိုက်၏။
"အဲဒီမိန်းမရဲ့ စကားကို မယုံရဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူ ကျွန်မတို့ကို မလိမ်ခဲ့ဘူးဆိုရင်ရော။ အာဏာထိန်းချုပ်ဖို့အတွက် အရှင်မင်းကြီးက ရှဲ့မျိုးနွယ်စုအပေါ် လုံးဝ ရက်စက်ပြခဲ့တယ်။ ကျိုးမျိုးနွယ်စုရဲ့ စစ်တပ်ကို ရဖို့အတွက်ရော သူဘာမလုပ်ဘဲနေမှာမို့လို့လဲ"
ကျိုးကျွင်းချီမှာ ပြောစရာစကား ပျောက်ရှသွားလေသည်။
"အရှင်မင်းကြီးက ကျွန်မတို့ကို သူ့ဘက်ပါလာအောင် စည်းရုံးလိမ့်မယ်လို့ ကျွန်မတို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ အထင်မှားခဲ့ရင်ရော။ သူ့ရည်ရွယ်ချက်က အစကတည်းက ကျွန်မတို့ရဲ့ စစ်အင်အားကို ဖျက်ဆီးပစ်ဖို့ ဖြစ်နေခဲ့ရင်ရော"
နောက်ဆုံးတွင် မိဖုရားခေါင်ကြီး၏မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး အစ်ကိုဖြစ်သူကို ကြည့်လိုက်လေသည်။
"အရင်တုန်းက ရှဲ့ဝမ်ယွမ် ဘယ်လိုလုပ်ခဲ့လဲဆိုတာ သတိရဦး။ နဉ်ယွီကရော အဲဒီလို မလုပ်ဘူးလို့ ဘယ်လိုသေချာနိုင်မှာလဲ"
ကျိုးကျွင်းချီ၏မျက်နှာမှာ ညှိုးငယ်သွား၏။
"ကျွန်မက မရှိသေးတဲ့အရာတစ်ခုကို ယုံကြည်နေတာထက်စာရင် မျက်စိရှေ့မှာ မြင်နေရတဲ့အရာကိုပဲ ယုံလိုက်တော့မယ်"
မိဖုရားခေါင်ကြီးသည် ကိုယ့်ဘာသာ ရေရွတ်လိုက်ပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူမသည် ကျိုးကျွင်းချီ၏လက်များကို ဆုပ်ကိုင်ထားလိုက်သည်။
"အစ်ကိုကြီး၊ ကျွန်မတို့ ဒီကနေ ထွက်သွားမှ ဖြစ်မယ်။ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး"
ကျိုးကျွင်းချီက မိဖုရားခေါင်ကြီးကို ကုလားထိုင်ပေါ်သို့ ပြန်ထိုင်စေလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။
"ငါတို့ ထွက်သွားလို့ မရတော့ဘူး"
သူက ဒုက္ခိတတစ်ယောက် ဖြစ်နေသလို၊ မိဖုရားခေါင်ကြီးသည် ကိုယ်ခံပညာတတ်ကျွမ်းသော်လည်း ယခုအခါ ကိုယ်ဝန်နှင့် ဖြစ်နေသည်။ သူတို့တွင် မဟာမိတ်ဟူ၍ မရှိသလို၊ ပြင်ပကမ္ဘာတွင် ဘာတွေဖြစ်ပျက်နေသည်ကိုလည်း မသိရပေ။ ထိုသို့အခြေအနေမျိုးနှင့် သူတို့ ဘယ်လိုလုပ်ထွက်ပြေးနိုင်မှာလဲ။
"ဟုတ်သားပဲ... ထွက်သွားလို့ မရတော့ဘူး။ အရှင်မင်းကြီးက ကျွန်မတို့ကို သတ်ချင်နေတာ၊ ကျွန်မတို့ ထွက်ပြေးရင် အားရွှီကို ဒုက္ခပေးလာရင် ဘယ်လိုလုပ်မလဲ။ မဟုတ်သေးဘူး..."
သူမ ခေါင်းခါလိုက်၏။
"အရှင်မင်းကြီးက အားရွှီကို သေချာပေါက် ဒုက္ခပေးတော့မှာ။ အစ်ကိုကြီး၊ ကျွန်မတို့ ဒီနေရာကနေ ထွက်သွားပြီး ဖြစ်ပျက်နေတာတွေကို အားရွှီဆီ ပြောပြမှဖြစ်မယ်။ အဲဒီလိုမှ မဟုတ်ရင် လိမ်ညာတတ်တဲ့ ရှဲ့ဝမ်ယွမ်က လိုကျစ်ကွေ့ကို လှည့်စားခဲ့သလို အရှင်မင်းကြီးကလည်း အားရွှီကို လှည့်စားလိမ့်မယ်။ အားရွှီသာ အလိမ်ခံရပြီး မြို့တော်ကို ပြန်လာခဲ့ရင် သူသေချာပေါက် သေရလိမ့်မယ်။ ဒ-ဒါပေမဲ့ ကျွန်မတို့ ဒီကနေ ဘယ်လို ထွက်သွားကြမလဲ"
မိဖုရားခေါင်ကြီး၏ စိတ်နဲ့လူနဲ့ မကပ်သည့်ပုံစံကြောင့် သခင်လေးကျိုး ပို၍ စိတ်မသက်မသာ ဖြစ်လာရသည်။ ယခုအချိန်တွင် မောင်နှမနှစ်ယောက်စလုံး လမ်းပျောက်နေသကဲ့သို့ ခံစားနေကြရ၏။ မိဖုရားခေါင်ကြီးသည် အချိန်ကြာမြင့်စွာ ငိုကြွေးနေပြီးနောက် ရုတ်တရက် တင်းမားမား၏ ခေါင်းထည့်ထားသော သေတ္တာကို ပွေ့ဖက်လိုက်သည်။ မျက်ရည်များကို သုတ်လိုက်ရင်း သူမ မေးလိုက်၏။
"မယ်တော်ကြီးက ဘာလို့ တင်းမားမားကို ဒီလိုလုပ်ရတာလဲ"
ထိုစကားကြောင့် ကျိုးကျွင်းချီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
"မယ်တော်ကြီးက ကျွန်မတို့ကို သူ့ဘက်ပါလာအောင် ဆွဲဆောင်နေတာလား"
ကျိုးကျွင်းချီ ခေါင်းဖြည်းဖြည်းချင်း ညိတ်လိုက်၏။
"သူက ကျွန်မတို့ကို သူ့ဘက်ကနေပြီး အရှင်မင်းကြီးကို ပြန်တိုက်ခိုက်စေချင်တာပဲ"
"မင်း အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီး ဘယ်သူ့ကို ယုံလဲ။ တစ်ယောက်ပဲ ရွေးလို့ရမယ်"
မိဖုရားခေါင်ကြီး ဘယ်လိုများဆုံးဖြတ်မလဲ။
ကျိုးကျွင်းချီက သူမလက်ထဲမှ သေတ္တာကို ယူလိုက်ပြီး ပြတင်းပေါက်ဘေးရှိ လက်ဖက်ရည်ပွဲခုံပေါ် တင်လိုက်သည်။
"တင်းမားမား အနားယူဖို့ နေရာတစ်ခု ငါရှာလိုက်ပါမယ်။ သူ့ကို တောထဲမှာ လှည့်လည်သွားလာနေတဲ့ တစ္ဆေဖြစ်အောင် ပစ်ထားတာထက်စာရင် ဘုရားကျောင်းထဲမှာ မြှုပ်နှံပေးတာက ပိုကောင်းပါတယ်"
"ဒါဆို နောက်ကျရင် ကျွန်မတို့ကို ဘယ်သူက မြှုပ်နှံပေးမှာလဲ"
မိဖုရားခေါင်ကြီး၏စကားကြောင့် ကျိုးကျွင်းချီ၏လက်များ တုန်ရီသွား၏။
"မယ်တော်ကြီးရော ဧကရာဇ်ရော... ကျွန်မ ဘယ်သူ့ကိုမှ မယုံဘူး"
"ဒါဆိုရင် ငါတို့အသက်ကို မသတ်မယ့်သူကို ရွေးချယ်ရမယ်"
ကျိုးကျွင်းချီ သူမဘေးသို့ ပြန်လျှောက်လာခဲ့သည်။
မိဖုရားသည် ခေတ္တမျှ ငေးငိုင်နေပြီးမှ သူမ၏ ဆူထွက်နေသော ဗိုက်ကို ငုံ့ကြည့်လိုက်သည်။ သူမ အံကိုကြိတ်လိုက်ပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။
"နဉ်ယွီ သေသွားရင် ရှဲ့ဝမ်ယွမ်က နဉ်ရှင်းကို ဧကရာဇ် တင်မြှောက်လိမ့်မယ်။ နန်းတွင်းစည်းမျဉ်းအရ ဧကရာဇ်က ငယ်ရွယ်နေသေးရင် မယ်တော်က သေဆုံးပေးရမယ်။ အဲဒီကျရင် မယ်တော်ကြီးလည်း သေရမှာပဲ"
မိဖုရားခေါင်ကြီး၏စကားကြောင့် ကျိုးကျွင်းချီ ရင်ထဲ ထိတ်လန့်သွားရသည်။
"အမတ်ချုပ်ကြီးက အရှင်မင်းကြီးကို သတ်ချင်နေတယ်။ ဒါပေမဲ့ မယ်တော်ကြီးကတော့ အရှင်မင်းမြတ်ကို နာခံမှုရှိစေချင်ရုံပဲ။ အခု အဲဒီမိန်းမက အရှင်မင်းကြီးကို ဒုက္ခပေးဖို့ ကျွန်မတို့ကို ဆွဲဆောင်နေတယ်။ ဒါဆို ကျွန်မ..."
"မင်း ဘာတွေပြောနေလဲဆိုတာ သိရဲ့လား!"
"မယ်တော်ကြီးရဲ့ အကြံကို ကျွန်မတို့ ပြန်လှည့်စားလို့ ရတယ်။ အခု မြို့တော်မှာ မျိုးနွယ်စုဝင်တွေ အကုန်ရှိနေတာ။ အရှင်မင်းကြီး သေဆုံးသွားတာနဲ့တပြိုင်နက် ရှဲ့ဝမ်ယွမ်က အတိုက်အခံ သိပ်မရှိဘဲ နဉ်ရှင်းကို ဧကရာဇ်အသစ် တင်မြှောက်နိုင်လိမ့်မယ်။ အဲဒီကျရင် မယ်တော်ကြီးက သူ့အသက်ရှင်သန်ရေးအတွက် အလုပ်ရှုပ်နေလိမ့်မယ်။ သူတို့နှစ်ယောက်စလုံး ကျွန်မတို့ကို ဂရုစိုက်ချိန် ရမှာမဟုတ်တော့ဘူး။ အစ်ကိုကြီး၊ အဲဒီအချိန်ကျရင် ကျွန်မတို့ ထွက်ပြေးလို့ ရပြီမဟုတ်လား"
ကျိုးကျွင်းချီသည် သူစိမ်းတစ်ယောက်ကို ကြည့်သကဲ့သို့ ညီမဖြစ်သူကို စိုက်ကြည့်နေမိ၏။
"အကယ်၍ ရှဲ့ဝမ်ယွမ်ကသာ ထီးနန်းလုချင်ခဲ့ရင် ဒီနေရာကိုစောင့်ဖို့ ချန်လုကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး။ မဟုတ်ဘူး... မဟုတ်ဘူး... အဲဒါ မဟုတ်သေးဘူး..."
မိဖုရား ရုတ်တရက် စိတ်ပြောင်းသွားပြန်သည်။
"မိဖုရားခေါင်ကြီးက ကျွန်မကို ကူညီစေချင်ရင် နန်းတော်ထဲ ပြန်ခေါ်လိမ့်မယ်။ ကျွန်မ မကူညီခင် ကျွန်မဘက်က တောင်းဆိုချက်တွေကို ပြောရမယ်။ ဥပမာ- အစ်ကိုကြီးကို သံဘုရားကျောင်းကနေ လွှတ်ပေးဖို့ပေါ့။ ဒီနည်းနဲ့ နန်းတော်နဲ့ မြို့တော် ဖရိုဖရဲဖြစ်သွားတဲ့အချိန်ကျရင် ကျွန်မတို့နှစ်ယောက် ထွက်ပြေးလို့ရပြီ"
"မင်း အရှင်မင်းမြတ်ကို သတ်ချင်တာလား"
ကျိုးကျွင်းချီက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"မင်းက ဧကရာဇ်ကိုလုပ်ကြံမှု ကျူးလွန်ချင်တာလား"
ထိုစကားကြောင့် မိဖုရားခေါင်ကြီး နောက်တွန့်သွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်တင်းကာ ပြန်ပြောလိုက်၏။
"ကျွန်မတို့ ကျိုးမျိုးနွယ်က တိုင်းပြည်ကို သစ္စာရှိရှိ အမှုထမ်းခဲ့ပေမယ့် ကျွန်မတို့ ဘာပြန်ရခဲ့လို့လဲ။ ဒါက နဉ်ယွီ ကံဆိုးတာပဲ ရှိတာပါ။ ဘယ်သူက သူ့ကို ဧကရာဇ်လုပ်ခိုင်းလို့လဲ။ ကျွန်မ အသက်ရှင်ချင်တယ်။ ကျွန်မရယ်၊ အစ်ကိုကြီးရယ်၊ အားရွှီရယ် အားလုံး အကောင်းပကတိ အသက်ရှင်ချင်တယ်။ နဉ်ယွီက ကျွန်မလမ်းကို ပိတ်ဆို့နေတယ်ဆိုရင် သူက... သူက သေမှဖြစ်မယ်!"
....
"ဒါဆို နင်သေမှ ဖြစ်မယ်!"
လေးနာရီခန့် ကြာပြီးနောက် လောင်တသည် နဉ်ရှောင်ယောင်း၏အိပ်ဆောင်ထဲတွင် မိဖုရားခေါင်ကြီး၏ပုံစံကို တုပကာ ပြောဆိုနေလေသည်။
"မိဖုရားခေါင်ကြီးက မင်းကို ချက်ချင်းသေစေချင်နေတာ၊ ညောင်"
နဉ်ရှောင်ယောင်း ခံစားချက်ကို ဖော်ပြရန် စကားလုံးပင် ရှာမရဖြစ်နေ၏။ မင်း အသက်ရှင်ချင်လို့ ငါက သေပေးရမယ် ဟုတ်လား။ ဒါ ဘယ်လိုယုတ္တိဗေဒကြီးလဲ။ မိဖုရားခေါင်ကြီးက အသေးစိတ်တောင် ဘာမှမမေးဘဲ ငါ့ကို သေမိန့်ပေးလိုက်တာပဲ။ ဘာမို့လို့လဲ!
"အခု ငါတို့ ဘာလုပ်ကြမလဲ။ ဒီကြောင်လည်း အကြံကုန်နေပြီ"
လောင်တ၏ ခေါင်းလေးမှာ ဝမ်းနည်းပက်လက်ဖြင့် အောက်စိုက်ကျသွား၏။
နဉ်ရှောင်ယောင်း ကုတင်ပေါ် လှဲချလိုက်ပြီး ခေါင်းကိုကိုင်ကာ လူးလှိမ့်နေလိုက်သည်။ သူမတွင်လည်း အကြံမရှိပေ။ ဖောင့်ဇီက သူမနောက်မှ ကုတင်ပေါ် ခုန်တက်လိုက်ပြီး သူမမျက်နှာကို ကုတ်ဖဲ့လိုက်သည်။
"တင်းမားမားကို မင်းသတ်တာမဟုတ်ဘူးလို့ မိဖုရားခေါင်ကြီးဆီ သွားပြောလိုက်ပါလား"
"မင်းရဲ့ စစ်သေနာပတိချုပ်က ပြောတယ်လေ၊ မိဖုရားခေါင်ကြီးကို ငါ့ဆီ လာပြီး ဒုက္ခပေးပါစေဦးတဲ့။ ပြီးမှ သူ့အပြစ်ကို ကိုင်ပေါက်ပြီး သူ့ရဲ့ စစ်သူကြီးရွှီ လာကယ်အောင် လုပ်ခိုင်းမလို့လေ"
လောင်တက "ငါ နားမလည်တော့ဘူး"
နဉ်ရှောင်ယောင်းက ကြောင်နက်ကြီး၏ တောက်ပသော မျက်လုံးစိမ်းများကိုကြည့်ကာ ခေါင်းပေါ်မှ နူးညံ့သော အမွေးများကို ပွတ်သပ်ပေးလိုက်သည်။
"ဒါက လူတွေရဲ့စိတ်ရင်းကို ဖတ်ရတဲ့ ပြဿနာပဲ။ တကယ်တော့ ငါလည်း သိပ်နားမလည်ဘူး"
ဖုတ်ကောင်တွေကို ခုတ်ပိုင်းတုန်းက သူမအသက်အန္တရာယ်ရှိခဲ့ပေမယ့် အခုလိုတော့ စိတ်မပင်ပန်းခဲ့ရပေ။
လောင်တ၏မျက်လုံးများ အရောင်လက်သွားပြီး စဉ်းစားလိုက်၏။
"ဒါဆို စစ်သေနာပတိချုပ် စကားကိုပဲ နားထောင်လိုက်ပါ"
နဉ်ရှောင်ယောင်း နှုတ်ခမ်းဆူလိုက်သည်။ ငါက သူ့စကား နားထောင်နေတာ မဟုတ်လို့လား။
"မိဖုရားခေါင်ကြီးက လူကောင်းမဟုတ်ဘူး။ သူ့အစေခံကို မင်းသတ်တာ ဟုတ်မဟုတ်တောင် ဂရုမစိုက်ဘဲ မင်းကို သေစေချင်နေတာ။ သူက မိန်းမဆိုးပဲ"
လောင်တက နဉ်ရှောင်ယောင်း၏ ခေါင်းဘေးတွင် ဝင်အိပ်လိုက်သည်။
"အဲဒီလိုလည်း ပြောလို့မရသေးပါဘူး။ သူက သူ့အစ်ကိုကြီးနဲ့ စစ်သူကြီးရွှီအတွက် လုပ်နေတာလေ။ ဟုတ်တယ်၊ သူက ငါ့အပေါ် အရမ်းရက်စက်တာ မှန်ပေမယ့် သူဘယ်လိုခံစားနေရလဲဆိုတာကိုတော့ နားလည်ပေးလို့ ရပါသေးတယ်။ လူသားတွေမှာ သံယောဇဉ် အနီးအဝေးဆိုတာ ရှိတယ်မဟုတ်လား"
လောင်တက လည်ချောင်းထဲမှ မာန်ဖီသံပြုလိုက်ပြီး နဉ်ရှောင်ယောင်း၏မျက်နှာကို လျှာဖြင့် လျက်ပေးလိုက်သည်။
"ဒါဆို မိဖုရားခေါင်ကြီးကိစ္စ မေ့လိုက်တော့။ သူ့မှာ စစ်သူကြီးရွှီ ရှိသလို မင်းမှာလည်း စစ်သေနာပတိချုပ် ရှိတာပဲ။ မင်းရဲ့ ယောကျ်ားအတွက်ပဲ စိတ်ပူနေလိုက်ပါတော့၊ ညောင်"
နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်၏။
"ငါက သူ့အတွက် ဘာစိတ်ပူရမှာလဲ"
"စစ်သေနာပတိချုပ်ရဲ့ အစ်ကိုကြီးလေ"
လောင်တ သတိပေးလိုက်သည်။
"ငါအခု လောလောဆယ် ဝံပုလွေဖြူတောင်ကြားကို သွားလို့မရသေးဘူး။ စစ်သေနာပတိချုပ်လည်း ထွက်သွားလို့မရဘူး။ နောက်မှပဲ လုပ်ရမှာပေါ့"
"ဒါဆိုရင်..."
ဖောင့်ဇီ အကြာကြီး စဉ်းစားလိုက်သည်။
"ဒါဆိုရင် မင်း စစ်သေနာပတိချုပ်အတွက် ကလေးမွေးပေးလိုက်ပါလား"
နဉ်ရှောင်ယောင်း မျက်လုံးမှိတ်ထားလိုက်တော့သည်။ ဗိုက်ကြီးတစ်လုံးနဲ့ ညီလာခံတက်ရမယ် ဟုတ်လား။ အဲဒီကျရင် အကြီးအကဲလီ သေချင်သွားမှာ သေချာတယ်။
တစ်ချိန်တည်းတွင် လိုကျစ်ကွေ့၏အခန်း၌ ဖယောင်းတိုင်မီး မှိန်ပြပြ လင်းလက်နေ၏။ တစ်ဝက်ဖွင့်ထားသော ပြတင်းပေါက်မှ ညလေပြည် ဝင်ရောက်လာပြီး မီးတောက်ကို လှုပ်ခတ်သွားစေကာ သူ့မျက်နှာပေါ်တွင် အရိပ်များ လှုပ်ရှားသွားစေသည်။
"ငါ နားလည်ပြီ။ မင်းပြန်သွားပြီး မင်းရဲ့စစ်သူကြီးကို ပြောလိုက်၊ မိဖုရားခေါင်ကြီးနဲ့ ကျိုးကျွင်းချီ ဘာပဲလုပ်လုပ် သူက ဘေးကနေပဲ ရပ်ကြည့်နေပါလို့"
လိုကျစ်ကွေ့က သူ့ရှေ့တွင် ရပ်နေသော လူကို ပြောလိုက်၏။
ထိုလူက အမိန့်ကို နာခံကြောင်း အသံပြုပြီး အခန်းထဲမှ အလျင်အမြန် ဆုတ်ခွာသွားလေသည်။ အပြင်ဘက်တွင် စောင့်ကြပ်နေသော စစ်သူကြီးနှစ်ဦးသည် ထိုလူ ခြံဝင်းထဲမှ ပြေးထွက်သွားသည်ကို ကြည့်နေစဉ် အတွင်းဘက်မှ စစ်သေနာပတိချုပ် စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်သည့်အသံကို ကြားလိုက်ရသည်။ သူတို့ အချင်းချင်းကြည့်လိုက်ကြသော်လည်း နှုတ်ဆိတ်နေကြ၏။
တုန်ခါနေသော ဖယောင်းတိုင်မီးရောင်အောက်တွင် လိုကျစ်ကွေ့သည် စားပွဲကို ထုရိုက်ထားသော လက်သီးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ့မျက်လုံးများမှာ ရက်စက်မှုတို့ဖြင့် စူးရှနေပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်လေသည်။
"ကျိုးမျိုးရိုး၊ မင်း အသက်ရှင်ချင်တာနဲ့ ရှောင်ယောင်းက သေပေးရမယ် ဟုတ်လား"
အကယ်၍သာ ထိုသို့ဖြစ်လာခဲ့ပါက ရှောင်ယောင်း ဘေးကင်းစေရန်အတွက် ကျိုးမောင်နှမနှစ်ယောက်ကို သတ်ပြီး ရှဲ့ဝမ်ယွမ်အပေါ် လွှဲချလိုက်ရုံသာရှိသည်။ မောင်နှမနှစ်ယောက် သေပြီးသွားလျှင် သူ့ကို ရက်စက်သည်ဟု အပြစ်တင်နိုင်ကြတော့မည် မဟုတ်ပေ။
"စစ်သေနာပတိချုပ်"
အပြင်ဘက်မှ စစ်သူကြီးတစ်ဦးက တိုးညှင်းစွာ လှမ်းခေါ်လိုက်သည်။
"ဘာကိစ္စလဲ"
"တင်းမားမားရဲ့ ခေါင်းပြတ်အလောင်းကို တွေ့ပါပြီ။ ဒါပေမဲ့ ပုပ်ပွနေပါပြီ"
လိုကျစ်ကွေ့ မတ်တတ်ထရပ်လိုက်ပြီး တံခါးတွန်းဖွင့်လိုက်သည်။ ထို့နောက် ဗိုလ်ချုပ်အား လေသံနိမ့်ဖြင့် ပြောလိုက်၏။
"သမားတော်ကောကို သွားခေါ်လိုက်"
***