← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 15 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 15 Ch. 231-232

အခန်း ၂၃၁ ။ ရန်သူ မသေမချင်း အထိန်းတော် မျက်လုံးပိတ်မှာ မဟုတ်ဘူး

နဉ်ရှောင်ယောင်း ချီလင်သကြားရုပ်ကို ကျေနပ်အားရစွာ စားသောက်နေချိန်တွင် သံဘုရားကျောင်း၌ ကျိုးကျွင်းချီသည် ပေါက်ပြားကို ချလိုက်သည်။ ကိုရင်လေးနှစ်ဦးက တင်းမားမား၏ အလောင်းကို ကျင်းထဲသို့ ထည့်ပေးလိုက်ကြသည်။

မိဖုရားခေါင်ကြီးသည် ကျင်းဘေးတွင် ရပ်ကြည့်နေသည်။ တင်းမားမား၏ ခေါင်းပြတ်ကို ဘုန်းကြီးများက ကိုယ်လုံးနှင့် ပြန်ဆက်ပေးထားသည်။ ခေါင်းနဲ့ကိုယ် တခြားစီဖြစ်နေတာထက်စာရင် ကြည့်ပျော်ရှုပျော် ရှိသွားသည်။ သို့သော် တင်းမားမားခမျာ သေသွားတာတောင် ခေါင်းချစရာ ခေါင်းတလားမရှိရှာဘူးဆိုတဲ့အတွေးက မိဖုရားခေါင်ကြီးကို ဝမ်းနည်းစေသည်။

ကျိုးကျွင်းချီ ကျင်းထဲမှ ခုန်တက်လာပြီး ကိုရင်လေးနှစ်ပါးကို လက်ဆွဲတင်ပေးလိုက်သည်။

"ဒကာကြီး၊ ကျန်တာကို ကူညီပေးရဦးမလား" ဟု ကိုရင်လေးတစ်ပါးက မေးလိုက်သည်။

ကျိုးကျွင်းချီ ခေါင်းခါလိုက်သည်။

"ကျန်တာကို ကျွန်တော်တစ်ယောက်တည်း လုပ်လိုက်ပါမယ်။ ကျေးဇူးတင်ပါတယ်။"

ကိုရင်လေးနှစ်ပါး ဆုတောင်းပေးပြီး ထွက်ခွာသွားကြသည်။

သူတို့ထွက်သွားသည်နှင့် ကျိုးကျွင်းချီက မိဖုရားခေါင်ကြီးကို ပြောလိုက်သည်။

"မဝမ်းနည်းပါနဲ့တော့။ ငါတို့ တင်းမားမားကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ရအောင်။"

မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။

ကျိုးကျွင်းချီ ပေါက်ပြားကို ပြန်ကိုင်လိုက်သည်။

ထိုအချိန်တွင် မိဖုရားခေါင်ကြီး ရင်ခွင်ထဲမှ သစ်သားဆံထိုးတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါကို တင်းမားမားနဲ့အတူ ထည့်ပေးရမယ်။"

ကျိုးကျွင်းချီ ကြည့်လိုက်တော့ မနေ့ညက မိဖုရားခေါင်ကြီးကိုယ်တိုင် တင်းမားမား၏လည်ပင်းမှ ဆွဲထုတ်ထားသော ဆံထိုးဖြစ်နေသည်။

"ဒါ ကျွန်မ ငယ်ငယ်တုန်းက တင်းမားမားကို လက်ဆောင်ပေးထားတာ။"

မိဖုရားခေါင်ကြီး ဆံထိုးကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"တင်းမားမားက ဒါလေးကို အမြဲတမ်း ဆောင်ထားရှာတာ။ သူ ကျွန်မနားမှာ တစ်ချိန်လုံး ရှိနေပေးခဲ့တာ။ အခုတော့... သူ ကောင်းကောင်းမွန်မွန် မသေရရှာဘူး။"

ကျိုးကျွင်းချီ ပေါက်ပြားကို ချလိုက်ပြီး မိဖုရားခေါင်ကြီးကို လက်ကမ်းပေးလိုက်သည်။

"ဆံထိုးကိုပေးလိုက်။ ပြီးတော့ ဘာမှ ဆက်မတွေးနဲ့တော့။"

မိဖုရားခေါင်ကြီး ဆံထိုးကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးမှ အစ်ကိုဖြစ်သူလက်ထဲ ထည့်ပေးလိုက်သည်။

ကျိုးကျွင်းချီ ဆံထိုးကို တင်းမားမားအလောင်းဘေးတွင် ချထားလိုက်ပြီး ကျင်းထဲမှ ပြန်တက်လာသည်။ လက်တစ်ဖက်တည်း အလုပ်လုပ်ရသဖြင့် မြေဖို့ရန် နာရီဝက်ခန့် ကြာမြင့်သွားသည်။

မိဖုရားခေါင်ကြီး ဘေးကနေ ရပ်ကြည့်နေသည်။ မျက်ဝန်းများ မှိုင်းညို့နေသည်။ တင်းမားမား၏ ကျေးဇူးတရားများကို တွေးမိလေ၊ အရှင်မင်းကြီး၊ မယ်တော်ကြီးနှင့် အမတ်ချုပ်ကြီးတို့ကို မုန်းတီးလေ ဖြစ်လာသည်။ ဒီမိသားစုတစ်ခုလုံး သေသင့်တယ်။

မြေပုံရှေ့တွင် အမွှေးတိုင် သုံးတိုင် ထွန်းညှိပြီးနောက် ကျိုးကျွင်းချီ တင်းမားမားကို ကန်တော့ရန် ပြင်လိုက်သည်။

"အလကားပဲ။"

မိဖုရားခေါင်ကြီး အေးစက်စွာ ပြောလိုက်သည်။

"ဘာ..."

ကျိုးကျွင်းချီ လှည့်ကြည့်လိုက်သည်။

"ရန်သူတွေ မသေမချင်း တင်းမားမား မျက်လုံးမှိတ်နိုင်မှာ မဟုတ်ဘူး။"

ကျိုးကျွင်းချီ စကားမပြောနိုင်တော့ပေ။

မိဖုရားခေါင်ကြီး တရားထိုင်ဆောင်ဘက်သို့ လျှောက်သွားသည်။ ခြေလှမ်းများ မြန်ဆန်နေသည်။

ကျိုးကျွင်းချီ အနောက်မှလိုက်သွားပြီး မိဖုရားခေါင်ကြီးလက်ကို ဆွဲထားလိုက်သည်။

"မင်း ဘာလုပ်ချင်လို့လဲ။"

"စောင့်မယ်။"

မိဖုရားခေါင်ကြီး ပြောလိုက်သည်။

"မယ်တော်ကြီး ကျွန်မကို နန်းတော်ထဲ ပြန်ခေါ်မယ့်အချိန်ကို စောင့်မယ်။"

.....

နဉ်ရှောင်ယောင်း ချီလင်ကောင်သကြားရုပ်ကို ကိုက်ဝါးလိုက်သည်။ ခဏလေးအတွင်းမှာပင် ဗိုက်ထဲ ရောက်သွားသည်။ လိုကျစ်ကွေ့လက်ထဲမှ ပန်းခြင်းသကြားရုပ်ကို လှမ်းကြည့်လိုက်သည်။

"စားလေ။"

လိုကျစ်ကွေ့ ကမ်းပေးလိုက်သည်။

"မစားပါဘူး။ ရပါတယ်။"

ပါးစပ်က ငြင်းနေပေမယ့် မျက်လုံးတွေကတော့ သကြားရုပ်ဆီက မခွာနိုင်ပေ။

"ကျွန်တော် အချိုမကြိုက်ဘူး။"

လိုကျစ်ကွေ့ ပြောလိုက်သည်။ လမ်းတစ်လျှောက်လုံး ဒီသကြားရုပ်ကို ကိုင်လာရတာ နေရခက်နေပြီ။

"ဒါဆိုရင်တော့ အားမနာတော့ဘူးနော်။"

နဉ်ရှောင်ယောင်း ယူစားလိုက်သည်။ ချိုလိုက်တာ... စားလို့ကောင်းလိုက်တာ။

"ဖန်းထန်က ဒီနေ့နေ့လည် မင်းသားကျီနဲ့အတူ မြို့တော်က ထွက်သွားပြီ။"

လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော် လူလွှတ်ပြီး မင်းသားကျီကို ပြောလိုက်တယ်။ အရှင်မင်းကြီးကို လာနှုတ်ဆက်စရာ မလိုပါဘူးလို့။"

"ဪ..."

နဉ်ရှောင်ယောင်း သကြားရုပ်ကို အာရုံစိုက် စားနေသည်။

"ကျွန်တော့်သဘောနဲ့ကျွန်တော် စီစဉ်လိုက်တာ စိတ်မဆိုးဘူးမလား။"

"မဆိုးပါဘူး။ စစ်သေနာပတိချုပ်၊ နောက်ထပ် ဘာသွားစားကြမလဲ။"

လိုကျစ်ကွေ့ "..."

ငါပြောတာ အလကားပဲလား။

"စစ်သူကြီးထောင် စစ်နိုင်မှာပါ။"

နဉ်ရှောင်ယောင်းက ရုတ်တရက် ပြောလိုက်သည်။

"သေချာပေါက် နိုင်မှာပါ။"

လိုကျစ်ကွေ့ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်။"

"ကျွန်မ သူ စစ်နိုင်မယ့် သတင်းကောင်းကို စောင့်နေမယ်။"

နဉ်ရှောင်ယောင်း သကြားရုပ်ကို ပါးစပ်ထဲ အကုန်ထည့်လိုက်သည်။ မနက်ဖြန်ကျရင် သတင်းကောင်း ကြားရပါစေလို့ ဆုတောင်းလိုက်သည်။

.....

"အမတ်ချုပ်ကြီး၊ ဒုတိယသခင်လေး စစ်တပ်ထဲ ပါသွားပြီ။ ဘယ်လိုလုပ်မလဲ။"

အမတ်ချုပ်ကြီးဘက်တော်သား တစ်ဦးက မေးလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့က စကားလုံးတစ်လုံးတည်း ပြန်ဖြေလိုက်သည်။

"စောင့်မယ်။"

မိဖုရားခေါင်ကြီးက နဉ်ယွီကို ဘယ်လိုသတ်မလဲဆိုတာ စောင့်ကြည့်ရမယ်။

.......

ဒီလိုနဲ့ မိဖုရားခေါင်ကြီးက စောင့်မယ်လို့ ပြောတယ်။ အရှင်မင်းကြီးက စောင့်မယ်လို့ ပြောတယ်။ အမတ်ချုပ်ကြီးကလည်း စောင့်မယ်လို့ ပြောတယ်။ အားလုံး တညီတညွတ်တည်း စောင့်ဆိုင်းနေကြတာ တစ်လကြာသွားခဲ့သည်။

တစ်လကြာပြီးနောက် ညီလာခံတစ်ခုတွင် နဉ်ရှောင်ယောင်းသည် အိပ်ချင်မူးတူးဖြင့် အကြီးအကဲလီ တင်ပြနေသည်များကို နားထောင်နေသည်။ ထိုစဉ် ညီလာခံခန်းမအပြင်ဘက်မှ အရာရှိတစ်ဦး အော်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ကျီးတုန်းဒေသက စစ်သတင်း ရောက်လာပါပြီ။"

"မြန်မြန်... သတင်းပို့တဲ့လူ ဝင်လာခိုင်းလိုက်။"

အိပ်ချင်နေသော နဉ်ရှောင်ယောင်း ချက်ချင်း လန်းဆန်းသွားသည်။

ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးသည် စစ်သတင်းပို့စာလွှာကို ကိုင်ဆောင်လျက် ခေါင်းငုံ့ပြီး ဝင်ရောက်လာသည်။

ယင်းဖုန်းက သတင်းပို့စာလွှာကို ယူပြီး နဉ်ရှောင်ယောင်းကို ဆက်သလိုက်သည်။

နဉ်ရှောင်ယောင်း သတင်းပို့စာလွှာကို ဖွင့်ဖတ်လိုက်သည်။ အသေးစိတ်ကို မဖတ်ဘဲ 'နိုင်တယ်'၊ 'အောင်မြင်တယ်' ဆိုတဲ့ စကားလုံးတွေကိုပဲ လိုက်ရှာလိုက်သည်။ တွေ့လိုက်ရသောအခါ လက်ခုပ်တီးပြီး ပြောလိုက်သည်။

"စစ်သူကြီးထောင် နိုင်ပြီ!"

"ဂုဏ်ယူပါတယ် အရှင်မင်းကြီး။"

အမတ်မင်းများ ဒူးထောက်ပြီး ဂုဏ်ပြုလိုက်ကြသည်။

"ထကြ။ ဒါ အားလုံး ဝမ်းသာရမယ့်ကိစ္စပဲ။"

အကြီးအကဲလီက "သူပုန်တွေ ဆုတ်ခွာသွားပြီလား။"

"အဲ..."

နဉ်ရှောင်ယောင်း သတင်းပို့စာလွှာကို ပြန်ဖတ်လိုက်သည်။

"သူပုန်တွေ ဆုတ်ခွာသွားပြီ။ စစ်သူကြီးထောင်က မြို့ ၁၀ မြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပြီ။ နောက်ထပ် ၉ မြို့ ကျန်သေးတယ်။ အဲဒါတွေကိုလည်း မကြာခင် ပြန်သိမ်းပိုက်နိုင်မယ်လို့ စစ်သူကြီးထောင်က ပြောတယ်။"

အကြီးအကဲလီ ခေါင်းညိတ်လိုက်သည်။

"ထောင်ယွီက စစ်ရေးစွမ်းရည် ရှိတာပဲ။"

"ဟုတ်တယ်၊ စစ်သူကြီးထောင်က တော်တယ်။"

နဉ်ရှောင်ယောင်း ထောက်ခံလိုက်သည်။

အမတ်ချုပ်ကြီးဘက်တော်သားများမှလွဲ၍ ကျန်အမတ်မင်းများအားလုံး ထောင်ယွီကို ချီးကျူးလိုက်ကြသည်။

နဉ်ရှောင်ယောင်း သတင်းပို့စာလွှာကို ဖတ်ပြီးသောအခါ ယင်းဖုန်းကို ဖတ်ပြခိုင်းလိုက်သည်။

ယင်းဖုန်း အသံကျယ်ကြီးဖြင့် ဖတ်ပြလိုက်သည်။

နဉ်ရှောင်ယောင်းသည် ထောင်စစ်တုန်းကို လှမ်းကြည့်လိုက်သည်။ ထောင်စစ်တုန်း၏မျက်နှာသည် အနီရောင်မှ ခရမ်းရောင်၊ ထိုမှတဆင့် ဖြူဖျော့သွားသည်။ နဉ်ရှောင်ယောင်း ကျေနပ်သွားသည်။

"အမတ်မင်းထောင်၊ ဘယ်လို ခံစားရလဲ။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

အားလုံးက ထောင်စစ်တုန်းကို ကြည့်လိုက်ကြသည်။ ထောင်စစ်တုန်း ခေါင်းငုံ့ထားပြီး ဘာမှပြန်မပြောနိုင်ပေ။

အကြီးအကဲလီ နှာခေါင်းရှုံ့လိုက်သည်။

"ထောင်စစ်တုန်း၊ အရှင်မင်းကြီး မေးနေတာ မကြားဘူးလား။ မသိရင် မသိဘူး ပြောလေ။ ဘာလို့ တိတ်နေတာလဲ။"

"ကိစ္စမရှိပါဘူး။"

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"အမတ်မင်းထောင် စဉ်းစားပါစေဦး။ ကျွန်တော် မလောပါဘူး။"

ထောင်စစ်တုန်း မတတ်သာဘဲ အကြီးအကဲလီ ပြောသလို ပြောလိုက်ရသည်။

"ထောင်ယွီက စစ်ရေးစွမ်းရည် ရှိပါတယ်။"

အမတ်ချုပ်ကြီးရှဲ့ ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ အရည်အချင်းရှိတိုင်း ကိုယ်ကျင့်တရား ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။"

"ဟဲဟဲ..."

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"အမတ်ချုပ်ကြီးက ကိုယ်ကျင့်တရားအကြောင်း ဆွေးနွေးချင်လို့လား။"

"ဆွေးနွေးလို့ မရဘူးလား။"

"ရပါတယ်။ ဒါပေမဲ့ အမတ်ချုပ်ကြီးမှာ ကိုယ်ကျင့်တရား ရှိလို့လား။ မရှိတဲ့အရာကို ဘယ်လိုဆွေးနွေးကြမလဲ။"

အမတ်မင်းများ "..."

အရှင်မင်းကြီးရဲ့ ပါးစပ်က တော်တော် အဆိပ်ပြင်းတာပဲ။

"အရှင်မင်းကြီး၊ နောက်မပြောင်ပါနဲ့။"

"ငါ မနောက်ပါဘူး။"

နဉ်ရှောင်ယောင်း လေးလေးနက်နက် ပြောလိုက်သည်။

အမတ်ချုပ်ကြီးဘက်တော်သား တစ်ဦးက စကားလမ်းကြောင်း လွှဲလိုက်သည်။

"အရှင်မင်းကြီး၊ ကျီးတုန်းဒေသမှာ ရိက္ခာလုံလောက်ရဲ့လား။"

အမတ်ချုပ်ကြီး အပြောခံနေရတာကို ကယ်တင်ဖို့ ကြိုးစားလိုက်ခြင်းဖြစ်သည်။

နဉ်ရှောင်ယောင်း မျက်လုံးလှန်ကြည့်လိုက်သည်။

"မလုံလောက်ရင် အမတ်မင်း လှူလိုက်ပါလား။"

ထိုအမတ် ပါးစပ်ပိတ်သွားသည်။

"ညီလာခံ သိမ်းပြီ။"

နဉ်ရှောင်ယောင်း ထိုင်ခုံမှ ထရပ်လိုက်သည်။ အကြီးအကဲလီ စကားမစခင် ထွက်ပြေးဖို့ အကြောင်းပြချက် ရှာလိုက်သည်။

"ငါ ထိုက်ဟွာနန်းဆောင်ကိုပြန်ပြီး စစ်သတင်းပို့စာလွှာကို သေချာလေ့လာလိုက်ဦးမယ်။ သတင်းလာပို့တဲ့ စစ်သူကြီးလေး... လိုက်ခဲ့။ ငါ့ကို စစ်တိုက်တဲ့အကြောင်း ရှင်းပြ။"

ဒီလိုဆိုရင် အကြီးအကဲလီက နိုင်ငံရေးအကြောင်း ဆွေးနွေးဖို့ တားလို့မရတော့ဘူးလေ။ စစ်ရေးက အရေးကြီးတယ် မဟုတ်လား။

နဉ်ရှောင်ယောင်း ညီလာခံခန်းမထဲမှ ပြေးထွက်သွားသည်။ နေရောင်ခြည်နှင့်ထိတွေ့လိုက်ရမှ နေလို့ကောင်းသွားသည်။

"သွားကြစို့။"

လိုကျစ်ကွေ့ ရောက်လာပြီး နေရောင်ခြည်ကို လက်ဖြင့် ကာပေးလိုက်သည်။

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။

"ညီလာခံတက်ရတာ အိပ်ချင်စရာကြီး။ စစ်သေနာပတိချုပ်၊ ဘယ်လိုလုပ်ရမလဲ။"

လိုကျစ်ကွေ့ ဘာမှမပြောဘဲ နဉ်ရှောင်ယောင်းဘေးမှ လိုက်ပါသွားသည်။ ဒီကိစ္စကို သူ မကူညီနိုင်ပါဘူး။

"ရော့။"

နဉ်ရှောင်ယောင်း သတင်းပို့စာလွှာကို လိုကျစ်ကွေ့လက်ထဲ ထည့်ပေးလိုက်သည်။

"စစ်သေနာပတိချုပ် ဖတ်ကြည့်။"

လိုကျစ်ကွေ့ လမ်းလျှောက်ရင်း သတင်းပို့စာလွှာကို ဖတ်နေသည်။ ဘေးနားက နဉ်ရှောင်ယောင်း သကြားလုံးဝါးသံကို နားထောင်ရင်းပေါ့။

"စစ်သေနာပတိချုပ်၊ စစ်သူကြီးထောင်က ခေါင်းဆောင်ရှန်ကို ဖမ်းမိနိုင်မလား။"

နဉ်ရှောင်ယောင်း ရုတ်တရက် မေးလိုက်သည်။

လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။

"သူပုန်တွေက တောင်တန်းတွေဘက် ဆုတ်ခွာသွားရင် တိုက်ရခက်သွားလိမ့်မယ်။"

"ဪ..."

နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။

"ထောင်ယွီက သတိကြီးလွန်းတယ်။"

လိုကျစ်ကွေ့က တိုးတိုးလေး ပြောလိုက်သည်။

"သူ စစ်တပ်ကို ပိုမြန်မြန် ချီတက်စေသင့်တယ်။"

"ဟုတ်လား။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။

လိုကျစ်ကွေ့ သတင်းပို့စာလွှာကို ခေါက်သိမ်းလိုက်ပြီး ရေရွတ်လိုက်သည်။

"ကျွန်တော်သာ သွားခွင့်ရရင် ကောင်းမှာပဲ။"

စစ်တိုက်တဲ့အကြောင်းပြောရင် စစ်သေနာပတိချုပ်လိုက ယုံကြည်မှု အပြည့်ပဲ။ နဉ်ရှောင်ယောင်းက စစ်မတိုက်တတ်တော့ ဒါက ကောင်းလား၊ ဆိုးလား မဝေခွဲတတ်ပေ။ ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။

"စစ်သူကြီးထောင်က ပထမဆုံးအကြိမ် စစ်တိုက်တာလေ။ သတိထားတာ မမှားပါဘူး။ ဟုတ်တယ်မလား။"

လိုကျစ်ကွေ့ ပြုံးလိုက်သည်။

"ကျွန်တော် သူ့ကို အပြစ်တင်တာ မဟုတ်ပါဘူး။"

နဉ်ရှောင်ယောင်း တွေးလိုက်မိသည်။ ဒါပေမဲ့ ရှင် သူ့ကို မချီးကျူးဘူးလေ။

လိုကျစ်ကွေ့က သတင်းလာပို့တဲ့ စစ်သူကြီးကို လက်ယပ်ခေါ်လိုက်ပြီး စစ်ပွဲအခြေအနေကို မေးမြန်းလိုက်သည်။ နှစ်ယောက်စလုံးက စစ်သားတွေဆိုတော့ စကားပြောရတာပြတ်သားပြီး တိုတောင်းလှသည်။

နဉ်ရှောင်ယောင်း အစပိုင်းမှာ နားထောင်နေပေမယ့် နောက်ပိုင်းကျတော့ စိတ်မဝင်စားတော့ပေ။ စစ်ဗျူဟာတွေအကြောင်း သူ နားမလည်ဘူးလေ။

ယင်းဖုန်းက နဉ်ရှောင်ယောင်း နောက်ကျကျန်နေသည်ကို သတိထားမိပြီး မေးလိုက်သည်။

"အရှင်မင်းကြီး နားမထောင်ချင်ဘူးလား။ တခြားနေရာ သွားမလား။"

"နားမထောင်ချင်တာ မဟုတ်ဘူး။ နားမလည်တာ။"

နဉ်ရှောင်ယောင်း ဝန်ခံလိုက်သည်။

ယင်းဖုန်း "..."

နဉ်ရှောင်ယောင်း ရှေ့ဆက်လျှောက်သွားသည်။ ယင်းဖုန်းကို စကားပြောချင်သလို ကြည့်နေသော်လည်း မပြောဖြစ်ပေ။

"အရှင်မင်းကြီး ဘာမေးချင်လို့လဲ။"

ယင်းဖုန်းကပဲ အရင်မေးလိုက်သည်။

"သူတို့ပြောနေတဲ့ ရှန်ထျန်ကောဆိုတာ ဘယ်သူလဲ။ စစ်သူကြီးလေးက အဲဒီနာမည် ခဏခဏ ပြောနေလို့။"

ယင်းဖုန်း မျက်နှာမဲ့သွားသည်။

"ရှန်ထျန်ကောက ခေါင်းဆောင်ရှန်ရဲ့ မွေးစားသားပါ။"

အရှင်မင်းကြီးက ဒါလေးတောင် မသိဘူးလား။ အကြီးအကဲလီက နေ့တိုင်း ဘာတွေ သင်ပေးနေတာလဲ။

"မွေးစားသားတဲ့လား။"

နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။

"ခေါင်းဆောင်ရှန်မှာ သားမရှိဘူး။ သမီးတစ်ယောက်ပဲ ရှိတယ်။"

ယင်းဖုန်း ရှင်းပြလိုက်သည်။

နဉ်ရှောင်ယောင်း မျက်ခုံးပင့်လိုက်သည်။

"အရှင်မင်းကြီး ဘာပြောချင်လို့လဲ။"

"ဘာမှ မဟုတ်ပါဘူး။ ဒီမွေးစားသားနဲ့ သမီးအရင်း ညားသွားမလားလို့ စဉ်းစားနေတာ။ ချင်ရွှမ်နဲ့ အားရှင်းတို့လိုလေ။"

ယင်းဖုန်း ဘာမှဆက်မပြောချင်တော့ပေ။ စိတ်ပင်ပန်းလိုက်တာ။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၃၂ ။ လှုပ်ရှားတော့မည့် မယ်တော်ကြီး

"အရှင်မင်းကြီး။"

နဉ်ရှောင်ယောင်းတို့ ထိုက်ဟွာနန်းဆောင်သို့ မရောက်ခင် လမ်းတွင် မယ်တော်ကြီးနန်းဆောင်မှ အထိန်းတော်ကြီးများနှင့် သမားတော်ကြီးများက လမ်းပိတ်ပြီး ဒူးထောက်လိုက်ကြသည်။

"မယ်တော်ကြီးနန်းဆောင်က လူတွေပါ။"

ယင်းဖုန်း တိုးတိုးလေး လျှောက်တင်လိုက်သည်။

နဉ်ရှောင်ယောင်း မျက်လုံးလှန်ကြည့်လိုက်သည်။

"မယ်တော်ကြီး ဘာဖြစ်ပြန်ပြီလဲ။ ဒီတစ်ခါရော သေတော့မယ့် ရောဂါဖြစ်နေပြန်ပြီလား။"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အရှင်မင်းကြီးနဲ့ မယ်တော်ကြီး မတည့်တာသိပေမယ့် သားသမီးတစ်ယောက်အနေနဲ့ မိဘကို သေစေချင်တယ်လို့ပြောတာက လွန်လွန်းတယ် မဟုတ်လား။

နဉ်ရှောင်ယောင်းကတော့ ဂရုမစိုက်ပေ။ သမားတော်ကြီး သုံးဦးကို ကြည့်ပြီး မေးလိုက်သည်။

"ဘာမှမပြောရင် ငါ သွားတော့မယ်။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို လှမ်းဆွဲထားပြီး သမားတော်ကြီးများကို မေးလိုက်သည်။

"ဘာကိစ္စလဲ။"

အလယ်က သမားတော်ကြီးက ဖြေလိုက်သည်။

"မယ်တော်ကြီး နေမကောင်းဖြစ်နေပါတယ်။"

"ဟွန့်..."

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ ငါ ပြောသားပဲ။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို မလွှတ်ဘဲ ဆက်မေးလိုက်သည်။

"မယ်တော်ကြီး ဘယ်နား နေမကောင်းတာလဲ။"

သမားတော်ကြီး စကားဆို့သွားသည်။ နေမကောင်းဘူးလို့ ပြောတာကို ဘယ်နားနေမကောင်းတာလဲလို့ မေးနေရလား။

"အကြောင်းပြချက် ရှာနေတာမလား။"

နဉ်ရှောင်ယောင်း ထပ်မေးလိုက်ပြန်သည်။

"အရှင်မင်းကြီး၊ မယ်တော်ကြီးက အဖျားကြီးပြီး မကျဘူးဖြစ်နေပါတယ်။ ကျွန်တော်မျိုးတို့ ဆေးတိုက်ပေမယ့် မသက်သာပါဘူး။ ကျွန်တော်မျိုးတို့ ညံ့ဖျင်းလို့ပါ။"

သမားတော်ကြီး ခေါင်းငုံ့ပြီး ဖြေရှင်းချက်ပေးလိုက်သည်။

အဖျားကြီးတယ်? ကောင်းကောင်းနေနေတဲ့ မယ်တော်ကြီးက ဘာလို့ ရုတ်တရက် အဖျားကြီးရတာလဲ။ နဉ်ရှောင်ယောင်း မေးစေ့ကို ပွတ်သပ်ပြီး စဉ်းစားလိုက်သည်။ ထို့နောက် အထိန်းတော်ကြီးများကိုကြည့်ပြီး မေးလိုက်သည်။

"ဒီရက်ပိုင်း သူ ဘာတွေလုပ်ခဲ့လဲ။"

အထိန်းတော်ကြီးများ ကျုံ့ဝင်သွားကြသည်။

တစ်ခုခုတော့ မှားနေပြီ။ နဉ်ရှောင်ယောင်း မျက်လုံးမှေးလိုက်သည်။ အခုတော့ မသွားတော့ဘူး။ အထိန်းတော်ကြီးများနှင့် သမားတော်ကြီးများကို တစ်ပတ်ပတ်ကြည့်ပြီး မေးလိုက်သည်။

"မင်းတို့ ငါ့ဆီလာတာ ဘာကိစ္စလဲ။ မယ်တော်ကြီးက ငါ့ကို ဆေးကုခိုင်းတာတော့ မဟုတ်လောက်ဘူးနော်။"

အထိန်းတော်ကြီးများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် အထိန်းတော်ကြီးတစ်ဦးက သတ္တိမွေးပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး၊ မယ်တော်ကြီးက အရှင်မင်းကြီးကို တွေ့ချင်နေပါတယ်။"

"လိုရင်းကို ပြောစမ်းပါ။"

နဉ်ရှောင်ယောင်း စိတ်မရှည်တော့ပေ။

"မယ်တော်ကြီး တကယ်တမ်း ဘာလုပ်ချင်နေတာလဲ။"

နဉ်ရှောင်ယောင်း၏ အသံမာမာကြောင့် အထိန်းတော်ကြီး လန့်သွားပြီး စကားမပြောနိုင်တော့ပေ။

"အရှင်မင်းကြီး၊ မယ်တော်ကြီးက တကယ် နေမကောင်းဖြစ်နေတာပါ။"

သမားတော်ကြီးတစ်ဦးက ဝင်ပြောလိုက်သည်။

နဉ်ရှောင်ယောင်း လက်ချောင်းများ လှုပ်ရှားသွားသည်။ နေမကောင်းဖြစ်နေတဲ့ မယ်တော်ကြီးကို နန်းတော်ပတ်ပြီး ပြေးခိုင်းလိုက်ရမလား။

"မယ်တော်ကြီးက အရှင်မင်းကြီးကို တွေ့ချင်နေပါတယ်။"

နောက်ထပ် အထိန်းတော်ကြီးတစ်ဦးက ထပ်ပြောလိုက်ပြန်သည်။

"မင်းတို့ တိုင်ပင်ထားကြတာလား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ဒီနေ့ ငါ့ကို ဒီစကားနှစ်ခွန်းပဲ ပြောမှာလား။"

နဉ်ရှောင်ယောင်း ဒေါသထွက်လာသည်။

လိုကျစ်ကွေ့ ရှေ့တိုးလာပြီး နဉ်ရှောင်ယောင်းကို ဘေးသို့ဆွဲခေါ်သွားကာ တိုးတိုးလေးပြောလိုက်သည်။

"မယ်တော်ကြီး နေမကောင်းရင် သားသမီးတစ်ယောက်အနေနဲ့ ပြုစုစောင့်ရှောက်သင့်တယ်။"

"ဘာပြောလိုက်တာလဲ။"

နဉ်ရှောင်ယောင်း နားမကြားသလို လုပ်လိုက်သည်။

"မိဘနေမကောင်းရင် သားသမီးက ပြုစုစောင့်ရှောက်တာကို 'ကျေးဇူးသိတတ်ခြင်း' လို့ ခေါ်တယ်။"

"ကောင်းပြီလေ။"

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။

"ကျွန်မ သွားကြည့်ပေးလိုက်မယ်။"

"မယ်တော်ကြီးက ပြောလိမ့်မယ်။ အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေ အလုပ်ရှုပ်နေတာမို့လို့ သူ့ရောဂါကြောင့် အလုပ်မပျက်စေချင်ပါဘူး ဆိုပြီးတော့လေ။"

"ဪ... ဒါဆို နေမကောင်းဖြစ်နေပါစေတော့။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်နေသည်။

နဉ်ရှောင်ယောင်း ခေါင်းကုတ်လိုက်သည်။

"ကောင်းပြီလေ။ သူက သဘောထားကြီးတဲ့ မိခင်ဆိုတော့ ကျွန်မကလည်း ကျေးဇူးသိတတ်တဲ့ သားလိမ္မာ ဖြစ်ရမှာပေါ့။ ကျွန်မသွားပြီး သူ့ကို ပြုစုစောင့်ရှောက်ခွင့်ပေးပါလို့ ငိုယိုတောင်းပန်လိုက်မယ်။"

လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။

"ဒါလည်း မဟုတ်သေးဘူးလား။"

နဉ်ရှောင်ယောင်း စိတ်ရှုပ်လာသည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို လူအုပ်နှင့် ပိုဝေးရာသို့ခေါ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"သားက အချိန်ပြည့် စောင့်ရှောက်မပေးနိုင်ရင် ချွေးမက စောင့်ရှောက်ပေးလို့ရတာပဲ။"

နဉ်ရှောင်ယောင်း ချက်ချင်း နားလည်သွားသည်။ မယ်တော်ကြီးက မိဖုရားခေါင်ကြီးကို တွေ့ချင်နေတာပဲ။ တစ်လလောက် အကြံအစည်တွေ ထုတ်ပြီးနောက်မှာ မယ်တော်ကြီး လှုပ်ရှားတော့မယ်။

"တွေ့ခွင့်ပေးလိုက်ပါ။"

လိုကျစ်ကွေ့ ပြောလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ တွေ့ချင်လည်း တွေ့ပါစေတော့။ မယ်တော်ကြီးကို အမြဲတမ်း တားဆီးထားလို့ ရတာမှ မဟုတ်တာ။

"ကျွန်တော် ရှိပါတယ်။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။

"မင်းကို ဘာမှမဖြစ်စေရဘူး။"

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ တွင်းနက်ကြီးမှန်းသိရက်နဲ့ ခုန်ဆင်းရတာ သူမလို လူမိုက်မျိုးပဲ လုပ်ရဲမှာ။

"မယ်တော်ကြီးကို သွားကြည့်လိုက်ပါ။ သူက မိဖုရားခေါင်ကြီးကို ပြုစုခိုင်းဖို့ တောင်းဆိုလိမ့်မယ်။ မင်း လက်ခံလိုက်ပါ။"

နဉ်ရှောင်ယောင်း အထိန်းတော်ကြီးများနှင့် သမားတော်ကြီးများရှေ့သို့ ပြန်လျှောက်သွားပြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"လမ်းပြ။ ငါ မယ်တော်ကြီးကို သွားကြည့်မယ်။"

အထိန်းတော်ကြီးများ စိတ်သက်သာရာ ရသွားကြသည်။ အရင်စကားပြောခဲ့သော အထိန်းတော်ကြီးက ဦးဆောင်လမ်းပြလိုက်သည်။

"စစ်သေနာပတိချုပ်၊ စစ်သူကြီးလေးကို စစ်တိုက်တဲ့အကြောင်း မေးနေလိုက်ဦး။ ကျွန်မ ခဏနေရင် ပြန်လာခဲ့မယ်။"

နဉ်ရှောင်ယောင်း မှာကြားလိုက်သည်။

လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။

တခြားသူတွေကတော့... ဒါ လူမမာမေးသွားတာ ဟုတ်ရဲ့လား။

မယ်တော်ကြီးရှဲ့သည် ကုတင်ပေါ်တွင် လဲလျောင်းနေလေသည်။ နဉ်ရှောင်ယောင်း ရောက်လာသည်ကို မြင်သောအခါ အံ့သြဝမ်းသာဟန်ဆောင်ပြီး အသံတုန်တုန်ဖြင့် ခေါ်လိုက်သည်။

"အရှင်မင်းကြီး ကြွလာတာလား။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ ဒီရက်ပိုင်း စစ်တိုက်ဖို့ အလုပ်ရှုပ်နေလို့ မယ်တော်ကြီးကို ဂရုမစိုက်မိဘူး။ ဘယ်လိုလုပ် ဒီလောက် နေမကောင်းဖြစ်သွားရတာလဲ။ အသက်ကြီးလာရင် ကျန်းမာရေးဂရုစိုက်မှပေါ့။ အခု ဘယ်လိုနေသေးလဲ။"

မယ်တော်ကြီးရှဲ့ မျက်ရည်သုတ်လိုက်သည်။

"ဟုတ်ပါတယ်။ မယ်တော် ဂရုမစိုက်မိလို့ပါ။"

အသက်ကြီးတယ်လို့ ပြောတာတောင် စိတ်မဆိုးဘူး။ မယ်တော်ကြီးရဲ့သည်းခံနိုင်စွမ်း တိုးတက်လာပါလား။

"အရှင်မင်းကြီး ပိန်သွားတယ်။"

"မယ်တော်ကြီးလည်း ပိန်သွားတယ်။"

"အရှင်မင်းကြီးက စစ်ပွဲအတွက် စိတ်ပူနေရတဲ့အချိန်မှာ မယ်တော်က နေမကောင်းဖြစ်နေတော့ စိတ်မကောင်းဘူး။"

"မယ်တော်က နေ့တိုင်း ကျွန်တော့်ကို လွမ်းနေတဲ့အချိန်မှာ သူပုန်တွေက စစ်တိုက်လာတော့ ကျွန်တော် စိတ်မကောင်းဘူး။"

"မယ်တော် အရှင်မင်းကြီးကို အားနာပါတယ်။"

"ကျွန်တော်လည်း မယ်တော်ကြီးကို အားနာပါတယ်။"

မယ်တော်ကြီးရှဲ့ "..."

နဉ်ရှောင်ယောင်း မယ်တော်ကြီးကို မျက်တောင်ကလပ်ကလပ်ဖြင့် ကြည့်နေသည်။ ဟန်ဆောင်တာ သူလည်း တတ်တာပဲ။

မယ်တော်ကြီးရှဲ့ အကြည့်လွှဲလိုက်သည်။ ဒီကောင်မလေးနဲ့ စကားဆက်ပြောဖို့ အားမွေးရဦးမယ်။

နဉ်ရှောင်ယောင်း ပျင်းရိစွာရပ်နေရင်း အခန်းထဲ လှည့်ပတ်ကြည့်ရှုနေသည်။ ထိုစဉ် ခေါင်းပေါ်မှ အသံကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ယိုကွမ့်က ခေါင်မိုးတန်းပေါ်မှ ခေါင်းပြူကြည့်နေသည်ကို တွေ့လိုက်ရသည်။

"မွ..."

နဉ်ရှောင်ယောင်း ယိုကွမ့်ကို အဝေးမှ အနမ်းပေးလိုက်သည်။

ယိုကွမ့် ခေါင်းခါပြလိုက်သည်။ မယ်တော်ကြီး ကုတင်ပေါ်မှာ ရှိနေလို့သာ၊ မဟုတ်ရင် သူ ဆင်းလာခဲ့ပြီ။

မယ်တော်ကြီးရှဲ့ အနမ်းပေးတာကို နားမလည်ဘဲ သံသယဝင်သွားသည်။

"အရှင်မင်းကြီး ဘာလုပ်နေတာလဲ။"

နဉ်ရှောင်ယောင်းရဲ့သူလျှိုက ခေါင်မိုးပေါ်မှာ ရှိနေတာလား။

"မယ်တော်ကြီး စကားပြောတာကို စောင့်နေတာပါ။"

နဉ်ရှောင်ယောင်း ဖြေလိုက်သည်။

မယ်တော်ကြီးရှဲ့ ခေါင်မိုးတန်းကို မော့ကြည့်လိုက်သည်။ ပုန်းခိုလို့ရပေမယ့် အခန်းထဲမှာ လူအမြဲရှိနေတာကို ဘယ်လိုလုပ်မတွေ့ရတာလဲ။

ယိုကွမ့် ခေါင်းပြန်သွင်းလိုက်သည်။ ကြောက်စရာကောင်းလိုက်တာ။ မယ်တော်ကြီး တွေ့သွားတော့မလို့။

နဉ်ရှောင်ယောင်း ဘယ်ဘက်သို့ ခြေလှမ်းတစ်လှမ်းရွှေ့လိုက်ပြီး မယ်တော်ကြီး၏အမြင်အာရုံကို ပိတ်ကာ ပြောလိုက်သည်။

"ထောင်ယွီ စစ်နိုင်သွားပြီဆိုတော့ ကျွန်တော် အားသွားပါပြီ။ ဒီရက်ပိုင်း မယ်တော်ကြီးနန်းဆောင်မှာနေပြီး မယ်တော်ကြီးကို ပြုစုပေးမယ်။"

မယ်တော်ကြီးရှဲ့ မျက်လုံးပြူးသွားသည်။

"ဧကရာဇ်မင်းဖြစ်လာပြီးနောက်ပိုင်း မယ်တော်ကြီးကို ဂရုမစိုက်မိတာ ကျွန်တော့်အမှားပါ။ အမှားကိုသိရင် ပြင်ရမယ်လို့ ဆိုရိုးရှိတယ်မလား။ ဒါကြောင့် ဒီတစ်ခါ မယ်တော်ကြီးကို ကောင်းကောင်း ပြုစုပေးပါ့မယ်။"

မယ်တော်ကြီးရှဲ့ နဉ်ရှောင်ယောင်းကို 'ထွက်သွား' လို့ အော်ထုတ်ပစ်ချင်နေသည်။

"မယ်တော်ကြီး ရေဆာလား။ ဗိုက်ဆာလား။"

နဉ်ရှောင်ယောင်း စိုးရိမ်တကြီး မေးလိုက်သည်။

"ဒါမှမဟုတ် လမ်းထလျှောက်ချင်လား။"

မယ်တော်ကြီးရှဲ့ အသက်ပြင်းပြင်း ရှူလိုက်သည်။ သည်းခံရမယ်။

"မလုပ်ချင်ရင်လည်း ကိစ္စမရှိပါဘူး။ ပြေးတာပဲဖြစ်ဖြစ်၊ တောင်တက်တာပဲဖြစ်ဖြစ် ကျွန်တော် လုပ်ပေးနိုင်ပါတယ်။ ခမည်းတော်ကို အသက်ပြန်ရှင်အောင် လုပ်ပေးတာ၊ ကျွန်တော် သေပေးတာကလွဲရင် ကျန်တာ အကုန်လုပ်ပေးနိုင်ပါတယ်။"

ရှင်ပဲ ကျွန်မကို ရွံအောင် လုပ်တတ်တာမှတ်လို့။ ငါကရော မလုပ်တတ်ဘူးများ ထင်နေလား။ နဉ်ရှောင်ယောင်း မယ်တော်ကြီးကို စိန်ခေါ်သလို ကြည့်လိုက်သည်။

မယ်တော်ကြီးရှဲ့ မျက်ရည်ထပ်သုတ်လိုက်ပြီး အားနည်းသော အသံဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီး အလုပ်ရှုပ်နေတာ မယ်တော် သိပါတယ်။"

"ဟဲဟဲ..."

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"အခု မရှုပ်တော့ပါဘူး။"

"အရှင်မင်းကြီး၊ မယ်တော် စကားဆုံးအောင် ပြောပါရစေ။"

"ကောင်းပြီ။"

"မယ်တော် ရောဂါက ဘယ်တော့ပျောက်မလဲ မသိဘူး။ အရှင်မင်းကြီးက တိုင်းပြည်ရဲ့အကြီးအကဲလေ။ မယ်တော်ကုတင်ဘေးမှာ နေ့တိုင်း ဘယ်လိုလုပ်စောင့်နေလို့ရမလဲ။ အဲဒါဆိုရင် မယ်တော်က တိုင်းပြည်ကို ဒုက္ခပေးတဲ့ မိန်းမ ဖြစ်သွားမှာပေါ့။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ ကိုယ့်ကိုကိုယ် ဒုက္ခမပေးဘူးလို့ ထင်နေတာလား။

"မိဖုရားခေါင်ကြီး နန်းပြင်ရောက်နေတာ ကြာပြီ။ ပြန်ခေါ်လိုက်ပါတော့။ တိုင်းပြည်ရဲ့ မိခင်လောင်းတစ်ယောက်က နန်းတော်အပြင်မှာ အမြဲနေလို့ ဘယ်သင့်တော်မလဲ။"

"မိဖုရားခေါင်ကြီး?"

မယ်တော်ကြီးက မိဖုရားခေါင်ကြီးအကြောင်း ပြောလာမယ်ဆိုတာ သိနေပေမယ့် နဉ်ရှောင်ယောင်း အံ့သြဟန်ဆောင်လိုက်သည်။

မယ်တော်ကြီးရှဲ့ သက်ပြင်းချလိုက်သည်။

"မယ်တော် နေမကောင်းဖြစ်နေတာကို မိဖုရားခေါင်ကြီးက လာမပြုစုရင် မယ်တော်ကတော့ ဘာမှမဖြစ်ပေမယ့် မိဖုရားခေါင်ကြီး အပြောခံရလိမ့်မယ်။"

"မိဖုရားခေါင်ကြီးက..."

နဉ်ရှောင်ယောင်း တွန့်ဆုတ်နေသလို လုပ်လိုက်သည်။

"နန်းဆောင်ထဲမှာ အစေခံတွေ၊ မိန်းမစိုးတွေ အများကြီးရှိတာပဲ။ မယ်တော်က တကယ်ပဲ မိဖုရားခေါင်ကြီးကို ပြုစုခိုင်းမယ် ထင်နေလား။ အရှင်မင်းကြီးက သူ့ကို သနားရင် နန်းတော်ထဲ ခဏပြန်ခေါ်လိုက်ပြီးမှ ပြန်ပို့လိုက်ပေါ့။"

"ကျွန်တော်နဲ့ တွေ့ရင် ရပြီလေ။ ဘာလို့ သူ့ကို တွေ့ချင်နေရတာလဲ။"

"ဒါက ကျေးဇူးတရားလေ။"

နဉ်ရှောင်ယောင်း တိတ်ဆိတ်သွားသည်။

"အရှင်မင်းကြီး သဘောမတူရင်လည်း မယ်တော် မပြောခဲ့ဘူးလို့ သဘောထားလိုက်ပါ။ ဒါပေမဲ့ နောက်ကျရင် မိဖုရားခေါင်ကြီး အပြောခံရရင် မယ်တော် မကာကွယ်ပေးနိုင်ဘူးနော်။"

"ဟားဟား..."

နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။

"အဲဒီအတင်းပြောမယ့်လူတွေက ဘယ်သူတွေလဲ။"

"အရှင်မင်းကြီးရယ်၊ တော်ဝင်မိသားစုဆိုပေမယ့် ပြည်သူတွေရဲ့ ပါးစပ်ကို ပိတ်လို့မရပါဘူး။"

"အင်း..."

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"မယ်တော်ကြီး နန်းဆောင်ထဲမှာပဲ ပါးစပ်ပေါက်တွေ အများကြီးရှိနေတာပဲ။"

မယ်တော်ကြီးရှဲ့ မျက်နှာဖြူဖျော့သွားသည်။

"ကောင်းပြီလေ။"

နဉ်ရှောင်ယောင်း သဘောတူလိုက်သည်။

"ကျေးဇူးတရားလို့ ပြောလာမှတော့ ကျွန်တော် ငြင်းလို့မရတော့ဘူးပေါ့။ မိဖုရားခေါင်ကြီးကို ပြန်ခေါ်ပေးလိုက်မယ်။ ဒါပေမဲ့ ကတိပေးနော်။ သူ့ကို ဒုက္ခမပေးရဘူး။"

"ကောင်းပြီ။"

မယ်တော်ကြီးရှဲ့ ကတိပေးလိုက်သည်။ မိဖုရားခေါင်ကြီးရဲ့ အကူအညီ လိုနေမှတော့ သူက ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ။

***

All Chapters