အခန်း (၂၃၃-၂၃၄)
Vol. 15 Ch. 233-234
အခန်း ၂၃၃ ။ မကြာခင် သေလူထက်ဆိုးတဲ့ဘဝ ရောက်တော့မယ်
"ကောင်းပြီလေ။ ဆက်ပြီး နေမကောင်းနေလိုက်တော့။"
နဉ်ရှောင်ယောင်း မယ်တော်ကြီးရှဲ့ကို လက်ပြနှုတ်ဆက်ပြီး လှည့်ထွက်သွားသည်။
မယ်တော်ကြီးနန်းဆောင်သည် အခန်းတွဲများဖြင့် ဖွဲ့စည်းထားသည်။ နဉ်ရှောင်ယောင်း အတွင်းခန်းမှ ထွက်လာသောအခါ အပြင်ခန်းတွင်ရှိနေကြသော အစေခံများနှင့် မိန်းမစိုးများသည် ခေါင်းငုံ့ပြီး တုန်ယင်နေကြသည်။ အချို့ဆိုလျှင် ကြောက်လွန်းလို့ တုန်နေကြသည်။ နဉ်ရှောင်ယောင်း ကိုယ့်ကိုကိုယ် လူသားစားတဲ့ ဘီလူးမတစ်ကောင်လို့ ထင်မှတ်လိုက်မိသည်။
"အရှင်မင်းကြီး။"
အထိန်းတော်ကြီးတစ်ဦးက ဂါရဝပြုလိုက်သည်။
"ငါ..."
နဉ်ရှောင်ယောင်း စကားတစ်လုံးပဲ ပြောရသေးတယ်၊ အခန်းထဲရှိ လူအားလုံး ဒူးထောက်လိုက်ကြသည်။
နဉ်ရှောင်ယောင်း မျက်နှာကို ပွတ်သပ်လိုက်သည်။ မယ်တော်ကြီးနန်းဆောင်မှာ သူမက ဘယ်တော့မှ မျက်နှာပန်းမလှပါလား။ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသည်။
ခြံဝင်းထဲသို့ အထိန်းတော်တစ်ဦးက မင်းသားလေး နဉ်ရှင်းကို ပွေ့ချီပြီး ဝင်လာသည်။ အခန်းထဲမှ ထွက်လာသော နဉ်ရှောင်ယောင်းနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။ ထိုအထိန်းတော် လန့်ဖျပ်သွားပြီး လှည့်ထွက်ပြေးလေသည်။
နဉ်ရှောင်ယောင်း ဘေးနားရှိ အထိန်းတော်ကြီးကို လှည့်ကြည့်လိုက်သည်။
အထိန်းတော်ကြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဒီမိန်းမ ဘာဖြစ်နေတာလဲ။ အရှင်မင်းကြီး ရောက်နေမှန်းသိရက်နဲ့ မင်းသားလေးကို ဘာလို့ ခေါ်လာတာလဲ။
"အရှင်မင်းကြီး၊ ဒီအစေခံမက နဂါးမျက်နှာတော်ကို မဖူးဖူးလို့ လန့်သွားတာပါ။ ကျွန်တော်မျိုးမ သွားခေါ်လိုက်ပါမယ်။"
"ထားလိုက်ပါတော့။"
နဉ်ရှောင်ယောင်း အေးစက်စွာ ပြောလိုက်သည်။
"နဉ်ရှင်းကို ပြုစုဖို့ တာဝန်ပေးခံရတဲ့လူက ဗဟုသုတမရှိတဲ့လူ ဖြစ်နိုင်ပါ့မလား။ အထိန်းတော်ကြီးက ငါ့ကို နောက်နေတာလား။"
အထိန်းတော်ကြီး ဒူးထောက်ချလိုက်ပြီး အသနားခံလိုက်သည်။
"ကျွန်တော်မျိုးမ သေဒဏ်နဲ့ ထိုက်တန်ပါတယ်။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်ပြီး လှေကားထစ်များမှ ဆင်းသွားသည်။ ဒီနန်းဆောင်ထဲက လူတွေက ဘာဖြစ်နေကြတာလဲ။ သူမက ဖုတ်ကောင်မို့လို့လား။ ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ။
"သွားကြစို့။"
နဉ်ရှောင်ယောင်း ယင်းဖုန်းတို့ကို ခေါ်လိုက်သည်။
ခြံဝင်းထဲတွင် ရပ်နေကြသော သမားတော်ကြီးများအနက် နဉ်ရှောင်ယောင်းကို လမ်းပိတ်ထားခဲ့သော သမားတော်ကြီးက ရှေ့တိုးလာပြီး မေးလိုက်သည်။
"အရှင်မင်းကြီး၊ မယ်တော်ကြီးရဲ့ရောဂါအခြေအနေ ဘယ်လိုရှိပါသလဲ။"
"နွေရာသီကြီးမှာ ကိုယ့်ကိုကိုယ် အအေးမိအောင်လုပ်တယ်ဆိုတော့ မယ်တော်ကြီးက တော်တော်ကြိုးစားရှာတာပဲ။"
နဉ်ရှောင်ယောင်း၏ စကားကို သမားတော်ကြီး ပြန်မပြောရဲပေ။
"အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်လို့ ပြောသင့်တာ။"
နဉ်ရှောင်ယောင်း သင်ပေးလိုက်သည်။
သမားတော်ကြီး ခေါင်းငုံ့ထားလိုက်သည်။ အခု အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားပါတယ်လို့ ပြောလိုက်ရင် ခဏနေ မယ်တော်ကြီးက သူ့ကို သတ်ပစ်လိမ့်မယ်။
"ဆေးနည်းနည်းပါးပါး ပေးလိုက်ပေါ့။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"မပူပါနဲ့။ ပြဿနာရှာတတ်တဲ့လူတွေက အသက်ရှည်တတ်ပါတယ်။"
သမားတော်ကြီး... ဒီစကားကိုလည်း ပြန်ပြောလို့ မရဘူး။
နဉ်ရှောင်ယောင်း ရှေ့ဆက်လျှောက်သွားသည်။ စောစောက မယ်တော်ကြီး အသက်ပြင်းပြင်းရှူနေတုန်း ဆံပင်ကို သွားထိကြည့်လိုက်သေးတယ်။ ကိုယ့်ကိုကိုယ် ဖျားအောင်လုပ်တဲ့ စိတ်ဓာတ်ကိုတော့ လေးစားမိပါတယ်။ သူမကို ဖြုတ်ချဖို့အတွက် မယ်တော်ကြီးက တော်တော် ကြိုးစားထားတာပဲ။
"အရှင်မင်းကြီး?"
တစ်ချိန်လုံး ပြုံးရွှင်နေတတ်တဲ့ နဉ်ရှောင်ယောင်း မျက်နှာတည်နေတာကို မြင်တော့ ယင်းဖုန်း နောက်ကနေ လှမ်းခေါ်လိုက်သည်။
"ဟင်..."
နဉ်ရှောင်ယောင်း လှည့်ကြည့်လိုက်သည်။
ယင်းဖုန်း ဘယ်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ နဉ်ရှောင်ယောင်း ကြည့်လိုက်တော့ စောစောက ထွက်ပြေးသွားတဲ့ အထိန်းတော်ကို နဂါးအစောင့်တပ်သားနှစ်ဦးက ဖမ်းထားတာ တွေ့လိုက်ရသည်။
"အရှင်မင်းကြီး ဘယ်လို အမိန့်ပေးမလဲ။"
"ငါ့ကို မြင်တာနဲ့ ထွက်ပြေးတယ်ဆိုတော့ ဘာအပြစ်ပေးသင့်လဲ။"
"သေဒဏ်ပါ။"
ယင်းဖုန်း အေးစက်စွာ ဖြေလိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။
"မလုပ်ပါနဲ့။ ငါတို့က သဘောထားကြီးပါတယ်။"
ယင်းဖုန်းနှင့် နဂါးအစောင့်တပ်သားများ တိတ်ဆိတ်သွားကြသည်။ သဘောထားကြီးတာနဲ့ ဘာဆိုင်လို့လဲ။
အထိန်းတော်အနား ရောက်သောအခါ နဉ်ရှောင်ယောင်း ခေါင်းငုံ့ပြီး ရင်ခွင်ထဲမှ နဉ်ရှင်းကို ကြည့်လိုက်သည်။
အထိန်းတော်က နဉ်ရှင်းကို ပွေ့ပြီး နောက်ဆုတ်သွားသည်။
"ရိုင်းလိုက်တာ!"
ယင်းဖုန်း ဟောက်လိုက်သည်။
အထိန်းတော် တုန်ယင်သွားသည်။ လက်ချောင်းလေးတွေနဲ့ ဆော့ကစားနေသော နဉ်ရှင်းလည်း လန့်ပြီး ငိုချလိုက်သည်။
မင်းသားလေးကို ငိုအောင် လုပ်မိလိုက်သဖြင့် ယင်းဖုန်း ကြောင်သွားသည်။
နဉ်ရှောင်ယောင်း နဉ်ရှင်း၏ပါးကို ဆွဲလိုက်သည်။ မယ်တော်ကြီးရှဲ့နဲ့တစ်ပုံစံတည်း တူတာပဲ။ မျက်လုံးသေးသေး၊ နှာခေါင်းသေးသေး၊ ပါးစပ်ကျယ်ကျယ်လေးနဲ့။
နဉ်ရှင်းက မွေးကတည်းက နဉ်ရှောင်ယောင်းကို မမြင်ဖူးသလောက်ပဲ။ အခု နဉ်ရှောင်ယောင်းက ပါးလာဆွဲတော့ အသေသတ်နေသလား အောက်မေ့ရအောင် အော်ငိုတော့သည်။
"အရှင်မင်းကြီး!"
နဉ်ရှင်းငိုသံကြားတော့ "အသည်းအသန်" ဖြစ်နေတဲ့ မယ်တော်ကြီး ရောက်ချလာသည်။ နဉ်ရှောင်ယောင်း သူ့သားကို လုပ်နေတာမြင်တော့ အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း လက်ပြန်ရုတ်လိုက်ပြီး ရွံရှာသလို ပြောလိုက်သည်။
"ယောက်ျားလေးဖြစ်ပြီး ဘာလို့ ငိုနေရတာလဲ။ အသုံးမကျလိုက်တာ။"
မယ်တော်ကြီးရှဲ့ ရူးတော့မလို ဖြစ်သွားသည်။
"သူ့ကို မထိနဲ့!"
အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။
"ငါက သူ့ကို အရမ်းထိချင်နေတယ်များ ထင်နေလားပဲ။"
နဉ်ရှင်းက နဉ်ရှောင်ယောင်း သူ့ကို မကြိုက်မှန်း သိပုံရသည်။ ပိုပြီး ကျယ်လောင်စွာ ငိုလိုက်ရာ အသက်ရှူရပ်တော့မလို ဖြစ်သွားသည်။
မယ်တော်ကြီးရှဲ့ စိတ်ပူသွားသော်လည်း ရှေ့မတိုးရဲပေ။ နဉ်ရှောင်ယောင်းက ယုတ်မာကောက်ကျစ်သူလို့ သူထင်နေတာကိုး။ နဉ်ရှောင်ယောင်း စိတ်တိုသွားပြီး နဉ်ရှင်းကို လုပ်ကြံလိုက်မှာ စိုးရိမ်နေသည်။
"ရုပ်ဆိုးတာကို ငိုလိုက်တော့ ပိုရုပ်ဆိုးသွားရော။"
နဉ်ရှောင်ယောင်း မျက်လုံးလှန်၊ လျှာထုတ်ပြီး နဉ်ရှင်းကို မျက်နှာပြောင်ပြလိုက်သည်။
"အူဝဲ... အူဝဲ..."
နဉ်ရှင်း အသံကုန် အော်ငိုလိုက်သည်။
"အရှင်မင်းကြီး!"
မယ်တော်ကြီးရှဲ့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း မျက်နှာပြောင်တာရပ်လိုက်ပြီး သူ့ကို သရဲလိုကြောက်နေတဲ့ အထိန်းတော်ကို နှာခေါင်းရှုံ့ပြကာ ယင်းဖုန်းတို့ကို ပြောလိုက်သည်။
"သွားကြစို့။"
နဉ်ရှောင်ယောင်းတို့ ထွက်သွားသည်နှင့် မယ်တော်ကြီးရှဲ့ ကြမ်းပြင်ပေါ် ဖင်ထိုင်ကျသွားသည်။
"မယ်တော်ကြီး!"
ဘေးနားရှိ မိန်းမစိုးများနှင့် အစေခံများ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
မယ်တော်ကြီးရှဲ့သည် ငိုနေသော သားကိုကြည့်လိုက်၊ လှည့်မကြည့်ဘဲ ထွက်သွားသော သမီးကို ကြည့်လိုက်နှင့် ဒေါသထွက်လာသည်။ ဒီကောင်မလေး ဘယ်လောက်ကြာကြာ ဆက်ပြီး မာနထောင်လွှားနိုင်မလဲ ကြည့်ရသေးတာပေါ့။
....
"ဖွီ!"
မယ်တော်ကြီးနန်းဆောင်က ထွက်လာတော့ နဉ်ရှောင်ယောင်း တံခါးမကြီးကို တံတွေးထွေးလိုက်သည်။
ယင်းဖုန်း တံခါးမကြီးကို ကြည့်လိုက်သည်။ အရှင်မင်းကြီးနဲ့ စိတ်ချင်းဆက်နေသလို ခံစားလိုက်ရပြီး မေးလိုက်သည်။
"အရှင်မင်းကြီးက တံခါးကြီးကို ရုပ်ဆိုးတယ်လို့ ထင်နေတာလား။"
"ဟင်..."
နဉ်ရှောင်ယောင်း တံတွေးထွေးပြီး စိတ်ထွက်ပေါက်ရှာမလို့ လုပ်နေတာ။ ယင်းဖုန်း မေးလိုက်တော့မှ တံခါးကြီးကို သေချာကြည့်ပြီး ပြောလိုက်သည်။
"ရုပ်ဆိုးသားပဲ။"
နဂါးအစောင့်တပ်သားများ နားလည်လိုက်ကြသည်။ ဒီတံခါးကြီး မရှိတော့ဘူးပေါ့။
"တကယ်တော့ မယ်တော်ကြီးနန်းဆောင်က အဆောက်အဦးတွေ အကုန်လုံးရုပ်ဆိုးတယ်။ ကြည့်ရဆိုးလိုက်တာ။"
ယင်းဖုန်း မျက်ခွံလှုပ်သွားသည်။
"ဒါပေမဲ့ အကုန်ဖျက်ဖို့ဆိုရင် အချိန်မလောက်ဘူး ထင်တယ်။"
"ဒါ အချိန်နဲ့ဆိုင်လို့လား။"
နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။
ယင်းဖုန်းလည်း အချိန်နဲ့မဆိုင်ဘူးလို့ ထင်မိသည်။
"အရှင်မင်းကြီး၊ မယ်တော်ကြီးနန်းဆောင် မရှိတော့ရင် မယ်တော်ကြီးနဲ့ မင်းသားလေးက ဘယ်မှာနေကြမလဲ။"
နဂါးအစောင့်တပ်သားတစ်ဦးက မေးလိုက်သည်။ မယ်တော်ကြီးက ကြုံရာနေရာမှာ နေလို့ရတာ မဟုတ်ဘူးလေ။
"ဟုတ်သားပဲ။"
နဉ်ရှောင်ယောင်း လက်ခုပ်တီးလိုက်သည်။
"မယ်တော်ကြီးနန်းဆောင် မရှိတော့ရင် မယ်တော်ကြီးနဲ့ နဉ်ရှင်းက ဘယ်မှာနေကြမလဲ။ အမတ်ချုပ်အိမ်တော်မှာ သွားနေကြမလား။ ဟားဟား..."
ရက်စက်လိုက်တာ...
ယင်းဖုန်းနှင့် နဂါးအစောင့်တပ်သားများ နဉ်ရှောင်ယောင်းကို ကြည့်နေကြသည်။ အရှင်မင်းကြီးက မယ်တော်ကြီးကို အကျဉ်းချရုံတင်မကဘူး၊ နန်းတော်ထဲကနေ မောင်းထုတ်ချင်နေတာပဲ။
နဉ်ရှောင်ယောင်း တံခါးမကြီးကို ခြေထောက်ဖြင့်ကန်လိုက်၊ လက်သီးဖြင့် ထိုးလိုက် လုပ်လိုက်ရာ ဝုန်းခနဲ ပြိုကျသွားလေသည်။
"ရုပ်ဆိုးလိုက်တာ!"
ကြောင်အနေသော မယ်တော်ကြီးနန်းဆောင်မှလူများကို ပြောခဲ့ပြီးနောက် နဉ်ရှောင်ယောင်း ယင်းဖုန်းတို့နှင့်အတူ ထိုက်ဟွာနန်းဆောင်သို့ ပြန်သွားလေသည်။
မယ်တော်ကြီးရှဲ့သည် တံခါးမကြီး ပြိုကျသွားကြောင်း ကြားသိရသောအခါ ဒေါသမထွက်တော့ပေ။ မကြာခင် သေလူထက်ဆိုးတဲ့ဘဝ ရောက်တော့မယ့်လူနဲ့ ဘာသွားစိတ်ဆိုးနေရမှာလဲ။
"မကြာခင် အဆင်ပြေသွားမှာပါ။"
မယ်တော်ကြီးရှဲ့ နဉ်ရှင်း၏ပါးလေးကို နမ်းပြီး ချော့မြှူလိုက်သည်။
"သားလေး မငိုနဲ့တော့နော်။ မယ်တော်တို့ဘဝ မကြာခင် ကောင်းစားတော့မှာပါ။"
....
ထိုက်ဟွာနန်းဆောင်တွင် လိုကျစ်ကွေ့သည် စစ်သူကြီးလေးအား စစ်ပွဲအကြောင်း မေးမြန်းပြီးနောက် ထောင်ယွီ၏ အကြောင်းကို မေးမြန်းနေသည်။ နဉ်ရှောင်ယောင်း အခန်းဝသို့ ရောက်လာပြီး အော်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်၊ ကျွန်မ ပြန်ရောက်ပြီ။"
လိုကျစ်ကွေ့ ထိုင်ခုံမှ ထရပ်လိုက်သည်။
စစ်သူကြီးလေးလည်း အရှင်မင်းကြီးကို ဂါရဝပြုလိုက်သည်။
နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။
"ငါ့ကို အားမနာပါနဲ့။"
စစ်သူကြီးလေး နားမလည်ပေ။ သူက အရှင်မင်းကြီးနဲ့ ဘာအားနာစရာရှိလို့လဲ။
"ထိုင်ပါ။"
လိုကျစ်ကွေ့ကပဲ ဝင်ပြောလိုက်ရသည်။
ထိုင်ခိုင်းတာကို အားမနာနဲ့လို့ ပြောတာလား။ စစ်သူကြီးလေး ခေါင်းရှုပ်သွားသည်။
"ရော့..."
စစ်သူကြီးလေး ထိုင်လိုက်သည်နှင့် နဉ်ရှောင်ယောင်းက မုန့်ပန်းကန်နှစ်ချပ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။ ပြီးတော့ လိုကျစ်ကွေ့ရှေ့က ရေနွေးခွက်ကိုပါယူပြီး စစ်သူကြီးလေးရှေ့ တင်ပေးလိုက်သည်။
"စား... မုန့်တွေ အများကြီး ရှိတယ်။"
စစ်သူကြီးလေး အံ့သြသွားသည်။ လက်တစ်ဖက်ဖြင့် မုန့်တစ်တုံးယူပြီး ကိုက်လိုက်သည်။ အရသာမသိလိုက်ပေ။ ထိုက်ဟွာနန်းဆောင်ထဲမှာ အရှင်မင်းကြီး ကျွေးတဲ့မုန့်ကို စားနေရတယ်ဆိုတာပဲ သိလိုက်သည်။
"မယ်တော်ကြီး အခြေအနေ ဘယ်လိုလဲ။"
လိုကျစ်ကွေ့ မေးလိုက်သည်။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ဘေးနား သွားရပ်လိုက်သည်။
"မဆိုးပါဘူး။ ကိုယ့်ကိုကိုယ် အအေးမိအောင် လုပ်ထားတာ။"
လိုကျစ်ကွေ့ မုန့်စားနေသော စစ်သူကြီးလေးကို တစ်ချက်ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း သဘောပေါက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဪ... ဟုတ်သားပဲ။ အိမ်တွင်းရေးပြဿနာကို အပြင်လူ မသိစေရဘူး။"
လိုကျစ်ကွေ့... ဒီလောက် ပွင့်ပွင့်လင်းလင်းပြောတာ ကောင်းတဲ့အကျင့် မဟုတ်ဘူး။
"မယ်တော်ကြီးနန်းဆောင် တံခါးမကြီးက ရုပ်ဆိုးလွန်းလို့ ကျွန်မ ပြုပြင်ပေးခဲ့တယ်။"
"မင်း ဘာလုပ်ခဲ့လဲ။"
မေးပြီးမှ လိုကျစ်ကွေ့ နောင်တရသွားသည်။
နဉ်ရှောင်ယောင်း တဟားဟား ရယ်မောလိုက်ကာ "ကျွန်မ တံခါးကြီးကို ဖြိုချပေးခဲ့တယ်။ အသစ်ပြန်လုပ်လို့ရအောင်လို့လေ။"
"ဖူး..."
စစ်သူကြီးလေး စားနေသော မုန့်များ မှုတ်ထုတ်လိုက်သည်။
"ရေသောက်လိုက်၊ ရေသောက်လိုက်။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
စစ်သူကြီးလေး ရေတစ်ခွက် ငှဲ့သောက်လိုက်သည်။
လိုကျစ်ကွေ့ စစ်သူကြီးလေးကို ကြည့်လိုက်သည်။ စောစောက သတိမထားမိပေမယ့် ဒီကောင်လေးက တော်တော်ရိုးတာပဲ။
"ဒါနဲ့... စစ်သူကြီးထောင် နေကောင်းလား။"
နဉ်ရှောင်ယောင်း စစ်သူကြီးလေးရှေ့ ပြေးသွားပြီး မေးလိုက်သည်။
"ကျွန်တော်မျိုးတို့ စစ်သူကြီး နေကောင်းပါတယ်။"
"အဲဒါဆို ပြီးတာပဲ။ ခဏနေရင်ပြန်သွားပြီး စစ်သူကြီးကတော်နဲ့ သမီးလေးကို စစ်သူကြီးထောင်အကြောင်း ပြောပြလိုက်ဦးနော်။"
"ဟုတ်ကဲ့။"
"ငွေလောက်ရဲ့လား။"
နဉ်ရှောင်ယောင်း တိုးတိုးလေး မေးလိုက်သည်။
"လောက်ပါတယ်။ မင်းသားဖူမှာ ငွေရှိတယ်။"
"ရိက္ခာရော လောက်ရဲ့လား။"
"လောက်ပါတယ်။ မင်းသားဖူမှာ ရိက္ခာရှိတယ်။"
"ဪ... ဒါဆို မင်းသားဖူ ကောင်းလား၊ အရှင်မင်းကြီး ကောင်းလား။"
"အရှင်မင်းကြီး ကောင်းပါတယ်။"
စစ်သူကြီးလေး ချက်ချင်း ဖြေလိုက်သည်။
"အရှင်မင်းကြီးသာ မရှိရင် မင်းသားဖူက ငွေနဲ့ ရိက္ခာ ထုတ်ပေးမှာ မဟုတ်ပါဘူး။"
"နာမည် ဘယ်လိုခေါ်လဲ။"
နဉ်ရှောင်ယောင်း စစ်သူကြီးလေး ပခုံးကို ပုတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"သူငယ်ချင်း လုပ်ကြရအောင်။"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၃၄ ။ အရှင်မင်းကြီးက ပြောတယ်... ငါ နားလည်ပါတယ်တဲ့
"ကျွန်တော်မျိုး နာမည်က ကျန်းဖုန်းပါ"
စစ်သူကြီးလေးကျန်းသည် နဉ်ရှောင်ယောင်း မေးသမျှကို ဖြေကြားနေသော်လည်း သူ မည်သည့်အခြေအနေနှင့် ကြုံတွေ့နေရသည်ကို နားမလည်နိုင်ဖြစ်နေရှာသည်။
"နဉ်ရှောင်ယောင်း"
နဉ်ရှောင်ယောင်းက စစ်သူကြီးလေးကျန်းကို လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
"နောက်ဆိုရင် ငါတို့က သူငယ်ချင်းတွေ ဖြစ်သွားပြီနော်"
စစ်သူကြီးလေးကျန်းသည် ကြောင်တောင်တောင်ဖြင့် ထိုင်လျက်သားပင် လက်လှမ်းပေးလိုက်သည်။
နဉ်ရှောင်ယောင်းသည် စစ်သူကြီးလေးကျန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထိုစဉ် နောက်ဘက်မှ လျှောက်လာသော စစ်သေနာပတိချုပ်လိုက သူမကို ဆွဲခေါ်သွားလေသည်။
လိုကျစ်ကွေ့၏ မျက်နှာထားမှာ မည်းမှောင်နေပြီး ကျန်းဖုန်းကိုကြည့်သော အကြည့်များမှာလည်း မနှစ်မြို့ဖွယ်ကောင်းလှသည်။ သူက အေးစက်စွာ ပြောလိုက်၏။
"မင်းက ထိုင်လျက်နဲ့ အရှင်မင်းကြီးကို စကားပြောနေတာလား"
စစ်သူကြီးလေးကျန်းသည် နဉ်ရှောင်ယောင်းကို တစ်ချက်ကြည့်လိုက်၊ မိမိကိုယ်ကို ပြန်ကြည့်လိုက် လုပ်နေမိသည်။ ထိုအခါမှသာ အရှင်မင်းကြီးသည် မတ်တပ်ရပ်နေခဲ့ပြီး သူကတော့ ထိုင်နေခဲ့ခြင်းဖြစ်ကြောင်း၊ သူတို့နှစ်ဦးသည် ထိုပုံစံဖြင့် အချိန်အတော်ကြာ စကားပြောနေခဲ့ကြခြင်းဖြစ်ကြောင်းကို သဘောပေါက်သွားတော့သည်။
"မင်း မတ်တပ်မရပ်သေးဘူးလား"
လိုကျစ်ကွေ့၏မျက်ခုံးများ တွန့်ချိုးသွားလေသည်။
စစ်သူကြီးလေးကျန်း ထခုန်တော့မည့်ဆဲဆဲတွင် နဉ်ရှောင်ယောင်းက ပခုံးကိုဖိ၍ ပြန်ထိုင်စေလိုက်သည်။
"မထနဲ့တော့... မုန့်စားလေ၊ ဒါ စားတော်ကဲကြီးဟွမ် ဒီနေ့မှလုပ်ထားတဲ့ မုန့်တွေ။ စားလို့ကောင်းလား"
စစ်သူကြီးလေးကျန်းသည် စားတော်ကဲကြီးဟွမ်ကို မသိသော်လည်း ကြောက်ရွံ့အားနာစိတ်ဖြင့် မုန့်ကို ဆက်စားနေလိုက်သည်။
"ခဏနေကျရင် စားတော်ကဲကြီးဟွမ်ကို တခြားမုန့်တွေ ထပ်လုပ်ခိုင်းပြီး လမ်းမှာစားဖို့ ထည့်ပေးလိုက်မယ်နော်"
နဉ်ရှောင်ယောင်းက ရယ်မောကာ ပြောလိုက်သည်။ သူမ၏ သူငယ်ချင်းမိတ်ဆွေများအပေါ်တွင် နဉ်ရှောင်ယောင်းသည် အမြဲတမ်း ရက်ရောလေ့ရှိသည်။
စစ်သူကြီးလေးကျန်းသည် လိုကျစ်ကွေ့ကို လှမ်းကြည့်လိုက်သည်။
"ဆက်စားလိုက်"
လိုကျစ်ကွေ့က မျက်နှာတည်ဖြင့် ပြောကာ စစ်သူကြီးလေးကျန်းကို လျစ်လျူရှုလိုက်သည်။
"စားလို့ကောင်း... ဟင်"
နဉ်ရှောင်ယောင်းက စစ်သူကြီးလေးကျန်း၏အကြိုက်ကို မေးမြန်းချင်သေးသော်လည်း စကားမဆုံးခင်မှာပင် လိုကျစ်ကွေ့က သူမကို အခန်းပြင်သို့ ဆွဲခေါ်သွားလေတော့သည်။
စစ်သူကြီးလေးကျန်းမှာ အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။ သူသည် မုန့်စားရင်း ကြောင်တောင်တောင်ဖြင့် တွေးနေမိသည်။
'နဉ်ရှောင်ယောင်းတဲ့လား... အရှင်မင်းကြီးနာမည်က နဉ်ယွီ မဟုတ်ဘူးလား... ဘာတွေဖြစ်ကုန်တာလဲ... ငါတို့ ယုံနင်တိုင်းပြည်ရဲ့ ဧကရာဇ်မှာ နာမည်နှစ်ခု ရှိနေတာလား'
(အရှင်မင်းကြီးက မင်းနဲ့ သူငယ်ချင်းလုပ်ချင်နေတယ်ဆိုတဲ့ ကိစ္စကိုကျ ဘာလို့ မတွေးမိရတာလဲ)
.....
အခန်းအပြင်ရှိ ခြံဝင်းထဲတွင် လိုကျစ်ကွေ့သည် နဖူးကို အသာစမ်းရင်း နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"နောက်ဆိုရင် တခြားသူတွေကို ရှောင်ယောင်းဆိုတဲ့နာမည် လျှောက်မပြောနဲ့"
"ဘာလို့လဲ"
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"မင်းက ယုံနင်တိုင်းပြည်သူတွေအတွက်တော့ နဉ်ယွီလေ"
လိုကျစ်ကွေ့က အသံကို နှိမ့်ကာ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"မင်း မေ့နေတာလား"
နဉ်ရှောင်ယောင်း နှုတ်ခမ်းဆူသွားသည်။
"မင်း ဒီနာမည်ကို မကြိုက်ဘူးဆိုတာ ကျွန်တော်သိပါတယ်..."
"ဘယ်သူက ရေချိုးတဲ့နာမည်ကို လိုချင်မှာလဲ"
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏စကားကို ဖြတ်ပြောလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
"ဘာပြောလိုက်တာ"
"နဉ်ယွီ... လင်ယွီ (ရေချိုးခြင်း) လေ"
နဉ်ရှောင်ယောင်းက တဘက်ဖြင့် ကျောကို ပွတ်တိုက်ပြီး ရေချိုးသည့်ပုံစံလုပ်ပြကာ ပြောလိုက်သည်။
"ရေချိုးတာ... ကိုယ်လက်သန့်စင်တာလေ"
လိုကျစ်ကွေ့ ဆွံ့အသွားလေသည်။
"နတ်ရွာစံမင်းကြီးရဲ့ ပညာအရည်အချင်းက သိပ်မမြင့်ဘူးနဲ့တူတယ်"
နဉ်ရှောင်ယောင်းတစ်ယောက် ခမည်းတော်ဧကရာဇ်ကြီးကို အပြစ်တင်လိုက်ပြန်သည်။
"မဟုတ်ရင် သူ ကျွန်မကို ဒီလိုနာမည်မျိုး ပေးခဲ့မှာ မဟုတ်ဘူး"
"မင်း..."
နဉ်ရှောင်ယောင်းက ရေချိုးသည့်ကိစ္စကို ထည့်မပြောလျှင် ကိစ္စမရှိသော်လည်း ထိုသို့ပြောလာသောအခါ လိုကျစ်ကွေ့လည်း နဉ်ယွီဆိုသည့်နာမည်မှာ အနည်းငယ် အဆင်မပြေဟု ခံစားလာရသည်။
"မင်း ဒါကို တွေးမိတာကြာပြီလား"
စစ်သေနာပတိချုပ်လိုက နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
"ဟင့်အင်း... လွန်ခဲ့တဲ့ရက်ပိုင်းကမှ တွေးမိတာ"
နဉ်ရှောင်ယောင်းက ပြန်ဖြေလိုက်သည်။ လွန်ခဲ့သည့်ရက်ပိုင်းက အဘွားယာက သူမကို ရေချိုးရန် လာတိုက်တွန်းရာမှ ရေချိုးရင်း ရေချိုးရင်းဖြင့် နဉ်ရှောင်ယောင်းတစ်ယောက် လင်ယွီ (ရေချိုးခြင်း) ကို သွားသတိရလိုက်ခြင်းဖြစ်သည်။
"ရှောင်ယောင်း..."
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏လက်ကို ဆွဲကိုင်ရန် ပြင်လိုက်သည်။
နဉ်ရှောင်ယောင်းက လက်ကို နောက်သို့ပစ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မက ဘယ်အချိန်ထိ နဉ်ယွီအဖြစ် ဟန်ဆောင်နေရမှာလဲ"
လိုကျစ်ကွေ့ ကြောင်သွားပြန်သည်။
"ဘာပြောလိုက်တာလဲ"
"ဖန်းထန်က စစ်ကူတောင်းဖို့ ပြန်သွားပြီမလား"
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ကြည့်ရင်း မေးလိုက်သည်။
"ဒီတစ်ခေါက် စစ်သေနာပတိချုပ်ရဲ့ အနက်ရောင်နှင်းခဲမြင်းတပ် ရောက်လာနိုင်မလား"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"လာနိုင်မှာပါ"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
"ဒါဆိုရင် မယ်တော်ကြီးက ကျွန်မကို ဒုက္ခပေးချင်နေတာရယ်၊ မိဖုရားခေါင်ကြီးက ကျွန်မကို သတ်ချင်နေတာရယ်ကို အခွင့်ကောင်းယူပြီး ကျွန်မတို့တွေ အမတ်ချုပ်ကြီးရှဲ့ရဲ့အဖွဲ့ကို ရှင်းပစ်ကြမလား"
လိုကျစ်ကွေ့ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
"ကျွန်တော့်မှာ အဲဒီအစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ရှောင်ယောင်း... အဲဒီလိုလုပ်လိုက်ရင် မြို့တော်မှာ စစ်မီးတွေ တောက်လောင်ကုန်လိမ့်မယ်"
နဉ်ရှောင်ယောင်း ခေါင်းကို စောင်းလိုက်ပြီး ပြောလိုက်သည်။
"ဒါကို ကျွန်မနားလည်ပါတယ်... လူတစ်ယောက် နေမကောင်းဖြစ်လို့ ခွဲစိတ်ကုသရတာနဲ့ တူတူပါပဲ။ ဓားဒဏ်မခံရင် သေမှာလေ။ အဲ့ဒါကြောင့် ဓားဒဏ်ခံလိုက်ရုံပဲရှိတာပေါ့"
"ကောင်းပြီ"
လိုကျစ်ကွေ့ ပြောလိုက်သည်။
"ကျွန်တော် သိပါပြီ... ဒီတစ်ခေါက် အနက်ရောင်နှင်းခဲမြင်းတပ် မြို့တော်ကို ဝင်လာရင် ကျွန်တော် အမတ်ချုပ်ကြီးရှဲ့ရဲ့အဖွဲ့ကို အမြစ်ပြတ် ရှင်းပစ်လိုက်မယ်"
"အင်း... ကျွန်မ ပိုက်ဆံရှာဖို့ နည်းလမ်းရှာလိုက်မယ်"
"မင်းက ပိုက်ဆံရှာပြီး ဘာလုပ်မလို့လဲ"
"ခေါင်းဆောင်ရှန်နဲ့ မြောက်ဘက် ဟူလူမျိုးတွေ ကိစ္စကို မမေးတော့ဘူးလား။ အမတ်ချုပ်ကြီးရှဲ့အဖွဲ့ကို ရှင်းပြီးရင် နောက်ထပ် ဖြေရှင်းစရာ ဒီပြဿနာနှစ်ခု ကျန်သေးတယ်လေ... အဲဒါတွေက ပိုက်ဆံမကုန်ဘဲ ပြီးမယ့်ကိစ္စတွေမှ မဟုတ်တာ"
နဉ်ရှောင်ယောင်းသည် နေ့စဉ်နေ့တိုင်း ရှဲ့ဝမ်ယွမ်နှင့် ဉာဏ်ပြိုင်နေရသည့်ကြားမှ မြောက်ဘက် ဟူလူမျိုးများနှင့် သူပုန်များကိစ္စကိုပါ တစ်ပြိုင်နက် တွေးတောနေနိုင်လိမ့်မည်ဟု လိုကျစ်ကွေ့ မထင်ထားခဲ့မိပေ။ ထိုအခိုက်တွင် စစ်သေနာပတိချုပ်လိုသည် နဉ်ရှောင်ယောင်းကိုကြည့်ရင်း ငေးမောသွားမိသည်။
နဉ်ရှောင်ယောင်းက လက်ဖဝါးကို ကုတ်လိုက်သည်။ စစ်သေနာပတိချုပ်၏အစ်ကိုက ဝံပုလွေဖြူတောင်ကြားမှာရှိနေတာဖြစ်ပြီး မြောက်ဘက် ဟူလူမျိုးတွေနဲ့စစ်ပွဲက တိုက်ကိုတိုက်ရမည့်ပွဲ ဖြစ်သည်။ အစ်ကိုကြီး လိုကျင်းကို ကယ်ထုတ်ရမည် မဟုတ်လား။ ပြီးတော့ သူပုန်တွေကိစ္စ၊ တိုင်းပြည်က ဒီလိုမျိုး ဖရိုဖရဲဖြစ်နေမယ်ဆိုရင် ဘယ်သူမှ ပျော်ရွှင်ရမှာ မဟုတ်ပေ။ သူမသာ ဒီကံဆိုးမိုးမှောင်ကျတဲ့ ဧကရာဇ် မလုပ်ဘဲ ကမ္ဘာပတ်ခရီးထွက်မယ်ဆိုရင်တောင် သွားလေရာရာမှာ စစ်ပွဲတွေဖြစ်နေရင် ဘာသွားလုပ်လို့ ရတော့မှာလဲ။
"မလောပါနဲ့"
နဉ်ရှောင်ယောင်းက မော့ကြည့်ရင်း လိုကျစ်ကွေ့ကို ပြောလိုက်သည်။
"ထမင်းကို တစ်လုပ်ချင်းစားရသလိုပဲ ပြဿနာတွေကိုလည်း တစ်ခုချင်း ဖြေရှင်းရမှာပေါ့။ အရင်ဆုံး အမတ်ချုပ်ကြီးရှဲ့ရဲ့အဖွဲ့ကို ရှင်းပစ်ရမယ်။ ဒါက ရောဂါအမြစ်ပဲ၊ ရောဂါအမြစ်ပြတ်သွားရင် ကျန်တဲ့ကိစ္စတွေက ဖြေရှင်းရလွယ်သွားမှာပါ"
ထိုအချိန်တွင် ခြံဝင်းအတွင်း၌ မြက်ခင်းများက စိမ်းလန်းစိုပြေနေပြီး နွေဦးပန်းများ ဝေဆာနေသည်။ လူသတ်ပွဲ၊ စစ်ပွဲအကြောင်းပြောရန် သင့်တော်သော ဝန်းကျင်အခြေအနေမျိုး မဟုတ်ပေ။ သို့သော် လိုကျစ်ကွေ့သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ရယ်မောလိုက်သည်။ နေရောင်အောက်တွင် သူ့အပြုံးက နူးညံ့သိမ်မွေ့နေသော်လည်း နဉ်ရှောင်ယောင်းအတွက်မူ သိပ်မမှန်သလို ခံစားလိုက်ရသည်။
"ကျွန်တော် သိပါပြီ"
လိုကျစ်ကွေ့က ခေါင်းငုံ့ကာ နဉ်ရှောင်ယောင်းကို တိုးတိုးလေးပြောလိုက်သည်။
"မလောပါဘူး... ကျွန်တော်တို့ ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့"
စစ်သေနာပတိချုပ်လို ပြောသည့်စကားမှာ စစ်တိုက်မည့်ကိစ္စ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ အခြားအဓိပ္ပာယ်တစ်ခုခု ပါဝင်နေသလို နဉ်ရှောင်ယောင်း ခံစားလိုက်ရသည်။
"မယ်တော်ကြီးက မင်းကို ဘာပြောလိုက်သေးလဲ"
လိုကျစ်ကွေ့က မေးလိုက်သည်။
နဉ်ရှောင်ယောင်း၏ အတွေးက လိုကျစ်ကွေ့ ခေါ်ဆောင်ရာနောက်သို့ ပါသွားပြန်သည်။
"ဘာမှ ထွေထွေထူးထူး မပြောပါဘူး။ သူက မိဖုရားခေါင်ကြီးကို နန်းတော်ပြန်ခေါ်ချင်တယ်တဲ့။ အဲဒါ ကျွန်မ လက်ခံလိုက်တယ်"
"အဲဒါပြီးတော့ မင်း စိတ်ဆိုးပြီး မယ်တော်ကြီးနန်းဆောင်ရဲ့ တံခါးမကြီးကို ဖြိုချလိုက်တာလား"
"အင်းလေ"
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏ပါးလေးကို အသာပုတ်လိုက်ပြီး ပြောလိုက်သည်။
"နောက်ဆိုရင် တခြားသူတွေကို ဖြိုခိုင်းလိုက်"
"ရှင်က ကျွန်မ ပင်ပန်းမှာစိုးလို့လား"
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"မင်း ဘယ်လိုထင်လို့လဲ"
လိုကျစ်ကွေ့က ပြုံးရင်း ပြန်မေးလိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ဆိတ်သွားသည်။ (ငါသာ သိရင် မေးနေပါ့မလား)
"မနက်ဖြန်ကျရင် မိဖုရားခေါင်ကြီးကို နန်းတော်ပြန်ခေါ်လိုက်ပါ"
လိုကျစ်ကွေ့က ပြောလိုက်သည်။
"သူနဲ့ မယ်တော်ကြီးက ဘယ်လိုလှုပ်ရှားရမလဲဆိုတာ တိုင်ပင်ပြီးပြီဆိုရင်တောင် ပြင်ဆင်ဖို့ အချိန်လိုဦးမှာပဲ"
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ထောင်ယွီဆီကို ကျန်းဖုန်းကနေတစ်ဆင့် မှာစရာစကား ရှိသေးလား"
လိုကျစ်ကွေ့က မေးလိုက်သည်။
"မရှိတော့ပါဘူး။ စစ်တိုက်တဲ့ကိစ္စကို ရှင်တို့ဘာသာရှင်တို့ ကြည့်စီစဉ်လိုက်ကြပါ။ ကျွန်မကမှ နားမလည်တာ"
လိုကျစ်ကွေ့က ခေါင်းညိတ်လိုက်ပြီး အခန်းထဲသို့ ပြန်လှည့်ဝင်သွားလေသည်။
နဉ်ရှောင်ယောင်းသည် ခြံဝင်းထဲတွင် ရပ်ကျန်ရစ်ခဲ့ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ဤနေရာတွင် သူမအတွက် လုပ်စရာကိစ္စမရှိတော့ဟု ယူဆကာ ဧကရာဇ်နဉ်သည် ခြံဝင်းအပြင်သို့ ထွက်ခွာသွားတော့သည်။
"မင်း..."
လိုကျစ်ကွေ့က စင်္ကြံလမ်းပေါ်သို့ ရောက်သောအခါ စကားပြောရန် လှည့်ကြည့်လိုက်သော်လည်း ခြံဝင်းထဲတွင် မိန်းကလေးနဉ်၏အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။
အခန်းထဲတွင်မူ ကျန်းဖုန်းသည် ထိုင်လျက်သားဖြင့် မုန့်နှစ်ပန်းကန်လုံးကို ကုန်စင်အောင် စားသောက်ပြီးဖြစ်လေသည်။ လိုကျစ်ကွေ့ ဝင်လာသည်ကို မြင်သောအခါ စစ်သူကြီးလေးကျန်းသည် ကပျာကယာ ထရပ်လိုက်သည်။
"ထိုင်ပါ"
လိုကျစ်ကွေ့သည် လက်ဖက်ရည်ပွဲတော်ခုံပေါ်မှ ပြောင်သလင်းခါနေသော ပန်းကန်များကို ကြည့်ပြီး လေသံမာမာဖြင့် ကျန်းဖုန်းကို ပြောလိုက်သည်။
"မင်းက အရှင်မင်းကြီးနဲ့တောင် ထိုင်ပြီး စကားပြောရဲသေးတာပဲ။ ငါ့ရှေ့ရောက်မှ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ"
အရပ်ခြောက်ပေခန့်ရှိသော ကျန်းဖုန်းသည် သနားစဖွယ်မျက်လုံးများဖြင့် လိုကျစ်ကွေ့ကို မရဲတရဲ ကြည့်လိုက်သည်။ သူက စစ်သူကြီးလေးအဆင့်သာရှိသေးသူမို့ လူကြီးလူကောင်းများနှင့် မဆက်ဆံဖူးပေ။ ယခု စစ်သေနာပတိချုပ်လိုက သူ့ကို စိတ်ဆိုးနေခြင်းလား၊ ဒေါသထွက်နေခြင်းလား ဆိုသည်ကို ဘယ်သူကများ ရှင်းပြပေးနိုင်မလဲ။
နဉ်ရှောင်ယောင်းသည် ခြံဝင်းထဲမှ ပြေးထွက်လာပြီးနောက် သိမ်းငှက်ဖြူလေး၏ အမွှေးအတောင်များကို ရှင်းပေးနေသော ယင်းဖုန်းကို သွားရှာလိုက်သည်။
"သာ့ဖုန်း၊ မနက်ဖြန် သံဘုရားကျောင်းကိုသွားပြီး မိဖုရားခေါင်ကြီးကို နန်းတော်ပြန်ခေါ်လာပေးနိုင်မလား"
ယင်းဖုန်းက ကပျာကယာ ပြောလိုက်သည်။
"မိဖုရားခေါင်ကြီးကို နန်းတော်ပြန်ခေါ်တော့မလို့လား"
နဉ်ရှောင်ယောင်းက သူမ၏ပခုံးပေါ်သို့ ပျံတက်လာပြီး နားနေသော သိမ်းငှက်လေးကို ပုတ်ပေးလိုက်ရင်း ယင်းဖုန်းကို ပြောလိုက်သည်။
"လောလောဆယ် ငါတို့ မိဖုရားခေါင်ကြီးကို မိတ်ဆွေတစ်ယောက်အနေနဲ့ မသတ်မှတ်ဘဲ နေကြရအောင်"
ယင်းဖုန်း၏အမူအရာ တင်းမာသွားပြီး အသံကိုနှိမ့်ကာ မေးလိုက်သည်။
"မိဖုရားခေါင်ကြီးက ဘာလုပ်လိုက်လို့လဲ"
နဉ်ရှောင်ယောင်းက ယင်းဖုန်းအခန်းထဲရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"သူ ဘာမှမလုပ်ရသေးပါဘူး။ ဒါပေမဲ့ အခုလောလောဆယ် သူ ငါ့ကို သိပ်ကြည့်မရဖြစ်နေတယ်"
ယင်းဖုန်းသည် နဉ်ရှောင်ယောင်း၏ရှေ့သို့လျှောက်လာပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်မျိုး မိဖုရားခေါင်ကြီးကို ပြန်ခေါ်လာတဲ့လမ်းမှာပဲ..."
ယင်းဖုန်းက နဉ်ရှောင်ယောင်းကို ခေါင်းဖြတ်သည့်ပုံစံ လုပ်ပြလိုက်သည်။
"မလုပ်နဲ့"
နဉ်ရှောင်ယောင်းက ယင်းဖုန်းကို အလျင်အမြန် လက်ကာပြလိုက်သည်။
"လုံးဝ မလုပ်နဲ့နော်။ ငါ မိဖုရားခေါင်ကြီးကို မသေစေချင်ဘူး"
"အရှင်မင်းကြီး လိုချင်ရင် ဘယ်လိုမိန်းမမျိုးမဆို ရနိုင်တာပဲဟာ"
သိမ်းငှက်ဖြူလေးက တောင်ပံခတ်လိုက်သည်။ (သူ့သခင်ကတော့ လုပ်ချလိုက်ပြန်ပြီ... ရှောင်ယောင်းက မိန်းကလေးလေ... သိမ်းငှက်တောင် စိတ်မရှည်ချင်တော့ဘူး)
"လာပါဦး"
နဉ်ရှောင်ယောင်းက ယင်းဖုန်းကို ထိုင်ရန် လက်ပြလိုက်သည်။
"ဒီကိစ္စကို ငါ မင်းကို အသေအချာရှင်းပြမယ်"
တော်ကြာနေ မိဖုရားခေါင်ကြီးက သူမကို လုပ်ကြံဖို့ကြိုးစားတဲ့အခါ ယင်းဖုန်းတို့က သူမ သွေးသံရဲရဲဖြစ်နေတာကိုမြင်ပြီး မိဖုရားခေါင်ကြီးကို ခေါင်းဖြတ်၊ ပြီးတော့ စစ်သေနာပတိချုပ်လိုနဲ့ သွားပြီး အသက်လုတိုက်ပွဲဝင်ကြရင် သူမ တကယ် သေရချေတော့မည်။
ယင်းဖုန်းသည် နဉ်ရှောင်ယောင်း ပြောသမျှကို နားထောင်ရင်း အမူအရာမှာ ပိုမိုဆိုးရွားလာသည်။ နောက်ဆုံးတွင် တပ်မှူးကြီးယင်းဖုန်းသည် ဒေါသတကြီးဖြင့် ကုလားထိုင်ပေါ်မှ ခုန်ထလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်မျိုး သူ့ကို သွားတွေ့လိုက်ဦးမယ်"
"နေပါဦး"
နဉ်ရှောင်ယောင်းက လက်လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။
"မင်းက ဘယ်သူ့ကို သွားတွေ့မလို့လဲ"
ယင်းဖုန်းက အံကြိတ်ရင်း ပြောလိုက်သည်။
"ကျွန်တော်မျိုး လိုကျစ်ကွေ့ကို သွားမေးမလို့။ သူ တကယ်တမ်း ဘာတွေ ကြံစည်ထားသလဲ ဆိုတာကိုလေ"
နဉ်ရှောင်ယောင်း ကြောင်အသွားသည်။
"ဟင်... ငါပြောပြီးပြီလေ။ စစ်သေနာပတိချုပ်ကလည်း အမတ်ချုပ်ကြီးရှဲ့အဖွဲ့ကို ရှင်းပစ်ချင်လို့ပါဆို"
"ကျိုးမိသားစု စစ်တပ်တစ်ခုတည်းအတွက်နဲ့ အရှင်မင်းကြီးကို အသက်အန္တရာယ် စွန့်ခိုင်းရသလား"
ယင်းဖုန်းက ဒေါသတကြီး ပြောလိုက်သည်။
နဉ်ရှောင်ယောင်းက ယင်းဖုန်းကို အတင်းပြန်ဆွဲထိုင်ခိုင်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါ စကားဆုံးအောင် ပြောပါရစေဦး။ ဒါက ကျိုးမိသားစုစစ်တပ် တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ စုန့်ကျင်း နဲ့ ဖန်းထန်တို့ အန်းယွမ်ကို ပြန်သွားကြပြီလေ။ အနက်ရောင်နှင်းခဲမြင်းတပ် လည်း မကြာခင် မြို့တော်ကို ရောက်လာတော့မှာ။ အဲဒီတော့ ဒီကျိုးမိသားစုစစ်တပ်ကို ငါတို့ မဖြစ်မနေ ရယူစရာ မလိုတော့ဘူး၊ ဟုတ်တယ်မလား သာ့ဖုန်း"
"ဒါဆို အရှင်မင်းကြီးက ပိုတောင် အသက်စွန့်စရာမလိုတော့ဘူးပေါ့"
ကျိုးမိသားစုစစ်တပ် ရှိရှိမရှိရှိ ဖြစ်နေပြီပဲ၊ သူတို့က မယ်တော်ကြီး၊ မိဖုရားခေါင်ကြီးတို့နဲ့ ဘာကစားပွဲ ကစားနေရဦးမှာလဲ။ လိုကျစ်ကွေ့သာ တကယ်ဆန္ဒရှိရင် အမတ်ချုပ်ကြီးရှဲ့အဖွဲ့ကို ရှင်းပစ်ပြီးတာနဲ့ ကျိုးမိသားစုစစ်တပ်ကို တိုက်ခိုက်ချေမှုန်းလိုက်လို့ရတာ သိပ်ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး။ သူ့အရှင်သခင်က ဘာ့ကြောင့် ကိုယ့်အသက်ကိုရင်းပြီး အန္တရာယ်စွန့်ရသလဲဆိုတာ ယင်းဖုန်း စဉ်းစားလို့ မရပေ။
"ဒါပေမဲ့ တကယ်လို့ အနက်ရောင်နှင်းခဲမြင်းတပ်သာ ရောက်မလာနိုင်ရင် ဘယ်လိုလုပ်မလဲ"
နဉ်ရှောင်ယောင်းက ယင်းဖုန်းကို ထိုမေးခွန်း မေးလိုက်သည်။
ယင်းဖုန်း ကြောင်သွားသည်။
နဉ်ရှောင်ယောင်းက အသံတိုးတိုးဖြင့် ယင်းဖုန်းကို ဆက်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်က ဘာလို့ ဒီလိုလုပ်ရသလဲဆိုတာ ငါ့ကို သေချာမရှင်းပြဘူး။ ဒါပေမဲ့ ငါ့အထင်တော့ သူက သူ့အတွက် နောက်လမ်းပြင်ဆင်ထားတာပဲ"
"အရှင်မင်းကြီး ဆိုလိုတာက..."
"ဟုတ်တယ်၊ မတော်တဆ အကြောင်းတစ်ခုခုကြောင့် အနက်ရောင်နှင်းခဲမြင်းတပ် ရောက်မလာနိုင်ရင် ဒီကျိုးမိသားစုစစ်တပ်က နောက်ထပ် အားကိုးစရာ ဖြစ်လာမှာပေါ့။ ပိုပြီး လေးလေးနက်နက်ပြောရရင် ငါတို့ အသက်ရှင်ဖို့အတွက် ဒီတပ်မတော်ကို အားကိုးရလိမ့်မယ်"
"ဒါပေမဲ့ မိဖုရားခေါင်ကြီးက အရှင်မင်းကြီးကို ပုန်ကန်နေမှတော့ ကျိုးမိသားစုစစ်တပ်က ဘယ်လိုလုပ်ပြီး..."
ယင်းဖုန်း နားမလည်နိုင်သေးပေ။
"ဘာလို့လဲဆိုတော့ မိဖုရားခေါင်ကြီးက ငါ့ကို မသတ်နိုင်လို့ပေါ့"
နဉ်ရှောင်ယောင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အကြံကြီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူမက ယင်းဖုန်းကို တိုးတိုးလေးပြောလိုက်သည်။
"သူ ငါ့ကို အသေသတ်ဖို့ ကြိုးစားပြီးရင် မယ်တော်ကြီးက သူ့ကို လွှတ်ထားမှာ မဟုတ်ဘူး။ အမတ်ချုပ်ကြီးရှဲ့ကလည်း သူ့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ ဒီမြို့တော်မှာ ငါကလွဲရင် ဘယ်သူမှ သူ့ကို မကာကွယ်ပေးနိုင်ဘူးလေ။ ပြီးတော့ ငါက သူ့အစ်ကိုကြီးရဲ့ဒဏ်ရာကို ကုပေးနိုင်သေးတယ်"
အပြစ်ရှိနေခြင်းနှင့် အစ်ကိုဖြစ်သူကို အသက်ကယ်တင်ပေးမည့် ကျေးဇူးတရား?
ယင်းဖုန်းသည် နဉ်ရှောင်ယောင်းကို ကြောင်ငေးကြည့်နေမိသည်။
"စစ်သေနာပတိချုပ်က ငါ ဘာမှနားမလည်ဘူးလို့ ထင်နေတာ"
နဉ်ရှောင်ယောင်းက လက်ညှိုးထောင်ပြီး ယင်းဖုန်းကို ယမ်းပြလိုက်ကာ ပြုံးစစဖြင့် ပြောလိုက်သည်။
"တကယ်တော့ ငါနားလည်ပါတယ်"
***