အခန်း (၂၃၉-၂၄၀)
Vol. 15 Ch. 239-240
အခန်း ၂၃၉ ။ ကံဆိုးမိုးမှောင်ကျတတ်တဲ့လူက မသေနိုင်တဲ့လူနဲ့ လိုက်ဖက်တယ်
"ကျွန်မ သိပါတယ်။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ရှင် ကျွန်မအပေါ် ကောင်းတယ်ဆိုတာ ကျွန်မ သိပါတယ်။"
လိုကျစ်ကွေ့၏မျက်နှာထား နူးညံ့သွားသည်။
"ကျွန်မက အစကတည်းက တရားခံပဲ။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ လက်ဖဝါးကို လက်ချောင်းဖြင့် ကုတ်လိုက်သည်။
"အမတ်ချုပ်ကြီးက အတင်းအဓမ္မ စီစဉ်ပေးခဲ့တာလို့ မပြောပါနဲ့။ အဲဒီတုန်းက ကျွန်မ သဘောမတူရင် ဒီမင်္ဂလာပွဲ ဖြစ်လာမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား။"
နဉ်ရှောင်ယောင်းက လုပ်ခဲ့တာ မဟုတ်ပေမယ့် အခု နဉ်ရှောင်ယောင်းက နဉ်ယွီ ဖြစ်နေပြီဆိုတော့ ဒီအပြစ်ကို ခံယူရတော့မယ်။ နဉ်ရှောင်ယောင်း မျက်နှာမဲ့လိုက်သည်။
"မင်းက ငယ်သေးတာကိုး။ မင်းအသက်က ရှဲ့ဝမ်ယွမ် လက်ထဲမှာ ရှိနေတာ။ မင်း ဘာတတ်နိုင်မှာလဲ။"
လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။
"ကျွန်မတို့ ဆက်ဆံရေး ကောင်းသွားလို့ ရှင် ဒီလိုတွေးပေးတာပါ။ ကျွန်မတို့ စတွေ့တုန်းက ရှင် ကျွန်မကို မင်းဆိုးမင်းညစ်လို့ ဆဲခဲ့သေးတယ်လေ။"
လိုကျစ်ကွေ့... ဒီကောင်မလေးက အငြိုးအတေး ကြီးလိုက်တာ။
"မိဖုရားခေါင်ကြီးရဲ့အချစ်စစ်က ရွှီဖေးယွီလေ။ စစ်သူကြီးကျိုးက ပြဿနာကြုံလာရင် သူ့ညီမလေးအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစားပေးမှာပဲ။ လူသတ်တာ မမှားဘူးလို့ ကျွန်မမပြောဘူး။ ဒါပေမဲ့ ကျွန်မ နားလည်ပေးနိုင်တယ်။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်ပြီး ပြောလိုက်သည်။
လိုကျစ်ကွေ့ ဘာမှပြန်မပြောပေ။
"စိတ်မဆိုးနဲ့တော့နော်။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏ ပခုံးကို ခေါင်းဖြင့် ပွတ်သပ်လိုက်သည်။
"ကျိုးမောင်နှမက မင်းရဲ့ စေတနာကို နားလည်ပေးမယ် ထင်နေလား။"
"ကျွန်မက သူတို့ နားလည်ပေးဖို့ လုပ်နေတာမှမဟုတ်တာ။"
နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။
"ကျွန်မက သူတို့နဲ့ တစ်သက်လုံး ပေါင်းသင်းနေရမှာမှ မဟုတ်တာ။"
"ဒါဆို..."
"ကျွန်မတို့က ကိုယ့်လိပ်ပြာကိုယ်လုံရင် ပြီးတာပါပဲ။ ကျွန်မက မိဖုရားခေါင်ကြီးကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တာလေ။ ဟုတ်တယ်မလား။ ဒီတစ်ခါ သူနဲ့ ရွှီဖေးယွီ ပေါင်းဖက်နိုင်အောင် ကူညီပေးလိုက်တာက ကျွန်မအပြစ်တွေကို ပြန်ပေးဆပ်လိုက်တာပေါ့။ နောက်ကျရင် ကိုယ့်လမ်းကိုယ် လျှောက်ကြမယ်။ ပြန်တွေ့ချင်မှ တွေ့တော့မှာ။"
"အင်း..."
လိုကျစ်ကွေ့ မရေရာသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"သူတို့က သေသင့်တဲ့လူတွေ မဟုတ်ပါဘူး။ စစ်သေနာပတိချုပ် စိတ်မဆိုးပါနဲ့တော့နော်။ အားလုံးအတွက် အဆင်ပြေမယ့် နည်းလမ်း ရှာကြရအောင်။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ပါးကို ဆွဲလိုက်သည်။
"အားလုံးအတွက် အဆင်ပြေမယ် ဟုတ်လား။ အခု သူတို့က မင်းသေမှ သူတို့ အဆင်ပြေမယ်လို့ ထင်နေကြတာ။"
"ဟားဟား... ဒါပေမဲ့ ကျွန်မက မသေနိုင်ဘူးလေ။"
နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။
"ကျွန်မကို ဝိုင်းတိုက်ကြပါစေ။ ကျွန်မက သူတို့နဲ့ အတူတူ ကစားပေးလို့ ရတယ်။ ကျွန်မက မသေနိုင်ဘူးလေ။ ကောင်းတာပေါ့။"
"မင်း တုံးနေတာလား။"
လိုကျစ်ကွေ့ မေးလိုက်သည်။
"ကျွန်မ မတုံးပါဘူး။ ကျွန်မက စွမ်းရည်မြင့်မားလို့ သတ္တိကောင်းတာ။"
"စွမ်းရည်မြင့်မားလို့ သတ္တိကောင်းတယ်?"
လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။
"ဟုတ်တယ်။ အဲဒါ ပြောတာ။ ဟားဟား... မိဖုရားခေါင်ကြီးတို့က ကျွန်မကို ဘယ်လိုမှ သတ်လို့မရဘူးဆိုတာ သိသွားရင် တော်တော် ဝမ်းနည်းသွားကြမှာပဲ။"
နဉ်ရှောင်ယောင်း ဆက်လက် ရယ်မောနေသည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ပါးကို ပြင်းပြင်းထန်ထန် ဆွဲလိုက်သည်။
"အမလေး..."
နဉ်ရှောင်ယောင်း ရယ်မောတာ ရပ်သွားသည်။
"ကျိုးမောင်နှမကို မသေစေချင်ဘူးလား။"
"အင်း..."
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။"
လိုကျစ်ကွေ့ အလျှော့ပေးလိုက်သည်။
"ယေး..."
နဉ်ရှောင်ယောင်း ဝမ်းသာသွားပြီး လိုကျစ်ကွေ့၏ပါးကို လှမ်းနမ်းလိုက်သည်။
"ချစ်လိုက်တာ။"
လေညင်းတစ်ချက် တိုက်ခတ်သွားပြီး ဗောဓိညောင်ပင်မှ သစ်ရွက်များ လှုပ်ခတ်သွားသည်။ နှလုံးပုံသဏ္ဌာန် ဗောဓိညောင်ရွက်တစ်ရွက် နဉ်ရှောင်ယောင်းခေါင်းပေါ် ကျလာသည်။ နဉ်ရှောင်ယောင်း သစ်ရွက်ကို ယူပြီး ခြေရင်းမှ လောင်တကို စလိုက်ရာ လောင်တက ကုတ်လိုက်ပြန်သည်။
လိုကျစ်ကွေ့ ကြောင်အသွားသည်။ နဉ်ရှောင်ယောင်း စောစောက ဘာပြောလိုက်လဲဆိုတာ မသေချာတော့ပေ။
"သွားကြစို့။"
နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်ပြီး လိုကျစ်ကွေ့လက်ကို ဆွဲလိုက်သည်။
"ကျိုးကျွင်းချီ ဒဏ်ရာ ပျောက်သွားပြီ။ အခုလောက်ဆို သတိရနေလောက်ပြီ။ သွားတွေ့ရအောင်။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း ဆွဲခေါ်ရာနောက် ပါသွားသည်။ စောစောကပြောလိုက်တာ ဘာလဲလို့ မေးချင်ပေမယ့် မမေးဖြစ်တော့ပေ။ တကယ်လို့ သူကြားလိုက်တာ မှန်နေရင် သူ ဘယ်လို ပြန်ပြောရမလဲ။
ချစ်တယ်?
နဉ်ရှောင်ယောင်း ဆွဲခေါ်ရာနောက်ပါသွားရင်း လိုကျစ်ကွေ့ ဘုရားကျောင်းဆောင်ထဲမှ ဘုရားရုပ်တုများကို လှမ်းကြည့်လိုက်သည်။ ဘုရားရုပ်တုများက သူ့ကို မျက်လွှာချပြီး ပြုံးစစကြည့်နေကြသည်။ အရင်တုန်းက သူ ဒူးထောက်ဆုတောင်းခဲ့တုန်းကလိုပဲ။ ကရုဏာသက်သလိုလိုနဲ့ လက်ပိုက်ကြည့်နေကြတာ။ အဖေနဲ့အစ်ကိုတွေရဲ့ အလောင်းတွေ၊ အိမ်မှာ လွှင့်ထူထားတဲ့ အလံဖြူတွေ၊ အဖေနဲ့အမေကို တစာစာအော်ခေါ်ပြီး ငိုနေတဲ့ တူလေး လိုနန်... လိုကျစ်ကွေ့ရဲ့နှလုံးသား တဖြည်းဖြည်း အေးစက်လာသည်။
"ဟင်..."
နဉ်ရှောင်ယောင်း ရပ်တန့်လိုက်ပြီး လိုကျစ်ကွေ့၏လက်ကို ကိုင်ကြည့်လိုက်သည်။
"စစ်သေနာပတိချုပ်၊ နွေရာသီကြီးမှာ ဘာလို့ လက်တွေ အေးနေရတာလဲ။"
လက်ပေါ်သို့ နွေးထွေးသော လေငွေ့များ ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီး လိုကျစ်ကွေ့ သတိဝင်လာသည်။ နဉ်ရှောင်ယောင်းက သူ့လက်ကို ကိုင်ပြီး လေမှုတ်ပေးနေတာ တွေ့လိုက်ရသည်။
"လက်တွေက ဘာလို့ အေးစက်နေရတာလဲ။"
နဉ်ရှောင်ယောင်း လေမှုတ်ပေးလိုက်၊ လက်ဖမိုးကို ပွတ်သပ်ပေးလိုက် လုပ်နေသည်။ လက်က အေးစက်နေဆဲမို့လို့ ခေါင်းကုတ်လိုက်ပြီး အထူးစွမ်းအင် သုံးလိုက်ရမလား စဉ်းစားလိုက်သည်။
ထိုအချိန်တွင် လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"ဟင်... စစ်သေနာပတိချုပ် ဘာဖြစ်လို့လဲ။"
နဉ်ရှောင်ယောင်း မော့ကြည့်လိုက်သည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏နှုတ်ခမ်းကို နမ်းလိုက်သည်။ အငမ်းမရ၊ ကြမ်းတမ်းစွာဖြင့်။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့အနောက်မှ ဘုရားရုပ်တုများကို ကြည့်လိုက်သည်။ ဘုရားရေ... ဘုရားကျောင်းထဲမှာ နမ်းနေကြတာလား။ မိုးကြိုးပစ်ခံရတော့မှာပဲ။ (မိုးကြိုးပစ်ခံရမှာ ကြောက်ရင် တွန်းထုတ်လိုက်ပါလား။)
"ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးပါ။"
အနမ်းဆုံးသွားသောအခါ လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဖက်ထားရင်း တိုးတိုးလေး ပြောလိုက်သည်။
"အင်း... ရပါတယ်။"
နဉ်ရှောင်ယောင်း ပြန်ဖြေလိုက်သည်။ စစ်သေနာပတိချုပ်က ဘာအတွက် အချိန်တောင်းနေတာလဲ။
"ကျွန်တော်က ကံဆိုးမိုးမှောင်ကျတတ်တဲ့သူ။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
"ဘာ..."
နဉ်ရှောင်ယောင်း မော့ကြည့်လိုက်သည်။ ဒီလိုခေတ်ကြီးမှာ ဒီလိုအယူသီးတာတွေ ရှိသေးတာလား။
"မပူပါနဲ့။ ဒီကမ္ဘာပေါ်မှာ ကျွန်မက သေဖို့ အခက်ခဲဆုံးလူပဲ။ ကံဆိုးမိုးမှောင်ကျတတ်တဲ့သူနဲ့ မသေနိုင်တဲ့လူ... လိုက်ဖက်ပါတယ်။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေသည်။ မျက်ဝန်းထဲတွင် နဉ်ရှောင်ယောင်း နားမလည်နိုင်သော ခံစားချက်များ ပြည့်နှက်နေသည်။
နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။
"စစ်သေနာပတိချုပ် စိတ်ဆိုးနေတုန်းလား။"
သူမက မိဖုရားခေါင်ကြီး မောင်နှမနှစ်ယောက်ကို မသတ်ချင်ဘူးလို့ ပြောလိုက်လို့ စိတ်ဆိုးနေတာလား။
"ကျွန်တော် စိတ်မဆိုးပါဘူး။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
"ကျွန်တော် မင်းကို ဘယ်တော့မှ စိတ်မဆိုးပါဘူး။"
"ဒါဆို မိဖုရားခေါင်ကြီးနဲ့ စစ်သူကြီးကျိုးကို မသတ်တော့ဘူးနော်။"
"ကျွန်တော် ကတိပေးပြီးသားပဲ။ သေချာပေါက် တည်ပါ့မယ်။"
လိုကျစ်ကွေ့ ပြုံးလိုက်သည်။
နဉ်ရှောင်ယောင်း စိတ်သက်သာရာရသွားသည်။ လိုကျစ်ကွေ့လက်ကို ပြန်စမ်းကြည့်လိုက်တော့ နွေးနေပြီ။
"စစ်သေနာပတိချုပ်၊ ကံဆိုးမိုးမှောင်ကျတယ်ဆိုတာ လျှောက်ပြောတာတွေပါ။ မယုံပါနဲ့။ စောစောက ဆရာတော်ကူမုကို ကျွန်မ ဘယ်ကလာတာလဲ မေးလိုက်တော့ ကောင်းကင်က ကျလာတယ်တဲ့။ ကြားလား... ဒါ ဆရာတော်ပြောတာနော်။ စစ်သေနာပတိချုပ် ကောင်းကင်ကကျလာပြီး မသေတဲ့လူ မြင်ဖူးလား။"
"သူဆိုလိုတာက မင်းက ဧကရာဇ်မင်းလေ။ ဧကရာဇ်မင်းဆိုတာ ကောင်းကင်ဘုံက ခရမ်းရောင်ကြယ်တာရာနတ်ဘုရား လူဝင်စားလို့ပြောတာ။"
လိုကျစ်ကွေ့ ရှင်းပြလိုက်သည်။
"ခရမ်းရောင်ကြယ်တာရာ နတ်ဘုရားက မိန်းကလေး ဖြစ်လို့ရလား။"
နဉ်ရှောင်ယောင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
လိုကျစ်ကွေ့... ဒါတော့ ငါ မကြားဖူးဘူး။
"တွေ့လား။ ဒါ ဆရာတော်တဲ့။ ရှင့်ကို ဟောပေးတဲ့ ဗေဒင်ဆရာက ဘယ်သူလဲ။ ဆရာတော် ဟုတ်လို့လား။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
"သွားကြစို့။"
လိုကျစ်ကွေ့ ဒီအကြောင်း ဆက်မပြောချင်တော့ပေ။
"စောစောက ကျွန်မတို့ လိုက်ဖက်တယ်လို့ ပြောတုန်းက ဘုရားတွေ ပြုံးနေကြတယ်။"
ဒီတစ်ခါတော့ နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့လက်ကို ဆွဲခေါ်သွားသည်။
"အဲဒါ ရုပ်တုတွေလေ။ လူတွေ ထွင်းထားတာ။ တကယ် ပြုံးနေတယ်လို့ ထင်နေတာလား။"
"ဒါဆို ကြည့်လေ။ ကျွန်မ ပြုံးနေတယ်။"
နဉ်ရှောင်ယောင်း ပါးစပ်ဖြဲရယ်ပြလိုက်သည်။
နဉ်ရှောင်ယောင်း ရယ်လိုက်ရင် သွားတွေအကုန်ပေါ်လာပြီး မျက်လုံးတွေ မှေးသွားတတ်သည်။ လိုကျစ်ကွေ့က ဒီအပြုံးကို တုံးတယ်လို့ထင်ပေမယ့် နဉ်ရှောင်ယောင်းရဲ့ပါးကို ဆွဲလိုက်ပြီး တွေးလိုက်မိသည်။ ငါ ဒီအပြုံးကို သဘောကျတယ်။
လောင်တ သူတို့နှစ်ယောက်နောက်မှ တိတ်တဆိတ်လိုက်ပါလာသည်။ စစ်သေနာပတိချုပ်က အချိန်လိုတယ်လို့ ပြောနေတုန်းပဲ။ ငတုံးမလေး တခြားကောင်နဲ့ပါသွားမှာ မကြောက်ဘူးလား။ လောင်တ ရင်ကွဲလုမတတ် ဖြစ်နေသည်။
.....
နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့ မြေအောက်ခန်းထဲ ဝင်လာသောအခါ ကျိုးကျွင်းချီ သတိရနေပြီဖြစ်သည်။ သူ့ရှေ့တွင် ရပ်နေသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ လိုကျစ်ကွေ့ကို သိသော်လည်း နဉ်ရှောင်ယောင်းကို မသိပေ။
"ဝမ်းနည်းစရာပဲ။"
နဉ်ရှောင်ယောင်း လက်မြှောက်လိုက်သည်။
"ငါက မင်းညီမလေးကို လက်ထပ်ထားတဲ့ နဉ်ရှောင်... အဲလေ... နဉ်ယွီပါ။"
ကျိုးကျွင်းချီ မျက်နှာပျက်သွားသည်။
လိုကျစ်ကွေ့က ဘေးနားရှိ ဆရာတော်ကူမုကို ပြောလိုက်သည်။
"ဆရာတော် ထွက်သွားပေးပါ။"
ဆရာတော်ကူမု ကိုရင်လေးနှစ်ပါးကိုခေါ်ပြီး ထွက်သွားသည်။
"ရှက်တတ်သေးတယ်ပေါ့။"
ဆရာတော်ကူမုနှင့် ကိုရင်လေးများ ထွက်သွားပြီးနောက် လိုကျစ်ကွေ့ အေးစက်စွာ ပြောလိုက်သည်။
"ဒါဆို ကိုယ်ကျင့်တရား ရှိသေးတယ်လို့ ယူဆရမှာပေါ့။"
ကျိုးကျွင်းချီ အံ့သြသွားသည်။ သူ့ညီမလေးက အရှင်မင်းကြီးကို လုပ်ကြံပြီးပြီလား။
"နေပါဦး။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ကို ဆွဲလိုက်သည်။
"စိတ်မဆိုးဘူးလို့ ပြောထားတယ်လေ။ ကောင်းကောင်းပြောရအောင်။"
"အရှင်မင်းကြီး။"
ကျိုးကျွင်းချီ ကျောက်ကုတင်ပေါ်မှ လိမ့်ဆင်းပြီး ဒူးထောက်လိုက်သည်။
"ဟေး... ဘာလို့ ဒူးထောက်နေတာလဲ။"
နဉ်ရှောင်ယောင်း ကျိုးကျွင်းချီကို ဆွဲထူပြီး ကုတင်ပေါ် ပြန်ထိုင်ခိုင်းလိုက်သည်။
"မိဖုရားခေါင်ကြီးရဲ့အကြံအစည်ကို ငါ သိပြီးပြီ။"
ကျိုးကျွင်းချီ မျက်နှာ ဖြူဖျော့သွားသည်။
"အမှန်အတိုင်း ပြောရရင် ငါ့ အပြစ်မကင်းပေမယ့် ဒါ ငါ့အတွက် နစ်နာမှုတစ်ခုပဲ။"
ကျိုးကျွင်းချီ ခေါင်းငုံ့ထားသည်။ အချိန်အတော်ကြာမှ ပြောလိုက်သည်။
"ကျွန်တော်မျိုး သေဒဏ်နဲ့ ထိုက်တန်ပါတယ်။"
"သေမယ်လို့ မပြောပါနဲ့။"
နဉ်ရှောင်ယောင်း အလျင်အမြန် တားလိုက်သည်။
"အသက်ရှင်နေတာ ကောင်းပါတယ်။ သေမယ်၊ သေမယ်နဲ့ မလုပ်ကြပါနဲ့။ နားငြီးတယ်။"
"အရှင်မင်းကြီးက မိဖုရားခေါင်ကြီးကို မသတ်ဘူးလား။"
ကျိုးကျွင်းချီ မေးလိုက်သည်။
"မသတ်ပါဘူး။ ငါ ဘယ်သူ့ကိုမှ မသတ်ဘူး။"
"စောစောက မြို့တော်စစ်တပ်က လူတွေ ကျွန်တော်မျိုးကို လိုက်သတ်ကြတယ်။"
ကျိုးကျွင်းချီ တိုးတိုးလေး လျှောက်တင်လိုက်သည်။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို တစ်ချက်ကြည့်လိုက်သည်။
"ဪ... မြို့တော်စစ်တပ်က လူတွေဆိုရင် အမတ်ချုပ်ကြီးက မင်းကို သတ်ချင်နေတာဖြစ်မယ်။ ဒါပေမဲ့ မပူပါနဲ့။ ငါနဲ့ စစ်သေနာပတိချုပ် မင်းကို ကာကွယ်ပေးပါ့မယ်။"
ကျိုးကျွင်းချီ မော့ကြည့်လိုက်တော့ နဉ်ရှောင်ယောင်း၏ ရိုးသားသော အပြုံးကို တွေ့လိုက်ရသည်။
"မိဖုရားခေါင်ကြီးက အရှင်မင်းကြီးကို လုပ်ကြံတယ်။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို သူ့အနောက်သို့ ဆွဲပို့လိုက်ပြီး ကျိုးကျွင်းချီကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့မောင်နှမက အရှင်မင်းကြီးကို သတ်ပြီးရင် မြို့တော်ကနေ ထွက်ပြေးလို့ရမယ် ထင်နေတာလား။"
နဉ်ရှောင်ယောင်းရဲ့စကားကြောင့် မျှော်လင့်ချက်ရောင်ခြည်သမ်းနေတဲ့ ကျိုးကျွင်းချီရဲ့နှလုံးသား ပြန်အေးစက်သွားသည်။
"အရှင်မင်းကြီးက သဘောထားကြီးလို့ ဒီကိစ္စကိုအရေးမယူတာ။ အရှင်မင်းကြီးက မိဖုရားခေါင်ကြီးအပေါ်ရော၊ ကျိုးမိသားစုအပေါ်ရော တာဝန်ကျေပါတယ်။"
ကျိုးကျွင်းချီ နဉ်ရှောင်ယောင်းကို ဒူးထောက်ချင်သော်လည်း ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပေ။
"ဒီမြေအောက်ခန်းထဲမှာ ခဏနေလိုက်ပါ။ ဒီကိစ္စပြီးရင် အရှင်မင်းကြီးက မင်းတို့ကို လွှတ်ပေးလိမ့်မယ်။"
ကျိုးကျွင်းချီ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ငါ့မှာ ချစ်သူရှိတယ်။ အရမ်းချစ်ရတဲ့သူပေါ့။ ဒါကြောင့် မိဖုရားခေါင်ကြီးကို ငါ့ကို လွှတ်ပေးဖို့ တောင်းဆိုချင်တယ်။"
လိုကျစ်ကွေ့ မျက်နှာနီရဲသွားသည်။
လောင်တ နဉ်ရှောင်ယောင်းကို နားမလည်နိုင်စွာ ကြည့်နေသည်။ ဒီငတုံးမလေးက လိမ်ညာတာကိုတောင် ဘယ်လိုလုပ် ဒီလောက်သဘာဝကျကျပြောတတ်တာလဲ။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၄၀ ။ ဧကရာဇ်က ဂြိုဟ်ကောင်ပဲ
ကျိုးကျွင်းချီ ခဏတာကြောင်ငေးနေပြီးမှ နဉ်ရှောင်ယောင်းကို ပြန်ကြည့်လိုက်သည်။ ရှက်စရာကောင်းသလိုခံစားရပေမယ့် နဉ်ရှောင်ယောင်းမှာ ချစ်သူရှိတယ်ဆိုတော့ သူ့ညီမလေးက ဒီလောက်ထိ အပြစ်မကြီးတော့ဘူးပေါ့။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို မျက်လုံးမှိတ်ပြလိုက်သည်။
တွေ့လား၊ ငါ့အကြံ ကောင်းတယ်မလား။ သူတို့လည်း စိတ်သက်သာရာရသွားပြီလေ။
လိုကျစ်ကွေ့ သက်ပြင်းချလိုက်သည်။
"စကားပြောလေ။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ကို ဆွဲလိုက်သည်။ သူမဘက်က သဘောထားကို ပြသပြီးပြီဆိုတော့ လိုကျစ်ကွေ့အလှည့် ရောက်ပြီလေ။
"ဒီကိစ္စပြီးမှ မင်း ဒီမြေအောက်ခန်းထဲက ထွက်လာခဲ့။"
လိုကျစ်ကွေ့ ကျိုးကျွင်းချီကို အေးစက်စွာ ပြောလိုက်သည်။
"မိဖုရားခေါင်ကြီးအတွက် စိတ်မပူနဲ့။ အရှင်မင်းကြီးက သူ့အသက်ကို မလိုချင်မှတော့ သူ အသက်ရှင်ခွင့်ရမှာပါ။"
ကလေးကိစ္စတော့ လိုကျစ်ကွေ့ ဘာမှမပြောပေ။
"စိတ်ချပါ။ ဘာမှမဖြစ်ပါဘူး။"
နဉ်ရှောင်ယောင်း အာမခံလိုက်သည်။
ကျိုးကျွင်းချီ ခေါင်းညိတ်လိုက်ပြီး ဒူးထောက်ရန် ပြင်လိုက်သော်လည်း နဉ်ရှောင်ယောင်းက ပခုံးကို ဖိထားသဖြင့် မလှုပ်ရှားနိုင်တော့ပေ။
"သွားကြစို့။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဆွဲခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း ကြမ်းပြင်ပေါ်မှ လေးနှင့်မြှားကို ကောက်ယူလိုက်သည်။ မြို့တော်စစ်တပ်ဆိုတဲ့ တံဆိပ်ကို တွေ့လိုက်ရတော့ နှာခေါင်းရှုံ့လိုက်သည်။ စစ်သေနာပတိချုပ်တို့အဖွဲ့က သူများအပေါ် အပြစ်ပုံချတာ ကျွမ်းကျင်သားပဲ။
"ပြောစရာ ရှိသေးလား။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းလက်ထဲမှ လေးနှင့်မြှားကို ယူရင်း မေးလိုက်သည်။
"မရှိတော့ပါဘူး။"
နဉ်ရှောင်ယောင်း ကျိုးကျွင်းချီ၏ ဘယ်ဘက်လက်မောင်းပြတ်ကို ကြည့်လိုက်သည်။ နောက်မှ ကုပေးလိုက်ပါ့မယ်။ အခု ကုပေးမယ်ဆိုရင် သူမ အားကုန်သွားလိမ့်မယ်။ အခုအချိန်မှာ သူမ အားကုန်လို့ မဖြစ်သေးဘူး။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကိုဆွဲခေါ်ပြီး မြေအောက်ခန်းအပြင်ဘက်သို့ ထွက်လာသည်။ အပေါက်ဝတွင် စောင့်နေသော ဆရာတော်ကူမုကို ပြောလိုက်သည်။
"ဆရာတော်၊ ကျိုးကျွင်းချီကို ဂရုစိုက်ပေးပါဦး။ အမတ်ချုပ်ကြီး လာမေးရင် ကျိုးကျွင်းချီကို ကျွန်တော် ခေါ်သွားပြီလို့ ပြောလိုက်ပါ။"
"စစ်သေနာပတိချုပ်၊ ကျောင်းတိုက်အပြင်ဘက်မှာ မြို့တော်စစ်တပ်က လူတွေ ဝိုင်းနေတာ။ ဒကာလေးကျိုးကို စစ်သေနာပတိချုပ် ခေါ်သွားတယ်ဆိုတာကို အမတ်ချုပ်ကြီး ယုံပါ့မလား။"
"ဆရာတော်က သူ့ကို ကျိုးရှင်း (မသန်မစွမ်းသူ) လို့ မခေါ်တော့ပါလား။"
လိုကျစ်ကွေ့ ပြုံးပြီး ပြောလိုက်သည်။
"အောမိထောဖော်။ ဒကာလေးကျိုးက ဘုရားတရားနဲ့ အကျိုးပေးမယ့်သူ မဟုတ်ပါဘူး။ ကျိုးရှင်းဆိုတာက ယာယီနာမည်ပေးထားတာပါ။"
"ဆရာတော်က တော်တော် ရက်စက်တာပဲ။"
နဉ်ရှောင်ယောင်း ဝင်ပြောလိုက်သည်။
"လူက လက်မောင်းတစ်ဖက် ပြတ်နေတာကို မသန်မစွမ်းလို့ နာမည်ပေးထားသေးတယ်။ ပါးရိုက်တာထက် ဆိုးတယ်။"
ဆရာတော်ကူမု ဘာမှပြန်မပြောနိုင်ပေ။
"ကိုယ့်မှာ ဆံပင်မရှိတာကျတော့ ဘာမှမပြောဘဲ သူများ လက်မောင်းပြတ်တာကို လိုက်ပြောနေတယ်။"
နဉ်ရှောင်ယောင်း ထပ်ပြောလိုက်သည်။
ဆရာတော်ကူမု... ဆံပင်မရှိတာနဲ့ လက်မောင်းပြတ်တာ တူလို့လား။
နဉ်ရှောင်ယောင်း ကိုရင်လေးနှစ်ပါးကို ထပ်ဆုံးမဖို့ ပြင်လိုက်သော်လည်း လိုကျစ်ကွေ့က ဆွဲခေါ်သွားသည်။ ဆက်ပြောနေရင် ဆရာတော်ကူမု အမတ်ချုပ်ကြီးရှဲ့ဘက် ပြန်ပါသွားလိမ့်မယ်။
"ရထားလုံး ရှိလား။"
လိုကျစ်ကွေ့က လမ်းလျှောက်ရင်း ဆရာတော်ကူမုကို မေးလိုက်သည်။
ဆရာတော်ကူမု သဘောပေါက်လိုက်သည်။ ရထားလုံးနဲ့ ထွက်သွားရင် ကျိုးကျွင်းချီ ပါသွားတယ်လို့ ပြောလို့ရတာပေါ့။ ကိုရင်လေးနှစ်ပါးကို ရထားလုံး ပြင်ဆင်ခိုင်းလိုက်သည်။
"ပြန်ပေးရမှာလား။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
ဆရာတော်ကူမု ခဏကြာမှ သဘောပေါက်သည်။ ရထားလုံးကို မေးနေတာကိုး။
"ပြန်ပေးမယ်ဆိုရင် မြင်းစာဖိုး ရှင်းပေးရမယ်။ မြင်းမွေးရတာ ငွေကုန်တယ်။"
နဉ်ရှောင်ယောင်း လေးလေးနက်နက် ပြောလိုက်သည်။
ဆရာတော်ကူမု စကားမပြောချင်တော့ပေ။ တိုင်းပြည်ရဲ့ဧကရာဇ်မင်းတစ်ပါးက မြင်းစာဖိုး တွက်နေတာ မရှက်ဘူးလား။
"ပြောလေ။"
နဉ်ရှောင်ယောင်း ထပ်မေးလိုက်သည်။
လိုကျစ်ကွေ့ ဘာမှမပြောဘဲ နေလိုက်သည်။ နဉ်ရှောင်ယောင်းကို ငွေကုန်အောင် လုပ်မယ့်သူမှန်သမျှ နဉ်ရှောင်ယောင်းရဲ့ ရန်သူပဲ။
"ရထားလုံးက အရှင်မင်းကြီးကို ဆက်သလိုက်တာပါ။"
ဆရာတော်ကူမု စိတ်ထဲမပါသော်လည်း ဟန်ဆောင်ပြောလိုက်သည်။
"ကောင်းပြီလေ။"
နဉ်ရှောင်ယောင်း သဘောကျသွားသည်။
"တခြား မလိုချင်တဲ့ပစ္စည်းတွေရှိသေးလား။ မလိုချင်ရင် ကျွန်တော့်ကိုပေးလိုက်။"
"အရှင်မင်းကြီး လိုချင်တာရှိရင် ယူသွားပါ။"
"အဲ... အိမ်တွေက အကြီးကြီးတွေပဲ။"
နဉ်ရှောင်ယောင်း တွေးလိုက်သည်။ ဆောင်းရာသီရောက်ရင် ဒုက္ခသည်တွေကို ဒီမှာ လာထားလို့ ရတာပဲ။
ဆရာတော်ကူမု မျက်လုံးပြူးသွားသည်။ တစ်ကျောင်းလုံး သိမ်းပိုက်ချင်နေတာလား။
"မရရင်လည်း နေပါစေတော့။"
နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။
"ဘုရားရုပ်တုတွေကိုလည်း ပေးမှာ မဟုတ်ဘူးမလား။"
"အရှင်မင်းကြီးက ဘုရားရုပ်တု ပင့်ဆောင်သွားချင်လို့လား။"
"အဲဒါတွေက ရွှေတွေ၊ ငွေတွေ၊ ကြေးတွေနဲ့ လုပ်ထားတာလေ။ ရောင်းရင် ငွေအများကြီးရမှာ။"
ဆရာတော်ကူမု... ဘုရားရုပ်တုကို ရောင်းစားမယ့် ဧကရာဇ်မင်းကို ဒီနေ့မှပဲ တွေ့ဖူးတော့တယ်။
"ကောင်းပြီလေ။ မပေးချင်လည်း နေပါစေတော့။ သွားတော့မယ်။"
နဉ်ရှောင်ယောင်း လက်ပြနှုတ်ဆက်လိုက်သည်။
ဆရာတော်ကူမု စိတ်သက်သာရာ ရသွားသည်။ သွားပါစေတော့။
"အစ်ကိုတန့်၊ တက်လေ။"
နဉ်ရှောင်ယောင်း ရထားလုံးပေါ်မှ လှမ်းခေါ်လိုက်သည်။
တန့်ရုံ လိုကျစ်ကွေ့လက်ထဲမှ မြင်းကျာပွတ်တံကိုယူပြီး ရထားလုံးမောင်းလိုက်သည်။
လိုကျစ်ကွေ့ မြင်းနီလေးပေါ် တက်လိုက်သည်။ တန့်ရုံ၏မြင်းကိုပါဆွဲပြီး ရထားလုံးရှေ့မှ ထွက်ခွာသွားသည်။
"ပင်ပန်းနေပြီလား။"
နဉ်ရှောင်ယောင်း ပြတင်းပေါက်မှ ခေါင်းပြူထွက်ပြီး ချန်လုကို မေးလိုက်သည်။
"ဒီအတိုင်း ဆက်လုပ်နေရင် နောက်ကျ အမတ်ချုပ်ကြီးဆီက လစာတောင်းလိုက်တော့။"
ချန်လု ဘာမှပြန်မပြောရဲပေ။
"ငါ ဟုကော်ကုန်းကို မြို့တော်စစ်တပ်လွှတ်လိုက်တာ မင်း သိပြီးပြီမလား။"
"သိပြီးပါပြီ အရှင်မင်းကြီး။"
"ငါလည်း မတတ်နိုင်လို့ပါ။ မင်းက အမတ်ချုပ်ကြီးအတွက် အလုပ်လုပ်နေရတာဆိုတော့ ငါ ဟုကော်ကုန်းကို အကူအညီတောင်းလိုက်ရတာပေါ့။"
ချန်လု ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ။
"အမတ်ချုပ်ကြီးရဲ့အမိန့်ကို စောင့်နေလိုက်။ နွေရာသီဆိုတော့ တောင်ပေါ်မှာနေရတာ အေးမြပြီး နေလို့ကောင်းပါတယ်။ အပန်းဖြေတယ် သဘောထားလိုက်ပေါ့။"
"သွားကြစို့။"
လိုကျစ်ကွေ့ ပြောလိုက်ပြီး မြင်းကို ဒုန်းစိုင်းမောင်းနှင်သွားသည်။
နဉ်ရှောင်ယောင်း ချန်လုကို လက်ညှိုးထိုးပြလိုက်သည်။
"အရှင်မင်းကြီး ကောင်းမွန်စွာ ပြန်ပါ။"
ချန်လု နှုတ်ဆက်လိုက်သည်။
"တော်ပါတော့။"
နဉ်ရှောင်ယောင်း ပြန်ပြောလိုက်သည်။
သူတို့ထွက်သွားပြီးမှ ချန်လု ခေါင်းမော့လာသည်။
"အမတ်ချုပ်ကြီးဆီ သတင်းပို့လိုက်။"
ချန်လုက လက်ထောက်စစ်သူကြီးတစ်ဦးကို အမိန့်ပေးလိုက်သည်။
"အရှင်မင်းကြီးနဲ့ လိုကျစ်ကွေ့ သံဘုရားကျောင်းကို ရောက်လာပြီး ရထားလုံးတစ်စီး မောင်းထွက်သွားတယ်လို့ ပြောလိုက်။"
လက်ထောက်စစ်သူကြီး ထွက်ခွာသွားသည်။
ချန်ဖန်းက ချန်လုအနား ကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကိုကြီး၊ အရှင်မင်းကြီး ထွက်သွားကာစပဲ ရှိသေးတယ်။ အခုချက်ချင်း သတင်းပို့လိုက်ရင် အရှင်မင်းကြီး သိသွားမှာပေါ့။"
"ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။"
ချန်လု လက်ကာပြလိုက်သည်။
ကျောင်းတိုက်အတွင်းတွင် ဘုန်းကြီးအချို့ ဆရာတော်ကူမုအနား ရောက်လာကြသည်။
"ဆရာတော်ကြီး။"
"အောမိထောဖော်။ ရဟန်းတွေက လောကီအရေး မပါဝင်သင့်ဘူး။"
နဉ်ယွီက ဘုရားတရား မယုံကြည်တာ သေချာတယ်။ မဟုတ်ရင် ဘုရားရုပ်တု ရောင်းစားမယ်လို့ ပြောထွက်မလား။ ယုံနင်ဧကရာဇ်တွေက ဘုရားတရား ကိုင်းရှိုင်းကြပေမယ့် နဉ်ယွီကတော့ ချွင်းချက်ပဲ။ ဆရာတော်ကူမု မြေအောက်ခန်းဘက်သို့ လျှောက်သွားလိုက်သည်။ နဉ်ယွီက ကျိုးကျွင်းချီကို သူ့လက်ထဲ အပ်ခဲ့တယ်ဆိုတော့ နဉ်ယွီ ပြန်မတောင်းခင်အထိ ကျိုးကျွင်းချီကို ကောင်းကောင်းစောင့်ရှောက်ထားရမယ်။
ချွင်းချက်လို့ သတ်မှတ်ခံရသော နဉ်ရှောင်ယောင်းသည် ရထားလုံးထဲတွင် လဲလျောင်းရင်း လောင်တကို ပွတ်သပ်ပေးကာ သကြားလုံးစားနေသည်။ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီး ပူးပေါင်းပြီးပြီလားလို့ တွေးနေမိသည်။
လောင်တ မျက်လုံးမှေးစင်းပြီး ဇိမ်ခံနေသည်။
"လောင်တ၊ မယ်တော်ကြီးက ငါ့ကို ဘယ်လိုဆဲမလဲ။"
"ကောင်းကောင်းမသေပါစေနဲ့လို့ ဆဲမှာပေါ့။"
"ရက်စက်လိုက်တာ။"
"စောစောသေ စောစောဝင်စားလို့ ဆဲရင်ရော။"
နဉ်ရှောင်ယောင်း လောင်တကို ကြည့်လိုက်သည်။
"နင် ဘယ်သူ့ဆီက သင်ထားတာလဲ။ ကြောင်အချင်းချင်း ရန်ဖြစ်ရင် အဲဒီလို ဆဲကြလား။"
"ငါတို့က လက်သည်းနဲ့ ကုတ်တာ။ မဆဲဘူး။ ကျောင်ကျောင်ရဲ့ သခင်မက အိမ်က မယားငယ်တွေကို အဲဒီလို ဆဲတာ ကြားဖူးလို့။"
"မယားငယ်?"
"အင်း..."
လောင်တ ဗိုက်လှန်ပြလိုက်သည်။
နဉ်ရှောင်ယောင်း ဗိုက်ကို ကုတ်ပေးရင်း တွေးလိုက်မိသည်။ အမတ်မင်းခန်အိမ်တော်က မိသားစုရေးရာတွေအကြောင်း နည်းနည်း သိလိုက်ရပြီ။
"မယ်တော်ကြီး ဘယ်လိုဆဲဆဲ ဂရုမစိုက်ပါနဲ့။ နင် ဝမ်းနည်းနေလိမ့်မယ်။ မြောင်..."
လောင်တက ပြောလိုက်သည်။
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ဝမ်းနည်းတာ မဟုတ်ပါဘူး။ နန်းတော်ပြန်ရောက်ရင် ဓားထိုးခံရတော့မယ်ဆိုတော့ စိတ်ညစ်နေတာပါ။
***