အခန်း (၂၅၀)
Vol. 25 Ch. 250
အခန်း။ ၂၅၀
လန်သည် ရေဓာတ်မှော်ပညာကို ကျင့်ကြံသူဖြစ်သော်လည်း မှော်ဆရာအဆင့်ကို ကျော်ဖြတ်ပြီးနောက် ဒုတိယအဆင့်ဖြစ်သော ရေခဲမှော်စွမ်းအားကို နားလည်သဘောပေါက်ခဲ့သူဖြစ်သည်။ ဤစွမ်းအားသည် သူမအတွက် ရန်သူများကို နှိမ်နင်းရာတွင် အဓိကလက်နက်လည်း ဖြစ်သည်။
အကယ်၍ ယွင်ရှန်းသာ အရှုံးမပေးပါက သူမကို ရေခဲရုပ်တုတစ်ခုအဖြစ် အေးခဲသွားစေရန်အထိ လန်က ရည်ရွယ်ထားသည်။ သူမအမြင်တွင် ပြိုင်ဘက်မှာ မှော်လှံတံကို ထုတ်သုံးပြီးပြီဖြစ်၍ နောက်ထပ် ဝှက်ဖဲမရှိတော့ဘူးဟု ယူဆထားခြင်းဖြစ်သည်။
အထူးလေ့ကျင့်ရေးစခန်းမှ ကျောင်းသားတစ်ဦးဖြစ်သည့်အတိုင်း လန်သည် အလွန်မာနကြီးသူလည်း ဖြစ်သည်။
ကနဦးတွင် ယွင်ရှန်းကို စူးစမ်းလိုစိတ်ဖြင့်သာ အားပြိုင်ခဲ့သော်လည်း နာရီဝက်နီးပါး ကြာသည်အထိ ယွင်ရှန်းမှာ ရှုံးနိမ့်ခြင်းမရှိသေးသဖြင့် ၎င်းမှာ လန်၏ မာနကို ထိပါးလာစေခဲ့သည်။ ထို့ကြောင့် သူမသည် ရေခဲမှော်စွမ်းအားကို အသုံးပြု၍ ပြိုင်ဘက်ကို တိုက်ရိုက်အရှုံးပေးခိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သို့သော် ယွင်ရှန်းသည် ခုခံနိုင်စွမ်းမရှိတော့ဘူးဟု ထင်ရချိန်တွင် သူမ၏ ကိုယ်ထဲမှ မှော်
စွမ်းအားများမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ ရေခဲတိမ်အိမ်မက်အိပ်စက်ခြင်းအခြေအနေတွင် ယွင်ရှန်းသည် လန်၏ ရေခဲမှော်စွမ်းအားကို ခုခံခြင်းမပြုတော့ဘဲ သူမ၏ ခန္ဓာကိုယ်က လန်၏ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေတော့သည်။ ဤသည်မှာ လန်က ယွင်ရှန်းအတွက် သူမ၏ မှော်စွမ်းအားများကို အသုံးပြု၍ တရားထိုင်ပေးနေသကဲ့သို့ပင်။
လန်သည် အလွန်အကဲခတ်မြန်သူဖြစ်ရာ ယွင်ရှန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းရိပ်မိသွားသည်။ သူမ၏ တည်ငြိမ်သော အကြည့်များမှာ ရုတ်တရက် ဓားကဲ့သို့ ထက်မြက်လာပြီး သူမ၏ မှော်လှံတံပေါ်ရှိ တတိယနှင့် စတုတ္ထမြောက် မှော်ဝိညာဉ်ကျောက်များမှာ တစ်ပြိုင်နက်တည်း တောက်ပလာတော့သည်။
လန်သည် ယွင်ရှန်းအပေါ် အမှန်တကယ်ပင် သတ်ဖြတ်လိုသောစိတ်ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက်လဲ"
ထိုခဏတွင် လန်သည် သူမ၏ ဆရာဖြစ်သူ ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ပြန်လည်သတိရသွားသည်။
တကယ့်ပါရမီရှင် မှော်ဆရာဆိုတာ အပြင်းထန်ဆုံး မှော်စွမ်းအားကို ပိုင်ဆိုင်ထားတာမျိုး မဟုတ်ဘဲ မိမိထက် အစွမ်းထက်သူရဲ့ မှော်စွမ်းအားကို ပါးနပ်စွာ ဖြေဖျောက်နိုင်သူ ဒါမှမဟုတ် သူ့အတွက် အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်သူကို ဆိုလိုတာ…..
ယွင်ရှန်းနှင့် မဆုံတွေ့မီအထိ အလွန်အမင်း အခြေအနေမဟန်သည့် အချိန်တွင်ပင် ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသူမှာ တစ်ဦးတည်းသာရှိသည်ဟု လန် ကြားဖူးခဲ့သည်။
ထိုသူမှာ တိုက်ကြီး၏ မှော်လောကတွင် ပါရမီရှင်များထဲမှ ပါရမီရှင်ဟု တင်စားခံရသော ရှာဝမ်ရွှီပင်။
လန်ကိုယ်တိုင်ပင် ရှာဝမ်ရွှီနှင့် ဆုံတွေ့စဉ်က သူ၏ မှော်ပညာနားလည်သဘောပေါက်မှုအပေါ် အထင်ကြီး လေးစားခဲ့ရသည်။
သို့သော် ယခု သူမရှေ့မှ မှော်ဆရာမလေးမှာလည်း ထိုကဲ့သို့သော ထူးကဲသည့် ပါရမီမျိုးကို ပြသနေရာ လန်၏ စိတ်ထဲတွင် ဖော်ပြမတတ်သော မနာလိုဝန်တိုမှုများ ချက်ချင်း ပြည့်
နှက်သွားတော့သည်။
ထိုမနာလိုစိတ်၏ တွန်းအားကြောင့် သူမသည် သူမ၏ အနက်ရှိုင်းဆုံးသော မှော်ပညာကိုပင် သတိလက်လွတ် ထုတ်သုံးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ယွင်ရှန်းမှာ ရေခဲတိမ်အိမ်မက်အိပ်စက်ခြင်း၏ တရားထိုင်ခြင်း အာနိသင်ထဲတွင် နစ်မြောနေပြီး လန်၏ ခန္ဓာကိုယ်မှ စီးဝင်လာသော သန့်စင်သည့် ရေခဲမှော်
စွမ်းအားများကို အရသာခံ ရယူနေဆဲပင်။
"ကြောင်မလေး... ဆုတ်လိုက်တော့"
အခြေအနေကို အမြဲစောင့်ကြည့်နေသော ယီပိုင်မင်းသည် လန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သည်နှင့် လျင်မြန်သော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ သူ၏လက်သည် ယွင်ရှန်းနှင့် လန်တို့ ဆုပ်ကိုင်ထားသော လက်များဆီသို့ လျှပ်စီးသဖွယ် ရောက်ရှိသွားသည်။
လန်သည် ရေခဲထက် အဆပေါင်းများစွာ ပိုမိုအေးစက်လှသော အားအင်တစ်ခု သူမထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ မှော်စွမ်းအားလား သို့မဟုတ် တိုက်ခိုက်ရေးဝိညာဉ်လား ဆိုသည်ကို ခွဲခြား၍မရနိုင်လောက်အောင်ပင် ထူးခြားဆန်းပြားလှသည်။
ထိုစွမ်းအားကြောင့် ယွင်ရှန်းနှင့် လန်တို့မှာ လက်ချင်း လွှတ်လိုက်ရပြီး နှစ်ဦးလုံး နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားကြရသည်။ တရားထိုင်ရာမှ လန့်နိုးလာသော ယွင်ရှန်းမှာ ဘာဖြစ်မှန်း မသိသေးမီမှာပင် ယီပိုင်မင်း၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားတော့သည်။
"စီနီယာလန်"
အထူးလေ့ကျင့်ရေးစခန်းမှ ကျောင်းသားများက စိုးရိမ်တကြီးဖြင့် အပြေးအလွှား ရောက်လာကြသည်။ သူတို့အမြင်တွင် ဝိညာဉ်စွမ်းအား အားပြိုင်နေစဉ် ယီပိုင်မင်းက ရုတ်တရက် ဝင်ရောက်နှောင့်ယှက်ခြင်းမှာ အလွန်ပင် ရဲတင်းလွန်းလှသည်။
"ငါ ဘာမှမဖြစ်ဘူး... မင်းက ဘယ်သူလဲ"
လန်၏ ရင်ထဲတွင် လှိုင်းလေထန်သကဲ့သို့ တုန်လှုပ်နေရသည်။ ပြိုင်ဘက်ဖြစ်သူ ယီပိုင်မင်းက သူမ၏ မှော်ဂါထာ ရွတ်ဆိုမှုကို မည်သည့်နည်းလမ်းဖြင့် ကြားဖြတ်ဟန့်တားလိုက်သည်ကို သူမ လုံးဝ တွေးမရနိုင်အောင် ဖြစ်နေသည်။
"ကျွန်တော်ကလည်း ဝူရွှမ်ဝူကျိခန်းမက တပည့်တစ်ယောက်ပါပဲ။ ဒါ့အပြင် သူမရဲ့ အစေအပါးလည်း ဖြစ်ပါတယ်"
ယီပိုင်မင်းက တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။
ထိုအပြုံးသည် လန်အပါအဝင် အထူးလေ့ကျင့်ရေးစခန်းမှ ကျောင်းသားအားလုံးကို မှင်တက်သွားစေသည်။ ဘေးတွင်ရပ်နေသော ယွင်ရှန်းမှာမူ ကြယ်တာရာအပေါင်း၏ အလင်းကိုပင် မှေးမှိန်သွားစေနိုင်သည့် ယီပိုင်မင်း၏ အရှိန်အဝါကို ကြည့်ကာ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိသည်။
ဟွန့်... ဒီမြေခွေးအိုကြီး တစ်ခါလာလည်း ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်နေပြန်ပြီ။
ယီပိုင်မင်းသည် အလွန်ပင် ထူးခြားသူဖြစ်သည်။ သူက လူမသိစေလိုလျှင် သူ၏ထက်မြက်မှုကို လုံးဝဖုံးကွယ်ထားနိုင်သော်လည်း သူက အာရုံစိုက်ခံချင်ပြီဆိုလျှင်မူ နေမင်းတစ်စင်းကဲ့သို့ ချက်ချင်းပင် တောက်ပလာတတ်သည်။
ဤအချက်ကပင် ယွင်ရှန်းကို အမြင်ကပ်ဆုံးဖြစ်စေသည့် အချက်ဖြစ်သည်။ ဤလူ၏ဘေးတွင် ရပ်နေလျှင် သူမမှာ အလိုအလျောက် သာမန်မုံလာထုပ်လေးတစ်ထုပ်ကဲ့သို့ ဖြစ်သွားရသောကြောင့်ပင်။
ဝူရွှမ်ဝူကျိခန်းမဟူသော အမည်ကို နောက်တစ်ကြိမ် ကြားလိုက်ရပြန်သည်။ လန်ကိုယ်တိုင်ပင် သူမ၏ မူမမှန်သော တုံ့ပြန်မှုကို အံ့အားသင့်နေမိသည်။ အထူးလေ့ကျင့်ရေးစခန်းတွင် ထူးချွန်ထက်မြက်သူများ ရုပ်ရည်ချောမောသူများ အမြောက်အမြားရှိသော်လည်း ဤလူငယ်ကဲ့သို့ အရှိန်အဝါမျိုး မည်သူ့ထံတွင်မျှ မတွေ့ဖူးပေ။
ဝူရွှမ်ဝူကျိခန်းမသည် တိုက်ကြီးပေါ်တွင် နာမည်ကျော် သိုင်းသင်တန်းကျောင်းဖြစ်သဖြင့် လန်တို့လည်း သိရှိထားကြသည်။ သို့သော် ထိုကျောင်းသည် စစ်သိုင်းပညာ အထူးလေ့ကျင့်ရေးစခန်းကို ယှဉ်နိုင်စွမ်းမရှိဟု ယူဆထားကြသော်လည်း ယီပိုင်မင်းနှင့် ယှဉ်ကြည့်လျှင်မူ အထူးလေ့ကျင့်ရေးစခန်းမှ လူများမှာလည်း သိပ်မသာလွန်နိုင်ဘူးဟု သူမ ခံစားလိုက်ရသည်။
လန်၏ မှတ်ဉာဏ်ထဲတွင် ယီပိုင်မင်းနှင့် ယှဉ်နိုင်သူဟူ၍ မှော်နန်းတော်မှ ရှာဝမ်ရွှီတစ်ဦးသာ ရှိပေလိမ့်မည်။ ယခုတစ်ခေါက် အပြင်ထွက်လာစဉ် ဤမျှ ထူးချွန်သူနှစ်ဦးနှင့် ဆုံတွေ့ခဲ့ရသဖြင့် အထူးလေ့ကျင့်ရေးစခန်းသို့ ပြန်ရောက်သောအခါ ဆရာများကို အစီရင်ခံရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။
ယီပိုင်မင်း၏ ကြားဝင်မှုကြောင့် လန်သည်လည်း သူမ၏ ဒေါသနှင့် မနာလိုစိတ်များကို ထိန်းချုပ်ကာ ပြန်လည်တည်ငြိမ်သွားတော့သည်။
အစောပိုင်းက သူမစိတ်ထဲတွင် သတ်ဖြတ်လိုသောဆန္ဒ ဖျတ်ခနဲ ပေါ်ပေါက်ခဲ့ခြင်းကို ပြန်လည်စဉ်းစားမိရင်း လန်သည် သူမကိုယ်သူမပင် ထိတ်လန့်သွားမိသည်။ မှော်ဆရာတစ်ဦးအတွက် သတ်ဖြတ်လိုစိတ် ပြင်းပြလွန်းခြင်းမှာ အန္တရာယ်ရှိလှပြီး လွဲချော်ပါက အမှောင်မှော်ဆရာတစ်ဦးပင် ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
"စောစောကကိစ္စအတွက် တောင်းပန်ပါတယ် မိန်းကလေးယွင် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
ထိုသို့ပြောကာ လန်သည် သူမ၏ မူလအေးစက်တည်ငြိမ်သော ပါရမီရှင်မှော်ဆရာမလေးအသွင်သို့ ပြန်လည်ကူးပြောင်းသွားသည်။
သူမသည် ယွင်ရှန်းတို့အဖွဲ့ကို နှုတ်ဆက်ကာ ထွက်ခွာခါနီးတွင် ယီပိုင်မင်းကို နောက်တစ်ကြိမ် မသိမသာ လှည့်ကြည့်လိုက်မိသည်။
"ငါတို့ မကြာခင် ပြန်တွေ့ကြလိမ့်မယ်လို့ ထင်ပါတယ် အဲ့ဒီအခါကျရင်တော့ ရန်သူတွေ မဖြစ်ကြဖို့ မျှော်လင့်တယ်"
သူမက ပြောလိုက်သည်။ ယွင်ရှန်းနှင့် ယီပိုင်မင်းတို့ ဤနေရာသို့ ရောက်ရှိနေခြင်းမှာ ရွက်ခုနစ်လွှာ ဂျင်ဆင်း အတွက်ဖြစ်ကြောင်း သူမ ရိပ်မိပြီးသားဖြစ်သည်။ လော့ရှစိုစွတ်မြေထဲတွင် အခြေအနေများမှာ မသေချာလှဘဲ တိုက်ပွဲအစစ်အမှန် ဖြစ်လာခဲ့လျှင်မူ လန်သည် ယနေ့ကဲ့သို့ ပေါ့ပေါ့တန်တန် ရင်ဆိုင်မည်မဟုတ်ပေ။
လန်တို့ ထွက်သွားသည်နှင့် ယီပိုင်မင်း၏ မျက်နှာမှာ တင်းမာသွားတော့သည်။ သူသည် ယွင်ရှန်းကို ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သည်။ ဤမိန်းကလေးမှာ တကယ်ပင် သတ္တိတွေ ဗလပွဖြစ်နေပြီး ဝိညာဉ်စွမ်းအား အားပြိုင်နေစဉ်အတွင်းမှာပင် တရားထိုင်သည့်အခြေအနေထဲသို့ ဝင်ရောက်သွားတာလား။
အကယ်၍ အခြားမှော်ဆရာတစ်ဦးသာဆိုလျှင် သို့မဟုတ် သူသာ ဤနေရာ၌ မရှိခဲ့လျှင် ယွင်ရှန်း အသက်အန္တရာယ် ရှိသွားနိုင်သည်။ ယွင်ရှန်းကို ဆုံးရှုံးရနိုင်ခြေရှိသည်ဟု တွေးမိရုံဖြင့် ယီပိုင်မင်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ခံစားလိုက်ရသည်။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိခင်ဖြစ်သူ ကွယ်လွန်ခဲ့စဉ်ကတည်းက သူ တစ်ခါမျှ မခံစားခဲ့ရဖူးသော ခံစားချက်ပင်။
အခြားတစ်ဖက်တွင် ကျိုးချင်းချွမ်းမှာမူ ယီပိုင်မင်း၏ စကားကြောင့် အံ့အားသင့်နေဆဲ ဖြစ်သည်။ ဤမျှ ခန့်ညားထည်ဝါပြီး တော်ဝင်သွေးပါပုံရသော အမျိုးသားတစ်ဦးက မိန်းကလေးငယ်တစ်ဦး၏ အစေအပါးအဖြစ် ခံယူထားခြင်းမှာ ထူးဆန်းလှသည်။
သို့သော် ယီပိုင်မင်းက ယွင်ရှန်းကို ကြည့်သောအကြည့်များမှာ ထူးခြားနေသည်ကို ကျိုးချင်းချွမ်း သတိပြုမိလိုက်သည်။ ယီပိုင်မင်းသည် ယွင်ရှန်းအပေါ်တွင် အထူးခံစားချက်ရှိနေသည်မှာ မည်သူမဆို မြင်နိုင်သည်ပင်။
တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ထိုအချက်ကို သိလိုက်ရသောအခါ ကျိုးချင်းချွမ်း၏ ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားရသည်။
"ဘာမှမပြောနဲ့ဦး"
တရားထိုင်ရာမှ နိုးထလာပြီးနောက် ယွင်ရှန်းမှာ ပကတိအခြေအနေသို့ လုံးဝ ပြန်မရောက်သေးပုံရသည်။ ယီပိုင်မင်းက သူမကို စတင်ဆူပူရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် သူမက ကြားဖြတ်၍ "ကျွန်မ တစ်ခုခုကို နားလည်သွားပြီ... ကျွန်မ အခုချက်ချင်း တံခါးပိတ်ကျင့်ကြံဖို့လိုတယ် အခုချက်ချင်းပဲ" ဟု အလောကြီးစွာ ပြောလိုက်တော့သည်။