အခန်း (၂၅၂)
Vol. 25 Ch. 252
အခန်း။ ၂၅၂
ယွင်ရှန်းသည် ယခင်က လော့ရှစိုစွတ်မြေသို့ ရောက်ဖူးသဖြင့် ပတ်ဝန်းကျင်မြေမျက်နှာသွင်ပြင်ကို အတော်အတန် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။ သို့သော် သူမသည် အဖွဲ့၏ ရှေ့ဆုံးမှ မသွားဘဲ လူတန်း၏ နောက်ဆုံးတွင်သာ ဖြည်းဖြည်းချင်း လိုက်ပါလာခဲ့သည်။
ယနေ့ လော့ရှစိုစွတ်မြေ အနီးအနားရှိ မိစ္ဆာသားရဲ အရေအတွက်မှာ ယခင်ကထက် များစွာ လျော့နည်းနေသည်ကို သူမ သတိပြုမိလိုက်သည်။
"ဟိုမှာကြည့်ဦး... ဟိုလူတွေနဲ့ မိစ္ဆာသားရဲတွေ"
ကျိုးချွမ်နှင့် အခြားသူများ ရှေ့သို့ တိုးလာသည်နှင့်အမျှ ပျို့အန်ချင်စရာကောင်းသော အပုပ်နံ့များမှာ လေထဲတွင် ပျံ့လွင့်လာသည်။ ထိုနေရာတွင် တိရစ္ဆာန်အသေကောင်များနှင့် အမဲလိုက်စစ်သည်အချို့၏ ရုပ်အလောင်းများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ စိုစွတ်မြေရှိ အဆိပ်ငွေ့များ ပျံ့နှံ့လာချိန်တွင် အဆိပ်ဖြေဆေး ကြိုတင်မသောက်ထားသော အမဲလိုက်စစ်သည်များနှင့် အဆင့်နိမ့် အဆင့်လတ် မိစ္ဆာသားရဲများမှာ လမ်းခုလတ်မှာပင် သေဆုံးကုန်ကြခြင်း ဖြစ်သည်။
အချို့သော အလောင်းများမှာ ဖြတ်သန်းသွားသော မိစ္ဆာသားရဲများ၏ ကိုက်ဖြတ်ခြင်းကို ခံထားရသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ စိုစွတ်မြေ အပြင်ဘက်ပိုင်းကို ဖြတ်ကျော်လာပြီးနောက်တွင် အသက်ရှင်နေသော လူ သို့မဟုတ် သားရဲ တစ်ကောင်တစ်လေမျှပင် မတွေ့ရတော့ပေ။
ဤကာလအတွင်း မည်သူမျှ လော့ရှစိုစွတ်မြေထဲသို့ မဝင်ရောက်နိုင်ရန် အိမ်ရှေ့မင်းသား ယီပိုင်လျန်သည် သူ၏ဘေးမှ မှော်ဆရာနှစ်ဦးကို အစွန်အဖျားတလျှောက်တွင် မှော်ဝင်အစီရင်စုများ အမြောက်အမြား တည်ဆောက်ရန် အမိန့်ပေးလိုက်သည်။
ကျူးကျော်ဝင်ရောက်သူ မည်သူမဆို ထိုမှော်အစီရင်စုကို ထိမိသည်နှင့် မီးတောက်များဖြင့် တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
အကယ်၍ တံဆိပ်ခတ်နှိပ်မှုမှန်သမျှကို ဖျက်ဆီးနိုင်သော ဘိုဘိုကဲ့သို့ မိစ္ဆာသားရဲမျိုးသာ မရှိပါက သာမန်လူများအဖို့ အထဲသို့ ဝင်ရောက်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
မှော်အစီရင်စုများ တည်ဆောက်ပြီးနောက် အဖွဲ့ကြီးမှာ ရှေ့သို့ ဆက်လက်ချီတက်ခဲ့သော်လည်း ပတ်ဝန်းကျင်တွင် လူအရိပ်အယောင် လုံးဝမတွေ့ရတော့ပေ။ လော့ရှစိုစွတ်မြေတစ်ခုလုံးမှာ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ခြားနေပြီး သေခြင်းတရား၏ အငွေ့အသက်များက နေရာအနှံ့ ဖုံးလွှမ်းနေသည်။
"အိမ်ရှေ့မင်းသား... ရှေ့မှာ မိစ္ဆာသားရဲတွေရဲ့ အစအနကို တွေ့ရပါတယ်။ ကျွန်တော့်ကို အဲ့ဒီကောင်တွေကို မောင်းထုတ်ခွင့်ပြုပါ"
ဝူရှုံက ပြောလိုက်သည်။ လမ်းတစ်လျှောက်လုံး သူ၏ စွမ်းရည်ကို ထုတ်ပြခွင့်မရခဲ့သဖြင့် မိစ္ဆာသားရဲ၏ အနံ့ကို ရသည်နှင့် တစ်ပြိုင်နက် ရှေ့သို့ အပြေးအလွှား တက်သွားတော့သည်။
ဝူရှုံက သူ၏မှော်လှံတံကို မြှောက်လိုက်ပြီး ဂါထာကို စတင်ရွတ်ဆိုတော့သည်။
ယွင်ရှန်းအဖို့ ဆင့်ခေါ်ပညာရှင်တစ်ဦး မိစ္ဆာသားရဲကို ဆင့်ခေါ်သည်ကို မြင်တွေ့ရခြင်းမှာ ဤသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ဝမ်လုံလောင်းကစားရုံတွင် ပင်းလင်ဆိုသည့် အမျိုးသမီးဆင့်ခေါ်ပညာရှင်က ရေခဲမြစ်ကျားကို ဆင့်ခေါ်ခဲ့စဉ်က ဖြစ်သည်။ သို့သော် ဝူရှုံ ဆင့်ခေါ်မည့်အရာမှာ မည်သည့်အရာဖြစ်မည်ကိုမူ မည်သူမျှ မသိကြပေ။
နားလည်ရခက်သော ဂါထာများကို ရွတ်ဆိုပြီးနောက် ဝူရှုံ၏ ဆင့်ခေါ်အစီရင်စုထဲမှ အပင်တစ်ပင် ထွက်ပေါ်လာသည်။ ၎င်းမှာ အလွန်ထူးဆန်းသော ပုံစံရှိသည့် အပင်ဖြစ်သည်။ လမ်းတစ်လျှောက်လုံး ဘာမှမလုပ်ဘဲ ငြိမ်နေခဲ့သည့် ဝူရှုံ၏ ဆင့်ခေါ်သားရဲမှာ တိရစ္ဆာန်မဟုတ်ဘဲ အပင်အမျိုးအစားမိစ္ဆာ ဖြစ်နေသည်ကို ယွင်ရှန်း မယုံနိုင်အောင် ဖြစ်သွားရသည်။
ဘေးတွင် ရပ်နေသော ချီယီနှင့် ယီပိုင်မင်းတို့လည်း စူးစမ်းလိုစိတ် ပြင်းပြနေကြသည်။ ဒါကျိုးနိုင်ငံတွင် ဆင့်ခေါ်ပညာရှင်ဟူသည် ရှားပါးလှပြီး တစ်တိုက်ကြီးလုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် အပင်အမျိုးအစားကို ဆင့်ခေါ်နိုင်သူမှာ ပို၍ပင် ရှားပါးလှသည်။
ထိုမိစ္ဆာအပင်ကို မြင်လိုက်ရချိန်တွင် ယွင်ရှန်းသည် ခေတ်သစ်ရုက္ခဗေဒဥယျာဉ်များ၌ သူမတွေ့ဖူးသော အသားစားပင်တစ်မျိုးကို သတိရသွားသည်။ ယခု သူမရှေ့မှ မိစ္ဆာမြက်ပင်မှာလည်း ၎င်းနှင့် ဆင်တူသည်။ ၎င်းတွင် ကြီးမားသော အိုးပုံစံ အဖတ်တစ်ခုပါရှိပြီး အတွင်း၌ အပင် သို့မဟုတ် တိရစ္ဆာန်မှန်သမျှကို အရည်ဖျော်ပစ်နိုင်သော တိုက်စားတတ်သည့် အရည်များရှိနေသည်။ အထူးသဖြင့် ပိုးမွှားကဲ့သို့သော ရန်သူများ အတွင်းသို့ ဝင်ရောက်လာပါက ၎င်းသည် ချက်ချင်းပင် ဝါးမြိုပစ်မည် ဖြစ်သည်။
ဝူရှုံ၏ ဤ အသားစားပန်းသည် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရနံ့တစ်မျိုးကို စတင်ထုတ်လွှတ်သည်။ လူသားများအတွက်မူ ထိုရနံ့မှာ အလွန်ပင် ညှီစော်နံပြီး ပျို့အန်ချင်စရာ ကောင်းလှရာ ကြာကြာနံပါက နေထိုင်မကောင်းဖြစ်စေနိုင်သည်။
သို့သော် မိစ္ဆာသားရဲများအတွက်မူ ဤရနံ့မှာ အကောင်းဆုံးသော သားရဲမောင်းဆေးကဲ့သို့ပင်။ ၎င်းမှာ ခေတ်သစ် ပိုးသတ်ဆေးနံ့များနှင့် အလွန်ဆင်တူသည်ဟု ယွင်ရှန်းက တွေးမိလိုက်သည်။
အမှန်ပင်... ဝူရှုံက ထိုပန်းကို ထုတ်လိုက်သည်နှင့် ၎င်း၏ ရနံ့မှာ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ ပတ်ဝန်းကျင်တွင် လှည့်လည်နေသော မိစ္ဆာသားရဲအချို့မှာ ထိုရနံ့ကို ရသည်နှင့် တစ်ပြိုင်နက် ယွင်ရှန်းတို့အဖွဲ့အနားသို့ မချဉ်းကပ်ရဲတော့ဘဲ အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြတော့သည်။
သို့သော် ယခင်က ယွင်ရှန်း တွေ့ရှိခဲ့ဖူးသော စိုစွတ်မြေအလယ်ဗဟိုမှ နဝမအဆင့် လင်းယုန်ခြေသည်း လင်းနို့ဘုရင် ၏ အရိပ်အယောင်ကိုမူ ယခုအချိန်ထိ လုံးဝ မတွေ့ရသေးပေ။
နယ်ပယ်အဆင့်ရှိသော မိစ္ဆာသားရဲကြီးမှာ အလွန်ပါးနပ်ပြီး ကောက်ကျစ်သူဖြစ်ရာ ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်း ရင့်မှည့်တော့မည်ကို ကြိုတင်သိရှိနေပုံရသည်။ ထို့ကြောင့်ပင် ဂျင်ဆင်းကို အနီးကပ်စောင့်ကြပ်နေပြီး အဝေးသို့ ထွက်ခွာသွားရန် လုံးဝဆန္ဒမရှိပေ။
ယွင်ရှန်းနှင့် အခြားသူများ မသိလိုက်သည်မှာ စိုစွတ်မြေအပြင်ဘက်တွင် သူတို့ချထားခဲ့သော မှော်အစီရင်စုများမှာ သူတို့အတွင်းပိုင်းသို့ ရောက်ရှိချိန်မှာပင် အလွယ်တကူ ဖျက်ဆီးခံလိုက်ရခြင်းပင်။
တိုက်ကြီး၏ အထူးလေ့ကျင့်ရေးစခန်းမှ ကျောင်းသားများသည်လည်း ဂျင်ဆင်းရင့်မှည့်မည့်အချိန်ကို ခန့်မှန်းမိကြပြီး အလယ်ဗဟိုပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာကြသည်။ သူတို့သည် ဝူရှုံ၏ အသားစားပင်ကြောင့် ထွက်ပြေးလာကြသော မိစ္ဆာသားရဲအုပ်ကြီးနှင့် လမ်းခုလတ်တွင် တည့်တည့်တိုးကာ တစ်လမ်းလုံး သတ်ဖြတ်လာခဲ့ကြရာ လမ်းဘေးဝဲယာတွင် မိစ္ဆာအလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေတော့သည်။
ဝူရှုံ၏ ဆင့်ခေါ်မိစ္ဆာမြက်ပင်၏ အစွမ်းကြောင့် သူတို့အဖွဲ့သည် အပြင်ဘက်ရှိ မိစ္ဆာများကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့သည်။ သို့သော် အကြောင်းရင်းတစ်ခုကြောင့် ယွင်ရှန်းမှာ တစ်ခုခုမှားယွင်းနေသည်ဟု စတင်ခံစားလာရသည်။
ယခင်အကြိမ် သူမ စိုစွတ်မြေထဲ ဝင်လာစဉ်က အစွန်အဖျားပိုင်းတွင် မိစ္ဆာသားရဲများစွာ ရှိနေခဲ့သည်ကို သူမ ကောင်းကောင်းမှတ်မိသည်။ သို့သော် ယနေ့တွင်မူ ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားနေရသည်။
ငါတို့ထက် အစွမ်းထက်တဲ့သူ တစ်ယောက်ယောက်က စိုစွတ်မြေထဲကို အရင်ဝင်သွားတာများလား။
မသိလိုက်ဘဲနှင့်ပင် အဖွဲ့ကြီးမှာ စိုစွတ်မြေ၏ အလယ်ဗဟို အချက်အချာဒေသသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။ အိမ်ရှေ့မင်းသားနှင့် အဖွဲ့သားများ လမ်းကြောင်းသာစေရန် ကျိုးချွမ်နှင့် အခြားသူများက လမ်းတလျှောက်ရှိ မိစ္ဆာများကို တိုက်ခိုက်ရှင်းလင်းသည့် တာဝန်ကို ယူထားကြသည်။
အလယ်ဗဟိုသို့ ရောက်ရှိချိန်တွင် ကောင်းကင်အမဲလိုက်အဖွဲ့ထဲမှ ကျိုးချွမ် အမဲလိုက်စစ်သည် နှစ်ဦးသုံးဦးနှင့်အတူ ယွင်ရှန်း၊ ချီယီနှင့် ယီပိုင်မင်းတို့သာ ကျန်ရှိတော့သည်။ ဤသည်မှာ ယွင်
ရှင်၏ တမင်တကာ စီစဉ်မှုပင်။ ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်း အနီးတဝိုက်တွင် အလွန်အန္တရာယ်ကြီးမားမည်ကို သိထားသဖြင့် ကျင့်ကြံမှုအဆင့်နိမ့်သော အမဲလိုက်စစ်သည်များကို အပြင်ဘက်တွင်သာ ထားရစ်ခဲ့ခြင်းဖြစ်သည်။
မူးဝေစေသော အဆိပ်ငွေ့များမှာ တဖြည်းဖြည်း လွင့်ပါးသွားပြီး ၎င်း၏နေရာတွင် လတ်ဆတ်သော နှင်းစက်ရနံ့ကဲ့သို့သော မွှေးရနံ့တစ်ခု အစားထိုးဝင်ရောက်လာသည်။
"ဟိုမှာကြည့်စမ်း... အဲ့ဒါ ဘာလဲ"
ချန်လျန်လျန်၏ မျက်လုံးများမှာ ရွှံ့နွံတော၏ အနက်ရှိုင်းဆုံးနေရာမှ ခရမ်းရောင်အလင်းတန်းလေးကို မြင်လိုက်ရချိန်တွင် တောက်ပသွားတော့သည်။
ခရမ်းရောင် အလင်းတန်းလေးက လူတိုင်း၏ အာရုံကို ဖမ်းစားထားသည်။
တစ်ရွက် နှစ်ရွက် သုံးရွက်... စုစုပေါင်း အရွက်ကိုးလွှာ…
၎င်းမှာ အမှန်တကယ်ပင် ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်း ဖြစ်နေသည်။ ကိုးလွှာဂျင်ဆင်းဆိုသည်မှာ နတ်ဘုရားအဆင့် ဆေးဖက်ဝင်အပင်ဖြစ်ကြောင်း လူတိုင်းသိထားကြသဖြင့် အားလုံး ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။ ထိုအချိန်တွင် ဂျင်ဆင်း၏ ပန်းပွင့်သရဖူမှာ အရင်က လိမ္မော်ဝါရောင်မှသည် နက်မှောင်သော အနီရောင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အဝေးမှကြည့်လျှင် ရွက်ကိုးလွှာဂျင်ဆင်းမှာ အရုဏ်ဦးအလင်းတန်းများ လွှမ်းခြုံထားသကဲ့သို့ တောက်ပနေသည်။
ထိုဆေးပင်ကို တွေ့လိုက်ရသည့် မက်မောမှုကြောင့် လူတိုင်းသည် သူတို့ ရောက်ရှိနေသည့် အန္တရာယ်ဇုန်ကို ခေတ္တမျှ မေ့လျော့သွားကြသည်။ အထူးသဖြင့် ချန်လျန်လျန်နှင့် အိမ်ရှေ့မင်းသားတို့မှာ ရှေ့မှ ရွှံ့နွံတောကိုပင် ဂရုမစိုက်တော့ဘဲ ဂျင်ဆင်းကို ခူးယူရန် မှော်စွမ်းအားများကို အလျင်အမြန်ပင် လှုံ့ဆော်လိုက်ကြသည်။
"ကြောင်မလေး... ဘာတွေဖြစ်နေတာလဲ"
ယီပိုင်မင်းက ယွင်ရှန်း၏ မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်ကို သတိပြုမိလိုက်သည်။ မည်သည့်အရာကိုမျှ မကြောက်တတ်သော ယွင်ရှန်းက ဤကဲ့သို့ အမူအရာမျိုး ပြနေခြင်းမှာ အခြေအနေ အလွန်ဆိုးရွားနေကြောင်း ယီပိုင်မင်းကို သတိပေးလိုက်သကဲ့သို့ပင်။
ယီပိုင်လျန်နှင့် အဖွဲ့သားများ ရွှံ့နွံတောထဲသို့ ခုန်ဝင်လိုက်ချိန်မှာပင် ထူးဆန်းသော ဗလဗလမြည်သံကြီး ထွက်ပေါ်လာသည်။ တည်ငြိမ်နေသော ရွှံ့နွံထဲမှ ပူဖောင်းများ တစ်ခုပြီးတစ်ခု တက်လာပြီး အထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာတော့သည်။
ရွှံ့နွံလင်းနို့များမှာ ရွှံ့ထဲမှ တိုးထွက်လာကြပြီး ခဏချင်းမှာပင် ထိုနေရာတစ်ခုလုံး လင်းနို့အုပ်ကြီးနှင့် ပြည့်နှက်သွားသည်။ လင်းနို့များနှင့်အတူ လင်းနို့ဘုရင်လည်း ထွက်ပေါ်လာခဲ့သည်။
ထိုဘုရင်မှာ ကြွက်ခေါင်းရှိသော်လည်း တောင်ပံများမှာ ဇီးကွက်ကဲ့သို့ အမွှေးအတောင်များ ဖုံးလွှမ်းနေသည်။ အကြောက်စရာအကောင်းဆုံးမှာ ၎င်း၏ ခြေထောက်များဖြစ်ပြီး လင်းနို့ခြေထောက်နှင့် မတူဘဲ ထက်မြက်သော လင်းယုန်ခြေသည်းများ ပေါက်နေခြင်းပင်။
ထိုခြေသည်းများကို မြင်လိုက်ရချိန်တွင် ဝူရှုံက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒါ... ဒါက နဝမအဆင့် လင်းယုန်ခြေသည်း လင်းနို့ဘုရင်ပဲ"
ဤကဲ့သို့သောနေရာမျိုးတွင် ဤမျှကြောက်စရာကောင်းသည့် မိစ္ဆာသားရဲမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
"ပြေးကြ အဲ့ဒါ နဝမအဆင့် လင်းနို့ဘုရင်ပဲ နယ်ပယ်အဆင့် မိစ္ဆာနဲ့ နီးပါးတူတူပဲ။ ဒီမှာ ဆက်နေရင် ငါတို့အားလုံး အသေပဲ"
ဝူရှုံက အလောတကြီး ထွက်ပြေးရန် ပြင်လိုက်သည်။
"ဟဲဟဲ... မိုက်မဲတဲ့ အပင်ဆင့်ခေါ်သူလေး အနည်းဆုံးတော့ မင်းမှာ အမြင်ရှိသားပဲ ငါ့ရဲ့ အသည်းကျော်လေးကို မှတ်မိသားပဲ"
ထိုသို့ကာ ခြောက်ကပ်ကပ် ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။