← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 16 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 16 Ch. 241-242

အခန်း ၂၄၁ ။ မယ်တော်ကြီး၏အကြံအစည်

မယ်တော်ကြီးနန်းဆောင်ရှိ အခန်းကျဉ်းလေးတစ်ခန်းတွင် မယ်တော်ကြီးရှဲ့သည် လက်ကိုင်ပဝါဖြင့် နှုတ်ခမ်းကို သုတ်လိုက်သည်။ မိတ်ကပ်လိမ်းထားသော မျက်နှာတွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်။ မိဖုရားခေါင်ကြီးကျိုးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

"မိဖုရားခေါင်ကြီး၊ မင်း ဒီလောက် ယုတ်မာတဲ့ကိစ္စကို လုပ်ရဲလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ တော်ဝင်မိသားစုအရေး၊ အာဏာအရေးဆိုတော့ ကိုယ်ကျင့်တရားအကြောင်း ပြောမနေတော့ပါဘူး။"

မိဖုရားခေါင်ကြီးကျိုးသည် ဗိုက်ကို လက်ဖြင့်အုပ်လျက် ထိုင်နေသည်။ ထိုင်ခုံကျယ်ကြီးဖြစ်သော်လည်း နေရခက်နေပုံရသည်။ ဒီရက်ပိုင်း ဗိုက်နာနေတာ သတိထားမိသည်။ သွေးမဆင်းသော်လည်း စိတ်ထဲမသန့်ပေ။ တင်းမားမား သေသွားပြီ။ အစ်ကိုဖြစ်သူကလည်း ယောကျာ်းသားဆိုတော့ တိုင်ပင်လို့ မရဘူး။

"မိဖုရားခေါင်ကြီး။"

မယ်တော်ကြီးရှဲ့ ခေါ်လိုက်သည်။

"စဉ်းစားလို့ ပြီးပြီလား။"

"ကိစ္စပြီးရင် မယ်တော်ကြီး ကျွန်တော်မျိုးမနဲ့ အစ်ကိုကြီးကို လွှတ်ပေးမှာ သေချာလား။"

မယ်တော်ကြီးရှဲ့ ပြုံးလိုက်သည်။

"အခုကတည်းက လေသံပြောင်းသွားပြီပေါ့။ ကောင်းပါပြီ။ မိဖုရားခေါင်ကြီး မလုပ်ချင်တော့မှတော့ ငါ့ကို မယ်တော်လို့ ခေါ်စရာ မလိုတော့ပါဘူး။"

"ကျွန်မနဲ့ အစ်ကိုကြီး တကယ် သွားလို့ရမှာလား။"

မိဖုရားခေါင်ကြီး ထပ်မေးလိုက်သည်။

"ဒါပေါ့။"

မယ်တော်ကြီးရှဲ့ ခေါင်းညိတ်လိုက်သည်။

"မယ်တော်ကြီး ကတိတည်မယ်ဆိုတာ ကျွန်မ ဘယ်လိုသိမလဲ။"

"ဒါ ငါနဲ့မင်း ပူးပေါင်းကြံစည်တာလေ။ ငါ ကတိမတည်ရင် မင်း ငါ့ကို ပြန်အော်လို့ရတာပဲ။ ငါ့မှာ သားလေး နဉ်ရှင်း ရှိသေးတယ်။ ငါ မသေချင်သေးဘူး။"

မိဖုရားခေါင်ကြီး အေးစက်စွာ ပြုံးလိုက်သည်။

"မယ်တော်ကြီးမှာ ဆင်ခြေတွေ အများကြီးရှိမှာပါ။ ကျွန်မက မယ်တော်ကြီးကို ပြန်အော်နိုင်မယ့် အင်အား ရှိလို့လား။"

"ဒါဆိုရင်တော့ မတတ်နိုင်ဘူး။"

မယ်တော်ကြီးရှဲ့ လက်ကိုင်ပဝါကို ဘေးချလိုက်သည်။

"မင်း နန်းတော်ထဲမှာ ဆက်နေချင်တယ်ဆိုရင်လည်းနေပေါ့။ ဒါပေမဲ့ အရှင်မင်းကြီးက မင်းကို ဘယ်လောက်ကြာကြာ လက်ခံထားမလဲဆိုတာ ငါ မသိဘူး။ ဖောက်ပြန်တဲ့မိန်းမတစ်ယောက်ကို..."

မယ်တော်ကြီးရှဲ့ ရပ်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

"မိဖုရားခေါင်ကြီး၊ မင်း ငါနဲ့ အပေးအယူလုပ်လို့ရမယ် ထင်နေတာလား။ အခု အခြေအနေက ငါ့လက်ထဲမှာရှိနေတာ။ မင်းအသက်ကို ချမ်းသာပေးထားတာ ကျေးဇူးတင်သင့်တယ်။"

မိဖုရားခေါင်ကြီး ဗိုက်ပေါ်တင်ထားသော လက်များ တုန်ယင်သွားသည်။ ဘေးနားရှိ စားပွဲပေါ်မှ အိုးမည်းလေးကို ကြည့်ပြီး မေးလိုက်သည်။

"အရှင်မင်းကြီးက ဆေးပညာတော်တယ်လေ။ မယ်တော်ကြီးရဲ့အဆိပ်ကို မဖြေနိုင်ဘူးလား။"

"ဆေးပညာတော်တာနဲ့ အဆိပ်မတိုးတာ တူလို့လား။"

မယ်တော်ကြီးရှဲ့ ပြန်မေးလိုက်သည်။

မိဖုရားခေါင်ကြီး ဘာမှပြန်မပြောပေ။ ဒီလောကမှာ အဆိပ်မတိုးတဲ့လူရှိတယ်လို့ မကြားဖူးဘူး။

"ဒါ နန်းတွင်းသုံး အဆိပ်ပဲ။"

မယ်တော်ကြီးရှဲ့ အိုးမည်းလေးကို လက်ညှိုးထိုးပြလိုက်သည်။

"စားပြီးရင် စိတ်ဖောက်ပြန်သွားလိမ့်မယ်။ ငါ ဒီအဆိပ်မိတဲ့လူတွေကို မြင်ဖူးတယ်။ သမားတော်တွေ ဘယ်လောက်တော်တော် မကယ်နိုင်ကြဘူး။"

မိဖုရားခေါင်ကြီး အိုးမည်းလေးကို ယူလိုက်သည်။

"ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးစရာ မလိုတော့ဘူးထင်တယ်။ ကိုယ့်နန်းဆောင် ကိုယ်ပြန်တော့။"

မယ်တော်ကြီးရှဲ့ နှင်ထုတ်လိုက်သည်။

မိဖုရားခေါင်ကြီး မတ်တတ်ရပ်ပြီး ဦးညွှတ်ကာ ထွက်ခွာသွားသည်။

မိဖုရားခေါင်ကြီး ထွက်သွားပြီးနောက် မယ်တော်ကြီးရှဲ့ အားကုန်သွားသလို ဖြစ်သွားသည်။ အဖျားရှိနေသေးသဖြင့် ခန္ဓာကိုယ်နွမ်းနယ်နေသည်။ သို့သော် စိတ်ထဲတွင် ပျော်ရွှင်နေသည်။ နဉ်ယွီကို မကြာခင် နှိမ်နင်းနိုင်တော့မည်။

ခဏအကြာတွင် အထိန်းတော်ကြီးတစ်ဦး ဝင်လာပြီး လျှောက်တင်လိုက်သည်။

"မယ်တော်ကြီး၊ မိဖုရားခေါင်ကြီး ပြန်သွားပါပြီ။"

မယ်တော်ကြီးရှဲ့ လက်ယပ်ခေါ်လိုက်သည်။

အထိန်းတော်ကြီး အနားကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။

"မယ်တော်ကြီး၊ မိဖုရားခေါင်ကြီး သဘောတူလိုက်ပြီလား။"

"သဘောတူလိုက်ပြီ။"

မယ်တော်ကြီးရှဲ့ ပြောလိုက်သည်။

"လူဆိုတာ အတ္တကြီးကြတာပဲ။ အရှင်မင်းကြီး ဘယ်လောက်ကောင်းကောင်း၊ မိဖုရားခေါင်ကြီးစိတ်က အရှင်မင်းကြီးဆီမှာမှ မရှိတာ။"

အထိန်းတော်ကြီး မျက်နှာပျက်သွားသည်။

"မယ်တော်ကြီး၊ ကျွန်တော်မျိုးမ စိတ်ပူမိပါတယ်။ စိတ်ဖောက်ပြန်ဆေးသုံးလိုက်ရင် ပြန်ကုလို့မရတော့ဘူး။"

"ငါ အရှင်မင်းကြီးကို အခွင့်အရေးပေးခဲ့သားပဲ။ သူ ငါ့ကို ဂရုစိုက်လို့လား။ ဘာလဲ... မင်းက အရှင်မင်းကြီးဘက်က ပြောပေးချင်လို့လား။"

အထိန်းတော်ကြီး ဒူးထောက်ချလိုက်ပြီး ခေါင်းငုံ့လိုက်သည်။

"မရဲပါဘူး။"

"ထတော့။"

မယ်တော်ကြီးရှဲ့ ပြုံးလိုက်သည်။

"မင်း သစ္စာရှိမှန်း ငါ သိပါတယ်။ ဒီကိစ္စ မအောင်မြင်ရင်တောင် မင်း ပါးစပ်ပိတ်ထားရင် ငါတို့ဆီ ပြဿနာရောက်လာမှာ မဟုတ်ဘူး။"

"မယ်တော်ကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။"

"ထပြီး စကားပြောစမ်းပါ။"

အထိန်းတော်ကြီး ထရပ်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"မယ်တော်ကြီး၊ အရှင်မင်းကြီး စိတ်ဖောက်ပြန်သွားရင် လိုကျစ်ကွေ့ရှိနေတော့ မယ်တော်ကြီးက အရှင်မင်းကြီးကို လိုကျစ်ကွေ့လက်ထဲကနေ ဘယ်လိုပြန်ခေါ်မလဲ။"

"အရှင်မင်းကြီး နေမကောင်းဘူးဆိုပြီး တစ်ရက်နှစ်ရက် ဖုံးထားလို့ရပေမယ့် ဆယ်ရက်လောက် ကြာလာရင် အမတ်မင်းတွေက လိုကျစ်ကွေ့ကို ကြည့်နေမှာ မဟုတ်ဘူး။ ငါတို့ ဝင်မပါဘဲ လိုကျစ်ကွေ့နဲ့ အမတ်မင်းတွေ တိုက်ခိုက်ကြတာကို ထိုင်ကြည့်နေလိုက်ရုံပဲ။ လိုကျစ်ကွေ့က အရှင်မင်းကြီး နေမကောင်းတာကို ဖုံးကွယ်ထားတဲ့အပြစ်နဲ့ သေဒဏ်ပေးခံရလိမ့်မယ်။"

"သေဒဏ်?"

"သူက အမတ်တစ်ယောက်လေ။ အရှင်မင်းကြီး နေမကောင်းတာကို ဖုံးကွယ်ထားတာက ဧကရာဇ်မင်းကို ထိန်းချုပ်ချင်တာနဲ့အတူတူပဲ မဟုတ်ဘူးလား။"

အထိန်းတော်ကြီး သဘောပေါက်သွားသည်။ မယ်တော်ကြီးက အရှင်မင်းကြီးကိုတင်မကဘူး၊ လိုကျစ်ကွေ့ကိုပါ တွက်ချက်ထားတာပဲ။

မယ်တော်ကြီးရှဲ့ ကြမ်းပြင်ကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

"နဉ်ယွီက အရင်စတာ။ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။"

"ထွီ... ထွီ... ထွီ..."

ဗီရိုအောက်တွင် ယိုကွမ့်က မယ်တော်ကြီးရှဲ့ကို တံတွေးထွေးလိုက်သည်။

"သူကပဲ ရှောင်ယောင်းအပေါ် ကောင်းခဲ့သလိုလို ပြောနေတယ်။ ယုတ်မာလိုက်တာ။"

အဘိုးဟွေ့ကတော့ မလှုပ်မယှက် ဝပ်နေသည်။

ယိုကွမ့်က "အဘိုး၊ ကျွန်တော်သွားပြီး ဒီမိန်းမကြီးကို ကိုက်သတ်လိုက်ရမလား။"

အဘိုးဟွေ့ဘေးတွင် ကြွက်ကလေးများစွာ ဝပ်နေကြသည်။ နဉ်ရှောင်ယောင်းက ယိုကွမ့်ကို အစာကျွေးတိုင်း သူတို့ကိုပါ ကျွေးလေ့ရှိသဖြင့် အားလုံးက နဉ်ရှောင်ယောင်းဘက်တော်သားများ ဖြစ်ကြသည်။ ယိုကွမ့်၏ အကြံပြုချက်ကို အားလုံး ထောက်ခံကြသည်။

အဘိုးဟွေ့က စိတ်လှုပ်ရှားနေသော ကြွက်ကလေးများကိုကြည့်ပြီး ပြောလိုက်သည်။

"ရှောင်ယောင်းက အဆိပ်မတိုးဘူးလေ။ မင်းတို့ ဘာပူနေတာလဲ။"

ကြွက်ကလေးများ... ဟုတ်သားပဲ။

"ငတုံးတွေ။"

အဘိုးဟွေ့ ဆဲလိုက်သည်။

"မိဖုရားခေါင်ကြီးက ရှောင်ယောင်း အဆိပ်မတိုးဘူးလို့ ပြောနေတာတောင် ဒီမိန်းမယုတ်က မယုံဘူး။"

ကြွက်ကလေးတစ်ကောင်က ရေရွတ်လိုက်သည်။

ယိုကွမ့် ပျော်ရွှင်သွားသည်။

"ငါ ဒီမိန်းမယုတ် ဒုက္ခရောက်တာကို စောင့်ကြည့်ဦးမယ်။"

မယ်တော်ကြီးရှဲ့ ထိုင်ခုံမှ ထရပ်ပြီး အထိန်းတော်ကြီး၏အကူအညီဖြင့် အခန်းပြင် ထွက်သွားသည်။

ယိုကွမ့် အဘိုးဟွေ့ကို နှုတ်ဆက်ပြီး ရှောင်ယောင်းဆီ ပြေးသွားသည်။ ကြွက်ကလေးများလည်း လိုက်သွားကြသည်။ ဒီနေ့ ရှောင်ယောင်းဆီမှာ မြေပဲရှိမလား မသိဘူး။

......

မိဖုရားခေါင်ကြီး နန်းဆောင်သို့ ပြန်ရောက်သောအခါ အစေခံများနှင့် မိန်းမစိုးများက ဝိုင်းဝန်းပြုစုကြသည်။ ဘာမှမမေးရဲကြပေ။

မိဖုရားခေါင်ကြီး ပြုံးလိုက်သည်။

"သွားကြတော့။ အရှင်မင်းကြီး ထိုက်ဟွာနန်းဆောင်မှာရှိလား။"

အထိန်းတော်ကြီးများနှင့် မိန်းမစိုးများ ခေါင်းခါလိုက်ကြသည်။

"ကျွန်တော်မျိုးတို့ မသိရပါဘူး။ သွားမမေးရဲပါဘူး။"

"ကျွန်တော်မျိုး သွားမေးလိုက်ရမလား။"

မိန်းမစိုးတစ်ဦးက မေးလိုက်သည်။

"မလိုပါဘူး။"

မိဖုရားခေါင်ကြီး ခေါင်းခါလိုက်သည်။

"ယင်းဖုန်း လိုက်ပို့ပေးတာဆိုတော့ ယင်းဖုန်း ပြန်ရောက်တာနဲ့ အရှင်မင်းကြီး သိမှာပါ။"

"ဒါဆို မိဖုရားခေါင်ကြီး ထိုက်ဟွာနန်းဆောင်ကို သွားမလား။"

"စားစရာ ပြင်ဆင်လိုက်ပါ။"

မိဖုရားခေါင်ကြီး အမိန့်ပေးလိုက်သည်။

"အရှင်မင်းကြီးလာရင် အတူတူစားကြမယ်။"

ပုံမှန်ဆိုရင်တော့ အရှင်မင်းကြီးဆီ သွားဂါရဝပြုသင့်ပေမယ့် မိဖုရားခေါင်ကြီးက ဆုံးဖြတ်ပြီးပြီဆိုတော့ ဘယ်သူမှ မကန့်ကွက်ရဲကြပေ။

"မင်း ထိုက်ဟွာနန်းဆောင်ကို သွားလိုက်။"

မိဖုရားခေါင်ကြီးက အစေခံမလေးတစ်ဦးကို ခိုင်းလိုက်သည်။

"အရှင်မင်းကြီးကို လျှောက်တင်လိုက်။ ပန်ကုန်း စားစရာပြင်ပြီး စောင့်နေပါတယ်လို့။"

အစေခံမလေး ထိုက်ဟွာနန်းဆောင်သို့ ပြေးသွားသည်။

ထိုက်ဟွာနန်းဆောင် တံခါးဝတွင် ယင်းတျန့် စောင့်နေသည်။ အစေခံမလေးကို မြင်တော့ မေးလိုက်သည်။

"အရှင်မင်းကြီး နိုင်ငံရေးကိစ္စလုပ်နေတယ်။ မိဖုရားခေါင်ကြီးပြောတာကို ငါ ပြန်လျှောက်တင်ပေးလိုက်မယ်။ ပြန်တော့။"

အစေခံမလေး ကြောက်လန့်တကြား ပြန်ပြေးသွားသည်။

ယင်းတျန့် တံခါးရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ အရှင်မင်းကြီး ပြန်မလာသေးဘူး။ အစ်ကိုကြီးတို့ဆီကလည်း သတင်းမကြားရဘူး။ အရှင်မင်းကြီး ဘယ်သွားပြီး မုန့်ဝယ်စားနေတာလဲ။ စားပွဲပေါ်မှာ စာထားခဲ့တဲ့ မြွေပါမြီးတိုကို ပြန်တွေးမိပြီး ခေါင်းကို ရိုက်လိုက်သည်။ အရှင်မင်းကြီးက မြွေပါမြီးတိုတောင် မွေးထားတာလား။

......

အစေခံမလေး ပြန်ရောက်လာပြီး ယင်းတျန့်ပြောတာကို ပြန်ပြောပြလိုက်သည်။

မိဖုရားခေါင်ကြီး လက်ကာပြလိုက်သည်။ ဒီအချိန်မှာ နဉ်ယွီ ဘာနိုင်ငံရေးကိစ္စလုပ်စရာရှိလို့လဲ။ မယ်တော်ကြီးကို ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစားနေတာဖြစ်မယ်။ အင်္ကျီလက်ကြားထဲမှ ဓားမြှောင်ကို စမ်းကြည့်လိုက်သည်။ ဓားမြှောင်ရှိနေသေးတာသေချာမှ စိတ်သက်သာရာရသွားသည်။ မှန်တင်ခုံရှေ့ ထိုင်လိုက်သည်။

မှန်ထဲမှပုံရိပ်က မျက်နှာချောင်ကျပြီး အသားအရေ ဝါညစ်နေသည်။ နှုတ်ခမ်းနီ နည်းနည်းဆိုးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းကြီးရှေ့မှာတော့ လှလှပပနေရမယ်။

......

နဉ်ရှောင်ယောင်း ညနေစောင်းမှပဲ နန်းတော်သို့ ပြန်ရောက်လာသည်။ ယင်းဖုန်းတို့ကိုလည်း ခေါ်လာသည်။ လိုကျစ်ကွေ့ ဝယ်ကျွေးလိုက်တဲ့ ဘဲဥနှစ်ဆန်မုန့်ကြွပ်ကို ရထားလုံးပေါ်မှာတင် တစ်ဝက်လောက် ကုန်အောင် စားလိုက်သည်။

ယင်းတျန့် နဉ်ရှောင်ယောင်းကို မြင်တော့ အပြေးအလွှား သွားကြိုပြီး မိဖုရားခေါင်ကြီးက စားစရာပြင်ပြီး စောင့်နေကြောင်း လျှောက်တင်လိုက်သည်။

"အခုလား။"

"ဟုတ်ပါတယ်။"

"ကျွန်မတို့ဘက်က အဆင်သင့်ဖြစ်ပြီလား။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို မေးလိုက်သည်။

လိုကျစ်ကွေ့က ယင်းတျန့်ကို ပြောလိုက်သည်။

"လူလွှတ်ပြီး မိဖုရားခေါင်ကြီးကို ပြောလိုက်။ အရှင်မင်းကြီးက နောက် ၃ ရက်နေမှ လာတွေ့မယ်။ ဒီရက်ပိုင်း နန်းဆောင်ထဲမှာပဲ ကောင်းကောင်း အနားယူနေပါလို့။"

"စစ်သေနာပတိချုပ် ပြောသလို လုပ်လိုက်။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

ယင်းတျန့် နဂါးအစောင့်တပ်သားတစ်ဦးကို ခေါ်ပြီး မိဖုရားခေါင်ကြီးနန်းဆောင်သို့ လွှတ်လိုက်သည်။

"သွားကြစို့။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းအနောက်တွင် ရပ်ပြီး ပြောလိုက်သည်။

"နောက် ၃ ရက်နေမှတဲ့။"

နဉ်ရှောင်ယောင်း ရေရွတ်ရင်း ထိုက်ဟွာနန်းဆောင်ထဲသို့ ဝင်သွားလေသည်။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၄၂ ။ အဆိပ်ရည်နှင့် အဆိပ်ဓားမြှောင်

သုံးရက်ကြာပြီးနောက် နဉ်ရှောင်ယောင်း မိဖုရားခေါင်ကြီးနန်းဆောင်သို့ မသွားခဲ့ပေ။ လိုကျစ်ကွေ့၏ အစီအစဉ်အတိုင်း မိဖုရားခေါင်ကြီးကျိုးကို ထိုက်ဟွာနန်းဆောင်သို့ ဖိတ်ခေါ်လိုက်သည်။

မိဖုရားခေါင်ကြီးကျိုးသည် ထမင်းဘူးတစ်လုံးကို နဉ်ရှောင်ယောင်းရှေ့သို့ ညင်သာစွာ ချပေးလိုက်ပြီး တိုးတိုးလေး လျှောက်တင်လိုက်သည်။

"ဒါ ကျွန်တော်မျိုးမကိုယ်တိုင်လုပ်ထားတဲ့ သကြားရည်ပါ။ နှင်းကြာစေ့၊ နှင်းပန်းပွင့်၊ ကြွက်နားရွက်မှိုနဲ့ ဂိုဂျီသီးတွေ ထည့်ထားပါတယ်။ အရှင်မင်းကြီး မြည်းစမ်းကြည့်ပါဦး။"

နဉ်ရှောင်ယောင်း စိတ်ညစ်သွားသည်။ ဟိုတစ်ခေါက်က အချိုရည်၊ ဒီတစ်ခေါက်က သကြားရည်။ နှစ်ခုစလုံးက အဆိပ်ခတ်ထားတာတွေချည်းပဲ။

မိဖုရားခေါင်ကြီးကျိုး နောက်ဆုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ သံဘုရားကျောင်းကို သွားခွင့်ပေးလို့ အစ်ကိုကြီး အဆင်ပြေနေတယ်ဆိုတာသိရပြီး စိတ်သက်သာရာရသွားပါတယ်။"

"အင်း..."

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"မင်းအစ်ကို အဆင်ပြေတယ်ဆိုရင် ငါလည်း စိတ်ချပါပြီ။"

မိဖုရားခေါင်ကြီးကျိုး တုံ့ဆိုင်းနေပြီးမှ စားပွဲနား လျှောက်လာကာ ထမင်းဘူးအဖုံးကို ဖွင့်လိုက်သည်။ သကြားရည်ကို ကျောက်စိမ်းကြာပန်းပန်းကန်လုံးထဲ ထည့်ထားသည်။ သကြားရည်အဖြူရောင်နှင့် ကျောက်စိမ်းပန်းကန်လုံးအစိမ်းရောင် လိုက်ဖက်ညီလှသည်။

"ကျွန်တော်မျိုးမ နန်းတော်ပြန်ရောက်တဲ့နေ့က မယ်တော်ကြီးဆီ သွားတွေ့ခဲ့ပါတယ်။"

"မယ်တော်ကြီး ဘာပြောလဲ။"

"မိသားစုအကြောင်းလေးတွေ ပြောဖြစ်ကြပါတယ်။"

"မယ်တော်ကြီးက မင်းကို ဒုက္ခမပေးဘူးလား။"

မိဖုရားခေါင်ကြီး ပြုံးပြီး ခေါင်းခါလိုက်သည်။

"ကျွန်တော်မျိုးမက အရှင်မင်းကြီးရဲ့ မိဖုရားခေါင်ကြီးလေ။ ဘယ်သူက ဒုက္ခပေးရဲမှာလဲ။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ ဆက်ပြီး ဟန်ဆောင်နေနိုင်သေးတာလား။ သူမတော့ အန်ချင်လာပြီ။ ချစ်စရာ ဇနီးမောင်နှံ ဇာတ်လမ်းကို ဆက်မကပြချင်တော့ဘူး။

"အရှင်မင်းကြီးက ဘဲဥနှစ်ဆန်မုန့်ကြွပ် ကြိုက်တယ်လို့ ကြားတယ်။"

နဉ်ရှောင်ယောင်း ဇာတ်လမ်းဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။ အဆိပ်ရည်သောက်လိုက်တာကောင်းမယ်။ ဆက်ပြီး ဟန်ဆောင်နေရင် ဘဲဥနှစ်ဆန်မုန့်ကြွပ်ကိုပါ ရွံသွားလိမ့်မယ်။

"ကျွန်တော်မျိုးမ သင်ယူပြီး လုပ်ကျွေးပါ့မယ်။ အရှင်မင်းကြီး ကြိုက်တာမှန်သမျှ လုပ်ပေးပါ့မယ်။"

နဉ်ရှောင်ယောင်း အသက်ပြင်းပြင်းရှူပြီး သကြားရည်ပန်းကန်လုံးကို ကိုင်လိုက်သည်။

မိဖုရားခေါင်ကြီးကျိုး နဉ်ရှောင်ယောင်း၏ လက်ဖမိုးပေါ် လက်တင်လိုက်ပြီး တိုးတိုးလေးခေါ်လိုက်သည်။

"အရှင်မင်းကြီး..."

ဟင်...

နဉ်ရှောင်ယောင်း မော့ကြည့်လိုက်သည်။ မိဖုရားခေါင်ကြီး ဗိုက်ထဲက ကလေး ဘာဖြစ်နေတာလဲ။ အရင်တုန်းက ကျန်းမာသန်စွမ်းပေမယ့် အခုကျတော့ ပျက်ကျတော့မလို ဖြစ်နေတယ်။ နန်းတော်အပြင် ထွက်သွားတုန်းက ဘာဖြစ်ခဲ့တာလဲ။

နဉ်ရှောင်ယောင်း စိုက်ကြည့်နေသဖြင့် မိဖုရားခေါင်ကြီးကျိုး လန့်သွားသည်။ အပြုံးပျက်သွားပြီး မျက်နှာကို ပွတ်သပ်ကာ မေးလိုက်သည်။

"အရှင်မင်းကြီး ဘာလို့ အဲဒီလို ကြည့်နေရတာလဲ။"

နင့်ကလေး ပျက်ကျတော့မယ်ဆိုတာ သိရဲ့လား။ နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။

မိဖုရားခေါင်ကြီး ပိုပြီး လန့်သွားသည်။ အရှင်မင်းကြီး ရိပ်မိသွားပြီလား။

နဉ်ရှောင်ယောင်း မိဖုရားခေါင်ကြီး၏လက်ကို ပြန်ဆုပ်ကိုင်လိုက်သည်။

မိဖုရားခေါင်ကြီးကျိုး မီးပူလောင်သကဲ့သို့ လက်ကို ပြန်ရုတ်လိုက်သည်။

နဉ်ရှောင်ယောင်း လက်လွှတ်ပေးလိုက်ပြီး မိဖုရားခေါင်ကြီး၏ဗိုက်ကို လျင်မြန်စွာ ပုတ်လိုက်သည်။ လက်ချောင်းထိပ်မှ အစိမ်းရောင်အလင်းတန်းလေးများ မိဖုရားခေါင်ကြီးဗိုက်ထဲ ဝင်ရောက်သွားသည်။

မိဖုရားခေါင်ကြီး အော်ဟစ်လိုက်ချင်သော်လည်း ဗိုက်ထဲတွင် နွေးထွေးမှု ခံစားလိုက်ရသည်။ နာကျင်နေသော ဗိုက် သက်သာသွားသည်။

တစ်ယောက်ယောက်က မိဖုရားခေါင်ကြီးရဲ့ကလေးကို ဒုက္ခပေးချင်နေတာပဲ။

နဉ်ရှောင်ယောင်းတွေးရင်း သကြားရည်ပန်းကန်လုံးကို မော့သောက်လိုက်သည်။

မိဖုရားခေါင်ကြီး ပါးစပ်ဟလိုက်သည်။ မျက်နှာပေါ်တွင် နောင်တ၊ သနားစိတ်များ ပေါ်လာသော်လည်း ချက်ချင်းပင် ပြတ်သားသော အမူအရာဖြင့် ဖုံးကွယ်လိုက်သည်။

နဉ်ရှောင်ယောင်း ပန်းကန်လုံးချလိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။ အရသာ မဆိုးဘူး။ ချိုတယ်။ နှင်းကြာသီးက ကြွပ်ရွနေတယ်။ မိဖုရားခေါင်ကြီးကိုယ်တိုင် လုပ်တာဆိုရင်တော့ လက်ရာကောင်းတယ်လို့ ပြောရမယ်။

"အရှင်မင်းကြီး..."

ဟန်ဆောင်ကောင်းမှဖြစ်မယ်ဆိုတော့ နဉ်ရှောင်ယောင်း အဆိပ်ဖြေဆေး ချက်ချင်း မသုံးသေးဘဲ မော့ကြည့်လိုက်သည်။

"ဟင်..."

"အရသာ ဘယ်လိုနေလဲ။"

"ကောင်း..."

စကားမဆုံးခင် ဗိုက်နာလာပြီး လည်ချောင်းထဲမှ တစ်ခုခု ဆန်တက်လာကာ သွေးအန်လိုက်သည်။

မိဖုရားခေါင်ကြီးကျိုး နောက်ဆုတ်သွားပြီး ပါးစပ်ပိတ်ထားလိုက်သည်။

"မင်း..."

နဉ်ရှောင်ယောင်း စကားဆက်မပြောနိုင်တော့ဘဲ သွေးတွေ ဆက်တိုက်အန်နေသည်။ စားပွဲပေါ်တွင် သွေးကွက်ကြီးဖြစ်သွားပြီး ပန်းကန်လုံးထဲတွင်လည်း သွေးများ ပြည့်သွားသည်။

နဉ်ရှောင်ယောင်း စားပွဲပေါ် မှောက်ချလိုက်သည်။ မိဖုရားခေါင်ကြီး ထည့်လိုက်တဲ့အဆိပ်က မယ်တော်ကြီးပေးတဲ့ စိတ်ဖောက်ပြန်ဆေး မဟုတ်ဘဲ အသေသတ်မယ့် အဆိပ်ပဲ။ မိဖုရားခေါင်ကြီးက တကယ် ရက်စက်တာပဲ။

"အရှင်မင်းကြီး..."

နဉ်ရှောင်ယောင်း ငြိမ်သက်နေသည်ကို မြင်သောအခါ မိဖုရားခေါင်ကြီး ခေါ်လိုက်သည်။

နဉ်ရှောင်ယောင်း သေချင်ယောင်ဆောင်ရင်း အဆိပ်ဖြေနေသည်။

မိဖုရားခေါင်ကြီး ထပ်ခေါ်လိုက်သည်။ နဉ်ရှောင်ယောင်း မလှုပ်ရှားတော့ အနားကပ်သွားပြီး ပခုံးကို တွန်းကာ ခေါ်လိုက်သည်။

"အရှင်မင်းကြီး..."

ဇာတ်လမ်းပြီးပြီလေ။ မသွားသေးဘူးလား။

မိဖုရားခေါင်ကြီး တံခါးပိတ်ထားသည်ကို လှမ်းကြည့်လိုက်ပြီး နဉ်ရှောင်ယောင်းကို ပြန်ကြည့်ကာ အော်ဟစ်လိုက်သည်။

"ရှင် ဘယ်သူလဲ!"

နဉ်ရှောင်ယောင်း လန့်သွားသည်။ ဘာဖြစ်ပြန်ပြီလဲ။

"အရှင်မင်းကြီး!"

မိဖုရားခေါင်ကြီး အော်ဟစ်ပြီး လက်ထဲမှ ဓားမြှောင်ဖြင့် နဉ်ရှောင်ယောင်း၏ လည်ပင်းကို ထိုးလိုက်သည်။

အဆိပ်သုတ်ထားသော ဓားမြှောင်သည် နဉ်ရှောင်ယောင်း၏ လည်ပင်းကို စိုက်ဝင်သွားပြီး အပေါက်ဖြစ်သွားသည်။ သွေးများ ပန်းထွက်လာပြီး နဉ်ရှောင်ယောင်း၏ ကိုယ်တစ်ခြမ်းလုံး ရဲရဲနီသွားသည်။

ထိုအချိန်မှာပင် တံခါးပွင့်သွားပြီး ယင်းဖုန်း ဝင်လာသည်။ မိဖုရားခေါင်ကြီးက နဉ်ရှောင်ယောင်း၏ ဒဏ်ရာကို လက်ဖြင့် အုပ်ထားသည်။

သောက်ကျိုးနည်း... ရက်စက်လိုက်တာ။ အဆိပ်ခတ်တာ အားမရလို့ ဓားနဲ့ပါ ထပ်ထိုးသေးတယ်။

နဉ်ရှောင်ယောင်း သေချင်ယောင်ဆောင်မနေရရင် ထပြီး မေးလိုက်မိမှာ။

တံခါးကန်ဖွင့်သူက ယင်းဖုန်းဖြစ်သော်လည်း အရင်ဆုံး ဝင်လာသူက လိုကျစ်ကွေ့ ဖြစ်သည်။ စားပွဲပေါ်မှ သွေးကွက်နှင့် သွေးများပေကျံနေသော နဉ်ရှောင်ယောင်းကို တွေ့လိုက်ရသည်။

လိုကျစ်ကွေ့ နားထဲတွင် အူသွားပြီး မျက်လုံးများ ပြာဝေသွားသည်။ ယိုင်နဲ့စွာ ပြေးသွားပြီး မိဖုရားခေါင်ကြီးကို တွန်းဖယ်လိုက်သည်။ မိဖုရားခေါင်ကြီး၏ လက်ဖယ်သွားသည်နှင့် ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။

"လုပ်ကြံသူ... လုပ်ကြံသူ ရှိတယ်!"

မိဖုရားခေါင်ကြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။ အင်္ကျီပေါ်တွင် သွေးများပေကျံနေသည်။ ဖွင့်ထားသော ပြတင်းပေါက်ကို လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်သည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ဒဏ်ရာကို တင်းတင်းဖိထားသည်။ မျက်နှာထား တင်းမာနေသော်လည်း အသက်ရှူရခက်ခဲနေသည်။

"သွားဖမ်းကြလေ!"

မိဖုရားခေါင်ကြီး နဂါးအစောင့်တပ်သားများကို အော်ဟစ်လိုက်သည်။

နဂါးအစောင့်တပ်သားများ မိဖုရားခေါင်ကြီးကို ဝိုင်းထားလိုက်ကြသည်။ အကြည့်များက အေးစက်နေသည်။

"ရှောင်... ရှောင်ယောင်း..."

လိုကျစ်ကွေ့ ဒူးထောက်ချလိုက်ပြီး နဉ်ရှောင်ယောင်းကို ပွေ့ဖက်ကာ နားနားကပ်ပြီး ခေါ်လိုက်သည်။

"သမားတော်!"

ယင်းဖုန်း အော်ဟစ်လိုက်သည်။

သမားတော်ကော ဆေးသေတ္တာလွယ်ပြီး ပြေးဝင်လာသည်။ သွေးများ မြင်လိုက်ရသောအခါ ကြောင်သွားသည်။

"ရှောင်ယောင်း..."

လိုကျစ်ကွေ့၏လက်များ သွေးချင်းချင်းနီနေသည်။ အသက်ရှူကြပ်လာပြီး မျက်လုံးများ နီရဲလာသည်။ သူ ရှောင်ယောင်းကို ဆုံးရှုံးရတော့မလား။

ယင်းဖုန်း သမားတော်ကောကို ဆွဲခေါ်လာပြီး နဉ်ရှောင်ယောင်းရှေ့ တွန်းပို့လိုက်သည်။

သမားတော်ကော ဒူးထောက်လိုက်ပြီး လိုကျစ်ကွေ့၏ သွေးရဲနေသော လက်ကို ကြည့်ကာ ပြောလိုက်သည်။

"စစ်... စစ်သေနာပတိချုပ်၊ လက်ဖယ်ပေးပါဦး။ ဒဏ်ရာ ကြည့်ပါရစေ။"

လိုကျစ်ကွေ့ တောင့်ခဲနေသည်။

ယင်းဖုန်း လိုကျစ်ကွေ့၏လက်ကို ဆွဲဖယ်လိုက်သည်။

လိုကျစ်ကွေ့ လန့်ဖျပ်သွားပြီး ယင်းဖုန်းကို ကြည့်လိုက်သည်။ နီရဲနေသော မျက်လုံးများနှင့် ကြောက်စရာကောင်းသော မျက်နှာထားကြောင့် ယင်းဖုန်းကို သတ်တော့မလိုဖြစ်နေသည်။

"အရှင်မင်းကြီး..."

မိဖုရားခေါင်ကြီး ငိုယိုပြီး နဉ်ရှောင်ယောင်းဆီ တွားသွားလာသည်။

မိဖုရားခေါင်ကြီးအသံ ကြားလိုက်ရတော့ လိုကျစ်ကွေ့ လှည့်ကြည့်လိုက်သည်။ ဒီမိန်းမကို သတ်ပစ်ချင်သည်။

မိဖုရားခေါင်ကြီး လိုကျစ်ကွေ့၏အကြည့်ကြောင့် လန့်သွားပြီး နောက်ဆုတ်သွားသည်။

သမားတော်ကော ဆေးသေတ္တာထဲမှ ဆေးပုလင်းထုတ်ပြီး ဒဏ်ရာပေါ် ဖြူးရန် ပြင်လိုက်သည်။

"မိဖုရားခေါင်ကြီး..."

လိုကျစ်ကွေ့ အမိန့်ပေးရန် ပြင်လိုက်စဉ် တစ်ယောက်ယောက်က သူ့အင်္ကျီလက်စကို ဆွဲလိုက်သလို ခံစားလိုက်ရသည်။ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်း မျက်လုံးဖွင့်ပြီး လျှာထုတ်ပြလိုက်သည်။

လိုကျစ်ကွေ့...

ယင်းဖုန်းနှင့် သမားတော်ကော...

ခဏလေးအတွင်းမှာ ဒဏ်ရာ ပျောက်သွားတာလား။

သမားတော်ကော ဆေးပုလင်းကို ကိုင်လျက်သား ကြောင်နေသည်။

ယင်းဖုန်း အားကုန်ပြီး ဒူးထောက်ကျသွားသည်။ အရှင်မင်းကြီးကို တကယ်ဒူးထောက်လိုက်ရပြီ။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေသည်။ တစ်ကိုယ်လုံး တုန်ယင်နေသည်။

နဉ်ရှောင်ယောင်း လျှာကို ဘေးစောင်းလိုက်ပြီး သေချင်ယောင်ဆောင်လိုက်သည်။

သေချင်ယောင်ဆောင်မယ်လို့ ပြောထားတယ်လေ။ ဟန်ဆောင်ကြလေ။ ငါတစ်ယောက်တည်း လုပ်နေရတာလား။ ဇာတ်လမ်းပျက်သွားရင် ငါ့သွေးတွေ နှမြောစရာကြီး။

လိုကျစ်ကွေ့ အသက်ပြင်းပြင်း ရှူလိုက်သည်။

ယင်းဖုန်း သတိဝင်လာပြီး ငိုသံပါပါ အော်လိုက်သည်။

"အရှင်မင်းကြီး!"

သမားတော်ကောလည်း သတိဝင်လာပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီးက..."

"ပါးစပ်ပိတ်ထား!"

လိုကျစ်ကွေ့ ဟောက်လိုက်သည်။

"အရှင်မင်းကြီးကို ကုပေးစမ်း!"

သမားတော်ကော ဆေးသေတ္တာထဲ မွှေနှောက်ရှာဖွေလိုက်သည်။

"မိဖုရားခေါင်ကြီးကို ပြန်ပို့လိုက်ကြ။"

လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။

မိဖုရားခေါင်ကြီး ထချင်သော်လည်း မထနိုင်ပေ။

"ယင်းဖုန်း။"

ယင်းဖုန်း ဒူးထောက်နေရာမှ ထရပ်ပြီး မိဖုရားခေါင်ကြီးရှေ့လျှောက်သွားကာ အေးစက်စွာပြောလိုက်သည်။

"မိဖုရားခေါင်ကြီးကို ပြန်ပို့ပေးပါ့မယ်။"

မိဖုရားခေါင်ကြီး ထနိုင်စွမ်း မရှိတော့ပေ။ စောစောက ဧကရာဇ်မင်းကို သတ်ရဲသော်လည်း အခုတော့ မတ်တတ်တောင် မရပ်နိုင်တော့ပေ။

လိုကျစ်ကွေ့ ဝတ်ရုံချွတ်ပြီး နဉ်ရှောင်ယောင်းကို လွှမ်းခြုံပေးကာ ပွေ့ချီပြီး ထွက်ခွာသွားသည်။

"အရှင်မင်းကြီး ဘယ်လိုနေလဲ!"

မိဖုရားခေါင်ကြီး အော်ဟစ်မေးလိုက်သည်။

လိုကျစ်ကွေ့ လှည့်မကြည့်ဘဲ ဆက်ထွက်သွားလေသည်။

***

All Chapters