အခန်း (၂၄၇-၂၄၈)
Vol. 16 Ch. 247-248
အခန်း ၂၄၇ ။ အရှင်မင်းကြီးရဲ့ ဆရာ
"ဘယ်လိုလုပ်ကြမလဲ။"
သမားတော်ကောက နဉ်ရှောင်ယောင်းကို မေးလိုက်သည်။
ယင်းယွီလည်း မျက်လုံးပြူးပြီး နဉ်ရှောင်ယောင်းကို ကြည့်နေသည်။
"စန်းယွီ၊ စစ်သေနာပတိချုပ်က မင်းကို ဘာလုပ်ရမယ်လို့ မပြောသွားဘူးလား။"
ယင်းယွီ ခေါင်းခါလိုက်သည်။
လောင်တ ကုတင်အောက်မှ ထွက်လာသည်။ ပါးစပ်ထဲတွင် တစ်စုံတစ်ခုကို ကိုက်ထားသည်။ နဉ်ရှောင်ယောင်းကိုကြည့်ပြီး "မြောင်..." ဟု အော်လိုက်သည်။
နဉ်ရှောင်ယောင်း ငုံ့ကြည့်လိုက်တော့ သူမ လွှင့်ပစ်လိုက်သော သွေးအိတ်ဖြစ်နေသည်။
"မြန်မြန်လုပ်။ မြောင်..."
လောင်တ နဉ်ရှောင်ယောင်းကို တိုက်တွန်းလိုက်သည်။
နဉ်ရှောင်ယောင်း သမားတော်ကောကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ရှောင်ကောက ငါ့လောင်တလောက်တောင် ဉာဏ်မကောင်းဘူး။"
သမားတော်ကော... အရှင်မင်းကြီးမှာကော အကြံရှိလို့လား။
လောင်တ သွေးအိတ်ကိုကိုက်ပြီး ကုတင်ပေါ်ခုန်တက်ကာ နဉ်ရှောင်ယောင်းဘေးတွင် ဝပ်လိုက်သည်။
"ငါ့အင်္ကျီလေး..."
နဉ်ရှောင်ယောင်း ညည်းတွားလိုက်သည်။ အသစ်လဲထားတဲ့ အင်္ကျီလေး နှမြောစရာ။ ဒါပေမဲ့ သွေးအိတ်ကိုယူပြီး ရင်ဘတ်ပေါ် ဖိချလိုက်သည်။
သွေးနံ့များ အခန်းထဲတွင် ပျံ့လွင့်သွားသည်။
နဉ်ရှောင်ယောင်း ကုတင်ပေါ် လဲချလိုက်ပြီး သေချင်ယောင်ဆောင်လိုက်သည်။
"ဒီလောက်နဲ့ ရပါ့မလား။"
ယင်းယွီ စိတ်မချစွာ မေးလိုက်သည်။
နဉ်ရှောင်ယောင်း မျက်လုံးပြန်ဖွင့်ပြီး ယင်းယွီကိုကြည့်လိုက်သည်။
"ဒါဆို မင်းက ငါ့ကို နောက်တစ်ခါ ထပ်ထိုးစေချင်လို့လား။"
ယင်းယွီ ခေါင်းခါလိုက်သည်။ သူ့မျက်စိရှေ့မှာတင် အရှင်မင်းကြီး ကိုယ့်ကိုယ်ကိုယ် ထိုးလိုက်တာမြင်ရင် အစ်ကိုကြီးတို့က သူ့ကို ဝိုင်းထိုးကြလိမ့်မယ်။
"စန်းယွီနဲ့ ရှောင်ကော၊ မင်းတို့နှစ်ယောက် ထွက်သွားတော့။ မယ်တော်ကြီးကိုမြင်တာနဲ့ မျက်ရည်သုတ်ကြ။ မျက်ရည်မထွက်ရင် မျက်လုံးကိုပွတ်လိုက်။ ရှောင်ကော... ငါ့ကို မင်း..."
သမားတော်ကော လှည့်ထွက်သွားသည်။ ဒီလူက သူ့ကို အမြတ်ထုတ်ချင်နေတုန်းပဲ။ သူ့အဖေက အိမ်မှာ အကောင်းကြီး ရှိပါသေးတယ်။
"သရုပ်ဆောင် ကောင်းကောင်းလုပ်နော်။"
နဉ်ရှောင်ယောင်း ယင်းယွီကို လက်သီးဆုပ်ပြပြီး အားပေးလိုက်သည်။
ယင်းယွီ မျက်လုံးကို ပွတ်သပ်လိုက်သည်။ သရုပ်ဆောင်ရမယ်ဆိုလည်း လုပ်ရမှာပေါ့။ အရှင်မင်းကြီးနောက်လိုက်မှတော့ အကုန်တတ်မှဖြစ်မယ်။
ယင်းယွီ ထွက်သွားပြီးနောက် နဉ်ရှောင်ယောင်းနှင့် လောင်တ မျက်လုံးချင်းဆုံနေကြသည်။ လောင်တ နဉ်ရှောင်ယောင်းနား တိုးကပ်လာပြီး လည်ပင်းဒဏ်ရာကို လျှာဖြင့် သပ်လိုက်သည်။
"နာလား။"
"မဆိုးပါဘူး။ ခဏလေး နာသွားတာပါ။ မိဖုရားခေါင်ကြီးက လက်ရဲသားပဲ။"
"ငါ သွားကိုက်သတ်ပေးရမလား။"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
"လောင်တ၊ နင့်ကို ထပ်သတိပေးပါရစေ။ နင်က ကြောင်လေးလေ။ ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်လို နေလို့မရဘူးလား။"
လောင်တ ကုတ်ချင်စိတ်ကို ထိန်းချုပ်လိုက်သည်။ ဒီငတုံးမလေးက ဒဏ်ရာရထားတာကိုး။
"မိဖုရားခေါင်ကြီးက လူဆိုးမ။"
နဉ်ရှောင်ယောင်း ဘာမှပြန်မပြောဘဲ လောင်တ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ကြောင်ဝတုတ်ကြီးကို လူ့သဘာဝအကြောင်း ပြောပြနေလို့ နားလည်မှာ မဟုတ်ဘူး။
တစ်နာရီခန့် ကြာသောအခါ မယ်တော်ကြီးရှဲ့သည် ထိုက်ဟွာနန်းဆောင် ခြံဝင်းထဲသို့ ရောက်လာသည်။ ရှေးဟောင်းနန်းဆောင်ကြီးကို မော့ကြည့်လိုက်သည်။ နှောင်းဧကရာဇ် လက်ထက်တုန်းက သူ မကြာခဏ လာခဲ့ဖူးသည်။ အခုတော့ ပိုင်ရှင်ပြောင်းသွားပြီဆိုတော့ စိမ်းသက်နေသလိုခံစားရသည်။
ယင်းယွီသည် လိုကျစ်ကွေ့ဘေးတွင်ရပ်နေပြီး လိုကျစ်ကွေ့ကို ခေါင်းညိတ်ပြလိုက်သည်။
"မယ်တော်ကြီး၊ အရှင်မင်းကြီးက ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးတဲ့။ ဒါကြောင့် ကျွန်တော်မျိုးတို့ ဒီမှာပဲ စောင့်နေရတာပါ။"
လိုကျစ်ကွေ့ လျှောက်တင်လိုက်သည်။
မယ်တော်ကြီးရှဲ့ လှေကားထစ်များအတိုင်း တက်သွားသည်။
အိပ်ဆောင်အပြင်ဘက်တွင် သမားတော်ကော ဒူးထောက်နေသည်။ မယ်တော်ကြီးရှဲ့ကို မြင်သောအခါ နဖူးနှင့် ကြမ်းပြင်ထိအောင် ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီးကို တွေ့ခဲ့လား။"
မယ်တော်ကြီးရှဲ့ မေးလိုက်သည်။ သမားတော်ကော၏ မျက်လုံးများ နီရဲနေသည်ကို သတိထားမိလိုက်သည်။
သမားတော်ကော ခေါင်းခါလိုက်ပြီး အသံတုန်တုန်ဖြင့် ဖြေလိုက်သည်။
"အရှင်မင်းကြီးက ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါဘူး။ ကျွန်တော်မျိုးလည်း မတွေ့ရပါဘူး။"
မယ်တော်ကြီးရှဲ့ တံခါးနား လျှောက်သွားပြီး တွန်းဖွင့်လိုက်သည်။ တံခါးက ပွင့်မလာဘဲ ဟသွားရုံသာ ရှိသည်။
တံခါးမပွင့်သော်လည်း သွေးညှီနံ့ ရလိုက်သည်။
"အရှင်မင်းကြီး?"
မယ်တော်ကြီးရှဲ့ အော်ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း ကုတင်ပေါ်တွင် နှုတ်ခမ်းမဲ့လိုက်သည်။
လောင်တ လက်သည်းကို လျှာဖြင့် သပ်နေသည်။
မယ်တော်ကြီးရှဲ့ အကြိမ်ကြိမ် ခေါ်သော်လည်း ပြန်ထူးသံမကြားရပေ။ သမားတော်ကောကို လှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်။
"လူသွားခေါ်ပြီး တံခါးကို ဖွင့်ခိုင်းလိုက်။"
သမားတော်ကော လန့်သွားပြီး မယ်တော်ကြီးရှဲ့ကို မော့ကြည့်လိုက်သည်။
"ဒါ အိုက်ကျားရဲ့အမိန့်ပဲ။ အရှင်မင်းကြီး အပြစ်တင်ရင် အိုက်ကျား တာဝန်ယူမယ်။"
သမားတော်ကော ဦးညွှတ်ပြီး ရှေ့ဝင်းဘက်သို့ ပြေးထွက်သွားသည်။ တံခါးဖွင့်သင့် မဖွင့်သင့်ဆိုတာ သူ မဆုံးဖြတ်ရဲဘူးလေ။ စစ်သေနာပတိချုပ်လိုကို သွားမေးရမယ်။
မယ်တော်ကြီးရှဲ့ တစ်ယောက်တည်း ကျန်ခဲ့သည်။ ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ဘယ်သူမှ မရှိပေ။ ထိုအခါမှ ကြောက်လန့်သော မျက်နှာထား ပေါ်လာသည်။ နဉ်ယွီ သေသွားရင် သူ ဘယ်လိုလုပ်မလဲ။
"စစ်သေနာပတိချုပ်က မယ်တော်ကြီးကို ဝင်ခွင့်ပေးမှာလား။"
နဉ်ရှောင်ယောင်း လောင်တကို မေးလိုက်သည်။
"ငါ မသိဘူး။"
"မယ်တော်ကြီး ဝင်လာရင် ငါက သေခါနီး လူမမာလို ဟန်ဆောင်ရတော့မယ်။ ခက်ခဲလိုက်တာ။"
"ငါ ထွက်သွားပြီး ကိုက်သတ်လိုက်ရင် ကောင်းမလား။"
လောင်တ စိတ်မရှည်တော့ပေ။
နဉ်ရှောင်ယောင်း ခေါင်းကို ကိုင်လိုက်သည်။ ဒီကြောင်ဝတုတ်ကြီးကို ဘယ်လိုလုပ်ရမလဲ။
"နင် ပြောလိုက်။ မယ်တော်ကြီးကို သေစေချင်တယ်ဆိုရင် ငါ အခုချက်ချင်း ထွက်သွားပြီး ကိုက်သတ်ပေးမယ်။"
"စဉ်းစားပါရစေဦး။"
"နင်က သဘောထားကြီးလွန်းတယ်။"
လောင်တ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ဧကရာဇ်မင်းဖြစ်ပြီးတော့ ဘယ်သူမဆို နင့်ကို အနိုင်ကျင့်လို့ ရနေတယ်။ ရှက်စရာကောင်းလိုက်တာ။ မြောင်..."
"ငါက ဧကရာဇ်မင်းဖြစ်ချင်လို့ ဖြစ်နေတာမှတ်လို့။"
"မဖြစ်ချင်လည်းဖြစ်နေပြီလေ။ အပိုတွေ ပြောမနေနဲ့။"
နဉ်ရှောင်ယောင်း ဘယ်လိုဟန်ဆောင်ရမလဲ အသည်းအသန် စဉ်းစားနေသည်။
........
သမားတော်ကော လိုကျစ်ကွေ့အနား ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
"မယ်တော်ကြီးက အထဲဝင်ချင်နေတယ်။"
"မဖြစ်ဘူး!"
ယင်းယွီ အော်ဟစ်လိုက်သည်။
သမားတော်ကော လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။
"ငါ သွားကြည့်လိုက်မယ်။"
"စစ်သေနာပတိချုပ် သွားရင် မယ်တော်ကြီးလည်း လိုက်ဝင်မှာပဲ။"
"စစ်သေနာပတိချုပ်။"
နန်းတော်စောင့်တပ် စစ်သူကြီးတစ်ဦး ပြေးဝင်လာပြီး လျှောက်တင်လိုက်သည်။
"အမတ်ချုပ်ကြီး ရောက်နေပါပြီ။ နန်းတော်တံခါးဝမှာ အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်။"
"ဒီလောက် မြန်မြန် ရောက်လာတာလား။"
သမားတော်ကော အံ့သြသွားသည်။
"တားထားလိုက်။"
လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။
စစ်သူကြီး အမိန့်နာခံပြီး ပြေးထွက်သွားသည်။
ယင်းဖုန်းက "အမတ်ချုပ်ကြီးကို တားထားရင် သူက မြို့တော်စစ်တပ်ကို ခေါ်လာလိမ့်မယ်။ အဲဒီကျရင် ဘယ်လိုလုပ်မလဲ။"
"ထိုက်ဟွာနန်းဆောင်ကို ကာကွယ်ထားရင် ရပြီ။"
လိုကျစ်ကွေ့က ပြောလိုက်သည်။
နဂါးအစောင့်တပ်မှူး လေးယောက်စလုံး စိတ်မချနိုင်ပေ။ မြို့တော်စစ်တပ်က လူအင်အား ပိုများတယ်လေ။ ထိုက်ဟွာနန်းဆောင်ကို ကာကွယ်နိုင်ပါ့မလား။
"မြောင်..."
ခြေရင်းမှ ကြောင်အော်သံ ကြားလိုက်ရသည်။ လိုကျစ်ကွေ့ ငုံ့ကြည့်လိုက်တော့ လောင်တက လက်ကိုင်ပဝါကို ကိုက်ထားပြီး မော့ကြည့်နေသည်။
ယင်းလေက လက်ကိုင်ပဝါကို ယူဖို့ပြင်လိုက်ရာ လောင်တက ကုတ်လိုက်သည်။
"မြောင်..."
လောင်တ လိုကျစ်ကွေ့ကို အော်လိုက်သည်။
လိုကျစ်ကွေ့ ထိုင်ချလိုက်ပြီး လက်ကမ်းပေးလိုက်သည်။
လောင်တ ပါးစပ်ဟလိုက်ရာ လက်ကိုင်ပဝါ လိုကျစ်ကွေ့လက်ထဲ ကျသွားသည်။
ယင်းလေ လက်ကိုပွတ်သပ်ရင်း... နာလိုက်တာ။
လိုကျစ်ကွေ့ လောင်တ၏ခေါင်းကို ပုတ်လိုက်ပြီး လက်ကိုင်ပဝါပေါ်မှ စာကို ဖတ်လိုက်သည်။
ဆရာလုပ်ပေးမယ့်လူ မြန်မြန်ရှာပေး။
လက်ရေးက စောင်းရွဲ့နေသည်။ နဉ်ရှောင်ယောင်း လက်ရေးမှန်း သိသာသည်။
"အရှင်မင်းကြီးမှာ တကယ် ဆရာရှိတာလား။"
ယင်းလေ တိုးတိုးလေး မေးလိုက်သည်။
"ဘယ်သူ့ကို ခိုင်းမလဲ။"
ယင်းယွီ မေးလိုက်သည်။
"ကျွန်တော်မျိုး မဖြစ်ဘူး။ မယ်တော်ကြီးက မြင်ဖူးတယ်။"
သမားတော်ကော ငြင်းလိုက်သည်။
"ငါတို့ထဲက ဘယ်သူ့ကို မယ်တော်ကြီး မမြင်ဖူးတာ ရှိလို့လဲ။"
ယင်းတျန့် မေးလိုက်သည်။ ဉာဏ်ကြီးရှင် သမားတော်ကြီးက ဘာလို့ ဒီလောက်တုံးနေရတာလဲ။
"မယ်တော်ကြီး မမြင်ဖူးတဲ့လူ ဖြစ်ရမယ်။"
ယင်းဖုန်း ထောက်ခံလိုက်သည်။
"ဘယ်သူ့ကို ခိုင်းရင်ကောင်းမလဲ။"
လိုကျစ်ကွေ့ မေးလိုက်သည်။
အားလုံး လိုကျစ်ကွေ့ကို ဝိုင်းကြည့်လိုက်ကြသည်။ စစ်သေနာပတိချုပ် စီစဉ်ထားတာ မဟုတ်ဘူးလား။ အခုမှ မသိဘူးလုပ်နေတာလား။
လိုကျစ်ကွေ့ နဂါးအစောင့်တပ်သားများကို ကြည့်လိုက်သည်။
နဂါးအစောင့်တပ်သားများ ကြောက်လန့်သွားကြသည်။
"စစ်သေနာပတိချုပ် မြန်မြန်ဆုံးဖြတ်ပါ။ မယ်တော်ကြီး စောင့်နေတာကြာရင် မကောင်းဘူး။"
သမားတော်ကော သတိပေးလိုက်သည်။
"ကိစ္စမရှိပါဘူး။ သူ တံခါးကို တွန်းဖွင့်နိုင်မှာ မဟုတ်ပါဘူး။"
အားလုံး... အခုက မယ်တော်ကြီး အားနည်းတာကို ဝေဖန်နေရမယ့်အချိန် ဟုတ်လို့လား။
"မြောင်..."
စင်္ကြံလမ်းမှ ကြောင်အော်သံ ထပ်ကြားလိုက်ရသည်။
ကြောင်ဖြူလေး ရှောင်ပိုင်က လက်ကိုင်ပဝါကိုကိုက်ပြီး လိုကျစ်ကွေ့ရှေ့ ပြေးလာသည်။
လိုကျစ်ကွေ့ လက်ကိုင်ပဝါကို ယူလိုက်သည်။
အားလုံး ခေါင်းပြူကြည့်လိုက်ကြသည်။
ဆရာလုပ်မယ့်လူ တွေ့ပြီ။ မြန်မြန်လာခဲ့။ မယ်တော်ကြီး တံခါးကိုတိုက်ဖွင့်နေပြီ။
"အရှင်မင်းကြီးက ဘယ်သူ့ကို ရွေးလိုက်တာလဲ။"
ယင်းလေ မေးလိုက်သည်။
"သူစိမ်းတော့ မဟုတ်လောက်ပါဘူး။"
ယင်းယွီ ဖြေလိုက်သည်။
"မင်း ငါ့နောက်လိုက်ခဲ့။"
လိုကျစ်ကွေ့က သမားတော်ကောကို ခေါ်ပြီး ထွက်သွားသည်။
လောင်တနှင့် ရှောင်ပိုင်လည်း အိပ်ဆောင်ဆီ ပြေးသွားကြသည်။
.....
အိပ်ဆောင်ထဲတွင် နဉ်ရှောင်ယောင်းသည် တုန်ယင်နေသော စားတော်ကဲကြီးဟွမ်ကို ပြောလိုက်သည်။
"မယ်တော်ကြီးကို ဟင်းတစ်ခွက်လို့ သဘောထားလိုက်။ မကြောက်နဲ့။"
"ဒါပေမဲ့ မယ်တော်ကြီးလေ။"
"မင်းက ငါ့ဆရာ ဖြစ်နေပြီပဲ။ မယ်တော်ကြီးလောက်က ဘာမှုစရာရှိလို့လဲ။"
နဉ်ရှောင်ယောင်း အခန်းထဲက လိုက်ကာကြီးကိုမပြီး စားတော်ကဲကြီးဟွမ်ရှေ့ ချပေးလိုက်သည်။
"သူ့ကို ဟင်းရွက်တစ်ရွက်လို့ သဘောထားလိုက်။ စားတော်ကဲကြီးရဲ့ဂုဏ်သိက္ခာကို ပြလိုက်စမ်းပါ။"
စားတော်ကဲကြီးဟွမ် သေးထွက်တော့မတတ် ဖြစ်နေသည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးက စားတော်ကဲပါ။"
"ငါကလည်း ဧကရာဇ်မင်းလေ။ ဇာတ်လမ်းကနေတာပဲ မဟုတ်လား။ ဖောင့်ဟွမ်... မင်း လုပ်နိုင်ပါတယ်။"
စားတော်ကဲကြီးဟွမ် ဆက်ပြီး တုန်ယင်နေသည်။
"မယ်တော်ကြီး ရိပ်မိသွားရင် ကျွန်တော်မျိုး သေလိမ့်မယ်။"
"မင်းတစ်ယောက်တည်း သေမှာ မဟုတ်ဘူး။ ငါတို့အကုန် သေကြမှာ။"
စားတော်ကဲကြီးဟွမ် တကယ်သေးထွက်သွားပြီ။
"မင်းက လူစွမ်းကောင်းလေ။"
နဉ်ရှောင်ယောင်း စားတော်ကဲကြီးဟွမ်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်းလိုက်သည်။
"ဟင်းရွက်တစ်ရွက်တွေ့ရင် ဘာလုပ်မလဲ စဉ်းစားကြည့်။"
"ရေဆေးမယ်။ လှီးမယ်။ ပြီးရင် ချက်မယ်။"
"မှန်တယ်။"
နဉ်ရှောင်ယောင်း လက်ဖျောက်တီးလိုက်သည်။
"အခု မယ်တော်ကြီးက ဟင်းရွက်ပဲ။ ဆေးမယ်၊ လှီးမယ်၊ ချက်မယ်။"
စားတော်ကဲကြီးဟွမ်... ဒါပေမဲ့ မယ်တော်ကြီးက ဟင်းရွက်မှမဟုတ်တာ။
"ငါ သေတော့မယ်လို့ ပြောလိုက်။ ငါ့အသက်ကို အာမမခံနိုင်ဘူးလို့ ပြောလိုက်။"
နဉ်ရှောင်ယောင်း သွေးစွန်းနေသော အဝတ်အစားများကို စားတော်ကဲကြီးဟွမ်ခြေရင်း ပုံပေးလိုက်သည်။
စားတော်ကဲကြီးဟွမ် ပိုပြီး တုန်ယင်လာသည်။
"ပြောပြီးရင် ဒီအဝတ်အစားတွေကို လိုက်ကာအပြင်ဘက် ပစ်ထုတ်လိုက်။"
နဉ်ရှောင်ယောင်း သင်ပေးနေသည်။
"တကယ်လို့ မယ်တော်ကြီး ဝင်လာရင် ဘယ်လိုလုပ်မလဲ။"
စားတော်ကဲကြီးဟွမ် မေးလိုက်သည်။ လိုက်ကာတစ်ခုတည်းနဲ့ မယ်တော်ကြီးကို တားထားနိုင်မယ် မထင်ဘူး။
"ဝင်လာရင်လည်း ထိုင်နေလိုက်။ ဟင်းရွက်ကိုချက်ခါနီး ဂါရဝပြုစရာလိုလို့လား။"
စားတော်ကဲကြီးဟွမ် ခေါင်းခါလိုက်သည်။ ဟင်းရွက်ကို ဂါရဝပြုရတယ်လို့ မကြားဖူးဘူး။
"ဒါဆို ပြီးရောလေ။"
နဉ်ရှောင်ယောင်း လေးလေးနက်နက် ပြောလိုက်သည်။
"မင်းပြောဖူးတယ်မလား။ မယ်တော်ကြီးက မင်းကို တစ်ခါမှ မမြင်ဖူးပါဘူးလို့။ ဒါဆို ဘာကြောက်စရာ လိုလဲ။"
စားတော်ကဲကြီးဟွမ် ငိုချင်သွားသည်။ ဒီလိုအလုပ်ခိုင်းမယ်မှန်း သိရင် မယ်တော်ကြီး မမြင်ဖူးဘူးလို့ မပြောခဲ့ပါဘူး။ အခု ပြင်ပြောလို့ ရသေးလား။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၄၈ ။ ကျွန်တော်မျိုးက ဆရာ၊ သူက ဟင်းရွက်
စားတော်ကဲကြီးဟွမ် ကုလားထိုင်ပေါ်တွင် ထိုင်နေစဉ် နဉ်ရှောင်ယောင်း ပြတင်းပေါက်အပြင်ဘက်သို့ လက်လှမ်းလိုက်ပြီး တစ်စုံတစ်ခုကို ဆွဲယူလာသည်။
"မြွေ... မြွေတွေလား!"
စားတော်ကဲကြီးဟွမ် လန့်ဖျပ်ပြီး ထိုင်ခုံမှ ထခုန်မိမတတ် ဖြစ်သွားသည်။
"မြွေစိမ်းတွေပါ။"
နဉ်ရှောင်ယောင်း မြွေနှစ်ကောင်ကို စားတော်ကဲကြီးဟွမ်၏ပခုံးပေါ် တင်ပေးလိုက်သည်။
"ဘယ်ဘက်က တစ်ကောင်က အားရွမ်၊ ညာဘက်က တစ်ကောင်က အားလျန် တဲ့။"
စားတော်ကဲကြီးဟွမ်... ဒါတွေက အဆိပ်ပြင်းတဲ့ မြွေတွေ မဟုတ်ဘူးလား။
"သူတို့က ငါ့သူငယ်ချင်းတွေပါ။"
နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။
"အခု သူတို့က မင်းရဲ့အိမ်မွေးတိရစ္ဆာန်တွေအဖြစ် သရုပ်ဆောင်ပေးလိမ့်မယ်။ ဆရာကြီးဆိုတော့ ဆရာကြီးပုံ ပေါက်အောင် နေရမယ်လေ။"
စားတော်ကဲကြီးဟွမ်... ဆရာကြီးတိုင်း အဆိပ်မြွေ မွေးရတာလား။
အားရွမ်နှင့် အားလျန်က စားတော်ကဲကြီးဟွမ်ကို လျှာထုတ်ပြလိုက်ကြသည်။ စားတော်ကဲကြီးဟွမ် တောင့်ခဲသွားသည်။
"ကောင်းကောင်း သရုပ်ဆောင်ကြနော်။"
နဉ်ရှောင်ယောင်း မြွေနှစ်ကောင်၏ခေါင်းကို ပုတ်လိုက်သည်။
"စိတ်ချပါ ရှောင်ယောင်း။"
အားရွမ် လျှာထုတ်ပြလိုက်သည်။
"ချစ်လိုက်တာဟယ်။"
နဉ်ရှောင်ယောင်း မြွေနှစ်ကောင်ကို နမ်းလိုက်ပြီး ကုတင်ပေါ် ပြေးတက်ကာ သေချင်ယောင်ဆောင်လိုက်သည်။
စားတော်ကဲကြီးဟွမ် ကိုယ်ပေါ်က မြွေနှစ်ကောင်ကို ကြည့်ပြီး သေးပေါက်ချချင်လာသည်။ ဘယ်လိုလုပ်ရမလဲ။
.......
ထိုစဉ် လိုကျစ်ကွေ့နှင့် သမားတော်ကော အိပ်ဆောင်တံခါးဝသို့ ရောက်လာကြသည်။
မယ်တော်ကြီးရှဲ့၏ဆံပင်များ ရှုပ်ပွနေသည်။ တံခါးကို တော်တော်အားစိုက်ပြီး တိုက်ခိုက်ခဲ့ပုံရသည်။
"အရှင်မင်းကြီး ပြန်ထူးရဲ့လား။"
လိုကျစ်ကွေ့ မေးလိုက်သည်။
မယ်တော်ကြီးရှဲ့ ခေါင်းခါလိုက်သည်။
လိုကျစ်ကွေ့ တံခါးကို တွန်းလိုက်သည်။
"ဆရာကြီး!"
နဉ်ရှောင်ယောင်း ကုတင်ပေါ်မှ လှမ်းအော်လိုက်သည်။
စားတော်ကဲကြီးဟွမ် ငိုချင်သွားသည်။ မီးဖိုချောင် ပြန်ချင်တယ်။
လိုကျစ်ကွေ့ တံခါးကို နှစ်ချက်တွန်းလိုက်ရာ ပွင့်သွားသည်။ ကျိုးပဲ့နေသော တံခါးဂျက်များ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
အားရွမ်နှင့် အားလျန် တစ်ကောင်မျက်နှာတစ်ကောင် ကြည့်လိုက်ကြပြီး စားတော်ကဲကြီးဟွမ်ကိုယ်ပေါ်မှဆင်းကာ တံခါးဝဆီ ပြေးသွားကြသည်။
"ဪ... မေ့လို့။"
နဉ်ရှောင်ယောင်း သတိရသွားသည်။
"မယ်တော်ကြီး အော်လိုက်ရင် 'ပြန်လာခဲ့' လို့ ပြောလိုက်။ အားရွမ်နဲ့ အားလျန် ပြန်လာလိမ့်မယ်။ ငါ သူတို့နဲ့ ညှိနှိုင်းထားပြီးပြီ။ ဖောင့်ဟွမ်ကို ပြောပြဖို့ မေ့သွားတာ။"
စားတော်ကဲကြီးဟွမ် ငိုမဲ့မဲ့ဖြင့် မေးလိုက်သည်။
"မေ့ကျန်ခဲ့တာ ရှိသေးလား။"
"မရှိတော့ဘူး။"
နဉ်ရှောင်ယောင်း ကုတင်ပေါ် ပြန်လှဲချလိုက်သည်။
လိုကျစ်ကွေ့နှင့် သမားတော်ကော အထဲဝင်လာကြသည်။
တံခါးပွင့်သွားသည်နှင့် သွေးညှီနံ့များ ထွက်ပေါ်လာသည်။ မယ်တော်ကြီးရှဲ့ ပျို့အန်ချင်လာသည်။
"မယ်တော်ကြီး?"
လိုကျစ်ကွေ့ ခေါ်လိုက်သည်။
သမားတော်ကောက အစိမ်းရောင် မြွေနှစ်ကောင် တံခါးဝဆီ ပြေးလာတာ တွေ့လိုက်ရသောအခါ အော်ဟစ်ရန် ပြင်လိုက်သည်။
လိုကျစ်ကွေ့ ဆွဲထားလိုက်သည်။
သမားတော်ကော အော်သံကို မျိုသိပ်လိုက်ပြီး ကြောက်လန့်တကြား မေးလိုက်သည်။
"အဲဒါ... အဲဒါ မြွေစိမ်းတွေ မဟုတ်ဘူးလား။"
"အင်း..."
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။
မယ်တော်ကြီးရှဲ့ ခြေတစ်ဖက် တံခါးခုံကို ကျော်လိုက်သည်။
သမားတော်ကော အသက်ရှူရပ်သွားသည်။ မြွေတွေက မယ်တော်ကြီးခြေထောက်နား ရောက်နေပြီ။
မယ်တော်ကြီးရှဲ့ နင်းမိတော့မလို ဖြစ်သွားချိန်တွင် အားရွမ် ခေါင်းထောင်ပြီး ရှေ့တိုးလိုက်သည်။
"အမလေး!"
မယ်တော်ကြီးရှဲ့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
အပြင်ဘက်တွင် ရပ်နေသော ယင်းဖုန်းတို့အဖွဲ့ လန့်သွားကြသည်။ မယ်တော်ကြီး ဘာလို့ အဲဒီလောက် အော်နေတာလဲ။ စစ်သေနာပတိချုပ်က မယ်တော်ကြီးကို သတ်နေတာလား။ (ဘာလို့ စစ်သေနာပတိချုပ်ပဲ ဖြစ်နေရတာလဲ။)
စားတော်ကဲကြီးဟွမ် လည်ချောင်းရှင်းလိုက်ပြီး တည်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။
"ပြန်လာခဲ့။"
အားရွမ်နှင့် အားလျန် မယ်တော်ကြီးရှဲ့ကို လျှာထုတ်ပြလိုက်ပြီးနောက် အခန်းထဲပြန်ဝင်သွားကြသည်။
မယ်တော်ကြီးရှဲ့ ကြမ်းပြင်ပေါ် လဲကျသွားပြီး တုန်လှုပ်နေသည်။
သမားတော်ကောလည်း လန့်နေသည်။
"ဒါလည်း အရှင်မင်းကြီး မွေးထားတာလား။"
"အရှင်မင်းကြီးက မြွေပါမြီးတိုတောင် မွေးသေးတာ မြွေမွေးတာ ဘာဆန်းလို့လဲ။"
လိုကျစ်ကွေ့ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သမားတော်ကော... စစ်သေနာပတိချုပ်က ဘာလို့ ဒီလောက်တည်ငြိမ်နေရတာလဲ။ ငါပဲ အလန့်တကြား ဖြစ်နေတာလား။
"မယ်တော်ကြီး။"
လိုကျစ်ကွေ့ တံခါးနား လျှောက်သွားသည်။
"အစေခံတွေ ခေါ်ပေးရမလား။"
မယ်တော်ကြီးရှဲ့ ကြောင်ငေးနေပြီးမှ အော်ဟစ်လိုက်သည်။
"အခန်းထဲမှာ ဘယ်သူရှိလဲ။"
နဉ်ရှောင်ယောင်း ထထိုင်လိုက်ပြီး ပါးစပ်ကို လက်ဖြင့်ဆွဲကာ ရယ်ပြဖို့ အချက်ပြလိုက်သည်။
"ဟား..."
စားတော်ကဲကြီးဟွမ် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
"ဘယ်သူလဲ!"
မယ်တော်ကြီးရှဲ့ ထပ်မေးလိုက်သည်။
နဉ်ရှောင်ယောင်း ဆက်လက် အချက်ပြနေသည်။
စားတော်ကဲကြီးဟွမ်... ငါက အရူးလား။ ဘာလို့ ရယ်နေရမှာလဲ။
မယ်တော်ကြီးရှဲ့ ထရပ်ပြီး အတွင်းခန်းထဲ ဝင်သွားသည်။ လိုကျစ်ကွေ့ကို ဂရုမစိုက်တော့ပေ။
နဉ်ရှောင်ယောင်း ခြေသံကြားတော့ ကုတင်ပေါ် ပြန်လှဲချလိုက်သည်။
စားတော်ကဲကြီးဟွမ် တုန်လှုပ်သွားသည်။ အရှင်မင်းကြီးက သေချင်ယောင်ဆောင်နေပြီ။ ငါ ဘယ်လိုလုပ်ရမလဲ။
အားရွမ်နှင့် အားလျန် စားတော်ကဲကြီးဟွမ်ကိုယ်ပေါ်တက်ပြီး ခွေနေလိုက်ကြသည်။
"အရှင်မင်းကြီး?"
မယ်တော်ကြီးရှဲ့ ခေါ်လိုက်သည်။
ထွက်ပြေးလို့မရတော့ဘူး။ စားတော်ကဲကြီးဟွမ် သတ္တိမွေးလိုက်သည်။ သွေးစွန်းနေသော အဝတ်အစားများကို ကောက်ယူပြီး လိုက်ကာအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။
သွေးစွန်းနေသော အဝတ်အစားများကို မြင်လိုက်ရသောအခါ မယ်တော်ကြီးရှဲ့ ရပ်တန့်သွားသည်။ တော်ဝင်အဝါရောင်ဝတ်ရုံ။ ဒီဝတ်ရုံကို နဉ်ယွီတစ်ယောက်တည်း ဝတ်ဆင်ခွင့်ရှိသည်။
လိုကျစ်ကွေ့နှင့် သမားတော်ကော အခန်းဝသို့ ရောက်လာကြသည်။
"မဝင်လာနဲ့!"
မယ်တော်ကြီးရှဲ့ တားလိုက်သည်။
"အရှင်မင်းကြီး?"
လိုကျစ်ကွေ့ လှမ်းခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း ပြန်မထူးပေ။
မယ်တော်ကြီးရှဲ့ ဝတ်ရုံကို ကောက်ယူလိုက်သည်။ သွေးတွေရွှဲနေပြီး သွေးခဲတွေ ကပ်နေသည်။ လက်တုန်သွားပြီး ဝတ်ရုံ ပြန်ပြုတ်ကျသွားသည်။
စားတော်ကဲကြီးဟွမ် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။ စိတ်မလှုပ်ရှားနဲ့။ ငါက ဆရာကြီး။ သူက ဟင်းရွက်။
မယ်တော်ကြီးရှဲ့ စိတ်ကို တည်ငြိမ်အောင်ထားပြီး လိုက်ကာအနောက် ဝင်သွားသည်။
"အမလေး..."
သမားတော်ကော တံတွေးမြိုချလိုက်သည်။ အသက်ရှူလို့ မဝတော့ဘူး။
မယ်တော်ကြီးရှဲ့ လိုက်ကာအနောက် ရောက်သွားသောအခါ ကုလားထိုင်ပေါ်တွင် ထိုင်နေသော စားတော်ကဲကြီးဟွမ်ကို တွေ့လိုက်ရသည်။ အော်ဟစ်မိလုနီးပါးဖြစ်သွားသည်။
အားရွမ်နှင့် အားလျန် မယ်တော်ကြီးရှဲ့ကိုကြည့်ပြီး လျှာထုတ်ပြလိုက်ကြသည်။ ခေါင်းထောင်ထားကြသည်။
စားတော်ကဲကြီးဟွမ်က လူကောင်ကြီးပြီး မျက်နှာထားဆိုးသည်။ ကြည့်ရတာ လူဆိုးရုပ် ပေါက်နေသည်။ အဆိပ်ပြင်းသော မြွေစိမ်းနှစ်ကောင်နှင့် တွဲမြင်လိုက်ရတော့ ပိုပြီး ကြောက်စရာကောင်းနေသည်။
မယ်တော်ကြီးရှဲ့ မျက်နှာဖြူဖျော့သွားသည်။ ဘယ်လောက်ပဲ ရက်စက်ပါစေ၊ ဒီမြင်ကွင်းကိုတော့ ကြောက်လန့်မိသည်။
စားတော်ကဲကြီးဟွမ်လည်း ကြောက်နေသည်။ ဒါပေမဲ့ မျက်နှာထားဆိုးပြီး လူကောင်ကြီးနေတော့ ကြောက်နေတာ မသိသာပေ။
"မင်း... မင်း ဘယ်သူလဲ။"
မယ်တော်ကြီးရှဲ့ နောက်ဆုတ်သွားပြီး မေးလိုက်သည်။
စားတော်ကဲကြီးဟွမ် မယ်တော်ကြီးရှဲ့၏ခြေထောက်များ တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ မယ်တော်ကြီးလည်း ကြောက်နေတာပဲ။ ဒီအချက်က သူ့ကို သတ္တိရှိလာစေသည်။
"အရှင်မင်းကြီးက ငါ့တပည့်ပဲ။"
မယ်တော်ကြီးရှဲ့ မျက်မှောင်ကြုတ်လိုက်သည်။ နဉ်ယွီမှာ လျှို့ဝှက်ဆရာတစ်ယောက်ရှိတယ်လို့ သူနဲ့ အမတ်ချုပ်ကြီး သံသယဝင်နေတာကြာပြီ။ အခုမှ လူကောင်တွေ့ရတော့သည်။
အားရွမ် စားတော်ကဲကြီးဟွမ်၏လက်ဖမိုးကို ခေါင်းဖြင့် ပွတ်သပ်လိုက်သည်။ ချစ်ခင်ရင်းနှီးကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
မြွေအရေပြားက အေးစက်ပြီး ချောကျိကျိဖြစ်နေသဖြင့် စားတော်ကဲကြီးဟွမ် ကြက်သီးထသွားသည်။
အဆိပ်မြွေမွေးထားတယ်ဆိုတော့ ဆေးပညာလည်း တတ်မယ်။ အဆိပ်အကြောင်းလည်း နားလည်မယ်။ မယ်တော်ကြီးရှဲ့ တွက်ချက်လိုက်သည်။
အားရွမ်နှင့် အားလျန် မျက်လုံးချင်း ဆုံလိုက်ကြသည်။ ရှောင်ယောင်းက ဒီဝက်ကြီးနဲ့ ရင်းနှီးအောင် နေပြရမယ်တဲ့။ ငါတို့ အဆိပ်မြွေတွေက လူသားတွေနဲ့ ဘယ်တုန်းက ရင်းနှီးဖူးလို့လဲ။
"ဘယ်လိုလုပ်မလဲ။"
အားလျန် မေးလိုက်သည်။
"ဒီဝက်ကြီးရဲ့ ခေါင်းပေါ် တက်နေလိုက်မလား။ လောင်တတို့ လုပ်သလိုလေ။"
အားရွမ် အကြံပေးလိုက်သည်။
ဟုတ်သားပဲ။ လောင်တတို့၊ ငှက်ကလေးတွေ၊ ကြွက်ကလေးတွေက ရှောင်ယောင်းခေါင်းပေါ် တက်နေတတ်ကြတယ်။ အားလျန် စားတော်ကဲကြီးဟွမ်၏ ခေါင်းပေါ်တက်ပြီး ခွေနေလိုက်သည်။
စားတော်ကဲကြီးဟွမ်... စားဖိုချောင် ပြန်ချင်လိုက်တာ။
မယ်တော်ကြီးရှဲ့ ရှေ့တိုးလာပြီး မေးလိုက်သည်။
"အရှင်မင်းကြီးက မိန်းကလေးဆိုတာ ရှင် သိလား။"
"အရှင်မင်းကြီးက ငါ့တပည့်လေ။ ငါ မသိတာ ဘာရှိလို့လဲ။"
စားတော်ကဲကြီးဟွမ် ပေါင်ကိုဆိတ်ပြီး အသံမတုန်အောင် ထိန်းကာ ပြောလိုက်သည်။
မယ်တော်ကြီးရှဲ့ အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီလူ သိနေတာပဲ။
စားတော်ကဲကြီးဟွမ် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။ ငါက ဆရာကြီး။ သူက ဟင်းရွက်။
"အရှင်မင်းကြီး ဘယ်လိုနေလဲ။"
မယ်တော်ကြီးရှဲ့ ကုတင်နား လျှောက်သွားသည်။
အားရွမ် ကြမ်းပြင်ပေါ် ခုန်ဆင်းပြီး ကုတင်ရှေ့ ပိတ်ရပ်လိုက်သည်။ ခေါင်းထောင်ပြီး မယ်တော်ကြီးရှဲ့ကို စိုက်ကြည့်နေသည်။
မယ်တော်ကြီးရှဲ့ စားတော်ကဲကြီးဟွမ်ကို လှည့်ကြည့်လိုက်သည်။
"အရှင်မင်းကြီး ဒဏ်ရာ တော်တော်ပြင်းတယ်။"
စားတော်ကဲကြီးဟွမ် အသံမာမာဖြင့် ပြောလိုက်သည်။
"အသက်ရှင်မယ်လို့ အာမမခံနိုင်ဘူး။"
"ဘာ..."
မယ်တော်ကြီးရှဲ့ အသံတုန်သွားသည်။
"ကံတရားပဲ။"
စားတော်ကဲကြီးဟွမ် ပြောလိုက်သည်။
ကုတင်ပေါ်တွင် သေချင်ယောင်ဆောင်နေသော နဉ်ရှောင်ယောင်း... သောက်ကျိုးနည်း... ကံစီမံရာပဲလို့ ပြောပါလား။ စကားလုံးလှလှလေး သုံးပါလား။
မယ်တော်ကြီးရှဲ့ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ ပက်လက်လန်နေသည်။ မျက်နှာပေါ်တွင် ဒဏ်ရာမရှိသော်လည်း တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည်။ အနားကပ်ကြည့်လို့မရတော့ ဒဏ်ရာဘယ်နားမှာရှိလဲ မသိရပေ။
ငါက ဆရာကြီး။ သူက ဟင်းရွက်။
စားတော်ကဲကြီးဟွမ် စိတ်ထဲ ရွတ်ဆိုလိုက်ပြီး ပြောလိုက်သည်။
"ငါ မကုနိုင်ရင် သေလမ်းပဲ ရှိတော့တယ်။"
မယ်တော်ကြီးရှဲ့ ခေါင်းခါလိုက်သည်။ နဉ်ယွီ သေလို့မဖြစ်ဘူး။
စားတော်ကဲကြီးဟွမ်က မယ်တော်ကြီး မယုံဘူးထင်ပြီး ထပ်ပြောလိုက်သည်။
"မယ်တော်ကြီး တခြားသမားတော် ရှာချင်ရင်ရှာပါ။ ဒါပေမဲ့ အရှင်မင်းကြီး အသက်ရှင်နေပါစေလို့ပဲ ဆုတောင်းရမှာပေါ့။"
"သူက ရှင့်တပည့်လေ။"
မယ်တော်ကြီးရှဲ့ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
"ရှင် မကယ်ဘူးလား။"
"စောစောက ငါပြောတာ မကြားဘူးလား။"
"သူ သေလို့မဖြစ်ဘူး!"
မယ်တော်ကြီးရှဲ့ အော်ဟစ်လိုက်သည်။
စားတော်ကဲကြီးဟွမ် မျက်နှာသေဖြင့် နေလိုက်သည်။
"ငါ ပြောနေတယ်လေ!"
"ရှူး..."
စားတော်ကဲကြီးဟွမ်ခေါင်းပေါ်မှ အားလျန်က မယ်တော်ကြီးရှဲ့ကို ခြိမ်းခြောက်လိုက်သည်။ ထပ်အော်ရင် ကိုက်လိုက်မယ်နော်။
မယ်တော်ကြီးရှဲ့ ငြိမ်ကျသွားသည်။
"အရှင်မင်းကြီးကို ဒဏ်ရာရအောင်လုပ်တာ ငါ မဟုတ်ဘူး။"
စားတော်ကဲကြီးဟွမ် ပြောလိုက်သည်။
မျက်နှာထား တင်းမာပြီး လေသံမာကျောနေသဖြင့် ရက်စက်ပုံ ပေါက်နေသည်။
မယ်တော်ကြီးရှဲ့ ခေါင်းခါလိုက်သည်။ ဒီလိုဖြစ်လို့ မရဘူး။ နဉ်ယွီ သေလို့ မဖြစ်ဘူး။
ငါ့ကို မယုံသေးဘူးလား။ စားတော်ကဲကြီးဟွမ် နဉ်ရှောင်ယောင်း မှာလိုက်တာ သတိရသွားသည်။ "ဟား" ခနဲ ရယ်လိုက်ပြီး ပြတင်းပေါက်ဘက် လက်ဝှေ့ယမ်းပြလိုက်သည်။
"မြောင်!"
လောင်တ ပြတင်းပေါက်ကို အော်လိုက်သည်။
ပြတင်းပေါက်အပြင်ဘက်တွင် စောင့်နေသော ပိုင်ရှောင်ဖန့်က ကြိုးကိုဆွဲလိုက်သည်။
"ဝုန်း..."
ပန်းပုထွင်းထားသော သစ်သားပြတင်းပေါက် ပွင့်သွားပြီး နံရံကို ရိုက်မိသွားသည်။
ပြတင်းပေါက် ပွင့်သွားသည်နှင့် ကြောင်ဝါလေးနှင့် အခြားကြောင်များက ပန်းခင်းထဲမှ အပင်များကို လှုပ်ခါလိုက်ကြသည်။
ဟိုဘက်နားတွင် ယိုကွမ့်က သစ်သားတုံးကို တွန်းဖယ်လိုက်ရာ သစ်ပင်ငယ်လေးတစ်ပင် လဲကျသွားသည်။ (နဉ်ရှောင်ယောင်းက ကြိုတင်စီစဉ်ထားပြီး သစ်သားတုံးနဲ့ ထောက်ထားတာပါ။)
စားတော်ကဲကြီးဟွမ် လန့်သွားသည်။ ငါ ဘာလုပ်လိုက်တာလဲ။
မယ်တော်ကြီးရှဲ့ မျက်လုံးပြူးပြီး စားတော်ကဲကြီးဟွမ်ကို ကြည့်လိုက်သည်။ ဒါ ပညာရှင်ပဲ။ (တကယ်တော့ စားတော်ကဲပါ။)
***